သုခ ကုမ္မာ မင်းသားလေးTHE HAPPY PRINCE (A Fairy Tale by Oscar Wilde)
ကလေးတို့ရေ၊ ဟိုးတစ်ခါတုံးက မြို့တော်ရဲ့ အပေါ်ကို စီးမိုးနေတဲ့ မိုးမျှော် အဆောက်အဦ တစ်ခုရဲ့ အပေါ်မှာ သုခ ကုမ္မာ မင်းသားလေး ဆိုတဲ့ မတ်တပ်ရုပ်တု တစ်ခု ရှိသတဲ့ကွယ်။ မင်းသားရုပ်တုကို သိပ်ကောင်းတဲ့ ရွှေပြားတွေနဲ့ ကိုယ်လုံး ပြည့် ချထားပြီး သူ့မျက်လုံးနှစ်လုံးကိုတော့ တောက်ပတဲ့ နီလာကျောက်တွေ နဲ့ ပြုလုပ်ထားတယ်။ သူ့ဓါးရိုးမှာတော့ ကြီးမားတဲ့ အနီရောင် ပတ္တမြားကြီး တစ်လုံးကိုလည်း မြှုပ်ထားတယ် ကွဲ့။
သူဟာ အင်မတန့်ကို လှပတင့်တယ် တယ်ကွဲ့။ သူဟာ အသုံးဝင်ရုံတင် မကသေးဘူး။ ဥတုကြက် လိုလည်း အရမ်း လှတယ် - လို့ အနုပညာလက်ရာမြောက်တာကို ချီးကျူးခံလိုတဲ့ မြို့တော်ဝန်တစ်ယောက်က ပြောတယ်။ သူတကယ် မလုပ်ပေး နိုင်တောင် လူတွေက သူ့ကို ကြောက်ရွံ့  ခြင်းမှ ကာကွယ်ပေးတယ်လို့ ထင်ကြတယ်။
သုခ ကုမ္မာ မင်းသားလေး ဟာ ဘယ်အရာကိုမှ တမ်းတပြီး ငိုယိုတယ်ရယ်လို့ အိပ်မက်တောင် မမက်ခဲ့ဖူးဘူး။ နင် ဘာဖြစ်လို့များ မင်းသားပျော်လေးလို မနေနိုင်ရတာလဲ - လို့ လမင်းကြီးကို တမ်းတပြီး ငိုယိုနေတဲ့ ကလေးငယ်လေး ကို စိတ်ဆတ်တဲ့ သူ့အမေက ဆူလိုက်တယ်။
ဒီကမ္ဘာပေါ်မှာ ပျော်ရွှင်နေတဲ့ သူ တစ်ယောက်ယောက်များ ရှိရင် ငါသိပ် ၀မ်းသာမိမှာပဲ - လို့ အံ့သြစရာကောင်းတဲ့ မင်းသား ရုပ်တုလေးကို ငေးကြည့်ရင်း စိတ်ဓါတ်ကျနေတဲ့သူ တစ်ယောက်က တီးတိုးပြောလိုက်တယ်။
သူဟာ နတ်သားလေး တစ်ပါးလိုပဲ - လို့ အနီရောင် အပေါ်အင်္ကျီလက်ပြတ် နဲ့ သန့်ရှင်းရေး အ၀တ်ဝတ်ထားတဲ့ လုပ်အားပေး ကလေးငယ် တစ်သိုက် ဘုရားရှိခိုးကျောင်းထဲက ထွက်လာကြရင်း ပြောလိုက်တယ်။
နေစမ်းပါဦး၊ နတ်သားကိုများ နင်တို့ တစ်ခါဖူးမှ မတွေ့ဖူးပဲနဲ့ ဘယ်လိုလုပ်များ သိရသလဲ - လို့ သူတို့ သင်္ချာ ဆရာက ပြောလိုက်တယ်။
ဒါပေမဲ့ ကျွန်တော်တို့ အိပ်မက်ထဲမှာ တွေ့ဖူးတာပေါ့ - လို့ ကလေးတွေက ပြန်ပြောလိုက်တယ်။ သင်္ချာဆရာကတော့ သူတို့အိပ်မက်ကို မယုံတဲ့အတွက် ကလေးတွေကို မျက်မှောင်ကြီး ကြုတ်ပြီး ပြူးတူးပြဲတဲ ကြည့်လိုက်တယ်။
တစ်ညမှာတော့ ပျံလွှားငှက်ကလေး တစ်ကောင် မြို့ပေါ်ကို ဖြတ်ပြီး ပျံသန်းလာတယ်။ သူ့အပေါင်းအဖော်တွေ ကတော့ လွန်ခဲ့တဲ့ ခြောက်ပတ်လောက်ကပဲ အီဂျစ်မြို့ကြီးဆီကို ပျံသွားကုန်ကြပြီ။ သူကတော့ အရမ်းလှတဲ့ ကျူပင်မ ကလေးကို ချစ်နေမိပြီ ဖြစ်တဲ့အတွက် သူတို့နဲ့ လိုက်မသွားပဲ နောက်ချန်နေခဲ့တယ်။
သူဟာ မြစ်ကြောင်းအတိုင်း အ၀ါရောင် ပိုးဖလံကြီးနောက် လိုက်သွားရင်း ကျူပင်မကလေးကို နွေဦးရာသီ အစောပိုင်းမှာ တွေ့ခဲ့တယ်။ သူဟာ သူမရဲ့ သေးသွယ် ပျော့ပြောင်းလှတဲ့ ခါးကလေးရဲ့ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်တော့ပဲ ပျံသန်းရာက ရပ်လိုက်ပြီး သူမနဲ့ စကားပြောတယ်။
ကိုယ့်ကို ချစ်ခွင့် ပေးပါ - လို့ ပျံလွှ့ားလေးက ဟန်မဆောင်နိုင်တော့ပဲ တဲ့တိုးပြောချလိုက်တဲ့ အခါမှာ ကျူပင်မကလေး ဟာ ခေါင်းကို အသာအယာ ညိတ်ပြလိုက်တယ်။ ပျံလွှားလေးဟာ ရေမျက်နှာပြင်ကို အတောင်ပံလေးတွေနဲ့ ခတ်ပြီး ငွေမှုန် ကလေးတွေကို ဖြစ်စေလိုက် ကျူပင်ကလေး နံဘေးနားမှာ ပျံဝဲနေလိုက်နဲ့ နွေရာသီတစ်ခုလုံး ကို ကုန်ဆုံးစေခဲ့တယ်။
ဒါဟာ ရူးသွပ်တဲ့ သံယောဇဉ်ပဲ - လို့ တခြားပျံလွှားတွေက ကျီကျီကျာကျာ အတင်းပြောကြတယ်။ နောက်ပြီး ဒီကောင်မမှာ ဘာပိုက်ဆံများ ရှိလို့လဲ၊ အဆွေအမျိုးတွေကလည်း တပြုံတစ်ခေါင်းကြီးနဲ့ - တဲ့။ ဟုတ်လည်း ဟုတ်တယ်လေ။ မြစ်ပြင် တစ်ခုလုံး ကျူပင်တွေနဲ့ ပြည့်နှက်နေတာကိုး။ နောက် ဆောင်းဦးပေါက်လာတာနဲ့ သူတို့လည်း အဝေးကို ပျံထွက် သွားကြတော့တာပဲ။
သူတို့လည်း ပျံထွက်သွားရော ပျံလွှားလေးဟာ တစ်ကောင်ထဲ အထီးကျန်တဲ့ ဝေဒနာကို ခံစားရတော့တယ်။ သူအင်မတန် ချစ်ခင် မြတ်နိုးလှပါတယ် ဆိုတဲ့ မကျူပင်ကလေးကို ငြီးငွေ့စ ပြုလာတယ်။ သူက စကားလဲ မပြောဘူး။ နောက်ပြီး မူယာမာယာလဲ များတယ် ထင်တယ်။ ၀ါယော ဆိုတဲ့ကောင်နဲ့လဲ ကလူ၏သို့ မြှု၏သို့ လုပ်နေသေး တယ်။ လေများ တိုက်လာပြီ ဆိုရင် သူ့မှာ ရိုရိုသေသေ ဒူးထောက်ခစားရတာနဲ့ ။ ဟုတ်ပါပြီ၊ ဒီကောင်မဟာ အိမ်ကိုပဲ ခင်တွယ်နေတာပါ။ ပျံလွှားလေးက တစ်ကိုယ်ထည်း ဆက်ပြောလိုက်တယ်။ ငါက ခရီးထွက်ရတာကို နှစ်သက်တယ်။ သူဟာ ငါ့မယား ဖြစ်တဲ့ အတွက် သူလည်းပဲ ခရီးထွက်ရတာကို နှစ်သက်ရမှာပေါ့။
မင်း ငါနဲ့ အတူ လိုက်မလား - လို့ ပျံလွှားလေးက ကျူပင်မလေးကို မေးလိုက်တဲ့ အခါ ကျူပင်မလေးက ခေါင်းယမ်း လိုက်တယ်။ သူက အိမ်နဲ့ မခွဲနိုင်ဘူး။
နင်ငါ့ကို နည်းနည်းလေးမှ မခင်တွယ်ဘူး။ ငါ ပိရမစ်တွေ ဆီပဲ ပြန်သွားတော့မယ်။ သွားပြီဟေ့ - လို့ ပျံလွှားလေးက အော်ပြောပြီး ပျံထွက်သွားတယ်။
တစ်နေ့လုံး ပျံသန်းလာခဲ့ပြီး ညမှာတော့ သူ မြို့တော်ကို ရောက်လာခဲ့တယ်။
ဘယ်များ သွားနေလိုက်ရပါ့။ မြို့ကို ပြင်ထားလိမ့်မယ် ထင်တယ်။
အဲဒီနောက်မှာတော့ သူဟာ မိုးမျှော် အဆောက်အဦကြီးပေါ်က သုခ ကုမ္မာ မင်းသားလေးရဲ့ ရုပ်တုကို သွားတွေ့လိုက် တယ်။ ဟုတ်ပြီ၊ ငါ အဲဒီမှာ နေမယ် လို့ သူအော်လိုက်တယ်။ အဲဒါ အင်မတန် ကောင်းတဲ့ နေရာ ဖြစ်မှာပဲ။ လေကောင်း လေသန့် ကို လည်း တ၀ကြီး ရှူနိုင်တယ်။ အဲဒါကြောင့် သူဟာ မင်းသားလေးရဲ့ ခြေထောက်တွေကြားကို ပျံဆင်းနား လိုက်တယ်။
ဟား၊ ငါ့မှာ ရွှေအိပ်ယာ ရပါပကော - လို့ သူက ဘေးဘီကို ကြည့်ပြီး တိုးတိုး ပြောလိုက်တယ်။ ဒါပေမဲ့ တောင်ပံတွေ ကြား ခေါင်းဝှက်ပြီး အိပ်မယ် ကြံကာရှိသေး၊ ရေစက်ကြီးတစ်စက် သူ့အပေါ် ဘောက်ကနဲ ကျလာတယ်။ ဘုရားရေ၊ ဘာများ ပါလိမ့် လို့ သူလန့်အော်လိုက်တယ်။ ကောင်းကင်မှာလည်း ကြည်လို့။ ဘာတိမ်မှ မရှိဘူး။ မိုးရွာတယ် ဆိုရအောင်ကလည်း ကြယ်တွေက ရှင်းလို့ လင်းလို့ပါကလား။ မြောက်ဥရောပမှာကတော့ ရာသီဥတု သိပ်ကောင်းလှတာ မဟုတ်ဘူး။ ကျူပင်တွေ ကတော့ မိုးကို ကြိုက်တာပေါ့။ ဒါကလည်း ဒီကောင်မ တစ်ကိုယ်ကောင်း ဆန်တာပါလေ။
သူ့အတွေးတောင် မဆုံးလိုက်ဘူး။ နောက် ရေစက်ကြီးတစ်ခု ဆက်ကျလာပြန်တယ်။
နေစမ်းပါဦး။ ဒီမိုးကလေး လောက်မှ အကာအကွယ် မပေးနိုင်ရင် ဒီသောက်ရုပ်တု ဘာများ အသုံးကျမှာလဲ။ မီးခိုး ခေါင်းတိုင် ကောင်းကောင်းတစ်ခု သွားရှာမှပဲ ဆိုပြီး အဝေးကို ပျံထွက်သွားဘို့ ပြင်လိုက်တယ်။
သူတောင်ပံတွေ မဖြန့်လိုက်နိုင်ခင်မှာပဲ နောက်ထပ် ရေပေါက်ကြီး တစ်ခု ထပ်ကျလာလို့ သူ အပေါ်ကို မော့ကြည့် လိုက်တယ်။ အို၊ သူ ဘာများ တွေ့လိုက်ရပါလိမ့်။
အိုကွယ်၊ မင်းသားလေး မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ ပြည့်လို့ပါလား။ မျက်ရည်တွေဟာ သူ့ရွှေပါးပြင်ပေါ်ကို စီးကျ လာနေတယ်။ မင်းသားလေးရဲ့ သိပ်လှတဲ့ မျက်နှာလေးကို လရောင်နဲ့ တွေ့လိုက်ရတော့ ပျံလွှားလေးဟာ သိပ် သနားသွား တယ်။
ခင်ဗျားက ဘယ်သူများလဲ - လို့ ပျံလွှားလေးက မေးလိုက်တယ်။
ငါ သုခ ကုမ္မာ မင်းသားလေးပဲ။
ဒါဖြင့် မင်း ဘာကြောင့်များ ငိုကြွေးနေရတာလဲ၊ မင်းကြောင့် ငါ့တစ်ကိုယ်လုံး စိုကုန်ပြီ - လို့ ပျံလွှားလေးက ပြောလိုက်တယ်။
ငါ လူသားအသည်းနှလုံးနဲ့ အသက်ရှင်နေစဉ် အခါက မျက်ရည် ဆိုတာ ဘာလဲလို့ ငါမသိခဲ့ဘူး။ ငါနေတဲ့ ဆန်းဆောက်ဆီ နန်းတော်ထဲကို ဘယ်ဝမ်းနည်းကြေကွဲမှုကိုမှ အ၀င်မခံခဲ့ဘူး။ နေ့ပိုင်းမှာ ငါဟာ ပန်းခြံထဲမှာ အပေါင်းအဖော် တွေနဲ့ ဆော့ကစားနေခဲ့ပြီး ညနေချမ်းကျရင် ခန်းမဆောင်ကြီးထဲမှာ ပျော်ပျော်ပါးပါး ကခုန် နေခဲ့တာပေါ့။ ပန်းခြံကြီးကို နံရံမြင့်ကြီးတွေနဲ့ ကာရံထားတယ်။ ဒါပေမဲ့ အဲဒီနံရံကြီးတွေရဲ့ ဟိုမှာဘက်မှာ ဘာတွေရှိသလဲ လို့ ငါ တစ်ခါမှ ဂရုတစိုက် မေးမကြည့်မိခဲ့ဘူး။ ငါ့ ပတ်ဝန်းကျင်မှာတော့ အရာအားလုံးဟာ လှပ တင့်တယ် နေခဲ့တယ်။ ငါ့ရံရွေတော်တွေက ငါ့ကို မင်းသားပျော်လေး လို့ ခေါ်ကြတယ်။ ငါကလည်း အင်မတန် ကျေနပ်နှစ်သက် ပျော်ရွှင်နေခဲ့တယ်။
ဒီလိုပဲနေပြီး ဒီလိုနဲ့ ငါသေသွားခဲ့တယ်။ ငါသေသွားတဲ့အခါ သူတို့က ငါ့ရုပ်တုကို ဟောဒီ အမြင့်ကြီးမှာ လာထားခဲ့ ကြတယ်။ ဒီတော့ ငါဟာ ငါ့မြို့ရဲ့ အရုပ်ဆိုး၊ အကျည်းတန်တာတွေ၊ ၀မ်းနည်း ကြေကွဲစရာ ကောင်းတာတွေကို တွေ့ရပြီ။ ငါ့ နှလုံးသားတွေကို ခဲနဲ့ လုပ်ထားသည့်တိုင် ငိုဘို့မှ တစ်ပါး ငါ့မှာ ဘာမှ ရွေးချယ်ပိုင်ခွင့် မရှိတော့ဘူး။
အို့အို၊ သူဟာ ရွှေအတုံးလိုက်ကြီးမှ မဟုတ်ပဲကို။ ပျံလွှားလေးဟာ သူ့ဟာသူ တီးတိုးပြောလိုက်တယ်။ သူ့မှတ်ချက် ကို အော်ကျယ်ဟစ်ကျယ် မလုပ်ဘို့လောက်တော့ သူ ယဉ်ကျေးပါသေးတယ် လေ။
ဟို အဝေးကြီးက လမ်းကြိုလမ်းကြားလေးတွေထဲမှာ ဆင်းရဲတဲ့ အိမ်လေးတွေ ရှိတယ်။ မင်းသားလေးက သာယာ ဖွယ် အသံလေးနဲ့ သာယာညင်းပြောင်းစွာ ပြောလိုက်တယ်။ ပွင့်နေတဲ့ ပြတင်းပေါက်တစ်ခုကနေ မိန်းမတစ်ယောက် စားပွဲ မှာ ထိုင်နေတာ ငါ မြင်ရတယ်။ သူ့မျက်နှာက ညှိုးယော် နွမ်းလျ နေတယ်။ သူ့လက်တွေကလည်း နီရဲ ကြမ်းယှနေတယ်။ သူက အပ်ချုပ်သည် ဆိုတော့ သူ့လက်တွေတစ်ခုလုံး အပ်ပေါက်ရာတွေနဲ့ ပြည့်နေတယ်။
သူဟာ ဘုရင်မကြီးရဲ့ အချစ်ဆုံး ရံရွေတော် မင်္ဂလာပွဲမှာ ၀တ်ဘို့ ပိုးထည်ပေါ်မှာ ဇာပန်းတွေ ထိုးနေတယ်။ အခန်း ထောင့်က ကုတင်ပေါ်မှာတော့ နေမကောင်း ဖြစ်နေတဲ့ သူ့သားငယ်လေးဟာ လှဲနေတယ်။ သူဟာ အဖျားတက်နေပြီး လိမ္မော်သီး စားချင်တယ် လို့ ပူဆာနေတယ်။ ဒါပေမဲ့ မြစ်ရေကလွဲပြီး သူ့ကိုပေးဘို့ သူ့အမေမှာ ဘာမှ မရှိဘူး။ အဲဒီအတွက် ကလေးငယ်ဟာ ငိုနေတယ်။
ပျံလွှားကလေး၊ အို ပျံလွှားကလေးရယ်။ ငါ့ဓါးရိုးက ပတ္တမြားကို ထုတ်ပြီး အဲဒီ အမေအိုကို ပေးဘို့ မင်း မတတ်နိုင် ဘူးလားကွာ။ ငါ့ခြေထောက်တွေဟာ ဟောဒီအုတ်ခုံပေါ်မှာ တွဲထားတဲ့အတွက် ငါကတော့ ဘယ်လိုမှ လှုပ်လို့ မရဘူး။
အို၊ ခု ငါက အီဂျစ်ကို သွားဘို့ စောင့်နေတာ။ ပျံလွှားလေးက ပြန်ပြောလိုက်တယ်။ ငါ့အဖော်တွေဟာ နိုင်းမြစ်ကြီးကို စုန်ရေ ဆန်ရေ ပျံသန်းနေကြပြီး သိပ်ကြီးမား လှပတဲ့ ကြာပန်းကြီးတွေ အကြောင်း ပြောနေကြတယ်။ သိပ်မကြာခင် သူတို့ဟာ ဘုရင်ကြီးရဲ့ သချိုင်းတော်ကို လာပြီး အိပ်ကြတော့မယ်။ အဲဒီမှာ ဘုရင်ကြီးဟာ ဆေးရောင်စုံ ခြယ်မှုန်းထားတဲ့ အခေါင်းထဲမှာ ရှိနေတယ်။ သူ့ကို အ၀ါရောင် ၀တ်ရုံနဲ့ ပတ်ထားပြီး မပုပ်အောင်လည်း ဆေးစီရင် ထားတယ်။ လည်ပင်းမှာတော့ ကျောက်စိမ်း လည်ဆွဲ ဆင်မြန်းထားပြီး လက်တွေကတော့ သစ်ရွက်ခြောက်တွေလိုပဲ။
အို၊ ငှက်ကလေးရယ်၊ ဒီတစ်ညလောက်တော့ ငါ့ရဲ့ သတင်းပေးဖော် အဖြစ် မင်း ငါနဲ့ နေပေးပါလားကွာ။ ကလေး လေးဟာ သိပ်ရေဆာနေပြီး သူ့အမေကလည်း အရမ်း ၀မ်းနည်းနေတယ်။ မင်းသားလေးက ပြန်ပြောလိုက်တယ်။
ငါတော့ ကောင်လေးတွေကို ကြိုက်တယ်လို့ မထင်ပါဘူးကွာ။ ပြီးခဲ့တဲ့ နွေရာသီတုံးက ငါ မြစ်ပေါ်မှာ ပျံဝဲနေတုံး ဆန်စက်ပိုင်ရှင်ရဲ့ သားဆိုးလေး နှစ်ယောက်က င့ါကို အမြဲတမ်း ခဲတွေနဲ့ ပေါက်ခဲ့တယ် ကွ။ ဒါပေမဲ့ကွာ ငါ့ကို ဘယ်မှန်လိမ့် မတုံး။ ငါက သူတို့ထက် ပိုမြန်အောင် ပျံနိုင်တာပဲ။ အဲဒီအတွက် ငါဟာ အပျံကောင်းတဲ့သူအဖြစ် ငါတို့မိသားစုထဲမှာ နာမည် ရခဲ့တယ်။ ဒါပေမဲ့ အဲဒီကောင်လေးတွေကိုတော့ ငါ မကျေဘူးဟေ့။
မင်းသားလေးဟာ သိပ်စိတ်ထိခိုက်သွားတယ်။ အဲဒါကို မြင်ရတော့ ပျံလွှားလေး စိတ်မကောင်းဘူး ပေါ့။ ဒါနဲ့ပဲ -
ဒီမှာ သိပ်အေးတယ်။ ဒါပေမဲ့ ငါ မင်းနဲ့ တစ်ညအတူနေပြီး မင်းရဲ့ တမန်တော် အဖြစ် လုပ်ပေးပါမယ်ကွာ လို့ ပြောလိုက်တယ်။ ကျေးဇူးတင်လိုက်တာ ပျံလွှားလေးရာ လို့ မင်းသားလေးက ပြောလိုက်တယ်။
ငှက်ကလေးဟာ မင်းသားလေးရဲ့ ဓါးရိုးက ပတ္တမြားကို ထုတ်ယူ၊ ပတ္တမြားကို ချီပြီး မြို့ပြရဲ့ အိမ်ခေါင်မိုးတွေ ပေါ်က နေ ဖြတ်ပျံခဲ့တယ်။
ငှက်ကလေးဟာ စကျင်ကျောက်ဖြူ နတ်သမီး ရုပ်တုလေးတွေ ရှိတဲ့ ဘုရား ရှိခိုးကျောင်း ပေါ်က ဖြတ်ပျံခဲ့တယ်။ နန်းတော်ကို ဖြတ်ခဲ့တဲ့အခါမှာတော့ သီချင်းသံတွေနဲ့ ကခုန်နေတဲ့ အသံတွေ ကြားခဲ့ရတယ်။ မိန်းမချောကလေး တစ်ယောက် ဟာ သူ့ကောင်လေးနဲ့ လသာဆောင်ဘက် ထွက်လာတယ်။
ကြည့်စမ်းကွယ်၊ လှလိုက်တဲ့ ကြယ်ကလေးတွေ။ အချစ်ရဲ့ စွမ်းအင် ကရော အံ့သြဘို့ မကောင်းဘူးလားဟင် လို့ ကောင်လေးက ပြောလိုက်တယ်။
အင်း၊ ကျွန်မရဲ့ အင်္ကျီဟာ မင်္ဂလာအခန်းအနားအမီ ရစကောင်းပါရဲ့ လို့ ကောင်မလေးက ပြန်ပြောလိုက်တယ်။ ကျွန်မ အင်္ကျီမှာ ဇာပန်းထိုးဘို့ ရောင်စုံပန်းတွေ မှာထားတာ။ ဒါပေမဲ့ အပ်ချုပ်သည် အဖွားကြီးက အရမ်းပျင်းတာပဲ။
ငှက်ကလေးဟာ မြစ်ပြင်ကို ဖြတ်ပျံခဲ့တော့ သင်္ဘောတွေရဲ့ ရွက်တိုင်တွေပေါ်မှာ မီးအိမ်တွေ ချိတ်ထားတာ တွေ့ခဲ့ ရတယ်။ ဆင်းရဲသားရပ်ကွက်တစ်ခုကို ဖြတ်ပျံခဲ့တဲ့အခါ ဂျူးအဖိုးကြီးတွေဟာ ကြေးချိန်ခွင်ကြီးတွေမှာ ငွေစတွေကို ချိန်တွယ် ရင်း တစ်ယောက်နဲ့ တစ်ယောက် ဈေးဆစ်နေကြတာ တွေ့ရတယ်။
နောက်ဆုံးမတော့ သူဟာ တဲပုတ်ကလေးဆီ ရောက်ခဲ့ပြီး အိမ်ထဲကို ချောင်းကြည့်လိုက်တယ်။ အမေအိုဟာ သိပ် ပင်ပန်းလို့ အိပ်မောကျနေပြီး ကောင်လေးကတော့ အဖျားတက်လို့ အိပ်ယာပေါ်မှာ လူးလှိမ့်နေတယ်။ ပျံလွှားကလေးဟာ နားလိုက်ပြီး ပတ္တမြားကို စားပွဲပေါ်က အမယ်အိုရဲ့ လက်အိတ်ဘေးနားမှာ ချထားလိုက်တယ်။ အဲဒီနောက် သူဟာ အိပ်ယာနား ကို အသာအယာ ပျံခဲ့ပြီး ကောင်လေးရဲ့ နဖူးကို သူ့အတောင်ပံလေးတွေနဲ့ ယပ်ခတ်ပေးလိုက်တယ်။
အေးသွားတာပဲ လို့ ကောင်လေးက ပြောလိုက်တယ်။ ငါ ပိုပြီးနေထိုင် ကောင်းလာပြီ လို့ မှတ်ချက်ချလိုက်ရင်း နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျ သွားတော့တယ်။
ပျံလွှားကလေးဟာ မင်းသားလေးဆီ ပြန်လာခဲ့ပြီး သူလုပ်ခဲ့သမျှ ပြန်ပြောပြလိုက်တယ်။ သိပ် စိတ်ဝင်စားစရာ ကောင်းတာပဲ လို့ မင်းသားလေးက ပြောလိုက်တယ်။ ရာသီ အရမ်းအေးနေတာတောင်မှ ငါ နွေးနွေးထွေးထွေး ခံစားရတယ်။ ဘာလို့လဲ ဆိုတော့ မင်းကုသိုလ်တွေ လုပ်ခဲ့လို့ပဲ။ ပျံလွှားလေးကတော့ စပြီးတွေးနေတယ်။ နောက်တော့ အိပ်ပျော်သွားရော။ တွေးတာဟာ သူ့အတွက်တော့ အကောင်းဆုံး အိပ်ဆေးတစ်ခွက်ပဲ။
မိုးလင်းတာနဲ့ သူဟာ မြစ်ဆိပ်ကို ပျံသွားပြီး ရေချိုးလိုက်တယ်။ ဒါဟာ မှတ်ချက်ပြုရမဲ့ အောင်မြင်မှု တစ်ခုပဲ လို့ ငှက် လေ့လာရေးပညာဌာန ပါမောက္ခကြီးက တံတားကို ဖြတ်သွားရင်း ပြောလိုက်တယ်။ “ဆောင်းရာသီထဲက ပျံလွှားငှက် တစ်ကောင်” အဲဒီနောက်တော့ သူဟာ စာတမ်းရှည်ကြီး တစ်စောင်ရေးပြီး ဒေသတွင်း သတင်းစာ တစ်စောင်ဆီ ပို့ခဲ့တယ်။ လူတိုင်း လူတိုင်း သူရေးတာကို ရည်ညွှန်းကြရတယ်။ အဲဒီစာထဲမှာ သူတို့လုံးဝမသိတဲ့ စကားလုံး အမြောက်အများနဲ့ ပြည့်နှက် နေတယ်။
ဒီညတော့ ငါ အီဂျစ်ကို သွားတော့မယ် လို့ ပျံလွှားလေးက ပြောလိုက်တယ်။ သူဟာ မျှော်လင့်ချက်တွေနဲ့ စိတ်အား ထက်သန် နေတယ်။ သူဟာ ပြည်သူပိုင် အဆောက်အဦကြီးတွေဆီ သွားတယ်။ ဘုရားရှိခိုးကျောင်းရဲ့ ခေါင်းမိုးစောက်တွေပေါ် မှာ အကြာကြီးနားနေတယ်။
သူသွားတဲ့ နေရာတိုင်းမှာ စာကလေးတွေက သူ့ကို သိပ် လေးစားဘို့ ကောင်းတဲ့ ငှက်ကလေးပဲ လို့ ကျီကျီကျာကျာ ပြောသံကြားရတိုင်း သူ သိပ်ကျေနပ် ပျော်ရွှင်ခဲ့တယ်။
လ ထွက်လာတာနဲ့ သူ မင်းသားလေးဆီ ပြန်ခဲ့တယ်။ ငါ အီဂျစ်ခရီး စတော့မယ်။ မင်း ဘာများ သ၀ဏ်လွှာ ပါးလိုက် ဦးမလဲ လို့ ငှက်ကလေးက မေးလိုက်တယ်။
ပျံလွှားကလေးရယ်။ မင်း ငါနဲ့အတူ နောက်ထပ် တစ်ညလောက် ထပ် မနေနိုင်တော့ဘူးလားကွာ လို့ မင်းသားလေး က ပြောလိုက်တယ်။
သူတို့ ငါ့ကို အီဂျစ်မှာ စောင့်နေကြပြီ။ နက်ဖြန်ဆို ဒုတိယ ရေတံခွန်ဆီ ပျံသန်းကြလိမ့်မယ်။ မြစ်ကမ်းနံဘေးမှာ အပင်မြင့်ကြီးတွေနဲ့ ထိုင်စရာ ကျောက်ခုံတွေအပြင် မယ်နွန်နတ်ဘုရားရဲ့ ဂရင်းနိုက် ကျောက်သလွန်တော်လည်း ရှိတယ်။ တစ်ညလုံး ငါတို့ ကြယ်တွေကို ကြည့်ကြမယ်။ မိုးသောက်ကြယ် လက်လာတဲ့အခါမှာ သူဟာ အရုဏ်ဦးတေးကို ဆိုလိုက်ပြီး ပြန်တိတ်သွားလိမ့်မယ်။
နေ့လည်နေ့ခင်းတွေ မှာတော့ အ၀ါရောင် ခြင်္သေ့ကြီးတွေ ရေသောက်ရအောင် မြစ်ကမ်းစပ်ကို ဆင်းလာကြတယ်။ သူတို့မှာ မျက်လုံးစိမ်းတွေ ရှိပြီး သူတို့ ဟိန်းဟောက်သံတွေဟာ ရေတံခွန်သံတွေထက်တောင် ကျယ်သေးတယ်။
ပျံလွှားကလေး၊ အို- ပျံလွှားကလေး။ ငါလေ မြို့ရဲ့ ဟို အဝေးက အိမ်တစ်အိမ်ရဲ့ ကျဉ်းမြောင်း တဲ့ ထပ်ခိုးကလေးမှာ လူငယ်လေးတစ်ယောက်ကို တွေ့တယ်။ သူဟာ စားပွဲကလေးကို မှီနေပြီး စာရွက်တွေကို ခြုံထားတယ်။ သူ့နံဘေးနားက ဖန်ခွက်ထဲမှာတော့ ခြောက်သွေ့ညှိုးယော်နေပြီ ဖြစ်တဲ့ ခရမ်းရောင် ပန်းခြောက်တွေ ထိုးထားတယ်။ သူ့ဆံပင်တွေဟာ ညိုမှိုင်း ကြမ်းတမ်း နေတယ်။ သူ့နှုတ်ခမ်းတွေကတော့ ချယ်ရီသီးတွေလို နီရဲနေတယ်။ သူ့မှာ ပြူးကျယ်ပြီး လှပတဲ့ မျက်လုံးတွေလည်း ပိုင်ဆိုင်ထားတယ်။ သူ အခု ပြဇာတ်တစ်ပုဒ်ကို ရေးနေတယ်။ ဒါပေမဲ့ သူဟာ သိပ်အေးနေလို့ ပြဇာတ်ကို ဆက်ရေးခြင်းငှာ မစွမ်းသာတော့ဘူး။ မီးဖိုထဲမှာ မီးမရှိတော့သလို ဆာလောင်လွန်းလို့ ဖျော့တော့နေပြီ လို့ မင်းသားကလေးက ပြောလိုက်တယ်။
ကောင်းပြီလေ၊ ငါ မင်းနဲ့ တစ်ည ထပ်နေပေးလိုက်မယ် - နှလုံးသားလှတဲ့ ပျံလွှားကလေးက ပြောလိုက်တယ်။ ငါ သူ့အတွက် နောက်ထပ် ပတ္တမြားတစ်လုံး ယူသွားပေးရမလား။
အို့အို၊ ငါ့မှာ နောက်ထပ် ပတ္တမြား မရှိတော့ဘူးကွ- မင်းသားလေးက ပြောလိုက်တယ်။ ငါ့မှာ ခု ငါ့မျက်လုံးတွေပဲ ကျန်တော့တယ်။ အဲဒါတွေဟာ ဟို လွန်ခဲ့တဲ့ အနှစ်တစ်ထောင်လောက်က အိန္ဒိယက ယူလာခဲ့တဲ့ ရှားပါးပြီး အဖိုးတန်တဲ့ နီလာတွေကွ။ မျက်လုံးတစ်လုံးကို မင်း ထုတ်ယူပြီး ပြဇာတ်ဆရာလေး ကို သွားပေးလိုက်။ သူ အဲဒါကို ကျောက်ကုန်သည် တွေဆီမှာ သွားရောင်းပြီး ထင်း နဲ့ အစားအသောက်တွေ ၀ယ်လိမ့်မယ်။ ဒါဆို သူ့ပြဇာတ်ကို အဆုံးသတ်လို့ ရပြီ။
ချစ်တဲ့ မင်းသားလေး။ ဒါကိုတော့ ငါ မလုပ်ပြစေနဲ့ ကွယ် - ပျံလွှားလေးက ပြောပြောဆိုဆို ငိုချလိုက်တယ်။
ပျံလွှားလေးရယ်၊ ငါပြောတဲ့အတိုင်းသာ လုပ်စမ်းပါကွယ် - မင်းသားလေးက ထပ်ပြောလိုက်ပြန်တယ်။
ပျံလွှားလေးလဲ ဘာမှ ပြန်မပြောနေတော့ပဲ မင်းသားလေးရဲ့ မျက်လုံးတစ်ဖက်ကို ဖောက်ထုတ်ပြီး ဟိုးမှာ ရှိတဲ့ ပြဇာတ်ဆရာလေးရဲ့ အခန်းဆီ ပျံသွားတယ်။ ခေါင်းမိုးက ပေါက်နေတဲ့ အတွက် သူ လွယ်လွယ်ကူကူပဲ အထဲကို ၀င်သွား နိုင်တယ်။ လူငယ်လေးဟာ သူ့လက်မောင်းပေါ် ခေါင်းတင်ပြီး အိပ်နေတဲ့ အတွက် ငှက်ကလေး အတောင်ပံ တစ်ဖျပ်ဖျပ် ခတ်ပြီး ၀င်လာတာကို သတိမပြုမိလိုက်ဘူး။ သူခေါင်းမော့ ကြည့်လိုက်တဲ့ အခါမတော့ ခရမ်းပန်းခြောက်တွေ ပေါ်မှာ အရမ်း လှတဲ့ နီလာကျောက်ကြီး တစ်လုံး တင်ထားတာကို တွေ့လိုက်ရတော့တယ်။
ငါတော့ ကံထလာပြီဟေ့။ ဒါဟာ တန်ခိုးရှင် တစ်ယောက်ယောက်က ပေးလိုက်တာပဲ ဖြစ်ရမယ်။ ခုဆို ငါ့ပြဇာတ်ကို အဆုံးသတ်နိုင်တော့မယ် - လူငယ်လေးဟာ သိပ်ပြီး ရွှင်လန်း တက်ကြွနေတယ်။
နောက်နေ့မှာတော့ ပျံလွှားလေးဟာ သင်္ဘောဆိပ်ကမ်းကို လာခဲ့တယ်။ သူဟာ ဧရာမ သင်္ဘောကြီး တစ်စင်းရဲ့ ရွက်တိုင်ပေါ်မှာ နားလိုက်ပြီး သင်္ဘောသားတွေ ကုန်သေတ္တာကြီးတွေကို မနီလာအုန်းဆံကြိုးကြီးတွေနဲ့ ဆွဲတင်နေတာကို ကြည့်နေတယ်။ “တောက် - လေးလိုက်တာကွာ” သေတ္တာတစ်လုံး ဆွဲတင်ပြီးတိုင်း သူတို့ ငြီးလိုက်သံကို အတိုင်းသား ကြားနေ ရတယ်။ “ငါ အီဂျစ်ကို သွားတော့ မလို့ဟေ့” ပျံလွှားလေးက အော်ပြောလိုက်တယ်။ ဒါပေမဲ့ သူ့ကို ဘယ်သူမှ ဂရုစိုက် မနေဘူး။
လ လည်း ထွက်လာရော သူ မင်းသားလေးဆီ ပျံခဲ့ပြန်တယ်။
ငါ မင်းကို နှုတ်ဆက်ဖို့ လာခဲ့တာပဲ၊ သွားမယ် - ပျံလွှားလေးက အော်ပြောလိုက်တယ်။ ပျံလွှားလေးရေ၊ မင်း ငါနဲ့ နောက်ထပ် တစ်ညလောက်များ ထပ်ပြီး မနေပေးနိုင်တော့ ဘူးလားကွယ် - မင်းသားလေးက ပြောလိုက်တယ်။
ခုဆို ဆောင်းဝင်လာပြီ။ ဒီမှာ မကြာမီ အသည်းခိုက်အောင် အေးတဲ့ နှင်းတွေ ကျလာတော့မယ် - ပျံလွှားလေးက ပြန်ပြောလိုက်တယ်။ ခုလောက်ဆို အီဂျစ်မှာ နေရောင်ဟာ စွန်ပလွန်ပင်တွေ ပေါ်မှာ နွေးနွေးထွေးထွေး ဖြစ်နေပြီ။ သူတို့ကို ရွှံညွံတွေထဲမှာ လျောင်းနေတဲ့ မိချောင်းကြီးတွေက ပျင်းပျင်းရိရိ ကြည့်နေကြတယ်။ ငါ့အပေါင်းအဖော်တွေဟာ ဘာဘက် ဘုရားကျောင်းထဲမှာ အသိုက်တွေ ဆောက်နေကြပြီ။ ပန်းရောင်နဲ့ အဖြူရောင် ချိုးလေးတွေက တကူကူး ကူရင်း သူတို့ကို ကြည့်နေကြတယ်။
မင်းသားလေး၊ ခု ငါ မင်းကို ခွဲသွားရလိမ့်မယ်။ ဒါပေမဲ့ ငါ မင်းကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ နောက် နွေဦး ပေါက်မှာ မင်းလူတွေကို ပေးလိုက်တဲ့ ကျောက်နှစ်လုံးအစား ငါ မင်းဘို့ လှပတဲ့ ကျောက်နှစ်လုံး အစား ယူလာပေးမယ်။ ပတ္တမြားရဲ့ အရောင်ဟာ နှင်းဆီရဲရဲ ရဲ့ အရောင်ထက် ပိုရဲနေပြီး နီလာကလည်း ပင်လယ်ပြာကြီးပြာသလို ပြာလဲ့ နေရစေ့မယ်။
အောက်က ရင်ပြင်မှာ မီးခြစ်ရောင်းတဲ့ ကောင်မလေး တစ်ယောက် ရပ်နေတယ်။ သူ့မီးခြစ်တွေ ရေမြောင်းထဲ ပြုတ် ကျပြီး အကုန်ရေစိုး ပျက်စီးကုန်ပြီ - မင်းသားလေးက ပြောလိုက်တယ်။ သူပိုက်ဆံ တစ်ပြားမှ မပါဘဲ အိမ်ပြန်သွားရင် သူ့အဖေ ရိုက်လိမ့်မယ်။ ဒါ ဆို သူငိုရတော့မှာပဲ။ ကောင်မလေးမှာ ခြေအိတ်တို့ ဖိနပ်တို့လည်း မရှိဘူး။ သူ့ခေါင်းသေးသေးကလေး ကလေည်း ပြောင်နေပြီ။ မင်း ကျန်တဲ့ င့ါမျက်လုံး တစ်ဖက်ကို ဖောက်ထုတ်ပြီး သူ့ကို သွားပေးလိုက်ပါကွာ။ ဒါဆို သူ့အဖေ ရိုက်မှာ မဟုတ်တော့ဘူး။
မင်းသားလေး၊ ဒီည ငါ မင်းနဲ့ အတူနေမယ်။ ဒါပေမဲ့ မင်းမျက်လုံးကိုတော့ ငါ မဖောက်ထုတ်ပေးနိုင်ဘူး။ ဒါဆို မင်း ကန်းသွားမှာ ပေါ့ လို့ ပျံလွှားလေးက ပြန်ပြောလိုက်တယ်။
ပျံလွှားလေးရယ်၊ ငါပြောတဲ့အတိုင်းသာ လုပ်စမ်းပါကွယ် - မင်းသားလေးက ပြောလိုက်တယ်။
ပျံလွှားလေးလည်း မင်းသားလေးရဲ့ မျက်လုံးကို ထုတ်ယူလိုက်ပြီး မီးခြစ်ရောင်းတဲ့ ကောင်မလေးဆီကို တရှိန်ထိုး ပျံဆင်းသွားလိုက်တယ်။ နောက်တော့ ကောင်မလေးရဲ့ လက်ထဲ နီလာကျောက်ကြီး ကို ပစ်ချပေးလိုက်တယ်။
အယ်၊ လှလိုက်တဲ့ ဖန်တုံးလေးတော့ လို့ အော်ပြီး ကောင်မလေးဟာ ရွှင်မြူးစွာ ရယ်မောပြီး အိမ်ကို အပြေးပြန် သွားတယ်။
ပျံလွှားလေးဟာ မင်းသားလေးဆီ ပြန်လာခဲ့ပြီး ကဲ၊ ဘယ့်နဲ့ရှိစ။ ခုတော့ မင်းခုတော့ ဘာမှ မမြင်ရတော့ဘူး မဟုတ်လား။ ငါ မင်းနဲ့ပဲ တစ်သက်လုံးနေတော့မယ် လို့ ပြောလိုက်တယ်။
မဟုတ်ဘူး ကောင်လေး၊ မင်း အီဂျစ်ကို သွားရမယ် လို့ မင်းသားလေးက ပြန်ပြောလိုက်တယ်။
မင်းသားလေး၊ ငါ မင်းနဲ့ တစ်သက်လုံး အတူနေတော့မယ်လို့ ဆုံးဖြတ်ချက် ချပြီးပြီ လို့ ပြောပြောဆိုဆို ပျံလွှားလေး ဟာ မင်းသားလေးရဲ့ ခြေရင်းမှာ အိပ်ပျော်သွားတော့တယ်။
နောက်နေ့ကစပြီး ပျံလွှားလေးဟာ မင်းသားလေးရဲ့ ပုခုံးပေါ်မှာ နားနေပြီး သူမြင်တွေ့ရတဲ့ မြင်ကွင်း အသစ်အဆန်း တွေကို မင်းသားလေးကို ပြောပြနေတော့တယ်။ သူက နိုင်းမြစ်ကမ်းဘေးမှာ စီတန်းရပ်နေပြီး နှုတ်သီးတွေနဲ့ ငါးဖမ်းနေတဲ့ ဗျိုင်းအောက်တွေ အကြောင်း၊ ကမ္ဘာကြီးလောက် သက်တမ်းရှိနေပြီ ဖြစ်တဲ့ အရာရာကို သိနေတဲ့ သဲကန္တာရထဲက စဖင့် ရုပ်တု ကြီးတွေ အကြောင်း၊ အ၀ါရောင် ဖန်ပုတီးကြီးတွေကို လက်ကောက်လုပ် ၀တ်ထားပြီး ကုလားအုပ်တွေ ဘေးကနေ ဖြည်းဖြည်း ချင်းလျှောက်သွားနေတဲ့ ကုန်သည်တွေ အကြောင်း၊
မဟော်ဂနီသားလို မည်းကြုတ်နေပြီး မှော်ဖန်လုံးကြီးကို ကိုးကွယ်နေတဲ့ စန္ဒာတောင်ကုန်းတို့ရဲ့ အရှင်သခင်ကြီး အကြောင်း၊ စွံပလွံပင်တွေပေါ်မှာ နေပြီး ပုယောဟိတ် အယောက် ၂၀ တို့ရဲ့ ပျားရည်ကိတ်တွေနဲ့ လုပ်ကျွေးသမှု ပြုခြင်းကို ခံယူနေတဲ့ မြွေစိမ်းသခင် အကြောင်း၊ တောရိုင်းလိပ်ပြာကြီးတွေနဲ့ အမြဲ တိုက်ခိုက်နေပြီး ရေကန်ကြီးထဲကို ရွက်လှေကြီးတွေ နဲ့ ဖြတ်သွားတဲ့ ပစ်ဂမီ လူမျိုးတွေ အကြောင်း - စသဖြင့် ပေါ့။
အို၊ သိပ်ချစ်စရာကောင်းတဲ့ ပျံလွှားကလေး။ မင်းက င့ါကို မြန်မာ့ရုပ်မြင်သံကြားက လွှင့်ထုတ်နေတဲ့ သတင်းတွေလို ကောင်းတာတွေ တော်တာတွေချည်းပဲ ပြောနေတော့တာကိုး။ ပိုကောင်းတာကတော့ ပြည်သူပြည်သား လူအများတွေ ဒုက္ခ၊ သုက္ခ ရောက်နေတာတွေကို ငါ ပို သိချင်တယ်ကွာ။ မင်း ငါ့မြို့ကြီးပေါ် ပျံသွားပြီး တွေ့သမျှ မြင်သမျှတွေ ငါ့ကို ပြန်ပြောပြပါ လား ကောင်လေးရာ။
ဒါနဲ့ပဲ ပျံလွှားလေးဟာ မြို့ကြီးပေါ်ကို ပျံဝဲကြည့်လိုက်တယ်။ သူတောင်းစားတွေ တံခါးဝမှာ ထိုင်တောင်းနေချိန်မှာ လူချမ်းသာတွေ ကတော့ အိမ်ကြီး ရခိုင်တွေထဲမှာ သောက်စား ပျော်ပါးနေကြတယ်။
သူ မှောင်မဲနေတဲ့ လမ်းကြိုလမ်းကြားလေးတွေထဲ ပျံသန်းလာတော့ အစာငတ်မွတ်နေတဲ့ ကလေးတွေဟာ ဖြူဖတ် ဖြူယော် မျက်နှာတွေနဲ့ အားမရှိတော့သလို ငေးကြည့်နေတာကို အနက်ရောင်လမ်းတွေ ပေါ်မှာ တွေ့ရတယ်။ ဂုံးကျော်တံတား တစ်စင်းရဲ့ အောက်မှာတော့ ကလေးငယ်နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် ဖက်ထားပြီး တတ်နိုင်သမျှ နွေးအောင် ကြိုးစားနေကြတယ်။ ဆာလိုက်တာကွာ လို့လည်း ငြီးညူနေကြတယ်။ ဟေ့ကောင်တွေ မင်းတို့ ဒီအောက်မှာ မအိပ်ရဘူး လို့ တံတားစောင့်က အော်လိုက်တဲ့ အခါမှာတော့ သူတို့ဟာ မိုးရွာကြီးထဲကို ထွက်သွားကြရတော့တယ်။
ပျံလွှားလေးဟာ မင်းသားလေးဆီ ပြန်လာပြီး သူတွေ့ခဲ့ရ သမျှတွေကို ပြန်ပြီး ဖောက်သည်ချတယ်။
ငါ့တစ်ကိုယ်လုံးကို ရွှေပိန်းချထားတာ။ ဒီရွှေတွေကို တစ်ပြားချင်း တစ်ပြားချင်း ခွာယူပြီး အဲဒီ ဆင်းရဲသားတွေကို သွားပေးလိုက်ပါ။ ဒီရွှေပြားတွေဟာ သူတို့ ကို ချမ်းသာ ပျော်ရွှင်စေလိမ့်မယ် - မင်းသားလေးက ပြောလိုက်တယ်။
ပျံလွှားလေးဟာ မင်းသားလေး ကိုယ်ပေါ်က ရွှေပြားတွေကို တစ်ပြားစီ တစ်ပြားစီ ခွာချလိုက်တာ မင်းသားလေး ကိုယ်ဟာ ရွှေမရှိတော့ပဲ ပြာမှိုင်းမှိုင်း မွဲခြောက်ခြောက် ဖြစ်သွားတော့တယ်။ အဲဒီ ရွှေပြားတွေကို ငှက်ကလေးဟာ တစ်ပြားစီ တစ်ပြားစီ ဆင်းရဲ သားတွေဆီ သယ်သွားတယ်။ ခုဆို ကလေးတွေရဲ့ မျက်နှာမှာ နှင်းဆီရောင်သန်းလာပြီး လမ်းတွေပေါ်မှာ ပျော်ပျော်ရွှင်ရွှင် ပြေးလွှား ဆော့ကစား နေကြပြီ။ ငါတို့ ခု ထမင်း၀၀ စားရပြီ လို့ သူတို့ အော်ဟစ် သီဆိုနေကြတယ်။
နှင်းတွေကျလာပြီ။ နောက်တော့ နှင်းတွေဟာ ခဲကုန်တယ်။ လမ်းတွေဟာ ငွေနဲ့ ခင်းထားသလိုပဲ။ အရမ်းတောက်ပ ပြောင်လက်နေတယ်။ အိမ်ခေါင်မိုး တံစက်မြိတ်တွေမှာတော့ ရေခဲချောင်းလေးတွေဟာ တွဲလောင်းကျနေတယ်။ လူတိုင်း အိမ်ပြင်ထွက်တဲ့အခါ သားမွေးထည်ကြီးတွေ ၀တ်ထားကြတယ်။ လူငယ်တွေကတော့ အနီရောင် ဦးထုပ်တွေဆောင်းပြီး ရေခဲပြင်ပေါ် စကိတ် စီးနေကြတယ်။
သနားစရာ ပျံလွှားလေးဟာ အေးသထက် အေးလာတယ်။ ဒါပေမဲ့ သူ မင်းသားလေးကို စွန့်ခွာ မသွားခဲ့ဘူး။ သူ မင်းသားလေးကို သိပ် ချစ်နေမိပြီ။ ပေါင်မုံ့ဖုတ်သမား လှည့်မကြည့်တဲ့ အခါ ပေါင်မုံ့ဖို တံခါး အပြင်ဘက်က ပေါင်မုံ့အစအန တချို့ကို သူကောက်လာခဲ့တယ်။ နောက်ပြီး တောင်ပံ တစ်ဖျပ်ဖျပ်ခတ်ရင်း သူ့ကိုယ်ကို နွေးအောင် အတတ်နိုင်ဆုံး ကြိုးစား နေရတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ သူသေရတော့မယ် ဆိုတာ သိလိုက်တယ်။
သူဟာ ရှိသမျှ အားကို ထုတ်သုံးပြီး နောက်ဆုံးတစ်ကြိမ် မင်းသားလေး ပုခုံးပေါ် အားယူ ပျံတက်လိုက်တယ်။
ချစ်တဲ့ မင်းသားလေးရေ၊ ငါသွားတော့မယ်ကွယ် - သူ လေသံ ဖျော့ဖျော့လေးနဲ့ ပြောလိုက်တယ်။ မင်းရဲ့ လက်ကလေးကို နမ်းခွင့် ပြုမှာလားဟင်။
ပျံလွှားလေးရေ၊ နောက်ဆုံးတော့ မင်း အီဂျစ်ကိုသွားတော့မယ် ဆိုလို့ ငါ ၀မ်းသာလိုက်တာကွယ်။ မင်း ဒီမှာနေတာ သိပ်ကို ကြာသွားပြီ။ ငါ မင်းကို ချစ်တဲ့အတွက် မင်း ငါ့နှုတ်ခမ်းတွေကို နမ်းပါကွယ် - မင်းသားလေးက ပြောလိုက်တယ်။
မင်းသားလေး၊ ငါသွားမှာ အီဂျစ်ကို မဟုတ်ပါဘူးကွယ်။ မရဏစံအိမ်ကိုပါ။ သေခြင်း ဆိုတာ အိပ်ခြင်းရဲ့ နောင်တော် ပဲ၊ မဟုတ်ဘူးလားဟင် - ပျံလွှားလေးဟာ အဲဒီလို ပြောပြီးနောက်တော့ သုခကုမ္မာ မင်းသားလေးရဲ့ နှုတ်ခမ်းကလေးကို ဖွဖွလေး နမ်းပြီး မင်းသားလေးရဲ့ ခြေထောက်ပေါ်ကို ဖုတ်ကနဲ ပြုတ်ကျ သေဆုံးသွားတော့တယ်။
အဲဒီခဏလေးမှာပဲ ရုပ်တုအတွင်းဘက်က တစ်ခုခု ကွဲသံလိုလို ထူးဆန်းတဲ့ အက်သံတစ်ခု ကြားလိုက်ရတယ်။ တကယ်ကတော့ မင်းသားလေးရဲ့ အသည်းနှလုံး နှစ်ခြမ်းကွဲသွားတာပါပဲ။ သေချာတာကတော့ နှင်းတွေ ခဲနေအောင် ကျနေတာပဲ။
နောက်နေ့မနက်စောစောမှာ မြို့တော်ဝန်ဟာ ရင်ပြင်တော်ဘက်ကို သူ့ ကောင်စီဝင်တွေနဲ့ အတူ လမ်းလျှောက် ထွက်လာတယ်။ မျှော်စင်ဘက်လဲ ရောက်ရော သူ မင်းသားရုပ်တု ကို မျှော်ကြည့်လိုက်တယ်။
အလို၊ ဘုရားရေ။ သုခကုမ္မာမင်းသား ရုပ်တုဟာ ဘာလို့များ ဒီလို ဆိုးဆိုးရွားရွား ဖြစ်သွားရတာပါလိမ့် လို့ လန့်အော် လိုက်တယ်။
တကယ့်ကို ဆိုးဆိုးရွားရွား ဖြစ်နေပါပေါ့လား လို့ မြို့တော်ဝန်ပြောတိုင်း အမြဲတမ်း လက်ညှိုးထောင် ခေါင်းညိတ် လုပ်တတ်တဲ့ တခြား ကောင်စီဝင်တွေကပါ သံယောင်လိုက် အော်လိုက်ကြတယ်။ နောက်ပြီး စူးစမ်းရအောင် အပေါ်ကို တက် သွားကြတယ်။
ဓါးရိုးက ပတ္တမြားကြီးလည်း မရှိတော့ဘူး။ မျက်လုံးတွေလည်း အဖောက်ခံ ထားရတယ်။ ရွှေပြားတွေလည်း မရှိတော့ ဘူး။ အင်း၊ သူတောင်းစား သာသာပဲ ကျန်တော့တယ် လို့ မြို့တော်ဝန်က ပြောလိုက်တယ်။
သူတောင်းစား သာသာပဲ ကျန်တော့တယ် - ကောင်စီဝင်တွေကလည်း သံယောင်လိုက်လိုက် ကြတယ်။
ကြည့်ကြစမ်းပါဦး ကွယ်ရို့၊ သူ့ခြေရင်းမှာလည်း ငှက်သေတစ်ကောင်။ ဒီလိုနေရာမှာ ငှက်တွေသေခွင့်မရှိဘူး လို့ အမိန့်ထုတ်ရမယ် လို့ မြို့တော်ဝန်က ပြောလိုက်တဲ့အခါ သူ့စာရေးက မှတ်စုစာအုပ်မှာ လိုက်မှတ် လိုက်တယ်။
အဲဒီနောက် သူတို့ဟာ သုခကုမ္မာ မင်းသားရုပ်တုကို ဆွဲချလိုက်ကြတယ်။
သူဟာ ကျက်သရေလည်း မရှိတော့ဘူး။ အသုံးလည်း မတည့်တော့ဘူး - လို့ အနုပညာ တက္ကသိုလ် ပါမောက္ခကြီး က မှတ်ချက်ချလိုက်တယ်။
နောက်တော့ သူတို့ဟာ ရုပ်တုကို မီးဖိုထဲမှာ အရည်ကြိုပစ်လိုက်ကြတယ်။ မြို့တော်ဝန်က ဒီ သတ္တုတွေကို ဘာလုပ်ရင် ကောင်းမလဲ လို့ စည်းဝေးပွဲ ခေါ်လိုက်တယ်။
အကောင်းဆုံးကတော့ နောက်ထပ် ရုပ်တု တစ်ခု ထပ်လုပ်ဖို့ပဲ။ အဲဒီရုပ်တုကတော့ ကျုပ်ကိုယ်တိုင်ရဲ့ ရုပ်တု ဖြစ်လိမ့် မယ် - လို့ မြို့တော်ဝန်က ပြောလိုက်တယ်။
ကျုပ်ရုပ်တု - ကျုပ်ရုပ်တု - လို့ ကောင်စီဝင်တွေဟာ တစ်ယောက်တစ်ပေါက် အချင်းချင်း ပြောကြ ဆိုကြ ငြင်းကြ ခုံကြ ဖြစ်သွားတယ်။
သူတို့ဟာ ကျွန်တော်ထွက်လာတဲ့ထိ ငြင်းကြ ခုန်ကြလို့ မပြီးသေးဘူး။
ဆန်းပြားပါပေ့ကွယ်။ ဒီ ခဲနဲ့လုပ်ထားတဲ့ နှလုံးသား အကွဲဟာ သံရည်ကြိုစက်ထဲမှာ ဘယ်လိုမှ အရည်ကြိုလို့ မရဘူး၊ ဒါကိုတော့ လွှင့်ပစ်ရလိမ့်မယ် - လို့ သံရည်ကြိုစက် အလုပ်သမားခေါင်းဆောင် က ပြောလိုက်တယ်။
အဲဒီလိုနဲ့ သူတို့ဟာ မင်းသားလေးရဲ့ ကွဲကြေနေတဲ့ နှလုံးသားကို ပျံလွှားငှက် အသေကလေးပစ်ထားတဲ့ အမှိုက်ပုံထဲ ကို ပစ်ထည့်လိုက်ကြတယ်။
ဟောဒီမြို့ထဲက တန်ဘိုးအရှိဆုံး အရာနှစ်ခု ငါ့ဆီ ယူခဲ့ကြစမ်းဟေ့ လို့ ဘုရားသခင်က သူ့နတ်သား တစ်ယောက်ကို ခိုင်းလိုက်တယ်။
နတ်သားဟာ မင်းသားလေးရဲ့ နှလုံးသားအကွဲ နဲ့ ငှက်သေကလေးကို ယူသွားတယ်။
မင်းတော်တယ်ဟေ့၊ ရွေးတတ်သားပဲ။ ငါ့ရဲ့ ကောင်းကင်ဘုံ ဥယျာဉ်တော်မှာ ဒီငှက်ကလေးဟာ အမြဲ တေးသီနေရမယ်။ ငါ့ရဲ့ ရွှေနိုင်ငံတော်မှာတော့ ဟောဒီ မင်းသားလေးဟာ ငါ့ကို အမြဲ ခစားနေရလိမ့်မယ် - လို့ ဘုရားသခင်က ကောင်းချီးပေးလိုက်တယ်။
ကလေးတို့ရေ၊ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ ကလေးတို့လည်း မင်းသားလေးနဲ့ ငှက်ကလေးလို ကြင်နာတတ်တဲ့ နှလုံးသားနဲ့ ကောင်းမြတ်တဲ့ စိတ်ထား ထားကြရမယ်ကွဲ့နော်။
ဘာသာပြန်သူ
ဦးအေးငြိမ်း
၂၇-၁၀-၀၉ ည ၁၁ နာရီ ၂၅ မိနစ်
ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ တက္ကသိုလ်ဘုန်းနိုင်
Labels
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲ (10)
- Bitter Life (26)
- Build Your Future (10)
- Christopher (34)
- Construction Safety Handbook (57)
- Covid19 (19)
- Education (26)
- Emergency handbook (7)
- Engineering (12)
- Environment (8)
- Farm Safety (10)
- Fire Protection (5)
- Fridge and Aircond (6)
- Gas Pipe Line (5)
- General (215)
- Greenery Singapore (2)
- Health (6)
- IOSS (3)
- ISO 45001 (7)
- ISO 9001 (2)
- Knowledge sharing sessions (4)
- Life (8)
- Living in Singapore (68)
- My Articles (571)
- Myanmar (65)
- Myanmar Culture (15)
- Myanmar Transitional Platform (31)
- Piping (41)
- PPE Book (3)
- Safety (153)
- Tire Safety (5)
- Welding Technology (6)
- Working in Singapore (45)
- ကဗ်ာမ်ား (27)
- စင်ကာပူအကြောင်း (96)
- စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁ (3)
- စာအုပ္မ်ား (3)
- ဒသမတန်း မြန်မာစာ (9)
- မြန်မာစာ (1)
- မြန်မာပြက္ခဒိန် (7)
- မြန်မာပြက္ခဒိန် (62)
- မြွေဆိပ်ဖြေဆေး (5)
Tuesday, October 27, 2009
Saturday, October 24, 2009
Bitter Life XXII (ကိုညီညီလွှင်)
(၁၄)
နာမည် - ကိုညီညီလွင်
အသက် - ၂၃
ပညာအရည်အချင်း - သိပ္ပံဘွဲ့(ဓါတုဗေဒ)
လက်ရှိအလုပ်အကိုင် -
လစာ - ၄၅၀
ကိုညီညီလွင်သည်လည်း အခြားသူများကဲ့သို့ပင် ကျောထောက်နောက်ခံ မရှိဘဲ မိမိဘ၀လမ်းကြောင်းကို မိမိဘာ သာ ခုတ်ထွင်ရှင်းလင်း ခရီးထွက်ခဲ့ရသူ ဖြစ်ပါသည်။ သို့အတွက် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး ငွေကုန်ကြေးကျလည်း များခဲ့ရသည်။ သို့သော် သူက ရည်မှန်းချက်ရှိသော လူငယ်တစ်ဦး ဖြစ်သည်။ သင်ကြားပြသ မြေတောင် မြှောက်ပေးမည့် သူ ရှိလျှင် ခဏလေးနှင့် အထက်တန်း ရောက်သွားနိုင်သည်။ သို့သော် လက်တွေ့တွင်မူ ရုန်းကန်ရဆဲ ဖြစ်သည်။
မြန်မာပြည်မှ အေးဂျင့်က နှစ်နှစ် ကန်ထရိုက် ဟုပြောလိုက်သော်လည်း လက်ရှိ ပရောဂျက် ပြီးပြီ ဖြစ်သဖြင့် တစ်နှစ်နှင့် ပြန်လွှတ်ဖို့ များသည် ဟု ပြောသည်။ သို့အတွက် အလုပ်သစ်ရှာဆဲ ဖြစ်သည်။
ဒီမလာခင် ရန်ကုန်မှာတုံးက သင်တန်းတွေပဲ လှိမ့်တက်နေခဲ့တာပဲ။ လျှပ်စစ်သင်တန်း၊ အဲယားကွန်း သင်တန်း စသဖြင့်ပေါ့။ လက်တွေ့အနေနဲ့ ကတော့ သင်တန်းမှာ လုပ်ခဲ့တာလောက်ပဲ။ အပြင်မှာ လိုက်လုပ်သေးတယ်။ ဒါပေမဲ့ ကျကျ နန လုပ်ရတာ မဟုတ်ပါဘူး။ အကူလောက်ပါဘဲ။ အဲဒီလို တစ်နှစ်လောက် လုပ်ခဲ့တယ်။ နောက်တော့ နိုင်ငံခြား ထွက်ဘို့ ဇောက်ချ လုပ်ခဲ့တာပဲ။ စင်ကာပူလာဘို့ ကြိုးစားတာ တစ်နှစ်ခွဲလောက် ကြာတယ်။
စပြီး အဆက်အသွယ် ရတာက ကျွန်တော့်အစ်ကိုရဲ့ အသိတစ်ယောက်။ သူက စင်ကာပူက သင်္ဘောကျင်းကြီး တစ်ခုမှာ လုပ်တယ်။ သူတို့ သင်္ဘောကျင်းက လူတွေ ခေါ်တော့ သူ တစ်သုတ်ပြီး တစ်သုတ် ခေါ်တယ်။ ပထမ အသုတ် တွေ အကုန်အဆင်ပြေတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ ကျွန်တော့်ကို ခေါ်တဲ့ အသုတ်ကျမှ အဆင်မပြေဘူး ဖြစ်ကရော။ ကျွန်တော်တို့ အတွက် တင်လိုက်တဲ့ work permit တွေ ကျမလာဘူး။
သူ့ကို စရံ ငွေ ၅ သိန်းပေးထားတယ်။ သူ့ကို မေးတော့ ခဏစောင့်ပါဦး၊ ကျတော့မယ် နဲ့ စောင့်လိုက်ရတာ ၅ လလောက် ကြာသွားတယ်။ ကျွန်တော် စိတ်မရှည်တော့ဘူး။ ဒါနဲ့ ကျွန်တော်လည်း ဆက်မလုပ်ချင်တော့ဘူး ဆိုပြီး ပေးထားတဲ့ ပိုက်ဆံ ပြန်တောင်းပြီး နောက်အေးဂျင့် တစ်ခုပြောင်း လျှောက်တယ်။ လှိုင်သာယာက န၀ဒေးလမ်းမှာ ရှိတဲ့ အေးဂျင့်တစ်ခု။ သူက Low Levy သင်တန်းပါ ပေးတယ်။ သင်တန်းပြီးရင် နိုင်ငံခြားကို အသုတ်လိုက် လွှတ်တယ်။
အဲဒီမှာ ကျွန်တော်သွား အပ်ပြန်ရော။ ကျွန်တော့်အသိရဲ့ အစ်ကိုတစ်ယောက်ဆို သင်တန်းလည်းပြီးရော တစ်ပါတ်အကြာမှာ ထွက်သွားတယ်။ ဆိုတော့ အားကျစရာပေါ့။ ဒါပေမဲ့ အဲဒီမှာ အလုပ်အပ်ဖို့အတွက်က စရံပေးရမှာကိုး။ အဲဒါနဲ့ ခုနက ပြောတဲ့ သင်္ဘောကျင်း မှာ လုပ်ဖို့ အပ်ထားတဲ့ ပိုက်ဆံ ငါးသိန်းကို အသည်းအသန် သွားတောင်းရတယ်။ တော်တော်နဲ့ ပြန်မရဘူး။ မရတော့ တော်တော်နဲ့ အလုပ်မအပ်နိုင်ဘူး။ ၆ လ ပိုင်းကျမှ ပြန်ရတယ်။
ကြားဖြတ်ပြောရရင် ကျွန်တော် နိုင်ငံခြားသွားဘို့ လုပ်တာ အိမ်ကို အသိပေးရုံပဲ ပေးထားတာ။ ကျန်တာ အကုန် လုံး ကျွန်တော် ကိုယ့်ဟာကိုယ် လိုက်လုပ်ရတာ။
ဘာမှ အလုပ်မဖြစ်နိုင်သေးတော့ ကျွန်တော်လည်း ကောင်းနိုးရာရာ သင်တန်းတွေ လျှောက်တက်တယ်။ အဲဒီမှာ တင် လှည်းတန်းနားက Tech မှာ လျှပ်စစ်သင်တန်း သွားတက်တယ်။ Basic Electrical Installation and Wiring Course တဲ့။ သင်တန်းတက်နေရင်းပဲ အဲဒီ Tech က စင်ကာပူသွားဘို့ ခေါ်တယ်။ ဒါပေမဲ့ ကျွန်တော်က ဟိုမှာပေးထားတဲ့ ပိုက်ဆံ ပြန်မရသေးတာရယ်။ လှိုင်သာယာက အေးဂျင့်မှာ အပ်ထားတာရယ် ကြောင့် အဲဒီအလုပ်ကို လက်လွှတ်လိုက် ရတယ်။ ဒီကြားထဲတော့ မော်လမြိုင် ပြန်လိုက် ရန်ကုန်လာလိုက်နဲ့ စရိတ်လည်း ထောင်းတာပေါ့။
နောက်ပြီး ကျွန်တော်က ရန်ကုန်မှာ ဘာအဆွေအမျိုးမှ ရှိတာ မဟုတ်ဘူး။ နေတာက အဆောင်၊ စားတာက ဆိုင် ဆိုတော့ ကုန်တာပေါ့။ တစ်နေ့ကို အနည်းဆုံး ၂၀၀၀၊ ၃၀၀၀ လောက်တော့ အနည်းလေး ကုန်တယ်။
လှိုင်သာယာ အေးဂျင့်က အတော့်ကို သေချာသလောက် ဖြစ်နေတာ။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့အပြော အရ ခေါ်ချင်တာက ၅၀၀ လောက် ရှိတယ်။ ဒါပေမဲ့ သူတို့ဆီမှာ တက်နေတဲ့ သင်တန်းသားက ၄၀၀ လောက်ပဲ ရှိတာ ဆိုတော့ မပါဘူးဆိုတာ မရှိရဘူး။ စာမေးပွဲအောင်တာနဲ့ ချက်ခြင်း တန်းသွားရမယ်။ အခြေအနေက အဲဒီလိုကို ဖြစ်နေတာ။
ကျွန်တော် ၆ လပိုင်းမှာ ဟိုဘက်က ပိုက်ဆံ ပြန်ရလို့ ၇ လပိုင်းမှာ သင်တန်း တက်တယ်။ ၈ လပိုင်းမှာ အောင်စာရင်း ထွက်တယ်။
ကံများ ဆိုးလိုက်ပုံ ပြောပါတယ်။ ကျွန်တော်တို့ အရင် အသုတ်တွေတုံးက ဟုတ်လို့။ ဒီအပတ် စာမေးပွဲ အောင်။ နောက်အပတ် ထွက်။ အဲဒီလို အသုတ်လိုက် လွှတ်နေတာ ကျွန်တော် စာမေးပွဲ အောင်တဲ့ အချိန်မှာ စင်ကာပူက စီးပွားရေး ကျလို့ ဆိုပြီး လူပို့တာတွေ ချက်ခြင်း ရပ်လိုက်ရတယ်။ သင်တန်းဆင်းထားတဲ့ သူတွေက ၄၀၀ ကျော်လောက်။ တစ်ပတ် ခေါ်တာမှ ၄ ယောက်၊ ၅ ယောက်။ ကျွန်တော် ဘယ်အထိ စောင့်လဲ ဆိုတော့ ၂၀၀၉ ခုနှစ် ဇန်န၀ါရီ လထိ။ အဲဒီမှာ ကျွန်တော်လည်း အောင်လက်မှတ်ကြီး ကိုင်ပြီး ဘာလုပ်ရမှန်း မသိ။ ယောင်လည်လည်နဲ့။
ရန်ကုန်မြို့လယ် ၂၈ လမ်းကနေ ၅၇ လမ်းထိ ကျွန်တော် မရောက်ဖူးတဲ့ အေးဂျင့်မရှိဘူး။ အကုန်လျှောက်သွား၊ မေး စမ်းကြည့်ပေါ့။ အလကားနေ အလကားပဲ ဆိုပြီး ကျွန်တော် အဲယားကွန်းသင်တန်း သွားတက်ပြန်ရော။ သင်တန်း တက်ပြီးတော့ အဲဒီကနေ အလုပ်ခေါ်တယ်။ သင်တန်းဆရာ အရင်တုံးက လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီကနေ ခေါ်တာ။ အဲဒီမှာ ကျွန်တော် ၀င်ဖြေတာ စာတွေ့အောင်တယ်။ အောင်တော့ အင်တာဗျူးဝင်ဘို့ အတွက် အေးဂျင့်ဖီးကို အရင်မေးရတယ်။ အေးဂျင့်ဖီးက လေယာဉ်လက်မှတ် အပါအ၀င် စင်ကာပူဒေါ်လာ ၃၈၀၀ တဲ့။
ကျွန်တော့်မှာ အဲဒီလောက် ပိုက်ဆံ မကျန်တော့ဘူး။ ဟို လှိုင်သာယာမှာ သင်တန်းသွားတက်တာရယ်၊ နေတာ စားတာတွေရယ် နဲ့ ပိုက်ဆံက တော်တော် ပွန်းသွားပြီ။ ဆိုတော့ ဆရာ့ကို ပြောပြရတယ်။ ဆရာ၊ ကျွန်တော် စင်ကာပူ သွားဘို့ အေးဂျင့်တွေ လိုက်ရှာရင်းနဲ့ ပိုက်ဆံတော်တော် ကုန်သွားပြီ။ အဲဒီတော့ ကျွန်တော့ကို လျှော့ယူပါ ပေါ့။ ဆရာ က မင်းဝင်ပြီး ပါအောင် အရင်ဖြေ လို့ပြောတယ်။ သူတို့ အလုပ်က လခကောင်းတယ်။ Basic Pay ၆၀၀ နဲ့ အိုဗာတိုင်လည်း ကောင်းတယ် ပေါ့။
အင်တာဗျူးတဲ့ နေ့ကျတော့ ကျွန်တော် သွားတယ်။ ဒါပေမဲ့ ဖြေဘို့ စိတ်မကူးဘူး။ ပါလဲ လိုက်မှာမှ မဟုတ်တာ။ ကျွန်တော် ၀င်ဖြေလိုက်လို့ ရွေးလိုက်ရင် တကယ်လိုက်မဲ့ သူတစ်ယောက်အတွက် နစ်နာတာပေါ့။ ဒါနဲ့ အဲဒီအောက်မှာ လဖက်ရည် သောက်ရင်း ကျွန်တော် ထိုင်စောင့်နေတယ်။ အားလုံး အင်တာဗျူး ပြီးလောက်ပြီ ဆိုမှ တက်သွားတယ်။ ဒါပေမဲ့ ဟိုမှာ အင်တာဗျူးက မပြီးသေးဘူး။ စာရေးမတွေက အင်တာဗျူး ၀င်ခိုင်းတယ်။ ဒါပေမဲ့ ကျွန်တော် မ၀င်တော့ဘူး။ အခြေအနေကြည့်ပြီး ပြန်ခဲ့တယ်။ ဆိုပါတော့ အဲဒီကို မလိုက်ဖြစ်ဘူး။
၂ လပိုင်းမှာ Sanko အတွက် ၅၇ လမ်းက အေးဂျင့်တစ်ခုမှာ အင်တာလာဗျူးတယ်။ အဲဒီမှာ အင်တာဗျူးတာ ဂျပန် နှစ်ယောက်။ သူတို့က colour blind စစ်တယ်။ သူတို့ဟာက နမူနာလဲ မပြဘူး။ ဘာမှန်းမသိပဲ ၀င်ရတာ။ နောက်ပြီး အတွေ့အကြုံက မရှိသေးတော့ သူတို့ ဘာမေးမှန်းလဲ နားသိပ်မလည်ဘူး။ နောက်တော့ သူတို့က လခ ဘယ်လောက် လိုချင်လဲ လို့ မေးတော့ ကျွန်တော်က တစ်နေ့ ၂၁ ကျပ်လို့ပြောလိုက်တယ်။ မင်း Low Levy အောင်တာ ဘယ်လောက် ကြာပြီလဲ မေးတော့ ကျွန်တော်က 3 months လို့ ပြောရမှာ မှားပြီး 3 Years လို့ပြောလိုက်မိတယ်။ မင်းဟာ ဟုတ်ရဲ့လား ကွာ လို့ ပြန်မေးမှ 3 months လို့ ပြန်ပြောရတယ်။
အင်တာဗျူးဖြေတာ အဆင်မပြေဘူး။ သူမေးတာက တစ်မျိုး၊ ကိုယ်ဖြေတာက တခြား။ အကုန် ကပေါက်တိ ကပေါက်ချာချည်းပဲ။ နောက် ပန်းဆိုးတန်းလမ်းပေါ်က Global Tower မှာ ရှိတဲ့ အေးဂျင့်တစ်ခုက ခေါ်ပြန်တယ်။ အင်တာ ဗျူးရှိတယ်။ အမြန်လာခဲ့တဲ့။ သွားသာသွားရတယ်။ ဘယ်ကုမ္ပဏီက လာဗျူးမှန်း သိတာ မဟုတ်ဘူး။ နောက်မှ Sanko က လာခေါ်မှန်း သိတယ်။ အင်တာဗျူးဝင်တော့ သူတို့က ကျွန်တော့်ကို ကြောင်ကြည့်နေတယ်။ ဟင် - မင်း ဟိုတစ်နေ့ကမှ ငါတို့နဲ့ အင်တာဗျူး ထားတာ မဟုတ်လားတဲ့။ ကျွန်တော့်ကို မှတ်မိနေတယ်။ ကျွန်တော်ကလည်း ညာလို့ ဘယ်ရမလဲ။ ဟုတ်တယ် ပေါ့။ ဒါပေမဲ့ အဆင်ပြေပါတယ်။ သူတို့ ဘာမှ မပြောဘူး။
အင်တာဗျူးဖြေပြီး ပြန်မယ် လုပ်တော့ သူတို့က မပြန်နဲ့ဦး။ နောက်တစ်ခု ရှိသေးတယ်။ လက်စနဲ့ တစ်ခါထည်း အင်တာဗျူး ၀င်သွား လို့ပြောတယ်။ ဘယ်ကုမ္ပဏီကလည်း ဆိုတော့ Mun Siong ကတဲ့။ လခ ၄၅၀ ဆိုတာနဲ့ ကျွန်တော် ကလည်း ၄၅၀ ဆိုရင်တော့ မဗျူးချင်ဘူး။ ပြန်မယ် ဆိုတော့ သူတို့ကလည်း လိုက်တာ မလိုက်တာ နင့်ဖာသာနင် ဆုံးဖြတ် ပေါ့။ ခုတော့ အတွေ့အကြုံရအောင် ဗျူးသွားပါလား ဆိုတာနဲ့ ကျွန်တော်လည်း အင်တာဗျူး ၀င်လိုက်တယ်။
ဝင်သွားတော့ အထဲမှာ flange တွေ ကြပ်နေတာ တွေ့ရတယ်။ ဒါတွေ ကိုယ်တစ်ခါမှ မမြင်ဖူးတာ။ ကြားတောင် ကြားဖူးတာ မဟုတ်ဘူး။ အဲဒီမှာ ဆရာက လိုက်ပြတယ်။ ဒီလို ဒီလို ကြပ်ရတယ် ပေါ့။ သူလုပ်သလို ကိုယ်လည်း လိုက်ကြပ် ပေါ့လေ။
အဲဒီမှာ အင်ဂျင်နီယာ တစ်ယောက်ရယ်၊ မန်နေဂျာတစ်ယောက်ရယ် လာဗျူးတယ်။ သူတို့က ကျွန်တော့ လက်မှတ်တွေ ကြည့်ပြီး သြော်၊ မင်းက wiring သင်တန်း တက်ထားတာကိုး။ Yes။ မင်း low levy လက်မှတ်လဲ ရှိတာပဲ။ Yes ။ သူတို့ဘာမေးမေး ကျွန်တော်က yes ချည်းပဲ ဖြေတော့ သူတို့က ကျွန်တော် သူတို့ပြောတာ နားမလည်ပဲ yes တစ်လုံးပဲ တတ်တယ် လို့ ထင်သွားတယ်။ ဒီတော့ သူတို့က မင်းက ငါတို့ ဘာမေးမေး Yes ချည်းပဲ ဖြေနေတော့ ဟို ရောက်လို့ ငါတို့ခိုင်းတာ မင်းနားမလည်၊ မလုပ်တတ်ရင် ပြန်ပို့မှာနော် လို့ ပြောတော့ ကျွန်တော်က yes လို့ ထပ်ဖြေ လိုက် တော့ သူတို့ တော်တော် လေ သွားတယ်။ ကဲ ရပြီ၊ ရပြီ တဲ့ ဆိုပြီး ပြန်လွှတ်လိုက်တယ်။
ကျွန်တော်ကလည်း သေချာပါတယ်။ မပါလောက်ပါဘူး ဆိုပြီး ပြန်တော့မယ် လို့ ပြောတယ်။ သူတို့ကလည်း အတင်းပဲ။ နေပါဦးဟယ်၊ နင့်ဟာကလည်း။ Practical လေးတော့ လုပ်သွားပါဦး ဆိုတာနဲ့ လုပ်ရပြန်ရော။ ခုနက ဆရာ ပြထားတဲ့ အတိုင်းပေါ့။ ဘွိုင်လာစွပ်တွေ ဘာတွေဝတ်၊ ဂွတွေဘာတွေ ကိုင်ကက်ပြီး နပ်တွေ (Nuts) ဘာတွေ ကြပ်လိုက် ရသေးတယ်။ ရွေးမရွေး ဘယ်တော့ သိရမလဲ ဆိုတော့ တစ်ရက်၊ နှစ်ရက်နေ သိရမှာ တဲ့။
ပထမ ဖြေထားတဲ့ Sanko က result က ဂျပန်တွေ စင်ကာပူ ပြန်ရောက်မှ ထုတ်ပေးမှာ။ ဆိုတော့ တစ်ပတ် လောက်ကြာမယ် တဲ့။ အဲဒါနဲ့ Mun Siong result က အရင် ထွက်လာရော။ ပါတယ် တဲ့။ နင်တို့ လိုက်မှာလား ဆိုတော့ Sanko က မသေချာဘူးလေ။ တော်ကြာ မပါရင် နှစ်ခုလုံး လက်လွတ်သွားမှာ ဆိုတော့ လိုက်မယ် ပေါ့။ ပြောလိုက်တယ်။ ဖြစ်ချင်တော့ နောက်နေ့ကျတော့ Sanko ကလည်း အကြောင်းကြားလာတယ်။ ကျွန်တော် အရွေးခံရတယ် ပေါ့။ ဟား၊ အဲဒီမှာ ဂွတွေကျကုန်ပြီ။
ကျွန်တော် ပထမ အပ်ထားတဲ့ ကုမ္ပဏီမှာက စောင့်ရဦးမယ်။ ရွေးတော့ ရွေးပြီးပြီ။ ဒီဘက်အေးဂျင့်မှာ အရွေးခံ ထားရတော့ အဲဒီ ပထမ အေးဂျင့်ကို ကျွန်တော် သွားမေးတယ်။ ဘယ်တော့ သွားရမလဲ အတိအကျ ပြောပါ။ ကျွန်တော်က မော်လမြိုင်က ဆိုတော့ ရန်ကုန်မှာ အကြာကြီး ထိုင်မစောင့်နိုင်ဘူး။ နေစရိတ်၊ စားစရိတ် တအားထောင်းတယ် ဆိုတော့ သူတို့က အဲဒါတော့ ငါတို့လည်း မသိဘူး။ သင်္ကြန်ကျော်မှလည်း ဖြစ်နိုင်တာပဲ လုပ်ကရော။
ကျွန်တော်က စရိတ်တွေ အရမ်းကုန်လှပြီ။ စင်ကာပူသွားဘို့ လုပ်နေတဲ့ တစ်နှစ်ခွဲလောက် အတောအတွင်း ၆၅ သိန်းလောက် ကုန်နေပြီ။ တစ်လကို အနည်းဆုံး တစ်သိန်းခွဲလောက် ကုန်တာကိုး။ တကယ်လို့သာ ၆ လ ပိုင်းလောက်မှ ခေါ်မယ် ဆိုရင် နောက်ထပ် ခြောက်သိန်း၊ ခုနစ်သိန်းလောက် ထပ်ကုန်ဦးမယ်။
ဆိုတော့ ကျွန်တော် အဲဒီ အေးဂျင့်ကို အပြတ်ဖြတ်လိုက်တယ်။ မင်းတို့နဲ့ ဆက်မလုပ်တော့ဘူး ဆိုပြီး ပတ်စ်ပို့နဲ့ စာရွက်စာတမ်းတွေ ပြန်ယူလာပြီး ဒီအေးဂျင့်နဲ့ပဲ လိုက်ဘို့ ဆုံးဖြတ်လိုက်တယ်။ အေးဂျင့်ဖီးက စင်ကာပူဒေါ်လာ ၁၉၀၀ + လေယာဉ်တစ်ကြောင်းခ ပေးရတယ်။ တစ်ခါ လေဘာကဒ်လုပ်ဖို့ ဆိုပြီး အစိမ်း ၁၀၀ ထပ်ပေးရသေးတယ်။ အဲဒီမှာ စရံငွေ ၅ သိန်း ပေးလိုက်တယ်။
ဖြစ်ပုံက အဲဒီမှာ စရံငွေ ၅ သိန်းလဲ ပေးပြီးရော ဟိုဘက်မှာ အင်တာဗျူးထားတဲ့ အလုပ်သုံးခုက တစ်ပြိုင်နက် ခေါ်တော့တာပဲ။ ဟို တစ်ခုကဆို တစ်နေ့ကို ၂၄ ကျပ် ပေးတယ်။ ဒါပေမဲ့ ဒီမှာက လွန်နေပြီ။ ဘာမှ လုပ်လို့မရတော့ဘူး။ ဒါနဲ့ပဲ လိုက်ရတော့တာပေါ့။ ဒီမှာကတော့ လခ တစ်လကို ၄၅၀ ပေးတယ်။
စုစုပေါင်း ၅၇ ယောက် ခေါ်တာ။ သုံးသုတ် ခွဲလွှတ်တယ်။ ပါမစ်ကျတာ ၂၄ ရက်နေ့။ သွားရမှာက ၂၈ ရက်နေ့ဆိုတော့ အရမ်း ကပ်နေပြီ။ ကျွန်တော် အိမ်ကို ခဏ ပြန်ချင်သေးတယ်။ ဆိုတော့ ၂ ရက်နေ့သွားမဲ့ အသုတ်နဲ့မှ လိုက်တော့မယ် လို့ ပြောလိုက်တယ်။ အင်တာဗျူးပါပြီး နှစ်ပတ်ကြာတော့ စင်ကာပူကို ထွက်ခဲ့ရတော့တာပဲ။
ဒီကြားထဲ ကျွန်တော်တို့ကို Low Levy ဖြေဘို့ ဆိုပြီး welding သင်တန်း တက်ခိုင်းသေးတယ်။ သင်တန်းကြေး ငါးသောင်း ပေးရတယ်။ အရင် ကျွန်တော်တို့ တက်ထားတာက သင်္ဘောကျင်းအတွက် ဖြစ်လို့ အကြုံးမ၀င်ဘူး ဆိုပြီး ပြောသေးတယ်။ ဒါနဲ့ သင်တန်းသွားတက်။ အလကားပါ။ ဘာတတ်မှာလဲ။ သင်တန်းဆရာကလည်း ကျွန်တော်တို့ကို ၁ ပေပတ်လည် သံပြားပေးပြီး ဒီလို ဒီလို ဆော်ရတယ် လို့ပြ၊ အပေါ်တက် ဖဲရိုက်နေတာပဲ။ သင်တန်းက နှစ်ပတ်။ အဲဒီ အတွင်း ခုနပေးထားတဲ့ သံပြားကို အပြီး ဆော်ရတယ်ပေါ့။ တချို့ လည်တဲ့သူတွေကျ မတက်ကြဘူး။ ဖြေရမယ်၊ မဖြေရဘူး၊ သေသေချာချာ ပြောပေါ့။ ခုတော့ မလိမ့်တပတ် နဲ့။
အေးဂျင့်တွေကတော့ ရသမျှ အကုန်လုပ်တာပဲ။ ကျွန်တော်တို့တော့ ဘယ်သိမလဲ။ လေယာဉ်ကွင်းရောက်တော့ ကျွန်တော်တို့ တစ်ယောက်ချင်းစီကို ပီနံအိတ် တစ်ထုပ်စီ ပေးလိုက်တယ်။ သူတို့ ပစ္စည်းတွေ ကျွန်တော်တို့ကို သယ်ခိုင်း တာပေါ့။ အဲဒီလို လုပ်ချင်းအားဖြင့် အထုပ်သယ်ခ သူတို့မှာ ပိုက်ဆံရတယ်။ လူတစ်ယောက် ၁၀ ကီလိုပဲ ထားပါဦး။ လူ ၂၀ ဆို ကီလို ၂၀၀ ဖြစ်နေပြီ။ တစ်ကီလို သယ်ခသာ ၅ ကျပ် ရမယ် ဆိုရင် ဘာမှလုပ်စရာမလိုပဲ သူတို့အတွက် ၁၀၀၀ လောက် ရနေပြီ။ လုပ်ပုံတွေ ပြောပါတယ်။
ရောက်ရောက်ချင်း Bukit Batok က Dormitory မှာ ထားတယ်။ အခန်းက ပီဘိ ကျဉ်းကျဉ်းလေး။ အဲဒီ အခန်း ကျဉ်းလေးမှာ ၁၈ ယောက်ထားတယ်။ နောက်တော့ ဒီ ECC Project ရောက်လာတာပဲ။ ကျွန်တော်တို့က Monday to Friday ထိ ၈နာရီကနေ ၆ နာရီထိ ဆင်းရင် အိုတီ (Over Time) မပေးဘူး။ ဒါပေမဲ့ စနေတစ်နေ့လုံးနဲ့ တနင်္ဂနွေ နေ့တွေအတွက် အိုတီ အပြည့်ရတယ်ပေါ့။
ရောက်စတုံးက အိုတီ ကောင်းလို့ တစ်လကို ၇၀၀ လောက် ထုတ်ရတယ်။ မဆိုးဘူးပေါ့။ ခုတော့ အလုပ်တွေ ပါးသွားလို့ အိုတီလည်း နည်းသွားပြီ။ ဖြတ်တာက Income Tax အတွက် ဆိုပြီး ၄၀ ဖြတ်တယ်။ ထမင်းဘိုး ၇၇ ကျပ် ဖြတ်တယ်။ Income Tax အတွက်က ပြန်ရမယ်လို့ ပြောတာပဲ။ ဒါပေမဲ့ Low Levy ဖြေပြီးမှ နှစ်အပြည့်မလုပ်ပဲ ထွက်သွားရင် Low Levy ဖြေခဆိုပြီး ၃၅၀ ဖြတ်တယ်။ စာချုပ်ပြည့်တဲ့အချိန်မှ ပြန်ရင်တော့ မဖြတ်ဘူးလို့ ပြောတာပဲ။
Bukit Batok မှာ နေတုံးကတော့ ချက်စားလို့ ရတယ်။ ခု ကျွန်းပေါ်မှာတော့ သူတိုကျွေးတာပဲ စားရတယ်။ ကောင်းလဲစား၊ မကောင်းလဲ စားပေါ့။ ဘာတတ်နိုင်မလဲ။ မနက်စာနဲ့ ညစာတော့ မဆိုးပါဘူး။ စားနိုင်ပါတယ်။ ဒါပေမဲ့ နေ့လည်စာတော့ တော်တော် ဆိုးတယ်။ ဘယ်လိုစားလိုက်ရမှန်းကို မသိဘူး။ ထမင်းကလည်း မာ။ ဟင်းက မကောင်း။
လုပ်ရတာတော့ Pipe Fitter Helper ပေါ့။ ဒါပေမဲ့လည်း ကောင်းကောင်းလုပ်ရတာ မဟုတ်ပါဘူး။ Fitter လုပ်တဲ့သူက မလေး။ သူက general worker ကနေ လာတာ ဆိုတော့ ကောင်းကောင်း နားလည်တာ မဟုတ်ဘူး။ ဒီတော့ ကျွန်တော့ ကိုလည်း သင်မပေးနိုင်ဘူး။ တစ်ခါ တစ်ခါ သူပါ ရွာတွေလည်နေတယ်။ ကိုယ်ကလည်း အခြေအနေ ကြည့်နေရတာပေါ့။ အရမ်း မမေးရဲဘူး။
Fitter တစ်ယောက်ကို helper နှစ်ယောက် ပေးထားတယ်။ ပိုက်တွေ ကိုင်ပေးထား။ သူလိုချင်တာ ယူပေး၊ ဒါလောက်ပါပဲ။ ဘာပညာမှ မရဘူး။ သူနဲ့ နှစ်လလောက် လုပ်ရတယ်။ နောက်တော့ မြန်မာ pipe fitter တစ်ယောက် ရောက်လာလို့ သူ့နောက်လိုက်ရတယ်။ အောင်ကျော်မင်း တဲ့။ သူကတော့ မဆိုးဘူး။ လုပ်တတ်ကိုင်တတ် ရှိတယ်။ ဒါပေမဲ့ ဗျာ။ သူရတဲ့ လခနဲ့ သူလုပ်နေရတာနဲ့ လုံးဝ မတန်ပါဘူး။
သူရတာ ကျွန်တော်တို့ထက် ၁၀၀ ပဲ ပိုများတယ်။ ၅၅၀ ပေါ့။ ဟို လခ ၉၀၀ ရနေတဲ့ မလေးကောင်တွေ၊ ဖဦးထုပ် ကောင်တွေဆို ဘာမှ တတ်တာမဟုတ်ဘူး။ ဒီအတိုင်း အိယောင်ဝါး လျှောက်လုပ်နေတာ များတယ်။ အမှန်ဆို ကိုအောင် ကျော်မင်းအနေနဲ့ အနည်းဆုံး ၉၀၀ တော့ ရသင့်တာပေါ့။
မှတ်ချက်။ ။ မလေး ဆိုသည်မှာ မလေးရှားလူမျိုးကို ဆိုလိုပြီး ဖဦးထုပ် ဆိုသည်မှာ ဖိလစ်ပင်းလူမျိုးကို ဆိုလိုပါသည်။
သူနဲ့ တွဲလုပ်လိုက်ရတာ အတော်လေး ပညာရတယ်။ အနည်းဆုံး grinder ကောင်းကောင်း တိုက်တတ် သွား တယ်။ ဒါပေမဲ့ သူနဲ့ တစ်လပဲ တွဲလုပ်လိုက်ရတယ်။ ဖဦးထုပ် တစ်ယောက်ဆီ ရောက်သွားပြန်ရော။ အဲဒီ ဖဦးထုပ်ဆို တစ်ချိန်လုံး ဖုံးပဲ ပြောနေတာပဲ။ မနက် ၈ နာရီ အလုပ်စကတည်းက ပြောလိုက်တဲ့ ဖုံး ဟာ Tea Time ရောက်တဲ့ ထိ၊ နောက် အလုပ်ပြန်စပြီး တစ်ခါ ထပ်ပြော၊ အဲလိုနဲ့ ထမင်းစားချိန်သာ ရောက်သွားရော ဘာအလုပ်မှ ဟုတ်တိ ပတ်တိ မပြီး လိုက်ဘူး။ ဖုံးတစ်ခါ ပြောရင် တစ်နာရီခွဲ နှစ်နာရီ ကြာတယ်။
အလုပ်လုပ်ပြန်တော့လည်း တကယ့် ဖြစ်ကတတ်ဆန်း၊ နောက်ပြီး ပြန်လုပ်ရတော့ ကျွန်တော်ပဲ ပြန်လုပ်ရတာ။ ပိုက်တွေ ဆက်ပြီ ဆိုရင်လည်း alignment တွေဘာတွေ ကောင်းကောင်း ချိန်တာ မဟုတ်ဘူး။ သူလုပ်သမျှ အမြဲ ပြန်ဖြတ်၊ ပြန်ဆက် လုပ်ရတယ်။ Pipe Support ဆိုလည်း ဒီလိုပဲ။ I Beam ပေါ်မှာ centre မကျဘူး။ ကျွန်တော်က လွဲနေပြီ လို့ ပြောတော့ သူက ရတယ်၊ ရတယ် လုပ် တဲ့။ နောက်တော့ ပြန်ဖြတ် ရပြန်တာပဲ။
အဲဒီလိုတွေ ဖြစ်ပေါင်းများတော့ အလုပ်က မပြီးဘူး။ လုပ်သမျှ အမြဲ ပြန်ပြင်နေရတာကိုး။ အဲဒီတော့ ကျွန်တော် က ကောင်းကောင်း လုပ်ဖို့ပြောတယ်။ အဲဒီလိုပြောတော့ မကြိုက်သေးဘူး။ မင်းက fitter လား၊ ငါက fitter လားတဲ့။ အဲဒီတော့ ကျွန်တော်လည်း မပြောတော့ဘူး။ နေပေ့စေပေါ့။
အသက်က ၅၀ လောက် ရှိနေပြီ။ ကျွန်တော်တို့ အဖေအရွယ်။ သူပြောလို့ သူ့ဖုံးကဒ် ကုန်သွားရင် ကျွန်တော်တို့ ဖုံးကဒ် ယူပြောတယ်။ နောက် ပြန်ပေးပါ့မယ်ကွာ တဲ့။ နောက်ပြီး သေသေချာချာ ပြန်ပေးတာလဲ မဟုတ်ဘူး။ တစ်ခါတုံးက ဆို ကျွန်တော့ Sim Card ငှားသွားတယ်။ ပြန်တောင်းတော့ ငါ့ကောင်မလေး ပေးလိုက်လို့ နောက်နေ့ကျမှ ပြန်ယူ တဲ့။ ဘာလို့ပေးလိုက်ရတာလဲ ပြောတော့ ပြန်ပေးပါ့မယ် ကွာတဲ့။ ကျွန်တော့် ဖုံးနံပါတ်တွေ အားလုံးက အဲဒီကဒ်ထဲမှာ။ ဆိုတော့ ကျွန်တော် ဖုံးဆက်ချင်ရင် ဆက်လို့ မရဘူး။ အဲဒီမှာ သူနဲ့ ကျွန်တော် စကားများတာပေါ့။
ကျွန်တော်က အဲဒီအကြောင်းတွေ supervisor ကို ပြန်ပြောပြတော့ supervisor က ကျွန်တော့်ကို အလုပ် သီးသန့် ခွဲပေးတယ်။ အဲဒီတော့ ကျွန်တော်လည်း ကိုယ့်ဟာကိုယ် လုပ်တာပေါ့။ အဲဒီကောင်က ကျွန်တော်လည်း ခွဲလုပ်ရော သူလုပ်တာတွေ မလုပ်တော့ပဲ ကျွန်တော်လုပ်တာ လာလုပ်တယ်။ ကျွန်တော် ပြင်ထားတာတွေ လာပြီး ဖြုတ် ဟယ်၊ တတ်ဟယ် လုပ်တယ်။ နောက်ပြီး ကျွန်တော့်နာမည်နဲ့ ထုတ်ထားတဲ့ ပစ္စည်းတွေ ယူသုံးပြီး ပြန်မသိမ်းဘူး။ မေးလိုက်ရင်လည်း အတင်း သူမသိဘူးလို့ ဘူးခါလွှတ်တယ်။
အဲဒါနဲ့ ကျွန်တော်လည်း တော်တော် စိတ်ကုန်လာတာနဲ့ သူ့နောက်မလိုက်ချင်ဘူး၊ လူလဲပေးပါလို့ ဖိုမင်ကို ပြောတယ်။ ဖိုမင်က ဘာဖြစ်လို့လဲ မေးတော့ ဖုံးပြောတဲ့ဟာတွေ၊ အလုပ်ကို စိတ်မ၀င်စားဘဲ ဖြစ်ကတတ်ဆန်း လုပ်တာတွေ၊ Pipe support တွေ၊ ပိုက်တွေ ဆင်ထားတာတွေ မှားလို့ မကြာခဏ ပြန်ဖြတ် ထုတ်ရတာတွေ အကုန် ပြောပြလိုက်တယ်။ ဒါနဲ့ ဖိုမင်က ရုံးကို ပြောပြီး Material ကို ပြောင်းပေးလိုက်တယ်။ အဲဒီ ဖဦးထုပ်နဲ့ တွဲလုပ်လိုက်ရတာ နှစ်လ ကြာတယ်။ ဘာပညာမှ မရလိုက်ဘူး။ စိတ်ညစ်ရတာပဲ ရှိတယ်။
ခု လုပ်ရတာက Material Controller အကူပေါ့။ ပစ္စည်းထုတ်ပေးရတယ်။ ထုတ်ပေးတဲ့ ပစ္စည်း စာရင်းတွေ မှတ်ရတယ်။ ပိုက်တွေ fabricate လုပ်ဖို့အတွက် drawing ကြည့်ပြီး ပစ္စည်း ထုတ်ပေးရတယ်။ ပစ္စည်းထုတ်ပေးတဲ့ အခါ တော့ သေသေချာချာ စာရင်း လုပ်ထားရတာပေါ့။ နှစ်ခါပြန် မထုတ်ပေးမိအောင်။ အဲဒီလို နှစ်ခါပြန် ထုတ်ပေးမိရင် ကိုယ်ပဲ အထောင်းခံရမှာ။ တကယ်လို့ လိုအပ်လို့ နှစ်ခါပြန် ထုတ်ရမဲ့ အခါမျိုးတွေမှာ supervisor ကို အကြောင်းကြား ပေါ့။ သူ့ခွင့် ပြုချက်နဲ့ ပဲ ထုတ်လို့ရတယ်။ အဲဒီမှာ ပြဿနာက တချို့ supervisor တွေက သုံးရမဲ့ ပစ္စည်းတွေ ထုတ်ပြီးသွားပြီ။ ဒါပေမဲ့ သူတို့ဟာ သူတို့ ဘယ်မှာ ထားမှန်း၊ ဘယ်မှာ သုံးလိုက်မှန်း မသိဘူး။ နောက် လိုမှာ တစ်ခါ ပြန်လာ ထုတ်ပြန်ရော။ အဲဒါ မျိုးက နေ့တိုင်းတွေ့နေရတယ်။
ပရောဂျက် တစ်ခုလုံးက လူတွေက ပစ္စည်းထုတ်ရင် ဒီပဲ လာထုတ်ရတာ ဆိုတော့ အလုပ် အရမ်း ရှုပ်တယ်။ ဒီတော့ သူတို့က ဘာလိုချင်တယ် ဆိုတာ စာရင်းနဲ့လာမှ ထုတ်ပေးရတာ အဆင်ပြေတယ်။ ဒါပေမဲ့ များသောအားဖြင့် ဘာစာရင်း၊ အင်းမှ ရှိတာမဟုတ်ဘူး။ ဒီတစ်ယောက်က ဒီဟာလိုချင်တယ် ဆိုလို့ သွားရှာ။ ရလာတော့မှ ဒါ မဟုတ်သေး ဘူး။ ဟိုဟာ ပြောင်းလိုချင်ပြန်တယ် ဖြစ်ပြန်ရော။ ကျွန်တော်တို့က သူတစ်ယောက်ထဲနဲ့ လုပ်နေရတာ မဟုတ်ဘူး။ လူပေါင်း သောင်းခြောက်ထောင်။ သူတစ်ယောက်ထဲ အချိန်အများကြီး ပေးလိုက်ရရင် နောက်လူတွေ အများကြီး တန်းစီ နေရော။ အဆင်မပြေဘူး။
နောက်ပြီး ကျွန်တော်တို့ သူတို့ကို ပစ္စည်းထုတ်ပေးတာ ကိုယ့်သဘောနဲ့ကိုယ် ပစ္စည်းကို ကိုင်ရွေးရတာ မဟုတ်ဘူး။ Main Store မှာ သွားထုတ်ရတာ။ အဆင့်က နှစ်ဆင့် သုံးဆင့်။ သူတို့က နောက်ပြီး လာလိုက်ရင် ချက်ခြင်း လိုချင်တဲ့ သူတွေချည်းပဲ။ လုပ်ရတာ မပင်ပန်းပေမဲ့ ခေါင်းစားတယ်။
