အနို့ -
နေစမ်းပါဦး။
ကျုပ်အသက်ကလေး နည်းနည်းလောက် တွက်ကြည့်ပါရစေဦး။
ကောဇာသက္ကရာဇ် ၁၃၂၄ ခုနှစ်ဖွား ဆိုတော့ အင်း ၁၃၈၅ - ၁၃၂၄ = ၆၁
အဲ့ငယ် - ၆၁ နှစ်ကြီးများတောင် ရှိမှကိုးစ်။ ယခွမ်းဒဲ့မှ
ခုထိ ၃ ကီလိုမီတာကို မမောမပန်းပဲ ပြေးနိုင်သေးတယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ၃၆ နှစ် တစ်ရက်လျော့လောက်ပဲ ထင်နေတာ။
ကျွန်ုပ်သည် ငယ်စဉ်အခါ ကာလများကတည်းက အိမ်အတွင်း၌ လေ့ကျင့်ခန်းများ လုပ်လေ့ရှိပါ၏။ ကျွန်ုပ် ကျောင်းပြီးစ အလုပ်ရှာနေစဉ်ကာလများဆီက ကိုမြင့်မောင်အိမ်၌ နေခဲ့၏။ တစ်ခါသော် (၁၉၈၇ ခုနှစ်လောက်က) ကိုမြင့်မောင့်အမေ ရန်ကုန်လာ၏။ ကျွန်ုပ် ညနေပိုင်း လေ့ကျင့်ခန်းလုပ်နေစဉ် ကျွန်ုပ်၏ ကိုယ်လက်လှုပ်ရှားမှုများမှာ နတ်ကသည်နှင့် တူသဖြင့် လေ့ကျင့်ခန်း မလုပ်ပါနှင့်ဟု တားမြစ်လေ၏။ ကျွန်ုပ်လည်း အဖွားကြီးမှ စိတ်ချမ်းသာပါစေတော့ဟု ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်းကို ရပ်နားထားခဲ့ရ ဖူးလေ၏။
ထိုစဉ်က ထိုအနီးအနားရှိ ဗျိုင်းရေအိုးစင်လမ်း၊ ဖိုးစိန်လမ်းမှသည် ကရဝိတ်ရောက်အောင် ပြေးခဲ့ဖူးပါ၏။ သို့သော် ပုံမှန် မဟုတ်။ တခါတလေမှ ပြေးတာဖြစ်၏။ ဘိုလိမ်းလမ်းနှင့် နတ်ချောင်းဘက်ကိုလည်း ပြေးခဲ့ဖူးသည် ထင်ပါသည်။ သို့သော် ဤဘက်လမ်းများက ရှုပ်လှ၏။ ဖိုးစိန်လမ်းက လူသိပ်မရှုပ်။
အပြေးကောင်းမှုကြောင့် ငယ်စဉ်က သူခိုးအဖမ်းခံခဲ့ရပုံကလေးကိုလည်း ပြန်ပြောင်း ဖောက်သည်ချပါရစေဦး။
၁၉၇၈ ခုနှစ်၊ ဆယ်တန်းကျောင်းသားဘဝ။
ကျွန်ုပ်သည် ငယ်စဉ်ကတည်းကစ၍ ယခုအချိန်အထိ အားကစားဆို ဘာအားကစားကိုမှ ဝါသနာမပါခဲ့။ မလုပ်စဖူးခဲ့။ အလေ့အကျင့်လည်းမရှိခဲ့။
အထက်တန်းကျောင်းသားဘဝတွင် လူရည်ချွန်စာမေးပွဲဆိုတာကြီး ဖြေရ၏။ လူရည်ဆိုတာ ဗလငါးတန်ပြည့်မှ ချွန်မည် ဆိုလေတော့ တစ်တန်သောဗလဖြစ်သည့် ကိုယ်ကာယကြံ့ခိုင်မှုအတွက်လည်း လုပ်ကြရ၏။
