Tuesday, June 11, 2019

အန္တရာယ်ကင်းစွာ ဝန်ချီခြင်း (၁)


နိဒါန်း

            လူတို့သည် နေ့စဉ် ပစ္စည်းများကို တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းရန် သယ်ပိုးကြရ၏။ ဤကဲ့သို့ သယ်ပိုးရာတွင် လူအားဖြင့် သယ်ပိုးခြင်းနှင့် စက်ကိရိယာသုံး၍ သယ်ပိုးခြင်းဟု နှစ်မျိုးရှိ၏။ သယ်ယူပို့ဆောင်ရာတွင် မှန်ကန် စနစ်ကျစွာ မသယ်ပိုး နိုင်ပါက လူအပေါ်တွင် ဒဏ်သက်ရောက်နိုင်၏။ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးနိုင်သည်။ ထို့ကြောင့် စနစ်တကျ သယ်ယူ ပို့ဆောင်နိုင်ရေးမှာ အလွန်အရေးကြီးလေသည်။
            လုပ်ငန်းခွင်၌သာမက လူအားဖြင့် သယ်ယူပို့ဆောင်ခြင်းကို နေ့စဉ်လူနေမှုဘဝတွင်ပါ လုပ်ဆောင်နေကြရသည်ဖြစ်ရာ လူတိုင်းလူတိုင်း မှန်ကန်စွာ သယ်ပိုးနည်းကို သိထားရန်လို၏။

၁။ လူအားဖြင့် သယ်ပိုးခြင်း

            လူအားဖြင့် သယ်ပိုးခြင်း၌ ဝန်ကို ချီမ,ခြင်း၊ အောက်သို့ချခြင်း၊ ဆွဲယူခြင်း၊ တွန်းပို့ခြင်း၊ သယ်ဆောင်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ ချီမ,ထားခြင်း စသည်တို့ပါ၏။
            အကယ်၍ ချီမ,ပုံမမှန်ပါက အရိုးနှင့်ကြွက်သားများပုံပျက်ခြင်းရောဂါ (musculoskeletal disorder) ဖြစ်တတ်၏။ ခါးနာ တတ်သည်။ လည်ပင်း၊ ပုခုံး၊ လက်မောင်းနှင့် လက်များ ဒဏ်ရာ အနာတရဖြစ်တတ်၏။
            ဤထိခိုက်ဒဏ်ရာရခြင်းများကို စနစ်တကျ အစီအမံများ ကြိုတင်ပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်၏။
            လူတစ်ယောက် သယ်ပိုးနိုင်သော အလေးချိန်ကို ၂၅ ကီလို (၁၅ ပိသာ) ဟု ဆိုပါသည်။ ထို့ထက်ပိုလျှင် လူ့ခန္ဓာကိုယ် အပေါ် ဒဏ်သက်ရောက်နိုင်သည်ဆို၏။
            လူအားဖြင့် သယ်ပိုးရာတွင် ဖြစ်နိုင်သော အန္တရာယ်၊ အနာတရဖြစ်မှုများ -
Ø  အလွန်လေးသည့်ဝန်ကို မ ရခြင်းကြောင့် ခါးနာခြင်း၊ ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရခြင်း
Ø  ချွန်ထက်၊ စူးရှနိုင်သည့်ပစ္စည်းများကြောင့် လက်ကို စူးခြင်း၊ ရှခြင်း
Ø  ကိုင်တွယ်စရာနေရာမပါသဖြင့် လွတ်ကျခြင်း
Ø  ကြီးမားသည့်ပစ္စည်းကိုသယ်ရာတွင် မြင်ကွင်းကို ကွယ်နေသဖြင့် တိုးမိတိုက်မိခြင်း၊ ခလုတ်တိုက်လဲခြင်း
Ø  စင်ပေါ်မှပစ္စည်းများကို မမီမကမ်းလှမ်းတင်၊ လှမ်းချခြင်းကြောင့် ပစ္စည်းများ ပြိုကျခြင်း
Ø  စက်ဆီ၊ ချောဆီ၊ အမဲဆီများနှင့် ထိမိခြင်း
Ø  ဓာတုပစ္စည်းများနှင့် ထိမိခြင်း
Ø  ဖုန်များ၊ မီးခိုးများ၊ ဓာတ်ငွေ့များကို ရှူမိခြင်း

၁၊ ၁။ မှန်ကန်စွာ ချီ မ, ခြင်း

Ø  ဝန်နှင့်အနီးဆုံးတွင် နေရာယူပါ။
Ø  ဝန်ကို မြဲမြံစွာကိုင်ပါ။
Ø  ခြေထောက်ကိုသုံး၍ ထ ပါ။
Ø  ဝန်ကို ချီ မ, ထားစဉ် ခါးကို မကွေးပါနှင့်။ မလှည့်ပါနှင့်။ လှည့်ရန်လိုလျှင် ခြေနှစ်ဖက်သုံး၍ တစ်ကိုယ်လုံးလှည့်ပါ။
Ø  ပစ္စည်းကို ချလျှင်လည်း ခါးကိုမကွေးပါနှင့်။ ခြေထောက်များကိုသုံး၍ ထိုင်ချပါ။

အရေးကြီးသည်မှာ ဝန်ကိုချီ မ,ထားစဉ် ခါးကို လှည့်ခြင်း၊ ကွေးခြင်းမပြုလုပ်ရန် ဖြစ်ပါသည်။






၁၊ ၂။ အခြားအကူအညီ ကိရိယာများသုံးခြင်း

            အကယ်၍ ဝန်သည် အလွန်လေးပါက လူချည်း မ,မ ဘဲ အကူကိရိယာတစ်ခုခု သုံးပြီးသယ်မည်ဆိုလျှင် လူပေါ်ပိမည့်၊ သက်ရောက်မည့်ဒဏ်ကို လျှော့ချ၊ ဖယ်ရှားနိုင်ပါသည်။
            အကူကိရိယာများတွင် ဆွဲလှည်း၊ တွန်းလှည်း၊ တစ်ဘီးလက်တွန်းလှည်း၊ ဟိုက်ဒြောလစ်ဂျက် စသည်တို့ပါ၏။
            အကယ်၍ အနီးအနားတွင် လူရှိပါက အကူအညီတောင်းပြီး နှစ်ယောက် မ,ပါ။ ဖောက်ကလစ်ရှိလျှင် ဖောက်ကလစ် သုံးပါ။












၁၊ ၃။ မှန်ကန်သော တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်းများ ဝတ်ဆင်ခြင်း

            ပစ္စည်းများကိုင်တွယ် သယ်ပိုးရာတွင် လက်ကိုထိခိုက်ရှနာဖြစ်စေတတ်သဖြင့် မှန်ကန်သော လက်အိတ်ဝတ်ရန် လိုပါသည်။ ထို့ပြင် ပစ္စည်းများ ပြုတ်ကျလျှင် ခြေထောက်ကို မထိခိုက်စေရန်နှင့် ခြေထောက်ကို သံစူးမည့်ဘေး စသည်တို့မှ ကာကွယ်ရန် အန္တရာယ်ကင်းဘိနပ် (safety shoe) ဝတ်ဆင်သင့်ပါသည်။
            သာမန် သယ်ပိုးခြင်းများအတွက် ရိုးရိုးချည်လက်အိတ်သုံးနိုင်သော်လည်း သံထည်ပစ္စည်း၊ အုတ်ခဲ၊ ကျောက်ခဲ၊ လက်ကို ပြတ်ရှစေနိုင်သော သွပ်ပြား စသည်တို့သယ်လျှင် ဂျင်းလက်အိတ် သုံးသင့်ပါသည်။ ဓာတုဆေးများကိုင်တွယ်ရလျှင် ရာဘာ လက်အိတ်ဝတ်သင့်၏။ ဓာတုဆေးများ ကိုင်တွင်ပြီးလျှင် ရာဘာလက်အိတ်ကို ဆေးကြောထားသင့်ပါသည်။
            အကယ်၍ ဓာတုပစ္စည်းများ ကိုင်တွယ်ရလျှင် အငွေ့များ ထွက်နိုင်သဖြင့် အသက်ရှူထောက်ကူပြုကိရိယာ (respirator) ကိုပါ ဝတ်ဆင်သင့်ပါသည်။ ဆေးများကိုင်တွယ်စဉ် မျက်လုံးထဲသို့ ဝင်ခြင်းမှကာကွယ်ရန် အန္တရာယ်ကင်းမျက်မှန် (safety glasses) ကိုလည်း ဝတ်ဆင်သင့်၏။
           
၂။ စက်ကိရိယာများသုံး၍ ဝန်ချီခြင်း

            စက်ကိရိယာများသုံး၍ ဝန်ချီခြင်းတွင် -
Ø   ဝန်ချီလုပ်ငန်းကျွမ်းကျင်သူ
Ø   ဝန်ချီကိရိယာများ
Ø   ဝန်ချီစက်များ
Ø   ဝန်ချီခြင်းအစီအမံများ

            - ဟု လေးပိုင်းပါ၏။

            စက်ကိရိယာသုံး၍ ဝန်ချီခြင်းတွင် ဖြစ်တတ်သည့် မတော်တဆမှုများမှာ အောက်ပါတို့ဖြစ်၏။
Ø  ဝန်ပိုမ,ခြင်း
Ø  မိုဘိုင်းကရိန်း၏ ခြေတံ (out rigger) ကို ဆန့်မထုတ်မိခြင်း (သို့မဟုတ်) အပြည့်ဆန့်မထုတ်မိခြင်း
Ø  မကျွမ်းကျင်သူများ၊ လေ့ကျင့်ပေးမထားသူများက ဝန်ချီလုပ်ငန်းလုပ်ကိုင်ခြင်း
Ø  ကြိုးကို သေချာစွာမချည်ခြင်း
Ø  တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရာတွင် ကြည်လင်ပြတ်သားစွာ မကြားရခြင်း
Ø  ပစ္စည်းအလွတ်များကို တောင်းစသည်တို့နှင့် သေချာစွာမထည့်ဘဲ ချီမ,ခြင်း
Ø  ဝန်၏အလေးချိန်ကို လျှော့တွက်မိခြင်း
Ø  ဝန်ချီခြင်းအစီအမံမရှိဘဲ ဝန်ချီလုပ်ငန်း လုပ်ကိုင်ခြင်း
Ø  ပျက်စီးချို့ယွင်းနေသည့် ဝန်ချီကိရိယာများ သုံးခြင်း
Ø  ဝန်ချီစက်များနှင့် ဝန်ချီကိရိယာများကို ပုံမှန်ပြုပြင်ထိန်းသိမ်းမှု မရှိခြင်း

၂၊ ၁။ တာဝန်နှင့် ဝတ္တရားများ

            အလုပ်ရှင်အပါအဝင် ဝန်ချီလုပ်ငန်းတွင်ပါဝင်သူအားလုံး၌ အသီးသီး အသကအသက တာဝန်ဝတ္တရားများ ရှိကြ၏။ ဝန်ချီလုပ်ငန်းနှင့် ပတ်သက်၍ အစစတာဝန်ရှိသူမှာ အလုပ်ရှင် (ကန်ထရိုက်တာ) ဖြစ်၏။ အလုပ်ရှင်သည် ဝန်ချီလုပ်ငန်းနှင့် ပတ်သက်သမျှ လုပ်ငန်းအားလုံးကို ဥပဒေတွင် ပြဌာန်းထားသည်နှင့်အညီ စီမံ၊ လုပ်ကိုင်ရမည်။
            အလုပ်ရှင်သည် -
Ø  ဝန်ချီလုပ်ငန်းအတွက် အန္တရာယ်ကင်းရေးအစီအစဉ်များ ရေးဆွဲထားရမည်။ ဖြစ်နိုင်သမျှသော နည်းလမ်းများသုံးကာ ဝန်ချီလုပ်ငန်း၌ ကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို လျှော့ချ၊ ဖျောက်ဖျက်ပစ်ရမည်။
Ø  လုပ်ငန်းခွင်သည် ဝန်ချီလုပ်ငန်းလုပ်ကိုင်ရေးအတွက် အန္တရာယ်ကင်းရမည်။ ဝန်ချီလုပ်ငန်းကို အနှောက်အယှက် ဖြစ်စေမည့် အဟန့်အတားများ မရှိစေရ။
Ø  ဥပဒေတွင်ပြဋ္ဌာန်းထားသည့်အတိုင်း ဝန်ချီကိရိယာများသည် အန္တရာယ်ကင်းနေစေရမည်။ သက်တမ်းရှိသေးသော စစ်ဆေးချက် လက်မှတ် ရှိရမည်။ သေချာစွာ ပြုပြင်မွမ်းမံထားရမည်။
Ø  အန္တရာယ်ကင်းစွာ ဝန်ချီနိုင်ရေးအတွက် လိုအပ်သော ပံ့ပိုးမှုများ စီစဉ်ပေးရမည်။ ဥပမာ - အုတ်ခဲကဲ့သို့သော ပစ္စည်းများ အတွက် ထည့်သိုရန် ဇလား ထားပေးရမည်။
Ø  ဝန်ချီလုပ်ငန်းလုပ်ကိုင်ရန် တာဝန်ပေးထားသူများသည် လက်မှတ်ရသူများ၊ လုပ်ငန်းကျွမ်းကျင်သူများဖြစ်ကြောင်း သေချာစေရမည်။ ဝန်ချီလုပ်ငန်းနှင့်ပတ်သက်၍ ၎င်းတို့ကို ရှင်းလင်းပြောပြထားရမည်။
Ø  အကယ်၍ ဝန်ချီလုပ်ငန်းလုပ်ကိုင်သူသည် ဆပ်ကန်ထရိုက်တာဖြစ်လျှင် ထိုဆပ်ကန်ထရိုက်တာသည် ဝန်ချီလုပ်ငန်းကို ကျွမ်းကျင် နိုင်နင်းစွာလုပ်ကိုင်နိုင်ကြောင်း သေချာစေရမည်။
Ø  အကယ်၍ ဝန်ချီလုပ်ငန်းလုပ်ကိုင်စဉ် ပျက်စီးချို့ယွင်းမှု၊ မတော်တဆမှုများဖြစ်ခဲ့လျှင် ထိုမတော်တဆမှုများကို စုံစမ်း စစ်ဆေးရမည်၊ ပြန်လည်ပြင်ဆင်ချက်မှတ်တမ်း၊ စစ်ဆေးချက်မှတ်တမ်းများ ထားရမည်။
Ø  အလုပ်ရှင်သည် ဝန်ချီလုပ်ငန်းမှ အန္တရာယ်များကို ရှာဖွေဖော်ထုတ်ရန်၊ သင့်တော်သည့် အရေးယူဆောင်ရွက်ချက်များ ပြုရေး အကြံဉာဏ်များပေးနိုင်ရန် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အရာရှိတစ်ဦးကို ကျွမ်းကျင်သူအဖြစ် ခန့်ထား နိုင်သည်။

            ဝန်ချီလုပ်ငန်းကျွမ်းကျင်သူတို့၏ တာဝန်ဝတ္တရားများကို သက်ဆိုင်ရာနေရာများတွင် ဖော်ပြသွားပါမည်။

၂၊ ၂။ ဝန်ချီလုပ်ငန်းကျွမ်းကျင်သူ

            ဝန်ချီလုပ်ငန်းကျွမ်းကျင်သူတွင် ဝန်ချီလုပ်ငန်းကြီးကြပ်သူ၊ ကြိုးချည်သူ၊ အချက်ပြသူ၊ ဝန်ချီစက်မောင်းသူဟု လေးယောက်ပါ၏။ အလုပ်ရှင်သည် လက်မှတ်ရထားသူ၊ လုပ်ငန်းအတွေ့အကြုံရှိသူများကို ဝန်ချီလုပ်ငန်းကျွမ်းကျင်သူများအဖြစ် ခန့်အပ် ဆောင်ရွက်နိုင်သည်။
            ဝန်ချီလုပ်ငန်းကျွမ်းကျင်သူအဖြစ် လုပ်ကိုင်မည့်သူများသည် သက်ဆိုင်ရာ သင်တန်းများကို တက်ရောက်အောင်မြင်ပြီးသူ များ ဖြစ်ရမည်။ ဝန်ချီလုပ်ငန်းကြီးကြပ်သူသည် Lifting Supervisor course ကိုလည်းကောင်း၊ ကြိုးချည်သူနှင့် အချက်ပြသူသည် Rigger and Signalman သင်တန်းကိုလည်းကောင်း တက်ရောက်အောင်မြင်ပြီးရမည်။ ဝန်ချီစက်မောင်းသူသည် ဝန်ချီစက် မောင်းသူ သင်တန်းကိုသာမက ဝန်ချီစက်တစ်မျိုးမျိုးကို မောင်းနှင်ရန် သက်ဆိုင်ရာ ဝန်ချီစက်မောင်းလိုင်စင် ရှိရမည်။ ဥပမာ - တာဝါဝန်ချီစက်ကို မောင်းလိုလျှင် တာဝါဝန်ချီစက်မောင်းလိုင်စင်၊ မိုဘိုင်းဝန်ချီစက်ကို မောင်းလိုလျှင် မိုဘိုင်းဝန်ချီစက်မောင်း လိုင်စင် စသည်။

၂၊ ၂၊ ၁။ ဝန်ချီလုပ်ငန်းကြီးကြပ်သူ


ဝန်ချီလုပ်ငန်းကြီးကြပ်သူကို အလုပ်ရှင်သည် ၎င်းအား ဝန်ချီ လုပ်ငန်းများကို ကြီးကြပ်မည့်သူဖြစ်ကြောင်း အလုပ်ခန့်စာ ထုတ်ပေးရမည်။ ဤရာထူးယူထားသူသည် ဝန်ချီလုပ်ငန်းကိစ္စအဝဝကို ကြီးကြပ်လုပ်ကိုင်ရန် တာဝန်ယူရမည်။ ဝန်ချီလုပ်ငန်း ကြီးကြပ်သူသည် ၎င်းအတွက် သတ်သတ် မှတ်မှတ် ထုတ်ပေးထားသည့် ဝတ်စုံကို ဝတ်ဆင်ရမည်။ အကယ်၍ ဝန်ချီ လုပ်ငန်းနှစ်ခု သည် နီးကပ်စွာတည်ရှိနေပါက ဝန်ချီလုပ်ငန်းကြီးကြပ်သူ တစ်ယောက်တည်းက ထိုလုပ်ငန်းနှစ်ခုလုံးကို ကြီးကြပ်နိုင်သည်။
            ဝန်ချီလုပ်ငန်းကြီးကြပ်သူသည် ဝန်ချီခြင်းလုပ်ငန်းအစီအစဉ် (Lifting Plan) ကို ပါဝင် ရေးဆွဲရမည်။ ဝန်ချီလုပ်ငန်း ကြီးကြပ်သူ၏ တာဝန်များမှာ အောက်ပါအတိုင်း ဖြစ်၏။
Ø  ဝန်ချီလုပ်ငန်းအစီအစဉ်အတိုင်း ဝန်ချီခြင်းလုပ်ငန်းကို အန္တရာယ် ကင်းစွာလုပ်နိုင်ရန် စီမံဆောင်ရွက်ရမည်။
Ø  ဝန်ချီလုပ်ငန်းအတွက် ရေးဆွဲထားသော အန္တရာယ်ကင်းစွာ အလုပ်လုပ်နည်း အစီအစဉ်၊ အန္တရာယ်များကို ဆန်းစစ်ခြင်း အစီအမံ၊ ဖြစ်နိုင်သော အန္တရာယ်နှင့် ထိုအန္တရာယ်များကို ကာကွယ်တားဆီးပုံများအား ဝန်ချီလုပ်ငန်းတွင် ပါဝင်သူ အားလုံးကို ပြောပြရမည်။
Ø  ခန့်အပ်ထားသည့် ကြိုးချည်သူ၊ အချက်ပြသူ၊ ဝန်ချီစက်မောင်းသူများသာ ဝန်ချီအဖွဲ့အတွင်းပါဝင်ကြောင်း သေချာစေရမည်။
Ø  ဝန်ချီခြင်းသည် ရေးဆွဲထားသည့် ဝန်ချီလုပ်ငန်းအစီအစဉ်အတိုင်း လုပ်ကိုင်နေကြောင်း သေချာစေရန် ဝန်ချီလုပ်ငန်းစဉ် တစ်လျှောက်လုံး အနီးကပ်စောင့်ကြည့် ညွှန်ကြားပေးနေရမည်။
Ø  အကယ်၍ ဝန်ချီလုပ်ငန်းတွင် အန္တရာယ်မကင်းသည့် အခြေအနေတစ်ခုခု တွေ့ခဲ့ပါက လုပ်ငန်းကို ချက်ချင်းရပ်ကာ အန္တရာယ်ကင်းသည်ထိ ပြင်ဆင်ပြီးမှ ဆက်လုပ်စေရမည်။

 ၂၊ ၂၊ ၂။ ဝန်ချီစက်မောင်းသူ

            Tower crane, mobile crane, crawler crane, gantry crane, overhead crane, lorry crane စသည်ဖြင့် ဝန်ချီစက် အမျိုးအစားများစွာရှိရာ ဝန်ချီစက်မောင်းသူသည် ထိုဝန်ချီစက် အမျိုးအစားအလိုက် သက်တမ်းမကုန်သေးသော အမောင်းလိုင်စင် ရှိရမည်ဖြစ်၏။ ဝန်ချီစက်မောင်းသူသည် ဝန်ချီလုပ်ငန်း၌ အရေးကြီး သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေရသူဖြစ်ရာ ၎င်းသည် ဝန်ချီလုပ်ငန်းတစ်ခုလုံး ခြုံငုံကာ ကြီးကြပ်နေရန်လို၏။
            Tower crane, mobile crane, crawler crane မောင်းသူများအတွက် အရေးကြီးသော အချက်တစ်ခုမှာ ဝန်အား ဂရပ် (load capacity chart) ကို သေချာစွာ ဖတ်တတ်ရန်ဖြစ်၏။ ၎င်းတို့သည် စုစုပေါင်းအလေးချိန် (gross capacity) နှင့် အသားတင် အလေးချိန် (net capacity) ကိုသိရမည်။ ထို့ပြင် ဝန်ပိုမ,ခြင်းမဖြစ်စေရန် ဝန်ချီစက်မောင်းတံ အချင်းဝက်မည်မျှ၌ ဝန်အားမည်မျှကို မ,နိုင်သည် (Safe Working Load) ကိုလည်း သိထားရမည်။
            ဝန်ချီစက်မောင်းသူ၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်၏။
Ø  ဝန်ချီလုပ်ငန်းအစီအစဉ်အတိုင်း အန္တရာယ်ကင်းစွာ ဝန်ချီခြင်းပြုရမည်။
Ø  ဝန်ချီကိရိယာများကောင်းမကောင်း လုပ်ငန်းမစမီ စစ်ဆေးရမည်။
Ø  ဝန်ချီစက်မှ အထိန်းခလုပ်များ ကောင်းကောင်း အလုပ်လုပ်မလုပ် စစ်ဆေးကြည့်ရှုရမည်။
Ø  ဝန်ချီစက်ရပ်ထားသည့် မြေသည် ကောင်းစွာ တောင့်တင်းမာကြောမှုရှိမရှိ၊ ဝန်ချီလုပ်ငန်းလုပ်ကိုင်မည့် အနီးပတ်ဝန်းကျင်တွင် ချီမ, လာသည့် ဝန်နှင့် တိုးတိုက်မိမည့် အဆောက်အအုံ၊ ပစ္စည်းစသည်တို့ရှိမရှိ စစ်ဆေးကြည့်ရှုရမည်။
Ø  အန္တရာယ်ရှိသည့် မည်သည့် ဝန်ချီ၊ ဝန်မ,ခြင်းမျိုးကိုမှ မပြုရ။ ချက်ချင်းရပ်တန့်ရမည်။
Ø  ဝန်ချီနေစဉ်အတွင်း လေတိုက်မှု၊ မိုးရွာမှု၊ မိုးကြိုးပစ်မှုစသည့် ဝန်ချီခြင်းအပေါ် အကျိုးသက်ရောက်စေနိုင်သည့် ရာသီဥတု အခြေအနေကိုလည်း မပြတ်စောင့်ကြည့်နေရမည်။
Ø  အကယ်၍ တစ်စုံတစ်ခု၌ အပြစ်အနာအဆာတွေ့ပါက ဝန်ချီလုပ်ငန်းကြီးကြပ်သူကို ချက်ချင်းသတင်းပို့ရမည်။
Ø  အန္တရာယ်ရှိသည့် အခြေအနေတစ်ခုခုကို တွေ့သည်နှင့်တပြိုင်နက် ဝန်ချီခြင်းလုပ်ငန်းကို ချက်ချင်းရပ်တန့်ရမည်။
Ø  ကရိန်းမှ ဝန်ချီကြိုးများအခြေအနေ ကောင်းမကောင်း နေ့စဉ် စစ်ဆေးကြည့်ရှုရမည်။

၂၊ ၂၊ ၃။ အချက်ပြသူ

            အချက်ပြသူအဖြစ် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ထားခြင်းခံရသူသည် အချက်ပြသူများဝတ်ဆင်ရန် သတ်မှတ်ထား သော ဝတ်စုံကို သေချာစွာဝတ်ဆင်ရမည်။ ယေဘူယျအားဖြင့် အချက်ပြသူတစ်ဦး၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်း ဖြစ်၏။

Ø  ဝန်ချီရန် အချက်မပြမီ ဝန်ကို သေချာစွာ ချည်နှောင်ပြီးကြောင်း သေချာစေရမည်။
Ø  တစ်နေရာမှ တစ်နေရာသို့ ဝန်ကိုချီပို့ရန် ဝန်ချီစက်မောင်းသူကို မှန်မှန်ကန်ကန်နှင့် ပြတ်သားတိကျစွာ အချက်ပေးရမည်။
Ø  ဝန်ချီနေစဉ် တလျှောက်လုံး ဝန်ချီစက်မောင်းသူနှင့် အဆက်အသွယ်မပြတ်စေရ။
Ø  ဝန်ကို စတင်ချီမသည့်နေရာမှသည် နောက်ဆုံးချမည့်နေရာထိ လမ်းကြောင်းတလျှောက် အတားအဆီး၊ အဟန့်အတားများ ကင်းစင်နေစေရမည်။
Ø  ဝန်ချီနေစဉ်အတွင်း မိမိကိုယ်တိုင် အန္တရာယ်စက်ကွင်းအတွင်း ကျရောက်မနေစေရ။
Ø  ကြိုးချည်နေစဉ်၊ ဝန်ကိုနေရာတကျဖြစ်အောင် ကိုင်တွယ်နေစဉ်အတွင်း ဝန်ချီစက်မောင်းသူကို အချက်မပြရ။

၂၊ ၂၊ ၄။ ကြိုးချည်သူ

            ကြိုးချည်သူအဖြစ် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ထားခြင်းခံရသူသည် ကြိုးချည်သူများဝတ်ဆင်ရန် သတ်မှတ်ထား သော ဝတ်စုံကို သေချာစွာဝတ်ဆင်ရမည်။ ယေဘူယျအားဖြင့် ကြိုးချည်သူတစ်ဦး၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်း ဖြစ်၏။

Ø  ဝန်ချီရာတွင်သုံးမည့် ဝန်ချီကြိုးများ၊ ဝန်ချီကိရိယာများသည် ကောင်းမွန်သောအခြေအနေတွင် ရှိကြောင်း၊ သက်တမ်း ရှိသော လက်မှတ်များ ရှိကြောင်း သေချာစေရမည်။
Ø  ချီမ,မည့် ဝန်၏ အလေးချိန်သည် ဝန်ချီကိရိယာများ၏ အန္တရာယ်ကင်း ချီမ,နိုင်သည့် အလေးချိန် (Safe Working Load) အတွင်း ရှိနေစေရမည်။
Ø  ဝန်ကိုချည်နှောင်ရာတွင် ဝန်သည် စောင်းရွဲ့မနေစေရန်၊ တည်ငြိမ်စွာလိုက်ပါရန်၊ အညီအမျှရှိနေစေရန် (မြေဆွဲအားဗဟို သည် ချိတ်မည့်ချိတ်တည့်တည့်တွင် ရှိနေစေရန်) သေချာစေရမည်။
Ø  ဝန်ပေါ်တွင် မည်သည့်ပစ္စည်းမှ အလွတ်တင်မထားရ။ (loose items)
Ø  ကြီးမား/ရှည်လျားသော ဝန်ဖြစ်ပါက ဝန်ကိုထိန်းနိုင်ရန် အထိန်းကြိုး (tag line) ချည်ပါ။
Ø  အကယ်၍ ဝန်ချီးကြိုးများ၊ ဝန်ချီကိရိယာများ ပျက်စီးချို့ယွင်းနေသည်ကို တွေ့ခဲ့လျှင် ဝန်ချီလုပ်ငန်းကြီးကြပ်သူထံ ချက်ချင်း သတင်းပို့ပါ။

၂၊ ၃။ ဝန်ချီကိရိယာများ

            ဝန်ချီကိရိယာများတွင် ဝန်ချီပစ္စည်းများ (lifting gears) နှင့် ဝန်ချီကိရိယာများ (lifting appliances) ဟု နှစ်မျိုးရှိ၏။

၂၊ ၃၊ ၁။ ဝန်ချီပစ္စည်းများ (lifting gears)

            ဝန်ချီပစ္စည်းများ (ချိတ်များနှင့်ကြိုးများ) ဆိုသည်မှာ ဝန်နှင့် ဝန်ချီစက်အကြား ချိတ်ဆက်ပေးထားသည့် ပစ္စည်းများကို ဆိုလိုသည်။ ဝန်ချီပစ္စည်းများ ရွေးချယ်ရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရမည်။
Ø  ပစ္စည်းအရွယ်အစားနှင့် အလေးချိန်
Ø  ဝန်ချီရာတွင် ချိတ် ချိတ်ရမည့်နေရာ
Ø  မြေဆွဲအားဗဟိုတည်နေရာ
Ø  ဝန်ချီကိရိယာကို မည်ကဲ့သို့သုံးမည် (ဇယားတွင်ကြည့်ပါ)
Ø  ကြိုးကိုမည်ကဲ့သို့ချည်မည်၊ မည်သည့်အမျိုးအစား ကြိုးကိုသုံးမည်
Ø  လေတိုက်ခြင်း၊ မိုးရွာခြင်းစသည့် ရာသီဥတုအနေအထား






             အသေးစိတ်ကို ဤ WSH ဂျာနယ်၌ "ဝန်ချီကိရိယာများကို အန္တရာယ်ကင်းစွာ အသုံးပြုခြင်း" ဟူသည့် ဆောင်းပါး ရေးသားဖြော်ပခဲ့ပြီးဖြစ်သဖြင့် ယခု ထပ်မံမဖော်ပြတော့ပါ။ ထိုဂျာနယ်ကို ရှာဖွေဖတ်ရှုကြပါကုန်။


၂၊ ၃၊ ၂။ ဝန်ချီကိရိယာများ (lifting appliances)

            ဝန်ချီကိရိယာများတွင် ချိန်းဘလောက်နှင့် စက်သီးများပါသည်။ ၎င်းတို့ကိုသုံး၍ ဝန်များကို အတင်အချ လုပ်နိုင်သည်။ ဝန်ချီကိရိယာများတွင်လည်း မ,နိုင်သော အလေးချိန်အတိုင်းအဆရှိသည်။ ဤသည်ကို safe working load (SWL) ဟု ခေါ်၏။ ဤဝန်ချီကိရိယာများကို အသုံးပြုသူများသည် ထို ဝန်ချီကိရိယာများ၏ မ,နိုင်အား (SWL) ကို သိထားရန် အရေးကြီး၏။






၂၊ ၄။ ဝန်ချီစက်များ (Lifting Machines)

            Tower crane, mobile crane, crawler crane, gantry crane, overhead crane, lorry crane စသည်ဖြင့် ဝန်ချီစက် အမျိုးအစားများစွာရှိ၏။ လုပ်ငန်းလိုအပ်ချက်အရ ဝန်ချီစက်များကို ရွေးချယ်သုံးပါသည်။
            ဝန်ချီစက်တိုင်းတွင် အန္တရာယ်ကင်းစွာ မ,နိုင်သော ဝန်အား (Safe Working Load = SWL) ရှိရာ မိမိအသုံးပြုသည့် ဝန်ချီစက်၏ SWL ကို သိထားရန် အလွန်အရေးကြီးပါသည်။ မ,မည့်ဝန်၏ အလေးချိန်သည် ဝန်ချီစက် မ,နိုင်သော ဝန်ဖြစ်ရမည်။ ဝန်ချီစက် မ,နိုင်သော ဝန်အားမှာ စက်၏ လက်တံအတိုအရှည်၊ ထောင့်၊ လေတိုက်နှုန်း စသည်တို့ပေါ် မူတည်နေသည်။





ဆက်ပါဦးမည်။

Saturday, June 8, 2019

ငှက်ပျောမှန်းမသိ၊ ချေးမှန်းမသိ

ဘကြီးမောင်ယာ၏ သက်မွေးဝမ်းကျောင်းအလုပ်မှာ ပန်းဘဲဖြစ်၏။ တောရွာ၌ကြီးပြင်းပြီး ပန်းဘဲအလုပ်ဖြင့် အသက်မွေးနေ သော်လည်း ဘကြီးမောင်ယာမှာ တကယ့်ပညာရှိတစ်ဦးဖြစ်၏။ စကားအပြောအဆို နူးညံ့သိမ်မွေ့ပြီး ရုပ်ရည်မှာလည်း အလွန် သန့်လေ၏။ ဘကြီးမောင်ယာကား အလွန်ချစ်စရာကောင်းသူတစ်ဦး ဖြစ်လေသည်။

(မှတ်ချက်။          ။ ပညာရှိဆိုလို့ ခညားတို့လို Ph.D တွေ၊ Ph.E, Ph.F တွေ။ MBA, MBC, MBZ တွေ ရခဲ့တာ မဟုတ်ပါ။ ဘုန်းကြီးကျောင်းထွက်ပင် ဖြစ်ပါသည်။ ပညာရှိဆိုတာ ဘွဲ့ဒီဂရီတွေနှင့် လားလားမှ မပတ်သက်ကြောင်း မယ်ခွေကဗျာကိစ္စနှင့်ပင် သိနိုင်ကြပါသည်။ ဤကား စကားချပ်)

ကိုအောင်မြင့်ရွှေတို့က ဘကြီးမောင်ယာကို ရန်ကုန်မှာခေါ်ထားတော့ ကျွန်တော် သူတို့အိမ် အလည်သွားတိုင်း ဘကြီးမောင်ယာက ဆုံးမစကားများ ပြော၏။ သူပြောတာတွေမှာ မှတ်စရာအပြည့်ပါသည်။

တစ်ခုသောညနေတွင် ဘကြီးမောင်ယာက ကျွန်တော့်ကို ပုံပြင်လေးတစ်ပုဒ် ပြောပြ၏။ ပုံပြင်နာမည်မှာ "ငှက်ပျောမှန်းမသိ၊ ချေးမှန်းမသိ" ဟူ၏။ ပုံပြင်လေးမှာ အောက်ပါအတိုင်း ဖြစ်၏။

ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီးမင်းပြုစဉ်ကာလ တက္ကသိုလ်ပြည်မှာ ဒိသာပါမောက္ခဆရာကြီးသည် လူငယ်တို့တတ်အပ်ရာ အဋ္ဌာရသပညာရပ်များ သင်ကြားပေးနေသည်ဟူသတတ်။

တစ်နေ့တွင် ဆရာကြီး၏ ကျောင်းသို့ လူငယ်နှစ်ဦး ငိုက်စိုက်ငိုက်စိုက်နှင့် ချီတက်လာလေရာ ဆရာကြီးလည်း ထိုသူငယ်နှစ်ဦးကို အကဲခတ်လျက်ရှိ၏။

လူငယ်များမှာ တောလမ်းခရီးမှ လာခဲ့ရသဖြင့် ခြေထောက်တွင် ရွှံ့များပေကျံနေလေရာ ကျောင်းပေါ်မတက်မီ ခြေနင်းခုံ၌ ခြေဆေးကြ၏။

ပထမလူငယ်မှာ ရေများကို တဗွမ်းဗွမ်းနှင့် လောင်းဆေးလေ၏။ ရေအိုးသာ တစ်ဝက်လောက်ကုန်သွားသည် ဖနောင့်မှရွှံ့မှာ မစင်လေ။

ဒုတိယလူငယ်မှာမူ ရေကိုခပ်၊ ခြေကိုသင့်ရုံလောင်းကာ ရွံ့များကို သေချာစွာ ပွတ်သပ်ဆေးကြော၏။ ထို့နောက်မှ နောက် ရေတမှုတ်ဖြင့် သတိထားပြီး စင်ကြယ်အောင် ဆေးကြောလေရာ ရေနှစ်မှုတ်မျှနှင့်ပင် ခြေထောက်မှာ သန့်ရှင်းစင်ကြယ်သွားလေ ၏။

သည်လူငယ်နှစ်ယောက်ကိုကြည့်၍ ဆရာကြီးမှာ ခေါင်းတငြိမ့်ငြိမ့်ရှိလေသည်။

ချုပ်ရလျှင် ထိုလူငယ်နှစ်ဦးသည် ဆရာကြီးထံ၌ သုံးနှစ်သုံးမိုး ပညာသင်ကြားပြီး ဂရက်ဂျူရေးရှင်း ဆယ်ရီမိုနီ၌ ဘက်ချလာ လက်မှတ်ကြီးများကို အပ်နှင်းခံရပြီးသကာလ ပြည်တော်သို့ ပြန်ကြလေကုန်သတည်း။

သူငယ်ချင်းနှစ်ယောက် အတူပြန်ခဲ့ရာ တောလမ်းတစ်ခု၌ အလွန်ကြီးမားသော ခြေရာကွက်ကြီးများ တွေ့လေရာ ပထမသူငယ်မှာ ကြောက်လန့်လျှက် အောင်မငီး၊ သည်လောက်ကြီးတဲ့ခြေရာကြီးဆို နည်းတဲ့ကောင်ကြီးမဟုတ်ဘူး။ တွေ့များတွေ့ရင် ငါတို့ကို သတ်မှာ မုချပဲ ဆိုကာ သူငယ်ချင်းဖြစ်သူတားဆီးနေသည့်ကြားမှပင် (ဦးဝရသ ကဲ့သို့) အသားကုန်ထွက်ပြေးလေ၏။

ဒုတိယသူငယ်မှာမူ ခြေရာကို အနားကပ်ကာ သေသေချာချာ စစ်ဆေးကြည့်ရှုလျက် အင်း၊ ဒါဟာ ဆင်ခြေရာကွက်ပဲ။ ဆင်တောင်မှ ဆင်မကြီးပါလား။ ဇီးကြီးနဲ့။ နောက်ပြီး မွေးခါနီးနေပြီ။ တစ်ခါတော့ဖြင့် ကော်ပေါက်တိုးပဟေ့ ဟု တစ်ကိုယ်တည်းရေရွတ်ကာ ရှေ့ဆက်သွားလေရာ ၎င်းထင်သည့်အတိုင်းပင် ကလေးမွေးပြီးစ ဆင်မကြီးကို ဆင်ပေါက်ကလေးနှင့်အတူ တွေ့ရလေ၏။

သူုငယ်လည်း မြက်နု၊ ငှက်ပျော စသည့် ဆင်မကြီးကြိုက်တတ်သည့် အစာများကို ယူသွားကာ ချော့မြူလျက် ဆင်မကြီးနှင့် ယဉ်ပါးအောင်လုပ်လေ၏။ ထို့နောက်တွင်မတော့ ဆင်မကြီးကိုစီးကာ ဆင်ကလေးကို နောက်ကပါစေပြီး ဆက်လက်ချီတက်ခဲ့ရာ မွေးရပ်မြေဖြစ်သော ဗမှားပြည်ကြီးသို့ ဆိုက်ရောက်လေသတည်း။

ရွှေမြို့တော်ကြီးသို့ ဆင်မကြီးစီးကာဝင်လာသည့် သူငယ်ချင်းဖြစ်သူကို တွေ့သည့်အခါ ပထမသူငယ်မှာ တအံ့တသြဖြစ်လျက် မေးမြန်းလေရာ ဒုတိယသူငယ်လည်း ဖြစ်ကြောင်းရယ်ကုန်စင် ပြောပြလေ၏။

ထိုအခါ ပထမလူငယ်က -
"အင်း၊ ဆရာကြီးဟာ အတော့်ကို မတရားတဲ့သူပဲ။ ကျောင်းလခညီတူညီမျှပေးပြီး ကျောင်းတက်ခဲ့ကြသူချင်း အတူတူ သူ့ကိုတော့ ပညာအကုန်သင်ပေးတယ်။ ငါ့ကျတော့ ပညာတွေ ချန်ထားတယ်။ ငါ ဆရာကြီးကို တရားစွဲမယ်။"
- ဟုတွေးကာ ဆရာကြီးဆီ ထွက်ခွာလာခဲ့လေ၏။

ဆရာကြီးဆီရောက်လေသော် ခရီးရောက်မဆိုက် -
ဆရာကြီး ဘာကောင်းသလဲ။
ကျောင်းလခပေးပြီး စာသင်တာချင်းအတူတူ ဟိုကောင်ကိုတော့ ပညာတွေ အကုန်သင်ပေးတယ်။ ကျုပ်ကျတော့ အကုန် သင်မပေးဘူး။ ဆရာကြီးကို ၆၆(ဃ) နဲ့တရားစွဲမယ်။ (ဟုတ်ပေါင်၊ မှားကုန်ပြီ။ ဆောရီး၊ ဆောရီး။)

၎င်းပြန်လာမည်ဆိုသည်ကို သိနှင့်နေသော ဆရာကြီးက "လာပါမောင်၊ ခဏထိုင်ပါဦး။ ဟောဒီ နက်စ်ကော်ဖီက အတော် သောက်လို့ကောင်းတယ်။ ကော်ဖီလေးများ သောက်ပါဦး" ဆိုပြီးမှ ရှင်းပြ၏။

ဒီလိုကွဲ့မောင်ရဲ့။ ဆရာကြီးက ဟိုသူငယ်ကို ပညာအကုန်သင်ပေးဆို - သူက ဆရာကြီးချေးကို နေ့တိုင်းစားတယ်ကွဲ့။ မောင်လည်း ဆရာကြီးပညာကို အကုန်လိုချင်ရင် သူ့လိုပဲ ဆရာကြီး ယိုထားတဲ့ချေးကို စားရလိမ့်မယ်။

သူငယ်လည်း မျက်လုံးများ ဝင်းလက်လာလျက် -
"ဟာ၊ ဆရာကြီးနှယ်။ အဲသဟာ အခုမှပြောရသလား။ ဆရာကြီးပညာတွေသာ အကုန်ရမယ်ဆို ကျွန်တော် ဆရာကြီးချေးကို စားပါမယ်" ဟု အားတက်သရော ပြောလေ၏။

ဆရာကြီးလည်း တပည့်တစ်ယောက်ကိုခေါ်။ ဝါးတစ်ဆစ်ကို ယူစေလျက် ဝါးဆစ်၌ အပေါက်ဖောက်ခိုင်း၏။ ထို့နောက် ငှက်ပျောသီးနှင့် ထန်းလျက်ကို ရောနယ်စေကာ ဝါးဆစ်ထဲထည့်၊ တစ်ဖက်မှနေ၍ ညှစ်ထုတ်ကာ ငှက်ပျောဖက်ပေါ်၌ သုံးပုံပုံစေပြီး အိမ်သာအတွင်း သွားထားစေ၏။

ထို့နောက် ကျောင်းပေါ်ပြန်တက်လာပြီး ချေးစားရန် အားတက်သရော စောင့်မျှော်နေသူ သကောင့်သားကလေးကို ကိုင်း၊ မောင်ရင်။ ဆရာကြီး အိမ်သာထဲမှာ ချေးသုံးပုံယိုပြီး ငှက်ပျောဖက်ပေါ် ပုံထားခဲ့တယ်။ သွားစားချေပေတော့ ဟု ခိုင်းလိုက်၏။

သူငယ်လည်း ဝမ်းသာအားရ ကျောင်းပေါ်မှ ပြေးဆင်းလျက် အိမ်သာထဲ၌ ဆရာကြီးပြင်ထားခဲ့သော ငှက်ပျောဖက်ပေါ်မှ အရာများကို ပလုပ်ပလောင်း စားလေ၏။

စားရင်းနှင့်မှ တွေးမိသည်မှာ -
"အင်း၊ ပညာရှိဆိုတာ ချေးတောင်မှ ငါတို့ချေးလို နံမနေပဲ မွှေးပြီး ချိုနေပါလား" - ဟူ၏။

အားလုံးကုန်သွားလေသော် ကျောင်းပေါ်ပြန်တက်ခဲ့၏။

"ဘယ့်နဲ့လည်းမောင်၊ စားလို့ကုန်ခဲ့ပြီလား။"

"ကုန်ခဲ့ပါပြီဆရာကြီး။"

"ဘယ့်နဲ့နေသလဲကွဲ့။ ဆရာကြီးချေး။"

"ဟာ၊ ပညာရှိများရဲ့ချေးဟာ မွှေးပြီးချိုနေပါကလား ဆရာကြီးရဲ့။
ကျွန်တော်တို့ချေးဆိုရင် စားဘို့မပြောနဲ့။ အနားတောင် မကပ်နိုင်ဘူး။"

ထိုအခါမှ ဆရာကြီးက -
"အိမ်း၊ အိမ်း၊ ကောင်းပါပေရဲ့မောင်။ ချေးမှန်း၊ ငှက်ပျောမှန်းတောင် မခွဲတတ်တဲ့ မင့်လိုကောင်ကို ငါက ဘယ်လိုလုပ် ပညာသင်ပေးလို့ ရမတုံးကွဲ့။ အဲဒီတော့ -
ရွာပြန်။ ဘာမှလုပ်စရာမလိုဘဲ လမ်းလေးလျှောက်ပေးရုံနဲ့ တစ်နေ့ သုံးထောင်ရတဲ့အလုပ်ကိုလုပ်။ ဒါပေမယ့် ထမင်းဘူး ဝေလာရင်တော့ ဖွင့်ကြည့်ဦးနော။ တော်ကြာ ဒန်ပေါက်ဆိုပြီး ကြာဇံကြော်တွေ ဖြစ်နေဦးမယ်" ဟု ဆုံးမကာ ပြန်လွှတ်လိုက် လေသတည်း။

မောင်ညီမလေးတို့ရေ -
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
မောင်ညီမလေးတို့လည်း ချေးမှန်း၊ ငှက်ပျောမှန်းခွဲတတ်အောင် အခုကတည်းက ကိုယ်ယိုထားတဲ့ချေးကိုယ် သေသေချာချာ ပြန်နမ်းကြည့်ကြဦးနော်။

ကျွန်ုပ်တို့ မြန်မာပြည်ကြီး၌လည်း ချေးမှန်း၊ ငှက်ပျောမှန်းမသိသူများ အတော်ပေါလေသည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၈၊ ဇွန်လ၊ ၂၀၁၉
မနက် ၁၁း၅၂ နာရီ

Wednesday, June 5, 2019

သောက်ရေ


(၁) သောက်ရေ

ယောက်ျားကြီးတစ်ယောက်၏ ခန္ဓာကိုယ်အလေးချိန် ၆၅%၊ မိန်းမကြီးတစ်ယောက်၏ ခန္ဓာကိုယ်အလေးချိန် ၅၅% မှာ ရေဓာတ် ဖြစ်၏။ လူကြီးတစ်ယောက်၏ ခန္ဓာကိုယ်တွင် ရေဓာတ်ပါဝင်မှုမှာ ၄၅% နှင့် ကလေးတစ်ယောက်၏ ရေဓာတ်ပါဝင်နှုန်းမှာ ၇၀ မှ ၈၀% ဖြစ်၏။

လူတစ်ယောက် ရေသောက်သုံးရန် မည်မျှလိုသည်ဆိုသည်မှာ ရေသောက်သုံးသူ၏ အသက်အရွယ်၊ ကိုယ်လက်လှုပ်ရှားမှု၊ နေထိုင်ရသည့်/အလုပ်လုပ်ရသည့်နေရာ၊ ကျန်းမာရေးအခြေအနေ စသည့် အချက်များစွာပေါ် မူတည်နေ၏။ သာမန်အပူချိန်တွင် မိန်းမကြီးတစ်ယောက်အတွက် တစ်နေ့ရေလိုအပ်ချက်မှာ ၂.၇ လီတာ ဖြစ်ပြီး ယောက်ျားကြီး တစ်ယောက် အတွက် လိုအပ်ချက်မှာ ၃.၇ လီတာဖြစ်၏။ သို့သော် နေပူကျဲကျဲထဲတွင် အလုပ်လုပ်ရသူများမှာ ရေပိုသောက်ရန်လို၏။
(ရေ ၁ လီတာ = ပုလင်းကြီး ၁ ပုလင်း)

မြေမျက်နှာပြင်ရေ (surface water) နှင့် မြေအောက်ရေတို့တွင် အင်အော်ဂဲနစ်မင်နရယ်များ ပျော်ဝင်လျက်ရှိ၏။ သောက်ရေတွင် လည်း သတ္တုဓာတ်များ ပျော်ဝင်လျက်ရှိပါသည်။

ခန္ဓာကိုယ်တွင် ရေအချိုးအစား မျှတရန်မှာ အလွန်အရေးကြီး၏။ နေပူထဲတွင် အလုပ်လုပ်သည့်အခါ ရေဓာတ်ခန်းခြောက်ပြီး အန္တရာယ်ရှိ၏။ ထို့အတူ အချိန်တိုအတွင်း ရေကို အများအပြားသောက်ပါက ရေအဆိပ် (water intoxication) တက်၍ သေသည်ထိ အန္တရာယ်ရှိ၏။

သောက်ရေ (drinking water) ကို သောက်သုံးရေ (potable water) ဟုလည်း ခေါ်၏။ သောက်ရေဆိုသည်မှာ သောက်ရန် အတွက် သို့မဟုတ် အစားအသောက်များချက်ပြုတ်ရာ၌ အန္တရာယ်ကင်းစွာ အသုံးပြုရန်အတွက် သင့်တော်သည့်ရေကို ခေါ်၏။
အစားအသောက်ပြင်ရန်အတွက်သော်လည်းကောင်း၊ သောက်သုံးရန်အတွက်သော်လည်းကောင်း သုံးသည့်ရေမှာ အလွန်နည်း သည့် ပမာဏပင်ဖြစ်စေကာမူ လူတို့၏ ကျန်းမာရေးအတွက် အလွန်အရေးကြီး၏။ ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ရေပိုက်ခေါင်းမှလာသည့် ရေသည် သောက်သုံးရန် ရေအရည်အသွေးများနှင့် ပြည့်မီသည် ဆို၏။ သောက်သုံးရန်အပြင် အခြားသုံးသောရေများမှာ ရေချိုးရန်၊ ဆေးကြောရန်၊ အိမ်သာသုံးရန်၊ စိုက်ပျိုးရေးအတွက် စသည်တို့ဖြစ်၏။ ရေညို (Grey water) ကို အိမ်သာရေလောင်းရန်၊ အပင်များ ရေလောင်းရန်၊ ဆေးကြောရန်နှင့် စိုက်ပျိုးရေးတို့အတွက် သုံးနိုင်၏။

မှတ်ချက်။            ။ အသုံးရည်ကိုလိုက်၍ ရေကို ရေဖြူ (white water)၊ ရေညို (grey water) နှင့် ရေမဲ (black water) ဟု အမျိုးအစားခွဲနိုင်၏။ ရေဖြူဆိုသည်မှာ သောက်သုံးရန် သင့်တော်သည့်ရေ ဖြစ်၏။ ဥပမာ - မိုးရေနှင့် အဝီစိတွင်းရေ။ မီးဖိုချောင်မှ သော်လည်းကောင်း၊ ရေချိုးခန်းမှ သော်လည်းကောင်း ထွက်လာသည့်ရေများမှာ ရေညိုဖြစ်၏။ ဘက်တီးရီးယားနှင့် ပိုးမွှားများ ပါနိုင်သည့်တိုင် အနည်းငယ်မျှသာပါသည်။ ရေမဲဆိုသည်မှာ အိမ်သာမှထွက်လာသည့် လူ၏မစင်တို့ပါဝင်နေသည့်ရေကို ခေါ်သည်။ ဘက်တီးရီးယားနှင့် ရောဂါပိုးများ အများအပြား ပါဝင်နေသည်။

အဆိပ်အတောက်များပါဝင်မှုပမာဏပေါ်မူတည်ကာ ရေကို အသုံးပြုရန် ငြင်းပယ်နိုင်သည်။ ဥပမာ - စက်ရုံများမှ ထွက်လာသည့် ရေ။

ကမ္ဘာအဝှမ်း၌ ၈၉% ရာခိုင်နှုန်းမျှသော လူများမှာ သောက်သုံးရန်သင့်တော်သည့် ရေကို ရရှိကြသည်။ ကမ္ဘာပေါ်မှ လူဦးရေ ၄.၂ ဘီလီယံတို့သည် ရေပိုက်ခေါင်းမှ ရေကိုရရှိကြပြီး ၂.၄ ဘီလီယံမျှသောလူများမှာ အများပိုင် ရေပိုက်လိုင်းများမှသော်လည်းကောင်း၊ ရေတွင်းရေကန်တို့မှသော်လည်းကောင်း ရေကိုရရှိကြ၏။ အန္တရာယ်ကင်းသည့် သောက်သုံးရေရရှိရေးမှာ လူသားတစ်ယောက်၏ အခြေခံအခွင့်အရေးဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆို၏။
(၁ ဘီလီယံ = သန်း ၁ ထောင်)

ကမ္ဘာပေါ်တွင် လူသားပေါင်း ၁ မှ ၂ ဘီလီယံသည် အန္တရာယ်ကင်းသောသောက်သုံးရေကို မရရှိကြ။ သို့မို့ကြောင့်ပင် တစ်ပတ် လျှင် လူပေါင်း ၃ သောင်းခန့် သေကြေပျက်စီးနေကြရသည် ဆို၏။ ၂၀၁၀ ခုနှစ်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကမ္ဘာပေါ်တွင် အန္တရာယ်မကင်းသည့် သောက်ရေကြောင့် သေဆုံးရသည့် လူအရေအတွက်မှာ ကမ္ဘာစစ်များကြောင့် သေဆုံးရ သည့် လူဦးရေထက်ပင် ပိုမိုများပြားသေးသည်ဟု ပြောခဲ့ပါသည်။

(၂) အန္တရာယ်ကင်းတဲ့သောက်ရေဆိုတာ ဘာလဲ

၂၀၁၇ ခုနှစ်တွင်ထုတ်ပြန်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အစီရင်ခံစာအရ "အန္တရာယ်ကင်းသည့် သောက်သုံးရေ" ဟူသည် "အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လူတို့သက်တမ်းတလျှောက် ရေကိုသောက်သုံးခြင်းကြောင့် လူ့ကျန်းမာရေး ကို တစ်စုံတစ်ရာ အန္တရာယ်မဖြစ်စေမည့်ရေ" ဖြစ်သည်ဟု ဆို၏။

" အန္တရာယ်တစ်စုံတစ်ရာမဖြစ်အောင် စီမံထားသော သောက်သုံးရေ" ဟူသည်မှာ "အညစ်အကြေးတစုံတရာမပါဝင်စေဘဲလျက် လိုသည့်အခါတွင် ရနိုင်သောရေ" ဖြစ်၏။ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၇၁% ဖြစ်သော ၅.၂ ဘီလီယံသည် အန္တရာယ် ကင်းသောရေကို ရနိုင်ခဲ့သည်ဆို၏။  

"တိုးတက်ကောင်းမွန်သော ရေအရင်းအမြစ် (improved water source)" နှင့် "မတိုးတက်မကောင်းမွန်သေးသော ရေအရင်း အမြစ် (unimproved water source)" ဟူသော စကားလုံးနှစ်ခုကို ၂၀၀၂ ခုနှစ်က UNICEF, WHO နှင့် JMP တို့က သောက်ရေ ကို စောင့်ကြည့်လေ့လာရေး ကိရိယာအဖြစ် သုံးခဲ့၏။

"တိုးတက်ကောင်းမွန်သော ရေအရင်းအမြစ် (improved water source)" တွင် အိမ်ရောက်အောင် ရေပိုက်လိုင်းဖြင့် သွယ်တန်း ထားသည့် ရေ၊ အများပြည်သူသုံး ရေပိုက်ခေါင်းမှရေ၊ အဝီစိတွင်းရေ၊ ကောင်းစွာထိန်းသိမ်းထားသည့် တွင်းရေ၊ သေချာစွာ သိုလှောင်ထားသည့် မိုးရေ စသည်တို့ပါဝင်သည်။ ထို့ပြင် တိုးတက်ကောင်းမွန်သော ရေအရင်းအမြစ်တွင် အလိုရှိသည့်အခါ အလွယ်တကူ အဆင်သင့်ရနိုင်သည့်ရေ၊ အိမ်အတွင်းထိ ရောက်နေသောရေ၊ မည်သည့်အညစ်အကြေးမှ ရောနှောပါဝင်မနေသည့် ရေ၊ အသွားအပြန် နာရီဝက် ခရီးအကွာအဝေးတွင်ရှိသောရေ စသည်တို့ကိုပါ ထည့်သွင်းထားပါသေးသည်။  

မှတ်ချက်။            ။ အသွားအပြန် နာရီဝက် ခရီးအကွာအဝေးတွင်ရှိသောရေ ဟူသည့်သတ်မှတ်ချက်မှာ SDC - Swiss Agency for Development and Cooperarion က သတ်မှတ်ထားတာဖြစ်ပါသည်။ အဘယ်ကဲ့သို့သတ်မှတ်သည်ကို သိလိုပါက အောက်ပါ link တွင် ဖတ်ရှုနိုင်ပါသည်။ https://www.shareweb.ch/site/Water/resources

"တိုးတက်ကောင်းမွန်သော ရေအရင်းအမြစ်" မှာ လူ့အညစ်အကြေားများ ရောနှောမပါဝင်ရလေအောင် ကောင်းစွာ ထိန်းသိမ်း စောင့်ရှောက်ထားသည့် ပိုက်ဖြင့် သွယ်တန်းထားသည့် ရေလည်းဖြစ်သည်။ ၂၀၁၄ ခုနှစ်လေ့လာချက်များအရ တိုးတက်ကောင်းမွန် သော ရေအရင်းအမြစ်၏ ၂၅% တွင် လူ့အညစ်အကြေးများ ပါဝင်နေသည်ဟု ဆို၏။



(၃) ရေရနိုင်သော အရင်းအမြစ်များ

ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၀% ကို ရေထုက ဖုံးလွှမ်းထား၏။ ထိုရေတို့အနက် ၉၇.၂% သောရေတို့မှာ ဆားငံရေများဖြစ်၏။ သို့အတွက် ရေချိုပမာဏမှာ ၂.၈% မျှသာရှိလေသည်။ ရေချိုရရှိနိုင်သော အရင်းအမြစ်များမှာ အောက်ပါတို့ဖြစ်၏။

Ø  မြေအောက်ရေ (ground water) (စိမ့်စမ်းရေ၊ အဝီစိတွင်းရေ)
Ø  မိုးရေ၊ နှင်းရေ၊ မြူရေ (precipitation) (မိုးရေ၊ စမ်းချောင်းရေ၊ ရေခဲမြစ်ရေ) 
Ø  မြေမျက်နှာပြင်ရေ (Surface water) (မြစ်၊ ချောင်း၊ အင်း၊ အိုင်များမှ ရေ)
Ø  ဇီဝရေ (Biological) (အပင်များမှရေ)
Ø  ဆားငံရေကို ကျိုချက်ယူသောရေ (Desalinated seawater) (ပင်လယ်ရေကို ကျိုချက်ယူသောရေ)
Ø  ချွေး (Astmospheric water generator) (စိုထိုင်းဆများသော လေထုကို ပေါင်းခံယူသောရေ၊ ချွေးရေ)

ရေရနိုင်သည့် နောက်အရင်းအမြစ်တစ်ခုမှာ သုံးပြီးသားရေကို ပြုပြင်၍ ပြန်လည်သုံးစွဲခြင်းဖြစ်၏။ လူနေအိမ်များမှ ထွက်လာသည့် ရေဆိုးရေညစ်များကို ပြန်လည်ပြုပြင်သုံးစွဲနိုင်သည်။ ပြုပြင်ထားသည့်ရေများကို စက်မှုလုပ်ငန်းများ၌သော် လည်းကောင်း၊ သစ်ပင် များ ရေလောင်းရာတွင်သော်လည်းကောင်း၊ အိမ်သာရေဆွဲချရာတွင်သော်လည်းကောင်း သုံးနိုင်သည်။ ထိုမျှမက အဆင့်မြင့် နည်းပညာများသုံးလျက် သောက်သုံးရေရသည်ထိပင် ပြုပြင်ယူနိုင်လေသည်။

စမ်းရေကို အချို့နေရာများ၌ ပုလင်းသွတ်၍ ရောင်းချကြ၏။ ရေပိုက်ခေါင်းမှ လာသောရေ၊ အစိုးရရေပေးဝေရေးစနစ်မှ ပေးသော ရေတို့မှာ အန္တရာယ်ကင်းစွာ စိတ်ချလက်ချ သောက်သုံးနိုင်၏။ ထိုရေများကို သောက်ရေအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်း ဥပဒေများနှင့်အညီ အန္တရာယ်ကင်းသော သောက်ရေဖြစ်သည်အထိ ပြုပြင်ပေးထားသည်။ ပြုပြင်ထားသည့်ရေကို သုံးစွဲသူများထံ ရောက်အောင် ပိုက်များဖြင့် သယ်ပို့ပေး၏။ ပိုက်များဖြင့်သယ်ပို့ရာတွင် ရေယိုစိမ့်ပြီး ဆုံးရှုံးမည့်အရေးကိုလည်း ထည့်သွင်းစဉ်းစား ရမည်။ ထိုမျှသာမက ရေပိုက်လိုင်းများကို မြေကြီးအောက်မှ သွယ်တန်းရာတွင် ပေါက်နေသည့် ပိုက်နေရာမှ ရေညစ်များ၊ ရောဂါ ပိုးမွှားများ ဝင်လာနိုင်သည့် အန္တရာယ်ကိုလည်း သတိပြုရမည် ဖြစ်၏။

စင်ကာပူတွင် ရေကို အရင်းအမြစ်လေးခုမှ ရယူသည်။ ၎င်းတို့မှာ -
၁။ မလေးရှားမှ ဝယ်ယူသောရေ (Imported Water)
၂။ မိုးရေ (Local Catchment Water)
၃။ ပင်လယ်ရေးကို ကျိုချက်ယူသောရေ (Desalinated Water)
၎။ အိမ်များမှ စွန့်ထုတ်လိုက်သော သုံးပြီးသားရေများကို ပြန်လည် သန့်စင်သုံးသောရေ (NEWater) . . . တို့ ဖြစ်၏။

စင်ကာပူသည် ကောင်းကင်မှရွာချလိုက်သည့် မိုးရေများကို အလဟဿအဖြစ်မခံပါ။ ထိုမိုးရေများကို သေချာစွာပြုပြင်ထားသည့် မြောင်းကြီး၊ မြောင်းငယ်များဖြင့် ရေကန်ကြီးများဆီကဲ့ယူကာ လှောင်ထားသည်။ ထို့နောက် ထိုလှောင်ထားသော ရေများကို ပြုပြင်ကာ ပြန်သုံးသည်။

ထို့အတူပင် အိမ်များမှ စွန့်ထုတ်လိုက်သည့် ရေဆိုးရေညစ်များကိုလည်း လွှင့်မပစ်ဘဲ ပြန်၍သန့်စင်ကာ သုံးသည်။ ထိုရေကို NEWater (ရေသစ်) ဟု ခေါ်၏။ တစ်နိုင်ငံလုံးမှ ရေဆိုးများကို ရေပြုပြင်ရေးစက်ရုံ (water reclamation plant or new water factory) များသို့ပို့ကာ ပြုပြင်ယူ၏။ စင်ကာပူတွင် ရေပြုပြင်ရေးစက်ရုံ လေးခုရှိသည်။

စင်ကာပူသည် မြေအောက်ရေကို လုံးဝထုတ်ယူသုံးစွဲခြင်းမရှိ။ ပင်လယ်ရေကို ကျိုချက်ကာ ရေချိုဖြစ်အောင်သုံးသည့် ကမ္ဘာ့နိုင်ငံ များတွင် စင်ကာပူသည် တစ်နိုင်ငံ အပါအဝင်ဖြစ်၏။ လက်ရှိတွင် ပင်လယ်ရေချက်စက်ရုံ ၆ ခုရှိပြီး ၂၀၆၀ ခုနှစ်သို့ ရောက်လျှင် တစ်နိုင်ငံလုံး ရေလိုအပ်ချက်၏ ၂၅% ကို ဤရေများဖြင့် ဖြည့်ဆည်းမည် ဖြစ်၏။

မလေးရှားမှ ရေကို စာချုပ်နှစ်ခုဖြင့်ဝယ်ယူခဲ့ရာ ပထမစာချုပ်မှာ ၂၀၁၁ ခုနှစ်တွင်သက်တမ်းကုန်သွားပြီဖြစ်၏။ ဒုတိယစာချုပ်မှာ ၂၀၆၁ ခုနှစ်တွင် သက်တမ်းကုန်မည်ဖြစ်သည်။ ထိုစာချုပ်သက်တမ်းကုန်လျှင် မလေးရှားမှ ရေကိုဝယ်ယူခြင်းအား ရပ်တန့်လိုက်ပြီး မိမိပိုင်ရေဖြင့်သာ လုံးဝသုံးစွဲသွားမည် ဖြစ်၏။ မိုးရေမှာ အကန့်အသတ်ရှိသဖြင့် ပင်လယ်ရေကို ကြိုချက်သောရေ နှင့် ပြန်ပြင်ရေ (NEWater) ကို အဆများစွာ တိုးမြှင့်လိုက်မည် ဖြစ်သည်။ ထို့ကြောင့် စင်ကာပူနိုင်ငံ၏ ရေအရင်းအမြစ် ရယူပုံမှာ အခြားနိုင်ငံများ ထက် ပိုမိုထူးခြားသည်ဟု ဆိုနိုင်မည် ဖြစ်၏။

ယခုအခါ မြန်မာနိုင်ငံ ဒေသများစွာ၌ပင် သောက်သုံးရေအခက်အခဲကို ကြုံနေကြရပြီ။ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် မြေအောက် ရေများကို အကန့်အသတ်မရှိ ထုတ်ယူသုံးစွဲနေကြ၏။ ဤသည်မှာ ကြိုဆိုရမည့်အရာတစ်ခုမဟုတ်။ မြေအောက်ရေဟူသည် အကန့်အသတ်ရှိ၏။

မြန်မာနိုင်ငံအနေနှင့် မိုးရေခံဒေသများစွာရှိလေရာ အခမဲ့ရသော မိုးရေကို ချောင်းမြောင်းများမှ တဆင့် ပင်လယ်ထဲသို့ အလဟဿ စီးဆင်းကုန်ဆုံးစေမည့်အစား စုဆောင်းပြီး အကျိုးရှိရှိပြန်လည် အသုံးချနိုင်ရန် စီမံကိန်းများချလျှက် လုပ်ကိုင်သင့်သည့် အချိန်သို့ ရောက်နေပြီဖြစ်၏။ ယခုကတည်းက မစီမံလျှင် မဝေးလှတော့သော အနာဂတ်ကာလ၌ ရေပြဿနာနှင့် မလွဲမသွေ ကြုံကြရ လိမ့်မည်။

(၄) ရေအရည်အသွေး

ရေအရည်အသွေးကို အောက်ပါအတိုင်း သုံးမျိုး ခွဲနိုင်၏။

Ø  ရုပ်ဂုဏ်သတ္တိ (physical)
Ø  ဓာတ်ဂုဏ်သတ္တိ (chemial)
Ø  အနုဇီဝဂုဏ်သတ္တိ (microbiological)

ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများတွင် heavy metal, organic compound, total suspended solids (TSS), turbidity စသည်တို့ပါ၏။ အနုဇီဝဂုဏ်သတ္တိများတွင် ကိုလီဖောင်းဘက်တီးရီယား၊ အီးကိုလီ၊ ကိုလယ်ရာဘက်တီးရီးယား၊ ဗိုင်းရပ်စ် စသည်တို့ပါ၏။

ဓာတ်ဂုဏ်သတ္တိများတွင် နိုက်တြိတ်၊ နိုက်တြိုက်၊ အာဆင်းနစ် စသည်တို့ပါပြီး လူတို့အား နာတာရှည်ရောဂါများကို ဖြစ်စေနိုင် သည်။ ရုပ်ဂုဏ်သတ္တိ၌ အမှုန်အမွှား၊ ပိုးကောင်မွှားကောင်၊ မစင်အညစ်အကြေး စသည်တို့ပါပြီး လူတို့၏ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်သည်။ အကယ်၍ ရေထဲတွင် fecal coliforms (E.Coli ကဲ့သို့) တွေ့လျှင် ထိုရေတွင် မစင်အညစ်အကြေးများ ရောပါ နေပြီဟု သံသယရှိနိုင်ပါသည်။

ထို့ပြင် ရေထဲတွင် protozoan oocysts (ဥပမာ - Cryptosporidium sp.), Giardia lamblia, Legionella နှင့် viruses (enteric) တို့ပါဝင်နိုင်သေးသည်။ မိုက်ခရိုဘိုင်ယယ်လ် ပက်သိုဂျင်းနစ်များမှာ လူတို့၏ကျန်းမာရေးကို ချက်ချင်းထိခိုက်စေနိုင်လေရာ အထူး အလေးထားရမည့် အရာတစ်ခုဖြစ်၏။

ကမ္ဘာပေါ်တွင် သောက်သုံးရေများကို အဓိကညစ်ပတ်စေသည့်အရာမှာ လူတို့၏ အညစ်အကြေးပင်ဖြစ်၏။ ၂၀၀၆ ခုနှစ်တွင် ရေကြောင့်ဖြစ်ရသော ရောဂါများကြောင့် သေကြေပျက်စီးကြသူများမှာ ၁.၈ သန်းရှိပြီး သန့်ရှင်းသောသောက်ရေ မရှိသူမှာ ၁.၁ ဘီလီယံရှိ၏။ ကျေးလက်တောရွာများတွင် အိမ်သာများကို ချောင်း၊ မြောင်းကမ်းနဖူးတို့တွင် ဆောက်လုပ်လေ့ရှိရာ လူတို့၏ အညစ်အကြေးများ အဓိကပါဝင်နေသည့်ရေမှာ ၎င်းတို့ နေ့စဉ်သုံးစွဲနေသည့် ချောင်းရေပင်ဖြစ်၏။

သောက်ရေ၏ အရည်အသွေးနှင့်ပတ်သက်၍ စံနှုန်း၊ လမ်းညွှန်၊ ဥပဒေ၊ နည်းဥပဒေ များစွာရှိ၏။ အလိုရှိသူများ WHO website တွင် စာအုပ်များကို အခမဲ့ download လုပ်ကာ ဖတ်ရှုနိုင်ပါသည်။ ISO တစ်ခုတည်းပင် ရေအရည်အသွေးနှင့်ပတ်သက် ၍ ISO 24510 အပါအဝင် စံနှုန်းပေါင်း ၃၀၀ နီးပါးရှိ၏။ (Ref: ISO and Water)

ရေအရည်အသွေးနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စံနှုန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။







(၅) ရေနှင့် ကျန်းမာရေး

သောက်ရေအတွက် အဓိကပြဿနာမှာ ရေမသန့်ရှင်းမှုပင် ဖြစ်၏။ ရေမသန့်မှုကြောင့်ဖြစ်သည့် ရောဂါမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်သည်။ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေသူများ၏ ၉၀ % မှာ အသက် ၅ နှစ်အောက် ကလေးငယ်များဖြစ်၏။ အာဟာရချို့ယွင်းမှုကြောင့် ခန္ဓာကိုယ်ခုခံအား ကျဆင်းရသည်။ ထိုအခါ အလွယ်တကူ ရောဂါရသည်။ ရောဂါဒဏ်ကို ခံနိုင်ရည်မရှိ။ ၂၀၀၀ မှ ၂၀၀၃ ခုနှစ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့်သေရသော အသက် ၅ နှစ်အောက် ကလေးငယ်များမှာ ဆာဟာရ အာဖရိကဒေသ၌ ၇၆၉ ၀၀၀၊ တောင်အာရှဒေသတွင် ၆၈၃ ၀၀၀ ရှိသည်ဆို၏။

အကယ်၍ ရေဖြန့်ဖြူးရေးစနစ်ကို ပိုမိုကောင်းမွန်အောင် လုပ်ပေးနိုင်လျှင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးမှုကို ၂၅ % ထိ၊ ရေသိုလှောင်မှုစနစ်ကို ပိုမိုကောင်းမွန်အောင် လုပ်ပေးနိုင်လျှင် ၃၉ % ထိ လျှော့ချနိုင်မည်။

၁၉၈၀ ခုနှစ်တွင် ကုလသမဂ္ဂက "International Decade of Water" (အပြည်ပြည်ဆိုင်ရာ ရေဆယ်စုနှစ်) အဖြစ် ကြေငြာခဲ့၏။ အဝီစိတွင်းရေသည် မြစ်ချောင်း၊ တူးမြောင်း၊ ကန်များမှရေထက် သောက်သုံးရန် ပိုမိုအန္တရာယ်ကင်းသည်ဟု ယူဆခဲ့ကြ၏။ ဂရင်းနိုက်ကျောက်များပျော်ဝင်မှုကြောင့် ရေတွင် ဖလူအိုရိုဒ်အလွန်အကျွံပါဝင်၍ လူပေါင်း သန်း ၆၀ ခန့် အဆိပ်သင့်ခဲ့ကြ၏။ ရလဒ်မှာ ကလေးငယ်များ၌ အရိုးများ ပုံပျက်ပန်းပျက်ဖြစ်ခြင်း ဖြစ်၏။ ဖလူအိုရိုဒ် ပမာဏနည်းလျှင် သွားများကို အထောက်အကူ ပြုသော်လည်း များလျှင်မူ အရိုးများ၏ ပုံပန်းကို ထိခိုက်စေသည်။

နောက်တစ်ခုမှာ အာဆင်းနစ်အဆိပ်သင့်မှု ဖြစ်၏။ ကမ္ဘာ့နိုင်ငံ ၇၀ တွင် လူ သန်းပေါင်း ၁၄၀ မှာ အာဆင်းနစ် အဆိပ်သင့်မှုဒဏ်ကို ခံခဲ့ရသည်ဆို၏။

ဤအချက်များက ပြည်သူများအတွက် သောက်သုံးရေဖြန့်ဖြူးရာတွင် အစိုးရများသည် သောက်ရေ၌ အဆိပ်ဓာတ်ပါဝင်မှုကို သေ သေချာချာ၊ မှန်မှန်ကန်ကန်၊ တိတိကျကျ စစ်ဆေးသင့်ကြောင်း ဖော်ပြနေ၏။

(၆) ရေကို သန့်စင်သုံးစွဲခြင်း

အဝီစိတွင်းရေနှင့် စမ်းချောင်းရေများအပါအဝင် မည်သည့်ရေကိုမဆို မသုံးမီ ပြုပြင်ရန်လို၏။ မည်ကဲ့သို့ပြုပြင်ရမည်နည်း ဟူသည်မှာ သည်ရေကို မည်သည့်နေရာက ရသနည်း ဆိုသည့်အပေါ် များစွာမူတည်နေ၏။ မြို့ကြီးများမှ အများပြည်သူ ရေပေးဝေရေးစနစ်အတွက် ရေသန့်စင်စက်ရုံကြီးများရှိရန် လိုသကဲ့သို့ အိမ်သုံး အဝီစိတွင်း/ရေတွင်းများမှရေကို သန့်စင်သည့် အိမ်သုံး ရေသန့်စင်စက်ကလေးများလည်း ရနိုင်ပါသည်။

ရေသန့်စင်စက် မရနိုင်သောကျေးလက်တောရွာများတွင် ရေကိုကြိုချက်သောက်ခြင်းဖြင့် ရေ၌ပါဝင်သည့် ရောဂါပိုးမွှားများကို သေစေနိုင်၏။ သို့သော် ပြဿနာမှာ ရေကိုကြိုချက်သောက်ရန် လောင်စာ (ထင်း) လိုခြင်းနှင့် ကြိုပြီးသားရေကို မည်ကဲ့သို့ လှောင်မည်နည်း ဟူသည့် ပြဿနာ ဖြစ်သည်။

နောက်တစ်နည်းမှာ လောင်စာမလိုသော ရေသန့်စင်ရုံအသေးစားများ ဖြစ်၏။ ၎င်းကို ကျောက်ခဲ၊ သဲ၊ မီးသွေးတို့သုံး၍ လုပ်နိုင်၏။ နေရောင်မှရသည့် ခရမ်းလွန်ရောင်ခြည်ကို သုံးနိုင်၏။ ဤကဲ့သို့သော ရေသန့်စင်ရုံကလေးများ မည်ကဲ့သို့ ပြုလုပ်အသုံးချရမည်ကို အစိုးရအနေဖြင့် ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရန်၊ လိုအပ်သော ပစ္စည်းကိရိယာများ ပံ့ပိုးပေးရန် လို၏။

နောက်တစ်ခုမှာ ရေတွင်း၊ ရေကန်၊ အဝီစိတွင်းများနှင့် အိမ်သာများကို ဝေးဝေးထားရန် ဖြစ်၏။ အကြံပေးထားသည့် အကွာအဝေး မှာ မီတာ ၃၀ ဖြစ်၏။ ထို့အပြင် ရေကန်ဆောက်လျှင် မြေပြင်အထက် ၂ မီတာအမြင့်၌ ဆောက်ရပါမည်။




နိဂုံး

ရေသည်အသက်ဖြစ်၏။
ဤကမ္ဘာပေါ်မှ ရေအရင်းအမြစ်မှာ မကုန်နိုင်မခမ်းနိုင် ရရှိနေနိုင်သည့် အရာမဟုတ်။ မြေအောက်ရေသော် လည်းကောင်း၊ မြစ်ချောင်းအင်းအိုင်များမှ ရေသော်လည်းကောင်း အကန့်အသတ် ရှိ၏။ အလွန်ကြီးမားလှသော ရေအရင်းအမြစ်တစ်ခုမှာ ရေခဲ တောင်များဖြစ်၏။ ယခုအခါ ရာသီဥတု ပူနွေးလာမှုကြောင့် ရေခဲတောင်များ အရည်ပျော်လာနေ၏။ ဝင်ရိုးစွန်း ရေခဲတောင်များမှ အရည်ပျော်သွားသည့်ရေသည် သမုဒ္ဒအတွင်း စီးဆင်းသွားပြီး သုံးမရသောရေများ ဖြစ်သွား၏။

ရန်ကုန်၊ မန္တလေးစသော မြို့ကြီးများ၌ အစိုးရက အများပြည်သူသို့ပေးသည့် ရေပမာဏမှာ လိုအပ်ချက်ထက် များစွာလျော့နည်း နေသေးသည်ဖြစ်ရာ ပြည်သူတို့မှာ ရေပြဿနာကို မိမိတို့ဘာသာ ဖြေရှင်းကြရ၏။ ထိုအခါ အိမ်တိုင်းလိုလို အဝီစိတွင်းများ ပေါ်လာ ၏။ ဤသည်မှာ ကောင်းသောလက္ခဏာမဟုတ်။ မြေအောက်ရေကို အတိုင်းအဆမရှိ စုပ်ယူသုံးစွဲနေခြင်းသည် အလွန် အန္တရာယ် များလှ၏။ ဤကိစ္စကို ပြဿနာအကြီးအကျယ်မတက်မီ စောစီးစွာဖြေရှင်းထားရန် သင့်လှ၏။

ထို့ပြင် အများပြည်သူ သောက်သုံးနေသည့်ရေသည် ကျန်းမာရေးနှင့် ညီညွတ်၊ မညီညွတ်ဆိုသည်ကို အစိုးရက ကမကထလုပ်ကာ စစ်ဆေးပေးနေမှုများကိုလည်း မတွေ့ရသလောက်ဖြစ်၏။

ဤသည့်ကိစ္စများကို အာဏာပိုင်အဖွဲ့အစည်းများအနေနှင့် အဆောတလျင်ဆောင်ရွက်ရန် လိုနေပြီဖြစ်ကြောင်း အသိပေး နှိုးဆော် လိုက်ရပါသတည်း။

အေးငြိမ်း (လေးမျက်နှာ)

References:

https://en.wikipedia.org/wiki/Drinking_water
https://en.wikipedia.org/wiki/Pit_latrine
https://en.wikipedia.org/wiki/Water_supply_and_sanitation_in_Singapore
ISO: ISO and Water
WHO: Guideline for Drinking Quality