ခု ကျွန်တော်တို့ ပရောဂျက်က ပြီးခါနီးပြီ ဆိုတော့ သက်တမ်းထပ်တိုးပေး မပေး မသေချာဘူး။ ခုချိန်အထိတော့ ပညာရော၊ ပိုက်ဆံရော ပြောပလောက်အောင် ဘာမှ မရလိုက်ဘူး လို့ပဲ ဆိုရမယ်။ ဟို ကိုအောင်ကျော်မင်း နဲ့ တွဲလုပ်ရ တဲ့ တစ်လအတွင်းက လေ့လာလိုက်တာလေးပဲ ရှိတယ်။ တခြား ဘာမှ မတတ်လိုက်ဘူး။ ကိုယ်တွဲရတဲ့ လူကောင်းရင် ကိုယ် ပညာများများ ရမယ်။ တွဲတဲ့လူ မကောင်းရင်တော့ သေပေရော့ပဲ။ ပညာလည်း မရ၊ ပိုက်ဆံလည်း မစုမိ။ ခုတော့ နောက် အလုပ်တစ်ခု လိုက်ရှာနေတုံးပဲ။ ကျွန်တော်တို့ရောက်တာ တစ်နှစ်ပဲ ရှိသေးတော့ အရင်းကျေရုံသာသာပဲ ရှိသေးတယ်။ ဒီတော့ အပြီးပြန်ဘို့ မဖြစ်သေးဘူး။ ပိုက်ဆံ ထပ်ရှာရဦးမယ်။ နောက်ကုမ္ပဏီရောက်မှ အခြေအနေကြည့်ပြီး ကျောင်းတက် ဘို့ ကိစ္စ ဆက်လုပ်ရမယ်။ ဒါပါပဲဗျာ၊ ကျွန်တော့်ဘ၀အကြောင်း။ သိပ်တော့ အထူးခြားကြီး မဟုတ်ပါဘူး။ တခြားသူတွေ လို ပါပဲ။

Tuesday, October 20, 2009
Bitter Life XXI (ကိုမင်းကျော်အောင်-၂)
၎။ ကြိုးစားမှု၏ အသီးအပွင့်များ
ဒီလက်မှတ်တွေရလာတဲ့အတွက် ရာထူး တို့ လစာတို့ တိုးမတိုး ဆိုတာကျတော့ ကိုယ့်အထက်လူကြီးရဲ့ သဘော ထားနဲ့ အများကြီး ဆိုင်ပါတယ်။ ကျွန်တော်တို့ကျတော့ ကိုယ်ရလာတဲ့ လက်မှတ်တွေကို သူတို့တက်ခိုင်းလို့ ရတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ဟာကိုယ် တက်လို့ရတာပဲ ဖြစ်ဖြစ် HR(Human Resourses) ကိုပေးရတယ်။ သူတို့က ကျွန်တော်တို့ ကိုယ်ရေးဖိုင်တွေထဲမှာ တွဲထားပြီး သူကတော့ ဘာလက်မှတ်တွေ ရထားတယ်။ ဘယ်လို ပညာအရည် အချင်းတွေ ရှိတယ် ဆိုတာကို Section Manager တွေကို အကြောင်းကြားထားတယ်။
တကယ်လို့ ကုမ္ပဏီမှာ ရာထူးတိုးပေးစရာ ရှိရင် လခတိုးပေးစရာ ရှိရင် အဲဒီလို ပညာအရည်အချင်း သာတဲ့သူ တွေကို ဦးစားပေး စဉ်းစားတာပေါ့။ ကျွန်တော်တို့ ကုမ္ပဏီမှာ ဘာသတ်မှတ်ထားသလဲ ဆိုတော့ အဲဒီအချိန်တုံးက NTC ပြီးထားတဲ့ သူတွေကို allowance ပေးတယ်။ NTC 3 ဆိုရင် တစ်လကို ၅၀၊ NTC 2 ဆိုရင် တစ်လကို ၁၀၀ ပေးတယ်။
ဘာလို့လဲ ဆိုတော့ NTC 2 ပြီးသွားတော့ Low Levy ဖြစ်သွားတာကိုး။ ဒီတော့ ကုမ္ပဏီ အနေနဲ့ အစိုးရကို လတိုင်းပေးနေရတဲ့ levy ကြေး အများကြီးသက်သာ သွားတယ်။ ဒီတော့ အဲဒီ သက်သာသွားတဲ့ ပိုက်ဆံကို အလုပ်သမား တွေကို ပြန်ပေးလိုက်တဲ့ သဘောပဲ။
မှတ်ချက်။ ။ ကုမ္ပဏီများမှ အစိုးရသို့ ပေးရသော Levy Rates များမှာ အစားစား ရှိပါသည်။ အောက်ပါ MOM website တွင် ၀င်ရောက်ကြည့်ရှု နိုင်ပါသည်။
http://www.mom.gov.sg/publish/momportal/en/communities/work_pass/work_permit/application/requirements/foreign_worker_levy.html
skill worker ကို အောက်ပါအတိုင်း အဓိပ္ပါယ် သတ်မှတ်ထားပါသည်။
http://www.mom.gov.sg/publish/momportal/en/communities/work_pass/work_permit/application/requirements/general_requirements.html#skilled worker
NTC 2 လည်းပြီးရော ကျွန်တော့်ကို supervisor အဆင့်ကို တိုးပေးလိုက်တယ်။ Supervisor ဖြစ်သွားတာနဲ့ တပြိုင်နက် အလုပ်သမားအဆင့်နဲ့ စာရင် အခွင့်အလမ်းတွေ အများကြီး ပိုလာတယ်။ လခလည်း တိုးသွားတယ်။ ဒါ့အပြင် နေရတာကိုက supervisor တွေနဲ့ အလုပ်သမားတွေကို အတူတူ မထားဘူး။ အရောဝင်တော့ အရိုသေတန် ဆိုတာမျိုး ဖြစ်သွားမှာ စိုးလို့။ ဆိုတော့ အရမ်းကွာသွားတယ်။
အလုပ်သမားတွေ ဆိုရင် အိမ်ခန်းလခ တစ်လကို ၈၀ ပေးရပေမဲ့ supervisor တွေဆို အိမ်လခ လုံးဝ မပေးရဘူး။
ရေမီးခလောက်ပဲ ပေးရတယ်။ ITE ပြီးလို့ supervisor ဖြစ်တာနဲ့ လခကို ၃၀ ထိ တိုးပေးလိုက်တယ်။ စင်ကာပူမှာပဲ ဆက်လုပ်ဦးမယ် ဆိုရင်တော့ အလုပ်လုပ်ရင်း ကျောင်းတက်ကြပါ လို့ ကျွန်တော် တိုက်တွန်းချင်တယ်။ အကျိုး မယုတ်ပါဘူး။
ဆိုပါတော့။ ကျွန်တော့်အခြေအနေကိုပဲ ပြန်ကြည့်။ ကျွန်တော် လာတုံးက ဘာအတွေ့အကြုံမှ မရှိဘူး။ ကျွန်တော် ရခဲ့တဲ့ ဘီအေ ဆိုတာလည်း လုပ်ငန်းပိုင်းမှာ ဘာမှ ဆက်စပ်မှုမရှိလို့ ဘာမှ အသုံးမတည့်ဘူး။ အဲဒီအတွက် General Worker အဖြစ်နဲ့ သူများခိုင်းတာ လုပ်ရတယ်။ သူများနောက်လိုက် ပေါ့။ ကျွန်တော်သာ ကျောင်းမတက်ဘဲ ဒီအတိုင်းပဲ နေမယ် ဆိုရင် တက်စရာ လမ်း သိပ်မရှိဘူး။ အများဆုံးဖြစ်ရင် နှစ်ကြာလို့ လခ နည်းနည်း ပါးပါး တိုးပေးတာလောက်ပဲ ရမယ်။ Supervisor ဖြစ်ချင်မှ ဖြစ်မယ်။ ဖြစ်ရင်တောင်မှ နှစ်တွေအများကြီး စောင့်ပြီး ၉ နှစ် တန်သည်၊ ဆယ်နှစ် တန်သည် ကျမှ ဖြစ်မှာ။
ဟော၊ ခု ကျောင်းတက်လိုက်တော့ အသိအမြင် ကျယ်သွားတယ်။ ဗဟုသုတ တွေလည်း အများကြီးရတယ်။ လုပ်ငန်းကို ဘယ်လို စီမံခန့်ခွဲရမလဲ သိလာတယ်။ ဒီတော့ အချိန်တိုတို အတွင်းမှာ supervisor ဖြစ်လာတယ်။
ITE လည်း ပြီးရော engineering knowledge တွေ၊ အခြေခံတွေ ရလာတော့ Poly ဆက်တဲ့အခါ အများကြီး အထောက်အကူ ဖြစ်တယ်။ ဘာမှ သိပ် ခက်ခက်ခဲခဲ မရှိတော့ဘူး။ နောက်ပြီး ကျွန်တော်က ITE ကနေ လာတဲ့အခါ ကျတော့ Poly လျှောက်တဲ့ အခါကျ ဘာ entrance မှ မဖြေရတော့ဘူး။ လွယ်လွယ်နဲ့ ရတယ်။ ကျွန်တော် Poly လျှောက်တာ ဆယ်တန်း အောင်လက်မှတ် နဲ့ လျှောက်တာ မဟုတ်ဘူး။ ITE အောင်လက်မှတ်နဲ့ လျှောက်တာ။
Poly ပြီးတာ ၂၀၀၇ ခုနှစ် နိုဝင်ဘာ။
ကျွန်တော် Poly တက်နေတုံးပဲ၊ S Pass ဆိုတာ ပေါ်လာတယ်။ Work Permit နဲ့ Employment Pass ကြားထဲ က အဆင့်တစ်ခု။ အဲဒီတော့ ကျွန်တော် management ကို တက်ပြောတယ်။ ကျွန်တော့်မှာ ITE လက်မှတ်ရှိတယ်။ လောလောဆယ်လည်း Poly တက်နေတယ် ဆိုတော့ S Pass လျှောက်ပေးပါ ပေါ့။ သူတို့က မင်းစာရွက်စာတမ်းတွေ တင်လိုက်။ ငါတို့ စဉ်းစားပေးမယ် ပေါ့။
ကျွန်တော်တို့ ကုမ္ပဏီက ကြီးလည်း ကြီးတယ်။ အစိုးရရဲ့ ရှယ်ယာတွေလည်း ပါတယ် ဆိုတော့ တခြား ကုမ္ပဏီ တွေလို S Pass တော့ တင်ပေးပါရဲ့၊ လခကို ကျတော့ ၉၀၀ ပေး၊ ၁၀၀၀ ပေး၊ ဒါမျိုးတွေ လုပ်လို့ မရဘူး။ S Pass ကျရင် လခကိုလည်း ၁၈၀၀ အပြည့်ပေးရမှာ။ ဆိုတော့ လူကြီးပိုင်းက ကျွန်တော့်လုပ်သက်အတွင်း ဆောင်ရွက်ချက်တွေကို ပြန်ပြီး လေ့လာ သုံးသပ်တယ်ပေါ့။ ဒီကောင် S Pass တင်ပေးဘို့ အရည်အချင်း နဲ့ လုပ်ရည် ကိုင်ရည် ရှိရဲ့လားပေါ့။
နောက်ပြီး လောလောဆယ် ကျွန်တော်က တစ်နေ့ကို ၃၀ ပဲရတာ။ S Pass ဖြစ်သွားရင် ၁၈၀၀ ထိ တိုးပေးရ မှာ ဆိုတော့ သူတို့ စဉ်းစားတယ်ပေါ့။ လုပ်ရတဲ့ အလုပ်က ဒီအလုပ်ပဲ။ လခကျ အများကြီး ကွာသွားတော့ သူတို့ သေသေ ချာချာ ပြန်ပြီး review လုပ်တယ်။ ဒါပေမဲ့ သူတို့ တင်ပေးပါတယ်။
ကျွန်တော် မြန်မာပြည်မှာ ရခဲ့တဲ့ ဘွဲ့လက်မှတ်ရယ်၊ NTC 3 နဲ့ NTC 2 certificate တွေရယ်၊ Poly တက်နေ ကြောင်း ကျောင်းက ထောက်ခံစာရယ် တွဲတင်လိုက်တာ ၂၀၀၇ ခုနှစ် မေလမှာ S Pass ကျလာတယ်။
ကျွန်တော်တို့ ကုမ္ပဏီမှာက ၀န်ထမ်းတွေရဲ့ လုပ်ရည်ကိုင်ရည် အလျှောက် ပေးတဲ့ incentive ဆိုပါတော့၊ လခ အပြင် အပို ပိုက်ဆံ ရှိတယ်။ ကျွန်တော်က အဲဒါ တစ်လကို ၂၀၀ ရတယ်။ ဆိုတော့ S Pass ကျတော့ လခက ၁၈၀၀၊ ခုနက incentive က ၂၀၀။ ပေါင်း လခ ၂၀၀၀ ထုတ်ရတယ်။
ကျွန်တော် Poly လည်းပြီးရော ၂၀၀၈ ခုနှစ် ဇန္န၀ါရီလမှာ PR (Singapore Permanent Resident) တင်လိုက်တာ ချက်ခြင်း ကျလာတယ်။ အဲဒီ အချိန်ကလည်း PR တွေချပေးနေတဲ့ အချိန်ပေါ့လေ။ ကျွန်တော်နဲ့ အတူတူ ကျောင်းတက်ခဲ့တဲ့ သူငယ်ချင်းတွေ အားလုံးလည်း PR ကျကြတယ်။
ကျွန်တော်တက်ခဲ့တဲ့ ITE နဲ့ Poly သက်တမ်းတလျှောက် တွေ့ရတာကတော့ ကျွန်တော်တို့ မြန်မာတွေဟာ ပညာ ရေးဘက်မှာ မညံ့ဘူးဗျ။ ထိပ်တန်းမှာ ရှိတယ်။ ကျွန်တော်တို့ အတန်းက ကိုအောင်ဇေယျ ဆိုရင် အတန်းထဲမှာ ပထမ ဆုရတယ်။ ဒါပေမဲ့ မြန်မာတွေရဲ့ အားနည်းချက်က အင်္ဂလိပ်စာ ညံ့တယ်။ တခြား အင်ဂျင်နီယာ ဘာသာတွေနဲ့ သင်္ချာမှာ ထူးချွန်တယ်။
ပြည်ကြီးတရုပ်တွေလည်း သင်္ချာနဲ့ Applied Mechanics မှာ တော်တော်တော် ကြတယ်။ မြန်မာနဲ့ တရုပ်တွေက သင်္ချာနဲ့ အင်ဂျင်နီယာ ဘာသာတွေမှာ စလုံးတွေထက် ပိုတော်တယ်။ ဒါပေမဲ့ အင်္ဂလိပ်စာမှာတော့ စလုံးတွေကို မမီဘူး။ ကျွန်တော်နဲ့ အတူတူ ကျောင်းနေဖက် တွေအားလုံးရဲ့ ၇၀ ရာခိုင်နှုံးလောက်က GTI ကျောင်းဆင်းတွေ။ ကျွန်တော် တက်နေတဲ့ အချိန်တုံးက ဘာသာပေါင်းစုံမှာ တက်နေတဲ့ မြန်မာတွေ စုစုပေါင်း လေး၊ ငါးဆယ်လောက် ရှိမယ်။
စာမေးပွဲ မအောင်တဲ့သူတွေကတော့ နည်းပါတယ်။ သိပ်မရှိဘူး။ အလုပ်က အရမ်းပိနေလို့ ကျောင်းကို ပုံမှန် လာမတက်နိုင်တာ။ စာကြည့်ချိန် မရတာ စသဖြင့် အကြောင်းကြောင်းကြောင့် ကျတာပါ။ တော်ရုံတန်ရုံ ဆို မကျနိုင်ပါဘူး။ ကျောင်းကို ပုံမှန်လာတက်။ ပေးထားတဲ့ စာတွေ ပုံမှန်ကြည့်သွားရင် အောင်ပါတယ်။
ကျောင်းက assignment တွေ၊ project တွေ ပေးတဲ့ အခါကျတော့ တစ်ယောက်နဲ့ တစ်ယောက် တိုင်ပင် ဆွေးနွေးတာ၊ ယိုင်းပင်းကူညီတာ မရှိမဖြစ်လိုတယ်။ ဆိုတော့ ကိုယ်နဲ့ နီးစပ်ရာ နီးစပ်ရာ အစုအဖွဲ့လေးတွေ ဖွဲ့ထားရတယ်။ တကယ်လို့ ကိုယ်က အလုပ်မအားလို့ ကျောင်းမလာနိုင်ရင် သူငယ်ချင်းက ပြန်ရှင်းပြမယ်။ Assignment တွေ ပေးလိုက် ရင်လဲ အချိန်မီ တင်ရတယ်။ အချိန်မီ မတင်နိုင်ရင် အမှတ်လျှော့တယ်။ အဲဒီတော့ ကိုယ် ကျောင်းပျက်တဲ့အခါ assignment တွေ ဖြေဘို့ သူငယ်ချင်း အကူအညီ အများကြီး လိုတယ်။
စာတော်တဲ့ သူတွေကိုလည်း ချဉ်းကပ်ထားရတာပေါ့။ ကိုယ်နားမလည်တာရှိရင် မေးလို့ရအောင်။ နောက် စာမေး ပွဲ ဖြေတော့မယ် ဆိုရင် သူငယ်ချင်းတစ်ယောက်အိမ်မှာ စာစုကျက်ကြတာပေါ့။ သင်္ချာတွေ စုတွက်ကြ၊ တိုင်ပင်ကြပေါ့။
ဒါပေမဲ့လဲ ကျောင်းတက်ချိန် ၇၅ % မပြည့်ရင်တော့ စာမေးပွဲ ဖြေခွင့် မရဘူး။ နောက်တစ်ခုက စာမလိုက်နိုင်တာ။ ကိုယ်က ဒီနှစ်ဖြေတာမှာ သင်္ချာမအောင်လို့ နောက်နှစ်မှာ သင်္ချာ B ယူရမဲ့ အစား မနှစ်က A ပဲ ပြန်ယူရတယ် ဆိုရင် စာသင်ချိန်တွေ ကမောက်ကမ ဖြစ်ကုန်ရော။ နောက်ပြီး ကိုယ့်အပေါင်းအသင်းတွေနဲ့ ဘာသာချင်း မတူတော့တဲ့ အတွက် ကိုးရို့ကားယားတွေ ဖြစ်ကုန်တာပေါ့။
ဒီမှာကောင်းတာက စာမေးပွဲကျရင် ကျတဲ့ ဘာသာပဲ ပြန်တက်ရတာ။ နောက်တစ်နှစ် ပြန်ထိုင်စရာ မလိုဘူး။ ဒါပေမဲ့ ဒီဘာသာတစ်ခုထဲကို နှစ်ခါပြန်သင်နေရတဲ့အတွက် ပိုက်ဆံတော့ ပိုကုန်သွားတာပေါ့။
ကျွန်တော်ပြောခဲ့တာတွေကို ပြန်ချုပ်ကြည့်ရရင် ကျွန်တော် မြန်မာပြည်မှာတုံးက သာမန် ဘွဲ့တစ်ခုပဲ ရခဲ့တယ်။ ဘာအတွေ့အကြုံမှလည်း မရှိဘူး။ စင်ကာပူရောက်မှ အင်ဂျင်နီယာဘာသာရပ်တွေကို အခြေခံကနေ စလေ့လာရတယ်။ ကျွန်တော် ကျောင်းတက်ခဲ့တဲ့ ကာလကို ပြန်ကြည့်ရင် ၂၀၀၀ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်ထိ။ ပြောရမယ် ဆိုရင်တော့ ကျွန်တော် စင်ကာပူရောက်နေတဲ့ တစ်ချိန်လုံးလိုလို ကျောင်းတက်နေရတာပဲ။ အဲဒီအတွက် အိုဗာတိုင် မဆင်းရလို့ ၀င်ငွေ အများကြီး လျော့သွားတယ်။ ဒီအတွင်း ပိုက်ဆံ ဟုတ်တိပတ်တိ မစုမိခဲ့ဘူး။ အိမ်သုံးဘို့လောက်နဲ့ တခြား ပစ္စည်းလေးဘာ လေး လုပ်တာလောက်ပဲ ရှိခဲ့တယ်။
ကျွန်တော်လည်း စလာတုံးကတော့ စင်ကာပူကို ပိုက်ဆံလာရှာ။ ပိုက်ဆံ စုပြီး အိမ်ပြန်ဘို့ပဲပေါ့။ အဲဒီလို ဒီမှာ အိုဗာတိုင် အသည်းအသန်လုပ်၊ ကိုယ်သတ်မှတ်ထားတဲ့ ကာလတစ်ခုမှာ ငွေထုပ်ပိုက်ပြီး အိမ်ကို အပြီးပြန်သွားတဲ့ လူတွေ လည်း ရှိတာပေါ့။ တချို့သူတွေကျ ပိုဆိုးသေးတယ်။ ပိုက်ဆံလည်း ပြောပလောက်အောင် မစုမိဘူး။ ဘာပညာမှလည်း မရလိုက်ဘူး။ ဘ၀ကို ပျော်ပျော်နေ၊ ဖြစ်သလို စခန်းသွား။ ရလာတဲ့ ပိုက်ဆံကို သုံးလိုက်စားလိုက်၊ ပျော်လိုက်ပါးလိုက်နဲ့၊ နောက်တော့ လက်ချည်း အပြီးပြန်သွားတဲ့ လူတွေလည်း မနည်းဘူး။
ကျွန်တော်တို့ လာတဲ့ အသုတ်ထဲမှာဆို ဘွဲ့ရတွေ တော်တော်များများ ပါတယ်။ ဒါပေမဲ့ ခုနပြောသလို ပိုက်ဆံပဲ ခြစ်ချုပ် စုပြီး တော်တော်များများကတော့ အပြီး ပြန်သွားကြပြီ။ ဒါတော့ လူဆိုတာ ကိုယ်ပိုင်ရွေးချယ်ခွင့် ရှိတာပဲ။
ဒီတော့ ဒီကို လာမဲ့လူငယ်တွေ အနေနဲ့ စင်ကာပူကို ဘာလုပ်ရအောင် လာမှာလဲ ဆိုတာ ကိုယ့်ဟာကိုယ် ရည်ရွယ်ချက် ထားကြဘို့ လိုပါတယ်။ ခုနက ပြောခဲ့တဲ့ လူတွေလို ဟေးလားဝါးလားနဲ့ ပိုက်ဆံလည်းမရ၊ ပညာလည်း မရ ဆိုရင် အလကားပဲ။ ဒီကိုလာတယ် ဆိုတာ အလကားလာလို့ ရတာ မဟုတ်ဘူး။ ပိုက်ဆံ အများကြီးနဲ့ ရင်းနှီးပြီး လာရတာ။ ကိုယ့်ဟာကိုယ် ထင်သလို နေချင်သည့်တိုင် မိသားစု မျက်နှာကို ငဲ့ပြီး တစ်ခုခုတော့ ဖြစ်အောင် လုပ်ကြပါလို့ မှာချင်တယ်။
ခုလို ကျွန်တော့် အတွေ့အကြုံတွေကို နောင်လာနောက်သားတွေအတွက် ပြန်ပြီး ဝေမျှခွင့်ရတာ အများကြီး ၀မ်းသာပါတယ်။ ကျွန်တော် ပြောလိုက်တဲ့ အထဲက ကိုယ့်ဘ၀တိုးတက်ရာ တိုးတက်ကြောင်းအတွက် တစ်ခုခု ရလိုက်တယ် ဆိုရင် ကျွန်တော် ပြောပြရကျိုး နပ်ပါပြီ။
သုံးသပ်ချက်
၁။ ကိုမင်းကျော်အောင် ၏ စင်ကာပူတွင် ကြိုးစားအားထုတ်ခဲ့မှုများကို ကြည့်လျှင် အတုယူစရာ၊ အားကျစရာ များကို တွေ့နိုင်ပါသည်။ သူပြောခဲ့သလိုပင် သူ ပိုက်ဆံများများ ရရေးအတွက် အိုဗာတိုင်ကို မက်ပြီး ကျောင်းမတက်ပဲ နေခဲ့လျှင် ယခုအချိန်ထိ work permit ဘ၀နှင့်ပဲ ရှိဦးမည်မှာ သေချာသလောက် ဖြစ်ပါသည်။ ထို့ပြင် လခမှာလည်း တစ်နေ့ ၃၀၊ သေရော ကျေရော တစ်နေ့ ၃၅ ကျပ်၊ နောက်ဆုံး ၄၀ ထက်ပိုရနိုင်စရာ အကြောင်းမရှိပါ။ တစ်နေ့ ၃၀ နှင့်ဆိုလျှင် တစ်လမှ ၉၀၀ ပဲရမည် ဖြစ်ပါသည်။ ယခုမူ လခ ၂၀၀၀ ထုတ်နေရပြီ ဖြစ်ရာ အများကြီး ကွာခြားသွားသည်မှာ လက်တွေ့ မျက်မြင် ပင် ဖြစ်ပါသည်။
တစ်နည်းအားဖြင့်လည်း ကျောင်းတက်နေစဉ် ကာလ၌ ဆုံးရှုံးခဲ့သော ငွေကြေးများကို ကျောင်းပြီးသည့်အခါ လ အနည်းငယ်အတွင်း ပြန်လည် ရရှိနိုင်မည် ဖြစ်ပါသည်။ ဤအကျိုးကျေးဇူးမှာ ခဏပန်းအတွက် မဟုတ်။ တစ်ဘ၀လုံး အတွက် ဖြစ်ပါသည်။
၂။ ထို့ပြင် လူမှု ဆက်ဆံရေး နယ်ပယ်၌လည်း work permit တစ်ဦးကို ဆက်ဆံပုံနှင့် PR တစ်ဦးကို ဆက်ဆံပုံ။ ရသည့် အခွင့်အရေး မည်မျှ ကွာသည်ကို အားလုံး အသိဖြစ်ပါသည်။ ဘာလက်မှတ်မှ မရှိလျှင် ရှိသမျှ တက်လမ်းအားလုံး မှာ ပိတ်နေမည် ဖြစ်ပါသည်။
၃။ နောက်တစ်ခုက ဘ၀နှင့် ဆိုင်ပါသည်။ ထိုကဲ့သို့ ကျောင်းတက်လိုက်သောအခါ မိမိ မသိသေးသော အသိအမြင် များ၊ မိတ်ကောင်းဆွေကောင်းများ အများကြီး ရလာပါသည်။ ဤသည်တို့မှာ ကျွဲကူးရေပါ ဆိုသလို ကျောင်းတက်ခြင်းဖြင့် ရလာသော ဘေးထွက် အကျိုးကျေးဇူးများ ဖြစ်ပါသည်။
၎။ သို့အတွက် စင်ကာပူသို့ လာရောက် စီးပွားရှာကြသော မြန်မာ လူငယ် လူရွယ်များအား စီးပွားရှာရာတွင် ကာယ အားထက် ဉာဏအားဖြင့် ရှာခြင်းက ပိုမို ခရီးရောက်သဖြင့် လက်လှမ်းမီသမျှ သင်တန်းများ၊ ကျောင်းများကို တက်ကာ မိမိတို့၏ အရည်အသွေးများကို မြှင့်တင်ကြရန် တိုက်တွန်းလိုက်ပါသည်။

Sunday, October 18, 2009
Bitter Life XX (ကိုမင်းကျော်အောင်-၁)
(၁၃)
နာမည် - ကိုမင်းကျော်အောင်
အသက် - ၃၄
ပညာအရည်အချင်း - ၀ိဇ္ဖာဘွဲ့ (မြန်မာစာ)၊ NTC 2, Diploma in Engineering (Mechatronic)
လက်ရှိအလုပ်အကိုင် -
လစာ - ၂၀၀၀
ကိုမင်းကျော်အောင်သည် မြန်မာပြည်တွင် အင်ဂျင်နီယာနှင့် ပတ်သက်သော ပညာရပ်များကို လေ့လာခဲ့ဖူးသူ မဟုတ်။ ထို့ပြင် စက်မှုလက်မှု လုပ်ငန်းအတွေ့အကြုံများလည်း မရှိ။ စင်ကာပူ ရောက်သောအခါ စက်မှုလုပ်ငန်းများနှင့် ထိတွေ့ရသောအခါ အခက်အခဲ အမျိုးမျိုးကြုံရသည်။ ကျွန်တော့် တွန်းအားပေးမှုနှင့် သူကိုယ်တိုင်၏ ၀ါယမစိုက်ထုတ်မှု ဖြင့် စင်ကာပူတွင် ရေရှည် ဆက်လုပ်နိုင်ရန် ကျောင်းတက်သည်။
ပထမ ITE (Institute of Technical Education) တက်သည်။ ထိုမှ တဆင့် Polytechnics ဆက်တက်ကာ ဒီပလိုမာ လက်မှတ်တစ်ခု ရအောင်ယူခဲ့သည်။
အလုပ်တစ်ဖက်နှင့် ကျောင်းတက်ရသည်မှာ ခက်ခဲ ပင်ပန်းသည်။ သို့သော် အနာခံမှ အသာစံရမည် ဆိုသည့် စကားအတိုင်း သူက နှစ်ရှည်လများ တက်ရသည့်တိုင် မငြီးမငြူ ဆက်တက်ခဲ့သည်။ ဆယ်စုနှစ် တစ်ခုနီးပါး ကြိုးစား လိုက်သောအခါ ယခု သူ့ကြိုးစားမှု၏ အသီးအပွင့်များကို သုံးဆောင်ခံစား နေနိုင်ပြီ။ သူနှင့် အတူလာသူ အများစုမှာ ပိုက်ဆံကို သာ ကုန်းရုန်းရှာကာ ယခု အချို့လည်း မြန်မာပြည် ပြန်သည့်သူပြန် စသဖြင့် ယယ်ကလယ် လိုက်နေချိန်တွင် သူ့မှာ မပူမပင်ဘဲ အေးအေးဆေးဆေး ဟန်ကျပန်ကျ နေနိုင်ပြီ ဖြစ်သည်။
ပညာရေးသည် ဘ၀အတွက် မည်မျှ အရေးကြီးကြောင်း ကိုမင်းကျော်အောင်၏ ဘ၀အတွေ့အကြုံများက သက်သေခံနေပါသည်။ စင်ကာပူရောက် လူငယ်လူရွယ်များသည် ကိုမင်းကျော်အောင် ကို အားကျကာ မိမိဘ၀ တိုးတက်လမ်းကို ရှာနိုင်သူများ ဖြစ်ကြပါစေကုန်သတည်း။
၁။ မြန်မာပြည်တွင် ကြိုတင် ပြင်ဆင်မှုများ
ဒီမလာခင် ရန်ကုန်မှာတုံးက ကျွန်တော် welding သင်တန်း တက်ခဲ့သေးတယ်။ အစိုးရက ဖွင့်တာပဲ။ ကုန်းလမ်း ပို့ဆောင်ရေး ၀န်ကြီးဌာန အောက်က။ ပါရမီ လမ်းဘက်က စက်ရုံတစ်ခုမှာ တက်ရတာ။ စက်ရုံနာမည်တောင် ကျွန်တော် မမှတ်မိတော့ဘူး။ ဆယ်နှစ်ကျော်ပြီကိုး။ သူက သင်တန်း အပတ်စဉ် ဘယ်လောက်။ သင်တန်းသား ဘယ်နှယောက် ဆိုပြီး သင်တာ။ သင်တန်းတစ်ခုကို သင်တန်းသား ၃၀ ကျော်လောက်ရှိတယ်။ သင်ပေးတာကတော့ မဆိုးပါဘူး။ စာတွေ့အနေနဲ့ တော့ သေသေချာချာ သင်ပေးပါတယ်။ ဒါပေမဲ့ လက်တွေ့ပိုင်း အားနည်းတယ်။ သင်တန်းသားက များပြီး welding စက်က နည်းတာမျိုး။ electrode တွေ လုံလုံလောက်လောက် မပေးနိုင်တာမျိုး ပေါ့။
သီအိုရီ သင်ပေးပြီးရင် ဂဟေချောင်း သုံးလေးချောင်းလောက်ပေးပြီး လေ့ကျင့်ခိုင်းတယ်။ အဲဒါ ကုန်သွားရင်တော့ တခြား အတိုအစ လိုက်ကောက်ပြီး ဆော်ချင်ဆော်၊ ဆရာကို မေးစရာရှိတာမေး ပြီး ပြန်ပေါ့။ တကယ့် professional မဆော်တတ်ပေမဲ့ လုံးဝ အတွေ့အကြုံမရှိတာနဲ့ စာရင် welding ဆိုတာ ဘာလဲ လို့ သဘောတရားတော့ နားလည် သွားတာပေါ့။ တကယ်လုပ်မဲ့ သူတွေအတွက် အခြေခံကောင်းကောင်း ရသွားတယ်။
သင်တန်းကြေးကတော့ သိပ်မများပါဘူး။ ၃၀၀၀ ထင်တယ်။ ၁၉၉၉ ခုနှစ်လောက်က။ သင်တန်းက တစ်လခွဲ သင်တန်း။ သင်တန်းပြီးတော့ test လုပ်တယ်။ မနက်ပိုင်းဖြေ။ ညနေကျ အောင်စာရင်း ထုတ်ပြီး သင်တန်းမှာ ပထမ၊ ဒုတိယ စသဖြင့် ဆုရတဲ့သူတွေကို ဆုပေးတယ်။ သူဆော်ထားတဲ့ welding သားပေါ်မူတည်ပြီး ရွေးတာပေါ့။
အင်္ဂလိပ်စာ သင်တန်းတက်ခဲ့တယ် ဆိုပေမဲ့ သိပ် ထိထိရောက်ရောက် မဟုတ်ဘူး။ လှည်းတန်းက ဦးဝင်းနိုင်မှာ တက်ခဲ့တာ။ ဆရာကတော့ သင်ပေးမှာပဲ။ တကယ် တတ်မတတ် ဆိုတာကတော့ ကိုယ့်လေ့ကျင့်မှုနဲ့ ကြိုးစားမှုပေါ် မူတည် မှာပေါ့။ ဦးဝင်းနိုင် သင်ပုံသင်နည်းက ပိုကောင်းတယ်။ ကိုယ်သေသေချာချာ လေ့လာရင် အများကြီး တိုးတက်နိုင်တယ်။ သူ့ဆီမှာ လာတက်တဲ့သူ များတယ်။ သူက speaking ကို ဦးစားပေး သင်တာ။ သူက လူသစ်တန်း၊ လူဟောင်းတန်းရယ် လို့ ခွဲသင်တာ မဟုတ်ဘူး။ ခန်းမကြီးထဲမှာ အားလုံးလာထိုင်။ ပြီးတော့ အင်္ဂလိပ်စကားပြော ဗီဒီယိုတွေ ပြတယ်။ မသိရင် အချင်းချင်း ဆွေးနွေး၊ ဆရာကို မေးပေါ့။ နောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ပြောရဲဆိုရဲ ရှိအောင် လေ့ကျင့်ပေးတယ်။
သင်တန်းသားတွေကို စတိတ်ခုံပေါ်တက်ခိုင်းပြီး သူ့အကြောင်း ပြောခိုင်းတယ်။ သူ့မိသားစု အကြောင်း၊ သူဖြတ် သန်းခဲ့ရတဲ့ ဘ၀အကြောင်း။ သူ့ပညာရေး အကြောင်း စသဖြင့်ပေါ့။ အောက်က နားထောင်နေတဲ့ သင်တန်းသားတွေ ကလည်း ကိုယ်သိချင်တာတွေ မေးလို့ရတယ်။ ဆိုတော့ အပြန်အလှန် စကားပြောဖြစ် သွားတာပေါ့။ အပြင်မှာကျ ဒါမျိုး ပြောဘို့ အခွင့်အလမ်း မရှိဘူး။ ဒီတော့ ကျောင်းသားတွေ ဘက်ကလည်း စိတ်ဝင်စားမှု ရှိတယ်။ တိုးတက်မှုလည်း ရှိတယ်။ သူ့ဆီမှာ နှစ်နဲ့ချီပြီး လေ့လာနေတဲ့ သူတွေ ရှိတယ်။ သင်တန်းကြေးကလည်း နည်းတယ်။
တခြားသင်တန်းတွေကတော့ သုံးလအပြတ်၊ လေးလ အပြတ် စသဖြင့် သင်သွားတယ်။ သူ့သင်တန်းကာလ ကုန်တာနဲ့ တတ်သည်ဖြစ်စေ၊ မတတ်သည် ဖြစ်စေ လက်မှတ်ပေးပြီး ပြန်လွှတ်လိုက်တာပဲ။ ဆိုတော့ ကျွန်တော့်သဘော အရ ပြောရရင် ဦးဝင်းနိုင် သင်ပုံသင်နည်းကို ပိုကြိုက်တယ်။
၂။ ဘ၀သစ်သို့
ကျွန်တော် ကျောင်းပြီးတာ ၁၉၉၉ ခုနှစ် ဧပြီလ။ စာမေးပွဲ ဖြေပြီးတော့ မေလမှာ စင်ကာပူကို ထွက်လာခဲ့တာပဲ။ ကုမ္ပဏီနာမည်က Wing Yong Engineering။ နောက်တော့ Alpine Engineering Services ဆိုပြီး နာမည် ပြောင်းလိုက် တယ်။ အဲဒီ ကုမ္ပဏီက လူက သူတို့ကုမ္ပဏီအတွက် လူလိုလို့ ဆိုပြီး လာခေါ်တော့ ပိုက်ဆံ သိပ်မကုန်လိုက်ဘူး။ သူ့ဟာသူ ပဲ အေးဂျင့် လုပ်ပြီး လူခေါ်တာ ပြောပါတော့။ အဲဒီတုံးက သူ့ကို စင်ကာပူဒေါ်လာ ၁၅၀၀ ထင်တယ်၊ ပေးရတယ်။ အလုပ် က Steel Work Worker တဲ့။ Keppel သင်္ဘောကျင်းမှာ။ လခက တစ်နေ့ကို ၁၈ ကျပ်။
ကျွန်တော်တို့ ဆိုတာက ရန်ကုန်မှာ သင်္ဘောကျင်း လုပ်ဖို့မပြောနဲ့။ သင်္ဘောတောင် ရုပ်ရှင်တွေ ဗီဒီယိုတွေထဲမှာပဲ မြင်ဖူးတာ။ အပြင်မှာ သင်္ဘောကြီးတွေ တစ်ခါမှ မြင်ဖူးတာ မဟုတ်ဘူး။ ဒီရောက်မှ သင်္ဘောတွေ သေသေချာချာ မြင်ဖူး တာ။ ဒီလောက်ကြီးတဲ့ သင်္ဘောကြီးတွေ မြင်ရတော့ အတော် ကို အထူးအဆန်း ဖြစ်နေတာပေါ့။ လုပ်ငန်း အတွေ့အကြုံက လည်း ဘာမှ မရှိသေး။ ဘာမှလည်း မလုပ်တတ်သေးတော့ သူများလုပ်တာ လိုက်ကူရတယ်။ Helper ပေါ့။ ကူရင်းနဲ့ သူတို့လုပ်တာ ကိုင်တာကြည့်ပြီး မှတ်သား၊ သင်ယူ ရတာပေါ့။ သူတို့ကလည်း ဘာမှ သေသေချာချာ မခိုင်းသေးဘူး။
ဒီလိုပဲ သူများလုပ်တာကြည့်။ ၀င်လုပ်။ လုပ်ရင်း၊ သင်ရင်း နဲ့ပဲ ၆ လ လောက်ကြာတော့ လုပ်တတ် ကိုင်တတ် သွားရတာပဲ။
ရောက်ခါစကတော့ ကိုယ်ကလည်း သင်္ဘောကျင်း ဗဟုသုတ ဘာမှ မရှိသေး။ အတွေ့အကြုံကလည်း မရှိ ဆိုတော့ အခက်အခဲ ဆိုတာကတော့ ရှိတာပဲ။ အစစ ပေါ့။ communication ကစ။ သူတို့ပြောတာ ကိုယ်နားမလည်။ ကိုယ် ပြောတာ သူတို့ နားမလည်။ ကိုယ့် စူပါဗိုက်ဆာက ဟေ့ကောင်၊ မင်း Fore Peak Tank ထဲ သွားကြည့်ချေ ပြောတော့ သင်္ဘောမှာ အဲဒီ Fore Peak Tank ဆိုတာကြီးက ဘယ်နားနေလို့ နေမှန်းမသိ။ မင်း Port Side က Engine Room ထဲ လာခဲ့ ဆိုရင် Port Side ဆိုတာ ဘာလဲလို့ မသိ။ Engine Room ဆိုတာ ဘယ်နားရှိမှန်း မသိ။ အာ၊ အကြီးအကျယ် ရွာ တွေ လည်တာပေါ့။
တခါတလေ သူတို့လိုက်ပြလို့ Tank တစ်ခုခုထဲ တော့ ရောက်သွားပါရဲ့။ အဲဒီ Tank ဟာ သင်္ဘောရဲ့ Starboard side မှာ ရှိမှန်းမသိ။ Port Side မှာ ရှိမှန်းမသိ။ ကိုယ်ကြည့်နေတဲ့ ပိုက်လိုင်းက ဘာပိုက်လိုင်းမှန်း မသိ။ ပြောရရင်ဗျာ။ ဘာဆို ဘာမှ မသိတာကိုး။ Welding ဆော်ခိုင်းတော့လည်း မဆော်တတ်။ Cutter ဖြတ်ခိုင်းပြန်တော့လည်း မဖြတ်တတ်။ အကုန်ပေါ့။ မေးရင်းစမ်းရင်း၊ မှတ်ရင်း သားရင်း။ အမှားမှား အယွင်းယွင်းနဲ့ပဲ ဒီလို ဖြစ်လာရတာပဲ။ အချိန်က သင်ပေးသွား တာပေါ့။ လေးငါး ခြောက်လလောက် ကြာတော့ အားလုံး သိသွားပြီ။
ရောက်စတုံးက Woodland JTC မှာ နေရတယ်။ တစ်ခန်းကို ၁၂ ယောက် စုနေရတယ်။ နေရတာတော့ အဆင်ပြေပါတယ်။ ချက်စားလို့လဲ ရတယ်။ ဒါပေမဲ့ အခန်းခ တစ်လကို ၈၀ ပေးရတယ်။ ရေဘိုး၊ မီးဘိုး လည်း ကိုယ့်ဟာ ကိုယ် ပေးရတာပဲ။ ဆိုတော့ နေစရိတ်တင် တစ်လကို တစ်ရာကျော်လောက် ရှိတယ်။
ဒါပေမဲ့ ကျွန်တော်တို့ စလာတဲ့ ၁၉၉၉ ၀န်းကျင်လောက်က အလုပ်တွေက အရမ်းကောင်းတယ်။ အိုဗာတိုင်တွေ အရမ်း ဆင်းရတယ်။ Overnight တွေလည်း ဆင်းရတယ်။ ဆိုတော့ ကျွန်တော် အဲဒီတုံးက လခ တစ်နေ့ကို ၁၈ ကျပ်ပဲ ရတာတောင် တစ်လကို ၈၀၀ ကနေ ၁၀၀၀ ကြား ထုတ်ရတယ်။ မဆိုးသေးဘူး ဆိုရမှာပေါ့။
ဒါပေမဲ့ ခုတော့ OT တွေကို အရမ်းချ မပေးတော့ဘူး။ ထိန်းထားတယ်။ Overtime ကို အလှည့်နဲ့ ဆင်းခိုင်းတယ်။ ဥပမာ ဒီတစ်ပတ် တနင်္ဂနွေ ဆင်းတဲ့သူတွေ ဆို နောက်တစ်ပတ် မဆင်းရတော့ဘူး။ စနေလဲ ထိုနည်း၎င်း ပဲ။ အဲတော့ လခ နည်းတဲ့သူတွေ ထိတာပေါ့။ တစ်လမှ ၃၅၀ ရ၊ ၄၀၀ ရ။ အင်မတန် ကောင်းပါမှ ၅၅၀၊ ၆၀၀ ရတာ။
ကုမ္ပဏီက လခ တစ်နှစ်ကို တစ်ခါ တိုးပေးတယ်။ ကိုယ့် လုပ်ရည်ကိုင်ရည်ပေါ်မူတည်ပြီး ၂ ကျပ်ကနေ ၅ ကျပ်ထိ တိုး ပေးတယ်။ စလာတုံးက ၁၈ ကျပ်ရတဲ့ သူတွေ နောက်နှစ်ဆို တစ်နေ့ ၂၀ ရတယ်။ ကိုယ်တော့ လုပ်ပြရတာပေါ့။ အလကား နေရင်းတော့ ဘယ်ပေးမလဲ။ နောက်ပြီး ကုမ္ပဏီက Keppel သင်္ဘောကျင်းရဲ့ လက်အောက်မှာ ဆိုတော့ Keppel ကနေ တိုက်ရိုက်လာ အုပ်ချုပ်တယ်။ အဲ့ဒါကြောင့်ပဲ တစ်နှစ်ခွဲ၊ နှစ်နှစ်လောက်ကို တစ်ခါ General Manager ပြောင်းတယ်။ Keppel က Section Manager ဒါမှမဟုတ် Project Manager ရာထူးလောက် လူတွေ လာပြီး အုပ်ချုပ် တာ။ ဒီတော့ တခြားကုမ္ပဏီတွေလို သူဌေးက တိုက်ရိုက်အုပ်ချုပ်တာ မဟုတ်ပဲ Keppel က တာဝန်ပေးလိုက်တဲ့ General Manager တွေက အုပ်ချုပ်တာ။
၃။ ကျောင်းစတက်ခြင်း
၂၀၀၀ နှစ်ဆန်းပိုင်းလောက် ရောက်တော့ ကျွန်တော် ကျောင်းစတက်တယ်။ ITE January Intake ကို စတက် တယ်။ ကျောင်းတက်တယ် ဆိုတာလည်း ကိုယ်လုပ်တဲ့ အလုပ်ရဲ့ အခြေအနေပေါ်လည်း မူတည်သေးတယ်။ ကိုယ် တက်ချင်တိုင်း တက်လို့ရတာ မဟုတ်ဘူး။ ဘာလို့လည်း ဆိုတော့ အချိန်ပေးရတာကိုး။ ကျောင်းတက်မဲ့ အချိန်နဲ့ ကိုယ်လုပ် ရတဲ့ အလုပ်ချိန်နဲ့ တိုက်နေရင် ဘယ်လိုမှ တက်လို့ရမှာ မဟုတ်ဘူး။ နောက်ပြီး တချို့ အလုပ်ရှင်တွေက သဘောထား ဆိုး တယ်။ ကိုယ့်အလုပ်သမား ကျောင်းတက်တာကို မကြိုက်ဘူး။ ဒီတော့ အလုပ်ချိန်နဲ့လည်း အဆင်ပြေ။ လူကြီးကလည်း သဘောတူ ဆိုမှ တက်လို့ ကောင်းတယ်။
ကျွန်တော် တက်ဖြစ်တာက အကြောင်းအပေါင်း တိုက်ဆိုင်လာတယ် ဆိုပါတော့။ ၉၉ ခုနှစ် နှစ်ကုန်ပိုင်းလောက် ရောက်တော့ ရုံးပေါ်မှာ လုပ်စရာရှိတာနဲ့ လူကြီးတွေက ကျွန်တော့်ကို ရုံးလာလုပ်ဖို့ ခေါ်တယ်။ ကျွန်တော်က ရန်ကုန်မှာ တုံးက ကွန်ပြူတာ သင်တန်းတက်ခဲ့သေးတော့ ကွန်ပြူတာကို အရမ်း ကျွမ်းကျွမ်းကျင်ကျင် မကိုင်တတ်တောင် သုံးတော့ သုံးတတ်တာပေါ့။
ဘာလုပ်ရတာလဲ ဆိုတော့ သင်္ဘောပေါ်မှာ သုံးလိုက်တဲ့ ပစ္စည်းတွေရဲ့ စာရင်းကို ပြုစုရတာ။ ဆိုပါတော့၊ ဘယ် အလုပ်အတွက် ဘယ်သင်္ဘောရဲ့ ဘယ်အစိတ်အပိုင်းမှာ ဘယ်လို သံပြား လဲလိုက်တယ်။ သံပြားရဲ့ အလျှား၊ အနံ၊ အထူ က ဘယ်လောက်၊ အဲဒီသံပြားလဲဘို့ လူဘယ် နှစ်ယောက်၊ ဘာပစ္စည်းတွေ သုံးတယ်၊ ဘယ်နှစ်ရက် လုပ်ရတယ်၊ ဘယ်ရက် ကနေ ဘယ်ရက်ထိ လုပ်တယ်။ ဖိုမင်က ဘယ်သူ၊ စူပါဗိုက်ဆာက ဘယ်သူ စသဖြင့်ပေါ့။ စာရင်းတွေ မှတ်၊ တွက်ချက် ပေးရတယ်။
ပစ္စည်းမလဲဘဲ welding ဆော်ရတယ် ဆိုရင်လဲ welding အလျှားက ဘယ်လောက်၊ welder ဘယ်နှယောက် စသဖြင့် ပေါ့လေ။ အကုန်လိုက်မှတ်၊ စာရင်းပြုစုပြီး အဲဒီစာရင်းကို commercial ဌာနကို ပေးရတယ်။ Commercial ဌာန ကမှ အဲဒီစာရင်းပေါ် မူတည်ပြီး owner ဆီက ပိုက်ဆံ တင်တောင်းတာပေါ့။
ဆိုတော့ လုပ်ငန်းသဘာဝ ပြောင်းသွားတယ်။ အရင်ကလို တစ်နေကုန် သင်္ဘောပေါ် တက်ရတဲ့ အလုပ်မဟုတ် တော့ပဲ ရုံးပေါ်ထိုင်ရတဲ့ အချိန် များလာတယ်။ ဘာလို့လည်း ဆိုတော့ တစ်ခါတလေ လဲရတဲ့ သံပြားကြီးတွေက အကြီးကြီး တွေ ဆိုရင် အချိန် အများကြီးယူရတယ်။ ကိုယ်က တစ်ခေါက်လောက် သွားကြည့်ထားပြီး သံပြားအရွယ်၊ လူအင်အား စသ ဖြင့် တစ်ခါ မှတ်ထားလိုက်ရင် ရပြီ။ ညနေပိုင်း တစ်ခေါက်လောက် တက်ပြီး သူတို့ ဒီနေ့ ဘယ်လောက်ပြီးသလဲ မှတ်လိုက် တယ်။ ဒါဆို ဒီနေ့အတွက် လုံလောက်ပြီ။ ဆိုတော့ အချိန်အား များလာတယ်။ ဆိုတော့ ကျောင်းတက်ဖို့ အခွင့်အရေး ရလာတယ် ပေါ့။
အဲဒီအချိန်တုံးက Poly တွေမှာ Part Time မဖွင့်သေးဘူး။ ဒီတော့ အများစုက ITE (Institute of Technical Education) မှာပဲ တက်ကြတာ များတယ်။ နောက်ပြီး ကျောင်းတက်ရတာ ခုလောက် မခဲယဉ်းသေးဘူး။ ကျောင်းလခတွေ ကလည်း ဈေးသက်သာသေးတယ်။ နောက်ပြီး အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရတဲ့ သူတွေအတွက် ITE က အတော် အဆင်ပြေတယ်။ နောက် အားသာချက် တစ်ခုက ITE ပြီးရင် EP (Employment Pass) တို့ ဘာတို့ လျှောက်လို့ ရတယ်။ ဒီတော့ ကျွန်တော်တို့ အပါအ၀င် နိုင်ငံခြားသား အများစုက ITE သွားတက်ကြတယ် ပေါ့။
ITE က စာတွေ့ထက် လက်တွေ့သင်ပေးတာ ပိုများလို့ လူတွေကြိုက်ကြတာလဲ ပါတာပေါ့။ သူကမှ တကယ့် သက်မွေးဝမ်းကျောင်း ပညာသင် ကျောင်းပဲ။ ဥပမာ - ဆိုကြပါစို့။ လျှပ်စစ် သင်တန်းမှာ မော်တာ အထူးပြု ဆိုပါတော့။ မော်တာရဲ့ သီအိုရီသာပါ မက မော်တာ တစ်လုံးလုံး ပြင်တတ်၊ ဖြုတ်တတ်၊ ဆင်တတ်အောင်၊ မော်တာတွေကို ကိုယ့်ဟာ ကိုယ် ပတ်တတ်အောင် သင်ပေးလိုက်တာ။ လက်တွေ့ခန်းမှာ အဲဒီဘာသာနဲ့ ပတ်သက်တဲ့ ပစ္စည်း အစုံရှိတယ်။ ဆိုတော့ လူကြိုက်များတယ်။ ဈေးကွက်ထဲမှာလည်း ITE ကျောင်းဆင်းဆို အလုပ်ရှာရတာ လွယ်တယ်။
ဗမာပြည်မှာ စာတွေ့ပဲ လေ့လာခဲ့တဲ့လူတွေ ITE သွားတက်လိုက်ရင် လက်တွေ့ပါ ပိုပြီးနားလည် သွားတယ်။ ကျွန် တော်တို့လို မြန်မာပြည်မှာ အင်ဂျင်နီယာ ဘာသာရပ်တွေနဲ့ မကျွမ်းဝင်ခဲ့သူတွေ အဖို့ အင်ဂျင်နီယာရင်း ကို အခြေခံက စ သင်ပေးလိုက်တော့ မလိုက်နိုင်စရာ မရှိတော့ဘူး။ အားလုံး သိသွားတယ်။ ဗမာပြည်မှာ ဆယ်တန်းအောင်လာပြီး ဒီကျမှ ITE တက်လဲ ရတာပဲ။ မထူးပါဘူး။ ဒီကျမှ တက်တော့ အခြေခံအားလုံး သိသင့်သိထိုက်တာတွေ သိသွားတယ်။
အချိန်ပြည့် တက်နေတဲ့ သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ နည်းတယ်။ သူတို့ကျ အိမ်က ပိုက်ဆံ အလုံအလောက် ထောက်ပံ့နိုင်မှ ကိုး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် တက်မဲ့လူတွေ အတွက်ကတော့ အလုပ်လုပ်ရင်း တက်တာ အဆင်ပြေပါတယ်။ ကျောင်းတက်တဲ့ သူတွေထဲမှာ မြန်မာတွေ တော်တော်များတယ်။ ကျောင်းသားဦးရေရဲ့ ၁၀ ကနေ ၁၅ ရာခိုင်နှုံးလောက် ထိ ရှိမယ် ထင်တယ်။
ကျွန်တော် ကျောင်းစတက်တဲ့ ၂၀၀၀ ပတ်ဝန်းကျင်က ကျောင်းလခ အရမ်းသက်သာတယ်။ မော်ဒျူး (Module) တစ်ခုကို တစ်ရာ့အစိတ်ပဲ ရှိတယ်။ စာမေးပွဲကြေး၊ စာအုပ်ကြေးတွေ ဘာတွေ အားလုံးပေါင်းလိုက်မှ တစ်နှစ်ကို ၃၀၀ လောက်ပဲ ကျတယ်။ အရမ်း သက်သာတယ်။ ဒါပေမဲ့ တစ်နှစ်ထက် တစ်နှစ် ဈေးတွေ တက်လာလိုက်တာ ကျွန်တော် Final Semester ရောက်တော့ တစ်နှစ်ကို ၆၀၀ ကျော်လောက် ဖြစ်နေပြီ။ အခုဆို Module တစ်ခုကို ၉၀၀ ကျော်သွားပြီ။
မှတ်ချက်။ ။ ITE သင်တန်းအသေးစိတ်ကို http://www.ite.edu.sg/cet/index.htm တွင် လည်းကောင်း၊ သင်တန်းကြေးများကို http://www.ite.edu.sg/admission/pt/fees.htm#NitecISC တွင်လည်းကောင်း ၀င်ရောက် ကြည့်ရှုနိုင်ပါသည်။
ကျွန်တော်ယူတဲ့ အဓိက subject က Mechatronics ။ အခြေခံ မရှိတဲ့သူတွေ ဆိုရင်တော့ လိုက်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဆယ်တန်းအောင်ပြီးသား ဆိုရင်တော့ ကောင်းကောင်း လိုက်နိုင်ပါတယ်။ ဒါပေမဲ့ အချိန်တွေ အများ ကြီး ပေးရတယ်။ Module တစ်ခုကို တစ်ပတ်မှာ နှစ်ရက် တက်ရတယ်။ အလုပ်က ညနေ ၄ နာရီခွဲ ပြန်။ ကျောင်းက ညနေ ၆ နာရီကနေ ၉ နာရီ ထိ။ တစ်ပတ်ကို ကျောင်းချိန် နှစ်ရက် ဖြစ်တဲ့ အတွက် တစ်ပတ်မှာ နှစ်ရက် အိုဗာတိုင်မယူပဲ လေးနာ ရီခွဲ ပြန်ရတယ်။ အဲဒီအတိုင်း တက်သွားရင် ပုံမှန်ဆို ၄ နှစ် တက်ရတယ်။
ဒါပေမဲ့ 1 semester ကို module နှစ်ခု ယူခွင့်ပေးတယ်။ ကျောင်းတက်ရတဲ့ ရက်တွေ တိုက်မနေဘူး ဆိုရင်ပေါ့။ ဆိုပါတော့ module တစ်ခုက တနင်္လာနဲ့ ကြာသပတေး တက်ရတယ်။ နောက် module တစ်ခုကျတော့ ဗုဒ္ဓဟူး နဲ့ သောကြာ ဆိုရင် module နှစ်ခု တစ်ပြိုင်နက် ယူလို့ရတယ်။ ဒါပေမဲ့ တစ်ပတ်ကို လေးရက်တော့ ကျောင်းတက်ရမယ် ပေါ့။
ဒါ့အပြင် စနေ တစ်နေ့လုံး ဒါမှမဟုတ် တနင်္ဂနွေ တစ်နေ့လုံး တက်လို့ရတယ်။ မနက် ၉ နာရီကနေ ညနေ ၅ နာရီ ထိ။ အဲဒီတော့ ကြားရက်တွေမှာ နှစ်ရက် တက်စရာမလိုတော့ဘူး။ စနေ၊ တနင်္ဂနွေ တစ်ရက်ရက် သွားတက်လိုက် ပေါ့။ အဲဒီတော့ တကယ်လို့ module နှစ်ခု ယူချင် တဲ့သူတွေ အနေနဲ့ ဘာလုပ်လို့ရသလဲ ဆိုတော့ စနေ ဒါမှမဟုတ် တနင်္ဂနွေ မှာ module တစ်ခုတက်၊ ကြားရက်နှစ်ရက်မှာ တခြား module တစ်ခုတက်။ ဆိုတော့ တစ်ပြိုင်နက်ထည်း module နှစ်ခု တက်လို့ ရတာပေါ့။ အလုပ်ရှင်နဲ့လည်း သိပ် စကားပြောစရာ မလိုတော့ဘူး။
ဒါပေမဲ့ လခလည်း ထည့်တွက်ရ သေးတာကိုး။ ကျွန်တော်တို့က နာရီစား နဲ့ လုပ်ရတာဆိုတော့ တကယ်လို့ တနင်္ဂနွေ မဆင်းဘူး ဆိုရင် လခ အရမ်းနည်းသွားရော။ တနင်္ဂနွေ ဆင်းရင် နှစ်ဆရတာ ဆိုတော့ ဘယ်သူကမှ တနင်္ဂနွေ ကို မဖျက်ချင်ကြဘူးလေ။ ဒါ ထုံးစံပေါ့။ ဒါပေမဲ့ ပညာလိုချင်ရင်တော့ တစ်ဖက်ကို အနစ်နာ ခံရမှာပဲပေါ့။ ဘယ်တတ်နိုင် မလဲ။
Course တစ်ခုကို Module ရှစ်ခု ရှိတယ်။ ဆိုတော့ တကယ်လို့သာ ခုနက ပြောသလို one semester မှာ module နှစ်ခု တစ်ပြိုင်နက် တက်နိုင်ခဲ့ရင် လေးနှစ် တက်စရာမလိုတော့ဘဲ နှစ်နှစ်နဲ့ အပြတ် ဖြတ်လို့ ရတယ်။ လူတော့ နည်းနည်း ပင်ပန်းတာပေါ့။ နောက်ပြီး အိုဗာတိုင် လျော့သွားတော့ လခလည်း နည်းသွားတာပေါ့။
အဲဒီမှာ အလုပ်ရှင်နဲ့ အဆင်ပြေရင် ကိစ္စမရှိဘူး။ တချို့ကျတော့ အလုပ်ရှိနေရက်နဲ့ အလုပ်ဖျက်ပြီး ကျောင်းသွား တက်ရင် မကြိုက်ချင်တာတွေလည်း ရှိတယ်။ အလုပ်ထဲမှာ ကိုယ်နဲ့ အဆင်ပြေတဲ့ သူငယ်ချင်းတစ်ယောက် ရှိရင် ပို အဆင်ပြေတယ်။ ကိုယ့်အလုပ် တွေကို သူ့ကို လွှဲပေးခဲ့လို့ ရတယ်။ တကယ်လို့ ကိုယ့် supervisor က မေးလာခဲ့ရင်တောင် ငါလုပ်ရမဲ့ အလုပ်တွေ သူနဲ့ လွှဲပေးခဲ့တယ်။ သူ ဆက်လုပ်လိမ့်မယ် လို့ ပြောလို့ ရတယ်။ ဒါတောင် တချို့ကျ သိပ်မကြိုက်ချင်တာတွေ ရှိသေးတယ်။ မင်း စင်ကာပူလာတာ အလုပ်လုပ်ဖို့လာတာလား၊ ကျောင်းတက်ဖို့ လာတာလား လို့ အမေးခံရတဲ့ သူတွေရှိတယ်။
ကိုယ်နဲ့ တွဲလုပ်တဲ့သူတွေ ကလည်း ကိုယ့်ကို နားလည်ပေးနိုင်ဘို့ အရေးကြီးသေးတာပဲ။ သူကျောင်းသွားတက် နေတာပဲ၊ သူ့အလုပ်တွေ ငါကူလုပ်ပေးမယ် လို့ စိတ်ကောင်းရှိတဲ့ သူတွေ ရှိသလို တချို့ကျတော့ ကိုယ်ကျောင်းတက် တာကို အလကားနေရင်း မနာလို တိုရှည် ဖြစ်နေတဲ့သူတွေ ရှိတယ်။ အဲလိုလူတွေနဲ့ ကြုံရရင်တော့ အရမ်း ဒုက္ခများတာ ပေါ့။ ကိုယ့်ကို ကူလုပ်မပေးတဲ့ပြင် ကဖျက်ကယက် လုပ်တာပေါ့။
ကျွန်တော် ကျောင်းတက်ရတာတော့ အဆင်ပြေပါတယ်။ အလုပ်က လေးနာရီခွဲ ပြန်။ ရုံးကားရှိတော့ အိမ်ပြန် ရောက် ရေမိုးချိုးပြီး ငါးနာရီကျော်။ နောက်ပြီး ကျောင်းနဲ့ အိမ်နဲ့က ကပ်လျက် ဆိုတော့ ငါးမိနစ်လောက်ပဲ လျှောက်ရတယ်။ အချိန်မကုန်တော့ဘူး။ အပြေးအလွှားလဲ လုပ်စရာ မလိုတော့ဘူး။ ကျွန်တော်တက်တာ ITE West (Bukit Batok Campus) မှာ။
အခန်းထဲမှာက သူငယ်ချင်းတွေနဲ့ စုပြီးနေရတော့ အခန်းထဲမှာ စာကျက်လို့ မကောင်းဘူး။ ကိုယ်က စာကျက် ချင်တယ်။ သူတို့က တီဗီကြည့်နေတယ်။ ချက်ဟယ်၊ ပြုတ်ဟယ်။ စကားပြောကြ ဆိုတော့ ဆူညံနေတော့ စာကျက်ရတာ အဆင်မပြေဘူး။ အဲဒီတော့ အိမ်အောက်ဆင်း ကြည့်ရတာပေါ့။ နောက်တစ်ခုက ကိုယ်နဲ့ ကျောင်းအတူတူတက်တဲ့ သူငယ် ချင်းတွေနဲ့ စုပြီး စာကျက်ရင်လည်း ပိုကောင်းတယ်။ ကိုယ်နားမလည်တာ သူ့မေး၊ သူမသိတာ ကိုယ်ရှင်းပြ ဆိုတော့ ပိုပြီး ခရီးရောက်တယ်။ အင်ဂျင်နီးယားရင်း ဘာသာတွေ ဆိုတော့ အတွက်အချက်တွေ များတယ်။ ဒီတော့ တစ်ယောက်ထဲ စာလုပ်တာထက် စုပြီး ကျက်တာ ပိုကောင်းတယ်။
ဆိုတော့ စာနဲ့ပတ်သက်လို့တော့ သိပ်အခက်အခဲ မတွေ့ခဲ့ရဘူး။ နောက်ပြီး သူတို့ သင်ရိုးညွှန်းတမ်း ရေးထား တာလဲ ကောင်းတယ်။ Module တစ်ခုကို နာရီ ၁၂၀ ရှိတယ်။ အဲဒီမှာ practical အတွက် နာရီ ၆၀ ကနေ ၆၆ နာရီထိ ယူ ထားတယ်။ တချို့ဘာသာတွေဆို သီအိုရီမှာ နာရီ ၄၀ လောက်ပဲ ရှိတယ်။ တစ်ပတ်မှာ နှစ်ရက် ရှိတဲ့အနက် တစ်ရက်က စာတွေ့၊ တစ်ရက်က လက်တွေ့ သင်တယ်။ ဆိုတော့ စာသင်ရတာ မပျင်းတော့သလို လုပ်ငန်းကျွမ်းကျင်မှုလည်း အများကြီး တိုးတက်သွားတယ်။
အရင်တုံးက ပထမ Module လေးခု ပြီးရင် NTC3 (National Technical Certificate Grade 3)၊ နောက် Module လေးခုပြီးရင် NTC2 (National Technical Certificate Grade 2) ပေးတယ်။ အခုတော့ NTC 2 တို့ NTC 3 တို့အစား NITEC (National ITE Certificate) နဲ့ Higher NITEC ပေးတယ်။ ဒါပေမဲ့ အရင်ကလို ပထမ Module လေးခု ပြီးရုံနဲ့ ဘာ cretificate မှ မပေးတော့ဘူး။ Module ၈ ခုလုံး ပြီးမှ NITEC ပေးတော့တယ်။ အဲဒါပြီးလို့ ၂ နှစ် ဆက်တက်ရင် Higher NITEC ပေးတယ်။
ဒီလက်မှတ်ရတော့ ဘာကောင်းလဲ ဆိုတော့ အရင်တုံးက ကျွန်တော်တို့အနေနဲ့ EP (Employment Pass) လျှောက်လို့ မရဘူး။ ဒါပေမဲ့ ဒီ NTC2 လက်မှတ်ရတာနဲ့ EP လျှောက်လို့ ရသွားတယ်။ အများကြီး ကွာသွားတာပေါ့။ ဒီတော့ စင်ကာပူမှာ ရေရှည်လုပ်မဲ့ သူတွေအနေနဲ့ ကိုယ့်တက်လမ်းအတွက် ဒီ ကျောင်းကတော့ တက်ကို တက်သင့်တယ်။
ခု ITE တက်တဲ့ Workpermit Holder တွေကို ကျောင်းတက်ချိန် ကန့်သတ်လိုက်တယ်။ NITEC တက်တဲ့ သူတွေအနေနဲ့ one semester ကို Module နှစ်ခု ယူလို့မရတော့ဘူး။ တစ်ခုပဲ ယူလို့ရတော့တယ်။ အဲဒီတော့ ကျောင်းတက်ချိန် ပိုကြာ သွားတာပေါ့။ ဒါ့အပြင် ကျောင်းစရိတ်ကလည်း Module တစ်ခုကို ၆၀၀ ကျော် ဆိုတော့ Module ၈ ခုကို ၄၈၀၀ ကျော် ၅၀၀၀ နီးပါး။
ခု Polytechnicn တွေမှာ Part Time တက်လို့ရပြီ။ Certificate ဖြစ်ဖြစ်၊ Diploma ဖြစ်ဖြစ် တက်လို့ ရတယ် ဆိုတော့ အချိန်ပေးရတာချင်း၊ လူပင်ပန်းတာ၊ ပိုက်ဆံကုန်တာချင်း အတူတူ ဒီပလိုမာပဲ တက်တော့မယ် ဆိုပြီး ပိုလီကို တက်တဲ့သူ ပိုများလာတယ်။ Diploma Course က သုံးနှစ်။ ကုန်ကျ စရိတ်ကလည်း ၉၀၀၀ နဲ့ တစ်သောင်းကြားပဲ ရှိတယ်။
ဒီတော့ ၄ နှစ်လည်းကြာမယ်။ ပိုက်ဆံကလည်း ၅၀၀၀ လောက်ကုန်မယ်။ ရတော့လည်း Certificate ပဲ ဆိုတော့ လူတွေ က Certificate Course အစား Diploma Course ကို ရွေးတာလည်း ပါတယ်။
တစ်ခုတော့ ရှိတာပေါ့လေ။ Singaporean နဲ့ Singapore PR တွေဆိုရင်တော့ အစိုးရက grant ပေးထာတဲ့ အတွက် အများကြီး သက်သာတယ်။
အဲဒါနဲ့ ကျွန်တော်လည်း ITE ပြီးတာနဲ့ Poly ကို ဆက်တက်လိုက်တယ်။ မြန်မာပြည်က လာတဲ့သူတွေအတွက် ဆယ်တန်းအောင်လက်မှတ် ပြရတယ်။ အမှတ်စာရင်း ပြရတယ်။ သင်္ချာနဲ့ ရူပဗေဒ မှာ သူတို့သတ်မှတ်ထားတဲ့ အမှတ် မမီ ရင် ၀င်ခွင့် ထပ်ဖြေရသေးတယ်။ အဲဒါအပြင်ကို ကိုယ်တက်မဲ့ ဘာသာရပ်နဲ့ ဆက်နွယ်နေတဲ့ အလုပ်မှာ သုံးနှစ် လုပ်ငန်း အတွေ့အကြုံရှိကြောင်း ကုမ္ပဏီက ထောက်ခံစာပါ တင်ပြရတယ်။ မှတ်ပုံတင်ကြေး ၇ ကျပ်ပေးရတယ်။ လျှောက်ပြီးလို့ ကျောင်းမဖွင့်မီ တစ်လလောက် အလိုမှာ ကျောင်းလျှောက်တာ ရ၊ မရ ကို အိမ်ကို စာပို့တယ်။
မှတ်ချက်။ ။ ကျောင်းဝင်ခွင့်၊ ကျောင်းလခ စသည်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကျောင်း website များတွင် ၀င်ရောက် လေ့လာနိုင်ပါသည်။ ဥပမာ - http://www.np.edu.sg/Pages/default.aspx
ကျောင်းရမရကို တရားသေတော့ တွက်ထားလို့မရဘူး။ တစ်ခါတလေ ချောင်တယ်။ တစ်ခါတလေ ကျပ်တယ်။ များသောအားဖြင့်တော့ ကိုယ်လျှောက်တဲ့ ဘာသာနဲ့ ကိုယ်လုပ်နေတဲ့အလုပ်နဲ့ မကိုက်ညီလို့ ရှိရင် reject ထိတယ်။ အဲဒီ အခါ appeal ထပ်တင်လို့တော့ ရတယ်။ ဘာလို့ ဒီဘာသာရပ်ကို တက်ချင်ရသလဲ ဆိုတဲ့ အကျိုးအကြောင်းတော့ ခိုင်လုံရ တာပေါ့။
ပိုလီကျတော့ တစ်ပတ်ကို သုံးရက် တက်ရတယ်။ Core Module နဲ့ Elective Module နှစ်ခု ယူရတယ်။ Core Module ကတော့ မယူမနေရ ဘာသာတွေ။ Elective Module ကတော့ ကိုယ့်စိတ်ကြိုက် ရွေးလို့ရတဲ့ ဘာသာတွေ။ Diploma Course ကို point system နဲ့ ပေးတယ်။ စုစုပေါင်း 72 points ပြည့်အောင် ယူရတယ်။
စုစုပေါင်း သုံးနှစ် 6 semester တက်ရတယ်။ အဲဒီ သုံးနှစ်အတွင်း ကျောင်းပြီးချင်ရင် Core Module တွေတက် နေရင်း elective module တွေ ညှပ်ယူရတယ်။ အဲဒီတော့ ပိုပြီး အချိန်ပေးရတယ်။ အလုပ်ကတစ်ဖက်နဲ့ ကျောင်းတက်နေ သူတွေအဖို့ အလုပ်မအားလို့ ကျောင်းတက်ချိန် အပြည့်မပေးနိုင်ရင် သုံးနှစ်ခွဲ ဖြစ်သွားတာတို့၊ လေးနှစ်နဲ့မှ ပြီးတာတို့ ဖြစ်လာတာပေါ့။ ကျွန်တော်တော့ သုံးနှစ်နဲ့ပြီးအောင် လုပ်လိုက်တယ်။ ၂၀၀၄ က စတက်တာ ၂၀၀၇ မှာပြီးတယ်။
ကျွန်တော်က ရန်ကုန်မှာတုံးက အင်ဂျင်းနီးယားရင်း အခြေခံမရှိခဲ့တော့ အတော်လေး လိုက်ယူရတယ်။ ဆိုပါတော့ သင်္ချာတို့၊ applied mechanics တို့ဆို နည်းနည်း ဒုက္ခရောက်တာပေါ့။

Saturday, October 10, 2009
Bitter Life XIX (မခင်လေး-၂)
၁၂၊ ၃။ ဇာတ်တူသားစားသော မြန်မာများ
အဲဒီလို ယောင်လည်လည် ရှောက်ရှာရင်းနဲ့ ဗမာအေးဂျင့် တစ်ယောက်နဲ့ တွေ့တယ်။ အေးအေးစိုးတဲ့။ သူလည်း maid ပဲ။ သူက ဒီမှာ အိမ်ဖော်လုပ်နေတာ ဆယ်နှစ် လောက်ရှိပြီ။ သူက အိမ်ဖော်အေးဂျင့် လုပ်စားနေတာ။ လည်မှလည်။ သူက အနောက်နိုင်ငံသား အိမ်မှာလုပ်တာ ဆိုတော့ အပြင်ထွက်ခွင့်ရတယ်။ အပြင်ထွက်တုံး အိမ်ဖော် အေးဂျင့် လုပ်စား နေတာ။ သူက ဘာပြောတယ် မှတ်လဲ။ နင် S Pass ဆိုတာ လွယ်တာမှတ်လို့။ အို လုပ်လိုက်။ ငါ့ကို ပိုက်ဆံ ၅၀၀၀ ပေး။ ငါ လုပ်ပေးမယ်တဲ့။ အောင်မယ်လေး။ လွယ်လွယ်ပဲ။
သူ ပိုက်ဆံ ၅၀၀၀ ရဘို့ ကျွန်မကို ဒုက္ခနွံထဲ အတင်းတွန်းချတာ။ အဲဒါအပြင် အလုပ်ရရင် သူ့ကို လတိုင်း ၄၀၀ ပေးရမယ် တဲ့။ အဲဒါ ဟို အစ်ကိုကြီးက ခင်ဗျား၊ ရူးနေလား။ သူ့ကိစ္စ ရဲတောင် တိုင်လို့ရတယ်။ ဒီမှာ အိုနဲ့နေရင် ဘယ်လောက် အပြစ်ကြီးသလဲ ခင်ဗျားသိရဲ့လား ဘာညာနဲ့ အတင်းပြောတော့မှ နောက်ဆုတ်သွားတာ။ လူတွေဟာ အင်မတန် ကြောက်ဘို့ကောင်းတယ်။ ကိုယ်ပိုက်ဆံရမယ် ဆိုရင် သူများဘ၀ ဘယ်လို ဖြစ်ဖြစ် လုပ်ကြတာပဲ။
မှတ်ချက်။ ။ အို ဆိုသည်မှာ Overstay ကို ဆိုလိုပါသည်။ စင်ကာပူတွင် အို နှင့်နေခြင်းသည် အလွန် အပြစ်ကြီး ပါသည်။ ကြိမ်ဒါဏ် အနည်းဆုံး သုံးချက်နှင့် ထောင်ဒါဏ် တစ်လ ကျမည့်ပြင် နောင်တွင် စင်ကာပူမြေကို ခြေချခွင့် လုံးဝ မရတော့ပါ။
အဲလိုနဲ့ အေးဂျင့်က ရှာပေးတာ နောက်အလုပ်တစ်ခု ထပ်ရတယ်။ ဒါပေမဲ့ ဒီအတိုင်း ၀င်လို့မရဘူး။ ပထမ အိမ်ရှင် က အိမ်ပြောင်း လက်မှတ် မထိုးပေးတဲ့အတွက် ဗမာပြည် ပြန်ရသေးတယ်။ ဗမာပြည်မှာ ၅ ရက်ကြာတယ်။ ပြောရဦးမယ်။ အေးဂျင့် လုပ်ပုံတွေ။
အမှန်ဆို ဗမာပြည်မှာကတည်းက အေးဂျင့်ဖီး ၂၈ သိန်းပေးခဲ့ရတာ။ ဘာလို့ ခု ထပ်ဖြတ်စရာ လိုတော့မလဲ။ အဲဒါ ဒီရောက်တော့ စာချုပ်ကို အတင်းလက်မှတ် ထိုးခိုင်းတယ်။ လက်မှတ်မထိုးခင် ငါဖတ်ကြည့်ဦးမယ် ဆိုတော့လည်း အဖတ် မခံဘူး။ အဲဒါ ပထမတစ်အိမ်က အဆင်မပြေလို့ ထွက်လာတော့ အဲဒီအိမ်မှာ လုပ်ခဲ့တဲ့ အခ တစ်ပြားမှ မရဘူး။ အေးဂျင့်က ယူထားလိုက်တယ်။ အဲဒါက ဒီမှာ ထုံးစံကြီးကို ဖြစ်နေတာ။ Maid တစ်ယောက် တစ်အိမ်မှာ အဆင်မပြေလို့ ပြောင်းရင် အေးဂျင့်ဖီး ဆိုပြီး တစ်လစာ၊ တချို့ဆို သုံးလစာ ထိ ဖြတ်တယ်။
နောက်တစ်အိမ်မှာလုပ်ဖို့ စာချုပ်တော့ အဲဒီစာချုပ်ထဲမှာ အဲဒီလို အိမ်ပြောင်းတဲ့ အတွက် လေးလစာ အဖြတ်ခံပါ့ မယ် ဆိုပြီး ရေးထားတယ်။ ကျွန်မက စာချုပ်ကို အတင်းယူ ဖတ်ကြည့်လို့ သိရတာ။ သူတို့က စာချုပ်ကို အတင်းလက်မှတ် ထိုးခိုင်းတယ်။ ကျွန်မက ငါ ဘာလို့ထပ်ပေးရမလဲ ဗမာပြည်မှာ အေးဂျင့်ဖီး အပြီးပေးခဲ့ပြီးမှပဲ ဆိုတော့ သူတို့က ဗမာပြည်မှာ ပေးခဲ့တာက ဗမာအေးဂျင့်နဲ့ပဲ ဆိုင်တယ်။ သူတို့နဲ့ မဆိုင်ဘူး တဲ့။
နောက်အိမ်ရောက်တော့ လခ ၃၂၀ ရတယ်။ အဲဒီအိမ်မှာ လုပ်ခဲ့တဲ့ လေးလစာကို အေးဂျင့်ကို ပေးလိုက်ရတယ်။ ကိုယ် တစ်ပြားမှ မရဘူး။ သူတို့ကို လေးလ အလကား လုပ်ပေးလိုက်ရတာပေါ့။
အဲဒီအိမ်မှာက အပျိုကြီးနဲ့ နေရတယ်။ ကလေးတွေရှိပေမဲ့ သူတို့ကျောင်းသွားတာနဲ့ အားသွားတာပေါ့။ နေ့ခင်း အိပ်ချင်လည်း အိပ်လို့ ရတယ်။ အဆင်ပြေတယ် ဆိုပါတော့။ ဒါပေမဲ့ ကျွန်မ သူ့မောင်အိမ်နဲ့ နှစ်အိမ်စာ သန့်ရှင်းရေး လုပ်ပေးရတယ်။ သူ့မောင်အိမ်မှာကတော့ အိမ်သားများတယ်။
မှတ်ချက်။ ။ Maid တစ်ဦးကို သူကိုင်ဆောင်ထားသော ပါမစ်ပေါ်တွင် ဖော်ပြထားသော အိမ်မှလွဲ၍ အခြားအိမ်များ ၌ လုပ်ခိုင်းပိုင်ခွင့် မရှိပါ။ ဤသို့ ခိုင်းပါက MOM (Ministry of Manpower) သို့ တိုင်လို့ရပါသည်။ သို့သော် အိမ်ဖော် ဆိုသည်မှာ ဥပဒေအကြောင်း နားမလည်သည့်ပြင် ပညာအခြေခံ နည်းသူများလည်း ဖြစ်သဖြင့် ဤသို့ တိုင်ရကောင်းမှန်း မသိသလို ရုံးပြင် ကန္နားသွားရမည် ကိုလည်း အလွန်ကြောက်တတ်ကြရကား ဤအချက်ကို အခွင့်ကောင်းယူ၍ စင်ကာပူ မှ အိမ်ရှင်များသည် မိမိအိမ်သာမက မိမိ၏ မိဘ၊ ဆွေမျိုးများအိမ်ကိုပါ သွားလုပ်ခိုင်းလေ့ ရှိပါသည်။ ဤကိစ္စကို မည်သူမျှ အရေးယူ ဆောင်ရွက်ပေးမည့်သူလည်း မရှိပါချေ။
ရည်ညွှန်း။ ။Employment of Foreign Manpower Act (Chapter 91A) ၏ First Schedule အပိုဒ် ၂။
သူတို့က အရမ်းရိုင်းတယ်။ တစ်ခုခု ပြချင်ရင် ခြေထောက်နဲ့ပြတယ်။ မကျေနပ်လို့ ရှိရင် ခြေထောက်နဲ့ လှမ်း ကန်တယ်။ အတော့်ကို သည်းညည်းခံရတယ်။ ဒါပေမဲ့ ကျွန်မက ဘာမှ ပြန်မပြောတော့ သူတို့ နောက်တော့ ဆင်ခြင် သွားပါတယ်။ ကျွန်မကို သဘောကျတော့ ခုထိ ကျွန်မနဲ့ အဆက်အသွယ် ရှိတုံးပဲ။ နှစ်သစ်ကူးတွေမှာ မုံ့တွေ ခေါ် ပေးတယ်။ သွားမယူဖြစ်ရင်တောင် ချန်ထားပေးတယ်။
ကံကောင်းတော့ အဲဒီ ကျွန်မလုပ်ရတဲ့ အိမ်မှာက တစ်နေကုန် အိမ်မှာ လူမရှိဘူး။ လွတ်လပ်တယ်။ သူတို့က နေ့ခင်း နေ့လည်မှာ ညနေစာ ဟင်းချက်ဖို့ ၀ယ်ခိုင်းတယ်။ အဲဒီလို ဟင်းစားထွက်ဝယ်ရင်း စပ်စပ် စပ်စပ်နဲ့ ရှောက်ကြည့် တယ်။ ရှောက်ကြည့်ရင်းနဲ့ အင်္ကျီချုပ်ဆိုင် တစ်ဆိုင်နဲ့ အဆက်ရတယ်။ သူ့ဆီက အပ်ထည်တွေ လက်ခံပြီး ချုပ်တာ တစ်ထည်ကို ၂ ကျပ်ရတယ်။ ကုလားဆိုင်။ ဘော်ကြယ်တွေ ထိုးတာ။ သူ့ဆီက အထည်တွေယူ။ နေ့ခင်းဘက် ချုပ်။ ခိုးချုပ်ရတာပေါ့။ ကံကောင်းချင်တော့ အိမ်ရှင်ကလည်း အဲဒီလို ချုပ်တာ မမိဘူး။
အဲဒီ အင်္ကျီချုပ်တဲ့ ပိုက်ဆံက တစ်လကို ၅၀၀ - ၆၀၀ လောက် ၀င်တယ်။ ကျွန်မက ကောင်းကောင်းလေး ချုပ်ပေးတယ်။ လက်ရာသေသပ်တော့ သူတို့ သဘောကျတယ်။ အဲဒီတော့ ကျွန်မ အင်္ကျီတွေ အပ်ပြီဆိုရင် အမြဲ ၅၀ - ၁၀၀ ပိုပေးလေ့ ရှိတယ်။ အဲဒီပိုက်ဆံတွေ စု။ စိတ်ထဲမှာတော့ S Pass လျှောက်ဖို့ပဲ အားခဲထားတာ။
အဲဒီအိမ်မှာ ၁၃ လ ကြာတယ်။ အိမ်ရှင်တွေကတော့ ကျွန်မကို သဘောကျတယ်။ မပြန်စေချင်ဘူး။ ဒါပေမဲ့ ကျွန်မ ကလည်း ဒီအတိုင်းချည်း အမြဲ လုပ်မနေနိုင်ဘူးလေ။ ကိုယ့်ဘ၀ တိုးတက်လမ်း ရှာရမှာပေါ့။ အဲဒါနဲ့ အလုပ်ထပ်ရှာတယ်။ ဟို အစ်ကိုကြီးကလည်း နင် ထွက်မယ် ဆိုရင် ၂ နှစ်မပြည့်ခင် ပြန် ဆိုတာနဲ့ လက်ထဲမှာလည်း ပိုက်ဆံလေး နည်းနည်း စုမိ လာတော့ အလုပ်က ထွက်လိုက်ပြီး မြန်မာပြည် ပြန်သွားတယ်။
နောက်ပြီး အေးဂျင့်က အိမ်ပြန်ရင် လေယာဉ်လက်မှတ် ၀ယ်ဘို့လို့ ဆိုပြီး တစ်လကို ၅၀ ထပ်ဖြတ်သေးတယ်။ ဆိုလိုတာက လခ ၃၂၀ ဆိုပေမဲ့ တကယ်တန်း ကျွန်မရတာ တစ်လကို ၂၇၀ ပဲ ရတယ်။ တကယ်ဆို တစ်လ ၅၀ နဲ့ ၁၃ လ ဆို ၆၅၀။ လေယာဉ်လက်မှတ်ခက လွန်ရော ကျွံရောမှ ၂၀၀ ကျော်ပဲ ရှိတာ။ ပိုတဲ့ပိုက်ဆံ တစ်ပြားမှ ပြန်မပေးဘူး။ သူတို့ အကုန်ယူထားလိုက်တယ်။ အရမ်းနစ်နာတယ်။
မှတ်ချက်။ ။ Work Permit ကိုင်ဆောင်ထားသူထံမှ အလုပ်ရှင် သို့မဟုတ် အေးဂျင့်များသည် မည်သည့် အကြောင်းနှင့်မျှ လခကို ဖြတ်ပိုင်ခွင့် မရှိကြောင်း ဥပဒေနှင့် ပြဌာန်းထားပါသည်။
ရည်ညွှန်း။ ။Employment of Foreign Manpower Act (Chapter 91A) ၏ First Schedule အပိုဒ် ၂၀၊ ၂၁ နှင့် ၂၂
ထို့ပြင် မိမိအလုပ်သမားတစ်ဦးကို နေရပ်ပြန်ပို့လျှင် လေယာဉ်စရိတ်ကို အလုပ်ရှင်မှ ကျခံရမည် ဖြစ်ပါသည်။
ရည်ညွှန်း။ ။Employment of Foreign Manpower Act (Chapter 91A) ၏ First Schedule အပိုဒ် ၁၀။
အေးဂျင့်တွေက Maid တွေနဲ့ ဘယ်လို လုပ်စားနေသလဲ ဆိုတာ ပြောရဦးမယ်။ သူတို့က မကောင်းတဲ့၊ ဆိုးတဲ့ အိမ်ရှင်တွေကို သိထားတယ်။ အဲဒီ အိမ်ကိုပို့လိုက်ရင် သေချာပေါက် အိမ်ပြောင်းကြမှာပဲ ဆိုတာ သိနေတော့ အဲဒီ အိမ်ကို ပဲ တစ်ယောက်ပြီး တစ်ယောက် ပို့တယ်။ မနေနိုင်လို့ အိမ်ပြောင်းရင် ပြောင်းတဲ့လူဆီက တစ်လစာကနေ သုံးလစာ ထိ ဖြတ်တယ်။ ဆိုတော့ တစ်လအတွင်းမှာ နှစ်ယောက်လောက် ပြောင်းရင် သူတို့က အိမ်ဖော်နှစ်ယောက်ရဲ့ လစာကို သပိတ် ၀င် အိတ်ဝင် ရပြီးသား ဖြစ်သွားရော။ အိမ်ဖော်တွေ မနေနိုင်လို့ များများပြောင်းလေ၊ သူတို့အတွက် ကိုက်လေ။ အဲဒီ ကိစ္စ တွေ ဘယ်သူမှ မသိဘူး။ ဘယ်သူမှလည်း အရေးမယူဘူး။ အိမ်ဖော်တွေမှာပဲ လှိမ့်ခံနေရတာ။ ကိုယ်ရတာက တော်တော်၊ သူတို့ကို ပေးရတာက များများ ဖြစ်နေတယ်။ တစ်အိမ်ပြောင်းတဲ့ အခါတိုင်း အေးဂျင့်ခ အသစ် ထပ် ထပ်ယူတယ်။ ကိုယ်လုပ်သမျှ သူတို့အတွက်။ တစ်ချို့အေးဂျင့်တွေဆို ဆယ်လစာထိ ဖြတ်တယ်။ ပြီးရော။
ဒီမှာ အိမ်ဖော် လုပ်ဖို့အတွက် အင်္ဂလိပ်စာ စာမေးပွဲ ဖြေရတယ်။ ဘာမှတော့ မခက်ဘူး။ ဒါပေမဲ့ အင်္ဂလိပ်စာမှ မတတ်ရင်တော့ သေချာပေါက် ကျမှာပဲ။ အဲဒီစာမေးပွဲ မအောင်ရင် မြန်မာပြည်ကို ပြန်ရတယ်။ မင်း ဒီအလုပ်လုပ်ဖို့ မသင့် တော်သေးဘူး။ ပြန်လေ့လာလိုက်အုံး ပေါ့။ လေယာဉ်စရိတ်က ကိုယ်ပဲပေးရတာ ဆိုတော့ အဲဒီမှာတင် ပိုက်ဆံက ကုန်လှ ပြီ။
ဒါပေမဲ့ လူတွေကလည်း ပြောလို့မရဘူးလေ။ မြန်မာပြည်မှာ လုပ်ရင် လေးငါးသောင်းအပြင် ပိုမရနိုင်ဘူး။ ဒီလာ လုပ်ရင်တော့ တစ်သိန်းခွဲ နှစ်သိန်းလောက် ရမလားပေါ့။ အဲဒါ မက်ပြီး လာကြတာ။ ဒါပေမဲ့ အဲဒီ တစ်သိန်းခွဲ နှစ်သိန်း မရခင် အေးဂျင့်ခ ပေးရတာတွေ၊ ခုနလို အိမ်ပြောင်းတဲ့အတွက် လခကို ဖြတ်လိုက်တာတွေ ဘယ်သူမှ မသိကြဘူး။ ဒီလာ ရ ပြီးရော ဆိုပြီး လာကြတာ။ ပြောပြမဲ့ သူလည်း မရှိဘူး။ ကိုယ့်အဖြစ် လူသိမှာ စိုးတဲ့အတွက် သိတဲ့သူတွေကလည်း ပြော မပြကြဘူး။ ဘွဲ့ရပြီး အိမ်ဖော်နဲ့ လာလုပ်နေတဲ့သူတွေကို အများကြီး။ ဒါတွေ ဘယ်သူမှ မသိဘူး။
ခုတော့ ကျွန်မ သိသွားပြီ။ ဒီတော့ အိမ်ဖော်ကောင်မလေးတွေ မတရား လုပ်ခံရရင် MOM ကို လိုက်တိုင်ပေး တယ်။ ခု ကျွန်မ တိုင်ပေးတဲ့ ကောင်မလေးတွေကို မနည်းဘူး။ သူတို့ကို အမှုမပြတ်ခင် MOM က တစ်နေ့ကို တစ်ဆယ် ပေးထားတယ်။ အစားကျွေး၊ နေစရာပေးထားတယ်။ Punggol ဘက်မှာ။ Maid ထဲမှာ မြန်မာတွေ မျက်နှာအငယ်ဆုံးပဲ။ ဘယ်သူမှ လာကြည့်ဖော်မရဘူး။ သူများနိုင်ငံတွေဆို သူတို့သံရုံးက လိုက်လုပ်ပေးတယ်။
ဒုတိယအိမ်မှာ ၁၃ လကျော်လုပ်ပြီးတော့ အဖိုးသေလို့ ဆိုပြီး မြန်မာပြည် ပြန်သွားတယ်။ သူတို့ကတော့ ပြန်မလွှတ်ချင်ဘူး။ မြန်မာပြည်မှာ ၆ လကျော်ကြာပြီးမှ ဒီအလုပ်ရလို့ ပြန်လာတာ။ ကျွန်မ အလုပ် အဆင်မပြေလို့ စင်ကာပူနဲ့ မြန်မာပြည် သွားလိုက်ပြန်လိုက် လုပ်ရတာ စုစုပေါင်း ၇ ခေါက် ကျတယ်။
များသောအားဖြင့်တော့ ကိုယ် စင်ကာပူမှာ ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာ ရှက်တာနဲ့ ဘယ်သူမှ ပြန်မပြောကြဘူး။ ကိုယ့်အိမ်က စိတ်မကောင်းမှာ စိုးလို့ အကုန်လုံးက အဆင်ပြေတယ် လို့ပဲ ပြောကြတာပဲ။ ဖြစ်သမျှ ကိုယ့်ဟာကိုယ် ကြိတ်ခံ။ ကျွန်မ ခုလို ဖွင့်ပြောတာကို သူငယ်ချင်းတွေက ပြောတယ်။ နင်ဘာလို့ ဒါတွေ လျှောက်ပြောနေတာလဲ။ နင်ပဲ အရှက်ကွဲမှာပေါ့ တဲ့။ နို့ အရှက်ကွဲရအောင် ကျွန်မ မဟုတ်တာ လုပ်နေတာမှ မဟုတ်တာ လို့။ သူတို့လုပ်တာ ကိုယ်ခံနေ ရတာ။ ဒီလို မပြောရင် ဘယ်သူမှ သိမှာ မဟုတ်ဘူး။ ဟုတ်တယ် မို့လား။ ဒါပေမဲ့ တော်တော်များများကတော့ လုံးဝ မပြော ဘူး။
ခုဆို မြန်မာmaid တွေ အရမ်းလာတာပဲ။ အေးဂျင့်တွေမှာ ပေါ်တင်ကို ကြေငြာနေပြီ။
ဆိုးတာက တချို့က ကိုယ် အိမ်ဖော်အလုပ်နဲ့ လာမှန်းကို မသိကြဘူး။ သိတဲ့သူတွေကလည်း အိမ်ဖော်အလုပ် ဆိုတာ ဘာတွေလုပ်ရမလဲ မသိဘူး။ ကိုယ့်အိမ်မှာလို နည်းနည်းပါးပါးပဲ လုပ်ရမယ် ထင်တာပေါ့။ ဖိလစ်ပိုင်က လာတဲ့ သူတွေကျတော့ သင်တန်းပေးလိုက်တာ။ ဖုံစုပ်စက်ကို ဘယ်လို သုံးရမယ်။ အ၀တ်လျှော်စက် ဘယ်လို သုံးရမယ်။ သန့်ရှင်းရေး ဘယ်လိုလုပ်ရမယ်။ ကလေးပြုစုတာ။ ယုတ်စွအဆုံး။ မိုးလင်းလာရင် သူတို့ကို မောနင်း (Morning) လို့ နှုတ်ဆက်တာကအစ။ ကျွန်မတို့က မသိတော့ နှုတ်မဆက်ဘူး။ ဒီတော့ သူတို့က ဗမာတွေက ရိုင်းတယ် လို့ ထင်ရော။ ကျွန်မတို့ကျ ဘာသင်တန်းမှ မရှိတော့ ဘာမှ မသိဘူး။ အဲဒီ တော့ သူများတွေနဲ့ ယှဉ်လိုက်ရင် အရမ်းမျက်နှာငယ်တယ်။
နောက်ပြီး ဖိလစ်ပင်းနဲ့ အင်ဒိုကောင်မလေးတွေက ရဲတယ်။ ကြောက်ဆုတ်ကြောက်ဆုတ် မရှိဘူး။
၁၂၊ ၄။ ကျောင်းတက်ရန် စုံစမ်းခြင်း နှင့် အလိမ်ခံရပြန်ခြင်း
ဆိုပါတော့၊ မြန်မာပြည် ပြန်ရောက်သွားတော့ သူငယ်ချင်းတွေက စင်ကာပူပြန်သွားဘို့ ဆို ၆ လစောင့်ရ မယ်တဲ့။ ဒါနဲ့ ကျွန်မ ၆ လပြည့်အောင် စောင့်နေရင်း ကျောင်းတက်ဘို့ လိုက်စုံစမ်းတော့ အဲဒီမှာ seminar ပေးတာတွေ တွေ့တော့ သွားတက်တယ်။ များသောအားဖြင့် informatics က လာပေးတာပဲ။ သူက ကျောင်းလခ ၈၀၀၀ တဲ့။ ကျောင်းက ကျောင်းသားခေါ်ပေးတဲ့လူ ဆို ၅၀% ပေးတယ် တဲ့။ ဆိုတော့ ကျောင်းလခ ၈၀၀၀ ဆိုရင် အေးဂျင့် က ၄၀၀၀ ရတယ်။
ကြုံလို့ပြောရဦးမယ်။ ကျောင်းအေးဂျင့်တွေလည်း ဆိုးတာပဲ။ အဲဒီ ကျောင်း အေးဂျင့် အမျိုးသမီး နာမည်က သီရိနိုင် တဲ့။ သူ့ရုံးခန်းက အလုံမှာ ။ စင်ကာပူမှာတော့ သူတို့ လင်မယား နှစ်ယောက်စလုံး Clementi မှာနေတယ်။ အဲဒီ အမျိုးသမီးဆို တော်တော်ဆိုးတယ်။ ကျွန်မနဲ့ စတွေ့တုံးကဆို ကျွန်မ ကျောင်းတက်ဖို့ ဆွယ်နေတာ ရွှန်းရွှန်းကို ဝေနေတာပဲ။ ဒါပေမဲ့ ကျွန်မက ဒုက္ခတွေနဲ့ တိုးပြီး စင်ကာပူက ပြန်လာခါစ ဆိုတော့ လက်ထဲမှာ ပိုက်ဆံက မရှိဘူး။
နောက်ပြီး ကျွန်မ စင်ကာပူသွားတယ် ဆိုတာ အိမ်က ချမ်းသာလွန်းလို့ သွားတာ မဟုတ်ဘူး။ အေးဂျင့်ဖီး ၂၈ သိန်းကို ကိုယ့်ဟာကိုယ် ရှာပြီး သွားရတာ။ ဆိုတော့ ကျွန်မက ကျောင်းတက်ဖို့ ပိုက်ဆံမရှိဘူး လို့ သူ့ကို ပွင့်ပွင့်လင်းလင်း ပဲ ပြောတာပေါ့။ သူက နင် Informatics တက်ဖို့ ပိုက်ဆံ မရှိရင် S.A မှာ တက်တဲ့။ ကဲ တက်တာတော့ ဟုတ်ပါပြီ။ ပိုက်ဆံ သွင်းပြီးမှ ကျောင်းတက်ဖို့ approve မဖြစ်ရင် ဘယ့်နှယ်လုပ်မလဲ ဆိုတော့ စိတ်သာချပါ။ Approve မဖြစ်ရင် ပိုက်ဆံ အားလုံး ပြန်အမ်းမယ် တဲ့။ သူ့ဟာနဲ့ သူတော့ ဟုတ်နေတာပဲ။
အဲဒါနဲ့ ကျွန်မလည်း သူတို့အပြောကောင်းလို့ ကျောင်းအပ်ဖို့ ပိုက်ဆံ သွင်းလိုက်ပြန်ရော။ S.A တဲ့။ ကျောင်းက Aljuni မှာ။ Account တက်ဖို့ ပိုက်ဆံသွင်းတာ။ ကျောင်းလျှောက်ဖို့က S.PR တစ်ယောက်ယောက်က sponsor လက်မှတ် ထိုးပေးရတယ်။ အဲဒီတော့ သူတို့လင်မယား နှစ်ယောက် တစ်ယောက်တစ်ပြန်စီ လှည့်ထိုးပေးနေကြတာပဲ။ အဲဒီလို လက်မှတ် ထိုးပေးတဲ့အတွက် သူတို့က ၃၀၀ ယူတယ်။ ဒါပေမဲ့ သူတို့က ပိုက်ဆံသာ ယူတာ၊ ဘာမှ လုပ်ပေးတာ မဟုတ်ဘူး။ ကျောင်းတက်ခွင့် ရပြီ ဆိုတာနဲ့ နည်းနည်းမှ လှည့်မကြည့်တော့ဘူး။
ဗမာပြည်တုံးက ကျွန်မတို့ ကျောင်းအပ်ဖို့ ပိုက်ဆံမပေးခင်တုံးက မျက်နှာက တစ်မျိုး။ ကျောင်းတက်ခွင့် ရပြီ။ စင်ကာပူ လာပြီ ဆိုတော့ မျက်နှာက တစ်မျိုး။ အို လှည့်ကို မကြည့်တော့တာပါလေ။ ခုတော့ သူတို့စေတနာ သူတို့ အကျိုး ပေးနေပြီ။ သူတို့နဲ့ ဘယ်သူမှ မလုပ်တော့လို့ ခု စီးပွားပျက်နေပြီ။
အေးဂျင့်လုပ်တယ် ဆိုတာ ကိုယ်က ကောင်းကောင်းလုပ်ပေးရင် တဆင့်စကား တစ်ဆင့်နားနဲ့ ဟာ၊ အဲဒီ အေးဂျင့်ကတော့ ကောင်းတယ်ဟဲ့၊ သူနဲ့ သွားလုပ် ဆိုရင် သူတို့ အလုပ်ဖြစ်မယ်။ ပိုက်ဆံ များများ ရမယ်။ ခုလို တစ်နပ်စား ဉာဏ်နဲ့ မလုပ်သင့်တာတွေ လုပ်တော့ သူတို့နဲ့ ဆက်ဆံဘူးတဲ့ သူတွေက အလကား ကောင်မပါ။ သူတို့နဲ့တော့ သွား မလုပ်လေနဲ့။ ဒုက္ခသာ ရောက်ပြီမှတ် လို့ ပြောမှာပဲ။ အဲဒီတော့ သူတို့ဆီ ဘယ်သူသွာဦးမလဲ။ ဟုတ်တယ် မလား။
အဲဒီ ကျောင်းတက်ဖို့ application fee က သုံးရာပဲ ကျတယ်။ အဲဒါ ကျွန်မကို ၈၀၀ တောင်းတယ်။ လျှောက်ပြီးတော့ သူတို့က ကျောင်းကျတော့မယ်။ လာခဲ့တဲ့။ ခပ်လွယ်လွယ်ပဲ။ အဲဒီတော့ ကျွန်မလည်း visit visa နဲ့ လာရတာပေါ့။ visit visa ဆိုတော့ လေယာဉ်လက်မှတ်ခက အသွားအပြန် ၀ယ်ရတယ်။ စင်ကာပူရောက်သွားတော့ ကျောင်း approval စောင့်ရတာ တစ်လလောက် ကြာတယ်။ နောက်တော့ မကျ မကျ နဲ့ ဘာဖြစ်လို့လည်း လို့ ကျောင်းကို သွာမေးတော့ pending တဲ့။ ဘာမှန်းမသိဘူး။ သူတို့က ဆက်စောင့်ဘို့ပြောတယ်။ ဒါပေမဲ့ ဗီဇာက သက်တမ်း ကုန်နေပြီ။ ဆက်တိုးလို့ မရဘူး။ ဒါနဲ့ ဘာမှ မဟုတ်လိုက်ပဲ ရန်ကုန် ပြန်လာခဲ့ရတယ်။ ပိုက်ဆံတွေ ဆိုတာ ကုန်လိုက်တာ မပြောပါနဲ့ တော့။ အေးဂျင့် လုပ်ပုံတွေ ပြောပါတယ်။ မသေချာပဲနဲ့ ကျွန်မကို ဘာလို့ စင်ကာပူ ခေါ်ရသလဲ။
ရန်ကုန်ပြန်ရောက်တော့လည်း သူတို့ကို ကျပြီလား၊ ကျပြီလား နဲ့ မကြာခဏ သွားမေးနေရတယ်။ နောက်တော့ အကြောင်းပြန်တယ်။ Reject တဲ့။ Reject ထိတော့ သူတို့က ဘာပြောတယ် မှတ်လဲ။ နင်က maid လုပ်ခဲ့တာကိုး။ ဘယ် ကျမလဲ တဲ့။ ပြောပုံ။ အနို့ နဂိုကတည်းက ကျွန်မ maid လုပ်ခဲ့ပါတယ် လို့ ရှင်တို့ကို ပြောထားတာပဲ။ လျှောက်လွှာထဲ မှာလည်း ထည့် ဖြည့်ထားတာပဲ။ Maid လုပ်လို့ ကျောင်းလျှောက်လို့ မရဘူး ဆိုရင်လဲ အရင်က ဘာလို့ မပြောတာလဲ။
Reject ဖြစ်ရင် ပိုက်ဆံ ပြန်အမ်းမယ် လို့ သူတို့ပြောထားတာပဲ။ ဒါပေမဲ့ ကျွန်မပိုက်ဆံ ပြန်တောင်းတော့ အောင်မယ်။ မျက်နှာထိ မျက်နှာထားကြီးနဲ့ ပါလား။ ကျွန်မကို မြင်ရင် တံခါးကို ဆောင့်ပိတ်သွားတာတို့။ လူကို မြင်နေလျှက်နဲ့ အပြင်သွားတယ် လို့ ညာတာတို့။ သွားတောင်းလို့ ကားခသာ ကုန်သွားတယ်။ ပေးထားတဲ့ ပိုက်ဆံတော့ တစ်ပြားမှ ပြန်မရဘူး။
ကျွန်မ စင်ကာပူမှာ ကျောင်းလျှောက်တာ စောင့်နေတုံး ပဲခူးက အစ်ကိုကြီးက နင် စောင့်မနေနဲ့။ အလကားပဲ။ ပြန်ပြီး ဟိုမှာပဲ အေးအေးဆေးဆေး လုပ်စားလို့ ရတာပဲ။ ပြန် လို့ လာပြောသေးတယ်။ ကျွန်မ မြန်မာပြည်မှာ လူနာ လိုက်စောင့် ရင်တောင် တစ်လ နှစ်သိန်းလောက် ရနေတာ။ နောက်ပြီး ကျွန်မက guide လဲ လုပ်သေးတယ်။ ဒါပေမဲ့ ကျွန်မက စင်ကာပူကို အတော်နာသွားတယ်။ စင်ကာပူမှာ ပိုက်ဆံ လာရှာမယ် လုပ်တာ။ စင်ကာပူ အလုပ်အတွက် ပိုက်ဆံတွေ သောက်သောက်လဲ ကုန်သွားတာကို နှမြောလို့ မဆုံးဘူး။ ဒီတော့ စင်ကာပူအလုပ်အတွက် ငါ ကုန်သွားတဲ့ ပိုက်ဆံတွေကို စင်ကာပူမှာပဲ မရ ရအောင် ပြန်ရှာမယ် လို့ ဒီလိုပဲ အပြတ် ဆုံးဖြတ်ထားတာ။
ဒီတော့ စင်ကာပူကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ ပြန်ထွက်မယ် လို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မ စင်ကာပူကို ခေါက်တုံ့ ခေါက်ပြန် သွားရတာတင် ခုနစ်ခေါက် ရှိပြီ။ တွက်သာကြည့်ပေတော့။
၁၂၊ ၅။ ဗမာချင်း ကြွားကြချင်၊ ဓါးပြသွင် လူဆိုး
အဲဒီတော့ ကျွန်မ စင်ကာပူကို visit နဲ့ ပြန်ထွက်လာပြန်တယ်။ ဒီတစ်ခေါက်တော့ ဘာအေးဂျင့်မှ အားကိုး မနေ တော့ဘူး။ ကိုယ့်ဟာကိုယ် လာပြီး ကိုယ့်ဟာကိုယ် အဲဒီ S.A မှာ ကျောင်းသွားလျှောက်တယ်။ လျှောက်ခ ၄၀၀ နီးပါးပဲ ကျတယ်။ ကျောင်းလခက ၁၀၀၀ ကျော်ပဲ။ အဲဒီက Student Affair က မန်နေဂျာက Michael တဲ့။ သူက နင်အလျင် တစ်ခါ ကျောင်း reject ဖြစ်တုံးက ငါတို့ ပိုက်ဆံအားလုံး သီရိနိုင်ကို ပြန်ပေးလိုက်တယ်။ သူ ပြန်မပေးဘူးလားတဲ့။ ကျွန်မ က မပေးဘူး လို့။ သူက ဖုံးဆက်မေးခိုင်းလို့ ကျွန်မ သီရိနိုင်ဆီ ဖုံးဆက်မေးတယ်။ သေသေချာချာ မပြောဘူး။ ဟိုလိုလို ဒီလိုလို နဲ့။ နောက်ပြီး ပြောသေးတယ်။ နင်ကျောင်းသား ရှာပေး။ ငါတို့ နင့်ကို တစ်ယောက်ရတိုင်း ၅၀ ပေးမယ် တဲ့ လုပ် သေးတယ်။
ကျွန်မက ကိုယ်ချင်းစာစိတ်နဲ့ ဒီမှာ ကျောင်းတက်ချင်တဲ့ သူတွေကို ကူညီညာ ကျောင်းလျှောက်ပေး၊ ပိုက်ဆံ သွင်းပေး လုပ်တော့ သူက ဘာပြောတယ် မှတ်လဲ။ ကျွန်မ သူငယ်ချင်းတွေဆီ ဖုံးလှမ်းဆက်ပြီး နင်တို့ကို နင်တို့ သူငယ်ချင်း က ပိုက်ဆံတွေ အများကြီး ပိုယူပြီး လုပ်ပေးတာ တဲ့။ ကျွန်မကို သက်သက် နာမည် ဖျက်တာ။ နောက်မှ သူတို့ပြန်ပြောပြလို့ ကျွန်မ သိတာ။ အဲဒီ သူငယ်ချင်းတွေကလည်း သူငယ်ချင်းကောင်းတွေပါပဲ။ သူတို့ ကျောင်းတက်ချင် တုံးကသာ ကိုယ့်ကို အတင်းရော အဓမ္မရော။ ဟိုဟာလေး လုပ်ပေးပါဦး။ ဒါလေး လုပ်ပေးပါဦး နဲ့။ ကျွန်မမှာ ဖုံးကဒ်တွေ တစ်ကဒ်ပြီး တစ်ကဒ် ၀ယ်။ သူတို့ဆီ အီးမေးတွေပို့။ ဖုံးတွေဆက် လုပ်ပေးရတာ။ ဟော၊ သူတို့ ကျောင်းဝင်ခွင့်ရလို့ ကျောင်းတက်ပြီလဲ ဆိုရော လှည့်ကြည့်ဖော်တောင် မရဘူး။ အတော် တရားကျဘို့ ကောင်းတဲ့ ဟာတွေ။
ကျောင်းတက်ပြီး နှစ်လလောက်ကြာတော့ သတင်းစာထဲကနေ ကျွန်မ အလုပ်လိုက်ရှာတယ်။ ရှာတော့ Clementi နဲ့ Jurong West ကြားမှာ ရှိတဲ့ Wet Market တစ်ခုမှာ အလုပ်ရတယ်။ သူတို့က ဟင်းသီးဟင်းရွက်တွေ၊ ငါးခြောက်တွေ ရောင်းတာ။ Marketing Executive ပေါ့။ လခ ၆၅၀ ရတယ်။ S Pass နဲ့။ မနက် ၈ နာရီခွဲကနေ ညနေ ၇ နာရီလောက်ထိ လုပ်ရတယ်။ အိုဗာတိုင်နဲ့ ဘာနဲ့မှ ၇၀၀ လောက်ပဲ ရတယ်။ အမှန်ကတော့ S Pass ဆို ၁၈၀၀ ရရမယ် ဆိုတာ သိသားပဲ။ ဒါပေမဲ့ ကျွန်မ လခ နည်းတာများတာ ရွေးမနေနိုင်ဘူး။ ရရာ ၀င်လုပ်ရတာပဲ။ အလုပ်ကတော့ ဟင်းသီးဟင်းရွက်တွေ လိုက်ပို့ရတယ်။
ကျွန်မလိုပဲ S Pass ကိုင်ထားပြီး လခ ၇၀၀- ၈၀၀ နဲ့ လုပ်နေကြတဲ့ သူတွေ တပုံကြီး။ ပေးတယ်လေ သူတို့ကို လခ ၁၈၀၀။ ဒါပေမဲ့ လကုန်ရင် ၁၀၀၀ လောက် ပြန်ဖြတ်တာပဲ။ မတတ်နိုင်ဘူး။ ကိုယ်ကမှ လိုချင်နေတော့လည်း လုပ်ကြ ရတာပဲ။ နောက်ပြီး ကိုယ်က ဘာအတွေ့အကြုံမှ ရှိသေးတာ မဟုတ်ဘူး။ အရမ်းရွေးနေလို့ မဖြစ်ဘူးလေ။
တစ်ခါ လခက နည်းတော့ ညနေ ၇ နာရီနောက်ပိုင်း part time ခိုးလုပ်ရသေးတယ်။ အဲဒီလို လုပ်ရင်းနဲ့မှ ပိုက်ဆံ ပြန်စု။ အဲဒီမှာ ကိုးလလောက်ကြာပြီး အလုပ်သစ်ထပ်ရှာ။ ဘယ်လိုရှာရသလဲ ဆိုတော့ ဟင်းသီးဟင်းရွက်ပို့ရင်း ကားသမား နဲ့ ပေါင်းထားရတာပေါ့။ ဟင်းသီးဟင်းရွက်တွေကို အမြန်လိုက်ပို့လို့ ပို့ပြီးသွားရင် အားသွားပြီလေ။ အဲဒီ အချိန်မှာ အလုပ်လိုက်ရှာရတာပဲ။ ဒါနဲ့ Accountant နဲ့ အလုပ်ထပ်ရတယ်။ လခ ၁၈၀၀။ ဘာ account အတွေ့အကြုံမှ ရှိတာမဟုတ်ဘူး။
အဲဒီ မှာတုံးကလည်း ဗမာတွေနဲ့ တွေ့ခဲ့တာပဲ။ ကြည့်အုံး။ ကိုယ့်ဟာနဲ့ကိုယ် အလုပ်လျှောက်ပြီး ရောက်လာတာ တောင်မှ နင်က အိမ်ဖော်ဘ၀က လာတာ။ အဆင့်မရှိတဲ့ ကောင်မ ဘာညာ စသဖြင့် အပြောခံ၊ အနှိမ်ခံရသေးတယ်။ သူတို့က ကျွန်မထက် အရင်ရောက်နှင့်နေတာ။ သူတို့က အပြင်ထွက်ပြီး ဟင်းသီး ဟင်းရွက်တွေ လိုက်ပို့ရမဲ့ အလုပ်ကို မလုပ်ချင်လို့ ကျွန်မကို ထိုးထည့်လိုက်တာ။ သူတို့က ရုံးမှာပဲ စာရွက်စာတမ်းတွေနဲ့ လုပ်ချင်တာကိုး။ ကျွန်မကတော့ ရတယ်။ အပြင်ထွက်ရရင် အလုပ်သစ်ရှာဘို့ လွယ်တယ် ပေါ့။ လုပ်မယ်။
ကျွန်မက အလုပ်ကို အားကြိုးမာန်တက် တအားလုပ်တော့ ကျွန်မလဲ ဟင်းသီးဟင်းရွက်တွေ လိုက်ပို့ရော ရောင်းအား အရမ်းတက်လာတယ်။ ဒီတော့ သူဌေးကကြိုက်ပြီး ကျွန်မ အပြင်သွားရင် နေ့ခင်း ထမင်းစားဘို့ အမြဲ ၅ ကျပ် ပေးတယ်။ လိုက်ပို့မဲ့ ကားသမား မအားရင်လဲ တက္ကစီခတွေ ဘာတွေ ပေးတယ်။ ကျွန်မက ကိုယ့်ထမင်းဗူးကိုယ် ယူလာပြီး သူဌေးပေးတဲ့ ၅ ကျပ်ကို စုထားတယ်။
ဒီတော့ ခုနက ဟို ရုံးမှာ ထိုင်ရာမထ လုပ်ချင်တဲ့ ကောင်မတွေက သူတို့ သွားချင်ပါတယ် ဖြစ်ပြန်ရော။ ကျွန်မ ကိုလေ တွန်းလိုက် တိုက်လိုက်၊ ထိုးလိုက် ကော်လိုက်နဲ့။ အဲဒီ ဗမာမ နှစ်ယောက်နဲ့ စိတ်တွေညစ်တာ အရမ်းပဲ။ အဲဒီတော့ ငါ ဒီမှာ ကြာကြာနေလို့ မဖြစ်ဘူး။ ပြောင်းမှပဲ ဆိုပြီး အလုပ်သစ်လိုက်ရှာရတာ။ ဒီကုမ္ပဏီမှာ လုပ်တာမှ သိပ်မကြာသေး ဘူး။ အလုပ်သစ်ထပ်ရှာတော့ သူငယ်ချင်းတွေက ပြောတာပေါ့။ ဟဲ့၊ နင် S Pass ရတာမှ မကြာသေးဘူး။ ထပ်လျှောက်ရင် reject ဖြစ်မှာပေါ့။ ဘာညာ။ ဒါပေမဲ့ ကျွန်မအဖို့တော့ သန်းခေါင်ထက် ညဥ့်မနက်နိုင်တော့ဘူး။ ဒါထက် မကတာတွေ တောင် ကျွန်မတွေ့ခဲ့ရပြီးပြီ။ ဒီတော့ နောက်အလုပ်တစ်ခု မရရအောင် လိုက်ရှာတယ်။
ဒီတစ်ခါတော့ ကျွန်မ တော်တော့်ကို ကြောက်သွားပြီ။ အင်တာဗျူးမ၀င်ခင် ဒီမှာ ဗမာဝန်ထမ်းတွေ ရှိလားလို့ ကျွန်မ အရင်မေးတယ်။ သူတို့က ဘာပြုလို့လဲ တဲ့။ ဗမာတွေရှိရင် ငါ မလုပ်နိုင်ဘူး လို့ပြောလိုက်တော့ သူတို့ အတော် အံ့သြနေတယ်။ ဟုတ်တယ်။ အလုပ်လုပ်လို့ ပင်ပန်းတဲ့ဒါဏ်ကို ကျွန်မခံနိုင်တယ်။ ဘာမဟုတ်တဲ့ ကိစ္စတွေနဲ့ စိတ်ညစ်တဲ့ ဒါဏ် ကျွန်မ မခံနိုင်ဘူး။ မလုပ်ရရင် နေပေ့စေ။ စိတ်ကုန်လွန်းလို့။
အဲဒါနဲ့ ကံအားလျော်စွာပဲ။ နောက်ကုမ္ပဏီမှာ approve ဖြစ်တယ်။ ကျွန်မ ပျော်လိုက်တာ။ ဘာဖြစ်လို့လဲ ဆိုတော့ ဟိုဘက်မှာ တွန်းတဲ့ တိုက်တဲ့ ဒါဏ်တွေ ကျွန်မ မခံနိုင်တော့ဘူး။ တစ်နေ့မဟုတ်၊ တစ်ရက် မဟုတ်။ နေ့တိုင်း။ မိုးလင်းလို့ အလုပ်သွားရမှာကို အလိုလို လန့်နေတယ်။
ဟိုး အရင်တုံးက maid လုပ်ဖို့ ကျွန်မနဲ့ အတူတူ လာခဲ့တဲ့ အစ်မကြီးနဲ့ ကွဲသွားလိုက်တာ။ ဟိုတလောကမှ ပြန်တွေ့တယ်။ သူကတော့ အလုပ်သစ်ရှာရမှာ ကြောက်နေတာနဲ့ ခုထိ maid ဘ၀နဲ့ လုပ်ရတုံး။ Maid လုပ်ရတာချင်း အတူတူ မြန်မာ မိန်းကလေးတွေ ရဲ့ ဘ၀က ပိုဆိုးပါတယ်။ သူများတွေနဲ့ အခွင့်အရေးတူ မရဘူး။ ဖိလစ်ပင်းတွေ ဆို Sunday တိုင်းလိုလို အပြင်ထွက်ခွင့်ရတယ်။ နောက်ပြီး အပြင်သွားတဲ့အခါ သုံးဘို့ စွဲဘို့ ပိုက်ဆံ ၅၀ မျိုး၊ ၁၀၀ မျိုးလဲ ပေးသေးတယ်။
ကျွန်မလုပ်ခဲ့တုံးကဆို တစ်လမှ တစ်ခါတောင် ပေးမထွက်ချင်ဘူး။ ထွက်ရပြီ ဆိုရင်လဲ ကျားလိုက်လာသလို ပြေး လွှားသွားရတာ။ မနက် ၉ နာရီလောက်မှ ထွက်ရပြီး နေ့လည် ၂ နာရီထိုးအမီ ပြန်ဝင်ရတာ။
ဒီမှာ အိမ်ရှင်နဲ့ ဒါမှမဟုတ် အေးဂျင့်နဲ့ ပြဿနာဖြစ်တဲ့ ကောင်မလေးတွေ ကျွန်မ လိုက်ကူညီပြီး MOM လိုက်တိုင် ပေးတာ တော်တော်များများ ရှိတယ်။ MOM က သူတို့ကို Houngang က အိမ်တစ်အိမ်မှာ ထားပေးထားတယ်။ တစ်နေ့ကို နေ့တွက် ၁၀ ပေးထားတယ်။ အမှုမပြတ်ခင်ပေါ့။ သူတို့နဲ့ လွတ်လွတ် လပ်လပ် တွေ့နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ ကိုယ်နှိုက် က ရှက်လို့ ဘယ်သူနဲ့မှ အတွေ့မခံချင်ဘူး။ သူတို့အကြောင်း ပြောပြဘို့ ဆိုတာ ဝေလာဝေးပေါ့။
နောက်ပြီး အိမ်ပြန်သွားကြတဲ့ အခါကျတော့လည်း ကိုယ့်မိသားစုတွေ စိတ်ဆင်းရဲမှာ စိုးလို့ ပြောမပြကြဘူး။ အဲဒီလို မပြောပြကြတော့ ဒီမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ ဘယ်သူမှ မသိဘူး။ ကိုယ်ဖြစ် ကိုယ့်ဟာကိုယ် ကြိတ်ခံပဲ။ ဘယ်လောက်အထိလဲ ဆိုရင် ကောင်မလေးတစ်ယောက်ဆို အေးဂျင့်က ကျွန်မရှေ့မှာတင် ပါးရိုက်တာ တွေ့ခဲ့ရတယ်။ ဒီမှာ ကိုယ်ထိလက်ရောက် ဘယ်သူမှ စော်ကားလို့ မရဘူး။ ဒါပေမဲ့ ဥပဒေတွေ ဘာတွေလည်း နားမလည်၊ ပြောကလည်း မပြောရဲ ဆိုတော့ ဒီအတိုင်း ခံနေကြရတာပဲ။
တစ်ခါ မတရား အလုပ်ခံရလို့ မြန်မာပြည်က အေးဂျင့်တွေကို တိုင်ပြန်ရင်လည်း ကိုယ်ပဲ ရှုံးတာပဲ။ သူတို့က ငွေ တတ်နိုင်တယ်။ ကိုယ်က သူတို့နဲ့ ဘက်ပြိုင်ပြီး မတတ်နိုင်ဘူး။ ဒီတော့ တရားရှုံးတော့ မတရားလည်း အလုပ်ခံရသေး၊ အမှုဖြစ်လို့ ပိုက်ဆံလည်း ကုန်သေး ဆိုတော့ ဘယ်သူမှ မတိုင်နေကြတော့ဘူး။ ကြိတ်ခံပဲ။
ကျွန်မသဘောကတော့ ဒါတွေ မှန်မှန်ကန်ကန် ဖြစ်စေချင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် အားလုံး ပိုက်ဆံ လာရှာ ကြတာပဲ။ အေးဂျင့် ဆိုတာလည်း ပိုက်ဆံရလို့ လုပ်တာပဲ။ ဒီတော့ သူ့ပိုက်ဆံ ကိုယ်ယူပြီး လုပ်ပေးတဲ့အတွက် ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာရင် မျက်နှာလွှဲခဲပစ် မလုပ်ပဲ ထိုက်သင့်အားလျော်စွာ ၀င်ပြီး ရှင်းပေးဘို့ ကောင်းတာပေါ့။
ဟိုတလောက မြန်မာ အိမ်ဖော်မလေးတစ်ယောက်ဆို အိမ်ရှင်စော်ကားလို့ ကိုယ်ဝန်ရပြီး ပြန်သွားရတယ်။ ဒီမှာ ကျွန်မလိုက်တိုင်ပေးတော့ အမှုနိုင်ပြီး လျော်ကြေးတော့ ရတာပေါ့။ ဒါပေမဲ့ သူ့ဘ၀တစ်ခုလုံး ဆုံးသွားပြီလေ။
ခုတော့ ကျွန်မဘ၀က အဆင်ပြေသွားပါပြီ။ ကျွန်မပြောချင်တာကတော့ ဘာပဲ လုပ်လုပ် စေတနာထားပြီးလုပ်။ ဘယ်သူ့အပေါ်မှာ မကောင်းစိတ် မမွေးနဲ့။ အဲဒါဆို အချိန်တန်ကျ ကိုယ့်စေတနာ ကိုယ့်အကျိုးပေးမှာပဲ။ ကျွန်မကတော့ အဲဒီလိုပဲ ခံယူထားတယ်။ နောက်ပြီး ကိုယ်သွားရမဲ့ ခရီးမှာ ဘယ်လောက်ပဲ အခက်အခဲတွေ တွေ့တွေ့ စိတ်ဓါတ်မကျပဲ ဇွဲကောင်းကောင်းနဲ့ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ဆီ မရောက်ရောက်အောင် သွားဘို့လိုတယ်။ ဒါမှမဟုတ်ပဲ လမ်းတစ်ဝက် မှာတင် လက်လျှော့လိုက်လို့ကတော့ ကိုယ် ကြိုးစားထားခဲ့သမျှ အားလုံး သဲထဲရေသွန် ဖြစ်သွားမှာပဲ။ ဒီတော့ စိတ်ဓါတ် ခိုင်မာဘို့နဲ့ ဇွဲရှိဘို့ လိုတယ်။ ကိုယ်လုပ်ချင်တဲ့ ဟာကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ ရအောင်သာလုပ်။ ကြောက်ပြီး မလုပ်ဘဲနေရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။
ခုလို ပြောပြခွင့်ရတာ အများကြီး ကျေးဇူးတင်ပါတယ်။ ဒါမှ ဒီမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ အများသိသွား မှာ။ လုံးဝ မသိတာနဲ့ စာရင် ကြိုသိထားတော့ ရှောင်သင့်တာတွေ ရှောင်လို့ ရတာပေါ့။
သုံးသပ်ချက်
၁။ ယခု ကျွန်တော်တို့ မြန်မာလုပ်သားများအပေါ် အေးဂျင့်နှင့် အိမ်ရှင်တို့ပေါင်းပြီး မည်မျှ တရားလက်လွတ် လုပ်နေ ကြောင်း သိကြရပြီ ဖြစ်ပါသည်။ ဤသည့်ကိစ္စကို ၀ိုင်းဝန်း ထိမ်းသိမ်းကြရန် လိုပါသည်။ ထိန်းသည် ဆိုရာ၌ မြန်မာပြည် တွင်ရော၊ စင်ကာပူဘက်တွင်ပါ ဖြစ်ပါသည်။ (ဖိလစ်ပိုင် အိမ်ဖော်များကဲ့သို့) မြန်မာ maid များ၏ ပြဿနာများကို တာဝန်ယူ ဖြေရှင်းပေးမည့် အဖွဲ့ သို့မဟုတ် လူများ လိုပါသည်။
၂။ မည်သို့ပင် တားဆီးထားသည် ဖြစ်စေ အိမ်ဖော်အလုပ်နှင့် လာလုပ်လိုသူများကိုကား တား၍ ရမည် မဟုတ်ပေ ရာ တားမရသည့်အတူတူ (ဖိလစ်ပိုင် အစိုးရ လုပ်သကဲ့သို့) အိမ်ဖော် အလုပ် လုပ်လိုသူများအား သင်တန်းများ စံနစ်တကျ ပေးခြင်း၊ အင်္ဂလိပ်စကားပြော လေ့ကျင့်ပေးခြင်း၊ အိမ်ဖော်နှင့် သွားလုပ်သည့် သူများ စာရင်းကို တိကျစွာ ယူထားပြီး ၎င်းတို့၏ အခြေအနေကို မပြတ် စုံစမ်းထောက်လှမ်းကာ လိုသည်များကို အကူအညီပေးခြင်း၊ အေးဂျင့်များကိုလည်း မတရား မလုပ်နိုင်ရန် ဥပဒေဖြင့် တားဆီးခြင်း စသည်တို့ လုပ်နိုင်ခဲ့ပါက မြန်မာ အမျိုးသမီးများ၏ ဘ၀ ပိုမို စိတ်ချ လုံခြုံ လာမည် ဖြစ်ပါသည်။
၃။ ထို့ပြင် အိမ်ဖော်အလုပ်နှင့် လာလုပ်နေသော မြန်မာမကလေးများ အနေနှင့်လည်း မိမိတို့ မတရားအလုပ်ခံရပါက ငြိမ်ခံမနေပဲ သက်ဆိုင်ရာသို့ သို့မဟုတ် ရဲသို့ချက်ခြင်း တိုင်တတ်အောင် လေ့ကျင့်ထားရန် လိုပါသည်။ ထို့ပြင် မိမိတို့ တွေ့ကြုံခဲ့ရသည်များကိုလည်း မြုံမထားပဲ နောက်လာနောက်သားများ သင်ခန်းစာ ယူနိုင်ရန် မိမိတို့ အတွေ့အကြုံများကို ပြန်လည် မျှဝေရန် လိုပါသည်။ သို့မှ မဖြစ်တန်တာ မဖြစ်ရလေအောင် တားဆီးနိုင်မည် ဖြစ်ပါသည်။
၎။ နောက်ဆုံးအပိုဒ်တွင် ဖော်ပြထားသော မခင်လေး၏ သဘောထားနှင့် ခံယူချက်မှာ အလွန်အတုယူဖွယ်၊ အားကျ ဖွယ် ဖြစ်ပါသည်။ မိမိလိုချင်သော ပန်းတိုင်သို့ သွားရာတွင် မည်သည့်အခက်အခဲ ဒုက္ခ၊ သုက္ခနှင့် တွေ့ပါစေ။ ဒူးမထောက် လက်မမြှောက်ဘဲ မရောက်ရောက်အောင် သွားမည် ဟူသော ခိုင်မာပြတ်သားသည့် စိတ်ဓါတ် မွေးမြူထားရန် လိုပါသည်။ ထို့ပြင် မိမိဘ၀ တိုးတက်ရေးအတွက် အမြဲ လေ့လာသင်ယူနေရန်လည်း အရေးကြီးပါသည်။

Thursday, October 8, 2009
Bitter Life XVIII (မခင်လေး)
(၁၂)
နာမည် - မခင်လေး
အသက် -
ပညာအရည်အချင်း -
လက်ရှိအလုပ်အကိုင် -
လစာ -
ဘ၀တွင် မမျှော်လင့်ဘဲ အလွန်ခါးသီးသော အတွေ့အကြုံများကို တွေ့ကြုံ ခံစားရတတ်ကြသည်။ အချို့မှာ ထို အတွေ့အကြုံများကြောင့် လက်မြှောက် အရှုံးပေးလိုက်ကြ ရသလို အချို့မှာလည်း ထို အခက်အခဲများကို ကြံ့ကြံ့ခံ ရင်ဆိုင် ကျော်လွှားနိုင်ကြသည်။ မခင်လေးသည် ဒုက္ခကို လက်မြှောက်အရှုံးမပေးဘဲ မဖြစ်ဖြစ်သည့်နည်းနှင့် အခက်အခဲများကို ရုန်းကန် ကျော်လွှားကာ မိမိလိုချင်သော ပန်းတိုင်ရောက်အောင် တက်လှမ်းခဲ့သူ ဖြစ်သည်။
သူ့ကို ကြည့်ရသည်မှာ ဘယ်လို ဒုက္ခကိုမှ မှုမည့်ပုံ မပေါ်။ ခပ်သာသာပင် ဖြစ်သည်။ ဤမျှ ဆိုးရွားသော ဒုက္ခများ ကို ရင်ဆိုင် ကျော်ဖြတ်ခဲ့ရပြီးဖြစ်၍ နောင်တွင် တွေ့ရမည့် အခက်အခဲများမှာ သူ့အတွက် ဘာမှ မဖြစ်လောက်သော ပြဿနာကလေးများသာ ဖြစ်နေပါလိမ့်မည်။ ထို့ပြင် မခင်လေးက အရှိကို အရှိအတိုင်း ခံယူတတ်သည်။ မိမိကဲ့သို့သော ခါးသက်သည့် အဖြစ်ဆိုးများ အခြားသူများ မတွေ့ကြုံရစေရန် သူပိုင် ဘလော့တစ်ခုဖြင့် ရေးသား ဖြန့်ဝေနေသူ တစ်ဦးလည်း ဖြစ်ပေသည်။ သူက ထိုအဖြစ်အပျက်များမှာ အမှန်တရားများ ဖြစ်သဖြင့် အခြားသူ တစ်ဦးသို့ ပြန်လည် မျှဝေရန် ဘာမှ ရှက်နေစရာမလို။ ဤကဲ့သို့ ဖွင့်ချပြလိုက်ခြင်းဖြင့် မဖြစ်တန်သည်တို့ မဖြစ်အောင် ကြိုတင် ကာကွယ် တားဆီးနိုင်သည် ဟု ယူဆ ထားသူတစ်ဦးလည်း ဖြစ်သည်။
မြန်မာမိန်းကလေး အများစုမှာ မိမိ၏ အရှက်နှင့် မိသားစု၏ ဂုဏ်သိက္ခာ တို့ကြောင့် မိမိတို့၏ အဖြစ်မှန်များကို ပြန် ပြောပြရန် အလွန် ၀န်လေးတတ်ကြလေရာ စင်ကာပူတွင် လာရောက် အလုပ်လုပ်နေသော မြန်မာ maid များ၏ ဒုက္ခ၊ သုက္ခများ အကြောင်း သိသူ အလွန် နည်းပါးလှပါသည်။
ထို့ပြင် မခင်လေးမှာ မိမိကိုယ်တိုင် ခါးသီးသော အတွေ့အကြုံများကို တွေ့ကြုံခံစားခဲ့ရသည် ဖြစ်ရာ အခြား ဒုက္ခရောက်နေသူများကိုလည်း ကိုယ်ချင်းစာစိတ်ဖြင့် တတ်နိုင်သမျှ ကူညီပေးနေသူ တစ်ဦးလည်း ဖြစ်ပါသည်။ ဤသို့ ကူညီသည် ဆိုရာ၌လည်း အကျိုးအမြတ် တစ်ပြားမှ မရသည့်ပြင် အိတ်ထဲမှပင် စိုက်ထုတ် ကုန်ကျပေးရသော အမှုကိစ္စ များလည်း ရှိခဲ့ပေသည်။ သို့သော် သူက ဤသည်ကို တွက်ကပ်မနေ။ မိမိကူညီလိုက်သည့် အတွက် သူတစ်ပါး အဆင်ပြေ သွားလျှင်ပင် သူ့မှာ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေပါသည်။
ကိစ္စမရှိပါဘူး။ ကျွန်မနာမည်အရင်းကို သုံးနိုင်ပါတယ် ဟု ဆိုသဖြင့်လည်း ကျွန်တော် တွေ့ဆုံမေးမြန်းခဲ့သူများ အားလုံးအနက် အထူးခြားဆုံး ဖြစ်နေပါသည်။ သို့သော် ကျွန်တော် သူ့နာမည်အရင်းကို မသုံးပါ။
မခင်လေး၏ အတွေ့အကြုံများကို ဖတ်ပြီး မြန်မာပြည်မှ ဘုမသိ၊ ဘမသိ။ အထင်တကြီးနှင့် နိုင်ငံခြားသို့ ထွက်လာမည့် မိန်းကလေးများအတွက် အကျိုးရှိမည်ဟု ယူဆပါသည်။
၁၂၊ ၁။ Nurse Aid ဟု ပြောကာ Maid အဖြစ် အလိမ်ခံရခြင်း
ကျွန်မက ပဲခူးကပါ။ နိုင်ငံခြားသွားမယ် ဆိုတော့ အင်္ဂလိပ်စာ သင်တန်းတွေ ဘာတွေ တက်တာပေါ့။ စလုပ်တုံးက အစ်မတစ်ယောက်နဲ့ အတူတူလုပ်တာ။ သူက အမေရိကား သွားချင်တယ်။ သူ့ဘကြီးက ဘုန်းကြီး။ အင်္ဂလန်နဲ့ အမေရိကား မှာ ကျောင်းထိုင်တယ်။ အဲဒါ သူ့ကို ကပ္ပိယ အနေနဲ့ခေါ်မယ် ပေါ့။ ဒါပေမဲ့ သူ့ကိုခေါ်ဘို့ အဆင်မပြေဘူး ဖြစ်ကရော။ ဒါနဲ့ ကဲ ဒါဆိုလည်း စင်ကာပူ သွားကြရအောင် ပေါ့။ တိုင်ပင်ကြတယ်။
အင်္ဂလိပ်စာ သင်တန်းကို လှည်းတန်းက ဦးမြကြိုင် မှာ တက်တာ။ သင်တန်းတက်ရင်းနဲ့ စင်ကာပူ သွားလို့ရမဲ့ နည်းလမ်းတွေ လျှောက် လေ့လာကြည့်တယ်။ အဲဒီတုံးက ကျွန်မမှာ မှတ်ပုံတင်ကို မရှိသေးဘူး။ အဖိုးက ပြည်ကြီးက လာတာ။ FRC ။ အဖေကလည်း FRC (Foreigner’s Registration Certificate) ဆိုတော့ ကျွန်မတို့မှာ မှတ်ပုံတင် မရှိဘူး။ အရင်တုံးကတော့ သူတို့က ပြည်ကြီးပြန်ဘို့ ရည်ရွယ်ချက်နဲ့ မှတ်ပုံတင် မလုပ်တာ။ ကျွန်မတို့ကျ မြန်မာပြည်မှာ နေဘို့ ဘာလက်မှတ်မှ ထုတ်မပေးတော့ဘူး။ အမေကတော့ မှတ်ပုံတင် လုပ်ထားလိုက်လို့ နိုင်ငံသား ပေါ့။ အရင်တုံးက မှတ်ပုံတင် လုပ်ရတာ လွယ်သေးတယ်။ ခုတော့ မလွယ်တော့ဘူး။ ဟိုလိုက်ရ။ ဒီလိုက်ရ။ ဆယ်တန်းအောင်တော့လည်း အမှတ် ကောင်းတာတောင် တက္ကသိုလ် ကောင်းကောင်း ဆက်တက်ခွင့် မပြုဘူး။ ကျွန်မ သူငယ်ချင်းတစ်ယောက် အဖေကလည်း FRC။ သူလည်း အမှတ်ကောင်းတယ်။ ဒါပေမဲ့ ဆေးတက္ကသိုလ် တက်ခွင့်မရဘူး။ အဲဒီတုံးက ၂၀၀၀ ပြည့်နှစ်။
အဲဒီမှာ နိုင်ငံခြားထွက်မယ် ဆိုတော့ မှတ်ပုံတင်က မလုပ်မဖြစ် လုပ်ရတော့တယ်။ ၂၀၀၁ ခုနှစ်ကျော်မှ ရတယ်။ ဒါတောင် လွယ်လွယ်နဲ့ ရတာ မဟုတ်ဘူး။ အဲဒီ မှတ်ပုံတင်တစ်ခုရဘို့ လိုက်လိုက်ရတာ တော်ကြာ တစ်သိန်း၊ တော်ကြာ နှစ်သိန်း နဲ့ စုစုပေါင်း ၁၇ သိန်းကျော် ကျတယ်။ လ.၀.က ဦးစီးမှူးတွေကလည်း တစ်ယောက်ပြီး တစ်ယောက်ပြောင်း။ တစ်ယောက်ပြောင်းလာလိုက် ပိုက်ဆံ သွားပေးလိုက်။ တော်ကြာ သူ မရှိတော့လို့ အဲဒီ မှတ်ပုံတင် ကိစ္စ အလုပ်မဖြစ် ပြန်ဘူး။ အဲဒီတော့ နောက်ပြောင်းလာတဲ့ သူဆီ ပိုက်ဆံထပ်ပေးရ။
တော်သေးတယ်။ အဲဒီတုံးမှာ တရုပ်သံရုံးက မြန်မာပြည်မှာ နေတဲ့ တရုပ်တွေကို မှတ်ပုံတင်လုပ်ဘို့ ဆိုပြီး ပရောဂျက် တစ်ခု ကျလာတယ်။ လူ ၁၀၀ ထင်တယ်။ ဒါတောင် ကျွန်မတို့ သိတော့ အတော်နောက်ကျ နေပြီ။ တော်သေး တယ်။ ကျွန်မတို့လည်း တရုပ်သံရုံးသွား ပုံစံလဲ ဖြည့်ပြီးရော ပိတ်သွားရော။ အဲဒါနဲ့ မှတ်ပုံတင် လုပ်လို့ရတာ။ နို့မို့ ရချင်မှ တောင် ရမယ်။
အမှန်က ကျွန်မတို့ အမျိုးတွေ စင်ကာပူမှာ ရှိတယ်။ အဖွားရဲ့ မောင်တွေ။ သူတို့က စင်ကာပူရီးယန်းတွေ ဖြစ်နေပြီ။ ဒါပေမဲ့ ကျွန်မ စင်ကာပူလာချင်တယ် ဆိုတော့ သူတို့က မလာခဲ့နဲ့ တဲ့။ အတင်းတားတယ်။ ဒါနဲ့ ကျွန်မလည်း ကိုယ့်ဟာကိုယ် သွားမယ် ပေါ့။ အဆက်အသွယ် လိုက်ရှာရတယ်။ အဲလိုနဲ့ စီဒိုးနားတို့၊ ထရိတ်ဒါးတို့မှာ ခဏခဏ အင်တာ ဗျူးတွေ ရှိတယ် ဆိုတာ သိလာရတယ်။ အဲဒီကို သွားကြည့်တယ်။ အဲဒီအထဲဝင်ရင် ပိုက်ဆံ ၇၀၀၀ ပေးရတယ်။ ၀င်ပြီးရင် ပြန်ထွက်လို့ မရဘူး။ အရမ်း ဒုက္ခရောက်တာ။ အဲဒီထဲမှာပဲ တစ်နေကုန် နေရတယ်။
သူတို့ကတော့ စင်ကာပူက လာဗျူးတယ် ပြောတာပဲ။ ဒါပေမဲ့ ဘယ်သူသိနိုင်မလဲ။ စင်ကာပူတရုပ် ဆိုပြီး ဗမာပြည်က သားသားနားနား တရုပ်တွေကို ဘောင်းဘီအကျအန၀တ်၊ ကုတ်တွေဘာတွေနဲ့ နက်ကတိုင် ဆွဲပေးလိုက်တာ လည်း ဖြစ်နိုင်တာပဲ လေ။ အင်တာဗျူးလာတဲ့ သူတွေဆိုတာ ထောင်နဲ့ချီ ရှိတယ်။ လူတစ်ယောက် ၇၀၀၀ နဲ့ တစ်နေ့ လူတစ်ထောင် တွက်ကြည့်လေ။ သူတို့ စီဒိုးနားမှာ အခန်းငှားခ ဘယ်လောက် ပေးရမှာလဲ။ ဒါတွေက နောက်မှ သိရတာ။ အဲဒီတုံးကတော့ စင်ကာပူ သွားချင်စိတ်က မွှန်နေတော့ ဘာတွေ ညာတွေ ဘယ်စဉ်းစားမှာလဲ။ ဆီဒိုးနား ဆိုလည်း သွား လိုက်။ ဆမ်းမစ် ပါ့ဗျူး ဆိုလည်း သွားလိုက်ပေါ့။ အဲဒီ အင်တာဗျူးတွေတင် လေးငါး ဆယ်ခုလောက် သွားလိုက်တယ်။ ဘာမှ မထူးပါဘူး။ ပိုက်ဆံကုန်တာပဲ အဖတ်တင်တယ်။
အင်တာဗျူးခေါ်တာတော့ တချို့ကျတော့ သတင်းစာထဲက ခေါ်တယ်။ တစ်ခါတလေကျတော့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေထဲမှာ ပါတယ်။ ၂၀၀၃ ခုနှစ်လောက်က ပေါ့။ အင်တာဗျူးတာက Nurse Aid အလုပ်အတွက် ဗျူးတာ။ ကိုယ်ကလည်း စင်ကာပူ ဗဟုသုတ ဘာမှမရှိတော့ မြန်မာပြည်က သွားတဲ့သူတွေ account တို့၊ admin တို့မှာ လုပ်လို့ ရမှန်း၊ S Pass ဆိုတာ ဘာမှန်း ဘာမှ မသိဘူးလေ။ စင်ကာပူ သွားရ ပြီးရော ဆိုပြီး ဘာနဲ့သွားရင် လွယ်မလဲ လို့ စုံစမ်းပြီး Nurse Aid ၆လ သင်တန်း တက်ထားလိုက်တယ်။ အဲဒါနဲ့ပဲ အင်တာဗျူးတွေ သွားတယ်။
အဲလို အင်တာဗျူးတွေ သွားနေရင်းကပဲ အေးဂျင့်တစ်ခုနဲ့ စပ်မိတယ်။ သူ့ယောက်ျားက စင်ကာပူမှာ PR တဲ့။ သူတို့က စင်ကာပူ သွားမလို့၊ သူတို့ မိသားစုနဲ့ လိုက်ခဲ့ပေါ့လို့ ပြောတယ်။စရံဆိုပြီး ပိုက်ဆံ ၃ သိန်း တောင်းလို့ ပေးလိုက်ရ တယ်။ အဲဒီလိုနဲ့ ဟိုနေ့သွားရမယ်၊ ဒီနေ့သွားရမယ်နဲ့ ဘာမှ အလုပ်မဖြစ်ဘူး။ ပိုက်ဆံ ပြန်တောင်းတော့ မပေးချင်ဘူး။ မနည်းပြန် တောင်းရတယ်။ ဒါတောင် အပြည့်ပြန်မရဘူး။ အလီလီခွဲပေးတာ နှစ်သိန်းခွဲလားပဲ ပြန်ရတယ်။
ဒါနဲ့ နောက် ဆေးရုံကို ဘီပိုး ကာကွယ်ဆေး သွားထိုးရင်းနဲ့ နာ့စ် ဆရာမ တစ်ယောက်နဲ့ ခင်သွားတယ်။ သူက သူ့အသိ တစ်ယောက်ရှိတယ် ဆိုပြီး ခေါ်သွားပေးလို့ နောက် အေးဂျင့်တစ်ယောက်ဆီ ရောက်ပြန်ရော။ လိပ်စာနဲ့ နာမည် တော့ ဖွင့်မပြောပြစေနဲ့။ မြို့ထဲမှာပဲ။ အောင်မယ်။ ရုံးခန်းနဲ့ ဘာနဲ့၊ အကျအနပဲ။ သူက သင်္ဘောသားတွေ ပို့တယ် လို့လည်း ကြားတယ်။
သူက အေးဂျင့်ခ နှစ်ဆယ့်ရှစ်သိန်း ပေးရမယ်။ သိပ်မကြာခင် သွားရမယ်။ ဟိုရောက်ရင် ကျောင်းလည်း တက်လို့ ရတယ်။ အလုပ်ကလည်း ဘာမှ မပင်ပန်းဘူး။ အဖိုးကြီး၊ အဖွားကြီးတွေ ကြည့်ရုံပဲ။ နောက်ပိုင်းကျ ကိုယ့်မိသားစု ခေါ်ချင် လည်း ခေါ်လို့ရတယ် တဲ့။ လခက တစ်လကို ၃၆၀ ကနေ ၄၀၀ ထိ ရမယ်။ နောက်ပြီး အားတဲ့အချိန်တွေ၊ အချိန်ပိုတွေမှာ အပြင်ကို အလုပ်ထွက်လုပ်ချင်လည်း ရတယ်ပေါ့။ အပြောကတော့ ကောင်းသလား မမေးနဲ့။ ဒါနဲ့ပဲ ကိုင်း သူနဲ့ လုပ်မယ် ပေါ့။ အင်တာဗျူးရှိတယ် ဆိုလို့ သူ့ရုံးခန်းမှာ သွားသွား စောင့်ရတယ်။ ဒီရက် အင်တာဗျူးရှိတယ် ဆို ခေါ်လိုက်။ သူဌေးက မအားလို့ ဆိုပြီး ပြန်လာရလိုက်။ ခဏခဏ ခေါ်တယ်။ နောက်ကျတော့ တစ်မျိုးဖြစ်ပြန်တယ်။ သူဌေးက အင်တာဗျူး မခေါ် တော့ဘူး။ ဒီအတိုင်းပဲ တန်းလာခဲ့လို့ ပြောတယ် တဲ့။ လုပ်ပြန်ရော။
အဲဒီမှာတင် ကျွန်မ သူတို့ကို သိပ်မယုံတော့ဘူး။ ဒါဖြင့် ကျွန်မကို ပါမစ်ပြပါ ဆိုတော့ တကယ်ဆို သူတို့ရုံးမှာ ဖက်စ် တို့၊ အင်တာနက် တို့ ရှိတာပဲ။ အင်တာနက်ကနေ ပရင့် ထုတ်ပေးလိုက် ပြီးတာပဲ။ ဒါပေမဲ့ ကျွန်မတို့ကို အယုံသွင်း ချင်တော့ စင်ကာပူ သံရုံးကို ခေါ်သွားတယ်။ ကျွန်မတို့လည်း မသိတော့ အဲဒီ ပါမစ်ကို မကြည့်မိလိုက်ဘူး။ ကြည့်ရင်တော့ ဒါ maid ပါမစ် ဆိုတာ သိမှာပေါ့။ ကျွန်မတို့ လုပ်တာ နှစ်ယောက်။
မှတ်ချက်။ ။ သူပြောသည့် ပါမစ် ဆိုသည်မှာ IPA (In Principle Approval) ကို ခေါ်ခြင်း ဖြစ်ပါသည်။
သူက သံရုံးကနေ ပါမစ်ထုတ်ပြီး လေယာဉ်လက်မှတ် ၀ယ်ဘို့ ဒီပါမစ် လိုတယ်။ နင်တို့ ပတ်စ်ပို့ပေး ဆိုတော့ နှစ်ယောက်စလုံး ပတ်စ်ပို့ပေးလိုက်ရတယ်။ နောက်နေ့ကျတော့ လေယာဉ်က ပြည့်နေပြီ။ သူကတော့ အရင်လိုလို့ အရင်သွားနှင့် ဆိုပြီး ကျွန်မနဲ့ အတူတူ လုပ်တဲ့ တစ်ယောက်ကို တစ်ယောက်ထဲ ခွဲလွှတ်လိုက်တယ်။ ကျွန်မက နောက်မှ တစ်ယောက်ထဲ သွားရတာ။ အဲဒီလိုနဲ့ စင်ကာပူ သွားရရော ဆိုပါတော့။
လေဆိပ်ကို လိုက်ပို့တော့လည်း လေယာဉ် ထွက်ခါနီး တစ်နာရီလောက် အလိုကျမှ လာပို့တယ်။ အဲဒီတော့မှ ကျွန်မတို့ကို အလုပ်ခန့်တဲ့ ပါမစ်ကို မြင်ရတာ။ မြင်လိုက်တော့ ပါမစ်က အိမ်လိပ်စာကြီးနဲ့ ဆိုတော့ အဲဒီမှာ Nurse Aid ဆိုတာ ညာတာ။ တကယ်လုပ်ရမှာ maid ဆိုတာ သိလိုက်တယ်။ စင်ကာပူ သွားမယ် ဆိုတော့ နည်းနည်းပါးပါး လေ့လာ ထားလို့ အဲဒါလောက်တော့ သိသေးတာပေါ့။
ဒါပေမဲ့ အကုန်လုံးက လက်လွန်ကုန်ပြီ။ ပိုက်ဆံလည်း အကုန်ချေပြီးပြီ။ ခု လေယာဉ်ပေါ်တောင် တက်ရတော့ မယ် ဆိုတော့ ဘာမှ မတတ်နိုင်တော့ဘူး။ သူတို့က အပိုင်၊ တစ်ခါထည်း ချည်ပြီး တုပ်ပြီး လုပ်တာ။ ပိုက်ဆံက အေးဂျင့်ဖီး သီးသီးချည်းပဲ ၂၈ သိန်းပေးခဲ့ရတယ်။ လေယာဉ်လက်မှတ်ခလည်း ကိုယ့်ဟာကိုယ် ပေးရတယ်။ နောက်ပြီး စာရွက် စာတမ်း ဟိုဟာကြေး၊ ဒီဟာကြေးတွေနဲ့ စုစုပေါင်း ၃၅ သိန်းလောက် ကုန်တယ်။
၁၂၊၂။ အေးဂျင့်နှင့် အိမ်ရှင်များ အနိုင်ကျင့်တိုင်း ခံနေရသော စင်ကာပူ မှ မြန်မာ အိမ်ဖော်များဘဝ
နေ့ခင်း လေယာဉ်နဲ့ လိုက်လာတာ စင်ကာပူကို ညနေ ၆ နာရီလောက် ရောက်တယ်။ ရောက်ရောက်ချင်း လာမကြိုဘူး။ ည ၉ နာရီလောက်မှ လာတယ်။ အေးဂျင့်ဆီမှာ အလုပ်လုပ်တဲ့ ကောင်တစ်ယောက် လာကြိုတာ။ အဲဒီည အေးဂျင့်အိမ်မှာ အိပ်ရတယ်။ အဲဒီအိမ်မှာလည်း အင်ဒိုနီးရှားမတွေ၊ ဖိလစ်ပင်းမတွေ အများကြီးပဲ။ အယောက် ၂၀ လောက် ရှိတယ်။ သူတို့ရုံးခန်းက city hall နဲ့ သိပ်မဝေးဘူး။ Ruby Plaza မှာ။ Rangoon Road တို့၊ Mandalay Road တို့ရဲ့ ဟိုဘက် နည်းနည်း ဆက်သွားရတယ်။
အခန်းကလည်း ကျဉ်းကျဉ်းလေး။ အဲဒီမှာ နှစ်ထပ်ကုတင်လည်း ရှိတယ်။ စက္ကူပုံးတွေ ဆိုတာလည်း အများကြီး ပဲ။ ထပ်ထပ်ထားတာ။ ဘာပုံးတွေမှန်း ကို မသိဘူး။ သူတို့နဲ့ အဆင်ပြေတဲ့ သူတွေကျတော့ ကုတင်ပေါ်မှာ အိပ်ရတယ်။ ဒါပေမဲ့ အများစုကတော့ ကြမ်းပြင်ပေါ်မှာ အိပ်ရတာပဲ။ အိမ်က ကျဉ်းပါတယ် ဆိုမှ ခွေးတစ်ကောင်ပါ မွေးထားသေးတယ်။
အဲဒီမှာ တစ်ညအိပ်ပြီး နောက်နေ့ကျတော့ အိမ်ရှင်ဆီ တန်းပို့တယ်။ အိမ်က Jurong ဘက်မှာ။ Corporation Drive မှာ။ နှစ်ထပ်အိမ်။ အိမ်ရှင် အဖိုးကြီးက အသက် ၆၀ ကျော်။ သူ့မိန်းမက အသက် ၄၀ ကျော်။ အဲဒီ အတူနေတဲ့ မိန်းမ က မယားငယ်။ နှစ်အိမ်ကျော်မှာက မယားကြီး ရှိတယ်။ မယားကြီးအိမ်မှာက maid သုံးယောက် ရှိတယ်။ မြန်မာ အမျိုးသမီး တစ်ယောက်၊ ဖိလစ်ပိုင် တစ်ယောက်၊ အင်ဒိုနီးရှား တစ်ယောက်။ မယားကြီး အိမ်မှာက အိမ်ထောင်ကျနေတဲ့ သားကြီး တစ်ယောက်ရယ်၊ သားငယ် တစ်ယောက်ရယ်၊ အဲဒီ အဖိုးကြီးရဲ့ အမေရယ် စုနေကြတယ်။ အဖွားကြီးက ၉၀ ကျော်နေပြီ။
ဖိလစ်ပင်းမက သားအကြီးရဲ့ ကလေးတွေကို ကြည့်ရတယ်။ အင်ဒိုနီးရှားမက အိမ်သန့်ရှင်းရေး လုပ်ရတယ်။ ဗမာမ အစ်မကြီးက ချက်ရ ပြုတ်ရတယ်။ သူ့နာမည်က မသင်းသင်း တဲ့။ အဲဒီ မြန်မာမက မကောင်းပါဘူး။ တွန်းလိုက်၊ တိုက်လိုက်။ ဟိုစကား ဒီပို့၊ ဒီစကား ဟိုပို့။
ကျွန်မမှာ လိုရင် သုံးဘို့လို့ ပိုက်ဆံ ၁၀၀ ယူသွားတယ်။ အိမ်ရှင်တွေ တွေ့ရင် သိမ်းမှာ စိုးလို့ ၀ှက်ထားတာပေါ့။ ဒါပေမဲ့ ရောက်ခါစ ဆိုတော့ သူက အလျင် ရောက်နှင့်နေတော့ အားကိုးတကြီးနဲ့ တိုင်ပင်တယ်။ ပိုက်ဆံပါလာတဲ့ အကြောင်း သူ့ကို ပြောပြတာပေါ့။ အဲဒီကတည်းက သူက အဲဒီ ပိုက်ဆံကို သူ့ကို အပ်ထားပါ ဆိုပြီး အတင်းတောင်းတယ်။ ရောက်ခါစ ဆိုတော့ ကျွန်မကလည်း ဘယ်သူ့မှ မယုံနိုင်ဘူး။ ပိုက်ဆံ ၁၀၀ ဆိုတာ ကိုယ့်အတွက် မနည်းဘူးလေ။ မယုံတော့ မပေးဘူးပေါ့။ သူတောင်းတဲ့ ပိုက်ဆံ မပေးတော့ ကျွန်မကို အမျိုးမျိုး ပြဿနာ ရှာတယ်။ အိမ်ရှင်မကို ထောင် ပေးတယ်။ မဟုတ်တန်းလျားတွေ ပြောတယ်။ တကယ် ကျွန်မကို ကူညီတာက အင်ဒိုနီးရှားမလေးက ကူညီတာ။
ရောက်ခါစက ကျွန်မမှာ ဖုံးဘယ်ရမလဲ။ ကျွန်မ အသိဆီ ဖုံးဆက်ချင်တော့ အဲဒီ အင်ဒိုမလေးက ကျွန်မကို သူ့ ဖုံး ပေးပြီး ဆက်ခိုင်းတယ်။
မသင်းသင်းက ထမင်းချက်ရတာ ဆိုတော့ ညနေ ၅ နာရီလောက်မှ ချက်ရတာ။ သူက ထမင်းချက်ရုံက လွဲလို့ ဘာမှ ကူမလုပ်ဘူး။ ကျန်တဲ့ အချိန် သူ့အခန်းထဲ သူဝင်အိပ်နေတာ။ အဲဒီတော့ အိမ်ရှင်တွေက သဘောမကျဘူး။
ကျွန်မ ရောက်ရောက်ချင်းပဲ၊ ကျွန်မ လုပ်ရမဲ့ အိမ်က ဖိလစ်ပင်း အိမ်ဖော်မကို အေးဂျင့်က ပြန်ခေါ်သွားတာ တွေ့လိုက်တယ်။ ကျွန်မလုပ်တဲ့ အိမ်မှာက ကျွန်မ တစ်ယောက်ထဲ။ ထမင်းစားတဲ့ အချိန်ကျတော့ ဟိုဘက်အိမ် သွားစားရတယ်။ အဲဒီ မသင်းသင်းချက်တဲ့ ထမင်း စားရတာပေါ့။
မနက် ၅ နာရီ ဆိုရင် ကိုယ့်ဝေယျာဝစ္စ၊ မျက်နှာသစ်တာ၊ သွားတိုက်တာ၊ ရေမိုးချိုး၊ သနပ်ခါးလိမ်း၊ အိမ်သာတက် တာ အားလုံး ပြီးအောင် လုပ်ထားရတယ်။ ပြီးပြီ ဆိုရင် သူတို့ လင်မယားနေတဲ့ အခန်းက အိမ်သာရယ်၊ ကောင်မလေး နေတဲ့အခန်းက အိမ်သာရယ်၊ အောက်ထပ်မှာရှိတဲ့ ဘုံသုံး အိမ်သာရယ်၊ နောက်ထပ် အခန်းပို တစ်ခု ရှိသေးတယ်။ အဲဒီ အခန်းက အိမ်သာရယ်၊ စုစုပေါင်း အိမ်သာလေးလုံး နေ့တိုင်းဆေးရတယ်။
ဆိုးတာက အဖိုးကြီးက ဆေးလိပ်သောက်တယ်။ နောက်ပြီး ဆေးလိပ်တိုတွေကို အိမ်သာထဲ လွှင့်ပစ်ပြီး အဲဒီ ဆေးလိပ်တိုတွေကို လက်နဲ့ ကောက်ခိုင်းတယ်။ အိမ်သာတွေ သန့်ရှင်းရေး လုပ်ပြီးပြီ ဆိုရင် တစ်အိမ်လုံးကို ကြမ်းတိုက်ရ တယ်။ အဲဒီ သန့်ရှင်းရေးလုပ်တယ် ဆိုတာ ကိုယ့်အိမ်မှာသာ ယော်ကာ မယ်ကာ နည်းနည်းပါးပါး လုပ်တာ။ သူတို့ အိမ်မှာ သန့်ရှင်းရေးလုပ်ရတာ မနက် ၅ နာရီကတည်းက ထ လုပ်လိုက်ရတာ နေ့လည် ၂ ချက်တီးမှ ပြီးတယ်။
ဘယ်လိုလုပ်ရသလဲ ဆိုတော့ ကြွေပြားခင်းထားတဲ့ ကြမ်းပြင်မှာ ကြွေပြားတွေ ကြားထဲက ဂျီး(ချေး) တွေကို သွားပွတ်တံနဲ့ ပြောင်နေအောင် လိုက်တိုက်ရတယ်။
အဖိုးကြီးက နည်းနည်း ဆိုးတယ်။ ဘာလို့လည်း ဆိုတော့ သူက မယားနှစ်ယောက် ယူထားပြီး နှာဘူးကျတယ်။ အိမ်ဖော်ကောင်မလေးတွေကို တို့ကနန်း ဆိတ်ကနန်း ရိသဲ့သဲ့ လုပ်ချင်တယ်။ ကျွန်မကို ပေးထားတဲ့ အခန်းက မှန်တွေ ကာထားတယ်။ ညကျ ကျွန်မက မှန်တွေကို အားလုံး ပိတ်ထားတယ်။ ကြောက်တော့ ကိုယ်နေတဲ့ အခန်းကို သော့ခတ်ပြီးမှ အိပ်တယ်။ တံခါးဝမှာလည်း ကျွန်မပါလာတဲ့ Luggage ကြီးကို အရံအတားအဖြစ် ချထားတယ်။ အဖိုးကြီးက ညဘက် ကျွန်မအိပ်တဲ့ အချိန် အဲဒီမှန်ကို လာလာ ဖွင့်ကြည့်တယ်။ သူက တော်တော်နဲ့ အိပ်တာ မဟုတ်ဘူး။ နောက်ပြီး မအိုက် ဘူးလား၊ မှန်တွေ ဖွင့်ထား ဘာညာ နဲ့ ပြောသေးတယ်။
အရင် ဒီမှာ လုပ်သွားတဲ့ ဖားမက အဖိုးကြီးနဲ့ အရမ်းရောတယ် တဲ့။ အဖိုးကြီးနဲ့ ရှုပ်ရှုပ်ရှက်ရှက် ဆိုတော့ အိမ်ရှင်မ က မကြိုက်လို့ အေးဂျင့်ဆီ ပြန်ပို့လိုက်တာ။
အဲဒီလို အဖိုးကြီးက ကျွန်မကို ရောလို့မရတော့ သန့်ရှင်းရေးလုပ်တဲ့ အခါ အရမ်း ကဂျီကဂျောင် ကျတယ်။ သူက နေ့ခင်း ၁၂ နာရီလောက်မှ အိပ်ယာက ထလာပြီး တစ်ရှူးကို ဖြဲ၊ နောက် ကြမ်းကို သုတ်ကြည့်တယ်။ ကိုယ်က အစောကြီး ကတည်းက ကြမ်းတွေကို တိုက်ထားတာ။ သူ့သမီးက ကျောင်းသွားဘို့ လုပ်ရင်းဟိုသွား ဒီသွား၊ သွားလာထားတာ ဆိုတော့ နည်းနည်းပါးပါးတော့ ညစ်ပတ်မှာပေါ့။ အဲဒါ တစ်ရှူးနဲ့ သုတ်ကြည့်လို့ ညစ်နေတာ တွေ့ရင် ဆဲဆို၊ ရိုက်ပုတ် လုပ်တာ။
ပိုဆိုးတာက သူ့ကလေး။ အသက်က ၇ နှစ်ရှိပြီ။ ဟိုဘက် မယားကြီးအိမ်မှာကျတော့ ကလေးတွေက များ၊ သူ့မိသားစုနဲ့ သူ ဆိုတော့ နွေးနွေးထွေးထွေး ရှိတာပေါ့။ ဒီက မယားငယ်ရဲ့ သမီးဆိုတော့ မျက်နှာငယ်ရ။ ဂရုစိုက်တာ မခံရ ဆိုတော့ psycho ၀င်နေတယ်။ ပေါက်တတ်ကရတွေ လျှောက်လုပ်တယ်။ အ၀တ်လျှောက်တဲ့ ဇလုံကြီးထဲ ၀င်ထိုင်ပြီး ဇလုံလိုက် သူ့ကို အပေါ်ထပ် ချီတင်ခိုင်းတယ်။ အရမ်းပူနေတဲ့ မီးပူနဲ့ လာကပ်တယ်။ ရေနွေးပူနဲ့ ပက်တာ မကြာခဏ။ နောက်ပြီး အ၀တ်လှန်းတဲ့ တုတ်က အချွန်နဲ့ လာပြီး ထိုးတယ်။ အရမ်းနှိပ်စက်တယ်။
အဲဒီကိစ္စတွေ စိတ်ညစ်တော့ ကျွန်မ မသင်းသင်းကို ပြောပြတယ်။ ပြောတော့ သူက အိမ်ရှင် မိန်းမကို သွားပြီး အတို့အထောင်လုပ်တယ်။ အရမ်း complain တက်တယ်ပေါ့။ ကျွန်မကလည်း ရောက်ခါစ ဆိုတော့ complain တက်တယ် ဆိုတာ ဘာမှန်းသိတာ မဟုတ်ဘူး။
အဲဒီလိုနေရင်းနဲ့ ပိုပို ဆိုးလာတယ်။ တစ်နေ့ကျတော့ ဓါတ်ဘူးထဲ ရေနွေးထည့်နေတုံး ရေနွေးကရားကို အတင်း တွန်းလိုက်တော့ လက်မှာ ရေနွေးပူ လောင်သွားတာ အနာကြီးကို အကြီးကြီးပဲ။ ကျွန်မလည်း မခံနိုင်လို့ သူ့အဖေနဲ့ အမေရှေ့မှာ နင်တို့ သမီးလုပ်တာသိပ်လွန်လွန်းလို့ ပြောတာ။ ဒီမှာကြည့် ဆိုပြီး အနာကြီးပြတယ်။ အိမ်ရှင်မိန်းမက ဆေးတစ်ဗူးထုတ်ပေးပြီး အဲဒါ လိမ်းတဲ့။
အစ်မတစ်ယောက်ရဲ့ အမျိုးသား၊ အသိ အစ်ကိုကြီး တစ်ယောက်က စင်ကာပူက LTA မှာလုပ်နေတာ။ လေဆိပ် မှာတုံးက ကျွန်မလုပ်ရမဲ့ အိမ်လိပ်စာ သူ့ကို ပြောခဲ့တယ်။ အရင်က အဲဒီအစ်ကိုကြီး လာပြီး ဟိုဘက်အိမ် ထမင်းစားဘို့ အသွားမှာ ဖုံးလေး လာပေးထာတာ ရှိတယ်။ အဲဒီ ဖုံးလေးနဲ့ သူ့ဆီဆက်ပြီး အကျိုးအကြောင်းပြောပြတော့ သူက ဒါဆို အေးဂျင့်ဆီ ပြန်ပို့၊ ရဲတိုင်မယ် လို့ပြောလို့ ပြောတယ်။
အဲသလို ပြောရုံရှိသေး။ နောက်နေ့ကျတော့ အေးဂျင့်က လာပြန်ခေါ်တယ်။ နင့်ကို အိမ်ရှင်က မကြိုက်တော့ဘူး ပြောတယ်။ ပြန်လိုက်ခဲ့ပေါ့။ ကိုယ်ကလည်း မသိတော့ မကြိုက်နေပေါ့။ ပိုတောင်ကောင်းသေး။ မကြိုက်ရင် နောက် တစ်အိမ် ပြောင်းမယ်။ ဒီလို ခပ်ပေါ့ပေါ့ တွက်တာကိုး။ ဒါပေမဲ့ သူတို့က ဘယ်လိုလုပ်လဲ ဆိုတော့ အလုပ်ပြောင်းဘို့ကို လက်မှတ် မထိုးပေးဘူး။ အဲဒီလိုနဲ့ အေးဂျင့်ဆီ ပြန်ရောက်သွားပြန်ရော။ နောက်တစ်အိမ် ထပ်ရှာတယ်။ ဟို အစ်ကိုကြီးက အရမ်းစိတ်ဆိုးတာပေါ့။ ဒီလောက် ဒါဏ်ရာကြီး ဖြစ်နေတဲ့ဟာကို။ သူက ရဲနဲ့တိုင်မယ် တဲ့။ ဒါပေမဲ့ ကျွန်မ ကျတော့ ရဲအမှုတွေ ဘာတွေဖြစ်လာရင် အလုပ်ဆက်လုပ်လို့ မရမှာ စိုးတာနဲ့ တိုင်မနေပါနဲ့တော့ လို့ ပြောလိုက်တယ်။
အင်မတန် ကောင်းတဲ့သူငယ်ချင်း အကြောင်းလည်း ပြောရဦးမယ်။ နာမည်တော့ ထားလိုက်ပါတော့။ ရန်ကုန်မှာ တုံးက သူလိုတာ ကျွန်မ အကုန်ကူညီခဲ့တယ်။ ပိုက်ဆံလိုရင်လည်း ထုတ်ချေးပေးလိုက်တာပဲ။ အဲဒါ သူက ဒီမှာ S Pass နဲ့ လုပ်နေတာ အဆင်ပြေနေတယ်။ အဲဒါ နင် င့ါကို S pass ရအောင် ဘယ်လို လျှောက်ရသလဲ ပြောပြပါဟယ်။ အလုပ် ကလေး ဘာလေးရှိရင်လည်း ကူညီပါပေါ့ ဆိုတော့ သူက နင်ကတောင် ငါ့ထက် ပိုကောင်းပါသေးတယ် ဟယ်၊ ငါ့ ယောက်ျားကလည်း အဲဒီလို ရှုပ်ရှုပ်ရှက်ရှက် တွေ မကြိုက်ဘူး တဲ့။ အင်မတန် ကူညီဘို့၊ အားကိုးဘို့ ကောင်းတယ်။ သူ ဒုက္ခရောက်နေတုံးက ကိုယ်ကူညီခဲ့တာ နည်းနည်းလေးမှ သတိရဖော် မရဘူး။ ထားလိုက်ပါတော့။ အကြောင်းသိရ တာပေါ့။ မကြိုက်လည်း နောက် မဆက်သွယ်နဲ့ပေါ့။ ဒါပဲရှိတာပဲ။
လူတွေဆိုတာ ဒုက္ခရောက်နေတုံးသာ မျက်ရည်လေး စမ်းစမ်း စမ်းစမ်းနဲ့။ သူ အဆင်ပြေလို့ ကိုယ့်ကို ကူညီရမဲ့ အလှည့်ကျ မသိချင်ယောင် ဆောင်နေတတ်ကြတာ။ ဘယ်သူ့မှ ယုံကိုးလို့၊ ကူညီဘို့ မကောင်းဘူး။ ကိုယ့်အားကိုယ် ကိုးပဲ။

Subscribe to:
Posts (Atom)