တစ်နေ့သ၌ ကျွန်ုပ် မတစ်ထောင်သားများနှင့် အလုပ်ရှုပ်နေစဉ် တီတီဟု မတ်စိဝင်လာသဖြင့်ကြည့်မိ။ ပြောစရာရှိလို့ပါ ဒဲ့စ်။ မမလေးနှစ်ယောက်က မတ်စိပို့၏။
ခဏနေပါအုံး၊ စာသင်နေလို့။ ကော်ဖီဘရိတ်မှ ပြန်ခေါ်လိုက်မယ် ဆိုတာကို မြန်မြန်လုပ်ပါ၊ ပြောချင်လှပြီ ဆိုဘာလာ့စ်။ အောင်မငီး။
သူတို့ပြောတာကို ပြန်ဖောက်သည်ချရလျှင် အောက်ပါအတိုင်း ဖြစ်ချေသည် တမုံ့။
ဖြစ်ရပ် (၁)
-------------
အလုပ်ရှင်က အေးဂျင့်ကို တိုင်၏။ ဟဲ့ - နင့် ဟိုအကောင်ဟာ တစ်ပတ်မှာ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး ၃ ရက်ပဲ အလုပ်ဆင်းတယ်။ နောက်ပြီး အဆောင်မှာလဲ ပြန်မအိပ်ဘူးပြောတယ်။ အဲဒီကောင် ဘယ်ပျောက်နေသလဲ။
စုံစမ်းကြည့်တော့ -
အိမ်အကူ ကောင်မလေးတစ်ယောက်က အဖွားအိုကြီး တစ်ယောက်ကိုပဲ ကြည့်ရ၏။ တစ်အိမ်လုံးမှာ သူနဲ့ အဖွားအို နှစ်ယောက်ထဲ။ တခြား ဘယ်သူမှ မရှိ။
သည်တော့ ဟိ၊ ငါတော့ လုပ်ချင်တိုင်းလုပ်လို့ရပြီ။ ပွတာပဲ ဆိုကာ ကောင်လေးတစ်ယောက်နှင့် အချိန်းအချက်လုပ်၏။ ရွာမှာ မိန်းမနှင့်၊ ကလေးရှိသော ကောင်လေးက ဟိ၊ ကော်တာပဲ။ အလကားစားရပြီ ဆိုကာ ကောင်မလေးနှင့် အချိန်းအချက်လုပ်ပြီးသကာလ ကောင်မလေးရှိရာ အိမ်သို့သွားသည်ဆို၏။
ကောင်လေးက ဘယ် ဒီလောက် အခွင့်အရေးကြီးရနေမင့်ဟာ၊ နင်ရို့ နှစ်ပဲခြောက်ပြားအလုပ်လောက်ကို ဘာလုပ်ဖို့တုံး ဆိုပြီး သောကြာ၊ စနေ၊ တနင်္ဂနွေ၊ တနင်္လာ ၄ ရက်ဆက်ပြီး (မှတ်ကရော) အလုပ်မသွားဘဲ အသားကုန် မူစကူဒူးကြလေသော ဟူသတတ်။ (မူစကူဒူး = ထမင်းတွေဟင်းတွေ ချက်ပြုတ်စားကြ၊ သီချင်းတွေဆိုကြ၊ ထင်သာဖဲ I don’t know. )
ဆိုတော့ အလုပ်မဆင်းလို့ ဒီအကောင် ဘယ်ရောက်နေသလဲ၊ အဆောင်ကကောင်တွေ မေးတော့လည်း ဘယ်သွားမှန်း ဘယ်သူမှမသိ၊ ဆိုတော့ အလုပ်ရှင်က အေးဂျင့်ကို လှမ်းတိုင်တာ ဖြစ်၏။
ကတောက်စ်၊ မိုက်သခွာ
ဖြစ်ရပ် (၂)
------------
ဟေ့ရောင်၊ ထရမ့်မိန်းမက မိုက်သကွ။
မင်းနှယ်ကွာ၊ တခြား ကြိုက်စရာရှားလို့ အဖွားကြီးမှ သွားကြိုက်ရသလား။
အာ ဒါကတော့ ငါကြိုက်လို့ ကြိုက်တယ်ပြောတာကွာ။
စောက်ရူး
ဘာခွ၊ မင်း ဘာပြောလိုက်တယ်။
တခြား အပျိုအရွယ်ချောချော လှလှလေးတွေ ဒီလောက်ရှိပါရက်ကနဲ့ ဟို့က အဖွားကြီးကို သွားကြိုက်တာ စောက်ရူးမို့လို့ ကြိုက်တာပေါ့ကွ။
အေဘေး ခွပ်
ဘာ၊ မင်းက ငါ့ကိုထိုးတယ်။ ခွပ်
ဘုန်း
အုပ်
ခွပ်
.
.
.
ဟဲ့ ဟဲ့ ဟိုအကောင်တွေ တော်ကြ၊ တော်ကြ
(ရဲက လာဖြန်ဖြေသည်ဆို၏။)
ထိုးကြကြိတ်ကြရင်း ရဲမျက်နှာ ဖြတ်အုပ်မိသည် ဆို၏။ (မတော်တဆ ဖြတ်ရိုက်မိတာလား၊ ဆွဲထိုးတာလား မပြောတတ်။)
ရဲက သူတို့ကို ဘာမှ ပြန်မလုပ်။
နောက်နေ့ကျ အဖမ်းခံရ၏။
ဒေါ်လာ ၄၅၀၀ ဒဏ်ဆောင်မလား၊ ထောင် ၂ လ (၂ လ လား၊ ၂ နှစ်လား သေသေချာချာ မပြောတတ်) အကျခံမလား မေး၏။
ရွာက အမျိုးတွေနှင့် ပြန်တိုင်ပင်တော့ ဘာတဲ့၊ ဒဏ်ငွေ ၄၅၀၀ ဆောင်ပါ့မယ် ဆိုလား
ဘာတွေဆက်ဖြစ်သလဲတော့ ကျွန်ုပ်မသိ
အဲသည့်ကောင်လေးမှာ ခြင်းကြားထမ်း (ဟုတ်ပေါင်) စစ်ထဲဝင်ရမှာစိုး၍ သူ့မိဘများက အိမ်ရောင်းကာ စင်ကာပူ လွှတ်လိုက်တာဆို၏။ ရောက်တာ ဘာမှမကြာသေး။ အခု ပြဿနာ တက်သည်။
ဆိုတော့ ဗမှားပြည်ပြန်ပြီး ခြင်းကြားထမ်းပေတော့။
ဖြစ်ရပ် (၃)
------------
လူများ သားသမီးတွေ ကံကောင်းပုံများ ပြောပါတယ်။
တခါတလေ အမှားတရံသည်လည်း အမှန်တရား ဖြစ်လာတတ်ချေသေး၏။
ကောင်မလေးကို မြန်မာအေးဂျင့်က ဆေးရုံမှာလုပ်ရမယ် ဆိုပြီး လိမ်လွှတ်လိုက်၏။ အေးဂျင့်ဖီးလည်း အများကြီး ပေးလိုက်ရ၏။
တကယ်လုပ်ရတော့ အနှိပ်ခန်းမှာ လုပ်ရ၏။ ဆိုင်ရှင်အဖွားကြီးက ဟိုဟာဖြတ်၊ ဒီဟာဖြတ်နှင့် ငုတ်တုတ်ပဲ ကျန်တော့၏။
အနှိပ်ခန်းမှာ အလုပ်လုပ်ရင်း ဆိုင်မှာလုပ်နေသော မလေးတရုတ် ကောင်လေးတစ်ယောက်နှင့် ငြိကာ ညားလေ သတည်း။
မလေးကောင်လေးနှင့် ညားတော့ မလေး PR ဖြစ်။ ကောင်လေးက စလုံး PR ဆိုတော့ စလုံး PR ထပ်တင်။
တူနယ်တဲ့နယ်။
ကံထမ်းလာတာ မမြင်ရဘူးဆိုတာ အဟုတ် ဟု မမလေးက ပြော၏။
ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ်။
ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ။
မအားတာနဲ့ တက်သုတ်ရိုက်ပြီး ခပ်တိုတိုပဲ ရေးလိုက်ရပါကြောင်း။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
မြေနိုးတွေလဲ ကျားတွေဆွဲ၊ ငရဲကိုလည်း လားပါစေ။
အေးငြိမ်း
၁၈ ဇူလိုင်လ၊ ၂၀၂၅
No comments:
Post a Comment