Sunday, May 31, 2020

Design for Safety ဆိုတာဘာလဲ အပိုင်း (၂)

၅။ Risk Management

Design for Safety အကြောင်း ပြောရင် Risk Management က မပါလို့မဖြစ်ဘူး။ အဲဒီအတွက် -
Risk Management ကိုလည်း ကောင်းကောင်း သိနေဘို့လိုတယ်။
Risk Management ကလည်း ပြောရရင် အရှည်ကြီးပါ။ ဒီမှာ လိုရင်းကိုပဲ အတိုချုပ်ပြောပါမယ်။
Risk Management မှာ အဆင့် ၅ ဆင့်ပါတယ်။

၁) ကြိုတင်ပြင်ဆင်ခြင်း
၂) Risk Assessment ရေးဆွဲခြင်း
၃) RA ကို သက်ဆိုင်တဲ့သူတွေကို ရှင်းပြခြင်း
၄) RA ကို လက်တွေ့အသုံးချခြင်း နဲ့ ထိရောက်မှုကို ပြန်လည်ဆန်းစစ်ခြင်း
၅) ပြန်လည်သုံးသပ်ခြင်း

- တို့ ဖြစ်ပါတယ်။

ကြိုတင်ပြင်ဆင်တဲ့အပိုင်းမှာ RA ရေးဘို့အဖွဲ့ဖွဲ့တယ်။ နောက်ပြီး ဒီအလုပ်မှာတွေ့ရမယ့် အန္တရာယ်တွေနဲ့ ထိန်းချုပ်နိုင်တဲ့ နည်းလမ်းအားလုံးကို စုဆောင်းရတယ်။ 
ဒုတိယအပိုင်းက Risk Assessment ရေးတာ။ အဲဒီမှာ အပိုင်း (၃) ပိုင်းရှိတယ်။
၁) ရှိသမျှအန္တရာယ်တွေကို ရှာဖွေဖော်ထုတ်တယ်
၂) ဆိုးကျိုးဖြစ်နိုင်ချေတွေကို လေ့လာဆန်းစစ်ရတယ်
၃) အဲဒီ ဆိုးကျိုးဖြစ်နိုင်ချေတွေကို ထိန်းချုပ်ရတယ်။

တတိယအပိုင်းက အဲဒီလို ရေးဆွဲထားတဲ့ risk assessment ကို သက်ဆိုင်တဲ့ အလုပ်သမားတွေ၊ ကြီးကြပ်သူ တွေ နဲ့ သက်ဆိုင်သူမှန်သမျှကို အလုပ်မစခင်ကတည်းက ရှင်းပြထားရတယ်။ ကန်ထရိုက်တာတွေကိုလည်း အီးမေး စသဖြင့်နဲ့ ပေးထားရတယ်။
နောက်ပြီးတော့ risk assessment မှာပြောထားတဲ့ ထိန်းချုပ်ရေးနည်းလမ်းအားလုံးကို အလုပ်ထဲမှာ တကယ် လုပ်ထားရတယ်။ တကယ်လုပ်မလုပ်ဆိုတာကိုလည်း စစ်ဆေးရတယ်။ သူတို့လုပ်ထားတာတွေ နေရာကျရဲ့လား၊​ ဘာ ချို့ယွင်း အားနည်းချက်တွေ ရှိသလဲရှာရတယ်။ ပြန်ပြင်ပေးရတယ်။
နောက်ဆုံးအချက်က ကိုယ့်ရဲ့ risk assessment ဟာ ခုလက်ရှိအခြေအနေတွေနဲ့ ကိုယ်လက်ရှိလုပ်နေတဲ့ အလုပ်နဲ့ ကိုက်ညီရဲ့လားလို့ ပြန်ပြီး လေ့လာသုံးသပ်တာ။ တကယ်လို့ ကိုယ့် risk assessment က ခေတ်မမီတော့ဘူး၊​ လက်ရှိ အခြေအနေတွေနဲ့ မကိုက်ညီတော့ဘူးဆိုရင် ပြန်ပြင်ရတယ်။
ဒါ့ထက်ပိုသိချင်သေးသပ ဆိုရင်တော့ ကျွန်တော် မြန်မာပြည်ပြန်လာရင် Risk Management သင်တန်း ပေးတတ်ပါ တယ်။ သင်တန်းလာတက်လှဲ့ပါ။ ၅ မိနစ်လောက်ပြောရုံနဲ့တော့ နားလည်ဘို့ မလွယ်ပါဘူး။

၆။ အန္တရာယ်များကို ရှာဖွေဖော်ထုတ်ခြင်း (Hazard Identification)

အန္တရာယ်တွေကို ရှာဖွေဖော်ထုတ်တာဟာ Risk Assessment ရဲ့ ပထမဆုံးနဲ့ အရေးအကြီးဆုံး အဆင့်ပါ။
နောက်ပြီး Design for Safety မှာလည်း ပထမဆုံးနဲ့ အရေးအကြီးဆုံး လုပ်ရတဲ့အလုပ်ပဲ။ အဲဒီအပိုင်းဟာ ကျယ်လည်း ကျယ်ပြန့်တယ်။ များလည်းများတယ်။
ဒီမှာတော့ ကျွန်တော် နည်းနည်းချင်းစီပဲ ဥပမာလေးတွေနဲ့ ပြောပြသွားပါမယ်။ ဥပမာမှာလည်း အဆောက်အဦ တစ်ခု ဆောက်တဲ့ နမူနာနဲ့ပဲ ပြောပါမယ်။ တခြား စက်တို့၊ စားသောက်ကုန်ထုတ်တာတို့မှာလည်း အားလုံး အတူတူပါဘဲ။

ပထမဆုံး ဘာအန္တရာယ်တွေ ရှိနိုင်သလဲဆိုတာ ရှာရမယ်။

၁။ ရုပ်ပိုင်းဆိုင်ရာအန္တရာယ် (physical hazard)
၂။ စက်ပိုင်းဆိုင်ရာအန္တရာယ် (mechanical hazard)
၃။ လျှပ်စစ်အန္တရာယ် (electrical hazard)
၄။ ဆူညံသံအန္တရာယ် (noise hazard)
၅။ ဓာတုဗေဒအန္တရာယ် (chemical hazard)
၆။ သဘာဝပတ်ဝန်းကျင်အန္တရာယ် (environmental hazard)
၇။ အမှုန်အန္တရာယ် (dust hazard)
၈။ အမြင့်ကပြုတ်ကျမယ့်အန္တရာယ် (fall from height hazard)
၉။ အပေါ်ကပြုတ်ကျလာမယ့်ပစ္စည်းတွေနဲ့ ခိုက်မိမယ့်အန္တရာယ် (falling object hazard)
၁၀။ မီးအန္တရာယ် (fire hazard)
၁၁။ ကွန်ဖိုင်းစပေ့စ်အန္တရာယ် (confined space hazard)
၁၂။ ဇီဝပစ္စည်းအန္တရာယ် (bilogical hazard)
၁၃။ ခန္ဓာကိုယ်အနေအထားဆိုင်ရာ အန္တရာယ် (ergonomic hazard)
၁၄။ စိတ်ပိုင်းဆိုင်ရာအန္တရာယ် (psychological hazard)

ဒီမှာတော့ အကုန်ပြောပြဘို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော် နည်းနည်းချင်းစီဘဲ နမူနာတွေနဲ့ ပြောပြပါမယ်။
ဟိုးအစပိုင်းတုံးက ကျွန်တော် ပြောခဲ့တာမှာ DfS မှာ အပိုင်း (၄) ပိုင်းရှိတယ်။

1.    ဆောက်တဲ့နေရာမှာ အန္တရာယ်ကင်းဘို့
2.    နေတဲ့သူတွေ အန္တရာယ်ကင်းဘို့
3.    ပြုပြင်ထိန်းသိမ်းရေးလုပ်တဲ့အခါမှာ အန္တရာယ်ကင်းဘို့
4.    စွန့်ပစ်တဲ့အခါ/ဖြိုဖျက်တဲ့အခါမှာ အန္တရာယ်ကင်းဘို့

ဆိုတော့ အဲဒီအပိုင်းတိုင်းအတွက် အန္တရာယ်တွေကို ရှာဖွေဖော်ထုတ်ရမှာဖြစ်တယ်။

၁) ဆောက်တဲ့နေရာမှာ အန္တရာယ်ကင်းဘို့

အဲဒါကတော့ အန္တရာယ်အများဆုံးနေရာပဲ။ စက်နဲ့လုပ်ရတာတွေရှိတယ်။ ဓာတုပစ္စည်းတွေနဲ့ လုပ်ရတာတွေ ရှိတယ်။ အပေါ်တက် လုပ်ရတာတွေရှိတယ်။ မီးနဲ့လုပ်ရတာတွေရှိတယ်။ ဝန်ချီစက်သုံးရတာတွေရှိတယ်။ 
§  စက်နဲ့လုပ်ရရင် စက်ညပ်နိုင်တဲ့အန္တရာယ်၊ လှုပ်ရှားနေတဲ့စက်တွေနဲ့ ထိခိုက်နိုင်တဲ့အန္တရာယ်၊ ဆူညံသံကြောင့် နားလေးနိုင်တဲ့အန္တရာယ် စသဖြင့်
§  ဓာတုပစ္စည်းတွေနဲ့ လုပ်ရရင် ဓာတုဆေးငွေ့တွေ ရှူမိမယ့် အန္တရာယ်၊ ဓာတုဆေးတွေ အသားကိုထိမိမယ့် အန္တရာယ်၊ ဓာတုဆေးတွေ ပါးစပ်ထဲဝင်မယ့်အန္တရာယ် စသဖြင့်
§  အပေါ်တက်လုပ်ရရင် ပြုတ်ကျမယ့်အန္တရာယ်၊ အပေါ်ကပစ္စည်းတွေ အောက်ပြုတ်ကျပြီး လူတွေကို ထိခိုက်မယ့် အန္တရာယ် စသဖြင့် 
§  မီးနဲ့လုပ်ရရင် မီးလောင်မယ့်အန္တရာယ်၊ လူကို အပူဟပ်မယ့်အန္တရာယ်၊ မီးပွားတွေစဉ်မယ့်အန္တရာယ် စသည် 
§  ဝန်ချီစက်နဲ့ပစ္စည်းတွေကို မ,ရင် ပစ္စည်းတွေ ပြုတ်ကျမယ့်အန္တရာယ်၊ သယ်လာတဲ့ပစ္စည်းတွေနဲ့ လူ၊ အဆောက်အဦတွေ ခိုက်မိမယ့်အန္တရာယ် - စသဖြင့် အများကြီးရှိတယ်။

အဲဒါတွေကို safety သင်တန်းတွေမှာ အသေးစိတ် ကျကျနန သင်ပေးပါတယ်။ ဆိုတော့ safety profession မရှိရင် အလုပ်လုပ်ရတာ အလုပ်သမားတွေအတွက် အင်မတန် အန္တရာယ်များတယ်။ ဥပဒေထဲမှာလည်း အလုပ်ရှင်တွေဟာ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး အရာရှိတွေ ခန့်ရမယ်ဆိုတာရယ်၊ အဲဒီ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး အရာရှိတွေရဲ့ တာဝန်ဝတ္တရားတွေရယ်ကို ထည့်ပြီး ပြဌာန်းထားရတယ်။

၂) အဆောက်အဦမှာ နေတဲ့သူတွေ အန္တရာယ်ကင်းဘို့

နောက်တစ်ခုက ဆောက်ပြီးတာနဲ့ ငါ့လက်ကလွတ် ဗြွတ်လို့ လုပ်လို့မရဘူး။ အဲဒီဆောက်ထားတဲ့ အဆောက် အဦဟာ အဲဒီအဆောက်အဦမှာ နေမယ့်သူတွေအတွက် အန္တရာယ်ကင်းရမယ်။ အဆောက်အဦမှာနေတုံး တွေ့ရမယ့် အန္တရာယ်တွေက ဘာလဲလို့ ကြိုတွက်ကြရမယ်။
ဒါဆို အဆောက်အဦမှာနေတုံး တွေ့ရမယ့် အန္တရာယ်တွေက ဘာတွေဖြစ်မလဲ။

§  အဆောက်အဦ ပြိုကျနိုင်တဲ့အန္တရာယ်
§  မျက်နှာကျက် ပြိုကျနိုင်တဲ့အန္တရာယ်
§  ဓာတ်လိုက်နိုင်တဲ့ အန္တရာယ်
§  ကလေးတွေ ပြတင်းပေါက်ကနေ ပြုတ်ကျနိုင်တဲ့ အန္တရာယ်
§  မီးလောင်နိုင်တဲ့အန္တရာယ်၊ သောက်ရေ၊ အိမ်သာကစွန့်ထုတ်မယ့် အညစ်အကြေး
§  အဆောက်အဦကို မိုးကြိုးပစ်မယ့် အန္တရာယ် စသဖြင့် -
§  နောက်ပြီးတော့ အရေးပေါ်အခြေအနေမှာ အဆောက်အဦထဲ ပိတ်မိနေမယ့် အန္တရာယ်ကိုလည်း ထည့်တွက်ရမယ်။ 

ဒါက အဆောက်အဦထဲမှာ လူတွေနေတုံး တွေ့ရမယ့် အန္တရာယ် -
§  ဆင်ထားတဲ့မီးကြိုး၊​ ပလပ်ပေါက်တွေဟာ အန္တရာယ်ကင်းရမယ်။
§  သွယ်တန်းထားတဲ့ ရေပိုက်၊ မိလ္လာပိုက်တွေဟာ အန္တရာယ်ကင်းရမယ်။
§  အိမ်ကိုပေးတဲ့ သောက်ရေတွေဟာ အန္တရာယ်ကင်းရမယ်။

ခုတော့ - ဒါလောက်ပဲ မှတ်ထားလိုက်ပါအုံး။ နောက် တကယ့်အဖြစ်အပျက်တွေကို ပြတဲ့အခါကျမှ ထပ်ရှင်းပြပါမယ်။

၃) အဆောက်အဦကို ပြုပြင်ထိန်းသိမ်းတဲ့နေရာမှာ အန္တရာယ်ကင်းဘို့

အဆောက်အဦကို ပြုပြင်ထိန်းသိမ်းတဲ့နေရာမှာ ဘာအန္တရာယ်တွေ ရှိနိုင်သလဲ။ ဆိုကြပါစို့။ တိုက်ခေါင်မိုးပေါ် တင်ထားတဲ့ ရေကန်ကို သန့်ရှင်းရေးလုပ်ချင်ပါပြီတဲ့။ တိုက်ခေါင်မိုးပေါ်ကို အန္တရာယ်ကင်းကင်းနဲ့ တက်/ဆင်းနိုင်ဘို့ လှေခါးကောင်းကောင်း ရှိရဲ့လား။
တိုက်အပြင်မှာတပ်ထားတဲ့ လေအေးပေးစက်ကို ပြုပြင်တဲ့အခါ အန္တရာယ်ကင်းရမယ်။ အခု မြန်မာပြည်က အဆောက်အအုံတွေမှာ တပ်ထားတဲ့ air-cond တွေ ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ နောက်ပြီး ကျွန်တော် ဓာတ်ပုံတွေနဲ့ ပြပါမယ်။

