နိဒါန်း
What is SkillsFuture - video
စင်ကာပူဟာ လူအရင်းအမြစ်ပျိုးထောင်ရေးကို အစဉ်တစိုက် ကြိုးစားလုပ်ဆောင်နေတယ်ဆိုတာ စင်ကာပူမှာ နေသူတိုင်း သိပါတယ်။
စင်ကာပူမှာ အလုပ်လုပ်သူတိုင်းဟာ မသိချင်လို့၊ မတတ်ချင်လို့ကို မရဘူး။ သိကိုသိရအောင်၊ မတတ်မနေရ တတ်ကိုတတ်ရအောင် အစိုးရက နည်းမျိုးစုံနဲ့ လုပ်ပါတယ်။ စင်ကာပူကို ရိုးရိုးအလုပ်သမား အနေနဲ့လာရင်တောင် trade course ကို သိန်း (၃၀) လောက်ပေးပြီး မြန်မာပြည်မှာ တက်ခဲ့ကြရတယ်။ အဲဒီလက်မှတ်ရှိတာတောင် high levy အနေနဲ့ပဲ ရှိသေးတယ်။ low levy ဖြစ်ချင်ရင် သင်တန်းထပ်တက်။ လက်မှတ် ထပ်ယူ။ ဒါနဲ့တောင် မပြီးသေးဘူး။ စင်ကာပူရောက်တာနဲ့ အလုပ်လုပ်ဖို့ Basic safety course ကို တက်ကြရသေးတယ်။ အဲဒါမတက်ဘဲ အလုပ်လုပ်လို့မရ။ 
နောက်ပြီး လုပ်သမျှအလုပ်တိုင်းအတွက် သင်တန်းတက်ရတယ်။ မတက်ချင်လို့မရ။ အဲဒါကို ဥပဒေနဲ့ ပြဌာန်း ထားတယ်။ ဥပဒေကတော့ Factories (Trainings) Order ဖြစ်ပါတယ်။ 
စင်ကာပူမှာ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအတွက် ဥပဒေက WSH Act (Workplace Safety and Health Act) ဖြစ်ပါတယ်။ အဲဒီဥပဒေမှာ အလုပ်ရှင်တွေက အလုပ်သမားတွေအတွက် ပံ့ပိုးပေးရမှာတွေကို ပြဌာန်းထားတယ်။ ပုဒ်မ 12. (3). (e) အရ အလုပ်ရှင်ဟာ အလုပ်သမားတွေကို -
၁။ သင်တန်းပေးဘို့
၂။ အလုပ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက် အပြည့်အစုံပေးဘို့
၃။ ပြည့်စုံတိကျတဲ့ ညွှန်ကြားချက်ပေးဘို့
၄။ အနီးကပ်ကြီးကြပ်မှုပေးဘို့ - အဲဒီ (၄) ချက်လိုတယ်။
            ခုပြောမယ့် အကြောင်းအရာကတော့ စင်ကာပူအစိုးရဟာ လူတွေကို ကျွမ်းကျင်လုပ်သားတွေဖြစ်လာအောင် ဘယ်လို စီမံထားတယ်။ ဘာတွေလုပ်နေတယ်ဆိုတာ ဖြစ်ပါတယ်။ 
            SkillsFuture ဆိုတာကတော့ စင်ကာပူနိုင်ငံသားတွေဟာ သူတို့ ဘယ်လိုအခြေအနေမှာပဲ မွေးဖွားခဲ့၊ မွေးဖွားခဲ့၊ သူတို့ဘဝကို ဘယ်လိုပဲစခဲ့၊ စခဲ့။ သူတို့ရည်မှန်းထားတဲ့ပန်းတိုင်ကို ရောက်နိုင်စေဘို့ သူတို့ဘဝတလျှောက် မြင့်သထက် မြင့်လာအောင် လုပ်နိုင်စေမယ့် တမျိုးသားလုံးဆိုင်ရာ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုကြီးကနေ စင်ကာပူနိုင်ငံ သားတွေဟာ ကျွမ်းကျင်မှုတွေ၊ စိတ်ဓာတ်ခွန်အားတွေနဲ့ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး/လူမှုဘဝမြင့်မားရေးတွေမှာ လူတိုင်းလူတိုင်း ကျရာအခန်းကဏ္ဍကနေ ပါဝင်ထမ်းဆောင်လာနိုင်မှာ ဖြစ်ပါတယ်။
            ကျောင်းသားဘဝ၊ အလုပ်ဝင်စ၊ ရုန်းကန်နေရဆဲကာလတွေမှာ ဘယ်လိုအခြေအနေတွေပဲ ရှိနေပါစေ။ သင်ဟာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူ ဖြစ်လာအောင် လုပ်နိုင်ဘို့ SkillsFuture ရဲ့ အစီအစဉ်မှာ ရင်းမြစ်တွေ ရှိနေတယ် ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ တတ်မြောက်ကျွမ်းကျင်တယ်ဆိုတာ လက်မှတ်ကလေးတစ်ခု ပိုင်ဆိုင်ရုံမျှသာ မဟုတ်ပါဘူး။ လေ့လာရင်း၊ သိထားတာတွေကို လက်တွေ့ အသုံးချရင်း နဲ့ လုပ်ငန်းအတွေ့အကြုံတွေကနေ ကိုယ့်အလုပ်ကိုကိုယ် တကယ်လက်တွေ့ ကျွမ်းကျွမ်းကျင်ကျင် ဖြစ်လာအောင် လုပ်ဘို့လိုပါတယ်။ 
            အဲဒါကိုကြည့်ခြင်းအားဖြင့် စင်ကာပူဟာ သူတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရာမှာ နိုင်ငံသားတိုင်း ပူးပေါင်း ပါဝင်ဘို့နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားတွေရဲ့ အရည်အချင်းကို မြှင့်တင်ပေးဘို့ ဘယ်လောက် အလေးထားတယ် ဆိုတာကို တွေ့နိုင်ပါတယ်။
Future Economy Council, ပညာရေး၊ သင်တန်းကျောင်း၊ အလုပ်ရှင်တွေ၊ သမဂ္ဂအဖွဲ့တွေရဲ့ အကူအညီနဲ့ တစ်သက်လုံး စဉ်ဆက်မပြတ်လေ့လာရင်း၊ ပိုမိုတတ်မြောက်အောင် ကြိုးစားပြီး ကိုယ့်ရဲ့ ပိုမိုတောက်ပတဲ့အနာဂတ်ကို ကိုယ်ကိုယ်တိုင် ဖန်တီးနိုင်ပါမယ်။ အဲဒါဟာ . . . 
သင့်ရဲ့ ကျွမ်းကျင်မှု၊ အရည်အသွေး နဲ့ အနာဂတ် . . . ပါဘဲ။
 (၁) မူဘောင် (Frame work)
Skill Future Framework
A series of simple sectoral guides for everyone to make informed decisions on . . . . 
1. Education and training                   
2. Career Development
3. Skills Upgrading
(၂) SkillsFuture က ဘယ်သူ့အတွက်လဲ
Your Skill Future Journey - video
စင်ကာပူမှာ ရှိနေသူတိုင်းဟာ SkillsFuture ခရီးစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပါဘဲ။ ပညာရေး ဒါမှမဟုတ် အလုပ်နဲ့ ပတ်သက်လို့ မင်းကိုယ်တိုင်ရဲ့ ရွေးချယ်မှုပဲဖြစ်ဖြစ်၊ တခြားသူကို လမ်းညွှန်တာပဲ ဖြစ်ဖြစ် အဲဒါတွေဟာ လူတစ်ယောက် ရဲ့ အလားအလာကို အမြင့်ဆုံးထိ ဆွဲတင်ဘို့ နဲ့ သူ့ရဲ့ကျွမ်းကျင်မှုမှာ ဆရာတစ်ဆူဖြစ်အောင် မြေတောင်မြှောက်ပေးဘို့ ဦးဆောင်သွားနိုင်ရမယ်။ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဘို့နဲ့ အောင်မြင်မှုတွေရဘို့ ဘဝတလျှောက်လုံး သင်ယူဘို့နဲ့ ကျွမ်းကျင်မှုအရာမှာ ဆရာတစ်ဆူဖြစ်နေအောင်လုပ်ဖို့ ဘယ်လိုလုပ်မလဲဆိုတဲ့ လမ်းကြောင်းတွေ ချမှတ်ထားရမယ်။ ဒီနေရာမှာ စင်ကာပူနိုင်ငံသားတိုင်း၊ အလုပ်တိုင်း၊ ဘဝရဲ့ အဆင့်တစ်ခုတိုင်းကို ထည့်တွက်ရမယ်။
ဒီမှာ SkillsFuture ခရီးစဉ်ကို အကျဉ်း ရှင်းပြပါမယ်။
ကလေးတွေကို လူ့ဘဝမှာ ဘယ်လိုနေရထိုင်ရမယ်၊ အလုပ်လုပ်တဲ့အခါ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုစိတ် ထားရမယ်ဆိုတာကို ကျောင်းမှာကတည်းက ခိုင်မာအောင် အခြေချပေးလိုက်ရမယ်။ သူတို့ကို ဘယ် လုပ်ငန်းကိုပဲ ဝင်ဝင် အားအင်တွေ၊ စိတ်ဝင်စားမှုတွေနဲ့ ရည်မှန်းချက်တွေကို ပေးနိုင်ရမယ်။ 
ကလေးတွေဟာ ပညာရေးကနေမှတဆင့် သူတို့ဘာကိုစိတ်ဝင်စားသလဲ၊ ဘာကိုလုပ်ချင်သလဲ ဆိုတာ ရွေးချယ် နိုင်ရမယ်။ ဒီ SkillsFuture အစီအစဉ်က ကလေးတွေကို လုပ်ငန်းခွင် သတင်းအချက်အလက်တွေကို ပေးတဲ့အတွက် သူတို့ဟာ ကိုယ် ဘာကိုစိတ်ဝင်စားသလဲ ဆိုတာရယ်၊ ဘယ်ဧရိယာမှာ သူပိုပြီး အားသာသလဲ ဆိုတာတွေကို ရှာနိုင်မယ်။
ဒီမှာ စိတ်ပျက်စရာတစ်ခုကို ပြောရအုံးမယ်။
မြန်မာပြည်က ကျောင်းသားတွေ/မိဘတွေ အနေနဲ့ ရွေးချယ်စရာကို နှစ်လမ်းပဲထားတယ်။ 
၁။ ဆရာဝန်ဖြစ်ဘို့. ၂။ အင်ဂျင်နီယာဖြစ်ဘို့
သိပ်စိတ်ပျက်စရာကောင်းတယ်။
ဆရာဝန်နဲ့ အင်ဂျင်နီယာလိုင်း မရရင်ကိုဘဲ လူ့ဘဝမှာ လူဖြစ်ရှုံးပြီ။ သုံးစားလို့မရတော့ဘူး။ အခြေအနေကို ကလည်း အဲဒီအတိုင်းကို ဖြစ်နေတယ်။ ဆိုတော့ ကလေးတွေဟာ သူတို့လုပ်ချင်တာ၊ သူတို့စိတ်ဝင်စားတာကို စွမ်းစွမ်းတမံ မလုပ်နိုင်တော့ဘူး။ အဲဒါဟာ အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်တယ်။ ကိုယ်စိတ်မဝင်စားတဲ့အလုပ်ကို လုပ်နေရတဲ့သူတစ်ယောက်ဟာ ဘယ်တော့မှ အောင်မြင်နိုင်စရာ အကြောင်းမရှိဘူး။ ရလဒ်အနေနဲ့ ဆရာဝန် စာရေးဆရာတို့၊ ဆရာဝန်အဆိုတော်တို့ ပေါ်လာရော။
စင်ကာပူမှာ ခလေးတွေကို သူတို့စိတ်ဝင်စားတာ လုပ်နိုင်ဘို့ ဘယ်လိုရွေးချယ်ခွင့်တွေ ပေးထားတယ်ဆိုတာကို ရှေ့မှာ ကျွန်တော် ထပ်ရှင်းပြပါဦးမယ်။ 
အခု ကျွန်တော့်သားဟာ ပန်းချီဆွဲတာ အင်မတန် ဝါသနာပါတယ်။ ကျွန်တော်ကလည်း သူဝါသနာပါတဲ့ ပန်းချီ ကိုပဲ အားပေးတယ်။ သူလိုချင်သမျှ ပန်းချီပစ္စည်းတွေကို ဘယ်လောက် ဈေးကြီးကြီး ဝယ်ပေးတယ်။ အဲဒီအတွက် သူဟာ ၁၃ နှစ်သားပဲရှိသေးပေမယ့် ဟောဒီမှာ သူဆွဲထားတဲ့ ပန်းချီကားလေးတွေ ကြည့်ပါ။  
အခု SOTA (School Of The Art, Singapore) လျှောက်ထားတယ်။ မနက်ဖြန် ၈ ရက်နေ့ ညနေ ၆ နာရီဆို ဝင်ခွင့်တွေ ထုတ်ပြန်ကြေငြာလိမ့်မယ်။ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ပန်းချီဝါသနာပါတဲ့သူ့ကို ဆရာဝန်/အင်ဂျင်နီယာလုပ်ဖို့ ကျွန်တော် တိုက်တွန်းလိမ့်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ငယ်ငယ်က ဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ကို သားကို အပြည့်အဝပေးထားတယ်။ သူမလုပ်ချင်တာ မလုပ်စေရဘူး။ 
            ဒါပေမယ့် ကျောင်းကထွက်လာပြီးနောက် သူ့မှာ အလုပ်နဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေ ဘယ်မှာရှိအုံးမှာလဲ။ အလုပ်ဝင်တဲ့အခါ သူ့အနေနဲ့ ငါရွေးတာ မှန်ရောမှန်ရဲ့လားလို့ သံသယတွေ ဖြစ်နေနိုင်တယ်။ အဲဒီအတွက် ကျောင်းမှာ လေ့လာသင်ကြားတာနဲ့ လုပ်ငန်းခွင်မှာ လေ့လာသင်ကြားတာကို ပေါင်းစည်းပေးဘို့လိုတယ်။ အဲသလိုလုပ်ခြင်းအားဖြင့် ခုမှစအလုပ်ဝင်စ သူတွေအနေနဲ့ လုပ်ငန်းကျွမ်းကျင်မှုကိုရော လုပ်ခလစာကိုပါရမယ့် အခွင့်အလမ်းတွေကို ရလာမယ်။ တချိန်တည်းမှာပဲ သူဟာ ကျွမ်းကျင်လုပ်သားဖြစ်တယ်ဆိုတဲ့ လုပ်ငန်းခွင် ထောက်ခံချက်တွေကိုပါ ရနိုင်တယ်။ အဲဒါကြောင့် သူဟာ အစကောင်းမယ်။
            အလုပ်လုပ်ပြီး သိပ်မကြာခင်မှာ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ငါ့ကျွမ်းကျင်မှုနဲ့ ငါလုပ်နေရတာတွေဟာ အံဝင်ခွင်ကျ ဖြစ်ရဲ့လား။ ငါ့အလုပ်ကို ပိုပြီး ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်ဘို့ သင်တန်းတွေ တက်ဘို့လိုမလား၊ ငါ့ကိုယ်ငါ ပိုပြီး အဆင့်မြှင့်ရမလား။
            ဒီအဆင့်ကျတော့ သင့်ကို ပိုကျွမ်းကျင်လာအောင်၊ သင့်ကျွမ်းကျင်မှုတွေကို အဆင့်မြှင့်နိုင်အောင်၊ ကျွမ်းကျင်မှု အသစ်တွေ သင်ယူနိုင်အောင် SkillsFuture က သင့်ကို ကူညီပါလိမ့်မယ်။
            SkillsFuture က အင်မတန်ကျယ်ပြန့်တဲ့ ပညာရေးနဲ့ သင်တန်းတွေကို ပံ့ပိုးပေးပါတယ်။ Biotechnology, Supply Chain Management, Digital Media Creation, Nursing စသဖြင့် ဘာသင်တန်းတွေ တက်ချင်သလဲ။ တက္ကသိုလ်တွေ၊ ပိုလီတက္ကနစ်တွေ၊ ITE တွေ၊ စဉ်ဆက်မပြတ် သင်ယူရေးအစီအစဉ်တွေကနေ အချိန်ပိုင်း လေ့လာ သင်ယူလို့ရပါတယ်။ 
            အချိန်ပြည့်သင်တန်းတက်ဘို့ အချိန်မရှိဘူးလား။ ပြဿနာမရှိပါဘူး။ ရက်တိုသင်တန်းတွေလည်း ရှိပါတယ်။ တစ်ပိုင်းချင်း တက်ပေါ့။ သင်တန်းတက်ဘို့ အစိုးရရဲ့ အထောက်အပံ့တွေ၊ Study award တွေ၊ sponsorship တွေ ရှိပါတယ်။ အခုက သင်ကြားရေးတွေ အဆင့်မြင့်လာတော့ ကျောင်းသွားစရာမလိုတော့ဘဲ အွန်လိုင်းကနေ အချိန်မရွေး၊ နေရာမရွေး လေ့လာသင်ကြားနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေပါပြီ။ 
            ဒါနဲ့ ပင်စင်ယူသွားရင်ရော လေ့လာသင်ယူဘို့ လိုအုံးမလားဗျာ။ လိုတာပေါ့။ သင်ယူတယ်ဆိုတဲ့နေရာမှာ အကန့် အသတ်၊ အသက်အရွယ်ဆိုတာ မရှိပါဘူး။ စဉ်ဆက်မပြတ် လေ့လာသင်ယူနေဘို့ လိုပါတယ်။ 
SkillsFuture ဟာ စင်ကာပူနိုင်ငံသားတိုင်းကို လေ့လာသင်ယူရေးမှာ အထောက်အကူ ပေးပါတယ်။ အဲဒါအပြင် သူတို့ဟာ သူတို့ရဲ့ အသိပညာတွေကို ပြန်လည်မျှဝေ ပေးရင်းနဲ့ သူတို့ လူ့အဖွဲ့အစည်းကို အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။ SkillsFuture ဟာ . . . 
သင့်ရဲ့ ကျွမ်းကျင်မှု၊ အရည်အသွေး နဲ့ အနာဂတ် . . . ပါဘဲ။
(၃) တွန်းအား (၄) ရပ်
SkillsFuture: Your Skills, Your Asset, Your Future
§  လူတစ်ယောက်ချင်းစီကို ပညာရေး၊ လေ့ကျင့်ရေးနဲ့ အသက်မွေးမှုလုပ်ငန်းတွေမှာ သေသေချာချာ သတင်းပေး ထားတဲ့ ရွေးချယ်မှုတွေ လုပ်စေနိုင်ဘို့
§  လိုအပ်ချက်တွေကို တုန့်ပြန်နိုင်မယ့် ပေါင်းစည်းထားတဲ့ အရည်အသွေးမြင့် ပညာရေးနဲ့ လေ့ကျင့်ရေးစနစ်တစ်ခု ထူထောင်ဘို့
§  အလုပ်ရှင်တွေရဲ့ အသိအမှတ်ပြုခြင်းကို မြှင့်တင်ဘို့နဲ့ ကျွမ်းကျင်မှုနဲ့ တတ်မြောက်မှုတွေပေါ် အခြေခံထားတဲ့ သက်မွေးမှုလုပ်ငန်းတွေ ထူထောင်ဘို့
§  တစ်သက်တာ လေ့လာသင်ယူမှုမှာ ပါဝင်မယ်၊ အထောက်အကူပြုမယ်ဆိုတဲ့ အလေ့အထကို မြှင့်တင်ဘို့
(၄) ကျောင်းသားတွေအတွက်
            ကျောင်းသားတွေဟာ ကိုယ့်အနာဂတ်အတွက် ရွေးစရာတွေက များလွန်းတော့ ဘာရွေးရမှန်း မသိဘူး။ အဲဒီအတွက် ကိုယ့်သက်မွေးဝမ်းကျောင်းအလုပ်အတွက် ဘယ်ပညာရေးလိုင်းကို ယူမလဲ။ ကိုယ့်ဘဝရဲ့ အဆင့်တိုင်းမှာ ကိုယ်စိတ်ဝင်စားတဲ့၊ ကိုယ့်အားသာချက်နဲ့ကိုက်ညီတဲ့၊ ကိုယ့်ရည်မှန်းချက်နဲ့ကိုက်ညီတဲ့ ပညာရေးလမ်းကြောင်းကို ရှာပါ။ နောက်ပြီးတော့မှ ကိုယ့်ကျွမ်းကျင်မှု၊ ကိုယ့်အစွမ်းအစကို ပြနိုင်ဘို့ လမ်းကြောင်း ရေးဆွဲရမယ်။
            ဘယ်လမ်းကြောင်းကိုပဲ ရွေးရွေး၊ အနာဂတ်ဘဝ အောင်မြင်ရေးဆိုတာကတော့ ဘယ်ဘွဲ့ကို ရတာလဲဆိုတာ ထက် အများကြီး ပိုပါသေးတယ်။ ဘာအလုပ်ကိုပဲ လုပ်သည်ဖြစ်စေ၊ ကိုယ်ရွေးချယ်ထားတဲ့ နယ်ပယ်မှာ ကိုယ်ဟာ စပယ်ရှယ်လစ်စ်တစ်ယောက် ဖြစ်ဘို့အတွက် ဘဝတစ်လျှောက် စဉ်ဆက်မပြတ် လေ့လာသင်ယူနေဘို့လိုပါတယ်။ ကိုယ် ဆက်ပြီး လေ့လာလေလေ၊ ကိုယ့်အတွက် အခွင့်အလမ်းတွေ ပိုပွင့်လာလေလေ၊ ကိုယ့်ပညာတွေ ပိုပြီး တန်ဘိုးရှိလာ လေလေ ဖြစ်မယ်။
            အလုပ်လုပ်ရင်း ပညာသင်ဘို့ SkillsFuture က စီမံထားတာတွေ -
မှတ်ချက်။        ။ SkillsFuture အစီအမံများမှာ အလွန်များပါသည်။ အကုန်ဘာသာပြန်ရလျှင် စာအုပ်ကြီးတစ်အုပ်စာ ရှိသဖြင့် လိုရင်းမျှသာ ပြောပါမည်။ အသေးစိတ်ကို skillsfuture.sg website တွင် ဖတ်နိုင်ကြပါသည်။
            ဘယ်လိုနည်းနဲ့ ကျောင်းပြီးခဲ့၊ ကျောင်းပြီးခဲ့၊ SkillsFuture အစီအစဉ်နဲ့ နိုင်ငံသားတိုင်းဟာ ဒီပလိုမာ၊ ဘွဲ့၊ ဘွဲ့လွန် စတာတွေကို အလုပ်လုပ်ရင်း ဆက်လက် လေ့လာ သင်ယူနိုင်ကြမှာ ဖြစ်ပါတယ်။           
၁) ITE – SkillsFuture Work-Study Diploma – ITE ကျောင်းဆင်းများ ဆက်လက်လေ့လာသင်ယူရန် (၁၂ လမှ ၃၆ လထိ သင်တန်းများ)
၂) Poly – SkillsFuture Work-Study Diploma – Poly ကျောင်းဆင်းများ ဆက်လက်လေ့လာသင်ယူရန် (၁၂ လမှ ၁၈ လထိ သင်တန်းများ)
၃) Poly & A Level – SkillsFuture Work-Study Degree – Poly နှင့် ဂျူနီယာကောလိပ် ကျောင်းဆင်းများ ဘွဲ့ရသည် ထိ ဆက်လက်လေ့လာသင်ယူရန် 
၄) အခြား မော်ဂျူလာလက်မှတ်ရ သင်တန်းများ
            အဲဒီသင်တန်းတွေကတော့ ကျောင်းဆင်းစ လူငယ်တွေကို ကိုယ့်အလုပ်နဲ့ဆိုင်တဲ့ ပညာရပ်တွေကို လက်တွေ့နဲ့ ဆက်စပ် သင်ကြားပေးတာ ဖြစ်ပါတယ်။ ဒီသင်တန်းတွေကိုတက်ဘို့ ကျောင်းပြီးစ (၃) နှစ်အတွင်း ဖြစ်ရမယ်။ စင်ကာပူ ဥပဒေအရ စစ်မှုထမ်းပြီး လုပ်ငန်းခွင်ဝင်ဘို့ အဆင်သင့် ဖြစ်နေတဲ့သူ ဖြစ်ရမယ်။
            သူက စာသင်ခန်းထဲမှာ စာချည်းသင်နေတာ မဟုတ်ဘူး။ On-the-job training ခေါ်တဲ့ လုပ်ငန်းခွင်ထဲ တကယ် သွားပြီး တကယ်လုပ်ကြရတာမျိုး။ နောက်ပြီး အလုပ်အခြေခံ ပရောဂျက်တွေ ရေးကြရတာမျိုး။ ဒီသင်တန်းပြီးသွားရင် တော့ ကိုယ့်ဘဝ တိုးတက်ရာတိုးတက်ကြောင်းအတွက် တန်ဘိုးရှိလှတဲ့ (လုပ်ငန်းခွင်က လက်ခံတဲ့) ဒီပလိုမာလက်မှတ် ရမှာဖြစ်ပါတယ်။ သင်တန်းတက်ဘို့အတွက် SkillsFuture အစီအစဉ်ကနေ စင်ကာပူဒေါ်လာ ၅၀၀၀ ပေးပါတယ်။
            SkillsFuture က အလုပ်သမားတွေအတွက်သာ မကသေးဘူး။ ကိုယ့်အလုပ်သမားတစ်ယောက်ကို အဲသလိုမျိုး ဒီပလိုမာသင်တန်းတစ်ခု တက်ဘို့ စီစဉ်ပေးတယ်ဆိုရင် အဲဒီ အလုပ်ရှင်ကို စင်းဒေါ်လာ တစ်သောင်းခွဲ ပေးပါသေးတယ်။
(၅) အလုပ်ဝင်စသူတွေအတွက် (SGUnited Skills)(SGUS)
            စင်ကာပူမှာ သက်ကြီးပညာရေးကျောင်း (Lifelong Learning Centres) တွေ အများကြီး ရှိတယ်။ IAL (Institute of Adult Learning), IHL (Institute of Higher Learning), CET (Continuing Education Training) စသဖြင့်။ တချို့ကျ ကျောင်းသီးသန့်ရှိပြီး တချို့ကျ ကျောင်းသီးသန့်မရှိဘူး။ ဥပမာ - IAL က ကျောင်းသီးသန့်ရှိတယ်။ သင်တန်းတွေလည်း အများကြီးပေးတယ်။ ဒါပေမယ့် PACE Academy (Professional & Adult Continuing Education Academy) က စင်ကာပူပိုလီက ဖွင့်ထားတာ။ ကိုယ်တို့ Safety Officer သင်တန်းတက်တော့ အဲဒီမှာ သွားတက်တာ။ အဲဒီမှာလည်း သင်တန်းတွေ အများကြီးရှိတယ်။
            SGUS က ၆ လကနေ ၁၂ လထိ အချိန်ပြည့်သင်တန်းဖြစ်တယ်။ ဒါပေမယ့် သင်တန်းတက်ဘို့ တစ်လကို ၁၂၀၀ ရတယ်။ အဲဒါအပြင် SkillsFuture Credit ကနေလည်း ပိုက်ဆံထုတ်ယူလို့ရသေးတယ်။ 
(၆) SkillsFuture Credit
            SkillsFuture Singapore အကြောင်းပြောရင် SkillsFuture Credit အကြောင်း မပါလို့မရဘူး။ သူက သင်တန်းတွေတက်ဘို့ ပိုက်ဆံပေးတာကိုး။
            အဲဒါကဘာလဲဆိုတော့ စင်ကာပူနိုင်ငံသားတွေကို အလုပ်မှာ ပိုမိုကျွမ်းကျင်လာအောင် သင်တန်းတွေတက်ဘို့ အစိုးရက ပိုက်ဆံပေးတာ။ အသက်အစိတ်နဲ့အထက် စင်ကာပူနိုင်ငံသားတွေဟာ သင်တန်းတက်ဘို့ ပိုက်ဆံ ၅၀၀ စီ ရကြတယ်။ သူ့မှာက expiry date မရှိဘူး။ မကုန်မချင်းသုံးလို့ရတယ်။ 
အဲဒါအပြင် Mid-career support ဆိုပြီး အသက် ၄၀ နဲ့ ၆၀ ကြားလူတွေကို ၅၀၀ ထပ်ပေးသေးတယ်။ အဲဒီ ၅၀၀ ကို ၅ နှစ်အတွင်း သုံးရမယ်။ အဲဒါကို မသုံးဘဲထားမယ်ဆိုရင်တော့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ အလိုလို ပျက်ပြယ် သွားလိမ့်မယ်။ 
SkillsFuture Credit ကို သုံးနိုင်တဲ့သင်တန်းတွေ အများကြီးရှိတယ်။ လူကြိုက်အများဆုံးက Information and Communication သင်တန်းတွေ, ဒုတိယက Personal Development သင်တန်းတွေ နဲ့ အင်ဂျင်နီယာသင်တန်းတွေက တတိယ၊ Business Management သင်တန်းတွေက စတုတ္ထနဲ့။ Safety သင်တန်းတွေက နံပတ် (၅) နေရာမှာ ရှိပါတယ်။
(၇) MySkillsFuture
            နောက်တစ်ခုက MySkillsFuture. MySkillsFuture ဆိုတာက ကိုယ်ဘယ်သင်တန်းတွေ တက်ချင်သလဲ ကြိုက်ရာသင်တန်း ရွေးတက်လို့ရတယ်။ တက်ခဲ့သမျှသင်တန်းတွေကိုလည်း အင်တာနက်မှာ မှတ်ထားတယ်။ ဘယ်သင် တန်းတွေဘယ်လောက်တက်ပြီးပြီ။ ကိုယ်တက်ခဲ့တဲ့သင်တန်းကိုလည်း ကိုယ့်ဘာသာ မှတ်ထားလို့ရတယ်။ ကိုယ့်မှာရှိတဲ့ လိုင်စင်တွေလည်း အဲဒီမှာ သိမ်းထားလို့ရတယ်။ အလုပ်လျှောက်ဖို့ CV, Resume  တွေကိုလည်း အဲဒီမှာ သိမ်းထားနိုင် တယ်။ ကိုယ့်မှာ SkillFuture Credit ဘယ်လောက်ရှိသေးလဲ။ ဘာတွေလျှောက်ချင်သလဲ။
            ဘာစာအုပ်တွေဖတ်ချင်သလဲ။ ဗီဒီယိုတွေကြည့်မလား စသဖြင့် တော်တော်များများ လုပ်လို့ရတယ်။ ဒီမှာ ကျွန်တော့် MySkillFuture Account နမူနာကို ပြထားပါတယ်။ ခုက နမူနာဖြစ်လို့ အကုန်မဟုတ်ပါဘူး။ ကျွန်တော် တက်ထားတဲ့သင်တန်းတွေဟာ အခု ၃၀ မကပါဘူး။ SkillsFuture မှာတောင် ကျွန်တော် တက်ထားတဲ့သင်တန်း အားလုံး မတွေ့ပါဘူး။ သေးသေးဖွဲဖွဲသင်တန်းလေးတွေ မပါဘူး။ အရာရောက်တဲ့သင်တန်းတွေပဲ ထည့်ထားတယ်။
            ပိုက်ဆံကုန်မှာကြောက်ရင် အခမဲ့တက်လို့ရတယ့်သင်တန်းတွေ ရှိပါ့။ ဟောဒီသင်တန်းတွေဟာ ပိုက်ဆံမကုန် ဘဲ တက်လို့ရတဲ့သင်တန်းတွေပါ။ ဒါက နမူနာပြထားတာပါ။ တခြားသင်တန်းတွေလည်း အများကြီးရှိပါတယ်။
ဒါကတော့ စာအုပ်တွေကို ညွှန်းထားတာပါ။ ဖတ်ချင်ရင် ငှားဖတ်လို့ရပါတယ်။
(၈) သင်တန်းကျောင်းတွေ (Training Providers)
            ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးတဲ့နေရာမှာ သင်တန်းကျောင်းတွေရဲ့ အခန်းကဏ္ဍဟာလည်း အင်မတန် အရေးကြီးပါတယ်။ သင်တန်းကျောင်းတွေဟာ စီးပွားရေးလုပ်ငန်းတွေက အမှန်တကယ် လိုအပ်နေတဲ့ ကျွမ်းကျင် သင် တန်းသားတွေ မွေးထုတ်ပေးဘို့ အရေးကြီးပါတယ်။ အဲဒီအတွက် စီးပွားရေးလုပ်ငန်းတွေမှာ အမှန်လိုနေတာ ဘာတွေလဲ ဆိုတာသိဘို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်သွားဘို့ လိုပါတယ်။
ဒီနေရာမှာ သတိရတုံး ကျွန်တော်တစ်ခု ကြားညှပ် ပြောချင်ပါတယ်။ ဒါက SkillsFuture ခေါင်းစဉ်အောက်က တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆက်စပ်နေလို့ပါ။ 
စင်ကာပူက NTU (Nanyang Technology University) လိုမျိုး နိုင်ငံခြားတက္ကသိုလ်တွေဟာ ကုမ္ပဏီကြီးတွေ က ဒါရိုက်တာတွေ၊ မန်နေဂျင်းဒါရိုက်တာတွေကို ဖိတ်ခေါ်ပြီး ကျောင်းမှာ ဟောပြောပွဲတွေ လုပ်ပေးပါတယ်။ အထူး သဖြင့် နောက်ဆုံးနှစ် ကျောင်းသားတွေကိုပါ။ အဲဒီမှာ သူတို့က လုပ်ငန်းခွင်ထဲက သဘောသဘာဝတွေ၊ သူတို့ပေးမယ့် အခွင့်အရေးတွေ၊ သူတို့လိုချင်တာတွေကို ပြောပြပါတယ်။ ကျောင်းသားတွေကလည်း သိချင်တာတွေ ပြန်မေးပေ့ါ။ 
အဲဒါတင်မကသေးပါဘူး။ ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွေကလည်း စာအုပ်ထဲပါတာတွေချည်း နင်းကန် သင်နေ တာမဟုတ်ဘဲ ကုမ္ပဏီကြီးတွေကိုခေါ်ပြီး သူတို့ ဘာတွေလိုသလဲ၊ ဘယ်လိုဟာမျိုးတွေ သင်ပေးစေချင်သလဲ စသဖြင့် ဆွေးနွေးကြတယ်။ ကုမ္ပဏီတွေက တကယ်လိုတဲ့ အတတ်ပညာရှင်တွေ မွေးထုတ်ပေးနိုင်အောင် ကြိုးစားကြတယ်။ မဟုတ်လို့ရှိရင် ကျောင်းကတော့ သီအိုရီတွေ သင်ပေးလိုက်ပါရဲ့။ အလုပ်ထဲရောက်မှ ဘယ်ကစကိုင်ရမှန်းမသိ, ယောင်နနတွေ ဖြစ်နေလိမ့်မယ်။ 
အဲဒါဟာ အစိုးရ၊ တက္ကသိုလ်၊ ကျောင်းသား၊ ကုမ္ပဏီ - ၄ ဦး ၄ ဖလှယ်လုံး ကောင်းတဲ့ အစီအမံပါ။
ကျောင်းသားတွေဟာ ကျောင်းဆင်းပြီး အလုပ်ထဲရောက်တာနဲ့ ယောင်နနဖြစ်မနေတာ့ဘဲ ချက်ချင်း အလုပ်လုပ်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်စိတ်ချမှုရှိလာတယ်။ ပိုပြီး ကြိုးစားချင်စိတ် ဖြစ်လာတယ်။
ကုမ္ပဏီတွေအနေနဲ့လည်း ဝန်ထမ်းအသစ်တွေကို ဘာမှ ထပ်သင်စရာမလိုတော့ဘဲ ချက်ချင်း အသုံးချနိုင်လို့ ပိုပြီး အကျိုးအမြတ် ဖြစ်ထွန်းတယ်။
ဟောဒီတက္ကသိုလ်က ထွက်လာတဲ့ ကျောင်းသားတွေဟာ တကယ် အသုံးတည့်တဲ့ ကျောင်းသားတွေ ဆိုပြီး တက္ကသိုလ်လည်း နာမည်ရတယ်။
လုပ်ငန်းနဲ့ကိုက်ညီတဲ့ ဝန်ထမ်းတွေ ရလို့ အစိုးရအနေနဲ့လည်း ကုန်ထုတ်လုပ်ရေးမှာ တက်လာတယ်။
            အဲဒါဟာ SkillsFuture ရဲ့ သင်တန်းကျောင်းတွေနဲ့ အလုပ်ရှင်တွေ နီးနီးကပ်ကပ် ဆက်ဆံပြီး ပူးတွဲ အလုပ်လုပ် ကြရမယ်ဆိုတဲ့ မူဝါဒနဲ့လည်း ကိုက်ညီနေပါတယ်။ ကျောင်းသားတွေကို ကျောင်းမှာကတည်းက လုပ်ငန်းခွင်အတွက်ကို ဦးတည်သင်ကြားပေးဘို့ အပေါ်မှာ ကျွန်တော်ပြောခဲ့ပါပြီ။
            ဒီမှာ အလျဉ်းသင့်လို့ နောက်ထပ် စင်ကာပူက ကျောင်းတွေဟာ သူတို့ကျောင်းသားတွေကို ဘယ်လို လေ့ကျင့် ပေးတယ်ဆိုတာ နည်းနည်းလောက် ထည့်ပြောပါရစေ။
            ကျွန်တော့်သားက အခု Primary 6 တက်နေပါတယ်။ အချင်းချင်းကပ်ကြွားရရင် အဖေတူသားဆိုတော့ တော် သဗျ။ တချိန်လုံး အိပ်ယာပေါ် လှဲနေပြီး youtube ကြည့်နေပေမယ့် သူတို့အတန်းမှာ တစ်ကျောင်းလုံး top 5 ဝင်ပါတယ်။ ဆိုတော့ ကျောင်းအပ်မယ့် ခလေးတွေနဲ့ မိဘတွေကို ရှင်းပြဘို့ တော်တဲ့ကျောင်းသား ၁၀ ယောက်လောက်ကို လေ့ကျင့် ပေးတယ်။ အင်တာဗျူးနည်း၊ presentation လုပ်နည်း၊ ခုမှကျောင်းလာခါစ ကလေးပေါက်စနတွေကို coach လုပ်နည်း စသဖြင့်ပေါ့။ 
ဆိုတော့ သူတို့ဟာ မူလတန်းမှာကတည်းက အင်တာဗျူးကို ဘယ်လိုမေးရမယ်၊ ဘယ်လိုဖြေရမယ်။ မျက်နှာ အနေအထား၊ လက်ကိုဘယ်လိုထားရမယ်၊ စကားပြောရင် တောင်ကြည့်မြောက်ကြည့် မကြည့်ရဘူး။ မျက်နှာချင်းဆိုင်ပြီး မျက်လုံးကို ကြည့်ပြောရမယ် စတာတွေကို နားလည်နေပြီ။ ကျောင်းလာအပ်တဲ့ မိဘတွေကို ကျောင်းအကြောင်း ရှင်းပြ တတ်နေပြီ။ 
သား Primary 5 မှာတုံးက ကျောင်းမှာ ကျောင်းသားတွေဆွဲထားတဲ့ ပန်းချီကားတွေစုပြီး အမျိုးသား စာကြည့်တိုက်မှာ ပြပွဲလုပ်တယ်။ သားက အင်္ဂလိပ်စကားအသံထွက်ကောင်းလို့ presenter အဖြစ် သူ့ကိုရွေးတယ်။ ကျောင်းကလည်း သူတို့ကျောင်း အကြောင်း ကြွားချင်တော့ အကောင်ကြီးကြီးတွေပါ ဖိတ်တာပေါ့။ အဲဒီမှာ သားက သူတို့ကျောင်းမှာ ပန်းချီကို ဘယ်လိုသင်တဲ့အကြောင်း၊ ကျောင်းသားတွေဟာ ပန်းချီသင်ခန်းစာတွေကို ဘယ်လိုလုပ်ရ တယ် ဆိုတဲ့အကြောင်း ရှင်းပြရတယ်။
ကျွန်တော်ဆိုလိုချင်တာက သူတို့က ခလေးတွေကို ငယ်ငယ်ကတည်းက လူတောတိုးရဲအောင်၊ လူရာဝင်လာ အောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချလာအောင် ပျိုးထောင်ပေးတယ်။ ခလေးတွေဟာ လူကြီးတွေနဲ့စကားပြောဘို့ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်မနေတော့ဘူး။ ပရိတ်သတ်ရှေ့ ထွက်ပြောရင် တုန်တုန်ယင်ယင် ဖြစ်မနေတော့ဘူး။ နောက်ပြီး သူတို့က ခလေးတွေကို နေရာပေးတယ်။ လူရာသွင်းတယ်။ မြန်မာပြည်မှာတော့ ခလေးတွေမို့လို့ ပါမလာနဲ့။ ဟဲ့ - ခလေး တွေ သွားကြ၊ ရှုပ်ကိုရှုပ်တယ် လို့ မောင်းထုတ်ခံရတယ်။ 
            အခုက သင်တန်းကျောင်းတွေ အကြောင်းပြောတာမို့လို့ SkilsFuture အောက်မှာ မပါပေမယ့် စင်ကာပူက သင်တန်းကျောင်း အကြောင်းရယ်၊ သင်တန်းဆရာတွေ အကြောင်းရယ် နည်းနည်း ပြောပြပါမယ်။
            စင်ကာပူမှာ သင်တန်းကျောင်းတစ်ခုထောင်ဘို့ ပိုက်ဆံရှိရုံနဲ့မရပါဘူး။ အစိုးရရဲ့လိုအပ်ချက်တွေကို ပြည့်မီမှ လိုင်စင်ချပေးပါတယ်။ သင်တန်းကျောင်းဟာ ဆူညံတဲ့ပတ်ဝန်းကျင်မှာ မရှိရဘူး။ လက်တွေ့သင်တန်းတွေအတွက် လုံလောက်တဲ့ အကျယ်အဝန်းရှိရမယ် စတဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေအပြင် သင်တန်းအတွက် လိုအပ်တဲ့ စာရွက် စာတမ်းတွေကိုပါ အပြည့်အစုံ ပြင်ပေးရပါတယ်။ (ကျွန်တော် အဲဒီစာရွက်စာတမ်းတွေ ပြင်ပေးတဲ့အလုပ်ကိုလည်း လုပ်ပါတယ်။ သင်တန်းတစ်ခုစာ စာရွက်စာတမ်းအပြည့်အစုံပြင်ရမယ်ဆို $3000 ယူပါတယ်။ ဒါကတော့ ကြော်ငြာပေ့ါ ဗျာ။)
            အဲဒီစာရွက်စာတမ်းတွေမှာ ဘာတွေပါသလဲဆို နမူနာပြောပြရရင် သင်တန်းဆရာလက်စွဲ၊ သင်တန်းသား လက်စွဲ၊ သင်ပုံသင်နည်းအစီအစဉ် (ဘယ်နှနာရီကနေ ဘယ်နှနာရီထိ၊ ဘယ်ခေါင်းစဉ်ကို slide No. ဘယ်လောက်ကနေ ဘယ်လောက်ထိ ကြာမယ်။) (နာရီ၊ မိနစ်)။ စာမေးပွဲကို ဘယ်လိုစစ်မယ်။ လက်တွေ့ ဘယ်လိုလုပ်မယ်။ လက်တွေ့လုပ် ဘို့အတွက် လမ်းညွှန်၊ နမူနာမေးခွန်း စသဖြင့် အတော်များပါတယ်။
            သင်တန်းဆရာတစ်ယောက်အနေနဲ့ နောက်တစ်ယောက်မအားလို့ ကြားထဲကဖြတ်ဝင် သင်ရမယ်ဆိုပါစို့။ သူ့ကို ဘာမှ ပြောမသွားသည့်တိုင် သင်ပုံသင်နည်း အစီအစဉ်ကြည့်ပြီး ဘာအခက်အခဲမှ မရှိဘဲ သင်သွားနိုင်တယ်။ နောက်ပြီး သင်တန်းဆရာဆိုတာ slide ဖတ်တတ်ရုံနဲ့ သင်တန်းဆရာ ဖြစ်ချင်လို့မရဘူး။ သင်တန်းဆရာဖြစ် သင်တန်းကို သွားတက် ရတယ်။ သူသင်မယ့်သင်တန်းနဲ့ပတ်သက်တဲ့ လုပ်ငန်းအတွေ့အကြုံ ၅ နှစ်ရှိရတယ်။ ဖောင်ဝပ်ကို တစ်ခါမှ မမြင်ဖူးသူ တစ်ယောက်အဖို့ ဖောင်ဝပ်အကြောင်း ဘယ်လိုသင်မလဲ။
            အဲဒါနဲ့ပတ်သက်ပြီး သင်တန်းကျောင်းတစ်ခု ထူထောင်ခြင်း ဆိုတဲ့ခေါင်းစဉ်၊ သင်တန်းဆရာများကို ပြုစု ပျိုးထောင်ခြင်း ဆိုတဲ့ခေါင်းစဉ်တွေနဲ့ ကျွန်တော် WSH Myanmar ဂျာနယ်ထဲမှာ ရေးထားတာရှိပါတယ်။ အသေးစိတ် သိချင်တဲ့သူတွေ ဝယ်ဖတ်ကြည့်ပါ။ ဒီမှာတော့ ပြောနေတာကနေ ဘေးချော်သွားမှာစိုးလို့ ဒီလောက်နဲ့ပဲ ကျေနပ်ကြပါ။
အပိုင်း (၂) သို့ဆက်ရန် . . . . 











 
 
No comments:
Post a Comment