Saturday, August 29, 2009

Bitter Life VII

(၇)

မောင်ရွှေအောင်

အမည် - မောင်ရွှေအောင်
အသက် - ၃၄
ပညာအရည်အချင်း - A.G.T.I (Mechanical Power)
လက်ရှိအလုပ်အကိုင် - Office Assistant
တစ်လ ၀င်ငွေ - စင်ကာပူဒေါ်လာ 450

“ထွက်လာတာချင်း အတူတူ၊ ပညာအရည်အချင်း အတူတူ ပေမဲ့၊ ကျွန်တော် ဒီလိုနေရာရောက်ပြီး ဒီလို ဖြစ်နေတာ ကျွန်တော့် အနေနဲ့ ကံလို့ပဲ သဘောထားပါတယ်။ သူငယ်ချင်းတွေ အပေါ် မနာလို တိုရှည် မဖြစ်ပါဘူး။ ဒီကိစ္စ မျိုးက ကျွန်တော်တို့ လုပ်လို့ရတဲ့ ကိစ္စမှ မဟုတ်တာ။ ကိုယ်ကျတဲ့နေရာမှာပဲ ကောင်းအောင်၊ ပျော်အောင် နေရမှာပေါ့” ဟု ကိုရွှေအောင်က သူ့လက်ရှိအခြေအနေနှင့် ပတ်သက်၍ သူ့ခံယူချက်ကို ပြောပြပါသည်။
ဤသည်ကို ယောနိသော မနသိကာရ ဟု ခေါ်မည် ထင်ပါသည်။ ကိုရွှေအောင်သာ ဤကဲ့သို့ နှလုံးမသွင်းဘဲ ကိုယ့်ထက်သာသူများကို မနာလို၊ မရှုစိမ့် ဖြစ်နေမည်ဆိုလျှင် အလကားနေရင်း အကုသိုလ် တိုးနေမည် ဖြစ်ပါသည်။ မိမိ ဘယ်နေရာမှာ လုပ်ရမည် ဆိုသည်ကို ကာယကံရှင် မိမိတို့ ကိုယ်တိုင် ဆုံးဖြတ်နိုင်သည် မဟုတ်ဘဲ ကုမ္ပဏီ အုပ်ချုပ်ရေး ပိုင်းမှ ဆုံးဖြတ်ရာ ကိုယ်က ကိုယ်ကျရာနေရာတွင် အကောင်းဆုံးဖြစ်အောင် လုပ်ပြရန်သာ ဖြစ်ပါသည်။
ကိုရွှေအောင် ဖြတ်သန်းခဲ့ရသော ဘ၀ကို လေ့လာကြည့်ကြပါစို့။

၇၊ ၁။ နိုင်ငံခြားထွက်ရန် ကြိုးစားခြင်း

စင်ကာပူ ထွက်မလာခင် ကျွန်တော် မလေးရှားကို အလျင် သွားခဲ့သေးတယ်။ မလေးရှားမှာ ၂၀၀၄ ကနေ ၂၀၀၇ ထိ သုံးနှစ် ကြာခဲ့တယ်။ ကျွန်တော် မလေးရှားမသွားခင် ရွှေတောင် ဆက်သွယ်ရေးမှာ လုပ်ခဲ့တယ်။ ဘာလုပ်ရလဲ ဆိုတော့ လမ်းဘေးမှာ ထီးလေးတွေနဲ့ ထိုင်တဲ့ အများပြည်သူသုံး ပီစီအို ဖုံးလေးတွေမှာ ထိုင်ရတယ်။ ထိုင်တော့ ရွှေတောင်ကနေ မလေးရှား သွားပြီး အလုပ်လုပ်နေတဲ့ သူတွေက သူတို့အိမ်တွေကို ဖုံးခေါ်တော့ ကျွန်တော်က ခေါ်ခေါ် ပေးရတယ်။ သူတို့ မိဘမောင်ဘွား၊ ဆွေမျိုးသားချင်း၊ ဇနီး သားသမီး စသဖြင့်ပေါ့။ တစ်လကို သုံးလေးယောက်လောက် ခေါ်ပေးရတယ်။
သူတို့က လတိုင်းခေါ်တော့ ကျွန်တော်နဲ့ ဖုံးထဲမှာ ရင်းနှီးနေပြီ။ သူတို့က သူတို့အိမ်ကို ခေါ်ခိုင်းရင် ကျွန်တော်နဲ့ စတွေ့တော့ သူတို့ အကြောင်းလေးတွေ မေးကြည့်တယ်ပေါ့။ ဟာ - ညီလေး၊ မင်းတို့ မလေးရှားမှာ လုပ်ရတာ အဆင်ပြေရဲ့ လား။ လခ ဘယ်လောက်ရလဲ။ ဘာတွေ လုပ်တတ်ရမလဲ စသဖြင့်ပေါ့။ သူတို့နဲ့ စကားပြောကြည့်တော့ သူတို့ မလေးရှား မှာ လုပ်ရတာ တော်တော် အဆင်ပြေကြောင်း သိရသလို တစ်လကို ပိုက်ဆံ ၂ သိန်းတန်သည် ၃ သိန်းတန်သည် အိမ်ပြန် ပို့နိုင်ကြောင်းလည်း သိလာရတယ်။ ဒီမှာတင် ကျွန်တော်လည်း မလေးရှားပိုး ထ လာတော့တာပဲ။
ဘာဖြစ်လို့လဲ ဆိုတော့ ဒီမှာ ကျွန်တော်လုပ်တာ စားပြီးသောက်ပြီး တစ်သိန်းတောင် မစုမိဘူး။ ဟို သွားလုပ်ရင် အိမ်ကို တစ်လ အနည်းဆုံး ၂ သိန်းတော့ ပြန်ပို့နိုင်မှာကိုး။ ဒီမှာတင် ကျွန်တော် မလေးရှား သွားမယ်လို့ စပြင်တယ်။
အဲဒီမှာ လုပ်ရင်း တစ်နှစ်ခွဲလောက် ကျွန်တော် ပိုက်ဆံစုတယ်။ နောက်ပြီး သူတို့သွားတဲ့ အေးဂျင့်လိပ်စာတွေ၊ သွားပုံသွားနည်း လမ်းကြောင်းလေးတွေလည်း မေးထားတယ်။ နောက်တော့ ကျွန်တော် ရန်ကုန်တက်ပြီး ခုန အေးဂျင့်တွေ လိုက်စုံစမ်းတယ်။ ဘယ်အေးဂျင့်ကဖြင့် အခြေအနေ ပိုကောင်းနိုင်မလဲ ပေါ့။ တပြိုင်နက်ထဲမှာပဲ ပတ်စ်ပို့ လုပ်တယ်။
ကျွန်တော်က တစ်ဖက်က ၀န်ထမ်းလုပ်နေသေးတော့ ရန်ကုန်ကို မကြာခဏ မဆင်းနိုင်ဘူး။ ဒီတော့ ပတ်စ်ပို့ လုပ်တာ အေးဂျင့်ကိုပဲ အပ်လိုက်တယ်။ ကိုယ်က လိုတဲ့ ဓါတ်ပုံနဲ့ စာရွက်စာတမ်းတွေ ပေးလိုက်ပြီး ကျန်တာ သူတို့ အပြီး အစီး လုပ်ပေးတယ်။ စုစုပေါင်း တစ်သိန်းနှစ်သောင်း ပေးရတယ်။ ပတ်စ်ပို့ ရပြီလို့ အကြောင်းကြားတော့မှ ကိုယ်တိုင် သွားထုတ်လိုက်တယ်။ နောက် ကျွန်တော် အေးဂျင့်တစ်ခုမှာ အလုပ်အပ်လိုက်တယ်။ အဲဒီ အေးဂျင့်က သူငယ်ချင်းတွေ စုထောင်ထားတဲ့ အေးဂျင့်။
သူတို့က ကျွန်တော့်ကို သင်တန်းတက်ခိုင်းတယ်။ သင်တန်းကြေးတော့ မယူဘူး။ ဒါပေမယ်လို့ အေးဂျင့်ဖီးထဲမှာ ပေါင်းတင်ထားတယ်။ အေးဂျင့်ဖီးက သိပ်တောင်မမှတ်မိတော့ဘူး။ ရှစ်သိန်းခွဲ ထင်တယ်။ ကျတယ်။ သိပ်မကြာပါဘူး။ အင်တာဗျူး သွားရတယ်။ Technician ရာထူးနဲ့။ မီးရထားဟော်တယ်ကြီးမှာ ဗျူးရတယ်။ ကျွန်တော်ကတော့ အင်တာဗျူး ၀င်ဘို့လို့ စရံတွေ ဘာတွေ ပေးစရာမလိုဘူး။ တချို့တော့လည်း ပေးရတယ်။ ကျွန်တော့်မှာ တစ်ခုသာကွက် ရှိတာက ကျွန်တော်က မလေးရှားနဲ့ အမြဲ အဆက်အသွယ် ရှိနေတော့ အေးဂျင့်ဖီး ဘယ်လောက် ပေါက်ဈေး ရှိသလဲ ဆိုတာ သိနေတယ်။ ဒီတော့ သူတို့ပြောချင်တိုင်း ပြောလို့မရဘူး။
နယ်ကလာတဲ့သူတွေ ကျတော့ သူတို့က camp သဘောမျိုး နေစရာ လုပ်ပေးထားတယ်။ အဲဒီအတွက်တော့ သူတို့ ပိုက်ဆံပေးရတာပေါ့။ ကျွန်တော်က ၀န်ထမ်းဆိုတော့ ရန်ကုန်မှာ အမြဲမနေနိုင်ဘူး။ ဒီတော့ သူတို့ကို မှာထားရ တယ်။ အင်တာဗျူးရှိရင် ကျွန်တော့်ကို ဖုံးဆက်ပေးပါ ပေါ့။ အင်တာဗျူးရှိမှ ရန်ကုန်ဆင်းသွား။ အမျိုးတွေဆီမှာ တည်းပြီး အင်တာဗျူးတာ ပေါ့။ နောက်ပြီး အင်္ဂလိပ်စကားပြော ရအောင်လို့ အင်္ဂလိပ်စာ သင်တန်း၊ မလေးစကားပြော သင်တန်း တွေလည်း ပေးတယ်။ လုပ်ငန်းနဲ့ ပတ်သက်တဲ့ သင်တန်တွေလည်း တက်ခိုင်းတယ်။
ဒါပေမဲ့ ကျွန်တော်က နယ်က ခဏ လာတာဆိုတော့ အဲဒီ့သင်တန်းတွေ မတက်နိုင်ဘူး။ အင်တာဗျူးကာနီး သုံးလေးရက်လောက် ကြိုလာ၊ သူတို့ပြောတာ ဆိုတာတွေ နားထောင်၊ မှတ်သား။ အင်တာဗျူး နှစ်ခုပဲ ၀င်ရတယ်။ ဒုတိယ အင်တာဗျူးမှာ ပါတာပဲ။ ဒီလိုနဲ့ပဲ မလေးရှား သွားဖြစ်ရော ဆိုပါတော့။ ကျွန်တော်တို့ စုစုပေါင်း သုံးယောက် သွားရမယ်။
စထွက်တဲ့ နေ့ကျတော့ သူတို့ လေဆိပ်ကို လိုက်ပို့ပေးတယ်။ ကျွန်တော်ထင်တာက မလေးရှားရောက်ရင် လာကြိုတဲ့သူက ကျွန်တော်တို့ နာမည်တွေကို စက္ကူပေါ်မှာရေးပြီး ဆိုင်းဘုတ်လေးတွေ ထောင်ထား။ ကျွန်တော်တို့က ကိုယ့်နာမည် ပါတဲ့ဆိုင်းဘုတ်ပိုင်ရှင် လိုက်ရွေးပြီး သူ့နောက် အသာလိုက်သွားရုံပဲ၊ ဒီလို ထင်တာကိုး။ မလေးရှား လေဆိပ် ရောက်တော့မှ ကိုယ်ထင်တာနဲ့ တလွဲစီ ဆိုတာ သိရတော့တယ်။
မလေးရှားလေဆိပ်ရောက်တော့ လာကြိုတဲ့သူ မရှိဘူး။ ကျွန်တော်တို့လည်း ဘယ်သွားလို့ ဘယ်လာရမှန်းမသိဘဲ ယောင်ယောင် ယောင်ယောင်နဲ့။ နောက်တော့ အဲဒီလေဆိပ်ထဲက လူတွေစုနေတဲ့နေရာ သွားကြတယ်။ အဲဒီမှာ မလေး တရုပ်တွေ၊ မလေးလူမျိုးတွေ၊ ကုလားတွေ သူတို့လူတွေကို လာလာခေါ်တာ တွေ့ရတယ်။
ခေါ်ပုံက သူတို့လူတွေရဲ့ နာမည်တွေ ရေးထားတဲ့ စာရွက်ကလေး တစ်ရွက်ကိုင်လာပြီး ကျွန်တော်တို့ စုစု စုစု လုပ်နေတဲ့ နေရာ လာဖတ်ပြတယ်။ သူတို့ဖတ်ပြတဲ့ အသံကို မနည်းနားထောင်ယူရတယ်။ အဲဒါနဲ့ တစ်သုတ်ပြီး တစ်သုတ် ခေါ်သွားလိုက်တာ ညအထိ ကျွန်တော်တို့ကို ခေါ်မဲ့လူ မလာသေးဘူး။ အစတုံးကတော့ မလေးရှားလေဆိပ်ရောက်တာနဲ့ ကြိုမဲ့လူလာ၊ သူနဲ့တည်းမဲ့နေရာ လိုက်သွား။ ကိုယ်အလုပ်လုပ်မဲ့ ကုမ္ပဏီ တစ်ခါထည်း လိုက်ပို့၊ ဒီလို ထင်ထားတာကိုး။
ဒီတော့ ပစ္စည်းမှန်သမျှ အားလုံး Luggage ထဲ ထည့်ထားတယ်။ Hand carry ထဲမှာ ဘာမှ သိပ်များများ စားစား မထည့်ထားဘူး။ အရေးကြီးတဲ့ စာရွက်စာတမ်းနဲ့ ပတ်စ်ပို့၊ ပိုက်ဆံ ဒါလောက်ပဲ ထည့်ယူလာခဲ့တယ်။ ဒီတော့ ကျွန်တော်တို့ မှာ လဲစရာလည်း အ၀တ်မရှိ။ စားစရာလည်း ဘာမှ မရှိ။ နောက်ပြီး အဲဒီနေရာမှာက အစားအသောက် ရောင်းတဲ့ဆိုင် လည်း မရှိဘူး။
ဗမာပြည်က အေးဂျင့်ဆီကနေ ဒီက အေးဂျင့်လိပ်စာရယ် ဖုံးနံပတ်ရယ် တောင်းယူလာခဲ့တော့ ကျွန်တော် သူ့ဆီ ဖုံးဆက်တယ်။ ငါတို့ လေယာဉ်ကွင်းရောက်နေပြီ။ မင်းလာခေါ်မလားလို့ စောင့်နေတာ စသဖြင့်ပေါ့။ ဒီတော့ သူက သိပ်များများစားစား မပြောဘူး။ လာခေါ်မယ် စောင့်နေ၊ ဒါလောက်ပဲ။ ဒီတော့ ကျွန်တော်တို့လည်း စောင့်နေရတာပေါ့။ သူနဲ့ ဖုံးအဆက်အသွယ်ရပြီ ဆိုတော့ နည်းနည်းတော့ စိတ်အေးသွားတယ်။
အဲလိုနဲ့ ည ၁၀ နာရီလောက် ရောက်တော့ တရုပ် တစ်ယောက် ရောက်လာပြီး ထုံးစံအတိုင်း နာမည်တွေ ဖတ်ပြတယ်။ သေသေချာချာ နားထောင်လိုက်တော့ ကျွန်တော်တို့ နာမည်တွေဖြစ်နေတော့ အားလုံးပဲ တော်တော် ၀မ်းသာသွားကြတယ်။ ဒါပေမဲ့ ဒီကောင် ကျွန်တော်တို့ကို ကြည့်တာက မတူသလို၊ မတန်သလို၊ သူတို့ဆီမှာ အလုပ်လာ လုပ်တဲ့ အလုပ်သမားတွေ ဆိုပြီး အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်တာ။ ဒီကောင့်အကြည့်ကို ကျွန်တော် မကြိုက်ဘူး။
ဒီကောင်တွေကလည်း ကျွန်တော်တို့ ဘာမှ မစားရသေးဘူး ဆိုတာ သိနေတယ်။ သူက ဂေါ်ဖီကို ခပ်ကြမ်းကြမ်း ကြော်ထားတာရယ်၊ ကြက်ဥ ဟပ်ဖရိုင် ကြော်ထားတာရယ် ရောထည့်ထားတဲ့ ထမင်းထုပ်တွေ ယူလာတယ်။ ကျွန်တော် တို့ကလည်း တော်တော် ဆာနေပြီဆိုတော့ အကုန်တီးလိုက်ကြတယ်။ ဆာနေတာ ဆိုတော့ စားလို့ကောင်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ခေါ်ထုတ်မသွားသေးဘူး။ ကုမ္ပဏီကနေ နက်ဖြန် လာခေါ်လိမ့်မယ် ဆိုပြီး ပြန်သွားတယ်။ ဘာပဲဖြစ်ဖြစ် ထမင်းလေးဝင်သွားတော့ ကျွန်တော်တို့လည်း ရင်ပူတာ တော်တော် သက်သာသွားပြီး အိပ်လိုက် ကြတယ်။
ဒီမှာ တစ်ခု သိထားဘို့က မလေးရှားကို သွားရင် သောကြာ၊ စနေ၊ တနင်္ဂနွေ နေ့တွေမှာသာ သွားခဲ့ရင် သေချာ ပေါက် လေဆိပ်မှာ ညအိပ်ရလိမ့်မယ်။ ဘာလို့လည်း ဆိုတော့ သူတို့က စနေ၊ တနင်္ဂနွေ အလုပ်မလုပ်တော့ သူတို့ အလုပ် သမားတွေကို ရုံးပိတ်ရက်မှာ လာထုတ်လေ့ မရှိဘူး။ တနင်္လာနေ့ကျမှ လာထုတ်တယ်။ ဒီတော့ ကောင်းတာက တနင်္လာ၊ အင်္ဂါ စတဲ့ ရုံးဖွင့်ရက်တွေမှာ လာသင့်တယ်။ အဲဒါဆို ကုမ္ပဏီက ချက်ခြင်းလာထုတ်တော့ လေဆိပ်ထဲမှာ နေရတဲ့ ဒုက္ခ သက်သာမယ်။
ဒါမှမဟုတ်လို့ စနေ၊ တနင်္ဂနွေနေ့တွေမှာ သွားဘို့ကြုံလာပြီဆိုရင် အ၀တ်အထည်၊ သွားတိုက်တံ၊ သွားတိုက်ဆေး နဲ့ စားစရာတွေကို ကိုယ်နဲ့မကွာ ယူသွားပါ လို့ မှာချင်တယ်။ ရေကတော့ အိမ်သာထဲက လက်ဆေးကန် ရေခေါင်းမှာဘဲ လက်ခုပ်နဲ့ ခံသောက်လိုက်တာပေါ့။
မနက်ကျတော့ သန့်ရှင်းရေး လာလုပ်တဲ့ ကောင်လေးက ပေါက်စီတို့၊ ရိုတီ တို့ ကြွပ်ကြွပ်အိပ် ကလေးတွေနဲ့ ၀ှက်ယူလာပြီး ခိုးရောင်းတော့ ကျွန်တော်တို့ ၀ယ်စားကြတယ်။ ကျွန်တော့်မှာ လိုရမယ်ရ သုံးရအောင် ဗမာပြည်ကတဲက ပိုက်ဆံ ၅၀ လောက်ရယ်၊ မလေးရှားရင်းဂစ် နည်းနည်းပါးပါးရယ် ထည့်ယူလာခဲ့တယ်။
အဲဒီ အထဲမှာဘဲ ရောက်နေတာ တစ်ပတ်လောက် ရှိနေပြီ ဖြစ်တဲ့ ဗမာတွေလည်း တွေ့ခဲ့ရသေးတယ်။ သူတို့ လည်း လာမခေါ်သေးလို့ စောင့်နေရတာ။ ဒီလိုကြုံသလို တည့်သလို စခန်းသွားနေကြရတယ်။
နောက်နေ့ ၁၁ နာရီလောက်ရောက်တော့ ကျွန်တော်တို့ကို လာခေါ်တယ်။ မနေ့က တရုပ် မဟုတ်တော့ဘူး။ ကုမ္ပဏီက လာခေါ်တာ။ သူတို့က ကျွန်တော်တို့နေရမဲ့ နေရာ လိုက်ပို့တယ်။ အဲဒီမှာ ကျွန်တော်တို့ အရင် ရောက်နေတဲ့ နောင်တော်ကြီးတွေ တွေ့ရတယ်။ သူတို့ပြောစကား အရတော့ သိပ် ဟန်မကျဘူးဗျို့။ သူတို့ တစ်လကို တစ်သိန်း၊ အင်မတန် ချိုးခြံ၊ ချွေတာပြီး ပို့ပါမှ တစ်သိန်းခွဲ လောက်ပဲ ပို့နိုင်တယ် ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ရွေးစရာလမ်း မရှိတော့ဘူး။ ဒီလိုပဲ လုပ်ရမှာပဲ။ အရင်းကြေအောင် အနည်းဆုံး ၈ လ၊ တစ်နှစ်လောက်တော့ ပြန်ဆပ်ရလိမ့်မယ် လို့ တွေးလိုက်တယ်။

၇၊ ၂။ မလေးရှား အတွေ့အကြုံများ

အခြေခံလစာက မလေးရှားရင်းဂစ် ၆၅၀။ သူတို့ကတော့ အိုဗာတိုင် ရှိတယ်လို့ ပြောတာပဲ။ ဒီရောက်တော့ အိုဗာ တိုင်က ပုံသေမရှိဘူး။ အတူတူ လာတဲ့သူချင်းတောင် ရတဲ့သူပဲ ရတယ်။ မရတဲ့သူ မရဘူး။
လုပ်ရတာက Waster Water Treatment။ စက်ရုံက ထုတ်တဲ့ leaf frame တွေကို chemical တွေနဲ့ ဆေး တယ်။ အဲဒီဆေးပြီးသား ဓါတ်ဆေးရည်တွေကို စွန့်ပစ်လို့ရအောင် လုပ်ရတာ။ အဲဒီဆေးရည်တွေကို chemical တွေနဲ့ပဲ ပြန်ပြီး ဓါတ်ပြုပြီး ရေဖြစ်အောင် လုပ်ရတာ။ ရေဖြစ်တော့မှ မြောင်းထဲကို ဖောက်ထုတ်လိုက်တယ်။ များသောအားဖြင့် စက်နဲ့ လုပ်ရတာပါ။ တစ်ခါတစ်လေလဲ လက်နဲ့ လုပ်ရတာပေါ့။ မျက်နှာဖုံးစွပ်တို့၊ လက်အိတ်တို့တော့ ပေးထားပါတယ်။ ဒါပေမဲ့ chemical allowance တော့ မရဘူး။
အစပိုင်းတုံးကတော့ လခ ၆၅၀၊ ၇၀၀ လောက်ပဲ ထုတ်ရတယ်။ နောက်ပိုင်း အိုတီလေး ဘာလေးရှိလာတဲ့ အခါ ကျတော့ ၈၅၀၊ ၉၀၀ စသဖြင့် ထုတ်ရတယ်။ အသုံးစရိတ်က သေသေချာချာ စစ်စစ်စီစီလေး သုံးမယ် ဆိုရင် တစ်လကို ၈၀ လောက်ဆို လောက်တယ်။ ဒါပေမဲ့ တစ်လကို ၅၀၀ လောက်ပဲ ပြန်ပို့နိုင်ပါတယ်။ အဲဒီတုံးက ငွေဈေးက တစ် ရင်းဂစ်ကို မြန်မာငွေ ၂၅၀ ပေါက်တယ်။ ဒီတော့ တစ်လကို တစ်သိန်းခွဲလောက် ပြန်ပို့နိုင်တယ် ဆိုပါတော့။ အရင်းကျေအောင် စုစုပေါင်း ခုနစ်လလောက် လုပ်ဆပ်လိုက်ရတယ်။
ကျွန်တော် မလေးရှားရောက်ပြီး နှစ်နှစ်ပြည့်ခါနီးတစ်နေ့မှာ စက်ရုံကို ဓါးပြတိုက် ခံရတယ်။ အဲဒီတုံးက ကျွန်တော် တို့က ညဆိုင်း ဆင်းနေရတာ။ လုပ်ရတာက မြေအောက်ခန်း (Basement) ထဲမှာ။ Chemical တွေကို ဒီတိုင်ကီကနေ ဟို တိုင်ကီပြောင်း စသဖြင့်ပေါ့။
ဓါးပြတွေက မျက်နှာဖုံးတွေ စွပ်ထားတယ်။ ၆ ယောက်လောက် ရှိတယ်။ ဓါးရှည်တွေ ပါလာတယ်။ ရှေ့ပေါက် ကနေ နှစ်ယောက်။ ဘေးဘက်အပေါက်ကနေ ၄ ယောက် ၀င်လာတယ်။ (ဒါတွေက ကျွန်တော်သိတာ မဟုတ်ဘူး။ မိုးလင်းလို့ လုံခြုံရေးက ပြန်ပြောပြလို့ သိရတာ။) ရှေ့ပေါက်က ၀င်တဲ့ နှစ်ယောက်က လုံခြုံရေးနှစ်ယောက်ကို လက်ပြန်ကြိုး တုပ်။ သော့ယူပြီး ရုံးခန်းတွေ ၀င်မွှေတယ်။
ဖြစ်ချင်တော့ ကျွန်တော်တို့ ပတ်စ်ပို့တွေက သက်တမ်းကုန်တော့မှာမို့ သက်တမ်းတိုးဘို့ သူတို့က စားပွဲပေါ် ဒီအတိုင်း တင်ထားတာ။ အဲဒါတွေ သူတို့ အကုန် မ သွားတယ်။ ရုံးမှာ ညဆိုင်းဆင်းနေတဲ့ ကောင်မလေးတွေ ဆီက ဖုံးတွေ ပါ ယူသွားတယ် တဲ့။ သူတို့က အင်ဒိုနီးရှား ကောင်မလေးတွေ။ နောက်ပြီး ကျွန်တော်တို့ စက်ရုံက ကွန်ပြူတာမှာ သုံးတဲ့ chip အပြားလေးတွေ ထုတ်တာ။ အဲဒါ ထုတ်ဖို့ ကြေးပြားကြီးတွေ လိုတယ်။ ဓါးပြတွေက အဲဒီကြေးပြားကြီးတွေကို လော်ရီ ကားနဲ့ မ သွားတာ မနည်းဘူး။ စုစုပေါင်း မလေးရှားငွေ တစ်သိန်းကျော်ဘိုးလောက် ပါသွားတယ် တဲ့။
အဲဒါ မနက် ၄ နာရီခွဲလောက်ရောက်တော့ လုံခြုံရေးက ရဲတွေခေါ်ပြီး ကျွန်တော်တို့ကို လိုက်ရှာတယ်။ စက်ရုံက လူတွေက ကျွန်တော်တို့ ကို ဓါးပြတွေ သတ်လို့ သေကုန်ပြီ ထင်လို့ လိုက်ရှာတာ။ မြေအောက်ခန်းဆိုတော့ ဓါးပြတွေ မသိဘူး။ ကျွန်တော်တို့ကလည်း ဓါးပြတိုက်လို့ တိုက်မှန်းတောင် မသိလိုက်ဘူး။ ဒါနဲ့ ကျွန်တော်တို့ အပေါ်တက်အလာ၊ ရဲတွေက အောက်ကို အဆင်း လမ်းမှာတွေ့တော့ ဟေ့ကောင်လေးတွေ၊ မင်းတို့ ဘယ်တွေသွားနေတာလဲ။ ငါတို့ကတော့ မင်းတို့ သေကျေကုန်ပြီ ထင်တာ တဲ့။ ကျွန်တော်တို့ကလည်း အာ၊ ငါတို့ basement ထဲမှာ အလုပ်လုပ်နေတာ ပေါ့။
ပြဿနာက ကျွန်တော်တို့ သက်တမ်းတိုးဘို့ ပတ်စ်ပို့ စာအုပ်လိုတယ်။ ခု စာအုပ်တွေက ဓါးပြတွေ ယူသွားပြီ ဆိုတော့ ရုံးက ငါတို့ ပတ်စ်ပို့အသစ်လုပ်ဖို့ ပိုက်ဆံပေးမယ်။ ဒါပေမဲ့ သံရုံးကို ဆောင်ရမဲ့ အခွန်တော့ မင်းတို့ဟာ မင်းတို့ ဆောင် ဆိုပြီး ဖြစ်ကရော။
ကျွန်တော်တို့ ရတာကမှ တစ်လကို အိုတီနဲ့ ဘာနဲ့ အားလုံးပေါင်းမှ တစ်ထောင်နီးပါးလောက်ပဲ ရတာကိုး။ စာအုပ် အသစ်လုပ်တာရော၊ သုံးနှစ်စာ အခွန်ပါ စုစုပေါင်း ၁၆၀၀ ကုန်သွားတယ်။
ပထမ တစ်ခါ ဓါးပြတိုက်ခံရပြီး ၈ လလောက်ကြာတော့ နောက်တစ်ခါ ဓါးပြတိုက်ပြန်ရောဗျို့။ အဲဒီအချိန်မှာလည်း ကျွန်တော်တို့ ညဆိုင်းပဲ ဆင်းနေရတာ။ စက်ရုံမှာ အလုပ်က သိပ်မရှိတော့ ည ၁၂ နာရီကျော်လောက်ဆို ကျွန်တော်တို့ အခန်းကောင်းကောင်း ရှာပြီး အခန်းကို သော့ခတ်ပြီး အိပ်တယ်။ ဆိုတော့ ပထမတစ်ခါလိုပဲ ဓါးပြတိုက်လို့ တိုက်မှန်း မသိ လိုက်ဘူး။
ဓါးပြ စုစုပေါင်း ၈ ယောက်လောက်ရှိတယ်။ ခုကျတော့ စက်ရုံမှာ အင်းခွေးကြီးတွေ မွေးထားတယ်။ နှစ်ကောင်။ ဒါပေမဲ့ ဒီကောင်တွေက ခွေးတွေကို ဆေးကျွေးပြီး သိပ်ထားခဲ့တယ်။ စက်ရုံက ပေါင်မုံ့ကားလေးပါ မ သွားတယ်။ ဒီတစ်ခါ တော့ အကြီးအကျယ်ကို ခိုးသွားတာ။ တစ်ခါထဲ ပစ္စည်းလှောင်တဲ့ ဂိုဒေါင်ဖောက်ပြီး ရှိသမျှ အကုန့်ကို သယ်သွားတာ။ နောက်နေ့ကျ စက်ရုံကို လည်လို့ မရတော့ဘူး။
မနက်ကျ လာပါတယ်။ ရဲတွေ။ ခွေးကြီးတွေနဲ့။ ဟိုလိုက်ရှာ။ ဒီလိုက်ရှာ။ အလကားပါဗျာ။ ပထမ တစ်ခါရော။ ခုတစ်ခါပါ ဓါးပြတွေကို မိအောင် မဖမ်းနိုင်ဘူး။
တော်သေးတယ် ခေါ်ရမယ်။ စက်ရုံမလည်နိုင်တော့ပေမဲ့ maintenance ရှိနေတော့ ကျွန်တော်တို့ အလုပ်ဆက်ရ နေသေးတယ်။ အိုတီလည်း ရတယ်။
တစ်ခါတလေ ကျွန်တော်တို့ ATM (ပိုက်ဆံထုတ်စက်) ကနေ ပိုက်ဆံ ထုတ်ပြီးပြန်အလာ လမ်းမှာ ၀င်ဝင် လုတတ်လို့ မနည်း သတိထားနေရတယ်။ ညဆိုလည်း အိမ်တံခါးတွေကို သော့ခတ်ထားရတယ်။ သိပ်မကြာသေးခင်က အဲဒီစက်ရုံမှာ ကျန်ခဲ့တဲ့ ကျွန်တော့် သူငယ်ချင်းတွေ စင်ကာပူ လာလည်တော့ သူတို့ ပြောပြတာ။ သူတို့ ညစာစားနေတုံး လူမိုက်တွေ ၀င်လာတယ်။ ဆွဲထားတဲ့ ဆွဲကြိုးတို့၊ ပိုက်ဆံတို့၊ နာရီတို့ တောင်းတယ်။ ဟိုတစ်ယောက်ကတော့ အေးအေး သက်သာ ပေးလိုက်လို့ ဘာမှ မလုပ်ဘူး။ ဒါပေမဲ့ အဲဒီကောင်က သူ့တို့ကို ပိုက်ဆံ ပစ်ပေးလို့ ဆိုပြီး ဓါးနဲ့တွက်သွားတာ နားရွက်တစ်ခြမ်း ပြတ်သွားလို့ ဆေးရုံ တက်လိုက်ရ သေးတယ်တဲ့။
အဲဒါ ကျွန်တော် မလေးရှားမှာ နေတုံး တွေ့ခဲ့ ကြုံခဲ့ရတာတွေ။

မလေးရှားမှာ သုံးနှစ်နီးပါး ကြာခဲ့တယ်။ ပထမနှစ်မှာ လခ သိပ်မရပေမဲ့ နောက်နှစ်တွေမှာ အိုတီကောင်းလို့ တစ်လကို နှစ်သိန်းခွဲ သုံးသိန်း စသဖြင့် ပို့နိုင်တယ်။ ဒီတော့ သုံးနှစ်အတွင်း ၈၅ သိန်းလောက် ပြန်ပို့နိုင်ခဲ့တယ်။ လုပ်ရတာ တော့ မဆိုးပါဘူး။ အဆင်ပြေတယ် ခေါ်ရမယ်။
ပါမစ် သက်တမ်းကုန်ခါနီးတော့ သူတို့က သက်တမ်းဆက်တိုးမလားတဲ့။ သူတို့ကတော့ ကျွန်တော့်ကို ဆက်နေ စေချင်သေးတယ်။ ဒါပေမဲ့ ကျွန်တော်က သိပ်စိတ်မပါတော့ဘူး။ အိမ်ကိုလည်း ပြန်ချင်နေပြီ။ နောက်ပြီး စင်ကာပူကို ဆက်လာချင်သေးတာကိုး။ ဒီလိုနဲ့ ၂၀၀၇ သြဂုတ်လမှာ အိမ်ပြန်ရောက်တယ်။ ကျွန်တော် မသွားခင်ကနဲ့ ဗမာပြည် ပြန်ရောက်တဲ့ အချိန်အတွင်းမှာ ဈေးတွေက အဆမတန် တက်နေတာကိုး။ ဒီတော့ ဗမာပြည်မှာ ပြန်ပြီး အလုပ်လုပ်လို့ အဆင်မပြေနိုင်ဘူး ဆိုတာ တွက်မိတယ်။ နောက်ပြီး ဒီမှာ အလုပ်မရှိ၊ အကိုင်မရှိဘဲ ရှိတာလေး ထိုင်စားနေရင် ပါလာတာ လေး အကုန်ကုန်လိမ့်မယ်။ ဒါနဲ့ ပြန်ရောက်ရောက်ချင်းပဲ နိုင်ငံခြား ပြန်ထွက်ဘို့ လုပ်တယ်။

Sunday, August 23, 2009

Bitter Life VI

(၆)

ဦးနေလင်းသိန်း

အမည် - ဦးနေလင်းသိန်း
အသက် - ၄၅
ပညာအရည်အချင်း - B.E (Civil), M.Sc (from NTU – Singapore)
လက်ရှိအလုပ်အကိုင် - Project Coordinator
တစ်လ ၀င်ငွေ - စင်ကာပူဒေါ်လာ ၅၀၀၀ နှင့် အထက်

“အောင်မြင်မှု ဆိုတာ ကိုယ်တစ်ယောက်ထဲ ကောင်းနေရုံနဲ့ ရဘို့ မလွယ်ဘူးဗျ။ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့် ကို အထောက်အပံ့ ပေးမဲ့သူတွေလည်း လိုတယ်။ ကိုယ် သေအောင် ကောင်းနေပါစေ၊ ကိုယ့်ကို ၀ိုင်းဝန်း ပံ့ပိုးပေးမဲ့ သူတွေ သာ မရှိရင် ဘယ်လွယ်လိမ့်မတုံးဗျာ” ဟု ဆိုခဲ့သူမှာ ဦးနေလင်းသိန်း ဖြစ်ပါ၏။ သူကတော့ ကိုယ်ကိုယ်တိုင်လည်း တစ်ဖက်က ကုမ္ပဏီ တစ်ခုတွင် လခစား ၀န်ထမ်းလုပ်၊ မိမိကိုယ်ပိုင် ဆိုင်တစ်ခုလည်း ထောင်ထားသူ ဖြစ်ပါသည်။ မိမိဆိုင် အတွက်တော့ ၀န်ထမ်းများ ခန့်ထားကာ သူတို့နှင့် လည်ပတ်ပါသည်။ မိမိကတော့ လိုသည့်ပစ္စည်းများ မှာ။ လိုသည်တို့ကို စီစဉ် ညွှန်ကြား ကြီးကြပ်ပေးရုံ ဖြစ်၏။
နောင်လာနောက်သားတွေ အတုယူရအောင် ခင်ဗျားဘ၀လေး၊ ဒီအဆင့်ရောက်အောင် ဘယ်လိုတွေ ကြိုးစား ကျော်ဖြတ်ခဲ့ရတယ် ဆိုတာလေးတွေ ဝေမျှပါဦး ဟု ပြောသောအခါ ဦးနေလင်းသိန်းက သူ့ဘ၀အကြောင်းကို အောက်ပါ အတိုင်း အားတက်သရော ပြောပြပါသည်။

ကျွန်တော်က YIT က ၁၉၈၇ ခုနှစ်မှာ B.E(Civil) နဲ့ ကျောင်းပြီးခဲ့တယ်။ အဲဒီခေတ်က ရန်ကုန်မှာ အခန်းပေး၊ အခန်းယူ တိုက်ခန်းတွေ ဆောက်တာ အတော် ခေတ်စားနေပြီ ဆိုတော့ ကျွန်တော် ကျောင်းပြီးပြီးချင်း အဲဒါ လုပ်တယ်။ စလုပ်တော့ သူငယ်ချင်း တစ်ယောက်နဲ့ တွဲလုပ်တယ်။ ကြည့်မြင်တိုင် ဘက်မှာ။ အဲဒီတုံးက ဘိလပ်မြေဈေး၊ သံချောင်းဈေး တွေက သိပ်မရှိသေးဘူး။ သူ့ဈေးနဲ့သူ လုပ်ပျော်တယ်။
တိုက်ပုံစံတွေက ရင်ခွဲတိုက်၊ နှစ်ထပ်။ နှစ်ထပ်ဆိုပေမဲ့ ထပ်ခိုးလေးတွေ ပါသေးတယ်။ အဲဒီတုံးက တိုက်ခန်းဈေး တွေ ကလည်း သိပ်မရှိသေးဘူး။ အောက်ထပ် အခန်းဆိုမှ သုံးသိန်းပဲ ရှိတယ်။ အိမ်တစ်လုံး လုံး ဆောက်တာမှ ဘယ်လောက် ကျသလဲ ဆိုတော့ လေးသိန်းခွဲလောက်ပဲ ကျတာကိုး။ အိမ်ဆောက်ရတာကလည်း ဘာခက်တာ လိုက်လို့ဗျာ။ အတွေ့အကြုံရင့်တဲ့ ပန်းရံဆရာ၊ လက်သမားဆရာကြီးတွေ နဲ့ တွဲပြီး ဆောက်တာပေါ့။ အဲဒီတုံးက လုပ်ရတာ အရမ်း ကိုက်တယ်ဗျ။
အဲဒီတုံးက အိမ်တစ်လုံးပြီးသွားရင် နှစ်သိန်း၊ နှစ်သိန်းခွဲလောက် မြတ်တယ်။ အဲဒီအချိန်က နှစ်သိန်းဆိုတာလည်း မနည်းပဲကိုးဗျ။ နောက်ပြီး ကျွန်တော်က အိမ်နှစ်လုံး တစ်ပြိုင်နက် ဆောက်တယ်။ ဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ ၀င်ငွေကောင်း တဲ့ လုပ်ငန်းတစ်ခု ဖြစ်လာတာပေါ့။

ပထမတော့ ၁၉၉၅ ထိ တော်တော် ကောင်းသေးတယ်။ အကောင်းဆုံး အချိန်ကို ပြောပါ ဆိုရင် ၁၉၉၆ ပဲ။ တိုက်ခန်းလောကရဲ့ ရွှေခေတ် ပေါ့ဗျာ။ အဲဒီ အချိန်က ခြောက်ထပ်တိုက်တွေ ဆောက်တယ်။ အဲဒီ တိုက်တစ်လုံးကို သိန်း ၉၀ နဲ့ ၁၀၀ ကြား ကုန်ကျစရိတ် ရှိတယ်။ ဆိုတော့ ၈၇ နဲ့ ၉၅ အတွင်း ဈေးက အတော့်ကို ကွာသွားပြီ။ အခန်းခလည်း တက်လာတာပေါ့။ အောက်ထပ် တစ်ခန်းကို ၁၄ သိန်းလောက် ရောင်းရတယ်။
ကျွန်တော်က တိုက်ခန်းဆောက်ရင် ကောင်းကောင်းလေးဆောက်တယ်။ တစ်လုံးပြီးသွားရင် ၃၅ သိန်းနဲ့ သိန်း ၅၀ ကြား ကျန်တယ်။
ဒါပေမဲ့ ဆိုးတာက ကျွန်တော်တို့လူမျိုးရဲ့ အကျင့်ဗျ။ တစ်ယောက်က လုပ်ငန်းတစ်ခု ထလုပ်လိုက်လို့ အောင်မြင် သွားပြီဆို နောက်လူတွေကလည်း ဟုတ်ဟုတ်၊ မဟုတ်ဟုတ်။ နားလည်သည်ဖြစ်စေ၊ မလည်သည် ဖြစ်စေ၊ ထ လုပ်ကြ တော့တာပဲ။
ရှေ့နေတွေလဲ ကန်ထရိုက် လုပ်တယ်၊ ဆရာဝန်တွေလည်း တိုက်ခန်းဆောက် ရောင်းတယ်၊ တခြား စီးပွားရေး သမား မျိုးစုံလည်း ဒီ ဈေးကွက်ထဲ ၀င်လာကြတယ်။ အသစ် ၀င်လာတဲ့သူတွေကျတော့ သူတို့မှာ ဖောက်သည် မရှိသေး ဘူး။ ဒီတော့ ဖောက်သည်ရအောင် ဘယ်လိုလုပ်လဲ ဆိုတော့ ဈေးလျှော့ရောင်းတဲ့ နည်းကို သုံးလာကြတယ်။ ပထမ လူတွေက လျှော့ရောင်းလိုက်။ နောက်ထပ် လူသစ်တွေဝင်လာ။ သူတို့က တစ်ခါ ထပ်ပြီးလျှော့ရောင်းလိုက် နဲ့ သူ့ထက်ငါ အပြိုင် အဆိုင် လျှော့ရောင်းလိုက်ကြတာ ဈေးကွက် ပျက်သွားတယ်။
ကျွန်တော်တို့လည်း သူတို့ကို မီအောင် လျှော့ရောင်းရတော့ တာပေါ့ဗျာ။ ဒါပေမဲ့ လျှော့ရင်း လျှော့ရင်းနဲ့ လိုက်လို့ မမီတော့ဘူး ဖြစ်လာတယ်။ တစ်ယောက်က ဈေးကွက်ထဲမှာ ဒီလောက်နဲ့ ရောင်းလိုက်တယ် ဆိုရင် အဲဒါက ပေါက်ဈေး ဖြစ်သွားတာပေါ့။ ဒီတော့ သူတို့ရောင်းတဲ့ ဈေးနဲ့ လိုက်ရောင်းရရော။ သိပ်မမြတ်တော့ဘူး။ ဒါပေမဲ့ လုပ်လို့တော့ ရနေသေး တယ်။
ဒါပေမဲ့ ဘာဖြစ်လာသလဲ ဆိုတော့ သူကလျှော့ ရောင်းလိုက်။ ကိုယ်က လျှော့ရောင်းလိုက် နဲ့ တိုက်ခန်းဈေးတွေ က ကျသထက် ကျလာတော့ ၀ယ်သူတွေရဲ့ စိတ်ထဲမှာ အတွေးတစ်မျိုး ၀င်သွားတယ်။ တိုက်ခန်းတွေ မ၀ယ်နဲ့ဦး။ ဒီ့ထက် ကျဦးမှာ၊ ဒီလို ဖြစ်လာတယ်။ ဒီတော့ တိုက်ခန်းတွေ ပြီးသွားပေမဲ့ ၀ယ်တဲ့သူ မရှိတော့ဘူး။
တစ်ခါ ဆောက်လက်စ တိုက်တွေကလည်း အ၀ယ်မလိုက်တော့ဘူး ဆိုတော့ မျက်ကလဲဆန်ပြာ ဖြစ်ပြီး ဈေးကို လျှော့သည်ထက် လျှော့ရောင်းပြန်ရော။ သူတို့ဘက်ကလျှော့လေ ၀ယ်တဲ့သူတွေဘက်က တွေ့တယ် မဟုတ်လား၊ တိုက်ခန်းဈေးတွေ ငါတို့ထင်တဲ့အတိုင်း ကျပြန်ပြီ။ ဒါထက်ထပ်ကျဦးမယ် ဆိုပြီး ဆက်စောင့်ကြပြန်ရော။
ဆောက်လက်စ တိုက်တွေကလည်း ဒီတစ်လုံးပြီးရင်တော့ ငါတို့ ရပ်တော့မယ် ဆိုပြီး ငွေပေါ် ပြီးရော ဆိုပြီး အတင်း ထိုးရောင်း၊ ရောင်းလို့မရတော့ ပေါင်။ အဲဒီလိုနဲ့ တစ်ခါထည်း တိုက်ခန်းလောက ဈေးကွက် ပျက်သွားတယ်။ ဈေးကွက်ပျက်သွားတာ တော်တော်နဲ့ နလံမထူဘူး။
ကျွန်တော် စာချုပ်ချုပ်ပြီးသား အလုံးတွေတော့ အားလုံးပြီးသွားတယ်။ ပြီးတာနဲ့ ကျွန်တော်လည်း ထပ်မဆောက် တော့ဘူး။ ဆောက်ရအောင်လည်း မကိုက်တော့ဘူးလေ။ ဒီတော့ ကျွန်တော် မဆောက်သေးဘဲ စောင့်နေတယ်။ တစ်နှစ် လောက် စောင့်တယ်။ အဲဒီ တစ်နှစ်အတွင်းမှာကို မရောင်းရသေးတဲ့ တိုက်ခန်းတွေ အများကြီး ပုံနေတယ်။
တစ်ခါ အဲဒီအတောအတွင်း သံချောင်းနဲ့ ဘိလပ်မြေ သမားတွေကလည်း ဈေးကို ကစားချင်တိုင်း ကစား နေတယ်။ တော်ကြာ သံချောင်းတွေ ပြတ်သွားလို့ ဆိုပြီး ဈေးတွေ ၀ုန်းကနဲ ခုန်တက်လာလိုက်။ တော်ကြာ သင်္ဘောဆိုက် လာလို့ ဆိုပြီး ဘိလပ်မြေဈေးတွေ ၀ုန်းကနဲ ပြုတ်ကျသွားလိုက်။
ကျွန်တော်က ဒီ တိုက်ခန်းဆောက်ရတာ အတော်လေး ၀ါသနာပါတယ်။ ကိုယ်ကလည်း အင်ဂျင်နီယာ ဆိုတော့ ကိုယ့်တိုက်ကို ဘယ်လို ပိုကောင်းလာအောင် ပိုပြီး လှလာအောင်၊ ပိုပြီး ခိုင်ခံ့အောင် လုပ်မလဲ အမြဲစဉ်းစားနေတာကိုး။ ကျွန်တော်သာ ဆက်လုပ်ရမယ် ဆိုရင် တော်တော် ကောင်းကောင်းမွန်မွန် တိုက်ခန်းလေးတွေ ဆောက်ဘို့ အိုင်ဒီယာ ရပြီး ပြီ။ ဒါပေမဲ့ ဘယ်လိုမှ ဆက်လုပ်ဖို့ မဖြစ်တော့ဘူး။ အခြေအနေမပေးဘူး။ ဒီလိုနဲ့ အလုပ်မရှိဘဲ ထိုင်စားနေရတာပေါ့။ မိသားစုကလည်း ရှိသေးတော့ ဒီအတိုင်း နေလို့ မဖြစ်တော့ဘူး။ အိမ်ထောင်ဦးစီး တစ်ယောက်အနေနဲ့ တာဝန်မကျေရာ ကျတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ။ စင်ကာပူမှာ ရောက်နေတဲ့ သူငယ်ချင်းက လှမ်းခေါ်တယ်။ သူတို့မှာ reclamation project ကြီး တစ်ခု ရထားတယ်။ ပရောဂျက်က တော်တော့်ကို ကြီးတယ်။ ဒီတော့ လူတွေ အများကြီး လိုတယ်။ ဂျပန် ကုမ္ပဏီက ရန်ကုန်ထိ လာခေါ်တယ်။ သူငယ်ချင်းက အင်တာဗျူးမဲ့ လူကို ကျွန်တော့်နာမည် ပေးလိုက်တော့ သူ့လက်ထဲ မှာ ကျွန်တော့်နာမည် ပါလာတယ်။ ကုမ္ပဏီနာမည်က Toa Corporation တဲ့။
ကုမ္ပဏီက Jetty ဆောက်တာတို့၊ reclamation လုပ်တာတို့ လုပ်တယ်။ ရေစပ် ကုန်းစပ်မှာ လုပ်ရတဲ့ အလုပ်တွေ ပေါ့။
အင်တာဗျူးကို Sumit Parkview မှာ လုပ်တာ။ ကျွန်တော်က နာမည် တစ်ခါထဲ ပါလာပြီးသား ဆိုတော့ အထွေ အထူးဘာရှိမလဲဗျာ။ တစ်ခါထဲ ပါတာပေါ့။ ပါတော့ သူတို့ EP (Employment Pass) တင်တယ်။ သုံးရက်လောက်ကြာ တော့ ဟာ - EP ကျပြီ တဲ့။ အရမ်းမြန်တယ်ဗျာ။ EP တင်တာ သုံးရက်ပဲ ကြာတယ်။ ဒါနဲ့ပဲ စင်ကာပူ ရောက်လာရော။ စင်ကာပူ စရောက်တာ ဒီဇင်ဘာ ၂၉ ရက်နေ့၊ တူးသောင်ဇင် (၂၀၀၀)။
ကျွန်တော် မိသားစုနဲ့ တစ်ခါမှ မခွဲဖူးဘူး။ ကျွန်တော် စင်ကာပူထွက်လာတော့ သားက လေးလ၊ သမီးက တစ်နှစ် ကျော်ကျော်ပဲ ရှိသေးတယ်။ ဆိုတော့ သားနဲ့ သမီးကို အရမ်းလွမ်းတာပေါ့ဗျာ။ မနေချင်တော့ဘူး။ အရမ်း ပြန်ချင်တယ်။ အဲဒါနဲ့ ၈ လလောက် လုပ်ပြီးတော့ တစ်ခေါက် ပြန်လိုက်သေးတယ်။ တစ်ပတ်လောက်။
လာခါစကတော့ သိပ်ရည်ရွယ်ချက် ကြီးကြီးမားမား မရှိပါဘူး။ ဒါပေမဲ့ စင်ကာပူရောက်လာတော့မှ နည်းနည်း အမြင် ကျယ်လာတယ်။ သူငယ်ချင်းတွေထဲမှာလည်း PR ဖြစ်နေတဲ့သူတွေ ရှိတာကိုး။ ဒီတော့ ကျွန်တော် စဉ်းစားတယ်။ ခဏလေး ရေတိုပဲလုပ်၊ ပိုက်ဆံစုပြီး ပြန်မလား။ ဒါမှမဟုတ် မိသားစုကိုပါ ဒီခေါ်ထားမလား။ နှစ်လမ်း ရှိတယ်။ ဆိုတော့ သေသေချာချာ စဉ်းစားကြည့်လိုက်တော့ PR ရအောင် လျှောက်ပြီး ဒီကို မိသားစုပါ ခေါ်ထားတာ ပိုကောင်းမယ် လို့ ရွေး လိုက်တယ်။
ဒါပေမဲ့ အဲဒီ့အချိန်က PR ရဘို့ မလွယ်ဘူး။ ဒီက M.Sc တစ်ခုခု ရမှ PR ပေးမဲ့ အခြေအနေမျိုး ဖြစ်နေတာကိုး။ ဒါမှ မဟုတ်လဲ Business တစ်ခုခု လုပ်မှ။ ဆိုတော့ တစ်နှစ်လောက်အကြာ ကျွန်တော် NTU မှာ ကျောင်းလျှောက်တယ်။ လျှောက်တော့ သူငယ်ချင်းတစ်ယောက်နဲ့ အတူ International xxx Management ကို လျှောက်တယ်။
အဲဒီမှာ ကျွန်တော်ပြောချင်တာက စိန်နားကပ် အရောင်နဲ့ ပါးပြောင်တဲ့ ကိစ္စ။ ကျွန်တော်တို့ မလျှောက်ခင် ရှေ့နှစ် က တက်သွားတဲ့ မြန်မာတစ်ယောက်က NTU မှာ လာတက်တာ ဆယ်ဘာသာ ရှိတဲ့အနက် ဆယ်ဘာသာစလုံးကို Excellent ရတယ်။ ကိုကျော်ဝင်း တဲ့။ ဟား၊ သူကရွှေတံဆိပ်ရတော့ နောက်က မြန်မာတွေမှာ ရှောရှောရှူရှူ ဖြစ်တာပေါ့ဗျာ။ အဲဒါနဲ့ ပါသွားရော။ ပါတော့ တက်ကရော ပေါ့ဗျာ။
တက်တော့လည်း အားလုံးအောင်ပါတယ်။ အကုန်အဆင်ပြေပါတယ်။ ဖြစ်ချင်တော့ဗျို့၊ ကျွန်တော်တို့ Thesis တွေလည်း ပြီးရော အစိုးရ ပေါ်လစီပြောင်းသွားတယ်။ ဆိုပါတော့။ PR ကို အရင်ကလောက် အရမ်း မခက်ခဲဘဲနဲ့ ရတယ် ဖြစ်ကရော။ အဲဒီတော့ PR လိုချင်လို့ တက်လိုက်တဲ့ M.Sc က ကျွန်တော်လည်း ပြီးရော PR ရဘို့အတွက် မလိုအပ်တော့ ဘူး ဖြစ်သွားကရောဗျို့။ အဲဒီလိုကို အကျိုးပေးတာ။
တိုတိုပြောရရင် PR ကို အပြေးတင်၊ ကျ၊ ကျတော့ သားနဲ့ သမီးကို ပြေးခေါ်။ ဒီမှပဲ ကျောင်းထား။
ဒီမှာ အလုပ်တစ်ဖက်နဲ့ ဘယ်လောက် ခက်ခက်ခဲခဲ ကျောင်းတက်ခဲ့ရသလဲ ဆိုတာလေး ပြောပြချင်တယ်။ နောက် အလုပ်လုပ်ရင်း ကျောင်းတက်ချင်တဲ့ လူငယ်လေးတွေ အတုယူရအောင်ပေါ့။
ကျွန်တော်လုပ်တာက ဟို့ စင်ကာပူ အရှေ့ဖျား၊ အရှေ့ဖျားမှဗျာ။ မလေးရှားဘက်က ဂျိုဟိုးကို တော်တော်လေးကို နီးနီးကပ်ကပ် မြင်နေရပြီ။ နယ်ခြားမျဉ်းနဲ့ဆို ဘယ်လောက်မှကို မဝေးတော့ဘူး။ အဲဒီကနေ ချန်ဂီမှာ ရှိတဲ့ ကျွန်တော်တို့ ရုံးကို ရောက်ဖို့တောင်မှ မော်တော်နဲ့ အမြန်မောင်းရင် နာရီဝက်လောက် မောင်းရတယ်။ မော်တော်ကို သာမန် ခပ်နှေးနှေးပဲ မောင်းရင် မိနစ် ၄၀ စီးရတယ်။
ကျွန်တော်က ကမ်းခြေပြန်လာချင်တယ် ဆိုရင် ဖုံးလှမ်းဆက်ပြီး မော်တော်မှာ။ နေရာက ကမ်းခြေနဲ့ သိပ်ဝေးသွား တဲ့ အခါကျတော့ ဖုံးလိုင်းတောင် သိပ်မမိချင်တော့ဘူး။ ဒီတော့ ဟို့ အပေါ်ဆုံးထပ်တက်ပြီး မိတဲ့လိုင်းနဲ့ ဆက်ရတာ။ ရေဒီယို(စကားပြောစက်) လည်း ရှိပါရဲ့။ ဒါပေမဲ့ ရေဒီယိုလည်း သိပ်မမိချင်တော့ဘူး။
သူငယ်ချင်းတွေကလည်း ကူညီပါတယ်။ ကျွန်တော် မော်တော်လှမ်းမှာတဲ့အခါ ကိုအောင်ခိုင်ဆွေ တို့က ဘုတ်(boat) လွှတ်ပေးတယ်။ အဲဒီ လာကြိုတဲ့ ဘုတ်နဲ့ လိုက်လာ။ ရုံးဝင်ပြီး အ၀တ်အစားလဲ။ ဒါပေမဲ့ တိုးတိုး တိတ်တိတ် လုပ်ရတာပေါ့။ ဂျပန်တွေက ကျွန်တော်ကျောင်းတက်တဲ့ ကိစ္စကို သူတို့ကိုယ်တိုင် သဘောတူထားတာပါဘဲ။ ဒါပေမဲ့ လူတွေ့ရင်တော့ ခေါ်ခိုင်းမှာဘဲ လေ။ အလုပ်ကလည်း အရေးကြီးနေတဲ့ အခါကျတော့ သူတို့က ဟာ၊ အရေးကြီးနေလို့ကွာ၊ ဒီနေ့တော့ ဖျက်လိုက်ပါကွာ လို့ပြောမှာဘဲ။
ကျွန်တော့်ပါလာတဲ့ helmet (ခမောက်) တို့၊ Live Jacket (အသက်ကယ် အင်္ကျီ) တို့ကို soil lab လေးထဲမှာ ဖွက်ထားရတယ်။ အဲဒီမှာ ရှိတဲ့ ဗမာတွေ၊ ညီငယ်လေးတွေကလည်း ကျွန်တော့်ကို အတော်လေး ကူညီကြပါတယ်။ နောက်ပြီး ဟိုကပ်၊ ဒီကပ် နဲ့ အသာလေး ပုန်းလျှိုးကွယ်လျှိုး ထွက်လာရတယ်။ အဲဒီကမှ လမ်းထိပ်ကိုထွက်။ တက္ကစီငှားပြီး Tenah Merah ဘူတာရောက်အောင် အမြန်သွား။ အဲဒီဘူတာကမှ Boon Lay ဘူတာ ထိ ရထားစီး။ စင်ကာပူ အရှေ့၊ အနောက် ရထားလမ်းရဲ့ ခရီး အစ၊ အဆုံးပေါ့ဗျာ။ Boon Lay ကိုတော့ ညနေ ၆ နာရီခွဲ လောက်မှာ ရောက်တယ်။ ဒါပေမဲ့ ကျွန်တော်တက်တဲ့ အတန်းက အလုပ်ထဲကလူတွေ များသောအားဖြင့် လာတက်တာ ဆိုတော့ အများစုကလည်း ကျွန်တော် ရောက်တဲ့ အချိန်လောက်မှ ရောက်ကြတာ များပါတယ်။
Full Time တက်တဲ့လူတွေလောက်ပဲ ရေမိုးချိုး၊ ဖီးလိမ်းပြင်ဆင်ပြီး လှလှပပ ကျော့ကျော့လေး ကျောင်းကို အချိန်မီ လာကြတာ။ ကျွန်တော်တို့လို အလုပ်ထဲက တန်းလာရတဲ့သူတွေက တစ်ဝက်လောက်ရှိတယ်။ တစ်ကိုယ်လုံး ရွှံ့တွေ ဗွက်တွေနဲ့၊ Safety Shoe ကြီး တကားကားနဲ့ လာကြတဲ့ သူတွေချည်းပဲ။
Tenah Merah ကနေ Boon Lay ဘူတာ ထိ မိနစ် ၅၀ လောက် စီးရတာကိုး။ ဒီတော့ ရထားပေါ်မှာတင် အသွား အပြန်ဆို နှစ်နာရီလောက် အချိန်ကုန်တယ်။ ဒီ အချိန်ကို တန်ဘိုးရှိရှိ အသုံးချမှ ဖြစ်မယ်။ ကျွန်တော်စီးတဲ့ ဘူတာက ဘူတာ အစ ဆိုတော့ လူချောင်သေးတယ်။ ဒီတော့ ကျွန်တော်က ရထားရဲ့ ဟို့ ရှေ့ဆုံး၊ ဒါမှမဟုတ် နောက်ဆုံး တံခါးနားကို သွားပြီး ကြမ်းပြင်ပေါ်မှာ တင်ပြင်ခွေ ထိုင်တယ်။
အဲဒီလို ကျကျနန ထိုင်ပြီးမှ ကျွန်တော် စာကြည့်တယ်။ ရထားအဆုံးဆိုတော့ ဖြတ်သွားဖြတ်လာလည်း သိပ် မရှိတော့ဘူး။ အာရုံမနောက်တော့ ကောင်းကောင်း စာကြည့်လို့ ရတယ်။ အသွားရော၊ အပြန်ရော အဲဒီလို ကျွန်တော် စာကြည့်တယ်။
အလုပ်ပြန် မ၀င်ရတော့ဘူး ဆိုရင်တော့ အိမ်ကို အေးအေးဆေးဆေး ပြန် ပေါ့ဗျာ။ အလုပ်ဆင်းရတဲ့ ရက်တွေကျ အတန်းကို ပြီးအောင် မတက်နိုင်တော့ဘူး။ စာသင်ချိန်ရဲ့ ထက်ဝက်လောက်မှာ ကော်ဖီသောက်ချိန် အနားပေးတယ်။ အလုပ်ရှိတယ် ဆိုရင် ကျွန်တော် အဲဒီ ကော်ဖီချိန်မှာ လက်မှတ်တွေ ဘာတွေထိုးပြီး လစ်ရတာပဲ။ တစ်ခါတလေလဲ ဆရာကို ပြောသွားတယ်။ တစ်ခါတလေလဲ မပြောဘူး။
ကျောင်းကထွက်ပြီ ဆိုတာနဲ့ တက္ကစီငှားပြီး အလုပ်ကို အပြေးပြန်ရတာဘဲ။ စင်ကာပူ အရှေ့ဖျားနဲ့ အနောက်ဖျား ဆိုတော့ လမ်းမှာ တယ် အချိန်ကုန်တာပဲဗျာ။ ကျွန်တော် ရုံးကို ည ၉ နာရီခွဲလောက်မှ ပြန်ရောက်တယ်။ ဒီ ၇ နာရီကနေ ၉ နာရီခွဲကြားကို ကျွန်တော့်အစား ဆင်းပေးတဲ့၊ ကျွန်တော့်ကို ကာဘာ လုပ်ပေးထားတဲ့ မိတ်ဆွေတစ်ယောက် ရှိတယ်။ ဒီနေရာမှာ ကျွန်တော် သူ့ကျေးဇူးတရားကို ထုတ်ပြောဘို့လိုပြီ။
သူက သီရိလင်္ကာက။ နာမည်က Rathayaba တဲ့။ တခါထဲ ထောင်ထောင်မောင်းမောင်း၊ ဗလကောင်းကောင်း ကြီး။ မုတ်ဆိတ်မွေးကြီး တွေနဲ့။ ကြည့်လိုက်ရင် ကုလားကားထဲက လူဆိုခေါင်းဆောင်ကြီးလိုပဲ။ ဒါပေမဲ့ဗျို့။ အင်မတန် စိတ်ထားကောင်းတာလား။ ကျွန်တော် ကျောင်းတက်နေတဲ့ ကာလ တစ်လျှောက်လုံး ညပိုင်းတွေမှာ သူပဲ ကျွန်တော့် အစားနေပေးတယ်။ သူ ဘာအခွင့်အရေးမှ မမက်မောဘဲ ကျွန်တော့်ကို စေတနာ သန့်သန့်နဲ့ ကူညီခဲ့တာ။
တစ်ခါတလေ ကျွန်တော်က ကျောင်းကို အပြေးတက်နေရတော့ ညစာစားဘို့ အချိန်မရဘူး။ အိမ်ပြန် ရေမိုးချိုး ဘို့တို့ ဘာတို့ အချိန်မရတော့ဘူး။ ဒါနဲ့ ရုံးမှာဘဲ နေလိုက်တယ်။ အဲဒါ သူ့ကိုလမ်းကနေ ဖုံးဆက်ပြီး ညစာအတွက် လှမ်းမှာ ရတယ်။ သူက ထမင်းထုပ် ယူထားပေးတယ်။ ထမင်းက သူ သွားဝယ်တာတောင် မဟုတ်ဘူး။ သူစားဘို့ ချက်ထားတဲ့ အထဲက ကျွန်တော့်ဘို့ ပိုပြီးထည့်လာတာ။ အဲသလောက်ထိ သဘောကောင်းတယ်။
ကျွန်တော် ဒီ ဘွဲ့ရလာတာ သူ့ကျေးဇူးတွေ အများကြီးပါတယ်။ ကျွန်တော်ဆိုလိုချင်တာက လူတစ်ယောက် အောင်မြင်လာတဲ့ နေရာမှာ “ဒါ- ငါတော်လို့ လို့ လက်မထောင်လို့ မရဘူး။ ဘေးက ပံ့ပိုးမှုတွေလည်း အများကြီး ပါတယ်။ အဲဒီ ပံ့ပိုးမှုတွေကိုလည်း မထည့်မဖြစ် ထည့်ကို ပြောရလိမ့်မယ်။” လူတစ်ယောက် ဘယ်လောက်တော်တော်၊ ပတ်ဝန်းကျင် ရဲ့ ပံ့ပိုးမှု မပါရင် သူ တက်ချင်သလောက် မတက်နိုင်ဘူး။ အများကြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်။ အောင်မြင်ချင်မှ တောင် အောင်မြင်မယ်။ ဒီတော့ အောင်မြင်မှု လို့ ပြောလိုက်တာနဲ့ သူ့ပတ်ဝန်းကျင်က ပံ့ပိုးမှု ဆိုတာကိုပါ တွဲပြောမှ ရမယ်။ အောင်မြင်မှု တစ်ခုရဲ့နောက်ကွယ်က ပံ့ပိုးမှုတွေကို ထိန်ချန်ထားလို့ မရဘူး။ ရှိကိုရှိတယ်။
အဲဒါနဲ့ ဆိုပါတော့ဗျာ။ ရုံးပြန်ရောက်။ ရေမိုးချိုး၊ ညစာစားသောက်ပြီး သူတို့ကို မှာထား တယ်။ ကဲ၊ ငါ စာကြည့် တော့မယ်။ မင်းတို့ ငါ့ကို မခေါ်နဲ့တော့ ပေါ့။ သူတို့ကလည်း မနှောက်ယှက်ပါဘူး။ အလိုက်သိပါတယ်။
ကျွန်တော်က စည်းဝေးခန်းထဲဝင်၊ စာကြည့်။ ည ၁ ချက်တီး၊ နှစ်ချက်တီး ထိ စာကြည့်တယ်။ နောက်ပြီး တရေးတမော အိပ်။
ရုံးမှာနေလိုက်တော့ သွားရပြန်ရတဲ့ ကရိကထ မရှိတော့ဘူး။ အဲဒီ ပိုထွက်လာတဲ့ အချိန်တွေကို ကျွန်တော် အိပ်လိုက်တယ်။ မနက် ၇ နာရီမှ အိပ်ယာက ထတယ်။ ကျွန်တော့်အတွက် အချိန်က အရမ်းနည်းပြီး အရမ်းကို တန်ဘိုး ရှိ နေတယ်။ ဒီတော့ အချိန်ကုန်မဲ့ ကိစ္စ၊ အချိန်ဖြုန်းတဲ့ ကိစ္စ လုံးဝ မလုပ်နိုင်တော့ဘူး။ အချိန်ကို တကယ့်ကို ပါးပါးလှီးပြီး တစ်မိနစ်မှ မလေလွင့်ရအောင် အသုံးချရတယ်။
ကျောင်းတက်တဲ့ အချိန်တွေတုံးကတော့ တော်တော်လေးကို ရုန်းကန်ခဲ့ရတာပေါ့ ဗျာ။ ဘယ်အရာမဆို ကောင်းတာလေး လိုချင်ရင် ဒုက္ခခံရမယ် ဆိုတာ ဒါ ပုံသေရှိပြီးသား။
ဒီလိုနဲ့ပဲ ကျောင်းပြီးသွားရော ဆိုပါတော့ဗျာ။ ကျောင်းပြီးတော့ သီးစစ် (Thesis - ဘွဲ့ယူစာတမ်း) လည်းတင်ရော အစိုးရလည်း ပေါ်လစီတွေပြောင်းပြီး PR တွေ ချပေးရော ဆိုပါတော့ဗျာ။ အဲဒီလို ကံကောင်းတာ။
PR တွေချပေးပြီ လည်းဆိုရော ကျွန်တော်တို့အထဲက ကိုအောင်ခိုင်ဆွေက စသိတာ။ သူက စပြီး တင်တယ်။ လေးပတ်နဲ့ ကျတယ်ဗျာ။ သူကျပြီးမှ သူငယ်ချင်းတွေ တအံ့တသြတွေ ဖြစ်ကြပြီး နောက်တော့ အကုန် တင်လိုက်ကြတယ်။
တင်တော့ ကျွန်တော် နှစ်လနဲ့ ကျတယ်။ ကျတော့ ပျော်တာပေါ့ဗျာ။ အာ - မိသားစုနဲ့ အတူနေရတော့မယ်။ ခွဲနေရတာ လည်း လွမ်းလှပြီ။ ဒီမှာ မိသားစုနဲ့ နေလို့ အကုန်အကျများလည်း မလောက်လောက်လောက်၊ လောက်လောက်လောက်။ ဒီလိုပဲ ချွေတာပြီး နေမယ်ပေါ့။ အရမ်းကို ပျော်တာဗျာ။
ကျွန်တော် PR ကျတော့ ၂၀၀၄ ခုနှစ်။ ဒီဇင်ဘာ။ မိသားစုတွေ ဒီကို ခေါ်တာ ၂၀၀၅ ခုနှစ် ဇန္န၀ါရီလ ၄ ရက်။ လွတ်လပ်ရေးနေ့။ သားတွေ သမီးတွေနဲ့ ညနေခင်း လမ်းလျှောက်။ အင်မတန် ပျော်တာပေါ့။
ကျွန်တော် သီးစစ်လုပ်နေတုံးမှာဘဲ ကျွန်တော့်မိန်းမကိုလည်း NUS မှာ M.Sc တက်ဘို့ လျှောက်တယ်။ ဒါပေမဲ့ လျှောက်ပုံလျှောက်နည်း လွဲသွားတာမို့လို့ မရခဲ့ဘူး။ ဒါလည်း သင်ခန်းစာတစ်ခုပဲ။ အတုယူဘို့ ကောင်းတယ်။ ကိုယ် လုပ်တော့မယ် ဆိုရင် အချက်အလက်တွေကို တိတိကျကျ သိထားဘို့။ လေ့လာဘို့။ တကယ် နားလည် တတ်ကျွမ်းတဲ့ သူကို ချဉ်းကပ်ဖို့။ သေချာအောင်လို့ စိတ်ချရတဲ့သူကို ခိုင်းဘို့ အလွန် အရေးကြီးတယ်။
အရေးကြီးတဲ့ လုပ်ငန်းတွေမှာ နားမလည်တဲ့သူကို သွားခိုင်းမိရင် အလွဲလွဲ အချော်ချော်တွေ ဖြစ်တတ်တယ်။ ဒါ ဟာ ဘ၀နဲ့ ဆိုင်တဲ့ လုပ်ငန်းဆို ပိုပြီး အရေးကြီးသေးတယ်။ ကိုယ်ခိုင်းတဲ့ သူက နမော်နမဲ့ လုပ်လိုက်ခြင်းအားဖြင့် ကိုယ့်ဘ၀ တစ်ခုလုံးကို လာပြီး ထိခိုက်တယ်။
သူ M.Sc မတက်လိုက်ရတာ ကျွန်တော် တော်တော်လေး စိတ်မကောင်းဘူး။ သူ့ခမျာ ဒီပလိုမာနဲ့ပဲ ကျေနပ်လိုက် ရတယ်။ အဖေက ဒီမှာ အရင်ကတည်းက ရောက်နေပြီးသား။ နောက် အမေ့ကိုပါ ပြန်ခေါ်တယ်။

ကလေးတွေ ဒီခေါ်၊ ကျောင်းတွေ ဘာတွေထား၊ သူတို့ ပျော်ပျော်ရွှင်ရွှင် ပြေးလွှား အော်ဟစ်နေတာ မြင်ရတော့ ကျွန်တော်ပြန်တွက်ရပြီ။ သူတို့ အသက်တွေကြီးလာ၊ ဒီမှာပဲ အလုပ်တွေရ ဆိုရင် ကျွန်တော့်အနေနဲ့ ဒီမှာ အခြေချရဘို့ ပိုများသွားပြီ။ ဒီမှာ အခြေချဘို့အတွက် ဘာလုပ်ရမလဲ တဲ့။
ကျွန်တော်တို့ construction လုပ်ငန်းဆိုတာ အင်မတန် ပင်ပန်းတယ်။ ကွင်းဆင်းရတဲ့ သူတွေဆို ပိုတောင် ပင်ပန်းသေး။ နေပူမိုးရွာမရှောင် အလုပ်ဆင်းရမယ်။ စူပါဗိုက်ဆာတွေနဲ့ ပြောရမယ်။ ဖိုမင်တွေနဲ့ ပြောရမယ်။ အလုပ်သမား တွေနဲ့ ပြောရမယ်။ ဒီကြားထဲ ၀ါရင့် ဖိုမင်ကြီးတွေဆို အတွေ့အကြုံကလည်း အများကြီး ရှိထားပြီးပြီ ဆိုတော့ အင်မတန် ပြောရခက်၊ ဆိုရခက်။ ပေကပ်ကပ်။ ပြောလည်း လုပ်ချင်မှလုပ်။ ဒီတော့ ရေရှည်လုပ်ဖို့ သိပ်မကိုက်ဘူး။
ဆိုတော့ ဒီမှာ ရေရှည် ရပ်တည်ဘို့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုတော့ ရှိမှ ဖြစ်မယ် ဆိုပြီး ကျွန်တော် စဉ်းစားတယ်။ စဉ်းစားတာမှ အများကြီးကို သေသေချာချာ စဉ်းစားတယ်။ အဘက်ဘက်ကပေါ့။
ကျွန်တော် ရန်ကုန်မှာ ကန်ထရိုက်တိုက်တွေ ဆောက်တုံးက အတွေ့အကြုံတစ်ခုကို တော်တော်များများ ရင်းနှီးပြီး ရလိုက်တာ ရှိတယ်။ တစ်ခါထဲ စီးပွားပျက်ပြီး အရိုးစွဲအောင်ကို မှတ်သွားတာ။ အဲဒါက ဘာလဲ ဆိုတော့ -
“စီးပွားရေးလုပ်ငန်းတစ်ခုကို ဘယ်သူမဆို လိုက်လုပ်တတ်တဲ့ လုပ်ငန်းဖြစ်ရင် ဘယ်တော့မှ ငါ မလုပ်တော့ဘူး ဆိုပြီး ဆုံးဖြတ်ချက် ချထားတာ။”
ကျွန်တော်တို့ ဗမာလူမျိုးတွေ ဆိုတာ တော်တော့်ကို ခက်တဲ့ လူမျိုးတွေ။ တစ်ယောက်လုပ်လို့ အောင်မြင်ပြီ ဆိုရင် ဘာမှ မလေ့လာ မစဉ်းစားဘဲ အကုန် လိုက်လုပ်ကြတော့တာ။ ရပ်ကွက်ထဲမှာ တစ်ယောက်က မုံ့ဟင်းခါးဆိုင် ဆိုရင် ဒီရပ်ကွက်ထဲ မုံ့ဟင်းခါး စားနိုင်တဲ့သူ ဘယ်နှယောက် ရှိလဲ မသိဘူး။ သူမုံ့ဟင်းခါး၊ ငါ မုံ့ဟင်းခါး ဖြစ်တော့တာပဲ။
နောက်ပြီး ကိုယ့်ဆိုင်လူလာအောင် တရားမျှတသော နည်းလမ်းနဲ့ မပြိုင်ဘူး။ မုံ့ဟင်းခါးကို ပိုကောင်းအောင် ချက်ပြရမဲ့အစား၊ ကိုယ့်ဆိုင်ကို ပိုပြီးလူလာအောင် ပြုံးပြုံးချိုချိုနဲ့ ဆက်ဆံရမဲ့အစား သူက တစ်ကျပ်ရောင်းရင် ငါက ပြား ၉၀ နဲ့ရောင်းမယ်။ သူက ပြား ၉၀ နဲ့ရောင်းရင် ငါက ပြား ၈၀ နဲ့ ရောင်းမယ် ဆိုပြီး မဟုတ်တဲ့ နေရာကို သွားပြိုင်တယ်။ အင်မတန် ရိုးစင်းပြီး အချိန်တိုအတွင်း ကျရှုံးသွားနိုင်တဲ့ သီအိုရီကို မြန်မာတွေ ကိုင်တွယ်ထားတယ်။
သူ ဗီဒီယိုဆိုင်ဖွင့်လို့ အိုကေရင် ငါက မင်းခြေရင်းခန်းမှာ ဖွင့်ပြီး လိုက်တိုက်မယ်ကွ။ ဒီလိုကိုး။ ဖိုက်တော့လည်း ခုန ပြောသလို ဒီကောင်က ဗီဒီယို တစ်ကား ကို ၅ ကျပ် နဲ့ ပြရင် ငါက ဒီကားမျိုး ၄ ကျပ်နဲ့ ပြမယ်။ ဟိုကောင်က ၄ ကျပ် ထိ ချပြတော့ သူက ၃ ကျပ်နဲ့ ပြတယ်။ မြတ်မလား၊ မမြတ်မလား ဘာမှ မတွက်ဘူး။ ဒီလိုလုပ်လို့ ကိုက်မကိုက်လည်း မတွက်ဘူး။ ဖိုက်မယ် ချမယ် ဆိုတာပဲ သိတယ်။ တခြား ဘာမှ မသိဘူး။ နောက်တော့ နှစ်ယောက်စလုံး ကွဲတာပဲ။ သူလည်း သေ၊ ကိုယ်လည်း သေ။ အင်မတန် ကြောက်ဖို့ကောင်းတယ်။
ဒီတော့ ကျွန်တော် အများကြီး စဉ်းစားတယ်။ ကျွန်တော်တို့ ဗမာတွေ ခပ်ကြမ်းကြမ်း ဖိုက်ပုံမျိုးနဲ့ဆို သူတို့ စိတ်မ၀င်စားတဲ့ ဒါမှ မဟုတ်ရင်လည်း တော်ရုံတန်ရုံ သူများလိုက်တုလို့ မရနိုင်တဲ့ အလုပ်မျိုး လုပ်မှ ဖြစ်မယ်။ ဒါပေမဲ့ ကျွန်တော်က ဆောက်လုပ်ရေးပဲ လုပ်တတ်တယ်။ ဘယ်ဗျာ၊ ဆောက်လုပ်ရေး ဆိုတာ လူတိုင်း လုပ်တတ်တာပဲ။ ဘာခက် တာ လိုက်လို့။ ဆိုတော့ ကျွန်တော် အများကြီး စဉ်းစားတယ်။
ဘာလုပ်မလဲ၊ ပင်နင်စူလာမှာ ဆိုင်ဖွင့်မလား။ ဆိုင်ဖွင့်ရင် ဘာရောင်းမလဲ။ စာအုပ်၊ ဗမာအစားအစာ၊ သီချင်းခွေ၊ အသုံးအဆောင် ဒါတွေပဲ ရှိမယ်။ ဒါတွေက လူတိုင်း ဗမာဆိုင်တိုင်း ရောင်းနေတာပဲ။ ကိုယ် ဆိုင်တစ်ဆိုင် ထဖွင့်လိုက်ရင် ကိုယ့် ဘေးမှာ နောက်တစ်ဆိုင် အချိန်မရွေး ထ ပေါ်လာမှာပဲ။
ဆိုတော့ ဘာလုပ်မလဲ။ ရန်ကုန်က ပစ္စည်းသယ်မလား။ ဒီက ပစ္စည်း ရန်ကုန်ပို့မလား စသဖြင့် တစ်ခုခု ပေါ့။ လုံးဝ ကိုယ်မကျွမ်းကျင်တဲ့ အလုပ်တစ်ခုကို စရမှာ။ ကျွန်တော် သေသေချာချာ စဉ်းစားတယ်။ ဒီတော့ ဘာတွေးမိသလဲ ဆိုတော့ ဗမာဟာ ရတနာနဲ့ ပတ်သက်ရင် ကမ္ဘာမှာ နာမည်ရတယ်။ ဗမာပြည်က ထွက်တဲ့ ကျောက်မျက်တွေဆို တစ်ကမ္ဘာလုံးက ကြိုက်တယ်။ ကျွန်တော်တို့မှာ အဲဒီ အားသာချက် ရှိတယ်။ ဗမာပြည်မှာ အကောင်းဆုံး ပတ္တမြားတွေ ထွက်တဲ့မြေ ရှိတယ်။ ဗမာကျောက်စိမ်းဆို လူကြိုက်များတယ် စသဖြင့်ပေါ့။
ပစ္စည်းကျတော့ ထိုင်း နဲ့ တရုပ်က ၀ယ်တယ်။ ကျောက်စိမ်းကတော့ ဗမာပြည်က ကျောက်စိမ်းပဲ။ သူတို့က ဗမာပြည်က ၀ယ်ပြီး ပန်းပု ပြန်ထုရောင်းတာ။ သူတို့က ကျောက်ကို စက်နဲ့ ပန်းပုထုတော့ အရမ်းလှတယ်။ လက်ရာ ကောင်းတယ်။ ပစ္စည်းလှ တော့ ရောင်းရတာလည်း မျက်နှာပန်းလှတယ်။ အဲဒါတွေကို တရုပ်ကုန်သည်တွေ လာရောင်း တယ်။ ကိုယ်ကတော့ ပစ္စည်းအစစ်အမှန်ရအောင် ရွေးတတ်ဖို့တော့ လိုတာပေါ့။
ခု ကျွန်တော်လုပ်လာတာ နှစ်ကလေး နည်းနည်း ရလာပြီ ဆိုတော့ ကျွန်တော်တောင် လိုက်ဝယ်စရာ မလိုတော့ ဘူး။ သူတို့ လာရောင်းကြတယ်။ ကျွန်တော်ကလည်း ၀ယ်နိုင်တဲ့ဟာ ဆိုရင် ၀ယ်ထားလိုက်တယ်။ မ၀ယ်နိုင်တဲ့ဟာ ဆိုရင် လည်း အပ်ကုန် အနေနဲ့ လက်ခံထားလိုက်တယ်။ ပစ္စည်းရောင်းထွက်တော့မှ သူတို့ကို အရင်းပေးလိုက်တာပေါ့။
ရောင်းတာကတော့ လာဝယ်တဲ့ သူတွေကတစ်ဆင့်။ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ပျံ့သွားတာပေါ့။ လာဝယ်တဲ့သူတွေမှာ အဖော်ပါလာတယ်။ အဲဒီ အဖော်တွေက စကားစပ်မိလို့ ပြောကြဆိုကြရင်း သိကြပြီး လာကြတယ် ပေါ့။ ခုတော့ ကျွန်တော် ၀န်ထမ်း ငါးယောက် ခန့်ထားတယ်။ Sales Manager က တစ်ယောက်။ ဗမာပဲ။ Sales Promoter က လေးယောက်။ သူတို့က PR နဲ့ Citizen တွေ။ သူတို့ လိုက် ကြော်ငြာကြတယ်ပေါ့။ ကျွန်တော်ကတော့ တနင်္ဂနွေ တစ်ရက်ပဲ ဆိုင်ကို သွားနိုင်တယ်။
ခုဆို ကျွန်တော် ကျောက်မျက်ဆိုင် ဖွင့်တာ လေးနှစ်ကျော်သွားပြီ။ လေးနှစ်အတွင်း ဆိုင်လေးလဲ တော်တော် လေး ဖွံ့ဖြိုး လာပြီ။ ပစ္စည်းတော်တော် စုံစုံတင်နိုင်ပြီ။ သို့သော်လည်းပဲ အလုပ်ထွက်ပြီး လုပ်ရလောက်အောင်လဲ ဈေးကွက် သိပ်မမိ သေးဘူးပေါ့။
ဒီမှာ ကျွန်တော် ဘာပြောချင်သလဲ ဆိုတော့ စင်ကာပူမှာ အရမ်း အချိန်ရှားတယ်။ အဲဒီအထဲက ရတဲ့ အချိန် လေးတွေကို အလဟဿ ဖြုံးတီးမပစ်ဘဲ အကျိုးရှိအောင် အသုံးချနိုင်မယ် ဆိုရင် ကိုယ်တက်ချင်တဲ့ အတန်းတွေ တက်လို့ ရမယ်။ ကိုယ်လေ့လာချင်တဲ့ ပညာတွေ လေ့လာလို့ ရမယ်။ ဒီမှာက လေ့လာစရာ အခွင့်အလမ်းတွေ အများကြီး ဖွင့်ပေး ထားတယ်။ ကိုယ်က အဲဒါကို မိမိရရ ဆုပ်ကိုင်နိုင်ဘို့ပဲ လိုတယ်။ အဲဒီလို ဆုပ်ကိုင်နိုင်မှလည်း ကိုယ့်ဘ၀ တက်လမ်း ပွင့် မယ်။ ကိုယ်သာ လုပ်နိုင်မယ် ဆိုရင် အခွင့်အရေးတွေဟာ လက်တစ်ကမ်းမှာ ရှိတယ်။ ဒါ ကျွန်တော် ပြောချင်တယ်။
နောက်တစ်ခုက ဘယ်အောင်မြင်မှုမဆို အထောက်အပံ့ အရေးကြီးတယ်။ ကိုယ်ဘယ်လောက်ကြီး တော်နေပါ စေ။ နောက်က အထောက်အပံ့မပါဘဲ မဖြစ်နိုင်ဘူး ဆိုတာပဲ။
နောက်တစ်ခုက စီးပွားရေးလုပ်တဲ့ နေရာမှာ ကိုယ့်ဖောက်သည်တွေ ၀ယ်နိုင်တဲ့ ပစ္စည်းမျိုးလား ဆိုတာလည်း အရေးကြီးသေးတယ်။ ဘယ်လောက် ကောင်းကောင်း၊ ဘယ်လောက် တန်တန်။ ဒါပေမဲ့ လူတွေ မ၀ယ်နိုင်တဲ့ ပစ္စည်းဆို ရင်လဲ အလကားပဲ။ သူတို့ အလွယ်တကူ ကောက်ကက် ၀ယ်သွားနိုင်တဲ့ ပစ္စည်းမျိုး ဖြစ်ရမယ်။ ဒါ Purchasing Power ပဲ။ သာမန် ပြည်သူလူထု ၀ယ်နိုင်တဲ့ အား။ ဒါ အရေးကြီးတယ်။
ဒီပစ္စည်းလေး ဘယ်လောက်လဲ။ ဒါ တန်ရဲ့လား။ လက်ဆောင်ပေးလို့ ကောင်းရဲ့လား။ အာ - တန်တယ်။ ပေါ့ပေါ့ ပါးပါး လက်ဆောင်ပေးလို့ ကောင်းတယ်။ ဒါဆို သူတို့ ၀ယ်မှာပဲ။ နောက်ပြီး သူတို့မှာ ဒီပစ္စည်း ၀ယ်ဘို့ ပိုက်ဆံရှိရဲ့လား။ သူဌေးကြိုက်ပစ္စည်း၊ လူတစ်ထောင် မှ တစ်ယောက်ပဲ ၀ယ်နိုင်တဲ့ ပစ္စည်းဆို ဒါ သိပ် အလုပ်မဖြစ်သေးဘူး။
ဒီလက်ကောက်လေး လှလိုက်တာ။ ဒါ ဘယ်လောက်လဲ။ အစ်မကြီးရယ်။ ဒါလေးကို ၅၀ နဲ့ ရောင်းတာပါဗျာ။ ခုက အမေများနေ့လည်း နီးနေပြီ ဆိုတော့ အစ်မကြီးရဲ့ အမေကို လက်ဆောင်ပေးနိုင်အောင် ၄၀ နဲ့ ပေးလိုက်မယ်။ ဒါ ကျောက်စိမ်း စစ်ရဲ့လား။ အစစ်ပါဗျာ။ ကျွန်တော် ဗမာပြည်ပြန်တုံးက ၀ယ်လာခဲ့တာ။ ဒီလက်စွပ် ကလေးကရော ဘယ်လောက်လဲ။ အစ်မလေးရယ်၊ ဒါလေးကတော့ ၁၅ ကျပ်ထဲပါဗျာ - စသဖြင့် သူတို့ အိတ်ထဲက အလွယ်တကူ နှိုက်ထုတ်နိုင်လောက်တဲ့ ပိုက်ဆံပမာဏကို တွက်ပြီး ရောင်းရတာပေါ့။
ဟာ၊ ဟို ကျောက်စိမ်း လည်ဆွဲကြီးကတော့ ကောင်းလိုက်တာ၊ အရည်ကို လဲ့နေတာပဲ။ ဘယ်လောက်လဲ။ ၂၀၀၀။ ကိုင်း၊ ပစ္စည်းကတော့ ကောင်းပါရဲ့။ ၀ယ်လည်း ၀ယ်ချင်ပါရဲ့။ ဒါပေမဲ့ ပိုက်ဆံ ၂၀၀၀ ကို အလွယ်တကူ ဖြုတ်ကနဲ ပိုက်ဆံအိတ်ထဲက ထုတ်လိုက်ဖို့ ကျတော့ လူတိုင်း လက်တွန့်နေတာပဲ။ နောက်ဆုံး ကိုယ့်မိန်းမကို မွေးနေ့လက်ဆောင် ပေးချင်တာတောင်မှ ကိုင်ကြည့်လိုက်၊ ပြန်ချလိုက်။ နောက် ပြန်ကိုင်ကြည့်လိုက်။ နောက်ဆုံးကျတော့ သက်ပြင်းချပြီး ၁၅၀ တန်လောက် ကောက်ဝယ်သွားကြတာပဲ ဗျ။ အဲဒါ ကိုယ် သိထားဘို့ လိုတယ်။
ခုနကလို ၂၀၀၀ တန် ပစ္စည်းကြီး သွားတင်ပြီး ဆိုင်ထဲမှာ လေးငါးလလောက် အိပ်နေရင် ဒါ သိပ် ဟန်မကျတော့ ဘူး။ ကိုယ့်ပတ်ဝန်းကျင်ကို လေ့လာတတ်ရမယ်။ စင်ကာပူမှာ လူတိုင်း အလုပ်လုပ်ကြတယ်။ အဲဒီအတွက်လည်း လူတိုင်း ပိုက်ဆံ ရှိကြတယ်။ ၁၀၀ ၀န်းကျင်၊ ၂၀၀ ၀န်းကျင် ဆို သိပ်မပင်ပန်းဘဲ ၀ယ်နိုင်ကြတယ်။ အဲဒါ အရေးကြီးဆုံးပဲ။
ကဲ၊ ဒါပါဘဲဗျာ။ ကျွန်တော့်အကြောင်း။

သုံးသပ်ချက်

အောင်မြင်သော ဘ၀တစ်ခုကို တည်ဆောက်ရန်မှာ မလွယ်ကူ။ သို့ပင် မလွယ်ကူငြား ဖြစ်နိုင်သော လမ်းများ ရှိသည်။ ထို လမ်းများကို မည်ကဲ့သို့ ကျော်ဖြတ်ရမည်ကို ဦးနေလင်းသိန်း က နမူနာ ပြသွားတာ တွေ့နိုင်ပါသည်။ ထို့ပြင် လည်း သူ ဤကဲ့သို့ အောင်မြင်လာခြင်းမှာ မူလအခြေခံ ပညာ (B.E (Civil)) ကလည်းကောင်းသဖြင့် ဆိုတာ တွေ့ရပါ မည်။ သို့အတွက် လူငယ်များအနေနှင့် အောင်မြင်သော ဘ၀တစ်ခုကို တည်ဆောက်ရန် ပညာရေး အခြေခံကို ကောင်းကောင်း တည်ဆောက်ရမည် ဖြစ်ကြောင်း နမူနာ ယူနိုင်ပါသည်။
ပညာအခြေခံ မရှိသူများအနေနှင့် မိမိဘယ်လမ်း သွားရမည်၊ ဘယ်လမ်းသွားနေသည်ကို မသိ။ ထို့ကြောင့်ပင် လမ်းလွဲလိုက်မိကာ မိမိရည်မှန်းချက်နှင့် လွဲချော်ခဲ့ရသည်များကို ယခင်က ဖော်ပြခဲ့ပြီးသော လူငယ်ကလေးများ အကြောင်း ဖတ်ကြည့်လျှင် သိနိုင်ပါသည်။

Saturday, August 15, 2009

Bitter Life V

(၅)

မကေသီလွင်

အမည် - မကေသီလွင်
အသက် - ၂၇
ပညာအရည်အချင်း - Bachelor of Engineering (Civil)
လက်ရှိအလုပ်အကိုင် - QA (Quality Assurance) Engineer
တစ်လ ၀င်ငွေ - စင်ကာပူဒေါ်လာ ၁၅၀၀

မိန်းကလေး ဆိုသည်မှာ ယောက်ျားကလေးများနှင့် မတူ။ အစစ သတိထားရသည်။ ယောက်ျားလေးများ ကတော့ ဒေါင်ကျကျ၊ ပြားကျကျ နေလို့ရသည်။ မိန်းကလေးများ မှာမူ အန္တရာယ်က လက်တစ်ကမ်း တွင်ပင် ရှိသည်။ အစားမတော် တစ်လုပ်။ အသွားမတော် တစ်လှမ်း။ မြန်မာ မိန်းကလေးများ မှာမူ မိမိတို့ ရိုးရာယဉ်ကျေးမှုက ဆုံးမပဲ့ပြင် ပေးလိုက်သည့် အတွက် ဣနြေ္ဒရှိကြ ပါသည်။ မိမိက ဣနြေ္ဒရရ နေသဖြင့် တော်ရုံ အမျိုးသားများ မစရဲ။ သို့မစရဲသည့်တိုင် သွေးတိုး စမ်း တတ်ကြသည်။ သို့ သွေးတိုးစမ်း လာလျှင် ငုံ့ခံမနေပဲ မည်သူပင် ဖြစ်နေစေကာမူ ၀ံ့ဝံ့ရဲရဲ ပြန်လည် ရင်ဆိုင်နိုင်ရန် လိုပါသည်။
စင်ကာပူတွင် လာရောက် အလုပ်လုပ်နေသူ မြန်မာ မိန်းကလေးများ အများအပြား ရှိသည် ဖြစ်ရာ သူတို့ အကြောင်း တစေ့တစောင်း ကိုလည်း အများပြည်သူတို့ သိရှိ သင်ခန်းစာယူ၊ ကြိုတင် ပြင်ဆင်နိုင်ရန် တင်ပြလိုက်ပါသည်။

ကေသီလွင်က မှော်ဘီတွင် ဖွင့်လှစ်ထားသော စက်မှု တက္ကသိုလ်မှ မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်ဖြင့် ဘွဲ့ရရှိလာ သူ ဖြစ်ပါသည်။ ၂၀၀၇ ခုနှစ်တွင် ကျောင်းပြီးသည့်တိုင် အလုပ်မ၀င် ဖြစ်သေး။ မိဘများက တက်ဆို၍သာ တက်လိုက်ရ သည်။ အမှန်မှာ အင်ဂျင်နီယာ ဘာသာရပ်ကို စိတ်ဝင်စားသူ မဟုတ်။ စိတ်မ၀င်စားသည့် အတွက်လည်း ကျောင်းပြီးသည့် တိုင် သေသေချာချာ မတတ်မြောက်ခဲ့ပါ။
ကျောင်းဆက်တက်ရန် အင်္ဂလိပ်စာ စာမေးပွဲ (IELTS) ဖြေသေးသည်။ သို့သော် အမှတ်နည်း နေသဖြင့် ကျောင်း တက်ဖို့ အစီအစဉ် ကို စွန့်လွှတ်လိုက် ရသည်။ ထိုစဉ် စင်ကာပူမှ အဒေါ်က စင်ကာပူတွင် လာရောက် အလုပ်လုပ်ကိုင်ရန် ခေါ်သဖြင့် လာရောက်ခဲ့ခြင်း ဖြစ်သည်။
၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် စင်ကာပူမြေသို့ စတင် ခြေချခဲ့သည်။ အလုပ်ရှာရန် လာခြင်း ဖြစ်သည့်အတွက် Visit Visa ယူလာခဲ့သည်။ စင်ကာပူသို့ လာမည့် သူငယ်ချင်း တစ်ယောက်နှင့် အတူ လိုက်လာခဲ့သည်။ စင်ကာပူ ရောက်ပြီး နောက်တစ်နေ့ တွင် အဒေါ်ဖြစ်သူ လာခေါ်သဖြင့် သူနှင့် လိုက်သွားသည်။ နေတော့လည်း အဒေါ့်အိမ်တွင်ပင် နေသည်။
စင်ကာပူ ရောက်ပြီး များမကြာမီပင် မိတ်ဆွေ တစ်ဦး က ဆက်သွယ် ပေးသဖြင့် အေးဂျင့်တစ်ခုနှင့် အဆက်အသွယ် ရသည်။ အေးဂျင့်မှာ မြန်မာ အေးဂျင့်မဟုတ်ဘဲ စင်ကာပူ အေးဂျင့် ဖြစ်သည်။ အေးဂျင့်သို့ အလုပ်အပ်ပြီး များမကြာမီပင် အင်တာဗျူး တစ်ခု သွားရသည်။ အင်တာဗျူး ဆိုသော်လည်း သိပ် ထွေထွေ ထူးထူး မေးသည် မဟုတ်ပါ။ နာမည်၊ အသက် နှင့် လုပ်ငန်း အတွေ့အကြုံ ရှိမရှိသာ မေးသည်။
အင်တာဗျူးတွင် အရွေးခံရ ပြီးသည့်နောက် အေးဂျင့်က လခ ၁၂၀၀ ပေးမည် ဟု ပြောသည်။ သို့သော် တေ့တေ့ ဆိုင်ဆိုင် သူဌေးနှင့် ပြောကြ ဆိုကြသောအခါ ၁၂၀၀ မပေးနိုင်။ ၁၀၀၀ သာ ပေးနိုင်မည် ဟု ဖြစ်သွားသည်။ ကေသီ ကလည်း မိမိကိုယ်တိုင် မဆုံးဖြတ်နိုင် သေးသဖြင့် အိမ်ပြန်လာကာ အဒေါ်နှင့် တိုင်ပင်သည်။ အဒေါ်လုပ်သူက မလုပ်ဖို့ အကြောင်း ပြောသည်။ သို့သော် ကေသီက မိဘများထံ ထပ်မံ ဖုံးဆက်၍ အကျိုးအကြောင်း ပြောပြသည်တွင် မိဘများက မိမိတွင် ဘာလုပ်ငန်း အတွေ့အကြုံမှ မရှိသည် တစ်ကြောင်း၊ ဘာမှ လုပ်တတ်သေးသည် မဟုတ်သည်က တစ်ကြောင်း တို့ကြောင့် ထိုအလုပ်ကိုပင် လက်ခံလိုက်ရန် အကြံပေးသည်။ သို့နှင့် ထိုအလုပ်ကိုပင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။

အလုပ်စ ၀င်သောအခါ ယခင်ကပင် ကြိုပြီး လုပ်ငန်း အတွေ့အကြုံမရှိကြောင်း ပြောထားပြီး ဖြစ်၍ သူတို့က လုပ်ငန်းနှင့် ပတ်သက်သည် များကို သင်ပေးသည်။ လုပ်ရသည် မှာလည်း သိပ် ခဲခဲယဉ်းယဉ်း မရှိလှပါ။ သို့သော် လခ ကိုတော့ အင်တာဗျူးစဉ်က ပြောထားသကဲ့သို့ ၁၀၀၀ မပေးဘဲ ၆၀၀ သာပေးသည်။ မိမိ အင်တာဗျူးစဉ် ကပြောထားသည့် လခကို မပေးဘဲ မည်သည့်အတွက် လျှော့ပေးကြောင်း မေးသောအခါ လုပ်ငန်းကို ဘာမှ နားမလည်သေး၍ အစအဆုံး သင်ပေးရမည် ဖြစ်သဖြင့် လျှော့ပေးခြင်း ဖြစ်ကြောင်း ပြောသည်။
ကေသီကလည်း ဤကဲ့သို့ လုပ်သည်ကို သဘောမကျ၍ အလုပ်ပြောင်းရန် စဉ်းစားလိုက်ပြီး ဘာမှ ထပ်မပြောပဲ နေလိုက်သည်။ ရုံးအသွား အပြန်ကိုမူ အခြား ရုံးဝန်ထမ်း တစ်ဦးနှင့် အတူ လိုက်ပါစေသည်။ အဒေါ့်အိမ်မှာ နေခြင်း ဖြစ်သည့်အတွက် နေစရိတ် ကုန်စရာ မလို။ သို့သော် သူရသည့် လခ ၆၀၀ မှာ အသုံးစရိတ် ကာမိရုံမျှသာ ရှိသည်။
အလုပ်လုပ်ရ သည်မှာ အဆင်ပြေပါသည်။ ပြဿနာက အလုပ်ရှင် သူဌေး ဖြစ်သည်။ သူက ကေသီ့ကို ညဘက် များတွင် ဖုံးခေါ်သည်။ အစပိုင်းများတွင် နက်ဖြန် ဘာလုပ်စရာ ရှိသေးလဲ စသဖြင့် အလုပ်အကြောင်း လိုလို ဘာလိုလို မေး သည်။ သို့သော် နောက်ပိုင်းများ တွင်မူ အလုပ်နှင့် ပတ်သက်တာ လုံးဝ မပါတော့ဘဲ သူနှင့် ညစာ လိုက်စားဘို့ အကြောင်း စသည်ဖြင့် ပြောလာသည်။ တစ်ခါတရံ ည ၉ နာရီခွဲ ၁၀ နာရီလောက်မှ ဖုံးဆက်တတ်သည်။
သို့နှင့် ကေသီက ညပိုင်း သူဖုံးခေါ်လာလျှင် မကိုင်ပဲ ထားလိုက်သည်။ ဤကဲ့သို့ ဖုံးမကိုင်သည့် အခါများတွင် နောက်နေ့ ရုံးတက်သော အခါ၌ စည်းဝေးပွဲ ခေါ်ပြီး မည်သည့် အချိန်၌ပင် ဖြစ်စေ သူဖုံးခေါ်လျှင် ခေါ်သည့် အခါတိုင်း ပြန်ဖြေ ရမည် ဟု လူရှေ့သူရှေ့ တွင် ပြောလေတော့သည်။ ဤကဲ့သို့ ပြောပြီးသည့် နောက်ပိုင်း ကေသီကလည်း သူဖုံးခေါ်သည့်အခါ များတွင် လုံးဝမကိုင်ဘဲ ထားလိုက်တော့သည်။
ထိုကဲ့သို့ ဖုံးမကိုင်သည့်အခါ နောက်နေ့တွင် ဘာလို့ ဖုံး မကိုင်တာလဲ ဟု ဆူပါသည်။ ထို့ကြောင့် နောက်ရက်များ တွင် သူဖုံးခေါ်သောအခါ ပြန်ဖြေလိုက်သည်။ သို့သော်လည်း ဘာမှ ရေရေရာရာ မဟုတ်ပဲ ဟိုပြော သည်ပြောနှင့်ပင် ပြီး သွားသည်။ ထိုအခါ ကေသီက နောက်နေ့တွင် ရှင် ဖုံးခေါ်လို့ ကျမ ပြန်ဖြေသားပဲ။ ဒါပေမဲ့ ဘာမှ အလုပ်အကြောင်း ရေရေ ရာရာ မဟုတ်ပဲ မခေါ်ပါနဲ့ ဟု ပြောလိုက်သည်။ သို့သော် မရပါ။ ညတိုင်း ဖုံးဆက်သည်။ ထိုနေ့မှ စကာ ကေသီလည်း သူ ခေါ်သော ဖုံးကို လုံးဝ ပြန်မဖြေ တော့ပါ။
ထို ကုမ္ပဏီတွင်ပင် မန်နေဂျာ အမျိုးသမီး တစ်ဦးလည်း ရှိသေးသည်။ ထို မန်နေဂျာနှင့် သူဌေးမှာလည်း မရှင်း မရှင်း။ ကေသီက သူ့ထံ သူဌေးက ညတိုင်း ဖုံးဆက်ကြောင်း မန်နေဂျာ သို့ တိုင်သော အခါတွင် ထိုအမျိုးသမီးက သူဌေး ဖုံးဆက်သည့် အခါတိုင်း ပြန်ဖြေရမည် ဖြစ်ကြောင်း ပြောသည်။
လုပ်ငန်းခွင်များ သို့ သွားသည့်အခါတွင် သူဌေးက ကေသီ့ကို ခေါ်သွားလေ့ ရှိသည်။ ထိုသို့ ခေါ်သွားသည့် အခါ တိုင်းလည်း မန်နေဂျာ အမျိုးသမီးက သူဌေးနှင့်ကေသီ အတူရှိနေ မနေကို အမြဲ ဖုံးဆက် မေးလေ့ရှိသည် ဆို၏။ ထိုအခါ သူဌေးလုပ်သူက ကေသီ သူနှင့်မရှိပါ ဟု ညာပြောလေ့ ရှိသည်။ လုပ်ငန်းခွင်သို့ လိုက်ကြည့်အပြီး ညနေ ၃ နာရီခန့်တွင် ကေသီ့ကို ပြန်ပို့ပေးလေ့ ရှိသည်။ နောက်နေ့တွင် မန်နေဂျာဖြစ်သူက ကေသီရုံးမှ ပျောက်သွား သည့်အတွက် မည်သည့် နေရာများ သို့ သွားနေကြောင်း စစ်မေးသည်။
အလုပ်လုပ်ရ သည်မှာ အဆင်ပြေ သော်လည်း ဤကဲ့သို့ လူမှုရေး အရှုပ်အထွေး များကြောင့် ကေသီ့မှာ အလုပ် လုပ်ရတာ မပျော်။ အမြဲစိတ်ညစ် နေရသည်။ ထို့ပြင် လခ ပေးရာတွင်လည်း အသေးသုံး စရိတ်များ ပေးသကဲ့သို့ ငွေလက်ခံ ဖြတ်ပိုင်းနှင့် ပေးသည်။ ရသည့် လခမှာ မိမိ အသုံးစရိတ်ပင် မလောက်သည့်ပြင် လူမှုရေး ပြဿနာများကြောင့် အလုပ်သစ် ကို သတင်းစာမှ ရှာသည်။ သိပ် မရှာလိုက်ရပါ။ နှစ်ပတ် ကျော်မျှနှင့် အလုပ်သစ်တစ်ခု ထပ်မံ ရသည်။

အလုပ်သစ်ရသည်နှင့် ကေသီလည်း ကျောင်းတက်မည်ဟု အကြောင်းပြကာ အလုပ် ထွက်လိုက်သည်။ သို့တိုင် ဤကုမ္ပဏီတွင် ငါးလမျှ ကြာသွားသည်။ အလုပ်သစ်တွင်မူ လခ ၁၅၀၀ ရသည်။ အလုပ်မှာ ယခင်လုပ်ခဲ့သော အလုပ် ကဲ့သို့ပင် ဖြစ်၍ ဘာမှ အခက်အခဲမရှိ။ အဆင်ပြေပြေ လုပ်နိုင်ခဲ့သည်။
ပြဿနာက ယခင် ကုမ္ပဏီမှ သူဌေးဟောင်းမှာ ကေသီ့ထံ ည သန်းခေါင်ခန့် တွင် ဖုံးဆက်သည်။ ကေသီလည်း MOM သို့ မိမိ၏ အဖြစ်သနစ် များကို ရှင်းပြကာ တိုင်၍ ရမရ စုံစမ်းရာ MOM က တိုင်၍ ရကြောင်း အကြောင်းပြန်သည်။ သို့နှင့် MOM သို့ တိုင်လိုက်သည်။ ထိုသို့ တိုင်သောအခါ MOM က အမှုဖွင့် သည်နှင့် လက်ရှိ S Pass ကို cancel လုပ်ကာ မြန်မာပြည် ပြန်ရမည် ဖြစ်ကြောင်း သတိပေးသည်။ ကေသီကလည်း တိုင်ချက်ဖွင့်သဖြင့် ပြန်ရမည် ဆိုလျှင်လည်း ပြန်မည် ဖြစ်ကြောင်း အကြောင်းပြန် လိုက်သည်။ သို့နှင့် MOM က အမှုကို လက်ခံလိုက်သည်။ S Pass ကိုမူ ချက်ခြင်း cancel မလုပ်သေးပဲ ကိုင်ထားစေသည်။
မှတ်ချက်။ ။ MOM – Ministry of Manpower (အလုပ်သမား ရေးရာ ကိစ္စအားလုံးကို ဆောင်ရွက် ပေးသော ၀န်ကြီးဌာန ဖြစ်ပါသည်။)

အလုပ်သစ်သို့ စတင်ဝင်ရောက် လုပ်ကိုင်သောအခါ အလုပ်သစ်မှ သူဌေး အသစ်က မိမိလုပ်ရမည့် အလုပ်များကို လုပ်ငန်းခွင် အတွင်း လိုက်လံ ပြသသည်။ ဖြစ်ချင်တော့ သူဌေးအဟောင်း ကလည်း ထို အလုပ်ထဲတွင်ပင် လုပ်နေသည် ဖြစ်ရာ ကေသီ့ကို တွေ့သွားသည်။ ထိုအခါမှ မိမိထံမှ ကေသီ အလုပ်ထွက် သွားပြီး ကုမ္ပဏီ အသစ်တွင် လုပ်ကိုင်နေ ကြောင်း ရိပ်မိသွားသည်။ သို့အတွက် သူက ကေသီ သူ့ထံမှ ညာတာ ပါတေးနှင့် ထွက်သွားပြီး အလုပ်သစ် တွင် ၀င်လုပ် နေကြောင်း MOM သို့လှမ်းတိုင်သည်။
သို့သော် ကေသီက သူ့ကို တိုင်ချက် အလျင် ဖွင့်ထားနှင့် သည်ဖြစ်ရာ MOM က သူ့ကိုရော ကေသီ့ကိုပါ ရုံးသို့ လာရန် ဆင့်ခေါ်လိုက်သည်။ ထိုအခါ သူဌေးက သူ့ချည်းမလာပဲ သူ့မန်နေဂျာကိုပါ ခေါ်လာ လေသည်။
မန်နေဂျာ အမျိုးသမီး မှာ အလွန်စကားပြော လည်လှသူ ဖြစ်ရကား MOM မှ မေးသမျှကို သူဌေးအစား သူချည်း ဒိုင်ခံ ဖြေနေသည်ဖြစ်ရာ အရာရှိက သူ့ကို အခန်းတွင်း မနေစေဘဲ အပြင်သို့ ထွက်ခိုင်းလိုက်သည်။
ထိုသို့ စစ်မေးရာမှ ကေသီ့ကို S Pass နှင့် ခန့်ထားသော်လည်း လခ ၆၀၀ သာပေးကြောင်း ဗူးပေါ်သလို ပေါ်သွား လေတော့၏။ Employment Act (အလုပ်သမား ခန့်ထားရေး ဥပဒေ) အရ S Pass တစ်ဦးကို လခ အနည်းဆုံး စင်ကာပူ ဒေါ်လာ ၁၈၀၀ ပေးရမည် ဖြစ်ရာ MOM က အလုပ်ရှင်သို့ ကျန်နေသော လခ (တစ်လလျှင် ၁၂၀၀ နှင့် ၅ လစာ အတွက် စုစုပေါင်း စင်ကာပူဒေါ်လာ ၆၀၀၀) ပေးဆောင်ရန် ဆုံးဖြတ်လိုက်သည်။
သို့တိုင် လူလည် သူဌေးမှာ ကေသီ့ကို ဖုံးခေါ်ပြီး ၎င်း ပေးဆောင်ရမည့် စင်ကာပူဒေါ်လာ ၆၀၀၀ အစား ၂၀၀၀ သာယူရန်၊ သို့သော် MOM ရောက်လျှင် ၆၀၀၀ လုံး လက်ခံ ရရှိကြောင်း ထွက်ဆိုရန် ပြောဆို သေးသည်။ သို့သော် ကေသီ က ပိုက်ဆံကို သူ့ထံ တိုက်ရိုက် ပေးခြင်းကို လက်သင့်ခံ လိမ့်မည် မဟုတ်ကြောင်း၊ MOM မှသာ တစ်ဆင့်ပေးရန် ပြောလိုက် သည်။
ထိုအခါ သူဌေးက ကေသီ့ကို ငွေလက်ခံ ဖြတ်ပိုင်းများ၊ စာရင်းဇယား များ ခိုးယူမှုနှင့် တိုင်ချက်ဖွင့်ရန် ကြိုးစားလေ တော့သည်။ သို့သော်လည်း ကေသီ နှင့် သူဌေး ပြဿနာကို သိနေသော ရုံးဝန်ထမ်း များ သက်သေ ရှိနေသဖြင့် တိုင်လို့ မဖြစ်နိုင်ကြောင်း သဘောပေါက်သွားသော သူဌေးမှာ ဘာမှ လုပ်မရဘဲ ဖြစ်နေသည်။
ဤစာရေးနေချိန်ထိ ကေသီနှင့် ထို သူဌေး အမှုမှာ မပြီးပြတ်သေး။ မည်ကဲ့သို့ ဆက်လက် ဖြစ်လေမည်လဲ စောင့် ကြည့်ရပေမည်။

သုံးသပ်ချက်

စင်ကာပူတွင် လာရောက် အလုပ်လုပ်ကိုင်နေသော မြန်မာ အမျိုးသမီး အများအပြား ရှိပါသည်။ အချို့လည်း အဆင်ပြေ။ အချို့လည်း အဆင်မပြေ။
စင်ကာပူသည် အနောက်တိုင်း ယဉ်ကျေးမှုကို တစ်ဝက် လက်ခံကျင့်သုံးနေသော တိုင်းပြည် ဖြစ်ရကား အမျိုးသားများ Girl Friend ထားခြင်း သည် လည်းကောင်း၊ အမျိုးသမီးများ Boy Friend ထားခြင်းသည် လည်းကောင်း သူတို့ အဖို့ အဆန်း မဟုတ်တော့ပါ။ သို့သော် မြန်မာ ယဉ်ကျေးမှု နှင့်တော့ လားလားမှ မဟပ်မိသော ယဉ်ကျေးမှု ဖြစ်ပါ သည်။
မြန်မာပြည်မှ အချို့သော သူများမှာ Boy Friend နှင့် Girl Friend ဟူသော အသုံးအနှုံး များကို နားလည်ချင်မှ နားလည် ပါလိမ့်မည်။ သို့အတွက် အနည်းငယ် ရှင်းပြလိုပါသည်။
Girl Friend ဟူသည်ကား လူပျိုဖြစ်စေ၊ အိမ်ထောင်ရှိသူ အမျိုးသား ဖြစ်စေ အရွယ်ရောက်သော ယောက်ျားများ တွဲသော အမျိုးသမီး တစ်ဦးကို ဆိုလိုပါသည်။ ထို အမျိုးသမီး သည် အိမ်ထောင်ဖက်ရန် ရည်ရွယ်ထားသူ ဖြစ်ချင် ဖြစ်မည်။ ဖြစ်ချင်မှလည်း ဖြစ်မည်။ Girl Friend ဆိုသဖြင့် အိမ်ထောင်ပြုရမည် ဟု မဆိုလို။ အချိန်တန်လျှင် အိမ်ပြန်လို့ ရသည်။ Girl Friend သည် မြန်မာစကား ဖြစ်သော ချစ်သူ၊ ရည်းစား စသော အဓိပ္ပါယ်နှင့် လားလားမှ မအပ်စပ်ပါ။

Definition of Girlfriend in Wikipedia:
Girlfriend is a term that can refer to either a female partner in a non-marital romantic relationship or a female non-intimate friend that is closer than other friends.
Meaning #2: a girl or young woman with whom a man is romantically involved

သို့အတွက် စင်ကာပူမှ အိမ်ထောင်ရှင် အမျိုးသားများ သည် မိမိဇနီး အပြင် girl friend ထားတတ်ကြ သည်။ ထိုသို့ ထားရန် မိန်းကလေးများ ရှာလိမ့်မည်။ ထို မိန်းကလေးသည် မိမိနှင့် နီးစပ်သော မိန်းကလေး ဖြစ်မည်။ ထိုအခါ ထို ကဲ့သို့ သော အမျိုးသားများ ၏ ကုမ္ပဏီများ သို့ ရောက်သွားသော ခပ်ရွယ်ရွယ် ခပ်ချောချော မိန်းကလေး များမှာ ထိုသူများ ၏ သားကောင် ဖြစ်တတ်သည်။ သို့အတွက် မြန်မာ မိန်းကလေးများ အနေနှင့် ထို စက်ကွင်းများမှ လွတ်အောင် ရှောင်ရန် အရေးကြီး ပါသည်။ ၎င်းတို့ ပေးလာမည့် မက်လုံးများ၊ တန်စိုး လာဘ်လာဘများ၊ အခွင့်အရေးများ ကို မယူမိ၊ လက်မခံမိ စေရန် နှင့် အကယ်၍ လက်ခံမိပြီး သူတို့ ဆင်ထားသော ခွင်သို့ဝင်မိပါက မိမိဘ၀ တစ်ခုလုံး ဆုံးရှုံး သွားနိုင်သည်ကို သတိပြု ကြရပေမည်။
နောက်တစ်ခုမှာ မိမိအား ပြောထားသည့် လစာ မပေးပါကလည်း ညှိနှိုင်းရန် လိုအပ်ပါ လိမ့်မည်။ သူက သူဌေးမို့ ဆိုပြီး မဟုတ်တာ လုပ်တိုင်း ငြိမ်ခံနေရလျှင် နောက်ပိုင်းလည်း တစ်လျှောက်လုံး ညစ်ပတ်ခြင်းကို ခံသွားရပါလိမ့်မည်။ နှစ်ဦး နှစ်ဖက် သဘောတူ ထားသော မိမိ ရထိုက်သည့် အခွင့်အရေး ကို တောင်းဆိုခြင်း အတွက် ဘာမှ ကြောက်နေစရာ မလိုပါပေ။

Responsibility and Myanmarsar

တာဝန်ယူမှု
(၁၄-၀၈-၀၉၊ သောကြာနေ့)

နိဒါန်း

သည်ဆောင်းပါးလေးကို ကျွန်တော် ရေးချင်နေသည်မှာ လွန်ခဲ့သည့် တစ်နှစ်အကြာ ကပင် ဖြစ်ပါသည်။ ဘာမှန်းမသိ သော အကြောင်းများကြောင့် မအားလပ် နေရသဖြင့် မရေးဖြစ်ခဲ့။ အခုမှ တိုက်ကလည်း တိုက်ဆိုင်၊ ရေးချင်သည် မှာလည်း လက်ယား လာသဖြင့် အခြားရေးလက်စ တန်းလန်းများကို ခေတ္တခဏ ရပ်နားကာ ကောက်ကက် ရေးလိုက်ခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့ အလုပ်လုပ်နေရာ ECC Project တွင် လာရောက် လုပ်ကိုင်နေသော မြန်မာများမှာ စုစုပေါင်း ၈၀၀ ကျော် ရှိပါသည်။ စင်ကာပူတွင် တစ်နေရာ တည်း၌ မြန်မာ အများဆုံး တစ်စု တစည်းထဲ တွေ့ရသည့် ပရောဂျက် တစ်ခု ဟု ဆိုလျှင်လည်း မှားမည် မထင်ပါ။ ကျွန်တော်တို့ အန်ကယ်ကြီး ဦးမြင့်လွင် (ဦးမြင့်လွင်က သူ့ကို အန်ကယ်ကြီး ခေါ်တာ သိပ်ကြိုက်တာ မဟုတ်ဘူးဗျ) ၏ ဆော်သြမှုဖြင့် ဤ ပရောဂျက်တွင် လာရောက် လုပ်ကိုင်နေသော ကုမ္ပဏီ အသီးသီးမှ မြန်မာများ တွေ့ဆုံပွဲ ကလေးကို မကြာခဏ ဆိုသလို ကျင်းပဖြစ်ကြ၏။
နောက်တော့ ပိုပြီး စည်းစည်းလုံးလုံး ဖြစ်လာကာ ဤပရောဂျက်မှ မြန်မာများ၏ သာရေး၊ နာရေးအတွက် supervisor နှင့် အထက် ကို တစ်ဦးလျှင် ၁၀ ကျစီ လစဉ် စုလျှက် မိဘ မောင်နှမ သားချင်းများ၏ နာရေးအတွက် တစ်ဦးလျှင် ၂၀၀ ကျစီ ထောက်ပံ့ ပေးသွားပါသည်။
လစဉ် မုံ့ စုစားတာတို့၊ ဒုလ္လဘ ရဟန်းခံတာ တို့လည်း ရှိပါသေးသည်။ မကြာသေးမီကမှ လောလောလတ်လတ် ပြီး သွားသည့် ၀ါဆိုပွဲ (၀ါဆိုက နာမည်ခံပါဗျာ၊ အမှန်ကတော့ ကျွန်တော်တို့ ၀ိုင်းပြီး စားကြ သောက်ကြ၊ သီချင်းဆို၊ ပျော်ကြ ပါးကြ တာပေါ့) အကြောင်းကိုတော့ ကျွန်တော်က စာတစ်ပုဒ် သပ်သပ် ရေးပါဦးမည်။ အလွန် အင်မတန်မှ ပျော်စရာ ကောင်းလှသော ပွဲကလေး အမှတ်တရပေါ့။ (ထားပါတော့၊ ပြောရ င်းပြောရင်း ဘေးချော်သွားတယ်။)
ပြန်ကောက်ရလျှင် ယခုလည်း မိခင်၊ ဖခင်တို့ ဆုံးပါးသွားသော မြန်မာ လူငယ်ကလေး သုံးဦးအား ထောက်ပံ့ငွေ ပေးအပ်ပွဲ ကလေးကို အကျဉ်းမျှ ECC Safety Training Centre တွင် ယနေ့ နေ့လည် ထမင်းစားချိန် တွင် ကျင်းပကြ၏။ အခန်းမှာ ကိုနွယ်ဝင်းက မြန်မာများကို မြန်မာလို safety သင်တန်းပေးရာ အခန်း ဖြစ်၏။ ဤတွင် ထွေရာလေးပါး ပြောကြ ဆိုကြရင်း ထိုင်ခုံများပေါ်တွင် သင်တန်းအတွက် တင်ထားသော မြန်မာ ဘာသာပြန် ECC Project Safety လက်စွဲ စာအုပ်ငယ် ကလေးများကို ကောက်ကိုင်မိ၊ ဖတ်မိကြသည်။
ဤတွင်မှ မြန်မာများကို ကမ္ဘာ့အလယ် မျက်နှာငယ် စေရမည့် ပေါက်တတ်ကရ ဘာသာပြန် များကို တွေ့ရပါတော့ သည်။ စာအုပ်မှာ Shell မှ ထုတ်ထားခြင်း ဖြစ်သည့်ပြင် လက်စွဲ စာအုပ်တို့ ထုံးစံအတိုင်း သပ်သပ်ရပ်ရပ် လှလှပပ၊ ခန့်ခန့် ငြားငြားလေး ပြင်ဆင် ထုတ်ထားခြင်း ဖြစ်ပါသည်။ သို့သော် စာအုပ်ပါ စာသားများ မှာမူ မှန်ကန် ကောင်းမွန်သည့် စာသား တစ်လုံး တစ်လေမှ မပါပါ။ စာတစ်ကြောင်း ခန့် မှန်လျှင်ပင် တော်ပါသေး၏။ ယခုတော့ တစ်ကြောင်း မပြောနှင့်။ တစ်လုံး တောင်မှ မမှန်ပါ။ ကျွန်တော် ပြောတာ လွန်မလွန်ကို နောက်ပိုင်းတွင် စာအုပ်ပါ စာမျက်နှာ များကို ကျွန်တော် scan ကူးပြီး ပြပါမည်။ လေ့လာ ကြည့်ကြပါကုန်။
ဤစာအုပ်ကို ကျွန်တော်ကတော့ အီးအီးများ ပေနေသော ရွှေဆွဲကြိုးကြီးပမာ မြင်မိပါသည်။ (တင်စားတာ ရိုင်းသွား လျှင်လည်း သည်းခံခွင့်လွှတ်ကြပါ ခင်ဗျာ)။

ဘာသာပြန်ခြင်း

ECC Project သည် Shell ၏ project ဖြစ်သဖြင့် safety ကို အထူး အလေးပေးကာ ဒေါ်လာငွေ သန်းပေါင်းများစွာ အကုန် အကျခံပြီး safety လှုပ်ရှားမှု များကို လုပ်ပေးပါသည်။ ဤ လှုပ်ရှားမှုများတွင် ပညာပေးခြင်းသည် အလွန် အရေးကြီး သော အခန်းကဏ္ဍမှ ပါနေသဖြင့် ပညာပေးခြ င်းအတွက် ငွေကြေး တော်တော်များများ အကုန်အကျခံ ဆောင်ရွက်ပါသည်။ ထို အထဲ တွင် ကျွန်တော်တို့ မိတ်ဆွေ ကိုနွယ်ဝင်းသည်လည်း အဓိက ဇာတ်ကောင် တစ်နေရာမှ ပါဝင် လှုပ်ရှားနေသူ ဖြစ်ပါသည်။ ECC သို့ ရောက်လာသူ ဗမာ မှန်သမျှ ကိုနွယ်ဝင်း ပို့ချသော လက်ချာကို နာယူမပြီးသရွေ့ ကာလပတ်လုံး အလုပ် စလုပ်ခွင့် မရပါ။ သူက pass ဟု လုပ်ပေးလိုက်မှ အလုပ်စလုပ်နိုင်ပါသည်။
သို့အတွက် ကိုနွယ်ဝင်းကို အဓိက ဇာတ်ကောင် ဟု ဆိုလိုက်ရခြင်း ဖြစ်ပါ၏။
၂၀၀၈ ခုနှစ် မတ်လ၏ ပူပြင်းလှသော နေ့တစ်နေ့တွင် ကိုနွယ်ဝင်းက ကျွန်တော့်ထံ သူ သင်တန်းပေး နေရသော Safety နှင့် ပတ်သက်သည့် မြန်မာ ဘာသာပြန် Power Point Slide များ ယူလာကာ ကြည့်ပေးရန် နှင့် လိုအပ်ပါက ပြင်ဆင် ပေးရန် ပြသပါသည်။
အောင်မယ်လေးဗျာ။ ကျွန်တော့် တစ်သက်နှင့် တစ်ကိုယ် ဤမျှ နုံချာ ညံ့ဖျင်းလှသော မြန်မာစာ များကို ဘုရားစူးရ ပါစေ့။ တစ်ခါဘူးမျှ မတွေ့ခဲ့ရဖူးပါ။ နောက်ပြီး သင်တန်း ခေါင်းစဉ် အခု ၃၀ ကျော် ရှိသည့်ပြင် ခေါင်းစဉ် တစ်ခုအောက်တွင် slide အခု ၁၀၀ ကျော် ရှိသဖြင့် သည်မျှ များပြားလှသော slide များကို အလကား မတ်တင်း ပြင်ပေးဘို့ရာ သိပ်လွယ်လိမ့်မည် မဟုတ်ပါ။ အချိန်လည်း အတော်စားပါလိမ့်မည်။ သို့အတွက် ကိုနွယ်ဝင်းကို ဤ စာများအား မည်သည့် မဟာ ပညာရှိမင်းက ဘာသာတော် ပြန်ပေးလိုက် သနည်း ဟု စုံစမ်းခိုင်းရပါ၏။
ပရောဂျက် ဟူသည် သည်လူ ၀င်လာလိုက် ဟိုလူ ထွက်သွားလိုက် နှင့် ဂနာ မငြိမ်တတ်သော သဘာဝ ရှိရကား ထို စာများကို ဘာသာပြန်ရေး ကိစ္စ ဆောင်ရွက်သူမှာ ဘယ်တိုင်းပြည်သို့ ပြန်သွားပြီကို မသိရ။ စင်ကာပူမြေကို စွန့်ခွာ သွားခဲ့ ချေပြီ။ ကိုနွယ်ဝင်းမှာလည်း ကျွန်ုပ်၏ နားပူနားဆာ တိုက်မှုကြောင့် သည်ကိစ္စ အပူတပြင်း လိုက်လံ စုံစမ်းလေရာ နောက်ဆုံး တော့ တရားခံ (အဲလေ ယောင်လို့) ဘာသာပြန်ပေးသော မယ်မင်းကြီးမ ကလေးနှင့် အဆက်အသွယ် ရပါတော့၏။
ထိုကလေးမမှာ ရန်ကုန်တွင် ရှိနေပါသည်။ ထို သူငယ်မ ကလေးနှင့် ဘယ်သို့ဘယ်ပုံ ဆက်မိသည် ကိုတော့ မိုးပေါ်က ဘိုးသိကြားမှ သိပေတော့မည်။ ကိုနွယ်ဝင်း က သူ့ဖုံးနံပါတ် ကို ယူလာ ပေးပါသည်။ ပထမ ကျွန်တော် ဖုံးဆက်မည် ကြံပါ သေး၏။ သို့သော် နောက်မှ “နေပါအုံး၊ နင်နဲ့ ဘယ်လိုများ ပတ်သက်နေလို့ ၀င်ပါချင် ရတာလဲ” ဟု ကိုယ့်ကိုယ်ကို အပြစ် တင်မိပြီး သကာလ ထို မိန်းကလေးထံ ဖုံးဆက်ရန် အကြံကို လက်လျှော့လိုက် ပါသည်။ ကိုနွယ်ဝင်း ကတော့ တိုက်ရိုက် ပတ်သက် နေသူမို့ ဖုံးဆက် မေးပါသည်။
ထိုအခါမှ ထို သကောင့်သား (ဆောရီး) သကောင့်သမီး ကလေးမှာ အင်္ဂလိပ် လိုလည်း မတတ်၊ မြန်မာလိုလည်း မကျွမ်းကျင်၊ Safety ဆိုတာ ဝေလာဝေး ဆိုတာ သိရပါတော့သည်။
သူ ဘာသာပြန်ပုံ ကလေးကလည်း သင်း လှပါ၏။ ကြည့်ပါ။
သူက စင်ကာပူမှ ပေးလိုက်သော သည် စာများကို ဖတ်ကြည့်သည်။ ဘာတွေမှန်း မသိ။ သိသလောက် ကလေး ရမ်းသမ်း ဘာသာပြန်လိုက်။ မသိသည့် စာလုံးရှိလျှင် အဘိဓါန် လှန်လိုက်။ ဟိုလူ့မေး၊ သည်လူ့မေး မေးလိုက်။ ထင်တာ ကလေး ကောက်ကက် ရေးလိုက်။
သိကြသည့် အတိုင်း မြန်မာပြည် ဆိုသည်ကား Safety ဆိုသည်မှာ လုပ်ငန်းကို အနှောက် အယှက်ပေးသော ဘာမှ အသုံးမတည့်သည့် အရာတစ်ခု မျှသာ ဖြစ်သည်၊ သည့်အတွက် Safety ကို လုပ်ငန်းခွင် အတွင်း မကြားချင် ဟု ဆောက်လုပ် ရေးဝန်ကြီးမှ အမိန့်ပေးထားသော တိုင်းပြည် ဖြစ်ရကား ဆေ့ဖ်တီး ဆိုတာ ဆိဖတေး ဟုသာ သိကြသော သူများဖြစ်ကုန်၏။
သို့အတွက် Safety နှင့် ပတ်သက်သော terminology များ၊ အသုံးအနှုံး များကို မြန်မာပြည်မှ အဘယ်သူသည် ရင်းနှီးပါ အံ့နည်း။ Safety Officer တစ်ဦးဖြစ်သူ ကျွန်တော် ကိုယ်နှိုက်သည် ပင်လျှင် စာတစ်ပိုဒ် ဘာသာပြန် ရေးအတွက် ဆံပင် သုံးမွေးမျှ ဖြူအောင် စဉ်းစားရ သည် ဖြစ်ရကား မြန်မာပြည်မှ သာမန်လူများ ဘာသာပြန်သည့် Safety စာပိုဒ်များ အဘယ်သို့ ရှိချိမ့်မည်ကို သင် သူတော်ကောင်း အပေါင်းတို့ စဉ်းစားသာ ကြည့်ကြပါကုန်။
ဤကဲ့သို့ ဘာသာပြန် ထားသော ထို စာများမှ မနုံချာ၊ မညံ့ဖျင်း ပါလျှင် အဘယ်စာသည် နုံချာ၊ ညံ့ဖျင်းတော့ ပါအံ့နည်း။
တစ်နည်းအားဖြင့်လည်း -
ဘာသာပြန်ခြင်း ဟူသည် မိမိဘာသာ စကားကိုရော၊ မိမိ ဘာသာပြန်မည့် ဘာသာစကား နှစ်ရပ် စလုံးကိုပါ ကျွမ်းကျွမ်း ကျင်ကျင် တတ်မြောက် ထားရပါမည်။ အသုံးအနှုံး လည်း ကြွယ်ဝရပါမည်။ စာရေးတတ်သူ လည်း ဖြစ်ရပါမည်။ စာဖတ်နာသူ လည်း ဖြစ်ဖို့ လိုပါသည်။ ထို့ထက် မိမိ ဘာသာပြန်မည့် ဘာသာစကား ပြောဆိုသော လူမျိုးများ ၏ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ သမိုင်းနောက်ခံ စသည်များ ကို သိထားရ ပါမည်။
ဘာသာရပ် တစ်ခုကို ဘာသာပြန်လျှင် ထို ဘာသာရပ်ကို တတ်မြောက် ထားသူမှ ဘာသာပြန်ရန် ဖြစ်နိုင်ပါ လိမ့်မည်။ စိုက်ပျိုးရေး စာအုပ်ကို ဘာသာပြန်သူသည် စိုက်ပျိုးရေး ဘာသာရပ်ကို သင်ယူ တတ်မြောက်ထားသူ ဖြစ်ရပါ လိမ့်မည်။ သင်္ချာ ပါမောက္ခကြီးကို အပင်ရောဂါ ဗေဒ အကြောင်း သွားမေးလို့ မဖြစ်နိုင်သလို ဗေဒင်ဆရာ (စစ်စစ်) များ သုံးသည့် ဒီဃနှစ် ဟူသည် အဘယ်နည်း ဟု အပင်ရောဂါ ဗေဒ ပါမောက္ခကြီးကို မေးလျှင်လည်း သိမည်မဟုတ်ပါ။ သူ့ ဘာသာရပ်နှင့် သူ့အသုံး ဖြစ်ပါသည်။ မဆိုင်သူများ၏ အရာဌာန မဟုတ်။

မိတ်ဆွေ - Safety နယ်ပယ်တွင် သုံးသည့် Line of Fire ဟူသည်ကို သင် ဘယ်သို့ နားလည် ပါသနည်း။ ကျွန်တော် သာ safety ဝေါဟာရ များနှင့် မကျွမ်းဝင်ပါက ထို Line of fire ကို မီးလမ်းကြောင်း ဟု ဘာသာပြန်မှာ မြေကြီးလက်ခတ် မလွဲ ပါ။ Safety သင်ခန်းစာအတွက် Line of fire ကိုသာ မီးလမ်းကြောင်းဟု ပြန်ရိုးပြန်စဉ် ကောက်ကက် ပြန်လိုက်ပါက ခါးတောင်းကြိုက် တလွဲ၊ - င်တလွဲ ဖြစ်သွားပါ လိမ့်မည်။ (ထင်သာမြင်သာ ဖြစ်အောင် စကားပုံအတိုင်း သုံးလိုက်သည်ကို ရိုင်းသည်ထင်လျှင် တောင်းပန်ပါသည် ခင်ဗျား)။

ဤ ပေါက်တတ်ကရ ဘာသာပြန်များ အတွက် ဗမာငွေ သိန်း ၁၅၀ ခန့် သုံးလိုက်သည် ဟု သိရသဖြင့် ကျွန်တော့် မှာ “အင်း၊ ဒီ ငွေလောက်နဲ့ဆို ငါတို့ တစ်ရွာလုံးကို ၀က်သားဟင်း နဲ့ ထမင်းကျွေးလိုက် နိုင်မှာဘဲ” ဟု မဆီမဆိုင် နှမြော နေမိ ပါသည်။
ကျွန်တော်က သေသေချာချာ ဘာသာပြန် ပေးပါမည်။ သို့သော် ထိုက်သင့် အားလျော်သော အခ ကြေးငွေကို ရမှ ပြန်ပေးနိုင်မည်၊ သို့အတွက် ကိုရင့် ဘော့စ်ကို ပြောလိုက်ပါ ဟု ကိုနွယ်ဝင်းကို ပြောလိုက်ပါသည်။ အမှန် ပြောရလျှင် ထိုကဲ့သို့ စာနှင့် ပေနှင့် ပတ်သက်၍ လုပ်ရမည်ကို ကျွန်တော် စိတ်ဝင်စား ပါသည်။ လုပ်လည်း ပေးချင်ပါသည်။ သို့သော် လနှင့် ချီကာ တစ်ခေါင်းလုံး ဖြူအောင် လုပ်ရမည့် ကိစ္စ ဖြစ်သဖြင့် မေတ္တာရိတော့ လုပ်မပေးနိုင်ပါ။ အနည်းဆုံး ယခင် ပေးခဲ့သော ဈေး၏ ထက်ဝက်ကျော် ရမှ လုပ်ပေးနိုင် ပါမည်။
သို့သော် အုပ်ချုပ်ရေးပိုင်း ကျတော့ တစ်မျိုးဖြစ်၏။ ယခင် လူကြီးက ဤမျှ ငွေများသုံးကာ လုပ်သွားသော်လည်း ယခုလူကြီးကမူ ထို ရွှေလက်ကောက် ကြီးတွင် ပေကျံနေသည့် အီအီးများ ကို ရေနှင့် ဆေးရမည့် အခ ကိုကျ လက်တွန့်နေပါ သည်။ သဟာသည် ကျွန်တော်တို့ တတ်နိုင်သော ဘောင်မှ ကျော်သွားပြီ ဖြစ်သဖြင့် ကျွန်တော် ကိုနွယ်ဝင်းကို ဆောရီး လိုက်ရပါသည်။ တကယ်လည်း ၀မ်းနည်းခြင်း ဖြစ်ပါ၏။ အဘယ်ကြောင့် ဆိုသော် ဤ မဟုတ်က ဟုတ်က စာများဖြင့် ကျွန်တော်တို့ မြန်မာများကို အရေးကြီးသော Safety အကြောင်း သင်ပေးတော့မည် ဖြစ်သောကြောင့် ပါတည်း။
သို့သော် ကျွန်တော် ဘာမှ မတတ်နိုင်ပါ။
သည်အကြောင်း စာလေးတစ်ပုဒ် ရေးမလို့ စိတ်ကူးထားတာ ထိုစဉ်ကပင် ဖြစ်ပါ၏။ သို့သော် ကျွန်တော့်မှာ အလုပ် တစ်ဖက်နှင့် “အနာဂါတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း” ကို ရေးနေရာ မအားလပ် သဖြင့် မရေးဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ ယခု အကြောင်း အပေါင်း သင့်လာသဖြင့် ရေးလိုက်ခြင်း ဖြစ်ပါသည်။

တာဝန် ၀တ္တရား

မည်သည့် အလုပ်ကို လုပ်သည် ဖြစ်စေ မိမိ လုပ်သော အလုပ်ကို မိမိ တာဝန် ယူရမည် ဖြစ်ပါ၏။ ငါ့လက်ကလွတ် ဗြွတ် ဟု မလုပ်သင့်ပါ။ မိမိကြောင့် လူတစ်ဖက်သား မည်မျှ နစ်နာမည်လဲ အမြဲ ဆင်ခြင်ရမည် ဖြစ်ပါသည်။
ယခု ကိစ္စတွင် အဓိက တာဝန်ရှိသူမှာ ဘာသာပြန်ရန် တာဝန်ယူထားသော ECC Project မှ အရာရှိ ဖြစ်ပါသည်။ အကယ်၍ ထို အရာရှိ အနားယူ သွားလျှင် သူ့ကို ဆက်ခံသော သူမှာ တာဝန်ရှိပါသည်။ ဟာ - သူ လုပ်သွားတဲ့ ကိစ္စ ကျုပ်နဲ့ ဘာဆိုင်သလဲဗျ ဟု တရားလက်လွတ် မပြောသင့်ပါ။ သူ့တာဝန်ကို ကိုယ် ဆက်ယူရခြင်း ဖြစ်၍ သူလုပ်သွားသည့် ကိစ္စကို လည်း ရှင်းပေးရပါမည်။
ဘာသာပြန်စာအုပ် ရလာပြီ ဆိုကတည်းက တတ်ကျွမ်း နားလည်သော မြန်မာ Safety တစ်ဦးဦးကို ပြသ မေးမြန်းကာ အကြံဉာဏ် တောင်းခံသင့် ပါသည်။ အသုံးအနှုံးများ မှန်မမှန်၊ ၀ါကျ တည်ဆောက်ပုံ၊ သတ်ပုံများ စသည်တို့ကို သေသေချာချာ စစ်ဆေးပြီးမှ နောက်ဆုံး အဆင့်အနေနှင့် စာအုပ်ထုတ်ဘို့ လုပ်သင့်ပါသည်။
ဤမျှ အကုန်အကျခံ၊ အလုပ်ကြီး အကိုင်ကြီး လုပ်ပြီးမှ ဖြစ်ကတတ်ဆန်း ရလာဒ်တစ်ခု ထွက်ပေါ်လာသည့် အပေါ် သူတို့ မည်သို့ သဘောထား သည်ကို ကျွန်တော် နားမလည်နိုင်ပါ။
နောက် တာဝန်ရှိသူမှာ အခကြေးငွေ ယူပြီး ဤစာအုပ်ကို ဘာသာပြန် ပေးသူ ဖြစ်ပါသည်။
လက်တွေ့ ဘာသာပြန် ပေးသူ ထို သူငယ်မ ကလေးထံ ရောက်ရန် ECC အရာရှိ မှ တဆင့် ဘယ်နှယောက် လက်လွှဲ တာဝန်ယူ ခဲ့သည်ကို မသိပါ။ သို့သော် ငါးယောက် ထက်တော့ နည်းမည် မထင်။ ထို ကလေးမလေး အနေနှင့် အီးစီစီ ဆိုတာ ဘာမှန်း သိလိမ့်မည် မဟုတ်ပါ။ အီးစီစီ အရာရှိမှ တစ်ဦးသို့ တာဝန် ပေးလိုက်မည်။ ထိုတစ်ဦးက မိမိနှင့် ကျွမ်းဝင်သူ နောက် မြန်မာ တစ်ဦးသို့ လွှဲလိုက်မည်။ ထိုသူက သိပ်မနည်း လှသော ငွေကြေး ကို ဘာမှ မလုပ်ရဘဲ အချောင်ရမည့် ကိစ္စ ဖြစ်သဖြင့် ၎င်းနှင့် ပတ်သက် ဆက်နွယ်နေသူ တစ်ဦးကို ပေးလိုက်မည်။ ထို သူက တစ်ဆင့် ဗမာပြည်ရှိ သူ့ ဆွေမျိုး ဖြစ်စေ တစ်ဦးဦးသို့ ပေးလိုက်မည်။ ထိုသူကမှ တစ်ဆင့် ဟို ဘာသာပြန်သည် ဆိုသည့် ကလေးမ ကလေးထံ ရောက်လာတာ ဖြစ်ပါလိမ့်မည်။
သိန်း ၁၅၀ ကို အဆင့်ဆင့် ဖြတ် အုပ်ကြမှာ သေချာနေသည် ဖြစ်ရကား ထိုကလေးမလေး အနေနှင့် ငါးသိန်း လောက်သာ ရတာ (ထို့ထက် နည်းချင်နည်း၊ များချင်များ ပါလိမ့်မည်) ဖြစ်ပါလိမ့်မည်။ ထို အခါ ဘယ်ရောက် မည်မှန်း မသိရ သော ထိုစာများ အတွက် ဗမာစာ မြင်ရ ပြီးရော သဘောဖြင့် ဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေ ဘာသာ ပြန်ချ လိုက်တာ ဖြစ်ချင် ဖြစ်ပါလိမ့်မည်။
သို့မဟုတ် ကြိုးစားပမ်းစား ဘာသာပြန် ပါသော်လည်း ဘာမှ နားမလည်သဖြင့် ဤကဲ့သို့ ဖြစ်သွားရခြင်းလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ ဘာပဲပြောပြော သူ့ထံမှ ပိုက်ဆံယူပြီး လုပ်သည့်အတွက် သေသေချာချာ တော့ လုပ်ပေးဘို့ မကောင်းပါလား။

ကျွန်တော်တို့ ကိုရွှေဗမာများ တာဝန်မဲ့တာ သည် တစ်နေရာထည်း တွင် မဟုတ်ပါ။ သူတို့ တာဝန်မဲ့ပုံ များကိုသာ အသေးစိတ် လိုက်လံ မှတ်တမ်းတင်ရပါလျှင် ပိဋကဋ် သုံးပုံထက် သုံးဆမျှ ပိုများဖွယ်ရာ ရှိပါသည်။
လွန်ခဲ့သည့် တစ်နှစ်ကျော်က လက်ရှိအိမ်အနီးတွင် တိုက်အသစ် တစ်လုံး ဆောက်နေသဖြင့် မမက သွားကြည့်ကာ အခန်းတွေ အကျယ်ကြီးပဲဟဲ့ ဟု လိုချင်သည် ဆိုသဖြင့် ကျွန်တော်ကလည်း ၀ယ်ခိုင်းလိုက် ပါသည်။ ၀ယ်ရင်းဈေးက သိန်း ၂၂၀။ နောက် အခင်းတွေက မကောင်းဘူး ဟု ပြင်လိုက်၊ နံရံတွေ ကလည်း လိုဏ်ခေါင်းတွေ ချည်းပဲဟု ပြင်လိုက်၊ အိမ်သာ ကြွေခွက်ကလည်း အညံ့စားကြီး ထည့်ထားတယ် ဟု ပြင်လိုက်၊ ဟင်၊ နင်တို့ တံခါးတွေ ကလည်း တောသစ်တွေနဲ့ လုပ်ထား တာပါလား။ ငါတို့ကို ကျွန်းနဲ့ ပြန်လဲပေးပါ ဟု လဲလိုက်။ ဟဲ့၊ မီးကြိုးတွေ ကလည်း သေးသေးလေးတွေ ကြီးတာတွေနဲ့ ပြန်လဲစမ်း ဟု လဲလိုက်။ အဲဒီ မော်တာလေး နဲ့ဆို ရေဘယ့်နဲ့လုပ် ကောင်းကောင်း တက်မလဲ။ ကြီးတာနဲ့ ပြန်လဲစမ်း ဟု လဲ လိုက်။ နင်တို့ ရေတိုင်ကီကြီးက သံနဲ့လုပ်ထားတော့ သံချေးတွေ တက်ကုန်မှာပေါ့ ဟဲ့ကောင်လေးရဲ့၊ ဖိုက်ဘာကန်နဲ့ ပြန်လဲစမ်း ဟု -
လဲ လိုက်၊ ပြင်လိုက်၊ ပြင်လိုက်၊ လဲ လိုက် နှင့် အိမ်ပေါ်လဲ တက်ကရော သိန်း ၃၅၀ နား ကပ်နေပြီ ဖြစ်ပါသည်။ အိမ်နား နီးနေသဖြင့် မမက နေ့တိုင်း သွားကြည့်ကာ တစ်ပြောထဲ ပြောနေသဖြင့်သာ ဤမျှလူနေလို့ရရုံ တိုက်ခန်း တစ်ခန်း ဖြစ်လာပါသည်။ ကြည့်မပြောသော တိုက်ခန်းများ သွားကြည့်ပါဦး။
သဟာဖြင့် ဤတိုက်ခန်း ဆောက်သူမှာ မိမိ ဆောက်ပေးလိုက်သော တိုက်အတွက် တာဝန်မရှိ ပေဘူးလား။ ဘယ့်နှာ ကြောင့် ဖြစ်ကတတ်ဆန်း ပစ္စည်းအညံ့စား တွေနှင့် လုပ်ရသနည်း။ သည်မျှ တန်ဘိုးကြီးသော ပစ္စည်းကို ပစ္စည်း အညံ့စားများ ဖြင့် ဆောက်ရန် မသင့်ဟု မတွက်ပါသလော။ သို့မဟုတ် ပစ္စည်း အကောင်းစားများ သုံးလျှင် ဈေးကြီးပြီး လူမ၀ယ်မှာ စိုးသဖြင့် ဈေးချရောင်းကာ ပစ္စည်း အညံ့များ သုံးသလော။ ကျွန်တော် မသိပါ။
အိမ်ဆိုသည်မှာ နှစ်နှစ် သုံးနှစ်နေပြီး ပစ်လိုက်ရသည့် ခဏပန်း သုံးရသော ပစ္စည်းမဟုတ်။ မိမိတို့ တစ်သက် သားစဉ် မြေးဆက် နေသွားရန် ကြံရွယ်ကြသူချည်း။ သို့အတွက် ကောင်းကောင်းလေး ဆောက်မပေးသင့် ပါသလော။ ကျွန်တော် ကတော့ မမက ရေတိုင်ကီလဲဘို့ ပို့လိုက်ပါအုံး ဆို ပို့လိုက်၊ မီးကြိုးပြင်တဲ့ ကောင်လေးက ခလုတ်ခုံလေး နှစ်ခု လဲတာ တစ်သောင်းခွဲ တောင်းသွားတယ် ဆို ပေးလိုက် နှင့် တစ်နှစ်ခွဲမျှ ရှိထည့်၊ ရှိထည့် နှင့် ထည့်လိုက်ရပါသည်။
အိမ်ဆောက်စဉ်က အောက်တိုဘာလ ပြီးမည် ဟု ဆိုပါသည်။ သို့သော် နောက်တော့ ၂၀၀၈ ဇန္န၀ါရီလဆိုရင် တော့ တက်လို့ ရပါပြီ ဟု ဖြစ်သွားပြန်၏။ ဇန္န၀ါရီရောက်ပြန်တော့ အစ်မကြီးရယ် သင်္ကြန်ကျော်မှ တက်ပေါ့ဗျာ၊ အေးအေး ဆေးဆေးပေါ့ ဟု ဆိုပြန်၏။ တကယ်တက်တော့ ဇူလိုင်လ ဖြစ်ပါသည်။ ဒါတောင် အားလုံး လက်စ မသတ်သေး။
ကျွန်တော် ၂၀၀၉ ဇန္န၀ါရီလ အိမ်ပြန်သွားတော့ အိမ်အခြေ အနေ အကဲခတ်ကြည့်ပါသည်။ ပီဗီစီနှင့် ပြေးထားသည့် ရေပိုက်များမှာ ကောက်သည့်နေရာကကောက်၊ ကွေးသည့်နေရာကကွေး၊ နံရံပေါ်တွင် ကပ် တပ်ထားပါသည်။ ပိုက်နှင့် နံရံအကြားတွင် ပလာစတာ ဖြူဖြူများ ကပ်ထားရာ ကျွန်တော်ပြန်ရောက်တော့ အတော်များများမှာ ကွာကျကုန်ပြီး အပေါက် များ ဖြစ်နေသည်ကို တွေ့ခဲ့ရပါသည်။ အိမ်သာသို့ သွယ်ထားသည့် ရေပိုက်မှ ရေယိုကာ တစ်စက်စက် ကျနေသဖြင့် ကျွန်တော် လည်း တတ်သည့်ပညာ မနေသာပဲ အနီးရှိကုန်မာဆိုင်သို့ ပီဗီစီ ပိုက်ကလေးများ အပြေး သွားဝယ်ကာ ပြင်လိုက်ရ ပါသည်။ ဒါတောင် ရေပိုက်မှာ အထဲ၌ pressure မရှိ။ တိုက်ခေါင်မိုး ပေါ် တင်ထားသော ရေကန်မှ gravity ဖြင့် ဆင်းလာသော ရေ ဖြစ်ပါသည်။
ဒါတောင် စနေဓမ္မ မိတ်ဆွေ ကိုသောင်းတန်က စင်ကာပူမှ အိမ်များ ဆောက်ထားတာ အလွန်ညံ့သည်။ ဗမာပြည်မှ အိမ်များ၏ အရည်အသွေးကို မမီ ဟု ကျွန်တော့်ကို အကျောက်အကန် ငြင်းပါသေးသည်။ သူက ဗမာပြည်မှ မည်သည့် အိမ်၏ စံကို ယူကာပြောလေသည် မသိ။
သြော် မေ့လို့၊ တစ်ခု ကျန်ပါသေး။ အိမ်နောက်ဖေး ဘက်၊ အရေးပေါ် ထွက်ပေါက် လှေခါးမှာကား ISO 9999 standard ဖြင့် ဆောက်ထားသည် ထင်၏။ ထိုလှေခါးကို ငါးမူးသံချောင်း များဖြင့် လုပ်ထားခြင်း ဖြစ်သည်။ ခြေနင်းတန်း များမှာ ဂဟေ ဆော်ထားတာ မဟုတ်။ tacking တွဲထားခြင်း ဖြစ်သည်။ ထိုလှေခါးကို မည်သို့ဆင်းလျှင် ရမည်နည်း ဟု ကျွန်တော် နေရာ လိုက်ရှာကြည့်သည်။ မီးဖိုချောင် ပြတင်းပေါက်မှ ကျော်ဆင်းလျှင် ရနိုင်သည်။ သို့သော် ထိုသို့ ဆင်းလျှင်တောင်မှ လှေခါး နှင့် နှစ်မီတာခန့် ဝေးနေသေးသည် ဖြစ်ရာ ပြတင်းပေါက်မှ ကျော်ပြီး လှေခါးကို ကူးလျှင် တိုက်အောက်သို့ ပြုတ်ကျမည်မှာ ၉၉.၉ ရာခိုင်နှုံး သေချာနေပေသည်။

ဒါ ကျွန်တော်က ကိုယ်တွေ့ ကြုံရသည့် အတွေ့အကြုံ ကလေး တစ်ခုကိုသာ ပြောခြင်း ဖြစ်ပါသည်။ ဗမာပြည်သား မှန်လျှင် ဤ အတွေ့အကြုံမျိုး တွေ့ဖူးကြသူများ ချည်း။ ယခုမူ စာလည်း လေးမျက်နှာ ဆိုတော့ ရပ်တန်းက ရပ်မှ တော်မည်။ အချိန်ကလည်း ည နာရီပြန် တစ်ချက်တီး ကျော်သွားပြီ။ နက်ဖြန် အလုပ်ကို မနက် ၅ နာရီခွဲ ထသွားရမည် ဖြစ်၍ အိပ်အုံးမှ တော်မည်။ သူများ အတင်းချည်း လျှောက်ပြောရတာ အကုသိုလ်များလှသည်။

ဘာပဲပြောပြော ကျွန်တော် မိတ်ဆွေများသို့ တစ်ခု တိုက်တွန်းချင်ပါသည်။
“ကိုယ့်ကိစ္စပဲ လုပ်လုပ်၊ သူများ ကိစ္စပဲ လုပ်လုပ်၊ အလုပ်ကိစ္စပဲ ဖြစ်ဖြစ်၊ ကူညီတာပဲ ဖြစ်ဖြစ်။
ဘာပဲ လုပ်လုပ် စေတနာကလေး ထားပြီး သေသေသပ်သပ်၊ ကောင်းကောင်းမွန်မွန် လုပ်ပေးပါ” –
ဆိုတာ ဖြစ်ပါသည်။ ကိုယ်လုပ်သည့် ကိစ္စ ကိုယ်တာဝန်ယူပါ ဟု ထပ်လောင်း ပြောကြားလိုပါသည်။

အေးငြိမ်း
၁၅-၀၈-၀၉ (စနေနေ့၊ နံနက် ၁ နာရီ ၁၅ မိနစ်)
Blk 134A, Kang Ching Road
#03-91
Singapore 619062

စာကြွင်း။ ။ ထို safety မြန်မာ ဘာသာပြန် စာအုပ်ကို scan ဆွဲပြီး တွဲပေးလိုက်ပါသည်။ နုံချာလှသော မြန်မာစာ ဟူသည် အဘယ်နည်း ဟု လေ့လာကြပါကုန်။

Wednesday, August 12, 2009

Bitter Life IV

(၄)

မောင်လင်းအောင်

အမည် - မောင်လင်းအောင်
အသက် - ၂၄
ပညာအရည်အချင်း - တတိယတန်း
လက်ရှိအလုပ်အကိုင် - ကျပန်း (များသောအားဖြင့် ဆေးသုတ်ခြင်း လုပ်ငန်း)
တစ်လ ၀င်ငွေ - ပုံမှန်မရှိ

ဘ၀ကို ရုန်းကန်ကြသည် ဆိုရာ၌ မိမိ၏ ပညာရေးနှင့် ပတ်ဝန်းကျင်၏ ထိန်းကျောင်းပြုပြင် ပေးမှု၊ မိဘများ၏ အခန်းကဏ္ဍ စသည်တို့သည် အလွန် အရေးပါလှကြောင်း မောင်လင်းအောင်၏ ဘ၀က ခါးသီးစွာ သက်သေပြ နေပါသည်။ ထို့ပြင်လည်း သူတို့ဆီ လုပ်ရမှလား၊ ငါ့ဟာငါ ဖြစ်အောင်လုပ်မယ် ဆိုသော တလွဲမာနများက ဘ၀ကို ပိုမို ပြင်းထန် ဆိုးရွားစေသည်။ အချို့နေရာများတွင် မိမိဘ၀ အဆင်ပြေစေရေး အတွက် မာနများကို ခ၀ါချထားတန် ထားရပေမည်။
ငယ်ရွယ်နုနယ်ပြီး အတွေ့အကြုံ မရင့်ကျက်သေးသော လူငယ်များ ရေလိုက်မလွဲကြစေရန် နှင့် သင်ခန်းစာ ယူနိုင်ကြစေရန် မောင်လင်းအောင် ၏ ဘ၀လေးကိုပါ တင်ပြထားခြင်း ဖြစ်ပါသည်။

သူ့ကို မြန်မာပြည်အောက်ပိုင်း ထားဝယ်မြို့တွင် မွေးဖွားခဲ့သည်။ မိခင်ဘက်မှ အဖိုးအဖွားများ နှင့် ဆွေမျိုးများမှာ ချမ်းချမ်းသာသာ ထဲက ဖြစ်သည်။ အုန်းခြံကြီးများ၊ အဝေးပြေး ကားကြီးများ ပိုင်ဆိုင်လျှက် ရန်ကုန်မြို့တွင် ခြံကြီး၊ ၀င်းကြီး နှင့် နေထိုင်ကြသူများ ဖြစ်သည်။ သို့သော် မောင်လင်းအောင်၏ မိဘများမှာမူ အလွန်ပင် ဆင်းရဲကြသည်။ အဘယ်ကြောင့် ဆိုသည်ကိုမူ မောင်လင်းအောင်က မပြောပြခဲ့ပေ။
မိဘများမှာ ခပ်ငယ်ငယ် အသက် ၂၀ မပြည့်မီကပင် အိမ်ထောင်ကျခဲ့ကြပြီး အိမ်ထောင်သက် ခပ်နုနုမှာပင် ထိုင်းနိုင်ငံသို့ သွားရောက် စီးပွားရှာခဲ့ကြသည်။ မောင်လင်းအောင် ကိုယ်ဝန်ရလာတော့ မိဘများက နေရပ်သို့ပြန်ကာ မီးဖွားခဲ့ကြသည်။ သို့သော် ကလေးများ အတန်ငယ် ကြီးပြင်း လာသောအခါ ထိုင်းနိုင်ငံသို့ သွားရောက် စီးပွားရှာကြပြန် သည်။ သို့သော် ထင်သလောက် စီးပွားမဖြစ်ပါပေ။ သို့နှင့် ရသလောက် စုဆောင်းပြီး မြန်မာပြည် အပြီးပြန်လာကာ စုငွေ ကလေးနှင့် လယ်ယာ၊ ထွန်တုံး၊ ထွန်တံ စက်ကိရိယာများ ၀ယ်ကာ လယ်လုပ်ငန်းကို လုပ်ကိုင်ကြသည်။
သို့နှင့် နောက်ထပ် သမီးနှစ်ယောက် ထပ်မံ ထွန်းကားသည်။ ထိုအခါ စားဝတ်နေရေးက ကြပ်တည်းလာသည်။ ဖခင်လုပ်သူသည် လယ်ယာလုပ်ငန်းကို လူငှားနှင့်လွှဲထားကာ သစ်ခုတ်သောလုပ်ငန်း၊ လွှစက်လုပ်ငန်းကို ဇောက်ချ လုပ်ကိုင်လာသည်။ အမှန်ကို ဆိုရလျှင် လွှစက်လုပ်ငန်းသည် သူဌေးဖြစ် မဟုတ်လျှင်သော်မှ သေသေချာချာ စိစိစစ်စစ် သုံးစွဲလျှင် မိသားတစ်စုအတွက် ကောင်းကောင်း သုံးစွဲလောက်သည်။
သို့သော် မောင်လင်းအောင်၏ ဖခင်မှာ လောင်းကစား အလွန်ဝါသနာ ပါသည်။ သူရှာလို့ ရသမျှ ပိုက်ဆံသည် သူ လောင်းကစား တာနှင့်ပင် မလောက်ပါ။ သို့အတွက် အိမ်ပြန်လာကာ ဇနီးဖြစ်သူကို ကြိမ်းမောင်း မာန်မဲလျှက် ရသမျှ ရောင်းချပြီး ရှိသည့်ပိုက်ဆံနှင့် လောင်းကစားသည်။ ဇနီးဖြစ်သူမှာ သားသမီး သုံးယောက်နှင့် စားဝတ်နေရေး ကို ခက်ခက် ခဲခဲ ရုန်းကန် လှုပ်ရှားရသည်။
အကျိုးဆက်အဖြစ် မောင်လင်းအောင်မှာ မူလတန်း ပညာကိုပင် ပြီးဆုံးအောင် တက်ခွင့် မရလိုက်ပါ။ တတိယ တန်းနှင့် ကျောင်းထွက်လိုက်ရပြီး အလုပ်စတင် လုပ်ရတော့သည်။ မောင်လင်းအောင် စတင် အလုပ်လုပ်တော့ ၁၆ နှစ်သားသာ ရှိသေးသည်။ အသက် ၁၆ နှစ် ကျော်သောအခါ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်သည်။ မိမိတို့ မြို့မှ သူငယ်ချင်း များနှင့် အတူတူ လိုက်သွားခြင်း ဖြစ်သည်။
ထိုင်းတွင် အလုပ်လုပ်ရသည်မှာ အဆင်ပြေပါသည်။ ၀င်ငွေမှာလည်း မဆိုးလှပါ။ သူတို့လုပ်ရသည်က ၀ရံတာ၊ လှေခါး စသည်တို့မှ လက်ရမ်းဒေါက်တိုင် ပွတ်လုံးများ ဖြစ်ပါသည်။ ပုံစံချပြီးသား သစ်သားချောင်းကို မော်တာဖြင့် လှည့်ထားသည့် ဒါးစက်တွင် ပွတ်တိုက်စားကာ ပုံဖော်ရခြင်း ဖြစ်ပါသည်။ စက်နှင့်လုပ်ရသည့် အတွက် မပင်ပန်းလှပါ။ ခုံပေါ်တင်ထားသည့် သစ်သားလုံးကို အလိုက်သင့် လိုက်လှည့် ပေးရုံသာ ဖြစ်ပါသည်။ စက်တွင် တပ်ဆင်ထားသော Template မိတ္တူပွားစက် ရှိသဖြင့် လုပ်ရသည်မှာလည်း သိပ် ခက်ခက်ခဲခဲ မရှိလှပါ။
မောင်လင်းအောင် က သူများတွေလို နေ့စားနှင့် လုပ်ရသည်ကို သဘောမတွေ့။ သို့အတွက် မိမိ လုပ်နိုင်သမျှ လက်ရမ်းတိုင် အချောင်း ၅၀ စသဖြင့် ပုတ်ပြတ် ယူကာ လုပ်ပါသည်။ တစ်တိုင်လျှင် ရသည်ကြေးမှာ ပုံသေ ဖြစ်သည့်ပြင် တစ်နေ့လျှင် မိမိ ဘယ်နှတိုင် လုပ်နိုင်သည် စသည်ကိုလည်း ခန့်မှန်းနိုင်သဖြင့် မိမိ ကြိုက်သလောက် လုပ်နိုင်ပါသည်။ ကောင်းသည်မှာ အားစိုက်ခွန်စိုက် လုပ်ပြီး မိမိ ပင်ပန်းသည့် အခါ ကြိုက်သလို အနားယူလို့ ရပါသည်။ ထို့ပြင် မိမိဘာသာ ချိန်လို့ရသည်ဖြစ်၍ နေ့စား လုပ်သားများထက် ပိုပြီး တွက်ခြေကိုက် ပါသည်။ မောင်လင်းအောင်က တစ်နေ့လျှင် ဘတ် ၅၀၀ ဟု တွက်ကာ လုပ်ပါသည်။ ပိုက်ဆံကိုတော့ တစ်ပတ်လျှင် တစ်ခါ ရှင်းသည်။
အလုပ်ချိန်မှာလည်း နည်းပါသည်။ နံနက် ၉ နာရီတွင် စတင်လုပ်ပြီး နေ့လည် ၁၁ နာရီခွဲလောက်တွင် နား။ နေ့လည် ၂ နာရီတီးတော့ ပြန်စ။ ညနေ ၄ နာရီတီးတော့ အလုပ်သိမ်း။ ခပ် သက်သက် သာသာပင် လုပ်ရသည်။
လုပ်ငန်းကျွမ်းကျင်လာသည်နှင့် အမျှ ပြီးမြောက်သည့်နှုံးမှာ မြန်ဆန်လာကာ ၀င်ငွေလည်း တိုးလာပါသည်။ သို့သော် ပြဿနာက မိတ်ဆွေများ ဖြစ်ပါသည်။ မိတ်ဆွေများမှာ မောင်လင်းအောင် ကဲ့သို့ ရည်ရွယ်ချက် မရှိ။ ရရစားစား၊ ၀ါးဝါးမျိုမျို သမားတွေ ဖြစ်ရကား ရသည့် ပိုက်ဆံကို အပျော်အပါး လိုက်စား ခြင်းဖြင့် ဖြုံးတီး ပစ်ကြသည်။ သူတို့မှာ ပိုက်ဆံ စုမိသည် မရှိ။
သူတို့ ပိုက်ဆံ မစုမိတာ ကိုယ်နှင့် မဆိုင်။ သို့သော် သူတို့က အပျော်အပါး ကို မိမိတို့ဖာသာ လိုက်စား သည်သာ မက မောင်လင်းအောင် ကိုပါ အတင်း ဆွဲထည့်သည်။ မောင်လင်းအောင် က မိမိ မိသားစု အရေး၊ မိမိနှမ ကလေးများ ၏ ပညာ သင်စရိတ် စသည်တို့ကို တွက်သဖြင့် ပိုက်ဆံကို အပိုမဖြုံးလို။ တတ်နိုင်သမျှ စုဆောင်းကာ အိမ်သို့လည်း ထောက်ပံ့။ မိမိ နောင်ရေး အတွက်လည်း စု စသဖြင့် လုပ်ချင်သည်။ သို့သော် သူငယ်ချင်း များမှာ ငယ်ငယ်ကတည်းက ပေါင်းသင်းလာသူ များ ဖြစ်ရကား မနိုင့်ရင်ကာ အတင်း ဆွဲခေါ်တော့ မလိုက်ချင် လိုက်ချင် နှင့် လိုက်ရပြန်သည်။
တစ်ခါ နှစ်ခါက အကြောင်းမဟုတ်။ အကြိမ်များ လာသောအခါ မောင်လင်းအောင်မှာ ပိုက်ဆံ စုဘို့မဆိုထားနှင့်၊ အိမ်သို့ပင် လောက်ငအောင် ပြန်မပို့နိုင်။ သည်တော့ သူ့မှာ စိတ်ဆင်းရဲရသည်။ သူတို့နှင့် ဝေး ရာ ထွက်သွားဘို့ ရာကလည်း မိမိ အစွမ်းအစနှင့် အခြား နေရာများတွင် အလုပ်အကိုင် တစ်ခု ရဘို့ဆိုသည်မှာ မလွယ်။ သည်တော့ သည်စက်ကွင်းမှ လွတ်ရာ လွတ်ကြောင်း နည်းလမ်း များ ရှာကြံရပြီ။

ထိုင်းတွင် ရှိနေစဉ် မလေးရှား သွားရန် ကြိုးစားကြည့် သေးသော်လည်း အဆင်မပြေ။ နောက်ဆုံး မတတ်သာသည့် အဆုံး အိမ်ပြန်ခဲ့သည်။ သူ့အကြံမှာ မြန်မာပြည် ကမှ မလေးရှားသို့ ထွက်ရန် ဖြစ်သည်။
ထိုင်းမှ ပြန်လာသောအခါ မြန်မာပြည်တွင် ကြိုးစားပြီး လယ်လုပ်ကြည့် သေးသည်။ သို့သော် လယ်မှာ လေးဧက ထဲ ရှိသည် ဖြစ်ရာ သုံးလောက်စွဲလောက်၊ ၀မ်းစာ လောက်အောင် မရပါ။ သို့အတွက် လယ်လုပ်ချင်စိတ် မရှိတော့ပဲ မလေးရှား သွားရန် ကြိုးစားခဲ့သည်။ မလေးရှားတွင် စုစုပေါင်း ၈ နှစ် ကြာခဲ့သည်။ မလေးရှားသွားတော့ အသက် ၁၇ နှစ်ပင် မပြည့်တတ်သေး။

မလေးရှားသို့ အေးဂျင့်အား ပိုက်ဆံပေးပြီး သွားခြင်း ဖြစ်သည်။ အေးဂျင့်မှ တဆင့်သွားသည် ဆိုသော်လည်း တရားဝင်တော့ မဟုတ်ပါ။ ထို အေးဂျင့်က သွားရေးလာရေး အစစ စီစဉ်ပေးသည်။ မောင်လင်းအောင် ကဲ့သို့ မလေးရှား သွားလိုသူ များကို စုပြီးနောက် ကားဖြင့် ခေါ်ဆောင်သွားသည်။ ထိုင်းနိုင်ငံတွင်း ဖြတ်သောအခါ သူတို့လူ နောက် တစ်ဦးသို့ လွှဲပေးလိုက်သည်။ ထိုသူက ဆက်ခေါ်သွားပြီး မလေးရှား နိုင်ငံတွင်း ၀င်သည်။ လမ်းတွင် တွေ့သမျှ လ.၀.က၊ ရဲ စသည်တို့ ကို ပိုက်ဆံ ပေးကာ ကျော်ဖြတ်ခဲ့သည်။ ကားမှာ အလုံပိတ်ကား ဖြစ်သဖြင့် မောင်လင်းအောင် တို့မှာ ဘယ်ရောက်လို့ ရောက်နေမှန်းပင် မသိ။ သူတို့ ဆင်းဆိုဆင်း။ တက်ဆို တက် ဖြစ်သည်။
မလေးရှားရောက်တော့ သူ့ကို သစ်စက် တစ်ခုတွင် အလုပ်သွင်း ပေးသည်။ နောက်တော့ သူက လခစားဖြင့် မလုပ်တော့ပဲ ပုတ်ပြတ်ယူ လုပ်သည်။ ပုတ်ပြတ်ယူပြီး လုပ်ခြင်း ဖြစ်သဖြင့် လခစားများကဲ့သို့ ပုံမှန် ၀င်ငွေမရှိ။ အထူးသဖြင့် မိုးရာသီ သစ်လုံးများ အ၀င်ကျဲသော ကာလများတွင် အလုပ်ပြတ် နေတတ်သည်။ ထိုအခါ များတွင် အိမ်သို့ ငွေပြန်ပို့ရန် မဆိုထားဘိ၊ မိမိသုံးဘို့ပင် အနိုင်နိုင် ဖြစ်ရသည်။ ညီမ ဖြစ်သူများမှာ လည်း ကျောင်းတက်နေသည် ဖြစ်ရာ သူတို့အတွက် လည်း ကျောင်းစရိတ် ထောက်ပံ့နေရ သေးသည်။ ငွေမပို့နိုင်သော ကာလများတွင် မိမိ မိသားစုအတွက် အစ်ကိုကြီး အဖအရာ ဆိုသလို မောင်လင်းအောင်မှာ ပူပင်သောက ဖြစ်ရသည်။

မလေးရှားတွင် အလုပ်လုပ်ရ သည်မှာ အလွန် အဆင်ပြေသည်။ ဘယ်သူ့မှ ပူစရာမလိုရ။ အရေးကြုံလာလျှင် ငွေ နှင့် ဖြေရှင်း လိုက်လျှင် ပြီးသည်။ ထို့ပြင် မောင်လင်းအောင်မှာ အလွန် အလုပ်ကြိုးစားသူ ဖြစ်ရကား အလုပ်ရလာပြီ ဆိုလျှင် မနားမနေ အားတိုက် ခွန်တိုက် လုပ်တတ်သော သဘာဝ ရှိသည်။ သို့အတွက် အလုပ်ရ လာသည်နှင့် ငါ ဒီနေ့ ဘယ် လောက်ဖိုး လုပ်လိုက်မည်ဟု တွက်ထားကာ ထို ငွေမပြည့်မချင်း နားလေ့ မရှိပေ။ သို့မို့ကြောင့်လည်း အလုပ်ရှိသော နေ့များသည် မောင်လင်းအောင် အတွက် ရွှေနေ့များ ဖြစ်သည်။ တစ်ခါတရံ တစ်လလျှင် ၁၂ သိန်း ၁၃ သိန်း စသဖြင့် ပြန်ပို့နိုင် သည့်အခါများပင် ရှိသည်။
ပညာနည်းသော လူငယ်ကလေးပင် ဖြစ်လင့်ကစား မောင်လင်းအောင်မှာ ရသမျှ သုံးဖြုန်း ပစ်လိုက်မည်ဟု ဟော့ဟော့ ရမ်းရမ်း နေသော လူငယ်တစ်ဦး မဟုတ်ပါ။ မိမိ သုံးရာမှ ပိုသော ငွေကလေးကို မိမိ မိခင်ကြီးနှင့် နှမငယ် များ သုံးစွဲနိုင်စေရန် အားလုံး ပြန်ပို့ခဲ့သည်သာ ဖြစ်သည်။ အိမ်သို့ အဆင်ပြေလျှင် ပြေသလို ပြန်လည် ထောက်ပံ့နိုင်ခဲ့သော် လည်း ပုံမှန်တော့ မဟုတ်ချေ။
သည်ကြားထဲ မလိမ္မာသော ဖခင်က တမှောင့် ဖြစ်သည်။ ဖခင် ဖြစ်သူမှာ အလုပ်ကို ကြိုးစား ပမ်းစားလုပ်ပြီး မိသားစုကို ကြည့်ရှု စောင့်ရှောက်ရမည့် အစား လုပ်လို့ရသမျှ ကြက်တိုက်၊ ဖဲရိုက် စသဖြင့် ဖြုံးတီး ပစ်နေသည် ဖြစ်ရာ တစ်ခါတရံတွင် မောင်လင်းအောင် ပို့ပေးလိုက်သော ပိုက်ဆံများကိုပါ ယူငင် ဖြုံးတီး ပစ်သေးသည်။
သို့အတွက် မောင်လင်းအောင်က မြန်မာပြည်တွင် နေ၍ အကျိုးမများ လှသော ဖခင်အား မလေးရှား သို့ခေါ်ကာ စိုက်ပျိုးရေးခြံ တစ်ခုတွင် အစောင့် လုပ်စေသည်။ အစောင့်အလုပ် ဟူသည် သိပ်ကြီးကြီး ကျယ်ကျယ် ပင်ပင်ပန်းပန်း မလုပ်ရ သော်ငြား မည်သည့်နေရာသို့ သွားခွင့် မရှိသည် ဖြစ်ရကား မည်သည့် နေရာသို့မျှ သွားခွင့်မရ သဖြင့် လောင်းကစား နှင့် လည်း အလိုလို အဆက်ဖြတ်ပြီး ဖြစ်သွားလေ တော့သည်။
ထို့ပြင်တ၀ အစောင့်များ အတွက် ခြံမှ ထမင်းကျွေး သေးသည် ဖြစ်ရာ မောင်လင်းအောင်၏ ဖခင်မှာ ပင်ပင်ပန်းပန်း မလုပ်ရဘဲ လစာငွေကို ပုံမှန် အိမ်သို့ ပြန်ပို့နိုင် လာခဲ့သည်။ သို့သော် အစောင့်လစာ မှာ သိပ်တော့ များများစားစား မဟုတ်။ မလေးရှားရင်းဂစ် ၇၀၀ ခန့်သာ ရသည်။ သို့အတွက် တစ်လလျှင် နှစ်သိန်း တန်သည်၊ သုံးသိန်း တန်သည်သာ ပို့နိုင်သည်။ သို့သော် မောင်လင်းအောင် အနေနှင့်မူ မြန်မာပြည်တွင် နေပြီး အိမ်မှပိုက်ဆံ ကို ဖြုန်းတီး နေသည်ထက် မလေးရှားတွင် နေပြီး အိမ်သို့ ပြန်လည် ထောက်ပံ့နေနိုင်ခြင်းကပင် အမြတ် ဖြစ်သည်။ လုပ်ခ နည်းသည် များသည်ထက် စိတ်ဆင်းရဲမှုဒါဏ် ကို မိသားစု တစ်ခုလုံး မခံစားရ တော့ခြင်းကပင် အမြတ် ဖြစ်သည်။

မလေးရှားတွင် လုပ်ရသည်မှာ မိမိ သုံးလောက်ရုံ၊ မိသားစုသို့ အနည်းအကျဉ်း ပြန်ပို့နိုင်ရုံ လောက်သာ ရှိပြီး မိမိ ဘ၀ရှေ့ရေး အတွက်မူ အလွန့်ကို မသေချာ မရေရာလှပေ။ အဘယ်ကြောင့် ဆိုသော် မလေးရှားတွင် လုပ်ပါက တစ်လလျှင် နှစ်သိန်းလောက် ရဘို့ပင် အနိုင်နိုင်။ အိမ်ကိုပြန် ထောက်ပံ့ ရန် မလုံလောက်။ နှမများမှာ ကျောင်းတက် နေသည် ဖြစ်ရာ တစ်လလျှင် အနည်းဆုံး သုံးသိန်းကျော်တော့ ပို့မှ ဖြစ်မည်။ သို့နှင့် ထို့ထက် ပိုကောင်းမည့် အခွင့်အလမ်းရရန် ကြိုးစားရ တော့သည်။ စင်ကာပူတွင် အလုပ်လုပ်လျှင် မလေးရှားထက် ပိုပြီး ၀င်ငွေကောင်းမှန်း သိလာရတော့ စင်ကာပူ သွားနိုင်ရန် လမ်းစရှာရသည်။ သို့သော် ဗမာပြည်မှသွားလျှင် စရိတ်အလွန် ကြီးရကား မတတ်နိုင်သဖြင့် မလေးရှားမှပင် သွားရန် ဆုံးဖြတ်လိုက်သည်။
မေးပါများ စကားရ ဟူသော စကားအတိုင်း မောင်လင်းအောင်မှာ တစ်နေ့တွင် မိတ်ဆွေ တစ်စုနှင့် သွားရောက် ချိတ်ဆက်မိ သည်။ မိမိ မိတ်ဆွေများက အကောင်းကြီး မဟုတ်တောင် မလေးရှားတွင် လုပ်ရသည် ထက်တော့ သာသေးသည် ဟု ဆိုကာ မောင်လင်းအောင် အား စင်ကာပူသို့ သူတို့နှင့် အတူ သွားရောက် အလုပ်လုပ် ကိုင်ရန် အကြံပေးသည်။ သူတို့မှာ စင်ကာပူ နိုင်ငံအတွင်း တရားဝင် သွားရောက် လုပ်ကိုင်ခြင်း မဟုတ်ကြပဲ ညဘက်တွင် ခိုးဝင်ကြခြင်း ဖြစ်သည်။ အန္တရာယ် များမှန်း သိသော်လည်း မလေးရှားတွင် လုပ်ရသည်ထက် ပိုမို တွက်ခြေကိုက်သဖြင့် အရဲစွန့်ကာ သွားရောက် လုပ်ကိုင်ကြခြင်း ဖြစ်သည်။
ထိုအခါ မောင်လင်းအောင် ကလည်း ဘာပဲဖြစ်ဖြစ် ကြိုးစား ကြည့်ရလျှင် ကောင်းမည် ဟု တွက်ကာ ထို သူငယ်ချင်းများ နှင့် စင်ကာပူသို့ သွားရောက် အလုပ်လုပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ စင်ကာပူသို့ ညပိုင်း ရေကူးဝင်ရန် အတွက် စင်ကာပူနှင့် နီးသော မလေးရှားနိုင်ငံ၊ ဂျိုဟိုး တွင် နေထိုင်ရသည်။

ပင်လယ်တွင်း မဆင်းခင် စင်ကာပူ ရေတပ်မှ ကင်းလှည့် သင်္ဘောများ၏ အခြေအနေ ကို ဦးစွာ လေ့လာရသည်။ သင်္ဘောများ အောက်ဖက် ဆင်းသွားလျှင် မည်မျှကြာသည်။ မည်မျှကြာလျှင် တစ်ခေါက် ပြန်လှည့် လာတတ်သည်။ မည်သည့် အချိန်များတွင် သင်္ဘောစီးရေ များများ လာတတ်သည်။ မည်သည့် အချိန် လောက်တွင် သင်္ဘော တစ်စီးထဲသာ ကင်းလှည့် တတ်သည်။ မည်သည့် အချိန်များတွင် ကင်းလှည့်ချိန် စိတ်သည်။ မည့်သည့် အချိန်တွင်မူ ကင်းလှည့်ချိန် ကျဲပါးသွားသည်။
ထိုမျှသာမက ပင်လယ်အတွင်း စွန့်စွန့်စားစား ကူးခတ် ရမည် ဖြစ်၍ ဒီတက်၊ ဒီကျကိုပါ တွက်ထားရသည်။ မဟုတ် ပါက ရေစီးနှင့် မျောပါသွားပြီး စင်ကာပူ မရောက်တော့ဘဲ ပင်လယ်တွင်း ရောက်သွားကာ ပြန်လမ်းမရှိ မှာလည်း စိုးရိမ်ရ သေးသည်။

စင်ကာပူကမ်းခြေတွင် ရဲအစောင့်များ မရှိသော်လည်း မလေးရှားနှင့် စင်ကာပူအကြား ပင်လယ် ရေလက်ကြား တွင်မတော့ ရဲပတ်တရောင် သင်္ဘော ကလေးများ အဆက်မပြတ် ခုတ်မောင်းကာ ကင်းစောင့်လျှက် ရှိသည်။ တစ်ခါတရံ တစ်စီး၊ တစ်ခါတစ်ရံ နှစ်စီး၊ သုံးစီး စသဖြင့် ဖြစ်သည်။ ကင်းသင်္ဘောများမှ အလွန် အားကောင်းသော ဆလိုက်မီးများဖြင့် ပတ်ပတ်လည် ထိုးကာ အဆက်မပြတ် ရှာဖွေနေသဖြင့် အလွန် သတိထား ရသည်။ ထို သင်္ဘောကလေး များနှင့်တွေ့လျှင် တစ်ခါတစ်ရံ မလေးရှားဘက်သို့ ပြန်လှည့်ရ တတ်သည်။ ပြန်လှည့်၍ မလွတ်လောက် ဟု အထင်ရှိလျှင်မူ ရေထဲတွင် ငုတ်နေရသည်။ သင်္ဘောများ လွန်သွားမှ ရေပေါ် ပြန်တက်ရသည်။ သို့ သတိ ထားနေသည့် ကြားမှပင် မိသွားသူ များလည်း ရှိသေးသည်။
မောင်လင်းအောင် စတင် ရေကူးစဉ်က သင်္ဘောနှင့် ဆုံသည်ကို မရှောင်တတ်၍ မလေးရှား ဘက်သို့ အကြိမ်ကြိမ် ပြန်လှည့်ရသည်။ နောက် သူငယ်ချင်းများ သင်ပေးမှ ရေငုပ်ကာ ရှောင်သည့်နည်းကို သုံးကာ သင်္ဘောလွန်မှ ဆက်ကူး ရသည်။ သို့သော် ပင်လယ် ရေလက်ကြားမှာ အလွန် ကျယ်ပြောလှသည် ဖြစ်ရကား ပထမအကြိမ်က ဆိုလျှင် စင်ကာပူသို့ ရောက်မည် မဟုတ်။ လမ်းတွင်ပင် လက်အံသေကာ ဘ၀ဆုံးတော့မည် ဟု ထင်မိသည် ထိ ဖြစ်သည်။
သို့သော်လည်း နောက် အခေါက်များတွင် သိပ် မဆန်းတော့။ ထို ပင်လယ် ရေလက်ကြားကို ဖြတ်ခဲ့သည်ပင် သုံးကြိမ် မက။ အနည်းဆုံး ၅ ကြိမ်ခန့် ရှိမည်ထင်သည်။ ရေကူးချိန်မှာ စုစုပေါင်း နှစ်နာရီခန့် ကြာသည်။ ကုန်းပေါ်ရောက် သော်လည်း ချက်ခြင်း မြို့တွင်း ၀င်လို့မဖြစ်သေး။ ကျကျနန မိမိကိုယ်ကို ပြင်ဆင်ပြီး အသားကျအောင် လုပ်ရသည်။ မိုးလင်းခါနီးမှ လမ်းမသို့ထွက်ကာ တက္ကစီနှင့် မိမိသွား လိုရာသို့ လာရသည်။
စင်ကာပူသို့ ရောက်စက မျက်စိသူငယ်၊ နားသူငယ်နှင့် ဖြစ်သည်။ အလုပ်အကိုင် ဆိုသည်မှာ မသေချာ။ သူငယ်ချင်းများ အဆက်အသွယ် နှင့် ရှာရသည်။ သူတို့လုပ်သော အလုပ်တွင် နေရာလပ် ရှိလျှင် ၀င် လုပ်ရသည်။

ရောက်စလက အလုပ်မရှိသေး။ ပါလာသမျှလေးနှင့် စားသောက်နေရသည်။ ပါလာသည့် ပိုက်ဆံ ကုန်သွားတော့ သူငယ်ချင်းများ ထံ ချေးငှား သုံးစွဲရသည်။ ပိုက်ဆံမရှိတော့ အိမ်ငှား၍ မနေနိုင်။ တောထဲတွင် ဖြစ်သလို နေရသည်။ မိုးရွာ သည့် အခါများတွင် အလွန် ဒုက္ခရောက် လှသည်။ အိပ်စရာ မရှိ။ နေစရာက နတ္ထိ။ ခြင်များ ကိုက်လိုက်သည် မှာလည်း ပြောစရာ မရှိ။ သို့သော် မတတ်နိုင် သည် အတိုင်း ဒုက္ခခံ နေရသည်။ မိုးသိပ် သည်းလာလျှင်တော့ အရိပ်အချည် ကြည့်ကာ အနီးအနားရှိ တိုက်များအောက်တွင် သွားရောက် ခိုလှုံရသည်။ စားချိန်တန်လျှင် ဘုန်းကြီးကျောင်းသွား လုပ်ကိုင်ပေးရင်း ဆွမ်းကျန်၊ ဟင်းကျန်ကလေးများ စားရသည်။

အလုပ်မရှိ၍ ပိုက်ဆံ အဆင်မပြေ သောအခါ မလေးရှားသို့ ပြန်ထွက်ရသည်။ ရသမျှ အလုပ်ကလေး လုပ်ကိုင် ပိုက်ဆံစုကာ စင်ကာပူ သို့ နောက်တစ်ခေါက် ထပ်ဝင်ရသည်။
နောက်တစ်ခေါက် ထပ်မ၀င်ခင် ပထမ တစ်ခေါက်ကကဲ့သို့ မဖြစ်စေရန် သူငယ်ချင်းများ ကို အလုပ်ရှိလျှင် ပြောပါလို့ ကြိုမှာထားရသည်။ အလုပ် သေချာပြီ ဆိုတော့မှ စင်ကာပူသို့ ၀င်ရသည်။ ဘာပဲပြောပြော၊ စင်ကာပူတွင် လုပ်ပါက တစ်လလျှင် ၁၅ ရက်လောက် လုပ်လိုက်လျှင်ပင် မိမိအတွက် တွက်ချေ ကိုက်သည်။ မိမိ အသုံးစရိတ် နှုတ်ပြီး သုံးသိန်းခွဲ၊ လေးသိန်းခန့် ပြန်ပို့နိုင်သည်။ သို့အတွက် အန္တရာယ် များမှန်းသိလျှက်နှင့် စွန့်စား လုပ်ကိုင်ရသည်။
သည်တစ်ခေါက် တွင်တော့ သူငယ်ချင်းများနှင့် စုပြီး အိမ်ခန်း ငှားနေသည်။ တစ်ယောက်လျှင် အိမ်လခ စင်ကာပူ ဒေါ်လာ ၂၁၀ ပေးရသည်။ သို့သော် ချက်စား၍ မရ။ အိမ်ရှင်များက ညစ်ပတ်မည်၊ အနံ့များ နံမည် စိုးသဖြင့် ထမင်း၊ ဟင်း ချက်ခွင့် မပြု။ ထိုအခါ အပြင်၌ ၀ယ်စားရသဖြင့် ပိုက်ဆံ ပိုကုန်သည်။ သို့သော် မတတ်နိုင်။ သည်နည်းပဲ ရှိသည်ကိုး။
သူများဆီမှာ အငှားနှင့် လုပ်လျှင် တစ်ခါ တလေ တစ်ရက်လျှင် ၅၀၊ တစ်ခါတလေ ၆၀ စသဖြင့် ရ တတ်သည်။ အချို့ သူဌေးများက ထမင်းကျွေး တတ်သော်လည်း များသောအားဖြင့်မူ ထမင်းမကျွေး တတ်ပါ။ တနင်္ဂနွေ ဆင်းရသည့် အခါများတွင် အလွန် တွက်ချေ ကိုက်လှသည်။ ပိတ်ရက်များ တွင် နှစ်ဆ ပေးသဖြင့် တနင်္ဂနွေ နှစ်ရက် ဆင်းလိုက်ပါက မိမိ တစ်လ အသုံးစရိတ် ကို ကာမိသည်။ သို့သော်လည်း အလွန် ကံကောင်း ထောက်မ ပါမှ တနင်္ဂနွေ နေ့များတွင် ဆင်းရပြီး များသော အားဖြင့်မူ မဆင်းရ တတ်ပါ။

မိမိ ဆေးသုတ်နေသော အိမ်ခန်း နှင့် အနီးအနား အခန်းများက လာငှားလျှင် အလုပ်ကို မိမိဖာသာ ၁၃၀၀၊ ၁၅၀၀ စသဖြင့် ဈေးဖြတ်ပြီး လက်ခံလိုက်သည်။ ထိုအခါတွင် မိမိက ဆေးဘိုးမျှသာ စိုက်ရသဖြင့် မျိုးမျိုးမြက်မြက် ကျန်တတ် သည်။ တစ်ခါတွင်မူ Buona Vista မှ ဆေးရုံတစ်ခုတွင် ဆေးသုတ်သည့် အလုပ် ရသဖြင့် အတော် အဆင်ပြေ သွားသည်။ အလုပ်မှာ တစ်လခန့်ကြာ ဖြစ်သဖြင့် ထိုလတွင် အိမ်သို့ ဆယ်သိန်း ပို့လိုက်နိုင်သည်။
မိမိမည်ကဲ့သို့ပင် ဒုက္ခများစွာနှင့် ရင်ဆိုင်နေရ သော်ငြားလည်း ဤကဲ့သို့ အမေ့ထံ ပိုက်ဆံ မြိုးမြိးမြက်မြက် ကလေး ပို့လိုက်ရသည် ဆိုလျှင်ပင် မောင်လင်းအောင်မှာ ခံစားခဲ့ရသော ဒုက္ခ အားလုံးကို မေ့ကာ အလွန် ပျော်ရွှင် သွားမိရ တော့သည်။ မိမိ မည်သို့ပင် ဖြစ်နေပါစေ။ မိခင်ကြီးနှင့် နှမကလေးများကိုတော့ တင့်တောင့်တင့်တယ် ထားပေးချင် သည်။

မိမိတို့မှာ တရားမ၀င် နေထိုင်သူများ ဖြစ်သဖြင့် အစစ သတိထားရသည်။ ရဲများ သူတို့ကို မျက်ခြေပြတ် မခံ လိုက်လံ စုံစမ်း နေကြောင်းလည်း ရိပ်မိသည်။ သို့သော် ရဲများကလည်း အရိပ်အခြေ စောင့်ကြည့် နေသည်။ သူတို့ ပြဿနာ တစ်စုံတရာ မလုပ်လျှင်တော့ အသာ လွှတ်ပေးထားသည်။ ပြဿနာဖြစ်ပြီ ဆိုသည်နှင့် ညှပ်ပူး ညှပ်ပိတ် အပိုင် ဖမ်းသည်။ ပြေးလို့ လွတ်ရိုး ထုံးစံ မရှိပါ။
မောင်လင်းအောင် ကဲ့သို့ပင် တရားမ၀င် နေထိုင် လုပ်ကိုင်နေသူ သူ့သူငယ်ချင်း ၅ ယောက်ခန့် ရှိသည်။ စနေ နေ့ည များတွင် သူငယ်ချင်း များ ဂေလမ်း (Geylang) ရှိ စားသောက်ဆိုင် များတွင် တွေ့ဆုံကြ၍ စားရင်း သောက်ရင်း စကားစနေ ပြောကြသည်။ အခြား နေ့များတွင် မတော့ ကြုံသလို တည့်သလို စားကြရသည်။

မောင်လင်းအောင်၏ ရည်ရွယ်ချက်မှာ စင်ကာပူတွင် အလုပ်လုပ်ကာ ပိုက်ဆံစုပြီး အိမ်ပြန်၍ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခု ထူထောင် လုပ်ကိုင်ရန် ဖြစ်သည်။ အားကြိုးမာန်တက် လုပ်ချင်ပါ သော်လည်း အလုပ်က နေ့တိုင်းမရှိတော့ ခက်သည်။ လိုချင်သည့် ပိုက်ဆံ တော်တော်နှင့် မစုနိုင်။
ကံ ဆိုသည်မှာ ကြာကြာကောင်းနေရိုး ထုံးစံမရှိရကား မောင်လင်းအောင် စင်ကာပူမြေသို့ ခြေချမိပြီး ၃ လ ခန့် အကြာတွင် ရဲများ ညှပ်ပူးညှပ်ပိတ် ဖမ်းခြင်းကို မရှောင်သာပဲ အမိခံလိုက်ရသည်။ ကြိမ်ဒါဏ် ၄ ချက်နှင့် ထောင် တစ်လ အချခံရသည်။ ကြိမ်ဒါဏ် လေးချက် ဆိုသည်မှာလည်း သက်သာလှသည် မဟုတ်ပါ။ မချိမဆန့် ခံစားရသည့်ပြင် သေရာပါ အမာရွတ် ထင်ကျန်ရစ်ခဲ့လေသည်။ ထောင်မှ လွတ်သည်နှင့် ရဲဌာနကပင် မြန်မာပြည် ပြန်ရန် ယာယီထုတ်ပေးသော ပတ်စ်ပို့စာအုပ် လုပ်ပေးသည်။ ထို့နောက် တော့ မြန်မာပြည်သို့ ပြန်ပို့လိုက်သည်။

မောင်လင်းအောင်၏ အမေဘက်မှ ဆွေမျိုးများမှာ အလွန်ချမ်းသာ ကြသည်။ ထားဝယ်တွင် ငှက်ပျောခြံ၊ အုန်းခြံ ကြီးများ ပိုင်သည့်ပြင် အဝေးပြေးကား လေးစီးလည်း ရှိသည်။ သူတို့က မောင်လင်းအောင်ကို သူတို့ထံ လာနေပြီး လုပ်ကိုင်ရန် ခေါ်သည်။ သို့သော် မောင်လင်းအောင် က ချမ်းသာသော ဆွေမျိုးများ ထံ အလုပ်သမား အဖြစ် သွားရောက် လုပ်ကိုင်ရ မည်ကို အလွန် မျက်နှာငယ်သည် ထင်ပြီး မလုပ်လို။ တလွဲမာန တက်နေသည်။
ရန်ကုန်မှ အဖိုးအဖွားများ ကလည်း သူ့ကို လာနေရန် ခေါ်သည်။ မောင်လင်းအောင် ထိုင်းမှ ပြန်လာစဉ် အဖိုး အဖွားနှင့် အဒေါ်များ လေယာဉ်ကွင်းသို့ လာကြိုကြသည် ဆိုသည်။ သို့သော် တစ်ဦးနှင့် တစ်ဦး တစ်ခါမှ မတွေ့ဘူးကြ သဖြင့် ထားဝယ် ပြန်လာသည် ထိ မဆုံဆည်း လိုက်ရပါ။ မောင်လင်းအောင် အဖို့ ချမ်းသာသော အဖိုးအဖွား များထံ သွားရန် မှာ စွန့်စားခန်းကြီး တစ်ခု ဖြစ်နေသည်။ ထိုင်းနိုင်ငံသို့ သွားစဉ်ကပင် သည်မျှ လက်မတွန့်ခဲ့။ သို့နှင့် အဖိုးအဖွားများ ပေးမည့် အလုပ်အကိုင် အခွင့်အလမ်း ကောင်းများ လက်လွတ်ခဲ့ရသည်။
အဒေါ်များ မှာလည်း အပျိုကြီးများ ဖြစ်သဖြင့် အားကိုးစရာ ဆွေမျိုးရင်းချာ ထဲမှ ယောက်ျား ကလေး တစ်ဦးတစ် ယောက် တော့ လိုချင်သည်။ သို့အတွက် မောင်လင်းအောင်ကို အိမ်တိုင်ယာရောက် လာခေါ်ကြ သေးသည်။ မောင်လင်းအောင်က လိုက်မည် ပြောပြီးမှ ပြန်ခါနီးတွင် မလိုက်လိုတော့ ဟု ဆိုသဖြင့် မျက်ရည်စက်လက်နှင့် ပြန်သွားကြ ရသည်။
မောင်လင်းအောင်ကို ခေါ်လို့မရတော့ တစ်ဝမ်းကွဲတော်သူ တူ တစ်ဦးကို ခေါ်ကာ လုပ်ငန်းကို ဦးစီး လုပ်ကိုင်စေသည်။
ယခုတော့ မောင်လင်းအောင်မှာ ကြုံရာကျပမ်းလုပ်ရင်း မိသားစုကို ထောက်ပံ့ ကျွေးမွေး နေရသည်။ သို့သော် အဆင်ပြေလှ သည်တော့ မဟုတ်။

မောင်လင်းအောင် ကတော့ မိမိကိုယ်တိုင် ခံစားခဲ့ရ သဖြင့် မြန်မာပြည်မှ စင်ကာပူသို့ သွားမည့် သူများကို တရားမ၀င် သွားဘို့ အားမပေးကြောင်း၊ ကြိမ်ဒါဏ် ပေးပြီးသူမှာ ရဲမှတ်တမ်းထဲ ရောက်သွားပြီ ဖြစ်သဖြင့် နောက်ထပ် တရားဝင် လာချင်သည့်တိုင် လာခွင့်မရတော့ သဖြင့် အလွန် နစ်နာလှကြောင်း စသည်များကို ပြောသွားပါသည်။

သုံးသပ်ချက်

ပညာမတတ်သော အခါ မိမိ လုပ်သည်များကို မှန်သည် မှားသည် မဆုံးဖြတ်နိုင်။ ထင်ရာ လျှောက်လုပ် သည့်အခါ ဒုက္ခများစွာနှင့် ရင်ဆိုင်တိုးရသည်။ ပညာမတတ်တော့ ပညာမတတ်သူ များနှင့်ပင် ပေါင်းသင်းရသည်။ ထိုသူများ၏ အကျင့်စရိုက် များကြောင့် မိမိဘ၀ ရှေ့ရေးကိုပါ ထိခိုက်ရသည်။ ထို့ပြင် မိဘများမှာလည်း သားသမီးကို သွန်သင်ဆုံးမနိုင်ခြင်း မရှိ သည့်ပြင် မိမိကိုယ်နှိုက်က ဆိုးပေးတေ နေသဖြင့် မိမိ သားသမီးများ၏ အနာဂါတ်ကို ဖျက်ဆီးနေသကဲ့သို့ ဖြစ်သည်။
ထို့ပြင် မောင်လင်းအောင်မှာ တလွဲမာန တက်နေသဖြင့် လက်တစ်ကမ်းတွင် အခွင့်အလမ်း ကောင်းများ ရှိနေသည့်တိုင် ထိုအခွင့်အလမ်း ကောင်းများနှင့် လွဲနေခဲ့ရသည်။

Wednesday, August 5, 2009

Bitter Life III

(၃) ကိုသန်းငြိမ်းအောင်

အမည် - ကိုသန်းငြိမ်းအောင်
အသက် -
ပညာအရည်အချင်း -
လက်ရှိအလုပ်အကိုင် -
တစ်လ ၀င်ငွေ - S$

စင်ကာပူတွင် အလုပ်လုပ်ပြီး ငွေစုလျှက် လုံလောက်သော အရင်းအနှီးရလျှင် မြန်မာပြည် အပြီးပြန်ကာ ကိုယ်ပိုင် လုပ်ငန်း ထူထောင်ရန် ခိုင်မာစွာ ဆုံးဖြတ်ချက် ချထားသူမှာ ကိုသန်းငြိမ်းအောင် ဖြစ်ပါသည်။
ကိုသန်းငြိမ်းအောင် ကို ကြည့်ရသည်မှာ ခပ်ရိုးရိုး၊ ခပ်အေးအေး ဖြစ်ပါသည်။ သူ့စကားများအရတော့ စင်ကာပူကို သိပ်နှစ်သက်ပုံ မပေါ်ပါ။ ကျွန်းထဲမှာ အချိန်ပြည့် နေနေရတာ ဆိုတော့ စင်ကာပူဆိုသည်ကို ဖြူသည်မဲသည် သဲသဲကွဲကွဲ သိပုံမရသေးပါ။ သူကတော့ သူ့အကြောင်းရေးလျှင် နာမည်နှင့် နေရပ် မထည့်ပါနှင့် ဟု ကြိုတင် စကားခံထားပါ၏။ ကျွန်တော် အင်တာဗျူးသူများထဲမှ ထူးထူးခြားခြား တောင်းခံလာသူ ဖြစ်ပါသည်။ သူ့အကြောင်းကို တစေ့တစောင်း လေ့လာကြည့်ကြ ပါစို့။

၁။ မူလ စီးပွားရေး အခြေအနေ

ကျွန်တော်က အထက်မြန်မာပြည် မုံရွာ ဘက်က။ နိုင်ငံခြားလာဘို့လည်း ရည်ရွယ်ချက် မရှိခဲ့ပါဘူးဗျာ။ ဒါပေမဲ့ အခြေအနေ တစ်ခုအရ လာခဲ့တာပဲ။
အိမ်မှာက ဖယောင်းတိုင်စက် ထောင်ထားတယ်။ ဒီတော့ ကျွန်တော်က အိမ်ကလုပ်ငန်းကိုပဲ ကူပြီး လုပ်တယ် ပေါ့ဗျာ။ ဖယောင်းတိုင် လုပ်ပြီး နယ်တွေကို လိုက်ပို့တယ်။ ရောင်းလို့တော့ မဆိုးပါဘူး။ ဒါပေမဲ့ အကြွေးကျတယ် ဗျ။ အဟောင်းပေး အသစ်ယူပေါ့ဗျာ။ ဘယ်သူက ဘယ်တုံးက ဘယ်လောက်ယူတယ် စသဖြင့် မှတ်ထားရတာပေါ့။ အစပိုင်း ကတော့ မဆိုးပါဘူး။ ကြွေးဟောင်းဆပ်လိုက်၊ ကြွေးသစ် ထပ်ယူလိုက်။ ဒါပေမဲ့ နောက်ပိုင်း လူချင်း ရင်းနှီးလာတဲ့အခါ ကျတော့ ကြွေးတောင်းရတာ မကောင်းတော့ဘူး။ နောက်တစ်ခေါက် သွားတဲ့အခါကျတော့ အရင်တစ်ခေါက်က ယူထား တာကို မပေးတော့ဘူး။ ဟာ၊ အဆင်မပြေသေးလို့ စသဖြင့် ပေါ့ ပြောတယ်။ အရင်ကြွေးဟောင်းက သုံးသောင်းဘိုး လောက် ရှိတယ်။ နောက်ထပ် ၈၀၀၀ ဘိုး ထပ်ဝယ်ရင် အဲဒီ ၈၀၀၀ ဘိုး။ တစ်သောင်းဘိုးယူရင် တစ်သောင်းဘိုးကို လက်ငင်း ချေပေးလိုက်တယ်။ ပထမ ကြွေးဟောင်းကိုကျတော့ အပျောက် ထားလိုက်တော့တာ။
ဆိုင်ကလည်း နည်းနည်းများတယ်။ တစ်ရွာကို လေး၊ ငါး၊ ခြောက်ဆိုင်လောက် ရှိတယ်။ ရွာကလည်း များတယ်။ ကျွန်တော်က အစကတဲက အစီအစဉ် ဆွဲထားရတာပေါ့။ ဒီနေ့ ဘယ်ရွာ သွားမယ်။ နောက်နေ့ ဘယ်ရွာသွားမယ် စသဖြင့်။ ကုန်ကြမ်းကိုတော့ မန္တလေးမှာ ၀ယ်ရတယ်။
အဲဒီလို နေ့တိုင်း အကြွေးချည်း တောင်းနေရတာ။ ကြာတော့ ကျွန်တော် အာရုံနောက်လာတယ်။ တောင်းလည်း မတောင်းချင် တော့ဘူးဗျာ။ ကြွေးတောင်းရတာ အားလည်းနာတယ်၊ ကိုယ့်ဟာကိုယ်လည်း ရှက်လာတယ်။ ယိုသူမရှက် မြင်သူရှက် ဆိုသလို၊ ကြွေးတောင်းခံရတဲ့ သူတွေက ဘယ်လိုမှ မနေဘဲ ကျွန်တော်ပဲ မျက်နှာမပြချင်အောင် ဖြစ်လာတယ်။
အဲဒါနဲ့ ကျွန်တော် အိမ်ကို နားပူနားဆာ တိုက်တယ်။ နိုင်ငံခြား သွားအလုပ်လုပ်မယ် ပေါ့။ အိမ်ကလည်း မသွား စေချင်ဘူး။ တားတယ်။ မသွားနဲ့ ပေါ့။ အိမ်မှာလည်း အိုးမကွာ အိမ်မကွာ လုပ်လို့ရတဲ့ စီးပွားရေး လုပ်ငန်း ရှိနေတာကိုး။ ဒါပေမဲ့ဗျာ။ ကျွန်တော့်အနေနဲ့ကလည်း နေ့တဒူဝ (နိစ္စဓူဝ) လုပ်နေရတဲ့ ဒီ ကြွေးတောင်းတဲ့ အလုပ်ကြီးကို လုပ်နေရတာ အတော့်ကို စိတ်ကုန်လာတယ်။ ကျွန်တော်တို့ ဖောက်သည်တွေကလည်း ကောင်းပါတယ်။ ကျွန်တော်တို့ ဖယောင်းတိုင် ကလွဲလို့ တခြား ဘယ်ဖယောင်းတိုင်မှ မသုံးဘူး။ ဒီတော့ ကျွန်တော်ကလည်း သူတို့ အဆင်မပြေလို့ မပေးတာလို့ ဒီလိုပဲ ယူဆတယ်။ ကြွေးတောင်းမရတော့ ပိုက်ဆံတွေက ခေါင်းကွဲကုန်တယ်။
ဒါပေမဲ့ ဖယောင်းတိုင် ထုတ်ဖို့ကလည်း ကုန်ကြမ်းတွေက ၀ယ်ရသေးတာကိုး။ ဖယောင်း၊ မီးစာ၊ ပလတ်စတစ် အိတ် စသဖြင့် ပေါ့။ ကုန်ကြမ်းက မန္တလေးမှာ ၀ယ်ရတာ။ မန္တလေးဆိုတာကတော့ သိတဲ့ အတိုင်းပဲလေ။ ကျွန်တော်တို့ အမြဲတမ်း ၀ယ်နေတဲ့ ဖောက်သည်တွေတောင် ရေနွေးကြမ်းလေး ဘာလေး တိုက်ဖော်ရတာ မဟုတ်ဘူး။ အကြွေးဆိုတာ လေသံနဲ့တောင် မဟနဲ့။ ကုန်ကြမ်းကလည်း တစ်ခါဝယ်ရင် ငါးသိန်းခွဲ၊ ခြောက်သိန်းဘိုး ၀ယ်ရတာလေ။ နည်းနည်းလေး မဟုတ်ဘူး။ တောမှာ တစ်ခါတစ်ခါ ငါးသိန်း၊ ခြောက်သိန်းဘိုး ၀ယ်ဘို့ဆိုတာ မလွယ်ဘူးဗျ။ သီးတင်းကျွတ်၊ တန်ဆောင် တိုင် ဆို အများကြီး ပိုဝယ်ရတယ်။ ၀ါမကျွတ်ခင် သုံးလလောက်ကတဲက ကုန်ကြမ်းတွေစု၊ ဖယောင်းတိုင်တွေ ကြိုထုတ်၊ စသဖြင့် လုပ်ထားရတယ်။ ဖောက်သည်တွေ လာတဲ့အခါ ပစ္စည်းမပြတ်သွားအောင်။
အဲဒီတော့ ကုန်ကြမ်းသွားဝယ်တော့မယ် ဆိုရင် ကျွန်တော် အမြဲ ဦးဏှောက် ခြောက်ရတယ်။ ပိုက်ဆံတွေ စစ် ကြည့်။ ပိုက်ဆံကမပြည့်။ ဒီတော့ ကြွေးတောင်း ထွက်ရပြန်ရော။ သူတို့ကလည်း အမျိုးမျိုး ပြောလွှတ်တယ်။ ဟာ၊ မောင် လေးရေ့။ မနေ့ကမှ စပါးဘိုးတွေ ချေလိုက်လို့။ ဟာ၊ ဒီနေ့တော့ ထယ်ဘိုးပေးလိုက်လို့၊ ထွန်ခ ပေးလိုက်လို့၊ ဂျုံသွားရောင်း တာ အကြွေးကျလို့ စသဖြင့် အကြောင်း အမျိုးမျိုးပြ။ အစပိုင်းတော့ ကျွန်တော်လည်း မသိသေးတော့ ယုံတာကိုး။ နောက် ပိုင်းကျတော့ နားရည်ဝသွားပြီ။ ဒီအကြောင်းပြချက်တွေက ရိုးအီသွားပြီ။ ဒီတော့ ကျွန်တော်လည်း သူတို့ကို ပြန်ပြီး လှည့်ကွက် ဆင်ရတော့တာပေါ့။
အာ၊ အဒေါ်ရယ်၊ ကျွန်တော်လည်း မတောင်းချင်ပါဘူးဗျာ။ ဒါပေမဲ့၊ ကျွန်တော် ကုန်ကြမ်းသွားဝယ်ရမှာ မို့ပါ။ ကျွန်တော်တို့ မန္တလေးမှာ ကုန်ကြမ်းဝယ်တယ် ဆိုတာက အဒေါ်တို့ဆီမှာလို အကြွေးချလို့ ရတာ မဟုတ်ဘူး။ ပိုက်ဆံ ပေးရင် ကုန်ပေးမယ်။ ပိုက်ဆံမပေးဘူးနော်၊ ကုန်မရဘူး။ ဒါပဲ စသဖြင့် ပြောရတာတော့တာပေါ့။ အကုန်လုံး ကိုယ်ဝယ်ရင် ကိုယ်ဝယ်သလောက် အားလုံးချေခဲ့ရတာ။ အစွန်းထွက် ၃၀၊ ၄- ၅၀ ကစ အမှန်အကန် ချေပေးရတာ လို့။ တစ်ခါတလေ တော့လည်း ချော့မော့ပြော။ တစ်ခါတလေတော့လည်း ငေါက်ငန်းပြော ပေါ့။ တောင်းလို့ ရတဲ့ဟာလည်း ရတယ်။ မရတဲ့ ဟာလည်း မရဘူး။
ကျွန်တော်ကလည်း စကားကို ဟိုလို ဒီလို လှည့်ပတ်ပြောပြီး ကြွေးတောင်းနေရတာကို အတော့်ကို စိတ်ကုန်လာ တယ်။ ဆက်မလုပ်ချင်တော့ဘူး။ အဲဒါနဲ့ အိမ်ကို ကျွန်တော် ကိုးရီးယားနဲ့ စင်ကာပူ တစ်ခုခုကို ရောက်အောင် သွားတော့ မယ် လို့ပြောလိုက်တယ်။ အိမ်ကတော့ မသွားစေချင်ဘူး။ ဒါပေမဲ့ ကျွန်တော်ကလည်း သွားချင်တယ်။ နောက်ဆုံးတော့ သွားခွင့်ပေးလိုက်ပါတယ်။

၂။ ရေကြည်ရာ

အဲဒါနဲ့ ကျွန်တော် ပိုက်ဆံထုပ်ပိုက်ပြီး ရန်ကုန် ဆင်းလာခဲ့တယ်။ ကျွန်တော်တို့ အမျိုးဘုန်းကြီးက လှည်းကူးမှာ ကျောင်းထိုင် ဖြစ်နေတော့ သူ့ကျောင်းမှာ တည်းပြီး ရန်ကုန်ထဲသွား အဆက်အသွယ် ရှာခဲ့တာပေါ့။ ပထမဆုံး ပတ်စ်ပို့ စာအုပ် လုပ်တယ်။ စာအုပ်တော့ ဟိုလူ့မေး၊ ဒီလူ့မေးနဲ့ လျှောက်မေးရင်း စမ်းရင်း ကိုယ့်ဟာကိုယ်ပဲ လုပ်လိုက်တယ်။ ပတ်စ် ပို့ လျှောက်ထားတုံးလည်း အေးဂျင့်တွေ လိုက်စုံစမ်းတာပေါ့။
စာအုပ်က တစ်လဆို ထွက်တာကိုး။ ဒါနဲ့ ဘုန်းကြီးနဲ့ ကျွန်တော် မြို့ထဲသွား၊ ကြားဘူးနားဝ ရှိသမျှ အေးဂျင့်တွေ လိုက်မေးတာပေါ့။ နောက်ဆုံးတော့ ခု ထွက်လာမဲ့ အေးဂျင့်နဲ့ သွားတွေ့တယ်။ တွေ့တော့ ကျွန်တော်က ကိုးရီးယား အလုပ် ရှိသလား ပေါ့ မေးတယ်။ သူတို့က မရှိဘူး။ စင်ကာပူ သွားချင်ရင်တော့ ရှိတယ် လို့ ပြောတယ်။
ကျွန်တော်လည်း သိပ် ချေးများမနေတော့ဘူး။ ကဲ ဒါဆို စင်ကာပူ ပဲ သွားတော့မယ်။ အေးဂျင့်ဖီး ဘယ်လောက် လဲ ဆိုတော့ စင်ကာပူဒေါ်လာ ၃၆၀၀ တဲ့။ နောက်ပြီး လေယာဉ်လက်မှတ် ကိုယ့်ဟာကိုယ် ၀ယ်ရမယ်။ လေဘာကဒ် (Labour Card - အလုပ်သမား မှတ်ပုံတင် ကဒ်ပြား) လုပ်ရမယ်။ သင်တန်းတက်ရမယ်။ ဘဏ်စာရင်း (Bank Account) ဖွင့်ရမယ် တဲ့။ ဘဏ်စာအုပ် လုပ်တာက FEC ၆၀ ပေးရတယ်။
ဒါနဲ့ ပုံစံ - ၁၀၊ မှတ်ပုံတင် စတဲ့ စာရွက်စာတမ်းတွေ ပေးရတယ်။ ပေးတော့ deposit အနေနဲ့ တစ်သိန်း ပေးရမယ် တဲ့။ ပေးဆိုတော့လည်း ပေးလိုက်တာပေါ့။ နောက်တော့ ကဲ ဟိုမှာ အလုပ်လုပ်ဖို့ ဒီမှာ သင်တန်းတက်ရမယ် တဲ့ ပြောတယ်။ တက်ဆိုလည်း တက်ပေါ့ဗျာ။ အနို့ ကိုယ်မှ နားမလည်တာ။ သူတို့ပြောတာပဲ အားလုံး နားထောင်။ သူတို့ ပြောသမျှ အကုန်လုပ်ပေါ့။
ဘာသင်တန်း တက်ရမလဲ မေးတော့ ငါတို့မှာ Welder, Pipe fitter, Steel Fitter အလုပ်တွေ ရှိတယ်။ နင် ဘာ စိတ်ဝင်စားသလဲ ဆိုတော့ ကျွန်တော် ဘယ်သိမလဲဗျာ။ ဒါနဲ့ အဆင်ပြေတာ တစ်ခုသာ လုပ်ပါဗျာ ဆိုတော့ သူတို့ကပဲ ဒါဆို ပိုက်ဖစ်တာ လုပ် ဆိုပြီး ပိုက်ဖစ်တာ သင်တန်း သွားတက်ခိုင်းတယ်။ သင်တန်းကြေး တစ်သိန်းခွဲ တဲ့။ ဟုတ်ပြီး ပေးမယ် ဆိုပြီး ကျွန်တော်လည်း ပိုက်ဖစ်တာ သင်တန်း သွားတက်တယ်။
မကြာပါဘူးဗျာ၊ ကျွန်တော် ပိုက်ဖစ်တာသင်တန်း သွားတက်ပြီး ၈ ရက်လောက်လဲ ကြာရော အင်တာဗျူး ရှိတယ်။ နင် ၀င်ဗျူးလိုက် တဲ့။ အာ - ဗျူးရအောင် ကျွန်တော်မှာ ဘာမှ မတတ်သေးတာပဲ။ ဘယ့်နှယ်လုပ် ဗျူးမလဲ ပေါ့။ ဘာကို ဘယ်လိုခေါ်မှန်းတောင် မသိသေးဘူး။
ဒါပေမဲ့ သူတို့က ရုံးက ၀န်ထမ်းတွေကရောပဲ။ ဖြစ်ပါတယ်၊ ဗျူးမှာ ဗျူးပါ။ ဘာမှ မခဲယဉ်းပါဘူး။ ဟိုရောက်ရင် ရသွားမှာပါ တဲ့ အတင်းတွန်း။ ကျွန်တော်ကလည်း ဘယ်ဖြစ်မလဲဗျာ၊ ကျွန်တော်ဘာမှ မတတ်သေးပဲ လိုက်သွားရင် ကိုယ့် ဒုက္ခ ကိုယ်ရှာသလို နေမှာပေါ့ ဆိုပြီး အင်တာဗျူးမ၀င်ဘဲ အတင်းပေကပ်နေတယ်။ နောက်ပြီး သင်တန်းဆရာတွေ ဆိုတာ ကလည်း သူတို့လူတွေကို အတင်းတွန်းတယ်။ သွားပေါ့ကွာ၊ မင်းမပါရင်တောင် နိုင်ငံခြားသားနဲ့ စကားပြောတဲ့ အတွေ့အကြုံတော့ ရတာပေါ့ တဲ့။
ကျွန်တော်ကလည်း ဘာမှ မတတ်သေးဘဲ အင်တာဗျူး ၀င်ရမှာကို အတော် လန့်နေတယ်။ ဒါနဲ့ ကျောင်းပြန်ပြီး ဘကြီး ဘုန်းကြီးနဲ့ တိုင်ပင်တယ်။ ဘုန်းဘုန်းလို့ ဒီလို ဒီလိုပဲ ပေါ့။ ဘုန်းကြီးကလည်း အေး၊ ငါတော့ မပြောတတ်ဘူးကွ။ မင်း ဆရာတွေနဲ့ တိုင်ပင်ကြည့်ပေါ့ တဲ့။ အာ၊ အဲဒီဆရာတွေနဲ့ တိုင်ပင်ရအောင် ဆရာတွေက သူတို့ လူတွေ ဘုန်းဘုန်း ရဲ့ လို့။ နောက်ပြီး အဲဒီလူတွေက ခုမှ တွေ့တဲ့လူတွေ။ သူတို့ ဘယ်လိုဆိုတာ ကိုယ်လည်း ကောင်းကောင်း သိတာမဟုတ်။ တပည့်တော်တော့ အာရုံမရဘူး လို့ ပြောလိုက်တယ်။ ဘုန်းကြီးလည်း အကြံအိုက်သွားတယ် ထင်ပါတယ်။ အေး၊ ဒါတော့ မင်းသဘောပဲကွ တဲ့ ပြောတယ်။
ဒါနဲ့ ကျွန်တော် အဲဒီအင်တာဗျူးကို မ၀င်တော့ဘူး။ သူတို့က မင်း ဒီအင်တာဗျူးပြီးရင် နောက် တစ်ခုက သင်္ကြန် ကျော်မှ လာတော့မှာနော် တဲ့၊ လုပ်လိုက်သေးတယ်။ ကျွန်တော်ကလည်း သင်္ကြန်ကျော်တော့လည်း ကျော်ပေါ့ဗျာ လို့ ပြောလိုက်တော့မှ သူတို့ လက်လျှော့သွားတယ်။ ဒါပေမဲ့ မကြာပါဘူး။ သင်္ကြန်မတိုင်ခင် အင်တာဗျူး တစ်ခု လာပြန်ရော။ သူတို့ ကျောင်းကို ဖုံးဆက်တယ်။ ကျွန်တော် မရှိဘူး။ ကျောင်းပြန်ရောက်မှ ဘုန်းကြီးက မင်း၊ အင်တာဗျူးရှိတယ် ပြော တယ်၊ ဖုံးပြန်ဆက်လိုက်ဦး ဆိုလို့ သူတို့ဆီ ဖုံးဆက်တယ်။ သူတို့က အင်တာဗျူး ရှိတယ်၊ welder နဲ့ တဲ့။ အာ၊ ကျွန်တော်မှ welding မဆော်တတ်တာ။ ဘယ့်နှယ့်လုပ် ဗျူးမတုံး လို့။ မင်းကွာ welding ဆော်တာများ၊ ဘာခက်တာ လိုက်လို့။ တောင် ခြစ်၊ မြောက်ခြစ် ခြစ်ရင်းနဲ့ ဖြစ်သွားမှာပေါ့ တဲ့။ လုပ်ပြန်ရောဗျို့။
သူတို့ အတင်းတက်ခိုင်းတာနဲ့ပဲ ပိုက်ဖစ်တာ သင်တန်းကနေ welder သင်တန်း ရောက်သွားပြန်ရော။ welder သင်တန်းကြေးက ၈ သောင်း။ ဆိုတော့ ပိုက်ဖစ်တာ သင်တန်းကြေးကနေ ပိုတဲ့ပိုက်ဆံ ပြန်အမ်းပေးတယ်။ ပိုက်ဖစ်တာ သင်တန်းတုံးကလည်း သူတို့ပဲ မင်း ပိုက်ဖစ်တာက အရမ်းကောင်းတာ။ တက်လမ်းရှိတယ်။ နောက်ပိုင်း supervisor တွေ ဘာတွေ ဖြစ်လာမှာ စသဖြင့် မက်လုံးတွေ ဘာတွေ လျှောက်ပြောတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့လည်း ကိုယ့်အကြောင်း ကိုယ် သိထားတဲ့အတွက် သူတို့ ပြောတိုင်း မယုံပါဘူးဗျာ။
သူတို့ကလည်း ကြော်ငြာတွေ ဝေပြီး ဒီ့ပြင် အေးဂျင့်တွေက လူတွေပါ လျှောက်ခေါ်။ လူကများ၊ ပစ္စည်းကနည်း။ မီးက ပြတ်သွားလိုက်၊ တော်ကြာ အာဂွန် ကုန်ပြန်ပြီ။ စောင့်နေရလိုက်။ သေသေချာချာ ဆော်ရတယ်ကို မရှိပါဘူးဗျာ။ တော်တော်နဲ့ကို ကိုယ့် အလှည့်ကို မရောက်နိုင်ဘူး။ သင်တန်းသွားလိုက်။ ပြန်လာလိုက် နဲ့ တော်တော်ကြာသွားတယ်။ အင်တာဗျူးတာက အယောက် ၃၀ လောက်ရှိတယ်။ ခေါ်တာက ၄ ယောက်။ မလေးရှားက ပြန်လာတဲ့ နှစ်ယောက်ရယ်။ 6G ဆော်တတ်တဲ့ နှစ်ယောက်ရယ် ခေါ်သွားတယ်။
ဒီကောင်တွေလဲ ရွေးပြီးရော အင်တာဗျူးပြီးပြီ တဲ့။ ကျွန်တော်တို့ အလှည့်ကို မရောက်လိုက်ဘူး။ အင်တာဗျူး မရှိတော့ဘူး ဆိုတော့ ကျွန်တော်တို့လည်း အတော် ပျော်သွားတာပေါ့ဗျာ။ နို့၊ ဘာမှ မလုပ်တတ်တာ။ ရွေးလဲ ဒုက္ခများဘို့ ရှိတာဘဲ။ နောက်ပြီး အရွေးခံရမယ်လို့လည်း မျှော်လင့်မထားဘူး ပေါ့။ ကိုယ့်ဘေးနားက လူတွေရဲ့ လက်ရာတွေက ကိုယ့် ထက် အများကြီး သာနေတာကိုး။
အဲဒီ လေးယောက်ကို လခပေးဘို့ ဈေးညှိတော့ ၂၂ ကျပ် ပေးမယ် တဲ့။ ဟို 6G ရတဲ့ သူနှစ်ယောက်က အာ- ၂၂ ကျပ်ဆို မလိုက်နိုင်ဘူးတဲ့ ဖြစ်ကရော။ အဲဒီတော့ အဲဒီ နှစ်ယောက်ကို မခေါ်တော့ဘဲ ကျန်တဲ့ နှစ်ယောက်ကိုပဲ ခေါ်သွား တယ်။ အဲဒီနှစ်ယောက်က ကျွန်တော့်သူငယ်ချင်းတွေ။
ကြားဖြတ်ပြောရရင် ကျွန်တော် ဒီရောက်လာတော့ အဲဒီ သူငယ်ချင်းတွေနဲ့ ပင်နင်စူလာမှာ တွေ့ကြတယ်။ သူတို့ အခြေအနေ မေးကြည့်တော့ မဟန်ပါဘူးကွာ တဲ့။ သူတို့က လခ တိုးတောင်းတော့ သူဌေးနဲ့ စကားများကြတယ် တဲ့။ စကားများပြီး မကြာခင်ပဲ ဒီကောင့်ကို ပြန်လွှတ်လိုက်တယ်။ တစ်ယောက်ပဲ ကျန်ခဲ့တယ်။ သူလဲပဲ ဒီလို လူးလိမ့်ခံနေရ တာပဲ။ ကျွန်တော်တို့ ထင်တာက ဒီကောင်တွေ အရင်သွားရတော့ အားလုံး အဆင်ပြေနေပြီ အောက်မေ့နေတာကိုး။
ဆိုပါတော့။ အင်တာဗျူးပြီး သူတို့ကိုလဲ ခေါ်သွားပြီးရော ကျွန်တော်လည်း welding သင်တန်း ဆက်မတက် တော့ဘူး။ သင်တန်းကြေး ပိုက်ဆံ ၈ သောင်းလဲ ဆုံးရော။ ဘာမှလည်း ဖြစ်ဖြစ်မြောက်မြောက် မတတ်လိုက်ဘူး။
နောက် သင်္ကြန်ကျပြီးတော့ ခု ကျွန်တော်တို့ လုပ်နေတဲ့ ကုမ္ပဏီက အင်တာဗျူးလာပြန်တယ်။ ကျွန်တော်တို့ လည်း သွားဗျူးတာပေါ့။ ဘာမှ မဟုတ်ပါဘူးဗျာ။ မင်းနာမည် ဘယ်လိုခေါ်လဲ။ အိမ်ထောင်ရှိလား ဘာလား။ သုံးခွန်း လောက် မေးတာပါဗျာ။ မေးပြီး ရွေးလိုက်တယ် တဲ့ပြောတယ်။ ကျွန်တော်ကတော့ အတော်တောင် အံ့သြသွားတယ်။ အနို့၊ ဘာမှလည်း မေးတာမဟုတ်ပဲ ကိုး။
နောက် အင်တာဗျူးပြီး နေ့လည်ကျတော့ Flange နှစ်ခုကို ဆင်ပြ။ Bolt တွေ Nut တွေ ကြပ်ပြ ပေါ့။ ကြပ်လည်း ပြီးရော စာရွက်တွေလာပေးတယ်။ လက်မှတ်ထိုး တဲ့။ စာရွက်တွေ လာပေးတယ်။ ဘယ်ဗျာ။ မှောင်ကလည်း မှောင်နေပြီ။ နောက်ပြီး စာဖတ်ဖို့ အချိန်လည်း မပေးဘူး။ ဘာမှလည်း မရှင်းပြဘူး။ အတင်းသာ လက်မှတ်ထိုးဘို့ ပြောတာပဲ။ တကယ်လို့ လင်းလင်းချင်းချင်း နဲ့ အချိန်လည်း ပေးမယ်ဆို စာချုပ်ထဲ ဘာတွေရေးထားတယ် ဆိုတာ ဖတ်ကြည့်လို့ ရသေး တာပေါ့။ ခုတော့ သူတို့ဟာက တစ်ဖက်သတ်ကြီး။ အဲဒီထဲ ဘာတွေရေးထားတယ် ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး။ ထိုး ထိုး ဆိုတာနဲ့ ကောက်ကက် လက်မှတ် ထိုးလိုက်ကြရတာပဲ။ ဘာမှန်းကို မသိလိုက်ဘူး။
ကျွန်တော်နဲ့ အတူပါလာတဲ့ သူငယ်ချင်းကတော့ ဟေ့ကောင်၊ အရမ်းစွတ်ရွတ် ထိုးမနေနဲ့ဦး။ ဘာတွေရေးထား မှန်း မသိပဲနဲ့။ ဖတ်လည်းကြည့်ဦး လို့တော့ ပြောတယ်။ သူတို့ဟာက အင်္ဂလိပ်လိုတွေ ရေးထားတော့ ကိုယ်ကလည်း အင်္ဂလိပ်လို သေသေချာချာ မတတ်တော့ မဖတ်တတ်။
ဒါနဲ့ ကျွန်တော် အဲဒီမှာရှိနေတဲ့ သင်တန်းဆရာတွေ မေးကြည့်တယ်။ ဘာမှ မဟုတ်ပါဘူးကွာ၊ ထိုးသာထိုးလိုက်ပါ တဲ့။ အမှန်ကတော့ သူတို့လည်း သိချင်မှတောင် သိမယ်ဗျ။ ဒါနဲ့ပဲ ကိုင်း ဘာမှ မဟုတ်လဲ မထူးပါဘူး။ ထိုးမယ်ကွာ ဆိုပြီး ကွန်ထရက် စာချုပ်ပေါ် လက်မှတ် ထိုးလိုက်ကြရတာပဲ။
ဆိုပါတော့ဗျာ။ ကိစ္စ ၀ိစ္စတွေ အားလုံးပြီးတော့ ကျောင်းပြန်လာပြီး ဘုန်းကြီးကို လျှောက်တယ်။ အရှင်ဘုရား၊ တပည့်တော် အလုပ်တော့ရပြီ။ အိမ်ခဏပြန်အုံးမယ်၊ IPA ကျမှပဲ ပြန်လာတော့မယ် ပေါ့။ အဲဒီမှာ စုစုပေါင်း သုံးလလောက် ကြာသွားတယ်။
နောက်နေ့ အိမ်ပြန်သွားပြီး အားလုံးကို အကျိုးအကြောင်း ရှင်းပြတယ်။ ဘာမှ စိတ်မပူနဲ့ပေါ့။ နိုင်ငံခြားဆိုတာ အရင်ကလို အင်မတန် ထူးဆန်းတဲ့နေရာ မဟုတ်တော့ဘူး။ ခုလဲ ကျွန်တော်တို့နဲ့အတူတူ သွားဘို့လုပ်နေကြတဲ့ သူတွေ အများကြီး။ တချို့ဆို ပြန်တောင် လာကြပြီ။ နောက်ပြီး ဟိုမှာလုပ်ရင် သူတို့ပြောစကား အရတော့ တစ်လကို လေးငါး ခြောက်သိန်း လောက်တော့ ပြန်ပို့နိုင်တယ် ပြောတယ်။ ဒီမှာ လုပ်နေရတာ အမေတို့လည်း အသိပဲလေ။ ပုံမှန်ဝင်ငွေ လို့ကို မရှိဘူး။ တစ်ခါတလေ ငါးသောင်းလောက်ပဲ ရတာ။ နောက်ပြီး ဒီလိုသွားမှလည်း အသိအမြင် ကျယ်မှာ ဘာညာပေါ့လေ။ သူတို့ စိတ်ချမ်းသာအောင် ပြောပြရတာပေါ့။
အိမ်မှာ ကျွန်တော်က အငယ်ဆုံးဆိုတော့ မိဘတွေကတော့ မသွားစေချင်ဘူးပေါ့။ ဒါပေမဲ့လည်း အားလုံးလုပ်ကိုင် ပြီးနေပြီဆိုတော့ သွားပေါ့ လေ။ ဒီကြားထဲ နာဂစ်ဖြစ်နေတော့ ဖုံးတွေက ဆက်လို့ မရဘူး။ ကျွန်တော်တို့ဆို နာဂစ်ဖြစ်လို့ ဖြစ်မှန်းတောင် မသိပါဘူးဗျာ။ ဘာလို့ ဆက်လို့မရပါလိမ့်ပေါ့။ နောက် တော်တော်ကြီးကြာတော့မှ ဖုံး အဆက်အသွယ်ရ တယ်။ ဟာ ကျနေပြီ၊ အမြန်လာခဲ့တော့ တဲ့။ ပြောတော့ လိုအပ်တာတွေ ပြင်ဆင်။ အိမ်ကလည်း အခြောက်အခြမ်း၊ စား စရာ သောက်စရာတွေ လုပ် ပေါ့။
ပြီးတော့ ရန်ကုန်ကို ထွက်လာခဲ့တယ်။ အေးဂျင့်ကို ဖုံးဆက်တော့ လာခဲ့တော့။ လေဘာကဒ် လုပ်ရမယ် တဲ့။ ဒါနဲ့ သွားတော့ ဓါတ်ပုံတွေ ဘာတွေရိုက်။ လေဘာကဒ် လုပ်။ ဘာဝယ်လိုက်အုံး။ ညာဝယ်လိုက်အုံး။ အကုန်အစုံပေါ့ဗျာ။ ပိုက်ဆံဆိုတာ ကုန်လိုက်တာ မပြောပါနဲ့တော့။ ဘယ်လောက်မှန်းကို မမှတ်မိတော့ဘူး။
Safety သင်တန်းတက်ရမယ် ဆိုလို့ သွား။ သွားတော့ စောင့် စောင့်။ ဘာတွေ စောင့်ရမှန်း မသိဘူး။ ညနေ ၆ နာရီလောက်မှ သင်ရတယ်။ နောက်နေ့တွေလဲ ထပ်သွား။ မထူးပါဘူးဗျာ။ ဒါတွေပဲ ထပ်ကာထပ်ကာ သင်နေတာပဲ။ ဒါပေမဲ့ သူတို့ပြောတာ ဘာတွေမှန်းကို သေသေချာချာ နားမလည်ခဲ့ဘူး။
နောက်ပြီး welding သင်တန်း ဆက်တက်ရမယ် တဲ့။ လုပ်ပြန်ရော။ တက်ပေါ့။ welding ကလည်း ဟုတ်တိ ပတ်တိ မဟုတ်ပါဘူးဗျာ။ မီးကပြတ်သွားလိုက်။ welding ချောင်းတွေက မကောင်း။ လက်အိတ်ကမရှိ။ မီးတွေလောင်။ ဖိနပ်ကလည်း မကောင်းတော့ ဖိနပ်ထဲ မီးပွားတွေကျ။
အဲဒီမှာ ဆရာနှစ်ယောက် ရှိတယ်။ ကျွန်တော်ကလည်း ညစ်လာတော့ ကိုယ့်ဟာကိုယ် မဆော်တော့ပဲ ဆရာတစ် ယောက်ကို တိုးတိုးတိတ်တိတ် ပြောပြီး ဆော်ခိုင်းရတယ်။ ဆရာ၊ ကျွန်တော့် ကူပါဦးဗျာ ပေါ့။ သူကလည်း မငြင်းပါဘူး။ ရတယ် ဆိုပြီး ကူ ဆော်ပေးတယ်။ သူလဲ ဆော်ပြီးရော အဲဒီသံပြားယူပြီး ကိုယ်ဆော်ထားသလိုလို ဘာလိုလိုနဲ့ နောက် ဆရာတစ်ယောက် သွားပြတယ်။ ပြတော့ ဟာ မင်းဟာ မကောင်းသေးဘူးကွ။ ထပ် လေ့ကျင့်လိုက်ဦးတဲ့။ ကိုင်းဗျာ၊ သူတို့ ဆရာကိုယ်တိုင် ဆော်ထားတာမှ မကောင်းရင် ဘယ်သူဆော်တာ ကောင်းနိုင်တော့မလဲ တဲ့။ မှတ်ကရော့။
အဲဒီလို ရန်ကုန်သွားလိုက်၊ လှည်းကူးပြန်လာလိုက်နဲ့ တော်တော်လေး ကုန်သွားတယ်။ ထမင်းဝယ်စားတာ ရော၊ ကားခရော၊ ဟိုဟာ ဒီဟာလေးတွေ ၀ယ်တာရော ပေါ့။ နောက် ပထမ အသုတ် ထွက်သွားတယ်။ နောက်တော့ ဒုတိယ အသုတ် ထွက်သွားပြန်ရော။ ကျွန်တော်တို့က တတိယအသုတ် လို့ပြောတယ်။ ပြောပြီး ပိုက်ဆံ ချေရတော့မယ်။ စင်ကာပူ ဒေါ်လာ ၃၆၀၀ တဲ့။ ၃၆၀၀ ကို ဗမာကျပ် ၉၁၀ နှုံးနဲ့ ချေရမယ် တဲ့။ အဲဒီတုံးက ၂၀၀၈ ခုနှစ် ခြောက်လပိုင်း။ ကျွန်တော်တို့ အပြင်မှာ ပိုက်ဆံဈေးလိုက် စုံစမ်းတော့ စင်ကာပူ ဒေါ်လာက ၈၇၀ ဈေး ပဲ ပေါက်တယ်။ ဒါတောင် များများယူရင် လျှော့ဦးမှာ တဲ့။ ဒီတော့ ကျွန်တော်တို့ အပြင်ကနေ ၀ယ်ပြီး စင်ကာပူဒေါ်လာနဲ့ ချေဘို့ပြောတော့ သူတို့က လက်မခံဘူး။ သူတို့ဆီမှာ ၉၁၀ နှုံးနဲ့ ဗမာငွေ ချေရမယ် ပေါ့။
ဘယ့်နဲ့ မတရားသဖြင့်ဗျာ။ သူတို့က ကျွန်တော်တို့ကို သူတို့လက်ခုပ်ထဲကရေ ဆိုပြီး လုပ်ချင်တိုင်း လုပ်နေတာ ပြောပါတယ်။ အမှန်တကယ် ၃၆၀၀ ပေးရမယ်ဆိုလဲ ၃၆၀၀ ပြည့် ပြီးရောပေါ့ဗျာ။ ဘာနဲ့ပေးပေး၊ ဟုတ်တယ် မဟုတ်လား။ ခုတော့ အဲဒီလို မဟုတ်ဘူး။ ဒါ တမင်သက်သက် အမြတ်ကြီးစားတာ။ ဒီတော့ ကျွန်တော် ပိုက်ဆံတွေယူသွားပြီး ဘုန်းကြီး ပါခေါ်သွားတယ်။ ဘုန်းကြီးက တော်တော် စိတ်ဆိုးတယ်။ နင်တို့ဟာ ဘယ်တရားမလဲ။ ငါတို့ အပြင်မှာ ကိုယ့်ဟာကိုယ် ပိုက်ဆံဝယ်ပြီး ချေ မယ် ပြောတော့လည်း မရဘူး။ အဲဒီမှာ အချေအတင်တွေ ပြောကြတာပေါ့။
ကျွန်တော်ကလည်း သွားချင်နေတော့ သိပ် မပြောချင်တော့ဘူး။ နောက် ဒီလိုပဲ ဆစ်ကြရင်းနဲ့ ၉၀၀ ဈေးနဲ့ ချေပါတဲ့။ ပြောတယ်။ ကျွန်တော်လည်း အဲဒီဈေးနဲ့ပဲ ချေလိုက်တယ်။ တွက်ကြည့်ဗျာ။ တစ်ဒေါ်လာပေါ်မှာ ၃၀ နစ်နာရင် ၃၆၀၀ ဆို တစ်သိန်းကျော်လောက် နစ်နာတယ်။ လူတစ်ယောက် တစ်သိန်းနဲ့ဆို လူ ၄၀ ဆိုရင်ပဲ သူတို့ သိန်း ၄၀ ရနေပြီ။ တရားမရှိ ဓါးမရှိ၊ လုပ်ချင်တိုင်း လုပ်နေကြတာ။ ဘယ်သူမှလဲ မပြောကြဘူး။ ဒီအတိုင်း ချေလိုက်ကြရတာပဲ။
ပိုက်ဆံချေပြီး ၂၀ ရက်နေ့ ထွက်ရမယ် တဲ့ ပြောလိုက်တယ်။ ဒါပေမဲ့ ၁၈ ရက်နေ့ကျတော့ ဖုံးဆက်တယ်။ နေရာ ထိုင်ခင်း အခက်အခဲ ရှိလို့ ၂၀ ရက်နေ့ မထွက်ဖြစ်ဘူး။ ဇူလိုင်လ ၁ ရက်နေ့မှ ထွက်ရမယ်တဲ့။ ရက်ပြန်ချိန်းတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း စောင့်ရင်း အ၀တ်အစားတွေ ဘာတွေ ၀ယ်ပေါ့။ တစ်ခါ ၂၈ ရက်နေ့ကျတော့ ဖုံးပြန် ဆက်ပြန်ရော။ ၁ ရက်နေ့မထွက်ဖြစ်ဘူး၊ ၂၀ ရက်နေ့မှ ထွက်ရမယ် တဲ့။ ဖြစ်ပြန်ရော။ ရက်ချိန်းတွေ ပျက်ပျက်နေတော့ ကျွန်တော် အတော် လေးတောင် စိတ်ပျက်လာတယ်။ ဟုတ်မှ ဟုတ်ပါ့မလားပေါ့။ ဒါပေမဲ့ ၂၀ ရက်နေ့တော့ ထွက်ဖြစ်ပါတယ်။

၃။ မြက်နုရာ

ဒါနဲ့ ၂၀ ရက်နေ့ကျ အထုပ်အပိုးတွေ သယ်ပြီး လေဆိပ်ကို ထွက်လာခဲ့တယ်။ မနက် ၈ နာရီ အရောက် တဲ့။ ကျွန်တော်တို့ အသုတ်မှာ စုစုပေါင်း ၂၁ ယောက်။ ဒီလိုနဲ့ စင်ကာပူ ရောက်လာခဲ့တာပဲ။ ၂၀၀၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့။
ကျွန်းမှာ နေရမယ်၊ လုပ်ရမယ် ဆိုတာ စင်ကာပူ လေဆိပ်ရောက်မှ သိရတာ။ မင်းတို့ ကျွန်းမှာနေရမယ် ဆိုတော့ သိတဲ့သူ တွေက အာ၊ ကျွန်တော်တို့ အင်တာဗျူးတုံးက ကျွန်းဆိုတဲ့စကား တစ်လုံးမှ မပါခဲ့ဘူး။ ခုမှ ဘာဖြစ်လို့ ကျွန်းသွား လုပ်ရမယ် ဖြစ်တာတုံး နဲ့ ပြောကြ ဆိုကြ ပေါ့။ သူတို့ကလည်း လှည့်ပတ်ပြောတယ်။ စင်ကာပူဆိုတာလည်း ကျွန်းပဲကွ။ ဘာထူးလို့ လည်း တဲ့။ ကျွန်တော်တို့ကလည်း ဘာမှ သေသေချာချာ မသိတော့ မာမာထန်ထန် မပြောရဲဘူးပေါ့။
နောက်ပြီး ရှိသေးတယ်ဗျ။ ကျွန်တော်တို့က အ၀တ်အစားလောက်ပဲ သယ်လာတော့ ဘာပစ္စည်းမှ သိပ်မပါဘူး။ အ၀တ်အစား ဆိုတာတောင်ဗျာ၊ ကျွန်တော်တို့က စင်ကာပူမှာဆို အမှန်အကန်တွေကို ဈေးချိုချိုနဲ့ ၀ယ်လို့ ရနိုင်မယ် ဆိုပြီး သိပ် အများကြီး သယ်တာမဟုတ်ဘူး။ ဒီတော့ သူတို့က နဂိုကတည်းက အထုပ်အပိုးတွေ ပြင်ထားပြီး နင်က ဒါယူ၊ နင်က ဒါသယ် ဆိုပြီး တစ်ယောက် တစ်ထုပ်စီ ထည့်ပေးလိုက်တယ်။ စင်ကာပူလေဆိပ်ရောက်တော့ အဲဒီ အထုပ်တွေကို လာကြို နေတဲ့သူက လာယူ သွားရော။ နောက်မှ သိရတာက အဲဒီအထုပ်တွေ သယ်ခ သူတို့ ပိုက်ဆံရတာကိုးဗျ။ လုပ်လို့ရသမျှ တော့ အကုန်လုပ်စားတာပဲဗျို့။
လခကတော့ အရင် အင်တာဗျူးတုံးက ပြောထားတဲ့အတိုင်း ၄၅၀ ပေးပါတယ်။ ကျွန်တော်တို့က General worker ဆိုတော့ အစုံလုပ်ရတာပဲပေါ့။ ရောက်စတုံးက အလုပ်သိပ်မရှိသေးလို့ Tuas မှာရှိတဲ့ ရုံးချုပ်မှာ သွားဆင်းရတယ်။ အားပါး၊ အဲဒီမှာ ၅၆ လက်မ ပိုက်ကြီးတွေ စ တွေ့ဘူးတာပဲ။ တစ်ခါမှ မမြင်ဘူးတာ။ ပိုက်ကြီးတွေကို ချိန်းဘလောက်ကြီး တွေနဲ့ ဆွဲ။ ဆွဲတဲ့ကောင် ဖျား။ နောက်နေ့ နောက်တစ်ယောက် ထပ်ဆွဲ။ အဲဒီကောင်ပါ ထပ်ဖျား။ အနို့ တစ်ခါမှ မလုပ်ဖူးပဲ ကိုး။ ဒါနဲ့ ကျွန်တော့်အလှည့် ရောက်ရော။ သောကြာနေ့။ ကျွန်တော်လည်း ကိုယ်တတ်နိုင်သလောက် ဆွဲတာပေါ့။
နောက်နေ့ စနေနေ့ ကျတော့ မျက်နှာသစ်မယ်လို့ အောက်ဆင်းလိုက်တော့ တစ်ခါထည်း မျက်စိတွေ ပြာပြီး လဲကျ သွားတော့တာပဲ။ ကျွန်တော်ထင်တာတော့ အားနည်းပြီး မူးလဲတာ ထင်တာပဲ။ အဲဒါ သူငယ်ချင်းတွေက ၀ိုင်းပွေ့ပြီး အခန်းပြန်ခေါ်လာ။ အစာလေးဘာလေးစား။ အိပ်ပြီး အားပြန်မွေးပေါ့။ ဒါပေမဲ့ ညထိ မသက်သာသေးဘူး။ ဒါနဲ့ ဆေးခန်း သွားပြတယ်။ ဆေးတွေဘာတွေ သောက်လိုက်တော့မှ ပြန်ကောင်းသွားတယ်။ တနင်္လာနေ့ အလုပ်ပြန်ဆင်းတယ်။ အဲဒီမှာ
ဓါတ်တွေက ချုပ်၊ အစားက မစားနိုင်။ အိမ်က လုပ်ပေးတာလေးနဲ့ပဲ စား။ တစ်နေ့တစ်နေ့ ယောင်လည်လည် နဲ့ အချိန် ကုန်သွားတာပါပဲ။ ဘာမှ ဟုတ်တိပတ်တိ မလုပ်ရသလို၊ ဘာမှလည်း တိုးပြီး တတ်မလာပါ ဘူးဗျာ။
သူများတွေကမှ အိုတီ(OT – Over Time - အချိန်ပို) လေးဘာလေး ရှိသေးတယ်။ ကျွန်တော်တို့အဖွဲ့ကတော့ တနင်္ဂနွေ ဆင်းရဘို့မပြောနဲ့၊ စနေနေ့တောင် တစ်ခါတလေမှ ဆင်းရတာ။ အဲတော့ စိတ်က အတော့်ကို ပျက်လာတယ်။ ကျွန်တော်တို့က လခနည်းတော့ အိုတီပဲ အားထားနေရတာကိုး။ လုပ်ရတာလည်း ကြည့်ဦး။ ထီးလေး မိုးပေးလိုက်။ welding ချောင်းလိုတယ် ဆို သွားယူပေးလိုက်။ အဲသလောက်ပဲ။ တခြား ဘာမှာ ဟုတ်တိပတ်တိ လုပ်ရတာ မရှိဘူး။
ဒီကြားထဲ လူတွေကလည်း အမျိုးမျိုးဗျ။ ကိုယ် အိုတီမရ ရင် သူများအလုပ်ဆင်းရတာ မနာလိုတဲ့ကောင် တွေလဲ ရှိတယ်။ ကျွန်တော်တို့ကို လာလာမေးတယ်။ မင်းတို့ ဒီအပတ် အိုတီ ရှိလားပေါ့။ ကျွန်တော်က မရှိပါဘူးကွာ လို့ ဖြေလိုက်ရင် တချို့ကျတော့လည်း တကယ် စိတ်မကောင်းပါဘူး။ တချို့ကျတော့လည်း ကျိတ် ၀မ်းသာကြတယ်။
အိုဗာတိုင် မဆင်းရပါများလာတော့ ကျွန်တော် စူပါဗိုက်ဆာ (Supervisor) ကို သွားပြောတယ်။ ငါ မင်းဆီမှာ လုပ်ရတာ အိုတီလည်း မရဘူး။ ဒီတော့ ငါ အဖွဲ့ပြောင်းချင်တယ် ဆိုတော့ သူကလည်း ဘာမှ မပြောပါဘူး။ အေးလေ၊ ပြောင်းပေါ့ တဲ့။ အဲလိုနဲ့ နောက်အဖွဲ့ရောက်မှ Sunday လေးဘာလေး ဆင်းရတော့တယ်။ ကျွန်တော်တို့ကလည်း ဒီနေရာ လေးမှာ မြဲအောင် ကြိုးစားပမ်းစား လုပ်ပြရတာပေါ့။
ကျွန်တော်တို့လုပ်နေတာ နောက်တစ်ဖွဲ့က မြင်တော့ ကျွန်တော်တို့ လေးယောက်ကို နောက် တရုပ်တစ်ဖွဲ့က ခေါ်တယ်။ ခေါ်တော့ ကျွန်တော်တို့ နောက်တစ်ဖွဲ့ ရောက်သွားပြန်ရော။ အဲဒီမှာလည်း သိပ်မဆိုးပါဘူး။ အိုဗာတိုင် ရတယ်။ အိုတီကောင်းရင်တော့ တစ်လကို ၆၀၀ လောက် ရတယ်။ MC (ဆေးခွင့်) ယူရင် တစ်ရက်ကို ၁၂ ကျပ် ဖြတ်တယ်။ ကျွန်တော်တို့ကလည်း မသိဘူး။ နောက်ပြီး တစ်ယောက်က ပြောသေးတယ်။ ကုမ္ပဏီကို မင်းတို့ သွားမတိုင်နဲ့နော။ မင်းတို့ က ဘာနားမလည်၊ ညာနားမလည်နဲ့။ အုတ်နံရံကို ခေါင်းနဲ့ဆောင့်သလို နေမှာပဲ တဲ့။ ကျွန်တော်တို့လည်း သူတို့လုပ်သမျှ ငြိမ်ခံနေရတာပေါ့ဗျာ။ အနို့ ကိုယ်မှ ဘာမှမသိတာကိုး။ ကျွန်တော်တို့ဟာ အောက်ဆုံးက နင်းပြားတွေပါပဲဗျာ။
ဒါတင် မကသေးဘူး။ ကျွန်တော်တို့ကို ထမင်းဘိုးဆိုပြီး ဖြတ်သေးတယ်။ လစဉ်ဖြတ်တာ။ တစ်လကို ၇၅ ကျပ်။ တစ်လလုံးစားလို့ ၇၅ ကျပ်ဖြတ်တာ ထားပါဗျာ။ ဟို ရောက်စလက ဆို ကျွန်တော်တို့ ဒီမှာ နေတာ ၅ ရက်ပဲ ရှိသေးတယ်။ အဲဒီလမှာလည်း ထမင်းဘိုး ဆိုပြီး ၇၅ ကျပ် ဖြတ်ထားတယ်ဗျာ။ ရုံးက စာရေးမတွေကလည်း အလုပ်မလုပ်ပါဘူးဗျာ။ ဒီမှာ ဘာဖြစ်နေလို့ ဖြစ်နေမှန်းလည်း မသိ၊ လူကြီးတွေကလည်း ဂရုမစိုက်။
ဟို တစ်နေ့ကဆို ကျွန်တော်တို့ ကျွန်းဝင်ခွင့်လက်မှတ်တွေ အားလုံး သက်တမ်းကုန်သွားပြီ။ အဲဒါကို သူတို့ မသိကြဘူး။ အဲဒီနေ့ ကျွန်တော်တို့ ၀င်လို့မရတော့မှ ရုံးရုံး ရုံးရုံး နဲ့။ မျက်ကလဲ ဆန်ပြာ ထလုပ်ကြတယ်။ ဘာ plan (စနစ်) မှ မရှိပါဘူးဗျာ။
ခုတော့ ဖစ်တာ ဖောလို(Pipe Fitter follower) (ပိုက်ဆက်ကျွမ်းကျင်သူကို ကူညီညာ လုပ်ကိုင်ပေးရသူ) လုပ်ရ တယ်။ တစ်လကို အိမ်ကို နှစ်သိန်းခွဲ သုံးသိန်းပို့နိုင်တယ်။ တခါတလေ အလုပ်ပါးရင်တော့လည်း နှစ်သိန်းပေါ့။ တစ်လမှ ၃၀၀ ကျော်ပဲ ပြန်ပို့နိုင်တာ ဆိုတော့ အရင်းကျေဘို့တင် တစ်နှစ်ကျော် လုပ်ယူရမယ်ဗျို့။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ။ ကျန်တဲ့တစ်နှစ် အမြတ်လို့ပဲ သဘောထားရတော့မှာပေါ့။
ကျွန်တော်ကတော့ဗျာ၊ ကိုယ်ကလည်း ပညာတတ်မဟုတ်တော့ ဒီအတိုင်းကြီး တစ်သက်လုံး လုပ်သွားဘို့ဆိုတာ ဘယ် ဖြစ်နိုင်လိမ့်မလဲ။ ကိုယ်တွေက အိမ်မှာ မင်းသားလို နေလာခဲ့တာ။ ဒီကျမှ အလုပ်ကြမ်း လုပ်ရတာ ဆိုတော့ အမေ တို့သာ သိရင် တော်တော် စိတ်မကောင်း ဖြစ်မှာပဲ။ အဲဒီတော့ ကျွန်တော် မှန်းတာက ထိုက်သင့် အားလျော်တဲ့ ရင်းနှီးစား သောက်လောက်တဲ့ အရင်းအနှီးလေး တစ်ခု ပိုက်မိပြီ ဆိုရင် ဗမာပြည် အပြီးပြန်ပြီး ကိုယ့်စီးပွားရေးကိုယ်ပဲ လုပ်မယ်လို့ စိတ်ကူးထားတယ်။ အိုးမကွာ အိမ်မကွာ လုပ်ရတာပေါ့။
နေဦးဗျ။ အစ်ကို ကျွန်တော့်အကြောင်း ရေးမယ်ဆို နာမည်ရင်းတွေ မထည့်မှ ဖြစ်မှာနော။ မဟုတ်လို့ အိမ်က ဒီအကြောင်းတွေ သိသွားရင် စိတ်မကောင်း ဖြစ်နေဦးမှာ။
အဲဒါပါပဲဗျာ၊ ကျွန်တော့်အကြောင်း။ ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။

သုံးသပ်ချက်။
ဤတွင် ထင်ရှားသော အချက်တစ်ခုမှာ အေးဂျင့်ဖီး ငွေချေစဉ်က ပိုက်ဆံကို မတရားသဖြင့် တောင်းခြင်း ဖြစ်ပါ သည်။ မိမိစိတ်ကြိုက် အေးဂျင့်ဖီး တောင်းပြီးသည့်နောက် သူတို့ဟာ သူရို့ ကြိုက်သည့်နည်း နှင့် ချေခွင့်ပေးသင့်ပါသည်။ ထိုပိုက်ဆံနှင့် ညီမျှလျှင် လက်ခံရမည်သာ ဖြစ်ပါ၏။ ထို့ပြင်လည်း မြန်မာငွေနှင့် လက်ခံလိုသည်ဖြစ်ပါက ကာလပေါက်ဈေး နှင့်သာ တောင်းယူသင့်ပါသည်။ နှစ်ထပ်ကွမ်း အမြတ်ထုတ်ရန် မသင့်ပါ။