ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဝါးတောကွင်းကျေးရွာ၏ သမိုင်းကြောင်း
ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဝါးတောကွင်းကျေးရွာအုပ်စု၊ ဝါးတောကွင်းကျေးရွာ သည် - အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ၊ ၁ မိနစ်၊ ၃.၉၈ စက္ကန့်။ မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ၊ ၄၁ မိနစ်၊ ၅၆.၅၅ စက္ကန့် တွင် တည်ရှိ၏။
အဖြောင့်တိုင်းလျှင် ဝါးတောကွင်းကျေးရွာမှ နီးစပ်ရာဒေသများသို့ အကွာအဝေးမှာ အောက်ပါအတိုင်း ဖြစ်၏။
ဝါးတောကွင်း - ဂွ (ရခိုင်ပြည်နယ်) - ၄၉.၅ ကီလိုမီတာ
ဝါးတောကွင်း - လေးမျက်နှာ - ၁၉.၈ ကီလိုမီတာ
ဝါးတောကွင်း - ကွင်းကောက် - ၁၄.၅ ကီလိုမီတာ
ရွာကိုရှေးယခင် ကာလကပင် ခတ္တုချောင်းဖျားတစ်လျှောက်၌ ရွာတန်းရှည်အဖြစ် တည်ထားခဲ့ကြ၏။ ရွာ၏တည်နေရာမှာ ဧရာဝတီတိုင်း၏ အစွန်ဆုံး လေးမျက်နှာမြို့နယ်၏အဖျား ရခိုင်ရိုးမတောင်ခြေတွင် ကပ်လျက်တည်ရှိပြီး ရွာ၏ အနောက်ဖက်တွင် အခြားမည်သည့်ရွာမှ မရှိတော့ချေ။ ရွာ၏အရှေ့ဖက်တစ်မိုင်ကျော်တွင် ထောက်ကြံ့ကွင်းကျေးရွာ (လေးမျက်နှာမြို့နယ်)၊ ရွာ၏တောင်ဖက် နှစ်မိုင်ခန့်တွင် ရှားတော၊ လဲခုံကြီး၊ လဲခုံလေး စသည့်ကျေးရွာများ (လေးမျက်နှာ မြို့နယ်)၊ ရွာ၏မြောက်ဖက် နှစ်မိုင်ခန့်တွင် ကျီးပင်၊ ထုံးပေါ်ကျောက်တစ်လုံး စသည့်ကျေးရွာများ (အင်္ဂပူမြို့နယ်) တည်ရှိပါသည်။ အရှေ့ဘက်မှလွဲ၍ ရွာပတ်လည်တွင်တောင်များ ဝိုင်းရံလျက်ရှိ၏။ တောင်ဘက်နှင့် မြောက်ဘက်ရှိ ကျေးရွာများသို့သွားရောက်လိုပါက ကျောပေါ်(ကုန်းပြင်မြင့်) ကို ဖြတ်ကျော်ပြီး သွားရ၏။ ရွာ၏အနောက်ဖက်မှ ရခိုင်ရိုးမကို ဖြတ်ကျော်ကာ တစ်ညအိပ်ခန့် ခြေလျှင်ခရီးသွားပါက ရခိုင်ပြည်နယ် ဂွမြို့သို့ ရောက်၏။
ရွာတွင် အခြားဘာသာကွဲ၊ လူမျိုးကွဲဟူ၍မရှိဘဲ တစ်ရွာလုံးရာနှုန်းပြည့် မြန်မာလူမျိုး ဗုဒ္ဓဘာသာများဖြစ်ကြ၏။ မြန်မာစကားကိုပင် ပြောဆိုကြသော်လည်း တောင်ရိုးနားနီးသဖြင့် အသုံးအနှုန်း လေယူလေသိမ်းမှာ အခြားဒေသများနှင့် အတန်ငယ်ကွဲပြားလျက် အနည်းငယ်ဝဲပါသည်။
ရှေးလူကြီးများမှာ မိမိလယ်မှထွက်သော အသီးအနှံများကို စားသောက်လျှက် မိမိ ယာမှထွက်သော ဝါကို မိမိတို့ကိုယ်တိုင် ဗိုင်းငင်၊ ဝါကြိတ်၊ ဝါဖတ်၊ ယက္ကန်းယက်ကာ မိမိတို့အဝတ်ကို မိမိတို့ဘာသာ ချုပ်လုပ် ဝတ်ဆင်ခဲ့ပြီး အေးချမ်းစွာ နေထိုင်လာခဲ့ကြ၏။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ရောင်စုံသူပုန်များ ထကြွသောင်းကျန်းမှုကြောင့် ၎င်း ရောင်စုံသူပုန်များကို အပြီးအပြတ်ချေမှုန်း သုတ်သင်ရန် အခြေခံကောင်းစေရေးအတွက် ရွာကိုပြန်လည်တည်ဆောက်ရန် အစိုးရက ဆုံးဖြတ်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် ရွာမှာ ရိုးမနှင့် အနီးဆုံး၊ သူပုန်စခန်းများနှင့် အနီးဆုံးတွင် တည်ရှိသည့်ပြင် ရွာလူထု အင်အားလည်း တောင့်တင်းသောကြောင့်ဖြစ်၏။
ထိုချေမှုန်းရေးအတွက် ချီတက်လာသော ဆင်မင်းစစ်ဆင်ရေးမှ ဗျူဟာမှူး ဗိုလ်မှူးကြီးတင့်ဆွေ ဦးဆောင်သောအဖွဲ့သည် ရွာသစ်တည်ရန် လာရောက်ကြည့်ရှုကာ ရွာလူကြီးများနှင့် တိုင်ပင်ပြီး မြေနေရာများ ရွေးချယ်ခဲ့ကြ၏။ ရွာသစ်၏ တည်နေရာကို ရွာဟောင်း၏ အရှေ့တောင်ဘက်ရှိ ညီညာပြန့်ပြူးသော မြေနေရာကို လျာထားခဲ့ကြ၏။
ထို့နောက် ဗိုလ်မှူးကြီးရဲထွန်း၊ မြေစာရင်းမှုးဦးစံကြိုင်၊ ကျေးရွာသူကြီးဦးသိန်း၊ ဦးအေး၊ ဦးအောင်သင်တို့ ဦးဆောင်ကာ ဆွေးနွေးတိုင်ပင်ကြလျက် ကျေးရွာပုံစံသစ်ကို မြေပုံရေးဆွဲပြီး အထက်သို့တင်ပြ အတည်ပြုချက် ရယူခဲ့ကြ၏။
ရွာသစ်၏အကျယ်မှာ ၅၅၀ ပေ × ၂၁ဝဝ ပေ ဖြစ်ပြီး ဧရိယာ ၁,၁၅၅,၀၀၀ စတုရန်းပေ (၂၆.၅ ဧက) ရှိ၏။ ရွာကို မြို့ကွက်ဆန်ဆန် လေးထောင့်ကျကျ တည်ဆောက်ထားပြီး ဘောလုံးကွင်း၊ စာသင်ကျောင်း၊ ဆေးခန်း၊ မီးသတ်၊ လလသသ (လယ်ယာနှင့် လုပ်ငန်းပေါင်းစုံ သမဝါယမ အသင်း (နောင် သမဝါယမ)၊ စပါးဂိုဒေါင် (ယခင်က သူပုန်ရန် ကြောင့် ဆန်စပါးများကို မိမိအိမ်တွင်မထားစေပဲ စစ်တပ်အနီးတွင် ဂိုဒေါင်ဆောက်၍ ထားစေ၏။ ချက်ပြုတ်လိုသောအခါမှ မိမိတို့ လိုသလောက် ထုတ်ယူကြရ၏။ အပိုယူထားခွင့်မပြုပါ။) စစ်တပ် စသည်များအတွက်ပါနေရာ တစ်ခါတည်း သတ်မှတ်ခဲ့၏။
ပေ ၄၀ x ပေ ၆၀ အကျယ် အိမ်ယာကွက်ပေါင်း ၂၆၀ ရှိပြီး ပေ ၃၀ အကျယ် ရွာပတ်လမ်းဖြင့် ရွာကိုပတ်ထား၏။ အရှေ့အနောက်တန်းလျှက် ပေ ၃၀ အကျယ် ရွာတွင်းလမ်းမကြီး ၃ ခု။ တောင်မြောက်တန်းလျှက် ပေ ၃၀ အကျယ် ရွာတွင်း လမ်းမကြီး ၃ လမ်း၊ ၁၂ ပေအကျယ် လမ်းသွယ်ပေါင်း ၁၀ လမ်း၊ လမ်းသွယ်နှစ်ခုလျင် ပေ ၃၀ အကျယ် လမ်းမကြီး တစ်ခုကျစီဖြင့် တည်ဆောက်ထား၏။ (ပူးတွဲမြေပုံတွင်ကြည့်ပါ။)
ရွာလယ်လမ်းမကြီးကို ဆင်မင်းစစ်ဆင်ရေးအား ဂုဏ်ပြုသောအားဖြင့် ဆင်မင်းလမ်းမကြီးဟု အမည်ပေးခဲ့၏။ ရွာကို ရပ်ကွက်လေးကွက် သတ်မှတ်ကာ ၁ ရပ်ကွက်၊ ၂ ရပ်ကွက်၊ ၃ ရပ်ကွက်၊ ၄ ရပ်ကွက် ဟုအမည်တွင်စေခဲ့၏။
ရွာလမ်းများကို ပတ္တမြားလမ်း၊ နီလာလမ်း၊ ကျောက်မီးသွေးလမ်း၊ သံလမ်း၊ ရွှေလမ်း၊ ငွေလမ်း စသည်ဖြင့် တွင်းထွက် ကျောက်သံပတ္တမြားများ၏ အမည် ပေးခဲ့၏။
ရွာသစ်ဆောက်စက ရွာလုံခြုံရေးအတွက် တစ်ရွာလုံးကို စည်းရိုးအပြည့် ကာစေကာ ထိုနှစ်ထပ်စည်းရိုး၏ အကြားတွင် ဆူးညှောင့်များ အပြည့်ထောင်ထားပြီး ရွာအဝင်ပေါက် ၄ ပေါက်သာထားခဲ့၏။ ဝင်ပေါက်တိုင်းတွင် နှစ်ထပ်ကင်းတဲများ ဆောက်ကာ အစောင့်များ အလှည့်ကျချထားပြီး နေ့ညမပြတ်စောင့်ကြပ်စေခဲ့၏။
ညဘက်တွင် ဝင်ပေါက်များကို ပိတ်ထားကာ ကင်းသမားများက စစ်ဆေးပြီးမှ ၎င်းတို့၏ ခွင့်ပြုချက်ဖြင့်သာ ဝင်ထွက်ကြရ၏။ သို့သော် ၁၉၇၆ ခုနှစ် အဖြူရောင်နယ်မြေ ဖြစ်ပြီးသည့်နောက်ပိုင်း ကင်းတဲများကိုဖျက်လိုက်ကာ ယခုအခါတွင်မူ ရွာပတ်လည်တွင် ကာရံထားသော လုံခြုံရေးခြံစည်းရိုးမျှပင် မရှိတော့ချေ။
အခြားရွာများမှ ပြောင်းရွှေ့လာရောက် နေထိုင်ကြသော အိမ်ထောင်စုများကြောင့်လည်း ရွာမှာ မူလပုံစံအတိုင်း လေးထောင့်ကျကျ မဟုတ်တော့ပေ။
ရွာသားအများစုမှာ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးကြပြီး သစ်ဝါးလုပ်ငန်း၊ လက်သမားလုပ်ငန်း များရှိသလို ပျံကျ လုပ်ပြီးအသက်မွေးသူများလည်း ရှိ၏။ ရွာ၏အဓိကထွက်ကုန်မှာ ဆန်စပါး၊ ပဲအမျိုးမျိုး၊ နေကြာ၊ ဆေးရွက်ကြီး၊ ငြုပ်၊ ခရမ်းချဉ်သီး၊ ပြောင်း၊ နှမ်း၊ သခွား စသည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ သစ် ဝါး၊ သစ်ခွ၊ ပျားရည်၊ ပွဲလျက် စသော သစ်တောထွက် ပစ္စည်းများဖြစ်၏။
ရွာရှိလူဦးရေနှင့်စာလျှင် ရွာပတ်လည်ရှိ မြေပြန့်ဧရိယာမှာနည်းပါးလှ၏။ လယ်သမားတစ်ဦးလျှင် ပျမ်းမျှ လယ် ၅ ဧကခန့် သာပိုင်ဆိုင်ကြ၏။ လူဦးရေကသာ တိုးပွားလာသော်လည်း တိုးချဲ့ရန်မြေဧရိယာမှာ မရှိရကား ကြာလေတစ်ဦးချင်း ပိုင်ဆိုင် သောလယ်မြေဧရိယာ နည်းပါးလေဖြစ်၏။ မိုးအခါတွင် မိုးရေကိုအမှီပြုလျက် တောင်ယာလုပ်ငန်းလုပ်ကြ၏။
စပါးသိမ်းအပြီး အစိုဓာတ်မဆုတ်ခင် လယ်မြေ၌ ယာဆက်လက်စိုက်ပျိုးကြ၏။ သို့သော် လယ်တိုင်း၌တော့ မရပါ။ စိုက်ပျိုး၍ရသော လယ်များ၌ များသောအားဖြင့် နေကြာနှင့် မတ်ပဲကို စိုက်ပျိုးကြ၏။ ရွာနံဘေးတွင် တောင်ကျချောင်း တစ်ခုရှိရာ ၎င်းချောင်းသည် နွေရာသီတွင်ရေခန်းခြောက်ပြီး သောင်ခုံများ ပေါ်ထွန်းလာသောကြောင့် ၎င်းသောင်ခုံ များပေါ်တွင် ထွန်ယက်ကာ ကိုင်းသီးနှံများ (အထူးသဖြင့် ငရုပ်၊ ဆေးရွက်ကြီး၊ ပဲအမျိုးမျိုး၊ မြေပုံသီး၊ နှမ်း) စိုက်ပျိုးနိုင်၏။
ထို့ပြင် ရွာပတ်လည်တွင် ထန်းတောများလည်း ရှိပေရာ အထက်အညာမှ ထန်းတက်သမားများကို ငှားရမ်းကာ ထန်းရည်ချို ချကာ ထန်းလျက်လည်း ချက်ကြသေးသည်။ သို့သော် စီးပွားဖြစ်မဟုတ်ပဲ ရွာတွင်းဖူလုံရုံမျှ ဖြစ်၏။
သစ်တောထွက် ပစ္စည်းအဖြစ် မီးသွေးဖုတ်ပြီး ရောင်းချကြသော်လည်း အကြီးအကျယ် စီးပွားဖြစ် မဟုတ်ပါ။ အချို့မှာ သစ်နှင့်ဝါးလုပ်ငန်းများ လုပ်ကိုင်ကြသော်လည်း အနည်းငယ်မျှသာဖြစ်၏။ လမ်းပမ်းဆက်သွယ်ရေး မကောင်းသဖြင့် ဒေသထွက်ကုန်များမှာ ဈေးကောင်းမရကြသောကြောင့် မည်သူမျှအားတက်သရော လုပ်ကိုင်ခြင်းမရှိကြချေ။ ဖူလုံရုံမျှသာ လုပ်ကိုင်ကြသူများ၏။
၂ဝဝဝ ခုနှစ်သန်းခေါင်စာရင်းအရ ကျေးရွာတွင် အိမ်ခြေပေါင်း ? ၊ မိသားစုပေါင်း ? ယောက်ျား ? ဦး၊ မိန်းမ ? ဦး၊ ကလေး (အသက် ၁၂ နှစ်အောက်) ? ဦး၊ ဘုန်းတော်ကြီး (၂) ဦး ရှိပြီး အသက်(၈၀)ကျော် ? ဦး၊ အသက်(၈ဝ-၇ဝ) ? ဦး၊ အသက်(၇ဝ-၆ဝ) ? ဦး၊ လယ်မြေဧရိယာဧက ? ၊ ကိုင်းမြေ ? ဧက၊ တောင်ယာ ? ဧက ရှိ၏။
စပါးအထွက်နှုန်းတစ်ဧကလျင် ၆၀ တင်းခန့်၊ နှမ်းအထွက် ? နှုန်း၊ မြေပဲအထွက် ? နှုန်း ခန့်ရှိ၏။ ရွာသူရွာသားများမှာ မိရိုးဖလာ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး ရိုးသားအေးဆေးစွာပင် နေထိုင်လာခဲ့ကြသည်ဖြစ်ရာ ပြင်ပဗဟုသုတ နည်းပါးကြသည်။ လုပ်ရိုးလုပ်စဉ် အလုပ်များမှလွဲ၍ တီထွင်ကြံဆပြီး ထိုးထွင်းမလုပ်တတ်ကြချေ။
ဝါးတောကွင်းကျေးရွာ၏ အနောက်ဘက် ရိုးမတောကြီးကိုမှီ၍ အလုပ်အကိုင်ပေါများလှပေရာ တာတွင်းဒေသမှ အချို့သော သူများသည် ၎င်းတို့ဒေသတွင် အလုပ်အကိုင် ရှားပါးသဖြင့် ဝါးတောကွင်း ကျေးရွာသို့ လာရောက်လုပ်ကိုင်ကြရာမှ မပြန် တော့ဘဲ ရွာ၌ပင်အခြေချ နေထိုင်လိုက်ကြတော့၏။ (တာတွင်း ဟူသည်မှာ ငဝန်မြစ် မြစ်ရေကိုကာကွယ်ရန် ပြုလုပ်ထား သော ရေကာတာ၏ အရှေ့ဘက်တွင်ရှိသော ကျေးရွာများကို ခေါ်၏။) ဤသို့ဖြင့် ဝါးတောကွင်းကျေးရွာတွင် အခြား ကျေးရွာများမှ ပြောင်းရွှေ့ကာ လာရောက်နေထိုင်ကြသူမိသားစုများ အတော်များ၏။
ယခင်က ဝါးတောကွင်းကျေးရွာမှ အခြားသောမြို့ရွာများသို့ သွားရောက်ရန် ခရီးလမ်းပမ်းအဆက်အသွယ်မှာ ခြေလျင်လမ်း တစ်မျိုးသာရှိပေရာ သွားလာရေး အလွန်ခက်ခဲလှ၏။ နွေရာသီတွင်မူ နွားလှည်းများဖြင့် သွားရောက်နိုင်၏။ ၁၉၇၀ ပတ်ဝန်းကျင်က အနီးဆုံးမြို့ကလေးဖြစ်သော ကွင်းကောက်၊ လေးမျက်နှာများသို့ သွားရောက်၍ ကုန်ပစ္စည်းများ ဝယ်ယူ ကြရ၏။ သွားရောက်ရာတွင်ခြေလျင် သွားရောက်ကာ ပိသာ ၂၀ ရှိ ကုန်များကို မိန်းမကြီးများက ခေါင်းဖြင့် ရွက်၍ လည်းကောင်း၊ အချိန် ၂၅ ပိသာရှိ ကုန်များကို ယောက်ျားကြီးများက ပုခုံးဖြင့်ထမ်းပိုး၍လည်းကောင်း သယ်ယူကာ ရောင်းဝယ်ဖောက်ကားကြရ၏။
၁၉၉ဝ ခုနှစ်နောက်ပိုင်း ပုသိမ်-မုံရွာလမ်းမကြီး ပြီးသွားသည်တွင် လမ်းပမ်း ဆက်သွယ်ရေးများ တိုးတက် ကောင်းမွန် လာကာ ကွင်းကောက်၊ ဟင်္သာတ စသည့်မြို့များသို့ လွယ်ကူစွာ သွားလာနိုင်ခဲ့၏။ ဝါးတောကွင်း ကျေးရွာမှ ထို ကားလမ်းမကြီးထိ လေးမိုင်ခန့်မျှသာဝေးရာ ထိုခရီးမျှကိုတော့ ခြေလျင်ခရီးဖြင့်သော်လည်းကောင်း ၊ စက်ဘီးများဖြင့် သော်လည်းကောင်း သွားလာနိုင်ပေသည်။ ယခင်က တစ်ညအိပ်ခရီး သွားခဲ့ရသော ရန်ကုန်မြို့ ကို ယခုအခါ နေ့ဝက် ခရီးမျှဖြင့် အခက်အခဲမရှိ ချောချောမောမော သွားလာနိုင်ပေပြီ။
ဒေသတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုသည် လမ်းပမ်းဆက်သွယ်ရေး အဆင်ပြေချောမွေ့မှုအပေါ် များစွာမူတည်နေသည်ဖြစ်ရာ လမ်းပမ်း အဆက်အသွယ်မကောင်းခင်က ဝါးတောကွင်းကျေးရွာ၏ ဖွံ့ဖြိုးတိုးတက်မှုသည် များစွာနောက်ကျခဲ့၏။ လူနေမှုအဆင့်အတန်း နိမ့်ကျခဲ့သလို အသိပညာ ဗဟုသုတလည်း နည်းပါးခဲ့၏။ ပညာရေး၏ တန်ဘိုးကို နားလည်သူ ရှားပါးခဲ့သလို အားပေးအားမြှောက် ပြုရကောင်းမှန်းလည်း မသိကြသေးချေ။
သားသမီးများအားကျောင်းသို့ပို့ကာ ပညာသင်ကြားစေခြင်းဖြင့် မိမိတို့မိရိုးဖလာ လယ်ယာလုပ်ငန်းအတွက် လုပ်အားများ လစ်ဟင်းစေသည်။ ပညာသင်ယူခြင်းသည် ဘဝအာမခံချက် အပြည့်အဝမရရှိစေနိုင်။ ဘွဲ့ရပြီး အစိုးရဝန်ထမ်းလုပ်ခြင်းဖြင့် ရသည့်လခလောက်တော့ ငါတို့တောမှာလည်း ရှာ၍ရသည်။ ပညာတပိုင်းတစဖြင့် ကျောင်းမှထွက်လာခဲ့လျှင် လယ်ယာ လုပ်ငန်းကိုလည်း ကျကျနန မလုပ်တတ်၊ အစိုးရဝန်ထမ်းကလည်းမဖြစ်ဖြင့် ဒုက္ခရောက်မည် စသောအယူအဆများ လွှမ်းမိုး၍နေခဲ့၏။
မိမိသားသမီးကို ချစ်သည့်ဇောဖြင့် တပြေရပ်ခြားသို့ ပို့ပြီးပညာသင်ယူစေရန် စိတ်မချနိုင်ဖြစ်ခဲ့ကြ၏။ မိမိတို့ ပတ်ဝန်းကျင်၌လည်း အတုယူအားကျစရာ ခေတ်ပညာတတ်ဟူ၍လည်း တစ်ဦးတစ်လေမှ မပေါ်ပေါက်ခဲ့သေးချေ။ ၁၉၉ဝ ပြည့်နှစ်၏ နောက်ပိုင်းနှစ်များရောက်မှသာ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်လာမှုကြောင့် တကြောင်း၊ ရွာသူရွာသား များ၏ အသိဉာဏ်ဖွံ့ဖြိုးလာမှုကြောင့်တစ်ကြောင်းတို့ကြောင့် ပညာရေးကို အားပေးရကောင်းမှန်း သိလာခဲ့ကြ၏။
ဝါးတောကွင်းကျေးရွာတွင် ရှေးယခင်ကတည်းက မြန်မာသင်ပုန်းကြီး၊ မင်္ဂလသုတ်၊ ရတနာရွှေချိုင့်၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း၊ နမက္ကာရာ၊ ပရိတ်ကြီး၊ လောကနီတိ၊ ဆုံးမစာများ စသော ဘုန်းတော်ကြီးကျောင်း ပညာရေးသင်ရိုးများ အပြင် အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား စသည့် အခြေခံဂဏန်းသင်္ချာ၊ သစ်တန်တွက်၊ စပါးတွက်၊ ငွေတိုးတွက် စသော ကျေးလက်သုံးအတွက်အချက်များကိုပါ ဘုန်းတော်ကြီးကျောင်းတွင် သင်ကြားပေးခဲ့သဖြင့် ရွာသူရွာသား တော်တော် များများမှာ စာရေးစာဖတ် အခြေခံပညာလောက်ကိုမူ တတ်မြောက်ခဲ့ကြ၏။
၁၉၆၅ ခုနှစ်၌ ဆင်မင်းစစ်ဆင်ရေးဖြင့် စစ်ကြောင်းများ ဝင်ရောက်လာသောအခါ စစ်တပ်မှ အရာခံ၊ အကြပ်၊ တပ်သား စသော စာတတ်မြောက်သူ စေတနာရှင်များက မူလတန်းပညာကိုစတင် သင်ကြားပေးခဲ့၏။ ထို့နောက် ၁၉၆၈ ခုနှစ်တွင် ဝါးတောကွင်းကျေးရွာ၌ နိုင်ငံတော်အစိုးရမှ ချပေးသော အခြေခံပညာမူလတန်းကျောင်း ရရှိလာသဖြင့် ကျောင်း ဆောက်လုပ်ကာ မူလတန်းပညာကို စတင်သင်ကြားပေးခဲ့၏။ သို့သော်လည်း အလယ်တန်းကျောင်းမှာ အနီးအနားတွင် မရှိသဖြင့် မူလတန်းပညာပြီးဆုံးပြီးသူ တော်တော်များများမှာ အလယ်တန်းပညာကို ဆက်လက် မသင်ကြားနိုင်ခဲ့ကြချေ။
၁၉၉ဝ ပြည့်လွန်နှစ်များတွင် ရွာနှင့် ၆ မိုင်ခန့်မျှသာဝေးသော ပန်းတောကြီးကျေးရွာတွင် အလယ်တန်းကျောင်းနှင့် တွဲဘက်အထက်တန်းကျောင်း ရရှိလာသဖြင့် မူလတန်းအောင်မြင်သူ ကျောင်းသားများအတွက် အလယ်တန်းနှင့် အထက် တန်းပညာ ဆက်လက်သင်ကြားရန် အခွင့်အလမ်းပေါ်ခဲ့၏။
စက်ဘီးများဖြင့် ရွာမှနေ့ချင်းပြန် ကျောင်းတက်နိုင်သဖြင့် အထက်တန်းအောင်မြင်သူ၊ ဘွဲ့ရသူဦးရေတိုးတက်ခဲ့၏။ ယခု ၂၀၀၂ - ၂၀၀၃ ပညာသင်နှစ်တွင် ဝါးတောကွင်းကျေးရွာမှ တက္ကသိုလ်ဝင်တန်း တက်ရောက်နေသော ကျောင်းသား ကျောင်းသူဦးရေမှာ ၁၉ ဦး ထိ ရှိလာခဲ့ပြီဖြစ်ရာ ရန်ကုန်မြို့တွင် ၃ ဦး၊ လေးမျက်နှာမြို့တွင် ၂ ဦး၊ ပန်းတောကြီး အ-ထ-က တွင် ၁၄ ဦး ဖြစ်၏။ နဝမတန်းတက်ရောက်နေသူ ဦးရေမှာ ၉ ဦးရှိရာ ကွင်းကောက် အထကတွင် ၁ ဦး၊ ပန်းတောကြီး အထကတွင် ၈ ဦး ဖြစ်၏။
၂ဝဝဝ ခုနှစ်မှ စတင်ကာ ရွာတွင် တွဲဘက်အလယ်တန်းကျောင်း ရရှိလာသဖြင့် ပညာသင်ကြားရေးမှာ ပိုမို အဆင်ပြေခဲ့၏။ သို့တိုင်အောင် မြန်မာပြည်ကျေးလက်များတွင် တွေ့ရတတ်သော ဖတ်စရာ စာအုပ်စာတမ်းရှားပါးမှု၊ စာဖတ်ခြင်း အလေ့ အကျင့်မရှိမှု၊ ပြင်ပလောကနှင့် အဆက်အသွယ်နည်းပါးမှု၊ ကျေးလက်ပြည်သူလူထုအတွက် အသိပညာပေး ဟောပြောပွဲ များ အားနည်းမှု၊ မိရိုးဖလာအယူအဆ အစွဲအလမ်းများအပေါ် အယူသည်းစွာ ဖက်တွယ်နေမှု စသည်များကြောင့် အသိ ပညာ ဗဟုသုတ များစွာ နောက်ကျနေပေသေး၏။
ရွာတည်စဉ်က ကျေးလက်ဆေးပေးခန်းနေရာကိုပါ ထည့်သွင်းစဉ်းစားခဲ့ပြီး ဆေးပေးခန်း တည်ဆောက်ထားခဲ့သော်လည်း ရောင်စုံသူပုန်များအား နှိမ်နှင်းစဉ်ကာလကပင် ဆေးပေးခန်းမှာ ပြိုပျက်သွားခဲ့ပြီး နောက်ထပ်လည်း အသစ်ပြန်လည် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ။ ဆင်မင်းစစ်ဆင်ရေးကာလက စစ်တပ်နှင့်အတူပါလာသော စစ်သူနာပြုများက ရွာသူ ရွာသားများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးခဲ့၏။ စစ်တပ်များပြန်လည် ရုပ်သိမ်းသွားပြီး နောက်ပိုင်းတွင် တိုင်းရင်း ဆေးဆရာများ၊ စစ်တပ်မှအနားယူလာသော စစ်သူနာပြုများက ဆက်လက်၍ ဆေးကုသခဲ့၏။ သို့သော် ဖျားနာခြင်းနှင့် ရောဂါငယ်များကိုသာ ကုသနိုင်ခဲ့ပြီး အသည်းအသန် လူမမာများကိုမူ မြို့မှဆေးရုံဆေးခန်းများသို့ ပို့ကာကုသခဲ့ကြရ၏။
အတွေ့အကြုံမရှိခြင်းကြောင့် သော်လည်းကောင်း၊ ငွေကြေးမတတ်နိုင်သောကြောင့် သော်လည်းကောင်း၊ အယူသည်းမှု များကြောင့်သော် လည်းကောင်း ယခင်က ဆေးရုံတက်ရမှာ အလွန်ကြောက်ကြ၏။ ရောဂါသည်းလာပါက ဗေဒင်မေးခြင်း၊ နတ်ကခြင်း၊ ပယောဂတိုက်ခြင်း၊ တောထုတ်ခြင်း (တစ္ဆေ၊ မြေဘုတ်ဘီလူး၊ မှင်စာ စသော မကောင်းဆိုးရွားများသည် ကလေးသူငယ်များကို ပြုစားရန် ညနေချိန်တွင် သွင်းလာသော နွားများနှင့်အတူ လိုက်ပါလာသည်ဟု ယူဆကာ ထို မကောင်းဆိုးရွားများကို ချောက်လှန့်မောင်းထုတ်ပစ်ရန် ရည်ရွယ်၍ သံပုံးများ၊ ဝါးလုံးများ၊ အိမ်ထရံများ၊ အုံးမောင်းများ၊ စကောများ စသည်တို့ကို နေဝင်ရီသရောအချိန်တွင် တစ်ရွာလုံးတပြိုင်နက် တီးခေါက်ကြခြင်း)၊ ခေါပစ်ခြင်း (မြေစလောင်းဖုံးထဲတွင် ထမင်း၊ အမဲသား၊ ငါးပိဖုတ်၊ ငါးကြော် စသည်များထည့်ကာ တစ္ဆေသူရဲ စသည်များ စားစေရန် ရည်ရွယ်လျက် ညနေဘက် နွားရိုင်းသွင်းချိန်တွင် လမ်းပေါ်၌ပစ်ခြင်း) စသည့် ရှေးရိုးရာ နည်းများဖြင့်သာ ကုသခဲ့ကြ၏။ ထို့ကြောင့်လည်း ရောဂါဖြစ်လာပါက ထိထိရောက်ရောက် ကုသနိုင်ခြင်းမရှိဘဲ အသေအပျောက်များခဲ့၏။
ထို့ထက်ပိုဆိုးသည်မှာ ဒေါက်တာရမ်းကုများ ဖြစ်၏။ တိုင်းရင်းဆေးဆရာကြီးများနှင့် အတွေ့အကြုံရှိသူများက ကုသခြင်း သည် ရောဂါ၏ဇစ်မြစ်ကိုသေချာကျနစွာ စူစမ်းပြီးမှ ဘာရောဂါလဲ ဆုံးဖြတ်ကာ ကျကျနန ကုသခြင်းဖြစ်သဖြင့် ရွာသူရွာသားများအတွက် အားထားဘွယ်ရာ ဖြစ်ခဲ့၏။ သို့သော် အတွေ့အကြုံလည်းမရှိ၊ ပညာကနတ္ထိ ဖြစ်သော ဆရာ အတုများက ဆေးထိုးအပ်ကိုင်ကာ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ စိတ်ထင်ရာဆေးများကို ခန့်မှန်းထိုးပြီး ကုသနေကြရာ ရွာသူရွာသားများ၏ ကျန်းမာရေးအတွက် အလွန်စိုးရိမ်ဘွယ် ဖြစ်၏။
ဝါးတောကွင်းကျေးရွာကို ကျန်းမာရေးစံပြကျေးရွာအဖြစ် သတ်မှတ်ကာ ၁၉၈၅ ခုနှစ်တွင် တစ်ရွာလုံး ယင်လုံအိမ်သာ ဆောက်လုပ်ရေး စီမံကိန်းဖြင့် အိမ်သာခွက်များ ဝေငှကာ မဆောက်မနေရ ဆောက်လုပ်စေခဲ့၏။ ယခုအခါတွင် တစ်ရွာလုံးရှိ အိမ်တော်တော်များများ၌ ယင်လုံအိမ်သာဆောက်လုပ်ပြီးဖြစ်၏။ သို့သော် ကျန်းမာရေးဆိုင်ရာ ပညာပေး လုပ်ငန်းများ အားနည်းခြင်း၊ စာအုပ်စာတမ်းများ မရှိခြင်းတို့ကြောင့် ကျေးရွာပြည်သူလူထု တော်တော်များများမှာ ကျန်းမာရေးဗဟုသုတ မရှိသဖြင့် မဖြစ်သင့်သောရောဂါများဖြစ်ခြင်း၊ မသေသင့်ဘဲသေခြင်းများ ယခုတိုင် ဖြစ်နေပေ သေး၏။
ဥပမာပြရလျှင် မြွေကိုက်သောအခါ ရှေးဦးသူနာပြုစုနည်းကို မသိသဖြင့် ရှေးရိုးရာအတိုင်း မည်သူ့ကိုမျှအသိမပေးဘဲ ဆေးခန်းသို့ တိတ်တဆိတ် ထမ်း၍ သွားခြင်း (ကျေးလက်များတွင် တောထဲ၌ ဒဏ်ရာအနာတရ တစုံတခုဖြစ်ပါက အပမှီမှာ စိုးသဖြင့် မည်သူ့ကိုမျှ အသိမပေးရ ဟုအယူအဆရှိသည်။ အပမှီခြင်း ဟူသည်မှာ မြေဘုတ်ဘီလူး၊ တစ္ဆေသူရဲ စသည်တို့ ဖမ်းစားခြင်းကို ဆိုလိုသည်။) ဝမ်းလျှောသောအခါ ဓာတ်ဆားရေတိုက်ရကောင်းမှန်း မသိသဖြင့် ကိုယ်ရေများ ခန်းခြောက် ကာ မသေသင့်ဘဲသေကြရခြင်း၊ သံစူးသောအခါ မြေမှုန့်များသိပ်သဖြင့် မေးခိုင်ပိုးဝင်ကာ သေကြရခြင်း၊ အိမ်များ ပတ်လည်တွင် ရေနှုတ်မြောင်းများ မရှိသဖြင့်လည်းကောင်း၊ ခြံများ အမှိုက်သရိုက်များကို မရှင်းသဖြင့်လည်းကောင်း ခြင်များထူပြောကာ သွေးလွန် တုတ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ တို့ထူပြောခြင်း စသည်တို့ဖြစ်၏။
၁၉၇၉ ခုနှစ်တွင် ဝါးတောကွင်းကျေးရွာအုပ်စု အတွက် အရံသားဖွားဆရာမ တစ်ဦးကို အစိုးရမှ ခန့်ထားပေးခဲ့ရာ ရွာသူ ရွာသားများ၏ ကျန်းမာရေးအတွက် တအားဖြစ်ခဲ့၏။ ထို့နောက်တွင် သားဖွားဆရာမများ တစ်ဦးပြီးတစ်ဦး ဆက်လက် ရောက်ရှိလာခဲ့ရာ ရွာသူရွာသားများ၏ ကျန်းမာရေး အခြေအနေ တိုးတက်ခဲ့၏။ ပန်းတောကြီးကျေးရွာတွင်လည်း တိုက်နယ်ဆေးပေးခန်းတစ်ခုဖွင့်လှစ်ပြီး ကျန်းမာရေးမှူး တစ်ဦးကိုပါခန့်ထားနိုင်ခဲ့သဖြင့် တော်တန်ရုံ ရောဂါများကို ဝေးလံခက်ခဲလှသော မြို့ဆေးရုံများသို့ သွားရောက်ကုသရန် မလိုတော့ဘဲ ရွာအနီး၌ပင်ကုသနိုင်ပြီ ဖြစ်၏။
၁၉၇၉ ခုနှစ်မှစကာ ဝါးတောကွင်းကျေးရွာသို့ ရောက်ရှိလာသော အရံသားဖွားဆရာမ အဆက်ဆက်မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
၁။ ဒေါ်ခင်မေညို (၁၉၇၉-၁၉--)
၂။ နော်ထီးခူဖော (၁၉-- - ၁၉--)
၃။ ဒေါ်မြင့်မြင့်ကြည် (၁၉-- - ၁၉--)
၄။ ဒေါ်နုနုကျော် (၁၉-- - ၁၉၈၈)
၅။ ဒေါ်ခင်ဆွေလှ (၁၉၈၉-၁၉၉၈)
၆။ ဒေါ်မင်းမင်းမော် (၂၀၀၂ - )
မှတ်ချက်။ ။ ဒေါ်ခင်ဆွေလှ နှင့် ဒေါ်မင်းမင်းမော် အကြားတွင် ဆရာမ မရှိဘဲ ၄ နှစ် ကြားလပ်နေခဲ့၏။
ယခုအခါတွင် ဝါးတောကွင်းကျေးရွာ၌ ရွာသူရွာသားများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆေးခန်းတစ်ခု တည်ဆောက်ပြီး ဖြစ်ရာ နောင်တွင်လည်း ကျန်းမာရေးအသိပညာများ ပျံ့ပွားလာစေရေး ဆက်လက်ဆောင်ရွက်ကြရန်မှာ အားလုံးတွင် တာဝန်ရှိပါသည်။
ဝါးတောကွင်းကျေးရွာ၏ အုပ်ချုပ်ရေးနှင့် ပညာရေးသမိုင်းကြောင်း ကို လေ့လာကြည့်လျှင် အောက်ပါအတိုင်း
တွေ့နိုင်ပေသည်။
ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ
ခုနှစ် | ဥက္ကဌအမည် | မှတ်ချက် |
၁၉၇၆ - ၁၉၇၉ | ဦးထွန်းလှိုင်(ဖြူ) | လုံခြုံရေးနှင့်အုပ်ချုပ်ရေးကော်မတီ |
၁၉၈၀ - ၁၉၈၃ | ဦးကြီးရွှေ+ဦးမောင်ဆိုင် | ပြည်သူ့ကောင်စီ |
၁၉၈၄-၁၉၈၅ | ဦးထွန်းလှိုင်(ညို) | ပြည်သူ့ကောင်စီ |
၁၉၈၆-၁၉၈၈ | ဦးမောင်ဆိုင် | ပြည်သူ့ကောင်စီ |
၁၉၈၉-၁၉၉၁ | ဦးမြဂွမ်း | ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ |
၁၉၉၂-၁၉၉၄ | ဦးထွန်းဟန် | ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ |
၁၉၉၅-၁၉၉၈ | ဦးလှသောင်း | ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ |
၁၉၉၉-၂ဝဝ၂ | ဦးဝင်းမြင့် | အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ |
၂၀၀၂ မှ ယခုထိ | ဦးမြင့်အောင် | အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ |
ဝါးတောကွင်းကျေးရွာမူလတန်းကျောင်း ကျောင်းအုပ်ကြီးများ နှင့် သင်ကြားခဲ့သောဆရာများ
ခုနှစ် | ကျောင်းအုပ်ကြီးအမည် | ဆရာများ |
၁၉၆၈ - ၁၉၆၉ | ဦးခင်ထွန်း | ဦးလှိုင်ဘွား |
၁၉၇၀ - ၁၉၇၂ | ဦးမောင်ကြည် | ဦးမြစိုး၊ ဦးထိန်ဝင်း |
၁၉၇၃ - ၁၉၈၈ | ဦးဝင်းကြည် | ဦးဟန်ရင်၊ဦးကြည်လွင် |
၁၉၈၉ - ၁၉၉၂ | ဒေါ်မူမူအောင် | ဦးအောင်စိုးမိုး |
၁၉၉၃ - ယခုထိ | ဦးသန်းနိုင် | ဦးထွန်းထွန်းဝင်း၊ ဦးတင်သိန်း |
|
|
|
|
|
|
ဘွဲ့ရခဲ့သူများ
စဉ် | အမည် | ဘွဲ့အမည် | ဘွဲ့ရခုနှစ် | လက်ရှိထမ်းဆောင်နေသောတာဝန် |
၁ | ဦးသန်းနိုင် | B.Sc(Chemistry) | ၁၉၈၁ | ကျောင်းအုပ်၊ဝါးတောကွင်းကျေးရွာ(တွဲ-အ-လ-က) |
၂ | ဦးအေးငြိမ်း | B.E(Mechanical), M.Phil(Mechanical) | ၁၉၈၆ ၁၉၉၇ |
|
၃ | ဒေါ်မြင့်မြင့်ကြည် | B.A(Geography) | ၁၉၉၁ | အလယ်တန်းပြ၊ အ-ထ-က (၄)၊ ရေဆင်း |
၄ | ဦးအောင်စိုးမိုး | B.A(Myanmar) |
| ကျောင်းအုပ်၊ . . . ကျေးရွာ အ-မ-က၊ လေးမျက်နှာမြို့နယ် |
၅ | ဒေါ်မူမူစိုး | B.A(Myanmar) M.A(Myanmar) | ၁၉၉၈ ၂ဝဝ၂ |
|
၆ | ဒေါ်ဂွမ်းနန်းနွယ် | B.A(Myanmar) | ၂၀၀၂ | ကွန်ပြူတာစာစီ၊ ရန်ကုန် |
၇ |
|
|
|
|
အထက်တန်းပညာပြီးဆုံးခဲ့သူများ
စဉ် | အမည် | ပြီးဆုံးခုနှစ် | လက်ရှိထမ်းဆောင်နေသောတာဝန် |
၁ | ဦးအေးသောင်း | ၁၉၇၄ (စိုက်ပျိုးရေး အ-ထ-က) | အုပ်စုမန်နေဂျာ၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ ဟင်္သာတခရိုင်ရုံး |
၂ | ဒေါ်ကျင်သိန်း | ၁၉၇၉ |
|
၃ | ဦးမြင့်စိုး | ၁၉၈၃ | တောင်သူ၊၀ါးတောကွင်းကျေးရွာ |
၄ | ဦးဝင်းဇော် | ၁၉၉၃ | ငှက်ဖျားရောဂါကြီးကြပ်ရေးမှူး၊ ပုသိမ် |
၅ | မောင်ဝင်းစိုး | ၁၉၉၄ | 1st Yr. (History) |
၆ | မလှလှမြင့် | ၁၉၉၄ | 2nd Yr. (Myanmar) |
၇ | မအေးအေးခိုင် | ၁၉၉၄ | Final Yr. (History), စာရေး၊ အ-ထ-က၊ လေးမျက်နှာမြို့ |
၈ | မောင်ထွန်းထွန်းဝင်း | ၁၉၉၆ | Final Yr. (History), တွဲဘက် အ-လ-က၊ ဝါးတောကွင်း |
၉ | မဥမ္မာဝင်း | ၁၉၉၇ | 2nd Yr. (Geography), အငယ်တန်းသူနာပြု(သားဖွား)၊ ပုသိမ် |
၁၀ | မလဲ့လဲ့ကြူ | ၁၉၉၈ | Final Yr. (Myanmar), မူ/ပြ ၊ အ-မက၊ ရိုးကြီး |
၁၁ | မဒေစီဝင်း | ၁၉၉၉ | 2nd Yr. (Economics), စာရေး၊ ကြို့ပင်ကောက်ပညာရေးမှူးရုံး |
၁၂ | မောင်အေးမင်း | ၂၀၀၀ | B.T.C, ဟင်္သာတမြို့ |
၁၃ | မောင်အောင်သူဝင်း | ၂၀၀၁ | Sony Company, ရန်ကုန် |
၁၄ | မောင်သန့်ဇင်ထွန်း | ၂၀၀၂ |
|
၁၅ | မောင်ရဲရင့်သိန်း | ၂၀၀၂ |
|
၁၆ | မဝေဝေအောင် | ၂၀၀၂ |
|
ဝါးတောကွင်းကျေးရွာမှ စာတတ်ဘုန်းတော်ကြီးများလည်း ထွက်ပေါ်ခဲ့ရာ အချို့မှာအခြားကျေးရွာများတွင် ကျောင်းထိုင် နေကြပြီ ဖြစ်သည်။ ထိုဘုန်းတော်ကြီးများမှာ -
စဉ် | ဘွဲ့အမည် | ပညာအရည်အချင်း | အောင်မြင်သည့်ခုနှစ် |
၁ | ဦးကုသလ | ပထမငယ်တန်းအောင် |
|
၂ | ဦးကေတုမာလာ | ပထမငယ်တန်းအောင် |
|
၃ | (ဦးဇင်းလှစိုး) | ဓမ္မာစရိယတန်းအောင် |
|
၄ | ဦးကုဏ္ဍလ | ပထမငယ်တန်းအောင် |
|
၅ | ဦးဩဘာသ | ဓမ္မာစရိယတန်းအောင် |
|
မှတ်ချက်
အလယ်တန်းပညာ၊ အထက်တန်းပညာကို ဆည်းပူးခဲ့ကြသော်လည်း အခြေအနေအကြောင်းကြောင်းကြောင့် ပညာကို ဆုံးခန်းတိုင်အောင် မသင်ယူနိုင်ခဲ့သူများ ဝါးတောကွင်းကျေးရွာတွင် များစွာရှိပါသည်။ ၎င်းတို့အနက် ကျွန်တော်မှတ်မိသမျှ တင်ပြရလျှင် - -
ဦးဝင်းမြင့် (နဝမတန်း-၁၉၅၆)
ဦးမြင့်အောင် (ပဉ္စမတန်း-၁၉၆၈)
ဒေါ်ရင်နု (အဌမတန်း-၁၉၇၇)
ဦးခင်မြင့် (ပဉ္စမတန်း(၁၉၇၃) - စသည်တို့ဖြစ်သည်။ ၁၉၈ဝ ပြည့်နှစ်နောက်ပိုင်း တက်ရောက်ခဲ့သူများကိုမူ ကျွန်တော် မမှတ်မိတော့ပါ။
ကျေးရွာတစ်ရွာ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုရွာကိုဦးစီးဦးဆောင်ပြုနေသော ကျေးရွာခေါင်းဆောင်အဖွဲ့နှင့် ကျောင်းအုပ်၊ ပညာတတ်များအပေါ် များစွာမူတည်နေပါသည်။ ၎င်းတို့အနေနှင့် ကျေးရွာလူထုကိုစည်းရုံးဦးဆောင်ကာ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အားတက်သရော တစိုက်မတ်မတ် လုပ်ဆောင်နေရန် လိုအပ်ပါသည်။
ရွာလူထုအနေနှင့်လည်း ခေါင်းဆောင်ကောင်း၏အောက်တွင် စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းလုပ်ဆောင်ကြရန် အရေးကြီး ပါသည်။ ရွာသူရွာသားများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာရေးမှာ ၎င်းတို့၏ အသိပညာကြွယ်ဝမှုအပေါ် မီတည် နေသည်ဖြစ်ရာ ၎င်းတို့အသိပညာ ဗဟုသုတ တိုးတက်လာစေရန် ပညာရေးဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ စိုက်ပျိုးရေး ဆိုင်ရာ၊ မွေးမြူရေးဆိုင်ရာ၊ စာပေဆိုင်ရာ ဟောပြောပွဲများ ကျင်းပပေးခြင်း၊ ဒေသန္တရဗဟုသုတ အတွက်ခရီးတို ခရီးရှည် များထွက်ခြင်း၊ စာဖတ်ကျင့် ရလာစေရန် လေ့ကျင့်ပေးခြင်း၊ စာကြည့်တိုက် တည်ထောင်ပေးခြင်း၊ ကျေးရွာသန့်ရှင်းရေး အတွက် စုပေါင်းလုပ်ဆောင်ကြခြင်း၊ ဘာသာရေးဆိုင်ရာ အခမ်းအနားများ၊ ဝတ်ရွတ်ပွဲများကျင်းပပေးခြင်း၊ ကလေးသူငယ် များအတွက် ယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ မြို့ပြမှမီးသတ်ဦးစီးဌာနများနှင့် ပူးပေါင်းကာ အရန်မီးသတ် သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ မြို့နယ်ဆေးရုံနှင့် ပူးပေါင်း၍ ရှေးဦးပြုစုခြင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ကျေးရွာမှ လူငယ်များကို လေ့ကျင့်ပေးကာ ကြက်ခြေပြာသင်တန်းများသို့ စေလွှတ်ပေးခြင်း၊ မူးယစ်ဆေးဝါး နှင့် လောင်းကစားမှု များ၏ အပြစ်များကို ဟောပြောပြသခြင်း စသည့်လှုပ်ရှားမှုများ ပြုလုပ်ပေးရန် လိုအပ်ပါသည်။
ဘာသာရေးဆိုင်ရာ ဗဟုသုတလည်း များစွာအားနည်းနေသေးရာ ယခုထိ မိရိုးဖလာ ဗုဒ္ဓဘာသာအဆင့်မှ မတက်လာနိုင် သေးချေ။ ကလေးများကိုမဆိုထားနှင့်၊ လူကြီးများပင်လျှင် ဘုရားရှိခိုးလောက်မှလွဲ၍ အရေးကြီးသော ဗုဒ္ဓတရားတော် များကို ရေရေရာရာ မသိကြချေ။
လူ၏သဘာဝမှာ အားနေလျှင် (အလုပ်မရှိ၍ အချိန်အားများနေလျှင်) မကောင်းမှုဘက်ကို ယိုင်တတ်ပေရာ ယခုအခါ ဝါးတောကွင်းကျေးရွာ၌ လောင်းကစားမှုများ သိသိသာသာ ပေါများလာသည်ကို ဝမ်းနည်းဘွယ်ရာတွေ့ရပေသည်။ ယခင်ကမူ ဝါးတောကွင်းကျေးရွာ၌ လောင်းကစားမှုဟူ၍ လုံးဝမရှိခဲ့ရာ ဤအခြေအနေကို ဆုတ်ယုတ်မှုတစ်ရပ်အဖြစ် ရှုမြင်ကြရပေမည်။ လောင်းကစားမှုသည် ကိုယ်ကျင့်တရား ပျက်ပြားမှု၏ အစဖြစ်ပေရာ တတ်နိုင်သရွေ့ လျော့နည်း ပပျောက်အောင် ဆောင်ရွက်သင့်ပေသည်။ ကျွန်ုပ် အထက်တွင် ဖော်ပြခဲ့သကဲ့သို့ လူငယ်များအား သက်ဆိုင်ရာ သင်တန်း များပေးခြင်းဖြင့် ကောင်းမှုဘက်တွင်စိတ်လည်လာကာ လောင်းကစားမှုများ လျော့နည်းသွားလိမ့်မည်ဟု ယူဆမိပါသည်။
ရွာသားအများစုမှာ စိုက်ပျိုးရေးသမားများ ဖြစ်ကြသော်လည်း သမားရိုးကျနည်းလမ်းများကိုသာသုံးလျှက် ခေတ်မီ စိုက်ပျိုးနည်းစံနစ်များ၊ စက်ကိရိယာများကို မသုံးစွဲကြသေးချေ။ ထို့ပြင်လည်း လယ်ယာထွက်ကုန်ပစ္စည်းများကို ခေတ်မီ နည်းစနစ်များသုံးလျက် မည်ကဲ့သို့စီးပွားဖြစ် လုပ်ကိုင်ရမည်ကိုလည်း လက်လှမ်းမမီသေးချေ။ မိမိတို့ဒေသထွက်ကုန်များမှ နိုင်ငံခြားဝင်ငွေရအောင် မည်ကဲ့သို့လုပ်မည်ဆိုခြင်းကိုလည်း အိပ်မက်မျှပင်မမက်ဘူးကြချေ။
ဤသည်များအားလုံးမှာ အသိပညာဗဟုသုတ အားနည်းမှုကြောင့်ဖြစ်ပေရာ ရပ်ရွာလူထု အသိတရားများတိုးပွား လာအောင် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြပါမည့်အကြောင်း တိုက်တွန်းလိုက်ရပါသည်။
ပြုစုသူ
အေးငြိမ်း
တိုက်-၆၊ အခန်း-၁၆၊ နာနတ်တောလမ်း၊ ပြည်ရိပ်မွန်အိမ်ရာ၊ ဝဂ္ဂီရပ်၊ ကမာရွတ်၊ ရန်ကုန်
ဖုံး-၉၅–၁-၇ဝ၉၅၁ဝ
စာပြုရက်စွဲ - ၁၅ - ၉ - ၂ဝဝ၂ (တနင်္ဂနွေနေ့)
No comments:
Post a Comment