‘မိန်းမဟူဘိ၊ ထိုဣတ္ထိတို့
မရှိမကောင်း၊ ရှိမကောင်းနှင့်
မပေါင်းလည်းခက်၊ ပေါင်းလည်းခက်၏’ ဟူသော လင်္ကာအပိုင်းအစလေးကို ကျွန်ုပ် ငယ်စဉ်ကပင် ကြားဖူးမှတ်ဖူး ခဲ့ပါ၏။ ဘယ်အရွယ်က ဘယ်နေရာတွင် ဘယ်ကဲ့သို့ မှတ်ဖူးခဲ့ရသည်ကိုမူ မမှတ်မိတော့။
အတန်ငယ်ကြီးလာသည့်အခါ အထက်တန်းကျောင်းသားဘဝ ဆယ်ကျော်သက်ဘဝတွင် ကဗျာများကို လေ့လာမှတ်သား သည့်အခါ၌ ပုတ္တောဝါဒပါ ကဗျာပိုဒ်ကလေးများကို နှုတ်တက် အာဂုံဆောင်မိခဲ့ပြီး မဃဒေဝ လင်္ကာသစ်နှင့် ရင်းနှီး လာခဲ့ရ၏။ သို့တိုင် ကြားသာကြားဖူးပြီး မဃဒေဝ လင်္ကာသစ်ဟူသည် အဘယ်ဖြစ်သည်ကို မသိသေး။ သံဝရပျို့တို့ကဲ့သို့ ပျို့ခပ်သေးသေး တစ်ခုဟုသာ ထင်ခဲ့မိ၏။
ဆယ်တန်းအောင်ပြီး ကျွန်ုပ် ဒေသကောလိပ်တက်တော့ ဟင်္သာတဒေသကောလိပ်တွင် တက်ရ၏။ တောင်ရိုးနားက ရွာမှာမွေးသည့် ကျွန်ုပ်တို့မှာ မြို့ပြင်ကနား၌ မည်သည့် အဆွေအမျိုးမှ မရှိ။ သည်တော့ ဦးပဉ္စင်းဘဝနှင့် ဟင်္သာတတွင် အငယ်တန်းတက်နေသော ဆွေမျိုးနီးစပ် ဦးပဉ္ဇင်းတင်ဝင်း အကူအညီနှင့် သူတက်နေသည့် မိုးကောင်းကျောင်းတွင် နေခွင့်ရ၏။ ဆရာတော်က ဘုန်းကြီးတို့ကျောင်းမှာ ဘယ်ကျောင်းသားမှ မထားဘူး။ ဒါပေမယ့် ဒကာလေးကတော့ နေစရာမရှိတဲ့အတွက် ခြွင်းချက်အနေနဲ့ ထားပေးမယ် ဆို၍ မိုးကောင်းကျောင်း၌ နေခွင့်ရ၏။ ကျွန်ုပ်နေရသည့် ကျောင်းဆောင်မှာ သင်္ချိုင်းကုန်းနှင့်ကပ်လျက် မေဃဝတီတိုက် ဖြစ်၏။
မိုးကောင်းကျောင်းမှာ စာသင်တိုက်ကြီးဖြစ်ပြီး မူလတန်းမှစ၍ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းများကို သင်ကြားပေး၏။ ဓမ္မာစရိယတန်းပါမပါ သိပ်မမှတ်မိတော့ပါ။
ဆိုတော့ စာဖတ်ဝါသနာပါသူ ကျွန်ုပ်အနေနှင့် စာသင်သား ဦးပဉ္ဇင်းများထံ၌ ဗုဒ္ဓဘာသာစာပေများ တဝကြီး ဖတ်ခွင့် ရလေ၏။
များမကြာမီပင် ကျွန်ုပ်အနေနှင့် အနည်းအကျဉ်းလောက်သာ မစို့မပို့ ဖတ်ဖူးလျက် တစ်အုပ်လုံးကို ဖတ်ချင်နေသည့် ‘မဃဒေဝ လင်္ကာသစ်’ စာအုပ်ကြီးနှင့် ပက်ပင်းပါ တိုးလေတော့၏။ စာအုပ်ပိုင်ရှင်က ဦးပညိန္ဒ ထင်ပါသည်။
ဘလ္လာတိယပျို့၊ သံဝရပျို့နှင့် မုဒုလက္ခပျို့တို့လောက်သာ မြင်ဖူးသည့် ကျွန်ုပ်မှာ ‘မဃဒေဝ လင်္ကာသစ်’ စာအုပ်ကြီးကို တွေ့လိုက်ရာ လန့်ဖြတ်၍ပင် သွားလေသော ဟူ၏။ စာအုပ်ကြီးမှာ သာသနာရေးဦးစီးဌာနက ထုတ်သည့် စာအုပ်ကြီး ဖြစ်လျက် ရန်ဖြစ်၍ စာအုပ်နှင့် လူကို ကောက်ရိုက်လျှင်ပင် သေနိုင်လောက်ပေ၏။
ကျွန်ုပ်မှာ နေပူပူ၌ ပင်ပင်ပန်းပန်းလမ်းလျှောက်အလာ ရေငတ်လွန်းမက ငတ်နေချိန်၌ ဘီယာစည်ထဲ ပြုတ်ကျသကဲ့သို့ ဖြစ်ပြီးသကာလ မဃဒေဝကို တစ်အုပ်လုံးကူးရန် စိတ်ကူးလေတော့သတည်း။
သို့သော်လည်း ပထမစာမျက်နှာအနည်းငယ်ကူးပြီး စိတ်ကူးတမျိုးပြောင်းသွား၏။
စာအုပ်ကြီးမှာ စာမျက်နှာ ၅၀၀ ကျော်လောက်ရှိရာ တစ်အုပ်လုံးကူးဘို့ မလွယ်။ သို့နှင့် ကျွန်ုပ် အလွန်နှစ်သက်လှသည့် ပုတ္တောဝါဒခန်းကိုသာ ကူးလေတော့၏။
တစ်ခုကံကောင်းသည်မှာ ကျွန်ုပ် စာသင်သားဦးပဉ္ဇင်းများနှင့် အတူနေရခြင်းဖြစ်၏။
ပြောတော့သာ လွယ်တာခင်ဗျာ။ အချို့စာပိုဒ်များကလွဲလို့ မဃဒေဝကို တော်ရုံနှင့် နားမလည်နိုင်။
သူ့ဟာက ပါဠိလိုတွေ၊ ပေါရာဏတွေ၊ ဗုဒ္ဓစာပေစကားတွေ ရောပြွမ်းထည့်ထားလေရာ ကျွန်ုပ်မှာ ဖတ်ပြီး နားမလည်တိုင်း ဦးပဉ္ဇင်းများကို မေးရလေသောဟူ၏။
ကျွန်ုပ်သည် မဃဒေဝလင်္ကာသစ်ကြီးကို ဖတ်ပြီးသကာလ မန်လည်ဆရာတော်ဘုရားကြီးကို အကြိမ်ကြိမ် ဦးခိုက်မိလေ၏။
မဃဒေဝလင်္ကာသစ်နှင့် အခြားပျို့ကဗျာ၊ လင်္ကာတို့မတူသည့်အချက် များစွာ ရှိသည့်အနက် . . .
ပထမဆုံးအကြောင်းတစ်ခုမှာ မဃဒေဝလင်္ကာသစ်ကို သီကုံးခဲ့သည့် မန်လည်ဆရာတော်ဘုရားကြီးသည် ၎င်း၏ မဃဒေဝလင်္ကာကြီးကို ကျေနပ်အားရနိုင်သည်မရှိဘဲ နောက်ဆုံး ပျံလွန်တော်မူသည်ထိ အထပ်ထပ် သုတ်သင် မွမ်းမံ ပြင်ဆင်နေခဲ့ခြင်း ဖြစ်၏။
မည်သည့် ပျို့ကဗျာ၊ လင်္ကာဆရာမှ မိမိရေးပြီးသား ပျို့ကဗျာ၊ လင်္ကာကို ထပ်မံပြုပြင်တည်းဖြတ်သည်မရှိ။
မဲဇာတောင်ခြေ second version ဟူသည်မရှိ။
မုဒုလက္ခဏာပျို့ revised version ဟု မရှိ။
ဂါထာ ၆၀ ပြင်ဆင်ရေးသားချက်ဟု မရှိ။
သို့သော် မဃဒေဝလင်္ကာသစ်ကြီးကိုမူ မန်လည်ဆရာတော်ကြီးသည် ဆယ်ဝါအရတွင် စတင်ရေးသား၏။ သာသနာရေး ကိစ္စများကြောင့် အပြီးမသတ်နိုင်ဘဲ ၁၂၆၆ ခုနှစ်တွင်မှ ဆက်လက်ရေးသား အဆုံးသတ်ခဲ့၏။ (ထို့ကြောင့် မဃဒေဝ လင်္ကာကြီး၏ သက်တမ်းမှာ နှစ်ပေါင်း ၁၂၀ ပြည့်လေပြီ။)
ပထမစာမူနှင့် ဒုတိယစာမူတို့ကို ပုံနှိပ်ထုတ်ဝေခဲ့သည့်တိုင် ဆရာတော်ဘုရားကြီးသည် ၁၂၈၁ ခုနှစ်တွင် ပြန်လည် ပြင်ဆင် ရေးသားခဲ့ရာ တတိယစာမူတွင် ဒုတိယစာမူထက် နုတ်ပယ်ချက် (၈) ခု၊ ပြင်ဆင်ချက် ၅၅၅ ခု၊ ဖြည့်စွက်ချက် (၉၉၇) နှင့် အခန်း (၆) ခန်း၊ အခန်းငယ် (၅၀), စာပိုဒ်ပေါင်း (၆၂၅) ပိုဒ် ရှိလာခဲ့၏။
ဤသည်မှာ မဃဒေဝလင်္ကာကြီးနှင့် အခြား ပျို့ကဗျာများ ခြားနားချက် ဖြစ်၏။
ဒုတိယတစ်ချက်မှာ အခြား ပျို့ကဗျာများသည် မိမိတို့စပ်ဆိုသည့် အကြောင်းအရာတစ်ခုတည်းကိုသာ ဖွဲ့ဆိုလေ့ ရှိကြ၏။ မယ်ဘွဲ့ဆိုလျှင် မယ်အကြောင်း၊ မောင်ဘွဲ့ဆိုလျှင် မောင်အကြောင်း၊ ရာသီဘွဲ့ဆို ရာသီအကြောင်း၊ တစ်ခုစီသာ ပါလေ့ ရှိကြ၏။
သို့သော် မဃဒေဝလင်္ကာသစ်ကြီးကား စေ့တကာ စုံလှပါပေ၏။
မဃဒေဝ၏ မူရင်းဇာတ်တော်မှာ နေမိဇာတ်တော်မှ မဃဒေဝမင်းအကြောင်း ဖြစ်၏။
သို့သော် လင်္ကာကြီးကိုဖွဲ့ဆိုရာ၌ မဃဒေဝမင်းအကြောင်းမျှသာ မဟုတ်မူ၍ ဆရာတော်ကြီးက ဗဟုသုတရစရာ အကြောင်းအရာများကို ဟင်းလေးအိုးကြီးသဖွယ် စုဆောင်းထည့်သွင်းထား၍ စာဖတ်သူများအနေနှင့် ဖတ်၍မကုန် မှတ်၍မဆုံး ဖြစ်ရလေတော့သတည်း။
မဃဒေဝလင်္ကာသစ်ကြီးတွင် လောကီလူသားတို့ လိုက်နာရန် နီတိ၊ ဆုံးမစကားများကို ပုတ္တောဝါဒခန်းတွင် တဝကြီး ဖတ်ကြရမည်။
နက္ခတ်ကြောင်း၊ ဓာတ်အကြောင်း၊ စိုက်ပျိုးရေးအကြောင်း၊ သတ်ပုံ၊ ရာဇဝင်၊ မူးမတ်တို့ကျင့်သုံးရမည့်တရား၊ စစ်တုရင်ကစားနည်း၊ ကျန်းမာရေးအတွက် လမ်းညွှန်ချက်၊ မိန်းမဆိုး၊ မိန်းမမြတ်တို့အကြောင်း၊ ယောက်ျားဆိုး၊ ယောက်ျားမြတ်တို့ အကြောင်း . . .
“အနှစ်ပညာ၊ မရှိပါက၊ အင်္ဂါခြေလက်၊ ယောက်ျားလျက်လည်း၊ မိန်းမထက်သာ၊ ယုတ်မာဆိုးဝါး၊ မိုက်လုံးထွားသည်။ ။ နွားနှင့်ကျားနှင့် အတူတည်း” ဟူ၍လည်းကောင်း၊
စစ်ရေးစစ်ရာနှင့်ပတ်သက်၍ “ဗိုလ်ထုအင်အား၊ ငါကြီးမားဟု၊ မကိုးစားရာ၊ ရံတခါနှိုက်၊ ကြမ္မာမတော်၊ ခါမလျော်မူ၊ ချွတ်ချော်ရေးရာ၊ ပျက်တတ်စွာရှင့်” ဟူ၍လည်းကောင်း၊
ဗေဒအဟောနှင့် ပတ်သက်၍ “စီးလဂ်ညံ့ညှိုး၊ တိုင်ကျိုးဆည်ပေါက်၊ တန်းအောက်ကျအိပ်၊ အနှိပ်အနာ၊ ကိုယ့်ဇာတာဝယ်၊ ကောဇာကောဝိန်၊ ဆတ္တိန်တြင်း၊ နဝင်း နက္ခတ်၊ မိတ္တုနတ်ဟု၊ ပါဒ်ပါဒ်ခြောက်ခု၊ မြွေပွေးတုသို့၊ အာယုခိုက်ထိ၊ ပူတိ ဘင်္ဂ၊ မရဏနှင့်၊ ကဏ္ဍသုံးခွင်၊ ထွက်ဝင်လာ၊ ဒသာမသန့်၊ အတန့်မကောင်း၊ သံတောင်းစီးနင်း၊ ပါပခြင်း၍၊ . . .” ဟူ၍လည်းကောင်း၊
ကျွန်ုပ်ဉာဏ် တစ်မိုက်လောက်နှင့် မဃဒေဝလင်္ကာသစ်ကြီးကို ချီးကျူးဘို့ရာ မစွမ်းသာပါ။ အားလုံးကို နားလည်ဘို့ မဆိုထားပါနှင့်။ သုံးပုံတစ်ပုံမျှ (အဲလေ များလွန်းပါသေးသည်။) ငါးပုံတစ်ပုံလောက်မျှ နားလည်မည်ဆိုလျှင်ပင် ငါကား အလွန့်အလွန်တော်လှလေစွတကား ဟု လက်ခမောင်း ခတ်ရတော့မည် ဖြစ်၏။
အမှန်စင်စစ် အဖွင့်ကျမ်း၊ အဖြေကျမ်းများ မရှိဘဲ မဃဒေဝကို အပြည့်အစုံနားလည်ဘို့ရာ မလွယ်လှပါ။ တကယ့်စာတတ် အကျော် ပုဂ္ဂိုလ်ကြီးများမှသာ တတ်နိုင်ပါလိမ့်မည်။
အကယ်၍သာ ကျွန်ုပ်သည် မြန်မာစာတွင် ပါရဂူဘွဲ့ယူ ကျမ်းပြုခွင့်ရသူတစ်ဦး ဖြစ်ခဲ့ပါမည်ဆိုလျှင် ကျွန်ုပ်ရွေးမည့် ခေါင်းစဉ်မှာ . . .
“မဃဒေဝလင်္ကာသစ် လေ့လာချက်” စာတမ်းကို ရွေးချယ်မိမည် ဖြစ်ပါတော့သတည်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၈ မတ်လ၊ ၂၀၂၄
No comments:
Post a Comment