(အချီး
ကျွန်တော်သည် မြန်မာနိုင်ငံ ပြင်ပတွင် ရောက်နေသဖြင့် ပြည်တွင်းမှ အခြေအနေမှန်များကို သိနိုင်ရန် ဒလုံးတစ်စင်း စေလွှတ်လိုက်ပါသည်။ ကိုရွှေဒလုံးက ပြည်တွင်းအခြေအနေများကို ဖွဘုတ်ပေါ်တွင် မြင်နေရသဖြင့် မလိုအပ်ဆိုကာ မင်းအောင်လှိုင်၏ အခန်းထဲသို့ စွပ်ကနဲဝင်သွားလေ၏။ ၎င်းရိုက်ပို့လိုက်သည့် ဒါ့ပုံများထဲတွင် အခန်းထောင့်၌ ဆောင့်ကြောင့်ထိုင်ကာ ဒူးလေးပိုက်ထားသည့် အပြာမ (အပြာရောင်ဝတ်ထားသည့် မိန်းမ) တစ်ဦးကိုလည်း တွေ့ရလေရာ ဘယ်သူများပါလိမ့်ဟု ဇွန်းချဲ့ကြည့်လိုက်တော့မှ တစ်သင်းလုံးကန်မည့် ဆာမကြီးဖြစ်နေကြောင်း သိရလေ၏။
ကျွန်ုပ်၏ ဒလုံးမှ အသံဖမ်းလာသည်များကို မိတ်ဆွေများလည်း စိတ်ဝင်စားကြမည် ထင်ပါသဖြင့် ကျွန်ုပ်က စာဖြင့် ပြန်ရေးပြလိုက်ရပြန်ပါကြောင်း။)
++++++++++++++++++++++++++
(အစပိုင်းတွင် ရှိုက်၍ငိုသံများ မသဲမကွဲကြားရပြီးမှ အမျိုးသားတစ်ယောက် ငြီးငြူသံကို ငိုသံစွက်၍ ကြားရလေ၏။)
တောက် . . .
သမ္မတလေးများ ဖြစ်မလားလို့ အာဏာသိမ်းလိုက်ပါတယ်။
ငါ့မှာ တစ်ခါတည်း ခွေးလုံးလုံးကို ဖြစ်တော့တာဘဲ။
ငါ ထ ဟောင်လိုက်ရ မကောင်းဖြစ်တော့မယ်။
ဝုတ် . . ဝုတ် . . အာဝု
အဲဒီ $အာဏာဆိုတာကြီး သိမ်းပြီးကတည်းက ငါ့မှာ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ။
လူသန်း ၅၀ လောက်ကြီးက ဝိုင်းပြီး ကျိန်ဆဲနေတာဆိုတော့ ထမင်းစားရင်း လည်ချောင်းနင်လို့ ရေ ထထ သောက်ရ။ မှေးကနဲအိပ်ပျော်သွားပြန်ရင်လည်း ငရဲခွေးကြီးတွေ လာဆွဲနေပြီဆိုပြီး အိပ်မက်ဆိုးတွေမက်လို့ ကယောင်၆ချား ရေထ သောက်ရ။
“အမေရေ . . ကယ်ပါအုံးဗျ။ သားမှားပြီ မှားပြီ မေမေရဲ့။ ချစ်ဇောတွေ ကြွေ . .”
(ဟုတ်ပေါင်၊ ဟင်္သာတထွန်းရင်နဲ့ မှားကုန်ပြီ)
ဟို $တရုတ်ကလည်း ပြောတုံးကတော့ . . မင်းသာ အာဏာသိမ်းလိုက်၊ ကျန်တာ ငါ့တာဝန်ထားတဲ့။ အခုတော့ ရူးချင်ယောင် ဆောင်နေတယ်။ မြစ်ဆုံကို အနားမကပ်ရဆိုပြီး ဟန်ပြလုပ်ပြတာတောင် ငါ့ဘက်ပါမလာဘူး။ တာရိုးကနွား။
ရုရှားဆိုတဲ့ကောင်ကလည်း အစကတော့ ဟုတ်တော့မလိုလို ဘာလိုလိုနဲ့။ ဟိုဘက်က အင်အားသာနေတော့ အမြီးတောင် မနှံ့ရဲဘူးဖြစ်နေတယ်။ ငါတော့ သေသာ သေလိုက်ချင်တော့တာဘဲ။ ခုတော့ ငါ့မှာ သောင်ပြင်လွတ်တဲ့ ခွေးလိုဖြစ်နေပြီ။
မိသက်ရေ၊ ဟဲ့ . . မိသက်
ဆင့် . . ကိုကြီး . . . လာပါပြီဆင့်။ ဘာလဲ မီးတို့ ဘီယာသောက်ပြီး ကာရာအိုကေသွားကြမလို့လားဟင်၊ ဟိ . . ပျော်ထှာကွီးရယ် . . .
တယ် . . သောက်ကောင်မကတစ်မျိုး
တစ်နေ့တစ်နေ့ ဘီယာသောက်ဘို့၊ ကာရာအိုကေဆိုဘို့လောက် တွေးနေတယ်။
မဲတစ်ပြားမှ မရတာတောင် ရှိတဲ့တစ်ပြား အသုံးချပြီး ဝန်ကြီးလုပ်ပေးထားတာလေးမှ အားမနာ။
ဘာမှ အားမကိုးရဘူး။ ငွှင်း
အခုဆို ငါတို့ကို တစ်ကမ္ဘာလုံး ဘယ်နိုင်ငံကမှ အသိအမှတ်မပြုတော့ဘူး ဟဲ့။
ဟို ကျော်မိုးထွန်းဆိုတဲ့ကောင်ကလည်း ဟောသလိုပြောကွလို့ သေသေချာချာ မှာလိုက်ရဲ့သားနဲ့။ ကြည့်အုံး။ ငါတို့ကို ပုန်ကန်သွားတာ။ သူဟာ ဘာတဲ့ NLD အစိုးရကိုသာ ထောက်ခံပါသတဲ့။
သေဇမ်း မင်းအောင်လှိုင်၊ မင်း . . . သေလိုက်စမ်းဘာခွာ။ အီး ဟီး ဟီး ဟီး . . .
ငါ့မှာ ညည လူမသိသူမသိ၊ ကျိတ်ငိုရလွန်းလို့ မျက်ရည်တောင် မထွက်နိုင်တော့ပါလား သက်ရယ် . . .
အာဏာသိမ်းလိုက်တယ်သာဆိုတယ်။ ဘယ်မလဲ။ ငါ့အာဏာစက် သက်ရောက်တဲ့နေရာ။
ငါပိုင်တာဆိုလို့ တစ်နိုင်ငံလုံးမပြောနဲ့။ တစ်မြို့ အဲလေ တစ်ရပ်ကွက်တောင်မှ မရှိပါလား။ ဟီး ရွှတ်
ရုံးတွေဆိုတာလည်း။ ခြောက်ကပ်လို့။ CDM တဲ့။ ဘယ်သူမှ အလုပ်မဆင်းကြတော့ဘူး။ သရဲခြောက်မှာတောင် စိုးရတယ်။
ဆင်းတဲ့ကောင်တွေကလည်း တစ်ကောင်မှ သုံးလို့စားလို့မရဘူး။ ကွန်ပြူတာလေးတောင် $ဖြစ်ကြုံအောင် မရိုက်တတ်ဘူး။ ဟိုတစ်နေ့ကလည်း စာလေးတစ်စောင်ထုတ်ဘို့ ပရင်တာယူလာပါဆိုတာကို ဂက်စတင်နာကြီး သယ်လာတယ်။ အရင်ကစိတ်နဲ့ဆို ငါနဲ့ကိုင်တုတ်ပစ်လိုက်တယ်။ အခုကျတော့ သူတို့ပါ စိတ်ဆိုးပြီး မလာတော့မှာ ကြောက်လို့ ငါ့မှာ ဆဲချင်ရက်သားနဲ့ မဆဲရဘူး။ စိတ်ညစ်လိုက်တာနော်။
ဟို ရထားဝန်ထမ်းဆိုတဲ့ကောင်တွေကို တခြား ဘယ်မှ နေစရာမရှိမှန်းသိလို့ CDM ဆက်လုပ်နေမယ်ဆိုရင် လိုင်းခန်းက ဆင်းပေးရမယ်လို့ ခြောက်မိပါ့။
တခါတည်း ငေ့ါငေါ့ ငေါ့ငေါ့နဲ့ ဆင်းသွားလိုက်ကြတာ။ ခါထဲမှ။ တစ်ချက်လေးတောင် ပြန်လှည့်ကြည့်ဖော်မရဘူး။ အီးဟီးဟီး မှားဘာဒယ်ခွာ . . .
ငါ အာဏာမသိမ်းခင်တုံးက ၈၈ တုံးကအကွက်တွေကို သေသေချာချာ၊ အခေါက်ခေါက် အခါခါ လေ့လာပြီးသားပါ။
အခု ဘာဖြစ်တာတုံး၊ အဲဒီအကွက်တွေက တစ်ခုမှ သုံးလို့စားလို့မရတော့ဘူး။
အရပ်ထဲမှာ ဆူဆူပူပူဖြစ်အောင်လို့ အတင်းလူတွေကို ဖမ်း၊ နှိပ်စက်။ သေနတ်နဲ့ပစ်သတ် လုပ်တာတောင်။ ကတောက်စ်။ ဘယ်သူမှ ဆူဆူပူပူမလုပ်ကြဘူး။ တကယ်လို့သာ သူတို့ ဆူဆူပူပူဖြစ်ရင် ဆူလို့အာဏာသိမ်းရပါတယ်လို့ အကြောင်းပြ မလို့ဟာ။ ခုတော့ လခွမ်းဒဲ့မှ။ အို အရှင်မိုးနတ်မင်းကြီး။ ကျွန်ုပ်ကို သေခွင့်ပေးသနားတော်မူပါ။
နောက်ပြီး ဟို ဂျန်ဇီဆိုလား ကောင်လေးတွေ၊ ကောင်မလေးတွေက တစ်မျိုး။
ငါထင်ထားတာက အာဏာသိမ်းလိုက်ရင် နိုင်ငံရေးသမားတွေ၊ လူကြီးတွေ ထွက်လာမှာ ထင်ထားတာ။
အခုတော့ ဆယ်ကျော်သက် မလောက်လေး မလောက်စားလေးတွေ ထွက်လာတယ်။
ဒီကောင်လေး၊ ကောင်မလေးတွေကို နာမ်နှိမ်ဘို့ ခေါင်းကိုချည်းပစ်တာလည်း မဖြုံပါလားကွယ်ရို့။
တစ်ယောက်သေတော့ နှစ်ယောက်တက်လာတယ်။
အီးဟီးဟီးဟီး
အခုဆို ကြည့်အုံး။
သူတို့ တစ်နေ့တစ်မျိုးမရိုးရအောင်ကို အကွက်ဆန်းတွေနဲ့ ငါ့ကို ထိုးစစ်ဆင်နေတာ။
ငါ့ဓာတ်ပုံတွေ လမ်းပေါ်ကပ်ထားလို့ ဟိုကောင်တွေ လိုက်ခွာခိုင်းတာ ငါ့ကို မဟုတ်တာတွေခိုင်းရပါမလားဆိုပြီး စိတ်ခုနေကြလို့ တစ်ယောက် ၅၀၀၀ စီပေး ချော့လိုက်ရသေးတယ်။ အနို့ မတော် ဒီကောင်တွေ ငါ့ပြန် တော်လှန်နေမှ ဒွတ်ခ။
နောက်တော့ အခါတိုင်း ၅၀၀၀ စီပေးရမှာ မတတ်နိုင်တာနဲ့ မင်းတို့ လမ်းတွေ့သမျှ အကုန်ခိုးကွာ၊ လုကွာ၊ ဓားပြ တိုက်ကွာလို့ ဖွင့်ပေးလိုက်ရတယ်။ ကောင်လေးတွေ မဆိုးပါဘူး။ ငါပြောတဲ့အတိုင်း လုပ်ရှာပါတယ်။ အပိုဆု အဖြစ်နဲ့ ကားတွေကို ဘူဒိုဇာနဲ့ထိုး။ ရေသန့်ဘူးတွေ ဖောက်ပစ်တာတွေတောင် လုပ်လိုက်ကြသေးတယ်။ ဒီလို ဘာဆို ဘာမှမတွေးတတ်တဲ့ ဦးဏှောက်မရှိတဲ့ကောင်တွေ များများမွေးထားမှ။
ဒီကောင်တွေကမှ ခေါင်းကိုပစ်လကွ လို့ခိုင်းလိုက်လည်း ဘာမှတွေးမနေဘူး။ ပစ်လိုက်တာဘဲ။
ဗိုက်ကြီးသည်ကို အတင်းတွန်းထိုး ပါးချခိုင်းလည်း ချလိုက်တာပဲ။
အတော်အားကိုးရတဲ့ကောင်တွေ။ အဟိ . . .
အဲဒီ ဂျန်ဇီတွေလုပ်ပုံလည်း ကြည့်အုံး။
ငှက်ရုပ်တွေချိုးပြီး လမ်းအပြည့် ဆွဲလား၊ ဆွဲရဲ့။ ပစ်တိုင်းထောင်တွေထောင်လား ထောင်ရဲ့။
ဟဲလမက်တွေကို ကွန်ကရိထည့်ခင်းတာက တစ်မျိုး။
အခုလည်း ဘာတဲ့။ ဆိုင်းလင့်သပိတ်ဆိုလား။ ဘာလား။
ငါကလည်း ငအူဆိုတော့ ဒါတွေ နားမလည်ပါဘူး။
ကြာရင် ငါ လုံးပါးပါးတော့မယ်။
အဲဒါလေးတွေ ခေါင်းမာချက်။ ဘယ်လိုမှ လုပ်လို့မရပါလား အရပ်လူကြီးတို့။
ဟိုတစ်နေ့ကလည်း ကလေးမလေးတစ်ယောက် ငါ့ခေါင်းတည့်တည့်ကို လေးခွကြီးနဲ့ချိန်ထားတာ။
ငါ့မှာ ချွေးစီးတွေပြန်ပြီး တစ်ညလုံးအိပ်မရဘူး။
ငါ သေချင်တယ်။
ငါ့မှာ ည ည အဲဒါတွေ တွေးမိတိုင်း အိပ်မပျော်တာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ကနေ့ထိ . . . ကောင်းကောင်းအိပ်လိုက်ရတာ တစ်ညမှတောင် မရှိသေးဘူး။
လူလည်း မသာရုပ်ပေါက်နေပြီ။
အဲဒါ အရေးမကြီးဘူး
နက်ဖြန်ကာ မတ်လ ၂၇ ရက်
တော်လှန်ရေးနေ့ပွဲ သွားရကောင်းမလား၊ မသွားဘဲနေရ ကောင်းမလား။
R2P ဆိုတဲ့ကောင်တွေက စိတ်ချရတာမဟုတ်ဘူး။
တော်ကြာ၊ ငါတို့ဗိုလ်ရှုပ်ကြီးတွေ အကုန်စုထိုင်နေတဲ့နေရာ ဗုံးသာကြဲလိုက်လို့ကတော့ ခွာ . . .
ဟင်း . . .
မိသက်ရေ၊ ဟဲ့ . . . မိသက်၊ အရေးထဲမှ ခေါ်မကြား အော်မကြား၊ ၆ကောင်မ
လာပါပြီ ကွီး ဆင့်၊ ဘီယာ ယာ ယာ . .
တယ်၊ နင့်မလဲ အချိန်ရှိတိုင်း ဒီဘီယာပဲ တမ်းတနေတော့တာပဲ။
သွား . . ရေတစ်ခွက်ခပ်ချေစမ်း
ငါ ငိုချင်းချရတာ မောသွားပြီ
ခဏနားလိုက်ဦးမယ်
တော်သေပြီ
အေးငြိမ်း
၂၆ မတ်၊ ၂၀၂၁
No comments:
Post a Comment