ထို့အတွက် ကျွန်ုပ်သည် ယခင်တစ်ခေါက်က “Coaching for the Workplace” ကို သွားတက်ခဲ့၏။ ယခုတစ်ခါ ထိုသင်တန်းဆန်ဆန် “Mentoring for the Workplace” ကို သွားတက်ပါသည်။ Nanyang Poly တက်ရတာဖြစ်ပြီး ၂ ရက် သင်တန်းဖြစ်၏။ Coaching တုံးက သင်တန်းဆရာမမှာ ဂျက်စီကာ ဖြစ်၍ Mentor က ဆရာမမှာ လင်ဒါ ဖြစ်၏။ နှစ်ဦးစလုံး တော်ကြပါသည်။ Coaching ဆိုတာဘာ၊ Mentoring ဆိုတာဘာ ဆိုတာကို ပြတ်ပြတ်သားသား နားလည် အောင် သင်ပြပေးနိုင်ကြပါ၏။
“Coaching for the Workplace” ရော “Mentoring for the Workplace” ပါ လက်တွေ့ အသုံးချသင်တန်းများ ဖြစ်၏။ သင်တန်းက လုပ်ငန်းခွင်များအတွက် ရည်ရွယ်သော်လည်း သင်တန်းများ၏ အကျိုးရလဒ်တစ်ခုဖြစ်သော ‘transfer the knowledge’ အရ ၎င်းတို့ကို အိမ်များ၊ ကျောင်းများ၊ သူငယ်ချင်း အပေါင်းအသင်းများ စသည့် နေ့စဉ် လူနေမှုဘဝများ အတွက်ပါ သုံးနိုင်ပါသည်။
အခု “Mentoring for the Workplace” သင်တန်းကို တက်လိုက်တော့မှ ကျွန်ုပ်တို့ နေ့တိုင်းကျူးလွန်နေသည့် အမှား များကို ပြတ်ပြတ်သားသား မြင်ခွင့်ရပါတော့သည်။ သူက ဥပမာလေးနှင့် ပြောပြ၏။
အသင်သည် ပန်းပင်ကလေးများ စိုက်ထားသည်ဖြစ်အံ့။
အသင်သည် ပန်းပင်ကလေးများကို ဂရုတစိုက်ဖြင့် ရေလောင်းပေါင်းသင်၊ ယုယုယယ ပြုစုပေးပါ၏။
သို့တိုင် သူတို့သည် ပန်းများ ပွင့်မလာကြ။
ထိုအခါ အသင်သည် ‘ငါ ဒီလောက် ပြုစုပေးပါရက်ကနဲ့ နင်တို့က ဘာကြောင့် အပွင့် ပွင့်မလာရတာတုံး’ ဟု ထိုပန်းပင်ကလေးများကို အပြစ်တင်ပါမည်လော။ ဤကဲ့သို့ အပြစ်တင်နေရုံနှင့် ထိုပန်းပင်များသည် အပွင့်များ ပွင့်လာအံ့လော။
ပန်းပင်ကလေးများသည် သူတို့လိုအပ်သော ဩဇာ၊ နေရောင်၊ လေ၊ ရေတို့ကိုသာ မှန်မှန်ကန်ကန် ရကြမည်ဆိုလျင် ပန်းပွင့်ကြမည် မုချဖြစ်၏။
သို့ဆိုလျင် အခု ဘာကြောင့် သူတို့ အပွင့်မပွင့်ကြသနည်း။
အသင် ပြုစုပုံ လိုနေလို့ ဖြစ်၏။ အသင် ပြုစုပုံ မှားနေလို့ ဖြစ်၏။
သူတို့လိုအပ်သော အခြေအနေကို ကိုယ်က ဖန်တီးပေးရမည်ဖြစ်၏။ သူတို့လိုအပ်သော အခြေအနေရမှသာ သူတို့ ပန်းပွင့်နိုင်မည် ဖြစ်၏။
အပင်ဆိုတိုင်း မြေဩဇာကျွေးမည်၊ နေရောင်ပေးမည်၊ ပေါင်းသင်ပေး၊ ရေလောင်းပေးရမည်ဟု တရားသေ ယူဆထားလို့ မရ။ တချို့အပင်တွေက နေရောင်ကောင်းကောင်းလိုသည်။ တချို့အပင်တွေကျတော့ မနက်ပိုင်းနေလောက်ပဲ လိုသည်။ တချို့အပင်တွေက တိုက်ရိုက်နေရောင်ကို မကြိုက်။
သည်တော့ ကိုယ်က သူတို့ဘာလိုတယ်ဆိုတာ တိတိကျကျ သေသေချာချာ သိထားရမည်။ သူတို့လိုအပ်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးရမည်။ သို့မှသာ အပင်များ ကျန်းမာသန်စွမ်းလျက် ပန်းများ ဝေဝေဆာဆာ ပွင့်မည်။
ကိုယ်က အပင်အကြောင်း ကောင်းကောင်းနားမလည်ပါဘဲလျက် ရေချည်းနင်းကန်လောင်းနေလို့ အမြစ်များ ပုပ်ကာ သေသွားလျင် ထိုအပင်၏အပြစ်မဟုတ်။ သင့်အပြစ်သာ ဖြစ်၏။ သင်သည် အပင်အကြောင်း မလေ့လာ၊ မသင်ကြား။ အပင်မှာ ဘာတွေဖြစ်နေသည်ကို မစူးစမ်းဘဲ ရမ်းလုပ်နေသဖြင့် ပန်းပင်ပွင့်မလာဘဲ သေသွားခြင်းသည် အပင်၏ အပြစ် ဟုတ်ပါသလား။
အလားတူပင်။
ကျွန်ုပ်တို့၏ သားသမီးများ၊ လုပ်သားများ အစရှိသည်တို့လည်း ထိုနည်းအတိုင်းဖြစ်၏။
သူက စာလေးတစ်ကြောင်း ရေးပြ၏။ “Put yourself in their shoe”
ဆိုလိုသည်မှာ ကိုယ်က သူ့နေရာမှာနေပြီး ခံစားကြည့်ပါ။ ထိုအခါကျမှ သူတို့၏ ခံစားချက်နှင့် ဒုက္ခ သုက္ခများကို ကိုယ်ချင်းစာ နားလည်နိုင်မည် ဖြစ်၏။
သူတို့ ခံစားချက်များကို စိတ်ရှည်လက်ရှည် နားထောင်ပေးရမည်။ သူတို့ဘာဖြစ်ချင်တယ်ဆိုတာ စူးစမ်းလေ့လာရမည်။ သူတို့မှာ ဘာအခက်အခဲတွေရှိတယ်ဆိုတာ သိအောင်လုပ်ရမည်။
ကိုယ်ဖြစ်ချင်တာချည်း အတင်းတွန်းနေလို့မရ။ သူတို့ဖြစ်ချင်တာကိုလည်း ကိုယ်က နားလည်ပေးရမည်။ သူတို့ ဘာကြောင့် ဒီလိုဖြစ်နေရတယ်ဆိုတာကို စူးစမ်းရမည်။ အပြစ်တင်တာ လွယ်ပါသည်။ သို့သော် ပြဿနာတစ်ခု ဖြစ်လာလျင် ဘာကြောင့် သည်ပြဿနာဖြစ်ရတယ်ဆိုတာ အရင်းအမြစ်ကို စုံစမ်းရမည်။ ပြဿနာကို အရင်းအမြစ်က ရှင်းရမည်။
ကျွန်ုပ်သည် မြန်မာပြည်ကရောက်လာသည့် သကောင့်သားကလေးများကို ဆေ့ဖတိစ်သင်တန်းများ ပေးရ၏။ လက်မြှောက် ပြောတာလည်း နားမလည်။ လက်နှစ်ဖက်နဲ့ကိုင် လို့ ပြတာလည်း မလုပ်တတ်။ တစ်ခါပြလည်း မရ။ နှစ်ခါပြလည်း မလုပ်တတ်။ ကြာတော့ နင်ပဲငဆ ပြောမိတော့၏။
သို့သော် ၎င်းတို့မှာ ဘာပြဿနာတွေရှိခဲ့မှန်း ကျွန်ုပ် တစ်ခါမှ မမေးခဲ့စဖူးပါ။ သူတို့သည် မတတ်သာ၍ စင်ကာပူ ထွက်လာခဲ့ရသော်လည်း မြန်မာပြည်မှာ ကျန်ခဲ့သော မိသားစု ဘယ်လိုပြဿနာတွေနှင့် ကျန်ခဲ့သနည်း။ သူတို့သည် လူကသာ ငြမ်းစင်ပေါ် ရောက်နေသော်လည်း စိတ်က အညာက အိပ်ယာထဲလဲကျန်ခဲ့သည့် အမေ့ဆီ ရောက်ချင် ရောက်နေလိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့ ပြောတာလည်း မကြား။ ပြတာလည်း မလုပ်တတ် ဖြစ်ကုန်တော့သည်။
သင်တန်းပြနေရင်း စာထဲမှာပါသည့် အကြောင်းအရာများနှင့် ပတ်သက်၍ အထွေထွေ ဗဟုသုတများ မေးကြည့်၏။ မသိ။ ဘာမှ မသိ။ ၃ - ၄ တန်းတက်ခဲ့သူလည်း မသိ။ ၈ တန်းထိ နေခဲ့သူလည်း မသိ။ ဆယ်တန်းလည်း မသိ။ ဘွဲ့ရလည်း မသိ။ ဘယ်သူမှ မသိ။ ဘာမှမသိ။ ဤသည်မှာလည်း ၎င်းတို့ ပြဿနာမဟုတ်။ မသိရကောင်းလားလို့ ၎င်းတို့ကို အပြစ်တင်ရ မည်လော။ ဟို မြေနိုးတွေက အဲသည်အခြေအနေမျိုး ဖြစ်အောင် ခွေးကျင့်နွားကြံနှင့် လုပ်ထားတာဖြစ်၏။ ဤသည်ကို ကျွန်ုပ်တို့ နားလည်ရမည်။
ဤသည်မှာ ကျွန်ုပ် “Mentoring for the Workplace” ကို သွားတက်ရာမှ ရခဲ့သော အသိပညာများ ဖြစ်ပါ၏။
အင်း - မနက်ဖြန်ကစပြီး အော်တာ၊ ဆဲတာတွေ လျှော့မှ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၂ စက်တင်ဘာလ ၂၀၂၆






No comments:
Post a Comment