မီးရထားခြံဝင်းကို သံဖြတ်ပလာယာဖြင့် ဖြတ်ဝင်ကာ မနေနိုင်မထိုင်နိုင် ရထားတွဲများကို ဆေးမှုတ်သွားသော ဆွစ်လူမျိုး တစ်ဦးကို ထောင်ဒဏ် ၇ လ ချလိုက်သည့်သတင်း သည်ကနေ့ထုတ် mypaper သတင်းစာတွင် ဖတ်လိုက်ရသဖြင့် ရေးချင်နေတာကြာပြီ ဖြစ်သော စင်ကာပူမှ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း ရေးလိုက်ခြင်း ဖြစ်ပါ၏။
ပထမဦးဆုံးပြောလိုသည်မှာ စင်ကာပူကား ပြစ်ဒဏ်ချပြီဆိုလျှင် မှတ်လောက်သားလောက်အောင် ရက်ရက်ရောရောနှင့် သာသာထိုးထိုးလေး ချတတ်သည့်သဘောရှိကြောင်း သိထားကြရန် ဖြစ်ပါ၏။ နောက်ပြီး ကိုယ်ချမှတ်ထားသည့် ပြစ်ဒဏ်ကို မည်သည့်အကြောင်းမျိုးနှင့်မှ ပြန်လည်ရုပ်သိမ်းပေးခြင်း၊ အသနားခံလွှာကြောင့် လျှော်ပစ်ခြင်းမျိုး အင်မတန် လုပ်ခဲသည် ဆိုခြင်းဖြစ်ပါသည်။ (သာမန်အမှုကို မဆိုထားနှင့်။ သေဒဏ်ကိုတောင် အသနားခံ၍ မရပါ။)
လွန်ခဲ့သော ဇူလိုင်လက ကျွန်တော်တို့ အင်္ဂလိပ်စာဆရာမ၏ မိတ်ဆွေ၊ Work Permit Holder တစ်ဦးကို ရဲဖမ်းသွား သဖြင့် ကူပါဦးဟု sms ပို့လာပါ၏။ ကျွန်တော်က ဘာကိစ္စလဲ၊ ဘာညာ မေးနေတုံး ရှိသေး တော်တော်ကြာတော့ sms ပြန်လာပါ၏။ မတော်ရာသွား ရှူရှူပေါက်မိသဖြင့် ဖမ်းကြောင်း၊ တရားရုံးကိုခေါ်သွားရာ ဒဏ်ငွေ S$1000 တပ်ရိုက် လိုက်ကြောင်း၊ သူ့ သူငယ်ချင်းများစုကာ ထိုငွေကို ပေးလိုက်သဖြင့် ပြန်လွတ်လာပြီ ဖြစ်ကြောင်းများ ဖြစ်ပါ၏။ စင်ကာပူဒေါ်လာ ၁၀၀၀ ဘိုးသာ ရှူးရှူးပေါက်ရရင်ဖြင့် မြို့တော်ရန်ကုန်မှာ ရှိသမျှ အိမ်သာအားလုံးကို တစ်သက်တာ ကန်ထရိုက်ဆွဲပြီးတောင် ပေါက်လို့ရသည်။
ယခုနှစ်ဆန်းပိုင်းက ကျွန်တော့်ညီတစ်ဝမ်းကွဲနေသော dormitory တစ်ခုမှ ကုလားတစ်ယောက်သည် တရုတ်မ တစ်ယောက်ကို ဘာသွားလုပ်သည်မသိ။ ရဲဖမ်းသဖြင့် ၅၀၀ လျော်လိုက်ရသေးသည်။ ကျွန်တော် ECC Project တွင် လုပ်နေစဉ်ကလည်း ပရောဂျက်ထဲမှ မြန်မာကောင်လေးတစ်ဦး Orchard တွင် အမှိုက်ပစ်မိသဖြင့် ဒဏ်ငွေ ၂၀၀ ဆောင် လိုက်ရကြောင်း သူပြောပြ၍ သိခဲ့ရသည်။
အသက် ၃၂ နှစ်ရှိ Fricker ဆိုသူ ဆွစ်လူမျိုးမှာ ရထားဝင်းအတွင်း ဖောက်ထွင်းဝင်မှုကြောင့် ထောင်ဒဏ် ၂ လ၊ ရထားတွဲများ ဆေးမှုတ်မှုကြောင့် ထောင်ဒဏ် ၃ လ စုစုပေါင်း ၅ လ မူလက အချခံထားရသူဖြစ်ပါသည်။ ယခုမှ တရားသူကြီးက ဖောက်ထွင်းဝင်မှုအတွက် ထောင် ၂ လဆိုတာ နည်းလွန်းသည် ဟု တွေးပြီး ၂ လအစား နှစ်ဆတိုးကာ ၄ လ ချလိုက်ခြင်း ဖြစ်ပါသည်။ သို့အတွက် ၄ လ + ၃ လ = ၇ လ ဖြစ်သွားရခြင်း ဖြစ်ပါ၏။ (ခုနက ကျွန်တော်ပြောခဲ့သလို သာသာထိုးထိုးလေး ချတတ်တယ်ဆိုတာ မလွန်ပါဘူးနော။) နေဦး၊ မပြီးသေးဘူး။ ထောင်ဒဏ်အပြင် ကြိမ်ဒဏ် ၃ ချက်လည်း ပါသေး၏။
စင်္ကာပူသည် ကမ္ဘာ့ ရာဇဝတ်မှုအနည်းဆုံး နိုင်ငံများ၌ တစ်နိုင်ငံဖြစ်သည်ဟု United Nations Office on Drugs and Crimes က ကြေငြာခဲ့၏။
၁၉၉၄ ခုနှစ်က အသက် ၁၈ နှစ်သာရှိသေးသော အမေရိကန် နိုင်ငံသား Michael Peter Fay ကိုလည်း (အမေရိကန်သမ္မတ ဘီလ်ကလင်တန်က ငယ်ရွယ်သေးသူဖြစ်သဖြင့် ကြိမ်ဒဏ်မပေးပါရန် မေတ္တာရပ်ခံချက်ကို ပယ်ချကာ) ကြိမ်ဒဏ် ၄ ချက်နှင့် ထောင် ၂ လ ချခဲ့ပါသည်။ (မူလပြစ်ဒဏ်မှာ ကြိမ်ဒဏ် ၆ ချက်၊ ထောင် ၄ လ နှင့် $2200 ဖြစ်ပြီး စင်ကာပူသမ္မတ နှင့် အမေရိကန်သမ္မတတို့၏ သနားကြင်နာမှုကြောင့် ပြစ်ဒဏ်ကို လျှော့ချခဲ့ခြင်း ဖြစ်၏။)
Michael Fay နှင့်အတူ အခြား နိုင်ငံခြားသား လူငယ် ၈ ဦးလည်း ပါသေး၏။ ၁၅ နှစ်သားအရွယ် မလေးလူမျိုး နှစ်ဦး၊ ၁၆ နှစ်အရွယ် သြစတေးလျလူမျိုး၊ ၁၆ နှစ်နှင့် ၁၈ နှစ် အသီးသီးရှိ အမေရိကန် နှစ်ဦး၊ ၁၆ နှစ်အရွယ် ဟောင်ကောင်သားနှင့် ထိုင်းသံအမတ်၏သား တို့ဖြစ်သည်။ သူတို့သည် ကား ၆၇ စီးကို ဆေးများဖြင့်လိုက်မှုတ်ခြင်း၊ အုတ်ခဲကျိုးများ၊ ကြက်ဥများဖြင့်ပေါက်ခြင်း၊ ဆိုင်းဘုတ်များကို ဖျက်ဆီးခြင်း တို့ ပြုလုပ်ခဲ့ကြသည်။
၁၉၉၉ ခုနှစ်မှ ၂၀၁၀ အတွင်း စင်္ကာပူသည် ပြည်သူပိုင်ပစ္စည်းကို ဖျက်လိုဖျက်ဆီးလုပ်သူ နိုင်ငံခြားသား (အနည်းဆုံး) ၂၀ ဦးကို ကြိမ်ဒဏ်ချမှတ်ခဲ့ပြီး ဖြစ်၏။
ကလေးများနှင့် အမျိုးသမီးများကို ကြိမ်ဒဏ်မပေးပါ။ တစ်ကြိမ်ထည်း ရိုက်နိုင်သော အများဆုံးကြိမ်ဒဏ်မှာ ၂၄ ချက် ဖြစ်ပါသည်။ ကြိမ်လုံးအရွယ် အစားမှာ အရှည် ၁.၂ မီတာ (၃ ပေနှင့် ၁၁ လက်မ)၊ အထူ ၁.၃ စင်တီမီတာ (လက်မဝက်) ဖြစ်၏။ (Ref: Prison Regulations 132(2))၊ ကြိမ်ကို ပျော့ပြောင်းစေရန် တစ်ညလုံး ရေစိမ်ထားပြီး ရိုက်ခြင်း ဖြစ်ပါသည်။ ကြိမ်ဒဏ်မပေးမီ ကြိမ် ရိုက်ခံရန် သင့်မသင့် ဆရာဝန်က အလျင်စစ်ပါသည်။ ကြိမ်ရိုက်ခံနိုင်ရန် ကျန်းမာရေးအခြေအနေ ကောင်းသည်ဟု ထောက်ခံချက်ရမှ ရိုက်ခြင်း ဖြစ်ပါသည်။ ကြိမ်ဒဏ်တစ်ချက်နှင့် တစ်ချက်အကြား မိနစ်ဝက်ခန့် ခြားပါသည်။
၁၉၈၈ ခုနှစ် ဧပြီလ ၈ ရက်နေ့က လက်နက်ကိုင် ဒါးပြတိုက်မှုဖြင့် အသက် ၂၆ နှစ်ရှိသူ Quek Kee Chong ကို Changi အကျဉ်းထောင်တွင် တစ်နေ့ထဲ ကြိမ်ဒဏ် ၄၈ ချက် ကျခံစေခဲ့သဖြင့် ၎င်းက တင်ပါးအသားများကို ဆိုးရွားစွာ ပျက်စီး စေမှုဖြင့် စင်ကာပူအစိုးရကို တရားစွဲခဲ့သည်။ ဥပဒေအရ တစ်ကြိမ်လျှင် ၂၄ ချက်ထက် မများစေသော ကြိမ်ဒဏ်ကိုသာ ကျခံစေရမည် ဖြစ်ပါသည်။
ကြိမ်ဒဏ်ပေးနိုင်သော အမှုများမှာ Criminal Procedure Code အရ ၃၀ ခန့်ရှိပါသည်။ ထိုအထဲတွင် လူသတ်မှု၊ လူဆိုးဂိုဏ်း၊ မူးယစ်ဆေးမှု၊ အများပြည်သူပိုင်ပစ္စည်းများအား ဖျက်ဆီးမှု (ထိုဖျက်ဆီးမှုများတွင် မြန်မာပြည်၌ အများဆုံး တွေ့ရတတ်သည့် နံရံများတွင် အရုပ်များဆွဲခြင်း၊ စာများရေးခြင်း၊ ပိုစတာများကပ်ခြင်း၊ ဒါးနှင့်ခြစ်ခြင်း၊ ထိုင်ခုံကို ဒါးနှင့်ခွဲခြင်း၊ ဆေးမှုတ်ခြင်း စသည်တို့ ပါဝင်ပါသည်။)၊ မုဒိန်းမှု၊ ဖောက်ထွင်းမှု၊ ဒါးပြမှု၊ ခိုးမှု၊ ပြည့်တန်ဆာ အရောင်းအဝယ်လုပ်မှု စသည်တို့ကို ကြိမ်ဒဏ် ပေးနိုင်ပါသည်။ Mandatory ကြိမ်ဒဏ်ဟူသည် ဥပမာ - မူးယစ်ဆေး(အချို့ပမာဏ) လက်ဝယ်တွေ့ရှိခြင်းတွင် ကြိမ်ဒဏ်မှအပ အခြားပြစ်ဒဏ် မရှိခြင်း၊ overstay ရက် ၉၀ ကျော်သည်နှင့် ကြိမ်ဒဏ် ၃ ချက် ကျခံရမည်ဟု အလိုလိုသတ်မှတ်ပြီးသားဖြစ်ခြင်း စသည်တို့ကို ခေါ်ပါသည်။ ၁၉၉၄ ခုနှစ်က ၆၄၆ ရက် ကျော်လွန်နေထိုင်ခဲ့သော အသက် ၄၅ နှစ်အရွယ် ပြင်သစ်နိုင်ငံသားတစ်ဦးကို ကြိမ်ဒဏ် ၅ ချက်နှင့် ထောင်ဒဏ်၈ လ ကျခံစေခဲ့၏။
ကြိမ်ဒဏ်ပေးနိုင်သော ပြစ်မှုများနှင့် ကြိမ်ဒဏ်အရေအတွက်ကို http://www.corpun.com/sgjur2.htm တွင် ကြည့်နိုင်ပါသည်။
ပုံမှန်အားဖြင့် ကြိမ်ဒဏ်ပေးနိုင်သည့် အသက် မှာ ၁၈ နှစ်မှ ၅၀ အတွင်း ဖြစ်၏။ ၁၆ နှစ်အထက် ၁၈ နှစ် အောက်အတွင်း ဆိုလျှင် အများဆုံးကြိမ်ဒဏ်ကို ၁၀ ချက်ဟု သတ်မှတ်ထားပါသည်။ သေဒဏ်ကျခံပြီးသူများကို ကြိမ်ဒဏ်မပေးပါ။
မှတ်တမ်းများအရ ကြိမ်ဒဏ်ပေးခဲ့သော ပြစ်မှုများမှာ ၁၉၈၇ ခုနှစ်တွင် ၆၀၂၊ ၁၉၈၈ ခုနှစ်တွင် ၆၁၆၊ ၁၉၉၂ ခုနှစ်တွင် ၁၄၂၂၊ ၁၉၉၃ ခုနှစ်တွင် ၃၂၄၄၊ ၂၀၀၆ ခုနှစ်တွင် ၅၉၈၄၊ ၂၀၀၇ ခုနှစ်တွင် ၆၄၀၄ (၇ ရက်တစ်ပတ်လျှင် ကြိမ်ဒဏ် ၁၂၀ နှုန်း) မှု ဖြစ်ပါသည်။ များသောအားဖြင့် ကြိမ်ဒဏ်ကို Changi Prison တွင်ပေးပါသည်။
ဓါတ်လှေခါးအတွင်း အမျိုးသမီးတစ်ဦးကို နသားပါးယားလုပ်မှုဖြင့် အသက် ၁၈ နှစ်အရွယ် Goh Cheng Yew ဆိုသူ ကို ကြိမ်ဒဏ် ၃ ချက်နှင့် ထောင် ၆ လ ကျခံစေခဲ့သည်။ အမျိုးသမီး တစ်ဦးဦး၏ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခုကို နသားပါးယား လုပ်လိုစိတ်နှင့် ထိ၊ ကိုင် သူအား ကြိမ်ဒဏ် ၃ ချက်နှင့် ထောင် ၉ လ ကျခံစေရန် ၂၀၀၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ မှ စတင်သတ်မှတ်ခဲ့သည်။
အေးငြိမ်း (လေးမျက်နှာ)
၁၉ သြဂုတ်၊ ၂၀၁၀ က ရေးခဲ့သော ပို့စ်ကို အနည်းငယ် ပြန်ပြင်ထားပါသည်။
No comments:
Post a Comment