ကျွန်ုပ်မှာ အများယောင်လို့ယောင်၊ အမောင်တောင်မှန်းမြောက်မှန်းမသိ ဖြစ်လေရကား သူငယ်ချင်းတွေက တစ်တန်သော ဗလ အတွက် ပြေးတာကောင်းသည်ဆို၍ ကျွန်ုပ်လည်း မနက်စောစော ဝေလီဝေလင်းတွင် ဘောင်းဘီအတို၊ စွပ်ကျယ်ချိုင်းပြတ်ကလေးဝတ်လျက် လေးမျက်နှာမြို့တော်၏ တစ်ခုတည်းသော တာလမ်းမကြီးပေါ်၌ ဖုတ်ဖက်၊ ဖုတ်ဖက်နှင့် ပြေးလေသော ဟူ၏။ ဘယ်သူမှ အိပ်ယာက မထသေး။ ကျွန်ုပ်တစ်ဦးတည်းရှိ၏။ လမ်းမီးရောင်ကလည်း မှုန်တိမှုန်မွှား။
ပြေးလို့မှ မီတာ ၁၀၀ မပြည့်သေး၊ ဖုန်းဖုန်း ဖုန်းဖုန်းနှင့် လူများလိုက်လာကြလေ၏။ လက်ထဲမှာလည်း တုတ်တွေ၊ ဓားတွေနှင့်။
ဟေ့ကောင်၊ မပြေးနဲ့။ ရပ်စ်။
အောင်မငီး။ ဖျား ဖျား။ ရင်တွေပန်းတွေတုန်လိုက်ပါဘိ၊ ယခွမ်းဒဲ့မှ။
ကျွန်ုပ်ကား အထိတ်တလန့်ဖြစ်လျက် အူအသည်းများ ဗြောင်းဆန်သွားလေ၏။
မင်း ဘယ်က ကောင်လဲ၊ ဘာဖြစ်လို့ ပြေးလာသလဲ။ ယီးတီးယားတား မလုပ်နဲ့နော်။ ဇီးသီးနွားစားသွားမယ် ညှင်းညှင်းညှင်း။
ဟုတ်၊ ဟုတ်၊ ကျ . . . ကျ . . . ကျော်က ဟိုနားက ဦးကျင်ပျိုရဲ့ တူပါခညာ။
(ဦးကြီးဦးကျင်ပျိုမှာ သမဝါယမလူကြီး၊ မြို့မျက်နှာဖုံးဖြစ်၍ မသိသူမရှိ။)
မိုးတောင်မလင်းသေး။ ကျွန်ုပ် သူခိုးဖမ်းခံရသည့်သတင်းကား တောမီးပမာ ပျံ့နှံ့သွားလေ၏။
သို့နှင့် ကျောင်းသို့ရောက်လေသော် ဓာတုဗေဒအချိန်၌ အလွန်ချောမောလှပသဖြင့် ကျွန်ုပ် ကျိတ်ကာပိုးနေသည့် ဆရာမကလေး ဒေါ်အေးမြစိမ်းက ကျွန်ုပ်ခေါင်းကို သပ်လျက် “ဖစ်မှဖစ်ရလေ ငါ့တပည့်ရယ်” ဟု ပြောလျက် ရီလေရာ ကျွန်ုပ်ရင်ထဲ မည်သို့ရှိမည်ကို အသင်တို့ ကိုယ်ချင်းစာကြည့်ကြပါဘိ။
ကျွန်ုပ်ကား ‘လူရည်ချွန်’ တော့မဖြစ်၊ ‘လူရယ်ချင်’ သာ ဖြစ်ခဲ့ရဘိတမုံ့။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။
ထိုနေ့ထိုရက်မှစကာ ကျွန်ုပ်လည်း ပြေးခြင်းကို စိတ်အနာကြီးနာလျက် မပြေးဘဲနေခဲ့ရာ အသက် (၅၀) ကျော်မှ ပြန်ပြေးဖြစ်ခြင်း ဖြစ်သတည်း။
အမှန်ကိုဆိုရလျှင် ကျွန်ုပ် ပုံမှန်စပြေးဖြစ်သည်မှာ Safety Officer ဖြစ်ပြီးမှ ဖြစ်၏။ ဟို့ယခင်ကာလများက မပြေးဖြစ်။ ဘာကြောင့် မပြေးဖြစ်သလဲ မမေးပါနှင့်။ မပြေးဖြစ်လို့ မပြေးဖြစ်တာ ဖြစ်၏။ ဒါဖြင့် အခုရောဘာလို့ ပြေးဖြစ်သလဲ မမေးပါနှင့်။ ပြေးဖြစ်လို့ ပြေးခြင်းဖြစ်ပါ၏။ မှတ်ကရော့။
