Monday, June 8, 2020

Skill Future Singapore အကြောင်း သိကောင်းစရာ - ၂

(၉) iN-Learn 2020

            SkillsFuture Singapore က iNnovative Learning 2020 ဒါမှမဟုတ် iN-Learn 2020 ကို တီထွင်လိုက်တယ်။ ခေတ်ကြီးက အမြဲတိုးတက်ပြောင်းလဲနေတော့ သမရိုးကျ ပုံစံတွေနဲ့ မရတော့ဘူး။ သင်နည်းတွေကိုလည်း ခေတ်နဲ့အညီ လိုက်ပြောင်းဘို့ လိုတယ်။ အဲဒီအတွက် လူကြီးတွေကို သင်နေတဲ့ Continuing Education and Training (CET) ကို blended learninig ပုံစံပြောင်းတယ်။
            သူ့ကို မောင်းနှင်ဘို့ People, Ideation, Collaboration, Technology, and Intelligence ဆိုပြီး အပိုင်း (၅) ပိုင်းပါတယ်။

၁) လူ (People) - လူတွေရဲ့စွမ်းရည်ကို မြှင့်တင်ပေးမယ့် အစီအစဉ်တွေ
၂) စိတ်ကူး (Ideation) - သင်ကြား/လေ့ကျင့်ရေးပိုင်းမှာ ဘယ်လိုပြဿနာတွေရှိသလဲ၊ အဲဒီပြဿနာတွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတဲ့ အကြံကောင်း၊ ဉာဏ်ကောင်းတွေနဲ့ ပရိုဂရမ်တွေရေးပြီး ပြိုင်ရတယ်။ နိုင်တဲ့သူကို စင်းဒေါ်လာ ၂ သိန်း ဆုချမယ်။
၃) ပူးပေါင်းဆောင်ရွက်ခြင်း (Collaboration) - သူတို့မှာ iN-LAB ဆိုတာလုပ်ထားတယ်။ သင်ကြားရေးအတွက် လိုအပ် တဲ့ ကိရိယာတွေ၊ နည်းပညာတွေ၊ စမ်းသပ်ခန်းတွေ ပံ့ပိုးပေးထားတာ။ CET ရဲ့ ပါတနာနဲ့ သင်တန်းဆရာတွေ၊ သင်တန်းကျောင်းတွေဟာ အဲဒီ iN-LAB ကနေတဆင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်လို့ရတယ်။ အကြံဉာဏ် စိတ်ကူး တွေ ဖလှယ်လို့ရတယ်။ သင်ကြားရေးနဲ့ ပတ်သက်တဲ့ ဗီဒီယိုတွေလည်း ရိုက်လို့ရတယ်။

ကြားဖြတ်ပြောရရင် စင်ကာပူက သင်တန်းဆရာတွေဟာ တစ်နှစ်ကို CPD hr ၁၀ နာရီ ယူရတယ်။ IAL (Institute of Adult Learning) ရဲ့ iN-Lab မှာ ဆီမီနာတွေ၊ ဝပ်ရှော့တွေ၊ ရက်တို/ရက်ရှည်သင်တန်းတွေ အများကြီးရှိတယ်။ IAL မှာ အသင်းဝင်ထားလိုက်ရင် iN-Lab က ဆီမီနာတွေ၊ ဝပ်ရှော့တွေကို အခမဲ့တက်လို့ရတယ်။ ကျွန်တော်တော့ CPD hr တွေ ကို အဲဒီမှာ သွားတက်လိုက်တာပဲ။ အကြောင်းအရာတွေကလည်း စိတ်ဝင်စားဘို့ ကောင်းတယ်။ ပိုက်ဆံမကုန်တဲ့ပြင် ညစာလည်း ကျွေးသေးတယ်။ ကော်ဖီ၊ မိုင်လို၊ အအေး ကြိုက်သလောက် သောက်။ ဝိုး . . . 

၄။ ဉာဏ် (intelligence) - ပြည်တွင်းကရော နိုင်ငံတကာကပါ သုတေသနအဖွဲ့တွေနဲ့ ပူးပေါင်းပြီး နည်းပညာနဲ့ တီထွင် ဆန်းသစ်မှုတွေကို သင်ကြားရေးမှာ ဘယ်လို အကောင်းဆုံး အသုံးချမလဲ ဆိုတာ စုဆောင်းတယ်။ ပြီးတော့ အဲဒီက ရလာတဲ့အချက်တွေနဲ့ iN-LEARN 2020 ကို ပိုမိုကောင်းလာအောင် ပြုပြင် မွမ်းမံတယ်။

ဟောဒါက iN-Lab မှာ ကျွန်တော် တက်ခဲ့တဲ့ သင်တန်းတွေပါ။ 
အဖွဲ့ဝင်မဟုတ်တဲ့သူတွေ ၃၀၀ ကျော်ပေးတက်ရတဲ့ workshop တွေကို အဖွဲ့ဝင်တွေ အခမဲ့တက်နိုင်ပါတယ်။




 အဖွဲ့ဝင်မဟုတ်တဲ့သူတွေ $428 ပေးရတဲ့ သင်တန်းကို အဖွဲ့ဝင်တွေ $42.80 ပဲ ပေးရတယ်။

            အဲဒီမှာ ကြည့်ကြည့်လိုက်ပါ။ စင်ကာပူက သင်တန်းတွေဟာ အင်မတန်မှ ဈေးကြီးပါတယ်။ ၃ နာရီစာ ဟောပြောပွဲတစ်ခုကို ၃၀၀ ကျော်ပေးရတယ်။ မြန်မာငွေနဲ့ဆို တစ်နာရီကို တစ်သိန်းပေးရတာ။ စင်ကာပူနိုင်ငံသားတွေနဲ့ PR တွေက $128. 
            ဒါထက် စကားစပ်မိလို့ ပြောရအုံးမယ်။ စင်ကာပူမှာ ပညာရေးအသုံးစရိတ် အင်မတန် ကြီးမြင့်ပါတယ်။ အခု ကျွန်တော့သား မြန်မာလိုဆို မူလတန်းပေါ့။ ၆ တန်းတက်နေတာ။ တစ်လကို စင်ကာပူဒေါ်လာ ၄၈၀။ မြန်မာငွေနဲ့ ၅ သိန်း နီးပါးပေးရပါတယ်။ ကျူရှင်လခကလည်း အလားတူပဲ။ ၅၀၀။ ပန်းချီသင်တန်းလခက တစ်လကို ၂၀၀။ ဆိုတော့ တခြားဘာစရိတ်မှ မပါသေးဘဲ အဲဒီ ကျောင်းလခ၊ ကျူရှင်လခတွေချည်းပဲ တစ်လကို $1000 မြန်မာငွေနဲ့ ဆယ်သိန်း လောက်ရှိပါတယ်။ အဲဒါ ကျွန်တော် ဗမာပြည်ကို မပြန်နိုင်သေးတဲ့ အချက်တွေထဲက အရေးကြီးဆုံး အချက် တစ်ချက် ပေါ့ဗျာ။ ဗမာပြည်မှာ ရှာလို့ရတဲ့ပိုက်ဆံနဲ့ အဲဒီ အဖိုးအခတွေ ပေးနိုင်ဘို့ မလွယ်ပါဘူး။

(၁၀) Skills Framework

The 5 Trends Shaping the Future of Work


            နောက်တစ်ခုကတော့ SkillsFuture Singapore (SSG) က အလုပ်ရှင်တွေ၊ လုပ်ငန်းအဖွဲ့အစည်းတွေ၊ ပညာရေးနဲ့ သင်တန်းကျောင်းတွေရဲ့ အကူအညီနဲ့ ရေးဆွဲထားတဲ့ ကျွမ်းကျင်မှု မူဘောင် (Skills Frame) ဖြစ်ပါတယ်။



            Skills Framework ကနေ လူတွေဟာ သတင်းအချက်အလက် အပြည့်အစုံပေးထားတဲ့ လုပ်ငန်းခွင်တွေမှာ ကိုယ်နဲ့ ဘယ်လုပ်ငန်းကတော့ဖြင် အံဝင်ခွင်ကျဖြစ်မလဲဆိုတာ ရွေးချယ်လို့ရပါတယ်။ နောက်ပြီးတော့ ကိုယ့်ကျွမ်းကျင်မှု ကို အမြဲအဆင့်မြှင့်နေနိုင်ပြီး ကိုယ့်သက်မွေးဝမ်းကျောင်းမှုအတွက် အစီအမံတွေ လုပ်ထားလို့ရပါတယ်။


            Skills Framework က ဘာကို ဦးတည်သလဲဆိုတော့ ကိုယ်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းခွင်တွေမှာ ပိုပြီး တတ် မြောက်ကျွမ်းကျင်လာရေးပါဘဲ။ အဲဒါတင်သာမကဘဲ တခြားလုပ်ငန်းတွေက ရတဲ့ အတတ်ပညာတွေကိုလည်း ကိုယ့် လုပ်ငန်းမှာ အသုံးချတတ်အောင် လုပ်ပေးတယ်။ ဥပမာ (ဥပမာ ပြောတာနော၊ တကယ်လည်း နာမနေနဲ့ဦး) ဆရာမတွေ အိမ်မှာ ကလေးထိန်းခဲ့တဲ့ အတတ်ပညာကို ကျောင်းမှာ ခလေးထိန်းတဲ့အခါ အသုံးချဘို့။ အဲဒါ ကျွန်တော်ပြောတာ မဟုတ်ဘူးနော်။ ဘယ်သူပြောတယ်ဆိုတာ လူကြီးမင်းတို့ သိပါတယ်။
            
(၁၁) လိုအပ်သော အရည်အသွေးနှင့် တောင့်တအပ်သော ကျွမ်းကျင်မှု

How Will Jobs Transform in the Future?



(၁၂) ကိုယ့်အလားအလာကို သိပြီး ရှေ့သို့တစ်ဆင့် တက်လှမ်းခြင်း


နိဂုံး

            ကျွန်တော် စင်ကာပူပိုလီမှာ Safety Officer သင်တန်းကို ၂၀၀၈ ခုနှစ်မှာ တက်ခဲ့ပါတယ်။ WSH Level C သင်တန်းပေါ့။ အင်မတန် ဈေးကြီးပါတယ်။ အဲဒီတုန်းက သင်တန်းကြေး ၃၈၀၀ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ပေးခဲ့ရတာ သိပ်မများဘူး။ ၉၀၀ - ၁၀၀၀ လောက်ပဲထင်တယ်။ ဆယ်နှစ်ကျော်ပြီဆိုတော့ မေ့နေပြီ။ 
သူတို့နိုင်ငံသားတွေနဲ့ PR တွေကို ပိုက်ဆံမတတ်နိုင်လို့ သင်တန်းမတက်ရဘူးဆိုတာ မရှိရလေအောင် အထောက်အပံ့တွေ ပေးထားပုံလေး အဲဒီ Safety Officer သင်တန်းကို နမူနာထား ပြောပြပါမယ်။
စင်ကာပူပိုလီမှာ Safety Officer သင်တန်းတက်ရင် နိုင်ငံခြားသားတွေဆိုရင် $ 5693 ကျပါတယ်။ မြန်မာငွေ ၅၆ သိန်းလောက်။
ဒါပေမယ့် စင်ကာပူနိုင်ငံသားတွေနဲ့ PR တွေ SSG (SkillsFuture Singapore) အထောက်အပံ့ လျှောက်လို့ရ ပါတယ်။ SSG က ၅၀% ပေးတဲ့အတွက် စင်ကာပူနိုင်ငံသားတွေနဲ့ PR တွေအဖို့ သင်တန်းကြေး ၃၀၀၀ ပဲ ပေးရပါမယ်။
Mid-Career Enhanced Subsidy ဆိုရင် 90% ($4780) ထိရလို့ အဲဒါသာ လျှောက်လို့ရရင် သင်တန်းကြေး ၉၀၀ ပဲ ပေးရပါမယ်။

နောက်တစ်ခါ -
Small Medium Enterprise (SME) Funding ကလည်း 90% ရတယ်။ အဲဒါသာ လျှောက်လို့ရရင် သင်တန်းကြေး ၉၀၀။

နောက်တစ်ခုက -
Workfare Training Support (WTS) Funding။ သူကျတော့ 95% ထိ ရတယ်။
အဲဒါသာ လျှောက်လို့ရရင် ၅၇၀၀ လောက်ကျတဲ့သင်တန်းကို $637 နဲ့ တက်လို့ရတယ်။

            အဲဒါဟာ စင်ကာပူအစိုးရက သူတို့နိုင်ငံသားတွေကို ကျွမ်းကျင်ပညာရှင်တွေ ဖြစ်လာအောင် ဘယ်လို အစီအမံ တွေ လုပ်ပေးထားတယ် ဆိုတာပါဘဲ။
            အခု ကျွန်တော်ပြောတာဟာ အစိုးရအစီအမံတွေထဲက ပီဘိ သေးသေးလေးတစ်ခုမျှသာ ရှိပါသေးတယ်။ တခြား အစီအစဉ်တွေ အများကြီး ရှိပါသေးတယ်။

            အဲတော့ စင်ကာပူကို စားအုန်းဆီနဲ့ ကျော်ချင်နေတဲ့ ဆရာ့ဆရာကြီးများကို ပြောပြလိုက်ကြပါဗျာ။ သူများ သားသမီးတွေ ဘာတွေလုပ်နေတယ်ဆိုတာ နည်းနည်းလောက် မျက်စိဖွင့်ကြည့်လိုက်ကြပါအုံးလို့။

            ပြောတာလည်း အရမ်းများသွားပြီဆိုတော့ ဒီလောက်နဲ့ နားပါမယ်။ မပျင်းမရိ နားထောင်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ခင်ဗျား။

လာမယ့် တနင်္ဂနွေကျရင်တော့ စင်ကာပူဟာ သူတို့အတွက် သောက်ရေ၊ သုံးရေရအောင် ဘယ်လိုလုပ်သလဲ ဆိုတာရယ်။ (စင်ကာပူမှာ ရေချိုမထွက်တာ လူတိုင်းသိမယ်ထင်ပါတယ်။)
သူတို့တိုင်းပြည်ကို သန့်ရှင်းသပ်ယပ်လှပနေအောင် ဘယ်လိုထိန်းထားတယ် ဆိုတာရယ်။
စင်ကာပူကို သစ်ပင်တွေ၊ ပန်းပင်တွေနဲ့ စိမ်းစိုလှပနေဘို့ ဘယ်လိုဖန်တီးထားသလဲ။
အမှိုက်ကင်းစင်ရေးအတွက် ဘာတွေ လုပ်ထားသလဲ . . စတာတွေကို ပြောပြပါမယ်။
ခုလိုပဲ လာရောက် အားပေးကြဘို့ ဖိတ်ခေါ်ပါတယ် ခင်ဗျား။

ကျေးဇူးတင်ပါတယ်။

အေးငြိမ်း
၄ ဇွန်လ၊ ၂၀၂၀

No comments: