၇၊ ၅။ ဘ၀သစ် အစ
ရန်ကုန်ပြန်ရောက်တော့ ကျွန်တော် ရွှေတောင် မပြန်ချင်တော့ဘူး။ မြို့မှာက ကျွန်တော့် အကြောင်းတွေ ပွနေပြီ။ ဒီတော့ ကျွန်တော် ရန်ကုန်က မရီးဆီမှာပဲ နေပြီး အလုပ်ထပ်ရှာတယ်။ တစ်လလောက်ကြာတော့ အင်တာဗျူးတစ်ခု ၀င်ရ တယ်။ ခု လုပ်နေတဲ့ ECC Project အတွက် လာခေါ်တာ။ Basic ၇၀၀။ နေစရိတ်၊ စားစရိတ် ငြိမ်း။ ကွန်ပြူတာ အတော် အသင့် ကိုင်တတ်ရမယ်။ အလုပ်က Site Clerk, Data Entry တဲ့။
အေးဂျင့်ဖီးက စင်ကာပူဒေါ်လာ ၃၅၀၀ + လေယာဉ်လက်မှတ် တစ်ကြောင်းစာ။ ဗမာငွေနဲ့ ၃၂ သိန်းလောက် ချေခဲ့ရတယ်။ စင်ကာပူရောက်ရင် စာမေးပွဲ ဖြေရလိမ့်မယ် ဆိုပြီး တစ်ပတ် safety သင်တန်းပေးတယ်။ လာမှာက ၅ ယောက်။
ကျွန်တော်ကလည်း ပထမ တစ်ခေါက်သာ ရောက်ဖူးတာ။ စင်ကာပူကို ဘယ်လိုဝင်ရတယ် ဆိုတာ ကျကျနန သိတာ မဟုတ်ဘူး။ ဒီတော့ ဗမာပြည်ကနေ စီးကရက် တစ်တောင့် သယ်လာခဲ့တယ်။ ဒါနဲ့ လေဆိပ်ရောက်လို့ စစ်တော့ ပေါ်ရော။ ဒါနဲ့ သူတို့က custom သွားတဲ့။ သွားတော့ ပတ်စ်ပို့တောင်းတယ်။ ဟာ - မင်းခုမှလာတာလား။ မင်း ဒီမှာ စီးကရက် သယ်ရင် အခွန်ဆောင်ရမယ် တဲ့။ အာ၊ ကျွန်တော် မဆောင်နိုင်ဘူး။ အဲဒီ စီးကရက်သာ ယူထားလိုက်ပါဗျာ ဆိုတော့ ငါတို့ယူလို့မရဘူး။ မင်း အခွန်ဆောင်ရမယ် တဲ့၊ ဖြစ်ကရောဗျို့။ ပြောမရလို့ အခွန်ဆောင်လိုက်ရတာ ၇၈ ကျပ်နဲ့ ပြား ၆၀ ပေးလိုက်ရတယ်။ စီးကရက်ကမှ ဗမာငွေနဲ့ ၆၅၀၀ လောက် (စင်ကာပူဒေါ်လာ ၈ ကျပ်ကျော်) တန်တာ။
အခွန်ဆောင်လိုက်တော့ သူတို့က ဖြတ်ပိုင်း ပေးလိုက်တယ်။ မင်း ဒီစီးကရက်သောက်တဲ့ နေရာတိုင်းမှာ ဒီဖြတ်ပိုင်း ဆောင်ထားပါ။ ဒါကုန်သွားရင်တော့ ဆက်သောက်လို့ မရတော့ဘူး။
လေဆိပ်ကို အေးဂျင့်က လာကြိုနေတယ်။ နောက် ဆေးစစ်သွားကြတယ်။ ပြီးမှ နေမဲ့ စွန်းလီ (Soon Li) ကို ဆက်သွားကြတယ်။
ဟား၊ စွန်းလီ ဂိတ်ပေါက်ဝ ရောက်တော့ နည်းတဲ့ လူတွေ မဟုတ်ဘူးဗျို့။ ကျွန်တော်ဖြင့် ကြောက်တောင် သွားတယ်။ ကုလားတွေ မဲမဲ မဲမဲ နဲ့ အစုလိုက် လျှောက်သွားကြတာတွေ၊ မိန်းမလိုလို ယောက်ျားလိုလို အသံနဲ့ ဖားအုပ်စု တွေ၊ ယိုးဒယား အုပ်စုတွေ၊ နားကြပ်ကလေးတွေ နားမှာ တပ်ပြီး ၀င်လိုက် ထွက်လိုက်လုပ်နေတဲ့ ဗမာတွေ။ ကျွန်တော့် တစ်သက် ဒီလောက်များတဲ့ သူတွေ တစ်နေရာထဲမှာ စုနေတာကို ဒါ ပထမဆုံး အကြိမ် တွေ့ဖူးလိုက်ခြင်းပဲ။ အဲသည် နေရာ သည် အခု ကျွန်တော်တို့တစ်တွေ နေနေရတဲ့ ဂေဟာ ပဲပေါ့။
ကုမ္ပဏီအများကြီးက အလုပ်သမားတွေကို စုထားတာ။ ကျွန်တော်တို့ အပေါက်ဝ ရောက်သွားတော့ ဘယ်ကုမ္ပဏီ ကလည်း ဘာလဲနဲ့မေးတယ်။ ကျွန်တော်တို့မှာ အထုပ်ကလေးတွေချ၊ ဟိုကြည့် သည်ကြည့်နဲ့ပေါ့။ တော်တော်ကြာတော့ ဟို အေးဂျင့်ကောင် ပြန်ရောက်လာတယ်။ ကျွန်တော်တို့နေရမှာက ဒီဘက်မဟုတ်ဘူး။ ဟိုးဘက်က အဆောင်ကိုသွား တဲ့။ တစ်ခါ ဆက်သွားရပြန်တယ်။ လူတွေလည်း အတော် ပင်ပန်းနေပြီ။
အစ်ကို ရုပ်ရှင်တွေထဲမှာ တွေ့ဘူးတယ် မဟုတ်လား။ အကျဉ်းထောင်တွေကို။ ကျွန်တော်တို့နေရတာ အဲဒီ အကျဉ်းထောင်တွေနဲ့ အတူတူပဲ။ အခန်းထဲမှာ ၁၁ ယောက် နေရတယ်။ နှစ်ထပ်ကုတင်တွေနဲ့ နေရတာ။ ထိုင်းက ၆ ယောက်၊ ကျွန်တော်တို့ ဗမာက ၅ ယောက်။
ကျွန်တော်က ကုတင် အပေါ်ထပ်မှာ နေရတယ်။ မလေးရှားက အိပ်စင်ကမှ ခိုင်သေးတယ်ဗျာ။ ဒီ စင်ကာပူက နှစ်ထပ် ကုတင်တွေကတော့ ပျော့စိ၊ ပျော့နဲ့ နဲ့။ ကျွန်တော်ဖြင့် ရောက်စနေ့တွေတုံးက ပြိုများ ကျမလားလို့ အတော် စိတ် ပူနေသေးတာ။ ခုတော့လည်း အသားကျသွား ပါပြီ။ ကြမ်းပိုးတွေ ဆိုတာကလည်း မပြောပါနဲ့တော့ဗျာ။ အိပ်လို့ကို မရဘူး။
ကုတင်အခင်း သံဇကာတွေက ပျော့စိစိ တွေဆိုတော့ လှိုင်းတွေ ထနေတယ်။ မနက် မနက် အိပ်ယာက ထလိုက်ရင် ခါးတွေကို နာနေတာပဲ။
ဒါနဲ့ အနီးပတ်ဝန်းကျင် လိုက်လေ့လာလိုက်တော့ အတော်များများက သုံးထပ်သားပြားတွေ ခင်းအိပ်တာ တွေ့ရ တယ်။ ဒါနဲ့ သူတို့ကို မေးကြည့်တော့ ခိုးရောင်းတာ ၀ယ်လို့ရရင်တော့ လေးငါးကျပ်ပဲ။ ဒါပေမဲ့ စက်ရုံမှာ ၀ယ်ရင် ၂၀ လောက်၊ ဒီအရောက်ဆိုရင် အစိတ်လောက် ကျမယ် တဲ့။ အဲဒါလောက်တော့လည်း ဘယ်ဝယ်နိုင်မလဲဗျာ။ သူတို့ကတော့ မွေ့ယာရယ်၊ ခေါင်းအုံးရယ် ပေးပါတယ်။ ဒါပေမဲ့ သိတယ်မို့လား။ သူတို့ပေးတဲ့ မွေ့ယာဆိုတော့ အညံ့စား။ လက်နှစ်လုံး လောက်ထူတာ။ သုံးလေးရက်လောက်လဲ အိပ်လိုက်ရော။ ကုတင်အခင်း သံဇကာကွက်နဲ့ ကျောနဲ့ ကပ်မိတော့တာပဲ။ ဒါပေမဲ့ ဘာတတ်နိုင်မလဲဗျာ။ ဒီလို အိပ်ရတာပေါ့။
ဒါပေမဲ့ ကိုယ်ကလဲ အကွက်ချောင်းနေရတာပေါ့။ တစ်လလောက်အကြာမှာ တစ်ဖက်အခန်းက ကောင်တွေ ပြောင်းသွားကြတော့ သုံးထပ်သားပြားလေး ရတယ်။ အိပ်လို့တော်တော် အဆင်ပြေသွားတာပေါ့။ ခါးနာတော့ သက်သာ သွားပါရဲ့။ ဒါပေမဲ့ ကြမ်းပိုးကတော့ ခုထိ ဒီတိုင်းပဲ။ လူအများနဲ့ နေရတော့ ကိုယ်တစ်ယောက်ထဲ ရှင်းလို့မှ မရတာ။ ရှင်းလိုက်၊ ခဏပဲ။
ကျွန်တော်တို့ စရောက်ရောက်ချင်း ဂိတ်ဝမှာ ဆောင်ရန် ရှောင်ရန်တွေ ဖတ်ပြတယ်။ Laptop မသုံးရဘူး။ လျှပ်စစ်သုံး ကိရိယာတွေ မသုံးရဘူး။ ချက်ပြုတ် မစားရဘူး။ Canteen က ကျွေးတာကိုပဲ စားရမယ်။ ညကို ဘယ်နှနာရီ ထိပဲ မီးဖွင့်ရမယ်။ အထဲမှာ အရက်သေစာ မသောက်ရဘူး စသဖြင့်ပေါ့။ ရောက်စတုံးကတော့ သိပ် မဆိုးလှသေးဘူး။ သူတို့ ဟင်းတွေ စားလို့ ရသေးတယ်။ အသီးအရွက် တစ်မျိုး၊ ၀က်သားနဲ့။ ဒါပေမဲ့ တစ်ပတ်လောက်လဲ ကြာရော နေ့တိုင်း ဒီဟင်းချည်းပဲ၊ ပုံစံက ပြောင်းမသွားတော့ နံလာတယ်။ မစားနိုင်တော့ဘူး။
ကျွန်တော်တို့ ဗမာတွေက လူနည်းစု ဆိုတော့ အစားအသောက် ကိစ္စမှာ အတော့်ကို မျက်နှာငယ်တယ်။ ထိုင်းတွေက အသားတစ်မျိုး၊ အသီးအရွက်ကြော် တစ်မျိုး၊ ဟင်းချို၊ တို့စရာ၊ ငါးပိရည်နဲ့ ရတဲ့ အချိန်မှာ ကျွန်တော်တို့က ထမင်းပေါ် ပုံပေးလိုက်တဲ့ ၀က်သားရယ်၊ ပဲဟင်းရယ် ဒါပဲ။ တခြား ဘာမှ အပိုမပါတော့ဘူး။ ကြက်ကြော်ကျွေးတဲ့ နေ့မှာ တော့ စားလို့ကောင်းပါရဲ့။ ဒါပေမဲ့ ကျွန်တော်တို့က ကြက်တောင်ပံ တစ်ချောင်းပဲ ရတယ်။ ထိုင်းတွေကျတော့ တောင်ပံ တစ်ချောင်း၊ ပေါင်တစ်ချောင်း ရတယ်။ ငါးပိရည်နဲ့ ရုံးပတီသီးပြုတ်၊ ဒါမှမဟုတ် သခွားသီး စသဖြင့် ပါသေးတယ်။
ထမင်းစားဘို့ တန်းစီရင် ထိုင်းတွေက ထမင်းထည့်ပေးတယ်။ တခါတလေ ဗမာတွေက တန်းစီတာ ရှေ့ဆုံးက ရောက်နေရင်တောင် ဗမာတွေကို အလျင်မထည့်ပေးသေးဘဲ ဟိုးနောက်က သူတို့လူမျိုး ထိုင်းတွေကို အလျင် ထည့်ပေး ပြီး နောက်မှာ ဗမာတွေကို လာထည့်ပေးတယ်။ တခါတလေ သူတို့နဲ့ ကျွန်တော်တို့ စကားများတယ်။ Security သွားတိုင် တော့လည်း အလကားပဲ။ ဘာမှ မလုပ်ပေးဘူး။ ဒါက ညပိုင်းစားရတဲ့ ညနေစာ။
နေ့ခင်းပိုင်းကျတော့ အလုပ်ထဲက canteen မှာ စားရတယ်။ ဒါ သူတို့ကျွေးတာ။ ဂေါ်ဖီရွက်နဲ့ ၀က်သား ရောပြုတ် ထားတာပဲ ဆိုပါတော့။ ပေါ့ပေါ့ရွှတ်ရွှတ်။ ဘာဆို ဘာမှ အရသာ မရှိဘူး။ သူတို့ကျွေးတာ မစားနိုင်လို့ အပြင်မှာ ၀ယ်စား ရင် နှစ်ကျပ်ခွဲ၊ သုံးကျပ်။ ရတဲ့လခက ၇၀၀ ဆိုတော့ စားစရာရှိရက်နဲ့ အပြင်မှာ စားပြန်ရင် မရှိမဲ့ ရှိမဲ့ လခလေး ပဲ့ဦးမယ်။
နောက်တော့ ကြံရတယ်။ ဒီမှာ S Pass, PR နဲ့ နေနေကြတဲ့ သူငယ်ချင်း အိမ်တွေကို ပိတ်ရက်တွေမှာ သွားပြီး တစ်ပတ်စာ မြေပဲဆံလေး ကြော်၊ ငါးခြောက် ကလေး ကြော်၊ ကြက်တောင်ပံ လေးတွေ ကြော်။ နောက်ပြီး နေ့ခင်း ထမင်း စားချိန်ကျတော့ ဒါလေးနဲ့ စား ဆိုတော့ နည်းနည်း တော်သေးတာပေါ့။
ကျွန်တော် အလုပ်ထဲ ရောက်သွားတော့ အလုပ်ထဲမှာ ဗမာလေးယောက် အယင် ရောက်နှင့်နေပြီ။ ကျွန်တော်တို့ က ၅ ယောက် ဆိုတော့ ပေါင်း ၉ ယောက် ဖြစ်သွားတာပေါ့။ စရောက်တဲ့ နေ့မှာ HR (Human Resources) (စီမံရေးရာ) က အဖွားကြီးက နင်ကတော့ ဘာလုပ်၊ နင်ကတော့ ဘာလုပ် ဆိုပြီး အသီးသီး အသက အသက တာဝန်တွေ ချပေး ပါတယ်။
ကျွန်တော်က သူ့လက်အောက်မှာ လုပ်ဘို့ တာဝန်ကျပါတယ်။ သူငယ်ချင်းတွေကတော့ မင်းက သူ့သားနဲ့ မွေးနေ့ တူလို့ သူ့အနားမှာ ထားတာ။ မင်းတော့ ကံကောင်းပြီ။ အခွင့်အရေး ရစရာရှိရင် မင်းပဲ ရမှာ ဘာညာပေါ့။ ပြောကြတယ်။
ဒါပေမဲ့ လက်တွေ့ကျတော့ ကျွန်တော့်မှာ သူတို့ပြောတာနဲ့ ပြောင်းပြန် ဖြစ်လာခဲ့တယ်။
အဖွားကြီးက သူစိတ်မထင်ရင် မထင်သလို အော်ဘို့ ငေါက်ဖို့ ဆူဖို့ လူတစ်ယောက် ရသွားကိုး။ တခါတလေ သူငေါက်တာနဲ့တင် ကျွန်တော့်မှာ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်ဖြစ်သွားတယ်။ အခန်းထဲမှာက လူ ၅၀ လောက် ရှိတယ်။ တရုပ်၊ ဖဦးထုပ် (ဖိလစ်ပင်း)၊ ကုလား၊ ထိုင်း၊ ဗမာ အစုံပဲ။ အခန်းက Hall ခန်းကြီး ဆိုတော့ ကျွန်တော့်ကို အဖွားကြီး အော်ဟစ် ဆူငေါက်နေတာ သူတို့ မြင် တွေ့ နေရတော့ ကျွန်တော်ဟာ သူတို့ အားလုံးရဲ့ စစရာ၊ နောက်စရာ သတ္တ၀ါ တစ်ကောင် ဖြစ်နေခဲ့တယ်။
အလုပ်စ၀င်စ နေ့တွေမှာ ကျွန်တော် အဲဒီ ဒါဏ်တွေကို အတော်လေး အလူးအလဲ ခံရတယ်။
ကျွန်တော့် အလုပ်က ၃၅၀၀ လောက်ရှိတဲ့ အလုပ်သမားတွေကို PPE တွေထုတ်ပေးရတယ်။ ဆေးခွင့်၊ လစာမဲ့ ခွင့်၊ လုပ်သက်ခွင့် စတာတွေ တင်ပေးရတယ်။
(မှတ်ချက်။ ။ PPE ဟူသည်မှာ Personal Protective Equipment ဖြစ်ပြီး အလုပ်လုပ်ရာတွင် ထိခိုက် ဒါဏ်ရာများ မှ ကာကွယ်ရန် ၀တ်ဆင်ရသော တစ်ကိုယ်ရည် ကာကွယ်ရေး အသုံးအဆောင်များ၊ ဥပမာ၊ ခမောက်၊ မျက်မှန်၊ လက်အိတ်၊ ဘွတ်ဖိနပ်၊ ရှပ်အင်္ကျီ၊ ဘောင်းဘီ စသည် တို့ ဖြစ်ပါသည်။)
အလုပ်သမားတွေက လူမျိုးစုံဗျ။ ပြည်ကြီးတရုပ်တွေ ပါတယ်။ ထိုင်းတွေ၊ ကုလားတွေ ပါတယ်။ အလုပ်သမားတွေ ဆိုတော့ အင်္ဂလိပ်လို ကောင်းကောင်း မပြောတတ်ဘူး။ အဲဒီမှာ ပြဿနာ တက်တာပဲ။ သူပြောတာ ကိုယ်နားမလည်၊ ကိုယ် ပြောတာ သူနားမလည်။ ဒီတော့ လက်ဟန်၊ ခြေဟန်နဲ့ ပြောရတော့ ကြာတာပေါ့။ ဒီတော့ အလုပ်လုပ်တာ နှေးတယ် ဆိုပြီး အပြောခံရပြန်ရော။
ကျွန်တော်တတ်တာက အင်ဂျင်နီယာ ဘာသာ။ လုပ်ဖူးတာကလည်း အင်ဂျင်နီယာနဲ့ ပတ်သက်တဲ့ အလုပ်။ ခုမှ ဒီ admin ဆိုတာကို ကိုင်ဖူးတာ။ မလုပ်တတ်တာကို သေသေချာချာ သင်ပေးမယ် မရှိပဲ အလုပ်မှာ မတတ်လို့ ယောင်ချာချာ ဖြစ်နေရင်၊ မှားယင် အတင်း အော်ငေါက်၊ ဆဲဆို ဆိုတော့ အစ်ကို ကျွန်တော့်နေရာက ခံစားကြည့်ပါဦးဗျာ။ ကျွန်တော့်မှာ ငိုလည်း ငိုချင်။ အဲဒီနေရာကနေ ထွက်ပြေးချင်စိတ်တောင် ပေါက်မိတယ်။
အဖွားကြီးက အဲဒီလို အမြဲ အော်ငေါက် ဆဲဆိုနေတော့ ကျန်တဲ့သူတွေကပါ ကျွန်တော့်ကို အထင်သေးပါတယ်။ သူတို့ ကျွန်တော့်ကို ဆက်ဆံပုံ ကြည့်ပြီး ကျွန်တော့်ကို တန်းတူ မဆက်ဆံဘူး ဆိုတာ ကျွန်တော် သိပါတယ်။ ဒီတော့ အစစ ကျွန်တော် မနိုင်ရင်ကာ သည်းခံပြီး နေခဲ့ရပါတယ်။ ကိုယ့်ကိုယ်ကို ပြန်မေးတယ်။ မင်း ဘာလို့ စင်ကာပူ လာတာလဲ။ ပိုက်ဆံရှာဖို့။ အေး ဒါဆို မင်းရည်ရွယ်ချက် မပြည့်ခင် အစွမ်းကုန် သည်းခံ ဆိုပြီး ကိုယ့်ကိုယ်ကို ပြန် ဆုံးမရတယ်။ သူတို့ ပြောတာ ဆိုတာတွေကို ဘယ်ဘက်နားက၀င်၊ ညာဘက် နားကထွက်။
အဲဒီလို အော်ဟစ်၊ ဆဲဆို၊ အမှားမှား အယွင်းယွင်း ဖြစ်ယင်းနဲ့ပဲ နှစ်လ သုံးလလောက်ကြာလို့ အသားနည်းနည်း ကျသွား၊ လုပ်တတ် ကိုင်တတ် ရှိသွားမှာ အော်တာငေါက်တာတွေ လျော့သွားတော့တယ်။ ဒီကြားထဲမှာ ကျွန်တော်က လည်း တရုပ်လို၊ ကုလားလို တစ်နေ့ လေးငါးလုံးလောက် လေ့လာ ကျက်မှတ်ရတယ်။ ကြာတော့ သူတို့ပြောတာ နည်းနည်း နားလည်သွားသလို ကျွန်တော်လည်း တရုပ်လို၊ ထိုင်းလို၊ ကုလားလို အနည်းအပါး ပြောတတ် ဆိုတတ် ရှိလာတော့ အဆင်ပြေသွားတာလည်း ပါတယ်။
Sunday အိုဗာတိုင် ဆင်းရတဲ့ အထဲမှာ ကျွန်တော် မပါပါဘူး။ အလုပ်မရှိရင် ဟိုလိုလို ဒီလိုလို အချောင်ရိုက် နေလို့ ရတဲ့ သူတွေထဲမှာ ကျွန်တော် မပါပါဘူး။ နေ့ခင်း ထမင်းစားပြီးလို့ တစ်ရေးတမော အိပ်ကြတဲ့ သူတွေထဲမှာလည်း ကျွန်တော် မပါခဲ့ပါဘူး။
အတူတူ လာတဲ့သူချင်း၊ ပညာအရည်အချင်း အတူတူချင်း။ သူတို့က ကျွန်တော့်ထက် အိုတီပိုကောင်းလို့ လခ ကျွန်တော့်ထက် အနည်းဆုံး ၃၅၀၊ ၄၀၀ ပိုများပါတယ်။ ဒီရောက်တဲ့ ၆ လ အတွင်း ကျွန်တော် Sunday ဆင်းရတာ နှစ်ရက်ပဲ ရှိပါတယ်။ ဒါတောင် သူတို့ ဆင်းခိုင်းလို့ ဆင်းရတာ မဟုတ်ပါဘူး။ QC ဘက်က အလုပ်တွေ များနေလို့ ကျွန်တော့်ကို ကူပါဦး ဆိုလို့ အဖွားကြီး မသိအောင် ခိုးဆင်းရတာပါ။
သူတို့ ကျွန်တော့်ထက် လခ ပိုများတာကို ကျွန်တော့်အနေနဲ့ မနာလို တိုရှည် ဖြစ်စရာ ဘာမှ အကြောင်းမရှိ ပါဘူး။ ဒါ သူတို့၊ ကျွန်တော်တို့ လုပ်ယူလို့ ရတဲ့ဟာမှ မဟုတ်တာ။ ဒါပေမဲ့ ဒီဘ၀နဲ့တော့ ကျွန်တော် အကြာကြီး ဆက်နေလို့ မဖြစ်ဘူး။ ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းကို ရှာရမယ်။ အဲဒီအတွက်လည်း ခု ကြိုးစားနေပါတယ်။
အဲဒါပါပဲဗျာ။ ကျွန်တော့် အကြောင်း။
သုံးသပ်ချက်
၁။ ကိုရွှေအောင့် အကြောင်းကို ကြည့်လျှင် ရှေးရှေးဆောင်းပါးများတွင် ပါရှိခဲ့သည့် အတိုင်း မြန်မာပြည်ရှိ အလုပ် အကိုင် ရှာဖွေရေး အေဂျင်စီများ၏ လက်လွတ်စပယ်၊ ပစ်စလက်ခတ် လုပ်ပုံများကို တွေ့ရပါသည်။ မိမိသည် သူ့ထံမှ အခ ကြေးငွေ ယူပြီး လုပ်ပေးခြင်း ဖြစ်သည့်အတွက် တာဝန်ယူရပါမည်။ မည်သူကမျှ အရေးယူ မဆောင်ရွက်သရွေ့ ကာလ ပတ်လုံး ဤပြဿနာများကို အနည်းနှင့် အများ တွေ့နေရဦးမည် ဖြစ်ပါသည်။
၂။ ထို့ပြင် မိမိအတွက် လုပ်ကိုင်ပေးပါမည်ဟု နှုတ်ကတိ လွယ်လွယ်ပေးသည့်တိုင် ထိုသူသည် မည်သည့်အတိုင်း အတာထိ စိတ်ချ ယုံကြည်မှု ရှိသလဲ ဆိုတာ သေသေချာချာ လေ့လာစုံစမ်းဘို့ လိုပါသည်။ ပိုက်ဆံပေးချင် အလျင်မလို ပါနှင့်။ ပိုက်ဆံဆိုသည်မှာ မိမိလက်မှ လွတ်သွားသည်နှင့် ပြန်ဝင်လာဘို့ အလွန် ခက်ခဲသော အရာ ဖြစ်ပါသည်။
၃။ ဗမာပြည်မှ လာပြီး အလုပ်အကိုင် ရှာဖွေရင်း ဒုက္ခရောက်နေသူများကို မိမိ အမျိုးသားချင်း ယိုင်းပင်းကူညီ မည် ဟူသော စိတ်ထား လုံးဝ မရှိဘဲ ရေနစ်နေသူကို ၀ါးလုံးနှင့် ကူထိုးပေးကာ မိမိ ပိုက်ဆံရရေး တစ်ခုထည်းကြည့်တတ်သည့် စင်ကာပူမှ လူကုံထံ မြန်မာများ အားလည်း အထူးသတိထား ဆက်ဆံ သင့်ပါသည်။
ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ တက္ကသိုလ်ဘုန်းနိုင်
Labels
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲ (10)
- Bitter Life (26)
- Build Your Future (10)
- Christopher (34)
- Construction Safety Handbook (57)
- Covid19 (19)
- Education (26)
- Emergency handbook (7)
- Engineering (12)
- Environment (8)
- Farm Safety (10)
- Fire Protection (5)
- Fridge and Aircond (6)
- Gas Pipe Line (5)
- General (215)
- Greenery Singapore (2)
- Health (6)
- IOSS (3)
- ISO 45001 (7)
- ISO 9001 (2)
- Knowledge sharing sessions (4)
- Life (8)
- Living in Singapore (68)
- My Articles (571)
- Myanmar (65)
- Myanmar Culture (15)
- Myanmar Transitional Platform (31)
- Piping (41)
- PPE Book (3)
- Safety (153)
- Tire Safety (5)
- Welding Technology (6)
- Working in Singapore (45)
- ကဗ်ာမ်ား (27)
- စင်ကာပူအကြောင်း (96)
- စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁ (3)
- စာအုပ္မ်ား (3)
- ဒသမတန်း မြန်မာစာ (9)
- မြန်မာစာ (1)
- မြန်မာပြက္ခဒိန် (7)
- မြန်မာပြက္ခဒိန် (62)
- မြွေဆိပ်ဖြေဆေး (5)
No comments:
Post a Comment