If you cannot be the good parent, better don’t be the parent.
မိဘကောင်းမဖြစ်နိုင်ရင် မိဘမဖြစ်ချင်နဲ့
ပန်းပွင့်ဥပမာနှင့် ဆက်စပ်၍ လင်ဒါက ပြောသည်မှာ -
“အကယ်၍ မင်းဟာ မိဘကောင်းမဖြစ်နိုင်ရင် မိဘမဖြစ်တာက ပိုကောင်းတယ်။” ဟူ၏။
သူပြောတာ အဓိပ္ပာယ်ရှိပါသည်။
သူက ချန်ဂီအကျဉ်းထောင်ထဲက အကျဉ်းသားတွေကို သင်တန်းသွားပေးရတာဖြစ်၏။
သူက “ထောင်ထဲရောက်နေတဲ့သူတိုင်းဟာ မကောင်းတဲ့သူတွေ၊ လူဆိုးတွေ မဟုတ်ဘူး။ အကြောင်းကြောင်းကြောင့်သာ သူတို့ ထောင်ထဲရောက်လာရတာ။” ဟု ပြော၏။
ထောင်ထဲတွင် လုပ်ငန်းအမျိုးမျိုးဖွင့်ထားပြီး အကျဉ်းသားများကို အလုပ်များ ပေးထား၏။
သူ့အပြောအရ Telephone call centre တောင် ရှိသည်ဟု ဆိုပါသည်။
အလုပ်ရှိနေတော့ ထောင်သားများမှာ စိတ်မလေတော့။ သူတို့အတွက် အတတ်ပညာတစ်ခုခုလည်း ရသွား၏။ အပြင်ရောက်သည့်အခါ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားနိုင်ရန် ဖြစ်၏။
ထောင်သားများကို သင်တန်းပေးသည့်အခါ သူတို့ နောက်ခံအကြောင်းအရာများကို လေ့လာရ၏။ စူးစမ်းရ၏။ သူတို့ သည်ကို ဘာကြောင့်ရောက်လာရသလဲ၊ ဒီအခြေအနေဖြစ်အောင် ဘယ်လိုအကြောင်းတရားတွေက တွန်းပို့လိုက်သလဲ၊ အဲဒါကို ပြန်ပြီး ဘယ်လိုတည့်မတ်ပေးဘို့ လိုမလဲ။
ထိုအခါကျမှ သူတို့အကြောင်းကို ဂဃနဏ သိခွင့်ရ၏။ သိရမှလည်း ဘာလုပ်သင့်သည် ဆိုတာကို အကြံပေးလို့ ရမည်ပေါ့။
သူတို့ထောင်ထဲရောက်လာရခြင်း အကြောင်းတရားများထဲတွင် မိဘတို့၏ အခန်းကဏ္ဍ များစွာပါကြောင်း သူက ရှင်းပြ၏။
မိဘတို့သည် သားသမီးတို့၏ စံနမူနာပြ (role model) များ ဖြစ်နေရမည်။
သားသမီးတို့သည် မိဘများလုပ်တာကို အတုယူပြီး လိုက်လုပ်၏။
ကျောင်းဆိုတာက နောက်မှ ရောက်လာရတာ။
နောက်ပြီး ကျောင်းဆိုတာ ခဏတဖြုတ် သွားရသည့်နေရာ။
မိဘဆိုသည်မှာ သားသမီးများနှင့် အများဆုံး ထိတွေ့ နေရသူများ ဖြစ်၏။
သားသမီးများသည် အတုမြင် အတတ်သင် ဆိုသလို မိဘများ လုပ်တာကို လိုက်လုပ်ကြ၏။
တစ်နည်းအားဖြင့် သူတို့သည် မိဘများလုပ်တာကို မှန်သည်ထင်သဖြင့်လည်း မိဘများကို အတုခိုးကြကုန်၏။
မိဘများ ကောင်းတာလုပ်လျင် သူတို့လည်း ကောင်းတာကို အတုခိုးပြီး လိုက်လုပ်မည်။
မိဘများ မကောင်းတာလုပ်လျင် သူတို့သည် မကောင်းတာကို အတုခိုးပြီး မဟုတ်က မဟတ်ကများ လုပ်တော့မည်။
ဤသည်မှာ သူတို့ဘဝ ပြဌာန်းချက်များ ဖြစ်သွားနိုင်သည်။
၎င်းသည် အလွန် အရေးကြီး၏။ မိမိတို့ သားသမီးတို့ ဘဝရှေ့ရေးအတွက် မိမိတို့၏ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊ အကျင့်အကြံ၊ တွေးပုံခေါ်ပုံများသည် အလွန် အရေးကြီးကြောင်း မိဘတိုင်း သတိထားသင့်၏။
အမှန်က ဤသည်မှာ အသစ်အဆန်းမဟုတ်ပါ။
မြန်မာ့ယဉ်ကျေးမှုတွင် ရှိပြီးဖြစ်၏။
“လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ပာစရိယ၊ မိနှင့်ဖ”
သို့သော် ဘယ်သူ လိုက်နာပါသနည်း။
မဃဒေဝ လင်္ကာသစ် တွင်လည်း မန်လည်ဆရာတော်ဘုရားကြီးက ‘သားသမီးငယ်၊ အရွယ်တော်က၊ မဆုံးမ,လျင်၊ မိဘတလည်၊ ရန်သူမည်ခဲ့’ ဟု ဆိုဆုံးမခဲ့ပါသည်။
သို့သော် ဘယ်သူ ဂရုစိုက်ပါသနည်း။
မြန်မာစကားပုံတွင် ‘အမိယုတ်က နှုတ်ကြမ်းသည်၊ အဖယုတ်က ကိုယ်ကြမ်းသည်’ ဟု ရှိ၏။
သို့သော် ဘယ်သူ အလေးထားပါသနည်း။
မိဘတို့သာမက အသင်တို့နေ့တိုင်သွားနေသည့် စာသင်ကျောင်းများသည်လည်း လူတို့ကို လူယဉ်ကျေးကလေးများ ဖြစ်လာအောင် မည်သို့ ပြုစုပျိုးထောင် ပေးသင့်သည့်အကြောင်း ၂၀၁၁ ခုနှစ်က ကျွန်ုပ် ရေးထားခဲ့သော စာတစ်ပုဒ် ရှိပါသည်။ နောက်ပို့စ်တွင် တင်ပေးပါမည်။
အသင်တို့သည် မိဘကောင်းများ ဖြစ်ကြပါကုန်လော။
အသင်တို့သည် သားသမီးကောင်းများ ဖြစ်လာအောင် ပြုစုပျိုးထောင်နိုင်သူများ ဖြစ်ကြပါကုန်လော ဟု ကျွန်ုပ်က အထူးတိုက်တွန်း လိုက်ပါကြောင်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၄ စက်တင်ဘာလ၊ ၂၀၂၆
No comments:
Post a Comment