Sunday, June 5, 2022

အလုပ်သမားဆီက ပိုက်ဆံတောင်းလို့မရ/လခထဲက ဖြတ်လို့မရတဲ့ဟာတွေ

အလုပ်ရှင်တွေဟာ အလုပ်သမားတွေဆီကနေ ဟောသဟာတွေအတွက် လခထဲက ဖြတ်လို့မရ/ ပိုက်ဆံတောင်းလို့ မရပါဘူး။

 

၁။ မင်းကို ငါတို့ကုမ္ပဏီမှာ အလုပ်ခန့်ရလို့ ဆိုတဲ့ အကြောင်းပြချက်။ ကုမ္ပဏီဟာ အေးဂျင့်မဟုတ်လို့ အလုပ်သမားကို တိုက်ရိုက် အလုပ်ခန့်ခြင်းအတွက် အေးဂျင့်ခ တောင်းယူလို့မရပါဘူး။

 

၂။ အလုပ်သမားတစ်ယောက်အတွက် ကုမ္ပဏီက စင်ကာပူဒေါ်လာ ၅၀၀၀ တန် Security Deposit ဝယ်ရပါတယ်။ အဲဒါကုမ္ပဏီက ဝယ်ရတာပါ။ အလုပ်သမားနဲ့ မဆိုင်ပါဘူး။ အဲဒီအတွက် Security Deposit ဘိုးဆိုပြီး အလုပ်သမား လခထဲက ဖြတ်လို့မရ/ ပိုက်ဆံတောင်းလို့ မရပါဘူး။

 

၃။ အလုပ်သမားတစ်ယောက်အတွက် ကုမ္ပဏီက တစ်နှစ်ကို စင်ကာပူဒေါ်လာ ၁၅၀၀၀ တန် ဆေးအာမခံ ဝယ်ရပါတယ်။ အဲဒါကုမ္ပဏီက ဝယ်ရတာပါ။ အလုပ်သမားနဲ့ မဆိုင်ပါဘူး။ အဲဒီအတွက် ဆေးအာမခံဘိုးဆိုပြီး အလုပ်သမား လခထဲက ဖြတ်လို့မရ/ ပိုက်ဆံတောင်းလို့ မရပါဘူး။

 

၄။ ဖျားတာ၊ နာတာ၊ ဗိုက်နာတာ၊ ခေါင်းကိုက်တာတွေအတွက် ဆေးကုသစရိတ်ကို အလုပ်ရှင်က ပေးရပါတယ်။ (နံပါတ် (၃) မှာ ဖော်ပြထားတဲ့ ဆေးအာမခံထဲက) တစ်သောင်းခွဲထက်ကျော်သွားရင်တော့ ပိုတဲ့ပိုက်ဆံကို အလုပ်ရှင်/ အလုပ်သမား မျှဝေကျခံရပါတယ်။ ဘယ်လောက်မျှဝေကျခံမယ်ဆိုတာကို စာချုပ်ထဲမှာ ထည့်ရေးလေ့ရှိပါတယ်။

 

၅။ ဝပ်ပါမစ် သက်တမ်းတိုးဘို့ဆိုပြီး အလုပ်ရှင်ဟာ အလုပ်သမား လခထဲက ဖြတ်လို့မရ/ ပိုက်ဆံတောင်းလို့ မရပါဘူး။ အဲသဟာ ကုမ္ပဏီက လုပ်ပေးရမှာပါ။

 

၆။ အစိုးရက စီစဉ်ပေးတဲ့ မဖြစ်မနေတက်ရတဲ့ သင်တန်းတွေအတွက် သင်တန်းကြေးကို ကုမ္ပဏီက ပေးရပါတယ်။ အလုပ်သမား လခထဲက ဖြတ်လို့မရ/ ပိုက်ဆံတောင်းလို့ မရပါဘူး။ ဒါပေမယ့် Safety သင်တန်းမှာ ကျလို့ ပြန်တက် ရရင်တော့ ကုမ္ပဏီတွေက ပိုက်ဆံထပ်မပေးတော့ပဲ ကိုယ့်ဘာသာ ပေးရတတ်ပါတယ်။ တချို့ သဘောကောင်းတဲ့ ကုမ္ပဏီတွေကတော့ သင်တန်းကြေး ထပ်ပေးတတ်ပါတယ်။ 

 

၇။ အလုပ်သမားအတွက် အစိုးရကို လဲဗီး (levy) ကြေးဆိုပြီး ကုမ္ပဏီက ပေးရပါတယ်။ အဲဒါ ဥပဒေအရ ကုမ္ပဏီက ပေးရတာဖြစ်လို့ အလုပ်သမားလခထဲက ဖြတ်လို့မရ/ ပိုက်ဆံတောင်းလို့ မရပါဘူး။

 

၈။ တကယ်လို့ ကုမ္ပဏီမှာဆက်မလုပ်တော့ဘူး၊ မြန်မာပြည်ကို အပြီးပြန်တော့မယ်ဆိုရင် လေယာဉ်လက်မှတ်ခကို အလုပ်ရှင်က ပေးရပါတယ်။ အလုပ်သမားလခထဲက မနှုတ်ရပါဘူး။

 

၉။ မင်းတို့ဆီမှာ ပိုက်ဆံတွေထားရင် ကုန်လိမ့်မယ်။ ငါတို့စုပေးထားမယ်ဆိုပြီး အလုပ်သမားရဲ့ သဘောဆန္ဒမပါဘဲ ကုမ္ပဏီက အတင်းအကြပ် စုခိုင်းလို့မရပါဘူး။ 

 

တချို့ကုမ္ပဏီတွေက အိမ်ခန်းလခ ဖြတ်ပြီး တချို့ကုမ္ပဏီတွေက မဖြတ်ပါဘူး။ အိမ်ခန်းလခ တချို့တဝက်ကို ကုမ္ပဏီက ဖြတ်ပိုင်ခွင့်ရှိပါတယ်။

 

တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်း (PPE) တွေကို ကုမ္ပဏီက ပံ့ပိုးပေးရပါတယ်။ PPE ဝယ်ဘို့ဆိုပြီး အလုပ်သမား လခထဲက ဖြတ်လို့မရ/ ပိုက်ဆံတောင်းလို့ မရပါဘူး။ (တချို့ကုမ္ပဏီတွေ ဖြတ်နေကြတာတွေ ရှိပါတယ်။ အဲသလို လုပ်ခွင့်မရှိပါဘူး။)

 

တကယ်လို့ အလုပ်ရှင်နဲ့ အလုပ်သမားအကြား ပြဿနာတက်ရင် (၃) နေရာမှာ အကူအညီတောင်းလို့ ရပါတယ်။

 

၁။ MOM (Ministry of Manpower)

ဖုန်းနံပါတ် - ၆၄၃၈ ၅၁၂၂

လိပ်စာ - ၁၅၀၀၊ ဘန်ဒါမီယာလမ်း (1500, Bendemeer Road)

 

၂။ TADM (Triparite Alliance for Dispute Management)

Website link: https://www.tal.sg/tadm

TADM က MOM ရဲ့ တတိယထပ်မှာ ရှိပါတယ်။

 

၃။ MWC (Migrant Worker Centre)

FB Link: https://www.facebook.com/mwcsg

ဖုန်းနံပါတ် - ၆၅၃၆ ၂၆၉၂

လိပ်စာ - 579, Serangoon Road

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၅ ဇွန်၊ ၂၀၂၂

No comments: