“ဦးအေးငြိမ်းဆိုတဲ့လူဟာ ပါးစပ်ကသာ ဂျိုးပြောမိုးပြော ပြောနေတာ။ စကစလုပ်တဲ့ စာမေးပွဲကိုဖြေဘို့ သူ့သားကို ကျောင်းသွားအပ်နေတာ ငါ့မျက်စိနဲ့ တပ်အပ်တွေ့ခဲ့တယ်။”
အောင်မငီး
‘ဦးအေးငြိမ်းအကြောင်း အဲသလို အမနာပတွေ ပြောနေတယ်’ ဟု မိတ်ဆွေတစ်ယောက်က သတင်းပေးလှာပါ၏။
သူတို့က မဟုတ်တာပြောတာ မဟုတ်ပါ။ သူတို့ပြောတာ အမှန်ဖြစ်ပါတယ် ဟု ကျွန်ုပ်က ဝန်ခံလိုက်ပါ၏။
ကိုယ်လုပ်တာကို မဟုတ်ပါဟု ဇော်မဲလုံးလို (အဟိ) မျက်နှာပြောင်တိုက်ကာ ဗျောင်ငြင်းဘို့ထိတော့ ကျွန်ုပ် အရှက် မနည်းလှသေးပါ။
သို့အတွက် ဘာကြောင့်လုပ်ရသည် ဆိုခြင်းအကြောင်း နည်းနည်းလောက် ရှင်းပြပါရစေဦး။
စင်ကာပူတွင် ကျောင်းတက်သူ ကျောင်းသားများသည် အင်္ဂလိပ်စာအပြင် မိခင်ဘာသာစကားအဖြစ် တရုတ်၊ မလေး၊ တမီလ် ဘာသာရပ်တစ်ခုခုကို မယူမနေရ သင်ကြားကြရ၏။
ပထမ တရုတ်စာသင်ဘို့ သူ့အမေက ကြိုးစားကြည့်ပါသေး၏။ သို့သော် သားတော်မောင်က ပဲပင်ပေါက်နှင့် ဘူးသီးငါးပေါင်းကြော်များကို လုံးဝ စိတ်မဝင်စား။ တစ်နာရီကို ၃၀ နှင့် တရုတ်ဆရာမငှားကာ သင်ကြည့်ပါသည်။ ပိုက်ဆံကုန်တာပဲ အဖတ်တင်၏။ နောက်ပြီး ကျွန်ုပ်ကလည်း တရုတ်စကားပင်၊ နွားတင်းကုတ်နားမှာ ရှိ ရှိ (ဟုတ်ပေါင်၊ မွှားကုန်ပြီ) တရုတ်စကားနှင့် ပတ်သက်လို့ နိဟောင် နှင့် ရှဲရှဲ နှစ်လုံးပဲ တတ်တာဆိုတော့ သူ့ကို သင်ပေးဘို့ မဖြစ်နိုင်။
သည်တော့ သားနှင့်ဆွေးနွေးကာ သူတို့ကျောင်းလိုက်သွားပြီး မိခင်ဘာသာကို တရုတ်စာအစား မြန်မာစာ ယူမည်ဟု ပြောင်းလိုက်၏။ ‘ဘာဖြစ်ကြောင်း သိရှိပါသည်’ ‘ဘာဖြစ်ကြောင်း ဝန်ခံပါသည်’ စသဖြင့် စာရွက်များကို လက်မှတ်ထိုးပြီး သကာလ သား၏ မိခင်ဘာသာစကားမှာ မြန်မာစာ ဖြစ်သွားလေ၏။ (မိခင်ဘာသာစကားက မြန်မာစာ ဆိုတော့ ဖခင်ဘာသာစကားက ဘာလဲဗျာ ဟု လာမမေးကြပါနှင့်။ ကျွန်ုပ်မသိပါ။ သင်တို့ ဂျီးဒေါ်ကြီးကို သွားမေးကြပါဘိ။ ဤကားစကားချပ်)
တရုတ်၊ မလေး၊ တမီဘာသာများ မယူလိုသူတို့ အခြားဘာသာကို ယူနိုင်ပါ၏။ သို့သော် ထိုဘာသာကို ကျောင်းက သင်မပေးပါ။ စာမေးပွဲလည်း စစ်မပေးပါ။ ကိုယ့်အစီအစဉ်နှင့်ကိုယ် လေ့လာ။ GCEO စာမေးပွဲကျမှ ဖြေရမှာ ဖြစ်၏။ GCEO တွင် မြန်မာစာ အမှတ်မမီလျင် ကောလိပ်၊ တက္ကသိုလ် ဆက်တက်ခွင့်မပြု။
နောက်ပြီး မြန်မာစာကို လေ့လာနေပါသည်ဟု သက်သေတစ်ခု ပြရ၏။ ထိုသက်သေမှာ ထောက်ခံစာလည်း ဖြစ်နိုင်ပါသည်။ ကျွန်ုပ်သည်လည်း GCEO မြန်မာစာ သင်ပေးနေသည်ဖြစ်ရာ ကျွန်ုပ်သင်ပေးနေသည့် ကျောင်းသား ကလေးများအတွက်လည်း ကျွန်ုပ် ထောက်ခံစာ ရေးပေးဖူးပါ၏။ ကျောင်းကလည်း လက်ခံပါ၏။ ထိုစာရွက်ကို ကျောင်းသို့ တစ်နှစ်တစ်ခါ ပေးရ၏။
သို့တိုင် ကျွန်ုပ်သားကို ကျွန်ုပ် မြန်မာစာသင်ပေးနေကြောင်းတော့ ထောက်ခံစာရေးပေးလို့ သင့်တော်ပါမည်လား။ ကျောင်းက လက်ခံနိုင်သည့်တိုင် ကျွန်ုပ်အနေနှင့် ကိုယ့်လိပ်ပြာ ကိုယ်မလုံပါ။ ကိုယ့်သားကိုယ် ထောက်ခံစာရေးပေးခြင်း သည်ကား ဟို ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် သားဖြစ်သူက ဗိုလ်လောင်းထူးချွန်ဆုရသည်ကို အဖေဖြစ်သူ ဘိုရှုပ်ကြီးက စွရှက်မရှိ ရွှေဓားလွယ်ဆု ချီးမြှင့်နေသလို ဖြစ်နေပေလိမ့်မည်။ ဟေ့ယောင်တွေ၊ ငါ့သားလို ထူးချွန်အောင် ကြိုးစားကြကွနော်။ ညှင်းညှင်း (ကျော်တို့ငယ်ငယ်က ပြောပါတယ်။ အခုတော့ ပိုဆိုးနေလောက် (ဟုတ်ပေါင်) မရှိလောက်တော့ပု ထင်ပါတယ်နော်၊ I don’t know. ဟိစ်)
ဆိုတော့ မြန်မာစာ သင်နေ/လေ့လာနေပါကြောင်း ကျောင်းကို အထောက်အထားပြဘို့ရာ သံရုံးကလုပ်သော စာမေးပွဲများကို သားကို ဝင်ဖြေခိုင်း၏။ ထိုကျောင်းအပ်သည့်စာရွက်ကို ကျောင်းသို့ပေး၏။
ဆိုတော့ ရှင်းပါသည်။ ကျွန်ုပ် သားကို သံရုံးစာမေးပွဲဝင်ဖြေခိုင်းတာ မြန်မာစာတတ်ဘို့ မဟုတ်သလို၊ အတန်းအောင်ဘို့ လည်း မဟုတ်ပါ။ စင်ကာပူစည်းမျဉ်းကို လိုက်နာရန် စာရွက်တစ်ရွက်ရဘို့အတွက်သာ ဖြစ်၏။
အဲဒီစာမေးပွဲဝင်ဖြေလို့ ဆယ်တန်းအောင်ပါပြီတဲ့။ အဲဒီ ဆယ်တန်းအောင်လက်မှတ်ကို ကျွန်ုပ်က ဘယ်နေရာသွား သုံးရပါ မည်နည်း။ တက္ကသိုလ်တက်ဘို့လား။ အန်အိုပီအီး - နု...ပ်
တစ်ခုသော တနင်္ဂနွေ၌ သားဖြေထားသည့် အဖြေလွှာများတင်ဘို့ ကျွန်ုပ် သံရုံးသွား၏။ သံရုံးမှာ ကျောင်းသားကိစ္စများ ဆောင်ရွက်ဘို့ မမလေးနှစ်ယောက် ရောက်နေ၏။
ကျွန်ုပ်က -
“အခုလို တနင်္ဂနွေနေ့ကြီးမှာ လာပြီး ကျောင်းသားကိစ္စတွေ လုပ်ပေးတာ ကျေးဇူးအထူးတင်ပါရဲ့ ခင်ဗျာ။ ဒါထက် တနင်္ဂနွေနေ့ဆိုတော့ အချိန်ပိုကြေးတော့ ရမှာပေါ့နော်။” (အမှန်က သူတို့ပိုက်ဆံမရမှန်း ကျွန်ုပ်သိပါ၏။ တမင် သက်သက် နောက်လို၍ မေးလိုက်ခြင်း ဖြစ်ပါသည်။)
‘မရပါဘူးရှမ် . . . ‘
‘ငမ် . . . ဒါ လူ့အခွင့်အရေး ချိုးဖောက်တာပဲ။ သံမှူးကြီးနဲ့ တိုင်ပြောမယ်။’
‘ဟုတ်၊ တိုင်ချင်သပဆို အခုတိုင်လို့ရပါတယ်။ အဲဒီဘေးမှာထိုင်နေတာ သံမှူးကြီးပဲ။’ ဟု ဆိုလျက် ဘေးနားက မမလေးကို မေးငေါ့ပြ၏။
ဟိုက် ရှာလပတ်ရည်။
ဟို မမလေးက ပြုံးစနဲ့နဲ့ လုပ်နေပါ၏။
ကျွန်ုပ်အထင် သူ့အသက်မှာ ၃၅ ခန့်မျှသာ ရှိပါလိမ့်ဦးမည်။
ကျွန်ုပ်လည်း အလွန်အားနာသွားလျက် . . .
‘အိုး . . . ဆောရီးပါခင်ဗျာ။ သံမှူးကြီးကိုယ်တိုင် လုပ်အားပေး ဆင်းနေရတာပါလား။ အားနာလိုက်တာ ခင်ဗျာ’
ဟု - ပြောလိုက်ပါ၏။
ဤသည်မှာ ကျွန်ုပ်က တကယ့်ကို ရင်ထဲက အားနာစိတ်နှင့် ပြောလိုက်တာ ဖြစ်ပါသည်။
သူတပါး သားသမီးများ ကျောင်းကိစ္စနှင့် သူတို့ခမျာ ပိုက်ပိုက် တစ်ပြားမှမရဘဲ လုပ်အားပေးနေရတာ အားနာစရာ ကောင်းပါသည်။
အခုတော့ သားလည်း GCEO ဖြေပြီးသွားပြီမို့ ထိုကျောင်းအပ်သည့်ကိစ္စများကိုလည်း မလုပ်တော့ပါ။ ဤကိစ္စကို ကျွန်ုပ်ရော သားပါ လုပ်ချင်တာမဟုတ်။ မတတ်သာသောကြောင့်သာ လုပ်ကြရခြင်း ဖြစ်၏။ ဤစာမေးပွဲများ သွားဖြေသည့်အတွက်လည်း သား မြန်မာစာမှာ ထူးပြီးတိုးလာတာမဟုတ်။
အဲသဟာ ကျွန်ုပ် ဘယ့်အတွက် သားကို မြန်မာကျောင်းစာမေးပွဲ ဖြေခိုင်းရသနည်း ဆိုခြင်းအကြောင်း ဖြစ်ပါ၏။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၅ ဇူလိုင်၊ ၂၀၂၅
No comments:
Post a Comment