(၁)
ကျွန်ုပ်သည် ငယ်စဉ်က ရဲတို့အကြောင်းကို ဝတ္ထုများထဲ၌ ဖတ်ခဲ့ဖူးပါ၏။ သို့သော် ၎င်းတို့နှင့် ရင်းရင်းနှီးနှီး တစ်ခါဖူးမျှ မဆက်ဆံခဲ့စဘူး။ ကွင်းကောက်တွင် ကျောင်းတက်ခဲ့စဉ်က ရဲစခန်းဆိုတာ သဲ့သဲ့ ကြားဖူးပါ၏။ ခပ်စုပ်စုပ် အဆောက်အဦးကလေးများရှိသော ဝင်းတစ်ခုဖြစ်သည် ဆိုတာလောက်လွဲလို့ ဘာကြောင့် ရဲစခန်းရှိရမှန်း မသိခဲ့။
အမှန်ကိုဆိုရလျှင် အသက် ဆယ့်လေးငါးခြောက်နှစ် လူပျိုပေါက်ဘဝ ရောက်သည့်တိုင် ရဲ ဆိုတာကို သေသေချာချာ မမြင်ခဲ့ဖူးပါ။ ကျွန်ုပ်တို့ရွာ (ရွာဆိုတာထက် ကျွန်ုပ်တို့နယ်ဘက်ဆိုလျှင် ပိုမှန်ပါလိမ့်မည်) ဘက်တွင် ဒုစရိုက်မှုဆိုတာ ရှာမှ ရှားထဲက ဖြစ်၏။ ရွာထဲတွင် နင်ပဲငဆ စကားများ ရန်ဖြစ်တာတောင် သိပ်ရှိလှတာ မဟုတ်ပါ။ နောက်ပြီး ကျွန်ုပ်တို့ ရွာတွင် အရက်ဆိုင်မရှိ။ ဖဲဆိုတာ မကြားစဖူး။ ကြက်ပွဲ စသည့် လောင်းကစားဝိုင်းများဆိုတာ ဝေလာဝေး။ ဆယ်နှစ်နေလို့ တစ်ခါ လူသတ်မှုမဖြစ်။ ကျွန်ုပ်တို့ရွာ၌ ကျွန်ုပ် တစ်သက်နှင့်တစ်ကိုယ် လူသတ်မှုကို တစ်ခါပဲ ကြားဖူးသည်။ ထိုစဉ်က အတော် ငယ်သေး၏။ အသက် ၅ နှစ်၊ ၆ နှစ်မျှသာ ရှိပါလိမ့်ဦးမည်။ မည်သူက မည်သူ့ကို မည်သည့်အကြောင်းကြောင့် သတ်မှန်းမသိခဲ့။
ခိုးမှုဆိုတာတောင် ကျွန်တော်မကြာခဏ ရေးဖူးသည့် ကိုငအေးတို့ ညီအစ်ကို ဝါသနာအရခိုးတာပဲ ရှိသည်။ သူတို့ခိုးတာ ကလည်း ဖြစ်လောက် ပျက်လောက်အောင် ခိုးတာမဟုတ်၍ မည်သူကမှ အရေးအရာလုပ်ဖော်တောင်မရ။ တော်ရုံတန်ရုံ လင်ကွာမယားကွာအမှုတို့ကို အဖေကြီးတို့ လူကြီးတွေကပဲ စီရင်လိုက်တာဖြစ်ပါသည်။
ကျွန်ုပ်၏ အရီးဖြစ်သူ အရီးမယ်ဟံတို့ ငယ်စဉ်က ရွာအနီးသို့ ဓားပြများ လာသည်ဆို၏။ အရီးတို့က ဟဲ့၊ ဓားပြတွေတဲ့၊ လာ သွားကြည့်ကြရအောင်၊ ဘယ်လိုအကောင်တွေလဲလို့ . . . ဆိုကာ ဓားပြများကို သွားချောင်းကြသည် ဆို၏။ ဓားပြများကတွေ့သော် နင်လားဟဲ့ မယ်ဟံ ဆိုကာ လိုက်၍ ထွက်ပြေးကြရသည်ဆို၏။
အရီးတို့မှာ ဓားပြများ ဝိုင်းလိုက်ခံရတာကို စိတ်မဆိုး။ ဟယ်၊ ဓားပြဆိုလို့ ငါ့နှယ်၊ အဆန်းမှတ်လို့ သွားကြည့်ပါ့။ ငါတို့လို လူတွေပါလားဟဲ့ ဆိုကာ ဝိုင်း၍ပင် ရယ်လိုက်ကြသေး၏။
ဤသည်မှာ ပုံပြင်မဟုတ်။ အရီးမယ်ဟံဆိုတာ ကျွန်ုပ်ကို သည်အခြေရောက်အောင် မြေတောင်မြှောက်ပေးခဲ့သူ ကျွန်ုပ်၏ ကျေးဇူးရှင် အဒေါ်ကြီး ဖြစ်ပါသည်။
သည်တော့ ကျွန်ုပ်တို့ရွာများဘက်၌ အဘယ်ကြောင့် ရဲ လိုပါမည်နည်း။ လိုကိုမလိုပါ။ မလို၍လည်း ရဲများ ကျွန်ုပ်တို့ ဘက်သို့ သိပ်မရောက်။ လာချင်တော့ လာပါလိမ့်မည်။ ကျွန်ုပ်က ရွာမှာနေတာတော်တော်၊ တခြားသွား ကျောင်းတက် နေရသည့်အချိန်က ပိုများနေသဖြင့် မသိတာလည်း ဖြစ်နိုင်ပါ၏။ ရဲမလာလို့လည်း ကျွန်ုပ်တို့ရွာ၌ ဘာမှ တိုးမထူးခြားပါ။
(၂)
ကျွန်ုပ်နှင့်ရဲ ပထမဆုံး စ ဖူးစာဆုံရသည်မှာ ဟင်္သာတ ဒေသကောလိပ်တွင် ကျောင်းတက်နေစဉ်က ဖြစ်၏။ ထိုစဉ်က ကျွန်ုပ်မှာ မိုးကောင်းကျောင်းတိုက်တွင် တည်းကာ ကျောင်းတက်၏။ နေ့လည်စာအတွက် ဦးဇင်းတွေက ဆွမ်းချန်ထား ပေး၏။ ညစာအတွက် တစ်ခါတလေလည်း ဆွမ်းကျန်စားသည်။ တစ်ခါတလေလည်း ချက်စားသည်။ သို့သော် ချက်မစားဖြစ်တာ များပါသည်။ အစားတစ်လုပ်အတွက် ကျွန်တော် သည်မျှ ကရိကထ မခံပါ။
တစ်ခါသား ကျောင်းများပိတ်အပြီး ကျောင်းဖွင့်ချိန် ဟင်္သာတပြန်သွားတော့ အရီးတို့က ညနေစာ ချက်စားရအောင်ဆိုကာ ဆန် (၃) ပြည်မျှ ထည့်ပေးလိုက်၏။ အိုင်သပြုကားပေါ်ရောက်သော် ရဲများရောက်လာကာ ရှာကြဖွေကြ၏။ ကျွန်ုပ်ယူလာ သော ဆန်ထုပ်ကလေးကို တွေ့လေသော် တရားမဝင်ဆန်သယ်မှုနှင့် ဖမ်းမည်ပြု၏။ စခန်းထဲတောင် ရောက်သေးသည် ထင်ပါသည်။ သိပ်မမှတ်မိတော့။ အစ်ကိုတို့ရယ်၊ ကျွန်တော် ကျောင်းသားပါခညာ၊ ဟောဒီမှာ ကျောင်းသားကဒ် ပါပါ တယ်။ ဒါ ကျွန်တော်ချက်စားဘို့ သယ်လာတာပါ။ များလည်းမများပါဘူး စသဖြင့် အတော်လေး တောင်းပန်တော့မှ နောက်မသယ်ဘို့ သတိပေးကာ ပြန်လွှတ်ပေးလိုက်၏။
ဤသည်မှာ ကျွန်တော့်ဘဝတွင် ပထမဆုံးနှင့် နောက်ဆုံးအကြိမ် ရဲများနှင့် ဆက်ဆံဖူးတာဖြစ်၏။
နောက်တစ်ကြိမ်မှာ ၈၈ ခု အရေးအခင်းကာလက ဖြစ်၏။ သို့သော် ရဲနှင့်မဟုတ်။ စစ်သားများနှင့် ဖြစ်၏။
ကျွန်တော်ကျောင်းပြီးပြီးတော့ အလုပ်မရသေး။
မမတို့က ရှိသမျှ ရွှေတိုငွေစကလေးများ ရောင်းကာ အစ်ကိုဝမ်းကွဲတော်သူ ကိုတင်ထူးနှင့် စပ်တူဗီဒီယိုထောင်၏။
ထိုစဉ်က ကာဖျူးထုတ်ထား၍ ည ၈ နာရီနောက်ပိုင်း ဗီဒီယိုမပြရ။
တစ်နေ့သ၌ ကိုတင်ထူးတို့ ဗီဒီယိုပြနေရာသို့ စစ်သားများလာကာ ဗီဒီယိုကို ဖမ်းသွား၏။ ဘာကြောင့်မှန်းမသိ။ ၈ နာရီ ကျော်လို့ဆိုလား။
ကိုတင်ထူးမှာ လူနုံဖြစ်၍ ဘာမှ ရေရေရာရာ မပြောတတ်။
ဗီဒီယိုကိုဖမ်းသွားသည်ကြားတော့ ကျွန်တော် အတော် ဒေါသထွက်၏။
သို့နှင့် ကျွန်ုပ်တို့ဗီဒီယိုကို ဖမ်းသွားသည်ဆိုသည့် တပ်ကြပ်ကြီးတို့အုပ်စု လယ်တံငယ်ရွာတွင် ရောက်နေသည် သတင်း ကြားတော့ ကျွန်တော် အပူတပြင်း လိုက်သွား၏။
သူတို့က ကျွန်တော်တို့နှင့် ဆွေမျိုးနီးစပ်တော်သူ (ဘကြီးသိန်းမောင် ထင်ပါသည်။) တို့အိမ်တွင် စတည်းချကာ သူတို့ ကျွေးသည့်ထမင်းကို သွားဖြဲနားဖြဲ စားနေကြ၏။
ကျွန်ုပ်တို့၏ ဗီဒီယိုစက်ကြီးကို မြေကြီးပေါ် သည်အတိုင်း ပစ်ထားသည်ကို တွေ့ရ၏။
ကျွန်ုပ်လည်း သူတို့ထမင်းစားနေသည့် ခေါင်းရင်းတွင် တက်ထိုင်ပြီးသကာလ -
ဒီမယ် ဆရာကြီး - ဘာကိစ္စနဲ့ ကျုပ်တို့ဗီဒီယိုကို ဖမ်းရသလဲဆိုတာ ကျုပ်သိချင်တယ်။ ၁။ ဗီဒီယိုကိုဖမ်းရတဲ့ အကြောင်း ရင်း ၂။ ဘယ်လောက်ကြာကြာဖမ်းထားမလဲ ၃။ ဒီကိစ္စပြေလည်အောင် ကျုပ်တို့ ဘာလုပ်ပေးရမလဲ ပြောပါ။ . . .
ဟု စကားဆို၏။ ၎င်းတို့ထံမှ ဘာစကားပြန်မှ မရ။
အတန်ကြာသော် ကျွန်ုပ်လည်း သိပ်ထူးမည့်ပုံ မပေါ်သည်နှင့် -
အဲလေ - ခင်ဗျားမှာ လုပ်ပိုင်ခွင့်ရှိချင်မှရှိမယ်။ ခင်ဗျားထက်ကြီးတဲ့သူဆီ သွားတာပေါ့ ဆိုကာ ထပြန်ခဲ့လေ၏။
ထိုစဉ်က မြို့နယ်မှူးစစ်ဗိုလ်မှာ OTS ကလာသူ စစ်ဗိုလ်ဖြစ်၏။ သူက ပညာတတ်ဖြစ်သဖြင့် မောက်မောက်မာမာ မရှိ။ သဘောကောင်းပါသည်။ ခတ္တူက ကိုသိန်းစိုးတို့နှင့် ခင်သဖြင့် ကျွန်တော်လည်း ကိုသိန်းစိုးကိုခေါ်ကာ အကျိုးအကြောင်း သွားပြောတော့ သူက ချက်ချင်းပြန်လွှတ်ပေးလိုက်၏။
ကျွန်ုပ် ဗီဒီယိုသွားယူတော့ ဘကြီးသိန်းမောင်တို့က ပြန်ပြောပြသည်မှာ ထိုဆရာကြီးဆိုသူက “ကောင်လေးက လက်တောက်လောက်နဲ့ ငါ ပါးရိုက်လိုက်ရ သွားချီးယိုးဒယား ကသွားမယ်” ပြောသည် ဆို၏။ နောက်ကွယ်ကျမှ သတ္တိကောင်းရဲသည့် ထိုစစ်သားများကို ကျွန်ုပ် နှုတ်ခမ်းမဲ့မိပါသည်။ မင်းကွာ၊ ဘာများ လုပ်တော့မလဲလို့ ငါတို့မှာ ရင်တထိတ်ထိတ် ဖြစ်နေရတာဟု သူတို့က ပြော၏။ ဘာလုပ်ရမတုံးဘကြီးရဲ့၊ ပါးရိုက်ရင် နားပြန်ကိုက်မှာပေါ့ဗျာ ဟု ပြောခဲ့ပါသည်။
ဤသည့်နောက်ပိုင်း ရဲနှင့်သော်လည်းကောင်း၊ စစ်သားနှင့်သော်လည်းကောင်း မဆက်ဆံရတော့ပါ။ ဆက်လည်း မဆက်ဆံချင်တော့ပါ။ သေသည်ထိ မည်သည့်အခါမှ ဘာအကြောင်းနှင့်မှ မဆက်ဆံရပါစေနှင့်ဟုလည်း ဆုတောင်းပါ သည်။
(၃)
ရှေးလူကြီးများက မရောက်အပ်သည့် နေရာဌာနသုံးမျိုးရှိသည်ဟု ဆို၏။ ၎င်းတို့မှာ -
(၁) ရဲစခန်း
(၂) ဆေးရုံ နှင့်
(၃) တရားရုံး . . . တို့ဖြစ်၏။
တရားတဘောင် အမှုအခင်းမရှိဘဲ မည်သူသည် ရဲစခန်းကို အပျော်သဘော အလည်သွားပါမည်နည်း။
ရောဂါဘယ တစုံတရာမရှိဘဲ မည်သူသည် ဆေးရုံကို သွားပါမည်နည်း။
အမှုအခင်း၊ တရားတဘောင်မရှိပါဘဲလျက် (အဲလေ၊ အမှုကိုနားထောင်ချင်သူ၊ သတင်းထောက်များမှအပ) မည်သူသည် တရားရုံးကို ရောက်ချင်ပါမည်နည်း။
အသက် (၆၀) ပြည့်သည်ထိ ကျွန်ုပ်သည် တရံတဆစ်မျှ တရားရုံးကို မရောက်ခဲ့ဖူးပါ။ ရောက်လည်းမရောက်ချင်ပါ။
ထို့အတူပင် အထက်ဖော်ပြပါ ဆန် (၃) ပြည်ပြဿနာကလွဲလို့ ရဲစခန်းသို့လည်း တရံတဆစ်မျှ မရောက်ခဲ့ဖူးပါ။ ရောက်လည်းမရောက်လိုပါ။
၁၉၈၅ ခုနှစ်က အရီးဟံ ဆေးရုံတက်ရသဖြင့် အချိန်အတော်ကြာအောင် ဆေးရုံသို့ အဝင်အထွက် လုပ်ခဲ့ရဖူးပါသည်။
၁၉၈၆ ခုနှစ်ကလည်း အူကျရောဂါဖြင့် ဆေးရုံတက်ခဲ့ရဖူး၏။
၂၀၀၆ ခုနှစ်တွင်တစ်ကြိမ် အူကျရောဂါဖြင့်ပင် နောက်တစ်ကြိမ် ဆေးရုံတက်ခဲ့ရပါ၏။
အခြားအကြောင်းအမျိုးမျိုးကြောင့် ဆေးရုံသို့ပင် ရောက်ခဲ့ရသော်လည်း ခဏတဖြုတ်သာဖြစ်ပါသည်။
အထက်တွင် ဖော်ပြသကဲ့သို့ ကျွန်ုပ်သည် ရဲများနှင့် သိပ်မပတ်သက်ခဲ့ရဖူးပါ။
- ငယ်စဉ် မူလတန်းဖတ်စာအုပ်ထဲတွင် “ရဲသားကြီးက ကိုလှရွှေ၊ လူဆိုးဖမ်းလို့ စောင့်ရှောက်ပေ” ဟူသောစာသား၊
- မင်းသိင်္ခ ဝတ္ထုမှ (လျက်ဆားပုလင်း အာဖျံကွီး၊ ဟုတ်ပေါင် မောင်ဝဏ္ဏနဲ့မှားကုန်ပြီ) ဆားပုလင်းနှင်းမောင်၊
- ရုပ်ရှင်ထဲ၌ မင်းသားက အသေအကြေနှံပြီးမှ သေနတ်တကားကားနှင့် ပေါ်လာတတ်သည့် “ဟိတ်ကောင်တွေ လက်နက်ချ၊ မင်းတို့ကို ပြည်သူ့ရဲ တွေ ဝိုင်းထားပြီးပြီ” (ဤသည့်စကားမှာလည်း မည်သည့်ဇာတ်ကားမဆို သုံးနေကျ စကားများဖြစ်၍ ကျွန်ုပ်တို့ ခလေးများပင် အလွတ်ရနေပါပြီ) ဟူသည့် ဇာတ်သိမ်းခန်း -
များမှလွဲ၍ မည်သည့်အခါမှ ရဲများ၏ စွမ်းစွမ်းတမံဆောင်ရွက်ချက်များ ဆိုသည်ကို ကျွန်ုပ် မမှတ်မိခဲ့ဖူးပါ။
ရှမ်းပြည်တွင် ဘိန်းခင်းများကို မဖြစ်ညစ်ကျယ် ဖျက်ဆီးပြကာ သတင်းထောက်များခေါ်၍ အကြီးအကျယ် သတင်း လုပ်သည်။ တဖက်တွင် ၎င်းတို့ကိုယ်တိုင် ဘိန်းမှောင်ခိုကူး၏။
ကျွန်ုပ်ရေဆင်းတွင် နေခဲ့စဉ်က ချဲ အကြီးအကျယ် ခေတ်စားချိန်ဖြစ်၏။ ချဲဒိုင်များမှာ ရဲများကို ဆက်ကြေးပေးကြရ၏။ ရဲ ဆိုသူများက ချဲဒိုင်များထံမှ လစဉ် ဆက်ကြေးရယူကာ ချဲဒိုင်များကို ဖွင့်ခွင့်ပြုထား၏။ အမှန်ကို ဆိုရလျှင် ချဲဒိုင်များ ပြုတ် သွားမည်ကိုပင် ကာယကံရှင် ချဲဒိုင်များထက် ရဲများက ပိုကြောက်နေချေလေသေး၏။ ချဲဒိုင်များပြုတ်ပြီဆိုပါက ၎င်းတို့လည်း ဆက်ကြေးရတော့မည် မဟုတ်။
အဘယ်ပြစ်မှုသည် ရဲကိုင်လိုက်သဖြင့် ပြေလည်သွားတာရှိပါသနည်း။ (၁၀၀) လောက်နှင့်ပြီးရမည့်အမှုမှာ ရဲတိုင်လျှင် (၂၀၀၀) လောက်ဖြစ်သွားမည်။ အရပ်ထဲတွင် ရှင်းပါက (၃) ရက်လောက်နှင့် ပြီးမည့်ကိစ္စကို ရဲသာတိုင်လိုက်ပါက (၃) နှစ် လောက် ကြာသွားမည်။
ဘယ်နှစ်လောင်းပြိုင်ဆိုသည့် အမှုကြီးများ ဘာသံကြားပါသနည်း။ လူလည်ခေါင်မှာ ခေါင်းကို သေနတ်နှင့်ချိန်ပြီး ပစ်အသတ်ခံရတာတောင် တရားခံကို လူပုံအလည်မှာ လည်ကတုံးနှင့် ဘုရားဂေါပက လူကြီးအလား ခပ်ကြွားကြွား တွေ့ရပေသေး၏။
မြန်မာပြည်လောက် ထူးဆန်းသည့်တိုင်းပြည် ကျွန်ုပ် မတွေ့မိဖူးသေးပါ။
နေပြည်တော်က ဟိုကလေးမကလေးကိစ္စ၊ တရားခံကို အတိုင်းသားမြင်နေရပါလျက် မဖမ်းနိုင်။ အခုရော ဘာဖြစ်ပါသနည်း။ ဘာမှ မဖြစ်ပါ။
သို့ဆိုလျှင် မြန်မာပြည်၌ ရဲ ရှိနေခြင်း၏ အဓိပ္ပာယ်ကား ဘာပါနည်း။
ရဲ ရှိနေခြင်းဖြင့် မည်သည့် ပြစ်မှုများ လျော့နည်း ကျဆင်းသွားပါသနည်း။
တစ်နည်းဆိုရသော် ရဲ ရှိနေခြင်းဖြင့် ပြဿနာတောင် ပိုတိုးလာသေး၏။
ရဲ ဆိုသူများသည် ပိုက်ဆံယူလျှက် ပြစ်မှုများကို ပေါ်တင်ပင် ကျူးလွန်ခွင့်ပေးထား၏။
သို့အတွက် ၎င်းတို့ကိုယ်တိုင်ပင် ပြစ်မှုကျူးလွန်မှုကို အားပေးနေရာ မရောက်ပါသလော။
သာမန်ပြည်သူတွေ ပြစ်မှုကျူးလွန်တော့ တရားစွဲသည်၊ ထောင်ချသည်။
ရဲများပြစ်မှုကျူးလွန်နေသည်ကို အဘယ် ခွေးသူတောင်းစား တစ်ယောက်သည် အရေးယူရကောင်းမှန်း သိပါသနည်း။
တရားဥပဒေကို စောင့်ရှောက်ရမည့်သူများက တရားဥပဒေဆိုသည့်အရာကို မုဒိန်းကျင့်နေ၏။ - င်ချနေ၏။
ကျွန်ုပ်တို့ရွာတွင် ဘာ ရဲ မှ မရှိ။ သို့တိုင် ဘာပြစ်မှုမှလည်း မဖြစ်။
သို့အတွက် မြန်မာပြည်၌ ရဲတွေ ဘာအတွက် ရှိနေရပါသနည်း ဆိုတာ ကျွန်ုပ် ဤနေရာမှနေကာ မေးခွန်းထုတ်လိုက် ပါ၏။
(၄)
စစ်အာဏာရူးများကို မကြိုက်၍ ကျွန်ုပ်တို့ပြည်သူများ ဆန္ဒပြကြ၏။
ဆန္ဒပြစ နေ့ရက်များက ကျွန်ုပ်တို့ ပြည်သူများ၏ စည်းကမ်းသေဝပ်လိုက်ပုံကို ကျွန်ုပ်သည်ပင်လျှင် ဩချယူရ၏။ ကမ္ဘာကလည်းသိပါ၏။ ကျွန်ုပ်တို့ပြည်သူများသည် ပီဘိ စည်းကမ်းတကျ၊ သေသေဝပ်ဝပ် အေးအေးချမ်းချမ်းပင် ဆန္ဒပြကြ၏။ မည်သူကိုမှ ရန်သတ္တရုမပြု။ မည်သူ့ကိုမှ မစော်ကား။ မည်သည့် ရုန်းရင်းဆန်ခတ်ကိုမှ မပြု။
အမှန်ဆို သည်အခြေအနေတွင် မည်သည့် အဓိကရုဏ်းရဲမှ မလို။ ဘယ် သောက်ဂမြင်းမသားမှ လာစရာ အကြောင်းမရှိ။
ကိုယ့်ဘာသာ အေးအေးဆေးဆေး ဆန္ဒပြနေသည့် ပြည်သူများကို (စစ်သားများကို သူရို့အမေ ပေးထားသည့်) ရဲ ဆိုသူများသည် ခေါင်းကို သေနတ်နှင့်ပစ်၏။ ကလေးများကို တုတ်များနှင့်ရိုက်၏။ ခြေဖြင့်ကန်၏။
၎င်းတို့၏ တာဝန်မှာ ရုန်းရင်းဆန်ခတ်လုပ်၊ အကြမ်းဖက်လာသူများကို ထိန်းပေးရေးသာ ဖြစ်၏။
အေးအေးဆေးဆေး ဆန္ဒပြနေသူများကို အကြမ်းဖက်စရာ လုံးဝ အကြောင်းမရှိ။
ယခု အေးအေးသက်သာ ဆန္ဒပြနေသူများကို သေနတ်နှင့်ပစ်ရအောင် သူတို့က နင်တို့နှမတွေကို တက် ဟဝှာလုပ်နေလို့လား။ (ငါပြောရင်း အဲဒီ ခွေးသူတောင်းစားတွေကို ဖင်ပိတ်ကန်ချင်လာတယ်။ ခွေးသားတွေ)
ထို့နောက်ရက်များတွင် အကြမ်းဖက်မှုများမှာ ပိုဆိုးလာ၏။
ယခုဆိုလျှင် အိမ်များကို အတင်းဝင်၏။ လူများကို ဘာအကြောင်းပြချက်မှမရှိဘဲ အတင်းဝင်ဖမ်း၏။ ဖမ်းတာတောင် ရိုးရိုးဖမ်းတာမဟုတ်။ ရိုက်နှက်ကန်ကျောက်ကာ ဖမ်းတာဖြစ်၏။
ပြည်သူတို့၏ ပစ္စည်းများဖြစ်သော ဆိုင်များ၊ ဆိုက္ကားများ၊ ကားများကို ဖျက်ဆီး၏။ ရေသန့်ဘူးများကို ဖောက်ပစ်၏။
ပြည်သူများကျွေးထားသည့် ထမင်းကို စားနေသူများက ပြည်သူများကို ရက်ရက်စက်စက် သေနတ်နှင့် ခေါင်းကိုတေ့ကာ ပစ်သတ်၏။ ပစ်ပြီဆိုလျှင်လည်း အခြားနေရာကို မပစ်။ ခေါင်းကိုသာပစ်၏။
ဤသည်တို့ကို ကြည့်ခြင်းဖြင့် ၎င်းတို့သည် တာဝန်အရလုပ်တာသာ မဟုတ်ဘဲ ပြည်သူများကို ဘဝေဘဝက ရန်ငြိုး ရှိခဲ့ဖူးသည့်၊ ရန်သူကြီးများပမာ တမင်သက်သက် အငြိုးဖြင့် လုပ်နေကြောင်း သိသာလှ၏။ သည်ကဲ့သို့ ရက်ရက်စက်စက် သတ်ဖြတ်နေရအောင်၊ ပြည်သူတို့၏ ပစ္စည်းများကို အညိုးအတေးဖြင့် ဖျက်ဆီးနေရအောင် ကျွန်ုပ်တို့ပြည်သူများသည် ၎င်းတို့ကို ဘာများ လုပ်ခဲ့ပါသနည်း။
ကျွန်ုပ်သည် ၎င်းတို့ကို ခွေးချေးကဲ့သို့ ရွံလှ၏။
အသည်းနှလုံးထဲက ခါးခါးသီးသီး မုန်းတီးလှ၏။
ကျွန်ုပ်တို့ပြည်သူများ၏ ဒုက္ခကိုကြည့်ကာ မျက်ရည်ပေါက်ပေါက်ကျ၏။
နှလုံးသားထဲက တစစ်စစ်နာကျည်း၏။
ကျွန်ုပ်သည် သူတော်ကောင်းမဟုတ်ပါ။
ကျွန်ုပ်သည် ၎င်းတို့ကို မည်သည့်နည်းနှင့်မှ ခွင့်မလွှတ်နိုင်ပါ။
သံသရာအဆက်ဆက် မုန်းတီးသွားပါမည်။
ဖြစ်လေရာဘဝတိုင်း၌ ရသည့်နည်းနှင့် ပြည်သူများအတွက် သွေးကြွေးဆပ်ပါမည်။
စစ်အာဏာရူးနှင့် ရဲခွေးများ မုချမသွေ ကျဆုံးရမည်။
ပြည်သူများကသာ နိုင်ရမည်။
အရေးတော်ပုံ အောင်ရမည်။
နာကျည်း မုန်းတီးခြင်းများစွာဖြင့်
အေးငြိမ်း
၁၄ မတ်လ၊ ၂၀၂၁
No comments:
Post a Comment