Thursday, May 20, 2021

ရုပ်မြင်သံကြား သင်ကြားရေးစနစ် (Audio-Visual Learning System)

(၁)

 

အခု စစ်အာဏာရူးတွေက ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူတွေမရှိဘဲနဲ့ အတင်း အဓမ္မ ကျောင်းတွေ ပြန်ဖွင့်ဘို့ လုပ်နေတာ အားလုံးအသိပါ။

 

သူတို့ဖွင့်မယ့် ကျောင်းတွေကို မတက်ကြဘို့ တိုက်တွန်းပါတယ်။ 

ဒါဆို ငါတို့က ဒီအတိုင်းထိုင်နေရတော့မှာလား လို့ မေးစရာရှိလာပါတယ်။

 

အခု NUG က ကျောင်းသားတွေကို ရုပ်မြင်သံကြား သင်ကြားရေးစနစ်နဲ့ သင်ပေးဘို့ အပူတပြင်း စိုင်းပြင်းနေပါတယ်။

အထူးသဖြင့် ဘွဲ့ရခါနီးကျောင်းသားတွေနဲ့ ကျောင်းတက်ဘို့ စာရင်းသွင်းပြီးမှ တိုးလို့တန်းလန်းဖြစ်နေတဲ့ ကျောင်းသား တွေကို ဦးစားပေးအဆင့်အနေနဲ့ စသင်ပါလိမ့်မယ်။

 

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုတော့ လုပ်ငန်းကြီးက အလွန်အင်မတန့်ကို ကြီးမား ကျယ်ပြန့်ပါတယ်။

အဲဒီအတွက် အားလုံးရဲ့ အင်အား လိုပါတယ်။

တစ်ဆင့်ချင်း တစ်ဆင့်ချင်း သွားရမှာပါ။

 

နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးဆိုတာကို အားလုံးအသိပါ။

အောက်ဆုံးကို ကျော်ပြီး အနုတ်လက္ခဏာပြနေတဲ့အဆင့်ပါ။

စစ်အာဏာရူးတွေ ကျဆုံးသွားပြီး ပြန်ဖွင့်မယ့် ပညာရေးစနစ်မှာ အဲဒါကို အဓိကထား ပြင်ပါမယ်။

ဘယ်အတန်းမှာတော့ဖြင့် ဘာတွေကို သိထားရမယ် ဆိုတဲ့စနစ်နဲ့ သွားပါလိမ့်မယ်။

ကိုယ်ကျင့်တရားနဲ့ လူပီပီသသ ဖြစ်လာဘို့တွေပါ ပါမယ်။

 

အခုလို အကျပ်အတည်းကာလကြီးမှာ စစ်တပ်က အာဏာထသိမ်းတယ်ဆိုတာ အဲဒါတွေ ပျောက်ဆုံးနေလို့ပါ။ 

စံမီတဲ့လူတစ်ယောက်ဟာ ဘာကိုတော့ဖြင့် လုပ်သင့်တယ်၊​ ဘာကိုတော့ဖြင့် မလုပ်သင့်ဘူးဆိုတာ တွေးတတ် ခေါ်တတ် မြော်မြင်တတ်ရပါမယ်။

ဟိုဘက်ရွာက လူတွေမှာ လုပ်သင့်မလုပ်သင့်ဆိုတာကို ဝေဘန်ပိုင်းခြားနိုင်စွမ်း မရှိပါဘူး။

 

အမှန်က ကျောင်းတွေဆိုတာ စံမီတဲ့ နိုင်ငံသားကောင်းတွေကို မွေးထုတ်ပေးဘို့ ဖြစ်ပါတယ်။

ကျောင်းဆိုတာဟာ -

ဟုတ်မှန်းမသိ၊ မဟုတ်မှန်းမသိ၊ စာအုပ်ထဲပါတာတွေ နင်းကန်ကျက်၊ အချိန်တန်တော့ လက်မှတ်တစ်ခု ရလာဘို့ အတွက်မျှလောက်သာ မဟုတ်ပါဘူး။

အဲဒါထက်ပိုပါတယ်။

 

အဲဒါဟာ NUG က မျှော်မှန်းထားတဲ့ ပညာရေးပါ။

 

(၂)

 

သေချာတာပေါ့ခင်ဗျား။

ရေဆန်လေဆန်ကို လှော်တက်တဲ့အခါ ပင်ပန်းပါမယ်။ ခက်ခဲပါမယ်။ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။

 

အထူးသဖြင့် -

ပျက်စီးနေတာကို ပြန်ပြင်ရတာဟာ အသစ်ဆောက်ရတာထက် ပိုခက်ပါတယ်။

အင်ဂျင်နီယာမှန်ရင် အဲဒီကိစ္စကို ကောင်းကောင်း သိပါတယ်။

 

ဒါပေမယ့်ခင်ဗျား -

တကယ်လုပ်ရင် အဟုတ်ဖြစ်ပါတယ်။

ကျွန်တော်တို့မှာ တကယ် တော်တည့်ထက်မြက်တဲ့ မြန်မာနိုင်ငံသားကောင်းလေးတွေ ပြည်တွင်းပြည်ပမှာ အများကြီး ရှိပါတယ်။ 

သူတို့ကလည်း တကယ့်ကို စိတ်ပါလက်ပါနဲ့ လုပ်ပေးချင်ကြပါတယ်။

လက်ရှိလည်း လုပ်နေတဲ့သူတွေ ရှိပါတယ်။

သူတို့ရဲ့အားနဲ့ လုပ်ယူလို့ရပါတယ်။

 

အရေးအကြီးဆုံးက မြန်မာနိုင်ငံမှာ လူတော်လူကောင်းတွေ ထွက်ပေါ်လာမှာကို အလိုမရှိတဲ့ စစ်ခွေးတွေကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင် သုတ်သင်ဖယ်ရှားပစ်ဖို့ပါ။

အဲဒီ ဒဒေါင်းဇားတွေ (ငါ ပြောရင်းပြောရင်း ဒေါသထွက်လာပြီ။ မဆဲတော့ဘူးလို့ နေတာ) မြန်မာ့မြေပေါ်မှာ မရှိတော့ဘူး ဆိုရင် အားလုံးကောင်းသွားဘို့ လမ်းစပေါ်ပါပြီ။

 

အခု ရုပ်မြင်သံကြား ပညာရေးစနစ်ကို စဘို့ ဝိုင်းကြ ဝန်းကြရအောင်။

ကျွန်တော်တို့လည်း ပါပါမယ်။

မိတ်ဆွေတို့ကိုလည်း ဖိတ်ခေါ်ပါတယ်။

 

(၃)

 

ရုပ်မြင်သံကြား ပညာရေးစနစ်မှာ Online နဲ့ Offline ဆိုပြီး နှစ်ပိုင်း ပါပါမယ်။

အင်တာနက်ရတဲ့ ဒေသတွေမှာ online သင်ပါမယ်။

အင်တာနက်မရတဲ့ ဒေသတွေမှာ offline သင်ပါမယ်။

 

Online အတွက် Zoom, Microsoft Team, Google Hangout စတာတွေနဲ့ သင်လို့ရပါတယ်။

Offline အတွက်တော့ သင်ကြားရေး ဗီဒီယိုတွေ ကြိုရိုက်ထားရပါမယ်။

ဗီဒီယိုရိုက်တယ်ဆိုတာ စားပွဲမှာထိုင်ပြီး မျက်နှာသေကြီးနဲ့ စာလာဖတ်ပြတာမျိုးကို ပြောတာ မဟုတ်ပါဘူး။

တကယ့် အခန်းထဲမှာ စာသင်နေတဲ့ပုံစံမျိုး ရိုက်မှာပါ။

ဒါလောက် ဒုံးမဝေးတဲ့ ကျွန်တော့်မိတ်ဆွေများ သိပါတယ်။

 

အရေးကြီးတာက သင်ပေးမယ့် ဆရာ/ဆရာမတွေပါ။

သူတို့သာ မသင်တတ်ရင် နာရီဝက်မတိုင်ခင် အားလုံး အိပ်ပျော်ကုန်ကြပါလိမ့်မယ်။

ဒါမှမဟုတ်လည်း အသီးသီး၊ အလျှိုလျှို ပျောက်သွားကြပါလိမ့်မယ်။

အဲဒီအတွက် ဆရာ/ဆရာမတွေကို ကောင်းကောင်း လေ့ကျင့်ပေးဘို့လိုပါတယ်။ TTT (Train-The-Trainer) Programme ပါ။ အဲဒီအတွက်လည်း ကျွန်တော်တို့ ပြင်ဆင်နေပါတယ်။

 

စာသင်တာမှာ လက်ရှိပြဋ္ဌာန်းထားတဲ့ သင်ရိုးတွေကို အခြေခံပါမယ်။

အဲဒီအထဲမှာ Game တွေ၊ Classroom Exercise တွေ၊ Quiz တွေ ထည့်သွားပါမယ်။

Blended Learning လို့ခေါ်ပါတယ်။ လက်ရှိ စင်ကာပူက သင်တန်းတွေကို သင်တဲ့ပုံစံပါ။

စာသင်လိုက် သူတို့ကို လေ့ကျင့်ခိုင်းလိုက်ပေါ့။ အဲဒါဆို အိပ်ငိုက်လို့မရတော့ဘူး။​ ပျင်းစရာလည်း မကောင်းတော့ဘူး။

 

အရေးအကြီးဆုံးကတော့ ကျောင်းသားတွေနဲ့ ဆရာဆရာမတွေရဲ့ လုံခြုံရေးပါ။

ကျောင်းသားတွေစုဘို့၊ ဆရာဆရာမတွေကို အကူအညီတောင်းဘို့က ပြဿနာမရှိနိုင်ဘူးလို့ ယူဆပါတယ်။

ဒေသအလိုက်၊ ရပ်ကွက်အလိုက်၊ ရွာအလိုက် လုပ်ကြမှာကိုး။

ဒါပေမယ့် ခွေးရူးဆိုတာ လူကောင်းမှန်းမသိ၊​ လူဆိုးမှန်းမသိ၊ ကောင်းတာလုပ်နေမှန်းမသိ၊ ဆိုးတာလုပ်နေမှန်းမသိ။ အကုန် မြင်မြင်ရာကို ကိုက်တတ်တဲ့သဘောရှိပါတယ်။

အဲဒါကြောင့်မို့လို့ စာသင်နေတဲ့သူတွေကို ရန်ရှာလာနိုင်တဲ့ အန္တရာယ်ရှိနိုင်ပါတယ်။

အဲဒါကို ဘယ်လိုလုပ်မလဲဆိုတာတော့ ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြဘို့ပဲ ဖြစ်ပါတယ်။

 

(၄)

 

ဘာပဲဖြစ်ဖြစ် ရုပ်မြင်သံကြားပညာရေးစနစ်ကို ကျွန်တော်တို့ စလုပ်ပါမယ်။

ကျွန်တော်တို့ရည်မှန်းထားတာကတော့ မည်ကာမတ္တ စာသင်တာမဟုတ်ဘဲ နိုင်ငံတကာ ပညာရေးနဲ့ရင်ဘောင်တန်းနိုင် ဘို့ထိပါ။

ဆိုလိုတာက ကျွန်တော်တို့ သင်ပေးလိုက်တဲ့ Primary 3 သည် ဘယ်နိုင်ငံက Primary 3 နဲ့မဆို ယှဉ်နိုင်ရမယ်။ သူတို့ သင်နေတဲ့စာတွေကို နားလည်နိုင်ရမယ်။

မလွယ်ပါဘူး။ ခက်ပါလိမ့်မယ်။

ဒါပေမယ့် မဖြစ်နိုင်တာ မရှိပါဘူး။ 

အားလုံးဝိုင်းလုပ်ရင် ဖြစ်နိုင်ပါတယ်။

မြန်မာပြည်ဟာ (ခွေးရူးတွေ ပေါ်မလာခင်ကအချိန်အထိ) အရှေ့တောင်အာရှမှာ ထိပ်ဆုံးဖြစ်ခဲ့တယ်ဆိုတာ မမေ့ကြပါစို့နဲ့။

 

ဒို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား။

မြေအုတ်တို့ ပြိုလေရာ၊ ကျောက်အုတ်တို့ဖြင့် အစားထိုးအံ့။

 

အရေးတော်ပုံ အောင်ရမယ်။

 

အေးငြိမ်း

၁၇ မေလ၊ ၂၀၂၁

No comments: