၈။ အရီးအေးကြိုင်
အရီးအေးကြိုင်သည် အဖေကြီး၏ အစ်မဝမ်းကွဲဖြစ်၏။ အဖေကြီးဘက်က အမျိုးများတွင် အရီးအေးကြိုင် တစ်ယောက် တည်းကိုပဲ ကျွန်ုပ်ချစ်ပါသည်။ ကျန်သည့်လူများမှာ ကျွန်ုပ်တို့နှင့် ခပ်စိမ်းစိမ်း ဖြစ်၏။ အဲလေ၊ အဖေကြီးနှင့် တိုက်ရိုက် တော်သည့် အမျိုးများကို သိပ်မခင်မင်၊ မရင်းနှီးသော်လည်း တဆင့်ခံ အမျိုးများကိုတော့ ခင်မင်ရင်းနှီးမှု ရှိတန်သလောက် ရှိပါ၏။ ဥပမာပြရလျှင် အဖေကြီးအစ်ကို ဘကြီးငသိန်းနှင့် သူ့သားသမီးများကို ကျွန်ုပ် သိပ် ခင်မင်ရင်းနှီးမှု မရှိသော် လည်း ဘကြီးငသိန်း၏သား၊ ကိုသန်းအောင်၏အမျိုးသမီး မမစန်းပုနှင့်တော့ ပလဲနံပ သင့်ပါသည်။ မမစန်းပုက ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့ရှိပြီး ကျွန်ုပ်တို့နှင့် ပေါင်းလို့သင်းလို့ရသည့် အဆင့်ရှိ၏။
အရီးအေးကြိုင်ကို ကျွန်ုပ်ချစ်ရခြင်းမှာ အရီးအေးကြိုင်သည် တောသူပင် ဖြစ်လင့်ကစား၊ ဝါးတောကွင်းလို ရိုးမတောင်ခြေ ရွာကလေးတွင် မွေးခဲ့လင့်ကစား အရီးအေးကြိုင်သည် စာဖတ်ဝါသနာပါ၏။ ကျွန်ုပ်နှင့် စကားပြောလို့ရ၏။ ကျွန်ုပ် ရွာပြန် လာသည့်သတင်းကြားလျှင် အရီးအေးကြိုင်သည် ကုန်းကုန်း ကုန်းကုန်းနှင့် ရောက်ချလာလေ့ရှိ၏။
အရီးအေးကြိုင်တို့အိမ်သည် အတော်စုတ်၏။ အဲလေ အစုတ်ဆုံးဆိုသည့် အိမ်အမျိုးအစားများတွင် ပါပါသည်။ သို့သော် ကျွန်ုပ်ရွာပြန်ရောက်သည့်အခါ အရီးအေးကြိုင်တို့အိမ်တွင် အတော်များများ အချိန်ကုန်လေ့ရှိ၏။ ရှင်းပါအံ့။
အရီးအေးကြိုင်တို့အိမ်မှာ အတော်လေးကြီး၏။ ကြမ်းခင်းမှာ ခါးစောင်းလောက် မြင့်၏။ ဖက်မိုး၊ ဝါးကြမ်းခင်းဖြစ်၏။ အကာမှာ ခေါင်းရင်းဘက်နှင့် သူတို့ အိပ်သည့် အခြမ်းဘက်လောက်ကိုသာ ထရံအစုတ်ကလေးနှင့် မဖြစ်ညစ်ကျယ် ကာထား၏။ ဝါးကြမ်းခင်းဆိုတာတောင် အပြည့်ခင်းထားသည့် ကြမ်းခင်းမဟုတ်။ ကြိုးတိုးကျဲတဲနှင့် အပေါက်မကျွံအောင် မနည်းရွေးပြီး လျှောက်ရသည့် ကြမ်းခင်းမျိုးဖြစ်၏။ အိမ်ရှေ့ပိုင်း ခြေရင်းခန်း၌ သစ်သားခုံနှင့် မီးဖိုတစ်ခုရှိ၏။ ထမင်းဟင်းချက်ဘို့ အုတ်ခဲသုံးလုံးနှင့် ဖိုခုံလောက်ဆိုင် တည်ထား၏။ ထမင်းချက်ဘို့ အိုးတစ်လုံး၊ ဟင်းချက်ဘို့ မြေအိုး တစ်လုံးရှိ၏။ သစ်သားယောင်းမလေး တစ်ချောင်း၊ ထင်းလေး တစ်ချောင်းနှစ်ချောင်းရှိမည်။ အဲသဟာပဲရှိသည်။ တခြား ဘာဆိုဘာကမှ မရှိ။
အိမ်နောက်ဘက် ခေါင်းရင်းခန်းတွင် အိပ်ယာရှိ၏။ ဖျင်ကြမ်းခြင်ထောင်တစ်ခု ထောင်ထား၏။ အစတစ်ဖက်ကို တင်ထားပြီး ကျန်အစများ တိုးလို့တွဲလောင်း ကျလျက်ရှိ၏။ ဖျာကြမ်းတစ်ချပ်ပေါ်တွင် ဘာရောင်မှန်း မသိတော့သော အင်မတန် ညစ်ထေးလှသည့် စောင်များလည်း ရှိ၏။ ခေါင်းအုံးနှစ်လုံးမှာ အကွက်အကွက်များထလျက် ဟေ့၊ မင်းနဲ့ငါ အညစ်ချင်းပြိုင်မလားကွ ဟု စောင်နှင့်ခြင်ထောင်များကို စိန်ခေါ်လျက် ရှိ၏။ ဤခြင်ထောင်၊ စောင်၊ ခေါင်းအုံး စသည်တို့မှာ စ၍ အိပ်ယာခင်းလိုက်ပါပြီ ဆိုကတည်းက တစ်ခါဖူးမျှ ဖြုတ်သည်၊ သိမ်းသည်၊ ခေါက်သည် ရှိဟန်မတူ။ ထို စောင်ခြင်ထောင်များသည် တောသူတောင်သားတို့ ဘာဝ အဖျားတက်မှာကြောက်သဖြင့် တစ်ခါမှ ရေနှင့် မထိတွေ့ခဲ့ရ စဖူးချေ။
တစ်ခါသော် မမက အရီးအေးကြိုင်တို့ စောင်၊ ခြင်ထောင်များကို လျှော်ပေးဖူး၏။ စောင်ခြင်ထောင်လျှော်ရာမှ ထွက်လာသည့် ရေများမှာ ရေတွင်းနံဘေး မြောင်းထဲကရေများနှင့် နင်လားငါလား ဖြစ်၏။ ထိုရေများကို ညစ်ပတ်သည် ဆိုပြီး ရေမြောင်းက လက်မခံသဖြင့် စီးဆင်းခွင့်ပေးပါမည့်အကြောင်း အသနားခံလွှာပင် တင်လိုက်ရသေးသော ဟူ၏။
ဤမျှစုတ်ချာလှသော အရီးအေးကြိုင်တို့အိမ်ကို ကျောင်းပိတ်ပြီး ရွာပြန်သည့်အခါတိုင်း ကျွန်ုပ်သည် မသွားဘဲမနေနိုင်။ အထက်ဖော်ပြပါ အိပ်ယာအနီး၌ ကျွန်ုပ်သည် နာရီပေါင်းများစွာကြာအောင် အချိန်ကုန်လေ့ရှိ၏။
အရီးအေးကြိုင်တို့ အိပ်ယာခြေရင်း၌ ကျောက်ပျဉ်၊ သနပ်ခါးတုံးစသည်တို့နှင့်အတူ သစ်သားသေတ္တာကလေး တစ်လုံး သည် ရှိ၏။ အနှီ သစ်သားသေတ္တာကလေးကား ကျွန်ုပ်အတွက် ဝါးတောကွင်းကျေးရွာ၌ရှိသည့် တစ်ခုတည်းသော ရတနာသိုက်ကလေးပင် ဖြစ်တော့၏။ ထိုသေတ္တာကလေးအတွင်း၌ မြဝတီ၊ ငွေတာရီစသည့် မဂ္ဂဇင်းစာအုပ် အဟောင်းကလေးများ၊ အခြား ဂျာနယ်စာစောင် ကလေးများသည် ရှိ၏။ ကျွန်ုပ်သည် ဤသေတ္တာကလေးအနီး၌ ထိုင်ကာ ထိုစာအုပ်ကလေးများကို စိမ်ပြေနပြေ ထိုင် ဖတ်နေလေ့ရှိ၏။ ဤသည့်အတွက်ပင် အရီးအေးကြိုင်သည် ကျွန်ုပ်ကို အလွန်ချစ်လေ၏။ တစ်နည်းအားဖြင့် ကျွန်ုပ်ကဲ့သို့သော လောကဓာတ်ကျောင်းသားကြီး တစ်ဦးက သူ့အိမ်လာပြီး ဤစာအုပ်များအား ဖတ်နေသည်ကိုလည်း ဂုဏ်ယူဟန်တူပါသည်။
ဤမျှခေါင်လှသော ရွာကလေး၌ ဤစာအုပ်များကို အရီးအေးကြိုင် ဘယ်ကရလာပါသနည်း။ ကျွန်ုပ်တစ်ခါမှ မမေးခဲ့စဖူး ပါချေ။ ဤတွင် စကားစပ်မိ၍ပြောရလျှင် ကျွန်ုပ်တို့ရွာ၌ စာအုပ်ရှိသောအိမ် ၄ - ၅ အိမ်မျှ ရှိ၏။ အရီးအေးကြိုင့်အိမ် အပြင် ဦးကြီးထွန်းလှိုင် (ဖြူ) တို့အိမ်တွင် နိုင်ငံရေးစာအုပ်များ ရှိ၏။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ ပထမတွဲ နှင့် ဒုတိယတွဲကို ဦးကြီးထွန်းလှိုင်ထံမှ ကျွန်ုပ် ဖတ်ဖူးရခြင်းဖြစ်၏။ ဇင်၊ ချစ် နောက်ဆုံး ၂ စာအုပ်လည်း တွေ့ခဲ့ဖူးသည် ထင်ပါသည်။ သို့သော် မဖတ်မိခဲ့ပါ။ ထိုစဉ်က ကျွန်ုပ်အသက်မှာ ၁၄ - ၅ နှစ်သားလောက်သာ ရှိပါလိမ့်ဦးမည်။ နောက်ပြီး ကျွန်ုပ်တို့အိမ်ရှေ့မှ ဦးရွှေကွယ်တို့အိမ်တွင်လည်းကောင်း၊ ဘိုးစိန်ခိုတို့ အိမ်တွင်လည်းကောင်း စာအုပ်အချို့ ရှိ၏။
ကျွန်ုပ်၏အဘိုး ဦးမြကြီးသည် စာအုပ်အလွန်ဝါသနာပါကြောင်း၊ စပါးရောင်းပြီး စာအုပ်ဝယ်ခြင်းအကြောင်း ရှေ့၌ ပြဆိုခဲ့ပြီး ဖြစ်ပါသည်။ ကျွန်ုပ်အဖိုး၏ စာအုပ်များကို ကျွန်ုပ် လှန်လှောကြည့်ခဲ့ဖူးပါ၏။ သို့သော် အသက် ၁၀ နှစ်သား လောက်သာရှိသေးသည့် ကျွန်ုပ်အနေနှင့် ဤစာများကို အဘယ်ကဲ့သို့ နားလည်နိုင်ပါမည်နည်း။ ကျွန်ုပ် စာဖတ်နိုင်သည့် အရွယ်လည်းရောက်ရော ထိုစာအုပ်များမှာ ပျောက်ချင်းမလှ ပျောက်ကုန်ပြီဖြစ်၏။ ဝမ်းနည်းစရာ အလွန်ကောင်းလှပါပေ သည်။
အရီးအေးကြိုင်သည် ‘မောင်ပု၊ မောင်ပု’ နှင့် အဖေကြီးကို အလွန်ချစ်၏။ သို့သော် အရီးအေးကြိုင်က အဖေကြီးကို ချစ်သလောက် အဖေကြီးက အရီးအေးကြိုင်ကို ပြန်ချစ်သလားဆိုတာ ကျွန်ုပ် မသေချာပါ။ အရီးအေးကြိုင်သည် ကျွန်ုပ်တို့မောင်နှမများကိုလည်း အလွန်ချစ်လေ၏။
မင်္ဂလာဆောင်၊ အလှူတို့တွင် တောရွာတို့သဘာဝ ဧည့်သည်များကို လဖက်သုတ်၊ ချင်းသုတ်တို့နှင့် ဧည့်ခံ၏။ အိမ် နောက်ဖေးဘက်တွင် လဖက်သုတ်၊ ချင်းသုတ်တို့ကို ဇလုံကြီးများနှင့် သုတ်ကြ၏။ ထိုသည့်အခါများတွင် အရီးအေးကြိုင် သည် ထို လဖက်သုတ်/ချင်းသုတ်များကို လက်ခုပ်နှင့် ထည့်လာလျက် ကျွန်ုပ်တို့ကို ကျွေးလေ့ရှိ၏။ ညစ်ပေလျက်ရှိသည့် အရီးအေးကြိုင်၏ လက်အတွင်းမှ လဖက်သုတ်/ချင်းသုတ်များကို ကျွန်ုပ်တို့သည် မြိန်ရည်ရှက်ရည် စားကြ၏။ မေတ္တာများဖြင့် နိုင်းချင်းနယ်ထားသော ထို လဖက်သုတ်/ချင်းသုတ်များမှာ စား၍ အလွန်အရသာ ရှိလှပါပေ၏။
အရီးအေးကြိုင်၏ ဟပ်ဘီမှာ ဦးကြီးမြသိန်း ဖြစ်၏။ ရွာ့တောင်ဘက် ထွက်ဝတွင် ဦးကြီးမြသိန်းတို့ လယ်ရှိ၏။ ဘယ်နှစ် ဧကလဲ ကျွန်ုပ်မသိပါ။ ထို့ပြင် ဦးကြီးမြသိန်းသည် လက်သမားလည်း လုပ်၏။ ၎င်းတွင် ရွေပေါ်ခုံနှင့် ဝါးဖြင့်ကိုင်းထား သော ပွတ်တိုက်သည့် ပွတ်လုံးစင်လည်း ရှိ၏။ ဦးကြီးမြသိန်းကို ရွာထဲ၌ တွေ့ရခဲလှပါသည်။ သူဘယ်သွားနေသည်ကို ကျွန်ုပ်မသိပါ။ ထို့ပြင် ဦးကြီးမြသိန်း အလုပ်လုပ်နေတာကိုလည်း ကျွန်ုပ် တစ်ခါဖူးမျှ မတွေ့ခဲ့ရစဖူးပါ။
ဦးကြီးမြသိန်းသည် လက်သမားလုပ်တာ မှန်၏။ သို့သော် ဦးကြီးမြသိန်း လွှတိုက်နေတာ၊ ရွေဘော်ထိုးနေတာ၊ ပရိဘောဂ တွေ လုပ်နေတာ တစ်ခါမှ မတွေ့ခဲ့ရ စဖူးပါ။ သူလုပ်တာတစ်ခုတော့ ရှိ၏။ ဤသည်ကား သူအိမ်မှာရှိနေသည့် အချိန်နှင့် ကျွန်ုပ်တို့ရောက်သွားချိန် တိုက်ဆိုင်နေပါက အနင်းခိုင်းခြင်း ဖြစ်၏။ ကျွန်ုပ် မုန်းသည့်အလုပ်များထဲ၌ နင်းရသည့်အလုပ် တစ်ခုအပါအဝင် ဖြစ်လေရာ ဦးကြီးမြသိန်းက နင်းခိုင်းပြီဆို ကျွန်တော်အလွန် စိတ်ညစ်ပါသည်။
အား၊ ကျွတ်ကျွတ် ကောင်းထှာကွာ၊ အေး ဟိုနားလေးလုပ်ပါအုံး၊ ဒီနားလေး နင်းပါအုံးနှင့် တော်တော်နှင့်မပြီး။ ကျွန်ုပ်နှင့်အတူ နင်းရသူမှာ တင်ဦး ဖြစ်၏။ နင်းနေရင်း တင်ဦးနှင့် ကျွန်ုပ်သည် လက်ဟန်ခြေဟန်ဖြင့် ဦးကြီးမြသိန်း၏ ဒူလာအကြောင်း အတင်းပြောကြ၏။ ကျွန်ုပ်စိတ်ထင် နာရီနှင့်ချီ ကြာသည်ထင်ပါသည်။ ဟုတ်ချင်မှလည်း ဟုတ်ပါမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ကောင်မလေးနှင့် ထိုင် စကားပြောနေပါက ၃ နာရီလောက်ကို ၁၀ မိနစ်လောက် သာကြာသည် ထင်ပြီး ကိုယ်မလုပ်ချင်သည့် အလုပ်ကို လုပ်ရပါမူ ၁၀ မိနစ်ကို ၅ နာရီလောက်ကြာသည် ထင်သောကြောင့်တည်း။
အရီးအေးကြိုင်နှင့် ဦးကြီးမြသိန်းတို့တွင် ကလေးမရှိပါ။ လင်ကိုယ်မယား နှစ်ယောက်တည်း ရှိသည့်တိုင် ဝါးလုံးခေါင်းထဲ ဆင်ဝင်တိုးနေသလို အလွန်ကြပ်တည်းလှပါသည်။ အကယ်၍ မျက်စိလည်လမ်းမှားပြီး အရီးအေးကြိုင်တို့အိမ်ကို ဓားပြတိုက်မိသည် ဖြစ်အံ့။ အနှီဓားပြသည် အရီးအေးကြိုင်တို့ကို ၎င်း၏အိပ်ကပ်ထဲမှပိုက်ဆံ ပြန်ပေးသွားရကိန်း ရှိပါသည်။
အရီးအေးကြိုင်တွင် အင်္ကျီ၊ လုံချည် လဲစရာမှ ရှိပါလေရဲ့လားဟု ကျွန်ုပ် သံသယဖြစ်မိပါသည်။ အရီးအေးကြိုင်တို့တွင် စားစရာ ဆန်ဆီဆား၊ ငြုပ်ကြက်သွန် သိုလှောင်ထားတာ ကျွန်ုပ်ဖြင့် မတွေ့မိပါ။ အဲသည် အဝတ်အထည်၊ စားစရာ သောက်စရာများထားရန် ဘီရိုဖြစ်စေ၊ တောင်းဖြစ်စေ ထည့်စရာဆို၍ အရီးအေးကြိုင်တို့အိမ်တွင် အိမ်ရှေ့အိမ်နောက်၊ အိမ်ပေါ်အိမ်အောက် မည်သည့်နေရာတွင်မှ ဘာတစ်ခုမှ ကျွန်ုပ် မတွေ့မိခဲ့စဖူးပါ။ သူတို့ ဘယ်လိုတွေများတောင် ချက်ပြုတ် စားသောက်နေကြပါလိမ့်။ အခု တွေးမိမှ အလွန် အံ့ဩမိရပါသည်။
အရီးအေးကြိုင်တွင် ပိုက်ဆံတစ်ပြားမှ မရှိပါ။ သို့သော် အရီးအေးကြိုင် ညည်းညူ စိတ်ညစ်နေတာကိုလည်း ကျွန်ုပ် တစ်ခါမှ မတွေ့မိခဲ့စဖူးပါ။ စိတ်ညစ်ခြင်း၊ စိတ်မချမ်းသာခြင်းနှင့် ပူပင်သောကတို့ကို အရီးအေးကြိုင်သည် ရွှေ၊ ငွေ၊ စည်းစိမ်ချမ်းသာတို့နှင့်အတူ အိုးစားခွဲထားဟန် တူပါသည်။
မည်သို့ပင်ဆိုစေကာမူ စုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်ထားသည့် မွဲတေညစ်ထေးလှသော အရီးအေးကြိုင်သည် ရွှေရောင် ဘန်ကောက်လုံချည်ကြီးများ၊ ရွှေရောင်တိုက်ပိုင်ကြီးများ၊ မောင့်ကျက်သရေ ခေါင်းပေါင်းကြီးများ ဝတ်ဆင်ထားလျက် လမ်းနံဘေးတွင် ကုန်းကာကုန်းကာနှင့် ရွှေတိဂုံဘုရားကို ဘောက်ကနဲ ဘောက်ကနဲ ဦးချနေကြကုန်သည့် ဟို လူကြီးလူမကောင်းများထက် ပိုပြီး သန့်ရှင်း စင်ကြယ်လှပါပေသည်။ လူရှေ့သူရှေ့၌ မဟုတ်က မဟတ်ကများကို အာပေါင်အာရင်း သန်သန်နှင့် ပွာလောင် ပွာလောင် ပြောနေကြကုန်သော၊ တိုင်းပြည်နှင့်လူမျိုးကို သောက်ကျိုးနည်း ချစ်ပြနေသည့် လူကြီးလူမကောင်းများထက် အဆများစွာ ချစ်စရာကောင်းပါသည်။
အရီးအေးကြိုင်သည် ကျွန်ုပ်တို့ကို သူ့ သားသမီးများနှင့်မခြား ချစ်၏။
ထို့အတူ ကျွန်ုပ်တို့ကလည်း အရီးအေးကြိုင်ကို ရင်ထဲအသည်းထဲက ချစ်သည်ဆိုခြင်းကို အနည်းငယ်မှ ယုံမှားသံသယ ဖြစ်စရာ မလိုပါချေ။
ဆက်ပါဦးမည်။
အေးငြိမ်း
၁၈ ဇန္နဝါရီလ၊ ၂၀၂၅
No comments:
Post a Comment