Saturday, September 5, 2009

Bitter Life (မမျိုးသီတာ-၁)

အမည်၊ မမျိုးသီတာ
အသက်၊ ၃၅
ပညာအရည်အချင်း၊ Bachelor of Agricultural Science (Agronomy)
M.Sc (International Political Economy)
အလုပ်အကိုင်၊
လစာ၊

စင်ကာပူနိုင်ငံ NTU (Nanyang Technological University) သည်ကား သစ်ပင်၊ ပန်းမာလ်၊ တောတောင်၊ လျှိုမြောင်၊ ချောက်ကမ်းပါး၊ တောင်ကုန်းကလေးများနှင့် အလွန်သာယာ လှပပါပေသည်။ ကျောင်းဧရိယာသည် အလွန်ကျယ်ပြောလှပြီး ဆရာ ဆရာမများ၏ နေအိမ်၊ ဧည့်ပါမောက္ခများ၏ နေအိမ်၊ ကျောင်းသူ၊ ကျောင်းသားများ၏ အဆောင် စသည်တို့သည် ကျောင်းဝင်း အတွင်းတွင်ပင် တည်ရှိ၏။
ကျောင်းသည် မြို့နှင့် သီးသန့် တည်ရှိနေသဖြင့် တိတ်ဆိတ်ငြိမ်သက်ကာ အေးချမ်း၊ ငြိမ်သက်လှ ပါသည်။ NTU သို့ နိုင်ငံပေါင်းစုံမှ ကျောင်းသူကျောင်းသားများ လာရောက် ပညာသင်ကြားလျှက် ရှိရာ ထို ကျောင်းသူ၊ ကျောင်း သားများထဲတွင် မြန်မာနိုင်ငံမှ လာရောက် ပညာဆည်းပူးနေသူများကိုလည်း တွေ့နိုင်ပါသည်။ ထို မြန်မာ ကျောင်းသူ၊ ကျောင်းသားများအနက် အချို့မှာ ကြိုးစားပမ်းစား သင်ကြားပြီး မိမိတို့ မျှော်မှန်းထားသော ဘွဲ့များကို အောင်မြင်စွာ ဆွတ်ခူးနိုင်သော်လည်း အချို့မှာမူ မည်မျှပင် ကြိုးစားပါသော်လည်း ဘွဲ့ရခါနီးမှ ပန်းတိုင်နှင့် ကပ်ခါ လွဲချော်သွားရသူ များလည်း ရှိပါသည်။
NTU တွင် ဘွဲ့လွန် သင်တန်းတက်ရောက်ကာ မဟာ သိပံဘွဲ့ကို အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့သူ မမျိုးသီတာ နှင့် တွေ့ဆုံပြီး နိုင်ငံခြားတွင် ပညာသင်ကြားခဲ့သူ တစ်ဦး၏ အတွေ့အကြုံများကို မေးမြန်းခဲ့ပါသည်။ မြန်မာပြည်မှ စင်ကာပူနိုင်ငံသို့ လာရောက် ပညာသင်ကြားလိုသူ လူငယ်၊ လူရွယ်များအတွက် အဖိုးတန်သော အတွေ့အကြုံများ ဖြစ်ပါလိမ့်မည်။
ထို့ပြင် စင်ကာပူနိုင်ငံ၏ တက္ကသိုလ် ပညာရေးစံနစ်နှင့် သင်ကြားပုံ နည်းလမ်း များကိုလည်း လေ့လာနိုင် ပါသည်။ မမျိုးသီတာက သူဖြတ်သန်းခဲ့ရသော ပညာရေး ခရီးကို အောက်ပါအတိုင်း ပြန်လည် ပြောပြပါသည်။

နိုင်ငံခြားတွင် ကျောင်းတက်ရန် လမ်းစရှာခြင်း
ကျွန်မ မြန်မာပြည်မှာတုံးက IT ကုမ္မဏီ တစ်ခုမှာ ၀င်လုပ်ပါတယ်။ ကုမ္မဏီက မိတ်ဆွေ ၆ ဦး အစုစပ် လုပ်တဲ့ ကုမ္မဏီပါ။ ရုံးက MICT Park ထဲမှာ ဖွင့်ထားတာ။ ဘာတွေ လုပ်သလဲ ဆိုတော့ IP Star တို့ ADSL တို့ installation လုပ်တယ်။ ဟော်တယ်တွေမှာ ဆိုလို့ရှိရင် service တွေ ပေးတယ်။ ပင်မ ဖုံးလိုင်းကနေ လိုင်းတွေ ထပ်ခွဲပေးတယ်။ Antivirus software တွေ ရေးပြီး ရောင်းတယ်။ Local ဖြစ်တဲ့အတွက် နိုင်ငံခြား software တွေနဲ့ ယှဉ်လိုက်ရင် ဈေး အရမ်း သက်သာတယ်။ ဥပမာ နိုင်ငံခြားက ၀င်လာတဲ့ software က ဒေါ်လာ တစ်သောင်းခွဲ လောက်ပေးရရင် ကိုယ့် ဟာကိုယ် ရေးရောင်း တဲ့အခါ ဒေါ်လာ ၇၀၀၀၊ ၈၀၀၀ လောက်နဲ့ ရောင်းနိုင်တယ်။
အဲဒီမှာ လုပ်ရတာ တော်တော်လေး အဆင်ပြေပါတယ်။ ဒါပေမဲ့ ကုမ္မဏီထဲမှာ မမျှော်လင့်တဲ့ ပြဿနာတွေ ပေါ်လာတယ်။ ကျွန်မလည်း တော်တော်လေး စိတ်ညစ် သွားတယ်။ ဆက်လုပ်ဘို့ အဆင်မပြေတော့ဘူး။ ကိုယ်က သူတို့အတွက် လုပ်ပေးနေပေမဲ့ တကယ့်တကယ် ပြဿနာတွေ ဖြစ်လာတဲ့အခါ ကျတော့ ဘယ်သူမှ ခေါင်းမခံဘဲ ကိုယ့်ဟာကိုယ်ပဲ ရှင်းရတာပဲ။ အဲဒါနဲ့ အဲဒီမှာ ဆက်မလုပ်တော့ဘဲ ထွက်လာခဲ့တယ်။
ထွက်လာပြီး ဘွဲ့လွန် ဆက်တက်ဘို့ ကြိုးစားတယ်။ မူလဘွဲ့ (စိုက်ပျိုးရေး) နဲ့ ပတ်သက်တာပဲ တက်မယ် ပေါ့။ ပထမဆုံး စလျှောက်ဖြစ်တာက ဘယ်လ်ဂျီယံ ကို လျှောက်တာ။ အဲဒီမှာက scholarship ရနိုင်တယ်။ နောက်ပြီး ဆရာ ဦးမျိုးကြွယ်က ဂျာမဏီက ပြန်လာခါစ ဆိုတော့ ဂျာမဏီကိုလည်း လျှောက်ကြည့်ပေါ့လို့ အကြံပေးတယ်။ တပြိုင်ထဲမှာ ပဲ စင်ကာပူက NTU (Nan Yang Technological University) ကို လျှောက်တယ်။ လျှောက်တော့ ဘယ်လ်ဂျီယံက in-service တွေကိုပဲ ဦးစားပေးရွေးတာ ဆိုတော့ ကျွန်မက ၀န်ထမ်းမဟုတ်တော့ အရွေးမခံရဘူး။ သူတို့က ကျွန်မ အမှတ်တွေက တော့ ကောင်းပါတယ်။ ဒါပေမဲ့ ၀န်ထမ်းမဟုတ်လို့ scholarship ပေးလို့မရဘူး။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် တက်မယ် ဆိုရင်တော့ ရပါတယ် လို့ အကြောင်းပြန်တယ်။
NTU မှာလည်း အရွေးခံရတယ်။ RSIS Department (Rajaratnam School of International Studies) က ပရော်ဖက်ဆာ ဒေါက်တာ အန်း (Ng) က လာပြီး အင်တာဗျူးတယ်။ စင်ကာပူမှာ ကျောင်းတက်ချင်တဲ့ သူတွေအတွက် ဆောင်ရွက်ပေးတဲ့ Singapore Myanmar Training Centre ဆိုတာ ရှိတယ်။ နာနတ်တော လမ်းပေါ်မှာ။ အဲဒီမှာ အင်တာဗျူးတာ။ နာရီဝက် ကြာတယ်။
သူက အင်တာဗျူးမှာ ကျွန်မလုပ်ခဲ့တဲ့ IT နဲ့ စိုက်ပျိုးရေး နဲ့ ဘယ်လိုပတ်သက်လို့ လဲ လို့မေးတယ်။ ကျွန်မက လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောပြတယ်။ တကယ်တော့ ကျွန်မ စိုက်ပျိုးရေးတက်တာ ကိုယ် ၀ါသနာ ပါလို့ မဟုတ်ပဲ ဖေဖေက တက်ခိုင်းလို့ တက်လိုက် တာ။ ဆယ်တန်းအမှတ်က စက်မှု တက္ကသိုလ် ၀င်ဘို့ နှစ်မှတ်နဲ့ ပြုတ်လာတာ။ ဒါပေမဲ့ ကျွန်မ စိတ်ဝင်စားတာက Business. လုပ်ငန်းတစ်ခုကို ဘယ်လိုထူထောင်မယ်။ အောင်မြင်အောင် ဘယ်လို လုပ်မယ် စသဖြင့် အဲဒါမျိုးကို စိတ်ဝင်စားတာ။
ကျောင်းပြီးတော့ စာမေးပွဲ အောင်မှတ်တွေကြည့်ပြီး ၀န်ကြီးက ကျွန်မတို့ကို ကျောင်းမှာပဲ ပြန်လုပ်ဖို့ ပြောပြီး စာထုတ်ပေးတာနဲ့ ကျောင်းမှာ ဆရာမ ၀င်လုပ်ဖြစ်လိုက် သေးတယ်။ ဒါပေမဲ့ ကျွန်မ ၀ါသနာပါတဲ့ အလုပ်မဟုတ်လို့ နှစ်လပဲ လုပ်ပြီး ထွက်လာခဲ့ တယ်။ နောက်တော့ ရန်ကုန်က ကုမ္မဏီတွေမှာ ၀င်လုပ်ဖြစ်တယ်။ ဖေဖေ့ အဆက် အသွယ်နဲ့ IT ကုမ္မဏီမှာ လုပ်ဖြစ်တာပဲ။ အမှန်ကတော့ ကျွန်မမှာ ဘာ IT knowledge မှ မရှိဘူး။ ဒါပေမဲ့ project တွေ ရအောင်ရှာ၊ အရောင်းမြှင့်ဘို့ သရုပ်ပြပွဲတွေလုပ်ပေး စသဖြင့်ပေါ့ လုပ်ပေးတာ။
အဲဒီလို ရှင်းပြလိုက်တော့ ပရော်ဖက်ဆာက ဒါဖြင့် မင်းခုရွေးလိုက်တဲ့ IPE (အပြည်ပြည်ဆိုင်ရာ နိုင်ငံ့ စီးပွား ဘာသာရပ်) နဲ့ရော ဘယ်လို ဆက်စပ်မှု ရှိလို့ ရွေးတာလဲ လို့မေးပြန်တယ်။
ကျွန်မက သူတို့ အင်တာဗျူးမလာခင်ကတည်းက ဒီ ဘာသာရပ်နဲ့ ပတ်သက်လို့ အင်တာနက်မှာ ၀င်ပြီး ဖတ် ထားတော့ ဒီ ဘာသာရပ်တွေရဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တွေကို သိနေတယ်။ ဒီတော့ ကျွန်မက ဘယ်လို ပြန်ဖြေလိုက်သလဲ ဆိုတော့ ကျောင်းပြီးရင် ဗမာပြည်ပြန်ပြီး စီးပွားရေးလုပ်မယ်။ ဒီတော့ အဲဒီက သင်လာတဲ့ အသိ ပညာတွေကို စီးပွားရေး လုပ်ငန်းမှာ ကောင်းကောင်း အသုံးချနိုင်မယ်။ နောက်ပြီး ကိုယ်သင်လာတဲ့ ပညာတွေကို လည်း မျိုးဆက်သစ်တွေကို ပြန်လည်ဝေငှ နိုင်မယ် လို့ မျှော်လင့်တယ် လို့ ဖြေလိုက်တယ်။
အဲဒီအဖြေကို ပရော်ဖက်ဆာက အရမ်းသဘောကျသွားတယ်။ တကယ်တော့ လည်း သူတို့က ဒီဘာသာရပ် အတွက် ကျောင်းသားတွေကို ရွေးတဲ့နေရာမှာ ဘာသာရပ် တစ်ခုထဲကနေ ရွေးတာမျိုးမဟုတ်ပဲ အောင်ခဲ့တဲ့ ဘာသာ ရပ် မျိုးစုံ၊ ဒေသမျိုးစုံ၊ အတွေး အခေါ် မျိုးစုံကို လိုချင်တာ။ ဒီတော့မှ စာတမ်းတွေ ရေးတဲ့အခါ ရှုထောင့်မျိုးစုံကနေ သုံးသပ်ထားတဲ့ စာတမ်းမျိုးစုံ၊ အတွေးအခေါ်မျိုးစုံကို ရမှာ။ ဒါ သူတို့ လိုချင်တဲ့အချက်။ အဲဒါကြောင့်လည်း ကျွန်မကို ရွေးလိုက်တာ လို့ ထင်တယ်။

ကျောင်းတက်ရန် အရွေးခံရခြင်း နှင့် ကျောင်းသို့ သွားခြင်း
သူတို့သတ်မှတ်ထားတဲ့ ၀င်ခွင့်အမှတ်က Grade 5, ကျွန်မရတဲ့ အောင်မှတ်တွေ က ပထမနှစ်က နေ နောက်ဆုံးနှစ်ထိ Garde Point Average က 4.8 ဆိုတော့ 5 နဲ့ တော်တော်နီးနေတာရယ်၊ နောက်ပြီး ကျွန်မရဲ့ စီးပွားရေး လုပ်ငန်း အတွေ့အကြုံတွေကို လိုချင်တာရယ် ကြောင့် ရွေးလိုက်တာပဲ။
ဘာလို့လည်း ဆိုတော့ ကျောင်းလျှောက်တဲ့ အချိန်မှာ အမှတ်စာရင်းတွေရယ်၊ လက်ရှိအလုပ်အကိုင်တွေ ရယ် ပါ ထည့်တင်ပြရတာကိုး။ နောက်ပြီး အလုပ်ထဲမှာ လက်ရှိ လုပ်နေတဲ့ ကိုယ့်ရာထူး ကို ဖော်ပြရတယ်။ နောက်ပြီး ကိုယ် ဘာဖြစ်လို့ ဒီ ဘာသာရပ်ကို ရွေးရတယ်။ ကျောင်းပြီးတဲ့ အခါ လက်တွေ့နယ်ပယ်မှာ ဘယ်လို အသုံးချမယ်လို့ ရည်မှန်း ထားတယ်။ ဒီ ဘာသာနဲ့ ကိုယ့်လုပ်ငန်းနဲ့ ဘယ်လို ပတ်သက်နေတယ် စသဖြင့် စာစီ စာကုံး ရေးပြီး တင်ရတယ်။
အဲဒါနဲ့ NTU ကို တက်ခွင့်ရတယ် ဆိုပါတော့။ ကျောင်းက ရွေးလိုက်ပြီလဲ ဆိုရော ခေါ်စာ ပို့ပေးတယ်။ ICA (Immigration and Check Point Authority - စင်ကာပူ လူဝင်မှု ကြီးကြပ်ရေးဌာန) ကလည်း ကျောင်းတက်လာဘို့ ခေါ်တဲ့ စာတစ်စောင် ပို့ပေးတယ်။ ကျောင်းကနေ အရွေးခံရတဲ့ ကျောင်းသားတွေ စာရင်းကို ICA ဆီပို့ပြီး ဒီ ကျောင်းသားတွေကို NTU မှာ ကျောင်းလာတက်ဘို့ ရွေးထားတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ထားပါ ပေါ့။
အဲဒီ ကျောင်းကခေါ်စာရယ်၊ ICA ကခေါ်စာရယ် နှစ်ခုနဲ့တင် စင်ကာပူကို ၀င်လာလို့ ရတယ်။ ဘာဗီဇာမှ လျှောက်စရာ မလိုတော့ဘူး။
နောက်ပြီး အရေးကြီးတဲ့ သတင်းလေး တစ်ခု ပေးချင်သေးတယ်။ ကျောင်းက ကိုယ့်ကို ရွေးလိုက်ပြီ ဆိုတာနဲ့ ကျောင်းမှာပဲ နေဘို့ အဆောင်လျှောက်လို့ ရတယ်။ ကျောင်းမှာ နိုင်ငံခြားက ဘွဲ့လွန်တက်တဲ့ကျောင်းသားတွေကို ထားတဲ့ Nanyang Valley, Nanyang Height, Graduate Hall ဆိုတာတွေ ရှိတယ်။ အဲဒီမှာ နေဘို့ လျှောက်လို့ ရတယ်။ နေစရိတ်တော်တော်လေး သက်သာသလို ကျောင်းထဲမှာပဲ နေရတဲ့ အတွက် ခရီးစရိတ် မကုန်တော့ဘူး။ အချိန်ကုန်လည်း သက်သာသွားတယ်။ နောက်ပြီး နားအေး ပါးအေး၊ အေးအေး ဆေးဆေး နေလို့ရတယ်။
တချို့ ကျောင်းလာတက်တဲ့ ကျောင်းသားတွေက အဲဒီလို လျှောက်လို့ ရမှန်း မသိတော့ အပြင်မှာပဲ ငှားနေကြ ရတယ်။ အဲဒီလို ငှားနေတော့ အိမ်လခ ဈေးပိုကြီးတယ်။ အိမ်ရှင်မျက်နှာ ကြည့်နေရတယ်။ ဘတ်စ်ကားခ ပိုကုန်မယ်။ ကားစောင့်ရတဲ့ ဒုက္ခ ရှိမယ်။ သွားရလာရ အချိန်ပုပ်တယ်။ Privacy မရှိဘူး စသဖြင့် အဆောင်မှာ နေရတာနဲ့ အများကြီး ကွာတယ်။ ဒီတော့ ဒီ information လေးကို ဗမာပြည်က ကျောင်းလာတက်မဲ့ ကျောင်းသားတွေကို ပေးချင် ပါတယ်။
နောက်ပြီး အပြင်မှာသာ ငှားနေရမယ် ဆိုရင် ကိုယ် စင်ကာပူရောက်တဲ့ အခါ အဆင်သင့် နေလို့ရအောင် စင်ကာပူမှာရှိတဲ့ ကိုယ့်မိတ်ဆွေက ကိုယ့်အတွက် အခန်းကြို ငှားပေး ထားပါမှ။ ကျွန်မတို့လို စင်ကာပူမှာ အသိ အကျွမ်း မရှိတဲ့ သူတွေအဖို့ ဘယ်လို လုပ်မလဲ ဆိုတဲ့ ပြဿနာ ရှိတယ်။ ကျောင်းက အဆောင်ကို လျှောက်လိုက်တဲ့ အခါ ကျတော့ ကျောင်းက ကိုယ့်အခန်းကို အဆင်သင့် ပြင်ထားပေးတာ။ ကိုယ် စင်ကာပူ ရောက်တဲ့အခါကျတော့ ကိုယ့်အခန်းကိုယ် တန်းသွားနေလိုက်ရုံပဲ။ အရမ်း အဆင်ပြေတယ်။
ကိုယ်နေရမဲ့ အဆောင်၊ အခန်းကို သူတို့က e-mail နဲ့ လှမ်းအကြောင်းကြား ထားတယ်။ သူတို့ကို ကိုယ် ဘယ်နေ့၊ ဘယ် လေယာဉ်နဲ့ ပါလာမယ် ဆိုတာ အကြောင်း ကြားထားရတယ်။ သူတို့က ဘယ်ကျောင်းသားကတော့ ဘယ်နေ့ ရောက်လာမယ် ဆိုပြီး အခန်းသော့ အဆင်သင့် ပြင်ထားတယ်။ အခန်းသော့ကလည်း ကိုယ်နေမဲ့ အဆောင် ရဲ့ ရှေ့မှာ အဆင်သင့် ရှိနေပြီးသား။ သော့ယူပြီး ကိုယ်နေရမဲ့ အခန်း တန်းသွားလိုက်ရုံပဲ။
ကျောင်းရောက်တော့ ISC (International Student Centre) ကျောင်းသား ရေးရာ ကို သတင်းပို့ ရတယ်။ သူတို့က ဆေးစစ်ဖို့ စီစဉ်ပေးတယ်။ ကျောင်းသားတွေ အားလုံး ကျောင်းက စီစဉ်ပေးတဲ့ ကားနဲ့ Orchard မှာ ရှိတဲ့ ဆေးခန်းတစ်ခုကို သွားပြီး X-Ray ရိုက်တာတို့၊ သွေးစစ်တာတို့ လုပ်ရတယ်။
ဆေးစစ်ပြီးတာနဲ့ ICA သွားပြီး ကျောင်းကခေါ်စာရယ်၊ ICA ကခေါ်စာရယ် ပြပြီး Student Pass လျှောက်ရ တယ်။ နောက်နေ့ကျတော့ ကျောင်းအုပ်ချုပ်ရေး အဖွဲ့က ရောက်လာတဲ့ နိုင်ငံစုံက ကျောင်းသားအားလုံးကို ခေါ်ပြီး သူတို့ကိုင်ထားတဲ့ ဒီ ပညာရေး အောင်လက်မှတ်၊ ဘွဲ့လက်မှတ်၊ အမှတ်စာရင်းတွေဟာ အစစ်ဟုတ်မဟုတ် တစ်ယောက် ချင်းစီ သေသေချာချာ စစ်ကြတယ်။
သူတို့ရွေးထားပြီးသည့်တိုင်အောင် ဒီ ယူလာတဲ့ အောင်လက်မှတ်တွေဟာ အစစ်အမှန် မဟုတ်ခဲ့ရင် ချက်ခြင်းပြန်ပြီး cancel လုပ်တယ်။ စစ်ပြီးတာနဲ့ registration (ကျောင်းဝင်ခွင့် မှတ်ပုံတင်) လုပ်ရတယ်။ အလျင်တုံး ကတော့ Student Pass ကို သုံးနှစ်ခွဲ ပေးတယ်။ ခုနောက်ပိုင်း ကျတော့ နှစ်နှစ်ပဲ ပေးတော့တယ်။
အလျင်ကတော့ Master တက်မဲ့ ကျောင်းသားတစ်ဦး အနေနဲ့ မူအရ သုံးနှစ် အတွင်း ကြိုက်တဲ့ အချိန် တက်လို့ ရတယ်။ ဒီတော့ မပြီးနိုင်လို့ ဆက်လုပ်ရမဲ့ အချိန်တွေပါ ပေါင်းပြီး သုံးနှစ်ခွဲ ပေးထားတာ။ ဒါပေမဲ့ နောက်ပိုင်း ကျတော့ ကျောင်းသား တစ်ဦးအနေနဲ့ မဖြစ်မနေ သုံးနှစ် ယူစရာမလိုဘူး လို့ ယူဆပြီး နှစ်နှစ်နဲ့ အပြီးလုပ်ရအောင် stay ကို နှစ်နှစ်ပဲ ပေးလိုက်တော့တာ။
နေရတာက တံခါးမကြီးတစ်ခု ရှိတယ်။ နှစ်ယောက်ခန်း လေးခန်း၊ တစ်ယောက် ခန်း တစ်ခန်း ရှိတယ်။ အဲဒီ အခန်းအားလုံးအတွက် common kitchen နဲ့ common dinning room တွေ ထားပေးတယ်။ အဆောင်လခက တစ်လကို ၂၅၀။ ရေဘိုး မီးဘိုး အပါအ၀င်ပေါ့။ ရေမီးလည်း ကြိုက်သလောက်သုံး။ ကန့်သတ်ထားတာ မရှိဘူး။ တစ်ပတ်ကို နှစ်ခါ သန့်ရှင်းရေး လာလုပ်ပေးတယ်။ ဆေးဖြန်းပေးတယ်။ စားတာ သောက်တာ ကတော့ ကိုယ့်ဟာ ကိုယ်ပဲ ချက်စားကြတာပေါ့။
အပြင်မှာ နေရတာနဲ့ ဘာကွာလဲ ဆိုရင် အပြင်မှာနေရင် အခန်းခက ၃၅၀ ရှိတယ်။ ရေခမီးခ သပ်သပ် ထပ်ပေးရတယ်။ နောက်ပြီး သန့်ရှင်းရေးလဲ လုပ်ရသေးတယ် ဆိုတော့ အများကြီး ကွာတာပေါ့။
ကျွန်မက အပြင် စီးပွားရေးလုပ်လိုက်တဲ့ အခါကျတော့ ကျောင်းစာတွေနဲ့ အလှမ်းဝေးသွားတယ်။ နောက်ပြီး ခုယူတဲ့ ဘာသာကလည်း ကိုယ်နဲ့ မရင်းနှီးတဲ့ဘာသာ ဖြစ်နေတာရယ်၊ မိန်းကလေး ဆိုတော့ နိုင်ငံရေး စိတ်မ၀င်စား တာရယ်၊ နောက်ပြီး ဗမာပြည် အခြေအနေအရ နိုင်ငံရေးအကြောင်း လေ့လာဘို့ အခွင့်အလမ်း အရမ်းနည်း တာရယ် စတာတွေကြောင့် စာသင်ရတဲ့ နေရာမှာ အခက်အခဲ အများကြီး တွေ့ရတယ်။ စီးပွားရေးနဲ့ ပတ်သက်လို့ကတော့ စိုက်ပျိုးရေး နောက်ဆုံးနှစ်နှစ်မှာ Agricultural Economics သင်ရတော့ သိပ်မစိမ်းဘူး။ နောက်ပြီး အလုပ်လုပ်ရင်း လက်တွေ့ ဗဟုသုတတွေ ရလာတော့ နည်းနည်း နားလည်တယ် ဆိုပါတော့။
ဒီ သင်တန်းကလည်း ဒီပလိုမာ သင်တန်း မဟုတ်ပဲ မဟာဘွဲ့ ဆိုတော့ အတော် လေး ခက်တယ်။ ကျွန်မဆို မကြာခဏ မျက်ရည်ကျရတာပဲ။ First Trimester မှာ မဖြစ်မနေ သင်ရတဲ့ Core Course တွေကို ယူရတယ်။ ကိုယ် ကြိုက်တာ ယူရတာ မဟုတ်ဘူး။ သင်တဲ့ ပါမောက္ခကြီးတွေကလည်း အရမ်းတော်တယ်။ ဒီဆရာကြီးတွေက ကျောင်းက မဟုတ်ပဲ ငှားထားတာ။ သူတို့က တကယ့် ကမ္ဘာကျော် ပညာရှင်ကြီးတွေ။
မြန်မာပြည်မှာ ကျတော့ ပထမနှစ်ကနေ နောက်ဆုံးနှစ်ထိ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဘာသာတွေ ကို ဘာတွေ ဘာတွေ ဆိုပြီး ပြဌာန်းထားတယ်။ ဒီဆရာက ဒီဘာသာကိုသင်။ ဒီမေးခွန်းကိုပဲမေး။ ကျောင်းသားက သူ သင်တဲ့ ဟာ လောက်ပဲ ကျက် ပြီးဖြေ။ ဒီတော့ မေးခွန်းကို ကွက်တိ ဖြေနိုင်တဲ့ ကျောင်းသားက အမှတ်ပိုရမယ်။ ကျွန်မ တို့ အမှတ်တွေ ကောင်းတယ် ဆိုတာ သည်၏ မလွဲ ကျက်နိုင်၊ ဖြေနိုင်လို့ အမှတ်တွေကောင်းတာ။ မြန်မာပြည်မှာက “အာဂုံဆောင်မှ အာဂလူ” ဆိုတဲ့ စံနစ်ကို ကျင့်သုံးတယ်။
ဒီမှာကျ အဲလို မဟုတ်တော့ဘူး။ ဒီဘာသာနဲ့ ပတ်သက်တဲ့ အသိပညာ၊ ဗဟုသုတတွေကို တပြုံကြီး ထည့် ပေးလိုက်တာ။ စာမေးပွဲ ကျတော့လည်း ဒီဘာသာမှာ ဒီဟာဖြေရမယ် လို့ မဟုတ်ဘူး။ စာမေးပွဲတစ်ခုထဲကို အမှတ် ၁၀၀ ပေးတာ မဟုတ်ဘူး။ စာမေးပွဲ ဖြေနိုင်ရုံနဲ့ အမှတ်ကောင်းကောင်း ရမယ်လို့ မဟုတ်ဘူး။
ဥပမာ - Presentation လုပ်တာက ၁၀ မှတ် စသဖြင့်ပေါ့။ ကျောင်းစတက်ပြီ ဆိုတာနဲ့ ဒီ trimester အတွက် term paper တွေ ရေးရတယ်။ သူတို့က ခေါင်းစဉ် အခု ၂၀ ချပေးလိုက်တယ်။ အဲဒီ အထဲကမှ ကိုယ် ဘယ်အကြောင်း ကို ရေးမလဲ။ IMF အကြောင်းကို ရေးမလား၊ Globalization အကြောင်းကို ရေးမလား။ Finance အကြောင်း ကို ရေး မလား။ ဘယ်အကြောင်းအရာကို ရေးရင် ဘယ်စာအုပ်တွေကို refer လုပ်လို့ ရတယ် ဆိုတာတော့ professor က ပေး ထားတယ်။ ဘယ်လို format နဲ့ ရေးရမယ် ဆိုတာ ပြထားတယ်။
သူတို့က puzzle question ကို လိုချင်တယ်။ ဥပမာ - ကျွန်မလုပ်ရတဲ့ Thesis က စင်ကာပူမှာ အင်မတန် ကောင်းတဲ့ 3M Health Care system ရှိတယ်။ ၀င်ငွေကောင်းတဲ့ သူတွေနဲ့၊ အလယ်အလတ် တန်းစား လူတန်းစား တွေ အတွက် ကောင်းတယ်။ ဒါပေမဲ့ ဒီစနစ်ဟာ လခ ၁၂၀၀ အောက်ရတဲ့ လခနည်း ၀န်ထမ်းတွေအတွက် မပြည့်စုံ၊ မလုံလောက် သေးဘူး။ ဘာကြောင့်လဲ ဆိုတာကို သုံးသပ်ပြရတာ။ Argue လုပ်ရတာ။
ဒီမှာ ကျွန်မတို့ မြန်မာပြည်က လာတဲ့ကျောင်းသားတွေအတွက် အခက်အခဲက ကျွန်မတို့ ဆီမှာ သင်ခဲ့ရတာ က ဆရာသင်ပေးတာကို နားထောင်တယ်။ စာပြန်ကျက် တယ်။ အချိန်တန်ရင် ကျက်ထားတဲ့ စာတွေကို ပြန်ရေးချ ပြလိုက်တယ်။ ဒါလောက်ပဲ။ ဒီ့ထက် မပိုဘူး။ တက္ကသိုလ် စတက်ရပါပြီ ဆိုကတည်းက နောက်ဆုံး ဘွဲ့ရသွားသည် ထိ ဒီလိုပဲ သင်ခဲ့ရတာ။ တစ်ခါမှ argue မလုပ်ခဲ့ဖူးဘူး။ ဆိုတော့ ဒီမှာ argue ထုတ်ရပြီ။ ငြင်းရပြီ ဆိုတော့ ဘာကို argue လုပ်ရမလဲ ဆိုတာ မသိတော့ဘူး။

No comments: