Tuesday, March 26, 2024

ကျွန်ုပ်မုန်းသည့် ကပြားစကားပြောသူများအကြောင်း

SIP သင်တန်း၌ မေးခွန်းတွေဖြေရတာ၊ MWC အသင်းဝင်တာ စတာတွေကို QR code ကို scan လုပ်ပြီး ဖြည့်ရ၏။ 

 

ဟိုတစ်နေ့က ‘ကိုင်း၊ ကိုယ့်လူတို့ ဟောဒီ QR code ကို scan လုပ်ကြရအောင်’ ပြောတော့ လုပ်ကြ၏။ တစ်ယောက်က ထလာကာ ကျွန်ုပ်ကို အင်္ဂလိပ်လိုပြော၏။ ၎င်းပြောသည့် အင်္ဂလိပ်စကားမှာ you what, I what, whating, oh my goat ဟူသည့် အင်္ဂလိပ်စကားမျိုးဖြစ်၏။ သူဘာတွေပြောမှန်း ကျွန်ုပ် နားမလည်။

 

‘ဒီမယ်ကိုယ့်လူ၊ ကိုယ် တစ်ချိန်လုံးဗမာလိုပြောနေတာ မကြားဘူးလား။ ဘာကိစ္စ ဗမာလိုမပြောဘဲ အင်္ဂလိပ်လို ပြောချင်ရတာလဲ။ ဗမာလိုပြော’ ဟု ဟောက်လိုက်မှ ဗမာလိုပြောလေ၏။ 

 

Safety သင်တန်းတွင် လက်တွေ့ခန်း၌ ဒါဘာစက်လဲ သိကြရဲ့လားဟု မေးတော့ ဝရိန်ပုံး ဟု ပြောကြ၏။ ‘ဂဟေဆော်စက်’ ဟူသော မြန်မာစကားရှိပါလျက် ၎င်းတို့သည် ‘ဂဟေဆော်စက်’ ကို မသိ။ ဝရိန်ပုံးဟုသာ သိ၏။ ဘာကြောင့်နည်း။ ပြောချင်လျှင် Welding set ဟု အင်္ဂလိပ်လိုပြောပါ။ ဘာပြဿနာမှ မရှိ။ အခု ဝရိန်ပုံးဆိုတော့ အင်္ဂလိပ်မဟုတ်။ ဗမာမဟုတ်။ ဘာစကားပါနည်း။

 

ဟိုတစ်နေ့က ပင်နင်ဆူလာရောက်တော့ စာအုပ်သုံးအုပ် ဖတ်ဖို့ဝယ်လာ၏။ နုနုရည် (အင်းဝ) + ၂ ဖြစ်၏။ ခုခေတ် နာမည်ကြီး (နာမည်ကြီးထင်ပါသည်) စာရေးဆရာမတစ်ဦး၏ ဝတ္ထုစာအုပ်ကလေးကို ဖတ်ကြည့်လိုက်တော့ စိတ်ထဲ အနည်းငယ် ကသိကအောက် ဖြစ်သွားမိ၏။ သူ့စာအုပ်က လူတန်းစားမရွေး ဖတ်လို့ရသည့်စာအုပ်မဟုတ်။ ပညာတတ် (ပညာတတ် ဆိုတာတောင် သာမန် ဆယ်တန်းအောင်ရုံမျှ၊ တော်ရုံဘွဲ့တစ်ခုရရုံမျှ ပညာတတ်များမပါ) လူတန်းစား တစ်ခုသာ ဖတ်လို့ရမည်။ ဤကဲ့သို့သော အရေးအသားများနှင့်တောင်မှ နာမည်ကြီးလာတာ ကျွန်ုပ် အံ့ဩမဆုံးပါ။

 

စာရေးသူကတော့ မည်သည့်လူတန်းစားကို ရည်ရွယ်ရေးမှန်း ကျွန်ုပ်မသိပါ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် လူတန်းစား မရွေး ဖတ်လို့ရသည့်စာအုပ်မဟုတ်သည့်အတွက် ကျွန်ုပ်ကတော့ မကြိုက်ပါ။ စာအုပ်က ဒိန်ခဲနှင့် ချိစ်နံ့များ သင်းပျံ့လွန်း လှ၏။ 

 

ကျွန်ုပ် ‘ရှင်မင်းဖွေး’ ဘာသာပြန်သည့် ‘ပင်လယ်ဘေးက ရွာကလေး’ ကို ဖတ်ကြည့်သည်။ သူသည် ငယ်ပင်ငယ်သေး သော်လည်း သူ့ဘာသာပြန် အရည်အသွေး မညံ့လှကြောင်း ထိုစာအုပ်က ဖော်ပြနေ၏။ သူ့စာအုပ်ထဲတွင် အင်္ဂလိပ် စကားလုံး တစ်လုံးမှမပါ။ သူရေးထားသည့် စာကြောင်းများမှာလည်း နားလည်ရလွယ်၏။ 

 

အထက်၌ ကျွန်ုပ်ပြောခဲ့သည့် ဒိန်ခဲနံ့ရသော စာအုပ်မှာ မြန်မာစာရေးဆရာမတစ်ဦး ရေးထားသော ကိုယ်တိုင်ရေး ဝတ္ထု ဖြစ်၏။ သို့တိုင် မြန်မာစကားလုံးများ အခိုင်အမာရှိနေပါလျက် ထိုစကားများကို မြန်မာစကားဖြင့် မရေးဘဲ အင်္ဂလိပ်လို ညှပ် ရေးထားလေတော့ . . . . ၎င်း၏စတိုင်သာ ဖြစ်ပါလိမ့်မည်။ အဲလေ သူနာမည်ကြီးတာကလည်း အဲသလိုရေးတာကို သဘောကျသည့် လူတန်းစားတစ်ရပ် ရှိနေလို့သာ ဖြစ်ပါလိမ့်မည်။

 

ကျွန်ုပ်သည် အချိန်အားရတိုင်း အသိပညာမျှဝေသည့် စကားဝိုင်းများသို့ တက်ရောက်နားထောင်လေ့ ရှိပါ၏။ ဤတွင်လည်း ပြောကြဆိုကြ ဆွေးနွေးကြသည့် သူများသည် မြန်မာလိုပြောလို့ရပါလျက် အင်္ဂလိပ်စကားလုံးများ ညှပ်၍ ပြောနေကြသည်ကို ကျွန်ုပ်မှာ အောင့်အည်းသည်းခံ နားထောင်နေရလေသော ဟူသတတ်။ ၎င်းတို့သည် အဘယ်ကြောင့် မြန်မာစကားကို မချစ်မြတ်နိုးနိုင်ဘဲ အင်္ဂလိပ်စကားလုံးများကိုသာ အထင်တကြီး ပြောဆိုကြရဘိသနည်း။ (အင်္ဂလိပ်လို ပြောချင်သပဆို ဆွေးနွေးပွဲ အစအဆုံး အင်္ဂလိပ်လိုချည်းပြောပါ။ ဘာပြဿနာမှ မရှိ။)

 

WSHM ဂျာနယ် စထုတ်စဉ်က အန္တရာယ်ကင်းရေးအကြောင်း စာများကို ၎င်း၏ ဖေ့စ်ဘုတ်တွင် မပြတ်ရေးတင်နေသည့် မိတ်ဆွေတစ်ဦးကို စင်တင်ပေးလိုသည့် သဘောနှင့် ကျွန်ုပ်က ၎င်းကို တွေ့ဆုံလျက် ဆွေးနွေး၏။ သူက သူ့စာများတွင် စာတစ်ကြောင်းလျှင် အင်္ဂလိပ်စာလုံး သုံးလုံးလောက် ထည့်ရေးထား၏။ နောက်ပြီး အသုံးအနှုန်းကလည်း မမှန်သေး။ ကျွန်ုပ်က သူ့ကို လူချင်းတွေ့လျက် ထိုစာများကို မြန်မာလိုပြင်ရေးပေးလျင် ဂျာနယ်ထဲ၌ ထည့်သုံးပေးမည်ဖြစ်ကြောင်း ပြောပါသေး၏။ မရပါ။ အကျင့်ဆိုတာ ဖျောက်ရခက်သားကလား။

 

ယခင်အခါ ကာလများဆီက စကားပြောသည့်အခါ အင်္ဂလိပ်လို ညှပ်ပြောသူများကို ကျွန်ုပ်က ‘လူ့အဆန်ချောင်’ စာရင်းထဲ၌ ထည့်ထားလျက် ထိုသူများနှင့် ခပ်ကင်းကင်းနေတတ်၏။ အခုတော့ ဘာစာမှ မတတ်သူများသည်လည်း ကြားဖူးနားဝ အင်္ဂလိပ်စကားလုံးများကို စကားပြောရာ၌ ညှပ်သုံးလာတတ်ကြပြီဖြစ်ရာ ကျွန်ုပ်၌ ပြောစရာစကားကို မရှိတော့ပါ။

 

၂၀၁၅ ခုနှစ်က ရွာပြန်လျက် သားတို့ကိုရှင်ပြုပေး၏။ ထိုအလှူသို့ ကျွန်ုပ်တို့နှင့် ရင်းနှီးသူ ရွာနီးချုပ်စပ်မှ ဆွေမျိုးအပေါင်း လည်း လာကြသည်ဖြစ်ရာ ထိုအထဲ၌ အတန်းကျောင်းဆို၍ တစ်တန်းမှ မတက်ခဲ့ဖူးသူ ကျွန်ုပ်နှင့် အလွန်နီးစပ်သော ဆွေမျိုးတစ်ဦးသည် ပါလာလေ၏။ သူပြောနေသည့် စကားဝိုင်း၌ ကျွန်ုပ်မှာ မကောင်းတတ်၍ မနိုင့်ရင်ကာ အောင့်အည်း သည်းခံနားထောင်နေရသော်လည်း သူ ဘာတွေပြောနေမှန်း ကျွန်ုပ် တစ်လုံးမှ နားမလည်ပါ။ ကျွန်ုပ်သာမဟုတ်။ အခြားသူများလည်း နားလည်မည် မထင်ပါ။ ၎င်းပြောသည့်အထဲ၌ ‘အက်စမစ်’ ‘အက်စမစ်’ ဟူသည့် စကား ထပ်ကာ ထပ်ကာ ပါ၏။ သူပြောသည့် ‘အက်စမစ်’ မှာ ‘estimate’ ကို ဆိုလိုမှန်း ကျွန်ုပ် သိ၏။ သို့သော် အခြားသူများ နားလည်ပါ မည်လော။ ၎င်းသည် အဘယ်ကြောင့် မြန်မာစကားကို မြန်မာနားလည်အောင် မပြောချင်ရဘိသနည်း။ ဤသည်ကို ဘဝင်ရူးဟု ခေါ်မည် ထင်၏။ ကွယ်လွန်ရှာလေပြီဖြစ်သည့် ကျွန်ုပ်အလွန်ချစ်သော ဦးကြီးဖိုးထောင်ကမူ ထိုကဲ့သို့သော လူများကိုတွေ့လျှင် နားထင်ကို လက်ညှိုးဖြင့် ထောက်ပြလျက် ဟီးဟီးဟု ပြုံးပြတတ်၏။ နားထင်ကို သွေးရောက်နေသူများဟု ဆိုလိုခြင်း ဖြစ်ပါ၏။ 

 

စင်ကာပူမှာနေပြီး Yes, no, very good သုံးလုံးလောက်သာ ပြောတတ်သူကလည်း စင်ကာပူဆိုတာ မှားတယ်။ စင်ကာပေါ ဆိုမှမှန်တယ်ဟု သူ့အပေါင်းအသင်းများကို ဆုံးမဩဝါဒပေးနေတာ ကြားရသည့်ခဏ ကျွန်ုပ်လည်း ဪ - အင်း ဟု ခေါင်းကို သုံးခါလောက် အသာငြိမ့်နေမိလေ၏။

 

အသင်တို့သည် အင်္ဂလိပ်လိုညှပ်ပြောရမှ လျှာတွေ့သည် ဆိုလျှင်လည်း ပြောကြပါ။ ဘာပြဿနာမှ မရှိ။

ကျွန်ုပ်ကမူ ကျွန်ုပ်မကြိုက်သည့်အကြောင်းကို ပြောခြင်းမျှ ဖြစ်၏။

 

သေချာသည်မှာကား ဟိုဆရာမ၏စာအုပ်ကို မည်မျှပင် နာမည်ကြီးနေပါစေ ကျွန်ုပ် လုံးဝ ဝယ်မဖတ်တော့ ဆိုသည့် အကြောင်း ဖြစ်ပါ၏။ မကြိုက်လည်း မတတ်နိုင်ပုစ်။

 

မြန်မာပြည်ကြီးလည်း ငြိမ်းချမ်းပါစေ။

ဟိုမြေနိုးလည်း ချီးပန်းပါစေ။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၅ မတ်လ၊ ၂၀၂၄

No comments: