(၁)
မြန်မာစစ်တပ်သည် မည်သည့်နည်းနှင့်မှ အစိုးရမဖြစ်ထိုက်ချေ။
ဤသို့ဆိုလိုက်ခြင်းဖြင့် အသင်တို့သည် ကျွန်ုပ်အား စစ်တပ်ကို မုန်းသည်နှင့် အခြေအမြစ်မဲ့စွာ စွပ်စွဲတာဖြစ်သည် ဟု ထင်ကောင်းထင်မိကြပေလိမ့်မည်။
ကျွန်ုပ်သည် ၎င်းတို့ကို မုန်းတီးသည်မှာ မှန်၏။ ကျွန်ုပ်သည် ၎င်းတို့ကို ခွေးချေးပုံကဲ့သို့ ရွံမိသည်မှာ မှန်၏။ သို့သော် ဤကဲ့သို့ မုန်းတာ၊ ရွံတာတစ်ခုတည်းနှင့် အစိုးရမဖြစ်ထိုက်ဟု ကျွန်ုပ်မဆို။ ၎င်းတို့သည့် အဘယ်ကြောင့် အစိုးရ မဖြစ်ထိုက်ကြောင်း ကျွန်ုပ် အကျိုးအကြောင်းခိုင်လုံစွာ တင်ပြပါမည်။
ကျွန်ုပ်စာဆုံးမှ ကျွန်ုပ်ပြောတာ ဟုတ်/မဟုတ် အသင်တို့ ဆုံးဖြတ်ပါလေ။
(၂)
ပထမ မြန်မာ့ရှေးရိုးကျမ်းများနှင့် ညှိနှိုင်းကြည့်ပါမည်။
မြန်မာစာပေတွင် မင်းကျင့်တရား (၁၀)ပါး ဆိုတာရှိ၏။
မင်းကျင့်တရား (၁၀) ပါး
===================
၁။ အလှူပေးခြင်း (ဒါန)
၂။ ငါးပါးသီလ ဆောက်တည်ခြင်း (သီလ)
၃။ ပေးကမ်း စွန့်ကြဲခြင်း (ပရိစာဂ)
၄။ ဖြောင့်မတ်မှန်ကန်စွာကျင့်ခြင်း (သမ္မာပဋိပန္န)
၅။ ကိုယ်နှုတ်အမူအရာ နူးညံ့သိမ်မွေ့ခြင်း (မုဒုက)
၆။ အခါအားလျော်စွာ ရှစ်ပါးသီလ ဆောက်တည်ခြင်း (ဥပေါသထ)
၇။ အမျက်မထွက်ခြင်း (အက္ကောဓ)
၈။ ရဟန်းရှင်လူ ပြည်သူတို့ကို မညှဉ်းဆဲခြင်း (အဝိဟိံသန)
၉။ သည်းခံခြင်း (ခန္တီ)
၁၀။ ပြည်သူတို့နှင့် မဆန့်ကျင်ခြင်း (ဝိရောဓ)
ယခု ဤတရားများထဲမှ မည်သည့်တရားများနှင့် ကိုက်ညီသည်ကို ဆန်းစစ်ကြည့်ကြပါစို့။
အမှတ် (၁) အလှူပေးခြင်း၊ အမှတ် (၃) ပေးကမ်းစွန့်ကြဲခြင်း
အလှူပေးခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း ကျင့်ဝတ်နှင့်မူကား ကိုက်ညီကြပါပေ၏။
အဘယ်သို့ ကိုက်ညီသနည်း။
တိုင်းပြည်မှ ခိုးလို့ဝှက်လို့ရသမျှ ပစ္စည်းဥစ္စာအားလုံးကို ၎င်းတို့၏ သားသမီး၊ မြေးမြစ်တီကျွတ်၊ ချွေးမ၊ သားမက်၊ သားသမီးများ၏ သူငယ်ချင်း၊ သားသမီးများ၏ သူငယ်ချင်းများ၏ မိတ်ဆွေများ၊ ၎င်းတို့၏ ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက်၊ ချွေးမ၊ သားမက်တို့ဘက်မှ အဆွေအမျိုးများတို့ကို သဒ္ဓါတရားကြီးမားလှစွာဖြင့် ပေးကမ်းစွန့်ကြဲကြကုန်၏။
သို့တိုင် အနှီသူခိုးများ၏ ပေးကမ်းစွန့်ကြဲခြင်းမှာ လူသာဓုမခေါ်၊ နတ်သာဓုမခေါ်သည့် ပေးကမ်းစွန့်ကြဲခြင်းမျိုးသာ ဖြစ်၏။
အမှတ် (၂) တွင် ပါဏာတိပါတာ၊ မုသာဝါဒါ၊ အဒိန္နာဒါနာ တို့နှင့် ညိ၏။
၂၊ ၁။ ပါဏာတိပါတကံ
ကြက်ကလေး၊ ငှက်ကလေးသတ်သကဲ့သို့ ဘာအပြစ်မှမရှိသော ကျုပ်တို့ပြည်သူတွေခေါင်းကို သေနတ်နှင့်ချိန်ပစ်တာ ပါဏာတိပါတာမဟုတ်လို့ ဘာပါနည်း။
၂၊ ၂။ မုသာဝါဒကံ
မြဝတီ၊ မြန်မာ့အလင်း၊ ကြေးမုံတို့ကိုအသုံးချကာ ပေါက်တတ်ကရသတင်းများကို လုပ်ကြံရေးသား၏။ တကယ့် ကမ္ဘာကျော် ဗြောင်လိမ်၊ ဗြောင်စားများ ဖြစ်ပေ၏။ နောက်ပိုင်းတွင် သက်သေများတင်ပြထားပါသည်။
၂၊ ၃။ အဒိန္နဒါနကံ
စစ်အာဏာရူးများသည် ကျွန်ုပ်တို့ မြန်မာပြည်မှ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတများကို ရသမျှ အကုန်ခိုးထုတ်လေရာ ယခုအခါ ပြောင်သလင်းခါနေချေပြီ။ တိုင်းပြည့်ဥစ္စာများကို သူ့ပထွေး အမွေပေးထားသည့်အလား ခိုးဝှက်ကာ နန်းတော်ကြီးတမျှ အိမ်ဆောက်၏။ ကောင်းပေ့ဆိုသည့်ကားများကို ထားစရာမရှိအောင် ဝယ်သည်။ သူရို့သားသမီးများမှာ ငွေကို လေလိုသုံးသည်။ အရပ်ထဲမှ သူခိုးများမှာ ၎င်းတို့စားလောက်ရုံမျှသာခိုး၏။ ခွင့်လွှတ်မည်ဆိုက ခွင့်လွှတ်နိုင်သေး၏။ သို့သော် ထိုစစ်အာဏာရူးများကား ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက် မျိုလို့၊ ဆို့လို့မကုန်အောင် ပြောင်ခိုးတာဖြစ်သဖြင့် မည်သည့်နည်းနှင့်မှ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိ။
ထိုသူများကား ပုခုံးထက်တွင် အပွင့်အခက်ကြီးများတင်ထားသော်ငြား အင်းဝခေတ်က သူခိုးကြီး ငတက်ပြားလောက်မှ မြင့်မြတ်သူများ မဟုတ်ချေ။
အမှတ် (၄) ဖြောင့်မတ်မှန်ကန်စွာကျင့်ခြင်း
ဖြောင့်မတ်မှန်ကန်ခြင်း ဆိုသည့်စကားလုံးကို စစ်အုပ်စု၏အဘိဓာန်တွင် ရှာတွေ့နိုင်မည် မဟုတ်ချေ။ ၎င်းတို့၏ ဖြောင့်မတ်မှန်ကန်ခြင်း ဆိုသည်မှာ သေနတ်ကို လက်ဖြောင့်အောင်ပစ်တတ်၍ အပြစ်မရှိသူလူငယ်ကလေးများ၏ ဦးခေါင်းကို မှန်အောင်ပစ်နိုင်ခြင်းသာ ဖြစ်လေသည်။
အမှတ် (၈) ရဟန်းရှင်လူ ပြည်သူတို့ကို မညှဉ်းဆဲခြင်း
ယခု လောလောဆယ်တင်ပင်လျှင် ၎င်းတို့သည် ကျွန်ုပ်တို့ တိုင်းသူပြည်သားများကို သတ်ဖြတ်နှိပ်စက်နေချေ၏။ ၎င်းတို့ အတွက် သတ်ဖြတ်ညှဉ်းဆဲခြင်းဆိုသည်မှာ ထမင်းစားရသောက် အလုပ်ပင် ဖြစ်နေချေပြီ။ သူများခေါင်းကို သေနတ်နှင့် ပစ်၍ ဦးခေါင်းပွင့်သွားတာကိုပင် ပျော်မြူးနေလိုက်ကြသေး၏။ လူလွန်မ သားများပါပေ။
အမှတ် (၁၀) ပြည်သူတို့နှင့် မဆန့်ကျင်ခြင်း
ကျွန်ုပ်တို့ပြည်သူများ တခဲနက်အားပေးထားသည့် မဲရလဒ်များကို ကပြောင်းကပြန်လုပ်ချင်ခြင်းကပင်လျှင် တိုင်းသူပြည်သားတို့၏ အလိုဆန္ဒနှင့် ဆန့်ကျင်ခြင်း ဖြစ်တော့၏။
ယခုလည်း ကျွန်ုပ်တို့ပြည်သူများက အစွမ်းကုန်ဆန့်ကျင်နေတာကို လက်နက်အားကိုးလျက် အဓမ္မနှိပ်ကွပ်နေသေးသည် မဟုတ်လော။
ဤသည်ကိုကြည့်ခြင်းအားဖြင့် စစ်အာဏာရူးများသည် အစိုးရဟူသည့်စကားလုံးနှင့် လားလားမှ မထိုက်တန်မှန်း သိသာနေပေပြီ။
ဆက်ပါဦးအံ့။
(၃)
ကျွန်ုပ်သည် ငယ်စဉ်က စစ်ဘုရင်တိမူး၊ နပိုလီယန်၊ ဂျင်ဂစ်ခန်၊ ကူဘလိုင်ခန်၊ မြန်မာပြည်မှ မဟာဗန္ဓုလ စသည့် စစ်သူကြီးများကို အမှန်ပင် လေးစား အားကျမိခဲ့၏။ စစ်သားဆိုသည်မှာ တကယ့် ယောက်ျားကောင်းများ ဖြစ်၏။ လူကြီး လူကောင်းဆန်၏။ ကျင့်ဝတ်သိက္ခာကို လေးစားသူများ ဖြစ်၏။ မဟုတ်တာလုပ်ရမှာကို အလွန်စက်ဆုပ်သည် ဟု သည်လိုပင် မှတ်ယူခဲ့၏။
ရှေးက စစ်သူကြီး/စစ်သည်များမှာ ကျွန်ုပ်ထင်သလို ယောက်ျားကောင်းများ ဖြစ်တန်ရာပါ၏။
၁၉၆၂ ခုနှစ်မတိုင်မီကထိ မြန်မာပြည်မှ စစ်သည်များမှာ အကောင်းပကတိအတိုင်းပင် ရှိနေနိုင်ပါသေး၏။ (ကျွန်တော် သေသေချာချာမသိပါ။ ကျွန်ုပ်မှာ ၁၉၆၂ ကျမှ ဗရုတ်သုက္ခ လူ့လောကအတွင်းသို့ မျက်စိလည်လမ်းမှား ဝင်လာတာ ဖြစ်၏။)
သို့သော် ၁၉၆၂ ခုမှစကာ စစ်သားတို့၏ ဂုဏ်သိက္ခာ တဖြည်းဖြည်းကျဆင်းလာခဲ့၏။
၁၉၈၈ တွင်မူ စစ်သားတို့သည် လူထုချဉ်ဖတ် ဖြစ်သွားချေပြီ။
ဤအချိန်မှစကာ စစ်သားတို့တွင် ဂုဏ်သိက္ခာဆို၍ မြူမှုန်မျှပင် မကျန်တော့ချေ။
ယခုအချိန်၌မူ ကျွန်ုပ်သည် စစ်သားမပြောပါနှင့်။ စစ်ဆိုသည်ကိုပင် မုန်းလွန်း၍ ရေကိုပင် စစ်မသောက်တော့ဘဲ ရေစစ်ကိုဖြုတ်ကာ ဘုံဘိုင်ခေါင်းမှရေကို သည်အတိုင်း မော့သောက်လေတော့၏။
ယခုခေတ်၌ စစ်သားဆိုသူတို့သည် လူကြီးလူကောင်း ဆိုသည်ကို အသာထား၍ သာမန်လူများလောက်ပင် သိက္ခာမရှိ တော့ချေ။ ဤသည်မှာ ကျွန်ုပ်က အသားလွတ် စော်ကားမော်ကားလုပ်ခြင်း မဟုတ်ပါ။
စစ်အာဏာရူးတို့သည် တကယ့် ကလိမ်ကကျစ်၊ လူ့ဗလချီးနမ်းများဖြစ်ကြောင်း အကျွန်ုပ် သက်သေပြပါအံ့။
ပထမ ဝဏ္ဏမောင်လွင် ထိုင်းကိုသွား၏။ ဤသည်ကို ရိုးရိုးသားသား မရေး။ ထိုင်းဝန်ကြီးချုပ်က ဖိတ်၍ သွားရပါသည် ဟု ရေးရာ စင်ကာပူ CNA သတင်းထောက် မေဝေါင်းက သရော်လေ၏။ ၎င်းတို့သည် ကမ္ဘာကျော် လူလိမ်ကြီးများဖြစ်၏။ ၆ ရှက်ကလည်း တစ်ပြားဘိုးမှ မရှိ။ (ပုံ ၁ နှင့် ၂)
(ပြဿနာမှာ ၎င်းတို့၏ အမေများသည် သူတို့သားများ အကြောင်းကို သိသဖြင့် မွေးကတည်းက ရှက်ကြိုးနှင့်ပေါင်းပြီး ရှက်ကြောကိုပါ တစ်ခါတည်း ဖြတ်ပေးလိုက်ခြင်းဖြစ်၏။ ထို့ကြောင့် ၎င်းတို့မှာ အရှက်ကမ်းကုန်နေရာ သူတို့မလုပ်ရဲတာ ဘာမှ မရှိတော့။ ဤသည်ကိုပင် ရင်ထဲ၌ အောင့်ထားခြင်းငှာ မတတ်သာတော့၍ “ကျွန်တော်မလုပ်ရဲတာ ဘာမှမရှိဘူး” ဟု ပြောင်ပင် ဖွင့်ပြောရရှာလေသည်။ ကျွန်ုပ်သည် ထိုသူ့ကို သနားမိလေ၏။)
မိတ်စ် အမေလကန် ဂလိတ်စ် အဂိန်းစ် ဟု စကားကိုပင် အမြီးအမောက်တည့်အောင် မပြောတတ်ပါဘဲလျက် သူတို့ကိုယ် သူတို့ အကုန်သိ၊ အကုန်တတ် ဟု ထင်နေပေလေသေး၏။ ဤသည်မှာလည်း ကျွန်ုပ်က အရမ်းမဲ့ကာရော စွပ်စွဲတာ မဟုတ်ပါ။ သူတို့စစ်ဗိုလ်တစ်ယောက်က “ငါတို့မတတ်တာ ဘာမှမရှိဘူး။ အကုန်တတ်တယ်” ဟု ရေးထားတာကို ကျွန်ုပ် screen shot ရိုက်ထားတာ ရှိပါသည်။
နောက်ပြီးတော့ မည်မျှ ဗြောင်လိမ်လိုက်ပါသနည်းဟူမူ ကျွန်ုပ်တို့ ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည်ကို သေနတ်နှင့် စွပ်ပစ်၊ သတ်ဖြတ်နေပါလျက် “ဆူပူသောင်းကျန်းသူများအား စစ်အင်အားကို အလွန်အကျွံအသုံးမပြု၊ အပြင်းအထန်နှိမ်နှင်းမှု မပြုပါ” ဟု ဖော်ပြခဲ့လေသည်။ (၁ မတ်လ၊ ၂၀၂၁ ကြေးမုံသတင်းစာ၊ စာမျက်နှာ ၃၊ သတင်းထုတ်ပြန်ချက်) (ပုံ - ၃)
နောက်ပြီး ဘုရားပေါ်မှာ မည်သူမျှမရှိပါဘဲလျက် “ပြည်သူများစိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြသည်” ဟု ရေးပါသည်။ (ပုံ - ၄)
နောက်ပြီးတော့ အမျိုးသမီးအချို့ကို တွန်းလှည်းပေါ် ပလတ်စတစ်ပုံးများတင် တွန်းစေလျက် နိုင်ငံခြားခရီးသွားများ ဆိုကာ ပြောင်လိမ်သည်။ (ပုံ - ၅)
နောက်ပြီးတော့ ATM စက်မှ မော်နီတာကိုရိုက်ခွဲလျက် ATM စက်အားဖျက်ဆီးကာ သိန်း (၆၀၀) ခန့် ယူဆောင်သွား ကြောင်း ဟု ဆိုသေး၏။ ATM စက်တောင် ကောင်းကောင်းမမြင်ဘူးပါဘဲလျက် ရမ်းတုတ်တာတော့ နည်းနည်းလွန်၏။ (ပုံ - ၆)
ပြည်သူက မကျေနပ်လို့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာကို NLD က သွေးထိုးလှုံ့ဆော်သောကြောင့်ဟု အသားလွတ် စွပ်စွဲသေး၏။ (ပုံ - ၇)
ဤမျှဆိုလျှင်ပင် ထိုသူများသည် လူလိမ်လူကောက်များဖြစ်ကြောင်း ပြည်သူ့ရင်ပြင်၌ ဂေါ်ဇီလာသွားသလို ထင်ထင်ရှားရှား မြင်နိုင်ပါသည်။
အောင်မငီး၊ မြတ်စွာဘုရား
ထို လူလိမ်များသာ တိုင်းပြည်ကို အုပ်ချုပ်လို့ကတော့ ငါးပါးသာမက၊ သံဃာစင်ပါ မှောက်တော့မည်။ (ယခင်ကလည်း မှောက်ခဲ့ဖူးပြီ မဟုတ်လော။)
လိမ်တတ်သူသည် ကျန်သည့် ဒုစရိုက်များကို ကျူးလွန်ရန် ဝန်မလေးတော့။
သူမည်သည့်မကောင်းမှုကို ကျူးလွန်သည်ဖြစ်စေ၊ ငါမလုပ်ဟု ပြောင်ငြင်းမှာ ဖြစ်လေသည်။
ကျွန်ုပ်တို့ရွာမှ ခိုးတာ အလွန်ဝါသနာပါသော ကိုငအေးအကြောင်း ကျွန်တော် တစ်ခါ ရေးဖူးပါသည်။
တစ်ရက်သား ရွာဘုန်းတော်ကြီးက ကိုငအေးကို တိုင်တွင်ဖက်စေကာ အသားကုန်နှက်ပြီး မေး၏။
ဟဲ့ - ငအေး
ဖျား
ခိုးချင်စိတ်ရှိသေးရဲ့လား
မှန်ပါ့ . . နည်းနည်းတော့ ကျန်ပါသေးတယ်ဘုရာ့
ကိုငအေးသည် ခိုးတတ်ပေသည့် စကားကို မှန်မှန်ကန်ကန် ပြောတတ်သည်။ မလိမ်တတ်၊ မညာတတ်။
ဟို ပုခုံးပေါ်မှာ အပွင့်ကြီးတွေတင်ထားသည့် လူကြီးများကား ဗြောင်လိမ်၊ ဗြောင်စားများ ဖြစ်လေရာ . . .
ကျွန်ုပ်မှာ ၎င်းတို့ကို ကိုငအေးလောက်မှ အထင်မကြီး၊ မလေးစားပါ။
ထို့ကြောင့်ပင် ကျွန်တော်မလုပ်ရဲတာ ဘာမှ မရှိဘူး ဟု ပေါ်တင်ကြေငြာရဲတာ ဖြစ်၏။
လူသတ်မည်၊ ခိုးမည်၊ ဓားပြတိုက်မည်၊ ပြန်ပေးဆွဲမည်။ နောက်ပြီးတော့ ကျော်လုပ်တာမဟုတ်ရပေါင်ဗျာ ဟု ဇွတ်ငြင်းမည်။
သူတို့စစ်သားတွေ သေနတ်နှင့်ပစ်လို့သေတာကိုပင် ဘယ်ကလာမှန်းမသိတဲ့ ကျည်ဆံတွေ ဟု လုပ်သေးသည်။
၎င်းတို့သည် မိမိတို့ဝတ်ထားသည့် ယူနီဖောင်းကိုမှ အားမနာ။ စကားကို ဗလောင်းဗလဲပြောတတ်လှချေ၏။
နောက်ပြီးတော့ ရွှံ့မီးတောင်ကြီးကို နဂါးပွက်အိုင်ဆိုကာ နွားနို့တွေလောင်းချ၊ ပန်းတွေနှင့်ပူဇော် လုပ်တာ သင်တို့အသိ။
ဤမျှလောက်သော ဦးဏှောက်နဲ့များ မြန်မာပြည်ကြီးကို အုပ်ချုပ်ချင်သေးသတဲ့။ အဟက်။
အမဲရိုးနှယ်၊ ဟင်းအိုးမှ အားမနာ ဆိုသလို ဖြစ်တော့၏။
သို့ဖြစ်လေရာ အသင်တို့သည် ထို ဗြောင်လိမ်၊ ဗြောင်စားများ အဘယ်ကြောင့် အစိုးရမဖြစ်သင့်ကြောင်း ရှင်းရှင်း လင်းလင်း သဘောပေါက်လောက်ပါပြီ။ အနှီလူလိမ်၊ လူသတ်ကောင်များမှာ အစိုးရကို မဆိုထားပါနှင့်။ ဆယ်အိမ်ခေါင်းရာထူးနှင့်တောင် ထိုက်တန်သူများမဟုတ်လေ။
ထို ဗြောင်လိမ်၊ ဗြောင်စားများ အစိုးရနေရာကို ဂျပိုးလိုလို၊ သူခိုးလိုလိုနှင့် အချောင်ဝင်နှိုက်မည်ကြံလျှင် ဖနောင့်နှင့်ပေါက်ချရေးမှာ သင်တို့ ကျွန်ုပ်တို့ အလုပ် ဖြစ်တော့၏။
မြန်မာ့မြေပေါ်တွင် လူယုတ်မာများ၊ လူလိမ်များအတွက် နေရာမရှိစေရ။
အရေးတော်ပုံ အောင်ရမည်။
အေးငြိမ်း
၆ မတ်လ၊ ၂၀၂၁
No comments:
Post a Comment