Tuesday, June 23, 2020

တစ်ခါတစ်ခါ ကျွန်တော် အတော် စိတ်ပျက်မိခြင်း အကြောင်း

ဖေ့စ်ဘုတ်သတင်းများဖတ်၍ တစ်ခါတစ်ခါ ကျွန်တော် အတော် စိတ်ပျက်မိလေသည်။
စိတ်ပျက်ရပါများတော့လည်း ပျက်စရာစိတ်တောင် မကျန်တော့ပါ။
ကြွေးထူမပူ၊ သန်းထူမယား ဆိုသလို မြန်မာပြည်သူများအတွက်ကတော့ ရိုးအီလို့ပင် နေပါပြီ။

အဲယားကွန်းမီးခလုတ်ကို ဖွင့်မိလို့ ဆရာမလေးတစ်ယောက်ကို တရားစွဲသည် ဆိုတော့ ကျွန်တော့်မှာ အံ့ဩလွန်း၍ သေမတတ်ဖြစ်ချေသည်။ 

မီးလောင်တယ်ဆိုတာ ဝါယာကြိုးဆင်ထားတာ စနစ်မကျလို့၊​ မကောင်းလို့၊ ပြုပြင်ထိန်းသိမ်းမှုတွေ မလုပ်လို့ ဆိုတာ ကလေးကစ၊ ခွေးကစ သိသည်။ ဤသည်မှာ အထွေအထူး တွေးစရာမလို။ ပုံမှန် တွေးတတ်၊ ခေါ်တတ်သည့်လူတိုင်း သိနိုင်သည်။ သင်တို့မယုံလျှင် ထိုသတင်းအောက်ဖက်မှ​ ကွန်မန့်များကိုဖတ်ကြည့်ပါ။ 

ဤသည်မှာ စိတ်ဝင်စားစရာ ဖြစ်၏။
ဆေးသိပ္ပံပညာရှင်များအနေနှင့် ဤကဲ့သို့ တွေးခေါ်သည့် ဦးဏှောက်၏ ဖွဲ့စည်းတည်ဆောက်ပုံကို ခွဲစိတ် လေ့လာသင့် လှ၏။ သာမန်လူများတွေးသကဲ့သို့ မတွေးတတ်သည့် ဦးဏှောက်သည် မည်သည့်ဦးဏှောက်မျိုး ဖြစ်ဘိသနည်း။

ဇူလိုင်လ ၅ ရက်နေ့၌ ပြောမည့် Competency အကြောင်းတွင် အဲသဟာလည်း ပါပါသည်။
အလုပ်သမားမှားလျှင် တစ်ခုပဲမှားမည်။ စီမံခန့်ခွဲသူတွေမှားပြီဆိုလျှင်တော့ ရာစုနှစ်တစ်စုစာ သွားပါလေရော့။ မျိုးဆက် ၂ ဆက်၊ ၃ ဆက်စာ မျိုးကန်းသွားမည်။ ကျွန်ုပ်တို့ရွှေပြည်ကြီးတွင်မတော့ မြန်မာပြည်ဟု စတင် သန္ဓေတည်ပါပြီ ဆိုကတည်းက မှားခဲ့သည့် စီမံခန့်ခွဲမှုမှာ သည်ကနေ့တိုင်အောင်ပင် ဖြစ်တော့သည်။  

ဟိုတစ်နေ့က ဖတ်လိုက်ရသည့်သတင်းကိုတော့ သာဓု (၈၇) ခါလောက် ခေါ်လိုက်မိ၏။

မြန်မာပြည်ကြီးကို အုပ်ချုပ်မင်းလုပ်ခြင်းဖြင့် အနစ်နာခံ ပေးဆပ်လိုက်ရသည့် ဂုဏ်ကျေးဇူးများကို အားပေး ချီးမြှောက်သည့် အနေနှင့် မြေကွက်များ ချထားပေးသည် ဆိုလား။ 
သာဓု၊ သာဓု၊ သာဓု။ ကတညုတ၊ ကတဝေဒီ ဆို ရှိ မဟုတ်လား အမတ်မင်းရဲ့။ 

ဩော် - နေပြည်တော်ဆိုတာကြီးကို စတည်ကတည်းကိုက ဤသည့် နေရာမှာ အများပြည်သူနှင့် လားလားမှ​ ပတ်သက်သည့် နေရာမဟုတ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်မည့်သူများ အတွက်သာ ဖြစ်ချေသည်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နိုင်သည်ဆိုတာ တော်ရုံတန်ရုံ အရည်အချင်းနှင့် ဖြစ်တာမဟုတ်။ သည်တော့ သူတို့ကို အများပြည်သူများနှင့် ရောကာထားလိုက်လျှင် ‘သန’ ကုန်မည်။ ထို့ကြောင့် သီးသန့်ထားရသည်။

ရှေးယခင်မင်းများ လက်ထက်ကတည်းကိုက အုတ်ရိုးအမြင့်ကြီးတွေခတ်ထားသည့် ဘုရင့်မင်းနေပြည်တော်ဆိုတာ မင်းညီမင်းသား၊ သူဌေးသူကြွယ်များသာ နေသည့် အရပ်ဖြစ်သည်။ သာမန်ကျောမွဲ၊ ဆင်းရဲသား၊ အညတြ၊ အနုံညာတ၊ တောသူတောင်သား လယ်သမားများမှာ မဟာဆီ မဟာသွေးများသာ နေထိုင်ကြသည့် မင်းနေပြည်တော် ဆိုတာကြီးနှင့် မဆိုင်။ ဘာမှမဆိုင်။ လားလားမှ မဆိုင်ပါ။ ရှင်ဘုရင်များ ကြွချီလာပြီဆိုလျှင် ပုဆစ်ဒူးတုပ်ကာ ခေါင်းငုံ့ခစားကြရသည်။ မော်ဖူးစေဆိုမှ ခေါင်းမော့ရဲတာဖြစ်သည်။

နိုင်ငံ့ဂုဏ်ကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့်တိုင် ပေးစရာမြေမရှိ၍ မြေကွက်ကလေး တစ်ကွက် တလေမှ မရကြရှာသော စင်ကာပူမှ ဝန်ကြီးများကို ကျွန်ုပ်လွန်စွာမှ သနားကရုဏာ သက်မိလေသည် တမုံ့။ ချွတ် ချွတ် ချွတ်
မြန်မာပြည်မှ သောက်တလွဲများ အကြောင်းမှာ ရေးလို့ကုန်စရာမရှိပါ။
အထက်ဖော်ပြပါအကြောင်းနှစ်ခုမှာ ကျွန်ုပ်ရင်ထဲ၌ တနုပ်နုပ်ဖြစ်နေသောကြောင့် ရေးလိုက်ရပါသည်။
ရေးလက်စဖြစ်သော Heat Exchanger အကြောင်း ဆက်ရေးလိုက်ပါဦးမည်။

လူအချင်းချင်း မြောင်းထဲဆင်းခိုင်းခြင်း၊​ ကင်းရှင်းကြပါစေ။

ငိုချင်ပါသည်။ (ဟုတ်ပေါင်၊ မှားကုန်ပြီ) 
ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၃ ဇွန်လ၊ ၂၀၂၀

No comments: