Tuesday, September 24, 2019

ကာရန်ဂိုနီ နှင့် ပါစာမာလမ်တို့အကြောင်း

စင်္ကာပူအစိုးရသည် ၎င်းတို့၏စနစ်အား တိုးတက်ကောင်းမွန်အောင် အစဉ်အမြဲ ကြိုးစားနေသည်ကို စင်္ကာပူတွင်နေသူတိုင်း သိပါသည်။ ထိုအထဲတွင် သင်တန်းများလည်း ပါ၏။

ထိုအထဲမှ ယခု ကျွန်ုပ်သင်နေသည့် စူပါဗိုက်ဆာသင်တန်းတစ်ခုအကြောင်း ဖောက်သည်ချပါရစီ။

ဤသင်တန်းကို ယခင်က BCSS (Building Construction Supervisor Safety Course) ဟု ခေါ်၏။ ယခင်က ထိုသင်တန်းများအားလုံးကို MOM အောက်တွင် ထားခဲ့ရာမှ ယခု အခြားအဖွဲ့အစည်းများသို့ ပေးလိုက်သည်။ ထိုအထဲတွင် SSG (Skill Future Singapore) လည်းပါ၏။ ယခင်က BCSS ကို ယခု SCW (Supervise Construction Works for WSH) ဟု နာမည်ပြောင်းလိုက်ပြီး SSG သို့ပေးလိုက်ပါသည်။

ယခင် BCSS တုံးက သင်ရတာ အတော်သက်သာ၏။ စာသင်လိုက်၊ အခန်းတွင်း သင်ခန်းစာလေးလုပ်လိုက် နှင့် သက်တောင့်သက်သာ သွားလို့ရ၏။

ယခု SCW တွင်မူ စနစ်ပြောင်းသွားသလို activity တွေလည်းအတော်များလာသည်။
ကျွန်တော် ယခုသင်နေသည်မှာ Ever Safe Academy တွင် ဖြစ်၏။ သူတို့က SCW (Blended) ဟု လုပ်၏။ စာချည်းသင်တာမဟုတ်၊ လက်တွေ့များပါလုပ်ခိုင်းသည့် သင်တန်းဟု ဆိုလိုသည်။

ယခင်က registration ကို စာရွက်များဖြင့် ဖြည့်ရ၏။ Attendance ကို စာရွက်ပေါ်တွင် လက်မှတ် ထိုးရ၏။ အဖြေလွှာများမှာလည်း စာရွက်ပေါ်တွင် လက်နှင့်ပင် အမှတ်ခြစ်ရတာ ဖြစ်၏။
ယခုတော့ Safe the environment policy အရ အကုန် online ဖြစ်ကုန်ပြီ။

ပြဿနာတက်ရသည်မှာ ကျွန်ုပ်တို့ ဖြစ်သတည်း။
သည်သင်တန်းကို လူပေါင်းစုံလာတက်သည်။ များသောအားဖြင့်တော့ အလုပ်သမားအဆင့်များ ဖြစ်၏။ ခြွင်းချက်အနေနှင့် မြန်မာသင်တန်းသားများကတော့ အင်ဂျင်နီယာလေးများ၊ စူပါဗိုက်ဆာအဆင့်များ လာတာ များပါသည်။ သူတို့ကတော့ သိပ်မဆိုး။ သို့သော် အရေအတွက်မများလှ။ တစ်တန်းမှ တစ်ယောက်၊ အများဆုံး နှစ်ယောက်မျှသာ ဖြစ်၏။

သင်တန်းသားအများစုမှာ အိန္ဒိယနှင့် ဘန်းဂလားလုပ်သားများဖြစ်၏။
ဆိုတော့ အွန်လိုင်းသင်ခန်းစာများကို အနှီမောင်မင်းကြီးသားများ မည်ကဲ့သို့လုပ်ကြမည်ကို မိတ်ဆွေတို့ စဉ်းစားသာ ကြည့်တော်မူကြပါခညာ။

သို့သော်လည်းပေါ့လေ။ ဝက်ဖြစ်ပြီဆိုမှတော့ ဟိုဒင်းကို ကြောက်နေလို့မရ။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ လုပ်ရတော့သည်သာ မဟုတ်ပါလော။

မလုပ်တတ်တိုင်းသာ ချပစ်ပါမူ ဘယ်မှာအောင်သူရှိမည်နည်း။
အကျများသည့် ထလိန်နင်စင်တာကို မည်သူလာတက်ပါမည်နည်း။ ထိုအခါ သင်တန်းကျောင်းပိတ်နီးရကိန်း ရှိသည်။ သည်သင်တန်းကျောင်းကိုမှီပြီး ထမင်းစားနေရသော ကျွန်ုပ်တို့လည်း ထမင်းငတ်နီးကိန်း ရှိသည်။

ဒါဆို ခညားတို့ ဘယ်လိုတွေများတောင် လုပ်နေကြတုံး . . . မေးပါ။ ဟဲ ဟဲ သိတယ်မှုတ်လား။ မြန်မာပြည်က မအောင်မရှိ ငါ့တပိ စနစ်ကို အတုခိုးရသပေါ့။ အဲလေ၊ အတော်အခြေအနေဆိုးရင်တော့ ချပစ်ရသပေါ့ဗျာ။

ယခု SCW မှာ စုစုပေါင်း practical + assessment (၆) ခုပါ၏။

၁။ eLearning
၂။ Classroom assignment 1 – Hazard Identification & Risk Assessment, Accident case study
၃။ Virtual Reality
၎။ MCQ 100 question – 2 hr (passing mark 65%)
၅။ Project (Safety Inspection Report)
၆။ Oral questions

ပထမဆုံးလုပ်ရသည်မှာ online registration ဖြစ်၏။ သည်မှာတင် မလုပ်တတ်သူများကို ဟိုလူ့လိုက်ပြရ၊ သည်လူ့လိုက်ပြရနှင့် တစ်နာရီကျော် အချိန်ကုန်ပြီ။ Attendance ကိုလည်း tablet ပေါ်တွင် လက်မှတ် ထိုးရ၏။ ကျွန်ုပ်ကတော့ ကိုယ့်ဖုန်းပေါ်မှာပင် ထိုးခိုင်းလိုက်သည်။ Training centre က tablet များ ဖောချင်း သောချင်းပေးထားပါသည်။ သို့သော် ကျွန်တော်ကတော့ ကိုယ့်ဖုန်း၊ ကိုယ့် MacBook နှင့်သာ သုံး၏။ Tablet ထက်စာလျှင် laptop က ပိုသက်တောင့်သက်သာရှိသလို ပိုမြန်ပြီး ပိုခရီးရောက်သည်။ စားပွဲပေါ်တွင် စာသင်ရန် laptop တစ်လုံးထား၏။ သို့သော် စက်ထဲက သူတို့ဖိုင်တွေကို ကူးတာ၊ ပြင်တာ တွေလုပ်လို့မရအောင် power point ပြတာတစ်ခုကလွဲလို့ ဘာမှလုပ်လို့မရအောင် lock လုပ်ထား၏။

နောက်ပြီး eLearning ၊ သဟာလည်း login ကို မည်ကဲ့သို့ဝင်ရသည်၊ ဘာတွေလုပ်ရသည် လိုက်ပြရတာ အတော် အချိန်စား၏။ နောက်ပြီး မေးခွန်းတွေ ဖြေတာ အဆင်မပြေလို့ ရှေ့ဆက်မရတာ ရှိသေးသည်။ တော်ကြာ ဟိုနားက လာပါဦး၊ တော်ကြာ သည်နားက လာပါဦး။ အတော်ရောင်းလို့ ကောင်းသည့် သင်ခန်းစာ ဖြစ်လေသည်။

ဆိုတော့ ပထမနေ့မှာ စာသင်ရတာ တော်တော်၊ အဲသဟာတွေနှင့် အချိန်ကုန်သွားသည်။ သည်တော့ သတ်မှတ်ထားသည့် ဆလိုက်များပြီးစေရန် ကျော်ခွချရတာတွေပါလာသည်။ မတတ်နိုင်၊ အနို့ သည်လို မလုပ်လို့မှမဖြစ်ဘဲကိုး။

ဒုတိယနေ့မှာတော့ စာသင်ချိန် အတော်များ၏။ ညနေပိုင်းမှာ VR (Virtual Reality) လုပ်ရ၏။ ကြည့်ဖူးသူ များတော့သိပါသည်။ သူက ခေါင်းစွပ် စွပ်လိုက်လျှင် အပြင်ကအတိုင်း မြင်ရသည်။ ဆိုလိုသည်မှာ roller coaster VR ဆိုပါစို့။ သည်ခေါင်းစွပ်တပ်ပြီး ကြည့်လိုက်ပါက တကယ့် roller coaster စီးနေရသည့်အလား မြင်ရ၊ ခံစားရ၏။

ကျွန်ုပ်တို့ VR မှာမူ PPE များဝတ်၊ လှေခါးကို တက်ရတာ ဖြစ်၏။ သို့သော် သိပ်အဆင်မပြေပါ။ ကျွန်တော်ကတော့ လုပ်ချင်သူ အနည်းငယ်ကိုသာ လုပ်ခိုင်းပါသည်။ တစ်တန်းလုံးသာ လုပ်ခိုင်းရလျှင် နေ့ဝက်လောက် အချိန်ကုန်လိမ့်မည်။

တတိယနေ့တွင် စာသင်စရာရှိသည့် သင်ခန်းစာအားလုံးကို ဖြတ်ရသည်။ ထို့ပြင် hazard identification နှင့် risk assessment လည်း လုပ်ရသေး၏။ Hazard identification က activity ၁၀ ခု၊ hazard နှင့် control measure နှစ်ခုစီ။ ကျွန်ုပ်ကတော့ လုပ်ရလွယ်စေရန် စာသင်ကတည်းက ဒီမှာ ဘာ hazard ရှိသကွ၊ control measure က ဘာကွနှင့် စာအုပ်ထဲတွင် အတင်းရော အဓမ္မပါ ရေးခိုင်းထားရ၏။ သို့မှ သည် သင်ခန်းစာကို အလွယ် ကျော်ဖြတ်နိုင်မည်။

သဟာဖြင့် Risk Assessment ကရောတဲ့။ စာလေး မဖြစ်ညစ်ကျယ်သင်ရုံမျှနှင့် RA ရေးတတ်မည်ဆို ကျွန်ုပ် ပါးချခံပါမည် ခင်ဗျာ။ စမ်းကြည့်ကြပါ။ ဒါဆို ဘယ်လိုလုပ်သတုံး တဲ့။
Hazard identification & control measure ကို ရှေ့ကဟာ ကူးချခိုင်း၊ ကျန်တာ ကိုယ်က ပြောပြရ သပေါ့ဗျာ။ ပြောပြလို့မှ နားဖာမပေါက်တဲ့သူတွေဆို white board မှာ ရေးပြရသေးဗျား . . ကိုင်း။

ဒါဆို ပရောဂျက်ကရော တဲ့။
စာလေး မဖြစ်ညစ်ကျယ်သင်ရုံမျှနဲ့ ဘယ့်နှာလုပ် safety inspection form ပြင်တတ်ပါမတုံးလကွဲ့၊ မင်းနှယ်။

ကျွန်ုပ်ကတော့ သူတို့ကို ရယ်သလို မောသလိုနှင့် ဘီယာတစ်ဘူးဝယ်ပြီး မင်းတို့ safety officer ကို သွားရေးခိုင်းလကွ ဟု မှာရ၏။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ အချိန်တန်တော့ ပရောဂျက်တစ်ခု ယူလာကြ၏။ ဆင်တူတွေ အတော်များလေသည်။

အရင်တုံးက စာရွက်နှင့်တင်ရ၏။ ယခုတော့ online submission, ဆိုတော့ ပြင်ရတာ အတော့်ကို ခွကျ၏။ ကျွန်ုပ်ကတော့ သူတို့ကို ပရင့်ထုတ်လာခိုင်းကာ စာရွက်ပေါ်တွင် ပြင်ပေး၏။ ပထမ email ပို့ခိုင်းကာ ပြင်ကြည့်ပါသည်။ အတော်လက်ဝင်လှ၏။ စာရွက်ပေါ်မှာပြင်ရတာလောက် အဆင်မပြေ။ အားလုံးအချောသတ်ပြီးပြီဆိုမှ final submission ကို online မှ တင်ခိုင်းရသည်။

သည်ကိစ္စအားလုံးကို ကွန်ပြူတာ ကျကျနနကိုင်တတ်မှ လုပ်ရတာ အဆင်ပြေပါသည်။
ဖုန်းတွင် WPS နှင့်ရေးလို့ရသည်ဆိုစေ၊ အဆင်မပြေပါ။
သည်အလုပ်သမားများမှာ ဘယ်က ကွန်ပြူတာ ရပါမတုံး။ ကွန်ပြူတာရော ကိုင်တတ်ပါမည်လား။

အဲတော့ ကျွန်ုပ်တို့ ထလိန်နာများ၏ ဒွတ်ခကို မိတ်ဆွေတို့ ကိုယ်ချင်းစာနိုင်ပါပြီ။

နောက်ဆုံးနေ့တွင် မနက်ပိုင်းတွင်မတော့ ကျွန်ုပ်က တစ်နာရီလောက်ကို revision ပြန်၏။ Revision ဆိုတာ မေးခွန်းထဲ ပါတာတွေကို ပြောပြတာ ဖြစ်ပါသည်။ သဟာတောင် ကျဖြစ်အောင်ကျသူက ရှိသေး၏။

(ပြီးခဲ့သည့်အတန်းတွင် စုစုပေါင်း ၂၃ ယောက်ရှိရာ မြန်မာ နှစ်ယောက်ပါ၏။ MCQ မှာ ၂၂ ယောက် အောင် သည်။ တစ်ယောက်ကျသည်။ ထိုတစ်ယောက်မှာ ကိုရွှေမြန်မာဖြစ်သတည်း။ ဟိုကောင်လေးတွေက သူက ငါတို့ထက် ပိုသိတယ်။ အောင်အောင် လုပ်ပေးလိုက်ပါကွာ ဟု ပြောလှာလေသည်။
ဟကောင်ရ၊ ဒါ စက်နဲ့စစ်တာလကွ။ မင်းတို့ ငါ့ကို ၁၀၀၀ ပေးပါမယ်ဆိုရင်တောင် ငါလုပ်ပေးလို့မရဘူး ဟု အော်လိုက်ရ၏။)

နောက်တစ်နာရီလောက်ကို ပရောဂျက်ကိစ္စ မပြတ်သေးသူများအတွက် အချိန်ပေး ပြင်ရ၏။
ထို့နောက် Case study, သဟာကတော့ စာအုပ်ထဲပါတာ ကူးချခိုင်းလိုက်လျှင် ကိစ္စပြီး၏။
သည့်နောက်တော့ MCQ မေးခွန်း (၁၀၀) ကို ၂ နာရီဖြေရ၏။
အဖြေကို OAS (Optical Answer Sheet) ပေါ်တွင် ဖြေရ၏။


စစ်တော့ အလိုအလျှောက် စာစစ်စက် AMS (Automated Marking System) ဖြင့် စစ်၏။ သည်တော့ ဘာမှ မှန်တာမှားတာတွေ လိုက်ခြစ်နေစရာမလိုတော့။ စက်ထဲထည့်လိုက်လျှင် အောင်ရှုံးအဖြေ ထွက်လာပြီ။ ဘယ်သူ ဘယ်နှမှတ်ရသည်ကို excel form ဖြင့်ထုတ်ပေး၏။

(မြန်မာပြည်က ကျောင်းတွေမှာလည်း အဲသလိုလုပ်နိုင်လျှင် ဆြာမတွေ အတော် အလုပ်ရှုပ် သက်သာ သွားပေမည်။ သည်စနစ်က အဖြေလွှာကို စက်ထဲထည့်လိုက်သည်နှင့် အောင်ရှုံးကို တန်းသိနိုင်သည့်အတွက်
အောင်စာရင်းကို ချက်ချင်းထုတ်ပေးနိုင်သည်။ သားတို့ကျောင်းမှာဆို ကျောင်းတောင်မှ မပိတ်သေး ကိုယ် ဖြေထားသည့်ရလဒ်ကို ထုတ်ပေးပြီး ဖြစ်နေလေသည်။)

နောက်ပြီး သူရို့စာမေးပွဲဖြေနေတုံး နှပ်နေလို့ရမယ် မထင်လိုက်ပါနဲ့ခင်ဗျာ။
နေ့ခင်းပိုင်းမှာ စစ်မယ့် လူတွေ့မေးခွန်းတွေကို လက်အံသေအောင် ရေးရ၏။
(တစ်ခါတည်း ပရင့်ထုတ်ပေးလိုက်ပြီးတဲ့ကိစ္စ ဘယ့်နှာကြောင့် ရေးခိုင်းရတယ် မသိ။)

သူများတွေတော့ မေးခွန်းဘယ်နှစ်ခု ပြင်သည်မသိ။ ကျွန်ုပ်ကတော့ ၁၀ ခု မေးသည်။
လူ ၂၃ ယောက်စာ၊ တစ်ယောက် မေးခွန်းဆယ်ခု၊ အောင်မငီး။

လူတွေ့မေးခွန်းကား ပြဿနာအတက်ဆုံးအပိုင်း ဖြစ်သတည်း။
ဟိုဟာမေးလည်းမသိ၊ ဒီဟာမေးလည်း မသိ။
လူ ၂၀ မှာ ၅ ယောက်ဖြေနိုင်လျှင် ကံကောင်းပေါ့ ခညာ။
သည်အပိုင်းက assessment ထဲ မပါတာမို့ မဖြေနိုင်လျှင် မဖြေနိုင်ဟုသာ ရေးပေးလိုက်၏။
အမှန်က တကယ် မသိမဖြစ်သိရမည့် မေးခွန်းများကိုသာ ကျွန်ုပ်မေးတာ ဖြစ်ပါသည်။
WSH Committee အကြောင်း၊ Risk Assessment အကြောင်း၊ Incident investigation အကြောင်း နှင့် Safety inspection အကြောင်းများ ဖြစ်၏။

သည်သင်တန်းတက်ပြီးလျှင် ဒါတွေ သိကိုသိရမည်။ မသိလို့မရ။
မတော် MOM က ခေါ်ပြီး အင်တာဗျူးလျှင် မခက်ပါလော။
မခေါ်ဘူးမထင်ပါနှင့်။
၂၀၁၅၊ ၂၀၁၆ ကာလများက BCSS holder များကို အင်တာဗျူးခဲ့ဖူးပြီ။
သူတို့မေးတာမဖြေနိုင်သူများအား BCSS certificate များကို cancel လုပ်ကာ CSOC (အလုပ်သမားများ အတွက်သင်တန်း) ပြန်တက်ခိုင်းခဲ့လေသည်။ ကုမ္ပဏီများကိုလည်း မောင်ဘယ်သူ၊ ဝပ်ပါမစ်နံပါတ် ဘယ်လောက်၏ BCSS cert ကို cancel လုပ်ပြီးဖြစ်၍ ၎င်းကို supervisor မလုပ်ခိုင်းပါနှင့်။ ၎င်းသည် supervisor လုပ်ရန် အရည်အချင်းမပြည့်မီပါ . . . စသဖြင့် စာများပို့ခဲ့၏။

အားလုံးပြီးသွားတော့ လူလည်း ဖွတ်စာဖတ်စာတက် ကျန်ခဲ့လေသည်။

အဲသဟာ စင်္ကာပူက supervisor များအတွက် safety course အကြောင်းပါ ခင်ဗျား။
မိတ်ဆွေများ ဗဟုသုတရအောင် ပြန်လည်ဝေမျှလိုက်ရပါကြောင်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၄ စက်တင်ဘာ၊ ၂၀၁၉

ဘာတယ် . . .
ကာရန်ဂိုနီ နဲ့ ပါစာမာလမ် . .

စင်ကာပူမှာ ပစ္စည်းအဟောင်းတွေကို ဈေးပေါပေါနဲ့ လိုက်ဝယ်တာ ကာရန်ဂိုနီ လို့ ခေါ်သကွဲ့။
ဥပမာ - သုံးလို့မရတော့တဲ့ iPhone ကို ပြန်ရောင်းမယ်ဆိုပါတော့။ ၅ ကျပ်ထက် ပိုမရဘူး။

ပါစာမာလမ် ကတော့ မြန်မာပြည်က ၁၂ ပွဲဈေးလိုဟာမျိုး။ အဲဒီမှာ ရောင်းတဲ့ ပစ္စည်းတွေကလည်း အင်မတန် ဈေးပေါတယ်။ ဒါပေမယ့် ဘောပင် ဆယ်ချောင်းကို ၁ ကျပ်ခွဲနဲ့ ဝယ်ခဲ့တယ်ဆိုပါစို့။ ၈ ချောင်းက ရေးလို့မရဘူး။
ကျုပ်တို့ခေတ်တုံးကတော့ ၁၀၀ ဖိုး ၃ ထည်လို့ ခေါ်ခဲ့ကြတာပေါ့ မောင်ညီမလေးတို့ရယ်။

No comments: