Saturday, August 15, 2020

Sky Scraper နှင့် သာထီဖိုးဖာထီ

သောက်မြင် ကပ်လွန်းမက ကပ်လာသောကြောင့် အသားကုန် ဆော်ပလော်တီးပါမည်။

 

(၁) ငါမလုပ်ရဲတာ နှင့် ပတ္တမြားဂူတို့ အကြောင်း

 

အရေးကြီးသည့် စာတမ်းတစ်စောင် ဘာသာပြန်ပေးနေရသောကြောင့် ကျွန်ုပ် အလွန်အလုပ်ရှုပ်လျက် ရှိပါ၏။ စာတမ်း ကလည်း အမေရိကန်က ဥပဒေဖြစ်၍ မနည်းနားလည်အောင် ကြိုးစားနေရ၏။ ဝါကျတစ်ခုကို စာကြောင်း ဆယ်ကြောင်း လောက်ရှိ၏။ ထို့ကြောင့် ဖေ့စ်ဘုတ်ကို တတ်နိုင်သမျှ မေ့ပစ်နိုင်အောင် ကြိုးစားပါ၏။ သို့သော် အီးမေးတွင် ဘာတဲ့ ဖီးမာရှယ်ဆိုလား ပုဂ္ဂိုလ်က သာထီဖိုးဖာထီ ဆိုလားကို ဘာအကြောင်းပြချက်မှ မရှိဘဲ ခေါ်တွေ့မည်ဆိုသည့်သတင်း ဖတ်ရတော့ အင်း၊ ယုတ်ကွက်တွေတော့ လာဦးမည် ဆိုကာ သည်ကနေ့မနက် ဖေ့စ်ဘုတ် ဖွင့်ကြည့်မိ၏။

 

ဘာတဲ့ . . .

. . . . မလုပ်ရဲဒါ ဘာမှ မရှိဘူး။

အောင်မငီး၊ လန့်ထှာတော်။ (ကလူ ကလူ)

(သူ့ကြုံးဝါးပုံကလည်း ရုပ်ရှင်ထဲက လူမိုက်တွေအတိုင်းပဲနော်၊ စဒါဘာ၊ စဒါဘာ)

 

. . . . မလုပ်ရဲတာ ဘာမှ မရှိဘူး။

ယုံပါတယ်ခင်ဗျာ။

လူအုပ်ကြီးထဲလဲ သေနတ်နဲ့ တည့်တည့်ပစ်ရဲပါတယ်။

ဘုန်းကြီးတွေကိုလည်း ဝါးရင်းတုတ်နဲ့ ဆော်ရဲပါတယ်။

ဘုရားတွေတောင်မှ လက်ကိုချိုးရဲပါတယ်။

လယ်မြေတွေကိုလည်း ငါ့မြေဆိုပြီး အတင်းသိမ်းရဲပါတယ်။

ဧရာဝတီမြစ်ကြီးကိုလည်း စိနတို့ဆီ ရောင်းစားရဲပါတယ်။

မြန်မာပြည်ကြီးကိုခါးလည်က ဖြတ်ပြီး ဓာတ်ငွေ့ပိုက်လိုင်းကြီးလည်း သွယ်တန်းဘို့ ခွင့်ပေးရဲပါတယ်။

မြန်မာပြည်မှာရှိသမျှ သစ်တောတွေကိုလည်း ပြောင်အောင် ခုတ်ရဲပါတယ်။

မြန်မာပြည်က ထွက်သမျှ သယံဇာတတွေကိုလည်း အကုန်ဖော်ပြီး ရောင်းစားရဲပါတယ်။

မြန်မာပြည်မှာရှိသမျှ စီးပွားရေးလုပ်ငန်းတွေကိုလည်း လက်ဝါးကြီးအုပ်ပြီး တစ်ဆွေလုံး တစ်မျိုးလုံး ဝအောင် ကျွေးထားရဲပါတယ်။

လူကြီးမင်း မလုပ်ရဲတာ ဘာမှမရှိပါဘူး။

(အဲ . . ဟိုလေ၊ လက်နက်ကိုင်အဖွဲ့တို့၊ ဓာတ်ခဲတို့အကြောင်းတော့ မပြောကြေးနော် . . . နော်လို့)

 

ဟို - နေရင်းထိုင်ရင်း အကုသိုလ်တွေ အတုံးလိုက် အတစ်လိုက် ဝင်နေတဲ့ ငနဲတစ်ယောက်ရှိသေးတယ်။

ဘာတဲ့ . . . ပြည်သူ့အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုပါလား။

ဘူးထွားဟားဟားဟား။

နေပါအုံး ဘယ်ပြည်သူတွေကများ ဘယ်တုံးက သည်ဘွဲ့ကြီးကို အပ်နှင်းလိုက်ပါလိမ့်။

သာထီဖိုးဖာထီ က ဘွဲ့ပေးထားတာ ဆိုရင်တော့လည်း ပြောစရာမရှိဘူးပေါ့နော်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုတဲ့ရာထူးကို အားကျမယ်ဆိုလည်း ကျစရာဘဲပေါ့နော်။

(ရာထူးထွင်ချင်လဲ ကွကိုယ် ထွင်ပါလား။ ယောက်ျားကြီးတန်မဲ့ ထမီရေသီနားကပ်လိုက်ပြီး တု တာ $$ရှက်ကလည်း နည်းနည်းမှ မရှိဘူးနော်။)

ဒါပေမယ့် တန်ရာတန်ရာလုပ်ပါကွယ်။

မတန်မရာလုပ်ရင် ချီးအန်သေတတ်တယ်ကွဲ့ ကောင်လေးရဲ့။

ခေါင်းသာ ဖြူနေတယ်၊ ခုထိ မက်ကျူးဝါးက မဖြစ်သေးဘူး။ သနားလိုက်တာ။

နေ့ရှိသရွေ့ သူတစ်ပါးကို စောင်းမြောင်းဆဲဆို၊ အပြစ်ပြော၊ FB live တွေလွှင့်။

အောင်မယ် တရားတောင် စွဲမယ်ဆိုပါလား။

ဖျား . . . ဖျား . . . ရင်တွေပန်းတွေ တုန်ထှာ။ (ရင်ကတော့ ဟုတ်ပါရဲ့။ မဆီမဆိုင် ဘာဖြစ်လို့ ပန်းက တုန်မှန်းမသိ။)

အဲလေ သူဆဲမယ်ဆိုလည်း ဆဲချင်စရာကိုး ခင်ဗျာ။

အခု ပြည်သူ့အစိုးရတက်လာတော့ အရင်ကလို သူလုပ်ချင်တာတွေကို ရော့၊ အင့် ဆိုပြီး ပိုက်ဆံပေး လုပ်လို့မှ မရတော့ဘဲကိုး။ ဘယ်လောက်တောင် မကျေနိုင်၊ မချမ်းနိုင်တွေ ဖြစ်နေလိုက်မလဲနော်။

ကျိတ်မနိုင် ခဲမရ ဆိုတဲ့စကားလုံးကို သူ့ဘို့ထွင်ခဲ့တာ ထင်ပါရဲ့။

ည ည ရော ကောင်းကောင်းမှ အိပ်ပျော်ရဲ့လားမသိ။ သနားပါတယ်။ 

သူ့ ဣဿာ၊ မစ္ဆေယျစိတ်တွေဟာ သူ့ကို နေ့ရောညပါ နှိပ်စက်နေမှာ။ ကျွတ် to the power 3.

 

ဒီကဗျာလေး ဖတ်ကြည့်ပါ။

 

မှန်ရွှေဂူ ပတ္တမြားကိုလ

ဝက်များက ငြူစူစွာ

ညွန်လူးကာ တိုက်မြဲ

ပွတ်လေလေ

ရွှေဂူမှာ အရောင်ထွက်တယ်

ရှေးကထက် ကဲ။       ။

 

တောထဲမှာ ပတ္တမြားနဲ့လုပ်ထားတဲ့ ဂူတစ်ခုရှိတယ်။ ပတ္တမြားဆိုတော့ အရောင်တွေနဲ့ တောက်ပြောင်နေတာပေါ့။

အဲဒါကို ဝက် (အီအီးစားတဲ့ဝက်) တွေက မနာလိုကြဘူး။

အဲဒီတော့ ရွှံ့နွံအိုင်ထဲသွားပြီး တစ်ကိုယ်လုံးကို ရွှံ့နွံတွေနဲ့လူး။

နောက်ပြီးတော့ ပတ္တမြားဂူကို သူတို့ ကိုယ်လုံးတွေနဲ့ပွတ်။

ဒါပေမယ့် ပတ္တမြားဂူက သူတို့ပွတ်လေ၊ အရောင်ထွက်လေ။

 

ခင်ဗျားနာနာဆဲလေ။ ကျုပ်တို့ခေါင်းဆောင် အရောင်ထွက်လေ။

ကျေးဇူးပါ ပြေသူ့အတိုင်ဘင်ဂံ ပုဂ္ဂိုလ်ဂျီး ခညာ။

 

ဖူး . . ခုမှ နည်းနည်းပေါ့သွားတယ်။

 

(၂) Sky Scraper နှင့် သာထီဖိုးဖာထီ

 

များမကြာမီက Netflix တွင်တင်သည့် Sky Scraper ရုပ်ရှင်ကို ကျွန်တော်ကြည့်၏။ ကောင်း၏။ ဇာတ်ကားအစမှ အဆုံးထိ သဲထိတ်ရင်ဖို ရိုက်ပြထားသည်မှာ သဘောကျဖွယ် ဖြစ်၏။

 

ရုပ်ရှင်တို့ထုံးစံအတိုင်း မသမာသူတို့က အသားကုန် ယုတ်မာကြ၏။​ အဖွဲ့ကလည်း လက်နက်၊ နည်းပညာ၊ လူအင်အား တောင့်လှ၏။ သို့ပေမယ့် ဟဲဟဲ၊​ ဘယ်ရမတုံးခညာ။​ ဒီက ရွှေဘပဲ။ လူမိုက်တို့၏ တိုက်ခိုက်မှုကို ရွှေဘသည် အလူးအလဲ ခံရလေ၏။ သေလုမျောပါးခံရ၏။ သို့သော် နောက်ဆုံးတော့ ရွှေဘနှင့် သူ့မိသားစုများ အောင်ပွဲခံလိုက်နိုင်သည်သာ ဖြစ်လေ၏။

 

ရုပ်ရှင်မှန်သမျှ အားလုံးချုပ်ကြည့်လျှင် မည်သည့်နိုင်ငံက မည်သည့်ကားပင်ဖြစ်ပါစေ၊ သည်သဘောချည်းသာဖြစ်၏။ တစ်နည်းအားဖြင့် ဓမ္မနှင့် အဓမ္မတို့၏ အားပြိုင်မှုကို ဖော်ကျူးထားကာ နောက်ဆုံးတော့ ဓမ္မကို အနိုင်ပေးလိုက်၏။

 

Act of Valor ကတော့ မူးယစ်ရာဇာတို့နှင့် အမေရိကန် ကွန်မန်ဒိုတို့၏ အားပြိုင်ပွဲ ဖြစ်၏။ သူလည်း ကောင်းပါသည်။ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ထားတာ ဖြစ်၏။ သို့သော် ကြေကွဲဖွယ်ရာဇာတ်လမ်းလေးနှင့် အဆုံးသတ်သွား၏။

 

ယခု ကျွန်ုပ်တို့ တိုင်းပြည်တွင်လည်း ၂၀၂၀ ရွေးကောက်ပွဲတည်း ဟူသည့် ဇာတ်ကားတွင် ဓမ္မနှင့် အဓမ္မတို့၏ အားပြိုင်မှု များကို အထင်းသား မြင်နိုင်ပါ၏။ 

 

ဟိုဘက်ရွာသားတို့သည်လည်း ရသမျှနည်းပေါင်းစုံသုံးကာ အသားကုန် ယုတ်ကြလိမ့်မည်။

ဤသည်မှာ သူတို့အလုပ် သူတို့လုပ်တာဖြစ်၏။

ယုတ်ကြလိမ့်မည်ဟု သုံးရခြင်းမှာ ၎င်းတို့အဘိဓာန်တွင် တရားမျှတသောနည်း၊ သူ့ထက်သာအောင်လုပ်ပြခြင်းဖြင့် ပြည်သူများ၏ မဲကို ရအောင်ယူနည်း ဟူသည့် စကားလုံးများ ပျောက်ကွယ်နေသောကြောင့်တည်း။

 

မဲစာရင်းများ သည်မျှမှားနေတာကို ရိုးရိုးသားသားမှားသည်ဟု ထင်ရလောက်အောင် ကျွန်ုပ်သည်မျှ မတုံးသေးပါ။

အဘယ်ကြောင့် ဦးတင်မောင် နှင့် ဒေါ်ဝင်းတို့ သည်မျှ များနေရဘိသနည်း။

အဘယ်ကြောင့် မွေးသက္ကရာဇ်များ ဇောက်ထိုးမိုးမျှော် ဖြစ်နေရဘိသနည်း။

အဘယ်ကြောင့် မှတ်ပုံတင်နံပတ်တွင် ဂဏန်းများမှာ သုညချည်း ဖြစ်နေရသနည်း။

 

မတော်တဆအမှားဆိုသည်မှာ မှတ်ပုံတင်နံပါတ် ၁၂၃၄၅၆ ကို ၁၂၃၅၄၆ ဟု ရေးမိတာမျိုးသာဖြစ်မည်။

ဦးတင်မောင်ကို ဦးသင်မောင် ဟု ရေးမိတာမျိုးသာဖြစ်မည်။

ဤသည့်အမှားများကို ရိုးရိုးသားသားမှားပါသည်ဟု အသင်တို့သည် ချေးကိုငုံ၍ ပြောအံ့။

ကျွန်ုပ်ကတော့ ချေးအရသာကို ကြိုက်လို့သာ ငုံသည်ဟု မှတ်ထင်ပါမည်။

 

ငါတို့အာဏာရလျှင် ဘာလုပ်ပြမည်၊ ညာလုပ်ပြမည်ဟု ပေါက်တတ်ကရတွေ လာပြောမနေပါနှင့်။

အကျွန်ုပ်တို့ တစ်သက်လုံး အသင်တို့သာ တိုင်းပြည့်အာဏာကို ကိုယ့်ယောက္ခမဆီက ရသည့် အမွေကဲ့သို့ လက်ဝါးကြီး အုပ်ထားခဲ့တာ မဟုတ်လော။ အဲသည်တုံးကတော့ မလုပ်ခဲ့ဘဲ၊ ခိုးဘို့လောက် စဉ်းစားနေပြီး ဘာအခုမှ လုပ်ပြချင်ရသေးသနည်း။ 

အမှန်တကယ် လုပ်ပြချင်သည်ဆိုလျှင်တောင်မှ ကျွန်ုပ်တို့ ယုံလောက်အောင် စကားကို ပြောပါလော့။

အရည်အချင်းရှိသူမှန်လျှင် ယခု သင်တို့ပြောနေသည့် ကလေးကစားစရာ စကားမျိုးကို ပြောလိမ့်မည်မဟုတ်။

သင်တို့ပြောစကားအရ သင်တို့ အရည်အချင်းကို ကျွန်ုပ်တို့ ခန့်မှန်းနိုင်သည်သာ ဖြစ်၏။

 

အချို့က ဘယ်ပါတီက ဘယ် အမတ်လောင်းဟာဖြင့် လူတော်ကလေး ဖြစ်သည် ဆို၏။

ထို့ကြောင့် ထိုလူတော်ကလေးကို မဲထည့်မည်ဟု ဆိုကြ၏။

ထိုလူတော်ကလေးသည် ထိုပါတီ၏ လောင်းရိပ်မှ လွတ်နိုင်ပါမည်လား။

ထိုပါတီ၏ ဆုံးဖြတ်ချက်ကို လွန်ဆန်နိုင်ပါမည်လား။ 

မိမိယုံကြည်ချက်ကို မိမိဘာသာ လွတ်လွတ်လပ်လပ် လုပ်နိုင်မည်ဟု အသင်တို့ ထင်ပါသလား။

 

အချို့ကလည်း ၎င်းတို့ဒေသမှ အာဏာရပါတီ၏ လွှတ်တော်ကိုယ်စားလှယ်ကို စိတ်ပျက်ကြကုန်၏။

လူထုမကြိုက်သော လွှတ်တော်ကိုယ်စားလှယ်ကိုပင် ပြန်လည် ရွေးချယ်ထားသဖြင့် စိတ်ကုန်ကြကုန်၏။

ဤသည်မှာ NLD ၏ ကိစ္စဖြစ်၏။

ကျွန်ုပ်တို့ ဘာမှတတ်နိုင်သည့်အလုပ် မဟုတ်။

 

သို့သော် မိတ်ဆွေတို့ စဉ်းစားကြည့်ကြပါဘိ။

ယခုပင်လျှင် NLD အစိုးရ လုပ်လို့မရသည့် ကိစ္စတွေ အများကြီးရှိသည်။

နေပြည်တော် မူကြိုကျောင်းမှ​ သူငယ်မကလေးကိစ္စ ဘာတတ်နိုင်ပါသနည်း။ အဘယ်ကြောင့်နည်း။

ဖားကန့်တွင် အဝီစိရောက်အောင် မနိုင့်ရင်ကာ ကျောက်တွေတူးနေသည့်ကိစ္စ အဘယ်ကြောင့် လက်ပိုက် ကြည့်နေရပါသနည်း။ အသင်တို့တောင် သည်ကိစ္စသိသေးလျှင် NDL အစိုးရအနေနှင့် မသိဘူးဆိုတာ လုံးဝ မဖြစ်နိုင်။​ မတတ်နိုင်၍ လက်လျှော့ထားတာ ဖြစ်ပါလိမ့်မည်။ ကျွန်ုပ်မသိပါ။

အဘယ်ကြောင့်နည်း။

 

(၃) အပ္ပမာဒေန၊ သမ္ပာဒေထ

 

ယခုလက်ရှိ NLD သည် တင်းပြည့်ကျပ်ပြည့် အစိုးရမဟုတ်။ 

ပြောရလျှင် သူတို့ကိုယ်သူတို့တောင် အပြည့်အဝ အစိုးရသေးတာမဟုတ်။

အစိုးရအဖွဲ့ထဲမှာပင်လျှင် NLD အစိုးရကို နာမည်ပျက်အောင်၊ ဒုက္ခများအောင်၊ အကျဉ်းအကျပ်ဖြစ်အောင် လုပ်နေသူတွေ တစ်နည်းအားဖြင့် Sky Scraper ရုပ်ရှင်ထဲကလို ပူးသတ်နေသူတွေ အများကြီးရှိသည်။

သဟာနှင့်များတောင်မှ ဘာကိုများ သင်တို့က မျှော်မှန်းနေပါသေးသနည်း။

 

ကျွန်ုပ်တို့ ပထမဆုံးလုပ်ရမည်မှာ NLD ကို ရာနှုန်းပြည့် အစိုးရဖြစ်လာစေရေးပင် ဖြစ်၏။ 

ဤသို့ဖြစ်ရေးမှာ ဘုံမဟုတ် ပတ်မဟုတ် အစိတ်သားကို ကန်ထုတ်ပစ်ဖို့ လို၏။

ဤအစိတ်သားကို ကျွန်ုပ်တို့ လူထုအားဖြင့်သာ ကန်ထုတ်ပစ်နိုင်၏။

 

အသင်တို့သည် တွေဝေမနေကြကုန်လင့်။

အမေရိကန်တွင် ရူးကြောင်ကြောင်တစ်ယောက် အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်လာသဖြင့် အဘယ်မျှ ပြဿနာတွေ တက်နေရသနည်းဆိုသည်ကို သင်တို့ မျက်မြင်ကိုယ်တွေ့ဖြစ်၏။ 

အသင်တို့သည် လူရွေးမမှားကြကုန်လင့်။

 

အင်မတန်ချစ်စရာကောင်းသည့် အင်ဒီယာဂန္ဒီ အဘယ်ကဲ့သို့ လုပ်ကြံခံခဲ့ရသည်ကို အသင်တို့ သိပါသည်။

အနီး၌ရှိနေတိုင်း လူယုံဟု အသင်တို့သည် စိတ်ချမနေကြကုန်လင့်။

“မလုပ်ရဲတာ ဘာမှ မရှိဘူး” ဆိုသည်မှာ စိန်ခေါ်လိုက်သည့် စကားဖြစ်၏။

လုပ်လို့ရတာမှန်သမျှ အကုန်လုပ်လိမ့်မည်။

အနာဂတ်ကိစ္စ၊ တိုင်းပြည်ကိစ္စ၊ ကောင်းတာဆိုးတာ ဘာမှ စဉ်းစားနေလိမ့်မည် မဟုတ်။

ဆိုလိုသည်မှာ သူ့လမ်းတွင် ရှုပ်နေတာမှန်သမျှ အကုန်ရှင်းပစ်ဘို့ ဝန်လေးနေမှာ မဟုတ် ဆိုသည်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်ခြင်းဖြစ်၏။ 

 

အသင်တို့သည် နေ့ညဉ့်မပြတ် သတိရှိကြကုန်လော့။

လူယုတ်ဆိုတာ ချိုပါတာမဟုတ်။

 

ဓမ္မကသာ အောင်ပွဲခံရမည်။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၅ ဩဂုတ်လ၊ ၂၀၂၀

 

ဒီနေ့သွားတွေ့တဲ့ (၃၄)ပါတီ (သို့) ဒီမိုကရေစီနဲ့ တွဲဖက်မစားသုံးသင့်သောပါတီများ
Credit - Myanmar Harp Media မှကူးပြီးအမှတ်စဉ်တပ်ထား။


(၁)ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊
(၂)တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးနေဝင်း၊
(၃)အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊
(၄) အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်၊
(၅)ခေတ်သစ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊
(၆)အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊
(၇)ပြည်သူ့ ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ခိုင်၊
(၈)အမျိုးသား နိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိမ်းကြည်၊
(၉)အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်၊
(၁၀)ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဒုတိယဥက္ကဋ္ဌ ဦးတင့်ဆွေ၊
(၁၁)လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်း(ခ)ဆီဖာလာလူ၊
(၁၂)ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ နာယက ဦးစောထွန်းကြည်၊
(၁၃)ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဖိုးရယ်၊
(၁၄)ဝံသာနုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြာ၊
(၁၅)" ၀ "အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဦးရန်ကျော်၊
(၁၆)ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊
(၁၇)ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ ယာယီ ဥက္ကဋ္ဌ ဦးမျိုးညွန့်၊
(၁၈)မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွန်းခိုင်၊
(၁၉)ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ ဥက္ကဋ္ဌ ဦးအေးကြိုင်၊
(၂၀)ခေတ်သစ်ပြည်ထောင်စုပါတီ ဥက္ကဋ္ဌ ဦးအောင်သန်း၊
(၂၁)ဗမာပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်သန်းတင့်၊
(၂၂)မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာဦး၊
(၂၃)ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးပိုက်ထွေး၊
(၂၃)ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းနိုင်၊
(၂၄)မြန်မာနိုင်ငံတောင်သူလယ်သမား၊ အလုပ်သမားပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်မျိုးခိုင်၊
(၂၅)၈၈ မျိုးဆက်ဒီမိုကရေစီပါတီ ဒုတိယဥက္ကဋ္ဌ ဦးသောင်းဦး၊
(၂၆)လူထုပါတီ ဥက္ကဋ္ဌ ဦးပါစီပြည်ဟိန်း(ခ)ဦးမျိုးမင်းထွန်း၊
(၂၇)မြန်မာပြည်သူ့ဒီမိုကရက် တစ်ပါတီ ဥက္ကဋ္ဌ ဦးဌေးကျော်၊
(၂၈)ပြည်သူ့အလုပ်သမားပါတီ ဥက္ကဋ္ဌ ဦးကျော်ဇင်၊
(၂၉)ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စန်းမူ၊
(၃၀)ပြည်သူ့အင်အားပါတီ ဥက္ကဋ္ဌ ဦးဌေးအောင်၊
(၃၁)ပြည်ထောင်စုလယ်သမား၊ အလုပ်သမား အင်အားစုပါတီ ဥက္ကဋ္ဌ ဦးမင်းသူ၊
(၃၂)အမျိုးသား တိုးတက်မြင့်မားရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စိန်၊
(၃၃)မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုး၊
(၃၄)အခြေခံလူတန်းစားဘ၀မြင့်မားရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးကျော်မြင့်(ခ)မိုက်ကယ် ကျော်မြင့်

 

No comments: