Tuesday, June 14, 2022

ဘေးလူအမြင်ဖြင့် ကြည့်ခြင်း

ပွဲဆူသွားသည့် “မေတ္တာရှင် (ရွှေပြည်သာ) ၏ နှလုံးသားကို ထိသောစာများ” နှင့် ပတ်သက်၍ ကျွန်ုပ်အမြင်ကို နည်းနည်းလောက် ပြောချင်ပါသည်။ ဤကဲ့သို့ ကျွန်ုပ်ပြောလိုက်ခြင်းအားဖြင့် ‘စာအုပ်ထဲမှာ သူ့စာတွေမပါလို့ သည်လို သဘောထားနိုင်တယ်။ သူရေးထားတဲ့စာတွေပါရင် ဘယ်လိုနေမလဲ’ ဟု သော်လည်းကောင်း၊ ‘လူမိုက်အားပေး လုပ်နေတယ်’ ဟုသော်လည်းကောင်း ပြောလာကြမှာ ကြိုသိနေပါ၏။

 

ကျွန်ုပ်က မေတ္တာရှင်(ရွှေပြည်သာ) ကို ကြည်ညိုလေးစား အားကျနေသူတစ်ယောက် မဟုတ်သလို မေတ္တာရှင် (ရွှေပြည်သာ) ၏ စာဖတ်ပရိသတ်လည်း မဟုတ်ပါ။ ရိုးရိုးသားသား ဝန်ခံရလျှင် သူရေးသည့်စာများကိုလည်း တစ်ပုဒ်မှ မဖတ်ဖူးခဲ့ပါ။ 

 

ဤသို့ပြောခြင်းဖြင့် မေတ္တာရှင်(ရွှေပြည်သာ) ကို အထင်မကြီးဟု ဆိုလိုရာ မရောက်ပါ။ ယခု ကျွန်ုပ်၏ ထင်မြင်ချက်ကို ပြောရာ၌ မေတ္တာရှင်(ရွှေပြည်သာ) ကို ကာကွယ်လို၍ ပြောခြင်းမဟုတ်ကြောင်း သိသာစေလို၍ ဖြစ်ပါသည်။

 

ယခု ကျွန်ုပ်က နှလုံးသားကို ထိသောစာများ စာအုပ်ထဲတွင်ပါရှိသည့် စာရေးဆရာများဘက်က သော်လည်းကောင်း၊​ ထုတ်ဝေသူဘက်က သော်လည်းကောင်း မပါဘဲ ဘေးလူ (ပွဲကြည့်ပရိသတ်) အနေနှင့် ရှုမြင် သုံးသပ်ကြည့်ပါမည်။

 

သည်ကဲ့သို့ စာအုပ်ထုတ်လိုက်ခြင်းဖြင့် တတိုင်းတပြည်လုံး သည်စာအုပ်ကို တွေ့ကြ၊ ဖတ်ကြ လိမ့်မည်ဆိုတာ မေတ္တာရှင်(ရွှေပြည်သာ) သေချာပေါက်သိပါလိမ့်မည်။ လူအများဖတ်စေချင်လို့ သည်စာအုပ်ကို ထုတ်တယ် ဆိုတာလည်း သူပြောပါသည်။ သူ ညာပြောတာမဟုတ်ဟု ကျွန်ုပ်ကတော့ ယုံပါသည်။

 

သို့ဆိုလျှင် -

သိလျက်နှင့် သည်စာတွေကို သူ ခိုးပြီး စာအုပ်ထုတ်ပါမည်လား။

(ခိုးသည်ဆိုလျှင် ခိုးပြီး လူမသိသူမသိ ဝှက်ထားရမည်မဟုတ်ပါလား။ ဟောသည်ပစ္စည်း ငါခိုးလာတယ်ဟေ့ ဟု မည်သည့် သူခိုးကမှ သူခိုးရွှေရ တပြပြ လုပ်နေမည် မထင်ပါ။)

 

အကယ်၍သာ သည်စာအုပ်ထုတ်လိုက်လျှင် သည်လို အပြောခံရလိမ့်မည်။ သည်မျှ သိက္ခာကျရလိမ့်မည်မှန်း သူသိလျှင် သည်လိုလုပ်လိမ့်မည်ဟု ကျွန်ုပ်ကတော့ မထင်ပါ။

 

သူ ဘုန်းကြီးလူထွက်ဖြစ်သည်ကို မေ့မထားသင့်ဟု ကျွန်ုပ် ထင်ပါသည်။ 

ဘုန်းကြီးဆိုသည်မှာ သူများပြင်ပြီးသားကို အသာလင့်အသင့် ထိုင်စားရတာ ဖြစ်၏။

သည့်အတွက် ဘာတွေကို ဘယ်လိုလုပ်ရမည်၊ လူတို့၏ကျင့်ဝတ်ဆိုတာဘာ၊ ဘာတွေကိုတော့ လုပ်သင့်သည်၊ ဘာတွေကို တော့ မလုပ်သင့် ဆိုသည်ကို သူ နားလည်ချင်မှ နားလည်ပါလိမ့်မည်။ ကျွန်ုပ်မသိပါ။

သူ စာတွေရေး၊ စာအုပ်တွေထုတ် ဆိုသည့်တိုင် စာအုပ်ထုတ်သည့် ကိစ္စ (ယခင်က) သူ့ဒါယကာ၊ ဒါယိကာမတွေကသာ လုပ်ပေးပါလိမ့်မည်။ လူထွက်လာပြီဆိုတော့လည်း သူကိုယ်တိုင် လိုက်လုပ်တာ ဟုတ်ချင်မှ ဟုတ်ပါမည်။ ကျွန်ုပ်မသိပါ။

 

စာရေးဆရာများထံမှ ခိုင်မာသည့် ကြိုတင်ခွင့်ပြုချက်မယူဘဲ အခြားသူများ၏ စာများကိုယူကာ စာအုပ်ထုတ်တာ သူ မှားပါသည်။ သောက်ကျိုးနည်း မှားပါသည်။ သို့တိုင် -

 

စာရေးဆရာများ၏ စာများကို မသမာသည့်စိတ်ဓာတ်ဖြင့် ခိုးယူကာ စီးပွားရှာသည်ဆိုတာ ဖြစ်နိုင်/မဖြစ်နိုင် စဉ်းစားဘို့ ကောင်းပါသည်။ 

 

ကျွန်ုပ် ကိုယ့်ပိုက်ဆံနှင့်ကိုယ် စာအုပ်များ ထုတ်ဖူးပါသည်။ ယခု “ငြမ်း” စာအုပ်ကိုလည်း ကိုယ့်ပိုက်ဆံနှင့်ကိုယ် ထုတ်ပါ သည်။ ကိုယ်ရေးထားတာလေး စာအုပ်အဖြစ် မြင်ချင်လို့သာ အရဲစွန့်ထုတ်ပါသည်။ အမြတ်ရဘို့မရဘို့ မသေချာလှပါ။ ကျွန်ုပ် စာအုပ် (၁၅) အုပ် ထွက်ပြီးပါပြီ။ သို့သော် တစ်အုပ်ကမှ ပိုက်ဆံ မြိုးမြိုးမြက်မြက် ကိုင်လိုက်ရသည် မရှိပါ။ ပိုက်ဆံလေး စွပ်ကယ်စွပ်ကယ်ရလိုက်။ ဟိုလိုလို သည်လိုလိုနှင့် ကုန်သွားလိုက်ချည်းသာ ဖြစ်၏။ ပြန်ရတာသာ မမြင်ရပေမယ့် စာအုပ်ထုတ်တော့ဖြင့် သိန်း ၂၀၊ သိန်း ၃၀ စသဖြင့် ဝုန်းကနဲ ကုန်သွားတာ ဖြစ်၏။ 

 

ကျွန်ုပ် Forklift, Excavator, Crane (၃) အုပ်ကို ပိုက်ဆံ သိန်း (၃၀) ရင်းကာ ထုတ်ထားပါသည်။ ကျွန်ုပ်ပိုက်ဆံ မဟုတ်ပါ။ ကိုနေမျိုးမောင်က ကိုင်း အဲဒီ သိန်း (၃၀) ယူထား။ ပြန်ရလာတဲ့ပိုက်ဆံတွေကို နောက်စာအုပ်တွေ ဆက်ထုတ် ဟု ဆိုကာ ရင်းပေးထားတာ ဖြစ်၏။ ၂၀၂၀ ဇူလိုင်လက သိန်း (၃၀) ရင်းထားသည့် ထိုစာအုပ် (၃) အုပ်မှ ယခုတိုင် (၈) သိန်းသာ ပြန်ရပါသေးသည်။ နောက် ဂွန်ဒိုလာစာအုပ်ကလေးထုတ်ချင်တာတောင် မထုတ်နိုင်သေး။ မည်ကဲ့သို့ ထမင်းစားပါမည်နည်း။

 

သို့မို့ကြောင့် သည်ကိစ္စတွင် သူ မသိလို့ မှားမိတာဖြစ်လိမ့်မည်ဟု ကျွန်ုပ် ထင်ပါသည်။ 

အခုလည်း သူ တော်တော် နောင်တရနေလောက်ပါပြီ။ (မြတ်ခိုင်၏အင်တာဗျူးကို ကျွန်ုပ်ကြည့်ပြီးပါပြီ။)

နာမည်လည်း အတော် ပျက်သွားပါပြီ။

သို့အတွက် ဆဲတာဆိုတာတွေ ရပ်တန်းက ရပ်ကြဘို့ မေတ္တာရပ်ခံလိုပါ၏။

 

(ကျွန်ုပ်၏ အတ္တနောမတိကိုသာ ပြောခြင်းဖြစ်ပြီး မိတ်ဆွေတို့ သဘောတူရမည်ဟု မဆိုလို။

လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါ၏။)

 

ဟိုဂန်းမသားတွေ မြန်မြန်မ thar ပေါ်ပါစေသတည်း။ 

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၄ ဇွန်လ၊ ၂၀၂၂

 






No comments: