ကျွန်ုပ်တို့ငယ်ငယ် ကျောင်းသားဘဝ စာစီစာကုံး ရေးကြရာ၌ “မိုးရွာသော နေ့တစ်နေ့” ဟူသော ခေါင်းစဉ်ဖြင့်လည်း ရေးခဲ့ကြရသည် ထင်ပါ၏။
၁၉၉၄/၉၅ လောက်က ကျောင်းသားများကို စာစီစာကုံးပြိုင်ပွဲ လုပ်ပေးတော့ ကျွန်ုပ်က “မျှော်လင့်ချက် မနက်ဖြန်” ဟူသည့် ခေါင်းစဉ်ဖြင့် ပြိုင်ခိုင်းမည် ကြံ၏။ သို့သော် ဆရာမကြီးက ကျောက်ရှာ၏။ (ဟုတ်သလေ၊ ကျောက်တစ်လုံး အောင်သွားရင် သူဌေး ဖြစ် ဖြစ် . . . ဟုတ်ပေါင်၊ မွှားကုန်ပြီ။) ကြောက်ရှာ၏။ သူတို့ ဘာတွေမျှော်လင့်ထားမှန်းမှ မသိတာ ဆိုပြီး ကျွန်ုပ်ခေါင်းစဉ်ကို ပယ်ချလျက် ‘မိုးရွာသော နေ့တစ်နေ့’ ကဲ့သို့သော ခေါင်းစဉ်ကို ပေးလေ၏။ ဘယ့်နှယ်ကွယ်၊ တက္ကသိုလ်ကျောင်းသားတွေကို ‘မိုးရွာသော နေ့တစ်နေ့’ များ ရေးခိုင်းရတယ်လို့။ ယခွမ်း
သို့သော် ကျွန်ုပ်မှာ ဌက္ကဌမဟုတ်လေရကား ဘာမှမတတ်နိုင်။ အောင့်သက်သက်ဖြင့် သဘောတူလိုက်ရလေသော ဟူသတတ်။
ဤသည်ကား ကျွန်ုပ်၏ အတိတ်ဘဝက လွမ်းစရာဇာတ်လမ်းလေးများဖြစ်၏။
စင်ကာပူကလည်း မိုးကောင်းလိုက်သမှ။ လမ်းပေါ်မှာ ရေတွေလျှံသည်ထိ နေ့ရောညပါ အသားကုန်ရွာလေ၏။
သည်တော့ ကျွန်ုပ်လည်း “မိုးရွာသော နေ့တစ်နေ့” အကြောင်း ရေးချင်လာပြန်သဖြင့် ရေးလိုက်ရပြန်ပါချေသည် တမုံ့။
++++++++++++++++++++++
မိုးရွာသော နေ့တစ်နေ့
နှိုးစက်ပယောဂနဲ့ အိပ်ယာကနိုးလာတော့ မိုးတဖြောက်ဖြောက်ရွာနေသံကို ကြားရတယ်။ ပြတင်းပေါက် အလူမီနီယမ် sunshade ဘောင်တွေကို မိုးပက်နေတာ။
မိုးကလည်း မနေ့ကတည်းက ရေပုံးသွန်ချသလို ရွာနေတာ။ တစ်နေ့လုံးရွာ။ တစ်ညလုံးရွာ။ ညတုံးက ည ၉ နာရီ သင်တန်းပြီးလို့ ပြန်လာတော့ မိုးက ရွာလို့ကောင်းတုံး။ လမ်းပေါ်မှာ ရေတွေလျှံနေတော့ စီးလာတဲ့ဖိနပ်တွေလည်း အကုန်စိုကုန်တာပဲ။ မြန်မာညှပ်ဖိနပ်က ပြဿနာမရှိဘူး။ အခြောက်မြန်တယ်။ ရှူးဖိနပ်ကတော့ အထဲပါ မိုးစိုပြီဆို တော်တော်နဲ့ မခြောက်တော့ဘူး။ မိုးသည်းပြီဆို ထီးကလည်း အပေါ်ပိုင်းပဲ လုံတာ။ အောက်ပိုင်းတစ်ပိုင်းလုံး တုတ်တုတ်ကျ။
ဘာမှအလုပ်မရှိရင်တော့ မိုးလေးအေးအေးနဲ့ အိပ်ယာထဲမှာ ကွေးနေဘို့ ကောင်းတာပေါ့။ ဒါပေမယ့် အလုပ်က ရှိသေးတော့ ဇိမ်ယူနေဘို့ အချိန်မရှိဘူး။ နှိုးစက်ကိုပိတ်၊ တစ်မိနစ်လောက် နှပ်နေပြီး အိပ်ယာက လူးလဲထရတယ်။ သိပ်ကြာနေရင် အလုပ်နောက်ကျမှာ စိုးရသေးတာကိုး။
စင်ကာပူမှာက အလုပ်ဝင်တာကို တချို့နေရာတွေမှာ မျက်နှာကို scan လုပ်ပြီး ဝင်ရတယ်။ ဟော တချို့ကျတော့ လက်ဗွေနှိပ်ပြီး ဝင်ရတယ်။ အခုသွားမယ့်နေရာကတော့ ရုံးရောက်တော့မှ ကိုယ့်ဖုန်းက Apps ကိုဖွင့်ပြီး check-in လုပ်ရတာ။ ဒါဆို အိမ်မှာကတည်းက အဲဒီ apps ဖွင့်ပြီး log in လုပ်လို့မရဘူးလား။ ဟင့်အင်၊ မရပါခင်ဗျ။ သူက GPS နဲ့ ချိတ်ထားတာဆိုတော့ ကိုယ်ဘယ်ရောက်နေတယ်ဆိုတဲ့ တည်နေရာကိုပါ ဖော်ပြနေလို့ ရုံးရောက်မှ လုပ်ရတာ။
နောက်ပြီး သူတို့က တစ်မိနစ်လောက် နောက်ကျရင်ကို မက်ဆေ့တွေ ဝင်လာပြီ။ မင်း ဒီနေ့အလုပ်နောက်ကျတယ်။ ငါတို့က လခကို အလုပ်ဝင်ချိန် ထွက်ချိန်နဲ့တွက်တာ။ အလုပ်နောက်ကျရင် blah blah blah . . . . ။ ဆိုတော့ အဲဒီစာတွေ မဖတ်ချင်လို့ တတ်နိုင်သမျှ နောက်မကျအောင် သွားလေ့ရှိကြတယ်။ ပြန်ရင်လည်း အဲသလိုပဲ တစ်မိနစ်မှတောင် စောထွက်လို့မရဘူး။
ကိုယ်က အလုပ်မသွားခင် မနက်စောစော ရေချိုးလေ့ရှိတယ်။ ရေမချိုးရင် ကပ်စီးကပ်စီးနဲ့ အဝတ်ဝတ်ရတာ၊ နေရထိုင်ရ တာ အဆင်မပြေဘူး။ အခု မိုးကရွာနေတော့ ရာသီဥတုကလည်းအေး၊ ရေတွေကလည်း အေး။ ဆိုတော့ ရေပူနဲ့ ချိုးရတာပေါ့။ မိုးကလည်း တဖြောက်ဖြောက် ရွာလို့ကောင်းတုံး။ ကောင်းကင်ကြီးကလည်း မည်းလို့မှောင်လို့။
ထုံးစံအားဖြင့် ကိုယ်က အလုပ်ကို စက်ဘီးနဲ့သွားတာ။ အိမ်နဲ့အလုပ်နဲ့က ၈ ကီလိုမီတာပဲဝေးတော့ လေ့ကျင့်ခန်းလည်း လုပ်ပြီးသား ဖြစ်တာပေါ့။ ဒါပေမယ့် မိုးရွာနေရင် စက်ဘီးစီးရတာ အဆင်မပြေဘူး။ အဲဒီတော့ စက်ဘီးစီးမဲ့အစား ဘတ်စ်ကားနဲ့သွားဘို့ ဆုံးဖြတ်လိုက်တာ။ စက်ဘီးနဲ့ဆို ၃၅ မိနစ်လောက် နင်းရတဲ့ခရီးကို ဘတ်စ်ကားနဲ့သွားရင် တစ်နာရီ နီးပါးကြာတယ်။ အိမ်နေ ဘွန်လေးဘူတာကိုလမ်းလျှောက်။ ဘွန်လေးကနေ ဂျူကွန်းကို ရထားစီး။ ဂျူကွန်းဘူတာကနေ ကားဂိတ်ကို လမ်းလျှောက်။ ဘတ်စ်ကားစောင့်။ ကားကလည်း သိတဲ့အတိုင်း သူ့လမ်းကြောင်းအတိုင်း လှည့်ပတ်မောင်း တာ ဆိုတော့။
အိမ်ကနေ အလုပ်ရှိရာ 46 Tuas Road ကို စက်ဘီးနဲ့ဆို 7.86 km, ၃၅ မိနစ်။ အခု ရထားတစ်တန်၊ ကားတစ်တန်ဆိုတော့ 9.8 km, ၅၂ မိနစ်။
မနက်စာ စားသောက်ပြီး အိမ်ကထွက်လာတော့ မိုးက သည်းနေတာမဟုတ်တောင် ဖွဲဖွဲလည်းမဟုတ်။ အတော်လေး ရွာနေတယ်။
စင်ကာပူမှာ တစ်ခုချစ်စရာကောင်းတာက အိမ်တွေကနေ ကားမှတ်တိုင်အထိ၊ ကားမှတ်တိုင်ကနေ ဘူတာအထိ စသဖြင့် လူသွားလမ်း ပလက်ဖောင်းတွေကို အမိုးတွေ လုပ်ပေးထားတယ်။ နောက်ပြီး HDB block တွေ အောက်ကနေလည်း လျှောက်လို့ရတယ်။ ဆိုတော့ ကားလမ်းဖြတ်ကူးရမယ့်နေရာလောက်ပဲ ထီးလိုတာ။ ဒါတောင် မီးပွိုင့်တွေမှာ Share umbrella တွေ ထားပေးသေးတယ်။ မီးပွိုင့်ဒီဘက်က ထီးကိုယူဆောင်းသွား။ လမ်းဟိုဘက်ရောက်တော့ ထီးကို ထားဘို့ လုပ်ပေးထားတဲ့နေရာမှာ ထားခဲ့။
ဆိုတော့ ဒီကလူတွေက ထီး သိပ်သယ်လေ့မရှိဘူး။ မိုးအနည်းအပါးရွာနေလို့ကတော့ ဒီအတိုင်း ဖြတ်လျှောက် သွားကြတာပဲ။ နောက်ပြီး စင်ကာပူကထီးတွေကလည်း ဒန်နဲ့လုပ်ထားတာဆိုတော့ ကြာရှည်သုံးဘို့ မကောင်းဘူး။ မြန်မာတွေဆောင်းတဲ့ ထိုင်းကလာတဲ့ သံမဏိထီးတွေကမှ တောင့်တောင့်တင်းတင်းနဲ့ ဆောင်းလို့ကောင်းတာ။
စင်ကာပူမှာလား။ စင်ကာပူမှာက အနောက်တောင်မုတ်သုံနဲ့ အရှေ့မြောက်မုတ်သုံဆိုပြီး နှစ်မျိုးရှိတယ်။ အဲဒီနှစ်မျိုးအနက် အနောက်တောင်မုတ်သုံက ဇွန်ကနေ စက်တင်ဘာထိ။ အဲဒီကာလမှာ ပူပြီး ခြောက်သွေ့တယ်။ အရှေ့မြောက်မုတ်သုံက ဒီဇင်ဘာကနေ မတ်လထိ။ အဲဒီကာလမှာ မိုးရွာတယ်။ ဒါပေမယ့် ဖေဖော်ဝါရီရောက်ရင် မိုးနည်းသွားတယ်။ ဒါပေမယ့်ဗျာ၊ စင်ကာပူမှာ မိုးနည်းတာနဲ့ များတာပဲရှိပြီး တစ်နှစ်ပတ်လုံးလိုလို မိုးရွာတတ်ပါတယ်။
မိုးအကြောင်းပြောရင်းနဲ့ ဘေးတွေတောင် ရောက်ကုန်ပြီ။
ကိုယ်အိမ်ကထွက်လာတော့ မိုးအတော်ရွာနေတယ်။ တခြား အလုပ်သွားတဲ့သူတွေလည်း အသီးသီး အသက အသက အိမ်ထဲက ထွက်လာကြတယ်။ ထီးလေးတွေ ကိုယ်စီနဲ့ပေါ့။
မိုးက တစ်ညလုံးရွာနေတာဆိုတော့ လမ်းပေါ်မှာ ရေလျှံနေတာ မဟုတ်တောင် ရေအတော်များတယ်။ ဆိုတော့ ဖိနပ်တွေ ရေမစိုရအောင် နည်းနည်း ကုန်းမြင့်တဲ့နေရာကနေ ရွေးလျှောက်ရတယ်။
မိုးရွာနေတဲ့အတွက် လေထုကလည်း စိုထိုင်းထိုင်းနဲ့။ တချက်တချက် လေတိုက်လိုက်တော့ မိုးမွှားလေးတွေ ကိုယ်ကို လာပက်တယ်။ အေးစိမ့်စိမ့်နဲ့။ ကြည့်ရတာ မိုးကစဲမယ့်ပုံ မပေါ်ဘူး။ ကောင်းကင်တစ်ခုလုံးလည်း အုံ့မှိုင်းနေတာပဲ။
ဘူတာအဝင်မှာ ရေစိုနေတဲ့ထီးတွေထည့်ဘို့ ပလတ်စတစ်အိတ်ကလေးတွေ ထားပေးတယ်။ တစ်အိတ်ယူပြီး ထီးကို ထိုးထည့်။ တွေ့ရသလောက် မိုးကာဝတ်တဲ့သူ မပါဘူး။ မိုးကာကြီးဝတ်ပြီး ဝင်လာရင်တော့ ကြမ်းတွေ စိုရွှဲကုန်မှာပေါ့။ ပလက်ဖောင်းတလျှောက်မှာလည်း ကြမ်းတွေစိုနေတယ်၊ ချော်လဲတတ်တယ်ဆိုတဲ့ အန္တရာယ်သတိပေး ဆိုင်းဘုတ်လေး တွေ ထောင်ထားတယ်။ တချို့နေရာတွေမှာ မိုးယိုလို့ ပုံးနဲ့ရေခံထားတာလည်း တွေ့ခဲ့ရတယ်။
မိုးက စင်ကာပူတစ်နိုင်ငံလုံး ရွာသနဲ့တူပါရဲ့။ တခြားဒေသတွေမှာ ရေကြီးတဲ့ သတင်းတွေ တွေ့တယ်။ ကိုယ်တို့အနောက် ပိုင်းမှာတော့ ဒီလောက် ရေမလျှံပါဘူး။ ရွာချလိုက်တဲ့ မိုးရေတွေ အကုန် မြောင်းထဲစီးသွားတယ်။ အဲလေ ဧရာမရေမြောင်းကြီးထဲမှာတော့ တဝေါဝေါနဲ့ ရေတွေပြည့်လို့ပေါ့။
သားကတော့ ကျောင်းသွားရင် weather forecast ကို ဖွင့်ကြည့်ပြီး ထီးယူမယူ ဆုံးဖြတ်တယ်။ မင်းဟာ မှန်ပါ့မလားကွာ ဆိုတော့ မှန်တယ် ဖေရီးရဲ့ ဆိုပါလား။ ကိုယ်ကတော့ စက်ဘီးစီးရင် မိုးရွာသည်ဖြစ်စေ မရွာသည်ဖြစ်စေ မိုးကာအင်္ကျီ၊ ဖိနပ်စွပ်ဘို့ ပလတ်စတစ်အိတ်၊ သားရေကွင်းစတာတွေ အမြဲ အပြည့်အစုံ ယူသွားလေ့ရှိတယ်။ အနို့ မိုးနဲ့နွားသိုး အစိုးမရဘူး ဆို မဟုတ်လားဗျာ။
ရုံးမှာနေတုံးလည်း တစ်နေ့လုံး ဖွဲဖွဲ ဖွဲဖွဲရွာလိုက် သည်းလာလိုက်ပါဘဲဗျာ။ ရပ်သွားတယ်လို့ကို မရှိဘူး။
ပြန်တော့မယ်လည်းဆိုရော မိုးလည်း အသည်းအသန် ချတော့တာပဲဗျို့။
အဲဒါကလည်း ထုံးစံလိုဖြစ်နေပြီ။ အလုပ်သွား အလုပ်ပြန်မှာ ရွာမယ်။ ကျန်တဲ့အချိန်တွေမှာ တိတ်နေမယ်။ ဘာမိုးမှန်း မသိဘူး။
လေကလည်းတိုက်နေတော့ ကျောပိုးအိတ်ကို ရှေ့မှာပိုက်၊ ထမင်းဘူးထည့်တဲ့အိတ်ကို လက်ကဆွဲ။ ထီးကတဖက်။ နည်းနည်းတော့ ကသီတာပေါ့ဗျာ။ ဒါပေမယ့် ဘာတတ်နိုင်မှာတုံး။
တစ်နေ့လုံး မိုးရွာ၊ လေတိုက်ဆိုတော့ ဘတ်စ်ကားမှတ်တိုင်မှာလည်း စိုရွှဲနေတာပဲ။
ဘတ်စကားက နှစ်ထပ်ဘတ်စ်ကား။ သုံးမှတ်တိုင်ပဲ စီးရမှာဆိုတော့ အပေါ်တက်မနေတော့ဘူး။ မိုးလည်း နည်းနည်းစိုနေတာနဲ့ အောက်မှာပဲ မတ်တပ်ရပ် လိုက်ခဲ့တယ်။
နောက်ပြီးတော့ Tuas Crescent မှာ ဘတ်စ်ကားကနေ ရထားပြောင်းစီး။
ဘူတာပလက်ဖောင်းပေါ်ကနေ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ ဝန်းကျင်တစ်ခုလုံး မိုးမွှားလေးတွေနဲ့ အုံ့ဆိုင်း မှုန်မှိုင်းလို့။
မိုးရွာလို့ ချမ်းပါတယ်ဆိုမှ ဘူတာထဲမှာ အချင်း ၄ မီတာလောက်ရှိတဲ့ ပန်ကာကြီးတွေကလည်း တဝီဝီ လည်လို့ပါလား။ ချမ်းထှာ။ ယခွမ်း
ရထားထဲမှာလည်း အဲကွန်းက အေးစိမ့်လို့။
ဘွန်လေးဘူတာကနေ အိမ်ထိတော့ မိုးရွာထဲ သိပ် မလျှောက်ရတော့ဘူး။ Street 64 လမ်းကြီးတစ်ခုပဲ ဖြတ်ရတာ။ အိမ်ဘက်ရောက်ပြီဆို ကားပါကင်နဲ့ ဘလောက်တွေအောက်ကနေ လျှောက်လို့ရတယ်။
ဟော၊ အခုတော့ အပြင်မှာ မိုးသံမကြားရပြန်ဘူး။ အေးလေ ညရောက်တော့ သူလည်း အိပ်ချင်ရှာပေမပေါ့။ မိုးလင်းလို့ ငါတို့ အလုပ်သွားတော့မယ်ဆိုမှ အသည်းအသန်ချပေါ့ကွာ။ ယခွမ်း
ကျေးဇူးတင်ပါသည်။
အေးငြိမ်း (အိပ်ယာထမှာ မိုးအေးအေးနှင့် ကွေးချင်သူ)
၁၃ ဇန္နဝါရီ၊ ၂၀၂၅
No comments:
Post a Comment