Thursday, April 20, 2023

CITI လက်မှတ် (သို့) SEC (K) Certificate အကြောင်း

စင်ကာပူမှာ CITI သင်တန်း တက်ချင်လို့ပါ ဟု မေးလာကြသည့်အတွက် သိနိုင်ရန် စုဆောင်း ဖော်ပြလိုက်ကြောင်း။

 

ယခု BCAA (BCA Academy) ဖြစ်လာမည့် CITC (Construction Industry Training Centre) ကို ၁၉၈၄ တွင် Upper Serangoon ၌ စတင်ဖွင့်လှစ်ခဲ့၏။ ထို့နောက်ပိုမိုများပြားလာသော သင်တန်းများအတွက် သင်တန်းကျောင်းကို Braddell Road ၌ ၁၉၉၄ ခုနှစ်တွင် တိုးချဲ့ဖွင့်လှစ်ကာ ကျောင်းနာမည်ကိုလည်း CITI – Construction Industry Training Institute ဟု ပြောင်းခဲ့၏။



သင်တန်းကျောင်း၏ ရည်ရွယ်ချက်မှာ ဆောက်လုပ်ရေးလုပ်ငန်း၌ အလုပ်လုပ်မည့် အလုပ်သမားများကို ကျွမ်းကျင် လုပ်သားများ ဖြစ်လာစေရေးအတွက် လေ့ကျင့်သင်ကြားပေးရန်ဖြစ်၏။ 

 

စင်ကာပူ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်မည့်သူများသည် ထိုသင်တန်းကျောင်းမှ ထုတ်ပေးသည့် လက်မှတ် ရှိရန်လို၏။ ထိုလက်မှတ်ကို SEC (K) လက်မှတ်ဟုခေါ်၏။ အရှည်မှာ Skill Evaluation Certificate (Knowledge) ဖြစ်၏။ ဤလက်မှတ်မှာ ယခု အများကခေါ်နေကြသည့် CITI လက်မှတ်ဖြစ်သတည်း။ အဘယ်ကြောင့် CITI လက်မှတ် ခေါ်သနည်းဆိုသော် ထိုလက်မှတ်ရရန် ယခင်က CITI တွင် သွားတက်ရသောကြောင့် ဖြစ်၏။ ယခု CITI ကို BCAA ဟု အမည်ပြောင်းလိုက်သည့်တိုင် CITI ဟု ဆက်ခေါ်နေကြခြင်း ဖြစ်၏။ စင်ကာပူတွင် မဖြစ်မနေတက်ရသည့် Construction Safety သင်တန်းကို ယခုအခါ နာမည်ပြောင်းသွားသည့်တိုင် CSOC ဟု ဆက်ခေါ်နေဘိသကဲ့သို့တည်း။ (နီရို့ရှင်းပြရတာ မောထှာ၊ ဝှူးစ်)

 

အလုပ်သမားများကို ကျွမ်းကျင်မှုပေါ်မူတည်၍ Low levy worker နှင့် High levy worker ဟု နှစ်မျိုးခွဲနိုင်၏။ လဲဗီး (ဟေ့လူတွေ၊ ပေါက်တတ်ကရ ပြောင်းပြန်တွေလဲ လျှောက်တွေးမနေနဲ့အုံး၊ ယခွမ်းဒဲ့မှ) ဆိုသည်မှာ နိုင်ငံခြားသား အလုပ်သမားကို ခန့်ထားသည့်အတွက် အလုပ်ရှင်က အစိုးရကို ပေးရသော အခွန် ဖြစ်၏။ ပေးရသော လဲဗီးပမာဏမှာ အလုပ်သမား၏ ကျွမ်းကျင်မှုနှင့် ခန့်ထားသည့် နိုင်ငံခြားသား အရေအတွက်ပေါ် မူတည်၏။ လဲဗီးတွက်နည်းမှာ အတော် ရှုပ်သဖြင့် ဤနေရာတွင် ချန်ခဲ့ပါမည်။ ယခုက လဲဗီးအကြောင်း ပြောမှာမဟုတ်။ SEC (K) လက်မှတ်အကြောင်း ပြောမှာ ဖြစ်သည့်အတွက် ဘေးရောက်ကုန်လိမ့်မည်။ သိလိုသေးသူများအတွက် screen shot ရိုက်ပြထားပါသည်။

 

ဤတွင်ဖော်ပြမည့် SEC (K) မှာ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုအတွက်သာ ဖြစ်၏။ သင်္ဘောကျင်း၊ ကုန်ထုတ်လုပ်ငန်း၊ ရေနံဓာတုစက်ရုံ၊ ဝန်ဆောင်မှုလုပ်ငန်းများအတွက် မဟုတ်။ အပြည့်အစုံသိလိုသူများ MOM Website တွင် ဖတ်ကြည့်ကြ ပါကုန်။ 

 

ဆောက်လုပ်ရေးလုပ်ငန်း၌ လုပ်မည့် လုပ်သားများအား အခြေခံကျွမ်းကျင် (Basic-skilled – R2) နှင့် အဆင့်မြင့် ကျွမ်းကျင် (Higher-skilled – R1) ဟု နှစ်မျိုးခွဲနိုင်၏။ 

R2 အမျိုးအစား အလုပ်သမားများသည် စင်ကာပူတွင် (၁၄) နှစ် ထိ အလုပ်လုပ်နိုင်၏။ လဲဗီးကြေးလည်း မြင့်၏။

R1 အမျိုးအစား အလုပ်သမားများသည် စင်ကာပူတွင် (၂၆) နှစ် ထိ အလုပ်လုပ်နိုင်၏။ လဲဗီးကြေးလည်း နည်း၏။

 

ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုသည် Local (Local ဆိုသည်မှာ စင်ကာပူနိုင်ငံသားနှင့် PR များကို ဆိုလိုသည်။) အလုပ် သမားတစ်ဦးရှိပါက နိုင်ငံခြားသားအလုပ်သမား (၇) ယောက်ခန့်ထားနိုင်၏။ R2 အလုပ်သမား ၁၀ ယောက်လျှင် တစ်ယောက်သည် R1 အလုပ်သမားဖြစ်ရမည်။ ပိုသည့် R2 အလုပ်သမားအားလုံးကို ဖြုတ်ပစ်မည်။




R1 အလုပ်သမားဖြစ်လိုပါက လုပ်သက် (၄) နှစ်ထက်နည်းသူ (သို့) လုံးဝ လုပ်သက်မရှိသေးသူ လူသစ်များသည် အနည်းဆုံးလခ ၁၆၀၀ ရ ရမည်။ SEC (K) trade test at higher skills standard ကို အောင်မြင်ရမည်။ 

(သို့မဟုတ်) လုပ်သက် (၄) နှစ်ထက်များသူဖြစ်ပါက မတူညီသော trade မှ SEC(K) လက်မှတ် အနည်းဆုံး နှစ်ခု ရှိရမည်။

 

ဆိုတော့ ချုပ်ရလျှင် စင်ကာပူက ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်မည့်သူများအနေနှင့် SEC (K) လက်မှတ် ရှိထားရန် လို၏။

ထို SEC (K) လက်မှတ်ရရန် စာမေးပွဲနှစ်ခု အောင်ရမည်။

တစ်ခုမှာ စာတွေ့ဖြစ်၏။ မှားမှန်ရောထွေး အမှန်ရွေး (၁) နာရီ ဖြေရမည်။

နောက်တစ်ခုမှာ ၄ နာရီမှ ၅ နာရီကြာသည့်တိုင် ဖြေရမည့် လက်တွေ့စာမေးပွဲ ဖြစ်၏။ 

နှစ်ခုစလုံးအောင်မှ လက်မှတ်ရမည်။

ဘယ်သင်တန်းမှာ ဘာတွေသင်သလဲ ဆိုတာ သိလိုသူများ သင်ရိုးညွှန်းတမ်းနှင့် နမူနာမေးခွန်းများကို BCA, Manpower Development Department ၌ စင်းဒေါ်လာ $21 ပေးလျက် ဝယ်နိုင်၏။

 

ထို SEC (K) သင်တန်းကို အသိအမှတ်ပြု သင်တန်းကျောင်းများတွင် တက်နိုင်၏။

မြန်မာနိုင်ငံတွင် အသိအမှတ်ပြု သင်တန်းကျောင်းနှစ်ခုရှိရာ ‘ထက်ဦး’ နှင့် ‘ကမ္ဘာ’ တို့ ဖြစ်၏။ ၎င်းတို့ထံတွင် တက်နိုင်သည့် သင်တန်းများကို screen shot ဖြင့် ပြထားပါသည်။



စင်ကာပူက သင်တန်းကျောင်းမှာ ကျွန်ုပ်တို့အိမ်နှင့် မိနစ် ၂၀ လောက် လမ်းလျှောက်ရသည့် အကွာအဝေးတွင် ရှိ၏။ Fonda Global Engineering Pte Ltd ဟု ခေါ်၏။ ရုံးချုပ်လိပ်စာမှာ 45 Sungei Kadut Loop Singapore 729495 ဖြစ်၏။ ဖုန်းနံပါတ် - 6515 5775 ဖြစ်ပြီး Email: statementrequest@fondaglobal.com ဖြစ်၏။ 

(ကျွန်ုပ်က တခါတခါ Fonda တွင် Safety သင်တန်းများ သွားသင်တတ်၏။ ဤကား စကားချပ်)

 

Fonda တွင် ရနိုင်သော သင်တန်းများ၊ သင်တန်းကာလနှင့် ဈေးနှုန်းများကို ဖော်ပြထားပါ၏။ သင်တန်းကို တစ်လ၊ နှစ်လ လောက်ကြိုပြီး မှတ်ပုံတင် (register) ရ၏။ 

အကယ်၍ သင်တန်း မှတ်ပုံတင်လိုပါက ကိုယ်တက်လိုသော သင်တန်းတစ်ခုချင်းအလိုက် Fonda website တွင် မှတ်ပုံတင်နိုင်ပါ၏။ ဥပမာ - သစ်သားဖောင်ဝပ်ဆိုပါစို့။ သင်တန်းချိန် - ၁၄ နာရီ။ သင်တန်းကြေး ၁၂၈၀။

 

https://www.fondacoretrade.com.sg/enhanced-timber-formwork-seck/








ထို့ထက်ပိုပြီး အသေးစိတ် သိလိုသေးသူများ ဟောသည် website တွေမှာ ဝင်ဖတ်ကြည့်လို့ ရကြောင်း။

 

https://www.mom.gov.sg/passes-and-permits/work-permit-for-foreign-worker/sector-specific-rules/construction-sector-requirements

 

https://www1.bca.gov.sg/buildsg/manpower/bca-approved-training-and-testing-centres/coretrade_faqs/registration-of-multi-skilling-personnel#:~:text=SEC(K)%2C%20which%20stands,in%20a%20particular%20construction%20trade.

 

https://www1.bca.gov.sg/buildsg/manpower/bca-approved-training-and-testing-centres/coretrade_faqs/upgrading-pathways

 

https://www1.bca.gov.sg/buildsg/manpower/overseas-trade-testing-and-upgrading-for-foreign-workers

 

https://www.fondacoretrade.com.sg/reinforced-concrete-works-2/

 

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၀ ဧပြီလ၊ ၂၀၂၃


No comments: