Saturday, September 9, 2023

ကျွန်ုပ်နှင့် နဂါးပူးသည် ဆိုခြင်းအကြောင်း

အခု ခေတ်စားနေသည့်အရာတစ်ခုမှာ နဂါးပူးခြင်း ဖြစ်သတည်း။

 

အမှန်က နဂါးပူးခြင်း၊ ဂဠုန်ပူးခြင်း၊ အာဠာဝကပူးခြင်း စသည်တို့မှာ အဆန်းတော့ မဟုတ်ပါလေ။

 

ကျွန်ုပ်တို့ ငယ်စဉ်ကတည်းက အာဠာဝကစီးတယ် ဟု ကြားဖူးခဲ့၏။ အာဠာဝက အစီးခံရသူမှာ အရက်သမား လူကြမ်းကြီးများ ဖြစ်၏။ အာဠာဝကစီးသည့်အခါ ခုန်လိုက်ပေါက်လိုက်၊ အော်လိုက်ဟစ်လိုက်နှင့် မည်သူမျှ ထိန်းချုပ်လို့မရ ဆို၏။ ကျွန်ုပ်မူ အာဠာဝကစီးသည်ကို တစ်ခါဖူးမျှ မတွေ့ခဲ့ဖူးပါ။ လူများပြောတာသာ ကြားဖူးပါသည်။

 

ကျွန်ုပ်တို့ငယ်စဉ်က ကျေးလက်တောရွာများဘက်တွင် အကြောင်းမျိုးစုံဖြင့် နတ်က ကြ၏။ အထူးသဖြင့် တစုံတယောက် အကြီးအကျယ် ကျန်းမာရေး ချို့ယွင်းလာသည့်အခါ နတ်က ကြ၏။ နတ်ပွဲသွားကြည့်သူ ကျွန်ုပ်လည်း နတ်ဝင်သည်များ နတ်ပူးသည်ကို မြင်ဖူးပါ၏။

 

အမှန်မှာ အာဠာဝကစီးသည်၊ နတ်ပူးသည် ဆိုခြင်းတို့မှာ အာဠာဝက အစီးခံရသူ၊ နတ်ပူးခံရသူတို့၏ စိတ် အခြေအနေ တစ်ရပ်သာ ဖြစ်၏။ ၎င်းတို့ကိုယ်၌က ငါ့ကို ကိုကြီးကျော်ပူးတယ်ဟု ထင်ကာ ကိုကြီးကျော်ကဲ့သို့ ပြုမူခြင်း၊ ကိုကြီးကျော် ကဲ့သို့ အရက်သောက်ပြခြင်းသာ ဖြစ်၏။ အာဠာဝက အစီးခံရသူမှာလည်း ဘယ် အာဠာဝက ကမှ လာစီးတာ မဟုတ်။ သူ့ကိုယ်သူ လူ့ဘီလူးကြီးဟုထင်မြင်ကာ စိတ်ကြမ်းလူကြမ်းဖြင့် အကြမ်းတကာ့ အကြမ်းဆုံး ရမ်းပြလိုက်ခြင်းသာ ဖြစ်သတည်း။ နောက်တစ်ခုဖြစ်နိုင်သည်မှာ အရက်ဖြတ်ဆေးများ သောက်ကာ အရက်သောက်ချိန် အရက်မသောက်ရ၍ ယင်းထကာ သောင်းကျန်းခြင်း ဖြစ်၏။

 

ကျွန်ုပ် ကျောင်းပြီးစ ရွာ၌ပြန်နေစဉ်ကာလ တစ်နေ့တွင် အိမ်တစ်အိမ်သို့ အာဠာဝကတိုက်ကာ ခဲမိုးရွာသည်ဟု သတင်းထွက်လာ၏။ ကျွန်ုပ်လည်း ဤသည့်ကိစ္စမျိုး၌ အလွန်စိတ်ဝင်စားသူ ဖြစ်လေရကား ထို ခဲမိုးရွာပြီး ထိုအိမ်မှလူများ မနေဝံ့၍ ထွက်ပြေးနေရသည့်အိမ်သို့ နှမများကိုခေါ်ကာ နေဝင်ရီတရောအချိန်၌ သွား၏။ ဟိုရောက်သော် အိမ်ပေါ်တက်ထိုင်၍ “ဟလို ကိုရင်အာဠာဝက၊ ငါ့ခေါင်းကို ခဲနဲ့ နှစ်လုံးလောက် ထုပြစမ်းပါကွာ” ဟု ချဲလင်းလုပ်လေ၏။ ထိုအိမ်ပေါ်၌ တစ်နာရီ နီးပါးလောက်ထိုင်ပြီး ပေါက်တတ်ကရများ ပြောနေသည့်တိုင် အကျွန်ုပ်၏ ဦးခေါင်းပေါ်သို့ လည်းကောင်း၊ ကျွန်ုပ်တို့ ထိုင်နေသည့် အိမ်ပေါ်သို့လည်းကောင်း ဘာခဲတစ်လုံးမှ ကျမလာခဲ့။ 

 

ထိုသည့်နောက် ဘာခဲမှ ကျမလာသည့်အဆုံး “မင့်ကွာ၊ ငါတို့ကြည့်ချင်ပါတယ်ဆိုမှ ဟိုဘက်ရွာသွား အရက်က သောက်နေရသေးတယ်။ ပြန်ရောက်ရင် ငါတို့အိမ်ဘက် လာခဲ့ဟေ့” ဟု မနိုင့်ရင်ကာပြောလျက် ပြန်ခဲ့ကြလေ၏။ 

 

နတ်နဂါးကိုးကွယ်မှုမှာ ပုဂံခေတ်ကတည်းကရှိခဲ့သည် ဆို၏။ 

အမှန်ကိုဆိုရလျှင် ထို နတ်တို့၊ နဂါးတို့ဆိုသည်မှာ လူတို့က ကိုယ့်ဘာသာကိုယ် ဖန်တီး၊ ကိုယ့်ဘာသာကိုယ် အရုပ်ထု၊ ကိုယ့်ဘာသာကိုယ် နာမည်ပေးလျက် ကိုယ့်ဘာသာကိုယ် ကိုးကွယ်ကြတာသာ ဖြစ်၏။ 

ဤသည်ထက် ဘာမှ မပို။

 

အမှန်စင်စစ်၊ ဤကမ္ဘာလောကကြီးတွင် ဘာနတ်၊ ဘာနဂါးကမှ ရှိတာမဟုတ်။ 

နဂါးဆိုသည်မှာ မြွေအကြီးစားကို ခေါ်ခြင်းမျှ ဖြစ်လျက် ဘာအမောက်ကြီးတွေ၊ ခြေထောက်ကြီးတွေမှ ပါတာမဟုတ်။ 

နဂါးခေါင်းပေါ်မှ အမောက်ကြီးများမှာ ပန်းချီ၊​ ပန်းပုဆရာတို့က တင်ပေးထားခြင်းမျှသာ ဖြစ်၏။

ထိုအထဲ ဘူရိဒတ်နဂါးမင်း၊ နန္ဒောပနန္ဒနဂါးမင်း စသဖြင့် ဘုရားနှင့် ကိုင်ပေါက်လိုက်လေရာ လူတို့၏ယုံကြည်ချက်မှာ ပိုမို ခိုင်မာ သွားလေတော့၏။

 

သို့သော် ထိုနတ်နဂါးကိုးကွယ်မှုသည် တန်ခိုးရှိတန်သလောက် ရှိပါ၏။

ဥပမာ - လူတစ်ဦးသည် အသည်းအသန် မမာမကျန်း ဖြစ်နေသည်ဆိုပါစို့။ ၎င်း၏ စိတ်ထဲတွင် ဟိုတစ်နေ့က ငါ ဟိုအပင်ကြီးခြေရင်းမှာ အပေါ့သွားမိလို့ နတ်ကိုင်တာဟု ထင်နေ၏။ ထိုအခါ ထိုနတ်ကို ပူဇော်ပသ၊ တောင်းပန်ပေးလိုက် ပါ။ ရောဂါပျောက်သွားလိမ့်မည်။

 

ဤသို့ရောဂါပျောက်ခြင်းမှာ ထို ကိုင်ထားသည့်နတ်က စိတ်ဆိုးပြေလို့ သူ့ကို ခွင့်လွှတ်ပေးလိုက်တာ မဟုတ်။

အင်း၊ ငါတော့ ကိုယ်တော်ကြီးကို တောင်းပန်လိုက်ပြီ။ အခုလောက်ဆို သူစိတ်ဆိုးပြေသွားပြီ ဟု သူကိုယ်တိုင်၏ ယုံကြည်ထင်မှတ်စိတ်က သူ့ကို ပြန်ကုပေးလိုက်ခြင်း ဖြစ်၏။

 

လူနာ၏ ယုံကြည်စိတ်က ၎င်းကိုပြန်ပြီး ကုသနိုင်လောက်သည့် အစွမ်းသတ္တိရှိကြောင်း သက်သေသာဓက များစွာ ရှိ၏။ ရွှေဘိုဦးသန်းထွန်း ထင်ပါသည်။ ရေးထားသည့် စာအုပ်တစ်အုပ်တွင် (အသက်အစိတ်လောက်က ဖတ်ခဲ့တာဖြစ်၍ စာအုပ် နာမည်ကို မမှတ်မိတော့။) အနောက်နိုင်ငံမှ ဆရာဝန်တစ်ဦးသည် လူနာများကို မည်သည့်ဆေးမှ မပေးဘဲ ဆေးဆိုးထား သည့်ရေကိုသာ သောက်ခိုင်း၏။ (အဲလေ၊​ လူတွေကိုတော့ ဘယ့်နှာလုပ်ပြီး ‘ကျုပ်၊ ရေနဲ့ ဆေးကုနေပါတယ်’ လို့ ပြောလို့ ဖြစ်မတုံးဗျာ။) လူနာများလည်း ရောဂါပျောက်ကင်းလျက် ထိုဆရာဝန်မှာ အထူးနာမည်ကြီးကြောင်း ပါရှိ၏။ ထိုစာအုပ်မှာ အဂ္ဂါကေစီအကြောင်း ရေးထားသည့်စာအုပ်နှင့် တစ်အုပ်ထဲအတူတူ ဖြစ်မည် ထင်ပါသည်။ 

 

ကျွန်ုပ်တို့ အထက်တန်းကျောင်းသားဘဝက အထက်တန်း မြန်မာစကားပြေလက်ရွေးစင် စာအုပ်၌ “ဆေးဆရာ” ထင်ပါ သည်။ ဆောင်းပါးတစ်ပုဒ်ပါ၏။ ဆရာမှာ မြန်မာဗိန္ဒောဆရာဖြစ်လျက် ဆရာအိုဟု နာမည်ရ၏။ 

 

ဆရာအို ဆေးကုပုံမှာ ထူးဆန်း၏။

ဆရာအို ဆေးကုပုံများကို ထိုဆောင်းပါးထဲ၌ အတော်များများ ဖော်ပြထားသော်လည်း ယခု တစ်ခုလောက်သာ ပြောပါရစေ။

 

တစ်ခါသော် ကလေးမတစ်ဦးမှာ အပြင်းအထန် ဖျားနာပြီး မျက်လုံးနှစ်လုံးချိုင့်ဝင်သွားလျက် မျက်စိလည်း ကွယ်သွားလေ၏။ ဘယ်ဆရာမှ ကုလို့မရ။

 

သို့နှင့် ဆရာအိုထံ ရောက်လာ၏။ 

ဆရာအိုက ထိုကလေးမကို ကိုင်း၊ ကလေးမ၊ ဟောဒီပူစီပေါင်းသုံးလုံးကို ဖောင်းလာအောင်မှုတ်။ ပူစီပေါင်းတွေ ဖောင်းလာရင် နင့်မျက်လုံးလည်း ကောင်းလာလိမ့်မယ် ဆိုကာ ပူစီဖောင်းသုံးလုံးပေးလျက် မှုတ်ခိုင်း၏။ ကလေးမလည်း မျက်လုံးပြန်မြင်ချင်ဇောနှင့် အားတက်သရော မှုတ်လေ၏။ ပူစီပေါင်း သုံးလုံးလည်းဖောင်း၊ မျက်လုံးများလည်း ပြန်ပြည့်လာကာ အကောင်းပကတိအတိုင်း ပြန်မြင်ရလေသတည်း။

 

သို့သော် ယခင်ကလူများ နတ်၊ နဂါးကိုးကွယ်မှုမှာ ရိုးသားမှုကို အရင်းခံလျက် သူတို့၏ ယုံကြည်ချက်အရ ကိုးကွယ်ကြခြင်း ဖြစ်၏။

 

ယခုခေတ် နဂါးပူးသည့် ကိစ္စများတွင်မူ ကျွန်ုပ်က ဂျင်းပြုတ်ရည်နံ့ အနည်းငယ်ရသည် ထင်ပါ၏။ 

 

၂၀၁၅၊ ၁၆ လောက်က ဦးစံလင်းက ဘာတဲ့၊ ရေအောက်မှာ နဂါးမင်းတွေက မီးထွန်းပွဲကျင်းပနေလို့ ခေါင်းလောင်းကြီးက ဘာဖိတယ် ဆိုလာ့စ်၊ လူတွေလည်း အုတ်အော်သောင်းတင်း သွားကြည့်ကြလေရဲ့။ ရေအောက်မှာ မီးထွန်းတယ်ဆိုတော့ ကျွန်ုပ်က အင်း၊ ရေထဲမှာ မီးထွန်းတယ်ဆိုတော့ ပိုးစုန်းကြူးတွေကိုဖမ်းပြီး ဖန်ပေါင်းချောင်ထဲ လှောင်ထားသနဲ့ တူပါရဲ့ လို့တောင် တွေးမိပါသေး။ အဟိစ်၊​ မိုးကြိုးအတုံးလိုက် ပွတ်ရပါစေရဲ့။

 

စစ်စစ်ပေါက်ပေါက်သာ လိုက် ဆာဗေးလုပ်ကြည့်ပါက ဤဘဒ္ဒကမ္ဘာကြီးတွင် ဂျင်းထည့်လို့ အကောင်းဆုံးတိုင်းပြည်မှာ ဗမှားပြည်ကြီးဖြစ်မည် ထင်ပါ၏။ 

 

ဘယ့်နဲ့ဗျာ။ ဟို သီလရှင်က သူနဲ့ဖက်အိပ်ရင် ရောဂါပျောက်မယ်ဆိုလည်း သွားကြ။

ဘယ်ဘုန်းကြီးက ရေမန်းကောင်းတယ်ဆိုလည်း ကားကြီးကားငယ်တွေနဲ့ အုတ်အော်သောင်းတင်း။

နေစမ်းပါအုံး။ လူချင်းအတူတူ သူတို့ကမှ ပိုစွမ်းနေတယ် ဆိုရအောင် သူတို့က ဘာတွေမို့လို့တုံး။ 

ဤကဲ့သို့သော ပို့စ်များ ကျွန်ုပ် အတော်များများ ရေးခဲ့ဖူးပါပြီ။

အချို့ကို ကျွန်ုပ် blog, အောက်ပါ link များ၌ ဖတ်နိုင်ပါ၏။

 

ယုန်သူငယ်၊ ပညာ၏တန်ဘိုးနှင့် ကာလမသုတ်

http://shwenyein.blogspot.com/2011/03/blog-post_20.html

 

၂၀၁၂၊ ရေကြည်ကုန်းဘုန်းကြီးနှင့် ရှမ်းဘုန်းကြီး အိပ်မက်များ

http://shwenyein.blogspot.com/2009/11/blog-post.html

 

ယောဂီစိတ္တရ ဓမ္မဝိဇ္ဇာဆရာကြီး

http://shwenyein.blogspot.com/2010/01/blog-post_6172.html

http://shwenyein.blogspot.com/2010/02/blog-post.html

 

ဤသည်မှာ ဟိုဒေါင်းဇား၊ ခွေးမသား စစ်ဗိုလ်ချုပ်များနှင့် တိုက်ရိုက်သက်ဆိုင်နေ၏။

 

ဒေါင်းဇားဂိုဏ်းချုပ် နေဝင်းသည် ၁၉၆၂ တွင် အာဏာသိမ်းကာ တံခါးပိတ်ဝါဒ ကျင့်သုံးလျက် တိုင်းပြည်ကို ရောရုဝ ရောက်အောင် ဆွဲချခဲ့၏။ လူများသည် ၇၅% ခန့် ငတုံးများ ဖြစ်ကုန်၏။ (ဤ ၇၅% ဆိုသည်မှာ တိုင်းပြည်ရှိ လူဦးရေကို ပြောခြင်းမဟုတ်မူ၍ အပြည့်အဝ တွေးခေါ်ဆင်ခြင်တတ်သူကို ၁၀၀% သတ်မှတ်လျက်၊ ဗမာပြည်မှ လူများမှာ ၂၅% မျှသာ တွေးခေါ်ဆင်ခြင်တတ်ကြတော့သည် ဟု ဆိုလို၏။)

 

နေဝင်းအစိုးရကို ၈၈ ခုနှစ်တွင် လူထုအုံကြွမှုကြီးဖြင့် ဖြုတ်ချလိုက်လေရာ တိုင်းပြည်ကြီး ဂျောက်ထဲကျဘို့ လက်နှစ်လုံး လောက်အလိုတွင် ဒေါင်းဇားချုပ်မှူးကြီး သန်းရွှေက ကယ်တင်လိုက်ပြန်၏။ ဆာဒူး၊ ဆာဒူး ဆာဒူး 

 

နောက်ဘုန်းကြီး နှစ်ချက်ခေါက် ဟူသော စကားအရ ဂျောက်ထဲကျဘို့ လက်နှစ်လုံးလောက်သာ လိုတော့သော တိုင်းပြည် ကြီးကို သေရွှမ်းက ဖနောင့်နှင့် အသားကုန်ပေါက်ချလိုက်လေရာ နေဝင်းလက်ထက်က ရောရုဝမျှ ရှိခဲ့သည့်တိုင်းပြည်မှာ မဟာတာပနထိတိုင် ကျဆင်းသွားလျက် လူများမှာလည်း ၉၈.၆% လောက် တုံးကုန်ကြလေသတည်း။ 

 

သည်အထဲ ဗိုလ်ဖင်တွန့်က ဒေါ်စိန်အေးက သင်ပေးလိုက်သည့် ပညာများကို အစွမ်းကုန်သုံးလျက် မြန်မာ့ပညာရေးကို ရစရာမရှိအောင် အသားကုန်ဖျက်ဆီးလေတော့ရာ ဗမှားပြည်မှ လူများမှာ ၉၉.၉% ထိ အသားကုန် တုံးကုန်ကြပြန် လေတော့သတည်း။ ဘယ့်နှယ်ဗျာ၊ ဦးစံလင်းခေါင်းလောင်းဆယ်တာ သွားကြည့်တဲ့လူက မြန်မာ့ပြင်ညာရေး ကော်မတီ ဥက္ကဌလုပ်နေမှတော့ ဒီပညာရေး $$သုံးမကျ၊ ဘယ်ပညာရေး $$$$သုံးကျပါတော့မဒုံး။ ကျုပ်ကို ပြောဇမ်းဘှာ။

 

ယခုမူ လူဆိုးတကာတို့၏ ထိပ်ခေါင်၊ သူခိုးတကာတို့၏ဂိုဏ်းချုပ်၊ ဓားပြတကာတို့၏ အဓိပတိ၊ လူသတ်သမားတို့၏ အကြီးအမှူးဖြစ်သူ ခွေးအောင်လှိုင်သည် တိုင်းပြည်ကို မဟာအဝီစိရောက်အောင် ဆွဲချသွားလေတော့ရကား ဗမှား ပြည်သူအပေါင်းတို့မှာ ၁၀၀% ကို ကျော်လွန်လျက် ၂၇၈.၆၃% လောက်ရောက်အောင် တုံးကြရပြန်လေကုန်သတည်း။

 

ဤသည်ပင်လျှင် နဂါးပူးရခြင်း အကြောင်းရင်း ဖြစ်သတည်း။

 

အကယ်၍ အသင်တို့မှာသာ စဉ်းစားဆင်ခြင်နိုင်သည့် ဉာဏ်ကလေး နှမ်းစေ့တစ်ခြမ်းမျှ​ ပါခဲ့ပါမူ အသိဉာဏ်ရှိသည့် လူကို တိရစ္ဆာန်လည်းဖြစ်သည့်၊ ဤကမ္ဘာလောကတွင်လည်း မရှိသည့် နဂါးက ပူးသည်ဆိုခြင်းမှာ ဖြစ်နိုင်ပါမည်လော ဆိုခြင်းကို ဆင်ခြင်နိုင်လိမ့်မည် ဖြစ်ကြောင်း။

 

AYoe ခွေးအောင်လှိုင်သည် အမြန်မသာပေါ်ပါစေသတည်း။

 

ဖတ်ရှုအားပေးသူအပေါင်းကို ကျေးဇူးတင်ပါသည်။ 

 

အေးငြိမ်း

၉ စက်တင်ဘာလ၊ ၂၀၂၃

No comments: