(၁) ကျွန်ုပ်နှင့် အရီးများ
ကျွန်ုပ်တို့ကို အခြေမြင့်၊ အနေတင့်အောင် မြေတောင်မြှောက်ပေးခဲ့ကြသူများမှာ ကျွန်ုပ်တို့၏ ဒေါ်ကြီးများ၊ဦးကြီးများ ဖြစ်ပါသည်။
(ကျွန်ုပ်တို့ရွာဘက်တွင် မိခင်ကို အမ ဟု ခေါ်လေ့ရှိကြ၏။ ကျွန်ုပ်တို့၏မွေးသမိခင်ကိုလည်း ကျွန်ုပ်တို့ မောင်နှမများက အမကြီးဟုပင် ခေါ်ကြပါသည်။ ဤကား စကားချပ်)
ကျွန်ုပ်အမေတွင် မောင်နှမ (၅) ယောက်ရှိရာ အရီးမယ်ဟံ၊ အရီးမယ်ကြိုင်၊ ဦးကြီးဖိုးထောင်၊ ဦးကြီးငချစ် တို့ဖြစ်ပြီး ကျွန်ုပ်အမေ ဒေါ်သန်းမှာ အငယ်ဆုံးဖြစ်၏။ အရီးမယ်ဟံနှင့် အရီးမယ်ကြိုင်တို့မှာ အပျိုကြီးများ ဖြစ်ကြ၏။ ကျွန်ုပ်တို့ အမေမှာ ကျွန်ုပ်တို့ငယ်စဉ်ကပင် ဝမ်းရောဂါနှင့် ဆုံးပါးသွားလေရာ ကျွန်ုပ်တို့ မောင်နှမ (၆) ယောက်ကို အရီးတို့ကပင် ကြည့်ရှုစောင့်ရှောက်လာခဲ့တာ ဖြစ်၏။ အရီးတို့မှာ ကျွန်ုပ်တို့ကို ၎င်းတို့၏ သားသမီးအရင်းအချာများကဲ့သို့ပင် ချစ်ရှာကြ ပါသည်။ (ခလေး (၆) ယောက်ကို လူဖြစ်လာအောင် မွေးရတဲ့ဒုက္ခဟာ မသေးလှကြောင်း သားသမီးရှိသူများ ကောင်းကောင်း သိပါသည်။)
ထိုမျှသာမကသေး။ ကျွန်ုပ်နှမ အငယ်ဆုံးလေး အသက်တစ်နှစ်သမီးအရွယ်တွင် အမေဆုံးသည်ဖြစ်ရာ ထိုခလေး ပေါက်စနကို လူလားမြောက်သည်ထိ မွေးရသည့်ဒုက္ခကို မိတ်ဆွေတို့ ကိုယ်ချင်းစာကြည့်နိုင်ပါသည်။ တောဆိုတော့ ဘယ့်နှာလုပ် နို့မှုန့်တွေဘာတွေ၊ ခလေးစားဘို့ မုန့်ပဲသွားရေစာတွေ၊ ကစားစရာအရုပ်တွေ ရပါမည်နည်း။ ဘာဆိုဘာမှ မရှိ။ နတ္ထိ။
ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က လေးမျက်နှာကို ဧရာဝတီတိုင်း၏ မဲဇာ ဟု တင်စားပြောခဲ့ကြောင်း တစ်ဆင့်စကား၊ တစ်ဆင့်နား ကြားခဲ့ရဖူးပါသည်။ သို့ပြောကြစတမ်းဆို ကျွန်ုပ်တို့ရွာ ဝါးတောကွင်းမှာ လေးမျက်နှာ၏မဲဇာပင် ဖြစ်တော့၏။
ကျွန်ုပ်တို့ရွာမှာ လေးမျက်နှာမြို့နယ်၏ အနောက်ဘက် အစွန်ဆုံးတွင်ရှိပြီး ကျွန်ုပ်တို့ရွာ၏ အနောက်ဘက်တွင်မတော့ ရခိုင်ရိုးမတောင်တန်းကြီးသာ ရှိပါတော့သည်။ ထိုတောင်တန်းကြီးကို ခြေလျင်ကျော်ဖြတ်ကာ ကျွန်ုပ်တို့ရွာသားများ ရခိုင်ပြည်နယ်၊ ဂွမြို့သို့ သွားတတ်ကြ၏။ သူတို့ပြောတာ တစ်ညအိပ်သွားရသည်ဆိုလား။
ဆိုတော့ ကျွန်ုပ်၏ အရီးများ၊ ဦးကြီးများမှာ အဘယ်မှာလျှင် သိပ္ပံတို့၊ ဝိဇ္ဇာတို့၊ ဒစ်ပလိုမာတို့၊ အမ်ဘီအေတို့ ရှိပါမည်နည်း။ ဘုန်းကြီးကျောင်းမှာ ‘ဘော ဒေဝပုတ္တာ - အို နတ်သား’ လောက် သင်ခဲ့ဖူးတာ ဖြစ်ပါသည်။
သို့တိုင် ခညားတို့ သိပ္ပံသမား၊ ဝိဇ္ဇာသမား၊ ဒစ်ပလိုမာများထက် အများကြီး ပညာရှိသည်။ အမြော်အမြင်ကြီးသည်။
သူတို့သာ သည်လောက် အမြော်အမြင်မကြီးခဲ့ပါက သည်ကနေ့ ‘အေးငြိမ်း’ ဆိုတာ ဖြစ်လာနိုင်စရာ အကြောင်းမရှိ။
ကျွန်ုပ်၏ အရီးမယ်ဟံ အဘယ်ကဲ့သို့ ပညာကြီးကြောင်း နည်းနည်းလောက်ပြောပြပါရစေ။
(ကျွန်ုပ်၏ အရီးနှင့် ဦးကြီးများအကြောင်းကို ယခင်အခါ ကာလများကလည်း ရေးခဲ့ဖူးပါသည်။ သိလိုသူများ ကျွန်ုပ် ဘလောက်တွင် ရှာဖတ်နိုင်ကြပါသည်။ ဤကား စကားချပ်)
(၂) ဒါလေးတောင် မသိဘူးလား
၉ တန်း၊ ၁၀ တန်းကို လေးမျက်နှာ အထက်တန်းကျောင်းတွင် ကျွန်ုပ်တို့ တက်ခဲ့ရ၏။ ထိုစဉ် (၁၉၇၇ မှ ၁၉၈၈ ထိ) ကျွန်ုပ်တို့အိမ်မှာ ယခု ကမ်းနဖူးနားရောက်နေပြီဖြစ်သည့် ထူပါရုံဘုရားကြီး၏ နတ်လမ်း အရှေ့တည့်တည့်တွင် ဖြစ်၏။ ၁၉၈၈ တွင် ဆိုရှယ်လစ်စနစ် ပြိုလဲခြင်းကို ဘရာဗိုလုပ်သည့်အနေနှင့် လေးမျက်နှာကမ်းများမှာလည်း အသားကုန် ပြိုလေရာ ကျွန်ုပ်တို့မှာ ထိုအိမ်ကြီးကို ဖျက်လျက် ခတ္တူဘက်သို့ ပြောင်းခဲ့ရလေ၏။ (ဤကားစကားချပ်)
အရီးတို့က ကျွန်ုပ်တို့မောင်နှမများ၏ ပညာရေးအတွက် ကွင်းကောက်မှ လေးမျက်နှာသို့ ပြောင်းလာခြင်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်မှာ ၅ တန်း၊ ၆ တန်း၊ ၇ တန်း၊ ၈ တန်းကို ကွင်းကောက်တွင် မဌေးဝင်းတို့နှင့် အတူတူတက်ခဲ့ရပြီး ၉ တန်းကျမှ လေးမျက်နှာသို့ ပြောင်းခဲ့ခြင်းဖြစ်၏။
ကျွန်ုပ်တို့အိမ်၏ ပိုင်ရှင်ဟောင်းက ဦးဘဟိန်း ဖြစ်ပြီး ရွှေပန်းထိမ်လုပ်ငန်းလုပ်သည်။ ဦးဘဟိန်း ရွှေပန်းထိမ် ဆိုသည်မှာ လေးမျက်နှာတွင် နာမည်ကြီး ဖြစ်သည် ဆို၏။ ကျွန်ုပ်တို့ ပြောင်းလာချိန်တွင် ဦးဘဟိန်းမရှိတော့သလို ရွှေပန်းထိမ် လုပ်ငန်းလည်း မရှိတော့ပါချေ။
ပန်းထိမ်အိမ်ဟောင်းဖြစ်သည့်အတွက် အိမ်အောက်တွင် ရွှေတိုရွှေစများ ရှိနိုင်သည်ဟု (ကျွန်ုပ်က ငယ်သေးတော့ မည်သူများဝယ်သည်ဆိုတာ သေသေချာချာ မသိပါ။) မြေကြီးများကို တူးကြ၏။ မြေကြီးအငှားတူးကြသူများမှာ ကျွန်ုပ်တို့ အိမ်နီးချင်း ကူလီလုပ်စားရသော မရှိဆင်းရဲသားများ ဖြစ်ပါသည်။
သူတို့ မြေကြီးတူးနေစဉ် ကျွန်ုပ်က သူတို့ကို အထင်သေး အမြင်သေးစကားတစ်ခွန်း ပြောမိ၏။ ဘာအကြောင်းမှန်း မမှတ်မိတော့ပါ။
ကျွန်တော်ပြောလိုက်သည်မှာ “ဒါလေးတောင် မသိဘူးလား” ဟု ဖြစ်ပါသည်။
ထိုအခါ အရီးမယ်ဟံက ကျွန်ုပ်ကို ပြုံးလျက်ကြည့်ပြီး “လူကလေးရဲ့၊ မသိလို့ဘဲ သူများအိမ်အောက်မှာ မြေကြီးတူး နေရတာပေါ့ကွဲ့” ဟု ပြောပါသည်။
ထိုစကားကလေးကား ကျွန်ုပ်၏နှလုံးသားထဲ၌ တစ်သက်လုံး သံမှိုနှက်လိုက်သကဲ့သို့ စွဲမြဲနေပါတော့သတည်း။
အရီး၏ ထိုစကားကလေးတစ်ခွန်းက ကျွန်ုပ်ကို အများကြီး ဆုံးမလိုက်ပါသည်။
အရီး၏ ပြောသံကို ကျွန်ုပ်နားတွင် မနေ့တစ်နေ့က ပြောသကဲ့သို့ပင် ကြားယောင်နေဆဲဖြစ်ပါသည်။
အရီးကား ‘ဧဝံမေသုတံ’ မျှလောက်သာ သင်ခဲ့ရဖူး၏။
သို့တိုင် သိပ္ပံ၊ ဝိဇ္ဇာဟုခေါ်သည့် လောကီပညာရပ်များကို လေ့လာသင်ကြားနေသည့် ကျွန်ုပ်ထက် များစွာ ပညာကြီး ပေစွတကား။
အတွေးအခေါ်မြင့်လေစွတကား။
ကျွန်ုပ်သည် အရီးကို အကြိမ်ကြိမ် ဦးချကန်တော့မိပါသည်။
(၃) နိုင်ငံသားများ၏ သိခွင့် (Right to know)
များမကြာမီက စက်ရုံများ ပိတ်သိမ်းသည့်အကြောင်း၊ အလုပ်သမားများ ဆန္ဒပြသည့်အကြောင်းနှင့် ပတ်သက်ပြီး ယောယိမ်းလိုက် ဘသားယိမ်းလိုက် ဟု ကျွန်ုပ် ပို့စ်တစ်ခုရေးခဲ့တာ မိတ်ဆွေများမှတ်မိကြပါလိမ့်ဦးမည်။ ထိုပို့စ်တွင် အလုပ်သမားများ ဆန္ဒပြကြခြင်းမှာ သွေးရိုးသားရိုး မဟုတ်တန်ရာ။ အကြောင်းတစုံတခုကြောင့်ဖြစ်မည်ဟုလည်း ရေးခဲ့ ပါသည်။
အလုပ်သမားများ ဆန္ဒပြတာနှင့် ပတ်သက်၍ ဖေ့စ်ဘုတ်တွင် ဆဲဆိုနေကြသည်များမှာ မြင်မကောင်းပါ။ ဟင်၊ ပြကြအုံး။ နည်းနည်းဆို ဆန္ဒပြဘို့လောက်ပဲ တတ်တယ်။ အခုလို စက်ရုံတွေပိတ်လိုက်တော့ -ာခံစားကြပေါ့ စသဖြင့် တကယ့်ကို မကြားဝံ့ မနာသာတွေ ဖြစ်၏။
အသင်တို့သည် ပညာတတ်ကြီးများ ဖြစ်သည်မှာ မှန်ပါ၏။ သို့သော် ‘ဘော ဒေဝပုတ္တာ အို နတ်သား’ လောက် သင်ခဲ့ရသည့် ကျွန်ုပ်အရီး၏ -င်ဖျားကိုမီဘို့ရာ ၆ ဘူတာလောက် လိုသေးသည်။
သူတို့မှာ ပညာမတတ်၍သာ သည်ကဲ့သို့ ရရာအလုပ်ကို လုပ်ကိုင်စားနေကြရတာ ဖြစ်၏။ ပညာတတ်မှတော့ မိတ်ဆွေတို့လို ၅ သိန်းတန်၊ ၁၀ သိန်းတန် လခစားအလုပ် လုပ်ပေတော့မပေါ့။
လုပ်စားတော့ မိုးခေါင်၊ ခိုးစားတော့ ခွေးဟောင် ဆိုသလို မြန်မာပြည်၏ အခြေအနေကို မိတ်ဆွေတို့လည်း သိပါသည်။ ပညာအခြေခံမရှိမှတော့ ကောင်း၏၊ ဆိုး၏ ဘယ့်နှာလုပ် ဝေခွဲနိုင်ပါမတုံး။ အာပေါင်အာရင်းသန်သန်နှင့် ပြောသူတွေ နောက် ကောက်ကောက်ပါကြရတာသာ ဖြစ်၏။
(အဲလေ၊ ပညာတတ်ဟု ကိုယ့်ကိုယ်ကိုယ် သမုတ်ထားသူတွေလည်း မထူးပါ။ မထူးလို့ပင် ဟို အာပေါင်အာရင်းသန်သန် နှင့် ပြောတဲ့လူက ပြောတာကို (ဟုတ်မှန်းမသိ၊ မဟုတ်မှန်းမသိ) အားရပါးရနားထောင်၊ လက်ခုပ်လက်ဝါးတီးပြီး အကြီးအကျယ် သဘောကျ။ အပြန်ကျတော့ ကိုဗစ်ပိုးတွေ လက်ဆောင်ယူလာ။ တခြားသူတွေကို လျှောက်ဖြန့်။ ဒုက္ခများကြရတာ မဟုတ်ပါလား။)
ဤ ဒွန္နယာကြီးတွင် လူများ၏ မသိနားမလည်မှုကို အခွင့်ကောင်းယူကာ လုပ်စားနေကြသူ အတော်များ၏။ တစ်ကမ္ဘာလုံးကို စစ်တမ်းကောက်ကြည့်လိုက်လျှင် မြန်မာပြည်က နံပတ် (၁) နေရာလောက်မှာတောင် ရှိကောင်း ရှိနိုင်ပါ သည်။
နည်းနည်းမသိလျှင် နည်းနည်း လုပ်စားခံရမည်။ များများမသိလျှင် များများ လုပ်စားခံရမည်။ အလုံးကြီးကြီးနှင့် ထည့်မည်။ မတန်တဆထည့်မည်။ သောက်ကျိုးနည်း ထည့်မည်။ အသားကုန်ထည့်မည်။
နိုင်ငံသားတိုင်းတွင် နိုင်ငံသားတို့ သိသင့်သိထိုက်သည်များကို သိဘို့ အခွင့်အရေးသည် ရှိ၏။ လူအထင်ကြီးအောင် ဗြိတိသျှစာလုံးနှင့် ပြောရလျှင် Right to know ဟု ခေါ်သည် ထင်ပါသည်။
နိုင်ငံသားတွေကို သိသင့်သိထိုက်တာတွေ သင်ပေးဘို့အရေး ဟို့ ရောမခေတ်ကတည်းက ဆိုကရေးတီးက ပြောခဲ့ပါသည်။ (ပြောခဲ့သည်ဟု ကျွန်ုပ်မှတ်ဉာဏ်တွင် ရေးရေးထင်ပါသည်။ နိုင်ငံရေးသိပ္ပံကျွမ်းကျင်သူ ကျွန်ုပ်ချစ်သူငယ်ချင်း ဆရာဦးတင်စိုးအား အတည်ပြုပေးပါရန် မေတ္တာရပ်ခံပါ၏။)
တခြားနိုင်ငံတွေတော့ မပြောတတ်ပါ။
စင်ကာပူတွင်မတော့ အလုပ်သမားများ (အဲလေ၊ အောက်ခြေလုပ်သားများသာ မကပါ။ မန်နေဂျာများ၊ ဘောစိများပါ သက်ဆိုင်ရာ သင်တန်းများတက်ရပါသည်) တက်ရသည့် အန္တရာယ်ကင်းရေး သင်တန်းများတွင် ဒါတွေလုပ်၊ ဒါတွေမလုပ်နဲ့၊ မလုပ်နဲ့ဆိုတာတွေလုပ်ရင် ဟောသလို အရေးယူခံရမယ် ဆိုတာတွေ သင်ပေးပါသည်။
အိမ်အကူလုပ်သားခန့်မည့် အိမ်ရှင်များသည်လည်း သူတို့လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းတွေအကြောင်း သင်တန်း တက်ရပါသည်။ သင်တန်းပြီးသူများကိုသာ အိမ်အကူငှားရမ်းခွင့် ပြုပါသည်။
မြန်မာနိုင်ငံမှ လုပ်သားများကို အဘယ် သောက်ဂမြင်းမသား (ဟုတ်ပေါင်၊ သည်းခံပါခင်ဗျာ။ ရေးရင်း ရေးရင်း ဒေါပါလာလို့ ရိုင်းသွားတယ်) မည်သူတစ်ဦးတစ်ယောက်သည် ၎င်းတို့ သိသင့်သိထိုက်သည်များကို သင်ပေးတာ ကြားဖူးပါသနည်း။ သင်ပေးဘို့ဝေးလို့ သိသွားမှာကိုတောင် စိုးရိမ်နေသေးသည် မဟုတ်ပါလား။
သည်တော့ မသိသူများကို သိအောင်သင်ပေးကြပါ။
အစိုးရမင်းများအားလည်း (နောက်ရွေးကောက်ပွဲအတွက် မဲဆွယ်တာမျိုးလေးဖြစ်ဖြစ်) နည်းနည်းလောက် လှုပ်ပြကြပါ။
မနေနိုင်သူများကလည်း ကိုယ့်ဘာသာသိအောင် စာများများဖတ်၊ များများလေ့လာကြပြီး ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းလေးလောက်ပဲဖြစ်ဖြစ် သိသင့်သိထိုက်တာလေးတွေ ပြောပြကြပါ။
မသိသူများကို လုပ်စားနေသူများအား ၂၈ ထပ်ပေါ်တင်ပြီး ဖနောင့်နဲ့ ပေါက်ကြပါ။ အလုပ်သမားများကို မြှောက်ထိုးပင့်ကော် လုပ်နေသူများကို ကတ္တရာလမ်းပေါ် ဝမ်းလျားမှောက်ခိုင်းပြီး လမ်းကြိတ်စက်နှင့် တက်နင်းကြပါ။ အာပေါင်အားရင်းသန်သန်နှင့် လူများအား မှိုင်းတိုက်နေသူများကို ခုံဖိနပ်စုတ်ကို ခွေးချေးသုတ်ပြီး ပါးချကြပါဟု တိုက်တွန်းလိုက်ရပါကြောင်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၄ မေလ၊ ၂၀၂၀
No comments:
Post a Comment