Sunday, April 9, 2023

ကျွန်ုပ်နှင့် သင်္ကြန်အကြောင်း (၁)

(၁)

 

၂၀၀၅ ခုနှစ်၊ ဧပြီလ၏ တစ်ခုသော တနင်္ဂနွေနေ့တွင် ဆလိမ်ဖြစ်နေရှာသည့် ကိုဂိုင်ကြီးသည် ကျွန်ုပ်ထံ အလည် ရောက်လာလျက် “နေစမ်းပါအုံးဗျာ၊ ကျုပ်တို့သင်္ကြန်ရက်က ဘာဖြစ်လို့ ခရစ်တော်ရဲ့ ဧပြီလ ၁၄ ရက်နေ့မှာမှ ကျရတယ် ဖြစ်နေတယ်ဆိုတာ ရှင်းစမ်းပါအုံး” ဟု ဆိုလေ၏။

 

ကျွန်ုပ်လည်း တတ်သည့်ပညာ မနေသာသည်နှင့် ကိုဂိုင်ကြီးကို သင်္ကြန်ဟူသည် အဘယ်ဖြစ်သည်ကို ရှင်းပြရလေသော ဟူသတတ်။

 

(၁။ လွန်ခဲ့သော ၁၇ နှစ်ခန့်ကလည်း ဤလိုမျိုး ပို့စ်တစ်ခု ရေးခဲ့ပါသေး၏။ သို့သော် ၂၀၀၅ ခုနှစ်က ဖေ့စ်ဘုတ်မှာ မမွေးသေးသည် ဖြစ်၍ အသင်တို့ ဖတ်မိမည်မဟုတ်သည့်အတွက် ယခု ငယ်ရုပ်ဆင် တစ်သွင်ဆန်းလိုက်ရခြင်း ဖြစ်ကြောင်း။ 

၂။ နောက်တစ်ကြောင်းမှာ သင်္ကြန်ကာလဖြစ်၍ သင်္ကြန်နှင့် ပတ်သက်သည်များကို ဟိုလူရေး၊ ဒီလူရှယ်ဖြင့် ခပ်စိပ်စိပ် တွေ့လာရသဖြင့် မှန်ကန်သော သတင်းအချက်အလက်များ ရစေရန် ရည်သန်၍ ရေးလိုက်ရခြင်း ဖြစ်ကြောင်း။

၃။ ၂၀၂၂ ဧပြီလကလည်း နာမည်ကြီး ဘုန်းကြီးတပါး ပေါက်တတ်ကရများ ရေးထားသည်ကိုတွေ့ရ၍ သင်္ကြန်အကြောင်း တစ်ခါ ရေးခဲ့ဖူးသေးကြောင်း။) 







 

(၂)

 

“သင်္ကြန်” ဟူသည် သင်္ကန္တ မှ ဆင်းသက်လာ၏။ “ကူးပြောင်းခြင်း” ဟု အဓိပ္ပာယ်ရ၏။

အဘယ်ကူးပြောင်းခြင်း ဖြစ်သနည်း။ တစ်နှစ်မှ တစ်နှစ်သို့ ကူးပြောင်းခြင်း ဖြစ်၏။

တစ်လမှတစ်လသို့ ကူးပြောင်းခြင်း၊ တစ်ရက်မှ တစ်ရက်သို့ကူးပြောင်းခြင်းများသည်လည်း သင်္ကြန်ပင် ဖြစ်၏။

နှစ်ကူးသင်္ကြန်၊ လကူးသင်္ကြန်၊ ရက်ကူးသင်္ကြန် စသဖြင့် ဖြစ်၏။ သို့သော် နှစ်ကူးသင်္ကြန်ကိုသာ ပွဲလမ်းအနေနှင့် ကျင်းပ ကြပြီး လကူးသင်္ကြန်၊ ရက်ကူးသင်္ကြန်တို့ကို မလုပ်ကြ။ အိန္ဒိယပြည်၏ အချို့သောပြည်နယ်များတွင်မူ တစ်ရာသီမှ တစ်ရာသီသို့ ကူးပြောင်းသည့်အခါ လကူးသင်္ကြန်ပြုလုပ်ကြ၏။

 

နှစ်ကူးချိန်တွင် ဗုဒ္ဓဘာသာဝင်တို့သာ သင်္ကြန်လုပ်သည်မဟုတ်။ အခြားဘာသာဝင်တို့လည်း နှစ်ကူးပွဲ လုပ်ကြသည်သာ ဖြစ်၏။ တရုတ်နှစ်ကူးဆိုလျှင် စင်ကာပူမှာ (၂) ရက်ပိတ်၏။ ဇန္နဝါရီလ (၁) ရက်နေ့တွင် နှစ်ကူးပိတ်၏။ ဒီဇင်ဘာ ၃၁ ည သန်းခေါင်၊ ဇန္နဝါရီ (၁) ရက်နေ့အကူးတွင် ဟက်ပြီး နယူးရီးယားကြ၏။ 

 

ပြဿနာက သင်္ကြန်မဟုတ်။ 

သင်္ကြန်နှင့်အတူ ကပ်ပါလာသည့် သိကြားမင်းကျွဲစီးဆင်းသည်၊ နတ်သမီးတို့က ဗြဟ္မာမင်း၏ ဦးခေါင်းကိုကိုင်သည် စသည်တို့ ဖြစ်၏။ ဟိုဆရာကြီးတစ်ယောက်ကလည်း “သင်္ကြန်ဂျင်း” ဆိုကာ ရေးထားသေး၏။ သိပ်အဆင်မပြေလှပါ။

 

https://m.facebook.com/story.php?story_fbid=pfbid037AnsaJHgz2to4EuQAhkc9VL7yyzNfSNxxCq4duCRpMvCGL7huECUeU2Qt4oaedBvl&id=100002234690173&mibextid=Nif5oz

 

လူကြီးတွေကလည်း ကြားဖူးနားဝနှင့် သင်္ကြန်အကြောင်း မဟုတ်ကမဟတ်ကတွေ ပြော၏။ ကလေးတွေကမှတ်၏။ သူတို့ မိဘနေရာ ရောက်လာတော့ သူတို့သားသမီးများကို မဟုတ်ကမဟတ်က ပုံပြင်တွေ လက်ဆင့်ကမ်းပြန်၏။ သို့နှင့် မဟုတ်ကမဟတ်က သင်္ကြန်ဇာတ်လမ်းများသည် လူအများကြား ပျံ့နှံ့နေလေတော့သတည်း။

 

အသင်တို့အား အတော်ဒုံးဝေးသူများဟု ကျွန်ုပ်က ပြောလျှင် စိတ်ဆိုးကြလိမ့်ဦးမည်။

သင်္ကြန်က သင်္ကြန်၊ သိကြားမင်းက သိကြားမင်း။ ဘာမှမဆိုင်ပါ။

သင်္ကြန်စာထဲတွင်ဖတ်ကြည့်ကြပါ။ သင်္ကြန်မင်းဟုသာ ဖော်ပြထား၏။ သင်္ကြန်မင်းကို လူပြိန်းနားလည်အောင် ပြောရ လျှင် နေမင်းပင် ဖြစ်၏။ ယခု ဆရာဦးအောင်သန်းတို့၏ သင်္ကြန်စာတွင် သင်္ကြန်မင်းဟုတောင်မရေး။ ‘ဘာဏုရာဇာ မည်သော တနင်္ဂနွေဂြိုဟ်မင်းသည်’ ဟုသာ ဖော်ပြထား၏။ တနင်္ဂနွေဂြိုဟ်မင်း ဆိုသည်မှာ တနင်္ဂနွေဂြိုဟ် (နေ) ပင်ဖြစ်၏။


 

သင်္ကြန်မင်းက ကျွဲစီးဆင်းသည်၊ ဘီလူးစီးဆင်းသည်၊ လက်ယာဘက်က ခရုသင်းကိုင်သည်၊ လက်ဝဲဘက်က ရေချမ်းအိုး ကိုင်သည် စသည်တို့မှာ အဟောအတွက် ဖော်ပြထားသော နိမိတ်ပုံများသာဖြစ်၏။ တကယ့် သင်္ကြန်မင်းကြီးက လယ်ထွန်ရာတွင်သုံးသည့် တကယ့်ကျွဲကို စီးဆင်းလာတာ မဟုတ်။

နေလုံးကြီးက အဘယ်သို့လျှင် ကျွဲကိုစီးပါမည်နည်း။ 

နည်းနည်းပါးပါးလည်း ဦးဏှောက်ကလေးဘာလေး သုံးကြပါဘိ။

 

နှစ်ကူးအခါသမယတွင် ကမ္ဘာပေါ်မှ လူမျိုးပေါင်းစုံတို့သည် သူတို့ဓလေ့ထုံးစံအရ ပျော်ကြပါးကြ၏။ ဤသည်မှာ ဘာအပြစ် ရှိပါသနည်း။ သို့သော် သင်္ကြန်ကို အခွင့်ကောင်းယူကာ ကမြင်းကြောထကြတာ သူတို့ကိစ္စသာဖြစ်ပြီး သင်္ကြန် ၏ အပြစ်မဟုတ်ပါ။ သင်္ကြန်၌ တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးစွာ ရေပက်ကစားတာ ဘာဖြစ်ပါသနည်း။ ဤသည်မှာ အဘယ် ဗြဟ္မဏကမှလာပြီး တိုက်တွန်းတာမဟုတ်။ ဟိုး ပုဂံခေတ်ကတည်းက ပျော်ခဲ့ကြတာ ဖြစ်၏။ ရေပက်ကစားသည်ဆိုခြင်း မှာ မီးသတ်ပိုက်နှင့်ထိုး၍ ကမြင်းကြောထတာ မဟုတ်ဘဲ နှစ်ဟောင်းမှ အညစ်အကြေးတွေ ကုန်ပျောက်ပါစေဟူသည့် နိမိတ်ပုံဖြင့် တစ်ဦးနှင့်တစ်ဦး သပြေခက်ဖြင့် ရေပက်တာဖြစ်၏။ မည်သည့် ဗြဟ္မဏကမှလာပြီး ဂျင်းထည့်တာမဟုတ်။

 

မြန်မာတို့သည် သပြေပန်းကို အောင်ပန်းအဖြစ် မှတ်ယူကြ၏။ သို့အတွက် နှစ်ကူးအခါသမယတွင် ဘေးဘယာတို့ ဝေးကွာပါစေ၊ အောင်မြင်ခြင်းတို့ဖြင့် ပြည့်စုံပါစေ၊ (၇) ရက်သားသမီးအပေါင်း ငြိမ်းချမ်းပါစေဟူသော ရည်ရွယ်ချက်၊ စိတ်စေတနာဖြင့် အတာအိုးထိုးကြခြင်းဖြစ်၏။ အတာအိုးတွင် သပြေခက်၊ အုန်းခက်၊ ဇီးခက်စသဖြင့် ထိုးကြ၏။ မြေရေအိုးစိမ်းစိုစိုလေးတွင် သပြေခက်၊ အုန်းခက်တို့ဖြင့် လှပနေသည်မှာ ကျက်သရေမရှိပါသလော။ မလှပါသလော။ အဲသဟာ ဘာမှားပါသနည်း။

 

(၃)

 

ကျွန်ုပ်ကတော့ မာမာအေး၏ မင်္ဂလာ (၁၂) ပါးသီချင်းကို အတော်ကြိုက်ပါသည်။ စာသားကလေးတွေကိုရော သံစဉ်ကိုပါ နှစ်သက်၏။ မကြာမကြာလည်း နားထောင်ဖြစ်ပါ၏။

 

ရဝိန္ဒုဒသန နေလပြတဲ့ မင်္ဂလာအတည်

ကဏ္ဏဝိဇ္ဈဏ နားကို သ,ခြင်း ပြုပါသည်

 

ဤမင်္ဂလာ (၁၂) ပါးဟူသည် ဘယ်ကလာတာနည်း။ အသင်တို့သည် အာဝါဟ၊​ ဝိဝါဟမင်္ဂလာကို ပြုကြကုန်၏။ အနှီ အာဝါဟ၊ ဝိဝါဟ ကရော သင်တို့ မြန်မာဗုဒ္ဓဘာသာယဉ်ကျေးမှု ဟုတ်ပါသလော။

 

အသင်တို့သည် နာမည်ပေး ကင်ပွန်းတပ်မင်္ဂလာဟု ပြုကြကုန်၏။ အဲသဟာရော၊ ဘယ်ကလာတာဟု သင်တို့ ထင်ပါသနည်း။

 

အနီးစပ်ဆုံးပြောရလျှင် အခု အသင်တို့ သင်္ကြန်ကျတာ၊ တက်တာ၊ နှစ်ဆန်းတစ်ရက်သည် ဘယ်နည်းကို မှီ၍ တွက်သည်ကို အသင်တို့ သိပါသလော။

 

ယုတ်စွအဆုံး၊ အသင်တို့ ဘုန်းကြီးများ ဝါဝင်၊ ဝါထွက်၊ ဝါကပ် လုပ်နေသည့် ပြက္ခဒိန်သည် အသင်တို့ မြန်မာများ တီထွင်ခဲ့သည့် ပြက္ခဒိန်ဟု ထင်ပါသလော။ 

 

အသင်တို့သည် ဗြဟ္မဏဝါဒ အယူအဆများကိုလည်း ယူသုံးသေး၏။ ဗြဟ္မဏဝါဒကိုလည်း စော်ကားမော်ကား လုပ်သေး၏။ အရိပ်နေနေ၊ အခက်ချိုးချိုး ဆိုသည်မှာ သင်တို့ကို ခေါ်တာ ဖြစ်မည်။

အာဂလူများပါပေ။

 

ဤသို့ဆိုလိုက်သဖြင့် ကျွန်ုပ်ကို ဗြဟ္မဏတစ်ဦးဟု မထင်ပါနှင့်။ ကျွန်ုပ်သည် ဗြဟ္မဏဝါဒီတစ်ဦးမဟုတ်ပါ။ ကျွန်ုပ်သည် ဗုဒ္ဓ၏ အဆုံးအမများအတိုင်း လိုက်နာကျင့်သုံးနေထိုင်သည့်တိုင် ကျွန်ုပ်ကို ဗုဒ္ဓဘာသာဝင်တစ်ဦးဟုလည်း မဆိုနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် အခြား ဗုဒ္ဓဘာသာဝင်တို့ ပြုလုပ်နေသည့်အရာများကို တစ်ခုမှ မလုပ်သောကြောင့် ဖြစ်၏။ သို့ကြောင့် ကျွန်ုပ်ကို “ဗုဒ္ဓဂွစာ” ဟု ခေါ်မည်ဆိုက ခေါ်နိုင်မည်ဖြစ်ကြောင်း။

 

ကျွန်ုပ်ဤသို့ ရေးလိုက်သဖြင့် ဆဲလိုသူများ များစွာပေါ်လာပါလိမ့်မည်။

ဤကိစ္စနှင့်ပတ်သက်၍ အသင်တို့ မကျေနပ်ပါက ကျွန်ုပ်ကို 

- တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ၊ 

- ဒဲ့တမျိုး၊ သွယ်ဝိုက်၍ တဖုံ။ 

- ရှေ့တွင်ပေါ်တင်တမျိုး၊ မကြားတကြားလုပ်၍ တဖုံ၊ ကွယ်ရာ၌တစ်နည်း။

 

နည်းပေါင်းစုံသုံးကာ ဆဲကြပါလေကုန်လော့။

 

မိဖုရားစောလုံ

-----------------

 

ဆန်းထူးဝါနီအရွက်ရော်ကာမြန်းချိန်မို့

တန်ခူးရာသီမဖြင့်

မန်းနဖူးအညာဆီ အထက်မနော်

လွမ်းလောက်ပါရဲ့

သွန်းမြူးဖြာစီ ၊ ကရမက် အကျော်အဖြော်တွေ

ဖျန်းပါလို့ အခက်အလက် တော်ရာလျော်ရာ

ပန်းတွေနှင့် ခူးသမို့ ချွေးကပ်တယ်

စက်တော်ရာ စခန်းမှာဖြင့် ဖူးလို့ရေသပ္ပာယ်။

 

ပြန်လှန်ဆပြန်တော့ သင်္ကြန်ကျချိန်ပေါ့

ယမန်သမယဆီက

ပုဂံသမ္မတ ရှင်ဘုရင် သားမွာဘပါတဲ့

ဆောင်းမှနွေအလည် ဘုန်းရောင်တော်ပြနေကျ 

မောင်းမရွေညီ မဟေသီ

သုံးထောင်ကျော်မျှရယ်နှင့်

သည်လနွေရာသီမဖြင့်

ဆွေကလျာ မဒီတွေကို

ချစ်စိတ်စမ်းလိုတဲ့ အားရယ်နှင့်

ဧရာဝတီ မြစ်ဆိပ်ကမ်းတစ်ခိုသို့

သွားပါလို့ ရွှေနန်းအစဉ်အလာ 

ရေဖျန်းမင်္ဂလာ ကစားစဉ်က

 

ချစ်အားတော် ဗလောင်ဆန်လို့မို့

တစ်စောင်စံ စောလုံပက်စဉ်က

သွက်သွက်လည် ကြမ္မာငင်ဖို့

ရက်စက်တယ် ခမျာထင်လို့မို့

အစာတွင် အဆိပ်သေမဲ့ဆေးရယ်နှင့်

မဟာဘုရင်ကို တိတ်တိတ်သေဟဲ့လို့ 

ကျွေးလေတော့ ပြစ်ရေးတော်

ရာဇဝတ်ကယ်နင့် ကွပ်ညှပ်ပုံ

တအာဏာကြောင့် ခမျာမှာ 

ခန္ဓာတောင်ဆုံးရှာသတဲ့

တိတ်ထုံးရာဇဝင်ကိုဖြင့်

ဆရာရှင်ပြန်လှန်လို့ ဟောရတော့

တောကြီးအလယ်မှာနော်ကွယ်

မနောသတိ ဘောမချိအောင်ပေါ့

မောမိသကွယ်။

 

သေလမ်းဝင်မှောင့်ရှာတဲ့ တစ်မိရယ်ကြောင့်

မွေနန်းရှင် မောင့်မှာဖြင့် မချိပြီမို့ စောင့်ပါခလှည့် 

စောင့်ပါခလှည့်ရယ်လို့

တရလေရှာသကွယ်

သမ္မတ နေလာနွယ်မှာဖြင့် ဖိုဗျာပါအများ

ဘဝသေပါဟယ်လို့ ဆိုကာငိုကာမနား။

 

ညချမ်းခါတွင်

ပလျှမ်းကာ အသာဝင်တဲ့

လစန်းရတနာ အသွင်သို့

ဘမရာတစ်ပင် မဟေသက်လျာတစ်ပါးကိုလ 

ငါဘုရင် ရေပက်တာဖြင့်မှားပေါ့ဟဲ့လို့ 

တရားသံဝေ ဖြေမဖျောက်နိုင်တဲ့ 

ရွှေပေါက္ကံ မြန်မာမင်းလိုပေါ့

ခါသင်္ကြန် နွေကပဲရယ်လို့

ရေပွဲမှာ အပျော်တွေ စည်မှဖြင့်

ကတော်ဒေဝီ အရှက်ကွဲအောင်ပေါ့

မျက်နှာမဲ ၊မျက်နှာဖြူ ၊

ပက်သူတွေကလဲ ပေါပေသမို့

မန်းစက်ရတနာ ပလ္လင်မလေ

ဘန်းစင်္ကြာရှင်တွေ စောစေဖို့

ကမ္မဌာန်းပြဆရာမှာ

ဝမ်းမသာ့တသာနှင့် ဟောလိုက်ပါရဲ့

ဒေါပုံအလှည့် သံသရာရေပြင်မှာ

ကြွားသူတို့ကဖြင့် သဘောမဆုံသနဲ့

မခံပါချင်လျှင်လည်း မကစားကြလေနှင့်

ချောဂုဏ်နဲ့နွဲ့ရှာတဲ့

စောလုံရဲ့ပုဂံရာဇဝင်တရား။

 

(လေးချိုးကြီး - သခင်ကိုယ်တော်မှိုင်း )

(ဤကဗျာကို အင်တာနက်မှ ယူထားတာဖြစ်၍ ချွတ်ချော်မှားယွင်းမှုများရှိပါက ပြင်ဆင်ဖတ်ရှုကြပါရန်)

 

အေးငြိမ်း

၉ ဧပြီ၊ ၂၀၂၃

 

(ဤပို့စ်ကို စတင်ရေးတာ ၆ ရက်နေ့ကတည်းက ဖြစ်၏။ နေ့ရောညပါ အလုပ်များ အလွန်ရှုပ်လျက်ရှိသောကြောင့် ယခုမှ အပြီးသတ်နိုင်တော့သည် ဟူလို။)

No comments: