နာမည် - မတင်ဇာမော်
အသက် - ၂၄
ပညာအရည်အချင်း - SMU (Singapore Management University) တွင်ကျောင်းတက်နေဆဲ
လက်ရှိအလုပ်အကိုင် - ကျောင်းသူ
မတင်ဇာမော်မှာ အလွန်အေးဆေးပုံရပါ၏။ စကားများများ မပြောတော့ ကျွန်တော်သိချင်တာကို မနည်း နှိုက်ယူ ရပါသည်။ သို့သော် သူ့အတွေ့အကြုံကလေးများသည်လည်း စင်ကာပူသို့ ကျောင်းလာတက်မည့် သူများအတွက် အဖိုးတန် ပါသည်။ သူကတော့ စင်ကာပူတွင် အစ်မရှိနေသည့်အတွက် အဆင်ပြေပါသည်။ လူခံမရှိသူများအနေနှင့် ဘယ်ကဲ့သို့ ကြုံတွေ့ရနိုင်ကြောင်းများပါ ထည့်သွင်းပြောပြပါသည်။ သူကျောင်းတက်သည့် အတွေ့အကြုံကို နားဆင်ကြည့်ကြပါစို့။
ဒီမှာ ကျောင်းလာတက်ဘို့ အခြေခံ လိုအပ်ချက် အနေနဲ့ SAT (Scholastic Aptitude Test) (School Assessment Test) (Scholastic Assessment Test) နဲ့ TOEFL (Test Of English as a Foreign Language) အောင်ဘို့ လိုပါတယ်။ TOEFL ဖြစ်ဖြစ် IELTS(International English Language Testing System) ဖြစ်ဖြစ်ပေါ့နော်။
ဒီ အင်္ဂလိပ်စာ စာမေးပွဲတွေ ဖြေဘို့အတွက် သင်တန်းတွေ တက်ပါတယ်။ ရှစ်မိုင်က ဆရာ ကယ်လ်ဗင်မှာ။ ဆယ်တန်းပြီးကတည်းက လေ့လာနေတာပါ။ စာမေးပွဲ ဖြေခါနီးမှ ပြန်လေ့ကျင့်တာက ၆ လလောက် ကြာတယ်။ TOFEL ဖြေတာ အမှတ် ၆၄၃ ရတယ်။ နောက်ပြီးတော့ SAT ဖြေရပါတယ်။ ဒါမှ မဟုတ်ရင်လည်း GCE’A’ အောင်ထားရပါတယ်။ ဒါ့အပြင် ဆယ်တန်း အမှတ်တွေလည်း ကြည့်ပါတယ်။ ဒါပေမဲ့ ဆယ်တန်းအမှတ်ထက် SAT မှတ်က ပိုအရေးကြီးတယ်။ ဆယ်တန်းအမှတ်လည်း သိပ်နည်းလို့တော့ မရဘူး ပေါ့။ အရင်က SAT မှတ်ကို ၁၆၀၀ ပေးထားတယ်။ ကျွန်မက ၁၃၇၀ ရတယ်။ ခုတော့ SAT မှတ်ကို ၂၄၀၀ ပေးထားပြီး စာမေးပွဲရမှတ် ၂၀၀၀ ကျော်မှ ၀င်ခွင့်ရတယ်။ IELTS ကိုတော့ 6.0 လို့ သတ်မှတ်ထားတယ်။
တစ်ခုတော့ ရှိတာပေါ့။ ကျောင်းလက်ခံဘို့ သူတို့ သတ်မှတ်ထားတဲ့ အရေအတွက်နဲ့ လျှောက်လာတဲ့ ဦးရေ ပေါ်လည်း မူတည်တယ်။ လျှောက်တဲ့သူ သိပ်များနေရင် အမှတ်တွေ အရမ်းမြင့်တတ်ပြီး လျှောက်တဲ့သူ နည်းရင်တော့ အမှတ်သိပ်မများပဲ လက်ခံတဲ့ သဘောပေါ့။ သတ်မှတ်ထားတာကတော့ Local (စင်ကာပူ နိုင်ငံသား) က ၈၀ ရာခိုင်နှုံး လက်ခံပြီး နိုင်ငံခြားသားကို ၂၀% လက်ခံတယ်။
ကျောင်းအပ် စလက်ခံတဲ့ အချိန်မှာ ကျောင်းwebsite ကနေ လျှောက်လွှာကို download လုပ်ပြီး supporting document တွေနဲ့ ပို့လိုက်တာပေါ့။ စင်ကာပူက သူငယ်ချင်းက ပိုက်ဆံ သွင်းပေးတယ်။ နောက် short listed ထွက်လာ တော့ သူတို့ ဖုံးနဲ့ လှမ်း အင်တာဗျူးတယ်။ ပြီးတော့ Essay ရေးခိုင်းတယ်။ Essay က အင်တာဗျူးအပြီး နာရီဝက်အတွင်း အပြီးရေးပြီး e-mail နဲ့ ပို့ရတာ။ ဒီမှာ ရှိနေတဲ့သူတွေကတော့ ကိုယ်တိုင်သွား အင်တာဗျူးရတာပေါ့။ သူတို့ကျတော့ ပိုပြီး အပြိုင်အဆိုင်များတယ်။ ပိုအပြောကောင်းတဲ့ သူတွေ ရတာပေါ့။
မှတ်ချက်။ ။ ကျောင်း၏ website ဖြစ်သော -http://www.smu.edu.sg/admissions/applysmu/internationalQuali/index.asp တွင် ကျောင်းဝင်ခွင့်ကို အောက်ပါ အတိုင်း သတ်မှတ်ထားသည် ကို တွေ့ရပါသည်။
အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
(မြန်မာကျောင်းသားများအတွက်) အထက်တန်းအောင်ဖြစ်ရမည်။ (အမှတ်ဖော်ပြထားတာ မတွေ့ရပါ။)
TOEFL (Paper Based) – 550 or IELTS – Overall band of 6.5
A score of more than 1300 (old SAT format) or more than 1900 (new SAT format) will be minimally sufficient for applicants to make a competitive application. (မှတ်ချက် - SAT အောင်မှတ်ရရုံမျှနှင့် ကျောင်းဝင် ခွင့် သေချာပြီ ဟု မဆိုလိုပါ။)
တစ်နှစ်မှာ တစ်တန်းပဲ ခေါ်တယ်။ သြဂုတ်လ အတန်းအတွက် ဧပြီလ ကတည်းက ကျောင်းလျှောက်ရတာ။ သြဂုတ်လမှာ စတက်ရတယ်။ သြဂုတ်လကနေ ဒီဇင်ဘာလထိ တစ်တန်း၊ ဇန္န၀ါရီကနေ ဧပြီလထိ တစ်တန်း တက်ရတယ်။ ကျောင်းသားတွေက အာဆီယံနိုင်ငံတွေက ပိုများတယ်။ မြန်မာပြည်က လာတက်တဲ့ကျောင်းသားတွေလည်း တော်တော် များများ တွေ့ရတယ်။ အရင်ကတော့ တစ်တန်းကို ၃ ယောက်လောက်ပဲ တွေ့ရတယ်။ ကျွန်မတို့တက်တုံးက ၇ ယောက် လောက် ရှိတယ်။ ဒါပေမဲ့ ခုနောက်ပိုင်း အယောက် ၂၀၊ ၃၀ စသဖြင့် တော်တော်များများ လာတက်ကြတယ်။
ကျောင်းတက်ပြီး ဘွဲ့မရဘဲ ပြန်သွားရတဲ့သူတွေလည်း ရှိတယ်။ ဒါပေမဲ့ ဘယ်လောက်လဲလို့ တိတိကျကျတော့ မပြောတတ်ဘူး။ တချို့ဆိုလည်း အမှတ်နည်းလို့ warning ပေးခံရတဲ့သူတွေလည်း ရှိတယ်။ တစ်ခါ notice စာ ပို့တယ်။ နှစ်ခါ ပို့တယ်။ ဒါမှ အမှတ်က တက်မလာဘူးဆို ကျောင်းထုတ်လိုက်တာပဲ။ အတန်းဘယ်လောက် ရောက်မှရယ် မဟုတ် ဘူး။ စာညံ့လို့ကတော့ ရောက်ရာအတန်းကနေ ထုတ်ပစ်လိုက်တာပဲ။
နေတာကတော့ အစ်မနဲ့ အတူတူနေပါတယ်။ ဒါပေမဲ့ ကျောင်းကထားပေးတဲ့ အဆောင်တွေလည်း ရှိတယ်။ အဲဒီမှာ တစ်ခုကောင်းတာက ကျောင်းကို စောရောက်နေတဲ့ senior residence တွေက ကျောင်းသားတွေရဲ့ အကျိုးကို ဆောင်ကြဉ်းပေးတယ်။ အသစ်ရောက်လာတဲ့ ကျောင်းသားသစ်တွေကို လမ်းညွှန်ပြသ ကူညီတယ်။ ကျောင်းကလုပ်တဲ့ activity တွေမှာ ၀င်ပါလေ့ ရှိတယ်။ အဆောင်စည်းကမ်းတွေ လိုက်နာတယ် ဆိုရင် အဆောင်လခကို ထက်ဝက်ထိ လျှော့ချပေးတယ်။ အခန်းလခက တစ်လကို ၄၀၀ ကျော်ထင်တယ်။ နည်းနည်း ဈေးကြီးတယ်။ ကျောင်းက မြို့ထဲ ကျတာ ကိုး။ အဆောင်မှာနေရင် တစ်ခုကောင်းတာက အဆောင်တွေက ကျောင်းနဲ့နီးတော့ သွားရလာရတဲ့ အချိန်နဲ့ လမ်းစရိတ် သက်သာတယ်။
မှတ်ချက်။ ။ ကျောင်း၏ website ဖြစ်သော http://www.smu.edu.sg/leasing/Prinsep/rates.asp တွင် အခန်း လခများကို -
Semester 1 အတွက် တစ်ယောက်ခန်း ငါးလစာအတွက် အခန်းငှားခချည်း ၂၅၀၀၊ အခြား ရေမီး၊ အဲယား ကွန်းသုံးခ၊ လုံခြုံရေး စသဖြင့် အားလုံးပေါင်းလိုက်ပါက ၂၉၆၈.၅၀။ နှစ်ယောက်ခန်း ငါးလစာအတွက် အခန်းငှားခချည်း ၂၀၀၀၊ အခြား ရေမီး၊ အဲယား ကွန်းသုံးခ၊ လုံခြုံရေး စသဖြင့် အားလုံးပေါင်းလိုက်ပါက ၂၃၆၃.၅၀။
Semester 2 အတွက် တစ်ယောက်ခန်း လေးလစာအတွက် အခန်းငှားခချည်း ၂၂၀၀၊ အခြား ရေမီး၊ အဲယား ကွန်းသုံးခ၊ လုံခြုံရေး စသဖြင့် အားလုံးပေါင်းလိုက်ပါက ၂၂၅၂.၅၀။ နှစ်ယောက်ခန်း လေးလစာအတွက် အခန်းငှားခချည်း ၁၈၀၀၊ အခြား ရေမီး၊ အဲယား ကွန်းသုံးခ၊ လုံခြုံရေး စသဖြင့် အားလုံးပေါင်းလိုက်ပါက ၁၈၅၂.၅၀ -
ဟု ဖော်ပြထားပါသည်။
ကျောင်းကတော့ ကိုယ်ယူတဲ့ ဘာသာပေါ်မူတည်ပြီး သုံးနှစ်ခွဲကနေ လေးနှစ်ထိ တက်ရပါတယ်။ ဗမာပြည်နဲ့ မတူ တာက ဒီမှာက ပိုပြီး interactive ဖြစ်တယ်။ Team work တွေ၊ group system တွေ နဲ့ လုပ်ရပါတယ်။ စာမေးပွဲတော့ စစ် တာပဲ။ ဒါပေမဲ့ ကျောင်းတက်နေတဲ့ တစ်လျှောက်လုံးမှာ class presentation တွေနဲ့ Team Work တွေကိုလည်း အမှတ် ပေးတယ်။ မြန်မာပြည်မှာကျတော့ ကိုယ့်ရမှတ်အားလုံးဟာ စာမေးပွဲတစ်ခုထည်း မှာပဲ မူတည်နေတယ်။
ဒါပေမဲ့ presentation က ဘယ်နှစ်မှတ်၊ team work က ဘယ်နှမှတ် ဆိုတာကို ကိုယ့် professor ကပဲ သတ်မှတ်ပေးတယ်။ အဲဒါကို ကျောင်းတက်ပြီး ပထမ တစ်ပတ်အတွင်းမှာပဲ အားလုံးရှင်းပြ ထားတယ်။ များသောအားဖြင့် ပထမနှစ်ဝက်မှာ ရမှတ်အားလုံးရဲ့ ၇၀% ပြီးသွားလေ့ ရှိတယ်။ IT နဲ့ Economics မှာတော့ Final Thesis ရေးရတယ်။ ကျန်တဲ့ ဘာသာတွေမှာ ရေးရတယ်လို့ မကြားမိဘူး။
စစချင်း ပထမနှစ်မှာ စာသင်ပုံစနစ် အပြောင်းအလဲကြောင့် ကျောင်းသားတော်တော်များများဟာ work load အရမ်းပိတယ်။ မနည်းကြိုးစားကြရတယ်။ Assignment တွေပေးတာ အရမ်းများတော့ အဲဒါတွေကို မနည်းပြီးအောင် လုပ်နေရတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီအပေါ်မှာလည်း အမှတ်ပေးတာကိုး။
ရောက်ခါစမှာ ဆရာတွေစာသင်တာကလည်း စကားပြောတာ မြန်တော့ သူတို့ပြောတာ မနည်းလိုက် နားထောင် ရတယ်။ သိပ်နားမလည်ဘူး။ နောက်တစ်ခုက ဗမာပြည်နဲ့ Teaching style မတူတာ။ ဒီမှာ ဆရာက အများကြီး သင်ပေး တာ မဟုတ်ဘူး။ သူတို့က reference ပေးပြီး ဖတ်ခိုင်း။ ပြီးရင် အဲဒီ အပေါ်မှာ discussion ပြန်လုပ်ခိုင်းတယ်။
ကျွန်မတို့က အလေ့အကျင့်မရှိတဲ့ အခါကျတော့ သူတို့ပေးလိုက်တဲ့ reference စာမျက်နှာ အများကြီးထဲက ဘယ်ဟာ အရေးကြီးမှန်း မသိဘူး။ နောက်ပြီး စာတွေက အသစ်ဆိုတော့ အကုန်နားမလည်။ အကုန်လျှောက်ဖတ်။ သူတို့ ဘာလိုချင်တာလဲ ဆိုတာ မသိ။ အဲဒီတော့ စိတ်တွေပူ။ Stress အရမ်းများတာပဲ။
တကယ်ဆို ကိုယ်က ဒီဟာ ၅ မှတ်လောက်ပဲ ပေးတယ်လို့ သိထားရင် လက်လွှတ်လိုက်လို့ ရတာပဲ။ အရေးကြီးတာပဲ ဖိလုပ် ပေါ့။ ဒါပေမဲ့ လန့်နေတော့ အဲဒီ ၅ မှတ်အတွက်နဲ့လည်း မတန်တဆ ကြိုးစားလိုက်ရတာတွေ ရှိတယ်။ လုပ်ရတာနဲ့ ရတာနဲ့ မတန်ဘူးပေါ့။
နောက်တစ်ခုက ကျောင်းက စင်ကာပူရီယမ်တွေကို ၈၀ ရာနှုံးလက်ခံထားတော့ သူတို့အချင်းချင်းပဲ ၀ိုင်းဖွဲ့ နေတော့ Team Work လုပ်တဲ့အခါ အခက်အခဲရှိတယ်။ နောက် ဒုတိယနှစ်၊ တတိယနှစ်တွေကျမှ သူတို့နဲ့ သူငယ်ချင်း တွေ ဖြစ်သွားပြီး အဆင်ပြေတာ။ နောက်တစ်ခုက participation ပြဿနာ။
ဗမာပြည်မှာတုံးက ဆရာသင်သွားတာကို နားထောင်။ စာကိုကုန်းရုန်းကျက်။ စာမေးပွဲကျမှ မေးတဲ့မေးခွန်း ပြန်ဖြေ ဆိုတော့ ဆရာ စာသင်တဲ့အပေါ်မှာ ဘာမှ ပြန်ပြီး ဆွေးနွေး မေးမြန်းတဲ့ အလေ့အကျင့် မရှိခဲ့ဘူး။ အဲဒါက ဒီမှာ လာပြီး ဒုက္ခပေးတယ်။ Group ဖွဲ့ပြီး ၀ိုင်းဆွေးနွေးကြရာမှာ ကိုယ်က ဘာမှ မပြောတတ်ဘူး ဖြစ်နေတယ်။ ဘယ်လို ဆွေးနွေးရမှန်း မသိဘူး။ အဲဒီ participation ကိုလည်း အမှတ်ပေးတယ်။ ကျောင်းမှာက discussion ၀ိုင်းတွေမှာ ဘေးက နေ အကဲဖြတ်ပေးတဲ့ လူတစ်ယောက် စောင့်ကြည့်နေတာ။ Discussion လေးငါးခုမှာ ကိုယ်က တစ်လုံးမှ ၀င်ပြီး မဆွေးနွေး နိုင်ရင် အမှတ်လျော့ပြီ။ သိက္ခာလည်း ကျတယ်။ အဲဒီအခါကျတော့ ကိုယ်က ဘာ ၀င်ဆွေးနွေးရမှန်းမသိရင် stress ၀င်တော့တာပဲ။
အစပိုင်းတော့ ကိုယ်က ဘာမှ ၀င်မပြောနိုင်တဲ့အခါ အားငယ်တယ်။ စိတ်ထဲမှာလည်း သိမ်ငယ်သလို ခံစား ရတယ်။ နောက်တစ်ခုက အသက် အရမ်းငယ်တာလည်း မကောင်းဘူး။ အတွေ့အကြုံမရှိသေးတော့ ဒုက္ခရောက်တယ်။ အသက် နည်းနည်းကြီးသွားပြီ ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုလဲ ရှိလာပြီ ဆိုတော့ အစစ ပြင်ဆင်နိုင် တယ်။
ကျွန်မ အဲဒါတွေကို ဘယ်လို ကျော်ဖြတ်ခဲ့ရလဲ ဆိုတော့ မဖြစ်မနေ ၀င်ဆွေးနွေးရမယ် ဆိုတော့ ကိုယ် ဆွေးနွေးမဲ့ အကြောင်းအရာကို သေသေချာချာ ကြေကြေညက်ညက် ဖြစ်အောင် အထပ်ထပ် ဖတ်ထား။ ကြိုပြီး လေ့ကျင့်ထားတာပေါ့။ နောက်ပြီး အရမ်းစိုးရိမ်မနေဘို့၊ ကြောက်မနေဘို့ လိုတယ်။ ကြောက်နေရင် တကယ်လဲ ထပြောလိုက်ရော ကြောက်တဲ့ စိတ်နဲ့ ကိုယ်ကျက်ထားတာလေးတွေတောင် အကုန်မေ့ကုန်ရော။ အဲဒီတော့မှ ပိုဆိုးတော့တာ။ ချွေးတွေပြန်။ ဒူးတွေ ရင်တွေတုန် ပေါ့။
Group Discussion တွေကျတော့ စင်ကာပူရီယမ်က လေးယောက် ဗမာက တစ်ယောက် စသဖြင့် တွဲပေးထား တာဆိုတော့ ကိုယ်က ကျကျနန မပြောနိုင်ရင် သူတို့ idea တွေချည်း ဖြစ်ကုန်တာပဲ။ ကိုယ် နေရာမရဘူး။ ဒီတော့ ကိုယ်က သူတို့ထက် ပိုတော်နေမှ ပိုထက်နေမှ ကိုယ်ပြောတာ သူတို့လက်ခံနိုင်မယ်။ တစ်နည်းအားဖြင့် လူရာဝင်မယ် ပေါ့။
မှတ်ချက်။ ။ပညာသင်စရိတ်မှာ အလွန်ကြီးပါသည်။ ဥပဒေဘွဲ့မှ လွဲ၍ ကျန်ဘွဲ့များအတွက် နှစ်စဉ်ကြေးမှာ စင်ကာပူ ဒေါ်လာ ၂၇၉၀၀ ဖြစ်ပါသည်။ သို့သော် ထိုငွေအားလုံးကို ကျောင်းသားက ပေးရန်မလိုဘဲ အချို့အ၀က်ကို အစိုးရက subsidise(ကျခံ) ပေးပါသည်။ အစိုးရက ကျခံပေးပြီးနောက် ကျောင်းသားကိုယ် တိုင်ပေးရန် ကျန်သော ကြေးမှာ (နိုင်ငံခြားသားများအတွက်) ၁၃၇၀၀ ဖြစ်ပါသည်။ ထိုငွေကြေးကိုလည်း ဘဏ်မှ Tution Loan အဖြစ် ချေး၍ ရပါသည်။ သို့အတွက် ကျောင်းသားမှာ လောလောဆယ် ပိုက်ဆံစိုက်ထုတ်ပေးရန် မလိုသလောက် ဖြစ်ပါသည်။
Ref: http://www.smu.edu.sg/financial/fees/index.asp
ကျောင်းစရိတ်တွေအတွက် အစိုးရက grant ပေးတယ်။ အဲဒီလို ပေးတဲ့အတွက် သူတို့ဆီမှာ သုံးနှစ်ပြန်လုပ် ပေးရတယ်။ ဒါပေမဲ့ တချို့ အရမ်း ချမ်းသာတဲ့သူတွေကျတော့ အလုပ်မလုပ်ချင်ဘူး။ စာပဲသင်ချင်တယ်။ အဲဒီအတွက် သူတို့က သုံးနှစ် ပြန်မလုပ်ပေး တော့ဘူး။ ဒီတော့ ရလဒ်အနေနဲ့ နောက်နှစ်တွေ ကျတော့ Government grant ကို လျှော့ချ လိုက်သလို bank loan လည်း သိပ်မရတော့ဘူး။ ကျောင်းသားက ပေးရတဲ့စရိတ် ပိုများလာတာပေါ့။ ခုဆို အရင်ကထက် ကျောင်းလခတွေ ပို ဈေးတက်သွားပြီ။ အရင်ကတော့ တစ်နှစ်မှ ၆၀၀၀ လောက်ပဲပေးရတာ။ ခုဆို ၂ သောင်းကျော် ဖြစ်သွားပြီ။
Grant ယူထားတဲ့အတွက် သူတို့က PR Offer ပေးတယ်။ နောက်ဆုံးနှစ် second semister မှာ စာပို့တယ်။ အဲဒီ စာနဲ့ PR လျှောက်လို့ ရတယ်။ အဲဒီ grant တို့ loan တို့ နဲ့ PR လျှောက်တဲ့ ကိစ္စတွေအတွက် ကျောင်းမှာ သူတို့ seminar ပေးပြီး ရှင်းပြတယ်။
Grant လက်မှတ်ထိုးတာကတော့ ကိုယ့်မိဘကလည်း ထိုးပေးလို့ရတယ်။ သူတို့ ပတ်စ်ပို့နံပါတ် ဖော်ပြပေးရ တာပေါ့။ အသက် ၂၁ နှစ်ပြည့်တဲ့ သူမှန်ရင် ထိုးပေးလို့ရတာ ဆိုတော့ အသက် ၂၁ နှစ်ပြည့်တဲ့ သူငယ်ချင်း အချင်းချင်း လည်း ထိုးပေးလို့ရတာပဲ။ အပြင်ကသူတွေ ထိုးခိုင်းရင်တော့ PR ဖြစ်မှ ရတယ်။
ဒါပေမဲ့ grant မရတဲ့သူတွေလည်း ရှိတယ်။ အဲဒီသူတွေကျတော့ Full fee ပေးရတာပေါ့။ ပိုက်ဆံ အများကြီး ချမ်းသာမှ တက်နိုင်မှာ။ ကျွန်မကြားတာကတော့ နေရာကလည်း နည်းနေပြီ ဆိုရင် အမှတ်နည်းတဲ့သူတွေ မရတတ်ဘူး လို့ ကြားတယ်။
မှတ်ချက်။ ။ Tuition Grant ကို ပညာရေး ၀န်ကြီးဌာန (Ministry of Education) သို့ online မှ လျှောက်နိုင်ပါ သည်။ Grant ကို အသက် ၂၁ နှစ်မှ ၆၅ နှစ်အတွင်း ရှိသူ (မည်သည့်နိုင်ငံသားမဆို) နှစ်ဦးမှ လက်မှတ် ထိုးပေးရပါမည်။ သို့သော် ခြွင်းချက်အနေနှင့် ထိုသူများသည် bankrupt ဖြစ်ထားသူများ မဟုတ်ရပါ။ Tution Fee အတွက်သာ grant ပေးခြင်းဖြစ်၍ အခြားစရိတ်စကများကို မိမိဘာသာ ကျခံရမည် ဖြစ်ပါသည်။
ကျွန်မတို့ကျတော့ အစိုးရက grant လည်းပေးတယ်။ နောက်ကျန်တဲ့ဟာကို bank loan ယူတယ် ဆိုတော့ ကိုယ့်အိတ်ထဲက တစ်ပြားမှ စိုက်ပေးစရာ မလိုတော့ဘူး။ ကိုယ့်အသုံးစရိတ် နည်းနည်းပါးပါးပဲ ကုန်တယ်။ နောက်ပြီး laptop တို့လို ကျောင်းသုံး စာအုပ်၊ စာရေးကိရိယာနဲ့ တခြားပစ္စည်းတွေကို အစိုးရ subsidise နဲ့ ၀ယ်ရတဲ့အတွက် အရမ်း ဈေးသက်သာတယ်။
ပြန်ဆပ်တဲ့အခါကျတော့ အလုပ်ရတဲ့ အခါ အရစ်ကျ ပြန်ဆပ်ရတယ်။ အတိုးကတော့ တစ်နှစ်ကို ၄% ထင်တယ်။ အလုပ်မရသေးခင်တော့ ပြန်ဆပ်စရာ မလိုသေးဘူးပေါ့။
ဒီမှာ တစ်ခုကောင်းတာက သူတို့က စာတင် သင်ပေးတာ မဟုတ်ဘူး။ စာ (hard skill) အပြင် soft skill တွေ ဖြစ်တဲ့ negotiation တို့ communication တို့ပါ ကျွမ်းကျင်အောင် သင်ပေးတယ်။ အဲဒါတွေကျ တကယ့်လက်တွေ့ထဲမှာ အရမ်း အသုံးတည့်တယ်။ နောက်ပြီး Team Work ပါ လုပ်တတ်အောင် သင်ပေးတယ်။
Student Pass ကို ၅ နှစ်ပေးတယ်။ ဆိုတော့ ကျောင်းပြီးရင် အေးအေးဆေးဆေး အလုပ်ရှာလို့ ရတာပေါ့။ အလုပ်ရှာနေတုံးလည်း အချိန်ပိုင်း အလုပ်လုပ်လို့ ရတယ်။ ကျောင်းပြီးသွားရင် အလုပ်ရှာဘို့အတွက်လည်း Resume ပြင်တတ်အောင်၊ interview ၀င်တဲ့အခါ ဖြေတတ် အောင် လေ့ကျင့်ပေးတာမျိုးတွေလည်း ရှိပါတယ်။ နောက်ပြီး ကျောင်းနဲ့ အပြင် ကုမ္ပဏီတွေ Link လုပ်ထားတဲ့အတွက် အပြင်မှာ အလုပ်ခေါ်ရင် ကျောင်းကနေ ကျောင်းသားတွေဆီကို အကြောင်းကြားပေးတယ်။ ခုကတော့ စီးပွားရေး ကျနေတဲ့ အတွက် အလုပ်ခေါ်တာတွေ နည်းပြီး လခလဲ ကျသွားတယ်။
ခုနေ အလုပ်ဝင်မယ်ဆိုရင် လခ ၂၀၀၀ - ၂၅၀၀ လောက်တော့ ရမယ် မှန်းတယ်။ ကျွန်မလည်း အလုပ်မ၀င်ရ သေးဘူး ဆိုတော့ သေသေချာချာ မပြောတတ်သေးဘူး။ သိပ် အတွေ့အကြုံရင့်သွားရင်တော့ ၃၀၀၀ လောက် မှန်းလို့ ရပါတယ်။ ကျောင်းဆင်းတွေအနေနဲ့ကတော့ လုပ်ငန်း အတွေ့အကြုံမရှိသေးတော့ လခကို သိပ်မာမာ မတောင်းရဲသေး ဘူးပေါ့။ ကိုယ်မှ ဘာမှ မတတ်သေးတာကိုး။ ဒါပေမဲ့ လုပ်သက် ၂ နှစ်၊ ၃ နှစ်လောက်ရသွားပြီ ဆိုရင်တော့ ကိုယ့် စိတ်ကြိုက် ဈေးတောင်းလို့ ရတာပေါ့။
နောက်တစ်ခုက သူတို့က Singaporean ဒါမှမဟုတ် PR ကိုပဲ ခေါ်ချင်တယ်။ ကိုယ်ကလည်း ခုမှ ကျောင်းက ဆင်းလာတာ။ အလုပ်လုပ်ပြမှ PR ဖြစ်မှာကိုး။ အဲဒီ စပ်ကူးမတ်ကူး ကာလမှာ အလုပ်ရာရ သိပ်မလွယ်ဘူး။ တချို့ကျတော့ part time အလုပ်ကို ၀င်လုပ်ကြတယ်။ လခ နည်းသည်ဖြစ်စေ၊ များသည် ဖြစ်စေ ရွေးမနေတော့ဘူး။ အဓိက က အတွေ့အကြုံ လိုချင် လို့။ နောက်တစ်ခုကလည်း သူက အလုပ်လုပ်နေတဲ့သူ ဆိုတဲ့အတွက် ကျောင်းပြီးတာနဲ့ PR လျှောက်တဲ့အခါမှာ ပို အဆင်ပြေတယ်။
ဒီမှာ အားသာချက်တစ်ခုက ကျောင်းတက်ရင်းနဲ့ အချိန်ပိုင်း အလုပ်လုပ်လို့ရတာပဲ။ ကျောင်းတက်ချိန်က ၇ လ လောက်ပဲ ရှိတာ။ ၅ လ လောက် ကျောင်းပိတ်တယ်။ ဆိုတော့ အဲဒီ ကျောင်းပိတ်ချိန်တွေမှာလည်း အလုပ်လုပ်လို့ ရတာပဲ။ အလုပ်လုပ်ရင်း ကျောင်းစရိတ်အတွက် ငွေစုလို့ ရတာပေါ့။
ဒီဘာသာရပ်ရဲ့ အားသာချက်က Finance Management ဆိုတော့ သူက လုပ်ငန်းတိုင်းအတွက် common ဖြစ်တယ်။ အလုပ်ရှာတဲ့နေရာ ကျတော့ သူက ဘယ်ကုမ္ပဏီကိုမဆို လျှောက်လို့ရတယ်။ အလုပ်ပေါတယ် ဆိုပါတော့။ နောက်ပြီး ငွေကြေးစီမံခန့်ခွဲမှု ဆိုတော့ လုပ်ခကောင်းကောင်း ရနိုင်တယ်။ ဥပမာ ဆိုပါတော့ Electrical Engineering ဆိုရင် လျှပ်စစ်လုပ်တဲ့ ကုမ္ပဏီတွေပဲ လျှောက်လို့ရမယ်။ Marine Engineering ဆိုလည်း သင်္ဘောကျင်းကလွဲလို့ အပြင်မှာ အသုံးမတည့်ဘူး။
Finance Management ကတော့ ကုမ္ပဏီကြီးသည် ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ သင်္ဘောကျင်းဖြစ်စေ၊ ဆောက်လုပ်ရေး ဖြစ်စေ၊ ကုန်ကုန်ပြောရရင် ကိုယ်ပိုင် စီးပွားရေး အငယ်စားလေးတွေလုပ်ရင် တောင်မှ အသုံးဝင်တယ်။ အဲဒါ ဒီဘာသာရပ်ရဲ့ အားသာချက်ပဲ။ ဘယ်လောက်ပဲ စီးပွားရေးကျကျ ဒီအလုပ်ကတော့ လက်လွှတ်လို့ ရမှာ မဟုတ်ဘူး။ တစ်နည်းအားဖြင့် စီးပွားရေးကျလေ ငွေကြေးစီမံခန့်ခွဲမှု လုပ်ဖို့ ပိုလိုလေ ဆိုတော့ စီးပွားရေး တက်သည်ဖြစ်စေ၊ ကျသည် ဖြစ်စေ ကိုယ့်အလုပ်ကို တိုက်ရိုက်ထိခိုက်လာမှာ သိပ် စိုးရိမ်စရာ မလိုတော့ဘူးပေါ့။
တစ်ခါ ကိုယ်ပိုင်အလုပ်သာ မကပဲ ပရဟိတ လုပ်ငန်းတွေမှာပါ ၀င်ပြီး ကူညီလို့ရတယ်။ ဆိုပါတော့၊ ခု ဗမာပြည်မှာ လုပ်နေတဲ့ နာရေးကူညီမှု အသင်းလိုဟာမျိုးမှာ ငွေကြေးကို ဘယ်လို ထိထိရောက်ရောက် ဖြစ်အောင် စီမံခန့်ခွဲ မလဲ ဆိုတာ အကြံပေးလို့ရတယ် ပေါ့။
စင်ကာပူမှာ ကျောင်းလာတက်တော့မယ် ဆိုရင် အဓိက ကတော့ အင်္ဂလိပ်စာကို သေသေချာချာ ကျွမ်းကျွမ်း ကျင်ကျင် ပြောတတ်၊ ရေးတတ်၊ ဖတ်တတ်အောင် လေ့ကျင့်ထားဘို့ လိုပါတယ်။ ဒါမှ ကိုယ်ပြောချင်တာတွေကို ပြောလို့ ရမယ်။ သူတို့နဲ့ ဆွေးနွေးလို့ ရမယ်။ presentation တွေမှာ ပိုပြီး ၀င်ဆန့်နိုင်မယ်။ စာတမ်းရေးတဲ့အခါမှာလည်း ကိုယ့်အတွေးအခေါ်တွေကို မှန်မှန်ကန်ကန် ဖော်ထုတ် ခွင့်ရမယ်။ အင်္ဂလိပ်စာ သေသေချာချာ မရေးတတ်ရင် ကိုယ့်မှာ idea တွေ ရှိနေရင်တောင်မှ ဘယ်လိုရေးရမှန်း မသိတာနဲ့ အမှတ်လျော့တယ်။
သူတို့ပြောတာ ကိုယ်ဝင်မဆွေးနွေးနိုင်ရင် inter-personal skill အမှတ်ပေးတဲ့အခါ မျက်နှာငယ်ရတယ်။ စာသင် ရတဲ့ နေရာမှာတော့ ဘာမှ မကွာပါဘူး။ ဒါပေမဲ့ အင်္ဂလိပ်စာ ပိုကောင်းတဲ့လူက ပိုတက်သွားနိုင်တယ်။ နောက်ပြီး report ရေးတဲ့ အခါ အရမ်းမစဉ်းစားရတော့ဘူး။ ကိုယ်သိတာလောက် ကောက်ကက်ရေးသွားလိုက်ရင် အချိန်ကုန် အရမ်း သက်သာသွားတယ်။ ဒါမှ မဟုတ်ပဲ ကိုယ်က အင်္ဂလိပ်လို ကောင်းကောင်းမရေးတတ်ရင် အဲဒီဟာကြီးကကို အလုပ်ကြီး တစ်ခု ဖြစ်နေတယ်။
နောက်ပြီး ကိုယ်က မတတ်တတတ်နဲ့ ရေးထားတာမို့ သိပ်မကောင်းတော့ဘူး။ အဲဒီတော့ စင်ကာပူရီယမ်တွေက ကိုယ့် report ယူကြည့်ပြီး မကောင်းလို့ ပြင်လိုက်ရင် စိတ်ထဲမှာ အရမ်းအားငယ် သွားတာပဲ။ သိမ်ငယ်တာပေါ့။ သူတို့ကျ တော့ ငယ်ငယ်ထဲက report ရေးတာ အကျင့်ရနေတော့ ခပ်လွယ်လွယ်ပဲ။ များသောအားဖြင့်တော့ ပထမနှစ်မှာ အဲဒါ အများဆုံးတွေ့ရတယ်။ နောက်နှစ်တွေရောက်သွားတော့ ကိုယ့်ဟာကိုယ် confidence ရလာတဲ့အတွက် သိပ်မခဲယဉ်း တော့ဘူး။ ရေးတတ်သွားပြီ။
နိုင်ငံခြားမှာ ကျောင်းလာတက်တော့မယ် ဆိုရင် အသိရှိထားရင် ပိုပြီး အဆင်ပြေတယ်။ ဆိုပါတော့ အဆောင်မရ တဲ့အခါ အခန်းကြိုငှားတာတို့ စသဖြင့်ပေါ့။ တစ်ခုတော့ရှိတယ်။ ကိုယ်က ဗမာပြည်တုံးက အိမ်မှာနေခဲ့တာ။ ဒီကျမှ အခန်း လေးထဲမှာ နေရတယ် ဆိုတော့ အိပ်ယာတစ်ခုထဲ။ အရမ်းကျဉ်းသွားတယ်။ တစ်ခန်းထဲမှာ တစိမ်းနဲ့ အတူနေရတော့မယ် ဆိုရင် ကိုယ်နဲ့ အခန်းဖော် အပြန်အလှန် နားလည်မှု ရှိဘို့ လိုတယ်။ နေ့တဓူဝ အတူနေနေရတဲ့သူနဲ့ အဆင်မပြေတဲ့အခါ အရမ်း စိတ်ဆင်းရဲဘို့ ကောင်းတယ်။
နောက်ပြီး အိမ်လွမ်းနာ ပေါ့။ သူများတိုင်းပြည်မှာ အသိအကျွမ်းကလည်း မရှိသေး။ စာတွေကလည်း အသစ်၊ မနည်းလိုက် ရတယ်။ လည်စရာ အဖော်ကလည်း မရှိ။ စကားပြောဖော်လည်း မရှိနဲ့ ရောက်စမှာ အထီးကျန်တဲ့ ဝေဒနာကို အတော် ခံစားရတယ်။ အိမ်အရမ်းပြန်ချင်တာပဲ။
နောက်တစ်ခုက ဗမာပြည်မှာက ကလေးတွေကို ဦးစားပေးလွန်းတယ်။ သူတို့ကိုယ် သူတို့ လူကြီးမိဘတွေရဲ့ အမှီခို ကင်းအောင် လေ့ကျင့်ပေးတာမျိုး မရှိဘူး။ အစစ မိဘတွေကပဲ အကုန်လုပ်ပေးတာ။ စာသင်တယ် ဆိုလဲ ကျူရှင် ကောင်းကောင်း ထားပေးရတာနဲ့။ ဆရာကို အိမ်ခေါ်ပြီး စာသင်ရတာနဲ့။ အ၀တ်ဆိုလည်း လျှော်ပေး။ မီးပူတိုက်ပေး။ အစား အသောက်ဆိုလည်း အဆင်သင့် လက်ဆေးစားရုံ။ ပန်းကန်တောင် ဆေးရတာ မဟုတ်ဘူး ဆိုတော့ ဒီကျတော့ အစစ ကိုယ့်အားကိုယ်ကိုးရပြီလည်း ဆိုရော ဘာမှ မလုပ်တတ်တော့ဘူး။
ကျွန်မကတော့ ဒီမှာ အစ်မနဲ့ အတူနေတာ ဆိုတော့ သိပ်မဆိုးပါဘူး။ အကုန်အဆင်ပြေပါတယ်။ တခြား သူငယ်ချင်းတွေထဲမှာတော့ အခန်းဖော်နဲ့ အဆင်မပြေတာ။ အိမ်ရှင်နဲ့ အဆင်မပြေတာ တွေ တွေ့ရတတ်တယ်။
ကျောင်းအတွက် Scholarship(ပညာသင်ဆု) လည်း လျှောက်လို့ ရတယ်။ ဒါပေမဲ့ တော်ရုံတန်ရုံ တော်ရုံနဲ့တော့ မရတတ်ဘူး။ အင်မတန့်ကို တော်တဲ့ တစ်နိုင်ငံလုံးမှာ one to ten ၀င်တဲ့သူတွေပဲ မှန်းလို့ရနိုင်မယ်။ နောက်ပြီး SAT အမှတ်လည်း အရမ်းကောင်းရမယ်။ Scholarship ဆုတွေကတော့ အများကြီးပဲ။ ASEAN Undergraduate Scholarship, SAS Scholarship, SMU Scholarship စသဖြင့် အများကြီးပဲ။ http://www.smu.edu.sg/financial/scholarships/scholarships01.asp မှာ ၀င်ကြည့်လို့ ရတယ်။ လာအိုက လာတဲ့သူ တွေ တွေ့တယ်။ သူတို့ကျတော့ အကုန်လုံးလိုလို scholarship တွေချည်းပဲ။ အစိုးရက စီစဉ်ပေးသလား ဘာလားတော့ မသိဘူး။
ဆရာတွေထဲမှာ စင်ကာပူရီယမ်တွေ နည်းတယ်။ ကိုးရီးယားတို့၊ ယိုးဒယားတို့၊ ဂျပန်တို့ တွေတွေ့ရတယ်။ အမေရိ ကန်တွေလည်း ပါတယ်။ ကျောင်းသားတွေထဲမှာ စင်ကာပူရီယမ်တွေ များတယ် ဆိုပေမဲ့ ခွဲခြားဆက်ဆံတာတို့၊ နှိမ်ပြီး ဆက်ဆံတာတို့တော့ မတွေ့ရပါဘူး။ နောက်တော့ သူငယ်ချင်းတွေ ဖြစ်သွားကြတာပါပဲ။
ကျွန်မတို့က သူတို့နဲ့စာရင် အသက်ပိုငယ်တယ်။ သူတို့ကျတော့ မိန်းကလေးဆိုရင် အသက် ၁၉ နှစ်၊ ယောက်ျား လေးဆိုရင် အသက် ၂၀၊ ၂၁ မှ တက္ကသိုလ် စတက်ကြတာ။ ဒီတော့ ရင့်ကျက်မှု နဲ့ အတွေးအခေါ်ပိုင်းမှာ ကွာတယ်။ ဗမာ ပြည်က လာတက်တဲ့ တချို့တွေဆို ခုမှ ၁၆ နှစ် ပြည့်ရုံပဲ ရှိတာတွေတောင် ပါတယ်။ သူတို့ကျတော့ ရုပ်ပိုင်းမှာရော၊ စိတ်ပိုင်းမှာပါ ရင့်ကျက်မှု အများကြီး လိုသေးတယ်။
သူတို့က ငယ်ငယ်ထဲက အလေ့အကျင့်ရထားတာ ဆိုတော့ ကျွန်မတို့နဲ့ စာရင် အရမ်း စာလုပ်နိုင်တယ်။ အရေးကြီးလို့ စာကျက်ရတော့မယ် ဆိုရင် စာကြည့်တိုက်ထဲမှာ မအိပ်မနေ ရက်ပေါင်းများစွာ လုပ်နိုင်ကြတယ်။ ကျွန်မတို့ ကျ အဲဒီလောက် မတတ်နိုင်ဘူး။ ကျွန်မအတွက်တော့ အစ်မရှိနေလို့ တော်တော်လေး အဆင်ပြေတယ် လို့ ပြောရမှာပါ။ ကျေးဇူးတင်ပါတယ်။
သုံးသပ်ချက်
၁။ ယခင် အတွေ့အကြုံများတွင် ရေးခဲ့ ပြောခဲ့ကြသလို မြန်မာပြည်မှ စင်ကာပူ သို့ ကျောင်းလာတက်မည့် သူများ သည် အင်္ဂလိပ်စာ ကို ကောင်းကောင်း သေသေချာချာ လေ့ကျင့်ရန် အလွန် အရေးကြီးပါသည်။ သို့မှ စင်ကာပူသို့ ကျောင်းလာတက်သော အခါ အထက်တွင် မတင်ဇာမော် တွေ့ခဲ့ရသော အခက်အခဲမျိုးများကို ရှောင်ရှားနိုင်မည် သို့မဟုတ် လျှော့ချနိုင်မည် ဖြစ်ပါသည်။
၂။ ကျောင်းတက်လာမည့် သူများအနေနှင့်ရော မိဘများကိုယ်တိုင်ကပါ ကိုယ့်သားသမီးကို ကျောင်းပို့ချင် အလျင်မလိုပဲ အသက်နည်းနည်းရလာအောင် ကိုယ့်အားကိုယ်ကိုး လာနိုင်အောင် လေ့ကျင့်ပေးဘို့ လိုပါသည်။ သို့မဟုတ် ပါက သားသမီးကို ချစ်ရာမရောက်။ နှစ်ရာ ရောက်ပါလိမ့်မည်။ ကလေးစာမလိုက်နိုင်ပဲ စာမေးပွဲ ကျမည်။ သို့မဟုတ် စိတ်ဓါတ်ကျပြီး ကျောင်းထွက်ကာ အိမ်ပြန်လာမည် ဆိုပါက ဆုံးရှုံးမှု ပမာဏ ကြီးမားလှပါသည်။
၃။ မိမိတက်မည့် ကျောင်းအကြောင်း နှင့် မိမိယူမည့် ဘာသာရပ်အကြောင်း သေသေချာချာ လေ့လာထားရန်လည်း အရေးကြီးပါသည်။ သို့မှ ဘာတွေသင်မည်။ ဘာတွေ ကြိုလေ့လာထားလျှင် အကျိုးရှိနိုင်မည် ကို သိနိုင်ပါသည်။
၎။ အမေ့အိမ်နှင့် ခွဲခွာပြီး တစ်ပြည်ရပ်ခြားတွင် နေရလျှင် အထက်ဖော်ပြပါ အခက်အခဲများ တွေ့နိုင်ကြောင်း သိရှိ ထားပါက လက်တွေ့မျက်တွေ့ ကြုံတွေ့လာရသော အခါ ခုသာခံသာ ရှိပါလိမ့်မည်။
ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ တက္ကသိုလ်ဘုန်းနိုင်
Labels
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲ (10)
- Bitter Life (26)
- Build Your Future (10)
- Christopher (34)
- Construction Safety Handbook (57)
- Covid19 (19)
- Education (26)
- Emergency handbook (7)
- Engineering (12)
- Environment (8)
- Farm Safety (10)
- Fire Protection (5)
- Fridge and Aircond (6)
- Gas Pipe Line (5)
- General (215)
- Greenery Singapore (2)
- Health (6)
- IOSS (3)
- ISO 45001 (7)
- ISO 9001 (2)
- Knowledge sharing sessions (4)
- Life (8)
- Living in Singapore (68)
- My Articles (571)
- Myanmar (65)
- Myanmar Culture (15)
- Myanmar Transitional Platform (31)
- Piping (41)
- PPE Book (3)
- Safety (153)
- Tire Safety (5)
- Welding Technology (6)
- Working in Singapore (45)
- ကဗ်ာမ်ား (27)
- စင်ကာပူအကြောင်း (96)
- စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁ (3)
- စာအုပ္မ်ား (3)
- ဒသမတန်း မြန်မာစာ (9)
- မြန်မာစာ (1)
- မြန်မာပြက္ခဒိန် (7)
- မြန်မာပြက္ခဒိန် (62)
- မြွေဆိပ်ဖြေဆေး (5)
Wednesday, September 30, 2009
Friday, September 25, 2009
Bitter Life XVI (ကိုဖေအောင်)
နာမည် - ကိုဖေအောင်
အသက် - ၄၆
ပညာအရည်အချင်း - သူနာပြု ဒီပလိုမာ။ ၀ိဇ္ဖာဘွဲ့ (စိတ်ပညာ)(အဝေးသင် တက္ကသိုလ်)
လက်ရှိအလုပ်အကိုင် - အကူ သူနာပြု (Assistant Nurse Grade 1)
လစာ - ၁၇၀၀
ကိုဖေအောင်မှာ အရပ်ရှည်ရှည်နှင့် အလွန်ရိုးသားပြီး စိတ်ရင်း စေတနာ ကောင်းသူတစ်ဦး ဖြစ်ပါသည်။ သူက အလုပ်ကို စေတနာထားပြီး လုပ်သည်။ သို့အတွက် တိုးတက်လမ်း ရှိသူတစ်ဦး ဖြစ်ပါသည်။ သူက ပညာတတ်တာချင်း အတူတူ၊ မြန်မာပြည်မှ လာသူများမှာ အခြားနိုင်ငံသားများလောက် အခွင့်အရေးမရ၊ မြန်မာ သူနာပြုများမှာ အခြားနိုင်ငံ မှ လာသော သူနာပြုများထက် အတွေ့အကြုံများ၊ ပိုတတ်သည့်တိုင်အောင် အလုပ်ထဲတွင် အနှိမ်ခံရကြောင်း စိတ်မကောင်း စွာ ပြောပြပါသည်။ ထိုသူများနှင့် တန်းတူ အခွင့်အရေး ရရန် မိမိတို့ဘက်က ပိုတော်၊ ပိုတတ်အောင် အမြဲ လေ့လာ ဆည်းပူးနေဘို့ လိုကြောင်း ပြောပြပါသည်။
ကိုဖေအောင်မှာ သူတစ်ပါးအပေါ် မေတ္တာထားတတ်သူ ဖြစ်သဖြင့် သူနှင့် သူ့အလုပ်မှာ အလွန်မှ ဟပ်မိပါသည်။ ဂုဏ်ယူဘွယ်တစ်ခုမှာ ကိုဖေအောင်က လူနာများအပေါ် ၀တ်ကျေ ၀တ်ကုန်မျှ မဟုတ်ပဲ တကယ့် စေတနာ၊ မေတ္တာ အပြည့်နှင့် ပြုစုစောင့်ရှောက် ပေးခြင်း ဖြစ်ပါသည်။ သို့အတွက် သူ့စေတနာ၏ အကျိုးကို သူ မလွဲမသွေ ပြန်လည် ခံစားရမည် မုချ ဖြစ်ပါသည်။ အခြားသော သူနာပြုများ အတုယူဘွယ် ဖြစ်ပါ၏။
အောက်ပါ အတွေ့အကြုံများမှာ စင်ကာပူသို့ လာရောက် အလုပ်လုပ်လိုသော၊ စင်ကာပူတွင် ရောက်ရှိလုပ်ကိုင် နေသော မြန်မာ သူနာပြုနှင့် သူနာပြုအကူများ အတွက် အဖိုးတန်လိမ့်မည် ဟု ယူဆပါသည်။
ကျွန်တော့် ဇာတိကတော့ မော်လမြိုင်၊ ဘီလူးကျွန်းကပါ။ ကျွန်တော် ဆယ်တန်းအောင်တော့ Nursing တက်တယ်။ Nursing သုံးနှစ်တက်ပြီး အဝေးသင် ဆက်တက်တယ်။ ကျွန်တော် အလုပ်စ၀င်တော့ ၁၉၈၃ နိုဝင်ဘာ။ အဲဒီတုံး က ရန်ကုန် - မန္တလေး အမြန်လမ်းဖောက်လုပ်ရေး စီမံကိန်း မှာ ကျတယ်။ ကျွန်တော်တို့ ကျန်းမာရေးဌာနကို အကျဉ်းဦးစီးက on loan နဲ့ ငှားလိုက်တဲ့ သဘောပေါ့။ သူတို့ ဆရာဝန်တစ်ယောက်နဲ့ သူနာပြု တစ်ယောက် ခေါ်တယ်။ သူနာပြုကို အမျိုးသား သူနာပြုပဲ ခေါ်တာပေါ့။ အဲဒီမှာ ဆေးထောင်မှူးဘ၀နဲ့ ၃ နှစ် လုပ်ခဲ့တယ်။
ကျွန်တော်တို့ တာဝန်က လမ်းဖောက်နေတဲ့ အကျဉ်းသားတွေရယ်၊ အကျဉ်းသားတွေကို အုပ်ချုပ်တဲ့ ထောင် ၀ါဒါ တွေရယ်ကို ဆေးကုသမှု ပေးရတယ်။ အဲဒီတုံးက စခန်း ၆ ခု ရှိတယ်။ အဲဒီမှာ ဆရာဝန်ကြီး တစ်ယောက်၊ လက်ထောက် ဆရာဝန် နှစ်ယောက်၊ စခန်းတစ်ခုကို အမျိုးသား သူနာပြု တစ်ယောက်စီ ထားပေးတယ်။ ပင်မ စခန်းကြီးမှာတော့ အမျိုးသား သူနာပြု လေးယောက်၊ တာဝန်ခံ ဆရာဝန် တစ်ယောက် ထားပေးတယ်။ အဲဒီမှာတော့ in patient (ဆေးရုံ တက်ရောက် ကုသခံရသည့် လူနာ) တွေ လက်ခံတယ်။
သက်ဆိုင်ရာ စခန်းတွေက သူနာပြုတွေက အကျဉ်းသားတွေ နေထိုင်မကောင်း ဖြစ်ရင် ကြည့်ရှုစောင့်ရှောက်ပေး ရပြီး ဆေးရုံတက်သင့်တယ် ဆိုလည်း ပင်မ စခန်းမှာရှိတဲ့ ဆေးရုံကို တင်ပေါ့။ ဆေးရုံကလည်း ကောင်းပါတယ်။ တကယ့် ဆေးရုံကြီးတွေ အတိုင်းပဲ။ ဆရာဝန်ကြီးက ညွှန်ကြားချက်ပေး။ ကျွန်တော်တို့က လုပ်ပေးပေါ့။ ဒီမှာတော့ Nursing Care နဲ့ treatment ကိုပါ ပူးတွဲ လုပ်ရတယ်။
အဲဒီမှာ ၃ နှစ်လုပ်ခဲ့ပြီး ရန်ကုန် စိတ်ရောဂါ အထူးကု ဆေးရုံကြီးကို ရောက်လာတယ်။ အဲဒီ ဆေးရုံမှာ Unit နှစ်ခု ရှိတယ်။ Psychiatric Unit နဲ့ Narcotic Unit ။ ကျွန်တော်က Narcotic Unit မှာ ကျတယ်။ မူးယစ်ဆေးဝါး လာဖြတ်တဲ့ လူနာတွေပေါ့။ ကျွန်တော်တို့ရောက်တော့ ဆရာဝန်ကြီး ဒေါက်တာ ဦးခန့် လက်ထက်။ အဲဒီမှာ ၂ နှစ်ကြာတယ်။ အဲဒီကနေ Psychiatric Unit ကို ပြောင်းရတယ်။ စိတ်ရောဂါသည်တွေ ထားတဲ့အဆောင်။ စင်ကာပူ အခေါ်တော့ Long Stay, ကျွန်တော်တို့ ဆီမှာတော့ Chronic Unit လို့ ခေါ်တယ်။ အဲဒီမှာ ၁ နှစ်ကျော် လုပ်ခဲ့တယ်။
အဲဒီနောက်တော့ မိသားစုနဲ့ အတူနေချင်တာနဲ့ ကျွန်တော် လှည်းကူးဆေးရုံကို ပြောင်းလာခဲ့တယ်။ ဆေးရုံက ကုတင် ၅၀ ဆန့် ဆေးရုံ။ အဲဒီကျတော့ ရိုးရိုး သာမန် လုပ်ရိုးလုပ်စဉ် သူနာပြု လုပ်ငန်းတွေပဲ လုပ်ရတာပေါ့။ အဲဒီမှာ မြို့နယ် ကျန်းမာရေး ဆရာဝန်ကြီး၊ မြို့နယ် ကျန်းမာရေး အရာရှိ၊ မြို့နယ် ဆရာဝန်၊ သူနာပြုထဲမှာဆို မြို့နယ် သူနာပြု ဆရာမ ကြီးပေါ့။ သူက အဆင့်အမြင့်ဆုံးပဲ။ Blue Staff (S/N – Staff Nurse) လို့ ခေါ်တာပေါ့။ TN (Trained Nurse = လေ့ကျင့် ထားပြီးသား သူနာပြု) က စုစုပေါင်း ၅ ယောက်။ အဲဒီမှာ ၁၂ နှစ်လောက် လုပ်ပြီး စင်ကာပူ ထွက်လာခဲ့တာပဲ။
စင်ကာပူမှာ လုပ်နေတဲ့ သူငယ်ချင်းက လှမ်းခေါ်တယ်။ ဒီမှာ လာလုပ်ပေါ့။ အမျိုးသမီးကလည်း နိုင်ငံခြား အတွေ့ အကြုံယူထားရင် ကောင်းမယ် ပေါ့။ အဲဒါနဲ့ စင်ကာပူထွက်ဘို့ ဖြစ်လာတယ်။ လုပ်ရတာတော့ တော်တော် လွယ်ပါတယ်။ အဲဒီ သူငယ်ချင်းကို လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပေးလိုက်တော့ သူ့ဟာသူ တင်တယ်။ ပိုက်ဆံလည်း သူ့ဟာသူပဲ စိုက်ပေးထားလိုက်တာ။ ၆ လ လောက်ကြာတော့ ကျပြီ ဆိုတော့မှ ကျွန်တော်က ကောက်ကက် ထွက်လာလိုက်တာ။ သူငယ်ချင်းက စင်ကာပူ အေးဂျင့်နဲ့ တင်ပေးတာ။ အေးဂျင့်ဖီး ၁၈၀၀ ပေးရတယ်။
ကျွန်တော် စင်ကာပူထွက်လာတော့ ၂၀၀၁ ခုနှစ်။ Nursing Home မှာ လုပ်ရတယ်။ လခ ၄၅၀ ပေးတယ်။ ရာထူး ကတော့ Nursing Aid ပေါ့။ ဗမာပြည်က လာတဲ့သူတွေ အားလုံးကို သူတို့က Nursing Aid ပဲ ပေးတာပဲ။ ကြည့်ပါဗျာ။ ကျွန်တော်ဆို ဗမာပြည်မှာ လုပ်သက် ၁၈ နှစ်လောက် ရှိပြီး အင်မတန် လုပ်ငန်းအတွေ့အကြုံ ရင့်ကျက်နေပြီးသားကို ဒီလာတော့ Nursing Aid ပဲ ရတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။
ကျွန်တော် လုပ်ရတာ Tong Tat Home for Senior Citizen လို့ ခေါ်တယ်။ Geylang မှာရှိတယ်။ သူ့အနားမှာ ဟိန္ဒူ ဘုရားကျောင်း တစ်ခု ရှိတယ်။ ကျွန်တော်တို့ အောက်မှာ HCA (Health Care Assistant) ရှိတယ်။ နောက်ပြီး ကျွန်တော်တို့။ ကျွန်တော်တို့ အထက်မှာ Assistant Nurse။ နောက်ပြီးတော့ S/N ၊ နောက်ပြီးတော့မှ Sister ဆိုပြီး အဆင့် ဆင့် ရှိတယ်။
ကျွန်တော်တို့လုပ်ရတာကတော့ မိုးလင်းလာရင် လူနာကို ရေချိုးပေးရတယ်။ ဆေးလိမ်းပေးရတယ်။ အ၀တ် အစား လဲပေးရတယ်။ အစာမစားနိုင်တဲ့သူတွေကို ခွံ့ကျွေးရတယ်။ ကိုယ့်ဟာကိုယ် စားနိုင်တဲ့သူတွေ ကျတော့ စားဘို့ သောက်ဖို့ စီစဉ်ပေးရတာပေါ့။ Nurse တွေက ဆေးပေးသွားရင် လူနာ ဆေးသောက်မသောက် ကြည့်ရတယ်။ ဒီအတိုင်း အပြားလိုက်မသောက်နိုင်ရင် အမှုံ့ကြိတ်ပြီး ရေနဲ့တိုက်ပေး ရတယ်။ ဒီက အခေါ်နဲ့ ဆိုရင် Activity of daily living ခေါ်တာ ပေါ့။ တစ်နေ့စာ လူတွေ နေထိုင် လုပ်ကိုင်ရတဲ့ အလုပ်မှန်သမျှ အားလုံး လုပ်ပေးရတာပေါ့။ အဲဒီမှာက အသက်ကြီးတဲ့ သူ တွေကို ထားတာ။
အဲဒီ Nursing Home မှာ လူနာပေါင်း ၁၆၀ ရှိတယ်။ အမျိုးသား၊ အမျိုးသမီး ခွဲထားတယ်။ အမျိုးသားတွေကို အမျိုးသား နာ့စ်တွေကြည့်။ အမျိုးသမီးတွေကို အမျိုးသမီး နာ့စ်တွေက ကြည့်ပေါ့။ အမျိုးသမီး Nursing Aid က ၆ ယောက် ရှိတယ်။ အမျိုးသား Nursing Aid က ၆ ယောက် ဆိုတော့ စုစုပေါင်း ၁၂ ယောက်လောက် ရှိတယ်။ HCA က တစ်ဖက်ကို ၄ ယောက် နဲ့ ၈ ယောက် လောက်ရှိတယ်။
ဆိုတော့ ကျွန်တော်တို့ တစ်ယောက်ကို ပျှမ်းမျှခြင်း လူနာ ၆ ယောက် ကနေ ၁၀ ယာက်လောက် ထိ ကြည့်ရ တယ်။ ကိုယ့်ဟာကိုယ် လုပ်နိုင်ကိုင်နိုင်တဲ့ အဖိုးကြီး အဖွားကြီးတွေ ဆိုရင်တော့ သက်သာတာပေါ့။ သူတို့ကိုတော့ independent case ခေါ်တယ်။ ကိုယ့်ဟာကိုယ် မသယ်နိုင် မ၀ယ်နိုင်တဲ့ အဖိုးကြီး အဖွားကြီးတွေဆိုရင်တော့ ပင်ပန်းတာ ပေါ့။ များသောအားဖြင့်လည်း အသက်ကြီးတဲ့ သူတွေ လာတာ ဆိုတော့ မသယ်နိုင် မ၀ယ်နိုင်တွေ များပါတယ်ဗျာ။ ကိုယ့် ဟာကိုယ် လုပ်နိုင်တဲ့ သူတွေကျတော့ အိမ်တွေမှာပဲ ထားတာပေါ့။
အလုပ်ချိန် တစ်နေ့ကို ၈ နာရီ၊ Tea Break ၁၅ မိနစ်၊ Lunch Break နာရီဝက် သတ်မှတ်ပေးတယ်။ တစ်ပတ်ကို တစ်ရက်နားရတယ်။ အိုတီ (overtime) မရှိဘူး။ ဆေးကုသစရိတ် ပေးတယ်။ ဒါပေမဲ့ သွား နဲ့ ပတ်သက်တဲ့ ဆေးကုသ စရိတ်တော့ မပေးဘူး။ ဆေးရုံတက်တဲ့ အခတွေ ဘာတွေ သူတို့ ပေးပါတယ်။
နေတာကတော့ အဲဒီမှာပဲ နေရတယ်။ စားတာလဲ အဲဒီက ကျွေးတယ်။ မနက်စာကို ပေါင်မုံ့နဲ့ မိုင်လိုတို့ ကော်ဖီတို့ ကျွေးတယ်။ ကြိုက်သလောက် ယူစားလို့ရတယ်။ ထမင်းစားတဲ့ အချိန် ထမင်းဆင်းစား။ ထမင်းစားခန်းထဲမှာ ထမင်းတို့၊ ဟင်းတို့ကို ထားပေးတယ်။ ဘူဖေးစားသလိုပေါ့။ ကြိုက်သလောက် ထည့်စားလို့ ရတယ်။ စားတဲ့ အချိန်တော့ သတ်မှတ် ထားတာပေါ့။ ဆိုပါတော့၊ ညစာဆို ည ၉ နာရီ နောက်ဆုံးထားပြီး စားရမယ် ပေါ့။
စားရသောက်ရတာတော့ အဆင်ပြေပါတယ်။ ကျွန်တော်တို့ တာဝန်ကျတဲ့ Home က Vegetarian Home (သက်သတ်လွတ် ဘိုးဘွားရိပ်သာ) ဆိုတော့ အသီးအရွက် တွေပဲ စားရတာပေါ့။ သူတို့ ဗုဒ္ဓဘာသာကလည်း very strong ဗျ။ သက်သတ်လွတ်ဆို ဆီတို့ ဆားတို့ လုံးဝမပါရဘူး။ အသီးအရွက် ရေလုံပြုတ်ပေါ့ဗျာ။ အသီးအရွက်တွေကို ရေနဲ့ ကျော်လိုက်တာ။ ရေနဲ့ ဆိုတော့ ကျော်ရာ ဘယ်ရောက်တော့မလဲ။ ပြုတ်သလို ဖြစ်သွားတာပေါ့။ စားရတာတော့ ဘယ်တင်းတိမ် မလဲ။ အိမ်ကပို့တဲ့ အကြော်အလှော် လေးတွေနဲ့ စားရတာပေါ့။
သူတို့ကသာ အသားမကျွေးပေမဲ့ ကျွန်တော်တို့ အိမ်ကယူလာတဲ့ အသားငါးတွေတော့လည်း စားလို့ရပါတယ်။ ဒါတောင် ခုမှ စားလို့ရတာ တဲ့။ အရင်တုံးက ဒီထဲမှာ စားခွင့်မပြုဘူးလို့ သိရတယ်။
Nursing Aid ကနေ အလုပ်ကြိုးစားရင် ဒီက Nursing Board ကလုပ်တဲ့ စာမေးပွဲတွေ ဖြေခွင့် ပြုတယ်။ Registered Nurse, Staff Nurse စသဖြင့်ပေါ့။ ဒါပေမဲ့ အဲဒီလို ဖြေခွင့်ရဘို့ကလည်း တော်တော်လေး ခဲယဉ်းတယ်။ နံပါတ် (၁) က ကုမ္ပဏီက ကြိုက်ရမယ်။ နံပါတ် (၂) က ကိုယ်ကိုယ်တိုင် အဲဒီစာမေးပွဲကို ဖြေဘို့ Qualify ဖြစ်ရမယ်။ အဲတော့မှ ဖြေခွင့်ရှိတယ်။ ဖြေတာက ကုမ္ပဏီ sponsor နဲ့ ဖြေရတာ။ ကုမ္ပဏီ sponsor မလုပ်ပေးပဲ ကိုယ့်ဟာကိုယ် ဖြေချင်ပါတယ် ဆိုလို့ မရဘူး။ အဲဒီ စာမေးပွဲ အောင်ရင် Assistant Nurse ဖြစ်တယ်။ Registered Nurse မဖြစ်သေးဘူး။ အဲဒီမှာ လုပ်လို့ ၂ နှစ်ပြည့်တော့ ကျွန်တော့်ကို အဲဒီ စာမေးပွဲ ဖြေခွင့်ပေးတယ်။ စာမေးပွဲဝင်ဘို့ အစိုးရက စရိတ်ပေးတာ။ ကျန်တဲ့ပိုက်ဆံကိုလည်း ကုမ္ပဏီက စိုက်ပေးတယ်။ ကျွန်တော်တို့က တစ်ပြားမှ မပေးရဘူး။
ဖြစ်ချင်တော့ အဲဒီမှာ အလျင်က ဗမာ အမျိုးသမီးတစ်ယောက် လုပ်ခဲ့သေးတယ်။ သူ့ကို စာမေးပွဲ ၀င်ဖြေခိုင်း တယ်။ သူ စာမေးပွဲမအောင်တော့ မင်းတို့ ဗမာတွေ အင်္ဂလိပ်စာ ညံ့တယ် ဆိုပြီး ဗမာတွေကို စာမေးပွဲ ၀င်ခွင့်မပေးတော့ ဘူး။ အဲဒီနောက် သုံးနှစ်လောက်ကြာတော့ ကျွန်တော်တို့ အမျိုးသား သူနာပြုနှစ်ယောက် ရောက်လာတယ်။ ဗမာတွေက အလုပ်တော့ ကြိုးစားပါရဲ့။ အင်္ဂလိပ်စာ ညံ့ပြီး communication မကောင်းတော့ သူတို့ ကျွန်တော်တို့ကို ကြည့်လိုက်ရင် အထင်သေးတဲ့ မျက်လုံးနဲ့ပဲ ကြည့်တာပဲ။
ဒါပေမဲ့ တစ်ခုရှိတာက လက်တွေ့လုပ်တဲ့နေရာမှာ ကျွန်တော်တို့က သူတို့ထက် အများကြီးသာတယ်။ ဆိုတော့ သူတို့နိုင်ငံသား supervisor တွေက အမြဲတမ်း အကဲခတ်နေတာ။ ဘယ်သူ ကြိုးစားသလဲ။ အခြေအနေကောင်းသလဲ ပေါ့။ အလုပ်လဲ ကြိုးစားတယ်။ လုပ်ငန်းလည်း ကျွမ်းကျင်ရမယ်။ လူနာတွေပေါ်မှာလည်း စေတနာ ကောင်းရမယ်။
ကျွန်တော်တို့ အဲဒီမှာ အရမ်းကြိုးစားခဲ့ရတယ်။ အချိန်တွေ၊ အင်အားတွေ၊ ဘ၀တွေ အများကြီး ပေးဆပ်ခဲ့ရတယ်။ ကျွန်တော်တို့ ကြိုးစားမှန်းသိတော့ ရောက်ပြီး တစ်နှစ်ခွဲလောက် အကြာမှာ အဲဒီက Staff Nurse ဆရာမကြီးက ခေါ်ပြောတယ်။ မင်းတို့ အင်္ဂလိပ်စာ ကြိုပြီး ပြင်ဆင်ထားပါ။ မင်းတို့ ဗုဒ္ဓဘာသာတွေပဲ။ အရင်တုံးက လူတွေက ညံ့တဲ့ အတွက် စာမေးပွဲ ၀င်ခိုင်းလိုက်လို့ မအောင်တဲ့အခါ ငါ မျက်နှာပျက်ရတယ်။ ခု မင်းတို့ စာမေးပွဲဝင်နိုင်အောင် ကြိုးစား ထားပါ လို့ ပြောတယ်။
ကျွန်တော်တို့လည်း ၀မ်းသာတာပေါ့။ ဒါမျိုး အခွင့်အရေးက လွယ်လွယ်နဲ့ ရတာမဟုတ်ဘူး။ ဟုတ်ကဲ့၊ ကျေးဇူး အများကြီးတင်ပါတယ် လို့ ပြောပြီး တစ်ပတ်လောက် အတွင်းမှာ မေးခွန်ဟောင်းတွေ လိုက်စု။ ကျက်ရ မှတ်ရ တာပေါ့။ ဆယ်ရက်လောက်ကြာတော့ ဒုတိယ အကြီးဆုံး က ဆေးရုံထဲမှာ လမ်းလျှောက်လာရင်း မင်း စာရောဖတ်ရဲ့လား လို့ မေးတယ်။ ကျွန်တော်ကလည်း သေသေချာချာ ပြင်ထားတာ ဆိုတော့ မင်းတို့သာ ခွင့်ပြုမယ် ဆိုရင် ရှေ့လ စာမေးပွဲ ၀င်လို့ ရပြီ လို့ ရဲရဲတင်းတင်း ပြောလိုက်တယ်။ သူ အဲဒီမှာ အရမ်း အံ့သြသွားတယ်။ မင်း မေးခွန်းတွေ သေသေချာချာ သိလို့လား လို့ မေးတော့ မင်းတို့ မေးခွန်းတွေအားလုံးက ငါတို့ နိုင်ငံမှာ ငါတို့ လက်တွေ့လုပ်ထားတဲ့ မေးခွန်းတွေပဲ။ ဘာမှ မဖြေနိုင် စရာ မရှိဘူး လို့ ပြောလိုက်တယ်။ ဟုတ်လည်း ဟုတ်တယ်လေ။
လုပ်ငန်းခွင်ထဲမှာ တကယ် လုပ်ထားတဲ့ သူတစ်ယောက် အနေနဲ့ဆို ဘာမှ မခက်ဘူး။ သူတို့က အလုပ်ကို ဘယ် လောက်နားလည်သလဲ၊ ကျွမ်းကျင်သလဲ လို့ မေးထားတာကိုး။ တကယ် လုပ်တဲ့သူသာ ဆို ဒါ လွယ်လွယ်ကလေး ဖြေလို့ ရတယ်။ မေးခွန်းအားလုံးက Multiple Choice (မှားမှန်ရောထွေး၊ အမှန်ရွေး) ပဲ။ လက်တွေ့လည်း လုပ်ထားမယ်။ အင်္ဂလိပ် စာလည်း ကျွမ်းကျင်မယ်ဆို အောင့်ကိုအောင်တယ်။
ဒီမှာက ဗမာပြည်မှာလို အကုန် ကျက်ထားစရာမှ မလိုပဲ။ အဖြေကို မြင်နေရတာကို။ အဖြေက ဘာလဲ ဆိုတာ သိဘို့ပဲ လိုတယ်။ ဒါပေမဲ့ အိယောင်ဝါးတော့ သွားလုပ်လို့ မရဘူးပေါ့။ ပေးထားတဲ့ အဖြေတွေ အားလုံးက ဆင်တူယိုးမှား လေးတွေချည်း ဆိုတော့ သေသေချာချာ မသိဘဲ ရမ်းဖြေတဲ့သူ ဆိုရင်တော့ ကျမှာပဲ။
အဲဒီ ဆရာမကြီးက သူ sponsor လုပ်ထားတာ ဆိုတော့ ကာယကံရှင် ကျွန်တော်တို့ထက်တောင် ပိုပြီး စိတ်ပူ နေသေးတယ်။ သူက ဗမာဆို အရမ်းကြိုက်တာ။ ဗမာတွေက ကြိုးကြိုးစားစား လုပ်တယ်။ စေတနာကောင်းတယ် ဆိုတော့ သူ ဗမာတွေကို လက်မလွှတ်ချင်ဘူး။
ကျွန်တော်တို့ စာမေးပွဲဖြေပြီးတော့ သူ ပြူးပြူးပြာပြာနဲ့ လာမေးတယ်။ ဘယ့်နဲ့လဲ ပေါ့။ အစ်မ ဘာမှ မပူပါနဲ့၊ သေချာပေါက် အောင်ပါတယ် ဆိုတော့ သူ ပြုံးပြုံး ပြုံးပြုံး နဲ့။
တစ်လလောက်ကြာတော့ အောင်စာရင်းထွက်တယ်။ ခါတိုင်းဆို သူရုံးကို ၉ နာရီလောက်မှ အမြဲရောက်တယ်။ ကျွန်တော်တို့ အောင်စာရင်းထွက်တဲ့နေ့မှာ သူရုံးကို အစောကြီး ရောက်ချလာတယ်။ မနက် ၇ နာရီလောက်မှာ သူ ရုံးကို ၀မ်းသာအားရနဲ့ ပြေးလာပြီး နင်တို့အောင်ပြီ၊ နင်တို့အောင်ပြီ တဲ့။ ကျွန်တော်တို့ထက်တောင် သူက ပိုပျော်နေသေးတယ်။
ကျွန်တော်ကတော့ သေချာပေါက်အောင်မှာပဲ လို့ တွက်ထားတာကိုး။ ကျွန်တော် စာမေးပွဲအောင်တော့ အဲဒီ Home မှာ နောက်ရောက်လာတဲ့ ဗမာတွေဆို အကုန်စာမေးပွဲ ဖြေခွင့်ပေးတာပဲ။
စာမေးပွဲက မခဲယဉ်းပါဘူး။ အခြေခံ သူနာပြုစုနည်းတွေ သိရင် အောင်ပါတယ်။ ဗမာပြည်မှာ ဒီပလိုမာ သင်တန်း သုံးနှစ်သင်ထား ပေးတာနဲ့ ကောင်းကောင်း လုံလောက်ပါတယ်။ လက်တွေ့လည်း လုပ်ဖူးထားရမယ် ပေါ့။
စာမေးပွဲ ဖြေပြီး ငါးလ၊ ခြောက်လလောက် အဲဒီမှာ ကျွန်တော် ဆက်လုပ်လိုက်သေးတယ်။ နောက်တော့ အဲဒီက ထွက်ပြီး ဗမာပြည် ပြန်လာခဲ့တယ်။ အဲဒီမှာတင် ၃ နှစ်ကျော် ကြာခဲ့တယ်။ ဗမာပြည်မှာ သုံးနှစ်နီးပါး နေလိုက်သေးတယ်။
ခု နောက်တစ်ခေါက် ပြန်ရောက်လာတာ ၂၀၀၇ ခုနှစ် ဇန္န၀ါရီလ။ ခု နောက်တစ်ခေါက် ပြန်လာချင်တယ် ဆိုတော့ စင်ကာပူမှာ လုပ်နေတဲ့ သူငယ်ချင်းက မင်း ဒီတစ်ခါတော့ ဆေးရုံမှာပဲ လုပ်ပါကွာ ဆိုပြီး အလုပ်ရှာပေးတယ်။ ရှာတယ် ဆိုတာလည်း အေးဂျင့်နဲ့ ရှာရတာပါပဲ။ ဆေးရုံတွေကတော့ အေးဂျင့်တွေကနေ ရှာရတယ်။ အေးဂျင့်ဖီးက ၂၀၀၀ ပေးရ တယ်။ ဒါတောင် ဒီဟာ တော်တော် သက်သာတယ် ခေါ်ရမယ်။ ခု Nursing Aid နဲ့ လာတဲ့သူတွေ ၃၅၀၀ ပေးရတယ် ကြားတယ်။
ကျွန်တော် စင်ကာပူလာမယ် လို့ သူငယ်ချင်းကို ပြောလိုက်တဲ့ အချိန်နဲ့ အလုပ်ရတဲ့ အချိန်ဆို တစ်လလောက်ပဲ စောင့်လိုက်ရတယ်။ အရမ်းမြန်တယ်။ တချို့ကျတော့လည်း ကိုယ့်ဟာကိုယ် visit နဲ့ လာပြီး အင်တာဗျူးကြတဲ့ သူတွေ လည်း ရှိတယ်။
ခုတစ်ခေါက် ကျွန်တော်ပြန်လာတာ Gleneagles Hospital မှာ။ အဲဒီ ဆေးရုံက Parkway Health Group အောက်မှာ။ Parkway အောက်မှာ ဆေးရုံ သုံးရုံသုံးရုံ ရှိတယ်။ Gleneagles ရယ်၊ East Shore ရယ်၊ Mount Elizabeth ရယ် ပေါ့။ အဲဒီမှာ AN (Assistant Nurse) နဲ့ ၀င်လုပ်တာ ၂ နှစ်ခွဲလောက် ကြာတယ်။ လခက Basic Pay က ၁၃၀၀ ကျော်၊ တခြား allowance တွေနဲ့ ပေါင်းလိုက်ရင် ၁၆၀၀ နီးပါးလောက် ရတယ်။ တစ်ပတ်ကို ၆ ရက်၊ တစ်ရက်ကို ၈ နာရီ ဆင်းရ တယ်။ သူတို့ဆီမှာလည်း Tea Break ၁၅ မိနစ်၊ နေ့ခင်း ထမင်းစားချိန် နာရီဝက် ပဲ ပေးတာပါပဲ။
Nurse Aid နဲ့ Assistant Nurse နည်းနည်းတော့ ကွာတယ်ဗျ။ AN ကျတော့ သူတို့နိုင်ငံ Nurse စာရင်း ၀င်သွား ပြီ ဆိုတော့ Nursr Aid တွေလို ရောရာသောင်းပြောင်း အကုန် မလုပ်ရတော့ဘူး။ Nurse တွေ လုပ်ရမဲ့ အလုပ်ပဲ သီးသန့် လုပ်ရတော့တယ်။
ကျွန်တော်က ခွဲခန်းမှာ တာဝန်ကျတယ်။ အဲဒီမှာ ကျွန်တော်က ခွဲမဲ့၊ စိတ်မဲ့ ပစ္စည်းကိရိယာတွေ ပြင်ဆင်ပေးရမဲ့ အဖွဲ့ထဲမှာ ပါတော့ ဆရာဝန်တွေ ခွဲစိတ်ခန်း ၀င်တော့မယ် ဆိုရင် သူတို့လိုတဲ့ ပစ္စည်းတွေ အဆင်သင့် ပြင်ထားပေးရတယ်။ နောက်နေ့ခွဲမဲ့ လူနာအတွက် ဒီနေ့ကတည်းက ခွဲခန်းတွန်းလှည်းပေါ်မှာ လိုတဲ့ ပစ္စည်းတွေ အဆင်သင့် ပြင်ထားပေးရ တယ်။ ဥပမာ - Hernia ခွဲမယ် ဆိုရင် ဘာပစ္စည်းတွေ လိုမယ်ဆိုတာကို Trolley တစ်ခုမှာ တင်ပေးထားရ တာပေါ့။
ဘာတွေ ဘယ်နေ့မှာ ခွဲမလဲ ဆိုတာ အောက်မှာ reception department မှာ ကြေငြာပေးထားတယ်။ မနက် ၁၀ နာရီ ဆို ကွန်ပြူတာ password ထွက်လာပြီ။ အဲဒီ ကွန်ပြူတာထဲမှာ သွားကြည့်ပြီး လိုတာတွေ ပြင်ထားရုံပဲ။ လူနာတွေ ကို ကြည့်ရှုစောင့်ရှောက်ရတာတော့ မရှိတော့ဘူး။ one duty မှာ ၈ နာရီ။ morning duty ဆိုရင် မနက် ၇ နာရီကနေ မွန်းလွဲ ၂ နာရီခွဲ ထိ၊ ညနေပိုင်း ကျတော့ နေ့လည် ၁ နာရီခွဲကနေ ည ၉ နာရီထိ၊ ညပိုင်းကျတော့ ည ၉ နာရီကနေ မနက် ၇ နာရီ ထိ။ အလှည့်ကျ ၀င်ရတာပေါ့။
လခကို နှစ်နှစ် တစ်ကြိမ် တိုးပေးတယ်။ ကျွန်တော်တုံးက ၂ နှစ်ပြည့်တော့ ၅၀ တိုးပေးတယ်။ အဲဒီမှာ ၂ နှစ်ခွဲ လုပ်ပြီးတော့ သူငယ်ချင်း တစ်ယောက်က ဆေးရုံတစ်ခုမှာ အလုပ်တွေ ခေါ်နေတယ် ဆိုလို့ သွားစုံစမ်းကြည့်လိုက်တော့ သူတို့က form ဖြည့်ခိုင်းတယ်။ နောက် အင်တာဗျူးခေါ်ပြီး အရွေးခံရတယ် ပေါ့။
အဲဒီက ဘာလို့ ထွက်လာရသလဲ ဆိုတော့ လုပ်ရတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ ရှေ့မှာ တက်လမ်း ပိတ်နေ တယ်။ နောက်ထပ် တစ်ဆင့်တက်ဘို့ ဘယ်လောက် စောင့်ရမလဲ မသိဘူး။ ဆေးရုံက သေးတဲ့အခါကျတော့ ရာထူး တစ် နေရာ လွတ်ဘို့ သိပ်မလွယ်ဘူး။ အကြာကြီး စောင့်ရမှာ။ အဲဒါကြောင့် ပိုပြီးကြီးတဲ့ ဆေးရုံကို ပြောင်းရတာ။
အဲဒီမှာ လခ ၁၇၀၀ လောက်ရတယ်။ Allowance အပါအ၀င်ပေါ့။ ဟို ဆေးရုံတုံးက AN2 ပေးတယ်။ ခု ဒီဆေးရုံ ကျတော့ AN1 (Assistant Nurse Grade 1 - အကူသူနာပြု အဆင့် ၁) ပေးတယ်။ ဘာကွာလဲ ဆိုတော့ AN အဖြစ်နဲ့ စ ၀င်ဝင်ချင်းမှာ လုပ်ငန်းအတွေ့အကြုံအရ AN2 ပဲ ပေးတယ်။ အဲဒီက ၂ နှစ်ပြည့်တော့ AN1 ကို တိုးပေးတယ် ဆိုပါတော့။
AN1 ဖြစ်ပြီး လုပ်သက် တစ်နှစ်ရရင် SRN (Singapore Registered Nurse) ဖြေလို့ရပြီ။ ကိုယ့်ရဲ့ လုပ်ရည် ကိုင်ရည် (work performance) ကို ကြည့်ပြီး ဆေးရုံကပဲ sponsor လုပ်ပေးတာ။
ကျွန်တော်တို့ Nursing field တစ်ခုလုံးက ဆေးရုံ sponsor နဲ့ ဖြေကြတာ များတာပဲ။ ကျွန်တော် သိရသလောက် အပြင်ကနေ ဖြေတယ်လို့ မကြားမိဘူး။
ဒီမှာ ITE (Institute of Technical Education) က ဆင်းလာတဲ့ သူတွေကို AN အနေနဲ့ စပေးတယ်။ Poly-technic က ဆင်းတဲ့သူတွေကျ SN2 တန်းပေးတယ်။ သူတို့က ဒီပလိုမာ ရတဲ့သူတွေပေါ့။ နောက်မှ SN1၊ အဲဒီ နောက်မှ Senior SN ဆိုပြီး အဆင့်ဆင့် တက်သွားရတယ်ပေါ့။ ဒီပလိုမာ ပြီးရင် Advance Diploma ဆက်တက်လို့ ရတယ်။ အဲဒီ အပိုင်းကျတော့ ကျွန်တော်လည်း သေသေချာချာ မသိတော့ဘူး။
မှတ်ချက်။ ။ Nursing ဘာသာရပ်နှင့် ပတ်သက်၍ မြန်မာအများစု တက်ရောက်နေသော Ngee Ann Polytechnic တွင် Diploma in Health Sciences (Nursing) သင်တန်းများပေးပါသည်။ သုံးနှစ် သင်တန်းဖြစ်ပြီး ဆေးခန်းများတွင် ၄၅ ပတ် လက်တွေ့ သင်တန်း ဆင်းရပါသည်။ ထိုသင်တန်းပြီးလျှင် Staff Nurse အလုပ် ရပါမည်။ ထိုမှ တစ်ဆင့် Advanced Diploma သို့မဟုတ် Bachelor Degree (B.Sc – Nursing) သင်တန်း ဆက်တက်ပြီး သင်တန်းပြီးပါက Nurse Manager သို့မဟုတ် Nurse Clinician ဖြစ်နိုင်ပါသည်။ ထိုမှ ဆက်၍ Master, Ph. D သင်တန်းများ ဆက်တက်မည် ဆိုပါက Assistant Director, Director များထိ ဖြစ်နိုင်ရန် အလားအလာ ရှိပါသည်။ အောက်ပါ အင်တာနက် website တွင် ၀င်ရောက် လေ့လာနိုင်ပါသည်။
Ref: http://www.np.edu.sg/hs/courses/hsn/Pages/HSN.aspx
အမြင့်ဆုံး ရာထူးအနေနဲ့ Nursing Director အထိ ရှိတယ်။ SRN ဖြစ်ပြီ ဆိုရင် လခ ၂၅၀၀ ကနေ ၃၀၀၀ ထိ ရနိုင်တယ်။ ကျွန်တော်တို့ ဗမာတွေထဲက အဲဒီလို အလုပ်လုပ်ရင်း ကျောင်းတက်ပြီး တက်သွားတဲ့ သူတွေဆို Nursing Manager ထိ ရှိတယ်။
ကျွန်တော့်သဘော အရတော့ ကိုယ် ဘယ်နေရာမှာပဲ ကျကျ၊ ကိုယ်ကျရာနေရာမှာ အကောင်းဆုံး ဖြစ်အောင် စေတနာ ထားပြီး လုပ်ပေးဘို့ပဲ။ ဘယ်သူတွေ ဘာပဲပြောနေနေ ကိုယ့်အလုပ်ကို တာဝန်ကျေအောင် လုပ်ပေးကြရမယ်။ Nurse ပဲ ဖြစ်ဖြစ်၊ အင်ဂျင်နီယာပဲ ဖြစ်ဖြစ်၊ စာရင်းကိုင်ပဲ ဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲ ဖြစ်နေ၊ ဖြစ်နေ။ ကျွန်တော်တို့ ဗမာတွေ ဟာ လူညံ့တွေ မဟုတ်ဘူး၊ ဒီလိုထူးချွန် ထက်မြက်တဲ့သူတွေ ဖြစ်တယ် ဆိုတာ ပြဘို့ အရေးကြီးတယ်။ အဲဒါ အင်မတန်မှ အရေးကြီးတယ်။ ကိုယ့် ဗမာ ဆိုတဲ့ နာမည်လည်း ကောင်းမယ်။
ကျွန်တော် နောက်ရောက်လာတဲ့ ကောင်လေးတွေ ကောင်မလေးတွေကို ပြောပြတယ်။ ပထမဦးဆုံး ကိုယ့်ရဲ့ ဂုဏ် သိက္ခာကို ထိန်းရမယ်။ ဒုတိယ ကိုယ့် Nursing ရဲ့ ဂုဏ်သိက္ခာကို ထိန်း၊ တတိယ ကိုယ့် နိုင်ငံနဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာ ကို ထိန်း။ အဲဒီလို ပြောပြတယ်။ လူ့အောက်ကြို့လို့ မသေဘူး။ ကိုယ်မသိလို့ ကိုယ့်ကို လာပြပေးတဲ့သူဟာ ကိုယ့်ဆရာပဲ။ ကိုယ်က အောက်ကျခံပြီး သူတို့ဆီက ပညာယူရမယ်။
ကျွန်တော် ဆရာတော် ဦးဇ၀န ဟောတဲ့တရား သိပ်ကြိုက်တယ်ဗျာ။ ဆိုးတဲ့လူလည်း ဆရာပဲ၊ ကောင်းတဲ့ လူလည်း ဆရာပဲ တဲ့။ ဆိုးတဲ့လူ ဘာဖြစ်လို့ ဆရာဖြစ်ရတာလဲ။ သူ့အဆိုးတွေ ကိုယ်မယူဘို့ နမူနာယူရမယ်။ ဒါဟာ ဆရာပဲ။ ဥပမာ - ကျွန်တော်တို့ အလုပ်ထဲမှာ ဘာတွေ့ရလဲ ဆိုတော့ တစ်ယောက်က အရမ်းအလုပ်ကြိုးစားလို့ နာမည် ကောင်း ရနေပြီ၊ တက်တော့မယ် ဆိုရင် စိတ်ယုတ်မာ ရှိတဲ့သူက အဲ ဟိုတစ်ယောက် လက်မှတ်ထိုးပြီး ထုတ်ထားတဲ့ ပစ္စည်း ကို ယူပြီး ဖျောက်ပစ်လိုက်တယ်။ ဟိုလူ့မှာ အရမ်း ဒုက္ခရောက်တယ်၊ ဒါ တမင်သက်သက် ယုတ်မာတာ။ အဲဒါကို ကိုယ်သိရင် သူ့လိုမလုပ်နဲ့၊ မလုပ်ဖြစ်အောင် သတိထား။ သူ့ အကုသိုလ်ကံ သူ့ပြန် အကျိုးပေးလိမ့်မယ်။ သူ မဟုတ်တဲ့ လမ်းကို သွားနေတယ် ဆိုတာ ကိုယ့်ကို လမ်းပြနေတာ။ အဲဒါကို ကိုယ်က ယူတတ်ရမယ်။
နောက်ပြီး အလုပ်ဆိုတာ တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်လို့ မရဘူး။ Team Work (အဖွဲ့လိုက် လုပ်ရသော အလုပ်) အင်မတန် အရေးကြီးပါတယ်။ အားလုံး တက်ညီလက်ညီ လုပ်ကြမှ လုပ်ငန်း အဆင်ပြေ ချောမွေ့မှာ။ အဖွဲ့ထဲမှာ ကပ်ဖဲ့ ယပ်ဖဲ့ လုပ်တတ်တဲ့သူ ပါလာရင် သွားပြီ။ အဲဒါ အလုပ်ကို မဖြစ်တော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် complain (ပြစ်တင်ဝေဖန်) လုပ်နေရုံနဲ့ အလုပ်ပြီးမှာ မဟုတ်ဘူး။ မိသားစု စိတ်ဓါတ်နဲ့ အလုပ်လုပ်ကြရမယ်။
ကျွန်တော် ခု လုပ်တဲ့ Wood Bridge Hospital ဆိုရင် စိတ္တဇ ဆေးရုံ။ ဆေးရုံရဲ့ ရှေ့မှာ မြောင်းကို ဖြတ်ဆောက် ထားတဲ့ သစ်သားတံတားလေး ရှိတယ်။ အဲဒီ တံတားလေးကို အစွဲပြု ခေါ်တာပေါ့။ စင်ကာပူမှာတော့ Mental Hospital လို့ ခေါ်တယ်။ ခုတော့ IMH (Institute of Mental Health) လို့ ပြောင်းခေါ်တယ်။ ဗမာပြည်က ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံလို ဟာမျိုးပေါ့။ ဒီဆေးရုံကျတော့ လူနာတွေကို ပိုပြီး ပြုစု စောင့်ရှောက် ပေးရတာပေါ့။
အရင် ရိုးရိုးဆေးရုံကျတော့ လူတွေက လူကောင်းတွေ။ သူတို့ဟာ သူတို့ လုပ်ပြီး သူတို့ မလုပ်နိုင်တာကျမှ ကျွန်တော်တို့ လုပ်ပေးရတာ။ ခု စိတ္တဇ ဆေးရုံကျတော့ သူတို့ကိုယ် သူတို့ ဘာမှန်းကို မသိတာ။ သူတို့ ကိုယ့်ဟာကိုယ် ဘာလုပ်နေမှန်းလည်း မသိ။ ဆိုတော့ ကျွန်တော်တို့က သူတို့ ဝေယျာဝစ္စ မှန်သမျှ အကုန်လုံးကို လုပ်ပေးရတာ။
Life is very short, Time is very fast တဲ့။ ကျွန်တော့် ခံယူချက်က ဘာလဲ ဆိုတော့ ကိုယ် အသက်ရှင်နေတုံး ကလေးမှာ ကိုယ်လုပ်နိုင်တဲ့ ဟာကို အကောင်းဆုံး ဖြစ်အောင် လုပ်ပေးချင်တယ်။ ဘ၀ဆိုတာ အင်မတန် တိုတောင်းတာ ကိုး။ အဲဒီ စိတ် မူမမှန်တဲ့ လူတွေကျတော့ ပြုစုယုယမဲ့သူ အမှန်တကယ့်ကို လိုနေတာ။ ကောင်းတဲ့လူတွေဟာဗျာ၊ နေမကောင်းတုံးသာ ဆေးရုံလာတက်တာဗျ။ ကောင်းသွားတာနဲ့ အိမ်ပြန်ကြမဲ့သူချည်းပဲ။ အိမ်မှာ သူတို့ကို ပြုစုယုယမဲ့သူ က အဆင်သင့်စောင့်နေပြီးသား။
ခု ဒီ စိတ္တဇ ဝေဒနာရှင်တွေ ကျတော့ ပတ်ဝန်းကျင်က ကိုက သူတို့ကို အရူးလို့ မြင်နေတာကိုး။ ဘယ်သူကမှ အပေါင်းအသင်း မလုပ်ချင်။ မကျွေးချင်၊ မမွေးချင်။ ပြုစုဘို့ ဆိုတာ ဝေလာဝေးပေါ့ဗျာ။ သူတို့ဘ၀ဟာ အင်မတန်မှ သနား စရာ ကောင်းတယ်။ သူတို့မှာ မေတ္တာ ငတ်နေတယ်။ ကြင်ကြင်နာနာ ဆက်ဆံမဲ့သူ မရှိဘူး။
ကျွန်တော် ဒီအလုပ်လျှောက်တော့ အဲဒီက ဒါရိုက်တာက မေးတယ်။ မင်း ဘာလို့ ဒီ နေရာက ဒီ အလုပ်ကိုမှ ရွေး တာလဲ တဲ့။ ဒီတော့ ကျွန်တော် ပြန်ဖြေလိုက်တယ်။
သူတို့ဟာ Acute Hospital တွေလို မဟုတ်ဘူး။ Acute Hospital တွေ ဆိုတာ နေမကောင်းတဲ့ ခဏသာ ဆေးရုံ လာတက်တာ။ ဆေးရုံတက်နေတဲ့ တစ်ချိန်လုံးလည်း အိမ်က လာကြည့်တယ်။ အနားမှာ ပြုစုစောင့်ရှောက်မဲ့ မိသားစုဝင် တစ်ဦးဦး၊ ဒါမှမဟုတ် ဆွေမျိုးသားချင်းတွေ ရှိနေမှာ မုချ။ ဟော၊ ကောင်းသွားပြီ ဆိုတော့လည်း အိမ်ပြန်မယ်၊ မိသားစုနဲ့ နွေးနွေးထွေးထွေး နေရတယ်။ စောင့်ရှောက်မဲ့ ကြင်နာမဲ့သူ ရှိတယ်။
ဒါပေမဲ့ ဒီ စိတ္တဇ လူနာတွေ ကျတော့ တချို့တလေပဲ ကိုယ့်ဝေယျာ ၀စ္စကိုယ် လုပ်နိုင်တာ။ များသောအားဖြင့် တော့ နာ့စ် တွေကပဲ ပြုစု စောင့်ရှောက်ရတာ။ သူတို့ကို လာကြည့်မဲ့သူ မရှိဘူး။ သူတို့အနားမှာနေပြီး စောင့်ရှောက်မဲ့၊ ပြုစု၊ ယုယမဲ့သူ မရှိဘူး။ ဒီတော့ သူတို့အတွက် ပြုစု စောင့်ရှောက်မဲ့သူ လိုတယ်။ မေတ္တာစေတနာ ထားပြီး နွေးထွေးမှု ပေးမဲ့သူ လိုတယ်။ အဲဒါကြောင့် ငါ သူတို့ကို ပြုစုစောင့်ရှောက်ဘို့ ရောက်လာခဲ့တာပဲ လို့ ပြန်ဖြေလိုက်တယ်။ ဆရာဝန်ကြီးလည်း သဘောတွေကျသွားပြီး ကျွန်တော့်ကို တန်းခန့်လိုက်တော့တာပဲ။
လူနာတွေထဲမှာ တချို့ကျတော့ စားလို့ စားရကောင်းမှန်း မသိ။ အိပ်လို့ အိပ်ရကောင်းမှန်း မသိ။ သူတို့ကို ချော့မော့ကျွေး။ နားဝင်အောင် ရှင်းပြ လုပ်ရတယ်။ ကိုယ်စေတနာထားရင် ထားသလို ကုသိုလ်တွေ အမြဲရနေတဲ့ နေရာပဲ။ သူတို့ဟာ မေတ္တာငတ်နေကြတယ်။ ဘယ်သူကမှ အပေါင်းအသင်း မလုပ်ချင်ကြဘူး။
ကျွန်တော်တို့ဟာ ဘယ်ဘ၀က လာခဲ့ကြမှန်း မသိသလို ဘယ်ဘ၀ကို သွားကြရမယ်မှန်းလဲ ဘယ်သူမှ မသိနိုင်ကြဘူး။ ကိုယ့်သမိုင်းကို ကိုယ်ရေးနေတာပဲ။ ကိုယ်လုပ်နိုင်တတ်သရွေ့ ကိုယ့်အတိုင်းအတာနဲ့ကိုယ် အကောင်းဆုံး ဖြစ်အောင် လုပ်ကြရမယ်။
ဗမာပြည်ကနေ စင်ကာပူကို အလုပ်လာလုပ်ကြတော့မယ် ဆိုရင် ပထမဦးဆုံး လုပ်ရမှာက အင်္ဂလိပ်စာကို ကောင်းကောင်း လေ့လာခဲ့ပါ လို့ မှာချင်တယ်။ အပြောရော၊ နားထောင်တာရော၊ အဖတ်ရော၊ အရေးရော။ သေသေချာ ချာ တတ်အောင် လုပ်ရမယ်။ အင်္ဂလိပ်လို ကောင်းကောင်းမတတ်လို့ သူတို့ကို ပြန်မပြောနိုင်၊ သူတို့ပြောတာ ရေရေ လည်လည် နားမလည် ဆိုရင် သူတို့ပြောတိုင်း ခံနေရမယ်။
နောက်တစ်ခုက ကိုယ်တိုင် သေသေချာချာ တတ်ဘို့လိုတယ်။ လက်မှတ်ကလေး တစ်ခု ရရုံမျှ မဟုတ်ပဲ လက်တွေ့လုပ်ငန်းခွင်မှာပါ ကျကျနန တတ်တတ်ကျွမ်းကျွမ်း ဖြစ်အောင် လေ့လာဘို့ လိုပါတယ်။ မဟုတ်ရင် ကိုယ်ပဲ ဒုက္ခ ရောက်မယ်။
နောက်တစ်ခုက စေတနာထားပြီး လုပ်ဖို့လိုတယ်။ ရေသာခို အချောင်လိုက်နေလို့ကတော့ တစ်သက်လုံး တိုးတက်မှာ မဟုတ်ဘူး ဆိုတာ ပြောချင်ပါတယ်။ စေတနာထားပြီး လုပ်မယ်ဆိုရင် အတိုက်အခိုက်ရှိသည် ဖြစ်စေ၊ အပြိုင် အဆိုင်ရှိသည် ဖြစ်စေ၊ ကုသိုလ်ကံဟာ ကိုယ့်ဘက်မှာ အမြဲရှိနေလိမ့်မယ်။ သူတို့ ဘယ်လိုတိုက်ခိုက်နေပါစေ။ အားလုံးကို ကျော်လွှားနိုင်လိမ့်မယ်။ ကိုယ့်အလုပ်အပေါ် စေတနာ ထားပြီးလုပ်ဖို့ အင်မတန် အရေးကြီးပါတယ်။ လဲကျသွားသည့်တိုင် အောင်မြင်စွာနဲ့ ပြန်ထလာနိုင်လိမ့်မယ်။ တစ်နပ်စားဉာဏ်မျိုးနဲ့ ဘယ်သောအခါမှ မလုပ်ကြပါနဲ့လို့ မှာချင်ပါတယ်။
ကြောက်စရာ အကောင်းဆုံးကတော့ အေးဂျင့်တွေပဲ။ ဗမာအချင်းချင်း လှည့်ပတ် ညာဝါး စားနေတာတွေ။ ဒါမျိုးတွေ မရှိသင့်တော့ပါဘူး။ သူတို့စားလိုက်တဲ့ ပိုက်ဆံဟာ ဒီဘ၀တစ်ခုပဲ ဆိုတာ ထည့်မတွက်ဘူး။ သူတို့ လုပ်လိုက်တဲ့ မကောင်းမှု အကုသိုလ်ကံတွေဟာ သူတို့ဘယ်ဘ၀ရောက်ရောက် အရိပ်လိုအမြဲလိုက်နေမယ် ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီး နည်းနည်းမှ ထည့်မတွက်တာ အင်မတန် အံ့သြစရာ ကောင်းတယ်။
ကျွန်တော့်ပတ်ဝန်းကျင်မှာ အေးဂျင့်ကြောင့် ဒုက္ခများနေရတဲ့သူတွေကို နေ့တဒူဝ တွေ့နေရတယ်။ တကယ့်ကို စိတ်မချမ်းသာ စရာပဲ။ သူတို့ကို ကြည့်ပြီး ကျွန်တော် ဘယ်လို သံဝေဂ ယူရသလဲ ဆိုတော့ ငါ့ကြောင့်မို့လို့ သူတစ်ပါး ဘယ်တော့မှ စိတ်မဆင်းရဲစေရဘူး။ ဒုက္ခမရောက်စေရဘူး လို့ ဒီလိုပဲ ဆုံးဖြတ်ချက် ချမိတယ်။ ဟုတ်တယ်မို့လား။ ကိုယ့် ပယောဂကြောင့် သူများ စိတ်ဆင်းရဲရတာ အကုသိုလ်ပဲ။
ခုလို ကျွန်တော့်အတွေ့အကြုံတွေ ဝေမျှခွင့် ရတဲ့အတွက် အများကြီး ၀မ်းသာပါတယ်။
သုံးသပ်ချက်
၁။ မိမိပြုလိုက်သော ကောင်းမွေ ဆိုးမွေသည် အခြားသူများကို သွားရောက် ရိုက်ခတ်နိုင်ကြောင်း ကိုဖေအောင်၏ အတွေ့အကြုံများက သက်သေပြနေသည်။ NTU တွင် ဘွဲ့လွန်သင်တန်း တက်ခဲ့သည့် မမျိုးသီတာကလည်း ၎င်းတို့ ကျောင်းဝင်ခွင့် အလွယ်တကူ ရခြင်းမှာ ရှေ့နှစ်က ကျောင်းပြီးသွားသော မြန်မာ ကျောင်းသား တစ်ဦး၏ ကျေးဇူး မကင်း ကြောင်း ပြောပြပါသည်။ ထို မြန်မာကျောင်းသားမှာ အလွန် စာတော်ပြီး ဒေါက်တာဘွဲ့ကိုပင် ဆက်တက်နိုင်သည်ထိ အရည်အချင်း ပြည့်မီသည့်အတွက် နောက်လျှောက်လာသည့် မြန်မာကျောင်းသားများကို ဦးစားပေး ရွေးချယ်ခြင်း ဖြစ်သည် ဟု ဆိုပါသည်။ သို့အတွက် မိမိဘ၀တိုးတက်ရေးအတွက် ကြိုးစားခြင်းသည် အခြားသူများကိုလည်း ကူညီရာ ရောက်၏ ဆိုသည့်အချက်ကို ခေါင်းထဲ စွဲထားကြရန် အရေးကြီးပါသည်။
၂။ ကိုဖေအောင်သည် အလုပ်အပေါ်တွင် စေတနာ ထားသဖြင့် ရောက်သည့်နေရာတိုင်း အဆင်ပြေသည်။ မိမိအလုပ်အပေါ်တွင် စေတနာထားပါက မည်သည့်အလုပ်ကို လုပ်ရသည်ဖြစ်စေ မိမိစေတနာ၏ အကျိုးကျေးဇူး ကို မုချပြန်လည် ခံစားရမည် ဖြစ်ပါ၏။ သို့အတွက် မိမိနှင့် မိမိ မိသားစုကို ထမင်းကျွေးထားသည့် အလုပ်အား စေတနာ ထား လုပ်ကြပါဟု တိုက်တွန်းလိုက်ပါသည်။

Poison
အဆိပ်
ရှေးလွန်ခဲ့ပြီးသော အခါက တရုပ်ပြည်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် ကလေး ဖြစ်ပါသည်။ ဤ အဖြစ်မျိုးကို လူသားမှန်လျှင် ကြုံတွေ့ရမည့်သူချည်း ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် လူသားတို့၏ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ နှင့် မာန တို့ကြောင့် ဖြစ်ပါသည်။ ဤ လောဘ၊ ဒေါသ၊ ဣသာ၊ မစ္ဆရိယ တရား တို့ကား လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲ ချမ်းသာမရွေး အားလုံး အတူတူချည်း ဖြစ်၏။
လီလီအမည်ရှိ မိန်းကလေးသည် အိမ်ထောင်ရက်သား ကျပြီး မိဘအိမ်မှ ခွဲခွာကာ ယောင်နောက် ဆံထုံးပါပြီး လင်ယောက်ျား ဖြစ်သူ နေအိမ်သို့ လိုက်ပါခဲ့ရသည်။ ထိုအခါ ချွေးမနှင့် ယောက္ခတို့ မတည့်မြဲ ဖြစ်သည့် ကမ္ဘာ့ နိယာမ တရားအတိုင်း လီလီနှင့် ယောက္ခမ အမကြီးမှာ တစ်ဦးနှင့်တစ်ဦး တဇောင်းကြီးနှင့် မျက်ချေး ဖြစ်လာ ခဲ့သည်။ လီလီနှင့် သူ့ယောက်ျား၏ အမေဖြစ်သူမှာ နေပုံထိုင်ပုံ နှင့် အတွေးအခေါ် တစ်ဦးနှင့် တစ်ဦး မတူ၊ ကွဲပြားခြားနားသည် ဖြစ်ရကား အမြဲ တကျက်ကျက် ဖြစ်လျှက် ရှိ၏။ လီလီ့မှာ ယောက္ခမကြီး လုပ်သမျှ ဘာတစ်ခုမှ သဘောမကျနိုင်သလို ယောက္ခမဖြစ်သူကလည်း လီလီ့ကို အပြစ်မရှိ အပြစ်ရှာနေခဲ့ တော့သည်။
ဤသို့ဖြင့် ရက်ကို လစား၊ လကိုနှစ်စား။ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ လီလီနှင့် ယောက္ခမကြီး တို့၏ တစ်ဦးအပေါ်တစ်ဦး အမုန်းတရားများမှာလည်း ကြီးထွားသည်ထက် ကြီးထွား လာခဲ့သည်။ ဤအခြေအနေကို ပို၍ ဆိုးစေသည်မှာ တရုပ်ရိုးရာ ဓလေ့ထုံးစံအရ လီလီသည် ယောက္ခမ ဖြစ်သူကို အမြဲ ရှိခိုး ဦးတိုက်နေရသည့် ပြင်၊ ယောက္ခမကြီး၏ အလိုဆန္ဒကို ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ လိုက်လျောနေရခြင်း ဖြစ်သည်။ ဇနီးဖြစ်သူနှင့် အမေဖြစ်သူ၏ အမုန်း၊ အာဃာတ တရားများကို ကြည့်ရင်း သနားဖွယ်ကောင်းလှသော ခင်ပွန်းဖြစ်သူမှာ နေ့စဉ်နှင့်အမျှ စိတ်မချမ်းမသာ ဖြစ်နေရလေသည်။
နောက်ဆုံးတစ်နေ့ ယောက္ခမဖြစ်သူ၏ စိတ်ပုပ်၊ စိတ်ယုတ်များကို သည်းမခံနိုင်တော့သည့် အဆုံး လီလီ သည် တစ်ခုခု လုပ်ရန် ဆုံးဖြတ်လိုက်ပြီး သူ့ဖခင်၏ မိတ်ဆွေဖြစ်သူ ဦးလေးဟောင် ထံသို့ သွားရောက်ခဲ့ သည်။ ဦးလေးဟောင်မှာ တရုပ်ရိုးရာ ဘယဆေးများ ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ တိုင်းရင်းဆေးဆရာကြီး တစ်ဦး ဖြစ်၏။
လီလီက ဦးလေးဟောင်သို့ ဖြစ်ကောင်းကုန်စင် နတ်သံနှော၍ ပြောပြပြီး ဤအခြေအနေဆိုးကြီးမှ လွတ်ကင်းရန် နှင့် ပြဿနာ အ၀၀တို့ ချုပ်ငြိမ်းစေရန် လူကိုသေစေနိုင်သော အဆိပ်အချို့ ရောင်းချပေးပါရန် တောင်းပန် ပြောဆိုသည်။
လီလီပြောသမျှ ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေသော ဦးလေးဟောင်က အနည်းငယ် စဉ်းစားလိုက်ပြီး လီလီ့ကို စေ့စေ့ကြည့်ကာ ပြောသည်။
“ကိုင်း၊ ကောင်းပြီ လီလီ။ မင်းကို ငါကူညီမယ်။ ဒါပေမဲ့၊ မင်း ဦးလေးပြောစကားကို နားထောင်ရမယ်။ ဦးလေး ပြောတဲ့အတိုင်း လိုက်လုပ်ပါ့မယ် လို့ ကတိပေးရမယ်။ ဘယ့်နဲ့လဲ သဘောတူရဲ့လား။”
“ကောင်းပါပြီ ဦးလေးဟောင်၊ ဦးလေးပြောသမျှ ကျွန်မလုပ်ပါ့မယ်။”
လီလီ့ထံမှ ကတိစကားကို ကြားရသောအခါ ဦးလေးဟောင်သည် သူ၏ ဆေးများသိုလှောင်ထားရာ အခန်းငယ် ကလေးအတွင်းသို့ ၀င်သွားပြီး ခဏမျှ အကြာတွင် ပြန်ထွက်လာကာ ဘယဆေးရွက်များ ထည့်ထားသော အိတ်ငယ် တစ်ခုကို လီလီသို့ လှမ်းပေးလိုက်ရင်း ပြောလိုက်သည်။
“လီလီ၊ မင်း သူ့ကို ချက်ခြင်းသတ်လိုက်လို့ မဖြစ်သေးဘူး။ အကောင်းသား အမွန်သားကြီးက ချက်ခြင်း သေသွားတယ် ဆိုရင် မင်းတို့အကြောင်း သိနေတဲ့ လူတွေက မင်းကို မသင်္ကာ ဖြစ်နေလိမ့်မယ်။ ဒီဆေးရွက် တွေကို မင်း သူ့ကို မှန်မှန်တိုက်သွားပါ။ ကာလကြာလာတာနဲ့ အမျှ ဒါတွေ သူ့ခန္ဓာကိုယ်ထဲ စုလာပြီး အဆိပ် တွေ ဖြစ်လာလိမ့်မယ်။
နေ့တိုင်း နေ့တိုင်း မင်း သူ့ကို အစားကောင်း အသောက်ကောင်းတွေ ချက်ပြုတ် ကျွေးမွေးပါ။ နောက်ပြီး ဒီဆေးရွက်ထဲက နည်းနည်းစီကို သူစားမဲ့ အစာထဲ ထည့်ကျွေးပါ။
ပိုပြီး အရေးကြီးတာက အကယ်၍ သူသေသွားခဲ့ရင် မင်းကို လူတွေ သံသယ မဖြစ်အောင် မင်း သူ့ကို ချစ်ချင်ခင်ခင် ကြင်ကြင်နာနာ ဆက်ဆံပါ။ သူနဲ့ ဘယ်သောအခါမှ ရန်မဖြစ်ပါနဲ့။ သူပြောတဲ့စကားကို နားထောင်ပြီး သူ့စိတ်ကြိုက် လိုက်လုပ်ပေးပါ။ သူ့ကို မင်း အမေနဲ့မခြား ပြုစုပေးပါ။
ငါပြောတဲ့အတိုင်းသာ မင်းလိုက်လုပ်ရင် မင်းရည်ရွယ်ချက်တွေ အောင်မြင်သွားလိမ့်မယ်။”
ဦးလေးဟောင်၏ စကားများကို ကြားရသည့်အခိုက် လီလီ့မှာ အလွန်ပျော်ရွှင်သွားကာ ဦးလေးဟောင်အား ကျေးဇူးတင်စကား ပြောကြားပြီး ဆေးထုပ်ပိုက်ကာ အိမ်သို့ အပြေးပြန်ခဲ့တော့သည်။ ထို့နောက်တွင်မူ လီလီ သည် ယောက္ခမကြီးအား လုပ်ကြံရေး အစီအစဉ်များကို မည်သူမျှ မသိအောင် တစ်ဦးထည်း ကြိတ်၍ ရေးဆွဲ နေတော့သည်။
ရက်ပေါင်းများစွာ ကုန်လွန်လာခဲ့သည်။ လီလီသည် ဦးလေးဟောင် ပြောစကားများကို ပြန်လည် ကြားယောင် ရင်း သူနှင့် ယောက္ခမကြီးတို့အတွင်း လူများ သံသယ မရှိစေရန် မိမိကိုယ် မိမိ အတတ်နိုင်ဆုံး ထိန်းချုပ် ထားသည်။ ယောက္ခကြီးဖြစ်သူ မည်မျှပင် ဆူဆဲနေသည် ဖြစ်ပါစေ၊ လီလီက အတတ်နိုင်ဆုံး သည်းခံကာ ပြန်မပြောမိအောင် နေခဲ့သည်။ ယောက္ခမကြီး နှစ်သက်သည့် အစားအစာများကို ချက်ပြုတ်ကျွေးမွေးသည်။ ယောက္ခမကြီးနှင့် မည်သည့်အခါမျှ ရန်မဖြစ်အောင် ကြိုးစားခဲ့သည်။ နောက်ဆုံးတစ်နေ့တွင် လီလီသည် ယောက္ခမကြီးကို မိမိ မွေးသမိခင် အရင်းအခြာနှင့် မခြား သဘောထားကာ ပြုစုလာနိုင်ပြီ ဖြစ်သည်။
ဤသို့နှင့် ခြောက်လတာမျှ ကုန်ဆုံးလွန်မြောက် လာသောအခါ လီလီတို့ အိမ်အတွင်း အရာအားလုံးမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မိမိ ဒေါသကို မိမိ ထိန်းချုပ်လာနိုင်ပြီး စိတ်ဆိုးခြင်း၊ ရန်လို မုန်းတီးခြင်းများ မရှိတော့ကြောင်း လီလီသည် မိမိကိုယ် မိမိ သတိပြုမိလာသည်။ ထို့ပြင် ထို ခြောက်လအတွင်း လီလီ၏ ပျော့ပြောင်း နူးညံ့လာမှုနှင့်အတူ ယောက္ခမကြီးနှင့် တရံတစ်ဆစ်မျှ ရန်သတ္တရု မပြုတော့ကြောင်း အံ့သြစွာ တွေ့ရှိ လိုက်ရသည်။
ထိုမျှသာ မကသေး။ လီလီ့အပေါ် ထားရှိသော ယောက္ခမကြီး ၏ သဘောထားမှာလည်း လွန်စွာ ပြောင်းလဲ သွားပြီ ဖြစ်သည်။ ယခုအခါ ယောက္ခမကြီးမှာ လီလီ့ကို မိမိ၏ သမီးရင်းနှင့်မခြား ချစ်ခင်နေပြီ ဖြစ်သည်။ လူတွေ့တိုင်းလည်း လီလီကဲ့သို့ ချွေးမ အလိမ္မာမျိုး သည်ကမ္ဘာပေါ်တွင် မည်သည့်နေရာတွင်မျှ ရှာရနိုင် လိမ့်မည် မဟုတ်ကြောင်း ချီးကျူးမဆုံးနိုင် ဖြစ်နေသည်။
သမီးရင်းနှင့် အမေရင်းပမာ တစ်ဦးနှင့် တစ်ဦးချစ်ကြည်နူးနေသော လီလီနှင့် မိခင် ဖြစ်သူကို ကြည့်ကာ ယောက်ျားဖြစ်သူမှာ ပျော်မဆုံး၊ မော်မဆုံး ဖြစ်နေပေတော့၏။
တစ်နေ့သော် ဦးလေးဟောင်ထံသို့ လီလီ ရောက်လာပြီး အောက်ပါအတိုင်း ပြောသည်။
“ဦးလေးဟောင်၊ ခု ကျွန်မနဲ့ ကျွန်မယောက္ခမကြီးတို့ တစ်ဦးနဲ့ တစ်ဦး အမေရင်းနဲ့ သမီးရင်းပမာ အရမ်း ချစ်နေကြပြီ ဖြစ်ပါတယ်။ ဦးလေးဟောင် ပေးလိုက်တဲ့ ဆေးရွက်တွေကိုလည်း အရင်က ကျွန်မ အမေ့ကို မှန် မှန် တိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ခုတော့ ဒါတွေ မလိုတော့ပါဘူး။ ကျွန်မအတွက်နဲ့ အမေမသေစေရဘူး ဦးလေး ဟောင်။ အဲဒီအတွက် အမေ့ကို တိုက်ဖို့ အဆိပ်ဖြေဆေး လာတောင်းတာပါ။”
ထိုအခါ ခေါင်းကို အသာအယာညိတ်ရင်း ပြုံးလိုက်လျှက် ဦးလေးဟောင် က ပြောသည်။
“လီလီ၊ သမီး။ မင်းကို ဦးလေး ဘယ် အဆိပ်တွေ ပေးပါ့မလဲကွယ်။ ဒီအတွက်နဲ့တော့ ဘာမှ မပူလေနဲ့။ မင်းကို ပေးလိုက်တာတွေဟာ မင်းအမေ့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေမဲ့ ဗီတာမင် ဆေးရွက် တွေပဲကွဲ့။ တကယ်တော့ အဆိပ်က မင်းနှလုံးသားထဲမှာ ကိန်းဝပ်နေခဲ့တာ။ ဒါတွေကို ခု မင်းအမေကို ချစ်တဲ့ မေတ္တာနဲ့ ဆေးကြောလိုက်နိုင်ခဲ့ ပြီးပြီ။ မင်းတို့ မိသားစု တစ်သက်လုံး ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နေနိုင်ကြ ပါစေကွယ်။ သာဓု၊ သာဓု၊ သာဓု”
မှန် ကို ကြည့်ဖူးပါသလား မိတ်ဆွေ။ သင် ပြုံးလိုက်သော အခါ မှန်ထဲမှ သင့်အရိပ် သည် သင့်ကို ပြန်ပြုံးပြပြီး သင် လက်သီးလက်မောင်း တန်းလိုက်သောခါ မှန်ထဲမှ သူကလည်း သင့်ကို လက်သီးလက်မောင်း တန်းပြလိမ့်မည် ဖြစ်ပါသည်။
“အခြားသူ တစ်ယောက်ကို ချစ်မြတ်နိုးသူသည် အခြားသူ၏ မေတ္တာကို ပြန်လည် ရရှိမည် မုချဖြစ်၏” ဟု တရုပ် စကားပုံ ရှိပါသည်။
နှလုံးသားထဲမှ အဆိပ်များကို သုတ်သင်နိုင်သောသူများ ဖြစ်ကြပါစေ။
(ကြိုက်နှစ်သက်သည့် စာပိုဒ်ကလေး ဖြစ်သည့်အတွက် ဒေါ်တင်တင်ခိုင် ပို့ပေးသော e-mail ကို ကျွန်တော် ဦးအေးငြိမ်းမှ ဘာသာပြန် မျှဝေလိုက်ခြင်း ဖြစ်ပါသည်။)
၂၅ စက်တင်ဘာ ၂၀၀၉
ည ၁၀ နာရီ

Thursday, September 17, 2009
Bitter Life (ကိုသန်းဝင်းမျိုး-၁)
နာမည် - ကိုသန်းဝင်းမျိုး
အသက် - ၃၇
ပညာအရည်အချင်း - အင်ဂျင်နီယာဘွဲ့(စက်မှု)
လက်ရှိအလုပ်အကိုင် - ကိုယ်ပိုင် ကုမ္ပဏီထောင်ထားသည်။
ကိုသန်းဝင်းမျိုးမှာ စင်ကာပူသို့ရောက်ရှိ M.Sc ဘွဲ့တစ်ခု ထပ်ယူကာ လုပ်ရင်း သူငယ်ချင်းများနှင့် အတူ ပူးပေါင်း ၍ ကိုယ်ပိုင်လုပ်ငန်း ထူထောင် လုပ်ကိုင်နေသူ ဖြစ်ပါသည်။ သူ့ထံတွင်ပင် မြန်မာလုပ်သား ၃၀ ခန့် ရှိသည် ဟု ဆိုပါသည်။ သူက စင်ကာပူ လာရောက်လုပ်ကိုင်သူ လူငယ်များအား နေသာသလို မနေကြပဲ မိမိဘ၀ တိုးတက်ရာ တိုးတက်ကြောင်း အမြဲ ကြိုးစားနေသင့်သည် ဟု တိုက်တွန်းပါသည်။
ကျွန်တော် R.I.T က ၁၉၉၆ မှာ ကျောင်းပြီးတယ်။ ကျောင်းပြီးတော့ ရန်ကုန်မှာ တစ်နှစ်လောက် လုပ်လိုက်သေး တယ်။ Sam Chong Piling မှာ။ နောက်တော့ ၁၉၉၇ မတ်လမှာ စင်ကာပူ လာခဲ့တာပဲ။ စင်ကာပူကို Work Permit နဲ့ လာခဲ့တာ။ အေးဂျင့်နဲ့ လာခဲ့တာပဲ။ Sheet Metal ကုမ္ပဏီမှာ လုပ်ရတယ်။ Engineering Technician တဲ့။ အဲဒီမှာ ၂ နှစ် လုပ်ခဲ့တယ်။ အဲဒါပြီးတော့ တခြား ကုမ္ပဏီ တစ်ခုမှာ E.P လျှောက်တယ်။ Technician အနေနဲ့ပဲ။ ကုမ္ပဏီက Aircraft Maintenance, Interior maintenance ပေါ့။ ထိုင်ခုံတို့ဘာတို့ ပြင်ရတယ်။ New installation လည်း လုပ်ရတယ်။ အဲဒီမှာ ၁၉၉၇ ကနေ ၁၉၉၉ ထိ လုပ်ခဲ့တယ်။ ၂၀၀၀ ပြည့်နှစ်ကျတော့ NUS မှာ M.Sc (Mechanical) ကို အချိန်ပိုင်း သွားတက်ခဲ့ တယ်။ ၂ နှစ်နဲ့ ပြီးသွားတယ်။
နောက်တော့ ကုမ္ပဏီတစ်ခု ပြောင်းတယ်။ Mechanical Engineer အနေနဲ့။ Generator Set တွေ လုပ်တာ။ အဲဒီမှာ ၄ နှစ်လောက်ကြာတယ်။ ၂၀၀၇ စက်တင်ဘာ ထိ။ နောက်တော့ ကျွန်တော် မိတ်ဆွေတွေနဲ့ ပေါင်းပြီး ကုမ္ပဏီ တစ်ခု register လုပ်တယ်။ ဒါပေမဲ့ ချက်ခြင်း မလုပ်ဖြစ်သေးဘူး။ ကုမ္ပဏီ အနေနဲ့က Gen Set packaging လုပ်ပေးတယ်။ နောက်ပြီး construction မှာ electrical wiring, installation လုပ်ပေးတယ်။ ကိုယ့်ဟာကိုယ် contract ဆွဲပြီး လုပ်တာ။
အစပိုင်းမှာတော့ အခက်အခဲတွေ အများကြီးတွေ့ရတာပေါ့။ ဒါပေမဲ့ ဒီလိုပဲ လုပ်ရတာပဲပေါ့။
ရန်ကုန်က လာပြီး ကျောင်းတက်မဲ့ သူတွေအတွက် အဓိကလိုတာက အင်္ဂလိပ်စာပဲပေါ့။ တခြားတော့ ဘာမှ သိပ် အခက်အခဲ မရှိပါဘူး။ ဒါပေမဲ့ scholarship နဲ့ လာတဲ့ သူတွေကတော့ ပြဿနာ မရှိဘူး။ ကိုယ့်ဟာကိုယ် အလုပ်လုပ်ရင်း ကျောင်းတက်မယ် ဆိုရင်တော့ အလုပ်အကိုင် အဆင်ပြေရဲ့လား၊ အလုပ်တစ်ဖက်နဲ့ ကျောင်းစာ လိုက်နိုင်ပါ့မလား သေသေချာချာ လေ့လာပြီးမှ လာသင့်တယ်။
ကိုယ့်ဟာကိုယ် ကျောင်းတက်မယ် ဆိုရင် ငွေဘယ်လောက် ကုန်မလဲ၊ အဲဒီလောက် အကုန်အကျ ခံနိုင်ပါ့မလား စတာတွေပါ ထည့်တွက်ရမှာ ပေါ့။ ဒီမှာက ကုန်ကျစရိတ်များတယ်။ ကျောင်းတစ်ဝက်တပျက်နဲ့ ပိုက်ဆံမတတ်နိုင်လို့ ပြန်သွားရမယ် ဆိုရင် အရမ်း နစ်နာတယ်။
ကိုယ့်ဘ၀ကိုယ် တက်လမ်းရှာချင်တယ် ဆိုရင်တော့ တွေ့ကြုံလာသမျှ အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ရမှာ ပဲ။ အထူးသဖြင့် ဗမာပြည်က အလုပ်လာလုပ်တဲ့ လူငယ်လေးတွေကို မှာချင်တာက ဟာ၊ ငါ ဒီလောက်ပဲ ရတာပဲ။ ဒီလောက်နဲ့ တန်အောင်ပဲ လုပ်မယ် ဆိုတဲ့ တွက်ကပ်တဲ့ စိတ်မျိုးတွေ မမွေးမိစေဘို့ပဲ။
ကျွန်တော်တို့ လာတုံးကလည်း လခက ဘယ်လောက်မှ ရတာ မဟုတ်ဘူး။ ဒါပေမဲ့ အကုန်လုပ်ရတာပဲ။ ကျွန်တော်တို့ ရတဲ့လခနဲ့ လုပ်ရတာနဲ့ ကို ဒီထက်ပိုကြီးတဲ့ ကုမ္ပဏီကြီးတွေနဲ့သာ ယှဉ်ကြည့်လိုက်ရင် ဘယ်လိုမှ မကိုက် ဘူး။ ဒါပေမဲ့ မတွက်မကပ်ပဲ ဒီလို လုပ်ခြင်းအားဖြင့် တစ်နေ့ ကိုယ့်ဟာကိုယ် စီးပွားရေးလုပ်တဲ့ အခါမှာ အများကြီး အထောက်အကူ ရတယ်။ အောက်ခြေသိမ်း အားလုံးနားလည် သွားတယ်။ လက်တွေ့ သိသွားတယ်။ အဲဒါ အမြတ်ပဲ။ ဒါ ငွေပေးပြီး ၀ယ်လို့မရနိုင်သလို ကျောင်းမှာ သင်ပေးလို့လည်း မရနိုင်ဘူး။ တကယ်လုပ်တဲ့ အခါကျမှ အခက်အခဲ၊ ပြဿနာ ဆိုတာ တွေ့ရတာ။
နောက်တစ်ခုက ကတိတစ်ခုကို လွယ်လွယ် မပေးမိစေဘို့၊ ကတိပေးပြီးရင်လည်း ပေးထားတဲ့ ကတိအတိုင်း လုပ်ပေးဘို့ အရေးကြီးတယ်။ ဒါမှ လူတွေရဲ့ ယုံကြည်မှု ရမယ်။ စီးပွားရေးလုပ်တဲ့ အခါ အဆင်ပြေမယ်။ အခု ကျွန်တော်တို့ ကိုယ့်စီးပွားရေးကိုယ် လုပ်ကြပြီ ဆိုတော့ အလုပ်ရှာတဲ့အခါ အလုပ်ရှင်က ကိုယ့်နောက်ခံ သမိုင်းကို လေ့လာတယ်။ ဒီ ကောင်တွေ တကယ် စိတ်ချရရဲ့လား ပေါ့။
ကိုယ်က သမိုင်းကြောင်း မကောင်းခဲ့ရင် အလုပ်ရှင်က အလုပ်အပ်မှာ မဟုတ်ဘူး။ ဒီတော့ သမိုင်းကြောင်း ကောင်းအောင် ကိုယ့်အလုပ်အပေါ်မှာ ကိုယ် သစ္စာရှိရမယ်။ ကောင်းနိုင်သမျှ ကောင်းကောင်း လုပ်ပေးရမယ်။ အကောင်း ဆုံးဖြစ်အောင် ကြိုးစားရမယ်။
ဒီတော့ ကိုယ် လခ ဘယ်လောက်ရသလဲ ဆိုတာထက် ကိုယ် ဘယ်လောက် လုပ်ပေးနိုင်သလဲ ဆိုတာ ပိုပြီး အရေးကြီးပါတယ်။ အထူးသဖြင့်တော့ နောက်ပိုင်းလာတဲ့ ကောင်လေးတွေမှာ အဓိက တွေ့ရတယ်။ ငါကတော့ ဘယ်လောက်ပဲ ရတာမို့ ဘယ်လောက်ပဲ လုပ်နိုင်မယ် စသဖြင့်ပေါ့။ ကောင်လေးတွေက ပိုက်ဆံသာ လိုချင်တာ။ ဘာခံယူချက်မှ မရှိသလို ကြိုးစားချင်စိတ်လဲ မရှိဘူး။ သူတို့ကို တစ်ခုခု လုပ်ခိုင်းလိုက်ရင် တာဝန်ယူချင်စိတ် မရှိဘူး။ နောက်ပြီး ကိုယ်မတတ်လို့ လေ့လာချင်တဲ့စိတ်လည်း မရှိဘူး။
ဒါ ကျွန်တော်ထင်တယ်။ သူတို့ ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေနဲ့လည်း ဆိုင်မယ် ထင်တယ်။ သူတို့ က ဗမာပြည်မှာ ကတည်းက ခပ်ပေါ့ပေါ့နေ၊ ခပ်ပေါ့ပေါ့စား။ ပညာသင်ကြားရေးကအစ ဘာကိုမှ အလေးအနက် မထားခဲ့ ဘူး။ အဲဒီ အကျင့်တွေ ဒီကိုပါ ယူလာခဲ့တယ်။
ကျွန်တော်သူတို့ကို ပြောပြတယ်။ အောင်မြင်မှု ဆိုတာ လွယ်လွယ်လေး ရတဲ့အရာ မဟုတ်ဘူး။ အစွမ်းကုန် ကြိုးစားနိုင်မှ ရတာ။ ကျွန်တော် ဒီလာတုံးက Work Permit နဲ့လာတာ။ ပါမစ် သက်တမ်းကုန်ခါနီးတော့ E.P တင်တယ်။ မရဘူး။ Reject ထိတယ်။ နောက်ထပ် အလုပ်ထပ်ရှာရတယ်။ E.P တင်ရတယ်။ နောက်မှ ရတာ။
ကျွန်တော်က P.R လိုချင်တယ်။ P.R ဖြစ်မှလည်း ကလေးတွေ ကျောင်းတက်ဖို့ ကိစ္စတို့ ဘာတို့ အဆင်ပြေမှာကိုး။ အဲဒီအချိန်က P.R ရဘို့ဆိုတာလည်း အတော့်ကို မလွယ်ဘူး။ ဒီက M.Sc ဘွဲ့ တစ်ခုခုရမှလို ဖြစ်နေတော့ ကျွန်တော် ကျောင်းတက်ဘို့ ပြင်တယ်။ မဖြစ်ဖြစ်အောင် ကျောင်းတက်လိုက်တယ်။ ကြိုးတော့ ကြိုးစားရတာပေါ့။ ဒီလိုနဲ့ M.Sc ပြီး သွားတယ်။
နောက်ပြီး စီးပွားရေး လုပ်တယ်ဆိုတာလည်း ပြောသလောက် လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ ပထမ တစ်နှစ်၊ နှစ်နှစ် အတွင်းမှာ အပြင်းအထန် ရုန်းကန်ရတယ်။ အပင်ပန်းခံ၊ အနစ်နာ ခံရတယ်။ အခက်အခဲ ပေါင်းစုံတွေ့ရတယ်။ ကိုယ် မျှော်လင့်ထားတာရော၊ မျှော်လင့် မထားတာရောပေါ့။
လုပ်တာက ကျွန်တော်ရယ်၊ ကျွန်တော်နဲ့ စင်ကာပူကို အတူတူ ထွက်လာတဲ့ သူငယ်ချင်းတစ်ယောက်ရယ်၊ နောက် တစ်ယောက်ရယ် ပေါင်းပြီးလုပ်ငန်းတစ်ခု ထူထောင်လိုက်တာ။ ခုဆို နှစ်နှစ်လောက်ရှိပြီ ဆိုပါတော့။ ထိုက်သင့် သလောက်တော့ အောင်မြင်ပါတယ်။
စင်ကာပူကို ရိုးရိုး အလုပ်သမားဘ၀နဲ့ လာတဲ့ သူတွေ အများကြီးရှိတယ်။ ကျွန်တော့်ဆီမှာကိုပဲ ၃၀ လောက် ရှိတယ်။ ဒီကောင်လေးတွေရဲ့ သဘောထားက တစ်မျိုးဗျ။ သူတို့ကို ကျွန်တော် ပြောပြတယ်။
မင်းတို့ ကြုံရင် သူငယ်ချင်းတွေ ဆီကနေတဆင့် တခြား ကုမ္ပဏီတွေ မေးကြည့်လိုက်။ ငါတို့ မြန်မာ ကုမ္ပဏီ တွေနဲ့ တူရဲ့လား ဆိုတာ။ သူများတွေမှာ OT မဆင်းရလို့ ငြီးနေကြတယ်။ မင်းတို့ကျတော့ ပင်ပန်းလို့ ဆိုပြီး ငါတို့က ပေးတာတောင် အိုတီ မဆင်းချင်ကြဘူး။
နောက်ပြီး သူတို့က ပြောလိုက်သေးတယ်။ ကျွန်တော်တို့အတွက် ပိုက်ဆံက အရေးမကြီးပါဘူး တဲ့။ ပိုက်ဆံ အရေးမကြီးရင် ဘာကိစ္စ ကိုယ့်မိသားစုနဲ့ ခွဲပြီး စင်ကာပူကို လာသတဲ့လဲ။ နောက်ပြီး ကျွန်တော်တို့က သူတို့ကို အမြဲ စောင့် ကြည့် အကဲခတ်နေတာ။ တော်ရင် တော်သလို၊ ထူးချွန်ရင် ထူးချွန်သလို မြှောက်စားရအောင်။ ဒါ သူတို့ အတွက် အခွင့် အလမ်းပဲ။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ခံစားရမှာ။ နောက်ပြီး ဒါတင်မကသေးဘူး။ သူတို့သာ ယူတတ်ရင် ဒီက နည်းပညာတွေ အများကြီး ယူသွားလို့ရတယ်။ နောင်တစ်ချိန် စင်ကာပူကနေ ပြန်သွားပြီး ဗမာပြည်မှာ ကိုယ့်ဟာကိုယ် စီးပွားရေးလုပ်ရင် ဒါတွေကို ပြန် အသုံးချလို့ ရတယ်။
နောက်တစ်ချက်က သူတို့မှာ ဘာရည်မှန်းချက်မှ တိတိကျကျ မရှိဘူး။ စင်ကာပူကို ဘာလို့လာသလဲ။ ပိုက်ဆံ ရှာဘို့ဆိုရင် ဘယ်အတိုင်းအတာထိ ရှာမလဲ။ ရလာတဲ့ ပိုက်ဆံကို ဘယ်လို အသုံးချမလဲ။ စင်ကာပူမှာ မလုပ်တော့လို့ ဗမာပြည် အပြီးပြန်သွားရင် ဘာလုပ်မယ် စိတ်ကူးထားလဲ။ မေးလိုက်ရင် သူတို့ ဘာမှ ရေရေရာရာ မပြောတတ်ဘူး။ ဒါ အလုပ်သမားတွေတင် မကဘူး။ အင်ဂျင်နီယာ ဆိုတဲ့ကောင်လေးတွေလည်း ဒီအတိုင်းပဲ။
စင်ကာပူမှာလည်း ဗမာတွေ အတော်များများ မန်နေဂျာတို့ ဘာတို့ ဖြစ်နေကြတာ ရှိပါတယ်။ သူတို့ ဒီလို ဖြစ်လာ တယ် ဆိုတာ အင်မတန် ကြိုးစားပြီးမှ ဖြစ်လာကြတာ။ နေရင်းထိုင်ရင်း ဖြစ်လာတာ မဟုတ်ဘူး။ ဘယ်သူပဲ ဖြစ်ဖြစ် အစပိုင်းမှာတော့ အခက်အခဲ ဆိုတာ ရှိမှာပဲ။ အနည်းဆုံးတော့ communication ပြဿနာ ရှိတယ်။ ယဉ်ကျေးမှု မတူလို့ ဆက်ဆံရတဲ့ အခါ မပြေလည်တာတွေ ရှိတယ်။
အလုပ်ရှင်ဆိုတာ လူတွေအကြောင်း ကောင်းကောင်းနားလည်တယ်။ လူကဲခတ် အင်မတန်တော်တယ်။ တော်လို့ လည်း သူဌေးဖြစ်နေတာပဲ။ ဘယ်သူကတော့ဖြင့် အလုပ်ကို ကြိုးစားပမ်းစား လုပ်တယ်။ ဘယ်သူကတော့ဖြင့် အင်မတန် ရေသာခိုချင်တယ်။ တွက်ကပ်တယ်။ ဒါ သူတို့ နေရာတကာ လိုက်ကြည့်နေစရာ မလိုဘူး။ သိတာပဲ။ ပါးစပ်ဟ လိုက်တာနဲ့ ဗိုက်ထဲ ဘာရှိတယ် ဆိုတာ သိပြီးသားပဲ။
ဒီတော့ အင်မတန် ရှင်းပါတယ်။ ကြိုးစားတဲ့လူ တက်မယ်။ မကြိုးစားတဲ့လူ မတက်ဘူး။ ခု ကျတော့ ရောက်လာ တဲ့ ကောင်လေးတွေက တစ်ယောက် ရာထူးတက်သွားရင် ဘာကြောင့်တက်သလဲ ဆိုတာ မလေ့လာပဲ မနာလိုစိတ်နဲ့ တိုက်ချင်တယ်။ တွန်းချင်တယ်။ တရားသော နည်းအားဖြင့် မယှဉ်ပြိုင်ပဲ မဟုတ်တာ လုပ်ချင်တယ်။ ဒါ ကြည့်လိုက်ရင် ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ စိတ်ပိုင်း ဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာ အရပါ ပေါ့။ တိုးတက်မလာပဲ ဆုတ်ယုတ် လာတယ်။ ဒါ ကျွန်တော့် ကုမ္ပဏီမှာ ကိုပဲ တွေ့နေရတာတွေ။
ဆိုတော့ ကျွန်တော်တို့ ဗမာချင်းတော့ မထောင်းတာဘူးပေါ့။ ဒါပေမဲ့ နိုင်ငံခြားသား ကုမ္ပဏီမှာ သွားလုပ်တဲ့ အခါ လူမျိုးလိုက် ချီပြီး သိက္ခာကျတယ်။ မင်းတို့ ဗမာတွေ ဘာသောက်သုံးကျသလဲ လို့ အပြောခံရတာ ဘယ်လောက် ရှက်စရာ ကောင်းသလဲ။ ဒါပေမဲ့ အလျင်ရောက်နှင့်နေတဲ့ ဗမာတွေ က အင်မတန် ကြိုးစားလို့ နာမည်ကောင်းရနေတော့ ဒီက ကုမ္ပဏီတွေက ဗမာဆို သဘောကျတယ်။ အလုပ်ခန့်ချင်တယ်။ အဲဒါကို နောက်လူတွေ အနေနဲ့ ဆက်ထိန်းထားဘို့ လိုတယ်။
စင်ကာပူ ဆိုတာက နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံ လာလုပ်နေကြတာ။ သူတို့မှာ သူတို့လူမျိုးရဲ့ အမူအကျင့်တွေ၊ ဓလေ့စရိုက်တွေ ပါလာတယ်။ ကိုယ်က သူတို့ရဲ့ မကောင်းတဲ့ အမူအကျင့်တွေကို ပယ်ပြီး ကောင်းတဲ့ အလေ့အကျင့် တွေကို အတုခိုးရမယ်။ အခုတော့ ကောင်လေးတွေက မကောင်းတာတွေတော့ အတုခိုးမြန်ပြီး ကောင်းတာတွေကျတော့ နည်းနည်းလေးမှ အတုမယူဘူး။ ဥပမာ - စင်ကာပူရောက်ပြီ ဆိုတာနဲ့ နားကွင်းဖောက်မယ်။ ဆံပင်ရှည်ထားမယ်။ တက်တူး တွေ ထိုးမယ်။ ဖဦးထုပ်မတွေနဲ့ girl friend တွေ ထားမယ်။
ကိုယ်က လခတိုးလိုချင်ရင် အရင်လုပ်ပြရမယ်။ သူများတွေနဲ့ သွားယှဉ်တဲ့အခါမယ် သူများတွေက အတွေ့အကြုံ ရင့်ပြီးသား။ ကိုယ်က သူတို့ထက် ပညာတော့ ပိုတတ်ပါရဲ့။ အတွေ့အကြုံပိုင်းမှာ သူတို့ကို မမီဘူး။ ဒီတော့ သူတို့ထက် ပို တတ်အောင် ကိုယ်က ကြိုးစားရမယ်။ အလျင်ဆုံးလုပ်ရမှာက communication ပဲ။ ကိုယ်ပြောတာ သူတို့ နားလည်ရမယ်။ သူတို့ပြောတာ ကိုယ် နားလည်ရမယ်။
ခု ကောင်လေးတွေမှာ ဖြစ်နေတာက ဟာ - ငါက ဘာဘွဲ့ရပြီးသားပဲ။ ဒါနဲ့တောင် ငါတို့ကို နှိမ်ထားတယ်။ လခ တိုးမပေးချင်ဘူး လို့ ယူဆတယ်။ ကိုယ်ကတော့ ကြိုးစား မပြဘူး။ ဒီတော့ နောက် ကုမ္ပဏီပြောင်းမယ်။ ဒါမှ မဟုတ် ပြန်သွားမယ်။
ဒါပေမဲ့ နောက်ကုမ္ပဏီမှာလည်း ဒီအတိုင်းဆို ဘယ်သူက အလကားနေရင်း သူတို့ကို လခ ၁၅၀၀၊ ၂၀၀၀ ပေး မလဲ။ ၂၀၀၀ တန်မှ ၂၀၀၀ ပေးမှာပေါ့။ သူတို့ အပြောကောင်းလို့ အစပိုင်းမှာ လခ ၂၀၀၀ နဲ့ အလုပ်ရချင် ရသွားမယ်။ ဒါပေမဲ့ တကယ်လည်း ၀င်လုပ်လိုက်ရော သူဌေးက သူမလုပ်တတ်မှန်း သိသွားရင် ဖြုတ်ပစ်မှာပဲ။ ညှာနေမှာ မဟုတ်ဘူး။
ဒီတော့ ကုမ္ပဏီ တစ်ခုပြီး တစ်ခု ပြောင်းသွားတာသာ အဖတ်တင်တယ်။ ကိုယ့်မှာ ဘာပညာမှ မရလိုက်ဘူး။
ဒီမှာက ပထမ အလုပ်ခန့်လိုက်ရင် probation period (အစမ်းခန့်ကာလ) ဆိုတာ ရှိတယ်။ ဒီကာလအတွင်းမှာ လခ အပြည့်မပေး တတ်ကြဘူး။ ဆိုပါတော့၊ မူရင်း လခက ၁၈၀၀ လို့ သဘောတူ ထားပေမဲ့ probation period က ၃ လ ဆိုရင် ဒီ ၃ လ အတွင်းမှာ ၁၂၀၀ ပဲပေးချင် ပေးမယ်။ ဒီ ၃ လအတွင်းမှာ ကုမ္ပဏီက ကိုယ့်လုပ်ရည် ကိုင်ရည်ကို အကဲခတ် ကြည့်မယ်။ ကိုယ်က ငါဟာ တကယ်ပဲ ၁၈၀၀ တန်ပါတယ် ဆိုတဲ့အကြောင်း ကောင်းကောင်း ပြနိုင်ရမယ်။ သူတို့ ၁၂၀၀ ပဲပေးတာကို ကြည့်မနေရဘူး။ ကိုယ့်အနေနဲ့ လုပ်ရမှာက ဒီ probation period အတွင်းမှာ လုပ်ငန်းသဘောသဘာဝတွေ လေ့လာရမယ်။ တကယ့်ကို ယုံကြည် စိတ်ချရတဲ့ သူတစ်ဦးဖြစ်အောင် ကြိုးစားပြရမယ်။ ကိုယ်ဒီလို လေ့လာတာတွေ၊ ကြိုးစားတာတွေ တွေ့ရမှ probation period ပြည့်တဲ့အချိန်မှာ သူတို့ဘက်က စိတ်ချ လက်ချ လခ တိုးပေးမှာပေါ့။
ကိုယ်သာ တကယ်လုပ်ပြနိုင်ရင် ၁၈၀၀ တောင် မဟုတ်ဘူး။ ၂၀၀၀ လည်း တောင်းနိုင်တာ ပဲ။
ဒါမှ မဟုတ်ပဲ ကိုယ်က အာ၊ သူတို့မှ လခ အပြည့်မပေးတာ ဆိုပြီး ရေသာခိုနေ၊ ကပ်နေလို့ကတော့ ဘယ်တော့မှ လခ တိုးရမှာ မဟုတ်ဘူး။ ဒါ အင်မတန် သေချာနေတာပဲ။ သူဌေးဆိုတဲ့ လူတွေက အင်မတန် ပါးတာဗျ။ သူတို့က မတော်တဲ့ကောင်တွေကိုသာ မင်းတို့ကို လခတော့ မတိုးပေးနိုင်ဘူး။ ကြိုက်တဲ့ အချိန်ထွက်နိုင်တယ် လို့ ပြောပေမဲ့ တကယ် လုပ်တတ်တဲ့၊ တော်တဲ့သူတွေကျတော့ သူတို့ကိုယ်နှိုက်ကကို ထွက်သွားမှာကို ကြောက်နေတာ။ အဲဒီတော့ ကိုယ့်အနေနဲ့ ကိုယ်လိုချင်တဲ့ လခကို ရဲရဲတောင်းလို့ ရတာပေါ့။ ကိုယ့် အရည်အချင်း ကိုယ်သိနေတာကိုး။
အဲဒါကို ကျွန်တော်တို့ ဗမာလူငယ်တွေ သဘောမပေါက်ကြဘူး။ စေတနာနဲ့ လုပ်ပေးဘို့ ဆိုတာ အင်မတန် အရေးကြီးတယ်။ ကျွန်တော် နောက်ဆုံး လခစား အနေနဲ့ လုပ်ခဲ့တဲ့ ကုမ္ပဏီဆိုရင် ကျွန်တော့်ရာထူးက မန်နေဂျာပဲ။ ဒါပေမဲ့ ကုမ္ပဏီကသေးတဲ့ အခါကျတော့ အကုန်လုပ်ပေးရတာပဲ။ ငါ မန်နေဂျာပဲ၊ ဒီအလုပ် ငါနဲ့မဆိုင်ဘူးလို့ မသိချင်ယောင် ဆောင်နေလို့ မရဘူး။ အရောင်းဘက်မှာလဲ လုပ်ပေးရတယ်။ Technician အနေနဲ့လည်း လုပ်ပေးရတယ်။ Production ဘက်ပါ ၀င်ကိုင်ပေးရတယ်။
အကြောင်း မသိတဲ့သူတွေကတော့ ပြောမှာပေါ့။ ဟာ - ဒါတွေ မင်းလုပ်စရာလား ပေါ့။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ကျတော့ ဒီလို အောက်ခြေသိမ်း လုပ်လိုက်ခြင်းအားဖြင့် ဟော၊ ခု ကိုယ်ပိုင် ကုမ္ပဏီ ထောင်တော့ အဲဒါတွေဟာ အားလုံး အင်မတန်မှ အဖိုးတန်တဲ့ အတွေ့အကြုံတွေ ဖြစ်လာခဲ့တယ်။ ကျွန်တော်သာ ကိုယ်တိုင် ၀င်မလုပ်ရင် ဒါတွေကို ဘယ့်နှယ် လုပ် သိနိုင်မလဲ။ ဒါမျိုးတွေ ဆိုတာက စာအုပ်ထဲမှာ ရေးပြထားတာမျိုး မဟုတ်ဘူး။ လက်တွေ့ကနေ သင်ယူရတာ။
နောက်ဆုံး ကျွန်တော် သူတို့ဆီက ထွက်ပြီး ကိုယ်ပိုင် စီးပွားရေး လုပ်တော့မယ် ဆိုတာတောင်မှ ပစ္စလက်ခတ် ထွက်လာတာ မဟုတ်ဘူး။ သူဌေးကို သေသေချာချာ ပြောတယ်။ ငါ စီးပွားရေး လုပ်မလို့ မင်းဆီက ထွက်တော့မယ်။ ဒါပေမဲ့ မင်း လိုတဲ့ အချိန် ငါ့ကို ပြော။ ငါတတ်နိုင်သလောက် လုပ်ပေးမယ်။ နောက်ပြီး ဒီက ငါ့နေရာမှာ အစားထိုးမဲ့လူကို လည်း ငါ သေသေချာချာ သင်ပေးသွားမယ်။ ဒီတော့ မင်းအနေနဲ့ ငါ့ကို ဘယ်နှစ်လ ဆက်နေစေချင်သေးလဲ၊ ပြော၊ ငါ လုပ်ပေးမယ် ပေါ့။ နောက်ဆုံး အချိန်ထိ သူ့ကို အကူအညီပေးခဲ့တယ်။ ဒါ ကျွန်တော်က ကိုယ် ဘယ်လောက် စေတနာ ထား လုပ်ပေးခဲ့သလဲ ဆိုတာပြောပြတာ။
ဒီလို လုပ်ပေးခဲ့ခြင်းအားဖြင့် သူနဲ့ ကိုယ့်အကြား မိတ်မပျက်တော့ဘူး။ နောင် ဆက်ဆံချင်တယ် ဆိုလည်း ပြန်ပြီး ဆက်ဆံလို့ ရတယ်။ ရေရှည်အတွက် ကြည့်ရတာပေါ့။
နောက်တစ်ခုက ပုခုံးချင်းယှဉ်တာ။ ဥပမာ သူဌေးက manpower supply အနေနဲ့ နောက်ကုမ္ပဏီ တစ်ခုကို သူ့ကို ပို့လိုက်တယ်။ အဲလို ငှားလိုက်ခြင်းအားဖြင့် သူဌေးက တစ်နာရီကို တစ်ဆယ် ရတယ်။ သူ့အနေနဲ့ကျတော့ နှစ်ကျပ်ပဲ ရတယ်။ ဒါကို သွားမြင်လို့ မဖြစ်ဘူး။ ဘာဖြစ်လို့ သူဌေးက ဟို ကုမ္ပဏီကို တစ်ဆယ်တောင်းရသလဲ ဆိုတဲ့ နောက်ကွယ်က အချက်တွေကို ကျတော့ အလုပ်သမားတစ်ယောက် အနေနဲ့ ဘယ်လိုမှ မသိနိုင်ဘူး။ ကိုယ်မသိတဲ့ ကိစ္စ သွားပြီး ပုခုံးချင်း မယှဉ်ရဘူး။
နောက်ပြီး အချင်းချင်း ယှဉ်တဲ့ ကိစ္စ။ သူကတော့ တစ်နေ့မှ ၂၀ ပဲရတယ်။ ဟိုကောင်ကျ ၃၀ ရတယ်။ သူက ၃၀ ရတာကိုသာ မြင်တာကိုး။ အဲဒီကောင် အနေနဲ့ ၃၀ ရအောင် ဘာတွေ ရင်းနှီးပြီး ဘယ်လိုအသည်းအသန် ကြိုးစားပြီး တက်လာရတာကျ မလေ့လာဘူး။
နောက်ပြီး အတူတူလာတဲ့ သူချင်း၊ သူများက ကိုယ့်ထက်ပိုပြီး လခများသွားတဲ့ ကိစ္စ။ တစ်သုတ်ထဲ အတူတူ လာကြတယ်။ ဟိုကောင်ကျတော့ မနားမနေကြိုးစားတယ်။ လေ့လာတယ်။ မေးတယ်။ သင်ယူတယ်။ ဒီတော့ အချိန်တို လေး အတွင်းမှာ တတ်သွားတယ်။ လက်လွှဲရတယ်။ ဒီတော့ သူဌေးက လခ တိုးပေးတယ်။ ဒါပေမဲ့ ကိုယ်ကျတော့ ဒီလို မမြင်ဘူး။ ဟာ - ဒီကောင် ဘာတတ်လို့လဲ။ ငါနဲ့ တစ်နေ့ထဲ အတူတူ လာတာပဲ။ ဒီရောက်တော့ ဒါတွေ မတတ်လို့တောင် ငါက သင်ပေးရ သေးတာ။ ခုကျတော့ သူက လခတိုးသွားပြီ။ ငါ့ကျတော့ မတိုးဘူး။ မတရားဘူး ပေါ့။ ဒါပေမဲ့ ဒီကောင်က ဘာလို့ လခတိုးပြီး ငါ့ကျ ဘာလို့ မတိုးရတာလဲ ဆိုတာ မလေ့လာဘူး။ ကိုယ့်ဟာကိုယ် ပြန်ပြီး မဝေဖန်၊ မဆန်းစစ်ဘူး။
ဒီနိုင်ငံက တကယ့် စီးပွားရေးနိုင်ငံ။ အကျိုးအမြတ်မရှိဘဲ ဘယ်သူမှ လခတွေ အများကြီးပေးထားမှာ မဟုတ်ဘူး။ တချို့ကျတော့လည်း တစ်မျိုး။ ဒီက ကုမ္ပဏီတွေက project တစ်ခုရလိုက်လို့ အေးဂျင့်ကနေတစ်ဆင့် လူခေါ်လိုက်တယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီ ကုမ္ပဏီ ရထားတဲ့ project က ပျက်သွားတယ်။ ဒီတော့ ဒီကောင်တွေ အလုပ်မရှိမဘူး။ အိုဗာတိုင်ဆိုတာ ဝေလာဝေး။ ဒါကျတော့ ဘယ်သူ့မှ အပြစ်တင်လို့ မရတော့ဘူး။ သူဌေးက လုပ်ချင်လို့ မဟုတ်ဘူး။ ဒါ့အပြင် အေးဂျင့်ရဲ့ အပြစ်လည်း မဟုတ်ဘူး။ ကံကိုပုံချစရာ တစ်လမ်းပဲ ရှိတော့တယ်။
ဒီတော့ ကောင်းတာက ကိုယ် လျှောက်ထားတဲ့ အေးဂျင့်၊ ကုမ္ပဏီဟာ ဘယ်လောက် အတိုင်းအတာထိ စိတ်ချရ သလဲ ဆိုတာပဲ။ ခိုင်မာသလဲ ဆိုတာ ကိုယ် အင်တာဗျူး မ၀င်ခင်ကတည်းက စုံစမ်းထားသင့်တယ်။ စင်ကာပူမှာက ကုမ္ပဏီ တွေ ဆိုတာ မှိုလိုပေါနေတာ။ သူလည်း ကုမ္ပဏီထောင်၊ ကိုယ်လည်း ကုမ္ပဏီ ထောင်။ ကုမ္ပဏီသာ ထောင်တာ၊ လက်ထဲမှာ ပိုက်ဆံဆိုတာ မယ်မယ်ရရ ရှိတာ မဟုတ်ဘူး။ အေးဂျင့်တွေနဲ့ ပေါင်းပြီး လူတွေခေါ်၊ လူခေါ်တဲ့ အပေါ်မှာ အေးဂျင့်ဖီး တောင်းယူ။ နောက်ပြီး ရောက်လာတဲ့သူတွေကို ကိုယ်ပိုင် အလုပ်မရှိပဲ တခြား ကုမ္ပဏီတွေကို manpower supply ပြန်သွင်း။ အာ၊ ရှုပ်ရှက်ကို ခပ်နေတာ။
MOM (Ministry of Manpower) ဥပဒေအရ အလုပ်ရှင်တစ်ယောက်ဟာ အလုပ်သမားတွေဆီကနေ အေးဂျင့်ဖီး တောင်းယူပိုင်ခွင့် မရှိဘူး။ ဒါပေမဲ့ ဒီမှာကတော့ အလုပ်ရှင်တွေကိုယ်တိုင် အေးဂျင့်လုပ်ပြီး ကိုယ့်အလုပ်သမားတွေ ဆီကနေ အေးဂျင့်ဖီး ပြောင်တောင်းယူနေကြတာပဲ။ ထားပါတော့၊ တစ်ယောက်ကို တစ်ထောင်ပဲ ရတယ်ထား။ လူ ဆယ်ယောက် ခေါ်လိုက်ရင်ပဲ တစ်သောင်း ရနေပြီ။ ဘာမှ မလုပ်ရပဲ သပိတ်ဝင်၊ အိတ်ဝင် ရတာ။
ဒီကို အလုပ်သမားတွေ ရောက်လာပြီး အလုပ်မပေးနိုင်တဲ့အခါကျတော့ ဆောရီးကွာ၊ ငါတို့ အလုပ်မရှိသေးဘူး လုပ်လိုက်ရော။ သူက ဆောရီးနဲ့တင် ပြီးသွားတာ၊ ဗမာပြည်က လာတဲ့ကောင်တွေကျ အေးဂျင့်ဖီး တနင့်တပိုး ပေးလာခဲ့ရ တာ ဆိုတော့ အလုပ်မလုပ်ရပဲ အကြာကြီးနေရရင် သေပြီ။ အဲဒါကြောင့် မို့လို့ ဒီကိုလာမယ် ကြံတဲ့ သူတွေ အနေနဲ့ ဖြစ်နိုင် ရင် ကိုယ်လာမဲ့ ကုမ္ပဏီအကြောင်း လေ့လာထားသင့်တယ်။ ဗမာပြည်ကနေ လေ့လာဘို့ ဆိုတာလည်း သိပ်တော့ ဘယ်လွယ်ပါ့မလဲ လေ။
နောက်တစ်ခု သတိပေးချင် ပါသေးတယ်။ ကိုယ့်ဗမာချင်း ပြန်ပြီး ဇာတ်တူသားစားတဲ့ ပင်နင်စူလာက ဗမာ အေးဂျင့်တွေ ကို အတော်လေး သတိထားပါလို့။ သိတယ် မို့လား။ အေးဂျင့်ဆိုတဲ့လူမျိုးတွေက မစားရ ၀ခမန်း ပြောတတ် ကြတာ။ သူတို့ ပြောတာ အဟုတ်ကြီးထင်ပြီး ပိုက်ဆံတွေ ကြိုပေး၊ နောက်ကျတော့မှ အလုပ်ကမရ၊ stayကကုန်။ ပိုက်ဆံလည်း ပြန်တောင်းလို့ မရ။ ဒါမျိုးတွေ အများကြီး တွေ့ရတယ်။ ကျွန်တော်တို့ကတော့ ဘာမှ လုပ်ပေးလို့ မရဘူး။ သတိထားပါ ဆိုတာလောက်ပဲ ပြောလို့ရတယ်။
ကျွန်တော်နဲ့ တွေ့ဖူးတဲ့ သူတစ်ယောက်၊ စင်ကာပူ ရောက်လာတယ်။ အလုပ်မှ မရသေးဘူး။ ပင်နင်စူလာက အေးဂျင့်က သူ P.R တင်ပေးမယ် ပြောတယ် တဲ့။ ကျွန်တော်က ဟေ့ကောင်၊ ပီအာ ဆိုတာ ဒီမှာ အလုပ်လုပ်နေပြီး S Pass နဲ့ ဖြစ်ဖြစ်၊ E.P နဲ့ ဖြစ်ဖြစ် နေမှ ရတာလို့ ပြောပြတယ်။ ဒါပေမဲ့ သူက လက်မခံဘူး။ ဟိုက အပြောကောင်းနေတော့ အတင်း ပိုက်ဆံ သွားပေးတယ်။ နောက် ဒုက္ခတွေ့မှ သြော် ဒီလိုပါလား လို့ လက်တွေ့ မျက်တွေ့ သိသွားတယ်။
နောက်ပြီး ကျွန်တော်တို့ လူမျိုးတွေကလည်း ခက်တယ်ဗျ။ ဟုတ်တဲ့လူ ပြောရင် လက်မခံချင်ဘူး။ အပြောကောင်း တဲ့ သူမှ။ တချို့ကျတော့လည်း ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓါတ်နဲ့ သူ့ဟာသူ အိမ်ပဲရောင်းရောင်း၊ လယ်ပဲ ပေါင်ပေါင်၊ ငါနဲ့ မဆိုင်ဘူး။ ငါ အေးဂျင့်ဖီးရရင် ပြီးရော ဆိုပြီး ဒီမှာ မရှိတဲ့ ကုမ္ပဏီနာမည်တွေတပ်ပြီး ဗမာပြည်ကနေ စင်ကာပူကို အတင်းတွန်းလွှတ်။ ဒီရောက်တော့မှ ဟိုကောင်တွေမှာ ဒုက္ခတွေ အကြီးအကျယ်ရောက်။ အဲဒါမျိုးတွေ အများကြီး တွေ့ရတယ်။
ဒါပါပဲဗျာ။ ကျွန်တော်ကတော့ အေးဂျင့်တွေကို စီးပွားရှာတာ၊ ရှာတာ တစ်ပိုင်း။ ကိုယ့်အမျိုးသားချင်း ရိုင်းပင်း ကူညီရာလည်း ရောက်အောင် မှန်မှန်ကန်ကန် လုပ်ပေးကြဘို့ ပြောချင်ပါတယ်။ နောက်ပြီး ဒီရောက်လာတဲ့ ဗမာ လူငယ် လေးတွေကိုလည်း ရိုးရိုးသားသားနဲ့ အစွမ်းကုန်ကြိုးစားပြီး အလုပ်လုပ်ကြဘို့၊ ပညာယူကြဘို့၊ အလုပ်အပေါ်မှာ စေတနာ ထားပြီး လုပ်ကြဘို့။ ကိုယ့်ကို ထမင်းကျွေးထားတဲ့ အလုပ်ရှင် အပေါ်မှာ သစ္စာရှိကြဘို့ မှာချင်ပါတယ်။
ဒါလောက်ပါပဲ။ ကျေးဇူးတင်ပါတယ်။
သုံးသပ်ချက်
၁။ ကိုသန်းဝင်းမျိုး မှာ လူငယ်ပင် ဖြစ်လင့်ကစား တိုးတက်သော အတွေးအခေါ် အယူအဆ ရှိသူ ဖြစ်ပါသည်။ သူက ဗမာပြည်မှ လာရောက် လုပ်ကိုင်နေသူ လူငယ်ကလေးများကို ယခုထက် ပိုပြီး လေ့လာ၊ သင်ယူစေလို၊ ကြိုးစားစေလို သော စေတနာ အပြည့် ရှိသည်။ သူကိုယ်တိုင်လည်း လေ့လာသင်ယူကာ တိုးတက်သည်ထက် တိုးတက်အောင် ကြိုးစား နေသူ ဖြစ်သည်။
၂။ အလုပ်ရှာသည် ဆိုရာ၌ အနည်းနှင့် အများ ဆိုသလို အလုပ်အကိုင် ရှာဖွေရေး အေးဂျင့်များနှင့် ဆက်သွယ် ဆောင်ရွက် ကြရမည် ဖြစ်ပေသည်။ ထို့အတွက် အေးဂျင့်များကလည်း မိမိ ပိုက်ဆံရရေး တစ်ခုထည်းသာ မကြည့်ပဲ မိမိထံသို့ အားကိုး တကြီးနှင့် လာရောက် အလုပ်အပ်နှံသူများကို ကိုယ်ချင်းစာစိတ်ဖြင့် ကူညီပေးသင့်ပေသည်။ အထက်ပါ ဆောင်းပါးများကို ကြည့်လိုက်လျှင် အေးဂျင့်များ၏ အရေးပါမှုကို ထင်ထင်ရှားရှား တွေ့နိုင်ပါသည်။

Wednesday, September 16, 2009
Bitter Life XII(မမျိုးသီတာ-၃)
၉၊ ၄။ ကုန်ကျစရိတ်များ
ကုန်ကျစရိတ်ကတော့ ဘာသာတစ်ခုနဲ့ တစ်ခု မတူနိုင်ဘူး။ Engineering Course တွေက ပိုများတယ်။ ကျွန်မတို့ တက်တဲ့ အတန်းကတော့ တစ်နှစ်စာကို ၆၀၀၀ ပေးရတယ်။ အဲဒီ information တွေကိုတော့ ကျောင်း web site ဖြစ်တဲ့
http://search.ntu.edu.sg/?IW_DATABASE=NTU%20Websites&IW_FIELD_WEB_STYLE=Fees
မှာ ၀င်ကြည့်လို့ ရပါတယ်။
မှတ်ချက်။ ပညာသင် စရိတ်များကို အသေးစိတ် မဖော်ပြတော့ပါ။ အထက်ပါ NTU website တွင် ၀င်ရောက် ကြည့်ရှုနိုင် ပါသည်။
မဟာသိပ္ပံတက်တဲ့သူတွေ အနေနဲ့ နိုင်ငံခြား ကျောင်းသားတွေဆို ၈၀% Loan (ချေးငွေ) ရတယ်။ ဘဏ်ကနေ ချေးပေးတာ။ ငွေချေးဘို့ကို တစ်ယောက်ယောက်က grant လက်မှတ် ထိုးရတယ်။ ဒါပေမဲ့ ဒါကလည်း သိပ်မခဲယဉ်းပါဘူး။ ကျောင်းသား အချင်းချင်း ပြန်ထိုးပေးလို့ ရတယ်။ ဥပမာ - မောင်ဘ က မောင်လှ ကို ထိုးပေးတယ်။ မောင်လှက မောင်မြ ကို ထိုးပေးတယ်။ တစ်ခါ မောင်မြက မောင်ဘကို ပြန်ထိုးပေးတယ် စသဖြင့်ပေါ့။ အကယ်၍ ကျောင်းသားတစ်ယောက် ဟာ သူနဲ့ အတူ ငွေချေးဘို့ ကျောင်းသားတွေထဲကနေ လက်မှတ်ထိုးမဲ့ သူမရှာနိုင်ရင် စင်ကာပူ PR တစ်ယောက်ကနေ လက်မှတ် ထိုးပေးလို့ ရတယ်။
၈၀% ဆိုတာမှာ ကျောင်းစရိတ်ရဲ့ ၈၀% ကို ပြောတာ။ အဆောင်လခတို့၊ ကိုယ်သုံးစွဲတဲ့ အခတို့ မပါဘူး။ ဥပမာ - ကျွန်မတို့က တစ်နှစ်မှာ 3 trimester ရှိတော့ trimester တစ်ခုကို ၂၀၀၀ စီ သွင်းရမယ်။ ဒါပေမဲ့ ဘဏ်ကနေ ၈၀% ချေး ထားတဲ့ အတွက် ကိုယ်က ၄၀၀ ပဲ သွင်းရပြီး ကျန်တဲ့ ၁၆၀၀ ကို ဘဏ်က ပေးသွားတယ်။
ကျောင်းသားတစ်ဦး အနေနဲ့ course work စာမေးပွဲတွေ ပြီးသွားတဲ့ အခါ ကျောင်းကနေ ICA ကို စာပို့တယ်။ ဥပမာ - ဒီကျောင်းသားဟာဖြင့် M.Sc ဘွဲ့ရဘို့ 80% eligible ဖြစ်ပြီ ပေါ့။ အဲဒီအခါ ICA ကနေ အဲဒီ ကျောင်းသားဆီကို PR Offer Letter ပို့တယ်။ မင်းဟာ Dissertation ပြီးသွားရင် PR လျှောက်လို့ ရပါပြီ ပေါ့။ ဒါပေမဲ့ နိုင်ဂျီးရီးယားတို့၊ ဂါနာ တို့နိုင်ငံ က ကျောင်းသားတွေကတော့ ICA က ခုနပြောတဲ့ PR Offer Letter မပို့ဘူး။ မပို့တဲ့ပြင် အဲ့ဒီကျောင်းသားက PR Offer Letter ရဘို့ လျှောက်တာတောင် မပေးဘူး။ Reject လုပ်တယ်။ သူတို့ကျ ကျောင်းပြီးသွားလို့ ဘွဲ့ရသွားသည့်တိုင် စင်ကာပူ PR လျှောက်လို့ မရဘူး။
ဒါပေမယ်လို့ ပြောကြစတမ်း ဆိုရင် အဲဒီ အာဖရိကန်တွေက ပညာရေးပဲ ဖြစ်ဖြစ်၊ အားကစားပဲ ဖြစ်ဖြစ် သူတို့က ကျွန်မတို့ အာရှသားတွေနဲ့ စာရင် အရမ်းပိုပြီး ထူးချွန်ကြ၊ တော်ကြတယ်။ အရေးတကြီး စာကျက်စရာလိုလာရင် သူတို့က နှစ်ရက်တန်သည် သုံးရက်တန်သည် လုံးဝမနားပဲ လုပ်နိုင်ကြတယ်။ ကျွန်မတို့ကျတော့ ဘယ်လောက်ကြီးပဲ အရေးကြီးနေ ပါစေ၊ အဲဒီလောက် မလုပ်နိုင်ဘူး။ လုပ်ချင်သည့်တိုင် ခန္ဓာကိုယ်က မလိုက်နိုင်ဘူး။
ဆိုတော့ သူတို့ အနေနဲ့ ခုန ဘဏ်က ချေးထားတဲ့ 80% Loan ကို ပြန်မဆပ်ပဲ သူတို့နိုင်ငံ ပြန်သွားလည်း ဘာမှ အကြောင်းမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မတို့ကျတော့ ဘွဲ့ရတာနဲ့ PR လျှောက်မှာ ဆိုတော့ အဲဒီ အချိန်ကျ ခုနက ဘဏ်ချေးငွေ က စကားပြောလာပြီ။ မဆပ်လို့ကို မရဘူး။ အဲဒီအချိန်ကျ ဘဏ်ကို သွားပြီး ကိုယ်ချေးထားတဲ့ ပိုက်ဆံတွေကို ဘယ်လို ပြန်ဆပ်ပါ့မယ် ဆိုတဲ့ သဘောတူညီချက် ယူရတယ်။ PR လျှောက်တဲ့အခါ အဲဒီစာကို ပူးတွဲပြီး တင်ပြရတယ်။
ကျောင်းစရိတ်အပြင် တခြား ကိုယ့် အသုံးစရိတ် ဆိုလို့ ကျွန်မတို့ ကျတော့ ကျောင်းထဲမှာပဲ နေတော့ အဆောင် လခ ၂၅၀ ကုန်မယ်။ သွားစရိတ် လာစရိတ်တွေတော့ မရှိဘူး။ အပြင်ထွက်တဲ့ အခါပဲ နည်းနည်းပါးပါး ကုန်မယ်ပေါ့။ ချွေချွေတာတာ သုံးမယ် ဆို အခန်းခအပါအ၀င် တစ်လ ၃၅၀၊ ၄၀၀ ဆို ကောင်းကောင်း လောက်ပါတယ်။ ဆိုတဲ့ အခါ ကျတော့ ကျောင်းစရိတ်တွေရော အားလုံးအပါအ၀င် ဆို တစ်နှစ်ကို စင်ကာပူဒေါ်လာ ၆၀၀၀ လောက် ကုန်ပါတယ်။ ဘဏ်ကနေ ချေးတာတွေ မပါပေါ့။
ဒီတော့ ကျွန်မအကြံပေးချင်တာက ကျောင်းကလက်ခံပြီ ဆိုတာနဲ့ online ကနေ အဆောင်လျှောက်ပါလို့ ပြောချင်ပါတယ်။ ဒါဆို ကုန်ကျစရိတ် အများကြီး သက်သာသွားတာပေါ့။ နောက်ပြီး ကိုယ်ပိုင် ကွန်ပြူတာ ၀ယ်ချင်လည်း ၀ယ်။ မ၀ယ်ချင်လဲ student room တွေမှာ ကွန်ပြူတာနဲ့ printer တွေ ၂၄ နာရီ ထားပေးတယ်။ ကိုယ့်ကျောင်းသားကဒ် နဲ့ ဖြတ် သုံးလိုက်ရုံပဲ။ Professor ပို့ပေးတဲ့ Lecture notes တွေကို အဲဒီက printer တွေမှာ ထုတ်လိုက်ရုံပဲ။
၉၊ ၅။ စင်ကာပူသို့ လာရောက်ကျောင်းတက်လိုလျှင်
ကျောင်းတက်တော့မယ် ဆိုရင် IELTS အမှတ်တွေ တောင်းတယ်။ ဒါပေမဲ့ ကျွန်မ ကံကောင်းတာက ကျွန်မဟာ စိုက်ပျိုးရေး တက္ကသိုလ်မှာ တုံးက ပထမနှစ်ကနေ နောက်ဆုံးနှစ်ထိ subject အားလုံးကို အင်္ဂလိပ်လို သင်ခဲ့တာပါ ဆိုပြီး အင်္ဂလိပ်စာ ဌာနမှုးက ထောက်ခံစာ ရေးပေးလိုက်တော့ IELTS ပေးစရာ မလိုတော့ဘူး။ အဲဒီအတွက်လည်း စိုက်ပျိုးရေး တက္ကသိုလ် အင်္ဂလိပ်စာဌာန ဆရာမကြီးကို ကျေးဇူးတင်ပါတယ်လို့ ဒီနေရာကနေ ပြောချင်ပါတယ်။
နောက်တစ်ခုက ခု ဒီကျွန်မတို့ ကျောင်းမှာ လာတက်တဲ့ ကျောင်းသားတွေ ဘွဲ့မရပဲ ပြန်သွားရတာတွေ ရှိတော့ ကျောင်းအနေနဲ့ သိက္ခာကျတယ်။ အရင်က ဘာမှ သိပ် အစစ်အဆေး အမေးအမြန်းမရှိပဲ လက်ခံခဲ့တာ။ ခုနောက်ပိုင်းကျ အရည်အချင်းမီတဲ့ ကျောင်းသားတွေကိုပဲ ရွေးပြီး လက်ခံတော့တယ်။ ဥပမာ - ကျွန်မတို့အရင်က တက်သွားတဲ့ ကျောင်း သားတစ်ယောက်ဆို မြန်မာပြည် အဝေးသင် တက္ကသိုလ် ကနေပြီးခဲ့တာ။ နောက်ကျတော့ ကျောင်းတက်နေရင်း တန်းလန်း ပဲ professor ကခေါ်ပြီး သူ့ကို terminate (ရပ်တန့်) လုပ်လိုက်တယ်။ သူ ပြန်သွားရတယ်။ ဖြစ်ပုံက အဲဒီတုံးက ကျောင်းက အသစ်၊ ဖွင့်ကာစ။ ဒီ ဘာသာကို ဘယ်လိုသင်မလဲ ဆိုတာ သူတို့ စမ်းသပ်နေတာ။ နောက်ကျမှ ရလာတဲ့ အတွေ့အကြုံတွေပေါ် မူတည်ပြီး သူတို့ ချမှတ်ထားတဲ့ မူဝါဒ နဲ့ စည်းမျဉ်းတွေကို ပြန်ပြင်သင့်တာ ပြင်ပေါ့ လုပ်တာ ကိုး။
ခု ကျတော့ နိုင်ငံခြားက လာတက်တဲ့ ကျောင်းသားဆိုရင် အနည်းဆုံး M.Sc ဘွဲ့ တစ်ခုခု ရပြီးသား ကျောင်းသား ကိုပဲ လက်ခံတော့တယ်။ Double Master ပေါ့။ Engineering တို့ Computer Science တို့ ဆိုရင် မိခင် တက္ကသိုလ်မှာ 1st, ဒါမှမဟုတ် 2nd ရတဲ့ကျောင်းသားတွေပဲ လက်ခံတော့တယ်။ 3rd ရတဲ့ ကျောင်းသားတွေတောင် ၀င်ခွင့် မရတော့ဘူး ဖြစ်သွားတယ်။ တကယ့် ထိပ်တန်းကျောင်းသားတွေပဲ လက်ခံတာ။
ဒီတော့ စင်ကာပူက ဒီ တက္ကသိုလ်ကြီးတွေတက်မယ် ဆိုရင် ကိုယ့်ကျောင်းမှာ တကယ့် ထိပ်တန်းဖြစ်အောင် ကြိုးစားထားဘို့ လိုပါတယ်။
၉၊ ၆။ အလုပ်အကိုင် ရရှိနိုင်မှု အခြေအနေ
ကျောင်းပြီးတာနဲ့ အလုပ်ရှာကြပြီ ဆိုတော့ အလုပ်ရမှု မရမှုဟာ ကျွန်မအထင်တော့ အရင်က လုပ်ငန်း အတွေ့ အကြုံ ရှိခဲ့ဖူးသူ ဆို ပိုလွယ်မယ် ထင်တယ်။ ဘာလို့လည်း ဆိုတော့ အင်တာဗျူးမှာ အလုပ်လုပ်ခဲ့ဖူးသူ တစ်ယောက် ဖြေတဲ့ အဖြေနဲ့ တစ်ခါမှ အလုပ်မလုပ်ခဲ့ဖူးသေးသူ တစ်ယောက် ဖြေတာ မတူနိုင်ဘူး။ First Impression ပေါ့။ လုပ်ငန်း အတွေ့ အကြုံ ရှိတဲ့သူကျ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတယ်။ ဒီတော့ ရဲရဲ ပြောရဲတယ်။ လုပ်ငန်း အတွေ့အကြုံမရှိသေးတဲ့ သူ ကျတော့ စိတ်မှန်းနဲ့ မရဲတရဲ ပြောရတာ ဆိုတော့ အင်တာဗျူးတဲ့သူက အထင်သေးတယ်။
ဒါပေမဲ့လည်း တချို့ကျတော့ Fresh Graduate တွေ (ကျောင်းဆင်းစ၊ လုပ်ငန်းအတွေ့အကြုံ မရှိသေးသူ) ခေါ်ပါ တယ်။ အမျိုးမျိုးပေါ့။ ဘာပဲဖြစ်ဖြစ် လုပ်ငန်း အတွေ့အကြုံ ရှိသူဟာ လုပ်ငန်း အတွေ့အကြုံမရှိသေးတဲ့ သူထက် ပိုပြီး အလုပ်ရဘို့ အခွင့် အလမ်းကောင်းတယ် လို့ ဆိုချင်ပါတယ်။
ကျွန်မယူတဲ့ ဘာသာတွဲ ကျတော့ ကျောင်းမှာကတည်းက စကားများများ ပြောတတ်အောင်၊ စာများများ ရေး တတ်အောင် သင်ပေးလိုက်တာ ဖြစ်တဲ့အတွက် အပြင်လောကထဲ ရောက်လို့ လူတွေနဲ့ ဆက်ဆံရတဲ့အခါ၊ ကုမ္ပဏီ တစ်ခုနဲ့ တစ်ခု လုပ်ငန်းဆိုင်ရာ စာတွေ ရေးရတဲ့အခါ အားသာချက်ရှိတယ်။ လုပ်ငန်းကျွမ်းကျင်မှု ကို အထောက်အကူ ပြုတယ်။
ဥပမာ - အင်တာဗျူးတစ်ခု ၀င်တဲ့အခါ ကိုယ်က သူမေးတာချည်း ဖြေမနေပဲ သူ့ကိုလည်း မေးခွန်းတွေ ပြန်ထုတ် နိုင်တယ်။ ဆိုပါတော့ - ငါ မင်းတို့ ကုမ္ပဏီမှာ လုပ်မယ် ဆိုတော့ မင်းတို့ရဲ့ ရေရှည် ရည်မှန်းချက်ကိုလည်း သိချင်တယ်။ အဲဒီအတွက် ကုမ္ပဏီတိုးတက်ရာ တိုးတက်ကြောင်းအတွက် ဘာအစီအစဉ်တွေ ချမှတ်ထားတာ ရှိသလဲ ဆိုတာမျိုးပေါ့။
၉၊ ၇။ ကျောင်းသင်ပညာရေး နှင့် လက်တွေ့ဘဝ
စီးပွားရေးမှာ နှစ်ပိုင်းရှိပါတယ်။ Macro Economy နဲ့ Micro Economy ။ Accounting တို့ Data Entry တို့ ကျတော့ Audit တို့ ကျတော့ Micro Economy ခေါ်တာပေါ့။ Macro Economy ကျတော့ ကုမ္ပဏီတစ်ခု မှာ ၀င်ငွေ၊ ထွက်ငွေ မျှအောင် ဘယ်လို လုပ်မလဲ။ ကုမ္ပဏီ တိုးတက်အောင် လုပ်ဖို့ဘယ်လို လုပ်မလဲ။ ပရောဂျက်တွေ ရအောင် လုပ်မလဲ ဆိုတာမျိုးပေါ့။
ခု ကျွန်မတို့ လေ့လာခဲ့ရတဲ့ Political Economy ကျတော့ နိုင်ငံတစ်ခုမှာ နိုင်ငံရေးနဲ့ စီးပွားရေး ချိန်ခွင်လျှာ ညီ အောင် ဘယ်လို ကိုင်တွယ်မလဲ ဆိုတဲ့ ပညာတွေပါ။ ဒါက နိုင်ငံနဲ့ ချီသွားတဲ့အခါကျတော့ သိပ်ကြီးကျယ် သွားပြီ။ ဒါပေမဲ့ ကျွန်မတို့ လုပ်ငန်းခွင်ထဲ ၀င်တဲ့အခါလည်း ဒါတွေက အများကြီး အသုံးဝင်ပါတယ်။
ကျွန်မဆို ပရောဂျက်တွေ ရအောင် လုပ်ရတဲ့ အခါ၊ customer တွေရအောင် လုပ်ရတဲ့ အခါမျိုးတွေ၊ တစ်နည်း အားဖြင့် marketing ပိုင်းမှာ အများကြီး အသုံးတည့်တယ်။ ကိုယ်က ကျောင်းမှာ စာတမ်းတွေ အများကြီး ရေးခဲ့ရတာ ဆိုတော့ ဘယ်သူ့ကိုတော့ ဘယ်လိုပုံနဲ့ ချဉ်းကပ်လို့ ရနိုင်တယ် ဆိုတာ သိတယ်။ ဒီတော့ ကုမ္ပဏီအတွက် အလုပ်တွေ ရှာတဲ့ နေရာမှာ အသုံးတည့်တယ်။ ဒါပေမဲ့ ကျွန်မတို့ ခုလို သုံးနိုင်တယ် ဆိုတာ တကယ့် အသေးအဖွဲလေးပါ။ တကယ်ဆိုရင် နိုင်ငံ့စီးပွားရေးနဲ့ ချီပြီး အသုံးချသင့်တာပေါ့။
သုံးသပ်ချက်
၁။ မိမိဘ၀အတွက် တိုးတက်ရာ တိုးတက်ကြောင်း ကြိုးစားကြရာတွင် အဆင့်မြင့် ပညာသင်ယူခြင်းသည် တစ်ခု အပါအ၀င် ဖြစ်ပေသည်။ ပညာသင်ကြားခြင်း ဟူသည် ကြီးမားလှသော ငွေအရင်းအနှီးနှင့် အချိန်များကို ပေးဆပ် လိုက်ရခြင်း ဖြစ်သဖြင့် ကျောင်းတက်တော့မည် ဆိုသည်နှင့် မိမိသင်ယူမည့် ဘာသာရပ်သည် မိမိနှင့် အံဝင်မ၀င်၊ မိမိ လိုချင်သော ပန်းတိုင်ရောက်အောင် ဖြည့်ဆည်းပေးမည့် လက်နက်ကောင်းတစ်ခု ဟုတ်မဟုတ် ဦးစွာ လေ့လာသင့်ပါ သည်။ သို့မဟုတ်ပဲ မိမိရလာသောဘွဲ့သည် မိမိလုပ်လိုသော အလုပ်နှင့် မပတ်သက်၊ မဆက်နွယ် ဟု ဆိုလျှင် အလုပ်ရှာ ရာတွင် အခက်အခဲရှိနိုင်သလို လက်တွေ့လုပ်သောအခါတွင်လည်း အသုံးချ မရ ဖြစ်တတ်ပါသည်။
သို့အတွက် မိမိ၏ ပညာအခြေခံသည် မည်သည်ဖြစ်သနည်း၊ မိမိ မည်သည့်အလုပ်လုပ်ရန် စိတ်ဝင်စားသနည်း၊ ဤပညာရပ်ကို မိမိအနေနှင့် တကယ် စိတ်ဝင်စားစွာ သင်ယူလိုပါသလော စသည်တို့ကို ဦးစွာ ဆန်းစစ် လေ့လာသင့် ပါသည်။

Saturday, September 12, 2009
Bitter Life XI(မမျိုးသီတာ-၂)
နောက်ပြီး အင်္ဂလိပ်စာ အရေးအသားနဲ့ ပတ်သက်လို့ လိုသေးတယ်။ တကယ့်တကယ် စာတမ်းတွေ ရေးတဲ့ အခါကျတော့ အင်္ဂလိပ်လို ကောင်းကောင်း မရေးတတ်ရင် အရမ်း ဒုက္ခရောက်တယ်။ ဒီအကြောင်းအရာကို သိနေ တယ်။ ပြောလည်းပြောချင်တယ်။ ဒါပေမဲ့ အင်္ဂလိပ်လို ကိုယ် ဆိုလိုချင်တဲ့ အဓိပါယ်ရောက်အောင် ဘယ်လိုရေးရ၊ ပြောရမှန်း မသိဘူး ဆိုတော့ အလိုလိုနေရင်း အမှတ်လျော့စရာတွေ ဖြစ်လာတယ်။ နောက်ပြီး ဘာသာရပ် ဆိုင်ရာ စာတမ်းတွေ ရေးတဲ့အခါကျတော့ ရိုးရိုး အင်္ဂလိပ်စာ နဲ့မတူပဲ သူ့ သက်ဆိုင်ရာ အခေါ်အဝေါ်၊ အသုံးအနှုံးတွေကို လည်း ယဉ်ပါးနေမှ ရမယ်။
သြစတေးလျလို တက္ကသိုလ်ကြီးတွေမှာ ကျတော့ ကျောင်းမတက်ခင် ဒီ subject ရဲ့ flow က ဘယ်လို။ ဘယ်လို way နဲ့ သွားရမလဲ။ ဘယ်လို argue လုပ်မလဲ။ ဘယ်လို puzzle question ထုတ်ဘို့အတွက် ဘယ်လို တွေးရမလဲ ဆိုတာတွေကို အနည်းဆုံး သုံးလ သင်ပေးတယ်။ အဲဒီ ဌာနရဲ့ ဆရာတွေကိုယ်နှိုက်က သင်ပေးတာ။ Presentation တွေ ဘယ်လို ပြင်မလဲ။ ဘယ်လိုခေါင်းစဉ် ရေးရင် ဘယ်လို ပြင်ရမလဲ ဆိုတာတွေပေါ့။
ဒီတိုင်းပြည်တစ်ခု ဆင်းရဲနေတာ ဘာ့ကြောင့်လဲ။ သူ့မှာ ဘယ်လို သဘာဝ သယံဇာတ ပစ္စည်းတွေ ရှိသလဲ။ လူ့အရင်းအမြစ်ကို ဘယ်လို ပြုစုပျိုးထောင်သလဲ။ အစိုးရရဲ့ ပေါ်လစီက ဘာလဲ။ ဒီ သယံဇာတ ပစ္စည်းတွေကို ဘယ်လို စီမံခန့်ခွဲသလဲ။ ပညာရေး ရည်မှန်းချက်တွေက ဘာလဲ။ တခြားနိုင်ငံ တွေနဲ့ စီးပွားရေးအရ ဆက်ဆံရေးက ဘယ်လိုရှိ သလဲ စသဖြင့် ဖော်ပြပြီးမှ နောက်ဆုံးမှာ ဒါဆိုရင် အဲဒါတွေကို ပြုပြင်ပြောင်းလဲပြီး စီးပွားရေးစနစ် တိုးတက် ကောင်းမွန်လာအောင် ဘယ်လိုတွေ လုပ်နိုင်သလဲ၊ ဘယ်လို လုပ်ရင် ရနိုင်သလဲ ဆိုတာ သုံးသပ်ပြရတယ်။ အဲဒါမှ Thesis တစ်ခုရဲ့ အင်္ဂါရပ်နဲ့ ပြည့်စုံတယ်။
ဒါတွေကောင်းပါတယ်ချည်း ရေးနေရင် paper တစ်ခုရဲ့ လက္ခဏာနဲ့ မကိုက်ညီသေးဘူး။ ပထမ အခန်း ၁ နဲ့ ၂ လောက်မှာ ကောင်းတာတွေ ရေးမယ်။ ဒါတွေ ဒါတွေကြောင်း ကောင်းပါတယ် ပေါ့။ အခန်း ၃ နဲ့ ၄ လောက်မှာ အဲဒီ စနစ်ရဲ့ အားနည်းချက် ချို့ယွင်းချက်တွေကို ထောက်ပြရမယ်။ ဒါတွေတော့ဖြင့် လိုသေးတယ်။ ဒါတွေကတော့ မကောင်း ဘူး စသဖြင့် ကိုယ်ပိုင် ယူဆချက်တွေ ရေးမယ်။ နောက်ဆုံး နိဂုံးချုပ် ကျရင် အဲဒီ လိုနေတာတွေ၊ မကောင်းတာတွေ နဲ့ ဟာကွက် တွေကို ဘယ်လို ပြုပြင် လိုက်ရင်တော့ ကောင်းသွားမယ် ဆိုတဲ့ သုံးသပ်ချက်တွေကို ရေးရမယ်။
ကျွန်မတို့ အခက်အခဲက ကျောင်းကို စရောက်ရောက်ချင်း ယူရတဲ့ ဘာသာတွေက core course တွေ ဖြစ်နေလို့ ရွေးချယ်ပိုင်ခွင့် မရှိတာရယ်။ သင်တဲ့ ဆရာကြီးတွေက ကျောင်းက မဟုတ်ပဲ အင်မတန် တော်တဲ့ ကမ္ဘာ့ထိပ် တန်း ပညာရှင်ကြီးတွေ ဖြစ်နေတော့ သူတို့ သင်တာတွေကို ကျောင်းသားတွေ မလိုက်နိုင်ဘူး။ သူတို့ ဘာပေးချင်သလဲ ဆိုတာ တိတိကျကျ မသိဘူး ဖြစ်နေတယ်။ ဘယ်လို ပုံစံမျိုးနဲ့ သွားချင်သလဲ ဆိုတာ မခန့်မှန်းနိုင်ဘူး။
ဗမာပြည်မှာ ကျတော့ မေးခွန်းတစ်ခု မေးလိုက်ရင် ဒီမေးခွန်းကို ဖြေရမဲ့ အဖြေက တစ်မျိုးထဲပဲ ရှိတယ်။ ကျောင်းသား ၃၀ ရှိရင် ထွက်လာမဲ့ အဖြေ ၃၀ သည် တစ်မျိုးထဲပဲ။ လုံးဝ မလွဲဘူး။ အဲဒီ အထဲမှာမှ သည်၏ မလွဲ၊ ကွက်တိ ဖြေနိုင်တဲ့ ကျောင်းသားဟာ အမှတ် အများဆုံးရမယ်။ ကျက်တော့ထားပါရဲ့၊ တချို့ စာပိုဒ်တွေ မေ့နေလို့ မဖြေနိုင်တဲ့ ကျောင်းသားက အလယ်အလတ်တန်းမှာ ရှိမယ်။ တစ်ခါမှ မကျက်ပဲ ဘာမှ မရတဲ့ ကျောင်းသားကျတော့ စာမေးပွဲ ကျမယ်။
ဒီမှာ ကျတော့ မေးခွန်းတစ်ခုအပေါ်မှာ ကျောင်းသား အယောက် ၃၀ ဖြေရင် အဖြေ အမျိုး ၃၀ ဖြစ်နိုင်တယ်။ ဒီလို တစ်ယောက်နဲ့ တစ်ယောက် အဖြေတွေ မတူတဲ့ အတွက် professor က ဒါကို ကျတယ် လို့ မပြောနိုင်ဘူး။ ကိုယ့် အယူအဆနဲ့ကိုယ် ဖြေထားတာ ဖြစ်တဲ့အတွက် သူ့ အဖြေဟာ ကြောင်းကျိုးဆီလျော်ရင် ဒါ လက်ခံတယ်။ နောက်ဆုံး မှာ conclusion ထုတ်ပေးနိုင်ရမယ်။
နောက်ပြီး သူက ဆရာဖြစ်နေတာမို့လို့ သူပြောတဲ့ argument အားလုံးကို အမှန်လို့ ယူဆရမယ် မဟုတ်ဘူး။ ဆရာပြောတဲ့ အပေါ်မှာ ကိုယ့်သဘောနဲ့ကိုယ် လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိတယ်။ ကျောင်းသားရဲ့ argument မှန်နေရင်လည်း သူတို့က ထောက်ခံပေးတယ်။ ပြန်ပြီးဖြန့်ဝေပေးတယ်။ ဘယ်နှခုနှစ်မှာ တက်ခဲ့တဲ့ ကျောင်းသားရဲ့ argument ကတော့ဖြင့် ဘယ်လိုရှိတယ်၊ ဘယ်လိုအချက်တွေကို ထောက်ပြထားတယ်၊ ဘယ်လို တင်ပြထားတွေက တော့ဖြင့် အရမ်းကောင်းတယ် ဆိုပြီး တင်ပြတယ်။ ဒါကြောင့်မို့လို့ ဒီမှာ တက်ခဲ့တဲ့ ကျောင်းသား အားလုံးရဲ့ paper တွေကို သူတို့ သိမ်းထားတယ်။
နောက်ပြီး ကမ္ဘာ့ စက်မှု တက္ကသိုလ်တွေ အားလုံးကို အဆင့်ခွဲလိုက်ရင် NTU က အဆင့် ၂၅ မှာ ရှိတယ်။ ကမ္ဘာ့ တက္ကသိုလ်ကြီးတွေအနေနဲ့ ဆိုရင် ထိပ်သီး တက္ကသိုလ် ၁၀၀ ထဲမှာ ပါတယ်။ ဘယ်လို အဆင့်အတန်း သတ်မှတ်သလဲ ဆိုတော့ ဒီတက္ကသိုလ်ဟာ ဘာသာရပ် ဘယ်နှစ်ခု သင်ပေးသလဲ၊ တစ်နှစ်မှာ ဘွဲ့ရကျောင်းသား ဘယ်လောက် မွေးထုတ်ပေးနိုင်သလဲ စသဖြင့် ပေါ့ သတ်မှတ်ထားတာကိုး။ အမေရိကန် မှာ တက္ကသိုလ်ပေါင်း ၁၀၀ ပေမဲ့ ဒီ တက္ကသိုလ်အားလုံးဟာ ကမ္ဘာ့ ထိပ်သီး တက္ကသိုလ်တွေချည်း ဖြစ်ချင် မှ ဖြစ်မယ် ပေါ့။ တခြားနိုင်ငံတွေမှာ လည်း သူ့ထက်သာတဲ့ တက္ကသိုလ်တွေ ရှိနေနိုင်တာပဲ။
ဆိုတော့ NTU အနေနဲ့က သူတို့ တက္ကသိုလ်ရဲ့ အဆင့်ကို ထိမ်းထားချင်တယ်။ အဲဒီ အခါကျတော့ ကမ္ဘာ့ ထင်ရှားတဲ့ ဆရာကြီးတွေ ငှားတယ်။ နောက်ပြီး ကျောင်းသားတစ်ဦးရဲ့ paper ကို ဒီဆရာက သင်ပေးလိုက်ပေတဲ့၊ ဒီ ဆရာကတင် စစ်တာ မဟုတ်ပဲ အပြင်က တခြားဆရာကြီးတွေဆီ ပို့ပေးပြီး စစ်သေးတယ်။
မူလ သင်တဲ့ဆရာက ဒီကျောင်းသား ရေးထားတဲ့ စာတမ်းက အရမ်းကောင်းနေလို့ Grade A ပေးလိုက်တယ်။ ဒါပေမဲ့ အပြင်စာစစ် ဆရာကြီးတွေ စစ်လိုက်တဲ့ အခါကျတော့ ဒီအချက်တွေကတော့ ကောင်းပါ တယ်။ ဒါပေမဲ့ ဒီလိုသုံးသပ် ထားတာကတော့ သိပ်မကောင်းသေးဘူး။ ဒီလိုရေးမှ မှန်မယ်။ အဲဒီအတွက် ဒီကျောင်း သားကို Grade A မပေးသင့်ဘူး။ B+ ပဲပေးသင့်တယ် လို့ လုပ်လိုက်ရင် ကျောင်းသားအနေနဲ့ Grade B+ ပဲ ရတော့ တယ်။
ဆိုလိုတာက သူတို့ဆီက ကျောင်းသားတစ်ယောက် ရေးလိုက်တဲ့ စာတမ်းဟာ ဘယ်သူစစ်လိုက်၊ စစ်လိုက်၊ အစစ်ခံနိုင်ရမယ် လို့ မှတ်ကျောက်တင်ထားတာပဲ။
ကျွန်မတို့ အဖြေလွှာတွေဆိုရင် ဒီကျောင်းက ဆရာတွေလဲ စစ်ပြီးရော အင်္ဂလန်တက္ကသိုလ်ကို ပို့ပြီး အစစ်ခိုင်း တယ်။ ဟိုက ပြန်လာတဲ့ ရမှတ်တွေကိုကျမှ ကြေငြာတာ။ ဒီတော့ စာမေးပွဲ စစ်ပြီးပြီးချင်း အမှတ်တွေကို ချက်ခြင်း မသိနိုင်သေးဘူး။ တစ်လကျော်ကြာမှ သိရတယ်။ နောက်ပြီး ဒီကျောင်းမှာ စစ်လိုက်လို့ အောင်သွားပေမဲ့ ဟို တက္ကသိုလ်က အအောင်မပေးဘူး ဆိုလဲ လက်ခံနိုင်ရမယ်။
ဒီမှာ Master ကျောင်းသား တစ်ယောက်ဟာ course work အနေနဲ့ ကျောင်း ဆယ်လ တက်ရတယ်။ အနည်းဆုံး seminar (အကြီး) အခု ၂၀ ပြီးရမယ်။ အဲဒီ seminar တွေကျတော့ ဒီတက္ကသိုလ် တစ်ခုထဲကတင် မဟုတ်တော့ဘူး။ ကမ္ဘာအနှံ့အပြားက ထိပ်တန်း တက္ကသိုလ်ကြီးတွေက ပါမောက္ခကြီးတွေကို ဖိတ်ပြီး သူတို့ရဲ့ ဟောပြောချက်တွေ၊ ဗဟုသုတတွေကို ပေးတယ်၊ idea တွေကို share လုပ်တယ် ဆိုတော့ မဖြစ်မနေ၊ တက်ကို တက်ရတယ်။
အဲဒီမှာ မေးခွန်းတွေလည်း မေးရတယ်။ နောက်ပြီး ဒီ seminar တွေကို အစိုးရ အရာရှိကြီးတွေလည်း လာတက်ပြီး သူတို့ သိချင်တာတွေ မေးကြ၊ အပြန်အလှန် ဆွေးနွေးကြ ဆိုတော့ အရမ်း ဗဟုသုတ ရတယ်။ ဒါကြောင့် ဒီ seminar အခု ၂၀ သည် မဟာသိပံဘွဲ့ယူ ကျောင်းသားတွေအတွက် မတက်မဖြစ် တက်ရတဲ့ လိုအပ်ချက် တစ်ခု ဖြစ်တယ်။
နောက်တစ်ခုက Dissertation ပဲ။ Master of the Crown လို့တောင် ခေါ်တယ်။ ကျောင်းသားတစ်ယောက် ဟာ အတန်းတွေတော့ အောင်သွားပါရဲ့။ လိုတဲ့ စာတမ်းတွေလည်း တင်ပြီးပါရဲ့။ ဒါပေမဲ့ ဒီ Dissertation မရေးနိုင်သူ တစ်ယောက်ကို Master ဘွဲ့နဲ့ မထိုက်တန်သေးဘူး လို့ ယူဆပြီး ဘွဲ့မပေးဘူး။ သူဟာ ဘာသာရပ်တိုင်းမှာ Grade A ရနေသည့်တိုင် Dissertation မရေးနိုင်ဘူး ဆိုရင် ဘွဲ့မရနိုင်ဘူး။
အဲဒါကြောင်း ဂျာမဏီတို့၊ နော်ဝေ တို့က လာတက်တဲ့ ကျောင်းသားတွေတောင် ဘွဲ့မရပဲ ပြန်သွားရတဲ့သူတွေ ရှိတယ်။ ကျွန်မတို့ မြန်မာပြည်က လာတက်တဲ့ သူတွေထဲမှာလည်း ဘွဲ့မရပဲ ပြန်သွားရတဲ့သူတွေ အများကြီး ရှိတယ်။ ကျွန်မတို့ တက်တဲ့ အတန်းမှာ စုစုပေါင်း ဗမာပြည်က လာတက်တာ ယောက် ရှိတဲ့ အနက် မဟာသိပံဘွဲ့ ကို အောင်အောင်မြင်မြင် ဆွတ်ခူးသွားတာ ဆိုလို့ ကျွန်မ အပါအ၀င် ယောက်ပဲ ရှိတယ်။
ဒီလိုပဲ တရုပ်ပြည်ကလည်း အစိုးရအရာရှိတွေ ပညာသင်ဆုနဲ့ လာတက်တဲ့ သူတွေ ရှိတယ်။ သူတို့ရေးတဲ့ Dissertation ကို ပါမောက္ခက အတည်ပြုမပေးလို့ နောက်ဆုံးအဆင့်ကျမှ ဘွဲ့မရပဲ ပြန်သွားရတဲ့သူတွေ ရှိတယ်။
ဗမာပြည်မှာတုံးကတော့ မနက်ဖြန် သင်မဲ့ ဘာသာကို ဒီနေ့ကြိုဖတ်သွားတယ် ဆိုတာမျိုး မရှိခဲ့ဘူး။ ဆရာသင်တော့မှပဲ နားထောင်၊ လိုက်မှတ်။ ညကျမှ ပြန်ကျက်။ ဒါမျိုးပဲ ရှိခဲ့တယ်။ စာမေးပွဲ ဖြေခါနီးကျရင် အရင်တုံးက မေးခဲ့တဲ့ မေးခွန်းဟောင်းတွေ လိုက်ရှာ၊ ဖြေကြည့် စသဖြင့် ပြင်တာဆင်တာ မျိုးတွေ ရှိတယ်။ Course တစ်ခုလုံးကို ခြုံပြီး လေ့လာတဲ့၊ မေးတဲ့ ပုံစံမျိုး မရှိဘူး။
နောက်ပြီး ဗမာပြည်မှာ ခုနောက်ပိုင်းကျ ပိုလွယ်သေးတယ်။ ဆရာ ဆရာမတွေက စာမေးပွဲမှာ မေးမဲ့ မေးခွန်း ကို ကြိုထုတ်ထားတယ်။ စာမေးပွဲမှာ ၆ ပုဒ်မေးမယ် ဆိုရင် ကျောင်းသားတွေကို hint ပေးတဲ့ အနေနဲ့ ၈ ပုဒ် လောက် ပေးထားတယ်။ အဲဒါ ကျက်ဖြေလိုက်ရုံပဲ။ ဘာမှ ခေါင်းစားစရာ မလိုဘူး။ အဲဒီ ပေးထားတဲ့ ၈ ပုဒ်ကို အာဂုံဆောင်နိုင်ရင် အောင်မှာပဲ။ ဂုဏ်ထူးထွက်မှာပဲ။
ဒီမှာကျတော့ အဲဒီလို မဟုတ်တော့ဘူး။ နောက်တစ်ပတ် သင်မဲ့ သင်ခန်းစာနဲ့ ပတ်သက်တဲ့ lecture notes တွေကို web site ပေါ်မှာ တင်ပေးထားတယ်။ နောက်ပြီး ကျောင်းသားတွေဆီကို e-mail တွေ ပို့ထားတယ်။ ကျောင်းသားတွေက အဲဒါတွေကို print ထုတ်ပြီး ကြိုဖတ်ထား။ ရှေ့အပတ် သုံးနာရီစာလောက် သင်မဲ့ lecture ကို ဒီ အပတ်ထဲမှာ သေသေချာချာ ဖတ်ထားရတယ်။ အဲဒီလို ဖတ်ထားမှ ဆရာလာသင်တဲ့ အခါ သူဘာတွေ ပြောနေတာ လဲ၊ ဒါက ဘာကိုဆိုလိုတာလဲ ဆိုတာ နားလည်မှာ။ ဒါမှမဟုတ်ပဲ စာသင်ခန်းထဲရောက်မှ ဆရာပြောတာ နားထောင်ရင် ဘာတွေ ပြောနေမှန်း သိမှာ မဟုတ်ဘူး။
နောက်ပြီး အတန်းထဲမှာ ဆရာစာသင်သွားတာကို နားထောင်ပြီး ပြန်သွားတာမျိုး သူတို့ မလိုလားဘူး။ ဆရာ သင်သွားတဲ့ အပေါ်မှာ ကျောင်းသားက ပြန်ပြီး ဆွေးနွေးတာ၊ မေးမြန်းတာမျိုး လုပ်နိုင်ရမယ်။ ဆရာသင်သွားတဲ့ အပေါ် မှာကိုပဲ ကျောင်းသားက အချက်အလက်ပိုင်ပိုင်နိုင်နိုင်နဲ့ ပြန်ပြီး ငြင်းချက်ထုတ်နိုင်ရမယ်။ ဒီမှာ စာသင်တာကျတော့ စကားရည်လုပွဲ ပုံစံမျိုးပဲ။ ဆရာက positive way ကနေ တင်ပြတယ်။ ကျောင်းသားက negative way ကနေ ပြန်ပြီး ချေပတယ်။ ဆိုတော့ ဒီလိုမျိုး ပြန်ပြီး ဆွေးနွေး၊ မေးမြန်းတာ၊ ငြင်းချက်ထုတ်တာမျိုးတွေကို စာကြိုမဖတ်ထားပဲ ဘယ်လိုမှ မလုပ်နိုင်ဘူး။
နောက်ပြီး presentation တွေ ပေးရတယ်။ ကျောင်းစတက်တက်ချင်း first trimester မှာ presentation က အပတ်တိုင်း ပါတယ်။ ကျောင်းသားများရင် နှစ်ယောက် တစ်စု၊ သုံးယောက် တစ်စု။ နည်းတယ် ဆိုရင်တော့ တစ်ယောက်ချင်းစီ ပေးရတယ်။ ကိုယ်ကြိုက်တဲ့ ခေါင်းစဉ်ကို ရွေးပြီး လုပ်လို့ရတယ်။ ကိုယ်က ပြင်ဆင်ထားပြီး အတန်းကို ရှင်းပြမယ်။ အဲဒီအခါ ကျောင်းသားတွေနဲ့ ဆရာတွေက ကိုယ်တင်ပြတဲ့ အပေါ်မှာ မေးခွန်းတွေ ပြန်ထုတ် မယ် ပေါ့။
အတွေ့အကြုံမရှိသေးခင် first trimester မှာ အုပ်စုလိုက် presentation လုပ်ရတယ်။ ဒါပေမဲ့ နောက် second trimester ကျတော့ အုပ်စုလိုက် လုပ်လို့ မရတော့ဘူး။ အတွေ့အကြုံ ရလာပြီ ဆိုတော့ တစ်ယောက်ချင်းစီပဲ လုပ်ရတော့တယ်။ ဘယ် topic ပြောမလဲ ဆိုတာ ကိုယ့်ဟာကိုယ်ရွေး။ ဘယ်အချက်အလက်တွေ ထည့်မလဲ ဆိုတာ လဲ ကိုယ့်ဟာကိုယ်ရွေး။ Reference တွေကိုလည်း ကိုယ့်ဟာကိုယ် ထည့်ရတယ်။ ကိုယ်ပြောချင်တဲ့ အကြောင်းအရာ ကို ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် ပြောနိုင်တယ်။

Saturday, September 5, 2009
Bitter Life (မမျိုးသီတာ-၁)
အမည်၊ မမျိုးသီတာ
အသက်၊ ၃၅
ပညာအရည်အချင်း၊ Bachelor of Agricultural Science (Agronomy)
M.Sc (International Political Economy)
အလုပ်အကိုင်၊
လစာ၊
စင်ကာပူနိုင်ငံ NTU (Nanyang Technological University) သည်ကား သစ်ပင်၊ ပန်းမာလ်၊ တောတောင်၊ လျှိုမြောင်၊ ချောက်ကမ်းပါး၊ တောင်ကုန်းကလေးများနှင့် အလွန်သာယာ လှပပါပေသည်။ ကျောင်းဧရိယာသည် အလွန်ကျယ်ပြောလှပြီး ဆရာ ဆရာမများ၏ နေအိမ်၊ ဧည့်ပါမောက္ခများ၏ နေအိမ်၊ ကျောင်းသူ၊ ကျောင်းသားများ၏ အဆောင် စသည်တို့သည် ကျောင်းဝင်း အတွင်းတွင်ပင် တည်ရှိ၏။
ကျောင်းသည် မြို့နှင့် သီးသန့် တည်ရှိနေသဖြင့် တိတ်ဆိတ်ငြိမ်သက်ကာ အေးချမ်း၊ ငြိမ်သက်လှ ပါသည်။ NTU သို့ နိုင်ငံပေါင်းစုံမှ ကျောင်းသူကျောင်းသားများ လာရောက် ပညာသင်ကြားလျှက် ရှိရာ ထို ကျောင်းသူ၊ ကျောင်း သားများထဲတွင် မြန်မာနိုင်ငံမှ လာရောက် ပညာဆည်းပူးနေသူများကိုလည်း တွေ့နိုင်ပါသည်။ ထို မြန်မာ ကျောင်းသူ၊ ကျောင်းသားများအနက် အချို့မှာ ကြိုးစားပမ်းစား သင်ကြားပြီး မိမိတို့ မျှော်မှန်းထားသော ဘွဲ့များကို အောင်မြင်စွာ ဆွတ်ခူးနိုင်သော်လည်း အချို့မှာမူ မည်မျှပင် ကြိုးစားပါသော်လည်း ဘွဲ့ရခါနီးမှ ပန်းတိုင်နှင့် ကပ်ခါ လွဲချော်သွားရသူ များလည်း ရှိပါသည်။
NTU တွင် ဘွဲ့လွန် သင်တန်းတက်ရောက်ကာ မဟာ သိပံဘွဲ့ကို အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့သူ မမျိုးသီတာ နှင့် တွေ့ဆုံပြီး နိုင်ငံခြားတွင် ပညာသင်ကြားခဲ့သူ တစ်ဦး၏ အတွေ့အကြုံများကို မေးမြန်းခဲ့ပါသည်။ မြန်မာပြည်မှ စင်ကာပူနိုင်ငံသို့ လာရောက် ပညာသင်ကြားလိုသူ လူငယ်၊ လူရွယ်များအတွက် အဖိုးတန်သော အတွေ့အကြုံများ ဖြစ်ပါလိမ့်မည်။
ထို့ပြင် စင်ကာပူနိုင်ငံ၏ တက္ကသိုလ် ပညာရေးစံနစ်နှင့် သင်ကြားပုံ နည်းလမ်း များကိုလည်း လေ့လာနိုင် ပါသည်။ မမျိုးသီတာက သူဖြတ်သန်းခဲ့ရသော ပညာရေး ခရီးကို အောက်ပါအတိုင်း ပြန်လည် ပြောပြပါသည်။
နိုင်ငံခြားတွင် ကျောင်းတက်ရန် လမ်းစရှာခြင်း
ကျွန်မ မြန်မာပြည်မှာတုံးက IT ကုမ္မဏီ တစ်ခုမှာ ၀င်လုပ်ပါတယ်။ ကုမ္မဏီက မိတ်ဆွေ ၆ ဦး အစုစပ် လုပ်တဲ့ ကုမ္မဏီပါ။ ရုံးက MICT Park ထဲမှာ ဖွင့်ထားတာ။ ဘာတွေ လုပ်သလဲ ဆိုတော့ IP Star တို့ ADSL တို့ installation လုပ်တယ်။ ဟော်တယ်တွေမှာ ဆိုလို့ရှိရင် service တွေ ပေးတယ်။ ပင်မ ဖုံးလိုင်းကနေ လိုင်းတွေ ထပ်ခွဲပေးတယ်။ Antivirus software တွေ ရေးပြီး ရောင်းတယ်။ Local ဖြစ်တဲ့အတွက် နိုင်ငံခြား software တွေနဲ့ ယှဉ်လိုက်ရင် ဈေး အရမ်း သက်သာတယ်။ ဥပမာ နိုင်ငံခြားက ၀င်လာတဲ့ software က ဒေါ်လာ တစ်သောင်းခွဲ လောက်ပေးရရင် ကိုယ့် ဟာကိုယ် ရေးရောင်း တဲ့အခါ ဒေါ်လာ ၇၀၀၀၊ ၈၀၀၀ လောက်နဲ့ ရောင်းနိုင်တယ်။
အဲဒီမှာ လုပ်ရတာ တော်တော်လေး အဆင်ပြေပါတယ်။ ဒါပေမဲ့ ကုမ္မဏီထဲမှာ မမျှော်လင့်တဲ့ ပြဿနာတွေ ပေါ်လာတယ်။ ကျွန်မလည်း တော်တော်လေး စိတ်ညစ် သွားတယ်။ ဆက်လုပ်ဘို့ အဆင်မပြေတော့ဘူး။ ကိုယ်က သူတို့အတွက် လုပ်ပေးနေပေမဲ့ တကယ့်တကယ် ပြဿနာတွေ ဖြစ်လာတဲ့အခါ ကျတော့ ဘယ်သူမှ ခေါင်းမခံဘဲ ကိုယ့်ဟာကိုယ်ပဲ ရှင်းရတာပဲ။ အဲဒါနဲ့ အဲဒီမှာ ဆက်မလုပ်တော့ဘဲ ထွက်လာခဲ့တယ်။
ထွက်လာပြီး ဘွဲ့လွန် ဆက်တက်ဘို့ ကြိုးစားတယ်။ မူလဘွဲ့ (စိုက်ပျိုးရေး) နဲ့ ပတ်သက်တာပဲ တက်မယ် ပေါ့။ ပထမဆုံး စလျှောက်ဖြစ်တာက ဘယ်လ်ဂျီယံ ကို လျှောက်တာ။ အဲဒီမှာက scholarship ရနိုင်တယ်။ နောက်ပြီး ဆရာ ဦးမျိုးကြွယ်က ဂျာမဏီက ပြန်လာခါစ ဆိုတော့ ဂျာမဏီကိုလည်း လျှောက်ကြည့်ပေါ့လို့ အကြံပေးတယ်။ တပြိုင်ထဲမှာ ပဲ စင်ကာပူက NTU (Nan Yang Technological University) ကို လျှောက်တယ်။ လျှောက်တော့ ဘယ်လ်ဂျီယံက in-service တွေကိုပဲ ဦးစားပေးရွေးတာ ဆိုတော့ ကျွန်မက ၀န်ထမ်းမဟုတ်တော့ အရွေးမခံရဘူး။ သူတို့က ကျွန်မ အမှတ်တွေက တော့ ကောင်းပါတယ်။ ဒါပေမဲ့ ၀န်ထမ်းမဟုတ်လို့ scholarship ပေးလို့မရဘူး။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် တက်မယ် ဆိုရင်တော့ ရပါတယ် လို့ အကြောင်းပြန်တယ်။
NTU မှာလည်း အရွေးခံရတယ်။ RSIS Department (Rajaratnam School of International Studies) က ပရော်ဖက်ဆာ ဒေါက်တာ အန်း (Ng) က လာပြီး အင်တာဗျူးတယ်။ စင်ကာပူမှာ ကျောင်းတက်ချင်တဲ့ သူတွေအတွက် ဆောင်ရွက်ပေးတဲ့ Singapore Myanmar Training Centre ဆိုတာ ရှိတယ်။ နာနတ်တော လမ်းပေါ်မှာ။ အဲဒီမှာ အင်တာဗျူးတာ။ နာရီဝက် ကြာတယ်။
သူက အင်တာဗျူးမှာ ကျွန်မလုပ်ခဲ့တဲ့ IT နဲ့ စိုက်ပျိုးရေး နဲ့ ဘယ်လိုပတ်သက်လို့ လဲ လို့မေးတယ်။ ကျွန်မက လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောပြတယ်။ တကယ်တော့ ကျွန်မ စိုက်ပျိုးရေးတက်တာ ကိုယ် ၀ါသနာ ပါလို့ မဟုတ်ပဲ ဖေဖေက တက်ခိုင်းလို့ တက်လိုက် တာ။ ဆယ်တန်းအမှတ်က စက်မှု တက္ကသိုလ် ၀င်ဘို့ နှစ်မှတ်နဲ့ ပြုတ်လာတာ။ ဒါပေမဲ့ ကျွန်မ စိတ်ဝင်စားတာက Business. လုပ်ငန်းတစ်ခုကို ဘယ်လိုထူထောင်မယ်။ အောင်မြင်အောင် ဘယ်လို လုပ်မယ် စသဖြင့် အဲဒါမျိုးကို စိတ်ဝင်စားတာ။
ကျောင်းပြီးတော့ စာမေးပွဲ အောင်မှတ်တွေကြည့်ပြီး ၀န်ကြီးက ကျွန်မတို့ကို ကျောင်းမှာပဲ ပြန်လုပ်ဖို့ ပြောပြီး စာထုတ်ပေးတာနဲ့ ကျောင်းမှာ ဆရာမ ၀င်လုပ်ဖြစ်လိုက် သေးတယ်။ ဒါပေမဲ့ ကျွန်မ ၀ါသနာပါတဲ့ အလုပ်မဟုတ်လို့ နှစ်လပဲ လုပ်ပြီး ထွက်လာခဲ့ တယ်။ နောက်တော့ ရန်ကုန်က ကုမ္မဏီတွေမှာ ၀င်လုပ်ဖြစ်တယ်။ ဖေဖေ့ အဆက် အသွယ်နဲ့ IT ကုမ္မဏီမှာ လုပ်ဖြစ်တာပဲ။ အမှန်ကတော့ ကျွန်မမှာ ဘာ IT knowledge မှ မရှိဘူး။ ဒါပေမဲ့ project တွေ ရအောင်ရှာ၊ အရောင်းမြှင့်ဘို့ သရုပ်ပြပွဲတွေလုပ်ပေး စသဖြင့်ပေါ့ လုပ်ပေးတာ။
အဲဒီလို ရှင်းပြလိုက်တော့ ပရော်ဖက်ဆာက ဒါဖြင့် မင်းခုရွေးလိုက်တဲ့ IPE (အပြည်ပြည်ဆိုင်ရာ နိုင်ငံ့ စီးပွား ဘာသာရပ်) နဲ့ရော ဘယ်လို ဆက်စပ်မှု ရှိလို့ ရွေးတာလဲ လို့မေးပြန်တယ်။
ကျွန်မက သူတို့ အင်တာဗျူးမလာခင်ကတည်းက ဒီ ဘာသာရပ်နဲ့ ပတ်သက်လို့ အင်တာနက်မှာ ၀င်ပြီး ဖတ် ထားတော့ ဒီ ဘာသာရပ်တွေရဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တွေကို သိနေတယ်။ ဒီတော့ ကျွန်မက ဘယ်လို ပြန်ဖြေလိုက်သလဲ ဆိုတော့ ကျောင်းပြီးရင် ဗမာပြည်ပြန်ပြီး စီးပွားရေးလုပ်မယ်။ ဒီတော့ အဲဒီက သင်လာတဲ့ အသိ ပညာတွေကို စီးပွားရေး လုပ်ငန်းမှာ ကောင်းကောင်း အသုံးချနိုင်မယ်။ နောက်ပြီး ကိုယ်သင်လာတဲ့ ပညာတွေကို လည်း မျိုးဆက်သစ်တွေကို ပြန်လည်ဝေငှ နိုင်မယ် လို့ မျှော်လင့်တယ် လို့ ဖြေလိုက်တယ်။
အဲဒီအဖြေကို ပရော်ဖက်ဆာက အရမ်းသဘောကျသွားတယ်။ တကယ်တော့ လည်း သူတို့က ဒီဘာသာရပ် အတွက် ကျောင်းသားတွေကို ရွေးတဲ့နေရာမှာ ဘာသာရပ် တစ်ခုထဲကနေ ရွေးတာမျိုးမဟုတ်ပဲ အောင်ခဲ့တဲ့ ဘာသာ ရပ် မျိုးစုံ၊ ဒေသမျိုးစုံ၊ အတွေး အခေါ် မျိုးစုံကို လိုချင်တာ။ ဒီတော့မှ စာတမ်းတွေ ရေးတဲ့အခါ ရှုထောင့်မျိုးစုံကနေ သုံးသပ်ထားတဲ့ စာတမ်းမျိုးစုံ၊ အတွေးအခေါ်မျိုးစုံကို ရမှာ။ ဒါ သူတို့ လိုချင်တဲ့အချက်။ အဲဒါကြောင့်လည်း ကျွန်မကို ရွေးလိုက်တာ လို့ ထင်တယ်။
ကျောင်းတက်ရန် အရွေးခံရခြင်း နှင့် ကျောင်းသို့ သွားခြင်း
သူတို့သတ်မှတ်ထားတဲ့ ၀င်ခွင့်အမှတ်က Grade 5, ကျွန်မရတဲ့ အောင်မှတ်တွေ က ပထမနှစ်က နေ နောက်ဆုံးနှစ်ထိ Garde Point Average က 4.8 ဆိုတော့ 5 နဲ့ တော်တော်နီးနေတာရယ်၊ နောက်ပြီး ကျွန်မရဲ့ စီးပွားရေး လုပ်ငန်း အတွေ့အကြုံတွေကို လိုချင်တာရယ် ကြောင့် ရွေးလိုက်တာပဲ။
ဘာလို့လည်း ဆိုတော့ ကျောင်းလျှောက်တဲ့ အချိန်မှာ အမှတ်စာရင်းတွေရယ်၊ လက်ရှိအလုပ်အကိုင်တွေ ရယ် ပါ ထည့်တင်ပြရတာကိုး။ နောက်ပြီး အလုပ်ထဲမှာ လက်ရှိ လုပ်နေတဲ့ ကိုယ့်ရာထူး ကို ဖော်ပြရတယ်။ နောက်ပြီး ကိုယ် ဘာဖြစ်လို့ ဒီ ဘာသာရပ်ကို ရွေးရတယ်။ ကျောင်းပြီးတဲ့ အခါ လက်တွေ့နယ်ပယ်မှာ ဘယ်လို အသုံးချမယ်လို့ ရည်မှန်း ထားတယ်။ ဒီ ဘာသာနဲ့ ကိုယ့်လုပ်ငန်းနဲ့ ဘယ်လို ပတ်သက်နေတယ် စသဖြင့် စာစီ စာကုံး ရေးပြီး တင်ရတယ်။
အဲဒါနဲ့ NTU ကို တက်ခွင့်ရတယ် ဆိုပါတော့။ ကျောင်းက ရွေးလိုက်ပြီလဲ ဆိုရော ခေါ်စာ ပို့ပေးတယ်။ ICA (Immigration and Check Point Authority - စင်ကာပူ လူဝင်မှု ကြီးကြပ်ရေးဌာန) ကလည်း ကျောင်းတက်လာဘို့ ခေါ်တဲ့ စာတစ်စောင် ပို့ပေးတယ်။ ကျောင်းကနေ အရွေးခံရတဲ့ ကျောင်းသားတွေ စာရင်းကို ICA ဆီပို့ပြီး ဒီ ကျောင်းသားတွေကို NTU မှာ ကျောင်းလာတက်ဘို့ ရွေးထားတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ထားပါ ပေါ့။
အဲဒီ ကျောင်းကခေါ်စာရယ်၊ ICA ကခေါ်စာရယ် နှစ်ခုနဲ့တင် စင်ကာပူကို ၀င်လာလို့ ရတယ်။ ဘာဗီဇာမှ လျှောက်စရာ မလိုတော့ဘူး။
နောက်ပြီး အရေးကြီးတဲ့ သတင်းလေး တစ်ခု ပေးချင်သေးတယ်။ ကျောင်းက ကိုယ့်ကို ရွေးလိုက်ပြီ ဆိုတာနဲ့ ကျောင်းမှာပဲ နေဘို့ အဆောင်လျှောက်လို့ ရတယ်။ ကျောင်းမှာ နိုင်ငံခြားက ဘွဲ့လွန်တက်တဲ့ကျောင်းသားတွေကို ထားတဲ့ Nanyang Valley, Nanyang Height, Graduate Hall ဆိုတာတွေ ရှိတယ်။ အဲဒီမှာ နေဘို့ လျှောက်လို့ ရတယ်။ နေစရိတ်တော်တော်လေး သက်သာသလို ကျောင်းထဲမှာပဲ နေရတဲ့ အတွက် ခရီးစရိတ် မကုန်တော့ဘူး။ အချိန်ကုန်လည်း သက်သာသွားတယ်။ နောက်ပြီး နားအေး ပါးအေး၊ အေးအေး ဆေးဆေး နေလို့ရတယ်။
တချို့ ကျောင်းလာတက်တဲ့ ကျောင်းသားတွေက အဲဒီလို လျှောက်လို့ ရမှန်း မသိတော့ အပြင်မှာပဲ ငှားနေကြ ရတယ်။ အဲဒီလို ငှားနေတော့ အိမ်လခ ဈေးပိုကြီးတယ်။ အိမ်ရှင်မျက်နှာ ကြည့်နေရတယ်။ ဘတ်စ်ကားခ ပိုကုန်မယ်။ ကားစောင့်ရတဲ့ ဒုက္ခ ရှိမယ်။ သွားရလာရ အချိန်ပုပ်တယ်။ Privacy မရှိဘူး စသဖြင့် အဆောင်မှာ နေရတာနဲ့ အများကြီး ကွာတယ်။ ဒီတော့ ဒီ information လေးကို ဗမာပြည်က ကျောင်းလာတက်မဲ့ ကျောင်းသားတွေကို ပေးချင် ပါတယ်။
နောက်ပြီး အပြင်မှာသာ ငှားနေရမယ် ဆိုရင် ကိုယ် စင်ကာပူရောက်တဲ့ အခါ အဆင်သင့် နေလို့ရအောင် စင်ကာပူမှာရှိတဲ့ ကိုယ့်မိတ်ဆွေက ကိုယ့်အတွက် အခန်းကြို ငှားပေး ထားပါမှ။ ကျွန်မတို့လို စင်ကာပူမှာ အသိ အကျွမ်း မရှိတဲ့ သူတွေအဖို့ ဘယ်လို လုပ်မလဲ ဆိုတဲ့ ပြဿနာ ရှိတယ်။ ကျောင်းက အဆောင်ကို လျှောက်လိုက်တဲ့ အခါ ကျတော့ ကျောင်းက ကိုယ့်အခန်းကို အဆင်သင့် ပြင်ထားပေးတာ။ ကိုယ် စင်ကာပူ ရောက်တဲ့အခါကျတော့ ကိုယ့်အခန်းကိုယ် တန်းသွားနေလိုက်ရုံပဲ။ အရမ်း အဆင်ပြေတယ်။
ကိုယ်နေရမဲ့ အဆောင်၊ အခန်းကို သူတို့က e-mail နဲ့ လှမ်းအကြောင်းကြား ထားတယ်။ သူတို့ကို ကိုယ် ဘယ်နေ့၊ ဘယ် လေယာဉ်နဲ့ ပါလာမယ် ဆိုတာ အကြောင်း ကြားထားရတယ်။ သူတို့က ဘယ်ကျောင်းသားကတော့ ဘယ်နေ့ ရောက်လာမယ် ဆိုပြီး အခန်းသော့ အဆင်သင့် ပြင်ထားတယ်။ အခန်းသော့ကလည်း ကိုယ်နေမဲ့ အဆောင် ရဲ့ ရှေ့မှာ အဆင်သင့် ရှိနေပြီးသား။ သော့ယူပြီး ကိုယ်နေရမဲ့ အခန်း တန်းသွားလိုက်ရုံပဲ။
ကျောင်းရောက်တော့ ISC (International Student Centre) ကျောင်းသား ရေးရာ ကို သတင်းပို့ ရတယ်။ သူတို့က ဆေးစစ်ဖို့ စီစဉ်ပေးတယ်။ ကျောင်းသားတွေ အားလုံး ကျောင်းက စီစဉ်ပေးတဲ့ ကားနဲ့ Orchard မှာ ရှိတဲ့ ဆေးခန်းတစ်ခုကို သွားပြီး X-Ray ရိုက်တာတို့၊ သွေးစစ်တာတို့ လုပ်ရတယ်။
ဆေးစစ်ပြီးတာနဲ့ ICA သွားပြီး ကျောင်းကခေါ်စာရယ်၊ ICA ကခေါ်စာရယ် ပြပြီး Student Pass လျှောက်ရ တယ်။ နောက်နေ့ကျတော့ ကျောင်းအုပ်ချုပ်ရေး အဖွဲ့က ရောက်လာတဲ့ နိုင်ငံစုံက ကျောင်းသားအားလုံးကို ခေါ်ပြီး သူတို့ကိုင်ထားတဲ့ ဒီ ပညာရေး အောင်လက်မှတ်၊ ဘွဲ့လက်မှတ်၊ အမှတ်စာရင်းတွေဟာ အစစ်ဟုတ်မဟုတ် တစ်ယောက် ချင်းစီ သေသေချာချာ စစ်ကြတယ်။
သူတို့ရွေးထားပြီးသည့်တိုင်အောင် ဒီ ယူလာတဲ့ အောင်လက်မှတ်တွေဟာ အစစ်အမှန် မဟုတ်ခဲ့ရင် ချက်ခြင်းပြန်ပြီး cancel လုပ်တယ်။ စစ်ပြီးတာနဲ့ registration (ကျောင်းဝင်ခွင့် မှတ်ပုံတင်) လုပ်ရတယ်။ အလျင်တုံး ကတော့ Student Pass ကို သုံးနှစ်ခွဲ ပေးတယ်။ ခုနောက်ပိုင်း ကျတော့ နှစ်နှစ်ပဲ ပေးတော့တယ်။
အလျင်ကတော့ Master တက်မဲ့ ကျောင်းသားတစ်ဦး အနေနဲ့ မူအရ သုံးနှစ် အတွင်း ကြိုက်တဲ့ အချိန် တက်လို့ ရတယ်။ ဒီတော့ မပြီးနိုင်လို့ ဆက်လုပ်ရမဲ့ အချိန်တွေပါ ပေါင်းပြီး သုံးနှစ်ခွဲ ပေးထားတာ။ ဒါပေမဲ့ နောက်ပိုင်း ကျတော့ ကျောင်းသား တစ်ဦးအနေနဲ့ မဖြစ်မနေ သုံးနှစ် ယူစရာမလိုဘူး လို့ ယူဆပြီး နှစ်နှစ်နဲ့ အပြီးလုပ်ရအောင် stay ကို နှစ်နှစ်ပဲ ပေးလိုက်တော့တာ။
နေရတာက တံခါးမကြီးတစ်ခု ရှိတယ်။ နှစ်ယောက်ခန်း လေးခန်း၊ တစ်ယောက် ခန်း တစ်ခန်း ရှိတယ်။ အဲဒီ အခန်းအားလုံးအတွက် common kitchen နဲ့ common dinning room တွေ ထားပေးတယ်။ အဆောင်လခက တစ်လကို ၂၅၀။ ရေဘိုး မီးဘိုး အပါအ၀င်ပေါ့။ ရေမီးလည်း ကြိုက်သလောက်သုံး။ ကန့်သတ်ထားတာ မရှိဘူး။ တစ်ပတ်ကို နှစ်ခါ သန့်ရှင်းရေး လာလုပ်ပေးတယ်။ ဆေးဖြန်းပေးတယ်။ စားတာ သောက်တာ ကတော့ ကိုယ့်ဟာ ကိုယ်ပဲ ချက်စားကြတာပေါ့။
အပြင်မှာ နေရတာနဲ့ ဘာကွာလဲ ဆိုရင် အပြင်မှာနေရင် အခန်းခက ၃၅၀ ရှိတယ်။ ရေခမီးခ သပ်သပ် ထပ်ပေးရတယ်။ နောက်ပြီး သန့်ရှင်းရေးလဲ လုပ်ရသေးတယ် ဆိုတော့ အများကြီး ကွာတာပေါ့။
ကျွန်မက အပြင် စီးပွားရေးလုပ်လိုက်တဲ့ အခါကျတော့ ကျောင်းစာတွေနဲ့ အလှမ်းဝေးသွားတယ်။ နောက်ပြီး ခုယူတဲ့ ဘာသာကလည်း ကိုယ်နဲ့ မရင်းနှီးတဲ့ဘာသာ ဖြစ်နေတာရယ်၊ မိန်းကလေး ဆိုတော့ နိုင်ငံရေး စိတ်မ၀င်စား တာရယ်၊ နောက်ပြီး ဗမာပြည် အခြေအနေအရ နိုင်ငံရေးအကြောင်း လေ့လာဘို့ အခွင့်အလမ်း အရမ်းနည်း တာရယ် စတာတွေကြောင့် စာသင်ရတဲ့ နေရာမှာ အခက်အခဲ အများကြီး တွေ့ရတယ်။ စီးပွားရေးနဲ့ ပတ်သက်လို့ကတော့ စိုက်ပျိုးရေး နောက်ဆုံးနှစ်နှစ်မှာ Agricultural Economics သင်ရတော့ သိပ်မစိမ်းဘူး။ နောက်ပြီး အလုပ်လုပ်ရင်း လက်တွေ့ ဗဟုသုတတွေ ရလာတော့ နည်းနည်း နားလည်တယ် ဆိုပါတော့။
ဒီ သင်တန်းကလည်း ဒီပလိုမာ သင်တန်း မဟုတ်ပဲ မဟာဘွဲ့ ဆိုတော့ အတော် လေး ခက်တယ်။ ကျွန်မဆို မကြာခဏ မျက်ရည်ကျရတာပဲ။ First Trimester မှာ မဖြစ်မနေ သင်ရတဲ့ Core Course တွေကို ယူရတယ်။ ကိုယ် ကြိုက်တာ ယူရတာ မဟုတ်ဘူး။ သင်တဲ့ ပါမောက္ခကြီးတွေကလည်း အရမ်းတော်တယ်။ ဒီဆရာကြီးတွေက ကျောင်းက မဟုတ်ပဲ ငှားထားတာ။ သူတို့က တကယ့် ကမ္ဘာကျော် ပညာရှင်ကြီးတွေ။
မြန်မာပြည်မှာ ကျတော့ ပထမနှစ်ကနေ နောက်ဆုံးနှစ်ထိ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဘာသာတွေ ကို ဘာတွေ ဘာတွေ ဆိုပြီး ပြဌာန်းထားတယ်။ ဒီဆရာက ဒီဘာသာကိုသင်။ ဒီမေးခွန်းကိုပဲမေး။ ကျောင်းသားက သူ သင်တဲ့ ဟာ လောက်ပဲ ကျက် ပြီးဖြေ။ ဒီတော့ မေးခွန်းကို ကွက်တိ ဖြေနိုင်တဲ့ ကျောင်းသားက အမှတ်ပိုရမယ်။ ကျွန်မ တို့ အမှတ်တွေ ကောင်းတယ် ဆိုတာ သည်၏ မလွဲ ကျက်နိုင်၊ ဖြေနိုင်လို့ အမှတ်တွေကောင်းတာ။ မြန်မာပြည်မှာက “အာဂုံဆောင်မှ အာဂလူ” ဆိုတဲ့ စံနစ်ကို ကျင့်သုံးတယ်။
ဒီမှာကျ အဲလို မဟုတ်တော့ဘူး။ ဒီဘာသာနဲ့ ပတ်သက်တဲ့ အသိပညာ၊ ဗဟုသုတတွေကို တပြုံကြီး ထည့် ပေးလိုက်တာ။ စာမေးပွဲ ကျတော့လည်း ဒီဘာသာမှာ ဒီဟာဖြေရမယ် လို့ မဟုတ်ဘူး။ စာမေးပွဲတစ်ခုထဲကို အမှတ် ၁၀၀ ပေးတာ မဟုတ်ဘူး။ စာမေးပွဲ ဖြေနိုင်ရုံနဲ့ အမှတ်ကောင်းကောင်း ရမယ်လို့ မဟုတ်ဘူး။
ဥပမာ - Presentation လုပ်တာက ၁၀ မှတ် စသဖြင့်ပေါ့။ ကျောင်းစတက်ပြီ ဆိုတာနဲ့ ဒီ trimester အတွက် term paper တွေ ရေးရတယ်။ သူတို့က ခေါင်းစဉ် အခု ၂၀ ချပေးလိုက်တယ်။ အဲဒီ အထဲကမှ ကိုယ် ဘယ်အကြောင်း ကို ရေးမလဲ။ IMF အကြောင်းကို ရေးမလား၊ Globalization အကြောင်းကို ရေးမလား။ Finance အကြောင်း ကို ရေး မလား။ ဘယ်အကြောင်းအရာကို ရေးရင် ဘယ်စာအုပ်တွေကို refer လုပ်လို့ ရတယ် ဆိုတာတော့ professor က ပေး ထားတယ်။ ဘယ်လို format နဲ့ ရေးရမယ် ဆိုတာ ပြထားတယ်။
သူတို့က puzzle question ကို လိုချင်တယ်။ ဥပမာ - ကျွန်မလုပ်ရတဲ့ Thesis က စင်ကာပူမှာ အင်မတန် ကောင်းတဲ့ 3M Health Care system ရှိတယ်။ ၀င်ငွေကောင်းတဲ့ သူတွေနဲ့၊ အလယ်အလတ် တန်းစား လူတန်းစား တွေ အတွက် ကောင်းတယ်။ ဒါပေမဲ့ ဒီစနစ်ဟာ လခ ၁၂၀၀ အောက်ရတဲ့ လခနည်း ၀န်ထမ်းတွေအတွက် မပြည့်စုံ၊ မလုံလောက် သေးဘူး။ ဘာကြောင့်လဲ ဆိုတာကို သုံးသပ်ပြရတာ။ Argue လုပ်ရတာ။
ဒီမှာ ကျွန်မတို့ မြန်မာပြည်က လာတဲ့ကျောင်းသားတွေအတွက် အခက်အခဲက ကျွန်မတို့ ဆီမှာ သင်ခဲ့ရတာ က ဆရာသင်ပေးတာကို နားထောင်တယ်။ စာပြန်ကျက် တယ်။ အချိန်တန်ရင် ကျက်ထားတဲ့ စာတွေကို ပြန်ရေးချ ပြလိုက်တယ်။ ဒါလောက်ပဲ။ ဒီ့ထက် မပိုဘူး။ တက္ကသိုလ် စတက်ရပါပြီ ဆိုကတည်းက နောက်ဆုံး ဘွဲ့ရသွားသည် ထိ ဒီလိုပဲ သင်ခဲ့ရတာ။ တစ်ခါမှ argue မလုပ်ခဲ့ဖူးဘူး။ ဆိုတော့ ဒီမှာ argue ထုတ်ရပြီ။ ငြင်းရပြီ ဆိုတော့ ဘာကို argue လုပ်ရမလဲ ဆိုတာ မသိတော့ဘူး။

Try Hard
တတ်နိုင်သလောက်နဲ့တင် မလုံလောက်ပါဘူး....
အမေရိကန် Seattle က နာမည်ကြီး ဘုရားကျောင်းတစ်ခုမှာ လူအများ လေးစား ကြည်ညိုတဲ့ Dell Taylorဆိုတဲ့ ဖာသာတစ်ဦးရှိတယ်။ တစ်နေ့မှာ ဘုရားကျောင်းက ကျောင်းသားတွေကို ဖာသာက ပုံပြင်တစ်ပုဒ်ပြောပြခဲ့တယ်။
ပုံပြင်က တစ်ခုသောဆောင်းရာသီမှာ မုဆိုးတစ်ဦးက အမဲလိုက်ခွေးနဲ့ တောလိုက်ထွက် ခဲ့တယ်။ တောအုပ်တစ်နေရာမှာ ယုန်တစ်ကောင်ကိုတွေ့တာနဲ့ မုဆိုးက သေနတ်နဲ့ ပစ်လိုက်တာ ပေါင်ကိုမှန်သွားပေမယ့် ယုန်ထွက်ပြေး သွားခဲ့တယ်။
အမဲလိုက်ခွေးက ဒဏ်ရာရတဲ့ယုန်ကို လိုက်ခဲ့ပေမယ့် မမိခဲ့ဘူး။ ဒါကိုမုဆိုးက ခွေးကို အသုံးမကျတဲ့ခွေး၊ ဒဏ်ရာရတဲ့ ယုန်ကိုတောင် အမီမလိုက်နိုင်တဲ့ခွေးဆိုပြီး အပြစ်တင်ခဲ့တယ်။
သခင်ရဲ့ အပြစ်တင်စကား ကြားရတော့ ခွေးက တတ်နိုင်သလောက် ကြိုးစားခဲ့တာတောင် အပြစ်တင်ခံရတယ်ဆိုပြီး စိတ်မကောင်းခဲ့ဘူး။
သေနတ်ဒဏ်ရာနဲ့ ထွက်ပြေးခဲ့တဲ့ ယုန်ကို အပေါင်းဖော်တွေ တွေ့တော့ တအံ့တသြ ဝိုင်းမေးကြတယ်။
"ဒဏ်ရာရနေတာတောင် ဒီလောက်ဒေါသကြီးတဲ့ ခွေးလက်ထဲကနေ ဘယ်လို လွတ်ခဲ့သလဲ?"
"ခွေးက တတ်နိုင်သလောက် ပြေးတယ်။ ကျွန်တော်က အစွမ်းကုန်အားသုံးပြီး
ပြေးခဲ့တယ်။ ကျွန်တော့်ကို သူမမိခဲ့လို့ အဆူအဆဲပဲ ခံရမယ်။ တကယ်လို့
ကျွန်တော်သာ အားကုန်မပြေးခဲ့ရင် အသက်တောင် ရှင်နိုင်တော့မှာမဟုတ်ဘူး"
ပုံပြောပြီးတာနဲ့ ဖာသာ Taylor က အတန်းအားလုံးကို Matthew Bible ကျမ်းစာထဲက အခန်း ၅ မှ ၇ ထိ အလွတ်ဆိုနိုင်သူကို Seattle က Space Needle မှာ ညစာစားပွဲ ကျင်းပပေးမယ်လို့ ပြောခဲ့တယ်။
Matthew Bible ကျမ်းစာရဲ့ အခန်း ၅ ကနေ အခန်း ၇ထိက စာလုံးပေါင်း သောင်းဂဏန်း ထိရှိပြီး ရွတ်ဆိုရတာလည်း အင်မတန်ခက်ပါတယ်။ ကျမ်းစာတွေကို အလွတ်ရဖို့ဆိုတာ အလွန်ခက်ခဲပေမယ့် ငွေကုန်ကြေးကျမလိုဘဲ တက်ရောက်ခွင့်ရတဲ့ ညစာစားပွဲကို လူတိုင်းတက်ရောက်ချင်ခဲ့ကြတယ်။ ဒါပေမယ့် လူတော်တော်များများ နောက်ဆုတ် လက်လွတ်ခဲ့ကြပါတယ်။
ဒီလိုနဲ့ ရက်မကြာခင်မှာ (၁၁)နှစ်အရွယ်ရှိတဲ့ သင်တန်းသားတစ်ဦးက ဖာသာရှေ့မှာ ရင်ကော့ပြီး ကျမ်းစာအားလုံးကို တစ်လုံးမကျန် အမှားအယွင်းမရှိ အလွတ်ရွတ်ဆို နိုင်ခဲ့တယ်။ အရွယ်ရောက်သူတောင် အလွတ်ဆိုဖို့ ခက်ခဲတဲ့စာကို ကလေးငယ် တစ်ယောက် ဆိုနိုင်ခဲ့တဲ့အတွက် ဖာသာအရမ်း အံ့သြခဲ့မိတယ်။ လူငယ်ရဲ့ မှတ်ဥာဏ် ကောင်းတဲ့ ဦးနှောက်ကို ချီးကျူးမိတဲ့အပြင် ကလေးငယ်ကို ဖာသာ တအံ့တသြ မေးခဲ့တယ်။
"ဒီလောက်ရှည်တဲ့ စာတွေကို ဘယ်လိုအလွတ်ဆိုနိုင်ခဲ့သလဲ?"
"ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်"လို့ လူငယ်က မဆိုင်းမတွ ပြန်ဖြေခဲ့တယ်။
နောင်(၁၆)နှစ်မှာ အဲဒီကလေးငယ်ဟာ ကမ္ဘာကျော် Software ကုမ္ပဏီပိုင်ရှင် တစ်ဦး
ဖြစ်လာခဲ့တယ်။ အဲဒီကလေးငယ်က Bill Gates ပဲဖြစ်ပါတယ်။
လူတိုင်းမှာ ဖြစ်နိုင်၊ လုပ်နိုင်တဲ့ စွမ်းအား(Potential)တွေ ရှိကြတယ်။
စိတ်ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ သာမန်လူတစ်ဦးဟာ သူ့ရဲ့ဖြစ်နိုင်၊
လုပ်နိုင်တဲ့စွမ်းအင်ကို ၂ ကနေ ၈ အထိပဲ အသုံးပြုကြတယ်။ အက်ဒီဆင်လို သိပ္ပံပညာရှင် တစ်ဦးတောင် ၁၂ထိပဲ အသုံးပြုခဲ့တယ်။ တကယ်လို့ လူတစ်ဦးရဲ့ လုပ်နိုင်တဲ့စွမ်းအင်က ၅ဝထိအသုံးပြုခဲ့ရင် အဲဒီလူဟာ ဖတ်စာအုပ်အအုပ်(၄ဝဝ)ကို အလွတ်ဆိုနိုင်သလို တက္ကသိုလ်ပေါင်းများစွာကိုလည်း တက်ရောက်နိုင်ပါတယ်။ နောက်ပြီး ဘာသာစကား (၂ဝ)မျိုးလောက် တတ်နိုင်ပါသေးတယ်။
ဒါကြောင့် ကျွန်တော်တို့ရဲ့ လုပ်နိုင်တဲ့စွမ်းအင်(၉ဝ)က အိပ်မောကျနေတဲ့ အနေအထားမှာ ရှိနေပါတယ်။ သူတစ်ပါးထက် ထူးချွန်ချင်တယ်၊ ဖောက်ထွက်ချင်တယ်၊ ထီထွင်ချင်တယ် ဆိုရင် တတ်နိုင်သလောက်နဲ့ မလုံလောက်သေးပါဘူး။
အစွမ်းကုန်ကြိုးစားဖို့လည်း လိုပါသေးတယ်။

Subscribe to:
Posts (Atom)