ကျွန်ုပ်ငယ်စဉ်က ရွှေသွေးဂျာနယ်တွင် ပုံပြင်တစ်ခု ဖတ်ခဲ့ဖူး၏။
ထိုစဉ်ကမူ ငယ်သေးတော့ ဘာကို ဆိုလိုမှန်းမသိခဲ့။
ယခုမှ လူအများကို အထူးသဖြင့် ရာထူးရာခံ ကြီးကြီးမားမား လက်ကိုင်ရှိထားသူများကို ဂျင်းထည့်ရတာ အလွန်လွယ်ကူ ကြောင်း ပညာပေးထားတာမှန်း သဘောပေါက်ပါတော့၏။
ပုံပြင်ကလေးမှာ ရိုးရိုးကလေး ဖြစ်၏။
ပညာရှိတစ်ဦးကို ရွှေနန်းတော်ရှိ နန်းတွင်းသူများမှ စကာ သူတို့ပုံတူကို ဆွဲခိုင်း၏။
သူတို့ပုံတူမှာ လုံးဝ တူစေရမည်။ သို့သော် မျက်နှာမှ တင်းတိပ်၊ ဝက်ခြံ စသည်တို့ကို ဖျောက်ပေးရမည်။ ထည့်မဆွဲရ။
နန်းတွင်းသူက စလိုက်သော ပုံတူဆွဲဇာတ်လမ်းမှာ အခြား မင်းညီမင်းသားများ၊ နောက်ဆုံး ဘုရင်နှင့် မိဖုရားတိုင်အောင် ဓာတ်ကူးသွားလေ၏။
သူတို့လည်း ရွှေနန်းတွင်းသူများကဲ့သို့ပင် ထိပ်ပြောင်နေသူက ဆံပင်ထည့် ဆွဲခိုင်း၏။
သွားခေါနေသူက သွားကို မခေါအောင် ဆွဲခိုင်း၏။
ထိုအခါ ပညာရှိကလေးက အင်း၊ ဒီ ၆ ရူးတွေကိုတော့ ငါ ပညာပေးမှတော်မယ်ဟု စဉ်းစားကာ အစီအမံတစ်ခု လုပ်လေ၏။
သူက သူတို့အားလုံး၏ ပုံတူကိုဆွဲပေးပါမည်ဟု ဝန်ခံကတိပြု၏။ ပုံတူဆွဲရန် ၇ ရက်မျှ အချိန်တောင်း၏။
ထို့နောက် ပုံတူဆွဲရန် မဏ္ဍပ်ကြီး ထိုး၏။ သူက မဏ္ဍပ်ထဲက ဘယ်မှမထွက်ဘဲ တစ်ချိန်လုံး မဏ္ဍပ် lock down လုပ်၏။
Lock down (၇) ရက်ပြည့်မြောက်သည့်နေ့တွင် ကိုရွှေပညာရှိကလေး တဲအတွင်းမှ ပြုံးပြုံး ပြုံးပြုံးနှင့် ထွက်လာ၏။
နန်းတွင်းသူ၊ နန်းတွင်းသားအပေါင်းတို့လည်း ၎င်းတို့၏ ပုံတူကို စိတ်အားထက်သန်စွာ မျှော်လင့်နေကြလေသတည်း။
မဏ္ဍပ်ရှေ့တွင် လူစုံလေသော် ပညာရှိကလေးက ကြေငြာ၏။
“အို - နန်းတွင်းတော်သူ နန်းတွင်းတော်သား အပေါင်းတို့ -
ယခု အကျွန်ုပ် အသင်တို့အားလုံး၏ ပုံတူကို ဆွဲပြီးသွားပါပြီ။
သို့သော် တစ်ခုရှိသည်မှာ ကျွန်ုပ်ဆွဲထားသည့် ပုံတူများကို ဘုန်းကံရှိသူကသာ မြင်ရပါလိမ့်မည်။
ဘုန်းကံနိမ့်သူများနှင့် ကျွန်ုပ် ပုံတူကားချပ်များမှာ လားလားမှ မထိုက်တန်သည့်အတွက် ဘုန်းကံနိမ့်သူများ ပုံကို တွေ့မြင်ရမည် မဟုတ်ပါ။”
ထိုနံရောအခါတွင် -
မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၊ လေပေါ်လေအောက်ကို အစိုးရသည့်၊ ရွှေတွင်း၊ ငွေတွင်း၊ ပယင်း၊ ဒုတ္ထာတို့၏ အရှင်သခင်၊ (ကွကိုယ်ပေးထားသော) အဘိဓမ္မာ မဟာဘာဒတ်ထဂလုဂလုဘွဲ့တံဆိပ်တော်များပိုင်ရှင်၊ ၁၀၁ ပါး သောမင်းတို့၏ ထိပ်ခေါင်၊ စာဖတ်နေတော် မူထသော ရေမြေ့သနင်း ပြည့်ရှင်မင်းကြီး (ဟယ်မယ်လေး၊ မောထှာ၊ ငါ့လခွမ်းဒဲ့မှ) က သူ့ပုံတူတော်ကိုကြည့်ရန် -
မင်းယောက်ျားတို့ဝတ်သည့် အတောင်နှစ်ဆယ်သော ပုဆိုးတော် အစနှစ်ဘက်ကို မနိုင်မနင်းမ,ကာ ကြွချီတော် မူလာလေ၏။
ငါ့ပုံတူတော်ကို ပြနင်းကီးတော်မူစမ်း မောင်မင်း
မှန်လှပါ၊ ဒီဘက်ကို ကြွတော်မူပါ အရှင်မင်းကြီး
အလွန်ခမ်းနားစွာ ပြင်ဆင်ထားသည့် မဏ္ဍပ်ကြီးထဲတွင် စင်မြင့်ကြီးရှိကာ ထိုစင်မြင့်ကြီးကို အဖိုး အမေရိကန်ဒေါ်လာ တစ်သိန်း ထိုက်တန်သည့် (မှတ်ချက်။ ။ ရှေးကစာများတွင်မူ ‘အဖိုးတစ်သိန်းထိုက်တန်သည့်’ ဟုသာ ရေးပါသည်။ သို့သော် ထို တစ်သိန်းမှာ unitless ဖြစ်နေသည့်အတွက် ကျွန်ုပ်က ပိုမိုတိကျသွားစေရန် US Dollar ဟု ဖြည့်စွက်ထားပါ ကြောင်း။ ဤကား စကားချပ်) ကတ္တီပါ ကားချပ်ကြီးဖြင့် ဖုံးအုပ်ထားလေ၏။
ပညာရှိကလေးက အချက်ပြလိုက်လေသော် မင်းချင်းနှစ်ယောက်က တစ်ယောက်တစ်ဖက်စီမှဆွဲကာ ကတ္တီပါ ကားချပ်ကြီးကို ဖွင့်လှစ်ပြလိုက်လေ၏။
ကတ္တီပါကားချပ်ကြီး၏ နောက်ကွယ်တွင် ဘာဆို ဘာမှ မရှိချေ။
ရွှေသွေးဂျာနယ်များကို ဖတ်နေရာမှချကာ ကြွချီတော်မူလာသည့် မင်းတြားကြီးလည်း အံ့ဩလွန်းမက အံ့ဩ သွားတော်မူကာ ချွေးစီးများပင် ပျံတော်မူလာလေသော ဟူသတတ်။
ဟိုက် ရှာလဘတ်ရည်၊ ဘာမှလည်း မတွေ့ရပါကလား။
ဖျား ဖျား၊ ၆ကျိုးတွေတော့ နည်းကုန်ပြီ။
ခုနင်က မစ္စတာငြိမ်းဆိုတဲ့ ပညာရှိလေး ပြောသွားတာ ဘုန်းကံမရှိတဲ့သူတွေ သူ့ပုံကို မမြင်ရဘူးတဲ့။
ဒိုးခပါဘဲခွာ။
ငါ့မှာ ဘာ ၆ ဘုန်းကံ၊ တစ်ပဲဘိုးမှ မရှိပါကလား။
ဒါပေမယ့် အဟိ၊ ဒီကိစ္စ ငါတစ်ယောက်တည်း သိလို့ တော်ဘာဒေးရက်။
ဟိုအပြင်က အူကြောင်ကြောင် ငနဲတွေ သိလို့မဖြစ်ဘူး။
ဒီအကောင်တွေဆွာ ငါ သနားလို့သာ ဘာကောင်ကြီးတွေဖြစ်နေတာ။ တစ်ကောင်မှ ခေါင်းထဲမှာ ဦးဏှောက်ရှိတဲ့ ကောင်တွေမှုတ်ဘူး။
ဒီအကောင်တွေကို ငါ ဂျင်းထဲ့မှ ဘဲ။
ပိုင်လိုက်လေကွာ။
ပညာရှိကလေးလည်း မင်းတြားကြီး ဘာများလုပ်လေမလဲဟု အရိပ်အခြည်ကို ကြည့်ကာနေ၏။
မင်းတြားကြီးလည်း မဏ္ဍပ်ထဲမှ ပြုံးပြုံး ပြုံးပြုံးနှင့် ပြန်ထွက်လာကာ အောက်ပါအတိုင်း ကြေငြာလေ၏။
အို - မင်းချင်းအပေါင်းတို့ -
မိုက်ချက်ကတော့ ကမ်းကုန်ပါလား ကရို့။
ရွှေတွင်း၊ ငွေတွင်း၊ ပယင်း၊ ဒုတ္ထာတို့ကို အစိုးရတော်မူသော ငါ ကိုယ်တော်မြတ်ကြီး၏ ပုံတော်ကား အလွန်တရာမှပင် ပီပြင်လှပါပေသည်။ ငါကိုယ်တော်၏ ပုံတူတော်ကို ငါပင်လျှင် မမှတ်မိ။ ငါ့ပုံတော်မှာ ယခုလို အိုမင်းရွတ်တွနေသော ပုံတော်မဟုတ်။
ဟိုယခင် မေသန်းနု၊ ခင်သန်းနု၊ ဝါဝါဝင်းရွှေ၊ ဆွေဇင်ထိုက်တို့ ဝိုင်းဝိုင်းလည်နေစဉ်ကအတိုင်း အင်မတန်ချော၊ အင်မတန်လှသည့် အသက် ၂၀ အရွယ် မင်းသားပုံအတိုင်း ဖြစ်တော့သည်။
ပညာရှိကလေးကား အင်မတန် လက်ရာမြောက်လှပေစွ၊ အလွန်တော်ပေစွ၊ အံ့ဩတမော ထူးကဲလှပေစွ။ သည်လိုမျိုးဆွဲနိုင်သူမှာ ဇမ္ဗူထိပ်၌ သူတစ်ဦး တည်းသာရှိသည်ဟု ငါကိုယ်တော်မြတ် ရဲရဲကြီးအာမခံပေသည်။
ဘွရှင်မင်းတြားကြီးက ဤကဲ့သို့မိန့်တော်မူလိုက်သည့်အခါ နန်းတွင်းသူ နန်းတွင်းသားတို့မှာ ပျားအုံကို ဒုတ်နှင့်ထိုးလိုက် သကဲ့သို့ (ကျွန်ုပ်၌ သည့်ထက်ပိုကောင်းသည့် ဥပမာရှိပါသည်။ သို့သော် အရိုက်ခံရကိန်းမြင်၍ အသာ ဥ ထားလိုက်ရ ပါကြောင်း) မိမိတို့ပုံတူကိုကြည့်ရန် အသားကုန် ရွပိုးထိုးနေကြလေကုန်သတည်း။
ပထမ မိဖုရားခေါင်ကြီး၊ ထို့နောက် မိဖုရားငယ်များ၊ အိမ်ရှေ့စံ၊ အိမ်နောက်စံ၊ အိမ်ဘေးစံများ၊ ထို့နောက် လွှတ်တော်ကိုယ်စားလှ . . လှ . . . (ဟုတ်ပေါင် မွှားကုန်ပြီ) မင်းညီမင်းသားများ၊ ထို့နောက် ထို့နောက် . . .
အသီးသီး အသက အသက ဝင်ကြည့်ကြကုန်၏။
၎င်းတို့သည်လည်း ဘာမှမရှိသည့် နံရံကြီးကို ကြည့်ကာ -
ဟယ်၊ တယ်လှတဲ့ငါပါလား။ ဟောတော်၊ ကျုပ်မျက်နှာက ဝက်ခြံတွေကို ဖျက်ပေးထားတယ်၊ တော်လိုက်တာ နှင့် တစ်ယောက်တပေါက် ဆူညံနေကြလေကုန်သတည်း။
ပညာရှိကလေးမှာ ရီချင်စိတ်ကို မအောင့်နိုင်သည်ဖြစ်၍ ထိုနေရာမှ ဝေးရာသို့ ထွက်သွားရလေရာ ယခုတိုင် မပြန်ရဲဘဲ စင်ကာပူနိုင်ငံတွင် နေထိုင်နေသည်ဟု ကျွန်ုပ်တို့ သိရလေသည်။
ဤသည်ကား ငယ်စဉ်က ရွှေသွေးဂျာနယ်၌ ကျွန်ုပ်ဖတ်ခဲ့ဖူးသည့် ဂျင်းပုံပြင်ကို မိတ်ဆွေတို့အား ပြန်လည် ဝေငှခြင်းမျှ ဖြစ်ပါသည်။ ခေတ်မီစေရန်မူ အသုံးအနှုန်းအနည်းငယ်ကို ပြန်ပြင်ထားကြောင်း ဝန်ခံပါ၏။
လူအချင်းချင်း၊ ဂျင်းထည့်ခြင်း
ကင်းရှင်းကြပါစေ။
အေးငြိမ်း
၂၈ ဂျင်းလ (ဟုတ်ပေါင်) ဇွန်လ၊ ၂၀၂၀
No comments:
Post a Comment