Monday, March 29, 2021

ကျွန်ုပ် မင်းအောင်လှိုင်ကို ခုံဖိနပ်အစုတ် ခွေးချေးသုတ်၍ ပါးချချင်ရခြင်း အကြောင်း

(၁)

 

ကျွန်ုပ်သည် မင်းအောင်လှိုင်အား ခုံဖိနပ်အစုတ်ကို ခွေးချေးသုတ်၍ အမှန်တကယ်ပင် ပါးချချင်မိလေ၏။

 

(၂)

 

ယခု ခွေးမသားများ နိုင်ငံတော်အာဏာကို ဓားပြတိုက် လုယူသွားခဲ့သည်မှာ တစ်လကိုကျော်၍ ၂၂ ရက်ပင် စွန်းခဲ့ချေပြီ။

ထိုကာလများအတွင်း ကျွန်ုပ်တို့တိုင်းသူပြည်သားများသည် တိုင်းပြည်တိုးတက်ရာ ကြီးပွားကြောင်း ဘာတစ်ခုမှ မလုပ်နိုင်ဘဲ ခွေးရူးမောင်းခြင်းအလုပ်များဖြင့်သာ အလုပ်ရှုပ်လျက် ရှိကြရကုန်၏။

 

တစ်တိုင်းပြည်လုံးမှ လုပ်အားများ ဆုံးရှုံးခြင်းဖြစ်သည့်အတွက် ဆုံးရှုံးခြင်းပမာဏမှာ အလွန်ကြီးမားလှပါသည်။ ထိုမျှသာမက ဂမြင်းမသားများ အာဏာကို ဓားပြတိုက်သွားသည့်နေ့မှစ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တော်တော်များများမှာ တဖြည်းဖြည့်နှင့် ဘိုင့်ဘိုင် လုပ်သွားလေရာ ယခုအခါ ကျန်ကောင်းကျန်ရာသာ ကျန်ပါတော့သည်။ 

ဤသည်မှာ မြန်မာ့စီးပွားရေးအတွက် ကောင်းသည့်အလားအလာ မဟုတ်။

 

တိုင်းပြည်တစ်ပြည်၌ ဓနအင်အား ကြွယ်ဝမှုသည် မည်မျှအရေးကြီးကြောင်း မိတ်ဆွေတို့သိပါသည်။

ပိုက်ဆံရှိသူနှင့် ပိုက်ဆံမရှိသူ အဘယ်မျှ​ ကွာခြားသနည်း။

 

အသင်တို့ကြားဖူးကြပါလိမ့်မည်။

သူဌေးသား အီးပေါက်သည့်အခါကျတော့ အယ်၊ လေတွေဘာတွေ လယ်လို့ပါလား။ ကျန်းမာရေးကောင်းချက်တော့အေ . . ဟုဆိုကြသည်။ ဆင်းရဲသား သား အီးပေါက်သည့်အခါတွင်မူ သေချင်းဆိုးလေး၊ ဟင် - ၆မှန်းကမ်းနှမ်းကိုမသိဘူး။ လူကြီးတွေကြားထဲ အီးပေါက်ရသလား။ မိုက်ရိုင်းလိုက်တဲ့ကောင်။ ထွက်သွားစမ်း . . . ဟု အဟောက်အငမ်း ခံရမည်။

 

အခု အသင်တို့ မြန်မာနိုင်ငံကို အဘယ်သကောင့်သားသည် ၆ဂရုစိုက်ပါသနည်း။ 

သည်မျှ မတရားလုပ်နေတာ၊ လူတွေကို သတ်ချင်တိုင်းသတ်နေတာ မြင်နေရပါလျက် “ကျွန်ုပ်တို့ ၆ကျိုးနဲ ရှုတ်ချပါ သည်။” “ကန့်ကွက်ပါသည်။” “ဒီလိုသတ်နေတာတွေ ရပ်တန်းက ရပ်ပါ။” “ဖမ်းထားသူတွေ လွှတ်ပေးဘို့ အပြင်းအထန် တောင်းဆို လိုက်သည်” . . . စသည့် အရေမရ အဖတ်မရ စာတွေထုတ်ခြင်းဖြင့်သာ အချိန်ဖြုန်းနေကြသည် မဟုတ်လော။ များမကြာမီက ဖေ့စ်ဘုတ်ကွန်မင့်တစ်ခုတွင် မင်းတို့တိုင်းပြည်အတွက် ငါတို့စစ်သားတွေက လာ အသေခံ ပေးရမလား ဟု ရေးထားသည်ကို စိတ်မကောင်းစွာ ဖတ်လိုက်ရပါသေးသည်။ 

 

အကယ်၍သာ မြန်မာနိုင်ငံသည် ကြွယ်ဝချမ်းသာသည့်နိုင်ငံ ဖြစ်ပါမူ၊ မြန်မာနိုင်ငံသည် ၎င်းတို့နှင့် အကျိုးစီးပွားခြင်း ယှက်နွယ်နေသည့် နိုင်ငံဖြစ်ပါမူ ယခုကဲ့သို့ စာထုတ်ကာ လက်ပိုက်ကြည့်နေပါမည်လား၊ သိချင်လှပါဘိ။ 

 

အောက်တွင် အာဆီယံနိုင်ငံများ၏ စီးပွားရေးအခြေအနေကို ဖော်ပြထားပါသည်။

ဤဂရပ်များတွင် မြန်မာနိုင်ငံ၏ အခြေအနေကို ကြည့်ကြည့်စမ်းပါ။

မြန်မာနိုင်ငံသည် ဒေသတွင်းမှ အခြားနိုင်ငံများနှင့် ယှဉ်ကြည့်လိုက်လျှင် အောက်ဆုံးမှာရှိသည်။

အဘယ်ကြောင့်နည်း။

ကျွန်ုပ်တို့ မြန်မာများ ညံ့ဖျင်း၍လော။ အသုံးမကျ၍လော။ ငတုံးများ ဖြစ်၍လော။

မဟုတ်ပါ။ မဟုတ်ရေးချမဟုတ်ပါ။

 




အခြားနိုင်ငံများရောက်နေသည့် ကျွန်ုပ်တို့ မြန်မာများ၏ အဆင့်အတန်းကို မိတ်ဆွေတို့ စုံစမ်းကြည့်ပါ။

ကျွန်တော်တို့မြန်မာများသည် ခပ်ချာချာများ မဟုတ်သည်ကို အသင်တို့တွေ့ပါလိမ့်မည်။

အခြားသူများကို ကျွန်တော်စကားမဆို။

ကျွန်တော့်သားသည် တော်ပေ့ဆိုသည့် စင်ကာပူကျောင်းသားများ တက်သည့်အတန်းထဲတွင် ထိပ်ဆုံး၌ ရှိပါသည်။

ကျွန်တော်က အခြောက်တိုက် ကြွားတာမဟုတ်ပါ။

အခြားသူများ၏ သားသမီးများကိုလည်း တစ်ဆိတ်လောက် လိုက်မေးကြည့်ပါ။

 

သဟာဆို အဘယ်ကြောင့် မြန်မာသည် အဆင်းရဲ၊ အမွဲတေဆုံး၊ ဓားမနောက်ပိတ်ခွေး ဖြစ်နေရဘိသနည်း။

အဖြေကား “စောက်သုံးမကျသော အာဏာရူးစစ်ခွေးများကြောင့်” ဖြစ်သတည်း။

 

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး သိပ်မကြာမီမှာပင် စစ်ကျွန်ဘဝ ရောက်ခဲ့ရသည်။

အမှန်မှာ ကျွန်ုပ်တို့လွတ်လပ်ရေးရခြင်းမဟုတ်။ 

အင်္ဂလိပ်ကျွန်ဘဝမှ စစ်ကျွန်ဘဝသို့ ပြောင်းရွှေ့စံမြန်းရခြင်းသာဖြစ်၏။

 

၁၉၆၂ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံသည် အရှေ့တောင်အာရှမှာ ထိပ်ဆုံးက ဖြစ်၏။ လူများတကာထိပ်တွင် စံမြန်းနေသည့် မြန်မာနိုင်ငံကို မရှုစိမ့်နိုင်သည့် နေဝင်းသည် ပြည်သူ့အစိုးရဆီမှအာဏာကို သေနတ်ထောက် လုယူကာ ထိပ်သီးဘဝမှ ဘိတ်ချီးဘဝရောက်အောင် လုပ်ခဲ့သည်။ 

 

နေဝင်းကို မကြိုက်၍ ၁၉၈၈ ခုနှစ်တွင် တစ်တိုင်းပြည်လုံး အုံးအုံးကျွက်ကျွက်ထကာ တော်လှန်လျက် မဆလာပါတီကို ဖြုတ်ချခဲ့ကြ၏။ 

 

သို့သော် နောက်ဘုန်းကြီးနှစ်ချက်ခေါက် ဆိုသလို နောက်တက်လာသည့် ဒေါင်းဇားများမှာ တိုင်းပြည်တိုးတက် ကြီးပွားကြောင်း ဘာတစ်ခုမှ လုပ်ပေးဖော်မရဘဲ ရှိရှိသမျှ သယံဇာတ အားလုံးကို မြေပေါ်မြေအောက်၊ ရေပေါ် ရေအောက်၊ လေပေါ်လေအောက် ဘာတစ်ခုမှမချန်ဘဲ ရောင်းစားခဲ့လေရာ ၂၁ ရာစု အစပိုင်းမှာပင် သယံဇာတ ပေါကြွယ်ဝလှသည့် တိုင်းပြည်မှာ အခွံချည်းသာ ကျန်လေတော့၏။  

 

၂၀၁၅ တွင် သူခိုးများကို ဖြုတ်ချပြီး ပြည်သူ့အစိုးရတက်လာရာ ကျွန်ုပ်တို့မှာ ဝမ်းသာအယ်လဲ ဖြစ်ခဲ့ကြရ၏။ ယခုတစ်ခါ လည်း သူခိုးတွေလက်ထဲတော့ သော့မအပ်နိုင်ဘူး ဟု ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျွန်ုပ်တို့အားလုံး NLD ကို ပုံအော မဲပေးခဲ့ကြ၏။ ဤသည်မှာ သူခိုးများအဖို့ အကြီးအကျယ် ထိုးနှက်ခံလိုက်ရခြင်းဖြစ်လေရာ သူခိုးခေါင်းဆောင်၊ ဓားပြဗိုလ် မင်းအောင်လှိုင်မှာ မခံမရပ်နိုင် ဖြစ်ခဲ့လေသည်။ အနို့ သူခိုးများ အနိုင်ရပါမှ​ သူ့စိတ်ကြိုက် ချယ်လှယ်နိုင်မည် မဟုတ်ပါလား။

 

ဆိုတော့ မအေဘေးမှာ အာဏာသိမ်းရန် ဉာဏ်နီဉာဏ်နက်များသုံးပြီးသကာလ - 

မင်းအောင်လှိုင်၏ နောက်လိုက်ခွေးတစ်သိုက်မှာ ပြည်သူတို့၏ ပစ္စည်းဥစ္စာများကို ဖျက်လိုဖျက်ဆီးလုပ်သည်၊ ခိုးသည်၊ ဝှက်သည်၊ ပေါ်တင်လုသည်၊ လူတစ်ယောက်၏ အသက်ကို ပုရွက်ဆိတ်တစ်ကောင်လောက်တောင် တန်ဘိုးမထား၊ သတ်ချင်တိုင်းသတ်နေသည်၊ လမ်းပေါ်သွားနေသူများကို သေနတ်နှင့်လိုက်ပစ်သည်၊ အတင်းထုရိုက်ကန်ကျောက်သည်။

တိုင်းပြည်မှာ တရားမရှိ၊ ဓားမရှိနှင့် ပြည်ပျက်ကြီးကဲ့သို့ ဖြစ်နေ၏။

 

ယခုအခါ အညွန့်တလူလူနှင့် တက်ခါစ ဒီမိုကရေစီ သစ်ပင်လေးမှာ ရိုက်ချိုးခံလိုက်ရလေပြီ။ နလံထူမည်ကြံနေသည့် တိုင်းပြည်စီးပွားရေးမှာ အောက်ဆုံးသို့ ပြုတ်ကျသွားရ ပြန်ပါချေပြီ။

စစ်အာဏာရူး သဒေါင်းဇားများရှိနေသရွေ့ ကျွန်ုပ်တို့တိုင်းပြည်ကြီးသည် မည်သည့်အခါမှ​ နလံထူနိုင်မည်မဟုတ် ဟု ကျွန်ုပ် အတတ်ပြောလိုက်ပါသည်။ 

 

ယခုတစ်ချီတွင်မူ ကျွန်ုပ်တို့သည် စစ်အာဏာရူးများ နောက်ထပ် ဘယ်တော့မှ ခေါင်းထူမလာနိုင်အောင် အသေအကြေ တိုက်ထုတ်ကြရမည်။ 

ယခုအရေးမှာ ကျွန်ုပ်တို့ သင်တို့အရေးသာမဟုတ်။

သင်တို့ကျွန်ုပ်တို့ သားစဉ်မြေးဆက်များ အရေးဖြစ်သည်။

မြန်မာပြည်ကြီး၏ အနာဂတ်အရေးဖြစ်သည်။

ကမ္ဘာမှာ မြန်မာဟေ့ဟု ပြန်လည် ခေါင်းထောင်နိုင်လာရေးအတွက် ယခုတိုက်ပွဲမှာ အလွန်အရေးကြီးလှသည်။

 

ကျွန်ုပ်သည် မြန်မာပြည်ပြင်ပတွင်ရောက်နေ၍ ဘာမှ မလုပ်နိုင်ပါ။

သို့သော် CDM ဝန်ထမ်းများအတွက် ကျွန်ုပ်တို့ တတ်နိုင်သလောက် ထောက်ပံ့ပေးသွားပါမည်။ 

 

နိဂုံးချုပ်ရလျှင် -

ကျွန်ုပ်သည် မင်းအောင်လှိုင်ကို ခုံဖိနပ်အစုတ် ခွေးချေးသုတ်၍ အမှန်တကယ် ပါးချချင်မိပါကြောင်း

 

အရေးတော်ပုံ အောင်ရမည်။

 

အေးငြိမ်း

၂၂ မတ်လ၊ ၂၀၂၁

Friday, March 26, 2021

မင်းအောင်လှိုင် ငြီးချင်း

(အချီး

 

ကျွန်တော်သည် မြန်မာနိုင်ငံ ပြင်ပတွင် ရောက်နေသဖြင့် ပြည်တွင်းမှ အခြေအနေမှန်များကို သိနိုင်ရန် ဒလုံးတစ်စင်း စေလွှတ်လိုက်ပါသည်။ ကိုရွှေဒလုံးက ပြည်တွင်းအခြေအနေများကို ဖွဘုတ်ပေါ်တွင် မြင်နေရသဖြင့် မလိုအပ်ဆိုကာ မင်းအောင်လှိုင်၏ အခန်းထဲသို့ စွပ်ကနဲဝင်သွားလေ၏။ ၎င်းရိုက်ပို့လိုက်သည့် ဒါ့ပုံများထဲတွင် အခန်းထောင့်၌ ဆောင့်ကြောင့်ထိုင်ကာ ဒူးလေးပိုက်ထားသည့် အပြာမ (အပြာရောင်ဝတ်ထားသည့် မိန်းမ) တစ်ဦးကိုလည်း တွေ့ရလေရာ ဘယ်သူများပါလိမ့်ဟု ဇွန်းချဲ့ကြည့်လိုက်တော့မှ တစ်သင်းလုံးကန်မည့် ဆာမကြီးဖြစ်နေကြောင်း သိရလေ၏။

 

ကျွန်ုပ်၏ ဒလုံးမှ အသံဖမ်းလာသည်များကို မိတ်ဆွေများလည်း စိတ်ဝင်စားကြမည် ထင်ပါသဖြင့် ကျွန်ုပ်က စာဖြင့် ပြန်ရေးပြလိုက်ရပြန်ပါကြောင်း။)

 

++++++++++++++++++++++++++

 

(အစပိုင်းတွင် ရှိုက်၍ငိုသံများ မသဲမကွဲကြားရပြီးမှ အမျိုးသားတစ်ယောက် ငြီးငြူသံကို ငိုသံစွက်၍ ကြားရလေ၏။)

 

တောက် . . .

သမ္မတလေးများ ဖြစ်မလားလို့ အာဏာသိမ်းလိုက်ပါတယ်။

ငါ့မှာ တစ်ခါတည်း ခွေးလုံးလုံးကို ဖြစ်တော့တာဘဲ။

ငါ ထ ဟောင်လိုက်ရ မကောင်းဖြစ်တော့မယ်။

ဝုတ် . . ဝုတ် . . အာဝု

 

အဲဒီ $အာဏာဆိုတာကြီး သိမ်းပြီးကတည်းက ငါ့မှာ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ။

လူသန်း ၅၀ လောက်ကြီးက ဝိုင်းပြီး ကျိန်ဆဲနေတာဆိုတော့ ထမင်းစားရင်း လည်ချောင်းနင်လို့ ရေ ထထ သောက်ရ။ မှေးကနဲအိပ်ပျော်သွားပြန်ရင်လည်း ငရဲခွေးကြီးတွေ လာဆွဲနေပြီဆိုပြီး အိပ်မက်ဆိုးတွေမက်လို့ ကယောင်၆ချား ရေထ သောက်ရ။

 

“အမေရေ . . ကယ်ပါအုံးဗျ။ သားမှားပြီ မှားပြီ မေမေရဲ့။ ချစ်ဇောတွေ ကြွေ . .” 

(ဟုတ်ပေါင်၊ ဟင်္သာတထွန်းရင်နဲ့ မှားကုန်ပြီ)

 

ဟို $တရုတ်ကလည်း ပြောတုံးကတော့ . . မင်းသာ အာဏာသိမ်းလိုက်၊ ကျန်တာ ငါ့တာဝန်ထားတဲ့။ အခုတော့ ရူးချင်ယောင် ဆောင်နေတယ်။ မြစ်ဆုံကို အနားမကပ်ရဆိုပြီး ဟန်ပြလုပ်ပြတာတောင် ငါ့ဘက်ပါမလာဘူး။ တာရိုးကနွား။

 

ရုရှားဆိုတဲ့ကောင်ကလည်း အစကတော့ ဟုတ်တော့မလိုလို ဘာလိုလိုနဲ့။ ဟိုဘက်က အင်အားသာနေတော့ အမြီးတောင် မနှံ့ရဲဘူးဖြစ်နေတယ်။ ငါတော့ သေသာ သေလိုက်ချင်တော့တာဘဲ။ ခုတော့ ငါ့မှာ သောင်ပြင်လွတ်တဲ့ ခွေးလိုဖြစ်နေပြီ။

 

မိသက်ရေ၊ ဟဲ့ . . မိသက်

ဆင့် . . ကိုကြီး . . . လာပါပြီဆင့်။ ဘာလဲ မီးတို့ ဘီယာသောက်ပြီး ကာရာအိုကေသွားကြမလို့လားဟင်၊ ဟိ . . ပျော်ထှာကွီးရယ် . . .

 

တယ် . . သောက်ကောင်မကတစ်မျိုး

တစ်နေ့တစ်နေ့ ဘီယာသောက်ဘို့၊ ကာရာအိုကေဆိုဘို့လောက် တွေးနေတယ်။ 

မဲတစ်ပြားမှ မရတာတောင် ရှိတဲ့တစ်ပြား အသုံးချပြီး ဝန်ကြီးလုပ်ပေးထားတာလေးမှ အားမနာ။

ဘာမှ အားမကိုးရဘူး။ ငွှင်း

 

အခုဆို ငါတို့ကို တစ်ကမ္ဘာလုံး ဘယ်နိုင်ငံကမှ အသိအမှတ်မပြုတော့ဘူး ဟဲ့။

ဟို ကျော်မိုးထွန်းဆိုတဲ့ကောင်ကလည်း ဟောသလိုပြောကွလို့ သေသေချာချာ မှာလိုက်ရဲ့သားနဲ့။ ကြည့်အုံး။ ငါတို့ကို ပုန်ကန်သွားတာ။ သူဟာ ဘာတဲ့ NLD အစိုးရကိုသာ ထောက်ခံပါသတဲ့။ 

သေဇမ်း မင်းအောင်လှိုင်၊ မင်း . . . သေလိုက်စမ်းဘာခွာ။ အီး ဟီး ဟီး ဟီး . . . 

ငါ့မှာ ညည လူမသိသူမသိ၊ ကျိတ်ငိုရလွန်းလို့ မျက်ရည်တောင် မထွက်နိုင်တော့ပါလား သက်ရယ် . . .

 

အာဏာသိမ်းလိုက်တယ်သာဆိုတယ်။ ဘယ်မလဲ။ ငါ့အာဏာစက် သက်ရောက်တဲ့နေရာ။

ငါပိုင်တာဆိုလို့ တစ်နိုင်ငံလုံးမပြောနဲ့။ တစ်မြို့ အဲလေ တစ်ရပ်ကွက်တောင်မှ မရှိပါလား။ ဟီး ရွှတ်

 

ရုံးတွေဆိုတာလည်း။ ခြောက်ကပ်လို့။ CDM တဲ့။ ဘယ်သူမှ အလုပ်မဆင်းကြတော့ဘူး။ သရဲခြောက်မှာတောင် စိုးရတယ်။

 

ဆင်းတဲ့ကောင်တွေကလည်း တစ်ကောင်မှ​ သုံးလို့စားလို့မရဘူး။ ကွန်ပြူတာလေးတောင် $ဖြစ်ကြုံအောင် မရိုက်တတ်ဘူး။ ဟိုတစ်နေ့ကလည်း စာလေးတစ်စောင်ထုတ်ဘို့ ပရင်တာယူလာပါဆိုတာကို ဂက်စတင်နာကြီး သယ်လာတယ်။ အရင်ကစိတ်နဲ့ဆို ငါနဲ့ကိုင်တုတ်ပစ်လိုက်တယ်။ အခုကျတော့ သူတို့ပါ စိတ်ဆိုးပြီး မလာတော့မှာ ကြောက်လို့ ငါ့မှာ ဆဲချင်ရက်သားနဲ့ မဆဲရဘူး။ စိတ်ညစ်လိုက်တာနော်။

 

ဟို ရထားဝန်ထမ်းဆိုတဲ့ကောင်တွေကို တခြား ဘယ်မှ နေစရာမရှိမှန်းသိလို့ CDM ဆက်လုပ်နေမယ်ဆိုရင် လိုင်းခန်းက ဆင်းပေးရမယ်လို့ ခြောက်မိပါ့။

တခါတည်း ငေ့ါငေါ့ ငေါ့ငေါ့နဲ့ ဆင်းသွားလိုက်ကြတာ။ ခါထဲမှ။ တစ်ချက်လေးတောင် ပြန်လှည့်ကြည့်ဖော်မရဘူး။ အီးဟီးဟီး မှားဘာဒယ်ခွာ . . . 

 

ငါ အာဏာမသိမ်းခင်တုံးက ၈၈ တုံးကအကွက်တွေကို သေသေချာချာ၊ အခေါက်ခေါက် အခါခါ လေ့လာပြီးသားပါ။

အခု ဘာဖြစ်တာတုံး၊ အဲဒီအကွက်တွေက တစ်ခုမှ သုံးလို့စားလို့မရတော့ဘူး။ 

အရပ်ထဲမှာ ဆူဆူပူပူဖြစ်အောင်လို့ အတင်းလူတွေကို ဖမ်း၊ နှိပ်စက်။ သေနတ်နဲ့ပစ်သတ် လုပ်တာတောင်။ ကတောက်စ်။ ဘယ်သူမှ ဆူဆူပူပူမလုပ်ကြဘူး။ တကယ်လို့သာ သူတို့ ဆူဆူပူပူဖြစ်ရင် ဆူလို့အာဏာသိမ်းရပါတယ်လို့ အကြောင်းပြ မလို့ဟာ။ ခုတော့ လခွမ်းဒဲ့မှ။ အို အရှင်မိုးနတ်မင်းကြီး။ ကျွန်ုပ်ကို သေခွင့်ပေးသနားတော်မူပါ။

 

နောက်ပြီး ဟို ဂျန်ဇီဆိုလား ကောင်လေးတွေ၊ ကောင်မလေးတွေက တစ်မျိုး။

ငါထင်ထားတာက အာဏာသိမ်းလိုက်ရင် နိုင်ငံရေးသမားတွေ၊ လူကြီးတွေ ထွက်လာမှာ ထင်ထားတာ။

အခုတော့ ဆယ်ကျော်သက် မလောက်လေး မလောက်စားလေးတွေ ထွက်လာတယ်။

ဒီကောင်လေး၊ ကောင်မလေးတွေကို နာမ်နှိမ်ဘို့ ခေါင်းကိုချည်းပစ်တာလည်း မဖြုံပါလားကွယ်ရို့။

တစ်ယောက်သေတော့ နှစ်ယောက်တက်လာတယ်။

 

အီးဟီးဟီးဟီး

အခုဆို ကြည့်အုံး။

သူတို့ တစ်နေ့တစ်မျိုးမရိုးရအောင်ကို အကွက်ဆန်းတွေနဲ့ ငါ့ကို ထိုးစစ်ဆင်နေတာ။

ငါ့ဓာတ်ပုံတွေ လမ်းပေါ်ကပ်ထားလို့ ဟိုကောင်တွေ လိုက်ခွာခိုင်းတာ ငါ့ကို မဟုတ်တာတွေခိုင်းရပါမလားဆိုပြီး စိတ်ခုနေကြလို့ တစ်ယောက် ၅၀၀၀ စီပေး ချော့လိုက်ရသေးတယ်။ အနို့ မတော် ဒီကောင်တွေ ငါ့ပြန် တော်လှန်နေမှ ဒွတ်ခ။ 

 

နောက်တော့ အခါတိုင်း ၅၀၀၀ စီပေးရမှာ မတတ်နိုင်တာနဲ့ မင်းတို့ လမ်းတွေ့သမျှ အကုန်ခိုးကွာ၊ လုကွာ၊ ဓားပြ တိုက်ကွာလို့ ဖွင့်ပေးလိုက်ရတယ်။ ကောင်လေးတွေ မဆိုးပါဘူး။ ငါပြောတဲ့အတိုင်း လုပ်ရှာပါတယ်။ အပိုဆု အဖြစ်နဲ့ ကားတွေကို ဘူဒိုဇာနဲ့ထိုး။ ရေသန့်ဘူးတွေ ဖောက်ပစ်တာတွေတောင် လုပ်လိုက်ကြသေးတယ်။ ဒီလို ဘာဆို ဘာမှ​မတွေးတတ်တဲ့ ဦးဏှောက်မရှိတဲ့ကောင်တွေ များများမွေးထားမှ။

 

ဒီကောင်တွေကမှ ခေါင်းကိုပစ်လကွ လို့ခိုင်းလိုက်လည်း ဘာမှတွေးမနေဘူး။ ပစ်လိုက်တာဘဲ။

ဗိုက်ကြီးသည်ကို အတင်းတွန်းထိုး ပါးချခိုင်းလည်း ချလိုက်တာပဲ။

အတော်အားကိုးရတဲ့ကောင်တွေ။ အဟိ . . .

 

အဲဒီ ဂျန်ဇီတွေလုပ်ပုံလည်း ကြည့်အုံး။

ငှက်ရုပ်တွေချိုးပြီး လမ်းအပြည့် ဆွဲလား၊​ ဆွဲရဲ့။ ပစ်တိုင်းထောင်တွေထောင်လား ထောင်ရဲ့။

ဟဲလမက်တွေကို ကွန်ကရိထည့်ခင်းတာက တစ်မျိုး။

 

အခုလည်း ဘာတဲ့။ ဆိုင်းလင့်သပိတ်ဆိုလား။ ဘာလား။ 

ငါကလည်း ငအူဆိုတော့ ဒါတွေ နားမလည်ပါဘူး။

ကြာရင် ငါ လုံးပါးပါးတော့မယ်။

အဲဒါလေးတွေ ခေါင်းမာချက်။ ဘယ်လိုမှ လုပ်လို့မရပါလား အရပ်လူကြီးတို့။

ဟိုတစ်နေ့ကလည်း ကလေးမလေးတစ်ယောက် ငါ့ခေါင်းတည့်တည့်ကို လေးခွကြီးနဲ့ချိန်ထားတာ။

ငါ့မှာ ချွေးစီးတွေပြန်ပြီး တစ်ညလုံးအိပ်မရဘူး။

 

ငါ သေချင်တယ်။ 

ငါ့မှာ ည ည အဲဒါတွေ တွေးမိတိုင်း အိပ်မပျော်တာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ကနေ့ထိ . . . ကောင်းကောင်းအိပ်လိုက်ရတာ တစ်ညမှတောင် မရှိသေးဘူး။

လူလည်း မသာရုပ်ပေါက်နေပြီ။

 

အဲဒါ အရေးမကြီးဘူး

နက်ဖြန်ကာ မတ်လ ၂၇ ရက်

တော်လှန်ရေးနေ့ပွဲ သွားရကောင်းမလား၊ မသွားဘဲနေရ ကောင်းမလား။

R2P ဆိုတဲ့ကောင်တွေက စိတ်ချရတာမဟုတ်ဘူး။

တော်ကြာ၊ ငါတို့ဗိုလ်ရှုပ်ကြီးတွေ အကုန်စုထိုင်နေတဲ့နေရာ ဗုံးသာကြဲလိုက်လို့ကတော့ ခွာ . . .

ဟင်း . . . 

 

မိသက်ရေ၊ ဟဲ့ . . .  မိသက်၊ အရေးထဲမှ ခေါ်မကြား အော်မကြား၊ ၆ကောင်မ

လာပါပြီ ကွီး ဆင့်၊ ဘီယာ ယာ ယာ . . 

 

တယ်၊ နင့်မလဲ အချိန်ရှိတိုင်း ဒီဘီယာပဲ တမ်းတနေတော့တာပဲ။

သွား . . ရေတစ်ခွက်ခပ်ချေစမ်း

ငါ ငိုချင်းချရတာ မောသွားပြီ

ခဏနားလိုက်ဦးမယ်

 

တော်သေပြီ

 

အေးငြိမ်း

၂၆ မတ်၊ ၂၀၂၁

Sunday, March 14, 2021

ကျွန်ုပ်နှင့် ရဲ ဆိုသူတို့အကြောင်း

(၁)

 

ကျွန်ုပ်သည် ငယ်စဉ်က ရဲတို့အကြောင်းကို ဝတ္ထုများထဲ၌ ဖတ်ခဲ့ဖူးပါ၏။ သို့သော် ၎င်းတို့နှင့် ရင်းရင်းနှီးနှီး တစ်ခါဖူးမျှ မဆက်ဆံခဲ့စဘူး။ ကွင်းကောက်တွင် ကျောင်းတက်ခဲ့စဉ်က ရဲစခန်းဆိုတာ သဲ့သဲ့ ကြားဖူးပါ၏။ ခပ်စုပ်စုပ် အဆောက်အဦးကလေးများရှိသော ဝင်းတစ်ခုဖြစ်သည် ဆိုတာလောက်လွဲလို့ ဘာကြောင့် ရဲစခန်းရှိရမှန်း မသိခဲ့။

 

အမှန်ကိုဆိုရလျှင် အသက် ဆယ့်လေးငါးခြောက်နှစ် လူပျိုပေါက်ဘဝ ရောက်သည့်တိုင် ရဲ ဆိုတာကို သေသေချာချာ မမြင်ခဲ့ဖူးပါ။ ကျွန်ုပ်တို့ရွာ (ရွာဆိုတာထက် ကျွန်ုပ်တို့နယ်ဘက်ဆိုလျှင် ပိုမှန်ပါလိမ့်မည်) ဘက်တွင် ဒုစရိုက်မှုဆိုတာ ရှာမှ ရှားထဲက ဖြစ်၏။ ရွာထဲတွင် နင်ပဲငဆ စကားများ ရန်ဖြစ်တာတောင် သိပ်ရှိလှတာ မဟုတ်ပါ။ နောက်ပြီး ကျွန်ုပ်တို့ ရွာတွင် အရက်ဆိုင်မရှိ။ ဖဲဆိုတာ မကြားစဖူး။ ကြက်ပွဲ စသည့် လောင်းကစားဝိုင်းများဆိုတာ ဝေလာဝေး။ ဆယ်နှစ်နေလို့ တစ်ခါ လူသတ်မှုမဖြစ်။ ကျွန်ုပ်တို့ရွာ၌ ကျွန်ုပ် တစ်သက်နှင့်တစ်ကိုယ် လူသတ်မှုကို တစ်ခါပဲ ကြားဖူးသည်။ ထိုစဉ်က အတော် ငယ်သေး၏။ အသက် ၅ နှစ်၊ ၆ နှစ်မျှသာ ရှိပါလိမ့်ဦးမည်။ မည်သူက မည်သူ့ကို မည်သည့်အကြောင်းကြောင့် သတ်မှန်းမသိခဲ့။

 

ခိုးမှုဆိုတာတောင် ကျွန်တော်မကြာခဏ ရေးဖူးသည့် ကိုငအေးတို့ ညီအစ်ကို ဝါသနာအရခိုးတာပဲ ရှိသည်။ သူတို့ခိုးတာ ကလည်း ဖြစ်လောက် ပျက်လောက်အောင် ခိုးတာမဟုတ်၍ မည်သူကမှ အရေးအရာလုပ်ဖော်တောင်မရ။ တော်ရုံတန်ရုံ လင်ကွာမယားကွာအမှုတို့ကို အဖေကြီးတို့ လူကြီးတွေကပဲ စီရင်လိုက်တာဖြစ်ပါသည်။

 

ကျွန်ုပ်၏ အရီးဖြစ်သူ အရီးမယ်ဟံတို့ ငယ်စဉ်က ရွာအနီးသို့ ဓားပြများ လာသည်ဆို၏။ အရီးတို့က ဟဲ့၊ ဓားပြတွေတဲ့၊ လာ သွားကြည့်ကြရအောင်၊ ဘယ်လိုအကောင်တွေလဲလို့ . . . ဆိုကာ ဓားပြများကို သွားချောင်းကြသည် ဆို၏။ ဓားပြများကတွေ့သော် နင်လားဟဲ့ မယ်ဟံ ဆိုကာ လိုက်၍ ထွက်ပြေးကြရသည်ဆို၏။ 

 

အရီးတို့မှာ ဓားပြများ ဝိုင်းလိုက်ခံရတာကို စိတ်မဆိုး။ ဟယ်၊ ဓားပြဆိုလို့ ငါ့နှယ်၊ အဆန်းမှတ်လို့ သွားကြည့်ပါ့။ ငါတို့လို လူတွေပါလားဟဲ့ ဆိုကာ ဝိုင်း၍ပင် ရယ်လိုက်ကြသေး၏။

 

ဤသည်မှာ ပုံပြင်မဟုတ်။ အရီးမယ်ဟံဆိုတာ ကျွန်ုပ်ကို သည်အခြေရောက်အောင် မြေတောင်မြှောက်ပေးခဲ့သူ ကျွန်ုပ်၏ ကျေးဇူးရှင် အဒေါ်ကြီး ဖြစ်ပါသည်။

 

သည်တော့ ကျွန်ုပ်တို့ရွာများဘက်၌ အဘယ်ကြောင့် ရဲ လိုပါမည်နည်း။ လိုကိုမလိုပါ။ မလို၍လည်း ရဲများ ကျွန်ုပ်တို့ ဘက်သို့ သိပ်မရောက်။ လာချင်တော့ လာပါလိမ့်မည်။ ကျွန်ုပ်က ရွာမှာနေတာတော်တော်၊ တခြားသွား ကျောင်းတက် နေရသည့်အချိန်က ပိုများနေသဖြင့် မသိတာလည်း ဖြစ်နိုင်ပါ၏။ ရဲမလာလို့လည်း ကျွန်ုပ်တို့ရွာ၌ ဘာမှ တိုးမထူးခြားပါ။

 

(၂)

 

ကျွန်ုပ်နှင့်ရဲ ပထမဆုံး စ ဖူးစာဆုံရသည်မှာ ဟင်္သာတ ဒေသကောလိပ်တွင် ကျောင်းတက်နေစဉ်က ဖြစ်၏။ ထိုစဉ်က ကျွန်ုပ်မှာ မိုးကောင်းကျောင်းတိုက်တွင် တည်းကာ ကျောင်းတက်၏။ နေ့လည်စာအတွက် ဦးဇင်းတွေက ဆွမ်းချန်ထား ပေး၏။ ညစာအတွက် တစ်ခါတလေလည်း ဆွမ်းကျန်စားသည်။ တစ်ခါတလေလည်း ချက်စားသည်။ သို့သော် ချက်မစားဖြစ်တာ များပါသည်။ အစားတစ်လုပ်အတွက် ကျွန်တော် သည်မျှ ကရိကထ မခံပါ။ 

 

တစ်ခါသား ကျောင်းများပိတ်အပြီး ကျောင်းဖွင့်ချိန် ဟင်္သာတပြန်သွားတော့ အရီးတို့က ညနေစာ ချက်စားရအောင်ဆိုကာ ဆန် (၃) ပြည်မျှ ထည့်ပေးလိုက်၏။ အိုင်သပြုကားပေါ်ရောက်သော် ရဲများရောက်လာကာ ရှာကြဖွေကြ၏။ ကျွန်ုပ်ယူလာ သော ဆန်ထုပ်ကလေးကို တွေ့လေသော် တရားမဝင်ဆန်သယ်မှုနှင့် ဖမ်းမည်ပြု၏။ စခန်းထဲတောင် ရောက်သေးသည် ထင်ပါသည်။ သိပ်မမှတ်မိတော့။ အစ်ကိုတို့ရယ်၊ ကျွန်တော် ကျောင်းသားပါခညာ၊ ဟောဒီမှာ ကျောင်းသားကဒ် ပါပါ တယ်။ ဒါ ကျွန်တော်ချက်စားဘို့ သယ်လာတာပါ။ များလည်းမများပါဘူး စသဖြင့် အတော်လေး တောင်းပန်တော့မှ နောက်မသယ်ဘို့ သတိပေးကာ ပြန်လွှတ်ပေးလိုက်၏။

 

ဤသည်မှာ ကျွန်တော့်ဘဝတွင် ပထမဆုံးနှင့် နောက်ဆုံးအကြိမ် ရဲများနှင့် ဆက်ဆံဖူးတာဖြစ်၏။ 

နောက်တစ်ကြိမ်မှာ ၈၈ ခု အရေးအခင်းကာလက ဖြစ်၏။ သို့သော် ရဲနှင့်မဟုတ်။ စစ်သားများနှင့် ဖြစ်၏။

 

ကျွန်တော်ကျောင်းပြီးပြီးတော့ အလုပ်မရသေး။ 

မမတို့က ရှိသမျှ ရွှေတိုငွေစကလေးများ ရောင်းကာ အစ်ကိုဝမ်းကွဲတော်သူ ကိုတင်ထူးနှင့် စပ်တူဗီဒီယိုထောင်၏။

ထိုစဉ်က ကာဖျူးထုတ်ထား၍ ည ၈ နာရီနောက်ပိုင်း ဗီဒီယိုမပြရ။

တစ်နေ့သ၌ ကိုတင်ထူးတို့ ဗီဒီယိုပြနေရာသို့ စစ်သားများလာကာ ဗီဒီယိုကို ဖမ်းသွား၏။ ဘာကြောင့်မှန်းမသိ။ ၈ နာရီ ကျော်လို့ဆိုလား။

ကိုတင်ထူးမှာ လူနုံဖြစ်၍ ဘာမှ ရေရေရာရာ မပြောတတ်။

 

ဗီဒီယိုကိုဖမ်းသွားသည်ကြားတော့ ကျွန်တော် အတော် ဒေါသထွက်၏။ 

သို့နှင့် ကျွန်ုပ်တို့ဗီဒီယိုကို ဖမ်းသွားသည်ဆိုသည့် တပ်ကြပ်ကြီးတို့အုပ်စု လယ်တံငယ်ရွာတွင် ရောက်နေသည် သတင်း ကြားတော့ ကျွန်တော် အပူတပြင်း လိုက်သွား၏။ 

သူတို့က ကျွန်တော်တို့နှင့် ဆွေမျိုးနီးစပ်တော်သူ (ဘကြီးသိန်းမောင် ထင်ပါသည်။) တို့အိမ်တွင် စတည်းချကာ သူတို့ ကျွေးသည့်ထမင်းကို သွားဖြဲနားဖြဲ စားနေကြ၏။

ကျွန်ုပ်တို့၏ ဗီဒီယိုစက်ကြီးကို မြေကြီးပေါ် သည်အတိုင်း ပစ်ထားသည်ကို တွေ့ရ၏။

ကျွန်ုပ်လည်း သူတို့ထမင်းစားနေသည့် ခေါင်းရင်းတွင် တက်ထိုင်ပြီးသကာလ -

ဒီမယ် ဆရာကြီး - ဘာကိစ္စနဲ့ ကျုပ်တို့ဗီဒီယိုကို ဖမ်းရသလဲဆိုတာ ကျုပ်သိချင်တယ်။ ၁။ ဗီဒီယိုကိုဖမ်းရတဲ့ အကြောင်း ရင်း ၂။ ဘယ်လောက်ကြာကြာဖမ်းထားမလဲ ၃။ ဒီကိစ္စပြေလည်အောင် ကျုပ်တို့ ဘာလုပ်ပေးရမလဲ ပြောပါ။ . . . 

ဟု စကားဆို၏။ ၎င်းတို့ထံမှ ဘာစကားပြန်မှ မရ။

 

အတန်ကြာသော် ကျွန်ုပ်လည်း သိပ်ထူးမည့်ပုံ မပေါ်သည်နှင့် -

အဲလေ - ခင်ဗျားမှာ လုပ်ပိုင်ခွင့်ရှိချင်မှရှိမယ်။ ခင်ဗျားထက်ကြီးတဲ့သူဆီ သွားတာပေါ့ ဆိုကာ ထပြန်ခဲ့လေ၏။

 

ထိုစဉ်က မြို့နယ်မှူးစစ်ဗိုလ်မှာ OTS ကလာသူ စစ်ဗိုလ်ဖြစ်၏။ သူက ပညာတတ်ဖြစ်သဖြင့် မောက်မောက်မာမာ မရှိ။ သဘောကောင်းပါသည်။ ခတ္တူက ကိုသိန်းစိုးတို့နှင့် ခင်သဖြင့် ကျွန်တော်လည်း ကိုသိန်းစိုးကိုခေါ်ကာ အကျိုးအကြောင်း သွားပြောတော့ သူက ချက်ချင်းပြန်လွှတ်ပေးလိုက်၏။

 

ကျွန်ုပ် ဗီဒီယိုသွားယူတော့ ဘကြီးသိန်းမောင်တို့က ပြန်ပြောပြသည်မှာ ထိုဆရာကြီးဆိုသူက “ကောင်လေးက လက်တောက်လောက်နဲ့ ငါ ပါးရိုက်လိုက်ရ သွားချီးယိုးဒယား ကသွားမယ်” ပြောသည် ဆို၏။ နောက်ကွယ်ကျမှ သတ္တိကောင်းရဲသည့် ထိုစစ်သားများကို ကျွန်ုပ် နှုတ်ခမ်းမဲ့မိပါသည်။ မင်းကွာ၊ ဘာများ လုပ်တော့မလဲလို့ ငါတို့မှာ ရင်တထိတ်ထိတ် ဖြစ်နေရတာဟု သူတို့က ပြော၏။ ဘာလုပ်ရမတုံးဘကြီးရဲ့၊ ပါးရိုက်ရင် နားပြန်ကိုက်မှာပေါ့ဗျာ ဟု ပြောခဲ့ပါသည်။

 

ဤသည့်နောက်ပိုင်း ရဲနှင့်သော်လည်းကောင်း၊ စစ်သားနှင့်သော်လည်းကောင်း မဆက်ဆံရတော့ပါ။ ဆက်လည်း မဆက်ဆံချင်တော့ပါ။ သေသည်ထိ မည်သည့်အခါမှ ဘာအကြောင်းနှင့်မှ မဆက်ဆံရပါစေနှင့်ဟုလည်း ဆုတောင်းပါ သည်။ 

 

(၃)

 

ရှေးလူကြီးများက မရောက်အပ်သည့် နေရာဌာနသုံးမျိုးရှိသည်ဟု ဆို၏။ ၎င်းတို့မှာ -

 

(၁) ရဲစခန်း

(၂) ဆေးရုံ နှင့်

(၃) တရားရုံး . . . တို့ဖြစ်၏။

 

တရားတဘောင် အမှုအခင်းမရှိဘဲ မည်သူသည် ရဲစခန်းကို အပျော်သဘော အလည်သွားပါမည်နည်း။

ရောဂါဘယ တစုံတရာမရှိဘဲ မည်သူသည် ဆေးရုံကို သွားပါမည်နည်း။

အမှုအခင်း၊ တရားတဘောင်မရှိပါဘဲလျက် (အဲလေ၊ အမှုကိုနားထောင်ချင်သူ၊ သတင်းထောက်များမှအပ) မည်သူသည် တရားရုံးကို ရောက်ချင်ပါမည်နည်း။

 

အသက် (၆၀) ပြည့်သည်ထိ ကျွန်ုပ်သည် တရံတဆစ်မျှ တရားရုံးကို မရောက်ခဲ့ဖူးပါ။ ရောက်လည်းမရောက်ချင်ပါ။

ထို့အတူပင် အထက်ဖော်ပြပါ ဆန် (၃) ပြည်ပြဿနာကလွဲလို့ ရဲစခန်းသို့လည်း တရံတဆစ်မျှ မရောက်ခဲ့ဖူးပါ။ ရောက်လည်းမရောက်လိုပါ။

 

၁၉၈၅ ခုနှစ်က အရီးဟံ ဆေးရုံတက်ရသဖြင့် အချိန်အတော်ကြာအောင် ဆေးရုံသို့ အဝင်အထွက် လုပ်ခဲ့ရဖူးပါသည်။

၁၉၈၆ ခုနှစ်ကလည်း အူကျရောဂါဖြင့် ဆေးရုံတက်ခဲ့ရဖူး၏။ 

၂၀၀၆ ခုနှစ်တွင်တစ်ကြိမ် အူကျရောဂါဖြင့်ပင် နောက်တစ်ကြိမ် ဆေးရုံတက်ခဲ့ရပါ၏။

အခြားအကြောင်းအမျိုးမျိုးကြောင့် ဆေးရုံသို့ပင် ရောက်ခဲ့ရသော်လည်း ခဏတဖြုတ်သာဖြစ်ပါသည်။

 

အထက်တွင် ဖော်ပြသကဲ့သို့ ကျွန်ုပ်သည် ရဲများနှင့် သိပ်မပတ်သက်ခဲ့ရဖူးပါ။

-        ငယ်စဉ် မူလတန်းဖတ်စာအုပ်ထဲတွင် “ရဲသားကြီးက ကိုလှရွှေ၊ လူဆိုးဖမ်းလို့ စောင့်ရှောက်ပေ” ဟူသောစာသား၊ 

-        မင်းသိင်္ခ ဝတ္ထုမှ (လျက်ဆားပုလင်း အာဖျံကွီး၊ ဟုတ်ပေါင် မောင်ဝဏ္ဏနဲ့မှားကုန်ပြီ) ဆားပုလင်းနှင်းမောင်၊ 

-        ရုပ်ရှင်ထဲ၌ မင်းသားက အသေအကြေနှံပြီးမှ သေနတ်တကားကားနှင့် ပေါ်လာတတ်သည့် “ဟိတ်ကောင်တွေ လက်နက်ချ၊ မင်းတို့ကို ပြည်သူ့ရဲ တွေ ဝိုင်းထားပြီးပြီ” (ဤသည့်စကားမှာလည်း မည်သည့်ဇာတ်ကားမဆို သုံးနေကျ စကားများဖြစ်၍ ကျွန်ုပ်တို့ ခလေးများပင် အလွတ်ရနေပါပြီ) ဟူသည့် ဇာတ်သိမ်းခန်း -

များမှလွဲ၍ မည်သည့်အခါမှ ရဲများ၏ စွမ်းစွမ်းတမံဆောင်ရွက်ချက်များ ဆိုသည်ကို ကျွန်ုပ် မမှတ်မိခဲ့ဖူးပါ။ 

ရှမ်းပြည်တွင် ဘိန်းခင်းများကို မဖြစ်ညစ်ကျယ် ဖျက်ဆီးပြကာ သတင်းထောက်များခေါ်၍ အကြီးအကျယ် သတင်း လုပ်သည်။ တဖက်တွင် ၎င်းတို့ကိုယ်တိုင် ဘိန်းမှောင်ခိုကူး၏။

ကျွန်ုပ်ရေဆင်းတွင် နေခဲ့စဉ်က ချဲ အကြီးအကျယ် ခေတ်စားချိန်ဖြစ်၏။ ချဲဒိုင်များမှာ ရဲများကို ဆက်ကြေးပေးကြရ၏။ ရဲ ဆိုသူများက ချဲဒိုင်များထံမှ လစဉ် ဆက်ကြေးရယူကာ ချဲဒိုင်များကို ဖွင့်ခွင့်ပြုထား၏။ အမှန်ကို ဆိုရလျှင် ချဲဒိုင်များ ပြုတ် သွားမည်ကိုပင် ကာယကံရှင် ချဲဒိုင်များထက် ရဲများက ပိုကြောက်နေချေလေသေး၏။ ချဲဒိုင်များပြုတ်ပြီဆိုပါက ၎င်းတို့လည်း ဆက်ကြေးရတော့မည် မဟုတ်။

 

အဘယ်ပြစ်မှုသည် ရဲကိုင်လိုက်သဖြင့် ပြေလည်သွားတာရှိပါသနည်း။ (၁၀၀) လောက်နှင့်ပြီးရမည့်အမှုမှာ ရဲတိုင်လျှင် (၂၀၀၀) လောက်ဖြစ်သွားမည်။ အရပ်ထဲတွင် ရှင်းပါက (၃) ရက်လောက်နှင့် ပြီးမည့်ကိစ္စကို ရဲသာတိုင်လိုက်ပါက (၃) နှစ် လောက် ကြာသွားမည်။ 

 

ဘယ်နှစ်လောင်းပြိုင်ဆိုသည့် အမှုကြီးများ ဘာသံကြားပါသနည်း။ လူလည်ခေါင်မှာ ခေါင်းကို သေနတ်နှင့်ချိန်ပြီး ပစ်အသတ်ခံရတာတောင် တရားခံကို လူပုံအလည်မှာ လည်ကတုံးနှင့် ဘုရားဂေါပက လူကြီးအလား ခပ်ကြွားကြွား တွေ့ရပေသေး၏။

 

မြန်မာပြည်လောက် ထူးဆန်းသည့်တိုင်းပြည် ကျွန်ုပ် မတွေ့မိဖူးသေးပါ။

 

နေပြည်တော်က ဟိုကလေးမကလေးကိစ္စ၊ တရားခံကို အတိုင်းသားမြင်နေရပါလျက် မဖမ်းနိုင်။ အခုရော ဘာဖြစ်ပါသနည်း။ ဘာမှ မဖြစ်ပါ။

 

သို့ဆိုလျှင် မြန်မာပြည်၌ ရဲ ရှိနေခြင်း၏ အဓိပ္ပာယ်ကား ဘာပါနည်း။

ရဲ ရှိနေခြင်းဖြင့် မည်သည့် ပြစ်မှုများ လျော့နည်း ကျဆင်းသွားပါသနည်း။

တစ်နည်းဆိုရသော် ရဲ ရှိနေခြင်းဖြင့် ပြဿနာတောင် ပိုတိုးလာသေး၏။

ရဲ ဆိုသူများသည် ပိုက်ဆံယူလျှက် ပြစ်မှုများကို ပေါ်တင်ပင် ကျူးလွန်ခွင့်ပေးထား၏။

သို့အတွက် ၎င်းတို့ကိုယ်တိုင်ပင် ပြစ်မှုကျူးလွန်မှုကို အားပေးနေရာ မရောက်ပါသလော။

သာမန်ပြည်သူတွေ ပြစ်မှုကျူးလွန်တော့ တရားစွဲသည်၊ ထောင်ချသည်။

ရဲများပြစ်မှုကျူးလွန်နေသည်ကို အဘယ် ခွေးသူတောင်းစား တစ်ယောက်သည် အရေးယူရကောင်းမှန်း သိပါသနည်း။

တရားဥပဒေကို စောင့်ရှောက်ရမည့်သူများက တရားဥပဒေဆိုသည့်အရာကို မုဒိန်းကျင့်နေ၏။ - င်ချနေ၏။

 

ကျွန်ုပ်တို့ရွာတွင် ဘာ ရဲ မှ မရှိ။ သို့တိုင် ဘာပြစ်မှုမှလည်း မဖြစ်။

သို့အတွက် မြန်မာပြည်၌ ရဲတွေ ဘာအတွက် ရှိနေရပါသနည်း ဆိုတာ ကျွန်ုပ် ဤနေရာမှနေကာ မေးခွန်းထုတ်လိုက် ပါ၏။

 

(၄)

 

စစ်အာဏာရူးများကို မကြိုက်၍ ကျွန်ုပ်တို့ပြည်သူများ ဆန္ဒပြကြ၏။ 

ဆန္ဒပြစ နေ့ရက်များက ကျွန်ုပ်တို့ ပြည်သူများ၏ စည်းကမ်းသေဝပ်လိုက်ပုံကို ကျွန်ုပ်သည်ပင်လျှင် ဩချယူရ၏။ ကမ္ဘာကလည်းသိပါ၏။ ကျွန်ုပ်တို့ပြည်သူများသည် ပီဘိ စည်းကမ်းတကျ၊ သေသေဝပ်ဝပ် အေးအေးချမ်းချမ်းပင် ဆန္ဒပြကြ၏။ မည်သူကိုမှ ရန်သတ္တရုမပြု။ မည်သူ့ကိုမှ မစော်ကား။ မည်သည့် ရုန်းရင်းဆန်ခတ်ကိုမှ မပြု။

 

အမှန်ဆို သည်အခြေအနေတွင် မည်သည့် အဓိကရုဏ်းရဲမှ မလို။ ဘယ် သောက်ဂမြင်းမသားမှ လာစရာ အကြောင်းမရှိ။

 

 

ကိုယ့်ဘာသာ အေးအေးဆေးဆေး ဆန္ဒပြနေသည့် ပြည်သူများကို (စစ်သားများကို သူရို့အမေ ပေးထားသည့်) ရဲ ဆိုသူများသည် ခေါင်းကို သေနတ်နှင့်ပစ်၏။ ကလေးများကို တုတ်များနှင့်ရိုက်၏။ ခြေဖြင့်ကန်၏။

၎င်းတို့၏ တာဝန်မှာ ရုန်းရင်းဆန်ခတ်လုပ်၊ အကြမ်းဖက်လာသူများကို ထိန်းပေးရေးသာ ဖြစ်၏။

အေးအေးဆေးဆေး ဆန္ဒပြနေသူများကို အကြမ်းဖက်စရာ လုံးဝ အကြောင်းမရှိ။

ယခု အေးအေးသက်သာ ဆန္ဒပြနေသူများကို သေနတ်နှင့်ပစ်ရအောင် သူတို့က နင်တို့နှမတွေကို တက် ဟဝှာလုပ်နေလို့လား။ (ငါပြောရင်း အဲဒီ ခွေးသူတောင်းစားတွေကို ဖင်ပိတ်ကန်ချင်လာတယ်။ ခွေးသားတွေ)

 

ထို့နောက်ရက်များတွင် အကြမ်းဖက်မှုများမှာ ပိုဆိုးလာ၏။

ယခုဆိုလျှင် အိမ်များကို အတင်းဝင်၏။ လူများကို ဘာအကြောင်းပြချက်မှမရှိဘဲ အတင်းဝင်ဖမ်း၏။ ဖမ်းတာတောင် ရိုးရိုးဖမ်းတာမဟုတ်။ ရိုက်နှက်ကန်ကျောက်ကာ ဖမ်းတာဖြစ်၏။ 

ပြည်သူတို့၏ ပစ္စည်းများဖြစ်သော ဆိုင်များ၊ ဆိုက္ကားများ၊ ကားများကို ဖျက်ဆီး၏။ ရေသန့်ဘူးများကို ဖောက်ပစ်၏။

 

ပြည်သူများကျွေးထားသည့် ထမင်းကို စားနေသူများက ပြည်သူများကို ရက်ရက်စက်စက် သေနတ်နှင့် ခေါင်းကိုတေ့ကာ ပစ်သတ်၏။ ပစ်ပြီဆိုလျှင်လည်း အခြားနေရာကို မပစ်။ ခေါင်းကိုသာပစ်၏။

 

ဤသည်တို့ကို ကြည့်ခြင်းဖြင့် ၎င်းတို့သည် တာဝန်အရလုပ်တာသာ မဟုတ်ဘဲ ပြည်သူများကို ဘဝေဘဝက ရန်ငြိုး ရှိခဲ့ဖူးသည့်၊ ရန်သူကြီးများပမာ တမင်သက်သက် အငြိုးဖြင့် လုပ်နေကြောင်း သိသာလှ၏။ သည်ကဲ့သို့ ရက်ရက်စက်စက် သတ်ဖြတ်နေရအောင်၊ ပြည်သူတို့၏ ပစ္စည်းများကို အညိုးအတေးဖြင့် ဖျက်ဆီးနေရအောင် ကျွန်ုပ်တို့ပြည်သူများသည် ၎င်းတို့ကို ဘာများ လုပ်ခဲ့ပါသနည်း။

 

ကျွန်ုပ်သည် ၎င်းတို့ကို ခွေးချေးကဲ့သို့ ရွံလှ၏။

အသည်းနှလုံးထဲက ခါးခါးသီးသီး မုန်းတီးလှ၏။

ကျွန်ုပ်တို့ပြည်သူများ၏ ဒုက္ခကိုကြည့်ကာ မျက်ရည်ပေါက်ပေါက်ကျ၏။

နှလုံးသားထဲက တစစ်စစ်နာကျည်း၏။

 

ကျွန်ုပ်သည် သူတော်ကောင်းမဟုတ်ပါ။

ကျွန်ုပ်သည် ၎င်းတို့ကို မည်သည့်နည်းနှင့်မှ ခွင့်မလွှတ်နိုင်ပါ။

သံသရာအဆက်ဆက် မုန်းတီးသွားပါမည်။

ဖြစ်လေရာဘဝတိုင်း၌ ရသည့်နည်းနှင့် ပြည်သူများအတွက် သွေးကြွေးဆပ်ပါမည်။

 

စစ်အာဏာရူးနှင့် ရဲခွေးများ မုချမသွေ ကျဆုံးရမည်။

ပြည်သူများကသာ နိုင်ရမည်။

 

အရေးတော်ပုံ အောင်ရမည်။

 

နာကျည်း မုန်းတီးခြင်းများစွာဖြင့်

 

အေးငြိမ်း

၁၄ မတ်လ၊ ၂၀၂၁

Saturday, March 6, 2021

မြန်မာစစ်တပ်သည် မည်သည့်နည်းနှင့်မှ အစိုးရမဖြစ်ထိုက် ဆိုခြင်းအကြောင်း

(၁)

 

မြန်မာစစ်တပ်သည် မည်သည့်နည်းနှင့်မှ အစိုးရမဖြစ်ထိုက်ချေ။

ဤသို့ဆိုလိုက်ခြင်းဖြင့် အသင်တို့သည် ကျွန်ုပ်အား စစ်တပ်ကို မုန်းသည်နှင့် အခြေအမြစ်မဲ့စွာ စွပ်စွဲတာဖြစ်သည် ဟု ထင်ကောင်းထင်မိကြပေလိမ့်မည်။

ကျွန်ုပ်သည် ၎င်းတို့ကို မုန်းတီးသည်မှာ မှန်၏။ ကျွန်ုပ်သည် ၎င်းတို့ကို ခွေးချေးပုံကဲ့သို့ ရွံမိသည်မှာ မှန်၏။ သို့သော် ဤကဲ့သို့ မုန်းတာ၊ ရွံတာတစ်ခုတည်းနှင့် အစိုးရမဖြစ်ထိုက်ဟု ကျွန်ုပ်မဆို။ ၎င်းတို့သည့် အဘယ်ကြောင့် အစိုးရ မဖြစ်ထိုက်ကြောင်း ကျွန်ုပ် အကျိုးအကြောင်းခိုင်လုံစွာ တင်ပြပါမည်။

ကျွန်ုပ်စာဆုံးမှ ကျွန်ုပ်ပြောတာ ဟုတ်/မဟုတ် အသင်တို့ ဆုံးဖြတ်ပါလေ။

 

(၂)

 

ပထမ မြန်မာ့ရှေးရိုးကျမ်းများနှင့် ညှိနှိုင်းကြည့်ပါမည်။

မြန်မာစာပေတွင် မင်းကျင့်တရား (၁၀)ပါး ဆိုတာရှိ၏။

 

မင်းကျင့်တရား (၁၀) ပါး

===================

 

၁။ အလှူပေးခြင်း (ဒါန)

၂။ ငါးပါးသီလ ဆောက်တည်ခြင်း (သီလ)

၃။ ပေးကမ်း စွန့်ကြဲခြင်း (ပရိစာဂ)

၄။ ဖြောင့်မတ်မှန်ကန်စွာကျင့်ခြင်း (သမ္မာပဋိပန္န)

၅။ ကိုယ်နှုတ်အမူအရာ နူးညံ့သိမ်မွေ့ခြင်း (မုဒုက)

၆။ အခါအားလျော်စွာ ရှစ်ပါးသီလ ဆောက်တည်ခြင်း (ဥပေါသထ)

၇။ အမျက်မထွက်ခြင်း (အက္ကောဓ)

၈။ ရဟန်းရှင်လူ ပြည်သူတို့ကို မညှဉ်းဆဲခြင်း (အဝိဟိံသန)

၉။ သည်းခံခြင်း (ခန္တီ)

၁၀။ ပြည်သူတို့နှင့် မဆန့်ကျင်ခြင်း (ဝိရောဓ)

 

ယခု ဤတရားများထဲမှ မည်သည့်တရားများနှင့် ကိုက်ညီသည်ကို ဆန်းစစ်ကြည့်ကြပါစို့။

 

အမှတ် (၁) အလှူပေးခြင်း၊ အမှတ် (၃) ပေးကမ်းစွန့်ကြဲခြင်း

 

အလှူပေးခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း ကျင့်ဝတ်နှင့်မူကား ကိုက်ညီကြပါပေ၏။ 

အဘယ်သို့ ကိုက်ညီသနည်း။

တိုင်းပြည်မှ ခိုးလို့ဝှက်လို့ရသမျှ ပစ္စည်းဥစ္စာအားလုံးကို ၎င်းတို့၏ သားသမီး၊ မြေးမြစ်တီကျွတ်၊ ချွေးမ၊ သားမက်၊ သားသမီးများ၏ သူငယ်ချင်း၊ သားသမီးများ၏ သူငယ်ချင်းများ၏ မိတ်ဆွေများ၊ ၎င်းတို့၏ ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက်၊ ချွေးမ၊ သားမက်တို့ဘက်မှ အဆွေအမျိုးများတို့ကို သဒ္ဓါတရားကြီးမားလှစွာဖြင့် ပေးကမ်းစွန့်ကြဲကြကုန်၏။ 

သို့တိုင် အနှီသူခိုးများ၏ ပေးကမ်းစွန့်ကြဲခြင်းမှာ လူသာဓုမခေါ်၊ နတ်သာဓုမခေါ်သည့် ပေးကမ်းစွန့်ကြဲခြင်းမျိုးသာ ဖြစ်၏။

 

အမှတ် (၂) တွင် ပါဏာတိပါတာ၊ မုသာဝါဒါ၊ အဒိန္နာဒါနာ တို့နှင့် ညိ၏။

 

၂၊ ၁။ ပါဏာတိပါတကံ

 

ကြက်ကလေး၊ ငှက်ကလေးသတ်သကဲ့သို့ ဘာအပြစ်မှမရှိသော ကျုပ်တို့ပြည်သူတွေခေါင်းကို သေနတ်နှင့်ချိန်ပစ်တာ ပါဏာတိပါတာမဟုတ်လို့ ဘာပါနည်း။ 

 

၂၊ ၂။ မုသာဝါဒကံ

 

မြဝတီ၊ မြန်မာ့အလင်း၊ ကြေးမုံတို့ကိုအသုံးချကာ ပေါက်တတ်ကရသတင်းများကို လုပ်ကြံရေးသား၏။ တကယ့် ကမ္ဘာကျော် ဗြောင်လိမ်၊ ဗြောင်စားများ ဖြစ်ပေ၏။ နောက်ပိုင်းတွင် သက်သေများတင်ပြထားပါသည်။

 

၂၊ ၃။ အဒိန္နဒါနကံ

 

စစ်အာဏာရူးများသည် ကျွန်ုပ်တို့ မြန်မာပြည်မှ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတများကို ရသမျှ အကုန်ခိုးထုတ်လေရာ ယခုအခါ ပြောင်သလင်းခါနေချေပြီ။ တိုင်းပြည့်ဥစ္စာများကို သူ့ပထွေး အမွေပေးထားသည့်အလား ခိုးဝှက်ကာ နန်းတော်ကြီးတမျှ အိမ်ဆောက်၏။ ကောင်းပေ့ဆိုသည့်ကားများကို ထားစရာမရှိအောင် ဝယ်သည်။ သူရို့သားသမီးများမှာ ငွေကို လေလိုသုံးသည်။ အရပ်ထဲမှ သူခိုးများမှာ ၎င်းတို့စားလောက်ရုံမျှသာခိုး၏။ ခွင့်လွှတ်မည်ဆိုက ခွင့်လွှတ်နိုင်သေး၏။ သို့သော် ထိုစစ်အာဏာရူးများကား ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက် မျိုလို့၊ ဆို့လို့မကုန်အောင် ပြောင်ခိုးတာဖြစ်သဖြင့် မည်သည့်နည်းနှင့်မှ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိ။

 

ထိုသူများကား ပုခုံးထက်တွင် အပွင့်အခက်ကြီးများတင်ထားသော်ငြား အင်းဝခေတ်က သူခိုးကြီး ငတက်ပြားလောက်မှ မြင့်မြတ်သူများ မဟုတ်ချေ။

 

အမှတ် (၄) ဖြောင့်မတ်မှန်ကန်စွာကျင့်ခြင်း

ဖြောင့်မတ်မှန်ကန်ခြင်း ဆိုသည့်စကားလုံးကို စစ်အုပ်စု၏အဘိဓာန်တွင် ရှာတွေ့နိုင်မည် မဟုတ်ချေ။ ၎င်းတို့၏ ဖြောင့်မတ်မှန်ကန်ခြင်း ဆိုသည်မှာ သေနတ်ကို လက်ဖြောင့်အောင်ပစ်တတ်၍ အပြစ်မရှိသူလူငယ်ကလေးများ၏ ဦးခေါင်းကို မှန်အောင်ပစ်နိုင်ခြင်းသာ ဖြစ်လေသည်။

 

အမှတ် (၈) ရဟန်းရှင်လူ ပြည်သူတို့ကို မညှဉ်းဆဲခြင်း

ယခု လောလောဆယ်တင်ပင်လျှင် ၎င်းတို့သည် ကျွန်ုပ်တို့ တိုင်းသူပြည်သားများကို သတ်ဖြတ်နှိပ်စက်နေချေ၏။ ၎င်းတို့ အတွက် သတ်ဖြတ်ညှဉ်းဆဲခြင်းဆိုသည်မှာ ထမင်းစားရသောက် အလုပ်ပင် ဖြစ်နေချေပြီ။ သူများခေါင်းကို သေနတ်နှင့် ပစ်၍ ဦးခေါင်းပွင့်သွားတာကိုပင် ပျော်မြူးနေလိုက်ကြသေး၏။ လူလွန်မ သားများပါပေ။

 

အမှတ် (၁၀) ပြည်သူတို့နှင့် မဆန့်ကျင်ခြင်း

ကျွန်ုပ်တို့ပြည်သူများ တခဲနက်အားပေးထားသည့် မဲရလဒ်များကို ကပြောင်းကပြန်လုပ်ချင်ခြင်းကပင်လျှင် တိုင်းသူပြည်သားတို့၏ အလိုဆန္ဒနှင့် ဆန့်ကျင်ခြင်း ဖြစ်တော့၏။

 

ယခုလည်း ကျွန်ုပ်တို့ပြည်သူများက အစွမ်းကုန်ဆန့်ကျင်နေတာကို လက်နက်အားကိုးလျက် အဓမ္မနှိပ်ကွပ်နေသေးသည် မဟုတ်လော။

 

ဤသည်ကိုကြည့်ခြင်းအားဖြင့် စစ်အာဏာရူးများသည် အစိုးရဟူသည့်စကားလုံးနှင့် လားလားမှ မထိုက်တန်မှန်း သိသာနေပေပြီ။

 

ဆက်ပါဦးအံ့။

 

(၃)

 

ကျွန်ုပ်သည် ငယ်စဉ်က စစ်ဘုရင်တိမူး၊ နပိုလီယန်၊ ဂျင်ဂစ်ခန်၊ ကူဘလိုင်ခန်၊ မြန်မာပြည်မှ မဟာဗန္ဓုလ စသည့် စစ်သူကြီးများကို အမှန်ပင် လေးစား အားကျမိခဲ့၏။ စစ်သားဆိုသည်မှာ တကယ့် ယောက်ျားကောင်းများ ဖြစ်၏။ လူကြီး လူကောင်းဆန်၏။ ကျင့်ဝတ်သိက္ခာကို လေးစားသူများ ဖြစ်၏။ မဟုတ်တာလုပ်ရမှာကို အလွန်စက်ဆုပ်သည် ဟု သည်လိုပင် မှတ်ယူခဲ့၏။

 

ရှေးက စစ်သူကြီး/စစ်သည်များမှာ ကျွန်ုပ်ထင်သလို ယောက်ျားကောင်းများ ဖြစ်တန်ရာပါ၏။

၁၉၆၂ ခုနှစ်မတိုင်မီကထိ မြန်မာပြည်မှ စစ်သည်များမှာ အကောင်းပကတိအတိုင်းပင် ရှိနေနိုင်ပါသေး၏။ (ကျွန်တော် သေသေချာချာမသိပါ။ ကျွန်ုပ်မှာ ၁၉၆၂ ကျမှ ဗရုတ်သုက္ခ လူ့လောကအတွင်းသို့ မျက်စိလည်လမ်းမှား ဝင်လာတာ ဖြစ်၏။)

သို့သော် ၁၉၆၂ ခုမှစကာ စစ်သားတို့၏ ဂုဏ်သိက္ခာ တဖြည်းဖြည်းကျဆင်းလာခဲ့၏။

၁၉၈၈ တွင်မူ စစ်သားတို့သည် လူထုချဉ်ဖတ် ဖြစ်သွားချေပြီ။

ဤအချိန်မှစကာ စစ်သားတို့တွင် ဂုဏ်သိက္ခာဆို၍ မြူမှုန်မျှပင် မကျန်တော့ချေ။

ယခုအချိန်၌မူ ကျွန်ုပ်သည် စစ်သားမပြောပါနှင့်။ စစ်ဆိုသည်ကိုပင် မုန်းလွန်း၍ ရေကိုပင် စစ်မသောက်တော့ဘဲ ရေစစ်ကိုဖြုတ်ကာ ဘုံဘိုင်ခေါင်းမှရေကို သည်အတိုင်း မော့သောက်လေတော့၏။ 

 

ယခုခေတ်၌ စစ်သားဆိုသူတို့သည် လူကြီးလူကောင်း ဆိုသည်ကို အသာထား၍ သာမန်လူများလောက်ပင် သိက္ခာမရှိ တော့ချေ။ ဤသည်မှာ ကျွန်ုပ်က အသားလွတ် စော်ကားမော်ကားလုပ်ခြင်း မဟုတ်ပါ။

စစ်အာဏာရူးတို့သည် တကယ့် ကလိမ်ကကျစ်၊ လူ့ဗလချီးနမ်းများဖြစ်ကြောင်း အကျွန်ုပ် သက်သေပြပါအံ့။

 

ပထမ ဝဏ္ဏမောင်လွင် ထိုင်းကိုသွား၏။ ဤသည်ကို ရိုးရိုးသားသား မရေး။ ထိုင်းဝန်ကြီးချုပ်က ဖိတ်၍ သွားရပါသည် ဟု ရေးရာ စင်ကာပူ CNA သတင်းထောက် မေဝေါင်းက သရော်လေ၏။ ၎င်းတို့သည် ကမ္ဘာကျော် လူလိမ်ကြီးများဖြစ်၏။ ၆ ရှက်ကလည်း တစ်ပြားဘိုးမှ မရှိ။ (ပုံ ၁ နှင့် ၂)

 

(ပြဿနာမှာ ၎င်းတို့၏ အမေများသည် သူတို့သားများ အကြောင်းကို သိသဖြင့် မွေးကတည်းက ရှက်ကြိုးနှင့်ပေါင်းပြီး ရှက်ကြောကိုပါ တစ်ခါတည်း ဖြတ်ပေးလိုက်ခြင်းဖြစ်၏။ ထို့ကြောင့် ၎င်းတို့မှာ အရှက်ကမ်းကုန်နေရာ သူတို့မလုပ်ရဲတာ ဘာမှ မရှိတော့။ ဤသည်ကိုပင် ရင်ထဲ၌ အောင့်ထားခြင်းငှာ မတတ်သာတော့၍ “ကျွန်တော်မလုပ်ရဲတာ ဘာမှမရှိဘူး” ဟု ပြောင်ပင် ဖွင့်ပြောရရှာလေသည်။ ကျွန်ုပ်သည် ထိုသူ့ကို သနားမိလေ၏။)

 

မိတ်စ် အမေလကန် ဂလိတ်စ် အဂိန်းစ် ဟု စကားကိုပင် အမြီးအမောက်တည့်အောင် မပြောတတ်ပါဘဲလျက် သူတို့ကိုယ် သူတို့ အကုန်သိ၊ အကုန်တတ် ဟု ထင်နေပေလေသေး၏။​ ဤသည်မှာလည်း ကျွန်ုပ်က အရမ်းမဲ့ကာရော စွပ်စွဲတာ မဟုတ်ပါ။ သူတို့စစ်ဗိုလ်တစ်ယောက်က “ငါတို့မတတ်တာ ဘာမှမရှိဘူး။ အကုန်တတ်တယ်” ဟု ရေးထားတာကို ကျွန်ုပ် screen shot ရိုက်ထားတာ ရှိပါသည်။ 

 

နောက်ပြီးတော့ မည်မျှ ဗြောင်လိမ်လိုက်ပါသနည်းဟူမူ ကျွန်ုပ်တို့ ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည်ကို သေနတ်နှင့် စွပ်ပစ်၊ သတ်ဖြတ်နေပါလျက် “ဆူပူသောင်းကျန်းသူများအား စစ်အင်အားကို အလွန်အကျွံအသုံးမပြု၊ အပြင်းအထန်နှိမ်နှင်းမှု မပြုပါ” ဟု ဖော်ပြခဲ့လေသည်။ (၁ မတ်လ၊ ၂၀၂၁ ကြေးမုံသတင်းစာ၊ စာမျက်နှာ ၃၊ သတင်းထုတ်ပြန်ချက်) (ပုံ - ၃)

 

နောက်ပြီး ဘုရားပေါ်မှာ မည်သူမျှမရှိပါဘဲလျက် “ပြည်သူများစိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြသည်” ဟု ရေးပါသည်။ (ပုံ - ၄)

 

နောက်ပြီးတော့ အမျိုးသမီးအချို့ကို တွန်းလှည်းပေါ် ပလတ်စတစ်ပုံးများတင် တွန်းစေလျက် နိုင်ငံခြားခရီးသွားများ ဆိုကာ ပြောင်လိမ်သည်။ (ပုံ - ၅)

 

နောက်ပြီးတော့ ATM စက်မှ မော်နီတာကိုရိုက်ခွဲလျက် ATM စက်အားဖျက်ဆီးကာ သိန်း (၆၀၀) ခန့် ယူဆောင်သွား ကြောင်း ဟု ဆိုသေး၏။ ATM စက်တောင် ကောင်းကောင်းမမြင်ဘူးပါဘဲလျက် ရမ်းတုတ်တာတော့ နည်းနည်းလွန်၏။ (ပုံ - ၆)

 

ပြည်သူက မကျေနပ်လို့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာကို NLD က သွေးထိုးလှုံ့ဆော်သောကြောင့်ဟု အသားလွတ် စွပ်စွဲသေး၏။ (ပုံ - ၇)

 

ဤမျှဆိုလျှင်ပင် ထိုသူများသည် လူလိမ်လူကောက်များဖြစ်ကြောင်း ပြည်သူ့ရင်ပြင်၌ ဂေါ်ဇီလာသွားသလို ထင်ထင်ရှားရှား မြင်နိုင်ပါသည်။

 

အောင်မငီး၊ မြတ်စွာဘုရား

ထို လူလိမ်များသာ တိုင်းပြည်ကို အုပ်ချုပ်လို့ကတော့ ငါးပါးသာမက၊ သံဃာစင်ပါ မှောက်တော့မည်။ (ယခင်ကလည်း မှောက်ခဲ့ဖူးပြီ မဟုတ်လော။)

လိမ်တတ်သူသည် ကျန်သည့် ဒုစရိုက်များကို ကျူးလွန်ရန် ဝန်မလေးတော့။

သူမည်သည့်မကောင်းမှုကို ကျူးလွန်သည်ဖြစ်စေ၊ ငါမလုပ်ဟု ပြောင်ငြင်းမှာ ဖြစ်လေသည်။

 

ကျွန်ုပ်တို့ရွာမှ ခိုးတာ အလွန်ဝါသနာပါသော ကိုငအေးအကြောင်း ကျွန်တော် တစ်ခါ ရေးဖူးပါသည်။

တစ်ရက်သား ရွာဘုန်းတော်ကြီးက ကိုငအေးကို တိုင်တွင်ဖက်စေကာ အသားကုန်နှက်ပြီး မေး၏။

ဟဲ့ - ငအေး

ဖျား

ခိုးချင်စိတ်ရှိသေးရဲ့လား

မှန်ပါ့ . . နည်းနည်းတော့ ကျန်ပါသေးတယ်ဘုရာ့

 

ကိုငအေးသည် ခိုးတတ်ပေသည့် စကားကို မှန်မှန်ကန်ကန် ပြောတတ်သည်။ မလိမ်တတ်၊ မညာတတ်။

ဟို ပုခုံးပေါ်မှာ အပွင့်ကြီးတွေတင်ထားသည့် လူကြီးများကား ဗြောင်လိမ်၊ ဗြောင်စားများ ဖြစ်လေရာ . . .

ကျွန်ုပ်မှာ ၎င်းတို့ကို ကိုငအေးလောက်မှ အထင်မကြီး၊​ မလေးစားပါ။

 

ထို့ကြောင့်ပင် ကျွန်တော်မလုပ်ရဲတာ ဘာမှ မရှိဘူး ဟု ပေါ်တင်ကြေငြာရဲတာ ဖြစ်၏။ 

လူသတ်မည်၊ ခိုးမည်၊ ဓားပြတိုက်မည်၊ ပြန်ပေးဆွဲမည်။ နောက်ပြီးတော့ ကျော်လုပ်တာမဟုတ်ရပေါင်ဗျာ ဟု ဇွတ်ငြင်းမည်။

သူတို့စစ်သားတွေ သေနတ်နှင့်ပစ်လို့သေတာကိုပင် ဘယ်ကလာမှန်းမသိတဲ့ ကျည်ဆံတွေ ဟု လုပ်သေးသည်။

၎င်းတို့သည် မိမိတို့ဝတ်ထားသည့် ယူနီဖောင်းကိုမှ အားမနာ။ စကားကို ဗလောင်းဗလဲပြောတတ်လှချေ၏။

 

နောက်ပြီးတော့ ရွှံ့မီးတောင်ကြီးကို နဂါးပွက်အိုင်ဆိုကာ နွားနို့တွေလောင်းချ၊ ပန်းတွေနှင့်ပူဇော် လုပ်တာ သင်တို့အသိ။ 

ဤမျှလောက်သော ဦးဏှောက်နဲ့များ မြန်မာပြည်ကြီးကို အုပ်ချုပ်ချင်သေးသတဲ့။ အဟက်။

အမဲရိုးနှယ်၊ ဟင်းအိုးမှ အားမနာ ဆိုသလို ဖြစ်တော့၏။

 

သို့ဖြစ်လေရာ အသင်တို့သည် ထို ဗြောင်လိမ်၊ ဗြောင်စားများ အဘယ်ကြောင့် အစိုးရမဖြစ်သင့်ကြောင်း ရှင်းရှင်း လင်းလင်း သဘောပေါက်လောက်ပါပြီ။ အနှီလူလိမ်၊ လူသတ်ကောင်များမှာ အစိုးရကို မဆိုထားပါနှင့်။ ဆယ်အိမ်ခေါင်းရာထူးနှင့်တောင် ထိုက်တန်သူများမဟုတ်လေ။

 

ထို ဗြောင်လိမ်၊ ဗြောင်စားများ အစိုးရနေရာကို ဂျပိုးလိုလို၊ သူခိုးလိုလိုနှင့် အချောင်ဝင်နှိုက်မည်ကြံလျှင် ဖနောင့်နှင့်ပေါက်ချရေးမှာ သင်တို့ ကျွန်ုပ်တို့ အလုပ် ဖြစ်တော့၏။ 

 

မြန်မာ့မြေပေါ်တွင် လူယုတ်မာများ၊ လူလိမ်များအတွက် နေရာမရှိစေရ။

 

အရေးတော်ပုံ အောင်ရမည်။

 

အေးငြိမ်း

၆ မတ်လ၊ ၂၀၂၁