Saturday, June 11, 2022

ကျွန်ုပ်၏ ‘ငြမ်း’ နှင့် လှည်းခ ငါးကျပ် အကြောင်း

ကျွန်တော်ခပ်ငယ်ငယ် တောမှာနေစဉ်က “ဖရုံသီးတစ်ရာ တစ်မတ်၊ လှည်းခ ငါးကျပ်” ဟု အရီးတို့ ဦးကြီးတို့ ပြောတာ ကြားဖူးခဲ့ရ၏။ အရွယ်ငယ်သေးတော့ ဘာကိုဆိုလိုမှန်းမသိ။ အခုကျမှ လက်တွေ့မျက်မြင် သဘောပေါက် သိနားလည် ရတော့၏။ 

 

၂၀၀၇ ခုနှစ်လောက်က ကျွန်တော် အရေးကြီးသော စာတစ်စောင် အင်္ဂလန်ကို ပို့ဖူး၏။ စာမှာ သာမန်စာအိတ်တစ်အိတ် ပင်ဖြစ်၏။ DHL ဖြင့်ပို့ရာ ပို့ခ စင်းဒေါ်လာ ၅၀ ပေးရ၏။ စာ၏တန်ဘိုးမှာ ၁၀ တောင်မှ မတန်ပါ။

 

အလားတူပင် ကျွန်တော် စာအုပ်များ Amazon မှ ဝယ်ဖူး၏။ တစ်ပတ်နွမ်းစာအုပ်များမှာ အမေရိကန်ဒေါ်လာ ၁၅ ကျပ် ၂၀ လောက်သာ ပေးရ၏။ သို့သော် ပို့ခမှာမူ အမေရိကန်ဒေါ်လာ ၃၅ ကျပ် ၄၀ လောက်ပေးရ၏။ 

 

ဤသည်ပင်လျှင် “ဖရုံသီးတစ်ရာ တစ်မတ်၊ လှည်းခ ငါးကျပ်” မဟုတ်ပါလော။ အခြား အလားတူ စကားပုံတစ်ခုမှာ “ဆင်ဖိုးထက် ချွန်းဖိုးကြီး”၊ “တန်ဖိုးထက် လက်ခကြီး” စသည်တို့ဖြစ်၏။

 

ပုံနှိပ်ပစ္စည်းများကို ဒေါ်လှနှင့်ဝယ်ရလေရာ ဒေါ်လှဈေးတက်လေ ပုံနှိပ်ခ တက်လေ ဖြစ်၏။ သို့မို့ကြောင့် ယခု ပုံနှိပ်ခမှာ ယခင်က စာအုပ်တန်ဘိုးလောက် ဖြစ်နေလေ၏။ စာအုပ်ပုံနှိပ်တော့ ဆရာမျိုးက စာအုပ်တန်ဘိုး ကို ‘၅၀၀၀’ လုပ်ချင်၏။ ကျွန်ုပ်က စာဖတ်သူများကို အားနာ၍ ‘၄၀၀၀’ ပဲ လုပ်ပါဗျာ ဟု ပြောလိုက်၏။ 

 

ကနေ့ည “ငြမ်း” စာအုပ် ဖြန့်ချိရေးနှင့်ပတ်သက်၍ Zoom meeting လုပ်ကြ၏။ သည်တော့မှ သူတို့ မြေပြင်အခက်အခဲ များကို သိရလေ၏။ အထူးသဖြင့် ဖြန့်ချီရေးပိုင်းမှ ကုန်ကျစရိတ်များ ဖြစ်၏။ နယ်ဘက်များသို့ ပို့ရသည့်အခါ တခါတလေ ပို့ခက စာအုပ်တန်ဘိုးထက် များနေတတ်၏။ ထိုအခါ စာဖတ်သူများမှာ အောင့်သီးအောင့်သက်ဖြင့် “ငင့် - စာအုပ် တောင်မှ အဲသလောက် မတန်တာ၊ ဘာကိစ္စငါတို့က သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနကို လုပ်ကျွေးနေရမှာတုံး။ မဝယ်ဘူးခွာ” ဟု တင်းခံလေတော့၏။ သို့အတွက် ဆရာမတစ်ယောက်က သူ့စာအုပ်ကို တန်ဘိုးမြှင့်လျက် ဖရီးဒလစ်ဘရီ လုပ်လေ၏။ ထိုအခါ စာဖတ်သူများမှာ စာအုပ်တန်ဘိုးကို ဈေးကြီး သည့်တိုင် ကျေကျေနပ်နပ် ပေးဝယ်ကြသည် ဆို၏။ ထိုအခါကျမှ ကျွန်ုပ်လည်း ကျွန်ုပ်၏ သံမဏိခေါင်းကို ရာဘာခေါင်း ပြန်ပြောင်းရလေ၏။ 

 

သို့နှင့် သူတို့က စာအုပ်တန်ဘိုးကို ၆၀၀၀ လုပ်ချင်ပါသည့်ဆိုတော့ ကျွန်ုပ်မှာ ဘာမှ မဆိုသာတော့ဘဲ သဘောတူလိုက် ရတော့၏။ စာအုပ်များ ထုပ်ပိုး၊ စတစ်ကာမှာ၊ ကပ် စသဖြင့် စီစဉ်ရမှာဖြစ်သဖြင့် ဆယ်ရက်လောက် အချိန်ယူရမည် ဆို၏။ ဆိုတော့ စာအုပ်များကို ၂၇၊ ၂၈ လောက်တွင် စဖြန့်မည်။ စာဖတ်သူများ လက်ထဲကို လကုန်လောက် ရောက်မည် ဆို၏။ 

 

စင်ကာပူသို့ သယ်လာမည့်စာအုပ်များကိုမူ သယ်ခသိပြီးမှ ပြောလို့ဖြစ်ပါမည်။ စင်ကာပူသို့ စာအုပ်များ တစ်ပတ်အတွင်း ရောက်လာပါလိမ့်မည်။ 

 

ငြမ်းစာအုပ် မှာယူရန် ပုံစံ

 

https://docs.google.com/forms/d/e/1FAIpQLSdGGJXwlOOTMb87L_etOiA-v9sooEBKR9NZUE9Ffo68iINxLw/viewform



အားပေးသူအပေါင်းကို ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၀ ဇွန်လ၊ ၂၀၂၂

No comments: