အချီး
ဤစာကိုရေးခြင်းဖြင့် ဘာမှ အကျိုးထူးလာမှာ မဟုတ်ကြောင်း ကျွန်ုပ်သိပါသည်။ ကျွန်ုပ်တို့ ပြောစကားကိုလည်း မည်သူ တစ်ဦးတစ်ယောက်ကမှ အရေးလုပ်မှာ၊ ဂရုစိုက်မှာ မဟုတ်ကြောင်းလည်း သိပါသည်။ ကျွန်ုပ်တို့ ရေးနေ/ပြောနေခြင်းမှာ ဘာအကျိုးကို မျှော်ကိုးလို၍မျှလည်း မဟုတ်။ ဘာတစ်ခုမှ ရစကောင်းစေဟုလည်း မမျှော်လင့်။ ဘာဖြစ်လာလိမ့်မည်ဟု လည်း မထင်ရဲပါ။
ဒါဆို ဘာကိစ္စရေးသတုံး။
မျက်စိရှေ့တွင် အမြင်မတော်တာများတွေ့နေရ၍ မနေနိုင်သောကြောင့် ရေးခြင်း ဖြစ်၏။
တစ်နည်းအားဖြင့် လက်ယားလွန်းမက ယားလာ၍ ရေးရခြင်း ဖြစ်ပါသတည်း။
(၁)
သည်ရက်အတောအတွင်း အဆောက်အဦနှင့်ပတ်သက်သည့် မတော်တဆမှုများကို ခပ်စိပ်စိပ် တွေ့မိ၏။
ပထမ သူနာပြုတက္ကသိုလ် ကျောင်းဆောင်သစ်ပြိုကျသည်။
ဟိုတစ်နေ့က လောက်ကိုင်တွင်ဖြစ်ပွားခဲ့သော အဆောက်အဦပြိုကျမှု ဗီဒီယိုကလစ်ကလေး ကြည့်လိုက်ရ၏။ အပေါ်ထပ်တွင် ကွန်ကရိလောင်းနေစဉ် ဝုန်းကနဲ ပြိုကျတာ ဖြစ်၏။
နောက်ပြီးတော့ ဝမ်းတွင်း၌ တာဝါကရိန်း မောင်းတံကျိုးကျပြီး လူတစ်ဦးကို ပိသည်။
များမကြာမီက ကျောင်းတစ်ခုမှ မျက်နှာကျက်ပြိုကျခဲ့သေး၏။
သည်လို မတော်တဆမှုများ မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်နေတာ ဘာမှ ဆန်းပြားလှသည့် သတင်းမဟုတ်ပါ။
ဤကိစ္စအားလုံး၏ အဓိကလက်သည် တရားခံမှာ မသိနားမလည်ခြင်း တစ်နည်းအားဖြင့် ပညာမဲ့ခြင်း ဖြစ်၏။
ဒုတိယအကြောင်းမှာ ဘယ်သူသေသေ ငတေမာပြီးရော ဟူသည့် အတ္တကြီးလွန်းခြင်း ဖြစ်ပြီး -
တတိယအကြောင်းမှာကား ဘာတာဝန်ယူမှုမှ မရှိတာ ဖြစ်ပါသည်။
သူနာပြုတက္ကသိုလ်ကိစ္စကို ဆရာကြီး ဒေါက်တာချာလီသန်းတို့ စုံစမ်းစစ်ဆေးမှုများ ပြုနေသည်ဟု ကြားသိရပါသည်။
သည်ကိစ္စကို ဘယ်သူတွေက ဘာတွေလုပ်ခဲ့သည် ဆိုသည်ကို အသေးစိတ် သေသေချာချာ စုံစမ်းဖော်ထုတ်ကာ တာဝန်ရှိသူအားလုံးကို ပြတ်ပြတ်သားသား အရေးယူသင့်ပါသည်။
(လူ့ဗာလနံများ ထည့်ထားခဲ့သော နောက်ကြောင်းပြန် အရေးမယူရဆိုသည့် ပုဒ်မကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ မှ ဖယ်ထုတ်နိုင်ဘို့ အရေးကြီးပါသေးသည်။ မဟုတ်တာလုပ်ခဲ့သူများကိုတော့ ၎င်းတို့လုပ်ခဲ့သည့် အတိုင်းအတာအလျောက် အပြစ်ပေး အရေးယူရပေလိမ့်မည်။ ဤကား စကားချပ်)
ဟိုတစ်နေ့က တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်းကို ထောင်ဒဏ် အနှစ် (၃၀) ချလိုက်သည့်သတင်း ဖတ်လိုက်ရ၏။
ပြစ်မှုကျူးလွန်သူကို ၎င်းတို့ကျူးလွန်သည့် ပြစ်မှုအလျောက် အရေးယူ အပြစ်ပေးသည်မှာ သဘာဝကျပါသည်။ ဘာမှလည်း မဆန်းပါ။
ဆန်းပြားသည်မှာကား ပြစ်မှုလည်း ကျူးလွန်ပါလျက်၊ ကျူးလွန်ကြောင်း အထောက်အထားများလည်း ရှိနေပါလျက်၊ တစ်နိုင်ငံလုံးကလူတွေလည်း အသားကုန် ဝိုင်းအော်နေပါလျက် ပြစ်မှုကျူးလွန်သူကို အပြစ်ပေးတာ၊ အရေးယူတာတွေ မလုပ်နိုင်ခြင်းပင် ဖြစ်ပါသည်။ (ဟို - စောင့်ကြည့်နေတယ်ဆိုတဲ့ဆရာကြီး ဇာတ်လမ်းဆုံးသွားတော့ စောင့်ကြည့်စရာ မလိုတော့ဘူးပေါ့နော်။ မသိလို့မေးတာ။ စိတ်မဆိုးရဘူးနော်။)
ကျွန်ုပ်၌ အလွန်ရိုင်းစိုင်းသော စိတ်ဓာတ်သည် ရှိ၏။ ငါနော် . . . ငါနော် . . . ဟု အတင်း မနိုင်ရင်ကာ အုပ်ထား၍ ယခုလို အေးငြိမ်းနေသည်ဟု အများ မြင်ကြရခြင်း ဖြစ်၏။ အမှန်က အေးငြိမ်းမဟုတ်ပါ။ မအေးမငြိမ်းဖြစ်ပါသည်။
ကျွန်ုပ်၏ နဂိုစိတ်ရင်းအမှန်အတိုင်းသာ လုပ်ရပါမူ ထိုလူကြီးလူမကောင်းများကို ရမ်ဘို၏ Last Blood ထဲကလို (ကျွန်ုပ်နှင့် ဘာမှမဆိုင်သည်ပင်ဖြစ်စေ) ၎င်း၏ လေးနှင့်မြားကိုငှားကာ အသားကုန် သမလိုက်ချင်တာ ဖြစ်ပါသည်။ (သည်အကြောင်း တစ်ခါက ကျွန်ုပ်ရေးဖူးပါသည်။ မဖတ်လိုက်ရသူများအတွက် အနည်းငယ် ပြန်ပြောပြရလျှင် သူ့မွေးစားသမီးကို မက္ကဆီကို လူဆိုးဂိုဏ်းက ဖမ်းကာ ပြည့်တန်ဆာလုပ်ခိုင်းပြီး သတ်ပစ်လိုက်ခြင်းအတွက် ရမ်ဘိုက သေသေချာချာ အစီအမံများ လုပ်၊ ထိုလူဆိုးဂိုဏ်းတစ်ခုလုံးကို သူ့အိမ်သို့မျှားခေါ်ကာ ပယ်ပယ်နယ်နယ် သမ လိုက်ခြင်း ဖြစ်ပါသည်။)
ဟိုတစ်နေ့ကလည်း မွန်ပြည်နယ်မှထင်ပါသည်။ မိန်းခလေးတစ်ဦးကို အက်စစ်နှင့်ပက်သွားသူအား လွတ်ရက်မစေ့သေး ပါဘဲလျက် (ကောင်လေး ထောင်ထဲနေရတာ အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ သနားပါတယ် ဟု မြင်းမိုရ်တောင်လောက် ကြီးလှသော ကရုဏာတော်ဖြင့်) ပြန်လွှတ်ပေးလိုက်တာ ဖတ်ရသည့်အခါ ကျွန်ုပ်မှာ ကျွတ်ကျွတ်ကျွတ် ဟု တရားသံဝေ ရမိလေသော ဟူ၏။
အဲလေ၊ အဲသဟာလည်း သိပ်တော့ ထူးလှသည်မဟုတ်ပါ။ သေဒဏ်ကို (၅) ခါလောက်ပြန်ချခံရသည့်လူဆိုတာ မြန်မာနိုင်ငံမှလွဲ၍ တခြားဘယ်နိုင်ငံမှာမှ မရှိနိုင်။ (၇) ရက်သားသမီးအပေါင်းကို သည်လောက် ဒုက္ခပေးနေသူအပေါ် ထားနိုင်သည့် မေတ္တာတရားကိုသာ ကဲကုလသင်္ချာဖြင့် သေသေချာချာ တွက်ဆလိုက်လျှင် ဂေါတမမြတ်စွာဘုရား ထက်တောင် ပိုကြီးချင် ကြီးနိုင်ပါသေးသည်။
(၂)
မနှစ်ကလားမသိ၊ နည်းနည်းတော့ ကြာသွားပြီ။
ဘုရားကုန်းတော်ကို ချဲ့သည့်အနေနှင့် သံဘောင်များဆင်ပြီး အပေါ်မှာ မှန်တွေခင်းထားသည့် ဓာတ်ပုံများလည်း ဖေ့စ်ဘုတ်ပေါ်မှာ အတော် ပွက်လောရိုက်သွားသေးသည်။ ခုထိတော့ ဘာသံမှ မကြားရသေး။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ကျွန်ုပ်တို့မိသားစု အလည်အပတ်ခရီးအဖြစ် မွန်ပြည်နယ်ဘက် သွားကြ၏။ အင်မတန်ကြီးလှသော ဘုရားကြီးတစ်ခုပေါ် တက်မည်လုပ်တော့ ၁၁ နှစ်သားသာ ရှိသေးသည့် ကျွန်ုပ်၏သားက မေး၏။
ဖေကြီး၊ ဒီဘုရားကြီးတည်ထားတာ အင်ဂျင်နီယာဒီဇိုင်းအရ တည်ထားတာလား။
မင်းနှယ့်ကွာ၊ ဘယ်က အင်ဂျင်နီယာတွေ၊ အင်ဂျင်စိမ်းယာတွေ ရမတုံးကွ။ ဘုန်းကြီးအိပ်မက်အရ တည်ထားတာ -ဆိုတော့ သူက ဘုရားပေါ်တက်ဘို့ ငြင်း၏။
လာပါသားရယ်။ ဒီဘုရားကြီးတည်ထားတာ အနှစ် ၂၀ လောက်ရှိပြီကွ။ ပြိုမယ်ဆို ခုလောက်ရှိ ပြိုပြီးရောပေါ့။ ဖေဖေတို့ တက်တော့မှ ပြိုတယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူးကွာ ဟု အတင်းခေါ်ရသည်။ သူက အင်တင်တင်။
ဒါတောင် ၁၁ နှစ်သားမို့လို့ ညာတာပါတေးနှင့်ခေါ်လို့ရတာဖြစ်၏။ ခုအရွယ်လောက်ဆို ဘယ်လိုမှ ခေါ်လို့မရနိုင်။
(ထိုဘုရားကြီးတည်တာ ဘာအင်ဂျင်နီယာမှ မပါဆိုတာ ကျွန်ုပ်က လူပြောသူပြောမျှနှင့် သိရတာ ဖြစ်၏။ သည် ဘုရားကြီးတည်သည့် သမိုင်းကြောင်းကို ကျွန်ုပ် အတိအကျမသိပါ။ ဟိုလူ့မေး၊ သည်လူ့မေးနှင့်သာ သိရတာ ဖြစ်၏။ မှားသွားလျှင် သည်းခံပါ။ ကျွန်ုပ်အသိမှားနေတာဆိုလျှင် ပြန်လည် တည့်မတ်ပေးတော်မူကြပါ ခင်ဗျား)
ထိုဘုရားတည်သူများသည် -
ထိုဘုရားကြီး၏ အလေးချိန်ကို တွက်မိကြပါသလား။
ထိုဘုရားတည်မည့်တောင်မှ မြေသားများကို soil test လုပ်ကြပါသလား။
သည်အလေးချိန်ကို သည်တောင် ခံနိုင်ပါမည်လားဟု စဉ်းစားကြပါသလား။
သည်မျှကြီးမားလှသည့် အဆောက်အဦကြီးကို မည်သည့် စထလပ်ချာအင်ဂျင်နှယာသည် ဒီဇိုင်းထုတ်ပါသနည်း။ တွက်ချက်ပါသနည်း။
မြန်မာနိုင်ငံတွင် သည်လိုကိစ္စမျိုး အတော်များပါသည်။
ယခုနှစ် မေလ ၉ ရက်နေ့က လားရှိုးမှာ ရေတွင်းတူးရင်း လူ (၅) ယောက် သေ၏။
ဧပြီလ ၂၃ ရက်နေ့ကလည်း သီပေါမှာ မိလ္လာကျင်းတူးတာ လူ (၄) ယောက်သေသေးသည်။
ကျွန်ုပ်တို့တိုင်းပြည်၌ အပေါများဆုံးအရာကို ပြပါဆိုလျှင် လူ့အသက်များပင် ဖြစ်သတည်း။
လူတစ်ယောက်သေသွားလည်း ဪ - သူသေသွားမှကိုး ဟု ဒီလိုပဲ ခပ်ပေါ့ပေါ့ သဘောထားလိုက်ကြ၏။
ဘယ်သူမှ သည်အပေါ်မှာ ရေးကြီးခွင်ကျယ် လုပ်မနေကြ။
ဟိုတစ်နေ့က သံဘောင်နှစ်ခုကို ဂဟေတွဲထားသည့် ဓာတ်ပုံများ ဖေ့စ်ဘုတ်တွင် တွေ့လိုက်ရပါသေး၏။ ထိုအဆောက်အအုံမှာ နေသူတွေ ဘုရားတရားသာ အောက်မေ့ကြပေရော့။
ကိုကျော်မင်းဟန်ကလည်း အားကျမခံ သူ မုံရွာဘက်သွားရင်း ရိုက်လာခဲ့တာဆိုကာ ဘုရားကြီးတစ်ခုအတွက် ထောင်ထားသော တာဝါကရိန်းဓာတ်ပုံများနှင့် Mancage ဓာတ်ပုံများ တင်ပါသည်။
ဘာ standard, ဥပဒေ၊ နည်းဥပဒေမှမရှိသော ကျွန်ုပ်တို့ရွှေပြည်ကြီးအတွက် ကျွန်ုပ်ကတော့ ဘာမှ မှတ်ချက်မပေးလိုပါ။
ဒါကြီးပြီးသွားလို့ ဘာမှမဖြစ်။ လူအသေအပျောက် မရှိလျှင် ဘုရားကယ်တာလို့မှတ်ပါ။
ပြုတ်ကျသေလျှင် ကံဆိုးလို့မှတ်ပါ။
လူကြားကောင်းအောင် အသားကုန်ဟစ်ငိုပြီး ဘုန်းကြီးဆွမ်းကပ်လိုက်လျှင် ကိစ္စပြီးပါသည်။
ကျွန်ုပ်တို့တိုင်းပြည်မှလူများသည်ကား မျက်လုံးကန်းနေသူများ တစ္ဆေမကြောက်သကဲ့သို့ပင် ဖြစ်တော့၏။
ယခု မြန်မာပြည်၏အဘိဓာန်တွင် ပျောက်ဆုံးနေသည့် နောက်စကားတစ်လုံး ထပ်တွေ့ရပြန်ပါချေပြီ။
ဤသည်ကား အခြားမဟုတ်။
တာဝန်ယူမှု၊ တာဝန်ခံမှု ဖြစ်သတည်း။
ဆိုတော့ ကျွန်ုပ်ဖော်ထုတ်ခဲ့သည့် မြန်မာပြည်၏အဘိဓာန်၌ ပျောက်ဆုံးနေသည့် စကားတစ်လုံးများမှာ ယခုဆိုလျှင် (၄) လုံးကြီးများတောင် ရှိပါချေပြီ။
၁။ တာဝန်ရှိသူ
၂။ တရားဥပဒေ
၃။ Follow up action
၄။ တာဝန်ယူမှု၊ တာဝန်ခံမှု
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၄ မေလ၊ ၂၀၂၀
No comments:
Post a Comment