ကျွန်ုပ်တွင် မိတ်ဆွေများ တစတစ လျော့နည်းလိုက်လာလျက် ရှိချေ၏။
သို့တိုင် ကျွန်ုပ် ဝမ်းမနည်းမိပါချေ။
ဩော - ဒီလိုလူမျိုးများလည်း ငါ့မိတ်ဆွေများထဲမှာ ရှိပေသေးသကိုးဟု အာမေဋိတ်သာ ရေရွတ်မိပါ၏။
ကျွန်ုပ်က မှတ်ဉာဏ်မကောင်းလေတော့ ၎င်းတို့၏ နာမည်များကို ၂၀၀၅ ခုနှစ် RIT အာစရိယပူဇော်ပွဲ စာအုပ်ထဲတွင် “မိတ်ဆွေစာရင်းမှ ပယ်ဖျက်ထားပြီးသူများ” ဟု ခေါင်းစဉ်တပ်ကာ ရေးမှတ်ထားလိုက်၏။
နောင်တွင် မေ့လျော့ပြီး အပေါင်းအသင်း ထပ်လုပ်နေမိမည် စိုးသောကြောင့် ဖြစ်၏။
စကစတို့ အာဏာကို အတင်းဓားပြတိုက်သွားပြီး သကာလ ဤကမ္ဘာလောကကြီးတစ်ခုလုံး ပြည်တွင်းပြည်ပ ဘယ်သူကမှ အသိအမှတ်ပြု မခံရသော (so call) အစိုးရဆိုတာကြီးကို ဖွဲ့လိုက်သည့်အခါ ကျွန်ုပ်မှာ ပထမ အံ့ဩ တုန်လှုပ်သလို ဖြစ်မိလေ၏။ ကျွန်ုပ်အံ့ဩတုန်လှုပ်မိသည်မှာ စကစ၏ အစိုးရဆိုတာကြီးကို မဟုတ်။ ထိုအဖွဲ့ထဲ၌ ကျွန်ုပ်၏ ရင်းနှီးသော မိတ်ဆွေတချို့၏ နာမည်များကို တွေ့မိရ၍ ဖြစ်သတည်း။
ထိုမှစကာ မျက်နှာဖုံးကွာကျလာသူများကို တဖြည်းဖြည်း တွေ့မြင်လာရလေ၏။
ကျွန်ုပ်သည်လည်း ၎င်းတို့စာရင်းများကို ရေးမှတ်ခြင်း၊ တခြား ဘယ်သူတွေပါသေးသလဲ လိုက်ရှာခြင်းဖြင့် အလုပ်ရှုပ်လျက် ရှိနေခဲ့လေသတည်း။
စကစ တည်မြဲလိမ့်မည်ဟု အသင်တို့ ထင်ပါသလား။
စကစကပေးသည့် ရာထူးများသည် မက်စရာဟုတ်ပါသလား။
စကစသည် ဤကမ္ဘာပေါ်တွင်ရှိသမျှ ယုတ်မာသူအားလုံးတို့ထက် ပိုသည့် ယုတ်မာမှုများကို ကျူးလွန်ခဲ့ကြ၏။
၎င်းတို့၏ ယုတ်မာမှုများမှာ စာဖြင့်ရေးလို့ကို မဆန့်နိုင်အောင် ရှိချေ၏။
ပြည်သူတို့ ကောင်းရောင်းကောင်းဝယ်လုပ်နေသည့် ရေသန့်ဘူးများကို အကြောင်းမရှိ၊ ခြင်းရာမရှိ၊ ဓားဖြင့်ခွဲ၏။
လမ်းဘေးတွင် ရပ်ထားသည့် ကားများကို ဘူဒိုဇာဖြင့် ထိုးကာ ဖျက်ဆီး၏။
အချီးမဲ့သက်သက် အိမ်များကို သေနတ်ဖြင့် ပစ်၏။
ဆိုင်ကယ်ဖြင့် သူ့ဘာသာသူ သွားနေသည့် လူငယ်လေးကို သေနတ်ဖြင့် ပစ်သတ်၏။
စစ်ဘေးရှောင်ယောင်ဆောင်ကာ အရပ်သားများကို စတင်းဂန်းဖြင့်ဆွဲ၏။
စစ်ဘေးရှောင်စခန်းများအတွက် အများပြည်သူက လှူထားသည့် အလှူငွေများကို ဖမ်းဆီးကာ ဓားပြတိုက်ယူ၏။
စကစက ဤကဲ့သို့လုပ်နေခြင်းများကို မသိယောင်ဆောင်ကာ ၎င်းတို့လုပ်သည့် ပွဲများကို သွားတက်သူများ၊ ၎င်းတို့နှင့် သွားရောက်ပူးပေါင်းသူများကို တွေ့ရသည့်အခါ ကျွန်ုပ်သည် အနှီလူကြီးလူမကောင်းများကို များစွာ အော့နှလုံး နာမိလေ ၏။
ဤသည်ကိုပင် အချို့က စကစနှင့် ပူးပေါင်းတာမဟုတ်ပါ။ သူတို့လုပ်စရာရှိတာကို လုပ်တာသာ ဖြစ်ပါသည်ဟု ဆိုသေး၏။ ရှိစေ။
ကျွန်ုပ်ဘာမှ မပြောလိုတော့ပါ။ ပြောလည်း မပြောချင်သလို အငြင်းပွားစရာ ကိစ္စတစ်ခုဖြစ်သည်ဟုလည်း မထင်မိပါ။
၎င်းတို့သည် ဦးခေါင်းကို သေနတ်နှင့် အပစ်ခံရကာ သေဆုံးသွားသည့် လူငယ်လေးများ၏ မျက်နှာကိုမှ မထောက်။
၎င်းတို့သည် သည်ကနေ့ည ဖမ်းကာ နောက်နေ့ အလောင်းသာ ပြန်ရတော့သည့် ကိုယ်တွင်း ကလီစာများပါ အထုတ်ခံ ထားရသော ကဗျာဆရာကလေး၏ မျက်နှာကိုမှ မထောက်။
၎င်းတို့သည် စကစပြုတ်ကျအောင် အရာရာကို စွန့်လွှတ်ကာ မိမိတတ်နိုင်သည့်ဘက်မှ ကျားကန်ပေးထားကြသည့် CDM ဝန်ထမ်းများ၏ မျက်နှာကိုမှ မထောက်။
ကျွန်ုပ်သည် ၎င်းတို့၏ လုပ်ရပ်များကို လွန်စွာ ရွံမုန်းမိလေ၏။
၎င်းတို့၏ ရပ်တည်ချက်နှင့် ခံယူချက်များကို လွန်စွာမှ စက်ဆုပ်မိလေ၏။
ကျွန်ုပ်သည် ထိုသူများနှင့် အပေါင်းအသင်း မဖြစ်လိုတော့ပြီ။
အသင်တို့သည် အကျွန်ုပ်နှင့် သည်ဘဝမျှသာမက နောင်ဘဝထိအောင်ပင် ဝေးကွာသွားချေပြီ။
အသင်တို့လည်း အသင်တို့ကြိုက်ရာလမ်း ရွေးချယ်ပိုင်ခွင့်ရှိပါ၏။
ကျွန်ုပ်လည်း ကျွန်ုပ်ကြိုက်ရာလမ်းကို ရွေးပါမည်။
ကျွန်ုပ်သည် မြန်မာပြည်သူများနှင့် အတူ ရှိပါမည်။
စကစပြုတ်ကျရေးအတွက် ကျွန်ုပ်တို့ပြည်သူများကို အစွမ်းကုန် ပံ့ပိုးပေးသွားမည်။
အဓမ္မသမားတို့ ကျဆုံးရမည်။
အရေးတော်ပုံ အောင်ရမည်။
အေးငြိမ်း
၂၄ မေလ၊ ၂၀၂၁
No comments:
Post a Comment