Saturday, January 18, 2025

ကျွန်ုပ်အမေ၏ မွေးချင်းများအကြောင်း (၃)

၅။ ဦးကြီးငချစ်

 

ဦးကြီးငချစ်မှာ ဦးကြီးဖိုးထောင် အောက်က ဖြစ်၏။ အစ်မကြီး၏ မွေးချင်းများအနက် ဦးကြီးငချစ်မှာ ကျွန်ုပ်တို့နှင့် ခပ်စိမ်းစိမ်း ဖြစ်၏။ ဦးကြီးငချစ်က ဝါးတောကွင်းမှာမနေ။ မိန်းမရတော့ ဆံထုံးနောက် ယောင်ပါလျက် မိန်းမရှိရာ ပိန္နဲကွင်းရွာသို့ လိုက်နေတာဖြစ်၏။ ကျွန်ုပ်တို့ ကွင်းကောက်မှာ ကျောင်းတက်တော့ ကွင်းကောက်ကိုအသွား လမ်း၌ ရှိသည့် ပိန္နဲကွင်းကို တစ်ခါတရံ ဝင်တတ်၏။ လမ်း၌ရှိသည်ဆိုသော်ငြား ပိန္နဲကွင်းရွာထဲကို ဖြတ်သွားရတာ မဟုတ်ဘဲ တကူးတက ဝင်မှရတာဖြစ်သဖြင့် အခါခပ်သိမ်း ဝင်ဖြစ်တာ မဟုတ်ပါ။

 

ပိန္နဲကွင်းက သဲတောထဲမှာ ရွာတည်ထားတာဖြစ်သဖြင့် သဲလမ်းမှာ လျှောက်ရသည့်အခါ အဆင်မပြေလှ။ သဲနစ်နေ၍ လမ်းလျှောက်ရ ပင်ပန်းလှ၏။ လည်းများမှာလည်း အတူတူပင် ဖြစ်ပါသည်။ လှည်းဘီးမှာ သဲနစ်နေ၍ နွားများမှာ တအိအိနှင့်သာ ဆွဲနိုင်၏။ 

 

ပိန္နဲကွင်းက ကပြိုတောင် (ကမ်းပြိုတောင်) ပေါ်၌ မပုပ်မသိုးပဲ ရွှေချထားသည့် ဘုန်းကြီးအလောင်းရှိသဖြင့် ကျော်ကြား ၏။ အခြားနယ်ပယ်များက ဘုန်းကြီးဖူးရအောင် လာကြ၏။ ဘုန်းကြီး ၃ ပါးလားရှိ၏။ မမှတ်မိတော့ပါ။ 

 

ဦးကြီးငချစ်က ခပ်မာမာဖြစ်၏။ ဦးကြီးငချစ်၏ ပထမမိန်းမဖြစ်သော အရီးမဝိုင်းနှင့်ကွဲတော့ ကျွန်ုပ်တို့မှာ လူမှန်းတောင် မသိတတ်သေး။ ပထမအိမ်ထောင်ဖြစ်သည့် အရီးမဝိုင်းနှင့် ကိုအေးသောင်း၊ မစောမြင့် ဟု သားသမီးနှစ်ဦး ထွန်းကား၏။ မစောမြင့်က ကျွန်ုပ်တို့မောင်နှမများကို ခင်ပါသည်။ သနပ်ခါး ဘဲကြားရိုက်လျက် အသံ ပွာလောင်ပွာလောင်နှင့် တကယ့် တောသူအစစ် ဖြစ်၏။ ကိုအေးသောင်းကတော့ အရီးမယ်ဟံတို့အိမ်တွင် ကျွန်ုပ်တို့နှင့် တစ်အိမ်တည်း အတူနေတာဖြစ်၍ ညီရင်းအစ်ကို၊​ မောင်ရင်းနှမများကဲ့သို့ပင် ဖြစ်၏။

 

အရီးမဝိုင်းက ဘန့်ဘွေးကုန်းရွာ၌ နေ၏။ ဦးကြီးငချစ်က ဒုတိယအိမ်ထောင်ဖြစ်သည့် အရီးမစန်းနှင့် ပိန္နဲကွင်းမှာ နေ၏။ ပိန္နဲကွင်းနှင့် ဘန့်ဘွေးကုန်းမှာ ရွာချင်းကပ်လျက် ဖြစ်ပြီး ၁၅ မိနစ်၊​ မိနစ် ၂၀ လောက်သာ လျှောက်ရပါလိမ့်မည်။

 

ကျွန်ုပ်တို့မှာ အရီးမဝိုင်းနှင့် သိပ်ရင်းနှီးလှသည် မဆိုနိုင်ပါ။ တခါတလေမှ သူနှင့် တွေ့ဖြစ်ပါသည်။ အရီးမဝိုင်းလည်း နောက်အိမ်ထောင်နှင့် ဖြစ်ပြီး ထိုနောက်အိမ်ထောင်ကိုလည်း ကျွန်ုပ် ကောင်းကောင်းမသိသလို သူတို့သားသမီးများနှင့် လည်း အကျွမ်းတဝင် မရှိလှပါ။ အဲလေ သားသမီးဘယ်နှစ်ယောက်ရှိမှန်းတောင် မသိ။ ဘန့်ဘွေးကုန်းကိုလည်း ကျွန်ုပ် တစ်ခေါက်လားပဲ ရောက်ဖူးပါသည်။

 

ဦးကြီးငချစ်၏ ဒုတိယအိမ်ထောင်ဖြစ်သည့် အရီးမစန်းနှင့်ရသော သားသမီးများနှင့်တော့ အတန်ငယ် ရင်းနှီးပါသည်။ အကြီးဆုံးက အေးသိန်း၊ နောက် လှမိုး၊ သန်းသန်းခိုင်၊ ပြီးတော့ မြင့်နိုင်စိုးနှင့် တင်မောင်သိန်း ထင်ပါသည်။ သိပ်မမှတ်မိ။ အနှီမောင်နှမများကား ပညာရေးကို စိတ်ဝင်စားသူများ မဟုတ်ကြ။ 

 

ပိန္နဲကွင်းရွာ၌ ဦးကြီးငချစ်သည် တစ်ခါ အိမ်မီးလောင်ဖူး၏။​ ရှို့မီးဖြစ်၏။ ဘယ်သူရှို့သည်၊ ဘာကြောင့်ရှို့သည်၊ ဘယ်လို ဖြစ်သွားသည် စသည်တို့ကို ကျွန်ုပ် သေသေချာချာ မသိပါ။ 

 

နောက်ပြီးတော့ ဦးကြီးသည် ငါးပုံတည်၏။ (ငါးပုံဟူသည် စပါးကြိတ်စက် အသေးဖြစ်၏။ ငါးပုံတစ်ပုံခွဲနိုင်၍ ငါးပုံဟု ခေါ်သည်ဆိုလား မမှတ်မိတော့ပါ။) ထိုငါးပုံကိုလည်း အဖမ်းခံရ၏။ အတော်ပြဿနာ များလိုက်သေး၏။ ထိုစဉ်က ကျွန်ုပ် အသက် ၁၂ နှစ်လောက်သာ ရှိသေးရာ ထိုကိစ္စများကို ကျွန်ုပ် နားမလည်ခဲ့ပါ။

 

တစ်ခါတော့ ဦးကြီးငချစ်သည် သူ့သားဖြစ်သူ ကိုအေးသောင်းကို သူ့ခယ်မ (အရီးမစန်း၏ညီမ) မလှကြည် နှင့် ပေးစားရန် ကြံစည်လေ၏။ ထိုအခါ အရီးမယ်ကြိုင်သည် အကြီးအကျယ် ဒေါသထွက်လေ၏။ 

 

ဟင် - အဖေကလည်း ဒီယောက္ခမ၊​ သားကလည်း ဒီယောက္ခမ၊ လူကြားလို့မှ ကောင်းကြသေးရဲ့လား ငါ့မောင်ငချစ်ကဲ့ ဟု အသားကုန် ဟစ်ငိုလေရာ ဦးကြီးငချစ်မှာ သူ့အကြံကို လက်လျှော့လိုက်ရလေ၏။

 

(ဤတွင် ကြားဖြတ်ပြောရလျှင် ကိုအေးသောင်းမှာ သူ့မိဘများက မွေးရုံမွေးထုတ်ပေးလိုက်ပြီး အရီးဟံနှင့် အရီးကြိုင်တို့ က သူတို့သားအရင်းကဲ့သို့ မွေးထားလေရာ ကိုအေးသောင်းမှာ သူ့အဖေနှင့်မနေဘဲ အရီးတို့နှင့်သာ နေနေတာ ဖြစ်၏။ ဦးကြီးငချစ်က သူ့သားကို ဆိုင်သာဆိုင်သည်။ မပိုင်။)

 

ပိန္နဲကွင်းမှ ဦးကြီးငချစ်တို့အိမ် သွားလည်သည့်တစ်ရက်၌ အရီးမစန်းက ‘နင့်ဦးကြီးက ကြက်သားကို ချင်းသုတ်သုတ်တာ ကြိုက်တယ်’ ဆိုပြီး ကျွန်ုပ်ကို ကြက်သားချင်းသုတ် သုတ်ကျွေး၏။ ကြက်သားကို ပြုတ်ပြီး ကြက်သွန်နီအစိမ်း၊ ငြုပ်သီးမှုန့် စသည်တို့နှင့် အစိမ်းသုတ် သုတ်ခြင်း ဖြစ်ပါသည်။ 

 

ဦးကြီးငချစ်သည်လည်း ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်မှုတွင် အများယောင်လို့ယောင်၊ အမောင် တောင်မှန်း မြောက်မှန်း မသိထဲက မဟုတ်။ သူလည်း အရီးဟံတို့လိုပင် ဝိဘစ္ဆဝါဒီ ဖြစ်၏။ သုတ္တန်တွေနှင့် အာရိုက်ပြီးဟောသော ဘုန်းကြီးများ တရားကို နားဝင်သူမဟုတ်။ ဝိပဿနာ ခန္ဓာဉာဏ်ရောက် တရားစစ်စစ်ကိုသာ သဘောကျသူ ဖြစ်၏။ (ဘကြီးမောင်ယာ၊  ဦးကြီးငချစ်၊​ အရီးမယ်ဟံ၊ ဒေါ်ခကြီး၊ ခတ္တူက ဘကြီးမောင်ဆင့်၊ ဒေါ်အုန်းခင်တို့မှာ မြတ်စွာဘုရား၏ တရားတော်များကို သဘောပေါက်ပုံ၊ ယူဆပုံ၌  အားလုံး အတူတူပင်ဖြစ်၏။ သူတို့က မမြင်ရသော နတ်ပြည် ၆ ထပ်ကို သဘောမကျ။)

 

ဘကြီးမောင်ယာက ကျွန်ုပ်ကို ပြော၏။ “ဒီမယ် မောင်အေးငြိမ်းရဲ့၊ ကုသိုလ်ကောင်းမှုတွေလုပ်လို့ နတ်ဘုံနတ်နန်းတွေ ပေါ်တယ်ဆိုတာ ဟို မမြင်ရတဲ့ ကောင်းကင်ကဟာတွေကို ပြောတာမဟုတ်ဘူးကွဲ့။ ကုသိုလ်ဆိုတာ ကောင်းတာလုပ်တာ လေကွာ။ ဟော အခု မောင်အောင်မြင့်ရွှေတို့ ကောင်းရောင်းကောင်းဝယ်လုပ်တော့ ပိုက်ဆံတွေရတယ်။ ဒီတိုက်တွေကို သူတို့ ကိုယ့်ဘာသာကိုယ် ဆောက်ရတာလား။​ ဟောဒီတိုက်တွေက သူတို့အတွက် အဆင်သင့်ပေါ်နေရတာ မဟုတ်ဘူး လားကွဲ့။” 

 

အရီးဟန် ရန်ကုန်ဆေးရုံကြီးမှာ တင်ရတော့ ဦးကြီးငချစ်လည်း လာစောင့်ပေးပါသည်။ အရီးသည် ဦးကြီးငချစ်၏ လက်ပေါ်တွင်ပင် ဆုံးပါးသွားပါသည်။ ကျွန်တော်က အနားမှာ မရှိ။

 

ဦးကြီးနှင့် နောက်ဆုံး တွေ့ခဲ့ရတာ သားရှင်ပြုတုံးက ဖြစ်ပါလိမ့်မည်။ အဲသည်နောက် ကျွန်ုပ်လည်း ရွာဘက် ပြန်မရောက်တော့ပါ။ ယခုတော့ အမကြီး၏မွေးချင်းများ တစ်ယောက်မှ မရှိတော့ပြီ။ ဦးကြီးငချစ်သည် သူ့ရွာမှာ ဆုံးပါးသွားတာဖြစ်သဖြင့် အဝေးရောက်နေသည့် ကျွန်ုပ်မှာ ဦးကြီးဆုံးသွားတာတောင် မသိလိုက်ပါ။

 

၆။ ကျွန်ုပ်၏ မွေးသမိခင် ကျေးဇူးရှင်

 

ကျွန်ုပ်တို့က အမေ (မိခင်) ကို အမကြီးဟုခေါ်ကြ၏။

 

အမကြီးတို့တွင် အရီးမယ်ဟံ၊ အရီးမယ်ကြိုင်၊ ဦးကြီးဖိုးထောင်၊ ဦးကြီးငချစ်၊ အမကြီး ဟု မောင်နှမ ၅ ယောက် ရှိလေရာ အမကြီးမှာ အထွေးဆုံးဖြစ်၏။ အထွေးဆုံးဖြစ်သလို စိတ်လည်း အထက်ဆုံး၊ ဒေါသလည်း အကြီးဆုံး၊ သွက်လည်း အသွက်ဆုံး ဖြစ်၏။ 

 

အမကြီးဆုံးတော့ ကျွန်ုပ်မှာ အသက် ၁၄ နှစ်သားမျှသာ ရှိသေး၏။ ထို့ပြင်တဝ ၅ တန်းကတည်းက ကွင်းကောက်ကို ကျောင်းသွားတက်နေရသဖြင့်လည်း အမေနှင့်နေချိန်နည်းသဖြင့် ကျွန်ုပ်အနေနှင့် အမကြီးအကြောင်းကို ကောင်းကောင်း မသိပါ။ ယခု ရေးသားသည်တို့မှာ ကျွန်ုပ်မှတ်မိသမျှနှင့် မမ (ကျွန်ုပ်အစ်မကြီး ဒေါ်ကျင်သိန်း) ပြန်ပြောပြချက်များဖြစ်၏။

 

အမကြီးကို ၁၉၃၅ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့တွင် မွေးဖွားခဲ့၏။ (ကျွန်ုပ်ဖော်ပြသည့် မွေးနေ့သက္ကရာဇ်များမှာ အမှန်တကယ် မွေးဖွားခဲ့သည့် နေ့ရက်များ မဟုတ်ပါ။ မှတ်ပုံတင်လုပ်စဉ်က မှတ်ပုံတင်အရာရှိက မေးစမ်းပြီး ခန့်မှန်း ထည့်ထားခဲ့သော မွေးနေ့များ ဖြစ်၏။ ကျွန်ုပ်လည်း ကျွန်ုပ် ဘယ်နေ့မွေးသည်ကို အတိအကျ မသိပါ။ ယခု လက်ရှိသုံးနေ သည့် မွေးနေ့မှာ ကျောင်းတက်စဉ်က ကျောင်းအုပ်ကြီးက ခန့်မှန်းပေးထားခဲ့သော မွေးနေ့သာ ဖြစ်၏။ ဤကား စကားချပ်) 

 

အမကြီးတို့ အပျိုဘဝတုံးက ကိုယ့်ယာထဲကထွက်သည့် ဝါကို ကိုယ့်ဘာသာဖန်ကာ ချည်ငင်လျက် ကိုယ့်ဘာသာ ယက်လုပ် ဝတ်ဆင်ကြတာ ဖြစ်၏။ ကျွန်ုပ် ငယ်စဉ်က ကိုယ့်ဘာသာယက်လုပ်ထားသည့် ကျွန်ုပ်အဖိုး ဦးမြကြီး၏ အင်္ကျီကြီးကို တွေ့ဖူးပါသည်။ သေသေချာချာ သိမ်းမထားမိတာ နှမြောစရာ ကောင်းလှပါဘိ။

 

ကျွန်ုပ်ငယ်စဉ်က အရီးတို့ အိမ်အပေါ်ထပ်တွင် အမကြီး အပျိုဘဝက ချည်ငင်ခဲ့သည့် ချား နှင့် ယက္ကန်းစင် ပစ္စည်းများ တင်ထားသည်ကို တွေ့ဖူးပါသည်။ ယခုတော့ ဘာတစ်ခုမှ မရှိတော့ဘဲ ပျောက်ပျက်ကုန်တာ နှမြောစရာ ကောင်းလှပါ သည်။ သည်လိုမျိုး အမွေအနှစ်များကို မည်သည့်နေရာတွင်မှ ပြန်မရနိုင်တော့ပါ။ 

 

အမကြီးသည် မျက်နှာလေးထောင့် ခပ်ကျကျ၊ ကိုယ်ခန္ဓာ တုတ်တုတ်ခိုင်ခိုင် ဖြစ်၏။ အတော်လည်း သန်မာသည်ဟု မှတ်မိပါသည်။ ကျွန်ုပ်မှတ်မိသမျှ အမကြီးသည် ဒေါသကြီးတတ်ပေမင့် ကောက်တာကျစ်တာ သိပ်မရှိ။ ဒေါသဖြစ်စရာ ရှိလျှင် ဝုန်းကနဲ ထဖြစ်လိုက်သည်။ နောက်ပြီးတော့ ပြီးသွား၏။ ရယ်စရာရှိလျှင်လည်း ဟန်ဆောင်ပန်းဆောင်မရှိ။ ဟက်ဟက်ပက်ပက် ရယ်တတ်၏။

 

ကလေး ၆ ယောက်မွေးသည့်အနက် သားယောက်ျားလေးမှာ တစ်ဦးတည်းဖြစ်သဖြင့် အမကြီးသည် ကျွန်ုပ်ကို အလွန်ချစ်၏။ 

ကျွန်ုပ် ၈ နှစ်သားလောက်တွင် ဦးကြီးမြသိန်း က လက်သမားခဲတံ လာချေး၏။ (ဦးကြီးမြသိန်းမှာ အဖေကြီး၏ နှမဝမ်းကွဲ အရီးအေးကြိုင်၏ အမျိုးသား ဖြစ်၏။ လက်သမားလုပ်၏။) ချေးခြင်း၏ သဘာဝမှာ ပြန်ပေးရရိုး ထုံးစံရှိ၏။ သို့သော် ဦးကြီးမြသိန်း၏ ချေးခြင်းကား ပြန်လမ်းမရှိသော ချေးခြင်းဖြစ်၏။ သို့အတွက် အမကြီးက ခဲတံကုန်နေပြီ အစ်ကိုမြသိန်း ရေ့ ဟု ငြင်း၏။ ကျွန်ုပ်က ဘီရိုထဲမှာ လက်သမားခဲတံများကို တွေ့ကြောင်း ပြော၏။ အမကြီးက ဟုတ်တယ်လူလေးရဲ့၊​ဒါပေမယ့် အဲဒီခဲတံတွေကို ဘုန်းကြီးကျောင်းက လက်သမားတွေကို ပေးလိုက်ပြီ ဟု ပြော၏။ ကျွန်ုပ်ကလည်း ရှိကိုရှိတယ် ဟု အတင်းငြင်း၏။

 

ဦးကြီးမြသိန်းပြန်သွားတော့ အမကြီးက ကျွန်ုပ်ကိုဖက်လျက် ဟက်ဟက်ပက်ပက် ရယ်ပါသည်။ ကျွန်ုပ်၏ ရိုးသားမှုကို ချစ်၍ ရယ်တာ ဖြစ်ပါလိမ့်မည်။ နောက်ပြီးတော့မှ ဦးကြီးမြသိန်းကို ပေးလိုက်သည့်အခါ မည်သည့်အခါမှ​ ပြန်မရသည့် အတွက် တမင် မပေးလိုက်ကြောင်း ရှင်းပြပါသည်။ ကျွန်ုပ်ကား တကယ့် သောက်တလွဲကောင် ဖြစ်၏။

 

ကျွန်ုပ် အသက် ၁၀ နှစ် ၁၁ နှစ်သားလောက်က ဖြစ်ပါလိမ့်မည်။ 

ဆောင်းဝင်စ၌ စပါးများ မှည့်စပြုပြီ။ ထိုအချိန်တွင် တောကအိမ်များတွင် သူသူငါငါ မုန့်ဆန်းထောင်းစားကြ၏။

ညဘက်တွင် မီးလှုံရင်း မုန့်ဆန်းထောင်းစားရန် အမကြီးက လူလေးရေ၊ ညကျ မုန့်ဆန်းထောင်းစားရအောင် ဒို့လယ်ထဲမှာ စပါးသွားရိတ်ချေ။ လယ်အဝင်ဝမှာ ဝင်းနေတဲ့ စပါးကွင်းရှိတယ်။ ကောက်လှိုင်းတစ်လှိုင်းစာ ရိတ်ခဲ့ ဟု ခိုင်းလိုက်၏။

 

ဟိုက်ရော၊ လယ်ထဲလည်းရောက်ရော ကြည့်လိုက်တော့ လယ်တစ်ကွင်းလုံး ဝင်းနေပါရော ခင်ဗျာ။ ကျွန်ုပ်လည်း ဘယ် အကွက်ထဲ ရိတ်ရမည်မှန်းမသိတာနှင့် နီးစပ်ရာစပါးကွင်းထဲဆင်းကာ ကောက်တစ်လှိုင်းစာ ရိတ်လာခဲ့၏။ အိမ်ရောက်တော့ အမကြီးက ဟက်ဟက်ပက်ပက် ရယ်လေ၏။ ဟဲ့ - လူကလေးရဲ့၊ မုန့်ဆန်းဆိုတာ ကောက်ညှင်းစပါး ကို ထောင်းရတာဟဲ့။ နင့်ဟာက ဆန်ကြမ်းကြီးတွေ၊ ဘယ်လိုလုပ် မုန့်ဆန်းထောင်းမတုံး ဟု ဆိုလေ၏။ ကျွန်ုပ်က ကောက်ကြမ်းမှန်း ကောက်ညှင်းမှန်းမသိ။ ခွဲလည်းမခွဲတတ်။ 

 

ဆောင်းတွင်းဆိုတော့ အသားတွေပတ်၏။ နှုတ်ခမ်းတွေ ကွဲသည်။ ကျွန်ုပ်က ‘အဝယီး၊ နခမ်းတွေ ကွဲသယ်’ (နှုတ်ခမ်းများ ခြောက်ပြီးကွဲနေတော့ စကား ကောင်းကောင်းမပြောနိုင်။) ဟု နှုတ်ခမ်းမစေ့ဘဲပြောတော့ အမကြီးက အုန်းဆီကို မီးကင်ကာ နှုတ်ခမ်းများကို လိမ်းပေး၏။ (အအေးဓာတ်ကြောင့် အုန်းဆီကလည်း ခဲနေ၏။)

 

တစ်ခါတော့ ဦးအောင်စိန်သည် ရှူးရှူးရှားရှားနှင့် ဒေါသထွက်ကာ အဖေကြီးနှင့် အမကြီးတို့ကို လာတိုင်လေ၏။ 

အသန်း၊ အသန်းရဲ့သားက ငါ့ကို အူကြောင်ကြောင် လို့ပြောတယ်။ 

ထိုအခါ အမကြီးက အစ်ကိုအောင်စိန်ရယ်၊ ကလေးပဲဟာ၊ သူဘာပြောလို့ ပြောမှန်းတောင်မှ သိပါလေရဲ့လား၊ ခွင့်လွှတ်လိုက်ပါဟု ရီမောပြောသည်နှင့် ဦးအောင်စိန်လည်း မကျေမနပ်နှင့် ပြန်သွားရလေ၏။ 

 

တစ်ခါတော့ ကျွန်ုပ်တို့ မောင်နှမတစ်စု (မမ၊ ကျွန်ုပ်နှင့် မြင့်) တို့ လယ်ထဲလိုက်သွားကာ ချောင်းထဲတွင် ဆင်း ကစား နေကြ၏။ မောင်နှမတတွေ ဆူညံပွက်လောရိုက်နေသဖြင့် အမကြီးအော်ခေါ်နေသံကို မကြား။ အတော်ကြာလို့ တက်လာ ကြတော့ အမကြီးဒေါသမှာ အထွဋ်အထိပ်သို့ ရောက်နေချေပြီ။ ဟင်၊ ဒီလောက် အော်ခေါ်နေတော မကြားရအောင်၊ ဘာတွေ ဖြစ်နေသလဲ၊​ ငါ့မှာတော့ နင်တို့ သေကုန်ကြပြီလားလို့ စသဖြင့် အသားကုန် ဆူဆဲပါလေ၏။

 

ကျွန်ုပ်ငယ်စဉ်က အသည်းအသန် နှစ်ခါ ဖျားဖူး၏။

 

တစ်ကြိမ်မှာ ၆ နှစ် ၇ နှစ်သားလောက်ထင်ပါသည်။ ဖျားတော့ တောထုံးစံအတိုင်း ချွေးထွက်အောင်ဟု ခြင်ထောင်ထဲတွင် စောင်များ အထပ်ထပ် ခြုံပေးထား၏။ ကလေးမှာ အပူများပြီး သတိလစ်နေ၏။ အမကြီးက ငိုကြီးချက်မနှင့် ဖြစ်နေတော့ အိမ်နီးနားချင်းတွေ ဝိုင်းလာကြ၏။ ဟဲ့ ဘယ်လိုနေသေးလဲ စသဖြင့် ခြင်ထောင်ကိုဖွင့်၊ စောင်များကိုဖယ်၊ ကိုယ်ကို စမ်းတော့မှ အပူကျသွားကာ ကျွန်ုပ်လည်း သတိပြန်လည်လာလေ၏။ ထိုအချိန်က ကျွန်ုပ်ကိုကြည့်နေသည့် အမကြီး၏ မျက်နှာကို ကျွန်ုပ်တစ်သက် မည်သည့်နည်းနှင့်မှ မမေ့ဖျောက်နိုင်ပါ။ မိခင်တစ်ယောက်၏ စိုးရိမ်စိတ်၊ ချစ်ခြင်းမေတ္တာ၊ အကြင်နာတို့ ပေါင်းစုနေသည့် မျက်နှာဖြစ်ပြီး မည်သည့်စာနှင့်မှ ရေးဖွဲ့ပြရန် မဖြစ်နိုင်စကောင်းပါချေ။ 

 

နောက်တစ်ကြိမ် ကျွန်ုပ် ၆ တန်းကျောင်းသားလောက်က ကွင်းကောက်မှာ အလွန် အဖျားကြီးလေ၏။ ကျွန်ုပ်မှာ ခြင်ထောင်မှ အကွက်များကို ကြည့်လျက် စစ်သားတွေချီလာပြီ။ အောင်မယ်လေး လုပ်ပါအုံး၊ မြားတွေနဲ့ ပစ်နေပြီ။ အမေပုံ့ရေ ကာထားပေးပါ စသဖြင့် ကယောင်ကတမ်းများ ပြောနေလေ၏။ 

 

ထိုသတင်းကို ရွာမှ အမကြီးကြားတော့ မနေနိုင် မထိုင်နိုင်တွေ ဖြစ်နေလေ၏။ မိုးကလည်း အသည်းအသန် ရွာနေသည့် ကာလဖြစ်လေရာ ကွင်းကောက်ကိုလည်း မသွားနိုင်။ ငါ့သားလေးသေရင်တော့ ငါလည်းလိုက်သေမှာပဲ ပြောသည် ဆို၏။

မိခင်တစ်ဦး၏ သောကကို အသင်တို့ ခန့်မှန်းနိုင်ပါသည်။

 

အဖေကြီးကား ပါးစပ်ထဲ လက်ထည့်ပေးလို့မှ​ မကိုက်တတ်သူ ဖြစ်ရကား သူ (သမဝါယမလားမသိ) လူကြီးလုပ်တော့ စာရင်းကွာတာလား ဘာလားမသိ။ အမကြီး၏ ဆွဲကြိုးလား၊ လက်စွပ်လားကို တိတ်တိတ်ယူရောင်းကာ ဆပ်လိုက်၏။ အမကြီးမှာ ဒေါသထွက်လျက် ရန်များ အကြီးအကျယ်တွေ့၏။ အဖေကြီး ပြန်ပြောသလား မပြောသလား မမှတ်မိပါ။ ကျွန်ုပ် လေးငါး ခြောက်နှစ်သားလောက်က ဖြစ်ပါသည်။

 

နောက် အမကြီးနှင့်ပတ်သက်၍ မှတ်မိနေတာတစ်ခု ရှိပါသေးသည်။ 

ကျွန်ုပ် ၆ နှစ် ၇ နှစ်သားလောက်က ကိုရင်ဝတ်၏။ ကျွန်ုပ်တို့ ဦးလေးဝမ်းကွဲ မောင်ခါဘူးက ပဉ္စင်းတက်၊ ကိုကိုတင်ထူးနှင့် ကျွန်ုပ်က ကိုရင်ဝတ်။ 

ဓာတ်ပုံရိုက်တော့ ၂ ပုံလား၊ ၃ ပုံလား မပြောတတ်။ 

လူစုံတက်စုံပါသည့် ဓာတ်ပုံက တစ်ပုံပဲပါ၏။ ထိုပုံကို မောင်ခါဘူး၏အမေ ဘွားအေးတင်တို့က ယူထားလိုက်၏။

အမကြီးကိုတော့ ကျွန်ုပ်ပုံမပါသည့် ဓာတ်ပုံကို ပေး၏။

ဟဲ့ - ငါ့သားလေးမပါတဲ့ဓာတ်ပုံကို ငါက ဘာလုပ်ရမလဲဟု အမကြီးသည် အကြီးအကျယ် စိတ်ဆိုးလေ၏။

 

ကျွန်ုပ်မှာ အသက် ဆယ်နှစ်သားလောက်ထိသာ အမကြီးနှင့် အတူနေခဲ့ဖူးတာဖြစ်၏။ လေးတန်းအောင်တော့ ကွင်းကောက်ကို ကျောင်းသွားတက်ရတာဆိုတော့ နွေကျောင်းပိတ်ရက်၊ အိမ်ပြန်ရောက်မှ အမကြီးတို့နှင့် အတူနေရတာ ဖြစ်၍ အမကြီးအကြောင်းကို သိပ် မမှတ်မိတော့ပါ။

 

အမကြီးဆုံးတာ ၁၉၇၆ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက် ဆိုတော့ အသက် ၄၁ နှစ် ဖြစ်၏။

အမကြီးသည် ကောင်းရာသုဂတိ လားပါစေသတည်း။

ဆက်ပါဦးမည်။

အေးငြိမ်း
၁၅ ဇန္နဝါရီ ၂၀၂၅

No comments: