Wednesday, June 30, 2021

ဖြစ်ကတတ်ဆန်းနှင့် ပြီးပြီးရောတို့ မီးစင်ကြည့်ကကြခြင်း အကြောင်း

(၁) ကျွန်ုပ် အော့နှလုံးနာသည့် စကားလုံးများ


 ဤဒွန္နယာကြီးတွင် ကျွန်ုပ် အလွန်မုန်းသည့် စကားလုံးများရှိသည့်အနက် အောက်ပါ စကားလုံးတို့လည်း အပါအဝင် ဖြစ်၏။

 

§  မီးစင်ကြည့်က

§  ဟိုကွေ့ ဟိုတက်နဲ့လှော်၊ ဒီကွေ့ ဒီတက်နဲ့လှော်

§  ကျုပ်ကျက်လိ

§  ဖြစ်ကတတ်ဆန်း

§  ပြီးပြီးရော

 

အထူးသဖြင့် ရှေ့ဆောင်ခေါင်းရွက် လုပ်ရမည့်သူများက ဘာအစီအမံမှမရှိဘဲ ဖြစ်ကတတ်ဆန်း၊ ပြီးပြီးရော လုပ်တာများ ကို ကျွန်ုပ် အလွန် အော့နှလုံးနာလှ၏။


 

(၂) ESG ၏ ပညာရေး ပံ့ပိုးမှုအစီအစဉ်

 

ဒေါင်းဇားအုပ်စုတို့ နိုင်ငံတော်အာဏာကို ဓားပြတိုက်ယူသွားပြီးနောက် တိုင်းပြည်ကြီးမှာ ဖယိုဖရဲ နှင့် ဗရုသုက္ခဖြစ်ကာ ကျန်ခဲ့လေ၏။

ထိုအထဲတွင် ကျောင်းများလည်းပါ၏။

ဒေါင်းဇားများ ပြုတ်ကျရေးအတွက် တစ်တိုင်းပြည်လုံးက အားသွန်ခွန်စိုက် ဝိုင်းဝန်းဆန့်ကျင်နေကြလေရာ ထိုအထဲတွင် ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများလည်း ပါ၏။ ကျောင်းသူ/ကျောင်းသား၊ ဆရာ/ဆရာမများသည် ကျောင်းမတက်ခြင်းဖြင့် ဆန္ဒပြကြ၏။

ထိုအခါ ကျောင်းသူ/ကျောင်းသား၊ ဆရာ/ဆရာမများမှာ ကျောင်းမတက်ရတော့။

ထိုကွက်လပ်ကို ဖြည့်ရန် ကျွန်တော်တို့ AVLS (ရုပ်မြင်သံကြား) စနစ်ဖြင့် စာသင်ရန် ကြိုးစားနေကြပါ၏။

ထိုအခါ စာသင်ရာတွင် မရှိမဖြစ်လိုအပ်သည့် ပြဌာန်းစာအုပ်များကို စုဆောင်း၏။

TTT သင်တန်းတွင် ဆရာမတစ်ယောက်က DBEBox link ပေးသဖြင့် ကျွန်ုပ်လည်း ဝမ်းသာအားရ စာအုပ်များ ဒေါင်းပါ၏။

အစပိုင်းတွင် ကျွန်တော် ပထမတန်းကို စဒေါင်း၏။ 

WOW!!!!

ပြဌာန်းစာအုပ်များနှင့် ဆရာကိုင်လက်စွဲစာအုပ်များကို ကြည့်ပြီး ကျွန်တော် အတော်လေး ကြွေသွား၏။ ဆရာများအတွက် အမှာစာ၊ Lesson Plan, Assessment Plan များကိုပါ ကျကျနနပြင်ထားလေရာ အတော်လေး ပြည့်စုံ ကောင်းမွန်လှ၍ ပညာရေးဌာနမှ ဆရာ/ဆရာမကြီးများကို အထင်ကြီး၊ လေးစား၊ ကျေးဇူးတင်မိပါ၏။

 

သို့သော် အားလုံးတော့မပြီးသေး။ အချို့အတန်းများ ကျန်သေး၏။ 

ယခုစတင်အကောင်အထည်ဖော်နေပြီဖြစ်သော ၁၂ တန်း စနစ်တွင် - 

မူလတန်း၌ သူငယ်တန်းမှသည် ပဉ္စမတန်းအထိ၊ အလယ်တန်းတွင် ဆဋ္ဌမတန်းမှ နဝမတန်းထိ၊ အထက်တန်းတွင် ဒသမတန်း၊ ဧကဒသမတန်း၊ ဒွါဒသမတန်း စသဖြင့် ပါ၏။

ထိုအတန်းများထဲတွင် ၅ တန်း၊ ၈ တန်း၊ ၉ တန်း၊ ၁၁ တန်း၊ ၁၂ တန်းများအတွက် ကျောင်းစာအုပ်များ တင်ထားတာ မတွေ့ရသေး၍ ပြင်မပြီးသေးဟု ယူဆပါသည်။ 


(၃) ယောင်းမကို မြင်းလုပ်စီးသူများအကြောင်း

 

ကောင်းလှပေ့၊ တော်လှပေ့ ဟု ချီးမွမ်းမယ်မှ မကြံသေး။ DBE Box က ယောင်းမမြင်းစီး ထွက်လာတော့၏။

၎င်းတို့ ဘယ်လိုတွေးပြီး ဘာကြောင့် အဲသလိုလုပ်ထားမှန်း ကျွန်ုပ်မသိပါ။

၎င်းတို့ စီစဉ်ထားပုံကြောင့် ထို website မှ ကျောင်းစာအုပ်များကို ဒေါင်းရတာ အလွန်ဒွတ်ခများလှ၏။ 

လူအများ ဒေါင်းလို့မလွယ်အောင် ပညာပြထားတာလို့တော့ ကျွန်ုပ်မထင်ပါ။ 

ဒါဖြင့် ဘာကြောင့် အဲသလို လုပ်ထားရသလဲ။ ကျွန်ုပ်မသိပါ။

 

၁။

ပထမဆုံးပြဿနာမှာ စာအုပ်တစ်အုပ်လုံးတင်ပေးထားတာမဟုတ်ဘဲ တစ်ခန်းချင်းတင်ပေးထားတာဖြစ်၏။ တစ်ခန်းချင်းတောင်မှ အချို့အတန်းများတွင် အခန်းခွဲများ တင်ပေးထားတာဖြစ်၏။

ဆိုလိုသည်မှာ ဒသမတန်း မြန်မာစာ ဆိုပါစို့။ ၁၀ တန်းမြန်မာစာပြဌာန်းစာအုပ် တစ်အုပ်လုံးကို တင်ပေးထားတာ မဟုတ်ဘဲ အခန်း (၁)၊ အခန်း (၂) စသဖြင့်ခွဲပေးထားရာ တစ်ခန်းချင်း ဒေါင်းယူရ၏။

အချို့ဘာသာရပ်များ၌ အခန်း (၁) တစ်ခုလုံးကို တင်ပေးထားတာမဟုတ်ဘဲ အခန်းခွဲများဖြစ်သော အခန်း ၁၊ ၁။ ၁၊ ၂ စသဖြင့် တင်ပေးထားသည်ဖြစ်ရာ စာတစ်အုပ်ပြီးဘို့ရာ အကြာကြီး ဒေါင်းရလေ၏။

 

၂။

နောက်တစ်ခုက အချို့စာအုပ်များမှာ မူလ soft copy ကို pdf ပြောင်းထားတာမဟုတ်ဘဲ ပုံနှိပ်ပြီးသား စာအုပ်ကို scan ဆွဲကာ ပြန်တင်ပေးထားတာ ဖြစ်၏။ အောင်မယ်၊ ဆရာမနာမည်နဲ့ မှတ်စုလေးတွေတောင်ပါသေး။

ငမ် . . ဟောဒီ website က မူလဘူတဖြစ်ရမှာ မဟုတ်ပါလား။ ဘယ့်နှာကြောင့် ဆရာမတစ်ယောက်ရဲ့ စာအုပ်ကို ပြန် scan ဆွဲ တင်ရပါလိမ့်။ အဲသဟာ ကျွန်ုပ်မသိပါ။

 

၃။

ပထမတန်းစာအုပ်ကို ပြင်ထားတာ အတော်လေး ပြည့်စုံပါသည်။ Lesson Plan, Assessment Plan ကျကျနန ပြင်ထားပါ၏။ 

သို့သော်လည်းပေါ့ ခညာ။

 

၁၀ တန်း ပထဝီစာအုပ်က ဆရာကိုင်လက်စွဲစာအုပ်မှ သင်ခန်းစာအစီအစဉ်များ (Lesson Plan) ကို ဒေါင်းလိုက်တော့ အတော်လေး စိတ်လေသွားပါသည်။ (Lesson plan အစစ်ကိုမူ အခြားတစ်နေရာတွင် ဖော်ပြထား၏။) ထို lesson plan အောက်တွင် ကပ်လျက်သားပါလာသည့် ဝေါဟာရအဓိပ္ပာယ် ရှင်းလင်းချက်ကို ဖွင့်လိုက်တော့ ပိုဆိုးတော့၏။

 

ဝေါဟာရ အဓိပ္ပာယ်ရှင်းလင်းချက်ဆိုတော့ ကျွန်တော်ထင်မိသည်မှာ ပထဝီစာအုပ်ထဲပါ ဝေါဟာရများကို ရှင်းပြထား သည် ထင်သာ။ ဘာဟုတ်မတုံးခင်ဗျာ။

သူတို့တင်ထားသည့်အတိုင်း ပြန်လည်ရေးသား ဖော်ပြရလျှင် အောက်ပါအတိုင်း ဖြစ်ပါ၏။

 

+++++++++++++++++++

 

၃။ ဝေါဟာရအဓိပ္ပာယ်ရှင်းလင်းချက် (Glossary of Words)

 

ကျောင်းသားများက သင်ခန်းစာပါသဘောတရားများကို ပိုမိုနားလည်စေရန်အတွက် ကျောင်းသုံးစာအုပ်တွင် ဝေါဟာရ အဓိပ္ပာယ်ရှင်းလင်းချက်များကို ထည့်သွင်းဖော်ပြထားသည်။ ဝေါဟာရအဓိပ္ပာယ်ရှင်းလင်းချက်များတွင် မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြသော အဓိပ္ပာယ်သတ်မှတ်ချက်များနှင့် ပညာရပ်ဆိုင်ရာအဓိကဝေါဟာရများ ပါဝင်သည်။

 

+++++++++++++++++++

 

အဲသဟာ ‘ဝေါဟာရ အဓိပ္ပာယ်ရှင်းလင်းချက်’ ဟူသည့် ခေါင်းစဉ်အောက်တွင် တင်ထားတာ ဖြစ်ပါသည်။

သဟာတောင် ‘ဝေါဟာရ အဓိပ္ပာယ်ရှင်းလင်းချက်’ သီးသန့်မဟုတ်ဘဲ ‘ဝေါဟာရ အဓိပ္ပာယ်ရှင်းလင်းချက်’ ခေါင်းစဉ် ပါသည့် စာမျက်နှာကို ဖြတ်ကာ ဖော်ပြထားခြင်းဖြစ်ပါသည်။ အပေါ်ဘက်တွင် lesson plan တစိတ်တပိုင်း ပါနေ၏။

ကျွန်တော် အတော်လေး လေသွား၏။

 

၄။

အဲသဟာထက်ဆိုးတာ ရှိသေး၏။

ပထမတန်းသိပ္ပံ၊ ဆရာလမ်းညွှန် - အပိုင်း (၄) - ၄၊ ၁။ ၄၊ ၂။ ၄၊ ၃။ ၄၊ ၄။ ၄၊ ၅။ ခေါင်းစဉ်ခွဲအားလုံးမှာ စာမျက်နှာ တစ်ခု တည်း၌ ပါပါသည်။ ဤသည်ကို ဆရာကြီးများက ခေါင်းစဉ်ငယ်များခွဲပြီး ထိုစာမျက်နှာတစ်ခုတည်းကိုပင် အနှီ ခေါင်းစဉ်ငယ်များအောက်၌ ထပ်ခါထပ်ခါ ဖော်ပြထား၏။ ခေါင်းစဉ်ခွဲ ၄၊ ၆။ ၌ ဒုတိယစာမျက်နှာကိုသာဖော်ပြထားပြီး ထိုစာမျက်နှာတွင် ၄၊ ၅။ က တစ်စိတ်တစ်ပိုင်းပါနေ၏။

အဲသဟာ ဘာလုပ်တာပါနည်း။ 

၎င်းတို့၏ ဟိုက်တက်ခနော်လော်ဂျီများကို ကျွန်ုပ် နားမလည်နိုင်။

 

ထို့အတူပင် အနှီ ဒသမတန်း၊ ကာယပညာ ဘာသာရပ်၊ ကျောင်းသုံးစာအုပ် ခေါင်းစဉ်အောက်၌ ကျောင်းသုံးစာအုပ် မိတ်ဆက်၊ သင်ယူရမည့်အကြောင်းအရာများ၊ သင်ရိုးမာတိကာ အကျဉ်းချုပ် (ခေါင်းစဉ်များ) အားလုံးမှာ စာမျက်နှာ တစ်ခုတည်း၌ ပါ၏။ ဤနေရာတွင်လည်း အထက်တွင် ဖော်ပြခဲ့သလို စာတစ်မျက်နှာတည်းကို ထပ်ခါထပ်ခါ ဖော်ပြ ထား၏။ သင်ယူရမည့် နည်းလမ်းများ ခေါင်းစဉ်မှာ ထိုစာမျက်နှာအောက်ဖက်တွင် တစ်ဝက်တစ်ပျက် ပါနေရာ ထိုစာမျက်နှာနှင့် နောက်တစ်မျက်နှာ၊ ပေါင်း ၂ မျက်နှာ ဖော်ပြထား၏။ စာသင်နှစ်အဆုံးတွင် သိရှိသွားပြီး လုပ်ဆောင်နိုင်မည့် ရလဒ်များ နှင့် သင်ရိုးမာတိကာအကျဉ်းချုပ်နှင့် သင်ယူမှုရလဒ်များ မှာလည်း စာတစ်နှာတည်းတွင် ပါနေသည်ကို နှစ်ခါထပ် ဖော်ပြထား၏။

 

၅။

ဆဌမတန်း၊ အနုပညာ (ဂီတ) ဘာသာရပ်၊ ဆရာကိုင် လက်စွဲစာအုပ်၊ ဆရာလမ်းညွှန်စာအုပ်မိတ်ဆက်မှာ အနုပညာ (ဂီတ) မဟုတ်ဘဲ ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်အတွက် ဖြစ်နေ၏။ ကျွန်ုပ်များ မျက်စိမှောက်နေတာလို့ မှန်ဘီလူးနှင့် အသည်းအသန်လိုက်ရှာကြည့်၏။ ဂီတ မဆိုထားပါနှင့်။ ဂီ ဆိုသည့် စကားလုံးလေးတောင် တစ်လုံးတလေ ပါမလာခဲ့။ 

 

၆။

၁၀ တန်း၊ အနုပညာ (ပန်းချီ) ဘာသာရပ်တွင် သင်ခန်းစာအစီအစဉ်များ (Lesson Plan) ကို ဆရာကိုင်စာအုပ်ထဲမှ ယေဘူယျ lesson plan ပြင်ပုံပြင်နည်းကို ဖြတ်ညှပ်ကပ်လုပ်ကာ ဖြစ်ကတတ်ဆန်း ထည့်သွင်း ဖော်ပြထား၏။ ထို သင်ခန်းစာအတွက် တကယ့် lesson plan အစစ်မဟုတ်။ Lesson Plan နှင့် ခပ်ဆင်ဆင်အရာကို လပိုင်းမာတိကာ ခေါင်းစဉ်အောက်တွင် ဖော်ပြထား၏။

 

အလားတူစွာ စစ်ဆေးအကဲဖြတ်ခြင်း ခေါင်းစဉ်အောက်၌ ဖော်ပြထားသည်မှာလည်း ထို ပန်းချီဘာသာရပ်အတွက် စစ်ဆေးအကဲဖြတ်ခြင်း မဟုတ်မူ၍ ဆရာကိုင်စာအုပ်မှ ဖြတ်ညှပ်ကပ်လုပ်ထားခြင်းဖြစ်၏။ အစမပါ၊ အဆုံးမပါ။ တစ်နေရာမှ စထားပြီး တစ်နေရာတွင် ဆုံးထား၏။ 

 

နောက်ပြီး Assessment လို့ရေးရမှာကို Checking ဟု ရေးထားသေး၏။ ပညာရေးဝန်ကြီးဌာနဟု နာမည်ကြီး တပ်ထားမှ တော့ အဲသလောက် ဆိုးရွားစရာမသင့်ဟု ထင်ပါသည်။

 

(၄) Work smart, Don’t work hard.

 

ဟိုးယခင်တစ်ခါက ကျွန်ုပ် Work smart, Don’t work hard. အကြောင်း ရေးခဲ့ဖူးပါ၏။

အလုပ်ကို စမတ်ကျကျလုပ်တတ်သူသည် လူသက်သာ၏၊ အချိန်ကုန်သက်သာ၏၊ လှလှပပ သပ်သပ်ယပ်ယပ် ရှိ၏။ ပျာယာခတ်နေစရာမလိုဘဲ . . . နဒီမင်္ဂလာ . . ခြေသွားလမ်း ကမ်းတစ်ဖက်မှာ . . . လေပြေအလာ . . . ပန်းရနံ့တို့ သင်းပျံ့နေ . . . ဟု လေကလေးချွန်လျက် အလုပ်လုပ်နိုင်၏။

 

အကယ်၍သာ DBE မှ ဆရာကြီး/ဆရာမကြီးများသည် Work Smart လုပ်တတ်ပါက ကျွန်ုပ်အနေနှင့် ယခုလောက် ခေါင်းကိုက်စရာ၊ ဇက်ကြောတက်စရာ၊ အချိန်ကုန်စရာ၊ မျက်စိညောင်းစရာ မလိုဘဲ တစ်ဘာသာလျှင် ကလစ်နှစ်ခါ (ကျောင်းသားကိုင်အတွက် နှင့် ဆရာကိုင်အတွက်) လောက်နှိပ်ရုံဖြင့် ကိစ္စပြီးနိုင်၏။

 

၅ တန်းလောက်တော့ ပြီးသွားပြီ။ ၃ တန်း ကျန်သေးသည်။

 

ဤသည်မှာ ဖြစ်ကတတ်ဆန်းနှင့် ပြီးပြီးရောတို့ မီးစင်ကြည့် ကကြခြင်းအတွက် ကျွန်ုပ် ဒုက္ခများရခြင်းအကြောင်း ဖြစ်သတည်း။

 

ကျွန်ုပ်တို့ မြန်မာပြည်သူ ပြည်သားအပေါင်းတို့ စိတ်ချမ်းသာ လက်ချမ်းသာရှိကြပါစေ။

(မင်းအောင်လှိုင်နှင့် စစ်ခွေး၊ ရဲခွေးသဒေါင်းဇား အပေါင်းတို့သည်လည်း သွေးပွက်ပွက်အံကာ မြန်မြန် မသာပေါ်ကြပါစေ။)

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၃၀ ဇွန်လ၊ ၂၀၂၁







Tuesday, June 15, 2021

တစ်ရွာတစ်ကျီဆောက်

ခေတ်၊ စနစ်နှင့် လူနေမှုဘဝတို့သည် အစဉ်ပြောင်းလဲ တိုးတက်နေ၏။ 

နည်းပညာများ တိုးတက်လာသည်နှင့်အတူ လုပ်ပုံကိုင်နည်း၊ လူနေမှုပုံစံ၊ လူ့အသုံးအဆောင်၊ လက်သုံးကိရိယာမှ အစ စကားအသုံးအနှုန်းတို့ပါ ပြောင်းလဲလာ၏။

 

ရှေးကထားခဲ့သည့် မြန်မာစကားပုံများတွင် ရှေးမြန်မာများ အသုံးပြုခဲ့သည့် ပစ္စည်းပစ္စယများ ပါခဲ့ရာ ထိုစကားပုံများထဲမှ ပစ္စည်းတော်တော်များများမှာ ယခုခေတ်တွင် မရှိတော့ချေ။ ထိုအခါ ခေတ်လူငယ်များအဖို့ (အဲလေ၊ လူငယ်တင်မဟုတ်ပါ ဘူး။ လူကြီးတွေလည်း အတူတူပါဘဲ) ထိုစကားပုံများကို နားလည်ရန် အခက်အခဲနှင့် ကြုံရသည်။

 

ဟိုတစ်နေ့က ဆရာဖေနှင်းငွေ မေးခဲ့သည့် လိပ်ပတ်လည် ဟူသည့်စကားမှာ ဤအတိုင်းဖြစ်၏။ စကားဇာစ်မြစ်ကို မသိလျှင် ကုန်း/ရေထဲက လိပ်သတ္တဝါကို ပက်လက်လှန်ကာ ပတ်ချာလည်လှည့်နေသယောင် ထင်နိုင်၏။

 

ယခုလည်း မကြူက “တစ်ရွာတစ်ကျီဆောက်” ဆိုတဲ့နေရာမှာ “တစ်ကျီ” ဆိုတာ ဘာလဲ ဟု မေးလာပါသည်။

 

ဤစကားပုံတွင်ပါသည့် တစ်ကျီ ဆိုသည်မှာ စပါးကျီကို ဆိုလို၏။

စပါးကျီဟူသည် စပါးများကို သိုလှောင်ထားရာ အဆောက်အဦတစ်ခု ဖြစ်၏။

ထိုအဆောက်အဦကို သစ်သားတိုင်များ၊ ဝါးကြမ်းခင်း၊ ဝါးထရံတို့ဖြင့် ဆောက်လုပ်ထားပြီး ဖက် သို့မဟုတ် သက်ငယ် မိုးထား၏။ လူဝင်စရာတံခါးပေါက်တစ်ခုသာပါပြီး ပြတင်းပေါက်မရှိ။

ကြွက်များရန်မှ ကာကွယ်ရန် ကြမ်းခင်းကို မြေပြင်မှ တစ်မီတာ (လူခါးတစ်ရပ်) မြှင့်ကာ ဆောက်လုပ်ထား၏။ အတက် အဆင်းလုပ်ရန် သစ်သား သို့မဟုတ် ဝါးလှေခါး တပ်ဆင်ထား၏။ 

ထရံဟူသည် ဝါးများကို ယက်လုပ်ထားခြင်းဖြစ်ရာ ထရံအပေါက်များကြားမှ စပါးများ ထွက်ကျနိုင်၏။ ထိုအပေါက်များကို နွားချေးများသုတ်လိမ်းကာ ပိတ်စေ၏။ ဤကဲ့သို့ နွားချေးများ သုတ်လိမ်းခြင်းကို နွားချေးကျံသည်ဟု ခေါ်၏။

စပါးကျီ အရွယ်အစားမှာ သတ်သတ်မှတ်မှတ်မရှိပါ။ 

အချို့လယ်သမားများမှာ လယ်ဧက အနည်းငယ်သာပိုင်ပြီး အချို့လယ်သမားများမှာ လယ်ဧက များစွာပိုင်၏။ 

ထို့ကြောင့် လယ်ဧက နည်းနည်းသာပိုင်သည့် လယ်သမားများက စပါးကျီ သေးသေး ဆောက်မည်။

လယ်ဧက များများပိုင်သည့် လယ်သမားများက စပါးကျီကြီးကြီး ဆောက်မည် ဖြစ်၏။ တစ်ကျီဖြင့်မလောက်လျှင် နှစ်ကျီ သုံးကျီ စသဖြင့် ဆောက်မည်။

စပါးတစ်ကျီလျှင် စပါးတင်း ၂၀ မှသည် ၅၀၊ ၁၀၀ ခန့်ထိ ဆန့်နိုင်ပါသည်။

အချို့က စပါးကျီကို လေးထောင့်၊​ အချို့က အဝိုင်းပုံ ဆောက်လုပ်ကြ၏။

 

ကျွန်တော် စပါးကျီပုံကို Google တွင်ရှာရာ ရှေးကဆောက်ခဲ့သည့် စပါးကျီဓာတ်ပုံများ မတွေ့ပါ။ ကံအားလျော်စွာ စပါးကျီ ဓာတ်ပုံတစ်ခုကို တွေ့ရပါသည်။ ပုံတွင် ပြထား၏။ 



ဤသည်မှာ ယခုခေတ်တွင် ခပ်လွယ်လွယ် ဆောက်လုပ် ထားသည့် စပါးကျီ ဖြစ်ပါသည်။ ရှေးက စပါးကျီများမှာ ဤပုံတွင်ပါသည့် စပါးကျီများထက် ပိုလည်းကြီး၊ ပိုလည်းခိုင်ခံ့၊ ပိုလည်း သပ်ယပ်ပါသည်။

 

တစ်ရွာတစ်ကျီဆောက် ဟူသည့် စကားပုံကို ကျွန်တော်ရှင်းပြပါမည်။

စပါးကျီရှိလျှင် ထမင်းအတွက် ပူစရာမလိုတော့။ ထို့အတူ ခရီးသွားသည့်အခါများတွင်လည်း ရောက်သည့်အရပ်တွင် တည်းခိုနေထိုင်၊ စားသောက်စရာ မပူပင်ရလေအောင် “တစ်ရွာလျှင် အနည်းဆုံး အသိမိတ်ဆွေတစ်ဦး မိတ်ဖွဲ့ထားပါ” ဟု ဆိုလို၏။ စကားပုံတွင်ဖော်ပြထားသည့်အတိုင်း တစ်ရွာလျှင် စပါးကျီတစ်ခု ဆောက်ပါဟု အဓိပ္ပာယ် ကောက်လို့မရ။ စကားပုံက တင်စားပြောထားခြင်းသာ ဖြစ်၏။  


ကြွက်မနိုင်၊ ကျီ မီးနဲ့ရှို့ ဟူသည့် စကားပုံတွင်ပါသည့် ကျီဆိုသည်မှာလည်း ထို စပါးကျီကိုပင် ဆိုလိုခြင်းဖြစ်ပါသည်။

စပါးကျီထဲတွင် စပါးများ သိုလှောင်ထားသည်ဖြစ်ရာ ကြွက်များ လာမှာ မုချ။ 

ထိုအခါ ကြွက်များကို နှိမ်နှင်းရမှာ မုချ။

စကားပုံ၏ မူရင်းအဓိပ္ပာယ်မှာ စပါးကျီတွင် လာရောက်စားသောက်နေသည့် ကြွက်များကို နိုင်အောင် မနှိမ်နှင်းနိုင်၍ စပါးကျီတစ်ခုလုံးကို မီးတင်ရှို့သည် ဟု အဓိပ္ပာယ်ရ၏။

သို့သော် ဤသည်မှာ တင်စားပြောခြင်းသာဖြစ်ပြီး (ဆင့်ပွားအဓိပ္ပာယ်) ဆိုလိုရင်းမှာ တစ်စုံတစ်ယောက်ကို မနိုင်၍ သူရို့ အသိုင်းအဝိုင်းတစ်ခုလုံးကို လှည့်ပတ်ရမ်းတာကို ဆိုလိုပါသည်။

 

ယခု မြန်မာနိုင်ငံတွင် စစ်ခွေးများက မိမိဖမ်းလိုသည့်သူ တစ်ဦးဦးကို ဖမ်းမမိသောကြောင့် ၎င်းတို့မိသားစုတစ်ခုလုံးကို ဓားစာခံဖမ်းသွားခြင်းမှာ ကြွက်ကိုမနိုင်သောကြောင့် ကျီကိုမီးနှင့်ရှို့ခြင်း ဖြစ်ပါသည်။

 

သို့ဆိုလျှင် အဘယ်ကြောင့် စပါးကို စပါးကျီနှင့် သိုလှောင်ကြရပါသနည်း။ 

အဘယ်ကြောင့် ယခုခေတ်တွင် စပါးကျီများ ပျောက်ကွယ်ကုန်ရပါသနည်း။

 

ရှေးအခါက စပါးတင်းရေများစွာကို အချိန်တိုအတွင်း ကြိတ်ခွဲနိုင်သည့် ဆန်စက်များ မပေါ်သေး။ 

ထိုအခါ လယ်သမားများသည် စပါးကို အိမ်တွင်သိုလှောင်ကာ စပါးဘဝမှသည် ထမင်းချက်သည့်ဆန် အခြေအနေရောက်အောင် လက်ထိုးကြိတ်များဖြင့် စပါးကြိတ်ခြင်း၊ မောင်းထောင်း၊ ဆန်ဖွပ်၊ ဆန်ပြာခြင်း၊ ဆန်ကာ တိုက်ခြင်းတို့ အဆင့်ဆင့် ပြုလုပ်ကြရ၏။ 

 

ဤလုပ်ငန်းမှာ ပင်လည်းပင်ပန်းသလို နှေးလည်းနှေးကွေးလှ၏။ သို့သော်လည်း မတတ်နိုင်။ ဘာတက်ခနော်လော်ဂျီမှ မရှိသေးချိန် အဲသလိုပဲ လုပ်ကြရ၏။ ကျွန်တော်တို့ ငယ်စဉ်ကလည်း ကြိတ်ထိုး၊ မောင်းထောင်းခဲ့ကြရပါသေး၏။

 

ဆန်စက်များပေါ်လာသည့်အခါ စပါးကို သိုလှောင်စရာမလိုတော့။ စပါးနှင့်ဆန်မှာ ခေါက်ချိုးကွာသည်။ စပါးကို သိုလှောင်ရန် နေရာများစွာလို၏။​ ထိုအခါ စပါးအစား ဆန်များကိုသာ အိတ်များဖြင့် သိုလှောင်ကြတော့၏။ ထိုအခါ စပါးကျီလည်း မလိုတော့ပြီ။ တက်ခနော်လော်ဂျီက စပါးကျီကို အလိုအလျောက် ပျောက်ကွယ်စေလေ၏။

 

ကိုဖိုးရိတ် ကြိတ်ထိုးနေသည်။

အိမ်ရိပ်မှာ စပါးပုံရှိ၏။

ဆန် တစ်စိတ်လောက်ပေးပါ။

ဖျင်အိတ်နှင့် ထည့်ယူမည်လား။

အဖိတ်နေ့ လာယူပါ။

မဖိတ်မစဉ်ပါစေနှင့်။

 

. . . ဟူသည့် သူငယ်တန်းဖတ်စာကို ရှင်းပြရန် အတော်အချိန်ယူရပေလိမ့်မည်။

ခေါင်းစားမခံလိုသည့် ပညာဝန်များက ခေတ်မမီတော့သော ထိုစာပိုဒ်ကို ဖြုတ်လိုက်ရာ သူငယ်တန်းသင် ဆရာဆရာမများ အဖို့ အတော်သက်သာသွားပေသည်။

 

ပြောရလျှင် ခေတ်လူတို့ နားမလည်နိုင်သည့် အသုံးများ မြန်မာစကားပုံများထဲတွင် အတော်များများ ရှိပါသည်။

 

အချို့စကားလုံးများကို ကျွန်တော် နမူနာပြပါမည်။

 

ဆန်စဉ်ရာ ကျည်ပွေ့မလိုက်နိုင်။

လှည်းဝင်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်း။

ဒီပုတ်ထဲက ဒီပဲ။

တစ်ချက်တီး၊ နှစ်ချက်တီး (ဤသည်မှာမြန်မာနာရီဖြစ်၏။ မြန်မာနာရီအကြောင်းကို ယခုခေတ် လူတစ်သိန်း လိုက်မေးလျှင် တစ်ယောက်သိဘို့ ခဲယဉ်းလှ၏။)

သုံးချောင်းထောက်၊ လင်ပန်း၊ ဆွမ်းအုပ် (ဤရှေးသုံးပစ္စည်းများကိုလည်း ပြတိုက်များတွင် သွားကြည့်မှသာ မြင်ရမည်။)

ဦးပေါင်းကို ဆွမ်းတော်တင် (ဤစကား နားလည်ဘို့ရာ ယခုလိုဆောင်းပါးတစ်စောင် ရေးပြပြီးရှင်းပြမှ ဖြစ်မည်။ သို့တိုင် နားလည်ဘို့ရာ မလွယ်ပါ။)

 

အောက်ပါ လယ်လုပ်ခြင်းနှင့် ပတ်သက်နေသည့် အသုံးများကိုလည်း လယ်လုပ်ငန်းနှင့် မယဉ်ပါးသည့် လူငယ်များ မသိနိုင်။

 

ဆန်ကော၊ ဆန်ကာ၊ ကျိတ်ထိုးသည်၊ မောင်းထောင်းသည်၊ အဖျင်း၊ အမှော်၊ နို့ရည်ခဲ၊ မောင်းညို၊ စပါးနယ်၊ တလင်း၊ တလင်းနယ်သည်၊ စပါးလှေ့သည်၊ ကောက်သင်းကောက်သည်၊ လုံးတီးဆန်၊ ကောက်ရိုး၊ ရိုးပြတ်၊ ကောက်လှိုင်းတိုက်၊ ကောက်ဆွ၊ စလယ်ဝင်အိုး။ 

 

ဤတွင် ကျွန်တော် ၈ တန်း ကျောင်းသားလောက်က ရီစရာ အဖြစ်အပျက်ကလေးတစ်ခုကို ပြန်ပြောင်း သတိရမိပါသည်။

ထိုစဉ်က အထက်တန်း ကဗျာလက်ရွေးစင်တွင် ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင် ဟူသည့် ရှေးကဗျာတစ်ပုဒ်ပါ၏။

 

ဤကဗျာကို စကားပြေပြန်သည့်အခါ ကျောင်းသူတစ်ဦးက . . 

“နွားညီနောင်၊ စည်အောင်ပ ဖေကျောင်း” ဟူသည့် အပိုဒ်ကို . . 

“နွားညီနောင်၏အမည်မှာ စည်အောင်ပ နှင့် ဖေကျောင်းတို့ ဖြစ်ပါသည်။” ဟု ပြန်ဆိုလေရာ ကျောင်းသားများအကြား ဟားစရာတစ်ခု ဖြစ်ခဲ့ဖူးလေ၏။

ထိုစဉ်က ကျွန်တော်က ၈ တန်း၊ ကျွန်တော့်အစ်ကို ကိုသန်းနိုင်က ဆယ်တန်း။ 

သူပြောပြ၍ ကျွန်တော် ပြန်သိရ၏။

 

တစ်ခါကလည်း နိုင်ငံကျော် အဆိုတော်ကြီးတစ်ဦးဖြစ်သူ “မင်းအောင်” အကြီးအကျယ် လွဲခဲ့ဖူးသေးသည်။

ကျွန်တော်တို့ ၉ တန်း၊ ၁၀ တန်း ကျောင်းသားအရွယ်လောက်က သူ၏ အင်မတန်ကျော်ကြားလှသည့် “အသည်းနွမ်းခေါ်သံ” သီချင်း ပေါ်ခဲ့၏။ သူ့သီချင်းအစမှာ . . 

 

ရဝေ ရဝေ ဪ . . မြိုင်စောင်းမှာလ . . ဥဒေါင်းတွေ တွန်သံ တွန်သံကြားရင် . . ဟု ဖြစ်၏။

 

အဲ့ငယ် . . 

သူက ရဝေ ဆိုသည်မှာ တော ဖြစ်သည်ဟု နားလည်ထားပုံရပါသည်။

သို့သော် “နန်းရဝေ မန်းမြေမှာ စပယ်လှိုင်တော့” ဟူသည့် ကဗျာအရ “ရဝေ” သည် နန်းတော်ဖြစ်၏။

မင်းအောင်က “ရဝေ ရဝေ ဪ . . မြိုင်စောင်းမှာလ . . “ လုပ်လိုက်ရာ တောထဲတွင် နန်းတော်ကြီးကို သွားဆောက် ထားသလို ဖြစ်နေလေ၏။

 

မကြူရေ -

 

ဂလောက်ဆို လုံလောက်ပြီ ထင်ပါရဲ့ဗျာ။ 

(လုံလောက်ရင်တော့ အဂ္ဂိရတ်ထိုးဘို့ပဲ ကျန်တော့တယ်)

 

“တစ်ကျီ” ဆိုတာ ဘာလဲ ဟု မေးလှာသည့် မကြူကို အထူးကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၅ ဇွန်လ၊ ၂၀၂၁

Saturday, June 12, 2021

“မြန်မာပြည်ပညာရေးနှင့် အစွန်းရောက် ဝါဒီများ” ဆောင်းပါးအား ပြန်လည်ချေပခြင်း (၃)

အပိုဒ် (၈)

 

အစိုးရကျောင်းများတွင် ကျောင်းတက်နေသောကလေးများနှင့် သူတို့၏ မိဘများကို အားပေးလိုပါသည်။ ကျွန်မသိသောနိုင်ငံတကာအဆင့်ပညာရှင် အများစုသည် ငယ်စဉ်က အစိုးရကျောင်းထွက်များဖြစ်ကြ၍ ကျွန်မကဲ့သို့ မြန်မာအစိုးရ၏တက္ကသိုလ်များတွင် ပထမဘွဲ့ ကို ယူခဲ့ကြသောသူများသာဖြစ်ကြပါသည်။ အထက်မှာရှင်းပြထားသည့်အတိုင်း သုံးမရသော ပညာရေး” ဟုပြောသည်မှာ မမှန်ပါ။

ရခိုင်ပြည်နယ်တွင် ရပ်ရွာကဝိုင်းဝန်းစောင့်ရှောက်ပေးသဖြင့် ရခိုင်ကျောင်းသူ ကျောင်းသားလေးများ အေးအေးချမ်းချမ်း ပညာ ဆက်လက် ဆည်းပူး နိုင်သည်ကို ရခိုင်လူ မျိုးများနှင့် အတူ ကျွန်မ ပီတိဖြစ်၍ ရခိုင်တစ်မျိုးသားလုံးအား ချီးကျူး ပါသည်။ 

 

အဘယ်ကြောင့် ရခိုင်ပြည်နယ်တွင် အေးချမ်း၍ အချို့တိုင်းရင်းသားဒေသများတွင် ကလေးများ ကျောင်းမတက်နိုင်သေး သည်ကို ထိုဒေသများမှ တိုင်းရင်းသားခေါင်းဆောင်များ က ဆန်းစစ်သင့်ပါသည်။ မိမိလူမျိုး၏ ဖွံ့ဖြိုးတိုးတက်ရေးသည် ကလေးလူငယ်များ၏ ပညာရေး၊ လူမျိုး၏ ကျန်းမာရေးတို့နှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။ ထိုကြောင့် ကလေးများ၏ ပညာရေးနှင့်ပတ်သက်၍ အကြမ်းဖက်မှု ခြိမ်းခြောက်မှုများကို အားပေးနေသူများမှာ မိမိလူမျိုး၏ လူ့အရင်းအမြစ် Human Capital ကိုဖျက်ဆီးနေသူများဖြစ်သည်။ တိုင်းရင်းသားခေါင်းဆောင်များမှာလည်း မိမိ၏နယ်မြေတွင် ထိုကဲ့သို့သော အဖျက်သမားများ ရှိနေပါက လျင်မြန်စွာအရေးယူသင့်ပါသည်။

 

++++++++++++++++++++++

 

“ကျွန်မသိသောနိုင်ငံတကာအဆင့်ပညာရှင် အများစုသည် ငယ်စဉ်က အစိုးရကျောင်းထွက်များဖြစ်ကြ၍ ကျွန်မကဲ့သို့ မြန်မာအစိုးရ၏တက္ကသိုလ်များတွင် ပထမဘွဲ့ကို ယူခဲ့ကြသောသူများသာဖြစ်ကြပါသည်။”

 

ဒေါ်ရင်ရင်နွယ်ရယ်၊ အသက်သာကြီးသွားတယ်။ အချိန်ကလည်း တစက်ကမှ မစီးပါလားခင်ဗျာ။

နိုင်ငံသားတွေကို ပညာသင်ပေးဘို့ဟာ အစိုးရတစ်ရပ်ရဲ့တာဝန်ဖြစ်သလို နိုင်ငံသားတိုင်းဟာလည်း အစိုးရပညာရေးကို သင်ယူကြတယ်ဆိုတာ ခင်ဗျားတစ်ယောက်တည်း သိတာမဟုတ်ပါဘူးဗျာ။ ကျုပ်တို့ မြန်မာတစ်နိုင်ငံလုံးက မြန်မာနိုင်ငံ သားတွေဟာလည်း အစိုးရကျောင်းမတက်လို့ ခင်ဗျားကြီးဒေါ်ကြီးကျောင်း သွားတက်ရမှာလား ခင်ဗျ။

 

ဒေါက်တာဘွဲ့ကြီးလည်း ယူထားသေးရဲ့။ ကုလသမဂ္ဂမှာ အဆင့်မြင့် ရာထူးကြီးတွေ ယူခဲ့သေးတယ်လည်းဆိုရဲ့။ နောက်ပြီးတော့ဘာတဲ့။ သူပြုစုထားတဲ့စာတမ်းကို ကုသမဂ္ဂက ကြိုက်လွန်းလို့ သူ့နာမည်မသုံးဘဲနဲ့ ကုလသမဂ္ဂထုတ် စာတမ်းအနေနဲ့တောင်မှ သုံးခဲ့ပါတယ်တဲ့။ 

(Bravo) x 100, (Cheers) x 1000, (Congratulationssssssssssss) x1 million 

အဲသလို စာတမ်းကြီးတွေတောင် ရေးခဲ့မင့်ဟာ။ ဒီထက်ပိုပြီး နည်းနည်းလောက် အဆင့်အတန်းမြင့်တဲ့ စာလေးများ မရေးတတ်တော့ဘူးလားခင်ဗျာ။

 

အခု ကျုပ်တို့ ကျောင်းမတက်ဘို့ ပြောနေတာက ကလေးတွေကို စာမတတ်အောင် အစိုးရကျောင်းမတက်ဘို့ ပြောနေတာ မဟုတ်ဘူးဆိုတာ လူမှန်ရင် နားလည်သဗျ။ (လူမှန်ရင်နားလည်တယ်ဆိုတော့ ခင်ဗျားက လူအစစ်မဟုတ်လို့ နားမလည်လို့ ရှင်းပြနေရတာပေါ့နော်။)

 

အာဏာကို ဓားပြတိုက်သွားတဲ့ စစ်ခွေးတွေလက်အောက်မှာ ကျောင်းတက်တာကအစ ဘာမှ မလုပ်ကြဘို့။ အစိုးရယန္တယားကြီးတစ်ခုလုံးရပ်သွားအောင် ရုံးမတက်ကြဘို့၊ ဘဏ်တွေ မဖွင့်ကြဘို့၊ ကားရထားတွေကအစ မဆွဲကြဘို့ လုပ်နေကြတာဗျ။ ဒုံးဝေးလိုက်တာခင်ဗျာ။ ပြောရတာ တယ် လက်ဝင်သကိုး။

 

အဲလေ ခင်ဗျားက ဘောလျက်ရတာ အကျင့်ပါနေတော့ စကစကို အစိုးရလို့ ထင်နေတော့ အစိုးရကျောင်းတက်ပါလို့ ပြောပေမပေါ့။ အပြစ်မဆိုပါဘူး။ 

 

ဒါပေမယ့် ခင်ဗျားသိဘို့က စကစကို ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊​ ဂေါတမ၊ အရိမေတ္တယျ ဆိုတဲ့ ဘုရား (၅) ဆူပွင့်တဲ့ ဟောဒီ ဘဒ္ဒကမ္ဘာကြီးမှာ ဘယ်နိုင်ငံကမှ အစိုးရအဖြစ် အသိအမှတ်မပြုဘူးဆိုတာပဲ။

 

အခု ကျုပ်တို့ NUG ကို ကမ္ဘာက တစတစနဲ့ လက်ခံလိုက်လာပြီဆိုတာ သိရအောင် သတင်းပလင်းလေးလည်း နည်းနည်းပါးပါး ဖတ်ဦးမှပေါ့ဗျ။ မြဝတီနဲ့ ကြေးမုံလောက်ဖတ်ပြီး မြန်မာပြည်ကြီး တယ်သာယာနေတယ်လို့ ထင်မနေနဲ့အုံး။

 

ဘာဗျ။ 

“ကလေးများ၏ ပညာရေးနှင့်ပတ်သက်၍ အကြမ်းဖက်မှု ခြိမ်းခြောက်မှုများကို အားပေးနေသူများမှာ မိမိလူမျိုး၏ လူ့အရင်းအမြစ် Human Capital ကိုဖျက်ဆီးနေသူများဖြစ်သည်။”

 

လူတွေလိုက်ဖမ်း၊ ညတွင်းချင်းသတ်၊ အူတွေအသည်းတွေထုတ်နေတဲ့သူတွေက ကျုပ်တို့ကို အကြမ်းဖက်ပါတယ်ဆိုတော့ ဟဲဟဲ၊ အရီးတို့ပြောသလို ပြောရရင် “ငပြူးက မောင်ရွှေအောင်ကို ပြောင်ပြနေသလိုပါလား” ခင်ဗျ။ မြန်မာပြည်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ နည်းနည်းလောက် အပြင်ထွက်ကြည့်စမ်းပါဗျာ။ ဘယ်သူတွေက  အကြမ်းဖက်တယ်၊ ဘယ်တိရစ္ဆာန်တွေက ယုတ်မာတယ်၊ ဘယ်ခွေးသူတောင်းစားတွေက ဖျက်ဆီးနေတယ်ဆိုတာ သိရအောင်။

ဟောဒီ screen shot သတင်းလေးနှစ်ပုဒ်လောက် အချိန်ပေးဖတ်ကြည့်ပါအုံးလို့ တိုက်တွန်းလိုက်ပါရဲ့။ 

 

“ထိုကဲ့သို့သော အဖျက်သမားများ ရှိနေပါက လျင်မြန်စွာအရေးယူသင့်ပါသည်။”

ငှယ် - ဘယ်သူတွေကများ အဖျက်သမားပါလိမ့်။ ကားတွေကို ဘူဒိုဇာနဲ့ထိုးဖျက်နေတာ ဒေါ်ရင်ရင်နွယ် မတွေ့မိဖူး ထင်တယ်နော်။ ဘယ်နားသွားအိပ်နေပါလိမ့်။ ချွတ်ချွတ်ချွတ်စ်။

 

ဒီမယ်ခင်ဗျာ။

ကျုပ်ပြောလိုက်ပါပေရဲ့။

 

ခင်ဗျား အထင်ကြီးကိုးကွယ်နေတဲ့ မအလတို့ မကြာခင်မှာ အလုံးစုံ ပျက်သုဉ်းစေရမယ်။ 

ကျုပ်တို့ ပြည်သူတွေရဲ့ စုပေါင်းအားနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ကနေ မြေလှန်ပစ်မယ်။

အဲဒီအချိန်ကျမှသာ “သမီးမှားပြီ မှားပြီ မေးမေးရဲ့” လာမလုပ်နဲ့နော။

လူတကာရဲ့ တံတွေးခွက်မှာ ပက်လက်တစ်မျိုး၊ မှောက်ခုံတစ်ခါ မျောသွားစေရမယ်။

 

ပြီးပါပြီ။

 

အေးငြိမ်း (လေးမျက်နှာ)

၁၂ ဇွန်လ၊ ၂၀၂၁










“မြန်မာပြည်ပညာရေးနှင့် အစွန်းရောက် ဝါဒီများ” ဆောင်းပါးအား ပြန်လည်ချေပခြင်း (၂)

အပိုဒ် (၄)

=======

 

စစ်ကျွန်ပညာရေး” ဟုခေါ်ဝေါ်ခြင်း

 

မြန်မာပြည်တွင် ပေါက်ဖွားကြီးပြင်းလာပြီး ယနေ့ အသက် ၃၀ နှင့်အထက်ရှိသူ အများစုမှာ ၁၉၆၂ ခုနှစ်မှစ၍ မဆလ ခေတ် ပညာရေးစနစ် နှင့် နဝတ / နယက ခေတ် ပညာရေးစနစ်တို့တွင် ကျောင်းနှင့် တက္ကသိုလ် တက်ခဲ့ကြသည်။ ၂၀၁၁ မှ ၂၀၁၅ ခုနှစ် ဦးသိန်းစိန်နှင့်ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်သောအစိုးရခေတ်၌ မြန်မာပညာရှင်များ ဖေါ်ထုတ်ခဲ့သော ပညာရေးပြုပြင်ပြောင်းလဲခြင်းပေါ်လစီများအရ ကျောင်းသင်ရိုးညွှန်းတမ်း အသစ်တို့ကို စတင်ရေးဆွဲခဲ့သည်။ 

 

NLD ဦးဆောင်သော ၂၀၁၆၂၀၂၀ အစိုးရခေတ်တွင် အသုံးပြုလာသော ကျောင်းသင်ရိုး ညွှန်းတမ်းအသစ်သည်လည်း ဦးသိန်းစိန်အစိုးရခေတ်က သင်ရိုးညွှန်းတမ်း တစ်စိတ်တစ်ပိုင်းပါသည်။ ထို့ပြင် ဦးသိန်းစိန်အစိုးရခေတ်တွင် အတည်ပြု ခဲ့သော တိုင်ရင်းသားဘာသာစကားများ ကျောင်းချိန်တွင် သင်ကြားရေး၊ အခမဲ့မသင်မနေရ မူလတန်း ပညာရေးကို ဦးတည်အကောင်အထည်ဖော်ပြီး အဆင့်ဆင့် တိုးချဲ့ဆောင်ရွက်ရေး အစရှိသည့်ပေါ်လစီ မြောက်များစွာမှာ ကောင်းမွန်မှန်ကန်သဖြင့် NLD ဦးဆောင်သော အစိုးရလက်ထက်တွင် ဆက်လက်အသုံးပြုခဲ့သည်။ ထိုကဲ့သို့လည်း ဖြစ်သင့်သည်။ ပညာရေးဟူသည်မှာ ပါတီနိုင်ငံရေးအရ လိုက်မပြောင်းသင့်ပါ။ 

 

သို့ဖြစ်၍ ၁၉၆၂ ခုနှစ်မှစ၍ ယနေ့အထိ အသုံးပြုသော ပညာရေးစနစ်များသည် တစ်နည်းမဟုတ် တစ်နည်း စစ်အစိုးရ သို့မဟုတ် ကြံ့ခိုင်ဖွံ့ဖြိုးရေးအစိုးရနှင့် ဆက်စပ်နေသည်ဟုဆိုနိုင်သည်။ စစ်ကျွန်ပညာရေး” ဟုခေါ်ချင်ခေါ်၊ ကျွန်မ အပါအဝင် မြန်မာအများစုမှာ ဤပညာရေးစနစ်အတွင်း ပညာဆည်းပူးခဲ့ကြသည်။ စစ်ကျွန်ပညာရေးကို ဆန့်ကျင်သူတို့သည် မိမိတို့ကိုယ်တိုင် ဤပညာရေးစနစ်အတွင်း ပညာဆည်းပူး လာခဲ့သည့်သူများဖြစ်သည်။

 

++++++++++++++++++++++

 

ဘာတဲ့။

 

မြန်မာအများစုမှာ ဤပညာရေးစနစ်အတွင်း ပညာဆည်းပူးခဲ့ကြသည်။ စစ်ကျွန်ပညာရေးကို ဆန့်ကျင်သူတို့သည် မိမိတို့ကိုယ်တိုင် ဤပညာရေးစနစ်အတွင်း ပညာဆည်းပူး လာခဲ့သည့်သူများဖြစ်သည်။”

 

အောင်မယ်၊ လာလာချေသေး။

ခင်ဗျားပြောပုံက ကျုပ်တို့ကပဲ ကြိုက်လွန်းလှလို့ စစ်ကျွန်ပညာရေးကို အမြတ်တနိုး၊ တန်ဘိုးထားပြီး ဆည်းပူးနေရ သယောင်ယောင်။

 

ဒီမယ်၊ ဒေါ်ရင်ရင်နွယ်ရဲ့။

မြန်မာပြည်မှာ မွေးလာတဲ့ ကျုပ်တို့အဖို့ မြန်မာပြည်မှာ သင်နေတဲ့ကျောင်းမတက်လို့ ခင်ဗျားပထွေး စစ်ဗိုလ်ချုပ်ရဲ့ သားသမီးတွေလို နိုင်ငံခြားသွား ကျောင်းတက်ရမှာလားဗျ။ အသက်သာကြီးပြီး အချိန်ကလည်း တစ်စက်ကမှ မစီးပါ ကလား။ ဒီနိုင်ငံမှာနေရင် ဒီကျောင်းတက်ရမယ် ဆိုတာလောက်မှ မသိဘဲ ဒေါက်တာ ဆိုတဲ့ဘွဲ့ကြီးများ ယူထားချင်ရ သေးတယ်။ ခင်ဗျားဘွဲ့ကြီး လွှင့်သာပစ်လိုက်ပါဗျာ။ ဖွမ်

 

အပိုဒ် (၅)

=======

 

သုံးစားမရသော ပညာရေး” ဟုခေါ်ဝေါ်ခြင်း

 

မြန်မာပြည် မဆလ၊ နဝတ/နယက ပညာရေးစနစ်များမှ ထွက်လာသူအချို့သည် နိုင်ငံခြား ပညာတတ်များနှင့် ယှဉ်နိုင်ရုံသာမက သာလွန်သော အဆင့်၌ရှိကြသည်။ ထိုသူတို့မှာ နိုင်ငံခြားတွင်ဖြစ်စေ၊ မြန်မာပြည်တွင်ဖြစ်စေ အလုပ်ခွင်တွင်ထူးချွန်၍ ထိပ်သို့ရောက်သည်။ နိုင်ငံခြားသားများ လေးစားရသော ပညာရှင်များ၊ နိုင်ငံတကာအဆင့် ဆုံး ဖြတ်ချက်ချနိုင်သူများ ဖြစ်လာကြသည်။ သို့သော် နိုင်ငံခြားထွက်၍ မအောင်မြင်သူများလည်းရှိသည်။ နိုင်ငံခြားတွင် ကျောင်းတက်ခဲ့ပါလျက် ဘွဲ့မရဘဲ ပြန်လာရခြင်း၊ မကြိုက်မနှစ်သက်သော သာမညောင်ညအလုပ်များဖြင့်သာ တင်းတိမ်ရခြင်း အစရှိသော သူများကိုလည်း ကြုံဖူးသည်။ 

 

ဆိုလိုသည်မှာ မြန်မာ့ပညာရေးစနစ်သည် အားနည်းချက်များရှိသော်လည်း သုံးမရ” ဟု သိမ်းကျုံး၍ပြောလို့မရပေ။ ထိုသို့ သိမ်းကျုံးပြောနေသော မြန်မာပြည်ပေါက်များသည် ကိုယ်ပိုင်အရည်အချင်းနှင့် ကြိုးစားမှုတို့ကို ပြန်မဆန်းစစ်ဘဲ မိမိရည်မှန်းသလောက် မအောင်မြင်သည့်အတွက် စနစ်ကို အပြစ်တင်နေခြင်းဖြစ်သည်။ 

 

++++++++++++++++++++++

 

ဒေါ်ရင်ရင်နွယ်ဟာ အခုဆို အသက် (၇၀) ကို ၂ နှစ်တောင် ကျော်လာပါပြီ။

စစ်ဗိုလ်ချုပ်တွေဟာ မြန်မာ့ပညာရေးကို စုတ်ပြတ်သတ်သွားအောင် ဘယ်လိုလုပ်ခဲ့တယ်ဆိုတာလည်း အသိ။ (အဲလေ၊ သိချင်မှလည်း သိမှာပေါ့။)

ကျွန်တော်တို့မမွေးခင်က ရန်ကုန်တက္ကသိုလ်ဆိုတာ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တစ်ခုဆိုတာ သူမသိဘဲမနေ။ 

နောက်တော့ ဦးနေဝင်းက စလို့ စနစ်သစ်ပညာရေး၊ စနစ်သစ်ပညာရေး နဲ့ တသစ်တည်း သစ်လာလိုက်တာ။ ခုထိ သစ်လို့ပဲ မဆုံးနိုင်။ 

အဲဒီလို့ စနစ်တွေသစ်ရင်းကပဲ ဘုရားစူးရပါစေ့ ပညာရေးဘဝကို ကျဆင်းသွားခဲ့ရတာပဲ။

ဒေါ်ရင်ရင်နွယ်ဟာ နိုင်ငံတကာ လှည့်နေသေးတယ်လည်းဆိုရဲ့။ နိုင်ငံပေါင်း (၅၀) လောက် ရောက်ဖူးသေးတယ်လည်း ဆိုရဲ့။ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ ပညာရေးအကြောင်းကိုလည်း သိရဲ့။ အဲဒါနဲ့များတောင် သုံးစားမရတဲ့ ပညာရေး စနစ်ကြီးကို လိုက်ဖာနေသေးတယ်ဆိုတော့ ထန်းခေါက်ဖာ လိုက်ရောင်းနေတဲ့သူများလား မသိဘူးနော်။

 

“မြန်မာပြည် မဆလ၊ နဝတ/နယက ပညာရေးစနစ်များမှ ထွက်လာသူအချို့သည် နိုင်ငံခြား ပညာတတ်များနှင့် ယှဉ်နိုင်ရုံသာမက သာလွန်သော အဆင့်၌ရှိကြသည်။”

မှန်ပါတယ်ခင်ဗျာ။ တချို့သူတွေ နိုင်ငံခြားသွား ကျောင်းတက်ကြတယ်။ တော်ကြပါတယ်။

ဒါပေမယ့် . . . 

နိုင်ငံခြားမှာ သူများနဲ့ယှဉ်နိုင်တဲ့ တစ်ယောက်နှစ်ယောက်လောက်ကြည့်ပြီး စစ်ကျွန်ပညာရေးကို ချီးမွမ်းနေချင်သေး သလားခင်ဗျ။ ဩော်စ် . . . 

မြန်မာပြည်ကြီးကို အဲသည် ထိပ်ရောက်သွားတဲ့သူ တစ်ယောက်နှစ်ယောက်လောက်က လာတည်ဆောက်ပေးမယ်လို့ ခင်ဗျားထင်ပါသလား။

နိုင်ငံဆိုတာ တိုင်းသူပြည်သားတွေနဲ့ တည်ဆောက်ထားတာခင်ဗျ။

ဗလချီးနမ်းပညာရေးကြောင့် ဗလချီးနမ်းလူတွေဖြစ်ခဲ့ပြီး ဗလချီးနမ်းတိုင်းပြည်ကြီး ဖြစ်သွားရတာ မျက်ဝါးထင်ထင် တွေ့မြင်နေရပါလျက်ကနဲ့ “သုံးစားမရတဲ့ပညာရေး” ကြီးကို လိုက်ဖာနေတယ်ဆိုတော့ . . . အင်း . . . 

 

အဲဒီက ထန်းခေါက်ဖာတွေရမယ်။ (၃) ဖာမှ တစ်ထောင်ထဲနော်။

 

“ထိုသို့ သိမ်းကျုံးပြောနေသော မြန်မာပြည်ပေါက်များသည် ကိုယ်ပိုင်အရည်အချင်းနှင့် ကြိုးစားမှုတို့ကို ပြန်မဆန်းစစ်ဘဲ မိမိရည်မှန်းသလောက် မအောင်မြင်သည့်အတွက် စနစ်ကို အပြစ်တင်နေခြင်းဖြစ်သည်။”

 

အင်း . . ဘုန်းကြီးတစ္ဆေ ပြန်တရားဟောရတာ . . အာလည်း ပေါက်ပါရဲ့။

ခညားလည်း သိမှာပါ။ 

မြန်မာပြည်က ဘယ်လိုလူမျိုးပဲ လာလာ။ မြန်မာပြည်တုံးက ဘယ်လောက်ပဲ ဗရုတ်သုက္ခ နေလာနေနေ။ အားလုံးဟာ စင်ကာပူရောက်လာတာနဲ့ အလိုလို စည်းကမ်းသေဝပ်ပြီးသား ဖြစ်သွားရတာပဲခင်ဗျ။ အဲဒါ ဘာကြောင့်လဲလို့ ခင်ဗျား ထင်သလဲ။

စနစ်ခင်ဗျ။ စနစ်။

စနစ်ကနေ ဟောသလို နေရထိုင်ရသကွ လို့ သူတို့ကို တစ်ခါတည်း ပုံစံသွင်းပေးလိုက်တာ။ 

သူတို့သွင်းပေးတဲ့ပုံစံထဲသာ မဝင်လို့ကတော့ နားကားသွားမှာပေါ့ခင်ဗျာ။

 

ကြိုးစားတယ်ဆိုတာ ကြိုးစားဘို့အခွင့်အလမ်းလည်း ရှိအုံးမှကိုး။ 

စနစ်တကျလေ့ကျင့်ပေးမှ သူတို့အရည်အသွေးလည်း ပေါ်လာမှာကိုးခင်ဗျ။

ခင်ဗျားအဘတွေရဲ့ “မအောင်မရှိ ငါ့တပိ” စနစ်နဲ့များ ခင်ဗျားက ဘာကိုသွား ဆန်းစစ်နေချင်သေးတာတုံး။

ပြောစမ်းပါအုံး “နိုင်ငံခြားလွှတ်တဲ့ ပညာတော်သင်တွေထဲမှာ အသက်အငယ်ဆုံးနဲ့ Ph.D ဘွဲ့ရခဲ့တဲ့” ဒေါက်တာမကြီးရယ်။

 

++++++++++++++++++++++

 

အပိုဒ် (၆)

 

မိမိသင်ကြားခဲ့သောဘာသာရပ်ကို လုပ်ငန်းခွင်တွင် တိုက်ရိုက်ပြန်မသုံးနိုင်သဖြင့် “သုံးစားမရသော ပညာရေး” ဟု ပြောဆိုပါက လွဲမှားမည်။ မည်သည့်နိုင်ငံတွင်မဆို တက္ကသိုလ်တွင် လေ့လာခဲ့သည့် ဘာသာရပ်များအတိုင်း ပြင်ပ အလုပ်ခွင်များတွင် တိုက်ရိုက် ပြန်အသုံးချ၍ မရနိုင်ချေ။ (တက္ကသိုလ်၌ စာပြန်သင်သော ဆရာဆရာမများပင်လျှင် ခေတ်နှင့်အညီ သင်ရိုးညွှန်းတမ်းများကို မွမ်းမံပြင်ဆင်ရပါသည်။) 

 

ကျောင်းနှင့်တက္ကသိုလ်တို့၏ အဓိကတာဝန်မှာ ကလေးလူငယ်များကို (၁) ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ (Cognitive skills) သင်ကြားပေးရန် ၊ (၂) စဉ်းစားသုံးသပ် နိုင်သောကျွမ်းကျင်မှုများ (critical thinking skills) နှင့် ပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်မှုများ (people skills) ကို ပျိုးထောင်ပေးရန် ဖြစ်သည်။ နံပါတ်(၂)တွင်ဖေါ်ပြသော အရည်အချင်းများကို “(၂၁)ရာစု ကျွမ်းကျင်မှုများ” (21st Century Skills) ဟုလည်း ခေါ်ကြသည် (အညွှန်း ၂)။ 

 

၂၀၁၉၂၀၂၀ ခုနှစ်များတွင် သီရိလင်္ကာနိုင်ငံ၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး စီမံကိန်းတွင် ကျွန်မသည် နိုင်ငံတကာ ပညာရှင်တစ်ဦးအနေဖြင့် အကြံပေး ခဲ့ရာ လုပ်သားဈေးကွက် (Labour Market, အညွှန်း ၃) များတွင် အထူးလိုအပ်နေသော “(၂၁)ရာစု ကျွမ်းကျင်မှုများ” မွေးထုတ်ရေးသည် ထိုစီမံကိန်း၏ အဓိကရည်ရွယ်ချက် ဖြစ်ခဲ့သည်။

လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် ထိုကဲ့သို့သောကျွမ်းကျင်မှုများ မွေးထုတ်နိုင်စွမ်းမှာ အားနည်းချက်များ ရှိနေသေးသည်။ ထိုကဲ့သို့အားနည်းချက်များ ရှိစေကာမူ ကျောင်းမှန်မှန်တက်သော ကလေးများသည် အချိန်ကြာမြင့်စွာ ကျောင်းပျက်ကွက်သော ကလေးများထက် တစ်ပန်းသာသည်။ ကလေးများသည် ကြာရှည် ကျောင်းမတက်ပါက ပညာတတ်မြောက်မှုတွင် နစ်နာဆုံးရှုံးမှုများ (Learning losses) ဖြစ်သည်ဟု တွေ့ရှိရသည်။ 

(အညွှန်း ၄)။

 

++++++++++++++++++++++

 

သုံးစားမရသော ပညာရေး ကို အဓိပ္ပာယ်ဖွင့်ထားတာကိုက စောက်တလွဲ။

ဒီမယ် ဒေါက်ချာမကြီးရဲ့။ ကျောင်းကဆင်းဆင်းချင်း အလုပ်ထဲမှာ ကျောင်းသင်ပညာရေးကို တိုက်ရိုက်သုံးလို့မရဘူး ဆိုတာ ခင်ဗျားတစ်ယောက်တည်း သိတယ်များ အောက်မေ့မနေနဲ့။ Primary 6 တက်နေတဲ့ ကျုပ်သားတောင် သိတယ်။ လူတွေကိုလည်း အထင်ကသေးလိုက်သေး။ ဟာဟ။

 

ဘာတဲ့ ပညာရေးအကြံပေး ဟုတ်လား။ 

နေစမ်းပါဦးခင်ဗျာ။

အောက်မှာ ဖြစ်ပျက်နေတာတွေ၊ ကျောင်းသားတွေရဲ့ အခြေအနေတွေ ခင်ဗျား နည်းနည်းလောက် ကွင်းဆင်းကြည့်ဖူး ပါသလား။

အဲလေ၊ သွားချင်လည်း သွားမှာပေါ့။

သွားလည်း ဘာထူးမှာတုံး။

ဟုတ်ပါတယ်ခင်ဗျ။ ကောင်းပါတယ်ခင်ဗျ။ တော်ပါတယ်ခင်ဗျ တွေနဲ့ပဲ တွေ့ခဲ့မှာပါဘဲ။ 

ကျုပ်ကတော့ ကျောင်းတွေတော်တော်များများလည်း ရောက်ဖူးသလို ကျောင်းသားတွေရဲ့ အခြေအနေတွေနဲ့လည်း မျက်ခြည်မပြတ်လို့ သုံးစားမရသော ပညာရေး ဆိုတဲ့ အဓိပ္ပာယ်ကို ကောင်းကောင်း သဘောပေါက်ပါသဗျ။

ခင်ဗျားကိုယ်နှိုက်က အဲဒီ သုံးစားမရသော ပညာရေး ဆိုတာ ဘာလဲလို့ သိအောင် ကြိုးစားလိုက်ပါအုံးနော်။

 

++++++++++++++++++++++

 

အပိုဒ် (၇)

========

 

ကလေးများကျောင်းမတက်စေရန် ခြိမ်းခြောက်မှုများနှင့် အကြမ်းဖက်မှုများ

 

အစိုးရကျောင်း ထားရန်၊ မထားရန်မှာ နိုင်ငံရေးနှင့်မဆိုင်။

မိသားစုအလိုက်သာ ဆုံးဖြတ်ရမည့် ကိစ္စဖြစ်သည်။ ထိုကြောင့် အကြမ်းဖက်မှုကို အားမပေးသော်လည်း ကလေးများကို အစိုးရကျောင်း မထားရန် တိုက်တွန်းနေသောသူများသည် တာလီဘန်များကဲ့သိုပင် သူတစ်ပါး၏အခွင့်အရေးကို ပိတ်ပင်သူများဖြစ်သည်။ “NUG/ CRPH အစိုးရတက်မှ ကျောင်းတက်ရမည်” ဆိုသည်မှာ သူတစ်ပါး၏ ကလေးများကို ပညာမတတ်၊ စာမတတ် ဖြစ်အောင် တွန်းပို့နေသကဲ့သို့ဖြစ်သည်။ နိုင်ငံခြားတွင်နေသော မြန်မာများ၊ ကျောင်းပြီးသွား သော လူငယ်များ၏ မိဘများ၊ ပုဂ္ဂလိကကျောင်း၊ နိုင်ငံခြားကျောင်းများတွင် ကျောင်းထားနိုင်သော မိဘများသည်လည်း အစိုးရကျောင်းများသာ ထားနိုင်သည့် မိဘများကို စာနာ ထောက်ထားသင့်သည်။ 

 

++++++++++++++++++++++

 

အောင်မငီး . . . 

ကျုပ်တို့ကို “တာလီဘန်” တဲ့ခင်ဗျ။ စွပ်စွဲချက်က မြင့်လှချေကလား။

တာကိုပဲ လီဘန်ဘန်။ မတာပဲနဲ့ပဲ လီဘန်ဘန်။ ကျုပ်တော့ ဂရုမစိုက်ပေါင်။

 

ဒီမယ် ဒေါက်တာရင် ဘယ်သူ . . . ရဲ့

အခုကျုပ်တို့လုပ်နေတာ ခင်ဗျားပထွေး၊ နိုင်ငံတော်အာဏာကို ဓားပြတိုက်သွားတဲ့ သူခိုးတွေကို တိုက်နေတာ ဖြစ်တယ် ဆိုတာ ခင်ဗျား မသိချင်ယောင် ဆောင်မနေစမ်းပါနဲ့။

အိပ်ချင်ယောင် ဆောင်နေတဲ့သူကို အနှိုးရခက်ပါတယ်ဗျာ။

 

ခင်ဗျားဟာ CDM လုပ်နေတဲ့ ဆရာဝန်တွေကိုလည်း အသားလွတ် စော်ကားသေးတယ်။ 

ဆရာဝန်ပဲဖြစ်ဖြစ်၊ အင်ဂျင်နီယာပဲဖြစ်ဖြစ်၊ ဆရာ/ဆရာမတွေပဲဖြစ်ဖြစ်၊ ကျောင်းသားတွေပဲ ဖြစ်ဖြစ်၊ အစိုးရဝန်ထမ်းတွေပဲ ဖြစ်ဖြစ်။

ကျုပ်တို့အားလုံးလုပ်နေတာဟာ စစ်သူခိုးဓားပြတွေ ပြုတ်ကျရေးပဲ။

ကျုပ်တို့ဆီက ဓားပြတိုက်ယူသွားတဲ့ နိုင်ငံတော်အာဏာကို ပြန်တိုက်ယူနေတာဗျ။

ခင်ဗျားတို့လို စစ်ဘောမ ဒေါက်တိုင်တွေရှိနေလို့ စစ်သူခိုးတွေ သက်ဆိုးရှည်နေတာ။

တစ်ယောက်မှ ဒီအကောင်တွေနဲ့ မပူးပေါင်းပဲနေရင် အဲဒီအကောင်တွေ ပြုတ်ကျတာ ကြာပေါ့။

 

ဘှာ - - - 

“အစိုးရကျောင်း ထားရန်၊ မထားရန်မှာ နိုင်ငံရေးနှင့်မဆိုင်။”

ခင်ဗျား ဘယ်လိုအရည်အချင်းနဲ့များ UN ရောက်သွားရသလဲ ကျုပ်နည်းနည်းမှ နားမလည်နိုင်ပေါင်ဗျာ။

နိုင်ငံတစ်နိုင်ငံမှာ ဖြစ်ပျက်နေတာ အားလုံးဟာ နိုင်ငံရေးနဲ့ ဆိုင်တာချည်းပဲဗျ။

ကျောင်းမပြောနဲ့။

လမ်းဘေးမှာ ဗန်းလေးနဲ့ချရောင်းနေတဲ့ ကန်စွန်းရွက်သည်တောင် နိုင်ငံရေးနဲ့ ဆိုင်တယ်ခင်ဗျ။

တကယ်လို့ နိုင်ငံသာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူတွေသာ ပျော်ပျော်ရွှင်ရွှင် သွားလို့လာလို့သာဆို . . .

ဟော - - ကန်စွန်းရွက်ရောင်းတဲ့သူလည်း စိတ်အေးချမ်းသာနဲ့ သီချင်းလေး တငြီးငြီးဆိုပြီး ရောင်းနေနိုင်မယ်။

 

နိုင်ငံရေးသာမကောင်းလို့ကတော့ အီးအီးတောင် ဖြောင့်အောင်ယိုနိုင်မှာ မဟုတ်ဘူးခင်ဗျ။

အိမ်သာတက်နေတုံးများ . . . 

ဟာ . . ဟေ့ကောင်တွေ၊ ပြူစောထီးတွေလာနေပြီဟေ့၊ ပြေး ပြေး . . . သာဆို

အီးတောင် ကုံးချိန်ရမှာမဟုတ်ဘူး။


ဆက်ပါဦးမည်။

 

အေးငြိမ်း (လေးမျက်နှာ)

၁၂ ဇွန်လ၊ ၂၀၂၁