စင်ကာပူ ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ရန် ယခုမှ စရောက်လာသည့် လုပ်သားများသည် အလုပ်မဝင်မီ ယခင် အခေါ် CSOC ယခု ACS သင်တန်းကို တက်ကြရ၏။ အောင်မြင်ကြရ၏။ ထိုသင်တန်း တက်ရောက်အောင်မြင်ပြီး Safety Pass ရမှသာ လုပ်ငန်းခွင်သို့ ဝင်ခွင့်ရှိ၏။ ဤသည်မှာ ဥပဒဖြစ်၏။ ထိုသင်တန်း မတက်ဘဲ အလုပ်လုပ်ခွင့်မရှိ။ လုပ်လျင် အရေးယူခံရမည်။
ထိုသင်တန်းကို အင်္ဂလိပ်၊ မြန်မာ၊ ထိုင်း၊ တရုတ် (မန်ဒရင်း)၊ တမီလ်၊ ဟင်ဒီ၊ ဘန်းဂလား၊ မလေး ဘာသာများဖြင့် သင်ကြား ပို့ချပေး၏။ အချို့သင်တန်းကျောင်းများတွင် ဗီယက်နမ်ဘာသာပါ ရှိ၏။ သို့သော် ဗီယက်နမ်ဘာသာကို ဘာသာပြန်နှင့် သင်ပေးသည် ဟု သိရ၏။
သင်တန်းမှာ ၂ ရက်သင်တန်းဖြစ်ပြီး ပထမနေ့တွင် စာချည်းသင်၏။ ဒုတိယနေ့တွင် မနက်ပိုင်း၌ လက်တွေ့လုပ်ရပြီး နေ့ခင်း ပိုင်းတွင် စာမေးပွဲဖြေရ၏။ လက်တွေ့မှာ PPE, Safety Signage, Gas Meter Reading, Fire Extinguisher, Work At Height စုစုပေါင်း ၆ မျိုးဖြစ်၏။ ထို့ပြင် Experiential Learning station ၆ ခုတွင်ပါ လေ့လာကြရ၏။ သို့သော် Experiential Learning အတွက် စာမေးပွဲမရှိပါ။
သင်တန်း၌ သင်ခန်းစာ ၄ ခုပါပြီး အောက်ပါခေါင်းစဉ်တို့ ဖြစ်၏။
၁။ ဥပဒေ၊ နည်းဥပဒေ နှင့် ထိုဥပဒေများက ပေးအပ်ထားသည့် တာဝန်ဝတ္တရားများနှင့် ရပိုင်ခွင့်ရှိသော အခွင့်အရေးများ
၂။ လုပ်ငန်းခွင်၌ အန္တရာယ်ကင်းအောင် မည်ကဲ့သို့ လုပ်ကြရမည်
၃။ အမြင့်၌ အလုပ်လုပ်သည့်အခါ အန္တရာယ်ကင်းအောင် မည်ကဲ့သို့ လုပ်ကြရမည်
၄။ အရေးပေါ်အခြေအနေ၌ မည်ကဲ့သို့ တုံ့ပြန်မည်
စာမေးပွဲမှာ လက်တွေ့ + စာတွေ့ စာမေးပွဲ ဖြစ်၏။ လက်မှတ်ရရန် လက်တွေ့ရော၊ စာတွေ့စာမေးပွဲပါ အောင်ရ၏။ လက်တွေ့စာမေးပွဲထက် စာတွေ့စာမေးပွဲက ပိုခက်၏။ လက်တွေ့စာမေးပွဲမှာ မနက်ပိုင်း လုပ်ကြရသည့် လက်တွေ့သင်ခန်းစာ ၆ မျိုး ကို မိမိတကယ်လုပ်တတ်ကြောင်း လုပ်ပြကြရတာ ဖြစ်၏။ လက်တွေ့စာမေးပွဲတွင် ၃ ခါ မှားခွင့်ပေး၏။ ၃ ကြိမ်မှားလို့မှ မအောင်လျင် ကျမည်။ သို့သော် လက်တွေ့စာမေးပွဲတွင် ကျသူ မရှိသလောက် ဖြစ်ပါသည်။
စာတွေ့စာမေးပွဲတွင် မှားမှန်ရောထွေး အမှန်ရွေး (MCQ – Multiple Choice Questions) အပုဒ် ၄၀ ဖြေကြရ၏။ ယခင်အခါ ကာလများက စာမေးပွဲကို Optical Answer Sheet ပေါ်တွင် မှန်သည့်အဖြေကို ခဲနှင့်ခြစ်ကာ ဖြေကြရ၏။ မေးခွန်းမှာလည်း မေးခွန်း အစုံ ၂၀ ရှိပါက နံပါတ်တွေသာ ပြောင်းသွားသည်၊ ထို အစုံ ၂၀ စလုံး မေးခွန်း ၄၀ မှာ အတူတူပင် ဖြစ်၏။ ထို့ပြင် မေးခွန်းများကို စာရွက် ပေါ်၌ ပုံနှိပ်ဖော်ပြထားခြင်း ဖြစ်သဖြင့် မည်သည့် မေးခွန်းများဖြစ်သည်ကို ကြည့်လို့ရ၏။
သို့သော် ၂၀၂၄ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့မှစကာ စာမေးပွဲကို စာရွက်ပေါ်တွင် ဖြေသည့်စနစ်မှ တက်ဘလက်သုံး၍ online ဖြေသည့်စနစ်သို့ ပြောင်းလိုက်၏။ ဖြေသည့်ပုံစံပါ ပြောင်းသည်မဟုတ်။ မေးခွန်းပုံစံများပါ ပြောင်းသွား၏။
ဖြေဆိုနည်း စနစ်အသစ်တွင်ပါသည့် မေးခွန်းများမှာ ယခင် CSOC မေးခွန်းများထက် ပိုခက်သွား၏။ အချို့မှာ သင်သည့် အထဲမှာ မပါ။ မိမိဗဟုသုတ၊ အသိဉာဏ်ကို သုံးကာ ဖြေကြရ၏။
မေးခွန်းတွင် Generic Question နှင့် Applied Question ဟု နှစ်ပိုင်းပါ၏။ ယခင်ကမူ မေးခွန်း ၄၀ ၌ အောင်မှတ် ၆၀% ကို မည်သည့်နည်းနှင့် ရ ရ၊ အောင်၏။ ဆိုလိုသည်မှာ မေးခွန်း ၄၀ ၌ ၂၄ ပုဒ်မှန်လျင် အောင်ပြီ။
ယခုမူ ဤသို့မဟုတ်တော့။ Generic Question တွင် မေးခွန်း ၂၀၊ Applied Question တွင် မေးခွန်း ၂၀ ပါလေရာ တစ်ပိုင်း စီတွင် ၆၀% ဖြစ်သော ၁၂ ပုဒ်စီမှန်မှ အောင်မည်ဖြစ်၏။
o Generic Question တွင် အပုဒ် ၂၀ လုံးမှန်ပြီး Applied Question တွင် ၁၁ ပုဒ်ပဲ မှန်ပါက စုစုပေါင်း ၃၁ ပုဒ် မှန်သည့်တိုင် ကျမည်။
o Applied Question တွင် ၁၅ ပုဒ် မှန်ပြီး Generic Question တွင် ၁၀ ပုဒ်ပဲ မှန်ပါက စုစုပေါင်း ၂၅ ပုဒ် မှန်သည့်တိုင် ကျမည်။
Generic Question ဆိုသည်မှာ အကယ်၍ အလုပ်ရှင်သည် Risk Assessment ကို ရေးဆွဲမထားဘဲ အလုပ်လုပ်လျင် မည်မျှ ဒဏ်ရိုက်မည်နည်း ဆိုသော မေးခွန်းမျိုးဖြစ်၏။ ၎င်းမှာ ဗဟုသုတအလို့ငှာသာ ဖြစ်လျက် လုပ်ငန်းခွင်၌ လက်တွေ့ အသုံးချလို့ မရ။
Applied Question ဆိုသည်မှာ အဆောက်အုံ ဖြိုဖျက်သည့်အခါ အန္တရာယ်ကင်းအောင် မည်ကဲ့သို့ လုပ်ရမည်နည်း ဆိုသည့် မေးခွန်းမျိုး ဖြစ်၏။ တကယ် လုပ်ငန်းခွင်၌ လက်တွေ့ အသုံးချရမည့် မေးခွန်းမျိုး ဖြစ်၏။
အဆိုးဆုံးကား တလွဲ ဘာသာပြန်များ ဖြစ်၏။ မေးခွန်းများကို မြန်မာဘာသာဖြင့် ရေးထားသည့်တိုင် အချို့မေးခွန်းများမှာ ဘာကို ဆိုလိုသလဲဆိုတာ မနည်း စဉ်းစားယူရ၏။ အင်္ဂလိပ်စာလုံးများကို မြန်မာအက္ခရာများဖြင့် ဖလှယ်လိုက်သည့်အခါ ကိုးယို့ ကားရား စာလုံးများ ဖြစ်လာလေ၏။ နမူနာပြရလျင် ‘PPE’ ဟူသည့် အင်္ဂလိပ်စာလုံးကို မြန်မာအက္ခရာနှင့် ဖလှယ်လိုက်ရာ ‘ဏဏန’ ဖြစ်သွားလေ၏။ အနှီ ‘ဏဏန’ ကို မည်ကဲ့သို့ နားလည်ရပါမည်နည်း။
စာမေးပွဲဖြေရန် တက်ဘလက်ပေါ်၌ ဖြေမည့်သူက မိမိ၏ IC No./FIN No. ဖြင့် log in ဝင်ရ၏။ Log in ဝင်ရန် password ကို ဖြေခါနီး ၅ မိနစ်အလိုမှ ထုတ်ပေး၏။ Password ကို စာမေးပွဲခန်းစောင့်သည့် ဆရာက မိမိဘာသာ generate လုပ်ယူရ၏။
ဖြေဆိုသူက မိမိ၏ IC No./FIN No. ဖြင့် log in ဝင်လိုက်သည့်အခါ ကျချင်ရာ မေးခွန်း (question set) ကျလာမည်။ မည်သည့် question set ကျမည်ကို မည်သူမှ မသိနိုင်။ ကျချင်ရာကျမည်။ ဖြေဆိုသူသည် မိမိအတွက် ရလာသည့် မေးခွန်းအစုံကို ဖြေ ဆိုရန်သာ ဖြစ်၏။
ဖြေသည့်အခါ ဥပမာ စာမေးပွဲချိန်သည် ညနေ ၆ နာရီမှ ၇ နာရီ ဖြစ်သည်ဆိုပါစို့။ ၆ နာရီအတိကျမှ log in ဝင်လို့ရ၏။ စောပြီး ဝင်ချင်လို့မရ။ မိနစ် ၆၀ အချိန်စေ့လျင်လည်း အလိုအလျောက် log out ဖြစ်သွားမည်။ မပြီးသေးလို့ ခဏစောင့်ပါအုံး ဟု တောင်းဆို လို့မရ။
တက်ဘလက်ပေါ်တွင် ကျန်နေသည့်အချိန်ကို count down timer ဖြင့် ပြနေ၏။ ဖြေဆိုသူများသည် အချိန်မစေ့မီ ၅ မိနစ်၊ ၄ မိနစ်အလို၌ မိမိအဖြေလွှာကို submit လုပ်ကြရမည်။ အချိန်စေ့ခါနီး ၁ မိနစ်လောက်အလိုကျမှ တင်ပါက အင်တာနက်ပြဿနာ တက်ပြီး အဝိုင်းလည်နေ၍ အချိန်မီ မတင်လိုက်နိုင်လျှင် ဒုက္ခများလိမ့်မည်။
သို့သော်လည်း လူ ၂၀ ဖြေလျင် အနည်းဆုံး ၁၅ ယောက်လောက်တော့ အောင်ပါသည်။ အချို့အတန်းများ၌ တန်းလုံးကျွတ် အောင်ပြီး တစ်ခါတလေ ၂ ယောက်လောက် ကျသည်လည်း ရှိ၏။ ဆယ်တန်းအောင်ပါသည် ဆိုသူများလည်း ကျ၏။ ဘွဲ့ရ ဆိုသူများလည်း ကျ၏။ ထို့ကြောင့် ကျောင်းကောင်းကောင်း မတက်ခဲ့ရ။ ၃ - ၄ - ၅ တန်း လောက်သာ တက်ခဲ့ဖူးသူများ အောင်ဘို့ ခဲယဉ်းပါသည်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၉ ဩဂုတ်လ၊ ၂၀၂၅
No comments:
Post a Comment