ယခင်အခါ ကာလများက ကျွန်ုပ်မပြေးဖြစ်ခြင်းမှာ အချိန်မရ၍ မဟုတ်။ အလုပ်ကပြန်လာပြီး ပြေးမယ်ဆို ပြေးဘို့ အချိန် ရပါ၏။ မပြေးဖြစ်ခြင်းသာ ဖြစ်၏။ ဘာကြောင့်လဲ မမေးပါနှင့်။ ဘာအကြောင်းမှ အထွေအထူးမရှိပါ။
၂၀၀၉ ခုနှစ် ECC Project ပြီးသည့်နောက် Union Alloy တွင် ကြီးကြီးမားမား အလုပ်ဟူ၍ မရှိတော့ဘဲ သင်္ဘောကျင်းမှ အမှာအထားရှိသည့် pipe spool များလောက်သာ လုပ်ပေးရလေရာ ကျွန်ုပ်မှာ ရုံးလေးသွားလိုက် ပြန်လာလိုက်နှင့် သက်တောင့်သက်သာ ရှိလှပါ၏။ အိမ်သို့ စောစောပြန်ရောက်လာသည့်တိုင် မပြေးဖြစ်။
၂၀၁၁ ခုနှစ်တွင် ကံအားလျော်စွာ Safety Officer ဖြစ်လာ၏။ Safety Officer ဆိုတော့ ညနေ ၅ နာရီ အလုပ်ဆင်း၏။ ၆ နာရီလောက်ဆို အိမ်ပြန်ရောက်ပြီ။ နောက်ပြီး နေတာက Lake Side မှာ။ အိမ်နှင့်ကပ်လျက်တွင် ပန်းခြံရှိ၏။ ပန်းခြံ ဆိုတာတောင်မှ မဖြစ်ညစ်ကျယ်ပန်းခြံကလေးမဟုတ်။ ရေကန်ကြီးတစ်ခုလုံး ပတ်ပတ်လည်ကို ပန်းခြံလုပ်ထားတာ ဆိုတော့ အကျယ်ကြီးခင်ဗျား။
သည်တော့ ကျွန်ုပ် ပြေးဘို့ အခွင့်အလမ်းသာသည် ဆိုပါတော့။ ဆိုတော့ ပြေးသည်။ ပန်းခြံဆိုတော့ ပြေးရတာ အလွန် အဆင်ပြေလှ၏။ လူတွေ ရှုပ်ထွေးမနေ။ ပြေးသူ၊ လမ်းလျှောက်သူ၊ စက်ဘီးစီးသူ၊ အားကစားလုပ်သူများကို ကြိုကြား ကြိုကြားတွေ့ရတာကလွဲလို့ ရှင်းနေ၏။
ကျွန်ုပ်က အသွားတွင် ၁.၅ ကီလိုမီတာခန့် ပြေးပြီး ကော့ကော်ကံကား၊ ကိုယ်လက်လှုပ်ရှားမှုများ လုပ်၏။ ထို့နောက် ခဏနားကာ ပြန်ပြေးလာ၏။ နေ့စဉ်လိုလိုပြေး၏။
တခါတလေ ရထားလမ်းအောက်ရှိ လမ်းတလျှောက် Chinese Garden MRT ထိ ပြေး၏။ ထိုကမှ ပန်းခြံထဲဝင်ကာ အိမ်ဘက် ပြန်ပြေးလာ၏။ တခါတခါ ရေမြောင်းတလျှောက် ဖောက်ထားသော park connector အလိုက် ပြေး၏။ ပြောရလျှင် လမ်းရှိသမျှ စုံတကာစေ့အောင် အကုန်လျှောက်ပြေးတာ ဖြစ်၏။
ပြေးရတာ ကောင်း၏။ မော၍ နားလိုက်သည့်အခါ လေကောင်းလေသန့် လတ်လတ်ဆတ်ဆတ်ကို တဝကြီး ရှူရ၏။ ကြွက်သားများကို ဆန့်ထုတ်သည့် လှုပ်ရှားမှုလုပ်သဖြင့် ညောင်းညာတာတွေ ယူပစ်သလို ပျောက်သွား၏။ လူသည် လန်းဆန်းပေါ့ပါးလာ၏။ အသိအမြင် ထက်မြက်လာ၏။ အိပ်လို့ကောင်း၏။ လန်းလန်းဆန်းဆန်း နိုးထ၏။
ဤကဲ့သို့ ပုံမှန်ပြေးခြင်းသည် ကျန်းမာရေးကို အထောက်အကူပြုသည် ထင်၏။
Boon Lay သို့ ပြောင်းလာပြီးနောက် Boon Lay MRT နားက ပန်းခြံထဲ၌ ပြေး၏။ သည်ပန်းခြံက သိပ်မကျယ်သဖြင့် ပန်းခြံကို ပတ်ပြေးရ၏။ ထို့နောက် ယခု McDonald ဆိုင် ဖြစ်လာမည့်နေရာဘေး၌ ကိုယ်လက်လှုပ်ရှား လုပ်၏။ ထို့ နောက် ဆက်ပြေး၏။ ပန်းခြံအလယ်က ဖောက်ပြေး၏။ အပြင်ဘက် ပလက်ဖောင်းကနေ ပတ်ပြေး၏။
၂၀၁၂ ခုနှစ် ဩဂုတ်လ၏ နေသာသည့် တစ်ခုသော ညနေ၊ ကျွန်ုပ်ပြေးနေစဉ် ကင်မရာလွယ်ထားသည့် လူရွယ် တစ်ယောက် ကျွန်ုပ်ထံ ချဉ်းကပ်လာ၏။ ထို့နောက် သူက The Straitstimes က သတင်းထောက်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကိုယ်လက်လှုပ်ရှား အားကစားလုပ်နေသူများကို အင်တာဗျူးကာ Life section တွင် ထည့်ချင်ကြောင်း မိတ်ဆက်ကာ ကျွန်ုပ်အား ဓာ့ပုံလည်းရိုက်၊ အင်တာလည်း အနည်းအပါးဗျူး၏။ ထို့နောက် Straits Times ၏ မေတ္တာလက်ဆောင် အဖြစ် ဘောက်ချာတစ်စောင် ဆုတ်ပေးသွား၏။
၄ - ၅ ရက်လောက်နေတော့ The Straitstimes သတင်းစာကြီးတွင် ကျွန်ုပ် ပြေးနေသည့်ပုံ ပါလာလေ၏။ ကျွန်ုပ် သိတာမဟုတ်။ အလုပ်ထဲသွားတော့ ကျွန်ုပ်၏ Safety Coordinator ဖြစ်သူ Lim က ဟော့ဒီမှာ မင်းပုံ Wow ဟု ဆိုကာ ပြလာသောကြောင့် သိရသတည်း။
များမကြာမီပင် ကျွန်ုပ်လည်း ဘောက်ချာပါ လိပ်စာအတိုင်း ပစ္စည်းသွားယူ၏။ နေရာမှာ အတော်ဝေး၏။ Plaza Singapura ဘက် ထင်ပါသည်။ အတော်လည်း ချောင်ကျ၏။ ဆိုင်ကပေးသည့်အထုပ်ကလေး ဖွင့်ကြည့်လိုက်တော့ အားကစား တီရှပ်တစ်ထည်၊ ဘောင်းဘီတစ်ထည်။ တီရှပ်က ၇၈ ကျပ်လောက်တန်ပြီး ဘောင်းဘီက ၁၂၀ လောက် တန်၏။ နောက်ပြီး ဆိုင်ကကောင်မလေးက သည် ဘောင်းဘီနှင့်အင်္ကျီတွေ ဘယ်လိုကောင်းကြောင်းများ ရှင်းပြ၏။ အတိုချုပ်ပြောရလျှင် ရိုးရိုးအဝတ်တွေလို အဝတ်ကချွေးတွေစိုနေပြီး ကိုယ်ကိုကပ်နေလို့ အအေးပတ်မှာ မပူရ။ သည် အထည်တွေက ချွေးထွက်လာပြီး လေသလပ်က ချက်ချင်းခြောက်သွားကြောင်း၊ ရေလျှော်ပြီး လှန်းထားလိုက်လျှင်လည်း ခဏနှင့်ခြောက်သဖြင့် ပြန်သုံးလို့ရကြောင်း စသဖြင့် ဖြစ်၏။
၂၀၁၅ ခုနှစ်လောက် သားတို့ စလုံးကို ပြောင်းလာကြတော့ ဟိုကိစ္စ၊ သည်ကိစ္စတွေနှင့် မပြေးဖြစ်ပြန်။
ဟော - အခု သားက လူပျိုဖြစ်လာပြီဆိုတော့ သူ့ ဖက်တီးပုတ်ကိုယ်ကြီးက အဆီတွေ လျှော့ချဘို့ ပြေးမယ် ဖြစ်လာ၏။
အမှန်က သားငယ်ငယ်တုံးက သူနှင့်ကျွန်ုပ် စင်ကာပူအနောက်ပိုင်းတခွင် ပြဲပြဲစင်အောင် စက်ဘီးလျှောက်စီးကြတာ ဖြစ်၏။ နည်းနည်းကြီးလာတော့ သူက စက်ဘီးမစီးချင်တော့၍ မစီးဖြစ်ပြန်။
နောက်တော့ သူက စကိတ်စီး။ ကျွန်ုပ်က စက်ဘီးစီး ဖြစ်ပြန်၏။
အခုတော့ စကိတ်စီးတာ သိပ် ဝိတ်မကျ။ ပြေးမည်ဆို၍ ပြေးကြတာဖြစ်၏။
ပြေးလိုက် လမ်းလျှောက်လိုက်၊ လမ်းလျှောက်လိုက် ပြေးလိုက်နှင့်။ သားအဖနှစ်ယောက် စကားပြောဘို့လည်း အချိန် ရသပေါ့။ ကျွန်ုပ်က သူ့ကို သိသင့်သိထိုက်တာများ ပြောပြ၏။ သူ့အတွေးအမြင်အယူအဆများကိုလည်း တီးခေါက် ကြည့်၏။
တခါတလေတွင်မတော့ အိမ်ရောက်ခါနီး၌ သူက ညစာစား၊ ကျွန်ုပ်က ဘီယာလေးတစ်ဘူးလောက် စုပ်၏။ မောမောပန်းပန်းနှင့် ဘီယာစုပ်ရတာ အရသာရှိလှ၏။
ဆက်တိုက်ပြေးလျှင် ၃ ကီလိုမီတာလောက် ပြေးကြ၏။
လမ်းလျှောက်လိုက် ပြေးလိုက်ဆိုလျှင်တော့ ၇ ကီလိုမှ ၈ ကီလိုထိ ရောက်၏။
သားက adventure ချင်သည်ဆိုသဖြင့် တခါတရံ လမ်းမှမသွားဘဲ တောလမ်း၊ ခြုံကြိုခြုံကြား၊ မြက်ခင်း၊ ခြေလမ်းများမှ သွားသည်လည်း ရှိ၏။
သည်နေ့ သည်လမ်း၊ ဟိုနေ့ ဟိုလမ်းဖြင့် လမ်းပေါင်းစုံမှ သွားကြ၏။ သို့သော် လူရှုပ်၊ စက်ဘီးရှုပ်သော နေရာများကိုမူ ရှောင်ကြ၏။ သူတို့ကို ရှောင်နေရသည်နှင့် လမ်းလျှောက်ရတာ အဆင်မပြေ။
Bukit Batok နှင့် Bukit Gombak ဘက်တို့ကိုမူ မရောက်သေး။
သည်တစ်ခါတော့ ရထားစီးပြီး သွားပြေးကြဦးမည်။
အသင်မိတ်ဆွေတို့လည်း အချိန်ရ၊ အခွင့်အရေးရ၊ ပြေးစရာ နေရာလည်း ရှိပါက ညနေ (သို့) မနက်တိုင်း ပြေးကြပါရန် တိုက်တွန်းလိုက်ရပါကြောင်း။
(အဲလေ၊ ကျုပ်လိုတော့ သူခိုးဖမ်းမခံရစေနဲ့ပေါ့လဗျာ။ အဟက်စ်)
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၄ စက်တင်ဘာ၊ ၂၀၂၃
No comments:
Post a Comment