(၁) ကျွန်ုပ်နှင့် $တလွဲ စက်ပြင်ဆရာများ
ကျွန်ုပ် DIY သမားဖြစ်ခြင်းအကြောင်း ယခင်အခါများကလည်း ရေးခဲ့ဖူးပါ၏။
DIY လုပ်ခြင်းသည် ကောင်း၏။
အသင်တို့သည် အိမ်၌ နေကြရ၏။ အလုပ်သွားကြရ၏။
အီလက်ထရောနစ်သော် လည်းကောင်း၊ အီလက်မထရောနစ်သော် လည်းကောင်း ပစ္စည်းများကို သုံးကြရ၏။
အသင်တို့သည် အိမ်တွင်သော် လည်းကောင်း၊ အလုပ်၌သော်လည်းကောင်း အကြောင်းတစ်ခုခုကြောင့် ပစ္စည်းတစ်ခုခု ပျက်စီးချို့ယွင်းခြင်းနှင့် ကြုံရမည်မှာ မလွဲ။
ထိုအခါ ထိုပျက်စီးချို့ယွင်းသွားသည့် ပစ္စည်းကို ကိုယ်တိုင်ပြင်နိုင်လျှင်၊ ပြင်တတ်လျှင် မကောင်းပါသလော။
ကောင်း၏။ အလွန်ကောင်း၏။ မတရားကောင်း၏။ သောက်ကျိုးနဲ ကောင်း၏။
အကယ်၍ အသင်တို့သည် ထို ပျက်စီးသွားသည့် ပစ္စည်းကို ကိုယ်တိုင်မပြင်တတ်ပါမူ ပြင်တတ်သူကို ခေါ်ရမည်။
ပြင်တတ်သူက ချက်ချင်းလာချင်မှ လာနိုင်မည်။
ထိုအခါ သူလာသည်ထိ စောင့်ရမည်။
တစ်နာရီလောက် စောင့်ရလျှင် အကြောင်းမဟုတ်။
သုံးရက်လောက် စောင့်ရပါမူ ဒွတ်ခများတော့မည်။
နောက်ပြီး ပြင်ခ ပိုက်ဆံလည်း သူတောင်းသလောက် ပေးရဦးမည်။
ပိုဆိုးသည်မှာ တတ်ယောင်ကားနှင့် တွေ့ပါက ခဏပဲကောင်းပြီး မကြာခင် ပြန်ပျက်မည်။
အခြေအနေပိုဆိုးလျှင် မိမိ၏ ပစ္စည်းအကောင်းကြီးသည်ပင် ၎င်းက မသိနားမလည်ဘဲ ဟိုထိုးသည်ထိုး ထိုးသည့်အတွက် ကြောင့် ပျက်စီးသွားနိုင်ပေလေသေး၏။
(ပမာပြရလျှင် - သာမန်ဖျားနာနေသည့် လူနာတစ်ယောက်ကို ဒေါက်တာရမ်းကု ဆေးထိုးလိုက်မှ မာလကီးယား သွားရသကဲ့သို့တည်း။)(ဒေါက်တာရမ်းကုက ပေါက်တတ်ကရဆေးတွေ ရမ်းထိုးပေးလိုက်လို့ သေသည့်တိုင် အနှီ ဒေါက်တာရမ်းကုကို မည်သူကမှ အပြစ်မတင်။ ရောဂါမှာ ကျွမ်းနေပြီဖြစ်သည့်အတွက် ဆရာ ဆေးတစ်လုံးထိုးရုံမျှနှင့် သေရသည် ဟု ယူဆကြကုန်၏။ သနားစရာ သတ္တဝါများပါပေ။)
ဦးကြီးငချစ်ကတော့ “ငါတို့တော့ သာဦးကို ခါးပိုက်ဆောင်ထဲ ထည့်ထားရတာပဲဟေ့” ဟု ပြော၏။
တောင်သူဆိုတော့ ဦးကြီးငချစ်တွင် အင်ဂျင်နှင့်မောင်းသည့် ရေတင်စက်ကလေး ရှိ၏။
ရွှံ့ထဲရေထဲမောင်းရသည့်စက် ဆိုတော့ မကြာခဏ ပျက်၏။
သာဦးက ဦးကြီးငချစ်တို့ရွာ (ပိန္နဲကွင်း) မှ စက်ဆရာဖြစ်၏။
(သာဦးသာမက ဆံပင်ရှည်ရှည်၊ ညှင်းသိုးသိုးနှင့် ဦးပဉ္စင်းတစ်ပါးသည်လည်း သင်္ကန်းကြီး တကားကားနှင့် စက်ပြင် ပေလေသေး၏။)
စက်ပျက်သည့်အခါတိုင်း သာဦးကို ပင့်ရ၏။
သာဦးက စက်လာပြင်ပေး၏။ သုံးပြီး များမကြာမီ ပျက်ပြန်၏။ သာဦးကို ခေါ်ရပြန်၏။
စက်မောင်းလို့ရသည့် ပိုက်ဆံမှာ သာဦးကိုပေးရတာနှင့်ပင် မလောက်။
ဤသည်မှာ ဦးကြီးငချစ်တစ်ဦးတည်း မဟုတ်မူ၍ တောမှ စက်သမားအားလုံးလိုလိုပင် ဖြစ်သတည်း။
သို့သော် သူတို့ ဘာတတ်နိုင်ပါသနည်း။ ဘာမှ မတတ်နိုင်ပါ။ သည်လိုနှင့်ပဲ စခန်းသွားနေကြရ၏။
အခုတော့ ဦးကြီးငချစ်လည်း မရှိတော့ပါ။ သာဦးသည်ပင် ရှိချင်မှ ရှိပါတော့မည်။
ဟိုတစ်နေ့က “ကိုင်း - ဆိုစမ်းပါအုံး၊ ကိုရင်တို့ မြန်မာပြည်မှာတုံးက ဘာအလုပ်တွေများ လုပ်ခဲ့ကြသတုံး” ဟု ကျွန်ုပ်က မေးလေသော် “ကျော်က ဆိုင်ကယ်ပြင်ပါတယ်” ဟု တစ်ယောက်က ဖြေ၏။
အဲ့ငယ်၊ တယ်လဲ ဟုတ်လိုက်ပါကလားကွဲ့။ အဲသဟာဆို ဆိုင်ကယ်တစ်စီး အလုပ်လုပ်ပုံအကြောင်း မေးကြည့်ရအောင်။ ပထမ အင်ဂျင်ကစမယ်။ 4 stroke ဆိုတာ ဘာတုံး။
အင်း . . အဲစ် . . .
သည်ငနဲ 4 stroke ဆိုတာ မသိ။ 2 stroke ကိုလည်း မသိ။
“သဟာဆို ကာဘရိုက်တာတစ်လုံး ဘယ်လိုအလုပ်လုပ်သလဲ သိသလား။”
“ဟိုဒင်း . . ဟိုဟာ”
ကာဘရိုက်တာဆိုတာ ဘာမှန်းတောင်မသိ။
အဲသဟာနဲ့များ ဆိုင်ကယ်ပြင်ပါသတဲ့။ အံ့ဩကုန်နိုင်ဘွယ်ပါပေ။
နောက်တစ်ယောက်ကတော့ မီးဆင်တာ ၁၀ နှစ်ကျော်ပြီဆို၏။
“ဒါဆိုကိုယ့်လူရယ်၊ အိမ်သုံးမီးက ဗို့အား ဘယ်လောက်ရှိသလဲ” ဆိုတော့ “၅ ဗို့” ဟု ဖြေ၏။
Oh my goat.
ကျွန်တော့်တူကလေး “ချမ်းမြေ့အောင်” သေရသည်မှာ လေးမျက်နှာမြို့နယ် ဆရာဝန်ဂျီး ဆိုသည့်လူ $$သုံးမကျ၍ ဖြစ်၏။ ဆရာဝန်များ အသုံးမကျ၍ ကျွန်တော် အနာတစိုစိုကြီးနှင့် (၆) လလောက်နေခဲ့ရသည့်အကြောင်း ရေးပြခဲ့ ပြီးပါပြီ။
ကျွန်ုပ်တို့အိမ်က ၂၀၀၀ ခုနှစ်မှာ အိမ်စတက်တာဆိုတော့ ကျွန်ုပ်အိမ်ဝယ်တော့ (၁၀) နှစ်သားပဲ ရှိသေး၏။ အိမ်က Air Cond မှာ စတပ်ကတည်းက တစ်ခါမှ လဲရသေးဟန် မတူ။ သည်တော့ ဟောင်းလှပြီ။ ဧည့်ခန်းထဲက Air Cond က လုံးဝ မအေးတော့။ မီတာခကလည်း အလွန်များလှ၏။
ကိုနွယ်ဝင်းက ‘အစ်ကို့၊ ကိုဟိုဒင်း အဲယားကွန်းပြင်တယ်’ ဆိုပြီး လူတစ်ယောက်နံပတ်ကို ပေး၏။ ကျွန်ုပ်လည်း ထို ကိုဟိုဒင်းကို ခေါ်၏။ ကိုဟိုဒင်းက အဲယားကွန်းကို ဖွင့်ပြီး ‘ဟိုယူနစ်လဲရမည်’ ဆို၏။ လဲပေါ့။ လဲသွား၏။ လဲသွားပြီးသည့် တိုင် မအေး။ ဘာမှ မထူး။
ထပ်လာပြန်၏။
အစ်ကို့၊ ခယ်မီကယ်ဝါ့ရှ် လုပ်ရမယ်။ အေးလေ လုပ်ပေါ့။
Chemical cleaning လုပ်သည်။ မအေး။
ပိုက်ဆံ ၅၀၀ နီးပါးကုန်သွားသည်။ ဘာမှ မထူး။
သို့နှင့် ကျွန်ုပ်လည်း အင်တာနက်မှ AirCond Service ကိုရှာပြီး ခေါ်ပြ၏။
“အာ၊ မင့် အဲကွန်းကြီးက အိုလှပြီ။ ဘာမှလုပ်လို့မရတော့ဘူး။ အသစ်သာလဲလိုက်တော့” ဆို၏။
ကျွန်ုပ်လည်း အိမ်မှာတပ်ထားသမျှ (အိပ်ခန်း ၃ လုံး၊ ဧည့်ခန်း ၁ လုံး) set လိုက် အကုန်လဲလိုက်လေ၏။ သည်တော့မှပဲ ကောင်းသွားတော့၏။
ကိုဟိုဒင်းကောင်းမှုဖြင့် ပိုက်ဆံ ၅၀၀ အပိုထွက်သွားလေ၏။
၎င်းသည် အဲယားကွန်းမကောင်းတော့မှန်း မသိလေရော့သလား။ ဘာကြောင့် ဟိုဟာဒီဟာတွေ လျှောက်လုပ်ပြီး ကျွန်ုပ် ပိုက်ဆံများကို ဖြုန်းရဘိသနည်း။
တစ်ခါကလည်း ဘယ်လိုကနေ ဘယ်လို ဆက်သွယ်မိမှန်းမသိ။ မြန်မာကောင်လေးတစ်ယောက် AirCond service လာလုပ်၏။ Outdoor unit ပါ ဆေးရမယ် အစ်ကို့ ဟု ဆို၏။ ငမ် - အဲဒါဆေးရင် ဘယ်လောက်ကျမလဲ ဆိုတော့ ၉၀ ဟု ဆို၏။ ကျွန်ုပ်လည်း မဆေးလိုက်။ နောက်တော့မှ ကျွန်ုပ်တွင်ရှိသော water hose ကို အိမ်သာထဲမှ ခေါင်းနှင့်ဆက်လျက် ကွကိုယ် ဆေးလိုက်၏။ ပိုက်ဆံ (၉၀) သက်သာသွား၏။
သူပြောသည့် outdoor unit ကိုပါ ဆေးရမယ်ဆိုတာ condenser fin များကို ရေနှင့်ဆေးတာသာဖြစ်၏။ သည်လောက်တော့ ကျွန်ုပ်လည်း လုပ်တတ်ပါ၏။ ဘာရမဒုံးကွာ။ ဖျက်ကယ်နစ်ကယ် အင်ဂျင်၂၀၀ ပေကပဲ။ အဟက်စ်
နောက်ပြီး တံခါးလာပြင်သွားတာ အသုံးမကျလို့ ကိုယ့်ဘာသာကိုယ် ပြန်လုပ်ရခြင်းအကြောင်းလည်း ရေးခဲ့ဖူးပါ၏။
(၂) ကျွန်ုပ် ကိုယ့်ဘာသာကိုယ် DIY ခြင်း
တော်ရုံတန်ရုံလောက်တော့ ကိုယ့်ဘာသာကိုယ်ပဲ DIY ကြပါ ကိုယ့်လူတို့။
အသင်တို့သည် အသင်တို့၏ တန်ဘိုးကြီးလှသည့် ပစ္စည်းများကို တတ်ယောင်ကားများအား ပိုက်ဆံပေးပြီး မဖျက်ခိုင်းပါ လေနှင့်။
ကျွန်ုပ်ကား ထို တိုလီမုတ်စ၊ လက်မှုလုပ်ငန်းကလေးများ လုပ်ရတာကို ဝါသနာပါသူ ဖြစ်လေရကား ကျွန်ုပ်ထံ၌ လက်နက်ကိရိယာမျိုးစုံ ရှိလေ၏။ ကျွန်ုပ်တွင် -
လျှပ်စစ်လုပ်ငန်းသုံး ခဲဂဟေဂေါက်နှင့် ခဲခွေ (soldering wire) ရှိ၏။ ကညင်ဆီ (solder paste) လည်း ရှိ၏။ Multi meter လည်းရှိ၏။ မီးတိပ်များ၊ အပိုဝါယာများလည်း ရှိ၏။ Tester ၄ ချောင်းရှိ၏။
ဝက်အူလှည့်များမှာ အရွယ်စုံ၊ ဒီဇိုင်းစုံရှိ၏။ နာရီပြင်သည့် ဝက်အူလှည့် ပေါက်စနလေးများ၊ လက်ကိုင်အတိုနှင့် ဝက်အူ လှည့်။ လက်ကိုင်အရှည်နှင့် ဝက်အူလှည့်၊ ဖြုတ်တပ်လို့ရသည့် ဝက်အူလှည့်။
ပလိုင်ယာ၊ တူ၊ လွှ၊ ကျားလျှာ၊ Sand paper, ဖောက်စူး, မွေးညှပ်,
Single sided, double sided, Paper tape, Aluminium tape, cloth tape, teflon tape (sealing tape) စသည့် တိပ်မျိုးစုံ
Adjustable Spanner အကြီးတစ်ချောင်း၊ အသေးနှစ်ချောင်း၊ Ring spanner, open spanner, box spanner မျိုးစုံ
Pipe wrench,
FPS, Metric Allen Key ၃ စုံ
Drill အကြီးတစ်ခု၊ အသေးတစ်ခု၊ ရိုးရိုး Drill bit, Concrete drill bit, raw plug, expension bolt, nylon plug
Bolt and nuts, သံ, မူလီမျိုးစုံ၊ ကော်ဘူးမျိုးစုံ
ပလိုင်ယာ၊ wire cutter, ပေကြိုး အကြီးနှစ်ဘူး၊ အသေးတစ်ဘူး၊ Die-in ပေကြိုး တစ်ဘူး၊ ဗာနီယာကလစ်ပါ တစ်ခု
ပြီးခဲ့သည့် ရက်ပိုင်းက ကျွန်ုပ် စက်ဘီးစီးခြင်းအကြောင်း ရေးတင်လိုက်တော့ ကိုထွန်းအောင်မြင့်က စက်ဘီးခွေချိန်ဘို့ စပုတ်တိုင်စပန်နာကလေးကို online မှ ရှာဖွေမှာကာ ကျွန်ုပ်ထံ ပို့လိုက်လေ၏။ ကျွန်ုပ်လည်း ဝမ်းသာအားရနှင့် ဘရိတ် ညိနေသည့် ခွေများကို ချိန်ရန် ကြိုးစားလေ၏။
ပထမ ဘီး alignment ကို ကြည့်ဘို့ အရင်စဉ်းစားရ၏။ သားကစားသည့် သစ်သားချောင်းကလေးကို အလယ်မှပိုင်းလျက် ဟိုဘက်သည်ဘက်ချိန်ကာ double sided tape နှင့် ဖောက်ပေါ်ကပ်၊ အပေါ်မှ တိပ်ဖြင့်ထပ်ကပ်လိုက်၏။ ထို့နောက်မှ ဘီးကို ဖြည်းဖြည်းချင်း လှည့်လျက် ချိန်ရ၏။
ဘီးချိန်တာ ဘာမှ မခဲယဉ်းပါ။ ခွေ (rim) ကို ညာဘက်သို့ ရွေ့စေလိုလျှင် ပဒေါင်းပေါ်မှ ညာဘက် စပုတ်များကိုတင်း၊ ဘယ်ဘက်စပုတ်များကို လျှော့။ အဲလေ တစ်ဖက်က တင်းလိုက်ရင် opposite side ဘက်က ခွေက လိမ်သွားလို့ စိတ်ရှည်လက်ရှည် ဖြည်းဖြည်းချင်း အလျော့အတင်း လုပ်ယူရသပေါ့။ နာရီဝက်လောက်ကြာမှ ရှေ့ခွေပြီးသည်။
ဘရိတ်မညိတော့သော စက်ဘီးမှာ လေးမနေတော့ဘဲ အလွန်သွက်စွာ ပြေးလေ၏။ ကျေးဇူးပါ ဘကြီးအောင်။
လွန်ခဲ့သည့်လကလည်း မီးခံသေတ္တာကလေးမှာ မီးများလင်းလျက် ဖွင့်ပိတ်မရတော့။ ကျွန်ုပ်လည်း Youtube ၌ လိုက်ရှာကာ မျိုးစုံလုပ်ကြည့်၏။ မရ။ ဘယ်လိုမှ မရ။ ချွေးများပင် ပြန်ပါ၏။ နောက်တော့မှ ခလုတ်များကို သေသေ ချာချာ ပြန်စစ်။ လားလား၊ ခလုတ်တစ်ခုမှာ ကပ်နေ၏။ ပြန်မတက်။ ထိုကျပ်နေသည့်ခလုတ်ကို ဝက်အူလှည့်လေးနှင့် ကော်ထုတ်။ ခလုတ်ပြန်တက်လာတော့ မီးလည်းပိတ်သွားပြီး ကောင်းစွာ အဖွင့်အပိတ်လုပ်လို့ ရသွားလေ၏။ ဤသည် မှာ physical fault ဖြစ်၏။ သတိမမူ၍ ဂူမမြင်ခြင်းလည်း ဖြစ်၏။
မီးခလုတ်ပြင်တာ၊ ပန်းကန်ဆေးရေစင်က ရေပိုက်ခေါင်းလဲတာ၊ အိမ်သာရေစိမ့်နေတာ၊ valve လဲတာ စသည့် အသေးအဖွဲကိစ္စများမှာ ကျွန်ုပ်အတွက် ဘာမှ ပြောပလောက်သည့် ကိစ္စများ မဟုတ်။ သားအခန်းက မီးအိမ်ကို ဖြုတ်ပြီး dimmable light နှင့်ပင် ပြောင်းပေးလိုက်သေး၏။ Doorlock လား။ ကွကိုယ်လဲသည်။
သားအတွက် ကုတင်အသစ်ဝယ်တော့ IKEA က ပါကင်လိုက်ပို့လိုက်၏။ သူတို့ဆင်ပေးရမည်ဆိုလျှင် ၄၀ ပေးရမည်ဆို၏။ အောင်မယ်ကွယ် ကုတင်ဆင်တာများ။ ကျွန်ုပ် ကွကိုယ်ဆင်လိုက်၏။
အဝတ်လျှော်စက်ဝယ်တော့လည်း သူတို့ဆင်ပေးရမလား မေး၏။ ဟင့်အင်း၊ ကျွန်ုပ် ကွကိုယ်ဆင်သည်။ ထိုင်ခုံများ နဲ့နေတော့ အကုန် bracket တွေ လိုက်တပ်လိုက်၏။ ကိုယ်တပ်ရတာတင် အားမရလို့ သားကိုပါ သင်ပေး၏။ သူ့ဘာသာသူ bracket တွေကို drill နှင့် တပ်သွားတတ်တော့ သားက ပျော်နေလေ၏။
အချို့သူများမှာ ဤသည့် လက်မှုလုပ်ငန်းကလေးများကို ဘာဆို ဘာတစ်ခုမှ မလုပ်တတ်။
သည်ခေတ်ကြီးတွင် ထမင်းဟင်းချက်ပုံမှအစ သည်အရာများအားလုံးကို youtube ၌ လေ့လာသင်ယူနိုင်ပါသည်။ တခါတရံ ကျွန်ုပ်သည်လည်း Youtube တွင် လေ့လာသင်ယူရသည်သာ ဖြစ်၏။
အသင်မိတ်ဆွေတို့အားလည်း ကွကိုယ် DIY ကြပါဟု တိုက်တွန်းပါ၏။
အလုပ်တစ်ခု အောင်မြင်စွာပြီးမြောက်သွား၍ ရသည့် အရသာကို ပိုက်ဆံပေး ဝယ်လို့မရ။
ပို၍ အရေးကြီးသည်မှာ ကိုယ့်ဘာသာကိုယ် လုပ်ထားတာဖြစ်၍ စိတ်ချလက်ချ သုံးနိုင်၏။
သို့သော်စ် -
DIY ဆိုတိုင်း ရမ်းလုပ်ပါဟု ဆိုလိုခြင်းမဟုတ်ကြောင်း မိတ်ဆွေတို့ သိပါသည်။
သိအောင် လေ့လာပါ။ တတ်အောင် ကြိုးစားပါ။ မသိလျှင် မေးပါ။ မတတ်လျှင် သင်ယူပါ။
အသင်တို့ သားသမီးများကိုလည်း DIY တတ်အောင် သင်ပေးပါ။
အသင်တို့ တကယ်လုပ်ကြည့်မှ DIY ၏ တန်ဘိုးကို နားလည်ကြလိမ့်မည် ဖြစ်ကြောင်း။
မွင်းခါးပွဲတွေ တိုးပါစေ။ သောင်းလှိုင်သားလည်း ဂိုးပါစေ။
ပီဒက်ကလေးများ ကျန်းပါစေ။ စစ်ခွေးအားလုံး ဂန့်ပါစေ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၉ စက်တင်ဘာလ၊ ၂၀၂၃
No comments:
Post a Comment