နိဒါန်း
မိတ်ဆွေတို့ ဆပ်ကပ်ထဲ၌ ကြိုးတန်းပေါ် စက်ဘီးစီးပြတာ၊ နဖူးပေါ် ဝါးလုံးကို ထောင်တင်ကာ ထိုဝါးလုံးထိပ်၌ ဘောလုံးတင်ပြတာ၊ ကြိုးတန်းပေါ် လမ်းလျှောက်ပြတာ၊ လူပဒေသာပင်လုပ်ပြတာ တွေ့ဖူးကြပါလိမ့်မည်။
ထိုဆပ်ကပ်ပညာရှင်များသည် သူတို့ကိုယ်နှိုက်ကပင် မသိသော်လည်း ၎င်းတို့သည် စက်ဘီးနှင့်တကွ လူ၏ အလေးချိန်ကို ကြိုးတန်းပေါ်၌သော် လည်းကောင်း၊ ဘောလုံးနှင့်တကွ ဝါးလုံး၏ အလေးချိန်ကို နဖူးပေါ်၌သော် လည်းကောင်း၊ လူတစ်ကိုယ်လုံး၏ အလေးချိန်ကို ခြေဖဝါးအလယ် တည့်တည့်၌သော် လည်းကောင်း ထိန်းထားနိုင် ကြသူများ၊ တစ်နည်းအားဖြင့် Centre of Gravity ကို ရအောင် ချိန်နိုင်ကြသူများ ဖြစ်၏။
အနှီ ကြိုးတန်းနှင့်စက်ဘီးတာယာ ထိနေသည့်အမှတ်သည်သော် လည်းကောင်း၊ လူခြေထောက်နှင့် ကြိုးတန်း ထိနေသည့်အမှတ်သည်သော် လည်းကောင်း၊ ဝါးလုံးထိနေသည့် နဖူးပေါ်မှအမှတ် သည်သော်လည်းကောင်း အားလုံး တို့သည် ထိုပစ္စည်းများ၏ Centre of Gravity တည့်တည့်ကို ဖြတ်သွားရာ အမှတ်များပင် ဖြစ်တော့၏။
မိတ်ဆွေတို့ ‘ရှားနှစ်တုတ် ပြဿနာ’ အကြောင်း မှတ်မိဦးမည် ထင်ပါသည်။
တစ်နေ့သ၌ ပြဿနာကို မီးထွန်းရှာလိုသော အသိဉာဏ်ပညာ အလွန်နုံနဲ့လှသည့် သိန်း၊ ဒေဝိန်း၊ ကာမိန်း၊ ပဂုတ် တည်း ဟူသော အမတ်လေးယောက်တို့သည် ကံကောင်းလို့သာ ဘုရင်ဖြစ်လာရပြီး မည်သည့် စဉ်းစားဆင်ခြင်ဉာဏ်မှ မရှိသော ဝိဒေဟရာဇ်မင်း ဆိုသူအား မဟော်သဓာပညာရှိကို ဒုက္ခပေးရန် မြှောက်ပင့်ပေးလေ၏။
သူတို့က ရှားပင်မှ အနှစ်အား အရင်းအဖျား လုံးပတ်တူညီသော သစ်သားချောင်းတစ်ခု မတိုမရှည် ပြုလုပ်စေကာ မဟော်သဓာပညာရှိထံ ပို့လျက် မည်သည်က အရင်း၊ မည်သည်က အဖျား ဖြစ်သည်ကို မေးလေ၏။
မဟော်သဓာပညာရှိမှာ centroid နှင့် centre of gravity ကို ကောင်းစွာ ခွဲခြားနားလည်လေရကား ပြဿနာကို အလွယ်ကလေးပင် ဖြေရှင်းပေးလိုက်လေ၏။ (အဘယ်သို့ဖြေရှင်းပေးလိုက်ကြောင်း မသိသေးသူများ ဇာတ်တော်ကြီး ဆယ်ဘွဲ့လာ မဟော်သဓာပညာရှိအကြောင်း ရှာဖတ်ကြလေကုန်။ ဤသည်ကို ဆရာစားချန်ခြင်းဟု ခေါ်သတတ်။)
ဇာတ်တော်ကိုပေါင်းသော် သိန်း ဆိုသည့်အမတ်ကြီးမှာ ခွေးအောင်လှိုင်၊ ဒေဝိန်းမှာ ဇော်မဲလုံး၊ ကာမိန်းမှာ အောင်မိုက်ဒွေး၊ ပဂုတ်မှာ သက်သက်ခံ (ပဂုတ်မှာ သူများမယား ကြာခိုမိသည့်အတွက် ယခုဘဝတွင် လိင်ပြောင်း သွားခြင်း ဖြစ်၏။ ဤကား စကားချပ်) အသီးသီး အသက အသက ဖြစ်လာကြလေ၏။
No comments:
Post a Comment