Thursday, September 17, 2009

Bitter Life (ကိုသန်းဝင်းမျိုး-၁)

နာမည် - ကိုသန်းဝင်းမျိုး
အသက် - ၃၇
ပညာအရည်အချင်း - အင်ဂျင်နီယာဘွဲ့(စက်မှု)
လက်ရှိအလုပ်အကိုင် - ကိုယ်ပိုင် ကုမ္ပဏီထောင်ထားသည်။

ကိုသန်းဝင်းမျိုးမှာ စင်ကာပူသို့ရောက်ရှိ M.Sc ဘွဲ့တစ်ခု ထပ်ယူကာ လုပ်ရင်း သူငယ်ချင်းများနှင့် အတူ ပူးပေါင်း ၍ ကိုယ်ပိုင်လုပ်ငန်း ထူထောင် လုပ်ကိုင်နေသူ ဖြစ်ပါသည်။ သူ့ထံတွင်ပင် မြန်မာလုပ်သား ၃၀ ခန့် ရှိသည် ဟု ဆိုပါသည်။ သူက စင်ကာပူ လာရောက်လုပ်ကိုင်သူ လူငယ်များအား နေသာသလို မနေကြပဲ မိမိဘ၀ တိုးတက်ရာ တိုးတက်ကြောင်း အမြဲ ကြိုးစားနေသင့်သည် ဟု တိုက်တွန်းပါသည်။

ကျွန်တော် R.I.T က ၁၉၉၆ မှာ ကျောင်းပြီးတယ်။ ကျောင်းပြီးတော့ ရန်ကုန်မှာ တစ်နှစ်လောက် လုပ်လိုက်သေး တယ်။ Sam Chong Piling မှာ။ နောက်တော့ ၁၉၉၇ မတ်လမှာ စင်ကာပူ လာခဲ့တာပဲ။ စင်ကာပူကို Work Permit နဲ့ လာခဲ့တာ။ အေးဂျင့်နဲ့ လာခဲ့တာပဲ။ Sheet Metal ကုမ္ပဏီမှာ လုပ်ရတယ်။ Engineering Technician တဲ့။ အဲဒီမှာ ၂ နှစ် လုပ်ခဲ့တယ်။ အဲဒါပြီးတော့ တခြား ကုမ္ပဏီ တစ်ခုမှာ E.P လျှောက်တယ်။ Technician အနေနဲ့ပဲ။ ကုမ္ပဏီက Aircraft Maintenance, Interior maintenance ပေါ့။ ထိုင်ခုံတို့ဘာတို့ ပြင်ရတယ်။ New installation လည်း လုပ်ရတယ်။ အဲဒီမှာ ၁၉၉၇ ကနေ ၁၉၉၉ ထိ လုပ်ခဲ့တယ်။ ၂၀၀၀ ပြည့်နှစ်ကျတော့ NUS မှာ M.Sc (Mechanical) ကို အချိန်ပိုင်း သွားတက်ခဲ့ တယ်။ ၂ နှစ်နဲ့ ပြီးသွားတယ်။
နောက်တော့ ကုမ္ပဏီတစ်ခု ပြောင်းတယ်။ Mechanical Engineer အနေနဲ့။ Generator Set တွေ လုပ်တာ။ အဲဒီမှာ ၄ နှစ်လောက်ကြာတယ်။ ၂၀၀၇ စက်တင်ဘာ ထိ။ နောက်တော့ ကျွန်တော် မိတ်ဆွေတွေနဲ့ ပေါင်းပြီး ကုမ္ပဏီ တစ်ခု register လုပ်တယ်။ ဒါပေမဲ့ ချက်ခြင်း မလုပ်ဖြစ်သေးဘူး။ ကုမ္ပဏီ အနေနဲ့က Gen Set packaging လုပ်ပေးတယ်။ နောက်ပြီး construction မှာ electrical wiring, installation လုပ်ပေးတယ်။ ကိုယ့်ဟာကိုယ် contract ဆွဲပြီး လုပ်တာ။
အစပိုင်းမှာတော့ အခက်အခဲတွေ အများကြီးတွေ့ရတာပေါ့။ ဒါပေမဲ့ ဒီလိုပဲ လုပ်ရတာပဲပေါ့။
ရန်ကုန်က လာပြီး ကျောင်းတက်မဲ့ သူတွေအတွက် အဓိကလိုတာက အင်္ဂလိပ်စာပဲပေါ့။ တခြားတော့ ဘာမှ သိပ် အခက်အခဲ မရှိပါဘူး။ ဒါပေမဲ့ scholarship နဲ့ လာတဲ့ သူတွေကတော့ ပြဿနာ မရှိဘူး။ ကိုယ့်ဟာကိုယ် အလုပ်လုပ်ရင်း ကျောင်းတက်မယ် ဆိုရင်တော့ အလုပ်အကိုင် အဆင်ပြေရဲ့လား၊ အလုပ်တစ်ဖက်နဲ့ ကျောင်းစာ လိုက်နိုင်ပါ့မလား သေသေချာချာ လေ့လာပြီးမှ လာသင့်တယ်။
ကိုယ့်ဟာကိုယ် ကျောင်းတက်မယ် ဆိုရင် ငွေဘယ်လောက် ကုန်မလဲ၊ အဲဒီလောက် အကုန်အကျ ခံနိုင်ပါ့မလား စတာတွေပါ ထည့်တွက်ရမှာ ပေါ့။ ဒီမှာက ကုန်ကျစရိတ်များတယ်။ ကျောင်းတစ်ဝက်တပျက်နဲ့ ပိုက်ဆံမတတ်နိုင်လို့ ပြန်သွားရမယ် ဆိုရင် အရမ်း နစ်နာတယ်။

ကိုယ့်ဘ၀ကိုယ် တက်လမ်းရှာချင်တယ် ဆိုရင်တော့ တွေ့ကြုံလာသမျှ အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ရမှာ ပဲ။ အထူးသဖြင့် ဗမာပြည်က အလုပ်လာလုပ်တဲ့ လူငယ်လေးတွေကို မှာချင်တာက ဟာ၊ ငါ ဒီလောက်ပဲ ရတာပဲ။ ဒီလောက်နဲ့ တန်အောင်ပဲ လုပ်မယ် ဆိုတဲ့ တွက်ကပ်တဲ့ စိတ်မျိုးတွေ မမွေးမိစေဘို့ပဲ။
ကျွန်တော်တို့ လာတုံးကလည်း လခက ဘယ်လောက်မှ ရတာ မဟုတ်ဘူး။ ဒါပေမဲ့ အကုန်လုပ်ရတာပဲ။ ကျွန်တော်တို့ ရတဲ့လခနဲ့ လုပ်ရတာနဲ့ ကို ဒီထက်ပိုကြီးတဲ့ ကုမ္ပဏီကြီးတွေနဲ့သာ ယှဉ်ကြည့်လိုက်ရင် ဘယ်လိုမှ မကိုက် ဘူး။ ဒါပေမဲ့ မတွက်မကပ်ပဲ ဒီလို လုပ်ခြင်းအားဖြင့် တစ်နေ့ ကိုယ့်ဟာကိုယ် စီးပွားရေးလုပ်တဲ့ အခါမှာ အများကြီး အထောက်အကူ ရတယ်။ အောက်ခြေသိမ်း အားလုံးနားလည် သွားတယ်။ လက်တွေ့ သိသွားတယ်။ အဲဒါ အမြတ်ပဲ။ ဒါ ငွေပေးပြီး ၀ယ်လို့မရနိုင်သလို ကျောင်းမှာ သင်ပေးလို့လည်း မရနိုင်ဘူး။ တကယ်လုပ်တဲ့ အခါကျမှ အခက်အခဲ၊ ပြဿနာ ဆိုတာ တွေ့ရတာ။
နောက်တစ်ခုက ကတိတစ်ခုကို လွယ်လွယ် မပေးမိစေဘို့၊ ကတိပေးပြီးရင်လည်း ပေးထားတဲ့ ကတိအတိုင်း လုပ်ပေးဘို့ အရေးကြီးတယ်။ ဒါမှ လူတွေရဲ့ ယုံကြည်မှု ရမယ်။ စီးပွားရေးလုပ်တဲ့ အခါ အဆင်ပြေမယ်။ အခု ကျွန်တော်တို့ ကိုယ့်စီးပွားရေးကိုယ် လုပ်ကြပြီ ဆိုတော့ အလုပ်ရှာတဲ့အခါ အလုပ်ရှင်က ကိုယ့်နောက်ခံ သမိုင်းကို လေ့လာတယ်။ ဒီ ကောင်တွေ တကယ် စိတ်ချရရဲ့လား ပေါ့။
ကိုယ်က သမိုင်းကြောင်း မကောင်းခဲ့ရင် အလုပ်ရှင်က အလုပ်အပ်မှာ မဟုတ်ဘူး။ ဒီတော့ သမိုင်းကြောင်း ကောင်းအောင် ကိုယ့်အလုပ်အပေါ်မှာ ကိုယ် သစ္စာရှိရမယ်။ ကောင်းနိုင်သမျှ ကောင်းကောင်း လုပ်ပေးရမယ်။ အကောင်း ဆုံးဖြစ်အောင် ကြိုးစားရမယ်။
ဒီတော့ ကိုယ် လခ ဘယ်လောက်ရသလဲ ဆိုတာထက် ကိုယ် ဘယ်လောက် လုပ်ပေးနိုင်သလဲ ဆိုတာ ပိုပြီး အရေးကြီးပါတယ်။ အထူးသဖြင့်တော့ နောက်ပိုင်းလာတဲ့ ကောင်လေးတွေမှာ အဓိက တွေ့ရတယ်။ ငါကတော့ ဘယ်လောက်ပဲ ရတာမို့ ဘယ်လောက်ပဲ လုပ်နိုင်မယ် စသဖြင့်ပေါ့။ ကောင်လေးတွေက ပိုက်ဆံသာ လိုချင်တာ။ ဘာခံယူချက်မှ မရှိသလို ကြိုးစားချင်စိတ်လဲ မရှိဘူး။ သူတို့ကို တစ်ခုခု လုပ်ခိုင်းလိုက်ရင် တာဝန်ယူချင်စိတ် မရှိဘူး။ နောက်ပြီး ကိုယ်မတတ်လို့ လေ့လာချင်တဲ့စိတ်လည်း မရှိဘူး။
ဒါ ကျွန်တော်ထင်တယ်။ သူတို့ ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေနဲ့လည်း ဆိုင်မယ် ထင်တယ်။ သူတို့ က ဗမာပြည်မှာ ကတည်းက ခပ်ပေါ့ပေါ့နေ၊ ခပ်ပေါ့ပေါ့စား။ ပညာသင်ကြားရေးကအစ ဘာကိုမှ အလေးအနက် မထားခဲ့ ဘူး။ အဲဒီ အကျင့်တွေ ဒီကိုပါ ယူလာခဲ့တယ်။
ကျွန်တော်သူတို့ကို ပြောပြတယ်။ အောင်မြင်မှု ဆိုတာ လွယ်လွယ်လေး ရတဲ့အရာ မဟုတ်ဘူး။ အစွမ်းကုန် ကြိုးစားနိုင်မှ ရတာ။ ကျွန်တော် ဒီလာတုံးက Work Permit နဲ့လာတာ။ ပါမစ် သက်တမ်းကုန်ခါနီးတော့ E.P တင်တယ်။ မရဘူး။ Reject ထိတယ်။ နောက်ထပ် အလုပ်ထပ်ရှာရတယ်။ E.P တင်ရတယ်။ နောက်မှ ရတာ။
ကျွန်တော်က P.R လိုချင်တယ်။ P.R ဖြစ်မှလည်း ကလေးတွေ ကျောင်းတက်ဖို့ ကိစ္စတို့ ဘာတို့ အဆင်ပြေမှာကိုး။ အဲဒီအချိန်က P.R ရဘို့ဆိုတာလည်း အတော့်ကို မလွယ်ဘူး။ ဒီက M.Sc ဘွဲ့ တစ်ခုခုရမှလို ဖြစ်နေတော့ ကျွန်တော် ကျောင်းတက်ဘို့ ပြင်တယ်။ မဖြစ်ဖြစ်အောင် ကျောင်းတက်လိုက်တယ်။ ကြိုးတော့ ကြိုးစားရတာပေါ့။ ဒီလိုနဲ့ M.Sc ပြီး သွားတယ်။

နောက်ပြီး စီးပွားရေး လုပ်တယ်ဆိုတာလည်း ပြောသလောက် လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ ပထမ တစ်နှစ်၊ နှစ်နှစ် အတွင်းမှာ အပြင်းအထန် ရုန်းကန်ရတယ်။ အပင်ပန်းခံ၊ အနစ်နာ ခံရတယ်။ အခက်အခဲ ပေါင်းစုံတွေ့ရတယ်။ ကိုယ် မျှော်လင့်ထားတာရော၊ မျှော်လင့် မထားတာရောပေါ့။
လုပ်တာက ကျွန်တော်ရယ်၊ ကျွန်တော်နဲ့ စင်ကာပူကို အတူတူ ထွက်လာတဲ့ သူငယ်ချင်းတစ်ယောက်ရယ်၊ နောက် တစ်ယောက်ရယ် ပေါင်းပြီးလုပ်ငန်းတစ်ခု ထူထောင်လိုက်တာ။ ခုဆို နှစ်နှစ်လောက်ရှိပြီ ဆိုပါတော့။ ထိုက်သင့် သလောက်တော့ အောင်မြင်ပါတယ်။
စင်ကာပူကို ရိုးရိုး အလုပ်သမားဘ၀နဲ့ လာတဲ့ သူတွေ အများကြီးရှိတယ်။ ကျွန်တော့်ဆီမှာကိုပဲ ၃၀ လောက် ရှိတယ်။ ဒီကောင်လေးတွေရဲ့ သဘောထားက တစ်မျိုးဗျ။ သူတို့ကို ကျွန်တော် ပြောပြတယ်။
မင်းတို့ ကြုံရင် သူငယ်ချင်းတွေ ဆီကနေတဆင့် တခြား ကုမ္ပဏီတွေ မေးကြည့်လိုက်။ ငါတို့ မြန်မာ ကုမ္ပဏီ တွေနဲ့ တူရဲ့လား ဆိုတာ။ သူများတွေမှာ OT မဆင်းရလို့ ငြီးနေကြတယ်။ မင်းတို့ကျတော့ ပင်ပန်းလို့ ဆိုပြီး ငါတို့က ပေးတာတောင် အိုတီ မဆင်းချင်ကြဘူး။
နောက်ပြီး သူတို့က ပြောလိုက်သေးတယ်။ ကျွန်တော်တို့အတွက် ပိုက်ဆံက အရေးမကြီးပါဘူး တဲ့။ ပိုက်ဆံ အရေးမကြီးရင် ဘာကိစ္စ ကိုယ့်မိသားစုနဲ့ ခွဲပြီး စင်ကာပူကို လာသတဲ့လဲ။ နောက်ပြီး ကျွန်တော်တို့က သူတို့ကို အမြဲ စောင့် ကြည့် အကဲခတ်နေတာ။ တော်ရင် တော်သလို၊ ထူးချွန်ရင် ထူးချွန်သလို မြှောက်စားရအောင်။ ဒါ သူတို့ အတွက် အခွင့် အလမ်းပဲ။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ခံစားရမှာ။ နောက်ပြီး ဒါတင်မကသေးဘူး။ သူတို့သာ ယူတတ်ရင် ဒီက နည်းပညာတွေ အများကြီး ယူသွားလို့ရတယ်။ နောင်တစ်ချိန် စင်ကာပူကနေ ပြန်သွားပြီး ဗမာပြည်မှာ ကိုယ့်ဟာကိုယ် စီးပွားရေးလုပ်ရင် ဒါတွေကို ပြန် အသုံးချလို့ ရတယ်။
နောက်တစ်ချက်က သူတို့မှာ ဘာရည်မှန်းချက်မှ တိတိကျကျ မရှိဘူး။ စင်ကာပူကို ဘာလို့လာသလဲ။ ပိုက်ဆံ ရှာဘို့ဆိုရင် ဘယ်အတိုင်းအတာထိ ရှာမလဲ။ ရလာတဲ့ ပိုက်ဆံကို ဘယ်လို အသုံးချမလဲ။ စင်ကာပူမှာ မလုပ်တော့လို့ ဗမာပြည် အပြီးပြန်သွားရင် ဘာလုပ်မယ် စိတ်ကူးထားလဲ။ မေးလိုက်ရင် သူတို့ ဘာမှ ရေရေရာရာ မပြောတတ်ဘူး။ ဒါ အလုပ်သမားတွေတင် မကဘူး။ အင်ဂျင်နီယာ ဆိုတဲ့ကောင်လေးတွေလည်း ဒီအတိုင်းပဲ။
စင်ကာပူမှာလည်း ဗမာတွေ အတော်များများ မန်နေဂျာတို့ ဘာတို့ ဖြစ်နေကြတာ ရှိပါတယ်။ သူတို့ ဒီလို ဖြစ်လာ တယ် ဆိုတာ အင်မတန် ကြိုးစားပြီးမှ ဖြစ်လာကြတာ။ နေရင်းထိုင်ရင်း ဖြစ်လာတာ မဟုတ်ဘူး။ ဘယ်သူပဲ ဖြစ်ဖြစ် အစပိုင်းမှာတော့ အခက်အခဲ ဆိုတာ ရှိမှာပဲ။ အနည်းဆုံးတော့ communication ပြဿနာ ရှိတယ်။ ယဉ်ကျေးမှု မတူလို့ ဆက်ဆံရတဲ့ အခါ မပြေလည်တာတွေ ရှိတယ်။
အလုပ်ရှင်ဆိုတာ လူတွေအကြောင်း ကောင်းကောင်းနားလည်တယ်။ လူကဲခတ် အင်မတန်တော်တယ်။ တော်လို့ လည်း သူဌေးဖြစ်နေတာပဲ။ ဘယ်သူကတော့ဖြင့် အလုပ်ကို ကြိုးစားပမ်းစား လုပ်တယ်။ ဘယ်သူကတော့ဖြင့် အင်မတန် ရေသာခိုချင်တယ်။ တွက်ကပ်တယ်။ ဒါ သူတို့ နေရာတကာ လိုက်ကြည့်နေစရာ မလိုဘူး။ သိတာပဲ။ ပါးစပ်ဟ လိုက်တာနဲ့ ဗိုက်ထဲ ဘာရှိတယ် ဆိုတာ သိပြီးသားပဲ။
ဒီတော့ အင်မတန် ရှင်းပါတယ်။ ကြိုးစားတဲ့လူ တက်မယ်။ မကြိုးစားတဲ့လူ မတက်ဘူး။ ခု ကျတော့ ရောက်လာ တဲ့ ကောင်လေးတွေက တစ်ယောက် ရာထူးတက်သွားရင် ဘာကြောင့်တက်သလဲ ဆိုတာ မလေ့လာပဲ မနာလိုစိတ်နဲ့ တိုက်ချင်တယ်။ တွန်းချင်တယ်။ တရားသော နည်းအားဖြင့် မယှဉ်ပြိုင်ပဲ မဟုတ်တာ လုပ်ချင်တယ်။ ဒါ ကြည့်လိုက်ရင် ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ စိတ်ပိုင်း ဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာ အရပါ ပေါ့။ တိုးတက်မလာပဲ ဆုတ်ယုတ် လာတယ်။ ဒါ ကျွန်တော့် ကုမ္ပဏီမှာ ကိုပဲ တွေ့နေရတာတွေ။
ဆိုတော့ ကျွန်တော်တို့ ဗမာချင်းတော့ မထောင်းတာဘူးပေါ့။ ဒါပေမဲ့ နိုင်ငံခြားသား ကုမ္ပဏီမှာ သွားလုပ်တဲ့ အခါ လူမျိုးလိုက် ချီပြီး သိက္ခာကျတယ်။ မင်းတို့ ဗမာတွေ ဘာသောက်သုံးကျသလဲ လို့ အပြောခံရတာ ဘယ်လောက် ရှက်စရာ ကောင်းသလဲ။ ဒါပေမဲ့ အလျင်ရောက်နှင့်နေတဲ့ ဗမာတွေ က အင်မတန် ကြိုးစားလို့ နာမည်ကောင်းရနေတော့ ဒီက ကုမ္ပဏီတွေက ဗမာဆို သဘောကျတယ်။ အလုပ်ခန့်ချင်တယ်။ အဲဒါကို နောက်လူတွေ အနေနဲ့ ဆက်ထိန်းထားဘို့ လိုတယ်။
စင်ကာပူ ဆိုတာက နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံ လာလုပ်နေကြတာ။ သူတို့မှာ သူတို့လူမျိုးရဲ့ အမူအကျင့်တွေ၊ ဓလေ့စရိုက်တွေ ပါလာတယ်။ ကိုယ်က သူတို့ရဲ့ မကောင်းတဲ့ အမူအကျင့်တွေကို ပယ်ပြီး ကောင်းတဲ့ အလေ့အကျင့် တွေကို အတုခိုးရမယ်။ အခုတော့ ကောင်လေးတွေက မကောင်းတာတွေတော့ အတုခိုးမြန်ပြီး ကောင်းတာတွေကျတော့ နည်းနည်းလေးမှ အတုမယူဘူး။ ဥပမာ - စင်ကာပူရောက်ပြီ ဆိုတာနဲ့ နားကွင်းဖောက်မယ်။ ဆံပင်ရှည်ထားမယ်။ တက်တူး တွေ ထိုးမယ်။ ဖဦးထုပ်မတွေနဲ့ girl friend တွေ ထားမယ်။
ကိုယ်က လခတိုးလိုချင်ရင် အရင်လုပ်ပြရမယ်။ သူများတွေနဲ့ သွားယှဉ်တဲ့အခါမယ် သူများတွေက အတွေ့အကြုံ ရင့်ပြီးသား။ ကိုယ်က သူတို့ထက် ပညာတော့ ပိုတတ်ပါရဲ့။ အတွေ့အကြုံပိုင်းမှာ သူတို့ကို မမီဘူး။ ဒီတော့ သူတို့ထက် ပို တတ်အောင် ကိုယ်က ကြိုးစားရမယ်။ အလျင်ဆုံးလုပ်ရမှာက communication ပဲ။ ကိုယ်ပြောတာ သူတို့ နားလည်ရမယ်။ သူတို့ပြောတာ ကိုယ် နားလည်ရမယ်။
ခု ကောင်လေးတွေမှာ ဖြစ်နေတာက ဟာ - ငါက ဘာဘွဲ့ရပြီးသားပဲ။ ဒါနဲ့တောင် ငါတို့ကို နှိမ်ထားတယ်။ လခ တိုးမပေးချင်ဘူး လို့ ယူဆတယ်။ ကိုယ်ကတော့ ကြိုးစား မပြဘူး။ ဒီတော့ နောက် ကုမ္ပဏီပြောင်းမယ်။ ဒါမှ မဟုတ် ပြန်သွားမယ်။
ဒါပေမဲ့ နောက်ကုမ္ပဏီမှာလည်း ဒီအတိုင်းဆို ဘယ်သူက အလကားနေရင်း သူတို့ကို လခ ၁၅၀၀၊ ၂၀၀၀ ပေး မလဲ။ ၂၀၀၀ တန်မှ ၂၀၀၀ ပေးမှာပေါ့။ သူတို့ အပြောကောင်းလို့ အစပိုင်းမှာ လခ ၂၀၀၀ နဲ့ အလုပ်ရချင် ရသွားမယ်။ ဒါပေမဲ့ တကယ်လည်း ၀င်လုပ်လိုက်ရော သူဌေးက သူမလုပ်တတ်မှန်း သိသွားရင် ဖြုတ်ပစ်မှာပဲ။ ညှာနေမှာ မဟုတ်ဘူး။
ဒီတော့ ကုမ္ပဏီ တစ်ခုပြီး တစ်ခု ပြောင်းသွားတာသာ အဖတ်တင်တယ်။ ကိုယ့်မှာ ဘာပညာမှ မရလိုက်ဘူး။
ဒီမှာက ပထမ အလုပ်ခန့်လိုက်ရင် probation period (အစမ်းခန့်ကာလ) ဆိုတာ ရှိတယ်။ ဒီကာလအတွင်းမှာ လခ အပြည့်မပေး တတ်ကြဘူး။ ဆိုပါတော့၊ မူရင်း လခက ၁၈၀၀ လို့ သဘောတူ ထားပေမဲ့ probation period က ၃ လ ဆိုရင် ဒီ ၃ လ အတွင်းမှာ ၁၂၀၀ ပဲပေးချင် ပေးမယ်။ ဒီ ၃ လအတွင်းမှာ ကုမ္ပဏီက ကိုယ့်လုပ်ရည် ကိုင်ရည်ကို အကဲခတ် ကြည့်မယ်။ ကိုယ်က ငါဟာ တကယ်ပဲ ၁၈၀၀ တန်ပါတယ် ဆိုတဲ့အကြောင်း ကောင်းကောင်း ပြနိုင်ရမယ်။ သူတို့ ၁၂၀၀ ပဲပေးတာကို ကြည့်မနေရဘူး။ ကိုယ့်အနေနဲ့ လုပ်ရမှာက ဒီ probation period အတွင်းမှာ လုပ်ငန်းသဘောသဘာဝတွေ လေ့လာရမယ်။ တကယ့်ကို ယုံကြည် စိတ်ချရတဲ့ သူတစ်ဦးဖြစ်အောင် ကြိုးစားပြရမယ်။ ကိုယ်ဒီလို လေ့လာတာတွေ၊ ကြိုးစားတာတွေ တွေ့ရမှ probation period ပြည့်တဲ့အချိန်မှာ သူတို့ဘက်က စိတ်ချ လက်ချ လခ တိုးပေးမှာပေါ့။
ကိုယ်သာ တကယ်လုပ်ပြနိုင်ရင် ၁၈၀၀ တောင် မဟုတ်ဘူး။ ၂၀၀၀ လည်း တောင်းနိုင်တာ ပဲ။
ဒါမှ မဟုတ်ပဲ ကိုယ်က အာ၊ သူတို့မှ လခ အပြည့်မပေးတာ ဆိုပြီး ရေသာခိုနေ၊ ကပ်နေလို့ကတော့ ဘယ်တော့မှ လခ တိုးရမှာ မဟုတ်ဘူး။ ဒါ အင်မတန် သေချာနေတာပဲ။ သူဌေးဆိုတဲ့ လူတွေက အင်မတန် ပါးတာဗျ။ သူတို့က မတော်တဲ့ကောင်တွေကိုသာ မင်းတို့ကို လခတော့ မတိုးပေးနိုင်ဘူး။ ကြိုက်တဲ့ အချိန်ထွက်နိုင်တယ် လို့ ပြောပေမဲ့ တကယ် လုပ်တတ်တဲ့၊ တော်တဲ့သူတွေကျတော့ သူတို့ကိုယ်နှိုက်ကကို ထွက်သွားမှာကို ကြောက်နေတာ။ အဲဒီတော့ ကိုယ့်အနေနဲ့ ကိုယ်လိုချင်တဲ့ လခကို ရဲရဲတောင်းလို့ ရတာပေါ့။ ကိုယ့် အရည်အချင်း ကိုယ်သိနေတာကိုး။
အဲဒါကို ကျွန်တော်တို့ ဗမာလူငယ်တွေ သဘောမပေါက်ကြဘူး။ စေတနာနဲ့ လုပ်ပေးဘို့ ဆိုတာ အင်မတန် အရေးကြီးတယ်။ ကျွန်တော် နောက်ဆုံး လခစား အနေနဲ့ လုပ်ခဲ့တဲ့ ကုမ္ပဏီဆိုရင် ကျွန်တော့်ရာထူးက မန်နေဂျာပဲ။ ဒါပေမဲ့ ကုမ္ပဏီကသေးတဲ့ အခါကျတော့ အကုန်လုပ်ပေးရတာပဲ။ ငါ မန်နေဂျာပဲ၊ ဒီအလုပ် ငါနဲ့မဆိုင်ဘူးလို့ မသိချင်ယောင် ဆောင်နေလို့ မရဘူး။ အရောင်းဘက်မှာလဲ လုပ်ပေးရတယ်။ Technician အနေနဲ့လည်း လုပ်ပေးရတယ်။ Production ဘက်ပါ ၀င်ကိုင်ပေးရတယ်။
အကြောင်း မသိတဲ့သူတွေကတော့ ပြောမှာပေါ့။ ဟာ - ဒါတွေ မင်းလုပ်စရာလား ပေါ့။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ကျတော့ ဒီလို အောက်ခြေသိမ်း လုပ်လိုက်ခြင်းအားဖြင့် ဟော၊ ခု ကိုယ်ပိုင် ကုမ္ပဏီ ထောင်တော့ အဲဒါတွေဟာ အားလုံး အင်မတန်မှ အဖိုးတန်တဲ့ အတွေ့အကြုံတွေ ဖြစ်လာခဲ့တယ်။ ကျွန်တော်သာ ကိုယ်တိုင် ၀င်မလုပ်ရင် ဒါတွေကို ဘယ့်နှယ် လုပ် သိနိုင်မလဲ။ ဒါမျိုးတွေ ဆိုတာက စာအုပ်ထဲမှာ ရေးပြထားတာမျိုး မဟုတ်ဘူး။ လက်တွေ့ကနေ သင်ယူရတာ။
နောက်ဆုံး ကျွန်တော် သူတို့ဆီက ထွက်ပြီး ကိုယ်ပိုင် စီးပွားရေး လုပ်တော့မယ် ဆိုတာတောင်မှ ပစ္စလက်ခတ် ထွက်လာတာ မဟုတ်ဘူး။ သူဌေးကို သေသေချာချာ ပြောတယ်။ ငါ စီးပွားရေး လုပ်မလို့ မင်းဆီက ထွက်တော့မယ်။ ဒါပေမဲ့ မင်း လိုတဲ့ အချိန် ငါ့ကို ပြော။ ငါတတ်နိုင်သလောက် လုပ်ပေးမယ်။ နောက်ပြီး ဒီက ငါ့နေရာမှာ အစားထိုးမဲ့လူကို လည်း ငါ သေသေချာချာ သင်ပေးသွားမယ်။ ဒီတော့ မင်းအနေနဲ့ ငါ့ကို ဘယ်နှစ်လ ဆက်နေစေချင်သေးလဲ၊ ပြော၊ ငါ လုပ်ပေးမယ် ပေါ့။ နောက်ဆုံး အချိန်ထိ သူ့ကို အကူအညီပေးခဲ့တယ်။ ဒါ ကျွန်တော်က ကိုယ် ဘယ်လောက် စေတနာ ထား လုပ်ပေးခဲ့သလဲ ဆိုတာပြောပြတာ။
ဒီလို လုပ်ပေးခဲ့ခြင်းအားဖြင့် သူနဲ့ ကိုယ့်အကြား မိတ်မပျက်တော့ဘူး။ နောင် ဆက်ဆံချင်တယ် ဆိုလည်း ပြန်ပြီး ဆက်ဆံလို့ ရတယ်။ ရေရှည်အတွက် ကြည့်ရတာပေါ့။

နောက်တစ်ခုက ပုခုံးချင်းယှဉ်တာ။ ဥပမာ သူဌေးက manpower supply အနေနဲ့ နောက်ကုမ္ပဏီ တစ်ခုကို သူ့ကို ပို့လိုက်တယ်။ အဲလို ငှားလိုက်ခြင်းအားဖြင့် သူဌေးက တစ်နာရီကို တစ်ဆယ် ရတယ်။ သူ့အနေနဲ့ကျတော့ နှစ်ကျပ်ပဲ ရတယ်။ ဒါကို သွားမြင်လို့ မဖြစ်ဘူး။ ဘာဖြစ်လို့ သူဌေးက ဟို ကုမ္ပဏီကို တစ်ဆယ်တောင်းရသလဲ ဆိုတဲ့ နောက်ကွယ်က အချက်တွေကို ကျတော့ အလုပ်သမားတစ်ယောက် အနေနဲ့ ဘယ်လိုမှ မသိနိုင်ဘူး။ ကိုယ်မသိတဲ့ ကိစ္စ သွားပြီး ပုခုံးချင်း မယှဉ်ရဘူး။
နောက်ပြီး အချင်းချင်း ယှဉ်တဲ့ ကိစ္စ။ သူကတော့ တစ်နေ့မှ ၂၀ ပဲရတယ်။ ဟိုကောင်ကျ ၃၀ ရတယ်။ သူက ၃၀ ရတာကိုသာ မြင်တာကိုး။ အဲဒီကောင် အနေနဲ့ ၃၀ ရအောင် ဘာတွေ ရင်းနှီးပြီး ဘယ်လိုအသည်းအသန် ကြိုးစားပြီး တက်လာရတာကျ မလေ့လာဘူး။
နောက်ပြီး အတူတူလာတဲ့ သူချင်း၊ သူများက ကိုယ့်ထက်ပိုပြီး လခများသွားတဲ့ ကိစ္စ။ တစ်သုတ်ထဲ အတူတူ လာကြတယ်။ ဟိုကောင်ကျတော့ မနားမနေကြိုးစားတယ်။ လေ့လာတယ်။ မေးတယ်။ သင်ယူတယ်။ ဒီတော့ အချိန်တို လေး အတွင်းမှာ တတ်သွားတယ်။ လက်လွှဲရတယ်။ ဒီတော့ သူဌေးက လခ တိုးပေးတယ်။ ဒါပေမဲ့ ကိုယ်ကျတော့ ဒီလို မမြင်ဘူး။ ဟာ - ဒီကောင် ဘာတတ်လို့လဲ။ ငါနဲ့ တစ်နေ့ထဲ အတူတူ လာတာပဲ။ ဒီရောက်တော့ ဒါတွေ မတတ်လို့တောင် ငါက သင်ပေးရ သေးတာ။ ခုကျတော့ သူက လခတိုးသွားပြီ။ ငါ့ကျတော့ မတိုးဘူး။ မတရားဘူး ပေါ့။ ဒါပေမဲ့ ဒီကောင်က ဘာလို့ လခတိုးပြီး ငါ့ကျ ဘာလို့ မတိုးရတာလဲ ဆိုတာ မလေ့လာဘူး။ ကိုယ့်ဟာကိုယ် ပြန်ပြီး မဝေဖန်၊ မဆန်းစစ်ဘူး။
ဒီနိုင်ငံက တကယ့် စီးပွားရေးနိုင်ငံ။ အကျိုးအမြတ်မရှိဘဲ ဘယ်သူမှ လခတွေ အများကြီးပေးထားမှာ မဟုတ်ဘူး။ တချို့ကျတော့လည်း တစ်မျိုး။ ဒီက ကုမ္ပဏီတွေက project တစ်ခုရလိုက်လို့ အေးဂျင့်ကနေတစ်ဆင့် လူခေါ်လိုက်တယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီ ကုမ္ပဏီ ရထားတဲ့ project က ပျက်သွားတယ်။ ဒီတော့ ဒီကောင်တွေ အလုပ်မရှိမဘူး။ အိုဗာတိုင်ဆိုတာ ဝေလာဝေး။ ဒါကျတော့ ဘယ်သူ့မှ အပြစ်တင်လို့ မရတော့ဘူး။ သူဌေးက လုပ်ချင်လို့ မဟုတ်ဘူး။ ဒါ့အပြင် အေးဂျင့်ရဲ့ အပြစ်လည်း မဟုတ်ဘူး။ ကံကိုပုံချစရာ တစ်လမ်းပဲ ရှိတော့တယ်။
ဒီတော့ ကောင်းတာက ကိုယ် လျှောက်ထားတဲ့ အေးဂျင့်၊ ကုမ္ပဏီဟာ ဘယ်လောက် အတိုင်းအတာထိ စိတ်ချရ သလဲ ဆိုတာပဲ။ ခိုင်မာသလဲ ဆိုတာ ကိုယ် အင်တာဗျူး မ၀င်ခင်ကတည်းက စုံစမ်းထားသင့်တယ်။ စင်ကာပူမှာက ကုမ္ပဏီ တွေ ဆိုတာ မှိုလိုပေါနေတာ။ သူလည်း ကုမ္ပဏီထောင်၊ ကိုယ်လည်း ကုမ္ပဏီ ထောင်။ ကုမ္ပဏီသာ ထောင်တာ၊ လက်ထဲမှာ ပိုက်ဆံဆိုတာ မယ်မယ်ရရ ရှိတာ မဟုတ်ဘူး။ အေးဂျင့်တွေနဲ့ ပေါင်းပြီး လူတွေခေါ်၊ လူခေါ်တဲ့ အပေါ်မှာ အေးဂျင့်ဖီး တောင်းယူ။ နောက်ပြီး ရောက်လာတဲ့သူတွေကို ကိုယ်ပိုင် အလုပ်မရှိပဲ တခြား ကုမ္ပဏီတွေကို manpower supply ပြန်သွင်း။ အာ၊ ရှုပ်ရှက်ကို ခပ်နေတာ။
MOM (Ministry of Manpower) ဥပဒေအရ အလုပ်ရှင်တစ်ယောက်ဟာ အလုပ်သမားတွေဆီကနေ အေးဂျင့်ဖီး တောင်းယူပိုင်ခွင့် မရှိဘူး။ ဒါပေမဲ့ ဒီမှာကတော့ အလုပ်ရှင်တွေကိုယ်တိုင် အေးဂျင့်လုပ်ပြီး ကိုယ့်အလုပ်သမားတွေ ဆီကနေ အေးဂျင့်ဖီး ပြောင်တောင်းယူနေကြတာပဲ။ ထားပါတော့၊ တစ်ယောက်ကို တစ်ထောင်ပဲ ရတယ်ထား။ လူ ဆယ်ယောက် ခေါ်လိုက်ရင်ပဲ တစ်သောင်း ရနေပြီ။ ဘာမှ မလုပ်ရပဲ သပိတ်ဝင်၊ အိတ်ဝင် ရတာ။
ဒီကို အလုပ်သမားတွေ ရောက်လာပြီး အလုပ်မပေးနိုင်တဲ့အခါကျတော့ ဆောရီးကွာ၊ ငါတို့ အလုပ်မရှိသေးဘူး လုပ်လိုက်ရော။ သူက ဆောရီးနဲ့တင် ပြီးသွားတာ၊ ဗမာပြည်က လာတဲ့ကောင်တွေကျ အေးဂျင့်ဖီး တနင့်တပိုး ပေးလာခဲ့ရ တာ ဆိုတော့ အလုပ်မလုပ်ရပဲ အကြာကြီးနေရရင် သေပြီ။ အဲဒါကြောင့် မို့လို့ ဒီကိုလာမယ် ကြံတဲ့ သူတွေ အနေနဲ့ ဖြစ်နိုင် ရင် ကိုယ်လာမဲ့ ကုမ္ပဏီအကြောင်း လေ့လာထားသင့်တယ်။ ဗမာပြည်ကနေ လေ့လာဘို့ ဆိုတာလည်း သိပ်တော့ ဘယ်လွယ်ပါ့မလဲ လေ။

နောက်တစ်ခု သတိပေးချင် ပါသေးတယ်။ ကိုယ့်ဗမာချင်း ပြန်ပြီး ဇာတ်တူသားစားတဲ့ ပင်နင်စူလာက ဗမာ အေးဂျင့်တွေ ကို အတော်လေး သတိထားပါလို့။ သိတယ် မို့လား။ အေးဂျင့်ဆိုတဲ့လူမျိုးတွေက မစားရ ၀ခမန်း ပြောတတ် ကြတာ။ သူတို့ ပြောတာ အဟုတ်ကြီးထင်ပြီး ပိုက်ဆံတွေ ကြိုပေး၊ နောက်ကျတော့မှ အလုပ်ကမရ၊ stayကကုန်။ ပိုက်ဆံလည်း ပြန်တောင်းလို့ မရ။ ဒါမျိုးတွေ အများကြီး တွေ့ရတယ်။ ကျွန်တော်တို့ကတော့ ဘာမှ လုပ်ပေးလို့ မရဘူး။ သတိထားပါ ဆိုတာလောက်ပဲ ပြောလို့ရတယ်။
ကျွန်တော်နဲ့ တွေ့ဖူးတဲ့ သူတစ်ယောက်၊ စင်ကာပူ ရောက်လာတယ်။ အလုပ်မှ မရသေးဘူး။ ပင်နင်စူလာက အေးဂျင့်က သူ P.R တင်ပေးမယ် ပြောတယ် တဲ့။ ကျွန်တော်က ဟေ့ကောင်၊ ပီအာ ဆိုတာ ဒီမှာ အလုပ်လုပ်နေပြီး S Pass နဲ့ ဖြစ်ဖြစ်၊ E.P နဲ့ ဖြစ်ဖြစ် နေမှ ရတာလို့ ပြောပြတယ်။ ဒါပေမဲ့ သူက လက်မခံဘူး။ ဟိုက အပြောကောင်းနေတော့ အတင်း ပိုက်ဆံ သွားပေးတယ်။ နောက် ဒုက္ခတွေ့မှ သြော် ဒီလိုပါလား လို့ လက်တွေ့ မျက်တွေ့ သိသွားတယ်။
နောက်ပြီး ကျွန်တော်တို့ လူမျိုးတွေကလည်း ခက်တယ်ဗျ။ ဟုတ်တဲ့လူ ပြောရင် လက်မခံချင်ဘူး။ အပြောကောင်း တဲ့ သူမှ။ တချို့ကျတော့လည်း ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓါတ်နဲ့ သူ့ဟာသူ အိမ်ပဲရောင်းရောင်း၊ လယ်ပဲ ပေါင်ပေါင်၊ ငါနဲ့ မဆိုင်ဘူး။ ငါ အေးဂျင့်ဖီးရရင် ပြီးရော ဆိုပြီး ဒီမှာ မရှိတဲ့ ကုမ္ပဏီနာမည်တွေတပ်ပြီး ဗမာပြည်ကနေ စင်ကာပူကို အတင်းတွန်းလွှတ်။ ဒီရောက်တော့မှ ဟိုကောင်တွေမှာ ဒုက္ခတွေ အကြီးအကျယ်ရောက်။ အဲဒါမျိုးတွေ အများကြီး တွေ့ရတယ်။

ဒါပါပဲဗျာ။ ကျွန်တော်ကတော့ အေးဂျင့်တွေကို စီးပွားရှာတာ၊ ရှာတာ တစ်ပိုင်း။ ကိုယ့်အမျိုးသားချင်း ရိုင်းပင်း ကူညီရာလည်း ရောက်အောင် မှန်မှန်ကန်ကန် လုပ်ပေးကြဘို့ ပြောချင်ပါတယ်။ နောက်ပြီး ဒီရောက်လာတဲ့ ဗမာ လူငယ် လေးတွေကိုလည်း ရိုးရိုးသားသားနဲ့ အစွမ်းကုန်ကြိုးစားပြီး အလုပ်လုပ်ကြဘို့၊ ပညာယူကြဘို့၊ အလုပ်အပေါ်မှာ စေတနာ ထားပြီး လုပ်ကြဘို့။ ကိုယ့်ကို ထမင်းကျွေးထားတဲ့ အလုပ်ရှင် အပေါ်မှာ သစ္စာရှိကြဘို့ မှာချင်ပါတယ်။
ဒါလောက်ပါပဲ။ ကျေးဇူးတင်ပါတယ်။

သုံးသပ်ချက်

၁။ ကိုသန်းဝင်းမျိုး မှာ လူငယ်ပင် ဖြစ်လင့်ကစား တိုးတက်သော အတွေးအခေါ် အယူအဆ ရှိသူ ဖြစ်ပါသည်။ သူက ဗမာပြည်မှ လာရောက် လုပ်ကိုင်နေသူ လူငယ်ကလေးများကို ယခုထက် ပိုပြီး လေ့လာ၊ သင်ယူစေလို၊ ကြိုးစားစေလို သော စေတနာ အပြည့် ရှိသည်။ သူကိုယ်တိုင်လည်း လေ့လာသင်ယူကာ တိုးတက်သည်ထက် တိုးတက်အောင် ကြိုးစား နေသူ ဖြစ်သည်။
၂။ အလုပ်ရှာသည် ဆိုရာ၌ အနည်းနှင့် အများ ဆိုသလို အလုပ်အကိုင် ရှာဖွေရေး အေးဂျင့်များနှင့် ဆက်သွယ် ဆောင်ရွက် ကြရမည် ဖြစ်ပေသည်။ ထို့အတွက် အေးဂျင့်များကလည်း မိမိ ပိုက်ဆံရရေး တစ်ခုထည်းသာ မကြည့်ပဲ မိမိထံသို့ အားကိုး တကြီးနှင့် လာရောက် အလုပ်အပ်နှံသူများကို ကိုယ်ချင်းစာစိတ်ဖြင့် ကူညီပေးသင့်ပေသည်။ အထက်ပါ ဆောင်းပါးများကို ကြည့်လိုက်လျှင် အေးဂျင့်များ၏ အရေးပါမှုကို ထင်ထင်ရှားရှား တွေ့နိုင်ပါသည်။

No comments: