Thursday, March 28, 2024

ကျွန်ုပ်နှင့် မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကြီး အကြောင်း

‘မိန်းမဟူဘိ၊ ထိုဣတ္ထိတို့

မရှိမကောင်း၊ ရှိမကောင်းနှင့်

မပေါင်းလည်းခက်၊ ပေါင်းလည်းခက်၏’ ဟူသော လင်္ကာအပိုင်းအစလေးကို ကျွန်ုပ် ငယ်စဉ်ကပင် ကြားဖူးမှတ်ဖူး ခဲ့ပါ၏။ ဘယ်အရွယ်က ဘယ်နေရာတွင် ဘယ်ကဲ့သို့ မှတ်ဖူးခဲ့ရသည်ကိုမူ မမှတ်မိတော့။

 

အတန်ငယ်ကြီးလာသည့်အခါ အထက်တန်းကျောင်းသားဘဝ ဆယ်ကျော်သက်ဘဝတွင် ကဗျာများကို လေ့လာမှတ်သား သည့်အခါ၌ ပုတ္တောဝါဒပါ ကဗျာပိုဒ်ကလေးများကို နှုတ်တက် အာဂုံဆောင်မိခဲ့ပြီး မဃဒေဝ လင်္ကာသစ်နှင့် ရင်းနှီး လာခဲ့ရ၏။ သို့တိုင် ကြားသာကြားဖူးပြီး မဃဒေဝ လင်္ကာသစ်ဟူသည် အဘယ်ဖြစ်သည်ကို မသိသေး။ သံဝရပျို့တို့ကဲ့သို့ ပျို့ခပ်သေးသေး တစ်ခုဟုသာ ထင်ခဲ့မိ၏။

 

ဆယ်တန်းအောင်ပြီး ကျွန်ုပ် ဒေသကောလိပ်တက်တော့ ဟင်္သာတဒေသကောလိပ်တွင် တက်ရ၏။ တောင်ရိုးနားက ရွာမှာမွေးသည့် ကျွန်ုပ်တို့မှာ မြို့ပြင်ကနား၌ မည်သည့် အဆွေအမျိုးမှ မရှိ။ သည်တော့ ဦးပဉ္စင်းဘဝနှင့် ဟင်္သာတတွင် အငယ်တန်းတက်နေသော ဆွေမျိုးနီးစပ် ဦးပဉ္ဇင်းတင်ဝင်း အကူအညီနှင့် သူတက်နေသည့် မိုးကောင်းကျောင်းတွင် နေခွင့်ရ၏။ ဆရာတော်က ဘုန်းကြီးတို့ကျောင်းမှာ ဘယ်ကျောင်းသားမှ မထားဘူး။ ဒါပေမယ့် ဒကာလေးကတော့ နေစရာမရှိတဲ့အတွက် ခြွင်းချက်အနေနဲ့ ထားပေးမယ် ဆို၍ မိုးကောင်းကျောင်း၌ နေခွင့်ရ၏။ ကျွန်ုပ်နေရသည့် ကျောင်းဆောင်မှာ သင်္ချိုင်းကုန်းနှင့်ကပ်လျက် မေဃဝတီတိုက် ဖြစ်၏။

 

မိုးကောင်းကျောင်းမှာ စာသင်တိုက်ကြီးဖြစ်ပြီး မူလတန်းမှစ၍ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းများကို သင်ကြားပေး၏။ ဓမ္မာစရိယတန်းပါမပါ သိပ်မမှတ်မိတော့ပါ။

 

ဆိုတော့ စာဖတ်ဝါသနာပါသူ ကျွန်ုပ်အနေနှင့် စာသင်သား ဦးပဉ္ဇင်းများထံ၌ ဗုဒ္ဓဘာသာစာပေများ တဝကြီး ဖတ်ခွင့် ရလေ၏။ 

 

များမကြာမီပင် ကျွန်ုပ်အနေနှင့် အနည်းအကျဉ်းလောက်သာ မစို့မပို့ ဖတ်ဖူးလျက် တစ်အုပ်လုံးကို ဖတ်ချင်နေသည့် ‘မဃဒေဝ လင်္ကာသစ်’ စာအုပ်ကြီးနှင့် ပက်ပင်းပါ တိုးလေတော့၏။ စာအုပ်ပိုင်ရှင်က ဦးပညိန္ဒ ထင်ပါသည်။

 

ဘလ္လာတိယပျို့၊ သံဝရပျို့နှင့် မုဒုလက္ခပျို့တို့လောက်သာ မြင်ဖူးသည့် ကျွန်ုပ်မှာ ‘မဃဒေဝ လင်္ကာသစ်’ စာအုပ်ကြီးကို တွေ့လိုက်ရာ လန့်ဖြတ်၍ပင် သွားလေသော ဟူ၏။ စာအုပ်ကြီးမှာ သာသနာရေးဦးစီးဌာနက ထုတ်သည့် စာအုပ်ကြီး ဖြစ်လျက် ရန်ဖြစ်၍ စာအုပ်နှင့် လူကို ကောက်ရိုက်လျှင်ပင် သေနိုင်လောက်ပေ၏။

 

ကျွန်ုပ်မှာ နေပူပူ၌ ပင်ပင်ပန်းပန်းလမ်းလျှောက်အလာ ရေငတ်လွန်းမက ငတ်နေချိန်၌ ဘီယာစည်ထဲ ပြုတ်ကျသကဲ့သို့ ဖြစ်ပြီးသကာလ မဃဒေဝကို တစ်အုပ်လုံးကူးရန် စိတ်ကူးလေတော့သတည်း။ 

 

သို့သော်လည်း ပထမစာမျက်နှာအနည်းငယ်ကူးပြီး စိတ်ကူးတမျိုးပြောင်းသွား၏။ 

စာအုပ်ကြီးမှာ စာမျက်နှာ ၅၀၀ ကျော်လောက်ရှိရာ တစ်အုပ်လုံးကူးဘို့ မလွယ်။ သို့နှင့် ကျွန်ုပ် အလွန်နှစ်သက်လှသည့် ပုတ္တောဝါဒခန်းကိုသာ ကူးလေတော့၏။ 

 

တစ်ခုကံကောင်းသည်မှာ ကျွန်ုပ် စာသင်သားဦးပဉ္ဇင်းများနှင့် အတူနေရခြင်းဖြစ်၏။ 

ပြောတော့သာ လွယ်တာခင်ဗျာ။ အချို့စာပိုဒ်များကလွဲလို့ မဃဒေဝကို တော်ရုံနှင့် နားမလည်နိုင်။

သူ့ဟာက ပါဠိလိုတွေ၊ ပေါရာဏတွေ၊ ဗုဒ္ဓစာပေစကားတွေ ရောပြွမ်းထည့်ထားလေရာ ကျွန်ုပ်မှာ ဖတ်ပြီး နားမလည်တိုင်း ဦးပဉ္ဇင်းများကို မေးရလေသောဟူ၏။  

 

ကျွန်ုပ်သည် မဃဒေဝလင်္ကာသစ်ကြီးကို ဖတ်ပြီးသကာလ မန်လည်ဆရာတော်ဘုရားကြီးကို အကြိမ်ကြိမ် ဦးခိုက်မိလေ၏။

 

မဃဒေဝလင်္ကာသစ်နှင့် အခြားပျို့ကဗျာ၊ လင်္ကာတို့မတူသည့်အချက် များစွာ ရှိသည့်အနက် . . .

 

ပထမဆုံးအကြောင်းတစ်ခုမှာ မဃဒေဝလင်္ကာသစ်ကို သီကုံးခဲ့သည့် မန်လည်ဆရာတော်ဘုရားကြီးသည် ၎င်း၏ မဃဒေဝလင်္ကာကြီးကို ကျေနပ်အားရနိုင်သည်မရှိဘဲ နောက်ဆုံး ပျံလွန်တော်မူသည်ထိ အထပ်ထပ် သုတ်သင် မွမ်းမံ ပြင်ဆင်နေခဲ့ခြင်း ဖြစ်၏။

 

မည်သည့် ပျို့ကဗျာ၊ လင်္ကာဆရာမှ မိမိရေးပြီးသား ပျို့ကဗျာ၊ လင်္ကာကို ထပ်မံပြုပြင်တည်းဖြတ်သည်မရှိ။

မဲဇာတောင်ခြေ second version ဟူသည်မရှိ။

မုဒုလက္ခဏာပျို့ revised version ဟု မရှိ။

ဂါထာ ၆၀ ပြင်ဆင်ရေးသားချက်ဟု မရှိ။

 

သို့သော် မဃဒေဝလင်္ကာသစ်ကြီးကိုမူ မန်လည်ဆရာတော်ကြီးသည် ဆယ်ဝါအရတွင် စတင်ရေးသား၏။ သာသနာရေး ကိစ္စများကြောင့် အပြီးမသတ်နိုင်ဘဲ ၁၂၆၆ ခုနှစ်တွင်မှ ဆက်လက်ရေးသား အဆုံးသတ်ခဲ့၏။ (ထို့ကြောင့် မဃဒေဝ လင်္ကာကြီး၏ သက်တမ်းမှာ နှစ်ပေါင်း ၁၂၀ ပြည့်လေပြီ။)

 

ပထမစာမူနှင့် ဒုတိယစာမူတို့ကို ပုံနှိပ်ထုတ်ဝေခဲ့သည့်တိုင် ဆရာတော်ဘုရားကြီးသည် ၁၂၈၁ ခုနှစ်တွင် ပြန်လည် ပြင်ဆင် ရေးသားခဲ့ရာ တတိယစာမူတွင် ဒုတိယစာမူထက် နုတ်ပယ်ချက် (၈) ခု၊ ပြင်ဆင်ချက် ၅၅၅ ခု၊ ဖြည့်စွက်ချက် (၉၉၇) နှင့် အခန်း (၆) ခန်း၊ အခန်းငယ် (၅၀), စာပိုဒ်ပေါင်း (၆၂၅) ပိုဒ် ရှိလာခဲ့၏။

 

ဤသည်မှာ မဃဒေဝလင်္ကာကြီးနှင့် အခြား ပျို့ကဗျာများ ခြားနားချက် ဖြစ်၏။

 

ဒုတိယတစ်ချက်မှာ အခြား ပျို့ကဗျာများသည် မိမိတို့စပ်ဆိုသည့် အကြောင်းအရာတစ်ခုတည်းကိုသာ ဖွဲ့ဆိုလေ့ ရှိကြ၏။ မယ်ဘွဲ့ဆိုလျှင် မယ်အကြောင်း၊ မောင်ဘွဲ့ဆိုလျှင် မောင်အကြောင်း၊ ရာသီဘွဲ့ဆို ရာသီအကြောင်း၊ တစ်ခုစီသာ ပါလေ့ ရှိကြ၏။ 

 

သို့သော် မဃဒေဝလင်္ကာသစ်ကြီးကား စေ့တကာ စုံလှပါပေ၏။

မဃဒေဝ၏ မူရင်းဇာတ်တော်မှာ နေမိဇာတ်တော်မှ မဃဒေဝမင်းအကြောင်း ဖြစ်၏။ 

သို့သော် လင်္ကာကြီးကိုဖွဲ့ဆိုရာ၌ မဃဒေဝမင်းအကြောင်းမျှသာ မဟုတ်မူ၍ ဆရာတော်ကြီးက ဗဟုသုတရစရာ အကြောင်းအရာများကို ဟင်းလေးအိုးကြီးသဖွယ် စုဆောင်းထည့်သွင်းထား၍ စာဖတ်သူများအနေနှင့် ဖတ်၍မကုန် မှတ်၍မဆုံး ဖြစ်ရလေတော့သတည်း။

 

မဃဒေဝလင်္ကာသစ်ကြီးတွင် လောကီလူသားတို့ လိုက်နာရန် နီတိ၊ ဆုံးမစကားများကို ပုတ္တောဝါဒခန်းတွင် တဝကြီး ဖတ်ကြရမည်။

 

နက္ခတ်ကြောင်း၊ ဓာတ်အကြောင်း၊ စိုက်ပျိုးရေးအကြောင်း၊​ သတ်ပုံ၊ ရာဇဝင်၊ မူးမတ်တို့ကျင့်သုံးရမည့်တရား၊ စစ်တုရင်ကစားနည်း၊ ကျန်းမာရေးအတွက် လမ်းညွှန်ချက်၊ မိန်းမဆိုး၊ မိန်းမမြတ်တို့အကြောင်း၊ ယောက်ျားဆိုး၊ ယောက်ျားမြတ်တို့ အကြောင်း . . . 

 

“အနှစ်ပညာ၊ မရှိပါက၊ အင်္ဂါခြေလက်၊ ယောက်ျားလျက်လည်း၊ မိန်းမထက်သာ၊ ယုတ်မာဆိုးဝါး၊ မိုက်လုံးထွားသည်။       ။ နွားနှင့်ကျားနှင့် အတူတည်း” ဟူ၍လည်းကောင်း၊

 

စစ်ရေးစစ်ရာနှင့်ပတ်သက်၍ “ဗိုလ်ထုအင်အား၊ ငါကြီးမားဟု၊ မကိုးစားရာ၊ ရံတခါနှိုက်၊ ကြမ္မာမတော်၊ ခါမလျော်မူ၊ ချွတ်ချော်ရေးရာ၊ ပျက်တတ်စွာရှင့်” ဟူ၍လည်းကောင်း၊ 

 

ဗေဒအဟောနှင့် ပတ်သက်၍ “စီးလဂ်ညံ့ညှိုး၊ တိုင်ကျိုးဆည်ပေါက်၊ တန်းအောက်ကျအိပ်၊ အနှိပ်အနာ၊ ကိုယ့်ဇာတာဝယ်၊ ကောဇာကောဝိန်၊ ဆတ္တိန်တြင်း၊ နဝင်း နက္ခတ်၊ မိတ္တုနတ်ဟု၊ ပါဒ်ပါဒ်ခြောက်ခု၊ မြွေပွေးတုသို့၊ အာယုခိုက်ထိ၊ ပူတိ ဘင်္ဂ၊ မရဏနှင့်၊ ကဏ္ဍသုံးခွင်၊ ထွက်ဝင်လာ၊ ဒသာမသန့်၊ အတန့်မကောင်း၊ သံတောင်းစီးနင်း၊ ပါပခြင်း၍၊ . . .” ဟူ၍လည်းကောင်း၊

 

ကျွန်ုပ်ဉာဏ် တစ်မိုက်လောက်နှင့် မဃဒေဝလင်္ကာသစ်ကြီးကို ချီးကျူးဘို့ရာ မစွမ်းသာပါ။ အားလုံးကို နားလည်ဘို့ မဆိုထားပါနှင့်။ သုံးပုံတစ်ပုံမျှ (အဲလေ များလွန်းပါသေးသည်။) ငါးပုံတစ်ပုံလောက်မျှ နားလည်မည်ဆိုလျှင်ပင် ငါကား အလွန့်အလွန်တော်လှလေစွတကား ဟု လက်ခမောင်း ခတ်ရတော့မည် ဖြစ်၏။ 

 

အမှန်စင်စစ် အဖွင့်ကျမ်း၊ အဖြေကျမ်းများ မရှိဘဲ မဃဒေဝကို အပြည့်အစုံနားလည်ဘို့ရာ မလွယ်လှပါ။ တကယ့်စာတတ် အကျော် ပုဂ္ဂိုလ်ကြီးများမှသာ တတ်နိုင်ပါလိမ့်မည်။

 

အကယ်၍သာ ကျွန်ုပ်သည် မြန်မာစာတွင် ပါရဂူဘွဲ့ယူ ကျမ်းပြုခွင့်ရသူတစ်ဦး ဖြစ်ခဲ့ပါမည်ဆိုလျှင် ကျွန်ုပ်ရွေးမည့် ခေါင်းစဉ်မှာ . . . 

 

“မဃဒေဝလင်္ကာသစ် လေ့လာချက်” စာတမ်းကို ရွေးချယ်မိမည် ဖြစ်ပါတော့သတည်း။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၈ မတ်လ၊ ၂၀၂၄

Tuesday, March 26, 2024

လည်ပင်းကိုတစ်ရစ် တိုး၍ညှစ်ခြင်းအကြောင်း

မြန်မာပြည်မှာ သောက်ပြဿနာတွေ တက်သလို စလုံးမှာလည်း အလုပ်တွေကြပ်သထက် ကြပ်လာလျက် ရှိ၏။ 

ဟိုတစ်နေ့က အသိတစ်ယောက်နှင့် စကားပြောတော့ ဘယ်လောက်ဆိုးသလဲဆို သူတို့ကုမ္ပဏီက S Pass အားလုံးကို pass များ သက်တမ်းတိုးမပေးတော့ဘဲ အကုန်ပြန်လွှတ်သည်။ တချို့ Work Permit ပြောင်းချင်သူတွေကိုတော့ Work Permit နှင့် ဆက်လုပ်ခိုင်းသည်ဆို၏။

 

ကျွန်ုပ်အသိ ကောင်လေးတစ်ယောက်ဆိုလျှင်လည်း သူ့ S Pass ကို သက်တမ်းဆက်မတိုးပေးဘဲ work permit ပြောင်းလိုက ပြောင်းပေးမည်ဆို၏။

 

အခု တစ်ညိုးဖစ်ရပြန်ပြီ ခညာ။ 

 

နံနံခြားအလုပ်သမားများသည် လုပ်ငန်းခွင်မဝင်မီ သက်ဆိုင်ရာ Safety သင်တန်းများ တက်ကြရ၏။ ဆောက်လုပ်ရေး လုပ်သားများအတွက် ယခင်က CSOC ၊ ယခု Apply WSH in Construction Sites သင်တန်းကို တက်ကြရ၏။​ ထိုသင်တန်းပြီးဆုံးချိန်၌ စာမေးပွဲ ဖြေကြရ၏။ ထိုစာမေးပွဲအောင်မှ Safety Pass ကတ်ထုတ်ပေးကာ ထိုကတ်ဖြင့် အလုပ်လုပ်ကြရ၏။ ထိုသင်တန်းမတက်ဘဲ၊ ထိုကတ်မရှိဘဲ အလုပ်လုပ်လို့မရ။ ဤသည်မှာ ဥပဒေဖြစ်လျက် ထိုဥပဒေကို ချိုးဖောက်ပါက အလုပ်ရှင်ကိုလည်း အရေးယူမည်။ အလုပ်သမားကိုလည်း အရေးယူလို့ရ၏။

 

စာမေးပွဲတွင် (MCQ 40 Questions) မှားမှန်ရောထွေး အမှန်ရွေး မေးခွန်းပေါင်း အပုဒ် (၄၀) ပါ၏။ 

ယခင်က ထိုစာမေးပွဲကို OAS (Optical Answer Sheet) စက္ကူအဖြေလွှာပေါ်တွင် ခဲဖြင့်ခြစ်ကာ ဖြေရ၏။

မေးခွန်းမှာ စုစုပေါင်း အစုံ (၂၀) ရှိပြီး မေးခွန်းပေါင်း (၄၀) ကို ကုလားဖန်ထိုးကာ ထို အစုံ (၂၀) ပြင်ထား၏။ 

ဆိုလိုသည်မှာ နံပတ်ပင် မတူလင့်ကစား မေးခွန်းအားလုံးမှာ အတူတူပင်ဖြစ်၏။

ဆိုတော့ သင်တန်းဆရာအနေနှင့်လည်း ဟကောင်တွေ ဒါမျိုးတွေ မေးတတ်သဟ ဟု အရိပ်အမြွက် ပြောပြလို့ရ၏။

 

၂၀၂၄ ခုနှစ် ဇန္နဝါရီလမှစကာ မေးခွန်းများကို စက္ကူပေါ်တွင် မဖြေရတော့ဘဲ အီးသင်ပုန်းနှင့် ဖြေကြရတော့၏။ 

ဖြေပုံပြောင်းသည်သာမက မေးခွန်းပုံစံလည်း ပြောင်းလေ၏။

ယခင်က မေးခွန်း အစုံ (၂၀) ပင် ရှိလင့်ကစား မေးခွန်းအားလုံး အတူတူပင်ဖြစ်၏။

ယခု မေးခွန်း အစုံ (၂၀) မှာမူ တစ်ခုနှင့်တစ်ခုမတူ။

မေးခွန်းတစ်စုံတွင် PPE နှင့် ပတ်သက်သည်များ မေးပါက ထိုမေးခွန်းတစ်ခုလုံး PPE မေးခွန်း အတော်များများ ပါလေ၏။ သို့သော် ထိုမေးခွန်းမျိုး အခြားမေးခွန်းတစ်စုံတွင် မပါ။

မေးခွန်းတစ်စုံတွင် ကော်မတီနှင့် ပတ်သက်သည်များ မေးပါက ထိုမေးခွန်းတစ်ခုလုံး ကော်မတီမေးခွန်း အတော်များများ ပါလေ၏။ သို့သော် ထိုကော်မတီမေးခွန်းများ အခြားမေးခွန်းတစ်စုံ၌ မပါ။

 

နောက်ပြီးတော့ တချို့မေးခွန်းတွေမှာ သင်သည့်အထဲ၌ မပါ။

အဆိုးဆုံးကား သောက်တလွဲဘာသာပြန်များဖြစ်သတည်း။

တချို့မေးခွန်းတွေဆို ကျွန်ုပ်ကိုယ်တိုင်ပင် ဘာမေးထားမှန်း နားမလည်ပါ။ အဖြေတွေ ကြည့်ပြန်တော့လည်း ဘာဖြေလို့ ဖြေထားမှန်းတောင်မသိ။ တကယ့်ကို $$$$$$$$$စ်တလွဲ ခင်ဗျာ။

 

ဆိုတော့ သင်တန်းဆရာများမှာ မေးခွန်းအကြောင်း ဘာကို ဘယ်လိုပြောရမှန်းတောင် မသိတော့။

သို့တိုင် ဘယ်လိုဖြေဖြေ ၂၄ ပုဒ်မှန်လျှင် အောင်မည်။ သိပ်မဆိုးလှသေး။

 

ဟော - နောက်ထပ်တစ်ရစ်၊ 

ဗြစ်ဗြစ်မြည်အောင် ထပ်လို့ကျစ်

 

အရင်တုံးက အောင်မှတ် ၆၀% ဆိုတော့ MCQ အပုဒ် (၄၀) မှာ ၂၄ ပုဒ်မှန်ရင် အောင်ပြီ။ 

ဘယ်လိုမှန်မှန်၊ မှန်ရင်ရပြီ။

 

အခု အဲသလို မဟုတ်တော့ပါဒဲ့ခညာစ်။ 

 

မေးခွန်းတွင် သာမန်ဗဟုသုတ (Generic questions) နှင့် -

အသုံးချနယ်ပယ် (Applied questions) ဟု နှစ်ပိုင်းပါသည် ဆို၏။

အရင်တုံးက ဘယ်နှစ်ပိုင်းမှာ ဘယ်လောက်ပဲရရ စုစုပေါင်း ၂၄ ပုဒ်မှန်ရင်ရပြီ။

 

အခုကျဒေါ့စ် . . .

 

သာမန်ဗဟုသုတ (Generic questions) အပုဒ် (၂၀) တွင် (60%) ၁၂ ပုဒ် အနည်းဆုံးမှန်ရမည်။ 

အသုံးချနယ်ပယ် (Applied questions) အပုဒ် (၂၀) တွင် (60%) ၁၂ ပုဒ် အနည်းဆုံးမှန်ရမည်။

သို့မှ အောင်မည်။ အောင်မငီးစ်

 

အကယ်၍ ကံဆိုးသူမောင်ရှင်သည် . . .

 

(၁)

သာမန်ဗဟုသုတအပုဒ် (၂၀) တွင် ၁၄ ပုဒ်မှန်သည် (၇၀%)

အသုံးချနယ်ပယ် အပုဒ် (၂၀) တွင် ၁၀ ပုဒ်မှန်သည် (၅၀%) . . . ဆိုကြပါစို့။

စုစုပေါင်း အဖြေမှန် ၂၄ ပုဒ်ဖြစ်သည့်တိုင် ကျမည်။ ဒန်တန့်တန်

 

(၂)

သာမန်ဗဟုသုတအပုဒ် (၂၀) တွင် ၁၈ ပုဒ်မှန်သည် (၉၀%)

အသုံးချနယ်ပယ် အပုဒ် (၂၀) တွင် ၁၀ ပုဒ်မှန်သည် (၅၀%) . . . ဆိုကြပါစို့။

စုစုပေါင်း အဖြေမှန် ၃၈ ပုဒ်ဖြစ်သည့်တိုင် ကျမည်။ ဒန်တန့်တန်

 

အကယ်၍ မောင်ကျောင်းသားသည် . . . 

သာမန်ဗဟုသုတအပုဒ် (၂၀) တွင် ၁၃ ပုဒ်မှန်သည် (၆၅%)

အသုံးချနယ်ပယ် အပုဒ် (၂၀) တွင် ၁၂ ပုဒ်မှန်သည် (၆၀%) . . . ဆိုကြပါစို့။

စုစုပေါင်း အဖြေမှန် ၂၅ ပုဒ်ဖြစ်ပြီး ဒန်တန့်တန် (အဲလေ) Congratulations !!! အောင်မည်

 

Generic questions များဆိုသည်မှာ စင်ကာပူမှာ ရက်ကျော်နေရင် ဘာဖြစ်မလဲ စသည့် မေးခွန်းမျိုးများ ဖြစ်ပြီး

Applied questions များဆိုသည်မှာ ဘယ်အရာဟာ စက်မှုအန္တရာယ် ဖြစ်သလဲ စသည့် မေးခွန်းမျိုးများ ဖြစ်ပါ၏။

 

Generic questions ကို ‘အထွေထွေ ဗဟုသုတ’ 

Applied questions ကို ‘လက်တွေ့အသုံးချ ဗဟုသုတ’ ဟု ပြောနိုင်ပါလိမ့်မည်။

 

အသင် လူကလေး၊ လုံမကလေး (အဲလေ များသောအားဖြင့် လူကလေးတို့ များပါသည်) တို့သည် မျက်စိကိုဖွင့် နားကို စွင့်ကာ လေ့လာမှတ်သားကြပါကုန်လော့။ Safety သင်တန်းဆိုသည်မှာ မအောင်မချင်း ထပ်ချည်းတလဲလဲ ဖြေနေလို့ ရသည့်အမျိုး မဟုတ်။

 

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၅ မတ်လ၊ ၂၀၂၄

ကျွန်ုပ်မုန်းသည့် ကပြားစကားပြောသူများအကြောင်း

SIP သင်တန်း၌ မေးခွန်းတွေဖြေရတာ၊ MWC အသင်းဝင်တာ စတာတွေကို QR code ကို scan လုပ်ပြီး ဖြည့်ရ၏။ 

 

ဟိုတစ်နေ့က ‘ကိုင်း၊ ကိုယ့်လူတို့ ဟောဒီ QR code ကို scan လုပ်ကြရအောင်’ ပြောတော့ လုပ်ကြ၏။ တစ်ယောက်က ထလာကာ ကျွန်ုပ်ကို အင်္ဂလိပ်လိုပြော၏။ ၎င်းပြောသည့် အင်္ဂလိပ်စကားမှာ you what, I what, whating, oh my goat ဟူသည့် အင်္ဂလိပ်စကားမျိုးဖြစ်၏။ သူဘာတွေပြောမှန်း ကျွန်ုပ် နားမလည်။

 

‘ဒီမယ်ကိုယ့်လူ၊ ကိုယ် တစ်ချိန်လုံးဗမာလိုပြောနေတာ မကြားဘူးလား။ ဘာကိစ္စ ဗမာလိုမပြောဘဲ အင်္ဂလိပ်လို ပြောချင်ရတာလဲ။ ဗမာလိုပြော’ ဟု ဟောက်လိုက်မှ ဗမာလိုပြောလေ၏။ 

 

Safety သင်တန်းတွင် လက်တွေ့ခန်း၌ ဒါဘာစက်လဲ သိကြရဲ့လားဟု မေးတော့ ဝရိန်ပုံး ဟု ပြောကြ၏။ ‘ဂဟေဆော်စက်’ ဟူသော မြန်မာစကားရှိပါလျက် ၎င်းတို့သည် ‘ဂဟေဆော်စက်’ ကို မသိ။ ဝရိန်ပုံးဟုသာ သိ၏။ ဘာကြောင့်နည်း။ ပြောချင်လျှင် Welding set ဟု အင်္ဂလိပ်လိုပြောပါ။ ဘာပြဿနာမှ မရှိ။ အခု ဝရိန်ပုံးဆိုတော့ အင်္ဂလိပ်မဟုတ်။ ဗမာမဟုတ်။ ဘာစကားပါနည်း။

 

ဟိုတစ်နေ့က ပင်နင်ဆူလာရောက်တော့ စာအုပ်သုံးအုပ် ဖတ်ဖို့ဝယ်လာ၏။ နုနုရည် (အင်းဝ) + ၂ ဖြစ်၏။ ခုခေတ် နာမည်ကြီး (နာမည်ကြီးထင်ပါသည်) စာရေးဆရာမတစ်ဦး၏ ဝတ္ထုစာအုပ်ကလေးကို ဖတ်ကြည့်လိုက်တော့ စိတ်ထဲ အနည်းငယ် ကသိကအောက် ဖြစ်သွားမိ၏။ သူ့စာအုပ်က လူတန်းစားမရွေး ဖတ်လို့ရသည့်စာအုပ်မဟုတ်။ ပညာတတ် (ပညာတတ် ဆိုတာတောင် သာမန် ဆယ်တန်းအောင်ရုံမျှ၊ တော်ရုံဘွဲ့တစ်ခုရရုံမျှ ပညာတတ်များမပါ) လူတန်းစား တစ်ခုသာ ဖတ်လို့ရမည်။ ဤကဲ့သို့သော အရေးအသားများနှင့်တောင်မှ နာမည်ကြီးလာတာ ကျွန်ုပ် အံ့ဩမဆုံးပါ။

 

စာရေးသူကတော့ မည်သည့်လူတန်းစားကို ရည်ရွယ်ရေးမှန်း ကျွန်ုပ်မသိပါ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် လူတန်းစား မရွေး ဖတ်လို့ရသည့်စာအုပ်မဟုတ်သည့်အတွက် ကျွန်ုပ်ကတော့ မကြိုက်ပါ။ စာအုပ်က ဒိန်ခဲနှင့် ချိစ်နံ့များ သင်းပျံ့လွန်း လှ၏။ 

 

ကျွန်ုပ် ‘ရှင်မင်းဖွေး’ ဘာသာပြန်သည့် ‘ပင်လယ်ဘေးက ရွာကလေး’ ကို ဖတ်ကြည့်သည်။ သူသည် ငယ်ပင်ငယ်သေး သော်လည်း သူ့ဘာသာပြန် အရည်အသွေး မညံ့လှကြောင်း ထိုစာအုပ်က ဖော်ပြနေ၏။ သူ့စာအုပ်ထဲတွင် အင်္ဂလိပ် စကားလုံး တစ်လုံးမှမပါ။ သူရေးထားသည့် စာကြောင်းများမှာလည်း နားလည်ရလွယ်၏။ 

 

အထက်၌ ကျွန်ုပ်ပြောခဲ့သည့် ဒိန်ခဲနံ့ရသော စာအုပ်မှာ မြန်မာစာရေးဆရာမတစ်ဦး ရေးထားသော ကိုယ်တိုင်ရေး ဝတ္ထု ဖြစ်၏။ သို့တိုင် မြန်မာစကားလုံးများ အခိုင်အမာရှိနေပါလျက် ထိုစကားများကို မြန်မာစကားဖြင့် မရေးဘဲ အင်္ဂလိပ်လို ညှပ် ရေးထားလေတော့ . . . . ၎င်း၏စတိုင်သာ ဖြစ်ပါလိမ့်မည်။ အဲလေ သူနာမည်ကြီးတာကလည်း အဲသလိုရေးတာကို သဘောကျသည့် လူတန်းစားတစ်ရပ် ရှိနေလို့သာ ဖြစ်ပါလိမ့်မည်။

 

ကျွန်ုပ်သည် အချိန်အားရတိုင်း အသိပညာမျှဝေသည့် စကားဝိုင်းများသို့ တက်ရောက်နားထောင်လေ့ ရှိပါ၏။ ဤတွင်လည်း ပြောကြဆိုကြ ဆွေးနွေးကြသည့် သူများသည် မြန်မာလိုပြောလို့ရပါလျက် အင်္ဂလိပ်စကားလုံးများ ညှပ်၍ ပြောနေကြသည်ကို ကျွန်ုပ်မှာ အောင့်အည်းသည်းခံ နားထောင်နေရလေသော ဟူသတတ်။ ၎င်းတို့သည် အဘယ်ကြောင့် မြန်မာစကားကို မချစ်မြတ်နိုးနိုင်ဘဲ အင်္ဂလိပ်စကားလုံးများကိုသာ အထင်တကြီး ပြောဆိုကြရဘိသနည်း။ (အင်္ဂလိပ်လို ပြောချင်သပဆို ဆွေးနွေးပွဲ အစအဆုံး အင်္ဂလိပ်လိုချည်းပြောပါ။ ဘာပြဿနာမှ မရှိ။)

 

WSHM ဂျာနယ် စထုတ်စဉ်က အန္တရာယ်ကင်းရေးအကြောင်း စာများကို ၎င်း၏ ဖေ့စ်ဘုတ်တွင် မပြတ်ရေးတင်နေသည့် မိတ်ဆွေတစ်ဦးကို စင်တင်ပေးလိုသည့် သဘောနှင့် ကျွန်ုပ်က ၎င်းကို တွေ့ဆုံလျက် ဆွေးနွေး၏။ သူက သူ့စာများတွင် စာတစ်ကြောင်းလျှင် အင်္ဂလိပ်စာလုံး သုံးလုံးလောက် ထည့်ရေးထား၏။ နောက်ပြီး အသုံးအနှုန်းကလည်း မမှန်သေး။ ကျွန်ုပ်က သူ့ကို လူချင်းတွေ့လျက် ထိုစာများကို မြန်မာလိုပြင်ရေးပေးလျင် ဂျာနယ်ထဲ၌ ထည့်သုံးပေးမည်ဖြစ်ကြောင်း ပြောပါသေး၏။ မရပါ။ အကျင့်ဆိုတာ ဖျောက်ရခက်သားကလား။

 

ယခင်အခါ ကာလများဆီက စကားပြောသည့်အခါ အင်္ဂလိပ်လို ညှပ်ပြောသူများကို ကျွန်ုပ်က ‘လူ့အဆန်ချောင်’ စာရင်းထဲ၌ ထည့်ထားလျက် ထိုသူများနှင့် ခပ်ကင်းကင်းနေတတ်၏။ အခုတော့ ဘာစာမှ မတတ်သူများသည်လည်း ကြားဖူးနားဝ အင်္ဂလိပ်စကားလုံးများကို စကားပြောရာ၌ ညှပ်သုံးလာတတ်ကြပြီဖြစ်ရာ ကျွန်ုပ်၌ ပြောစရာစကားကို မရှိတော့ပါ။

 

၂၀၁၅ ခုနှစ်က ရွာပြန်လျက် သားတို့ကိုရှင်ပြုပေး၏။ ထိုအလှူသို့ ကျွန်ုပ်တို့နှင့် ရင်းနှီးသူ ရွာနီးချုပ်စပ်မှ ဆွေမျိုးအပေါင်း လည်း လာကြသည်ဖြစ်ရာ ထိုအထဲ၌ အတန်းကျောင်းဆို၍ တစ်တန်းမှ မတက်ခဲ့ဖူးသူ ကျွန်ုပ်နှင့် အလွန်နီးစပ်သော ဆွေမျိုးတစ်ဦးသည် ပါလာလေ၏။ သူပြောနေသည့် စကားဝိုင်း၌ ကျွန်ုပ်မှာ မကောင်းတတ်၍ မနိုင့်ရင်ကာ အောင့်အည်း သည်းခံနားထောင်နေရသော်လည်း သူ ဘာတွေပြောနေမှန်း ကျွန်ုပ် တစ်လုံးမှ နားမလည်ပါ။ ကျွန်ုပ်သာမဟုတ်။ အခြားသူများလည်း နားလည်မည် မထင်ပါ။ ၎င်းပြောသည့်အထဲ၌ ‘အက်စမစ်’ ‘အက်စမစ်’ ဟူသည့် စကား ထပ်ကာ ထပ်ကာ ပါ၏။ သူပြောသည့် ‘အက်စမစ်’ မှာ ‘estimate’ ကို ဆိုလိုမှန်း ကျွန်ုပ် သိ၏။ သို့သော် အခြားသူများ နားလည်ပါ မည်လော။ ၎င်းသည် အဘယ်ကြောင့် မြန်မာစကားကို မြန်မာနားလည်အောင် မပြောချင်ရဘိသနည်း။ ဤသည်ကို ဘဝင်ရူးဟု ခေါ်မည် ထင်၏။ ကွယ်လွန်ရှာလေပြီဖြစ်သည့် ကျွန်ုပ်အလွန်ချစ်သော ဦးကြီးဖိုးထောင်ကမူ ထိုကဲ့သို့သော လူများကိုတွေ့လျှင် နားထင်ကို လက်ညှိုးဖြင့် ထောက်ပြလျက် ဟီးဟီးဟု ပြုံးပြတတ်၏။ နားထင်ကို သွေးရောက်နေသူများဟု ဆိုလိုခြင်း ဖြစ်ပါ၏။ 

 

စင်ကာပူမှာနေပြီး Yes, no, very good သုံးလုံးလောက်သာ ပြောတတ်သူကလည်း စင်ကာပူဆိုတာ မှားတယ်။ စင်ကာပေါ ဆိုမှမှန်တယ်ဟု သူ့အပေါင်းအသင်းများကို ဆုံးမဩဝါဒပေးနေတာ ကြားရသည့်ခဏ ကျွန်ုပ်လည်း ဪ - အင်း ဟု ခေါင်းကို သုံးခါလောက် အသာငြိမ့်နေမိလေ၏။

 

အသင်တို့သည် အင်္ဂလိပ်လိုညှပ်ပြောရမှ လျှာတွေ့သည် ဆိုလျှင်လည်း ပြောကြပါ။ ဘာပြဿနာမှ မရှိ။

ကျွန်ုပ်ကမူ ကျွန်ုပ်မကြိုက်သည့်အကြောင်းကို ပြောခြင်းမျှ ဖြစ်၏။

 

သေချာသည်မှာကား ဟိုဆရာမ၏စာအုပ်ကို မည်မျှပင် နာမည်ကြီးနေပါစေ ကျွန်ုပ် လုံးဝ ဝယ်မဖတ်တော့ ဆိုသည့် အကြောင်း ဖြစ်ပါ၏။ မကြိုက်လည်း မတတ်နိုင်ပုစ်။

 

မြန်မာပြည်ကြီးလည်း ငြိမ်းချမ်းပါစေ။

ဟိုမြေနိုးလည်း ချီးပန်းပါစေ။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၅ မတ်လ၊ ၂၀၂၄