၄) အဆောက်အဦကို ဖြိုဖျက်တဲ့အခါ အန္တရာယ်ကင်းရမယ်။

အဆောက်အဦကို ဖြိုဖျက်တဲ့နေရာမှာ ဘာအန္တရာယ်တွေ ရှိနိုင်သလဲ။ အဆောက်အဦကို ဖြိုဖျက်တဲ့နေရာမှာ အန္တရာယ်ကင်းကင်း ဖြိုဖျက်နိုင်ရမယ်။ အဆောက်အဦကို ဖြိုဖျက်ရာကနေထွက်လာတဲ့ ပစ္စည်းတွေကို အန္တရာယ် 
ကင်းကင်း စွန့်ပစ်နိုင်ရမယ်။
ဒါက အဆောက်အဦကိုပဲ ပြောတာကိုး။ တကယ်ဆို အဆောက်အဦတင် မကပါဘူး။ စက်ရုံကထွက်တဲ့ ရေဆိုးတို့၊ ဆောက်လုပ်ရေးလုပ်ငန်းက စွန့်ပစ်လိုက်တဲ့ အန္တရာယ်ရှိတဲ့ပစ္စည်းတို့၊ ဆေးရုံတွေက ထွက်လာတဲ့ ရေနဲ့ အမှိုက်သရိုက်တို့၊ ယုတ်စွအဆုံး ပလတ်စတစ်အမှိုက်ကအစ အကုန်ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော် ဓာတ်ပုံလေးတွေ နဲ့ ရှင်းပြပါမယ်။
ဒီနေရာမှာ မိတ်ဆွေတို့သိရအောင် ဗဟုသုတတစ်ခုပြောချင်ပါတယ်။

            မြန်မာ့မီးရထားရုံးချုပ်က အမိုးတွေက အက်စ်ဘက်စ်တိုးစ် (Asbestos) တွေပါ။ အက်စ်ဘက်စ်တိုးစ်ပစ္စည်းတွေ ဟာ ကင်ဆာဖြစ်စေပါတယ်။ အက်စ်ဘက်စ်တိုးစ်အမှုန်တွေကို ရှူမိရင် အဆုပ်ကင်ဆာ ဖြစ်တာ။ ဆိုတော့ ရထား ရုံးချုပ်က အမိုးတွေကို ဖျက်ဘို့ ပြဿနာတက်တယ်။ ဘယ်လိုဖျက်မလဲ၊​ ဘယ်သူတွေဖျက်မလဲ၊ ဖျက်လို့ထွက်လာတဲ့ အမှိုက်တွေကို ဘယ်မှာ ဘယ်လိုပစ်မလဲ။


နောက်ပြီး ရထားရုံးချုပ်က တကယ့် ရန်ကုန်မြို့လယ်ခေါင်တည့်တည့်မှာ။ လူတွေ၊ ကားတွေ အင်မတန် ရှုပ်တဲ့ နေရာ။ အဲဒီအမိုးကြီးကို ဖျက်တော့ သေချာပေါက် အမှုန်တွေထွက်မှာပဲ။ လေတိုက်တော့ အဲဒီအမှုန်တွေ ဘယ်ရောက် ကုန်မလဲ။ အဲဒီအနားမှာ ဖြတ်သွားဖြတ်လာလုပ်နေတဲ့ လူတွေရှူမိရင် မခက်ပါလား။ အပြစ်မဲ့တဲ့သူတွေ အလကားနေရင်း ကင်ဆာဖြစ်ရမယ်ဆိုရင် . . .
            ဒါက ကိုလိုနီခေတ်က အဆောက်အအုံ။ အရင်တုံးကတော့ ဘယ့်နှာလုပ် DfS ရှိမတုံးခင်ဗျာ။
            အဲဒီတော့ အမေရိကန်က အက်စ်ဘက်စ်တိုးကို ထုတ်လုပ်ခွင့်၊ သိုလှောင်ခွင့်၊ ရောင်းဝယ်ခွင့်၊ သုံးစွဲခွင့် လုံးဝ မပြုတော့ဘူး။ ၁၉၈၀ မှာ ဥပဒေထုတ်ပြီး တားမြစ်လိုက်တယ်။ စင်ကာပူကတော့ ၉ နှစ်အကြာ ၁၉၈၉ မှာ တားမြစ် တယ်။ လက်ရှိရှိပြီးသား အက်စ်ဘက်စ်တိုးစ်ပါတဲ့ အဆောက်အုံတွေကို ပြင်မယ်/ဖျက်မယ်ဆိုရင် အထူးလေ့ကျင့်ပေး ထားတဲ့ အန္တရာယ်ထိန်းချုပ်ရေး စက်တွေ၊ နည်းပညာတွေ ရှိတဲ့သူတွေကိုပဲ ပြင်ခိုင်း/ဖျက်ခိုင်းတယ်။ တခြားသူတွေကို လုံးဝ ထိတွေ့ခွင့် မပြုဘူး။
            ရထားရုံးချုပ်ခေါင်မိုးကိစ္စနဲ့ ကျွန်တော့်ကို ဆက်သွယ်လာတဲ့ ကိုဝင်းမင်းထွန်းလည်း အဲဒီကုမ္ပဏီက ထွက်သွား တော့ နောက်ပိုင်း ဘာတွေဆက်ဖြစ်တယ် ကျွန်တော်လည်း မသိတော့ဘူး။
            အဲဒါဟာ DfS ရဲ့ အကျိုးကျေးဇူးတွေထဲက တစ်ခုပဲ။

၇။ အန္တရာယ်များကို ထိန်းချုပ်ခြင်း

ဘာအန္တရာယ်တွေရှိတယ်ဆိုတာ သိပြီးတဲ့နောက် အဲဒီအန္တရာယ်တွေကို ဘယ်လို ဖျောက်ဖျက်ပစ်မလဲဆိုတာ တွေးရပါတယ်။ တကယ်လို့ ဖျောက်ဖျက်ပစ်ဘို့ မတတ်နိုင်ဘူးဆိုရင်တော့ အန္တရာယ်အနည်းဆုံးဖြစ်တဲ့ထိ လျှော့ချရပါ မယ်။
အန္တရာယ်တွေကို ထိန်းချုပ်ရေးနည်းလမ်းကတော့ လူတိုင်းသိတဲ့ Hierarchy of Control ပါဘဲ။


အန္တရာယ်တွေကို ထိန်းချုပ်တာကလည်း ပြောရရင် အများကြီးပါ။ ကျွန်တော် အတိုချုပ်ပဲ ပြောပါမယ်။
ပထမဆုံးအဆင့်က အကောင်းဆုံးနဲ့ အထိရောက်ဆုံးအဆင့်ဖြစ်တဲ့ ဖျောက်ဖျက်ပစ်ခြင်း (elimination) ပါ။ ဘာမှ မရှိတော့ရင် ဘာမှ မဖြစ်တော့ဘူး မဟုတ်လား။
            ခုနက ဥပမာပေးခဲ့တဲ့ အမေရိကန်မှာ အက်စ်ဘက်စ်တိုး ထုတ်တာ/ရောင်းတာ/သုံးတာတွေကို ဥပဒေထုတ် တားမြစ်လိုက်တာဟာ elimination ရဲ့ အကောင်းဆုံး ပြယုဂ်ပါဘဲ။ 
            နောက်တစ်ခုက eliminate လုပ်လို့မရရင်တော့ ပိုပြီးအန္တရာယ်နည်းတဲ့ ပစ္စည်း၊ နည်းပညာ၊ စက်တွေနဲ့ အစားထိုးရမယ်။
            ဥပမာ - အရင်တုံးက အဆောက်အဦတွေကို ဖျက်ဆီးတဲ့အခါ မြေတူးစက်ကြီးတွေမှာ တပ်ထားတဲ့ ဘရိတ်ကာ ခွဲစက်ကြီးတွေနဲ့ ထိုးခွဲတယ်။ အဲဒီကိရိယာကြီးက အရမ်းလည်းဆူတယ်၊ ဖုန်တွေလည်း မတရားထွက်တယ်။ တုန်ခါမှု ကလည်း ငလျင်လှုပ်တဲ့အတိုင်း။ ဆိုတော့ ပတ်ဝန်းကျင်က လူတွေအတွက် အဆင်မပြေဘူး။ ဟော အခုပေါ်လာတဲ့ စက်သစ်ကြီးတွေကျတော့ အဲသလို ကွန်ကရိကို ထိုးခွဲတာ မဟုတ်တော့ဘူး။ စက်တူကြီးတွေနဲ့ ညှပ်ခွဲပစ်တာ။ ဆိုတော့ ဆူညံသံရော၊ ဖုန်ထွက်တာရော၊ တုန်ခါမှုပါ အများကြီး သက်သာသွားတယ်။ အဲဒါ ဒုတိယ ထိန်းချုပ်နည်းဖြစ်တဲ့ အစားထိုးနည်း (substitution)။
            နောက်တစ်ဆင့်က အင်ဂျင်နီယာနည်းနဲ့ ထိန်းချုပ်တာ။ ပြောကြစတမ်းဆို ထိန်းချုပ်နည်း တော်တော်များများ ဟာ အင်ဂျင်နီယာနည်းနဲ့ ထိန်းချုပ်နည်းတွေပါဘဲ။ ကွန်ဖိုင်းစပေ့ထဲကို လေမှုတ်သွင်းတာ၊ အလင်းရောင် အလုံ အလောက်ရအောင် မီးထွန်းပေးတာ၊ ဓာတ်မလိုက်အောင် RCCB, ELCB တွေတပ်ပေးတာ၊ ပြုတ်မကျရလေအောင် လက် ရမ်းတန်းတွေကာပေးတာ။ မြေမပြိုအောင် မြေကာပြားတွေဆင်ပေးတာ။ အဲဒါအားလုံးဟာ အင်ဂျင်နီယာနည်းနဲ့ ထိန်းချုပ်တာချည်းပဲ။
            နောက်ပြီးတော့ အုပ်ချုပ်ရေးပိုင်းက ထိန်းချုပ်တာ။ အလုပ်ကို လုပ်ခွင့်ပြုမိန့်နဲ့မှလုပ်ရတာ။ အလုပ်သမားတွေ ကို သင်တန်းပေးတာ။ စည်းကမ်းမလိုက်နာတဲ့သူတွေကို ဒဏ်ရိုက်တာ၊ အလုပ်ကို အဆိုင်းနဲ့ဆင်းခိုင်းတာ တွေဟာ အုပ်ချုပ်ရေးပိုင်းက ထိန်းချုပ်တာ။ သူလည်း အရေးကြီးတယ်။
            နောက်ဆုံးအဆင့်ကတော့ helmet တို့၊ safety shoe တို့ပေါ့ဗျာ။ PPE က ထိန်းချုပ်မှုအားလုံးမှာ နောက်ဆုံး အဆင့်။ ဒါပေမယ့် သူ့လည်း လျှော့တွက်လို့မရဘူး။ အခုခင်ဗျားတို့ မျက်နှာအကာ ဝတ်သလိုပေါ့ဗျာ။

၈။ ထိရောက်မှုကို ပြန်လည်သုံးသပ်ခြင်း နှင့် ပြင်ဆင်မှုများ ပြုလုပ်ခြင်း

            ပြောတာလည်း တော်တော်များသွားတော့ အတော် ပျင်းကုန်ကြပြီထင်တယ်။ ခဏတော့ သည်းခံစောင့်ပါအုံး။ ဒါ နောက်ဆုံးအဆင့်ပါ။
            ဒီအဆင့်ကတော့ ထိန်းချုပ်မှုတွေလုပ်ထားတာဟာ အဖြစ်ပဲလုပ်ထားတာလား။ စံနှုန်းတွေအလိုက် တကယ် ကောင်းကောင်းမွန်မွန်လုပ်ထားတာလားဆိုတာ ပြန်လည် စစ်ဆေးတဲ့အပိုင်းပါ။ 
ကျွန်တော် နမူနာတစ်ခု ပေးပါမယ်။
ကျွန်တော်တို့အိမ်က ကမာရွတ်မြို့နယ်၊ (၈) ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ယာ၊ တိုက် (၆) ပါ။ အဲဒီမှာ တိုက်နောက် ဘက်တွေမှာ မဖြစ်ညစ်ကျယ် လှေခါးလေးတွေ တပ်ထားတာတွေ့ပါတယ်။ ကျွန်တော်မမှားဘူးဆိုရင် အဲဒီလှေခါး တွေဟာ မီးအရေးပေါ်ထွက်ပေါက်အတွက် လုပ်ထားတာပါ။ လူကြီးမင်းတို့ကို လာကြည့်စေချင်ပါတယ်။ အရေး အကြောင်းဟေ့ဆိုပြီး အဲဒီလှေခါးကနေသာ ဆင်းလို့ကတော့ မီးလောင်လို့ သေ/မသေဆိုတာ မသေချာပေမယ့်၊ လှေခါးပေါ်က ပြုတ်ကျပြီး သေဘို့ကတော့ ရာခိုင်နှုန်း ၃၀၀ လောက်တောင် ရှိပါတယ်ခင်ဗျာ။ တကယ်ဆို အဲဒီလှေခါးကို အိမ်ထဲကနေကို သွားဘို့ မလွယ်ပါဘူး။ အတင်း ခုန်ကူးမှ ရမှာပါ။
အဲသလောက် ဥပမာပေးရင် နားလည်ကြပါပြီ။
ကျွန်တော်အခု အာလူးဖုတ်တာလေးတွေရပ်လိုက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ တကယ့်ဖြစ်ရပ်လေးတွေ တင်ပြပါမယ်။

၉။ ဖြစ်ရပ်လေ့လာချက်များ

အဲဒါကတော့ ပြောစရာတွေ အများကြီးမို့ ချန်ခဲ့ပါတော့မယ်။ အကြောင်းအပေါင်းသင့်ရင် သပ်သပ် ထပ်ရေးပါ မယ်။ အခုတော့ ဓာတ်ပုံတွေပဲ တွဲပေးလိုက်ပါတယ်။

၁၀။ မြန်မာနိုင်ငံနှင့် Deaign for Safety

            Design for Safety လုပ်ဖို့အတွက် ဆောက်လုပ်ရေးဆိုင်ရာ၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနဲ့ ကျန်းမာရေး ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စံနှုန်း၊ သင်တန်း စတာတွေ ပြည့်ပြည့်စုံစုံရှိဘို့ လိုပါတယ်။ အဲဒါတွေမရှိဘဲ မဖြစ်နိုင်ပါ။
            ဥပမာ - ငြမ်းဆင်မယ်ဆိုကြပါစို့။​ မြန်မာပြည်မှာ ငြမ်းကို ဘယ်လိုဆင်ရမယ်ဆိုတဲ့စံနှုန်း၊ လမ်းညွှန် (Guideline) တွေ မရှိပါဘူး။ လေ့ကျင့်ပြီးသား၊ သင်တန်းတက်ပြီးသားသူတွေမှသာလျှင် ငြမ်းဆင်ရမယ်ဆိုတဲ့ ဥပဒေ မရှိပါဘူး။ ငြမ်းဆင်လုပ်သားတွေဟာ ငြမ်းဆင်လုပ်ငန်း ကြီးကြပ်ရေးမှူးရဲ့ အနီးကပ် ကြီးကြပ်မှုနဲ့သာ ငြမ်းဆင်ရမယ် ဆိုတဲ့ဥပဒေ မရှိပါဘူး။ အခု ငြမ်းဆင်မယ့်လုပ်သားတွေကို ပုဂ္ဂလိက သင်တန်းကျောင်းတွေကနေ သင်တန်းတွေ ပေးနေပါပြီ။ သူတို့ ဘယ်လိုတွေ သင်နေတယ်ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် လုံးဝမရှိသေးတာနဲ့စာရင် အင်မတန် ကောင်းပါတယ်။ မြန်မာပြည် အစိုးရအနေနဲ့ အဲဒီသူတွေကို အင်မတန် ကျေးဇူးတင်ရမှာပါ။ (ဘာပြောတယ်ကွ)
            အဆောက်အဦတွေမီးဆင်ရာမှာ လိုက်နာရမယ့် စံနှုန်းက (စင်ကာပူမှာ) CP5 ပါ။ လုပ်ငန်းခွင်ထဲမှာ လျှပ်စစ် ကြိုးတွေ သွယ်တန်းရမယ့်စံနှုန်းက (စင်ကာပူ) CP88 ပါ။ မင်းတို့မီးဆင်ရင်တော့ အဲသလိုဆင်ကြဟေ့ ဆိုပြီး အဲဒီအထဲမှာ ညွှန်ကြားထားတယ်။ မီးဆင်တဲ့သူတွေဟာ အဲဒီစံနှုန်းကို လက်ကိုင်ထားပြီး ဆင်ကြရတယ်။ အဲဒါဆိုရင် ဓာတ်လိုက်သေ တဲ့ မတော်တဆမှုတွေကို အတော်များများ လျှော့ချသွားနိုင်လိမ့်မယ်။ မြန်မာနိုင်ငံအတွက် MNBC (Myanmar National Building Code) ထဲမှာ ပါသလားတော့ မပြောတတ်ပါ။
            ငြမ်းဆင်တာ၊ ဖောင်ဝပ်ဆင်တာ၊ မီးဆင်တာ၊ မြေကြီးတူးတာ၊ ပိုင်ရိုက်တာ၊ လမ်းဖောက်တာ၊ တံတားဆောက် တာ ဘယ်လိုအင်ဂျင်နီယာရင်းအလုပ်ပဲ ဖြစ်ဖြစ် အင်ဂျင်နီယာက ကျကျနန တွက်ချက်ထားတဲ့ ဒီဇိုင်းလိုပါတယ်။ အဲဒီ ဒီဇိုင်းအတိုင်း ဆောက်ကြရတယ်။ 
            အဲသလောက်ဆို Design for Safety အတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စံနှုန်း၊ သင်တန်း စတာ တွေ ပြည့်ပြည့်စုံစုံရှိဘို့ လိုတယ်ဆိုတဲ့အကြောင်း အတော်များများ သဘောပေါက်လောက်ပါပြီ။
            ကျွန်ုပ်တို့ ရွှေပြည်ကြီးမှာ အဲသဟာတွေ ဘာဆို ဘာတစ်ခုမှ မရှိပါ။ အဲဒီအတွက် မြန်မာနိုင်ငံမှာ Design for Safety လုပ်ဖို့ မလွယ်သေးပါ။

နောက်တစ်ခု -

အဲဒီနောက်တစ်ခုက ခုနက ပြောခဲ့တဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စံနှုန်း၊ သင်တန်း စတာတွေထက် ပိုပြီး အရေးကြီးပါတယ်။

ဟောသဟာတွေ ရှိနေသမျှကာလပတ်လုံး ဘယ်လိုနည်းနဲ့မှ Design for Safety လုပ်လို့မရပါဘူး။
---------------------------------------------------------------------------------------------------------------------

၁။ ဇီးသီးဗန်းမှောက်တဲ့ကိစ္စတွေရှိနေသမျှ ကာလပတ်လုံး ဘယ်လိုနည်းနဲ့မှ Design for Safety လုပ်လို့မရပါဘူး။
၂။ လူတွေရဲ့ ကိုယ်ကျင့်တရားတွေ မကောင်းသမျှ ကာလပတ်လုံး ဘယ်လိုနည်းနဲ့မှ Design for Safety လုပ်လို့မရပါဘူး။
၃။ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓာတ်တွေ ရှိနေသမျှ ကာလပတ်လုံး ဘယ်လိုနည်းနဲ့မှ Design for Safety လုပ်လို့မရပါဘူး။
၄။ ကိုယ်ယူထားတဲ့ အဖိုးအခနဲ့တန်တဲ့ ထုတ်ကုန်/ဝန်ဆောင်မှု ပြန်ပေးမယ်ဆိုတဲ့ စိတ်ဓာတ်တွေ မရှိသမျှ ကာလပတ်လုံး ဘယ်လိုနည်းနဲ့မှ Design for Safety လုပ်လို့မရပါဘူး။
၅။ စီမံခန့်ခွဲရေးပိုင်းက လူကြီးတွေ နုံချာညံ့ဖျင်းနေသမျှ၊ စိတ်ထဲထင်ရာ ပေါက်တတ်ကရတွေ လျှောက်လုပ်နေသမျှ ကာလပတ်လုံး ဘယ်လိုနည်းနဲ့မှ Design for Safety လုပ်လို့မရပါဘူး။
၆။ တရားဥပဒေ စိုးမိုးမှုမရှိသမျှ ကာလပတ်လုံး ဘယ်လိုနည်းနဲ့မှ Design for Safety လုပ်လို့မရပါဘူး။
၇။ ဘာတာဝန်ခံမှု တာဝန်ခံမှုမှမရှိ၊ ငါ့လက်ကလွတ် ဗြွတ် တွေရှိနေသမျှ ကာလပတ်လုံး ဘယ်လိုနည်းနဲ့မှ Design for Safety လုပ်လို့မရပါဘူး။
၈။ အစုအဖွဲ့နဲ့ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းမလုပ်၊ ငါတကောကောပြီး၊ ငါလုပ်တာမှ အမှန်လို့ ထင်နေသမျှ ကာလပတ်လုံး ဘယ်လိုနည်းနဲ့မှ Design for Safety လုပ်လို့မရပါဘူး။
၉။ အောက်ခြေကလူတွေပြောစကားကို ဂရုမစိုက်၊ ငါသိငါတတ်နဲ့ ပေါက်တတ်ကရ ညွှန်ကြားချက်တွေ ထုတ်နေသမျှ ကာလပတ်လုံး ဘယ်လိုနည်းနဲ့မှ Design for Safety လုပ်လို့မရပါဘူး။

အဲဒီ အချက် (၉) ချက်ဟာ Design for Safety အတွက် အင်မတန်မှ အခရာကျလှတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ 
နောက်ထူးခြားချက်တစ်ခုက အဲဒီအချက် (၉) ချက်ဟာ ဘယ်နိုင်ငံက Design for Safety မှာမှ မရှိဘဲ မြန်မာနိုင်ငံ တစ်နိုင်ငံထဲမှာသာ ရှိတဲ့အချက်လည်း ဖြစ်ပါတယ်။ (ဂုဏ်ယူစရာပါ။)

အဲဒီအတွက် -
Design for Safety ကို အကောင်အထည်ဖော်ဘို့ -

၁။ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စံနှုန်း၊ သင်တန်း စတာတွေ ပြည့်ပြည့်စုံစုံရှိဘို့ လိုပါတယ်။ 
၂။ ဇီးသီးဗန်းမှောက်တဲ့ကိစ္စနဲ့ လာဘ်ပေးလာဘ်ယူကိစ္စတွေ လုံးဝ ကင်းစင်သွားအောင် ရှင်းပစ်ဘို့ လိုပါတယ်။ 
၃။ လူတွေရဲ့ ကိုယ်ကျင့်တရားတွေ ကောင်းနေဘို့ လိုပါတယ်။ 
၄။ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓာတ်တွေ လူတိုင်းမှာ ရှိမနေဘို့လိုပါတယ်။ 
၅။ ကိုယ်ယူထားတဲ့ အဖိုးအခနဲ့တန်တဲ့ ထုတ်ကုန်/ဝန်ဆောင်မှု ပြန်ပေးမယ်ဆိုတဲ့ စိတ်ဓာတ်တွေ ရှိဘို့လိုပါတယ်။ 
၆။ စီမံခန့်ခွဲရေးပိုင်းက လူကြီးတွေ လုပ်ငန်းတစ်ခုကို စီမံခန့်ခွဲနိုင်တဲ့ အရည်အသွေးပြည့်ဝနေဘို့ လိုပါတယ်။ 
၇။ တရားဥပဒေ စိုးမိုးဘို့ လိုပါတယ်။ 
၈။ တာဝန်ခံမှု တာဝန်ခံမှုရှိဘို့လိုပါတယ်။ 
၉။ ငါတကောမကောဘဲ အစုအဖွဲ့နဲ့ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းလုပ်ဘို့ရာ လိုပါတယ်။
၁၀။ အောက်ခြေကလူတွေပြောစကားကို နားထောင်ဘို့လိုပါတယ်။

Design for Safety မရှိသမျှကာလပတ်လုံး -
မီးတွေဟာလည်း လောင်မြဲလောင်ဆဲ -
တိုက်တွေဟာလည်း ပြိုမြဲပြိုဆဲ -
ဓာတ်တွေဟာလည်း လိုက်မြဲလိုက်ဆဲ -
လူတွေဟာလည်း သေမြဲသေဆဲ ပဲ -
ဟိုလူကြီးတွေဟာလည်း စားမြဲစားဆဲ _ (ဟုတ်ပေါင်၊ ရောကုန်ပြီ)
ရှိနေအုံးမှာ ဖြစ်ကြောင်းပါ ခင်ဗျာ။

လူအချင်းချင်း ဇီးသီးဗန်းမှောက်ခြင်း၊ ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါတယ်။

အေးငြိမ်း
၃၁ မေလ၊ ၂၀၂၀

No comments: