၁၆၊ ၂။ ကာတာသို့ သွားပြန်ခြင်း
မြန်မာပြည် ပြန်ရောက်ပြန်တော့ ဘာလုပ်ရမှန်း မသိဘူး။ ကျွန်တော်တို့ရပ်ကွက်ထဲမှာ စင်ကာပူကိုသွားတဲ့ ကောင်တွေ တစ်လ လေးငါးသိန်းပို့နေတာ တွေ့နေရပြန်တော့ နိုင်ငံခြားပြန်ထွက်ဘို့ လုပ်ပြန်တယ်။ ကျွန်တော် ပန်းဆိုးတန်းလမ်းမှာ လျှောက် သွားနေရင်းက ဆိပ်ကမ်းသာလမ်းဘက်မှာ ဆိုင်းဘုတ်ကြီးတွေ ထောင်ပြီး လူတွေဝိုင်းအုံနေတာ ၀င်ပြီး စပ်စုကြည့်လို့ ဒူဘိုင်းနဲ့ ကာတာအတွက် အလုပ်တွေခေါ်နေတာ သိရတယ်။ ဒါနဲ့ ကျွန်တော် ကာတာအတွက် ၀င်ပြီး အင်တာဗျူးတယ်။ ဗျူးတော့ ပါပြန် တယ်ဗျို့။
ကာတာအတွက်လည်း Carpenter ပဲ။ သူတို့က ပိုက်ဆံကို သွားခါနီးကျမှ ပေးရမယ် တဲ့။ အေးဂျင့်ဖီး စုစုပေါင်း ၁၁ သိန်း ပဲ ကုန်တယ်။ ဒါပေမဲ့ ကာတာမှာလည်း အရင်းမကျေပါဘူးဗျာ။ ကာတာမှာလုပ်ခဲ့တာ စုစုပေါင်း ၈ သိန်းလောက်ပဲ ပြန်ပို့နိုင် တယ်။ အဲဒီမှာလည်း ၃ သိန်းလောက် ရှုံးတာပဲ။
ကာတာကို သွားတာ ကျွန်တော်တို့ အုပ်စုမှာ စုစုပေါင်း ၉ ယောက်။ Carpenter ဆိုပေတဲ့ တကယ်လုပ်တဲ့အခါကျ ကျွန်တော်တို့ကို မလုပ်ခိုင်းဘူး။ အီဂျစ်က အလုပ်သမားတွေက လက်သမားလုပ်ပြီး ကျွန်တော်တို့ကတော့ ရိုးရိုး General Worker အလုပ်ပဲ လုပ်ရတယ်။ နှစ်ထပ်ကနေ ငါးထပ်ထိ ဆောက်တဲ့ တိုက်တွေမှာ သံချည်၊ သံကွေး၊ ဘိလပ်မြေအိတ်တွေ ထမ်းရတယ်။ သံချောင်းတွေ သယ်၊ ဖြတ် အစုံပေါ့။ ငြမ်းလည်း ဆင်ရတယ်။ ကွန်ကရစ်လောင်းဘို့ ကျောက်ပုံးရိုက်ရတယ်။ မဆလာ ဖျော်ရ တယ်။ အုတ်ကြီးတွေ သယ်ရတယ်။ ကျောက်စရစ်နဲ့ သဲတွန်းရတယ်။ ရေပိုက်လိုင်းတွေ မိလ္လာပိုက်လိုင်းတွေ ဆင်ရတယ်။ ကြွေပြားကပ်ရတယ်။ နောက်ပြီး အုတ်သယ်ရတယ်။ အုတ်က အကြီးကြီးတွေ။ အဲဒီအုတ်တစ်လုံးကို ၇ ပိဿာလောက် လေး တယ်။ အုတ်အလျှားက ၁၄လက်မ၊ ထုက ၉ လက်မထု။ အလယ်မှာ အခေါင်းပွကြီးတွေ။ အုတ်တွေက ကြီးတဲ့အခါကျတော့ ပြီးတာ မြန်တယ်။ တစ်နေ့ကို တစ်ယောက်ထဲ လုပ်တာတောင် ဒီလိုအခန်းမျိုးဆို မနက်တစ်ခန်း၊ ညနေတစ်ခန်း အသာလေး ပြီးတယ်။
ရာသီဥတုကလည်း အရမ်းဆိုးတယ်။ ပူလိုက်တာ မပြောပါနဲ့တော့။ နေ့ခင်းကျတော့ ခြစ်ခြစ်တောက် တအားပူ။ ညဘက် ကျတော့ လေကတအားတိုက်။ အရမ်းချမ်းတယ်။ စားဘို့သောက်ဘို့ ၀ယ်ရအောင်လို့ ညဘက် အလုပ်ကပြန်ရောက်ရင် ချမ်းချမ်းစီးစီးကြီးထဲမှာ စူပါမားကက်တွေကို သွားရသေးတယ်။ ပိတ်ရက်ကျတော့ ဒိုဖာ ဆိုတဲ့နေရာသွားပြီး ကိုယ်လိုချင်တဲ့ အစား အသောက်တွေ ၀ယ်ရတယ်။
ကာတာ ရောက်ရောက်ချင်း သုံးဘို့စွဲဘို့လို့ တစ်ယောက်ကို ၁၅၀ ထုတ်ချေးတယ်။ လခထုတ်တော့ လခထဲက ပြန်ဖြတ် တာပေါ့။ နေရတာက ကျွန်တော်တို့ မြန်မာတွေက တစ်ခန်း၊ ဘေးချင်းကပ်လျှက်က နီပေါတွေ။ နောက်တစ်ခန်းကျော်က ဗီယက် နမ်တွေနေတယ်။
ကျွန်တော် အဲဒီမှာ အရိုက်ခံရသေးတယ်။
ကုမ္ပဏီက ကုလား အင်ဂျင်နီယာ မိုဟာမက် အီဗရာဟင် တဲ့။ သူက ဘိလပ်မြေအိတ်တွေချဘို့ လူအင်အားနည်းနေလို့ ကျွန်တော်တို့ သုံးယောက်ကို အကူလွှတ်လိုက်တယ်။ ပြောတုံးကတော့ ပြီးတာနဲ့တပြိုင်နက် ချက်ခြင်း ပြန်ပို့ပေးမယ်တဲ့။ ဒါပေမဲ့ ဂိုဒေါင်လဲရောက်ရော ကားသမားက မင်းတို့ဒီမှာပဲ အိပ်ပေတော့။ ငါတော့ မစောင့်နိုင်တော့ဘူး။ ပြန်မယ် လို့ပြောတယ်။ အဲဒီမှာ ကျွန်တော်နဲ့ စကားများတယ်။ မင်းတို့ အင်ဂျင်နီယာက အလုပ်ပြီးတာနဲ့ ချက်ခြင်း ပြန်ပို့ပေးမယ် ပြောထားတယ်။ ငါတို့အလုပ်ပြီး အောင် မင်းစောင့်နေပါ။ ငါတို့တခါတည်း ပြန်လိုက်ခဲ့မယ်။ ဒီမှာမအိပ်နိုင်ဘူးပေါ့။
ညဘက် အရမ်းချမ်းတော့ စောင်တွေမရှိဘဲ ဘယ်လိုမှ မအိပ်နိုင်ဘူး။ နောက်ပြီး ရေနံကြောတွေရှိလို့ ခွင့်ပြုမိန့်မရှိဘဲ ဘယ်မြေပြင်ပေါ်မှာမှ မီးမွှေးခွင့် မရှိဘူး။ မွှေးရင် အဖမ်းခံရမယ်။ အဲဒီအကြောင်း ကျွန်တော်နဲ့ အတူပါလာတဲ့ နီပေါကောင်လေး ကို ရှင်းပြတယ်။ ဒါပေမဲ့ ဟိုကောင်က မရဘူး၊ ပြန်မယ်ချည်းလုပ်နေတော့ ကျွန်တော်လည်း မင်းပြန်ရင် ငါတို့လည်း ပြန်လိုက်ခဲ့ မယ် ဆိုပြီး အတင်းကားပေါ်တက်တယ်။ သူက အတင်းပြန်တွန်းချ၊ ကျွန်တော်က အတင်း တံခါးဖွင့်တက်နဲ့ ဖြစ်နေတုံး ကျွန်တော်လည်း ကားပေါ်ရောက်ရော ကားသမားက သစ်သားတုတ်နဲ့ ကျွန်တော့်ကို ကျောကုန်းဖြတ် ရိုက်တယ်။ ကျွန်တော် လည်း ဘယ်လိုမှ လုပ်မရလို့ အဲဒီမှာ ကျန်ရစ်ခဲ့ရတယ်။ ဒီကောင်တွေကတော့ လူကို လူလိုမဆက်ဆံဘူး။
ညကျတော့ အရမ်းအေးလာတာကိုး။ ကျွန်တော်လည်း မနေနိုင်တော့လို့ ကဲ၊ ထောင်ကျမှ ကျရော့။ ပြန်လွှတ်လဲ မတတ်နိုင်ဘူး ဆိုပြီး အတူပါလာတဲ့ ကောင်လေးတွေကို မင်းတို့ မီးခြစ်ပါလား ဆိုပြီး အနားက အတိုအစတွေ လိုက်ကောက်။ မြေပြင်ပေါ်တော့ မီးမွှေးလို့မဖြစ်ဘူး။ ကွန်ကရစ်ကြမ်းခင်းပေါ် မီးမွှေးပြီး တစ်ညလုံး မီးလှုံနေရတယ်။ ဖြစ်ပုံများတော့။
လခက တစ်ရက်ကို ရီယယ် ၂၀ ရတယ်။ ၁ ရီယယ်ကို မြန်မာငွေ ၃၀၀ နဲ့ ညီမျှတယ်။ အလုပ်ချိန်က မနက် ၆ နာရီကနေ နေ့ခင်း ၂ ချက်တီး ထိ။ ၁၁ နာရီလောက်ကို ထမင်းစားချိန်ပေးတယ်။ ညနေပိုင်းကျတော့ ကျနေနဲ့ အရမ်းပူလို့ အလုပ် မလုပ်နိုင်ဘူး။ မနက် ၄ နာရီလောက်ဆို အိပ်ယာက ထကြတယ်။ မနက် ၅ နာရီဆို နေထွက်ပြီ။ မနက် ၇ နာရီ ၈ နာရီလောက် နေက ဒီမှာ တပေါင်း၊ တန်ခူးနေ့ခင်း ၁၂ နာရီနေထက် ပိုပြင်းသေးတယ်။ အရမ်းကို ပူတာ။ အညာသားတွေတောင် မခံနိုင်ဘူး။ ရေနံချောင်းက ကောင်ကတော့ ရောက်ပြီး ၃ ရက်ပဲ အလုပ်ဆင်းတယ်။ မခံနိုင်ဘူး၊ ပြန်မယ်ဆိုပြီး ပြန်သွားတယ်။ ကုန်ထားတဲ့ ၁၁ သိန်းတော့ ဟိုမှာပဲရှာပြီး ပြန်ရအောင်လုပ်တော့မယ် တဲ့။ အောင်မယ် ဒါတောင် ဒီကောင်က ကျွန်တော်တို့လို နေပူထဲလုပ်ရတာ မဟုတ်သေးဘူး။ သူက လက်ဆေးကန်တို့၊ အိမ်သာတို့ဆင်ရတာ ဆိုတော့ အရိပ်ထဲမှာလုပ်ရတာ။
ဘယ်လိုလဲ ဆိုတော့ တပေါင်း၊ တန်ခူးမှာ စောင်တွေ လေးငါးဆယ်ထပ်လောက် ခြုံပြီး ချွေးအောင်းရသလိုမျိုး။ အပြင်ထွက်လိုက်ပြန်တော့ လေပူကြီးတွေက တဟူးဟူးတိုက်သေးတယ်။ မျက်လုံးလေးပဲ ဖွင့်ထားပြီး တစ်ကိုယ်လုံးကို အ၀တ်တွေနဲ့ ခြုံထားရတယ်။
အဲဒီမှာ ရန်ကုန်တစ်ဖက်ကမ်း၊ ဒလက ကောင်လေးတစ်ယောက် သေသွားတယ်။ ဘယ်လိုဖြစ်သလဲ ဆိုတော့ အခန်းထဲမှာ Aircond နှစ်လုံးတပ်ပေးထားတယ်။ အရမ်းပူတော့ ဒီကောင်က Aircond ကို သွားပြင်တယ်။ Aircond ရှေ့မှာတပ်ထားတဲ့ လေခွဲတဲ့ shutter တွေကို ဖြုတ်ပစ်လိုက်တယ်။ ဒီတော့ လေက ဖြာမထွက်တော့ပဲ ရှေ့တည့်တည့်ပဲ မှုတ်နေတော့တာပေါ့။ အဲဒီ လေမှုတ်နေတဲ့ ရှေ့တည့်တည့်သွားပြီး ခေါင်းထိုး အိပ်တယ်။ မနက်ကျတော့ သေနေပြီ။ သေနေတာ ဘယ်သူမှတောင် မသိလိုက်ဖူး။ အဲဒီမှာပဲ ချလိုက်ရတာပေါ့။ သရဏဂုံတောင် မတင်လိုက်ရဘူး။
စားရတာကတော့ အစုံပဲ။ ကျွန်တော်တို့တော့ ဟင်းမရှိလို့ အဆောက်အဦးတွေထဲ လာအသိုက်လုပ်တဲ့ ငှက်တွေ ဖမ်း ကြော်စား။ ကြွက်တွေဖမ်းပြီး ကင်စား။ သူတို့ဆီမှာ ဒန့်သလွန်သီးပေါတော့ ဒန့်သလွန်သီးခူးပြီး ဟင်းချက်။ နောက်ပြီး သဲကန္တာရ ထဲမှာ ဖွတ်လိုအကောင်ကြိး တွေရှိတယ်။ တော်တော်ကြီးတယ်။ အဲဒီအကောင်ကြီးတွေ ခဲနဲ့ပစ်ဖမ်းပြီး ဟင်းချက်စားတယ်။ ကြက်ဥ ချက်စားတယ်ပေါ့။ ပြန်ခါနီး နှစ်လလောက်ကျမှပဲ အစားအသောက် ပေါတော့တယ်။ အနားမှာရှိတဲ့ သားသတ်ရုံသွားပြီး ကျွန်တော်တို့က ငါတို့ကို လခမပေးတာ လနဲ့ချီနေပြီ။ အစားကောင်းကောင်းမစားရဘူး လို့သွားပြောတော့ သူတို့က သိုးကလီစာ တို့၊ ဆိတ်ကလီစာ တို့၊ ကုလားအုတ်ခေါင်းတို့ ပေးတယ်။ ယူတာတော့ များသောအားဖြင့် ကျွန်တော်ပဲ သွားယူတယ်။ အဲဒါတွေ ချက်ပြီး တစ်ခန်းလုံး မျှစားကြတာပေါ့။
ဆန်ကတော့ အိန္ဒိယဆန်၊ ဘင်္ဂလားဆန်နဲ့ ထိုင်းဆန်တွေ ရှိတယ်။ ကျွန်တော်တို့ကတော့ ခပ်ညံ့ညံ့ ဆန်တွေပဲ ၀ယ် စားကြတယ်။ ဆန်တစ်ကီလိုကို ၄ ရီယယ်ပေးရတယ်။
အလုပ်ပင်ပန်းတဲ့နေ့တွေမှာတော့ ပေါင်မုံ့တစ်လုံးနဲ့ အအေးတစ်ဗူး တိုက်တယ်။
အဲဒီမှာ ရောက်နေတာ မြန်မာ စုစုပေါင်း ၂၀၀ လောက်ရှိမယ် ထင်တယ်။ သန့်ရှင်းရေးလုပ်တဲ့ကောင်တွေလည်း ရှိတယ်။ သူတို့က အစိုးရကနေ ခေါ်တာ။ သူတို့ကျ လခမှန်မှန်ရတယ်။ နေပူကြီးထဲမှာ လမ်းတွေပေါ်လျှောက်ပြီး သန့်ရှင်းရေး လုပ်ရတယ်။ မျက်နှာတင် ဖော်ထားပြီး တစ်ကိုယ်လုံးအ၀တ်တွေ ခြုံထားရတယ်။ ပူလွန်းလို့။
နောက်ပြီး လမ်းဘေးတွေမှာ မြန်မာဆေးလိပ်တို့၊ ကွမ်းယာတို့ရောင်းတဲ့ သူတွေလည်း ရှိသေးတယ်။ ပေါ်တင်တော့ ရောင်းလို့မရဘူးပေါ့။ ခိုးကြောင်ခိုးဝှက် ရောင်းရတာ။ မြန်မာ ဆေးပေါ့လိပ် ၃ လိပ်ကို ၁ ရီယယ်။ ရှားသွားတဲ့အခါမတော့ တစ်လိပ်ကို ၁ ရီယယ်။ ကွမ်းတစ်ယာကို ၁ ရီယယ်။ ဒါပေမဲ့လည်း သူတို့ရောင်းရတယ်။ လက်ကိုမလည်ဘူး။ ကာတာတွေ ကတော့ ကွမ်းမစားဘူး။ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားတွေပဲ ကွမ်းစားတယ်။ နောက်ပြီး အသင့်စားနိုင်တဲ့ ငါးပိဗူးလေးတွေလည်း ၀ယ်လို့ ရတယ်။ ဒါပေမဲ့ အရမ်းဈေးကြီးတယ်။
ကျွန်တော်တို့က အာရပ်တွေ ထမင်းစားတာ စောင့်ကြည့်နေရတယ်။ သူတို့က ပက်ပ်စီဗူးတို့၊ ငြုပ်သီးတို့၊ ဒိန်ချဉ်ဗူး၊ အသားဗူး တွေနဲ့စားတယ်။ သူတို့စားပြီးသွားရင် ပက်ပ်စီဗူးတို့၊ ငြုပ်သီးတို့ ကျွန်တော်တို့ကို ပေးလေ့ရှိတယ်။ အအေးတော့ အလကား သောက်ရတာပေါ့။
နေဦး။ မြန်မာငါးပိ ဒုက္ခအကြောင်း ကျန်သေးတယ်။ ကျွန်တော် ဒီကသွားတော့ ငါးပိ တစ်ပိဿာလောက် သယ်သွားတယ်။ ဟိုရောက်တော့ ငါးပိရည်ကျိုတာပေါ့။ ကျွန်တော်တို့အနားမှာ အီဂျစ်ကကောင်တွေ၊ ပါလက်စတိုင်းက ကောင်တွေ နေတယ်။ ကျွန်တော် ငါးပိရည်ကျိုတော့ ဒီကောင်တွေ လှမ်းအော်တယ်။ ကုလားလို။ ကျွန်တော်တို့လည်း ဘာမှ နားမလည်ဘူး။ နောက်တော့ ဒီကောင်တွေလာပြီး ကျွန်တော်ကျိုနေတဲ့ ငါးပိရည်အိုးယူပြီး အကုန် သွန်ပစ်တယ်။ ကျွန်တော်လည်း စိတ်ထဲ ဖျဉ်းကနဲ ဖြစ်သွားတာပေါ့။ ဒါပေမဲ့ ဒီကောင်တွေက လူထွားကြီးတွေ။ နောက်ပြီး သူတို့ဆီမှာ ရန်ဖြစ်လို့ မရတော့ ဘာမှ မတတ်နိုင်ဘူး။ ဒီအတိုင်း ကြည့်နေလိုက်ရတာပဲ။
တစ်နေ့တော့ အခန်းထဲကို ရဲတွေရောက်လာတယ်။ ကျွန်တော်တို့ကို ဗီယက်နမ်တွေမှတ်လို့။ ကျွန်တော်တို့နဲ့ ဗီယက်နမ် တွေကလည်း တော်တော်တူတယ်။ အဲဒါနဲ့ သူတို့ ဗီယက်နမ်တွေနေတဲ့ အခန်းကို ထွက်သွားတယ်။ အဲဒီအခန်းမှာနေတဲ့ ဗီယက်နမ် ၁၀ ယောက်စလုံးကို ဖမ်းသွားတယ်။ နောက်ကြားရတာတော့ ၅ ယောက်ကို သေဒါဏ်ချလိုက်တယ် တဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ အနားက နီပေါ ၃ ယောက်ကို သတ်ပြီး ချက်စားလို့။ ကျွန်တော်တို့တောင် လူသားတွေ စားမိသေးလား မသိဘူး။ တစ်နေ့မှာ ဗီယက်နမ်တစ်ယောက် ကျွန်တော်တို့ စားဘို့ဆိုပြီး ဟင်းတစ်ခွက် လာပေးတယ်။ ဘာသားတွေလဲတော့ မသိဘူး။ နုပ်နုပ်စင်း ချက်ထားတာ။ စားလို့တော့ အတော်ကောင်းတယ်။
သူတို့ သတ်စားတာကို တစ်လလောက်ကြာမှ သိရတာ။ ပထမတော့ ဒီကုလားတွေ ပျောက်နေတယ် ဆိုပြီး လိုက်ရှာနေ တာ ကြာပြီ။ ဘယ်မှ ရှာလို့မတွေ့ဘူး။ အလုပ်ရှင်က လခမပေးလို့များ overstay နဲ့ တခြား တစ်နေရာကို ပြေးသွားသလား ပေါ့။ အမျိုးမျိုး ယုန်ထင်၊ ကြောင်ထင် ထင်နေကြတာ။
တစ်နေ့မှာ ဗီယက်နမ်တစ်ယောက် ဗိုက်အရမ်းအောင့်လို့ ဆေးရုံတက် ခွဲလိုက်ရတယ်။ အဲဒီကောင်ရဲ့ အစာအိမ်ထဲမှာ လူ လက်သည်းခွံသွားတွေ့တယ်။ အဲဒီမှာ ရဲတွေက လိုက်စုံစမ်းတယ်။ နောက်တော့ ဗီယက်နမ်တွေ သတ်စားတာ ပေါ်သွားတယ်။ ဗီယက်နမ် အားလုံးတော့ မဟုတ်ဘူး။ လူသတ်ပြီး ချက်စားတာက ၅ ယောက်ထဲ။ အဲဒီကောင်တွေ ခေါင်းဖြတ်သတ်ဖို့ စီရင်ချက် အချခံရတယ်။
လခက နည်း၊ အိမ်ကို ပြန်ပို့ရတဲ့ငွေက မဖြစ်စလောက် ဆိုတော့ ကျွန်တော်တို့ နေ့လည်ခင်း အရမ်းပူတဲ့အချိန်မှာတောင် အပြင်ထွက်ပြီး ပိုက်ဆံ ရှာရတယ်။
ဘယ်လိုလုပ်ရလဲ ဆိုတော့ အိမ်တွေရှေ့၊ ဟော်တယ်တွေရှေ့မှာ အမှိုက်ပုံးတွေ ရှိတယ်။ အဲဒီ အမှိုက်ပုံးတွေမှာ ပက်ပစီ တို့၊ ဆဲဗင်းအပ် တို့ အအေးဗူးခွံတွေ လိုက်ကောက်တယ်။ ဗူးခွံတွေကို ဖိနပ်နဲ့ တက်နင်းပြီး ပြားအောင်လုပ်၊ ကြွပ်ကြွပ်အိပ်နဲ့ စုပြီး ပြန်ရောင်းတာပေါ့။ တစ်ကီလိုကို ၃ ရီယယ် ရတယ်။ အစပိုင်း ဈေးမသိတော့ အနှိမ်ခံရတာပေါ့။ ဒါပေမဲ့ နောက်ပိုင်းကျတော့ တစ်ကီလိုကို ၆ ရီယယ်ထိ ပေးတယ်။
နောက်ပြီး ဆောက်လက်စ တိုက်တွေမှာ wiring လိုက်တဲ့ကောင်တွေကို ပေါင်းထားရတယ်။ သူတို့မီးဆင်ရာကနေ ၀ါယာဖြတ်စ ညှပ်စတွေ စုပြီး ပြန်ရောင်းရင် တစ်ကီလိုကို ၂၀ ထိရတယ်။ ဒါ့အပြင် သံပန်း သံတံခါး ဆရာတစ်ယောက်နောက် လိုက်ပြီး သူနဲ့ ကူညီညာလုပ်သေးတယ်။ အပိုဝင်ငွေလေး ဘာလေးရတာပေါ့။ ဒါပေမဲ့ အဲဒါလည်း သိပ်မကြာလိုက်ဘူး။ သူတို့ သိသွားတဲ့အခါကျ မလုပ်ရပြန်ဘူး။
၁၆၊ ၃။ ပြည်တော်ပြန်ခြင်း
လခကိုလည်း မှန်မှန်မပေးဘူး။ နှစ်လပေါင်းပေး၊ သုံးလပေါင်းပေး။ တစ်ခါတလေများဆို သုံးစရာတောင် ပိုက်ဆံမရှိဘူး။ သုံးဘို့ရေကို ကားနဲ့လာပို့ပေးတယ်။ ပလတ်စတစ် ရေတိုင်ကီတွေနဲ့ပေါ့။ ပြန်ကာနီး ရေ အတော် ဒုက္ခရောက်သွားသေးတယ်။ ကျွန်တော်တို့ပြန်မယ်လဲ ဆိုရော ရေကိုပါ ဖြတ်လိုက်တယ်။ အရင် ထည့်ပေးနေကျ ရေကန်ကြီးထဲမှာ ရေအပြည့် ထည့်ပေးထား တယ်။ ဒါပေမဲ့ ရှိသမျှ လူအကုန် ဒီရေပဲ သုံးနေရတာကိုး။ ထမင်းချက်ဖို့၊ ရေချိုးဘို့၊ အ၀တ်လျှော်ဘို့ အကုန် ဒီရေပဲသုံးရတော့ ကျွန်တော်တို့မပြန်ခင် ရေပြတ်သွားတယ်။ ရေပူရော၊ ရေအေးပါ မရတော့ဘူး။
ကျွန်တော်တို့ ရေမှာတော့ ငါတို့ကတော့ မထည့်ပေးနိုင်တော့ဘူး။ မင်းတို့မှာ ပိုက်ဆံရှိရင် ကိုယ့်ဟာကိုယ် မှာထည့်တဲ့။ ကျွန်တော်တို့ကို အရင်တုံးက ဦးဆောင်လုပ်ပေးနေတဲ့ မြန်မာ စူပါဗိုက်ဆာကလည်း စင်ကာပူကို ကူးသွားတော့ ပိုဆိုးသွားတာ ပေါ့။ သူမရှိတော့ဘူးလည်း ဆိုရော ကျွန်တ်ာတို့ကို လုပ်ချင်တိုင်း လုပ်တော့တာပဲ။
ကျွန်တော်တို့လည်း လခထုတ်မပေးတော့ ရုံးကို သွားပြောတာပေါ့။ မင်းတို့ ပြန်ချင်သလား တဲ့။ မေးတယ်။ နောက်ပြီး မင်းတို့ပြန်ချင်ရင် ကိုယ့်စားရိတ်နဲ့ကိုယ် ပြန်ရမယ်။ ပြန်ပြီးရင်တော့ နောက်ကို ဒူဘိုင်းတို့၊ ကာတာတို့တော့ ဘယ်တော့မှ လာလို့ရမှာ မဟုတ်တော့ဘူးနော်တဲ့။ ပြောလိုက်သေးတယ်။
သူတို့ကလည်း အင်္ဂလိပ်လို နားမလည်။ ကျွန်တော်တို့ကလည်း ကောင်းကောင်းရှင်းမပြတတ်တော့ အတော် ပြဿနာ တက်တယ်။ ဒါနဲ့ ကာတာရောက်နေတာ ကြာပြီဖြစ်တဲ့ ကုလားကြီးတစ်ယောက် မြန်မာလူမျိုးပေါ့၊ ခေါ်လာတယ်။ ကျွန်တော်တို့က သူ့ကို သေသေချာချာရှင်းပြတော့ သူက ရုံးကို ဘာသာပြန်ပြတယ်။ ဒီတော့မှ သူတို့က ကျွန်တော်တို့ပြန်ဘို့ စီစဉ်ပေးတယ်။ အဲဒီလိုနဲ့ ကာတာက ပြန်လာခဲ့တယ် လို့ပဲ ဆိုပါတော့။ ကာတာမှာ တစ်နှစ်နဲ့ငါးလ ကြာခဲ့တယ်။
ရောက်ရောက်ချင်း လေးငါးလမှာ လခ မှန်မှန်ပေးသေးတယ်။ နောက်ပိုင်းကျတော့ ခုနပြောသလို နှစ်လသုံးလကြာမှ ပေါင်းပေးတာတို့၊ ရက်ပျက်တွေကို ဖြတ်တာတို့၊ တစ်ချို့လတွေမှာ စားဘို့လောက်ပဲ ရတာတို့တွေ ဖြစ်လာတော့တယ်။ နောက်ဆုံး တိုင်မယ်တောမယ် လုပ်တော့မှ ကျွန်တော်တို့ရစရာ ရှိတဲ့ ပိုက်ဆံတွေထဲက လေယာဉ်လက်မှတ်ခ နှုတ်ယူထားလိုက်ပြီး အကုန် စုရှင်းပေးလိုက်တယ်။ လေယာဉ်လက်မှတ်ကလည်း အရမ်းဈေးကြီးတယ်။ ဆယ်သိန်းနဲ့ ငါးသောင်းထင်တယ်၊ ကျတယ်။
ပထမတော့ သူတို့က သက်တမ်းတိုးမလား မေးတယ်။ သွားလုပ်ရတာလည်း အဝေးကြီး၊ မင်းတို့ သွားရေးလာရေးလည်း စီစဉ်ပေးတာလည်း မဟုတ်ဘူး။ မိုင် ၃၀ လောက်ဝေးတဲ့နေရာကို လိုင်းကားနဲ့ သွားလုပ်ရတာ။ နောက်ပြီး လခလည်းမှန်မှန် မထုတ်ပေးဘဲနဲ့ ငါတို့ ဘာလို့ လုပ်ရမလဲ၊ ခုထိနေရတာတောင် လွန်လှပြီလို့ ပြောလိုက်တယ်။
အဲဒီလိုနဲ့ မြန်မာပြည် ပြန်ခဲ့တယ်။ အပြန်မှာ ဒူဘိုင်းလေယာဉ်ကွင်းထဲမှာ လေးနာရီလောက်ကြာတယ်။ စောင့်နေရတာ။ နောက် ဘန်ကောက်ရောက်တော့ ရှစ်နာရီလောက် စောင့်နေရတယ်။ Transit ပေါ့။
အဲဒီမှာ မူးယစ်ဆေးဝါး လုံးဝမရှိဘူး။ မကောင်းတဲ့မိန်းမတွေ မရှိဘူး။ ကာတာနိုင်ငံသားကို ကာတာရီလို့ခေါ်တယ်။ အာရပ်လူမျိုးတွေ။ တစ်ကိုယ်လုံး အဖြူရောင် ၀တ်ထားတယ်။ ခေါင်းကို အဖြူရောင်ကြားကြား၊ အပြာရောင်ကြားကြား ဖော့လုံးလို ဟာကြီးတွေနဲ့ စွပ်ထားတယ်။ တစ်နေ့ကို ဘုရားကျောင်း ၆ ကြိမ် လောက်သွားရတယ်။ မိန်းမ ၄ ယောက်ထိ ယူခွင့်ရှိတယ်။
သူတို့ဆီက မိန်းကလေးတွေကို သွားပြီး ထိခွင့်၊ ကိုင်ခွင့် မရှိဘူး။ ကျွန်တော်တို့ အုပ်စုထဲက လူတစ်ယောက်ဆို ကောင် မလေး တစ်ယောက် စက်ဘီးနဲ့လဲသွားလို့ သွားထူပေးမိတာ ထောင်တစ်နှစ်ကျသွားတယ်။ တကယ်လို့ အမျိုးသမီးတစ်ယောက် ကို မျက်နှာဖုံးလှစ်ကြည့်မိရင် ထောင် ဆယ်နှစ်ထိ ချနိုင်တယ် တဲ့။ သူတို့စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေတွေကို အာရဗီဘာသာ နဲ့ရော၊ မြန်မာဘာသာပြန်ပါ ကျွန်တော်တို့ကို ပေးထားတယ်။
နောက်ဆုံးအနေနဲ့ ကျွန်တော် မှာချင်တာက ကျွန်တော့်အတွေ့အကြုံနဲ့ ယှဉ်ပြီးပြောရရင် ကာတာကို မသွားကြပါနဲ့။ ဒုက္ခရောက်ရင် ကိုယ့်ကို ကူမဲ့ကယ်မဲ့သူ ဘယ်သူမှ မရှိဘူး။ သူများ အနိုင်ကျင့်တာ လှိမ့်ခံနေရတယ်။ လခလည်း စင်ကာပူ လောက် မရဘူး။ ရာသီဥတုကလည်း အရမ်းဆိုးတယ်။ လခချင်းယှဉ်လိုက်လို့ စင်ကာပူထက် ပိုများနေရင်တောင် ကာတာကိုတော့ မသွားတာ ပိုကောင်းတယ်။ အခြေအနေ အရပ်ရပ်ကို ခြုံကြည့်လိုက်ရင် စင်ကာပူက ပိုကောင်းတယ်။ စိတ်ချရတယ်။ မြန်မာတွေလည်းများတော့ အရေးအကြောင်းရှိရင် ကူမဲ့ကယ်မဲ့သူ ပေါတယ်။ စင်ကာပူပဲ သွားကြဘို့ တိုက်တွန်း ချင်ပါတယ်။
နောက်ပြီး မြန်မာပြည်မှာသာ သူတို့က Carperter တို့၊ Welder တို့၊ Fitter တို့ပြောပေမဲ့ ဟို ရောက်တဲ့အခါ အဲဒီအလုပ်တွေကို သူတို့အာရပ်တွေပဲ လုပ်ပြီး နိုင်ငံခြားသားတွေကိုတော့ အလုပ်ကြမ်းပဲ ခိုင်းတာ။ အဲဒီမှာ ပါလက်စတိုင်းက လူတွေ၊ အာဖဂန်နစ္စတန်က လူတွေလည်း လာလုပ်တယ်။ ဒီကလူတွေ ပြောစကားလည်း မယုံကြပါနဲ့လို့။ အဲဒါ ကျွန်တော့် ကိုယ်တွေ့ပဲ။
ခုလို ကျွန်တော့်အတွေ့အကြုံတွေ ပြန်ပြီးဝေမျှရတာ အများကြီး ၀မ်းသာပါတယ်။ နောက်သွားမဲ့သူတွေကို ကိုယ့်လို ဒုက္ခမရောက်စေချင်ဘူး။ ဒါပါပဲ။
သုံးသပ်ချက်
ကိုလှစိုးမှာ စင်ကာပူနှင့် ကာတာသို့ သွားရောက် အလုပ်လုပ်ခဲ့သော်လည်း တစ်ပြားဘိုးမျှ အမြတ်မထွက်ခဲ့။ နိုင်ငံခြား သွားရန် ရင်းခဲ့ရသော အရင်းပင်မကျေ။ သူတစ်ပါးကို လုပ်ကျွေးသမှုပြုရန် နိုင်ငံခြား ထွက်သွားသကဲ့သို့ ဖြစ်ချေသည်။ ဤသို့ ဖြစ်ရခြင်းမှာ ၎င်း၏ ဆက်ဆံရေးမပြေပြစ်မှုကြောင့်ဟု သိရသည်။ သို့အတွက် ငွေရှာရန် တစ်ပြည်ရပ်ခြား တိုင်းတစ်ပါးသို့ သွားကြ ရာတွင် ဒေါသအလျှောက် မဆက်ဆံပဲ မိမိကိုယ်ကို အတတ်နိုင်ဆုံး ချုပ်တည်းကာ ရန်မဖြစ်အောင် နေတတ်ရန်လည်း အရေးကြီး ပါသည်။ နိုင်ငံခြားတိုင်းပြည်များတွင် ရန်ဖြစ်လျှင် သူတို့နိုင်ငံတွင် ဆက်မထားပဲ ချက်ခြင်း ပြန်လွှတ်လေ့ ရှိပါသည်။
အထူးသဖြင့် စင်ကာပူနိုင်ငံဟူသည် နိုင်ငံပေါင်းစုံမှ လူမျိုးပေါင်းစုံတို့ လာရောက် အလုပ်လုပ်ကိုင်နေသည် ဖြစ်ရာ အကျင့်စရိုက်မျိုးစုံတို့နှင့် ဆက်ဆံရမည်မှာ မုချ ဖြစ်၏။ မည်သို့ပင် ဖြစ်စေ ရန်ဖြစ်၍ ပြန်ရလျှင် မိမိနှင့်တကွ မိမိအပေါ် မှီခို နေသော မိသားစုကိုပါ တိုက်ရိုက် ထိခိုက်နိုင်သည်ဟု အမြဲ ခေါင်းထဲထည့်ထားကာ သည်းခံခြင်းတရား လက်ကိုင်ထားကြရန် တိုက်တွန်းလိုက်ပါသည်။ သို့အတွက် ရန်ဖြစ်ပြီး ပြန်လာရသော ကိုလှစိုးအကြောင်းကိုပါ ထည့်သွင်း ဖော်ပြလိုက်ရခြင်း ဖြစ်ပါ သည်။
ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ တက္ကသိုလ်ဘုန်းနိုင်
Labels
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲ (10)
- Bitter Life (26)
- Build Your Future (10)
- Christopher (34)
- Construction Safety Handbook (57)
- Covid19 (19)
- Education (26)
- Emergency handbook (7)
- Engineering (12)
- Environment (8)
- Farm Safety (10)
- Fire Protection (5)
- Fridge and Aircond (6)
- Gas Pipe Line (5)
- General (215)
- Greenery Singapore (2)
- Health (6)
- IOSS (3)
- ISO 45001 (7)
- ISO 9001 (2)
- Knowledge sharing sessions (4)
- Life (8)
- Living in Singapore (68)
- My Articles (571)
- Myanmar (65)
- Myanmar Culture (15)
- Myanmar Transitional Platform (31)
- Piping (41)
- PPE Book (3)
- Safety (153)
- Tire Safety (5)
- Welding Technology (6)
- Working in Singapore (45)
- ကဗ်ာမ်ား (27)
- စင်ကာပူအကြောင်း (96)
- စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁ (3)
- စာအုပ္မ်ား (3)
- ဒသမတန်း မြန်မာစာ (9)
- မြန်မာစာ (1)
- မြန်မာပြက္ခဒိန် (7)
- မြန်မာပြက္ခဒိန် (62)
- မြွေဆိပ်ဖြေဆေး (5)
No comments:
Post a Comment