(၁)
ရှေးပဝေသဏီကစ၍ လူတို့သည် ကိုးကွယ်ယုံကြည်မှုများ ပြုလုပ်ခဲ့ကြ၏။
ယုံကြည်ကိုးကွယ်မှုပြုရခြင်း၏ အခြေခံအကြောင်းတရားမှာ အကြောက်တရား ဖြစ်၏။
ယခုအခါတွင်မူ ယုံကြည်ကိုးကွယ်မှုကို အကြောက်တရားသာမက လူတို့၏လိုချင်လောဘနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးသာမက လိင်ကိစ္စများအတွက်ပါ အသုံးချလာကြလေတော့၏။
ဘာသာရေးနှင့် ပတ်သက်၍ လူတို့သည် တစ်ယောက်ကို တစ်ယောက် သတ်ကြဖြတ်ကြ၊ စော်ကားမော်ကားလုပ်ကြ၊ မတော်မတရားလုပ်ကြ စသဖြင့် များစွာလုပ်ခဲ့ကြ၏။
အမှန်ကိုဆိုရလျှင် ယုံကြည်ကိုးကွယ်မှုသည် အလွန်ကြောက်စရာ ကောင်းလေ၏။
ကျွန်ုပ်ကြည့်ခဲ့သော ရုပ်ရှင်ကားပေါင်းများစွာထဲတွင် ယုံကြည်ကိုးကွယ်မှုနှင့်ပတ်သက်သည်များကို အတော်များများ တွေ့ ရ၏။
ရုပ်ရှင်ကားတစ်ခု၌ အာဖရိကတောတွင်းတစ်နေရာတွင် တစ်လလျှင်တစ်ခါ မိန်းမပျိုလေးတစ်ဦးစီကို ၎င်းတို့ကိုးကွယ်နေ သော နတ်ဘုရား (သတ္တဝါကြီးတစ်ကောင်) အား ဆက်သနေပုံကို ကြည့်ရသည်မှာ အသည်းယားစဖွယ်၊ ရွံရှာစက်ဆုပ် ဖွယ်၊ ထိတ်လန့်စဘွယ်ပင် ဖြစ်၏။ လပြည့်နေ့လိုနေ့မျိုး၌ နတ်ဆက်ရမည့် မိန်းခလေးတစ်ဦးကို ရွေး၏။ ထို့နောက် ယဇ်ပလ္လင်ပေါ်တင်ကာ အရှင်လတ်လတ် ရင်ခွဲ၍ နှလုံးသားကို ထိုသတ္တဝါကြီးအား ဆက်သ၏။ ထို့ကြောင့် လပြည့်နေ့ နား နီးလာပြီဆိုလျှင် မိန်းမပျိုလေးများမှာ ငါ့များ မဲကျတော့မလား၊ သူ့များ မဲကျတော့မလားဟု သွေးပျက်ကြ ရှာလေ၏။ နောက်တော့ သူတို့ဒေသသို့ ရွှေဘ (ဟုတ်ပေါင်) အနောက်နိုင်ငံသား ဇာတ်လိုက် ရောက်လာပြီး ဒေသခံ ကာလသားများ ကို စည်းရုံးကာ ထိုသတ္တဝါကြီးကို ထောင်ဖမ်း၊ သတ်ဖြတ်ပစ်လိုက်လေ၏။ ထိုအခါကျမှ မိန်းမပျိုကလေးများလည်း ချမ်းသာရာ ရလေတော့သတည်း။ သို့သော် သိတော်မူကြသည့်အတိုင်း သူတို့ယုံကြည်ကိုးကွယ်မှုကို နှောက်ယှက်ဖျက်ဆီး သဖြင့် ရှေးရိုးစွဲလူကြီးများက သိပ်ကျေနပ်ကြသည်တော့မဟုတ်။
ကျွန်ုပ်နှစ်သက်စွဲလန်းစွာကြည့်ခဲ့သည့် ဗိုက်ကင်းစီးရီးတွင်လည်း ယုံကြည်ကိုးကွယ်မှုကို အသားပေးဖော်ပြထား၏။
ဗိုက်ကင်းတို့၏ နတ်ဘုရားများအပေါ် ယုံကြည်ကိုးကွယ်မှုမှာလည်း ထိတ်လန့်စဖွယ်ဖြစ်၏။
သူတို့က သူတို့ကိုးကွယ်နေသည့် နတ်ဘုရားများအား လူ/တိရစ္ဆာန်များကို အရှင်လတ်လတ် လည်ချောင်းသွေးဖြင့် ယဇ်နတ်ပူဇော်၏။ အစတေးခံရသူများကလည်း ကျေနပ်နှစ်သက်စွာပင် အစတေးခံကြလေ၏။
သူတို့သည် အကြောင်းကိစ္စမျိုးစုံဖြင့် ယဇ်နတ်ပူဇော်ကြ၏။ သေလျှင် ဗဟာလာသို့ ရောက်မည်ယုံကြည်ကြ၏။ ဗုဒ္ဓဘာသာဝင်တို့၏ အဆုံးစွန်သော ရည်မှန်းချက်မှာ နိဗ္ဗာန်ဖြစ်သကဲ့သို့ ၎င်းတို့သည်လည်း ဗဟာလာကို ရည်မှန်းကြ၏။ သေပြီးနောက် ဗဟာလာတွင် ပြန်ဆုံကြမည်ဟု ထင်မှတ်ကြ၏။
ဗိုက်ကင်းတို့ အင်္ဂလန်ကို နယ်သွားချဲ့သည့်အခါ အင်္ဂလိပ်တို့က ဗိုက်ကင်းတို့ ကိုးကွယ်သော နတ်ဘုရားများကို wrong gods ဟု သမုတ်ပြီး ဗိုက်ကင်းတို့ကို ခရစ်ယာန်ဘာသာထဲ သွတ်သွင်းဘို့ ကြိုးစားလေတော့၏။ အချို့မှာ အကြောင်း အမျိုးမျိုးကြောင့် ခရစ်ယာန်ဖြစ်သွားကြသူများလည်း ရှိ၏။ များသောအားဖြင့်တော့ မိရိုးဖလာနတ်ဘုရားများကိုသာ ယုံယုံကြည်ကြည် ကိုးကွယ်ကြ၏။
အင်္ဂလိပ်တို့စွပ်စွဲသည့် wrong god ဆိုသည့်စကားလုံးကိုမူ ကျွန်ုပ် မနှစ်သက်ပါ။ မည်သည့်ကိုးကွယ်မှုမဆို သူ့ယုံကြည်မှု နှင့်သူတော့ မှန်နေကြသည်ချည်း ဖြစ်၏။ (သို့အတွက် ဗုဒ္ဓဘာသာဝင်/ဘုန်းကြီးများက ဗုဒ္ဓဘာသာမဟုတ်သူများကို မိစ္ဆာဒိဋ္ဌိဟု စွပ်စွဲသည်ကိုလည်း ကျွန်ုပ်က မနှစ်သက်ပါ။ သဘောမကျပါ။)
နောက်ပြီးတော့ လူတို့သည် ဘာသာရေးကြောင့်ပင်လျှင် စစ်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့ကြဖူး၏။
ခရူးဆိတ်စစ်ပွဲများ အကြောင်း မိတ်ဆွေတို့ ကြားဖူးကြပါလိမ့်မည်။ ခရူးဆိတ်စစ်ပွဲများမှာ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာဝင်တို့အကြား ဖြစ်ပွားခဲ့သော စစ်ပွဲများဖြစ်၏။ အနှစ် (၂၀၀) အတွင်း ခရူးဆိတ်စစ်ပွဲ (၈) ကြိမ်မျှ ဖြစ်လျက် လူထောင်ပေါင်းများစွာ သေကြေပျက်စီးခဲ့ရ၏။ (ကျွန်ုပ်ငယ်စဉ် သမိုင်းဘာသာရပ်၌ ခရူးဆိတ်စစ်ပွဲများအကြောင်း သင်ခဲ့ရစဉ်က ခရူးဆိတ် စစ်ပွဲ ဆိုတာ ဘာမှန်းမသိခဲ့။ သို့သော် ခရူးဆိတ်စစ်ပွဲ၊ ရိုမန်အင်ပါယာ၊ ဘိုင်ဇင်တိုင်းအင်ပါယာ၊ ဂျေရုဆလင်၊ ကွန်စတန် တီနိုပယ် စသည့်နာမည်များကိုမူ နာမည်ကလေးများလှသဖြင့် အလွတ်ရနေခဲ့ပါသည်။ ဤကား စကားချပ်)
ခရစ်ယာန်နှင့် မွတ်ဆလင်တို့အကြား၌သာ ထိုကဲ့သို့ စစ်ဖြစ်ပြီး ဗုဒ္ဓဘာသာနှင့် အခြားဘာသာတစ်ခုအတွက်မူ ထိုမျှ ကြီးမားပြင်းထန်၊ ကြာရှည်လှစွာသော စစ်ပွဲဟု မကြားမိစဖူးပါ။
သီဟိုလ်၌ ဒုဋ္ဌဂါမဏိမင်းကြီးက ကျေးကုလားတွေကို သုတ်သင်ခဲ့သည်ဟု ကြားနာခဲ့ရဖူးပါ၏။ ဤစစ်ပွဲ၌ လူအများအပြား ကို သတ်မိရာတွင် လူတစ်ယောက်နှင့် တစ်ပိုင်းကို သတ်မိသည့်အတွက်သာ အပြစ်ရှိ၏။ တစ်ယောက်မှာ (ငါးပါးသီလနှင့် သရဏဂုံကို တွဲ၍ ဆောက်တည်သူ ဖြစ်ပြီး) နောက်တစ်ပိုင်းမှာ ငါးပါးသီလဆောက်တည်သူ ဖြစ်သည် ဆို၏။
Ref:
https://www.youtube.com/watch?v=X4ZwGsvGg5U
ဤကဲ့သို့ပြောသည်မှာ အလွန်အန္တရာယ်များပါသည်။ သို့ဆိုလျှင် တိရစ္ဆာန်မှန်လျှင် မည်သည့်တိရစ္ဆာန်မှ ငါးပါးသီလမရှိ၊ သရဏဂုံမဆောက်တည်သည်ဖြစ်ရာ တိရစ္ဆာန်မှန်က မည်သည့် တိရစ္ဆာန်ကိုသတ်သတ် ဘာအပြစ်မှ မရှိဟု ယူဆရမည် လော။ ထို့အပြင် ဗုဒ္ဓဘာသာမဟုတ်သူများသည် ငါးပါးသီလမယူ၊ သရဏဂုံမဆောက်တည်ကြသူများဖြစ်ရာ ဗုဒ္ဓဘာသာ မဟုတ်သူများကိုသတ်လျှင် ဘာအပြစ်မှ မရှိဟု ယူဆရမည်လော။
သူ့ဟာသူ ရဟန္တာကပဲဟောဟော၊ ရဟန္တာ့အဖေကပဲဟောဟော။ ကျွန်ုပ်ကတော့ ဤသည်ကို လက်မခံပါ။ ဤသည်မှာ မိတ်သလင်အစစ်ဖြစ်၏။
(၂)
ဂျပန်နိုင်ငံမှ ဗုဒ္ဓဘာသာကို ဇင်ဗုဒ္ဓဘာသာ ဟု ကျွန်ုပ်သိထား၏။ ဤသည်သာမှန်ပါက မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာမှာ ဂျင်းဗုဒ္ဓဘာသာ ဖြစ်ပေမည်။
တစ်နိုင်ငံလုံး ဂျင်းနံ့တို့သင်းပျံ့နေသည့် ကျွန်ုပ်တို့ရွှေပြည်ကြီးတွင် ဗုဒ္ဓဘာသာလည်း မခံနိုင်။ လူအများတို့ ထည့်သည့် ဂျင်းရေစီးတွင် အတည့်တစ်ခါ၊ မှောက်ခုံတစ်မျိုး ပက်လက်မျောလျက် ရှိရလေ၏။
ကျွန်ုပ် စစ်စစ်ပေါက်ပေါက်လိုက်ကြည့်ရာတွင် ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ အစစ်အမှန်ကို ၀.၀၀၀၀၀၀၀၀၀၀၀၀၀၀၁% မျှတောင် မကျန်တော့တာ တွေ့ရသဖြင့် အတော် ဝမ်းနည်းမိ၏။
ဘုန်းကြီးများတွင်လည်း ဂျင်းဘုန်းကြီးများ အလွန်များသလို ဘုန်းကြီးများဟောသည့် တရားများထဲတွင်လည်း ဂျင်းတွေ အတက်လိုက် တွေ့ရလေ၏။
ဘာသာရေးစာအုပ်များတွင်လည်း ဂျင်းနံ့များ သင်းပျံ့နေ၏။
လူများအဖို့မူ မဆိုသာတော့ပြီ။ အိန္ဒိယဂျင်း၊ ဗမာဂျင်း၊ ယိုးဒယားဂျင်း စသည် ဂျင်းပေါင်းစုံတွေ့ရ၏။
ဂျင်းများ အလွန်များလွန်းသဖြင့် လူတို့သည် မည်သည်က အစစ်အမှန်၊ မည်သည်က ဂျင်း ဆိုသည်ကို မဆန်းစစ်နိုင် တော့ပြီ။
ကြာတော့ လူများသည် ဂျင်းထည့်မခံရလျှင် မနေနိုင် ဖြစ်လာပြီး ဘဘုန်းတို့ကလည်း လှိုင်လှိုင် ဂျင်းထည့်လေတော့၏။
ဆိုးသည်မှာ ၎င်းတို့သည် ဂျင်းထည့်ခံလို့ ခံနေရမှန်း၊ ဘဘုန်းတို့ကလည်း ဂျင်းထည့်လို့ ထည့်နေမှန်း မသိကြတော့တာ ဖြစ်၏။
ကျွန်တော်က စင်ကာပူတွင် နေသည့်အတွက် တခြားသူများ ကိုးကွယ်သည့် ဘာသာကို မစော်ကားရမှန်း၊ မလေးမစား မလုပ်ရမှန်း သိပါ၏။
သို့သော် မြန်မာပြည်၌ တွေ့နေရသည်များကတော့ အတော်လေး တရားလွန်ပါသည်။
သို့မို့ကြောင့်လည်း ဤစာမျိုးကို ရေးခြင်းဖြစ်၏။
ကျွန်ုပ်စိတ်ထင် ယခင်က သည်မျှမဆိုးလှပါ။
ယခုမှ အဘယ်ကြောင့် သည်မျှရုပ်ပျက်ဆင်းပျက် ဆိုးလာရပါသနည်း။
ဆတ်ဆွဲသည့်လှည်းကိုစီးသည့် ဖိုးတခေတ်ကိုတော့ ဗုဒ္ဓဘာသာဖြစ်လိမ့်မည် မထင်ပါ။
ဒါဆို နတ်လား။ နတ်ဆိုလျှင်တော့ မသေခင်ကဖြစ်နေသည့် (၃၈) မင်းမြောက် ဖစ်တခိုးနတ် ဖြစ်ပါလိမ့်မည်။
ဟိုတလောက ဘုရားထီးတင်တာကို စက်သီးကြိုး တွဲလွဲခိုလိုက်သွားသည့် ဘုန်းကြီး ဂျွမ်းပြန်ကျတာ မြင်ရ၏။
ယခင်အခါများကလည်း သည်လိုပင် စက်သီးကြိုးနှင့်ဆွဲသည့် ပန်းရထားပေါ် ဘုန်းကြီးများ လိုက်ပါတာ မြင်ရဖူးပါ၏။
ထို့အတူပင် မြေတူးစက်၏ မြေတူးဂေါ်ပေါ်မှနေ၍ ပိုက်ဆံကြဲနေသည့် ဘုန်းကြီး
လူအများက ကုန်းပေးကာ ထိုလူများ၏ ကျောပေါ်မှနေ၍ နင်းလျှောက်သွားသော ဘုန်းကြီး
လူအများက မြေကြီးပေါ် ကျောခင်းပေးလျက် ထိုလူများ၏ ကျောပေါ်မှနေ၍ နင်းလျှောက်သွားသော ဘုန်းကြီး
ဟိုကောင်မလေးနှင့် ဆယ်ဖီဆွဲနေသော ဘုန်းကြီး
အခြောက်ဘုန်းကြီးနှင့် ကစ်စင်ဆွဲနေသော ဘုန်းကြီး
ကျွန်ုပ်အထင်မတော့ ထိုဘုန်းကြီးများမှာ ဤသည်တို့ကို သူတို့ဘာသာသူတို့ လုပ်တာမဟုတ်ဘဲ လူတို့က မြှောက်ပေး၍ ဂွေးတက်အောင် ကနေခြင်းဖြစ်သည် ထင်၏။
နောက်ပြီးဘာတဲ့၊ ဂျပန်ဘုရားဆိုလား။ ဘုရားကိုဗန်းပြပြီး ပိုက်ဆံရှာနေမှန်း သိပါလျက် လူများသည် အဘယ်ကြောင့် ကျိတ်ကျိတ်တိုးအောင် သွားနေကြဘိသနည်း။
ဟိုအနားမှာ ဟိုဘုန်းကြီးက ဘာစွမ်းလို့
ဒီအနားမှာ ဘယ်သီလရှင်က ဘာစွမ်းလို့ ဆိုတာတွေကတော့
ရိုးလို့တောင် နေပါပြီ။
နောက်ပြီး -
မိဘဘိုးဘွားအဆက်ဆက်က ထည့်လာခဲ့သဖြင့် ရွှေဂျင်းဖြစ်နေသည့် အရာများလည်း ရှိသေး၏။
အသင်တို့ ဘုရားသွားလျှင် သက်စေ့ ရေသပ္ပာယ်နေသည်များကို တွေ့ဖူးကြပါလိမ့်မည်။
ဘုရားပေါ် မိန်းမတွေ မတက်ရဟု ပညတ်ထားသည့် ကျွန်ုပ်တို့တိုင်းပြည်တွင် -
ဟိုဘုရားပေါက်စနလေးတွေကိုတော့ ခေါင်းကနေ ရေဖြိုလောင်းလို့ရပါ၏။
ကြည့်ရတာ သည်ဘုရားပေါက်စနလေးတွေမှာ ဘုရားအစစ်မဟုတ်ဘဲ fake ဘုရားများ ဖြစ်ဟန်တူ၏။
(သို့မဟုတ်)
သူကတော့ ဘုန်းတော်အနန္တဘုရားမို့လို့ လူတကာလာပြီး သည်လောက် ခေါင်းကနေ ရေဖြိုလောင်းနေတာကို အအေးမပတ်ဘဲ သည်းခံနေနိုင်တာ ဖြစ်ပါလိမ့်မည်။ ရွာကဘုန်းကြီးကိုသာ သည်ကဲ့သို့ ခေါင်းကနေ ရေသွားလောင်းလျှင် ကျောင်းပေါ်က ခေါင်းနှင့်ဆင်းပြေးရပါလိမ့်မည်။
ကျွန်ုပ်ပြောတာမယုံသူများ မနက်ဖြန် ရေပုံးယူပြီး ကျောင်းဘုန်းကြီးကို ခေါင်းကနေ ရေဖြိုလောင်းကြည့်ကြပါ။
(အဲလေ - သင်္ကြန်ကျလို့ ရေလောင်းတယ်ထင်ပြီး ပြုံးပြုံးကြီး ဆယ်ဖီဆွဲနေမှ ဒိုးခ။)
နောက်ပြီး ရှင်လောင်းလှည့်တော့ ကိုးမြို့ရှင်ကို သွားပြရ၏။
နေပါအုံး၊ မသိလို့ မေးပါရစေအုံး။
အဲဒီ ကိုးမြို့ရှင်ဆိုတာ ဘယ်သူတုံး။
ဘာလဲ ရှင်လောင်းတွေ သူ့ဆီလာမပြရင် ကိုက်စားမယ်တဲ့လား။
ဘယ်သူက ဘယ်ကာလကတည်းက သည် ကိုးမြို့ဂျင်းကို စထည့်လိုက်သည်မသိ။
ယနေ့ထိ ရှင်လောင်းများမှာ ဘုမသိ၊ ဘာမသိ။ ကိုးမြို့ဂျင်းပြုတ်ရေကို သောက်နေရတုံး ရှိပါသေး၏။
အများကြီးပါခင်ဗျား။
ကျွန်ုပ်သာ သည်အကြောင်းတွေ ပေါက်ပေါက်ရှာရှာ အကုန်လျှောက်ရေးလျှင် “မင်းက အောင်ချိမ့်လား” ထက် နှစ်ဆလောက် ပိုထူစရာ အကြောင်းရှိ၏။
ဘာရယ်မဟုတ်ပါဘူး။
ဟို ကောင်မချောချောလေးယူထားပြီး ဝမ်းနှုတ်ဆေးစားထားပြီး အိမ်သာမတက်ရတဲ့ မျက်နှာမျိုးဖြစ်နေတဲ့လူကို တွေ့ရတော့ ဒီလူ့ကို ဂျင်းပြုတ်ရေလေး နည်းနည်းလောက်တိုက်လိုက်ရင်များ သက်သာလေမလား သွား တွေးမိလို့ပါ အဟက်စ်။
ဟို မေဘေး ကင်ဆာဖြစ်နေပြီဆိုတဲ့သတင်း မှန်ပါစေဗျာ
အေးငြိမ်း
၆ ဧပြီလ၊ ၂၀၂၃
ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ တက္ကသိုလ်ဘုန်းနိုင်
Labels
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲ (10)
- Bitter Life (26)
- Build Your Future (10)
- Christopher (34)
- Construction Safety Handbook (57)
- Covid19 (19)
- Education (26)
- Emergency handbook (7)
- Engineering (12)
- Environment (8)
- Farm Safety (10)
- Fire Protection (5)
- Fridge and Aircond (6)
- Gas Pipe Line (5)
- General (215)
- Greenery Singapore (2)
- Health (6)
- IOSS (3)
- ISO 45001 (7)
- ISO 9001 (2)
- Knowledge sharing sessions (4)
- Life (8)
- Living in Singapore (68)
- My Articles (571)
- Myanmar (65)
- Myanmar Culture (15)
- Myanmar Transitional Platform (31)
- Piping (41)
- PPE Book (3)
- Safety (153)
- Tire Safety (5)
- Welding Technology (6)
- Working in Singapore (45)
- ကဗ်ာမ်ား (27)
- စင္ကာပူအေၾကာင္း (96)
- စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁ (3)
- စာအုပ္မ်ား (3)
- ဒသမတန်း မြန်မာစာ (9)
- မြန်မာစာ (1)
- မြန်မာပြက္ခဒိန် (7)
- မြန်မာပြက္ခဒိန် (62)
- မြွေဆိပ်ဖြေဆေး (5)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment