Wednesday, November 10, 2021

ဒါ ကျုပ်တို့တိုင်းပြည် - ဟောဒီ ဗမာပြည်

ထားစရာမရှိအောင် ကျိကျိတက် ချမ်းသာနေသူများ (နှင့်) စားစရာမရှိလို့ ဖွတ်တက်အောင် မွဲနေသူများနေသည့် တိုင်းပြည်

ဗမာပြည်

 

တိုင်းပြည်ကောင်းကျိုးအတွက် အသားကုန်လှူနေသော ဖွတ်တက်အောင် မွဲနေသူများ (နှင့်) တိုင်းပြည်ဒုက္ခရောက်နေ တာတောင် ကိုယ့်ဘို့အတွက် ရသမျှနှိုက်နေသေးသူများနေသည့်တိုင်းပြည်

ဗမာပြည်

 

ရှိသမျှအားလုံးစွန့်လွှတ် ကိုယ်ကျိုးစီးပွားတစက်မှကမပါ ပြည်သူ့အတွက်သာ လုပ်နေသူများ (နှင့်) ပြည်သူ့အကျိုးစီးပွားအတွက် လုံးဝမငဲ့ကွက် ကိုယ်ကျိုးအတွက် မလုပ်ရဲတာမရှိသူများနေသည့်တိုင်းပြည်

ဗမာပြည်

 

တိုင်းပြည်အတွက် အစွမ်းကုန် စွန့်လွှတ်အနစ်နာခံသူ (နှင့်) ပြည်သူ့ဘဏ္ဍာကို အစွမ်းကုန်ခိုးသူများနေသည့်တိုင်းပြည်

ဗမာပြည်

 

ကိုယ်ကျင့်တရားအရာ၌ ဘာမှပြောစရာမရှိအောင် ဖြူစင်သူများ (နှင့်) ယုတ်စရာမှန်သမျှ သူများယုတ်စရာပင် ချန်မထားဘဲ အသားကုန်ယုတ်သူများနေသည့်တိုင်းပြည်

ဗမာပြည်

 

မဟုတ်တာလုပ်နေမှန်းသိလျက်နှင့် မိမိကိုယ်ကျိုးအတွက် (ကိုယ့်သိက္ခာကိုမှမထောက်) ထိုအယုတ်တမာများ၏ ဘောကို လျက်နေသူများ (နှင့်) လခကလွဲ၍ တခြား ဘာဝင်ငွေမှမရှိသည့်တိုင် အယုတ်တမာများကို အစွမ်းကုန်တိုက်ထုတ်ရန် စွန့်လွှတ်အနစ်နာခံနေသူများနေသည့်တိုင်းပြည်

ဗမာပြည်

 

မိမိရပ်တည်ရေးအတွက် ဘာအပြစ်မှမရှိသူများ၏ခေါင်းကို သေနတ်နှင့်ချိန်ပစ်နေသူများ (နှင့်) မိဘအိမ်မှာ ဘော်ကြော့ နေလာခဲ့ပြီးမှ တိုင်းပြည်အတွက် အနစ်နာအဆင်းရဲခံနေသည့် သူရဲကောင်းကလေးများနေသည့်တိုင်းပြည်

ဗမာပြည်

 

ကိုယ့်ချွေးနှဲစာကလေးထဲမှ ထမင်းစားရရုံလောက်သာ ချန် ပြည်သူ့လွတ်လပ်ရေးအတွက် မတန်တဆလှူနေသူများ (နှင့်) ပလာတာရ ပလာတာ၊ ဆန်ရဆန်၊ ဖိနပ်ရဖိနပ်၊ ရသမျှအကုန် ခိုးဝှက်ဓားပြတိုက်နေသူများနေသည့်တိုင်းပြည်

ဗမာပြည်

 

ဘာတစ်ခုမှ ကိုယ်ကျိုးမပါ၊ ဘာရလိုမှုတစ်ခုမှမရှိဘဲ တိုင်းပြည်အတွက် လုပ်နေသူများကို တိုင်းပြည်အတွက် တစ်ခုမှမလုပ်၊ ရသမျှအကုန်ခိုးနေသည့် သူခိုးဓားပြ၊ လူရမ်းကား၊ လူသတ်ကောင်များက ပြန်တရားစွဲသည့်တိုင်းပြည်

ဗမာပြည်

 

သူခိုးဓားပြ၊ လူရမ်းကား၊ လူသတ်ကောင်များက လူကြီးလူကောင်းများဖြစ်လျက် ဘာအပြစ်မှမရှိသူများ ထောင်ထဲ၌ ဝင်နေရသည့်တိုင်းပြည်

ဗမာပြည်

 

လူများကို မတရားတာတွေမလုပ်ဖို့ ပြောနေသူများက မတရားတာလုပ်နေသူများကို အဖေခေါ်သူများနေသည့်တိုင်းပြည်

ဗမာပြည်

 

ဘာတစ်ခုမှ​ လာဘ်မစားသူများကို အသားကုန် လာဘ်စားထားသူများက လာဘ်စားပါသည်ဆိုပြီး အမှုဖွင့်သည့်တိုင်းပြည်

ဗမာပြည်

 

ဘာလက်နက်မှမရှိသူများကို လက်နက်ကိုင်ဆောင်ထားသူများက ဘယ်ကောင်သေရဲသလဲဟု မိုက်ကြေးခွဲသူများနေသည့်တိုင်းပြည်

ဗမာပြည်

 

ဥစ္စာသယန၊ မဟာသယနာဟု သူများကို တိုင်ပေးနေသူများက သိန်းပေါင်းများစွာချမ်းသာနေပြီး ပိုက်ဆံမရှိသူများကို အသားလွတ် စော်ကားနေသည့်သူများနေသည့်တိုင်းပြည်

ဗမာပြည်

 

တရားဟောပလ္လင်ပေါ်တက်နေပြီး လူအများ၏ ရှိခိုးဦးချခြင်းကို ခံနေသူများက လမ်းဘေး သူတောင်းစားလောက်မှ အဆင့်အတန်းမရှိသည့် စကားများကို ပြောသူများနေသည့်တိုင်းပြည်

ဗမာပြည်

 

အမျိုးဘာသာ သာသနာဟု အော်နေသူများက အမျိုးဘာသာ သာသနာကို ဖျက်ဆီးသူများနေသည့်တိုင်းပြည်

ဗမာပြည်

 

သိက္ခာဖြင့်ရပ်တည်ရမည့် အဖွဲ့ကြီးက သိက္ခာတစ်ပြားသားမှ မရှိသည့်တိုင်းပြည်

ဗမာပြည်

 

ကိုယ်ကိုယ်နှိုက်က ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ပါဘဲလျက်၊ တကယ်လုပ်နေသူများကို သောက်တင်းထိုင် တုပ်သူများနေသည့်တိုင်းပြည်

ဗမာပြည်

 

ကိုယ့်ရာထူးတည်မြဲရေးတစ်ခုသာကြည့်လျက် အချင်းချင်းကို ချနင်းနေသူများနေသည့်တိုင်းပြည်

ဗမာပြည်

 

ကိုယ့်ကိုထမင်းကျွေးထားသည့်လက်ကို ပြန်ကိုက်နေသူများနေသည့်တိုင်းပြည် 

ဗမာပြည်

 

ဤ အနှီတိုင်းပြည်၊ ထိုတိုင်းပြည်၊ စောက်တလွဲတိုင်းပြည်

ကျွန်ုပ် စောက်ကျိုးနည်းချစ်ရပါသော တိုင်းပြည်

ဗမာပြည်

 

အေးငြိမ်း

၁၀ နိုဝင်ဘာလ၊ ၂၀၂၁

No comments: