Saturday, January 18, 2025

ကျွန်ုပ်အမေ၏ မွေးချင်းများအကြောင်း (၂)

၃။ အရီးမယ်ကြိုင်

 

အရီးမယ်ကြိုင့်အကြောင်း ပြောစရာ သိပ်များများစားစား မရှိလှပါ။

 

အရီးမယ်ကြိုင်မှာ အရီးမယ်ဟံ့အောက်၊ ဒုတိယမြောက်သမီး ဖြစ်၏။ သူလည်း အပျိုကြီးပင်ဖြစ်လျက် ကျွန်ုပ်တို့ မောင်နှမများကို သေသည့်တိုင် တစ်သက်လုံး စောင့်ရှောက်လာခဲ့သည့် ကျွန်ုပ်တို့၏ ကျေးဇူးရှင်မိခင်ကြီး ဖြစ်ပါ၏။ 

 

ကျွန်ုပ်တို့၏အမေမှာ ကျွန်ုပ်တို့ မောင်နှမတသိုက်ကို မွေးရုံမွေးပေးခဲ့ပြီး အရီးတို့ထံ စိတ်ချလက်ချ အပ်ခဲ့လျက် ငယ်ငယ်ရွယ်ရွယ်နှင့် တခြားဘဝသို့ ကူးပြောင်းသွားခဲ့၏။ ကျွန်ုပ်နှမ အငယ်ဆုံးလေးကို မွေးပြီး တစ်နှစ်အကြာ၌ ကျွန်ုပ်တို့မိခင် ဆုံးပါးသွားခဲ့ရာ ထိုကလေးမကလေး ပိစိကွေးကို အရီးမယ်ကြိုင်သည်ပင်လျှင် တစ်သက်လုံး ကျွေးမွေး သုတ်သင်လာခဲ့ရတာ ဖြစ်၏။ ညနေတိုင် ကလေးကလေးက ငိုပြီဆိုလျှင် အရီးမယ်ကြိုင်သည် မီးဖိုချောင် နောက်ဖေး ရေကပြင်ကိုထွက်လျက် ‘ကလေးရေ၊ နင့်သမီးလေးက ငိုနေပြီဟဲ့’ ဟု သံကုန်ဟစ် အော်ငိုသံကို ကျွန်ုပ်နားထဲ၌ ယခုတိုင် လတ်လတ်ဆတ်ဆတ် ရင်ကွဲဖွယ် ကြားယောင်နေလျက် ရှိပါသေးသည်။

 

တဖအေတည်း၊ တမအေတည်းက မွေးလာခဲ့သည့်တိုင် အရီးမယ်ဟံနှင့် အရီးမယ်ကြိုင်တို့မှာ တကယ့်ကို ပြောင်းပြန် ဖြစ်၏။ 

 

အရီးမယ်ဟန်သည် စိတ်ဆိုးစိတ်ကောက်ခြင်း မရှိတတ်။ အရီးမယ်ကြိုင်မူကား တချိန်လုံးလိုလို စိတ်ဆိုး၊ စိတ်ကောက် နေတတ်၏။ အရီးမယ်ကြိုင့်မျက်နှာမှာ အမြဲတန်း သုန်မှုန်နေလျက် ပျော်ပျော်ရွှင်ရွှင်နှင့် ပြုံးရယ်နေတာကို တွေ့ရခဲလှ ၏။ အရီးမယ်ကြိုင်သည် ပြုံးရယ်ခြင်းနှင့် မွေးကတည်းက ကွာရှင်းပြတ်စဲထားခဲ့ဟန် တူ၏။

 

အရီးမယ်ဟန်သည် ထမင်းဟင်းချက်ဘို့ကို စိတ်မဝင်စား။ အရီးမယ်ကြိုင်၏ အဓိကအလုပ်မှာကား ထမင်းဟင်းချက်ခြင်း ဖြစ်လျက် ဘာပဲချက်ချက် အရီးမယ်ကြိုင်ချက်သမျှ စားလို့ကောင်းသည်ချည်း ဖြစ်၏။ ကျွန်ုပ်တို့အားလုံးမှာ အရီး၏ လက်ရာများဖြင့် ကြီးပြင်းလာခဲ့ကြရသူများ ဖြစ်၏။ ထမင်းအိုးမှာ ကပ်နေသည့် ချိုးများကို လက်သည်းနှင့် ခြစ်ခွာ ရသောကြောင့် အရီး၏ လက်သည်းလေးများမှာ အလယ်က ချိုင့်ဝင်နေလေ၏။

 

အရီးမယ်ဟန်သည် မြတ်စွာဘုရား၏ တရားတော်များကို စိတ်ဝင်တစား လေ့လာ၏။ ဆွေးနွေး၏။ သို့တိုင် အရီးမယ်ကြိုင် ဘုရားတရားတော်များကို စိတ်ဝင်တစား လေ့လာတာ၊ ဆွေးနွေးမေးမြန်တာ မတွေ့မိပါ။

အရီးမယ်ဟန်သည် ရှေ့က ဦးဆောင်သွား၏။ အရီးမယ်ကြိုင်သည် အရီးမယ်ဟံ ဦးဆောင်သည့်နောက်ကို သစ္စာရှိစွာ လိုက်၏။

 

အရီးမယ်ကြိုင်သည် အလွန်နှမြောတတ်၏။ စားစေချင်လို့ သူ့ကို မုန့်ကောင်းကောင်းကလေး ဝယ်ပေးသည်ဆိုပါစို့။ ထိုမုန့်ကို မစားရက်။ မှိုတက်ပြီး လွှင့်ပစ်လိုက်ရသည်ထိ သေချာစွာ သိမ်းထားတတ်၏။ ရေချိုးရင်း ဆပ်ပြာတိုက်တာကို တောင် အမြှုပ်ထွက်အောင်တိုက်တာကို မကြိုက်။ ဆပ်ပြာကုန်မှာစိုး၍ ဆပ်ပြာကို ပီဘိ တိုက်သည်ဆိုရုံကလေး တိုက်တာ ဖြစ်၏။ 

 

ကျွန်ုပ်နှမအငယ်ဆုံးကလေး (ဂွမ်း) ကို သူပဲ နို့ဖျော်တိုက်ပြီး လူလားမြောက်သည်အထိ ကျွေးမွေးသုတ်သင် မွေးမြူ လာခဲ့ရတာ ဖြစ်၍ အရီးသည် ဂွမ်းကို သူ့သမီးရင်းနှင့်မခြား အလွန်ချစ်လေ၏။ ဂွမ်းနှင့်ပတ်သက်လာလျှင် အရီးသည် နည်းနည်းမှ သည်းမခံတတ်။ ဂွမ်းက အရီးကို အမကြီးဟု ခေါ်၏။

 

အမိမရှိတော့သော ကျွန်ုပ်တို့မောင်နှမတစ်စုကို သူပဲ ကြည့်ရှုစောင့်ရှောက်လာခဲ့တာဖြစ်၍ အရီးသည် ကျွန်ုပ်တို့ မောင်နှမ အားလုံးကို သူ့သားသမီးတွေလို ချစ်၏။ ကျွန်ုပ်တို့ကလည်း သူ့ကို ကိုယ့်အမေလိုပင်ချစ်ပါသည်။ စိတ်ပင် အမြဲတမ်းလိုလို ကောက်နေတတ်သည့်တိုင် အရီးသည် ရိုးဖြောင့်၏။ အရီးဟံလိုပင် သူလည်း သူတပါးအပေါ် မကောင်းစိတ် မထားတတ်။ အတင်းဘာညာ သိပ်မပြောတတ်။ အလုပ်မရှိသည့်အချိန်များတွင် သနပ်ခါးဘဲကြားလေးနှင့် သူ့ဘာသာနေ၏။ 

 

