Tuesday, September 24, 2019

မီးသတ်ဆေးဘူးအကြောင်း သိကောင်းစရာ-၂

မီးအတန်းအစား (ခ) အတွက် ထားရမည့် မီးသတ်ဆေးဘူး အရွယ်အစား



B အမျိုးအစား မီးသတ်ဆေးဘူးများကို ဆယ်လီဖြင့် ဖော်ပြ၏။ ဥပမာ - 10B မီးသတ်ဆေးဘူးသည် ၁၀ စတုရန်း ပေ ဧရိယာကို ကာမိသည်။
C အမျိုးအစား မီးသတ်ဆေးဘူးအရွယ်အစား ရွေးချယ်ရာတွင် အမျိုးအစား A နှင့် B တို့အပေါ်မူတည် ရွေးချယ်ပါ သည်။ D အမျိုးအစား မီးသတ်ဘူးကိုမူ မိမိလုပ်ကိုင်နေသည့် အလုပ်အမျိုးအစားပမာဏ အကြီးအသေးပေါ်မူတည် ရွေးရပါမည်။

၈။ မီးသတ်ဆေးဘူးကို စစ်ဆေးခြင်း၁

မီးသတ်ဆေးဘူးကို ပုံမှန် (တစ်လတစ်ကြိမ်) စစ်ဆေးနေရန် လို၏။ စစ်ဆေးချက်ကိုလည်း မှတ်တမ်းတင်ထားရ မည်။ ဆောက်လုပ်ရေးလုပ်ငန်း သို့မဟုတ် အဆောက်အဦကြီးများ၌ မီးသတ်ဆေးဘူးစစ်ဆေးမည့်သူကို မည်ကဲ့သို့ စစ်ဆေး ရမည် သင်ကြားပေးလျက် ခန့်အပ်ထားရမည်။ မီးသတ်ဆေးဘူးတွင် စစ်းဆေးချက်မှတ်တမ်းကဒ်ပြား ချိတ်ဆွဲထားလျက် စစ်ဆေးသည့်ရက်စွဲကိုရေးကာ စစ်ဆေးသူက လက်မှတ်ထိုးထားရမည်။ မီးသတ်ဆေးဘူးကို တစ်နှစ်တစ်ကြိမ် ပြုပြင် ထိန်းသိမ်းမှု ပြုလုပ်ရမည်။

• မီးသတ်ဆေးဘူးသည် မူလတပ်ဆင်ထားသည့် နေရာတွင် ရှိနေ၊ မနေ
• မီးသတ်ဆေးဘူးကို တစ်ခုခုနှင့် ကွယ်နေမနေ
• မီးသတ်ဆေးဘူးအား မည်ကဲ့သို့ အသုံးပြုရမည်ဟူသည့် ညွှန်ကြားချက်သည် ကြည့်သူဘက်တွင် ရှိနေမနေ
• မီးသတ်ဆေးဘူး၌ ဆေးအပြည့်ရှိမရှိ (မီးသတ်ဘူး အလေးချိန်ဖြင့် စစ်ကြည့်နိုင်သည်။)
• ဖိအားပြမီတာမှ လက်တံသည် အစိမ်းရောင်နယ်တွင် ရှိနေမနေ
• အထိန်းပင်သည် နေရာတကျရှိနေမနေ
• လက်ကိုင်သည် ပျက်စီးနေမနေ
• နော်ဇယ်ပိုက်ခေါင်းသည် ရှင်းရှင်းလင်းလင်း ရှိနေမနေ
• အခြား မျက်မြင်ပျက်စီးမှုများ ရှိမရှိ

မီးသတ်ဆေးဘူးကို အောက်ပါအခြေအနေများတွင် အပြီးတိုင် လွှင့်ပစ်လိုက်ရမည်။
• မီးသတ်ဆေးဘူးကိုယ်ထည်ကို ဂဟေဆော်ထားခြင်း
• မီးသတ်ဆေးဘူးမှ ဝက်အူရစ်များ ပြုန်းနေခြင်း
• မီးသတ်ဆေးဘူးကိုယ်ထည်ကို ဆိုးဝါးစွာ သံချေးတက်နေခြင်း
• မီးသတ်ဆေးဘူးတွင် မီးလောင်ထားသည့် ဒဏ်ရာများ ရှိနေခြင်း



၉။ ရေဖိအားဖြင့်စမ်းသပ်ခြင်းကာလ အပိုင်းအခြား (Hydrostatic test interval for extinguishers) 


၁၀။ မီးသတ်ဆေးဘူးဆိုင်ရာ စံနှုန်းများ 


မှတ်ချက်။ ။ British Standard BS 5423 ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ၎င်းနေရာတွင် BS EN 3 ဖြင့် ၁၉၉၇ ဇန္နဝါရီလ ၁ ရက်နေ့မှစကာ အစားထိုးလိုက်ပါသည်။ ဤတွင်ထည့်ထားသည်မှာ စံနှုန်းအဟောင်းကို ဖျက်သိမ်းထားတာ မသိဘဲ ယခုတိုင် ရှိနေသေးသည်ဟု ထင်မှတ်မှားမှာစိုး၍ ဖြစ်ပါသည်။ BS EN 3 ကို ဥရောပနိုင်ငံအားလုံး အသုံးပြု၏။

၁၁။ မီးသတ်ဆေးဘူး အသုံးပြုနည်း

အဆောက်အဦရှိ လူအားလုံးသည် မည်သည့်နေရာ၌ မီးသတ်ဆေးဘူး ရှိသည်ကို သိထားရမည်။ ထို့ပြင် အဆောက်အဦ၏ တာဝန်ရှိသူသည် ထိုအဆောက်အဦမှ လူအားလုံးကို မီးသတ်ဆေးဘူးအား မည်သို့ ကိုင်တွယ် အသုံးပြုရ မည်ကို သိစေရန် လေ့ကျင့်သင်ကြားပေးထားရမည်။ 
အသုံးပြုသူများ ရှုပ်ထွေးမှု မဖြစ်စေရန် အဆောက်အဦတစ်ခု၏ အထပ်တစ်ထပ်တွင်ရှိသော မီးသတ်ဆေးဘူးများ အားလုံးသည် ကိုင်တွယ်အသုံးပြုပုံချင်း အတူတူပင် ဖြစ်ရမည်။ ဖြစ်နိုင်လျှင် အထပ်တစ်ခုအတွက် မီးသတ်ဆေးဘူး အမျိုးအစားတစ်ခုတည်းကိုသာ တပ်ဆင်ရမည်။ ထိုမီးသတ်ဆေးဘူးများသည် အရွယ်တူ၊ အရောင်တူ၊ ပုံစံတူ၊ အသုံးပြုပုံချင်း တူရမည်။ 
မီးကိုထိထိရောက်ရောက်သတ်နိုင်ရန်မှာ လောင်နေသည့်မီးနှင့် သင့်တော်သည့် မီးသတ်ဆေးဘူးကို အသုံးပြုရန် လို၏။ ထို့ကြောင့် ပစ္စည်းအမျိုးအစား များစွာသိုလှောင်ထားသည့် စူပါမားကက်၊ သိုလှောင်ရုံများတွင် သိုလှောင်ထားသည့် ပစ္စည်းအမျိုးအစားနှင့်ကိုက်ညီမည့် မီးသတ်ဆေးဘူးများ ထားရှိသင့်၏။ 
မီးကို မငြိမ်းသတ်မီ ပထမဦးစွာ လောင်နေသည့်မီးသည် မိမိငြိမ်းသတ်နိုင်မည့် အခြေအနေတွင် ရှိမရှိ ချိန်ဆပါ။ အကယ်၍ မီးသည် အလွန်ကြီးမားပြီး ငြိမ်းသတ်ရန် မလွယ်ပါက မစွန့်စားပါနှင့်။ မီးသတ်ဌာနကို အမြန်အကြောင်းကြားပါ။ 
အကယ်၍ မီးသည် ငြိမ်းသတ်နိုင်သည့် အနေအထားတွင် ရှိပါက အောက်ပါအတိုင်း ငြိမ်းသတ်ပါ။

• မီးသတ်သည့်အခါ တံခါးပေါက်ဘက်တွင် နေရာယူပါ။ ထွက်ပေါက်ကို ပိတ်မနေပါစေနှင့်။
• ပြင်ပတွင် ဖြစ်ပါက လေညာဘက်တွင် နေပါ။ 
• မီးနှင့် ၂ မီတာ (၆ ပေ) ခန့်အကွာတွင် နေရာယူပါ။
• ထို့နောက် အောက်ပါအတိုင်း ငြိမ်းသတ်ပါ။


နိဂုံး

ကမ္ဘာတစ်ဝှမ်းတွင်ပင် နှစ်စဉ် မီးလောင်မှုများ အကြီးအကျယ် ဖြစ်ပွားလျက် ရှိ၏။ မီးလောင်သည့်အခါ ဆုံးရှုံးမှု တန်ဘိုးမှာ ကြီးမားလှသည်။ ထို့ကြောင့် မီးမလောင်စေရန် တင်ကြိုကာကွယ်ခြင်းအစီအမံများ ပြုလုပ်ရန် အရေးကြီးလှ၏။ ထိုအထဲတွင် အဆောက်အအုံများ၌ မီးသတ်စနစ်များ၊ မီးအချက်ပေးစနစ်များ တပ်ဆင်ခြင်း၊ ပစ္စည်းများကို စနစ်တကျ ထားသိုခြင်း၊ မီးသွယ်တန်းခြင်းကို စံချိန်စံညွှန်းများနှင့်အညီ ပြုလုပ်ခြင်း တို့ပါဝင်သည်။ 
ထိုမျှသာမက မီးလောင်လျှင် အချိန်မီ ငြိမ်းသတ်နိုင်စေရန် အိမ်၊ ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဈေးကြီးများ၊ ရုပ်ရှင်ရုံ၊ ရုံး စသည်တို့၌ မီးသတ်ဆေးဘူးများပါ အဆင်သင့် ဆောင်ထားရန် လို၏။ မီးကို အချိန်မီသာ ငြိမ်းသတ်နိုင်ပါက အကြီးအကျယ် ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်နိုင်မည်။ 
ပြည်သူများကိုလည်း အိမ်၌ မီးသတ်ဆေးဘူးများ ဆောင်ထားကြရန် အသိပညာပေးရပါမည်။ မီးသတ်ဆေး တစ်ဘူး၏ တန်ဘိုးမှာ မီးလောင်၍ ဆုံးရှုံးရမည့် ပမာဏနှင့်စာလျှင် ဘာမှ မပြောပလောက်ပါ။
ဤဆောင်းပါတွင် မီးသတ်ဆေးဘူးအကြောင်း တတ်နိုင်သမျှ ပြည့်စုံစွာ တင်ပြထားပါသည်။ လက်တွေ့လိုက်နာ လုပ်ဆောင်ကြပါရန်လည်း တိုက်တွန်းလိုက်ရ ပါသတည်း။ ။

အေးငြိမ်း (လေးမျက်နှာ)

References:

1. CP 55: 1991 - Code of practice for use and maintenance of portable fire extinguishers
2. https://www.fireproductsdirect.ie/advice-centre/pros-and-cons-of-fire-extinguisher-types/
3. https://support.brandbeveiligingshop.be/hc/en-be/articles/115002061729-What-are-the-advantages-and-disadvantages-of-certain-types-of-fire-extinguishers-
4. https://www.firefightingchina.com/What-Are-The-Advantages-And-Disadvantages-Of-Different-Types-Of-Fire-Extinguisher-id1665186.html
5. https://www.aviva.co.uk/risksolutions/knowledgestore/answer/1753/
6. IS 2190: 1992: CP for Selection, installation and maintenance of First-Aid fire extinguishers

မီးသတ်ဆေးဘူးအကြောင်း သိကောင်းစရာ-၁

အမှာ

ဤဆောင်းပါးကို စင်ကာပူစံနှုန်း CP 55 : 1991 – Code of Practice for Use And Maintenance Of Portable Fire Extinguishers စာအုပ်ကို အခြေခံကာ ရည်ညွှန်းပါ အခြားစာစောင်များနှင့် website ပါ အချက်အလက်များကို စုပေါင်း၍ ရေးသားပါသည်။ CP 55 : 1991 ကို ယခုအခါ SS 578: 2012 ဖြင့် အစားထိုးပြီး ဖြစ်ပါသည်။

မီးဆိုသည်မှာ မလောင်ခင်က ကြိုတင်တားရမည့်အရာ ဖြစ်သော်လည်း လောင်သည့်အခါတွင် အချိန်မီ ထိန်းသိမ်း နိုင်ရန် အရေးကြီးပါသည်။ မီးလောင်ခြင်းကို ထိန်းနိုင်မည့် အထိရောက်ဆုံးနှင့် အလွယ်ကူဆုံးအရာမှာ မီးသတ်ဆေးဘူး ဖြစ်၏။

ယခုအခါ ဈေးကွက်ထဲတွင် မီးအမျိုးမျိုးကို သတ်နိုင်သည့် မီးသတ်ဆေးဘူးများ ရနိုင်နေပြီ ဖြစ်ပါသည်။ မီးသတ် ဆေးဘူး သေးသေးကလေးသည်ပင် အတော်အတန်ကြီးမားသည့် မီးကို သတ်နိုင်၏။ မီးသတ်ဆေးဘူးများကို မီးသတ်ရာ တွင်သာမက မီးလောင်နေသည့်နေရာမှ ဖောက်ထွက်ပြေးရန် အတွက်လည်း သုံးနိုင်ပါသေးသည်။

မီးသတ်ဆေးဘူးမှာ -
• ထားရသိုရ ဝန်ကျဉ်းသည်။
• သုံးရလွယ်သည်။
• အရင်းအနှီးမများလှ။
• မည်သူမဆို ကိုင်တွယ်သုံးစွဲနိုင်သည်။
• စစ်ဆေးရန်၊ ပြုပြင်ထိန်းသိမ်းရန်မခဲယဉ်း။
• မကြာခဏ ဝယ်ရန်မလို။

အဆောက်အဦကြီးများ၊ စူပါမားကက်၊ ဟော်တယ်၊ ရုံးဌာနများမှလွဲ၍ အိမ်များတွင် smoke detector, heat detector, sprinkler system စသည်တို့ တပ်ဆင်ရန် လက်တွေ့မကျ။ ဝန်ကျဉ်းပြီး ခရီးရောက်သော မီးသတ်ဆေးဘူး ကိုသာ အားကိုးရပေမည်။ ထို့အတူ ဆောက်လုပ်ဆဲ လုပ်ငန်းများ၊ အချို့စက်ရုံ၊ အလုပ်ရုံများတွင်လည်း မီးသတ်ဆေးဘူး မရှိမဖြစ်လိုပါလိမ့်မည်။

အိမ်များ၊ ကျောင်းများ၊ ဆေးရုံများတွင် မီးသတ်ဆေးဘူးဆောင်ထားတာ ကောင်းပါသည်။ သို့သော် ထိုမီးသတ် ဆေးဘူးအား မည်ကဲ့သို့သုံးရမည်ကို ထိုအိမ်၊ ကျောင်း၊ ဆေးရုံများတွင် ရှိသူအားလုံး သိထားရန်လို၏။ သို့မှ မီးလောင်သည့် အခါ မီးကို ချက်ချင်း ငြိမ်းသတ်နိုင်မည် ဖြစ်၏။

၁။ အထွေထွေ

• သယ်ရလွယ်သော မီးသတ်ဆေးဘူးဆိုသည်မှာ လူတစ်ယောက် နိုင်နိုင်နင်းနင်း ကိုင်တွယ်၍ မီးသတ်နိုင်သော၊ အလေးချိန် ကီလို ၂၀ ထက်မပိုသည့် မီးသတ်ဆေးဘူးကို ဆိုလိုသည်။
• မီးသတ်ဆေးဘူးကို မီးလောင်သည့်အခါ အလွယ်တကူ ရနိုင်မည့်နေရာများတွင် ထားရမည်။ အခန်း ဝင်ပေါက်၊ ထွက်ပေါက်များ၊ စင်္ကြန်လမ်းများ၊ လှေခါးအတက်အဆင်း နေရာများ စသည့်နေရာများတွင်ထားရန် သင့်တော်သည်။ အခန်းကျယ်ကြီးများ၌ မီးသတ်ဆေးဘူးကို မြင်သာထင်သာထားရန် ခက်ခဲသည့်အခါ မည်သည့်နေရာတွင် မီးသတ်ဆေးဘူး ရှိသည်ကို သိသာစေရန် ဆိုင်းဘုတ်များဖြင့် ညွှန်ပြထားရမည်။
• မီးသတ်ဆေးဘူးကို မီးလောင်စေတတ်သည့် အနီးအနား၌ ထားရမည်ဆိုစေ၊ မီးလောင်သည့်အခါ မီးသတ်ဆေးဘူးကို ယူငင်ရန် ခက်ခဲလောက်သည်ထိမူ မနီးကပ်စေရ။ အကယ်၍ ကွန်ဖိုင်းစပေ့စ် ဖြစ်နေပါက မီးသတ်ဆေးဘူး ထားရမည့် နေရာသည် ကွန်ဖိုင်းစပေ့စ်၏ ပြင်ပတွင်သာ ဖြစ်ရမည်။
• ကွန်ဖိုင်းစပေ့စ်ကဲ့သို့ အလုံပိတ်အခန်းတွင် ပေါင်ဒါမှုန့်သုံး မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ပါက မြင်ကွင်းကို ကွယ်စေပြီး ထွက်ပေါက်ကိုရှာမရ ဖြစ်တတ်သဖြင့် အထူးသတိထားရမည်။
• မီးသတ်ဆေးဘူးကို စားစေတတ်သော ပတ်ဝန်းကျင်၊ စားစေတတ်သည့် အရည်များ စဉ်နိုင်သည့်နေရာတို့တွင် မထားရ။
• မီးသတ်ဆေးဘူးကို နံရံတွင် ချိတ်ဖြင့် ချိတ်ထားရမည်။ အကယ်၍ မီးသတ်ဆေးဘူးကို အိမ်၊ သေတ္တာ၊ နံရံကပ်ဘီရို စသည်တို့ အထဲတွင် ထည့်ထားရမည် ဆိုပါက ထိုဘီရို စသည်တို့ကို သော့ခတ်မထားရ။ အကယ်၍ ပျောက်မည့် အန္တရာယ်ကြောင့် သော့ခတ်ထားရမည်ဆိုပါက သော့ကို အလွယ်တကူတွေ့နိုင်မည့် ထိုသေတ္တာ စသည်တို့အနား၌ ထားရမည်။
• မတ်ရပ်ထောင်ထားရန် ဒီဇိုင်းပြုလုပ်ထားသည့် မီးသတ်ဘူးများကိုသာ စင်ပေါ်တွင်လည်းကောင်း၊ ကြမ်းပြင်ပေါ်တွင် လည်းကောင်း၊ မတ်ရပ်ထောင်ထားနိုင်သည်။
• မီးသတ်ဆေးဘူးများကို အရာတစ်ခုခုဖြင့် ထိခိုက်ပြီး ပျက်စီးမည့် အန္တရာယ်မှ ကာကွယ်ပေးထားရမည်။
• မီးသတ်ဆေးဘူး၏လက်ကိုင်သည် ကြမ်းပြင်မှ ၁.၅ မီတာထက် ပိုမမြင့်စေရ။
• မီးသတ်ဆေးဘူးပေါ်တွင် ဤမီးသတ်ဆေးဘူးအား မည်ကဲ့သို့ အသုံးပြုရမည်ကို ရှင်းလင်းပြတ်သားစွာ ဖော်ပြ ထားရမည်။
• မီးသတ်ဆေးဘူးကိုယ်ထည်၏ ၉၀ ရာခိုင်နှုန်းမှာ အနီရောင်ဖြစ်ရမည်။
• မီးသတ်ဆေးဘူးထဲတွင် ပါဝင်သည့် ပစ္စည်းအမျိုးအစားကိုမူ သက်ဆိုင်ရာ အရောင်ဖြင့် ဖော်ပြနိုင်သည်။ ထို အရောင်ဧရိယာသည် မီးသတ်ဆေးဘူးကိုယ်ထည် မျက်နှာပြင်ဧရိယာ၏  အနည်းဆုံး ၃% မှ အများဆုံး ၁၀% ထိ ရှိနိုင်သည်။ ထိုနေရာမှာ မီးသတ်ဆေးဘူးကိုယ်ထည် အထက်ပိုင်းတွင်ရှိရမည်။ မီးသတ်ဆေးဘူးကို ၁၈၀ ဒီဂရီ (ကိုယ်ထည်လုံးပတ်ကို ထက်ခြမ်းပတ်မိသည်ထိ) ရှိရမည်။ မီးသတ်ဆေးဘူးကို နံရံတွင် ချိတ်ဖြင့်ချိတ်ထားပါက မြင်သာသည့် ဘက်ခြမ်း၌ ရှိရမည်။
• မီးသတ်ဆေးဘူးမှ အမှတ်အသားများသည် စံနှုန်းတွင် ဖော်ပြထားသည့်အတိုင်းသာ ဖြစ်ရမည်။
• မည်သည့်မီးအမျိုးအစားကို သတ်နိုင်ကြောင်း ရုပ်ပုံနှင့်တကွ ဖော်ပြရမည်။
• မီးသတ်ဆေးဘူး၏ ကိုယ်ထည်အထူမှာ စံနှုန်းတွင် သတ်မှတ်ထားသည့်အတိုင်း ဖြစ်ရမည်။
• မီးသတ်ဆေးဘူးသည် သတ်မှတ်ထားသည့် စံနှုန်းအတိုင်း ထုတ်လုပ်ထားသည့် မီးသတ်ဆေးဘူး ဖြစ်ရမည်။

British Standard BS 7863 စနစ်အရ မီးသတ်ဆေးဘူးအမျိုးအစားအလိုက် အရောင်ကို အောက်ပါအတိုင်း ခွဲခြား သတ်မှတ်ပေးရမည်။



၂။ မီးအမျိုးအစား အမျိုးမျိုး

မီးအမျိုးအစား (၅) မျိုးရှိ၏။

၁။ အတန်းအစား - က (Class A)
သစ်သား၊ စက္ကူ၊ ပလတ်စတစ်၊ အဝတ်အထည် စသည့် မီးလောင်နိုင်သည့် ပစ္စည်းများကို လောင်သောမီး

၂။ အတန်းအစား - ခ (Class B)
မီးလောင်နိုင်သောအရည်၊ ဓာတ်ငွေ့၊ ချွတ်ဆေး၊ သုတ်ဆေး၊ ဆီ စသည်တို့ကို လောင်သောမီး
ဥပမာ - ဓာတ်ဆီ၊ ဒီဇယ်၊ ရေနံ၊ သင်နာ၊ LPG၊ အက်ဆီတလင်း

၃။ အတန်းအစား - ဂ (Class C)
လျှပ်စစ်နှင့်ပတ်သက်သော ပစ္စည်းများကို လောင်သောမီး
ဥပမာ - ထရန်စဖော်မာ၊ မီးခလုတ်ခုံ၊ ဓာတ်ကြိုး များ ရှော့ဖြစ်၍လောင်သောမီး စသည် (အကယ်၍ လျှပ်စစ် ပစ္စည်းကို မီးဖြတ်ထားလိုက်ပြီဆိုပါက မီးအမျိုးအစား က နှင့် ခ တို့ကိုသတ်ရာတွင်သုံးသည့် မီးသတ်ပစ္စည်းကိုပင်သုံးကာ သတ်နိုင်ပါသည်။)

၎။ အတန်းအစား - ဃ (Class D)
ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ တိုက်တေနီယမ်၊ လစ်သီယမ် စသည့် မီးလောင်နိုင်သည့် သတ္တုများကို လောင်သည့်မီး

ယခင်က Class K ဆိုကာ ဟင်းချက်ဆီကိုလောင်သည့်မီး ဟူ၍ မီးအမျိုးအစားတစ်ခု ထည့်သွင်းထား၏။ သို့သော် ၎င်းကို အမျိုးအစား ခ တွင်ပေါင်းလိုက်ပြီး Class K ကို ဖြုတ်လိုက်ပါသည်။

၃။ မီးသတ်ဆေးဘူး အမျိုးအစား

မီးသတ်ဆေးဘူး အမျိုးအစား ခွဲခြားရာတွင် မည်သည့်အမျိုးအစားမီးကို ပတ်ဝန်းကျင် အပူချိန်တွင် မည်မျှ ထိထိ ရောက်ရောက် သတ်နိုင်သနည်း ဆိုသည့်အပေါ် မူတည် ခွဲပါသည်။ မီးသတ်ဆေးဘူးကို စင်္ကာပူစံနှုန်း SS232 အရ လက်တွေ့ စမ်းသပ်ပြီး မီးငြိမ်းကာ အောက်ပါအတိုင်း အမျိုးအစား (၄) မျိုးခွဲ၏။

အမျိုးအစား (က) - သစ်သား၊ ပလတ်စတစ်၊ အဝတ်အထည်များအား လောင်သည့်မီးကို ငြှိမ်းသတ်သည့် မီးသတ်ဆေးဘူး
အမျိုးအစား (ခ) - ဓာတ်ဆီ၊ ဒီဇယ် စသည့် အရည်များ၊ မီးလောင်နိုင်သည့် ဓာတ်ငွေ့များကို လောင်သည့်မီးကို ငြှိမ်းသတ် သည့် မီးသတ်ဆေးဘူး
အမျိုးအစား (ဂ) - လျှပ်စစ်ကြောင့်လောင်သည့်မီးကို ငြှိမ်းသတ်သည့် မီးသတ်ဆေးဘူး
အမျိုးအစား (ဃ) - သတ္တုများကို လောင်သည့်မီးကို ငြှိမ်းသတ်သည့် မီးသတ်ဆေးဘူး

မှတ်ချက်။       ။ အချို့နိုင်ငံများတွင် water, foam, dry chemical powder, wet chemical, vaporising liquid, carbon dioxide ဟု မီးသတ်ဆေးဘူးအမျိုးအစား (၆) မျိုးရှိသည်ဟု ဖော်ပြထားသည်ကို တွေ့ရပါ သည်။





၎။ မီးအမျိုးအစားအလိုက် သုံးနိုင်သော မီးသတ်ဆေးများ


*   AFFF = Aqueous Film Forming Foam
**  ပြင်ပတွင် မီးသတ်ရမည်ဆိုပါက ABC powder ကပိုကောင်းပါသည်။ ကာဘွန်ဒိုင်အောက်ဆိုဒ်နှင့် ဟေလွန်တို့မှာ ပြင်ပတွင် ထိရောက်မှု နည်းပါသည်။ 
*** သတ္တုဟွန်းတပ်ထားသည့် ကာဘွန်ဒိုင်အောက်ဆိုဒ်မီးသတ်ဘူးမှာ အမျိုးအစား (ဂ) မီးအတွက် မသင့်တော်ပါ။ မီးသတ်သည့် ပစ္စည်းသည် လျှပ်မကူးနိုင်သည့် ပစ္စည်းဖြစ်ရမည်။ သို့မဟုတ် အငွေ့ပျံနိုင်သည့် အရည်ဖြင့် ငြိမ်းသတ်နိုင်သည်။ 


ရေတွင်ပျော်ဝင်နိုင်သည့် မီးလောင်နိုင်သည့်အရည်များ (ဥပမာ - အယ်လ်ကိုဟော၊ အက်ဆီတုန်း၊ အက်စ်တာ၊ ကီတုန်း စသည်) ကို လောင်သည့်မီးအား ရေမြှုပ်၊ AFFF အမျိုးအစား မီးသတ်ဆေးဘူးများ မသုံးရ။ 
အီလက်ထရောနစ်ပစ္စည်းများအား လောင်သည့်မီးကို Halon 1211, Halon 1301, ကာဘွန်ဒိုင်အောက်ဆိုဒ် မီးသတ်ဆေးဘူးများဖြင့် သတ်နိုင်သည်။ 
ABC မီးသတ်ဆေးဘူးကို လျှပ်စစ်ကြောင့် လောင်သောမီးအား သတ်နိုင်သည်မှာ မှန်၏။ သို့သော် ထိုပေါင်ဒါမှုန့် များကို လုံးဝစင်သွားအောင် သန့်ရှင်းရေးလုပ်ဖို့ရာ မလွယ်ကူသောကြောင့် လျှပ်စစ်ပစ္စည်းများကို ပျက်စီးစေနိုင်သည်။ ထို့ပြင် အပူချိန် ၂၅၀ ဒီဂရီဖာရင်ဟိုက် (၁၂၁ ဒီဂရီစင်တီဂရိတ်) ထက်ပိုများ သည့် (သို့မဟုတ်) ရေငွေ့ပါဝင်မှု Relative Humidity 50% ထက်ပိုများသည့် ပတ်ဝန်းကျင်တွင် စားစေတတ်၏။

၅။ မီးသတ်ဆေးဘူး အမျိုးအစားအလိုက် အသုံးပြုသင့်သည့် နေရာများ


၆။ မီးသတ်ဆေးဘူးများ၏ အားသာချက် အားနည်းချက်များ





၇။ မီးသတ်ဆေးဘူးကို ဖြန့်ကျက် ထားသိုခြင်း


အဆောက်အအုံများ၌ မီးသတ်ဆေးဘူးထားရာတွင် မည်သည့် မီးသတ်ဆေးဘူးအမျိုးအစား ထားရမည် ဆိုသည်မှာ ထိုအဆောက်အအုံ၌ မည်သည့်ပစ္စည်းများ ထားသိုသည်ဆိုခြင်းအပေါ်မူတည်သည်။ လူနေအိမ်ခြေများ၌ အများဆုံးရှိသည့်ပစ္စည်းများမှာ မီးအတန်းအစား (က) ပစ္စည်းများ ဖြစ်၏။ ထို့ပြင် လျှပ်စစ်ဝိုင်ယာကြိုး ရှော့ဖြစ်၍ လောင်သောမီးနှင့် ထမင်းချက်သည့် ဓာတ်ငွေ့ကို လောင်သောမီးလည်း ရှိနိုင်သေးသဖြင့် မီးအတန်းအစား (ခ) နှင့် (ဂ) တို့လည်း ရှိနိုင်ပါသေးသည်။ ထို့အတူ ဈေးကြီးများနှင့် ရုံးအဆောက်အအုံများတွင်လည်း မီးအတန်းအစား (က) (ခ) နှင့် (ဂ) ပစ္စည်းတို့သာ အရှိများ၏။ ထို့ကြောင့် ထိုနေရာများအတွက် ABC မီးသတ်ဆေးဘူးထားရှိရန် သင့်တော်သည်ဟု ယေဘူယျ အားဖြင့် ဆိုနိုင်ပါသည်။ 
မီးအတန်းအစား (က) အတွက် မီးသတ်ဆေးဘူးတစ်ခုနှင့်တစ်ခု အကွာအဝေးသည် ၁၅ မီတာထက်မပိုစေရ။ မီး အတန်းအစား (ခ) အတွက် မီးသတ်ဘူးတစ်ခုနှင့်တစ်ခု အကွာအဝေးသည် ၇ မီတာထက်မပိုစေရ။
မီးလောင်နိုင်သည့် အရည်များအတွက် မီးသတ်ဆေးဘူး တပ်ဆင်ရာတွင် မီးလောင်သည့်အခါ မီးသတ်ဆေးဘူးကို အန္တရာယ်ကင်း၊ ဘေးကင်း ရယူစေနိုင်ရန် အထူးသတိထား တပ်ဆင်ရမည်။ 
မီးအတန်းအစား (ဃ) အတွက် မီးသတ်ဆေးဘူးကို မီးလောင်ချေရှိနိုင်သည့် နေရာအနီးတွင် ထားရမည်။ 

မီးအတန်းအစား (က) အတွက် ထားရမည့် မီးသတ်ဆေးဘူး အရွယ်အစား


ဤတွင်ဖော်ပြထားသည့် A တစ်ယူနစ်သည် အန္တရာယ်နည်းသည့် နေရာများအတွက် စတုရန်းမီတာ ၄၀၊ အန္တရာယ်အတန်အသင့်များသည့် နေရာများအတွက် စတုရန်းမီတာ ၂၀၊  အန္တရာယ်များသည့် နေရာများအတွက် ၁၅ စတုရန်းမီတာ ကြမ်းခင်းဧရိယာကို ကာမိပါသည်။ 
A တစ်ယူနစ်သည် ရေ ၁.၂၅ ဂါလံ နှင့်ညီမျှ၏။ ထို့ကြောင့် 3A သည် ရေ ၃.၇၅ ဂါလံနှင့် ညီမျှ၏။


ကာရန်ဂိုနီ နှင့် ပါစာမာလမ်တို့အကြောင်း

စင်္ကာပူအစိုးရသည် ၎င်းတို့၏စနစ်အား တိုးတက်ကောင်းမွန်အောင် အစဉ်အမြဲ ကြိုးစားနေသည်ကို စင်္ကာပူတွင်နေသူတိုင်း သိပါသည်။ ထိုအထဲတွင် သင်တန်းများလည်း ပါ၏။

ထိုအထဲမှ ယခု ကျွန်ုပ်သင်နေသည့် စူပါဗိုက်ဆာသင်တန်းတစ်ခုအကြောင်း ဖောက်သည်ချပါရစီ။

ဤသင်တန်းကို ယခင်က BCSS (Building Construction Supervisor Safety Course) ဟု ခေါ်၏။ ယခင်က ထိုသင်တန်းများအားလုံးကို MOM အောက်တွင် ထားခဲ့ရာမှ ယခု အခြားအဖွဲ့အစည်းများသို့ ပေးလိုက်သည်။ ထိုအထဲတွင် SSG (Skill Future Singapore) လည်းပါ၏။ ယခင်က BCSS ကို ယခု SCW (Supervise Construction Works for WSH) ဟု နာမည်ပြောင်းလိုက်ပြီး SSG သို့ပေးလိုက်ပါသည်။

ယခင် BCSS တုံးက သင်ရတာ အတော်သက်သာ၏။ စာသင်လိုက်၊ အခန်းတွင်း သင်ခန်းစာလေးလုပ်လိုက် နှင့် သက်တောင့်သက်သာ သွားလို့ရ၏။

ယခု SCW တွင်မူ စနစ်ပြောင်းသွားသလို activity တွေလည်းအတော်များလာသည်။
ကျွန်တော် ယခုသင်နေသည်မှာ Ever Safe Academy တွင် ဖြစ်၏။ သူတို့က SCW (Blended) ဟု လုပ်၏။ စာချည်းသင်တာမဟုတ်၊ လက်တွေ့များပါလုပ်ခိုင်းသည့် သင်တန်းဟု ဆိုလိုသည်။

ယခင်က registration ကို စာရွက်များဖြင့် ဖြည့်ရ၏။ Attendance ကို စာရွက်ပေါ်တွင် လက်မှတ် ထိုးရ၏။ အဖြေလွှာများမှာလည်း စာရွက်ပေါ်တွင် လက်နှင့်ပင် အမှတ်ခြစ်ရတာ ဖြစ်၏။
ယခုတော့ Safe the environment policy အရ အကုန် online ဖြစ်ကုန်ပြီ။

ပြဿနာတက်ရသည်မှာ ကျွန်ုပ်တို့ ဖြစ်သတည်း။
သည်သင်တန်းကို လူပေါင်းစုံလာတက်သည်။ များသောအားဖြင့်တော့ အလုပ်သမားအဆင့်များ ဖြစ်၏။ ခြွင်းချက်အနေနှင့် မြန်မာသင်တန်းသားများကတော့ အင်ဂျင်နီယာလေးများ၊ စူပါဗိုက်ဆာအဆင့်များ လာတာ များပါသည်။ သူတို့ကတော့ သိပ်မဆိုး။ သို့သော် အရေအတွက်မများလှ။ တစ်တန်းမှ တစ်ယောက်၊ အများဆုံး နှစ်ယောက်မျှသာ ဖြစ်၏။

သင်တန်းသားအများစုမှာ အိန္ဒိယနှင့် ဘန်းဂလားလုပ်သားများဖြစ်၏။
ဆိုတော့ အွန်လိုင်းသင်ခန်းစာများကို အနှီမောင်မင်းကြီးသားများ မည်ကဲ့သို့လုပ်ကြမည်ကို မိတ်ဆွေတို့ စဉ်းစားသာ ကြည့်တော်မူကြပါခညာ။

သို့သော်လည်းပေါ့လေ။ ဝက်ဖြစ်ပြီဆိုမှတော့ ဟိုဒင်းကို ကြောက်နေလို့မရ။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ လုပ်ရတော့သည်သာ မဟုတ်ပါလော။

မလုပ်တတ်တိုင်းသာ ချပစ်ပါမူ ဘယ်မှာအောင်သူရှိမည်နည်း။
အကျများသည့် ထလိန်နင်စင်တာကို မည်သူလာတက်ပါမည်နည်း။ ထိုအခါ သင်တန်းကျောင်းပိတ်နီးရကိန်း ရှိသည်။ သည်သင်တန်းကျောင်းကိုမှီပြီး ထမင်းစားနေရသော ကျွန်ုပ်တို့လည်း ထမင်းငတ်နီးကိန်း ရှိသည်။

ဒါဆို ခညားတို့ ဘယ်လိုတွေများတောင် လုပ်နေကြတုံး . . . မေးပါ။ ဟဲ ဟဲ သိတယ်မှုတ်လား။ မြန်မာပြည်က မအောင်မရှိ ငါ့တပိ စနစ်ကို အတုခိုးရသပေါ့။ အဲလေ၊ အတော်အခြေအနေဆိုးရင်တော့ ချပစ်ရသပေါ့ဗျာ။

ယခု SCW မှာ စုစုပေါင်း practical + assessment (၆) ခုပါ၏။

၁။ eLearning
၂။ Classroom assignment 1 – Hazard Identification & Risk Assessment, Accident case study
၃။ Virtual Reality
၎။ MCQ 100 question – 2 hr (passing mark 65%)
၅။ Project (Safety Inspection Report)
၆။ Oral questions

ပထမဆုံးလုပ်ရသည်မှာ online registration ဖြစ်၏။ သည်မှာတင် မလုပ်တတ်သူများကို ဟိုလူ့လိုက်ပြရ၊ သည်လူ့လိုက်ပြရနှင့် တစ်နာရီကျော် အချိန်ကုန်ပြီ။ Attendance ကိုလည်း tablet ပေါ်တွင် လက်မှတ် ထိုးရ၏။ ကျွန်ုပ်ကတော့ ကိုယ့်ဖုန်းပေါ်မှာပင် ထိုးခိုင်းလိုက်သည်။ Training centre က tablet များ ဖောချင်း သောချင်းပေးထားပါသည်။ သို့သော် ကျွန်တော်ကတော့ ကိုယ့်ဖုန်း၊ ကိုယ့် MacBook နှင့်သာ သုံး၏။ Tablet ထက်စာလျှင် laptop က ပိုသက်တောင့်သက်သာရှိသလို ပိုမြန်ပြီး ပိုခရီးရောက်သည်။ စားပွဲပေါ်တွင် စာသင်ရန် laptop တစ်လုံးထား၏။ သို့သော် စက်ထဲက သူတို့ဖိုင်တွေကို ကူးတာ၊ ပြင်တာ တွေလုပ်လို့မရအောင် power point ပြတာတစ်ခုကလွဲလို့ ဘာမှလုပ်လို့မရအောင် lock လုပ်ထား၏။

နောက်ပြီး eLearning ၊ သဟာလည်း login ကို မည်ကဲ့သို့ဝင်ရသည်၊ ဘာတွေလုပ်ရသည် လိုက်ပြရတာ အတော် အချိန်စား၏။ နောက်ပြီး မေးခွန်းတွေ ဖြေတာ အဆင်မပြေလို့ ရှေ့ဆက်မရတာ ရှိသေးသည်။ တော်ကြာ ဟိုနားက လာပါဦး၊ တော်ကြာ သည်နားက လာပါဦး။ အတော်ရောင်းလို့ ကောင်းသည့် သင်ခန်းစာ ဖြစ်လေသည်။

ဆိုတော့ ပထမနေ့မှာ စာသင်ရတာ တော်တော်၊ အဲသဟာတွေနှင့် အချိန်ကုန်သွားသည်။ သည်တော့ သတ်မှတ်ထားသည့် ဆလိုက်များပြီးစေရန် ကျော်ခွချရတာတွေပါလာသည်။ မတတ်နိုင်၊ အနို့ သည်လို မလုပ်လို့မှမဖြစ်ဘဲကိုး။

ဒုတိယနေ့မှာတော့ စာသင်ချိန် အတော်များ၏။ ညနေပိုင်းမှာ VR (Virtual Reality) လုပ်ရ၏။ ကြည့်ဖူးသူ များတော့သိပါသည်။ သူက ခေါင်းစွပ် စွပ်လိုက်လျှင် အပြင်ကအတိုင်း မြင်ရသည်။ ဆိုလိုသည်မှာ roller coaster VR ဆိုပါစို့။ သည်ခေါင်းစွပ်တပ်ပြီး ကြည့်လိုက်ပါက တကယ့် roller coaster စီးနေရသည့်အလား မြင်ရ၊ ခံစားရ၏။

ကျွန်ုပ်တို့ VR မှာမူ PPE များဝတ်၊ လှေခါးကို တက်ရတာ ဖြစ်၏။ သို့သော် သိပ်အဆင်မပြေပါ။ ကျွန်တော်ကတော့ လုပ်ချင်သူ အနည်းငယ်ကိုသာ လုပ်ခိုင်းပါသည်။ တစ်တန်းလုံးသာ လုပ်ခိုင်းရလျှင် နေ့ဝက်လောက် အချိန်ကုန်လိမ့်မည်။

တတိယနေ့တွင် စာသင်စရာရှိသည့် သင်ခန်းစာအားလုံးကို ဖြတ်ရသည်။ ထို့ပြင် hazard identification နှင့် risk assessment လည်း လုပ်ရသေး၏။ Hazard identification က activity ၁၀ ခု၊ hazard နှင့် control measure နှစ်ခုစီ။ ကျွန်ုပ်ကတော့ လုပ်ရလွယ်စေရန် စာသင်ကတည်းက ဒီမှာ ဘာ hazard ရှိသကွ၊ control measure က ဘာကွနှင့် စာအုပ်ထဲတွင် အတင်းရော အဓမ္မပါ ရေးခိုင်းထားရ၏။ သို့မှ သည် သင်ခန်းစာကို အလွယ် ကျော်ဖြတ်နိုင်မည်။

သဟာဖြင့် Risk Assessment ကရောတဲ့။ စာလေး မဖြစ်ညစ်ကျယ်သင်ရုံမျှနှင့် RA ရေးတတ်မည်ဆို ကျွန်ုပ် ပါးချခံပါမည် ခင်ဗျာ။ စမ်းကြည့်ကြပါ။ ဒါဆို ဘယ်လိုလုပ်သတုံး တဲ့။
Hazard identification & control measure ကို ရှေ့ကဟာ ကူးချခိုင်း၊ ကျန်တာ ကိုယ်က ပြောပြရ သပေါ့ဗျာ။ ပြောပြလို့မှ နားဖာမပေါက်တဲ့သူတွေဆို white board မှာ ရေးပြရသေးဗျား . . ကိုင်း။

ဒါဆို ပရောဂျက်ကရော တဲ့။
စာလေး မဖြစ်ညစ်ကျယ်သင်ရုံမျှနဲ့ ဘယ့်နှာလုပ် safety inspection form ပြင်တတ်ပါမတုံးလကွဲ့၊ မင်းနှယ်။

ကျွန်ုပ်ကတော့ သူတို့ကို ရယ်သလို မောသလိုနှင့် ဘီယာတစ်ဘူးဝယ်ပြီး မင်းတို့ safety officer ကို သွားရေးခိုင်းလကွ ဟု မှာရ၏။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ အချိန်တန်တော့ ပရောဂျက်တစ်ခု ယူလာကြ၏။ ဆင်တူတွေ အတော်များလေသည်။

အရင်တုံးက စာရွက်နှင့်တင်ရ၏။ ယခုတော့ online submission, ဆိုတော့ ပြင်ရတာ အတော့်ကို ခွကျ၏။ ကျွန်ုပ်ကတော့ သူတို့ကို ပရင့်ထုတ်လာခိုင်းကာ စာရွက်ပေါ်တွင် ပြင်ပေး၏။ ပထမ email ပို့ခိုင်းကာ ပြင်ကြည့်ပါသည်။ အတော်လက်ဝင်လှ၏။ စာရွက်ပေါ်မှာပြင်ရတာလောက် အဆင်မပြေ။ အားလုံးအချောသတ်ပြီးပြီဆိုမှ final submission ကို online မှ တင်ခိုင်းရသည်။

သည်ကိစ္စအားလုံးကို ကွန်ပြူတာ ကျကျနနကိုင်တတ်မှ လုပ်ရတာ အဆင်ပြေပါသည်။
ဖုန်းတွင် WPS နှင့်ရေးလို့ရသည်ဆိုစေ၊ အဆင်မပြေပါ။
သည်အလုပ်သမားများမှာ ဘယ်က ကွန်ပြူတာ ရပါမတုံး။ ကွန်ပြူတာရော ကိုင်တတ်ပါမည်လား။

အဲတော့ ကျွန်ုပ်တို့ ထလိန်နာများ၏ ဒွတ်ခကို မိတ်ဆွေတို့ ကိုယ်ချင်းစာနိုင်ပါပြီ။

နောက်ဆုံးနေ့တွင် မနက်ပိုင်းတွင်မတော့ ကျွန်ုပ်က တစ်နာရီလောက်ကို revision ပြန်၏။ Revision ဆိုတာ မေးခွန်းထဲ ပါတာတွေကို ပြောပြတာ ဖြစ်ပါသည်။ သဟာတောင် ကျဖြစ်အောင်ကျသူက ရှိသေး၏။

(ပြီးခဲ့သည့်အတန်းတွင် စုစုပေါင်း ၂၃ ယောက်ရှိရာ မြန်မာ နှစ်ယောက်ပါ၏။ MCQ မှာ ၂၂ ယောက် အောင် သည်။ တစ်ယောက်ကျသည်။ ထိုတစ်ယောက်မှာ ကိုရွှေမြန်မာဖြစ်သတည်း။ ဟိုကောင်လေးတွေက သူက ငါတို့ထက် ပိုသိတယ်။ အောင်အောင် လုပ်ပေးလိုက်ပါကွာ ဟု ပြောလှာလေသည်။
ဟကောင်ရ၊ ဒါ စက်နဲ့စစ်တာလကွ။ မင်းတို့ ငါ့ကို ၁၀၀၀ ပေးပါမယ်ဆိုရင်တောင် ငါလုပ်ပေးလို့မရဘူး ဟု အော်လိုက်ရ၏။)

နောက်တစ်နာရီလောက်ကို ပရောဂျက်ကိစ္စ မပြတ်သေးသူများအတွက် အချိန်ပေး ပြင်ရ၏။
ထို့နောက် Case study, သဟာကတော့ စာအုပ်ထဲပါတာ ကူးချခိုင်းလိုက်လျှင် ကိစ္စပြီး၏။
သည့်နောက်တော့ MCQ မေးခွန်း (၁၀၀) ကို ၂ နာရီဖြေရ၏။
အဖြေကို OAS (Optical Answer Sheet) ပေါ်တွင် ဖြေရ၏။


စစ်တော့ အလိုအလျှောက် စာစစ်စက် AMS (Automated Marking System) ဖြင့် စစ်၏။ သည်တော့ ဘာမှ မှန်တာမှားတာတွေ လိုက်ခြစ်နေစရာမလိုတော့။ စက်ထဲထည့်လိုက်လျှင် အောင်ရှုံးအဖြေ ထွက်လာပြီ။ ဘယ်သူ ဘယ်နှမှတ်ရသည်ကို excel form ဖြင့်ထုတ်ပေး၏။

(မြန်မာပြည်က ကျောင်းတွေမှာလည်း အဲသလိုလုပ်နိုင်လျှင် ဆြာမတွေ အတော် အလုပ်ရှုပ် သက်သာ သွားပေမည်။ သည်စနစ်က အဖြေလွှာကို စက်ထဲထည့်လိုက်သည်နှင့် အောင်ရှုံးကို တန်းသိနိုင်သည့်အတွက်
အောင်စာရင်းကို ချက်ချင်းထုတ်ပေးနိုင်သည်။ သားတို့ကျောင်းမှာဆို ကျောင်းတောင်မှ မပိတ်သေး ကိုယ် ဖြေထားသည့်ရလဒ်ကို ထုတ်ပေးပြီး ဖြစ်နေလေသည်။)

နောက်ပြီး သူရို့စာမေးပွဲဖြေနေတုံး နှပ်နေလို့ရမယ် မထင်လိုက်ပါနဲ့ခင်ဗျာ။
နေ့ခင်းပိုင်းမှာ စစ်မယ့် လူတွေ့မေးခွန်းတွေကို လက်အံသေအောင် ရေးရ၏။
(တစ်ခါတည်း ပရင့်ထုတ်ပေးလိုက်ပြီးတဲ့ကိစ္စ ဘယ့်နှာကြောင့် ရေးခိုင်းရတယ် မသိ။)

သူများတွေတော့ မေးခွန်းဘယ်နှစ်ခု ပြင်သည်မသိ။ ကျွန်ုပ်ကတော့ ၁၀ ခု မေးသည်။
လူ ၂၃ ယောက်စာ၊ တစ်ယောက် မေးခွန်းဆယ်ခု၊ အောင်မငီး။

လူတွေ့မေးခွန်းကား ပြဿနာအတက်ဆုံးအပိုင်း ဖြစ်သတည်း။
ဟိုဟာမေးလည်းမသိ၊ ဒီဟာမေးလည်း မသိ။
လူ ၂၀ မှာ ၅ ယောက်ဖြေနိုင်လျှင် ကံကောင်းပေါ့ ခညာ။
သည်အပိုင်းက assessment ထဲ မပါတာမို့ မဖြေနိုင်လျှင် မဖြေနိုင်ဟုသာ ရေးပေးလိုက်၏။
အမှန်က တကယ် မသိမဖြစ်သိရမည့် မေးခွန်းများကိုသာ ကျွန်ုပ်မေးတာ ဖြစ်ပါသည်။
WSH Committee အကြောင်း၊ Risk Assessment အကြောင်း၊ Incident investigation အကြောင်း နှင့် Safety inspection အကြောင်းများ ဖြစ်၏။

သည်သင်တန်းတက်ပြီးလျှင် ဒါတွေ သိကိုသိရမည်။ မသိလို့မရ။
မတော် MOM က ခေါ်ပြီး အင်တာဗျူးလျှင် မခက်ပါလော။
မခေါ်ဘူးမထင်ပါနှင့်။
၂၀၁၅၊ ၂၀၁၆ ကာလများက BCSS holder များကို အင်တာဗျူးခဲ့ဖူးပြီ။
သူတို့မေးတာမဖြေနိုင်သူများအား BCSS certificate များကို cancel လုပ်ကာ CSOC (အလုပ်သမားများ အတွက်သင်တန်း) ပြန်တက်ခိုင်းခဲ့လေသည်။ ကုမ္ပဏီများကိုလည်း မောင်ဘယ်သူ၊ ဝပ်ပါမစ်နံပါတ် ဘယ်လောက်၏ BCSS cert ကို cancel လုပ်ပြီးဖြစ်၍ ၎င်းကို supervisor မလုပ်ခိုင်းပါနှင့်။ ၎င်းသည် supervisor လုပ်ရန် အရည်အချင်းမပြည့်မီပါ . . . စသဖြင့် စာများပို့ခဲ့၏။

အားလုံးပြီးသွားတော့ လူလည်း ဖွတ်စာဖတ်စာတက် ကျန်ခဲ့လေသည်။

အဲသဟာ စင်္ကာပူက supervisor များအတွက် safety course အကြောင်းပါ ခင်ဗျား။
မိတ်ဆွေများ ဗဟုသုတရအောင် ပြန်လည်ဝေမျှလိုက်ရပါကြောင်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၄ စက်တင်ဘာ၊ ၂၀၁၉

ဘာတယ် . . .
ကာရန်ဂိုနီ နဲ့ ပါစာမာလမ် . .

စင်ကာပူမှာ ပစ္စည်းအဟောင်းတွေကို ဈေးပေါပေါနဲ့ လိုက်ဝယ်တာ ကာရန်ဂိုနီ လို့ ခေါ်သကွဲ့။
ဥပမာ - သုံးလို့မရတော့တဲ့ iPhone ကို ပြန်ရောင်းမယ်ဆိုပါတော့။ ၅ ကျပ်ထက် ပိုမရဘူး။

ပါစာမာလမ် ကတော့ မြန်မာပြည်က ၁၂ ပွဲဈေးလိုဟာမျိုး။ အဲဒီမှာ ရောင်းတဲ့ ပစ္စည်းတွေကလည်း အင်မတန် ဈေးပေါတယ်။ ဒါပေမယ့် ဘောပင် ဆယ်ချောင်းကို ၁ ကျပ်ခွဲနဲ့ ဝယ်ခဲ့တယ်ဆိုပါစို့။ ၈ ချောင်းက ရေးလို့မရဘူး။
ကျုပ်တို့ခေတ်တုံးကတော့ ၁၀၀ ဖိုး ၃ ထည်လို့ ခေါ်ခဲ့ကြတာပေါ့ မောင်ညီမလေးတို့ရယ်။