(ကြားဖြတ်ပြောရလျှင် ကျွန်ုပ်တို့မောင်နှမတစ်သိုက်ကား ဘယ်သူ့ကို တူသည်မသိ။ ကျွန်ုပ်တို့မောင်နှမတစ်စု ဆုံမိပြီ ဆိုလျှင် အတင်းမပြောဘဲ မနေနိုင်။ ယုတ်စွအဆုံး သည်စကားဝိုင်း၌မပါသည့် ကိုယ့်မောင်နှမအချင်းချင်း အကြောင်း ပြောကြ၏။ အတင်းပြောပြီဆိုလျင်လည်း ကျွန်ုပ်တို့မှာ ပြောချင်အားကြီးသဖြင့် တစ်ယောက်နှင့်တစ်ယောက်ပင် အလုအယက်ပြောကြရသော ဟူ၏။ ပြောသာပြောရ၊ အတင်းပြောရသည်မှာလည်း ကော်ဖီကောင်းကောင်းတစ်ခွက် သောက်ရသလို အရသာရှိလှ၏။ အဟိ

 

အခုတော့ ဟို AYoe လုပ်တာနှင့် မြန်မာပြည်ပြန်မရောက်တာ ၅ နှစ်ရှိပြီဆိုတော့ အတင်းမပြောရသည့် ကျွန်ုပ်ရင်ထဲ၌ မည်မျှ ကျလိကျလိဖြစ်နေမည်ကို အသင်တို့ ကိုယ်ချင်းစာကြည့်နိုင်ပါ၏။ ကတောက်စ်) 

 

မပြောသာလို့သာ ကြည့်နေရသည်၊ အရီးသည် အဖေကြီးအပေါ် သိပ်ကြည်လှသည်မဟုတ်။ (ဟု ကျွန်ုပ် ထင်ပါသည်။) အဖေကြီး၏ မရှိအေးအေး၊ ရှိအေးအေး၊ ထမင်းကြမ်းခဲ ယပ်ခပ်စားနေခြင်းအပေါ် အရီးသည် သိပ်ကျေနပ်ပုံမပေါ်ပါ။ သူတို့ကတော့ အလုပ်ကို အသည်းအသန် ကြုံးရုံးလုပ်ခဲ့ကြတာ ဖြစ်၏။

 

အဖေကြီးဘက်က အမျိုးတွေသည် ပညာကို တန်ဘိုးထားသူများမဟုတ်။ အရီးတို့က ကျွန်တော်တို့ မောင်နှမများကို ကျောင်းထားသည့်အပေါ် တစက်ကလေးမှ အကောင်းမပြော။ ကျောင်းထားလိုက်သည့်အတွက် လယ်ထဲ၌ချသုံးရမည့် လုပ်အားတွေ အလဟဿဖြစ်ကုန်သည်ဟု သူတို့က ထင်၏။ နောက်ပြီး အရီးတို့ကို ‘ကုန်သည်ကြီးတွေ’ ဟု ပြောသည့် အပေါ် အရီးမယ်ကြိုင်သည် အလွန် စိတ်ဆိုး၏။ ထိုအကြောင်းများကြောင့် အရီးသည် အဖေကြီး၏ အဆွေအမျိုးတွေကို အသားကုန် မုန်းလေ၏။ ထိုအိမ်များဘက်သို့ သွားလည်းမသွား။ သူတို့အကြောင်းလည်း စကားထဲထည့်မပြော။

 

တစ်ခါတော့ အင်မတန်စပ်နိုင်မှ တော်ရသည့် အဖေကြီးဘက်မှ တူတော်သူတစ်ယောက် ကျွန်ုပ်ရှိရာ ရေဆင်းသို့လာပြီး ဆယ်တန်းတက်၏။ ကောင်လေးက ရိုရိုကျိုးကျိုးလေး ဖြစ်ပါ၏။ သို့သော် အဖေကြီး၏ အမျိုးဖြစ်နေသည့်အတွက် အရီးက မကြည်။ တစ်ခါတော့ ထိုကောင်ကလေးသည် အိမ်အောက်က ရေကန်နံဘေးမှာ ကြက်ကိုင်နေစဉ် ကြက် အကောင်လိုက်ကို ခွေးဆွဲသွားလေ၏။ အရီး ဒေါသထွက်လိုက်ပုံမှာ ပြောမပြောချင်တော့။ နောက်ပြီး ဟိုကောင် ရေးချိုးရင်လည်း ‘ဆပ်ပြာဆိုတာ တိုက်လိုက်တာလည်း အမြှုပ်ကို ဖိုက်ဖိုက် ဖိုက်ဖိုက်နဲ့ ကျတဲ့ထိ။ သူ့အိမ်မဟုတ်တိုင်း’ ဆိုပြီး ပြောလေ၏။

 

သည်လိုနှင့် အဲသည်ကောင်လေး ဆယ်တန်းစာမေးပွဲပြီးလို့ အိမ်ပြန်မယ်လုပ်တော့ ကျွန်ုပ်က မုန့်ပဲသွားရေစာလေးများ ဝယ်ပေးပြီး အရီးကို သွား ကန်တော့ခိုင်း၏။ အရီးကလက်မခံ။ ဟေ့အေ၊ ငါ့ဘာသာ ရှိပေ့စေ။ နင်ဘာမှလာ ကန်တော့ စရာ မလိုဘူး ဟု အတင်းဘူးခံလေ၏။ ကျွန်ုပ်တို့လည်း ဘာမှမတတ်နိုင်ဘဲ လက်မြှောက်လိုက်ရလေ၏။ 

 

အရီးကြိုင်သည် ၁၉၉၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်၊ တနင်္လာနေ့မနက် ၅ နာရီ မိနစ် ၄၀ ၌ ကျွန်ုပ်တို့လက်ပေါ်တွင်ပင် ဆုံးပါးသွားခဲ့၏။ အရီးကိုမွေးတာ ၁၂၈၅ တပေါင်းလ္ဆန်း ၄ (စနေ) ဆိုတော့ ကွယ်လွန်တော့ အသက် (၇၃) နှစ် ရှိပါပြီ။ 

 

အရီးဆုံးပါးရခြင်းမှာ လူကြီးရောဂါကြောင့်ဟု ပြောလို့ရပါသည်။ ဘာရောဂါမှ မည်မည်ရရ မဖြစ်လိုက်ပဲ ဆုံးသွား၏။ သူ့အတွက် ကျွန်ုပ်တို့ ဘာဒုက္ခမှ​ မများလိုက်။ ပျဉ်းမနားဆေးခန်း သွားပြ၏။ ကျွန်ုပ်တို့အိမ်နောက်၌လည်း ဆရာမ ဒေါ်သန္တာမင်း၏ အမျိုးသား ဆရာဝန်ဒေါက်တာထွန်းနိုင်လည်း ရှိပါ၏။ အရီးသည် သက်တောင့်သက်သာပင် ဘဝကူးသွားပါသည်။ 

 

အရီးသည် ဝါးတောကွင်း၌မွေးပြီး ရေဆင်း၌ ခေါင်းချသွား၏။ သူ့ဗီဇကြောင့် စိတ်တို၊ စိတ်ကောက်တာကလွဲပြီး အရီးကြိုင်သည်လည်း လူ့ဘဝကို သန့်သန့်ရှင်းရှင်း ဖြတ်သန်းသွားခဲ့ပါသည်။ သူ့ဘဝတွင် မကောင်းမှုအကုသိုလ် အလုပ်များ လုပ်ခဲ့သည်ဟု ကျွန်ုပ် တစ်ခါဖူးမျှ မမှတ်မိဖူးပါ။ ထို့ကြောင့်ပင် အရီးသည်လည်း ကောင်းရာဘုံဘဝ၌ စံမြန်ရလိမ့်မည်ဆိုတာ ယုံမှားသံသယ ရှိစရာ မလိုပါ။

 

၄။ ဦးကြီးဖိုးထောင်

 

အရီးဟံကလွဲပြီး ကျန်သည့် မွေးချင်းများအကြောင်းမှာ သိပ် များများစားစား ပြောစရာ မရှိပါ။ 

အမကြီး၏ မွေးချင်းများတွင် ကျွန်တော်သည် ဦးကြီးဖိုးထောင်ကို အတော်ချစ်၏။ ဦးကြီးကလည်း ကျွန်တော့်ကို အတော် ချစ်ပါသည်။ ကျွန်တော်ရွာပြန်ရောက်ပြီဆို ပထမဆုံးသွားသည်မှာ ဦးကြီးဖိုးထောင်တို့အိမ်ကို ဖြစ်၏။ အရီးတို့ကလည်း ဦးကြီးဖိုးထောင်ကို ချစ်၏။ အရီးတို့က ဦးကြီးဖိုးထောင်ကို မောင်လေးဟု ခေါ်ပြီး ဦးကြီးက ကျွန်တော့်ကို ငြိမ်းရွှေဟု ခေါ်၏။

 

ဦးကြီးဖိုးထောင်သည် အလွန့်အလွန်ရိုးသားလှ၏။ သိပ်စကားများများ မပြော။ သူများပြောတာကို ဟင်းဟင်း၊​ ဟင်းဟင်း နှင့် အသံပြုကာ နားထောင်နေတတ်၏။ ရပ်ရေးရွာရေး၊ ဘာညာသာရကာကိစ္စများတွင် သိပ်မပါတတ်ဟု မှတ်မိပါသည်။ 

 

ဦးကြီးဖိုးထောင်တွင် လယ်ရှိ၏။ ၈ ဧကလား မမှတ်မိ။ နောက်ပြီး မိုးနှင့်ဆောင်းများ၌ တောင်ယာလုပ်၏။ ဦးကြီးကခေါ်၍ ကျွန်တော် ဦးကြီးဖိုးထောင်တို့ တောင်ယာကို အလည်လိုက် သွားတတ်၏။ တောင်ယာထဲရောက်လျှင် ဦးကြီးက ပြောင်းဖူးများကို အပင်မှချိုး၍ လတ်လတ်ဆတ်ဆတ် ဖုတ်ကျွေး၏။ အလွန် အရသာရှိလှ၏။ ခုထိ သွားရည်ယိုမိပါ သေးသည်။ နောက်ပြီး ဒါက ပဲတိုင်ထောင်၊ ဒါကတော့ ဘိုစားပဲ စသဖြင့် သူစိုက်ထားသည့် အပင်လေးများကိုပြလိုက် လိုက်လံရှင်းပြ၏။ နောက်ပြီး အင်မတန်စားလို့ အရသာရှိသည်မှာ သခွားသီးဖြစ်၏။ မြေပေါ်တွင် သီးနေသည့် သခွားသီး ကလေးများကို ခူးလျက် (ဘာရေမှတောင်မဆေး) ကိုက်စားရတာ အလွန်ချိုမြိန်လှ၏။ 

 

တောင်ယာထွက် ဟင်းလျာများထဲ၌ ကျွန်ုပ်အကြိုက်ဆုံးဟင်းလျာမှာ ဟင်းလေးဟင်း ဖြစ်၏။ ကဒူးကနန်းရွက်များ၊ တောပိန်းဥ၊ ကတတ်ရိုးစသည့် တောဟင်းသီးဟင်းရွက်များကို စုပေါင်းကာချက်ထား၏။ စားရတာ ချွဲကျိကျိနှင့် လေးလေးပင်ပင် ရှိလှ၏။ အခုတော့ ထိုဟင်းလျာများကို ပြန်မရနိုင်တော့ပြီ။ ဝမ်းနည်းစရာ ဖြစ်ပါ၏။ 

 

ဦးကြီးဖိုးထောင်သည်လည်း စိတ်ကောင်းရှိ၏။ ကျွန်ုပ်မှတ်မိသရွေ့ ဦးကြီးဖိုးထောင် တခြားသူများနှင့် အော်တာ ငေါက်တာ၊ ရန်ဖြစ်တာ တစ်ခါမှ မတွေ့စဖူးပါ။ သူများအတင်းပြောဘို့နေနေသာ ကိုယ်ပြောစရာရှိတာတောင် ပြောတာ မဟုတ်။

 

ဦးကြီးဖိုးထောင်သည်လည်း အခြားရွာသားများကဲ့သို့ပင် အလုပ်ကို ကြိုးကြိုးစားစား လုပ်၏။ ဦးကြီးတို့အိမ်မှာ လေးပင် သုံးခန်း၊ ၁၆ လုံးအိမ်ဖြစ်၏။ မီးဖိုဆောင်မှာလည်း ပျဉ်ခင်းပျဉ်ထောင်နှင့် သွပ်မိုးနှင့်၊ အတော်ကြီး၏။ သာမန် ဆင်းရဲသားများ၏ အိမ်ထက်ပင် ကြီးသေး၏။ ထို့အတူ နွားတင်းကုပ်မှာလည်း အိမ်မကြီးနီးနီးပင် ကြီး၏။ ပြောရလျှင် ကျွန်ုပ်တို့ရွာ၌ ကျွဲ နွားများကို ဖြစ်ကတတ်ဆန်း ထားတာမဟုတ်။ နွားတင်းကုပ်ဆိုသည်မှာ မည်ကာမတ္တ တင်းကုပ် မဟုတ်။ လူနေအိမ်များကဲ့သို့ပင် ခိုင်ခိုင်မာမာ၊ တောင့်တောင့်တင်းတင်း ဆောက်ထားတာ ဖြစ်၏။ နွားများထားတာ ဆိုပြီး ညစ်ပတ် နံစော်မနေ။ သန့်လို့ပြန့်လို့။ ဖြစ်၏။ (ကျွန်ုပ်ရွာပြန်လျှင် မနက်အိပ်ယာထ၌ ပထမဆုံးလုပ်ရသည့် အလုပ်မှာ တင်းကုပ်ထဲသွား နွားချေးထိုးရတာ ဖြစ်၏။ ကျွန်ုပ်က အလွန်အသန့်အပြန့်ကြိုက်သူ ဖြစ်သည့်အတွက် ပျဉ်ပြားများ၌ နွားချေးများ ပေနေသည်ကို မကြိုက်။ ပြောင်စင်နေအောင် ထိုးချတာ ဖြစ်၏။ ဤကား စကားချပ်)

 

နွေကျောင်းပိတ်ရက် ရွာကိုအလည်ပြန်တုံး ဦးကြီးတို့အိမ်မှာ အိမ်လည်နေစဉ်က ဦးကြီးပြောတာလေး ခုထိ မှတ်မိနေပါ သေးသည်။ နွေရာသီ၌ တောမှာ ဟင်းကျွေး အလွန်ရှားပါးလှ၏။ ကျွန်ုပ်နှမအငယ်ဖြစ်သူ စန်းစန်းဝင်းကတော့ ငြုပ်သီးခြောက်ကို ကြက်သွန်နီ၊ ဆားတို့နှင့်သုတ်ထားသည့် ငြုပ်သီးသုတ်၊ ကြက်သွန်နီကို ပါးပါးလှီး၊ အချိုမှုန့်နှင့် ဆားခတ်ထားသည့် ဟင်းရေသောက်တို့ချက်၏။ ကျွန်ုပ်ကလည်း ထိုဟင်းလျာများကိုပင် မြိန်ရေရှက်ရေ စား၏။

 

ဟင်းကျွေးရှားတော့ ဦးကြီး၏ ဇနီးသည်ဖြစ်သူ အရီးမလှတင်က ဟင်းချက်စရာမရှိလို့ စိတ်ညစ်ရကြောင်း ညည်းညူ၏။ ထိုအခါ ဦးကြီးက -

“နင်တို့ဟာ မဟုတ်သေးပါဘူး။ ငါးပိလည်းရှိတယ်၊ မြေပုံသီးလည်းရှိတယ်၊ ငြုပ်သီးလည်းရှိတယ်။ အဲဒါတောင် ဟင်းချက် စရာမရှိဘူးဆိုတော့။” ဟုပြောကာ သူ့ထုံးစံအတိုင်း ဟင်း ဟင်း ဟင်း ဟု ရီနေပါသည်။ ဦးကြီးသည် ဟင်းကျွေးနှင့် ပတ်သက်၍လည်း ဘာမှ ချေးများတတ်သူ မဟုတ်။ ငါးပိဖုတ်တစ်မျိုးထဲနှင့် စားရလည်း ဘာမှမပြော။ ဘာဟင်းမှ မရှိလို့လည်း တစ်ခါမှ​ မညည်းညူစဖူး။ 

 

တစ်ခါတော့ ကျောင်းပိတ်ရက် ရွာပြန်ရောက်စဉ် ထုံးစံအတိုင်း ကျွန်ုပ် ဦးကြီးဖိုးထောင်တို့အိမ် အလည်သွား၏။ ထိုအချိန်က ဘိုးစိန်ခို၏သမီး ကျွန်ုပ်တို့၏ အဒေါ်ဝမ်းကွဲ အပျိုကြီး ဒေါ်ဒေါ်ကျင်မြိုင်မှာ မြွေကိုက်၍ ဆုံးပါးပြီးခါစ ဖြစ်၏။ ကျွန်ုပ် ဦးကြီးတို့အိမ်က ပြန်လာတော့ ည ၉ နာရီကျော်လောက် ရှိပါပြီ။ တောမှာက ည ၇ နာရီ ၈ နာရီလောက် ဆိုလျှင်ပင် မည်သူမှ အပြင်မထွက်ကြတော့ပဲ ကိုယ့်အိမ်ထဲမှာကိုယ် ရေနွေးသောက် စကားစနေပြော၊ စောစောအိပ်ကြ တာဖြစ်၏။ ယခုခေတ်လို ဖုန်းတို့၊ တီဗီတို့ရှိတာမဟုတ်။ ရေဒီယိုတောင် တစ်ရွာလုံးမှ ၃ - ၄ လုံးထက် မပို။ သည်တော့ လမသာသော ညများတွင် ဘာထိုင်လုပ်နေရပါမတုံး။ စောစောအိပ်ကြ၏။ စောစောအိပ်သဖြင့်လည်း ကလေးများ၏။ ကလေး ၄ - ၅ - ၆ ယောက်မှသည် ၁၀ ယောက်ထိ ရှိကြ၏။ ကလေး ၁ ယောက်နှစ်ယောက်သာရှိသည့် မိသားစုမှာ အလွန်ရှား၏။

 

ကျွန်ုပ်ကား အင်မတန် ဂွကျသူတစ်ဦးဖြစ်သည်နှင့်အညီ တော၌ခေတ်စားသည့် စုန်း၊ ဖုတ်၊ ကဝေ၊ တစ္ဆေ၊ မှင်စာ စသည် တို့ကို အယုံအကြည်ရှိသူမဟုတ်။ သို့နှင့်ပင် မှောင်ကြီးမည်းမည်းထဲ၌လည်း အကြောက်အလန့်မရှိ လျှောက်သွားတတ် သည်သာ ဖြစ်လေ၏။

 

ဦးကြီးတို့အိမ်နှင့် ကျွန်ုပ်တို့အိမ်မှာ မီတာ ၄၀၀ လောက် ဝေး၏။ ဘိုးစိန်ခိုတို့အိမ်မှာ အလယ်တည့်တည့်၌ ရှိ၏။ မှောင်နှင့်မည်းမည်းတွင် ကျွန်ုပ် ဦးကြီးတို့အိမ်မှ ပြန်လာစဉ် နောက်မှလူသံကြား၍ လှည့်ကြည့်လိုက်၏။ လူလိုလို ဖြူဖြူ တစ်ခုကို တွေ့၏။ ကျွန်ုပ်လည်း ဘယ်သူပါလိမ့်ဟု အနားကပ်သွားစဉ် ထိုဖြူဖြူသဏ္ဍာန်သည် ဝါးနှင့်အခိုင်အမာခတ်ထား သည့် ခြံစည်းရိုးကိုဖြတ်လျက် ဘိုးစိန်ခိုတို့အိမ်ထဲသို့ ဝင်သွားလေ၏။ 

 

ဘာတံခါးမှမရှိသည့် ဝါးခြံစည်းရိုးကို ဖြတ်ဝင်သွားတော့ ပထမ ကျွန်ုပ်မှာ မတွေးတတ်အောင် ရှိ၏။ နောက်မှ သိပ်မကြာ သေးခင်က ဒေါ်ဒေါ်ကျင်မြိုင် ဆုံးထားတာ သွားသတိရမိ၍ အောင်မငီး၊ ဒါ ငါ့ကို သရဲခြောက်တာပဲ ဟု ခေါင်းနားပန်း ကြီးကာ ကြက်သီးမွေးညင်းများ ထလျက် အိမ်သို့ ခပ်သုတ်သုတ် ပြန်ခဲ့ရလေသောဟူ၏။

 

ဦးကြီးဖိုးထောင်သည် အခြားသော ရွာသားများကဲ့သို့ပင် ဘဝကို ရိုးရှင်းစွာ နေထိုင်သွားခဲ့၏။ 

ဦးကြီးဖိုးထောင်ဆုံးတာ ၁၉၉၀ ခုနှစ်။

 

တကယ်ဆို အမကြီး (ကျွန်တော့်မိခင်) နှင့် ဦးကြီးဖိုးထောင်တို့သည် မသေသင့်ဘဲ စောစီးစွာ သေဆုံးခဲ့ကြရသည်ဟု ကျွန်ုပ် ထင်ပါသည်။ သူတို့သည် ဝမ်းလျှောပြီး သေကြရတာ ဖြစ်၏။ ဝမ်းလျှောရောဂါသည် ဆရာဝန်နှင့် ဆေးကောင်း ဝါးကောင်းများရှိလျှင် သေလောက်သည့် ရောဂါမဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့လို ရခိုင်ရိုးမနားက ရွာကလေး၌ ဘာဆေးဝါး၊ ဘာဆရာဝန် ရှိပါမည်နည်း။ ကွမ်းရွက်ပြုတ်ရည်၊ ဝိသကြုံနတ်သား လျက်ဆားလောက်နှင့် ပြီးကြရတာ ဖြစ်၏။ အမကြီးနှင့် ဦးကြီးဖိုးထောင်တို့သာမဟုတ်။​ မြန်မာပြည်အနှံ့အပြားက ရွာတွေမှာ သည်လိုပဲ မသေသင့်ပဲ သေနေကြရသူများ အနမတဂ္ဂ ရှိပါလိမ့်မည်။

 

အဲလေ မြို့ကြီးပြကြီးများက အထူးဂုဆရာဝန်ဂျီးများနှင့် ပြတော့လည်း သေတာပါဘဲ။ ဟိုတစ်နေ့ကတောင် ဘာလုပ်လိုက်လို့ဆိုလား သေသွားလို့ ဆရာဝန်ကြီးက တောင်းပန်ရသတဲ့။ အဟက်စ်၊ So so sorry ပါ တောင်းပန်လိုက်ရုံနဲ့ ပြီးသွားရောတဲ့လား။ အံ့အောဘာ့စ်


ဆက်ပါဦးမည်။


အေးငြိမ်း

၉ ဇန္နဝါရီ ၂၀၂၅

No comments: